← Chapters

ခပ်လွယ်လွယ်ရနိုင်သော ယောက်ျားများကို မိန်းမများ တန်ဖိုးမထားကြပါ(၁)။

Vol. 24 Ch. 289

ခပ်လွယ်လွယ်ရနိုင်သော ယောက်ျားများကို မိန်းမများ တန်ဖိုးမထားကြပါ(၁)။

Vol. 24 Ch. 289

မက်မွန်ပွင့်ကျွန်း၊ ဝူကျိမဟာမိတ်အဖွဲ့၏ ပင်လယ်ပြင် နယ်မြေအတွင်း ကျော်ကြားသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး၊ အချင်း မိုင် သုံးသောင်းခန့် ကျယ်ဝန်းသည်။

ဤကျွန်းပေါ်တွင် မက်မွန်ပွင့် အမျိုးမျိုးကို စိုက်ပျိုးထားသည်။

ကျွန်းသည် တစ်နှစ်ပတ်လုံး နွေဦးပေါက် ရာသီဥတုကဲ့သို့ ရှိပြီး၊ သာယာသော အပူချိန်နှင့် ရှုခင်းအလှအပများ ရှိသည်။

အဝေးမှ ကြည့်လျှင်၊ မက်မွန်သီး အရောင်ရှိသော ကျွန်းတစ်ကျွန်းကဲ့သို့ ဖြစ်နေသည်။

မှန်ပေသည်၊ မက်မွန်ပွင့်ကျွန်း၏ ကျော်ကြားမှုသည် ပေါများသော မက်မွန်ပွင့်များ ပေါက်ရောက်ခြင်းကြောင့် မဟုတ်ဘဲ၊ သခင်မ မက်မွန်ပွင့်နှင့် သူမ၏ မက်မွန်ပွင့်နန်းတော်ကြောင့် ဖြစ်သည်။

မက်မွန်ပွင့်ကျွန်းတွင် နေထိုင်သော အမျိုးသမီး ကျင့်ကြံသူ တစ်ဦးချင်းစီတိုင်းသည် အရပ်ရှည်လှပပြီး ထူးကဲသော စိတ်နေသဘောထား ရှိကြသည်။

အမျိုးသား ကျင့်ကြံသူ အများအပြားသည် သူတို့ကို တပ်မက် မက်မောကြပြီး၊ ကျွန်းကို ဝူကျိမဟာမိတ်အဖွဲ့၏ မြင့်မြတ်သော နယ်မြေအဖြစ် သတ်မှတ်ထားကြသည်။

ဝမ်းနည်းစရာမှာ၊ ယခုအချိန်အထိ မက်မွန်ပွင့်ကျွန်းမှ အမျိုးသမီးကျင့်ကြံသူ တစ်ဦးတစ်ယောက်ကိုမျှ မည်သူကမျှ လက်ထပ်နိုင်ခြင်း မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် သခင်မ မက်မွန်ပွင့်က ခွင့်မပြုသောကြောင့် ဖြစ်သည်။

သို့ရာတွင် ယခုအချိန်၌၊ ကျွန်းတစ်ကျွန်းလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေသည်။ အမျိုးသမီးကျင့်ကြံသူများ အားလုံး ရင်ခုန် စိတ်လှုပ်ရှားနေကြပြီး၊ သူတို့၏ လှပသော မျက်လုံးများသည် သိလိုစိတ် ပြင်းပြမှုနှင့် ကောလာဟလ ဖြန့်ချိလိုမှုများဖြင့် တောက်ပနေကြသည်။

တံခါးပိတ် ကျင့်ကြံနေသည် ဖြစ်စေ၊ အိမ်မှုကိစ္စ လုပ်နေသည် ဖြစ်စေ၊ သန့်ရှင်းရေး လုပ်နေသည် ဖြစ်စေ၊ ချက်ပြုတ်နေသည် ဖြစ်စေ၊ လုပ်ဆောင်နေမှုအားလုံးကို ပစ်ချထားခဲ့ပြီး သူတို့အားလုံး ထွက်လာကြတော့သည်။

