← Chapters

လူက ဘယ်လို သေသွားခဲ့လဲ

Vol. 152 Ch. 2241

လူက ဘယ်လို သေသွားခဲ့လဲ

Vol. 152 Ch. 2241

လီတုန်း၏ တိုက်ခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် သူ့မိတ်ဆွေနှင့် စကားခေတ္တ ပြောပြီး ချောင်ရန်အုပ်စုသို့ မောင်းနှင်လာခဲ့သည်။

ကျီချင်းရန်ကို ကြိုပြီးနောက် ထုံးစံအတိုင်း အိမ်သို့ ပြန်လာခဲ့ကြသည်။

ပြန်လာသည့်လမ်းတွင် သူတို့နှစ်ဦးမှာ စကားများများစားစား မပြောခဲ့ကြသော်ငြားလည်း တစ်ယောက်အပေါ် တစ်ယောက်၊ ခံစားချက်တို့ကတော့ နဂိုအတိုင်းပင်။

လင်းရီ သူ့ကိုယ်သူ ယခုလို တွေးတောလိုက်၏။

တစ်ချက်အမြန် ဖြေရှင်းလိုက်လို့ မပြေလည်သွားတဲ့ ပြဿနာ ဆိုတာ မရှိဘူး … တကယ်လို့ တစ်ချက် အမြန် မရရင် နှစ်ချက် အမြန်သာလုပ်လိုက်

……

အိမ်သို့ ရောက်လာခဲ့ပြီးနောက် ပုံမှန်အတိုင်းပဲ စကားပြောဆိုကြသည်။

ညစာ စားပြီနောက် ကျီချင်းရန်က လေ့လာဖို့ လုပ်သည်။ နှစ်သစ်ကူးရက်က နီးကပ်လာပြီ ဖြစ်ပြီး ၊ နှစ်ကုန်ပိုင်းသည် ကုမ္ပဏီများ၏ အလုပ်ရှုပ်ဆုံး အချိန်အခါပင်။ လင်းရီ၏ လင်းယွင်အုပ်စုသည်လည်း ထိုနည်းလည်းကောင်းပင်။ သို့သော် လက်လွှဲပေးထားနိုင်သည့် မန်နေဂျာကောင်းကောင်း တစ်ယောက်ရှိသဖြင့် အရာအားလုံးကို ချီရှန်းကျောက်ထံသို့သာ လင်းရီ လွှဲထားပေး၏။

လင်းရီ၏ အာရုံကတော့ စနစ်၏ တာဝန်အပေါ်၌သာ စူးစိုက်ထားလျက် ရှိသည်။

‘ကယ်တင်ခြင်း’ မစ်ရှင်က ယခုဆိုလျှင် တစ်လကျော်နေပြီ ဖြစ်ပြီး သူ့မှာ မည်သည့် သဲလွန်စမျှလည်း မရှိသေးချေ။

ညဘက် ဆယ်နာရီကျော်တွင် ကျီချင်းရန်က တဘက်တစ်ထည် ပတ်လျက် သူမ၏ ဆံပင်ကို လေမှုတ် အခြောက်ခံရင်း အပြင်ဘက်မှ ဝင်လာခဲ့၏။

“ သွားပြီး ရေသွားချိုးတော့ …”

“ ဟင် … အစောကြီး ရှိသေးတာကို …”

လင်းရီ၏ မှတ်ဉာဏ်ထဲတွင် နှစ်ကုန်ပိုင်းဆိုပါက ကျီချင်းရန်သည် ည ၁၂ နီးပါးအချိန်မှ အိပ်ရာဝင်လေ့ရှိသည်။

ကျီချင်းရန်၏ မျက်လုံးတို့ အနည်းငယ် ဂနာ မငြိမ် ဖြစ်သွားခဲ့ပြီး “ ငါ့ အသားအရည်က အခုတလော မကောင်းလို့ နောက်ကျတဲ့ထိ နေလို့ မရလို့လေ … မနက်ကျရင်လည်း အစောကြီးက ထရဦးမယ် …”

“ ကောင်းပြီလေ …”

လင်းရီ ထပြီး ရေချိုးခန်းထဲသို့သွားကာ တစ်ချက် အမြန် ရေချိုးလိုက်သည်။

သူ ပြန်ရောက်လာတော့ ကျီချင်းရန်က စာအုပ်တစ်အုပ် ဖတ်နေသည်။

“ ညဘက်အချိန်ကြီး စာအုပ်ဖတ်နေတာ ဘယ်လောက် ပျင်းဖို့ ကောင်းလဲ …” လင်းရီက စာအုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး “ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာလေး လုပ်ကြမယ် …”

“ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတာမျိုးလဲ ….”

