← Chapters

နက်နက်ရှိုင်းရှိုင်း စုံစမ်း စစ်ဆေးရာဝယ်

Vol. 152 Ch. 2242

နက်နက်ရှိုင်းရှိုင်း စုံစမ်း စစ်ဆေးရာဝယ်

Vol. 152 Ch. 2242

လင်းရီ နာရီဝက်ခန့်ကြာ ထိုင်၍ ဗွီဒီယိုကို ထပ်ခါတလဲလဲ ကြည့်နေသည်။ သို့ပေမယ့်လည်း မည်သည့် ပြဿနာ တစ်စုံတစ်ရာကိုမျှ သူ မမြင်တွေ့မိသေးချေ။

ထို့ပြင် မာတဲ့ဟုန်နှင့် မျက်နှာချင်းဆိုင် အချုပ်ခန်းထဲတွင်လည်း သွေးတိုးရောဂါ အချုပ်သား တစ်ဦး ရှိပြီး သူသည်လည်း သွေးတိုးကျဆေးကို မည်သည့် ပြဿနာ အမှားအယွင်းတို့မျှ မရှိပါဘဲ သောက်သုံးနေသည်။

လက်ထဲ ရှိထားသည့် သက်သေအချက်အလက်များ အပေါ် အခြေခံ၍ လင်းရီ အချိန်အတော်ကြာအောင် အားထုတ် စဉ်းစားစေကာမူ မာတဲ့ဟုန် သေသွားခဲ့ရသည့် အကြောင်းအရင်း ဖြစ်စဉ်ကို မရှင်းပြနိုင်ဘဲ ဖြစ်နေခဲ့၏။

“ ဘယ်လိုလဲ … ခရီးတွေ ပေါက်နေပြီလား …”

စုန့်ကန်းက အထဲသို့ ဝင်လာပြီး မေး၏။

လင်းရီ ခေါင်းခါယမ်းလိုက်သည်။ “ ကျုပ် အခု စုန့်ကျန်း ရဲစခန်းကို သွားပြီး မာတဲ့ဟုန်ရဲ့ ကျန်းမာရေး အခြေအနေအတွက် တာဝန်ယူထားတဲ့ ဆေးဌာနကို သွားမေးဖို့ လုပ်နေတာ … အဲ့တာကိုတောင်မှ အဖြေမရှာနိုင်သေးဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကို ကံဆိုးတယ် မှတ်ရတော့မှာပဲ …”

“ ကောင်းသားပဲ … သွားကြည့်တော့ တစ်ခုခု သိရရင်လည်း သိရမှာပေါ့ …”

စုန့်ကန်းက လင်းရီ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ “ အမှန်အတိုင်း ပြောပြရရင် မနေ့တုန်းက မင်းငါ့ကို ဖုန်းဆက်လာတဲ့အချိန် ငါ တာဝန် မယူချင်တဲ့ အလုပ်တစ်ခုကို ပေးမလို့ လုပ်နေတာကွ … မင်း ငါ့ဆီ ဖုန်းဆက်လာတော့ အထက်က တစ်ခြားတစ်ယောက်ကို လွှဲပေးလိုက်တယ်လေ … အမှန်အတိုင်းပြောရရင် ငါ မင်းကို အတော်လေး ကျေးဇူးတင်နေတာ …”

“ ဟားဟား ….”

အမျိုးသားနှစ်ဦးမှာက ကိုယ်စီ အားပါးတရ ရယ်မောလိုက်ကြ၏။ ထို့နောက် စခန်းထဲက အတူထွက်လာခဲ့ကာ ကိုယ်စီ ကိစ္စရပ်များ ဆောင်ရန်အတွက် လမ်းခွဲလိုက်ကြသည်။

လင်းရီက စုန့်ကျန်း ရဲစခန်းသို့ သွားပြီး စွန်းနင်ကို ရှာဖို့လုပ်သည်။ သို့သော် ထိုအချိန်မှာပဲ လင်းဟန်နှင့် ပက်ပင်းတိုးမိသွားခဲ့၏။

သူတို့တွေ ရှင်းရှန်း ရဲစခန်း ကန်တင်းမှာ အတူထမင်းစားခဲ့သည့် အချိန်က တွက်ချက်ကြည့်မည်ဆိုပါက အတော်လေး ကြာနေချေပြီ။

လင်းဟန်နှင့် တစ်ဖန် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ လင်းရီ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

“ အယ် … နင် စခန်းကို ဘာလာလုပ်တာလဲ …”

လင်းရီကို မြင်သည်တွင် လင်းဟန်က သူ့ အထောက်အထားကို ဖော်ထုတ်ချင်း မရှိပါဘဲ ချဉ်းကပ်လာခဲ့သည်။

“ မာတဲ့ဟုန် ကိစ္စကြောင့်ပါ … သူသေသွားတာက ဟုတ်တယ် … ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကိုတော့ တွေ့အောင် ရှာဖို့လိုသေးတယ် …”

“ အမှန်ပဲ …” လင်းဟန်က ပြုံးလျက် ဆိုလိုက်ရင်း သူမ၏ လက်ချောင်းများဖြင့် ဆံပင်ကို နားနောက်သို့ သပ်လိုက်၏။

“ ငါလည်း ဒီနေ့ လုပ်စရာ သိပ်မရှိတာနဲ့ အတော်ပဲ … နင့်ကို အဖော်လုပ်ပေးမယ်လေ … တစ်ခုခု လိုအပ်တယ်ဆိုလည်း ငါ့ကို တိုက်ရိုက်ပြောလို့ ရတာပေါ့ … ဟိုဟိုဒီဒီသွားရင်း ငါလည်း ဝိတ်ချလို့ရတယ် …”