ကျွန်းပေါ်ရှိ အမျိုးသမီးကျင့်ကြံသူ အားလုံးနီးပါး ဤအဖြစ်အပျက်အကြောင်း ပြောဆိုနေကြပြီး၊ ကျွန်းသည် ယခင်ကထက် ပိုမို သက်ဝင်လှုပ်ရှားနေသည်။

"ဟဲ့… ကြားပြီးပြီလား… ကျွန်းသခင်မက ယောက်ျားတစ်ယောက်ကို ပြန်ခေါ်လာတယ်တဲ့တော့…" တစ်ယောက်က တီးတိုး ပြောလိုက်သည်။

"ဒါက ကျွန်းသခင်မရဲ့ အဖေကလွဲရင်.. ကျွန်းရဲ့ နှစ်သုံးရာ သမိုင်းကြောင်းမှာ ကျွန်းပေါ်ကို ခြေချဖူးတဲ့ ပထမဆုံး ယောက်ျားပဲ.." အခြား အမျိုးသမီးကျင့်ကြံသူ တစ်ဦးက သတင်းကို လျှို့ဝှက်ဆန်းကြယ်စွာ ဖြန့်ဝေလိုက်သည်။

မက်မွန်ပွင့်ကျွန်း လူဦးရေတွင် အမျိုးသမီးများဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ အတင်းအဖျင်း ပြောဆိုမှုများသည် ရေတွက်၍ မရနိုင်ပေ။

ထို့အပြင်၊ သခင်မ မက်မွန်ပွင့်သည် ကျိုးစွေ့ကို ပြန်ခေါ်လာသည့် အချက်ကို ကျွန်းပေါ်ရှိ မည်သူ့ကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားခဲ့ပေ။

ဤသတင်းသည် ဟာရီကိန်းမုန်တိုင်း ကဲ့သို့ပင် ကျွန်းတစ်လျောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

"ကျွန်းသခင်မက ယောက်ျားတစ်ယောက် ပြန်ခေါ်လာတယ် ဆိုတာ တကယ်လား… ဟုတ်မှဟုတ်ရဲ့လားအေ… တကယ်သာဆိုလို့ကတော့ အနောက်အရပ်က နေထွက်တယ်လို့ပဲ ဆိုရတော့မယ်…"

"ဟုတ်တယ်မလား.. ကျွန်းသခင်မက ယောက်ျားတွေကို ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ဘူး.. ဒီယောက်ျားက ဘာများ ထူးခြားနေလို့တုန်း…"

"ငါတို့ မက်မွန်ပွင့်ကျွန်းမှာ အမျိုးသား သခင်တစ်ပါးကိုများ မြင်တွေ့ရတော့မှာလား…"

"အမှန်အတိုင်း ပြောရရင်… မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး… ပြီးတော့ နောက်ထပ် ထူးဆန်းတဲ့ ကိစ္စ တစ်ခု ရှိသေးတယ်… အဲ့ဒီယောက်ျားကို ကျွန်းသခင်မက အဆင့်နိမ့် ဝိညာဉ်ရတနာ.. အင်မော်တယ်ချုပ်ကြိုးသုံးပြီး ချည်နှောင်ထားပုံရတယ်…"

"မြတ်စွာဘုရား… ဒီလောက် ရင်သပ်ရှုမောဖွယ် လှပတဲ့ ကျွန်းသခင်မက… ယောက်ျားတစ်ယောက်ကို ကျွန်းပေါ် ပြန်ခေါ်လာဖို့ ဘယ်တုန်းက အာဏာပြဖို့ လိုအပ်ခဲ့လို့လဲဟယ်…"