လင်းရီ သာမန်လျှံကာ မီးမှိတ်လိုက်ပြီး ကျီချင်းရန်၏ စောင်အောက်သို့ လှစ်ခနဲ လျှောဝင်လိုက်၏။ ထို့နောက် သူ စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်သည့် လှုပ်ရှားမှုကို စတင်ပြုလုပ်သည်။

“ ကောင်းတဲ့ဟာ မဟုတ်မှန်းတော့ ငါသိသားပဲ …”

“ ကောင်းတဲ့ဟာ မဟုတ်ဘူးဆိုတာက ဘာသဘောလဲ … မင်းက အစောကြီး အိပ်ရာဝင်ချင်တယ် … ဒီတော့ အဓိပ္ပာယ်ရှိတဲ့ဟာ တစ်ခုခု လုပ်ရမှာ သဘာဝပဲလေ … စာအုပ်ဖတ်ပြီး အချိန်ဖြုန်းနေတာက မတန်ဘူး ….”

“ သာသာလေးနော်…”

“ အင်းပါ ..”

ကျီချင်းရန်အဖို့ … ဖန့်ချိန်သို့ သွားခဲ့သည့် ထိုခရီးစဉ်က ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်သကဲ့သို့ပင်။

တစ်ကြိမ်တစ်ခါ ဖွင့်ပြီးသည်နှင့် လုံးဝ ရပ်တန့်မရတော့ချေ။

မနက်ခန်း အရုဏ်တက် အချိန်တွင် သူတို့၏ လှုပ်ရှားမှုကလည်း နောက်ဆုံး ပြီးမြောက်သွားခဲ့သည်။

ကျီချင်းရန်က လင်းရီ၏ ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏။

မနက် အစောကြီး ထရသည်ကို အလေ့အကျင့် ဖြစ်နေသည့် ကျီချင်းရန်မှာ ညဘက် နောက်ကျလျှင်ပင် မနက်ခင်း ခုနစ် နာရီဝန်းကျင်တွင်တော့ အမြဲတမ်း အိပ်ရာထနိုင်သည်။

ထို့ပြင် သူမမှာ ပြောင်းလဲသွားသည့် သူတို့နှစ်ဦး၏ ဆက်ဆံရေးကိုလည်း အတော်လေး နေသားကျနေဟန် ရ၏။

မနက်စာ စားသောက်ပြီးနောက် လင်းရီက ကျီချင်းရန်ကို ကုမ္ပဏီ၌ ချပေးပြီး ဆေးရုံသို့ ထွက်လာသည်။ မည်သည့် ပြဿနာမျှ မရှိကြောင်း သိရှိပြီးနောက် ရှင်းရှန်း ရဲစခန်းသို့ ထွက်လာခဲ့သည်။

ကလင် ကလင် ကလင် …

သူ ရုံးခန်းထဲ ထိုင်ခါစမှာပဲ စုန့်ကန်းက ဖုန်းခေါ်လာသည်။

“ အရာရှိလင်း …. မင်း စခန်းရောက်နေပြီလား …”

“ ကျုပ် ရောက်ပြီ … ရလဒ် ထွက်လာပြီလား …”

“ ထွက်လာပြီ … ဒါပေမယ့် မင်း စိတ်ကူးထားမိမှာတော့ မဟုတ်ဘူး …” စုန့်ကန်း ပြောလိုက်ပြီး “ ငါ ကိစ္စရှိလို့ စခန်းကို လာစရာရှိတာ အတော်ပဲ … ငါ့ကို စောင့်နေလိုက် … ငါတို့ မျက်နှာချင်းဆိုင် စကားပြောကြတာပေါ့ …”