"ဟုတ်ပါ့အေ… ကျွန်းသခင်မသာ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ မရေမတွက်နိုင်တဲ့ ယောက်ျားတွေ သူ့ခြေရင်းမှာ ဝပ်စင်းပြီး အချစ်စိတ်နဲ့ ရူးသွပ်သွားကြမှာကို… ဘာလို့ ယောက်ျားတစ်ယောက်ကို ပြန်ခေါ်လာဖို့ ချည်နှောင်ထားရမှာလဲ…"

"နင် ပြောတာ ဟုတ်တော့လည်း ဟုတ်ပါတယ်… ဒါပေမဲ့ ကျွန်းသခင်မကို စိတ်ဝင်စားတဲ့ ယောက်ျားတွေက ကျွန်းသခင်မ သဘောကျတဲ့ ပုံစံမျိုး ဖြစ်ချင်မှ ဖြစ်မှာလေဟယ်… ပြီးတော့ ကျွန်းသခင်မ စိတ်ဝင်စားတဲ့ ယောက်ျားက သူမကို ပြန်မကြိုက်တာလည်း ဖြစ်နိုင်တာပဲကို… လောကကြီးမှာ အချစ်ရေး ဆက်ဆံမှုတွေက အမြဲတမ်း ဒီလိုပဲအေ့… တစ်ဖက်သတ် အချစ်ဆိုတာ အဖြစ်များပါတယ်ဟယ်…"

"ဒီလိုဆို.. လူတစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးပေါ့… ကျွန်းသခင်မလို အသက်ရှူမှားလောက်အောင် လှပတဲ့ အမျိုးသမီးတောင်မှ အချစ်ရဲ့ အရှုပ်အထွေးတွေကနေ မလွတ်ကင်းနိုင်ဘူးပေါ့…"

"အသက် ငါးရာကျော်နေပြီ ဖြစ်တဲ့ ကျွန်းသခင်မမှာ နောက်ဆုံးတော့ နွေဦးပေါက် ရာသီဥတု ရောက်လာပြီလို့ ဘယ်သူ ထင်မှာလဲဟယ်… ပြောရရင် ကျည်ပွေ့က အညှောင့်ပေါက်လာသလိုပဲပေါ့…"

"ဘာကို ကျည်ပွေ့က အညှောင့်ပေါက်ရမှာတုန်းဟဲ့… ဒါက နွားအိုမက မြက်နုကြိုက်တာနဲ့ ပိုတူတာ.."

အမျိုးသမီး ကျင့်ကြံသူများ အားလုံး အံ့အားသင့်နေကြပြီး၊ မျက်လုံးပြူး မျက်ဆံပြူးဖြင့် အတူတကွ စုဝေးကာ မရပ်မနား တရစပ် ဆွေးနွေးအတင်းတုတ်နေကြတော့သည်။

သူတို့သည် ဤသတင်းကြောင့် အလွန်အမင်း တုန်လှုပ်သွားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ၊ နှစ်ပေါင်း ငါးရာကျော် အသက်ရှင်နေထိုင်ခဲ့ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိထားကာ၊ မည်သည့် မကောင်းသတင်း ကောလာဟလမျှ မရှိခဲ့သည့် သခင်မ မက်မွန်ပွင့်ပင် မဟုတ်ပါလော။

လူအများက သခင်မ မက်မွန်ပွင့်သည် အမျိုးသမီးများကိုသာ နှစ်သက်ပြီး အမျိုးသားများကို နှစ်သက်သူမဟုတ်ဟု သံသယ ဝင်ခဲ့ကြသည်။

ဤသတင်းသာ ပေါက်ကြားသွားပါက၊ ဝူကျိမဟာမိတ်အဖွဲ့တစ်ခုလုံးတွင် သေချာပေါက် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေလိမ့်မည်။

ထိုမျှလောက်နှင့် လုံလောက်မည်မထင်၊ ချန်လန်ပင်လယ် တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ၊ သခင်မ မက်မွန်ပွင့်၏ ဆွဲဆောင်မှုသည် ချန်လန်ပင်လယ်တစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြားသည် မဟုတ်ပါလော။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အများအပြားသည် သူမ၏ အလှအပအောက်တွင် ကျဆုံးခဲ့ရသည်။

သို့သော် ယခုတစ်ကြိမ်တွင်၊ သူမသည် မကြားဖူးသော ယောက်ျားတစ်ယောက်ကို အမှန်တကယ် စိတ်ဝင်စားနေသည်။ ၎င်းသည် တကယ်ပင် နားလည်နိုင်စွမ်းထက် ကျော်လွန်နေချေသည်။

"အမှန်အတိုင်း ပြောရရင်… အဲ့ဒီယောက်ျားက ဘယ်လို ပုံစံလဲဟယ်.. ဘယ်သူများ မြင်ဖူးလဲ.." အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက စူးစမ်းစွာ မေးလိုက်သည်။

အခြား အမျိုးသမီး ကျင့်ကြံသူများသည်လည်း သခင်မ မက်မွန်ပွင့်၏ မျက်နှာသာပေးခြင်း ခံရသော ယောက်ျားသည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်မည်ကို သိလိုကြသည်။

ဝမ်းနည်းစရာမှာ၊ သခင်မ မက်မွန်ပွင့်၏ ခွင့်ပြုချက် မရှိဘဲ သူတို့ အနီးကပ် သွားရောက် ရှာဖွေ၍ မရနိုင်ပေ။

"သူက ရင်သပ်ရှုမောဖွယ် အရမ်းကောင်းတယ်… မိုးမခကိုင်းတွေလို မျက်ခုံးတွေ.. ကျောက်စိမ်းပင်လို ခန္ဓာကိုယ် ဖွဲ့စည်းပုံ… ဖြူဝင်းပြီး တောက်ပနေတဲ့ အသားအရေ... အရောင်လက်နေတဲ့ မျက်လုံးတွေ… ပြီးတော့ ပုလဲလို ဖြူဖွေးတဲ့ သွားလေးတွေ… အိုအေ… ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာတဲ့ နတ်သားတစ်ပါးလိုပဲဟယ်…"

"ငါ ချောမောပါတယ်ဆိုတဲ့ ယောက်ျားတွေ အများကြီးကို မြင်ဖူးပါရဲ့… ဒါပေမဲ့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး…"

"ဟင်း… ကျွန်းသခင်မက ချန်လန်ပင်လယ်မှာ အလှပဆုံး အမျိုးသမီး ဆိုရင်… ဒီယောက်ျားက သေချာပေါက် အချောဆုံး ယောက်ျားပဲ…"

"သူတို့နှစ်ယောက်က တကယ့်ကို ကောင်းကင်ဘုံက ဖန်ဆင်းပေးတဲ့ စုံတွဲပဲ.." အစေခံမလေး တစ်ယောက်က အံ့ဩတကြီး ပြောလိုက်သည်။

သူမသည် မိမိကိုယ်ကို အပေါစားဆန်သော အမျိုးသမီးတစ်ဦးဟု မသတ်မှတ်သော်လည်း၊ ထိုယောက်ျားကို မြင်လိုက်ရသောအခါ၊ သူမ၏ နှလုံးသား တစ်ဒိန်းဒိန်းခုန်ခြင်းကိုမူ မထိန်းချုပ်နိုင်ခဲ့ပေ။ သူမ၏ ခံစားချက်များကို မည်သို့မျှ ဖိနှိပ်ထား၍ မရနိုင်ခဲ့။

ထိုအခါမှသာ၊ သူမသည် မြင်မြင်ချင်းအချစ်၏ အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သွားခဲ့ရသည်။

"ဒါပေမဲ့ ဒီယောက်ျားမှာ ဇနီးမယားတွေ အများကြီး ရှိနေပြီးသားလို့ ငါ ကြားတယ်နော်… သူက တစ်ယောက်တည်းသမား မဟုတ်ဘူးတဲ့…"