“ အိုကေ … ခင်များ ရောက်လာခဲ့ရင် ကျုပ်ရုံးခန်းထဲကို တန်းလာခဲ့လိုက် …”

“ ကောင်းပြီ … တွေ့မှပဲ စကားပြောကြတာပေါ့ …”

မိနစ် ၂၀ ခန့် စောင့်ဆိုင်းပြီးနောက် စုန့်ကန်းက လက်ဆွဲ သေတ္တာတစ်လုံးကို သယ်ဆောင်လျက် အထဲဝင်လာခဲ့သည်။

“ လူကြီးမင်းစုန့် …”

လင်းရီ ပြုံးပြီး သူ့ကို အထဲသို့ ကြိုဆိုလိုက်သည်။

“ ငါတို့ အရင်ကလည်း တွေ့ဖူးနေတာပဲဟာ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး ….” စုန့်ကန်းက အပြုံးဖြင့် ပြောလိုက်ပြီး “ မင်း စိတ်မရှိဘူးဆိုရင် ငါ့ကို အစ်ကိုစုန့်လို့ ခေါ်လို့ရတယ် …”

“ ဒါဆိုလည်း ကျုပ် အားနာမနေတော့ဘူးနော်….”

စုန့်ကန်းက သေတ္တာကိုဖွင့်ပြီး စာရွက်စာတမ်းများအား လင်းရီထံသို့ ကမ်းပေးလိုက်သည်။

“ တစ်ချက် ကြည့်လိုက် … ဒေတာတွေက ဒီမှာပဲ … ဒါပေမယ့် မင်းထင်ထားသလိုတော့ မဟုတ်ဘူး … သွေးဖိအားမြင့်စေတဲ့ ဘယ်လိုဆေးဝါးမျိုးမှ မထောက်လှမ်းမိဘူး … ကြည့်ရတာတော့ သာမန် ဦးနှောက်သွေးယိုတဲ့ လက္ခဏာနဲ့တူတယ် … ပြင်ပ ပရောဂကြောင့် ဖြစ်တာတော့ မဟုတ်လောက်ဘူး ….”

စုန့်ကန်းက စီးကရက်တစ်လိပ် ထုတ်၍ မီးညှိလိုက်ပြီး “ တကယ်တော့ ဒီလို ကေ့စ်မျိုးတွေက အတော်လေး သာမန်ဆန်တဲ့ထဲ ပါတယ် … ပြင်ပပရောဂကြောင့် ဖြစ်တယ်ဆိုပြီး ကောက်ချက်ချလို့ မရဘူး … အဲ့ဒီ အတွေးကို ဖက်တွယ်ထားမနေတော့ … ဒီလောကကြီးထဲမှာ တိုက်ဆိုင်မှုတွေဆိုတာ သိပ်များလွန်းတယ် ….”

လင်းရီသည် မာတဲ့ဟုန်၏ အလောင်းခွဲစိတ် စစ်ဆေးမှု ရလဒ်ကို တိတ်ဆိတ်စွာ ဖတ်ရှုနေခဲ့သည်။

စုန့်ကန်း ပြောသည့်အတိုင်း မည်သည့် ပြဿနာကိုမျှ ရှာလို့ မတွေ့ချေ။

“ တကယ်လည်း ဒီလို ကိစ္စမျိုး ဖြစ်နိုင်တယ် … ဒါပေမယ့် သူ သေသွားတာကြီးက သိပ် အချိန်ကိုက် ဖြစ်လွန်းနေလို့ပါ …” လင်းရီ ပြောလိုက်ပြီး “ စောပြီးမှလည်း မသေ ၊ နောက်ကျပြီးမှလည်း မသေ၊ တကယ့် အချိန်ကျမှ သွားသေနေတယ်ဆိုတော့ ဒါကြီးက ထူးဆန်းလွန်းတယ် …”

“ မင်း ပြောတာ အဓိပ္ပာယ် ရှိတယ် …” စုန့်ကန်း ပြောလိုက်ပြီး “ ဒါပေမယ့် မာတဲ့ဟုန် သေသွားတဲ့ ကိစ္စမှာ တစ်စုံတစ်ယောက်ရဲ့ စနက်ရှိနေတယ်လို့ မင်း သံသယ ဝင်နေရင်တော့ ဖြစ်နိုင်ချေ တစ်ခုရှိတယ် …”

“ ဘာကို ပြောချင်တာလဲ …” လင်းရီ မျက်ခုံးတစ်ချက် ပင့်ပြီး သူ့ကို ကြည့်လိုက်သည်။

“ သူ သောက်ရမယ့် ဆေးကို မသောက်ခဲ့ဘူး ….” စုန့်ကန်း ပြောလိုက်ပြီး “ သေသွားတဲ့လူက အသက် ၆၃ နှစ် ၊ ကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်တယ် … သွေးတိုးရောဂါရှိတဲ့ လူနာ ဖြစ်ဖို့ များတယ် … တကယ်လို့ သူ့ရဲ့ သွေးတိုးကျဆေးကို သောက်တာ ရက်နည်းနည်းလောက် နားလိုက်မယ်ဆိုရင် ဦးနှောက်သွေးလွန်တဲ့ ဖြစ်စဉ်ကို ကြီးကြီးမားမား လှုံ့ဆော်ပေးနိုင်တယ် …”

“ တကယ်လည်း အဲ့လို ဖြစ်နိုင်ချေ များတယ် …”

လင်းရီ၏ ဆေးပညာ အတွေ့အကြုံဖြင့် အကယ်၍ သွေးတိုး ရှိသည့် လူနာတစ်ဦးက သွေးတိုးကျဆေးကို တစ်ရက်လောက် မသောက်ဘဲ မေ့သွားခဲ့လျှင် ဦးနှောက်သွေးကြော ပေါက်ပြဲပြီး သွေးယိုစိမ့်မှုတို့ ဖြစ်နိုင်ချေက အင်မတန်ကို များသည်။

အကယ်၍ သူတို့သာ နေ့စဉ်ရက်ဆက် ရက်အတော်ကြာ မသောက်ဘဲ နေမည်ဆိုပါက သူတို့၏ သေရေး၊ ရှင်ရေးက မိုးကောင်းကင်၏ အလိုတော်သာ ဖြစ်၏။

ဒီတော့ … စုန့်ကန်း ပြောသွားခဲ့သည်တို့က အတော်လေး ယုတ္တိရှိသည်။

“ အရာရှိလင်း … မင်း ဒီအကြောင်း လောလောဆယ် စဉ်းစားထားလိုက် … ငါ တခြား ကိစ္စလေးတွေရှိလို့ ခဏသွားလိုက်ဦးမယ် … ပြီးမှပဲ မင်းဆီ ပြန်လာရှာတော့မယ် …”

“ ဒါပေါ့ … အစ်ကိုကန်း … ဖြည်းဖြည်းသွားပါ …”

စုန့်ကန်း ထွက်ခွာသွားခဲ့ပြီး လင်းရီတစ်ဦးတည်း ရုံးခန်းထဲ ကျန်ရစ်ခဲ့ကာ မာတဲ့ဟုန်၏ သေမှုသေခင်း အကြောင်းအရင်းကို အတွေးနက်နေလျက် ရှိသည်။

ထိုအချိန်မှာပဲ ကျန်းဇီရှင်းက အထဲ ဝင်လာသည်။

“ အစ်ကိုရီ … စုန့်ကျန်းရဲစခန်းက ပစ္စည်းပို့လာတယ် … သူတို့ပြောတာတော့ အစ်ကိုရီအတွက် USB drive အတွက်တဲ့ …”

“ အတော်ပဲ … ငါ့ကိုပေးလိုက် ..”