"ပြီးတော့ ကျွန်းသခင်မက သူ့ကို ကျွန်းပေါ် ပြန်မခေါ်လာခင်… နှစ်ကြိမ်ပဲ တွေ့ဖူးသေးတာဆိုပဲ…"

အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက တီးတိုးအသံဖြင့် အတင်းတုတ်လိုက်သည်။

"နောက်နေတာလားဟယ်… ကျွန်းသခင်မက တကယ်ပဲ အဲ့ဒီလောက် ရဲတင်းတာလား… အိမ်ထောင်သည် ယောက်ျားတစ်ယောက်ကို ခေါ်လာတာလား…"

"ဒီယောက်ျားမှာ လက်တွဲဖော် ရှိပြီးသားလေ… ဒါတောင် ကျွန်းသခင်မက သူ့ကို လုယူဖို့ စီစဉ်နေတုန်းပဲလား…"

အမျိုးသမီး ကျင့်ကြံသူ အားလုံး မှင်တက်သွားကြသည်။

ထိုကဲ့သို့သော တုန်လှုပ်ဖွယ်ရာ သတင်းမျိုး ကြားရလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ကမ္ဘာမြေကို တုန်လှုပ်စေသော သတင်းပင် ဖြစ်ချေ၏။

"တချို့ အမျိုးသား ကျင့်ကြံသူတွေက အိမ်ထောင်သည် အမျိုးသမီးတွေကိုပဲ ကြိုက်ပြီး အပျိုတွေကို စိတ်မဝင်စားဘူးလို့ ငါ ကြားဖူးတယ်…"

"ဥပမာဆိုရင်… ဟိုဘိုးဘေး ရှန်ကွမ်းနဲ့ ရှန်ကွမ်းရွှီတို့က စံပြ ဥပမာတွေပဲ.."

"ကျွန်းသခင်မမှာလည်း အဲ့ဒီလို ထူးဆန်းတဲ့ အကြိုက်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲဟယ်…"

အမျိုးသမီးကျင့်ကြံသူ တစ်ဦးသည် သူမ၏ အမြင်များ ပြန်လည် ဆန်းသစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ယခုအချိန်အထိ ကျွန်းသခင်မကို အမှန်တကယ် နားမလည်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

"ဟီးဟီး... ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား… ဘာလို့ ယောက်ျားတွေကပဲ တချို့အရာတွေကို လုပ်လို့ရပြီး… ငါတို့ မိန်းမတွေက ဘာလို့မရရမှာလဲ…"

"မှန်တယ်… ကျွန်းသခင်မ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ်… အဲ့ဒီနောက်ကွယ်မှာ တရားမျှတတဲ့ အကြောင်းပြချက် သေချာပေါက် ရှိမှာပဲ… ငါတို့ကတော့ ခြွင်းချက်မရှိ ထောက်ခံတယ်…"

"ကျွန်းသခင်မရဲ့ သတိပြုခံရတာက… အဲ့ဒီယောက်ျားအတွက် သံသယ ဖြစ်ဖွယ်မလို အကြီးမားဆုံး ဂုဏ်ယူစရာပဲလေ… ဘာများဆိုးလို့လဲ…"

"အတိအကျပဲပေါ့… အပြင်မှာ ယောက်ျား ဘယ်နှယောက်လောက်က ကျွန်းသခင်မရဲ့ မျက်နှာသာပေးတာကို ခံယူချင်နေကြမလဲ ဘယ်သူ သိနိုင်မှာလဲ… ဒါပေမဲ့ သူတို့မှာ အဲ့ဒီလို အခွင့်အရေးမျိုး မရှိကြဘူး…"

"ဒီတစ်ခါ ကျွန်းသခင်မက ယောက်ျားတစ်ယောက်နဲ့ ကစားချင်စိတ် ပေါက်သွားတာ ဖြစ်နိုင်တယ်…"

"ကျွန်းသခင်မရဲ့ ကစားစရာ ဖြစ်ရတာ… အဲ့ဒါလည်း အဲ့ဒီယောက်ျားရဲ့ ကံကောင်းခြင်းပဲ…"

အမျိုးသမီး ကျင့်ကြံသူများသည် အချင်းချင်း ဆွေးနွေးနေကြပြီး၊ ကျွန်းသခင်မ သခင်မ မက်မွန်ပွင့်ဘက်မှ တညီတညွတ်တည်း ရပ်တည်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ ကြမ်းတမ်းသော ချန်လန်ပင်လယ် ဒေသတွင် သူတို့ ရှင်သန်နိုင်ခြင်းသည် သခင်မ မက်မွန်ပွင့်၏ အကာအကွယ်ကြောင့်သာ ဖြစ်ပေသည်။

သူမ၏ အကာအကွယ်သာ မရှိပါက၊ သူတို့သည် အခြား အကြီးအကဲများ၏ ကစားစရာများ အဖြစ် ရောက်ရှိသွားသည်မှာ ကြာမြင့်လောက်ပြီပင် ဖြစ်နိုင်သေးသည်။

ကျွန်းသခင်မ ဘာပဲ လုပ်ချင်သည်ဖြစ်စေ၊ သူတို့က မှန်ကန်သည်ဟုသာ ယုံကြည်ကြသည်။

"တော်ပြီ.. တော်ပြီ… ဒီမှာ ဘာတွေ အတင်းပြောနေကြတာလဲ…"

"ကိုယ့်တာဝန် ကိုယ်ပြန်လုပ်ကြတော့… ဒီမှာ အချိန်ဖြုန်း မနေနဲ့…"

"နင်တို့ထဲက တစ်ယောက်ယောက်က ကျွန်းသခင်မရဲ့ ကိစ္စတွေကို နှောင့်နှေးအောင် လုပ်ရဲရင်.. ဘယ်သူ့ကိုမှ အလွတ်ပေးမယ် မထင်နဲ့… ဟမ့်…"

ဤအချိန်တွင် အရပ်ရှည်သော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ရှေ့ထွက်လာသည်။

သူမသည် မက်မွန်ပွင့်ကျွန်း၏ ရွှေအမြုတေဆရာသခင် တစ်ဦး ဖြစ်ပြီး၊ သခင်မ မက်မွန်ပွင့်၏ ကိုယ်ပိုင်အစေခံ လေးဦးထဲမှ တစ်ဦး ဖြစ်ကာ၊ သူမ၏ အမည်မှာ ချွမ်တောက် ဖြစ်သည်။

မက်မွန်ပွင့်ကျွန်းတွင် ကြီးကြပ်သူ လေးဦးလည်း ရှိသည်။ အဆင့်အတန်းနှင့် ခွန်အားအရ သခင်မ မက်မွန်ပွင့်ပြီးလျှင်၊ ဒုတိယနေရာ၌ ရှိသော ကိုယ်ပိုင်အစေခံ လေးဦးပင် ဖြစ်သည်။

သူတို့သည် ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့ ဖြစ်ကြသည်။

သူတို့ တစ်ဦးစီတိုင်းသည် ရွှေအမြုတေဆရာသခင်များ ဖြစ်ကြပြီး၊ မြင့်မားသော ရာထူးများ ရယူထားကာ ကြီးမားသော အာဏာကို ကိုင်စွဲထားကြသည်။

"ဟုတ်ကဲ့ပါ သခင်မ ချွမ်တောက်…"

သူမ၏ စကားများကို ကြားလိုက်ရသောအခါ၊ အမျိုးသမီးကျင့်ကြံသူ အားလုံး လျှာထုတ်ပြောင်ပြကာ အလျင်အမြန် လူစုခွဲသွားကြပြီး၊ အတင်းအဖျင်း ဆက်မပြောကြတော့ပေ။

…

All Chapters