ကျန်းဇီရှင်းက USB drive ကို လင်းရီလက်ထဲသို့ ထည့်ပေးလိုက်ပြီး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ဖို့ ထွက်သွားခဲ့သည်။

USB drive မည်သည့်အရာလဲဆိုတာကို လင်းရီ သိထားပြီး ဖြစ်သည်။ စွန်းနင်က သူ့ကို ပြောပြထားပြီး ဖြစ်၏။

၎င်းအထဲတွင် မာတဲ့ဟုန်၏ စောင့်ကြည့်ကင်မရာ မှတ်တမ်းများအားလုံး ပါဝင်နေပြီး သူမက အကုန်လုံးကို စုစည်းကာ စတစ်တစ်ခုထဲတွင် ထည့်သွင်းထားပေးသည်။

USB ကို ကွန်ပျူတာသို့ ထိုးပြီး မာတဲ့ဟုန် မည်သို့ သေသွားရလဲဆိုသည့် ဖြစ်စဉ် တစ်ရပ်လုံးကို စပြီး ကြည့်ရှုသည်။

ဖြစ်စဉ်က ငါးရက်တာမျှ ကြာမြင့်၏။

အခြားသော အခန်းတူ အချုပ်သားများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မာတဲ့ဟုန်၏ ကေ့စ်က အထူးကေ့စ်တစ်ခုပင်။ ဘာကြောင့်ဆိုတော့ သူ့တွင် သွေးတိုးရှိပြီး စင်တာက ထောက်ပံ့ပေးသည့် သွေးတိုးကျဆေးကို နေ့တိုင်းလိုလို သောက်သုံးနေရသောကြောင့် ဖြစ်သည်။

မနက်ခင်းတိုင်းတွင် အချုပ်ခန်း အစောင့်များက သွေးတိုးကျဆေးကို မာတဲ့ဟုန်ထံ ပို့ပေး၏။

မာတဲ့ဟုန် အချုပ်ကျပြီးနောက် မနက်ခင်း ၈ နာရီ ဝန်းကျင်တိုင်း၏ စောင့်ကြည့်ကင်မရာ မြင်ကွင်းကို လင်းရီ ကြည့်ရှုလိုက်၏။ ယင်းအချိန်က ဆေးပေးသည့် အချိန်ပင်။

အနှီရက်အနည်းငယ် အတွင်းရှိ စောင့်ကြည့်ကင်မရာ မြင်ကွင်းကို ကြည့်ရှုနေရင်း လင်းရီ မျက်မှောင်အနည်းငယ် ကြုတ်မိသွားခဲ့သည်။

ဘာကြောင့်ဆိုတော့ ဗွီဒီယိုထဲတွင် မာတဲ့ဟုန်က နေ့စဉ် နေ့တိုင်း သွေးတိုးကျဆေးကို မပျက်မကွက် သောက်သုံးနေသောကြောင့် ဖြစ်၏။

ဤအတိုင်း ဆိုပါက သွေးတိုးရောဂါကြောင့် ဦးနှောက်ထဲ သွေးလွန်မှု ဖြစ်သည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ဤ ဗွီဒီယိုကလစ်များကို ကြည့်ရှုပြီးနောက် ယခင် ရက်အနည်းငယ်ကစသည့် ဗွီဒီယိုများကို လင်းရီ အလျင်အမြန် တစ်ချက် ပြန်ကြည့်သည်။

မာတဲ့ဟုန်က အင်မတန် သတိကြီးပြီး လင်းရီ ယခင်က စစ်ဆေးမေးမြန်းဖူးသည့် လန်ကျန့်ရှုမှ တစ်ပါး အခြား မည်သူနှင့်မျှ စကားမပြောသည်ကို တွေ့ရှိခဲ့ရ၏။

ထို့ပြင် မည်သည့် အပြင်လူနှင့်မျှ ထိတွေ့ဆက်ဆံခြင်းလည်း မရှိပါဘဲ ပုံမှန်မဟုတ်သည့် အရာတစ်ခုခုကို စားသုံးခြင်းမျိုးလည်း မမြင်တွေ့ရချေ။

မေးစရာ မေးခွန်းတစ်ခု ရှိလာသည်။

မာတဲ့ဟုန်က ဘာကြောင့် ရုတ်တရက်ကြီး ဦးနှောက်ထဲ သွေးလွန်၍ သေဆုံးသွားခဲ့ရသနည်း။

ကောင်းကင်က သူ့ကို တကယ်ပဲ သေစေချင်နေတာကြောင့်များလား …

ဒါကလည်း သိပ်မဖြစ်နိုင်တဲ့အရာကြီးလေ …

All Chapters