“ ကောင်းတာပေါ့ … မင်းလည်း ပါမယ်ဆိုရင် ငါလည်း အတော်လေး အလုပ်ရှုပ် သက်သာသွားမှာ …”

“ ခေါင်းဆောင် … နင် ရူးနေလား … ဘာလို့ သူနဲ့ လျှောက် အလေလိုက်နေမှာလဲ … အိမ်ပြန်နားတာက ပိုမကောင်းဘူးလား …”

လင်းဟန်နှင့် အတူ ပါလာသည့် ကျောက်စုက ပြောလိုက်သည်။

လင်းဟန် အ‌ပေါ် တိတ်တခိုး ကြိတ်ကြွေနေမိသောကြောင့် မဟုတ်ပါဘဲ လင်းရီကိုက သူတို့ စုန့်ကျန်း ရဲစခန်းသားများအတွက် ပြေးမလွတ်သည့် ဝိပါတ် ဖြစ်နေသောကြောင့်ပင်။

“ နင် အဲ့တာ ဘာစကားပြောတာ … သူက ဒီကို တည်တည်တံ့တံ့ အလုပ်လုပ်ဖို့ ရောက်လာတာလေ …ငါတို့ဘက်ကလည်း ပူးပေါင်းပေးရမှာပေါ့ … သွားသွား … နင်လုပ်စရာရှိတာ သွားလုပ်နေ …”

လင်းဟန်၏ ပြောဆိုခြင်းကို ခံလိုက်ရပြီးနောက် ကျောက်စုမှာ သူ့ကိုယ်သူ မကျေမနပ် တီးတိုး အတွန့်တက်ရင်း တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

“ ခေါင်းဆောင်လင်း … ရှင်သူ့ကို စိတ်ထဲ ထားမနေနဲ့ … သူက ငယ်သေးတော့ သွေးဆူလွယ်တယ်လေ … ကြာလာရင် ရင့်ကျက်သွားမှာပါ …” သူတို့နှစ်ဦးတည်း ကျန်‌တော့ လင်းဟန်က ပြောလိုက်၏။

“ ရပါတယ် … ငါလည်း သူနဲ့တန်းညီအောင် ညှိမနေပါဘူး … တကယ်တော့ သူလည်း အတော်လေး မဆိုးပါဘူး … သူ့မှာ ပြိုင်ဆိုင်လိုစိတ် ရှိတယ်ဆိုတာကို ပြနေတာပဲလေ … အလုပ်ကြိုးစားဖို့ စိတ်ဓာတ်ရှိတယ်ဆိုရင်ကိုပဲ အတော်လေး ကောင်းနေပြီ …”

လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။ “ ဒါနဲ့ မင်း နေမကောင်း ၊ မသက်သာ ဖြစ်နေရင် အိမ်ပြန်ပြီး နားလိုက်လေ … ငါ စွန်းနင်နဲ့ အလုပ်လုပ်လို့ရတယ် …”

“ သူ ပေါက်ကရ ပြောသွားတာ‌တွေ နားထောင်မနေနဲ့ … ဒီတိုင်း အအေးမိရုံလောက်ပါပဲ … အထွေထူးကြီး မဟုတ်ပါဘူး …” လင်းဟန် ပြောလိုက်သည်။

“ မာတဲ့ဟုန် အမှုကို သွားကိုင်တွယ်ကြတာပေါ့ … နင် စုံစမ်းချင်တာ ရှိရင် ပြောလေ … နင့်ဖို့ အချက်အလက်တွေ တူးဆွပေးမယ် ..”

“ ဆေးဌာနကို တစ်ချက် သွားကြည့်ကြစို့ … အဲ့က တာဝန်ခံနဲ့လည်း ငါ စကား နည်းနည်း ပြောချင်တယ် …”

“ ကောင်းပြီလေ … ဒါဆိုလည်း ဆေးဌာနကို ဖုန်းတစ်ချက် အရင်ဆက်ထားလိုက်မယ် ..”

ထိုသို့ ပြောပြီးနောက် လင်းဟန်က သူမ၏ ဖုန်းကို ထုတ်လိုက်သည်။

“ အစ်မ ဝမ် … ရှင် ဌာနမှာလား …. ကျွန်မ ရှင်နဲ့ စကားပြောချင်တာလေးရှိလို့ …”

“ အိုကေ … ကျွန်မ အခုချက်ချင်း အဲ့ကို လာနေပြီ ….”

ဖုန်းပြောပြီးနောက် လင်းဟန်က ဖုန်းပြန်ချလိုက်သည်။

“ သွားစို့ … သူ ဌာနမှာပဲတဲ့ …”

“ အင်း …”

လင်းဟန်၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်က အချုပ်စင်တာ၏ ဆေးခန်းသို့ ရောက်ရှိလာသည်။

အသက်သုံးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက အလုပ် စားပွဲတွင် ထိုင်နေသည်။ သူမ၏ သွင်ပြင်က လင်းဟန်ထက် ဘယ်လောက်မှ အသက်မကြီးသေးပေ။ ပခုံးသို့ ချထားသည့် ဆံနွယ်နှင့် အဖြူရောင်ကုတ်ကို ဝတ်ဆင်ထားပြီး ဖရဲစေ့ကဲ့သို့‌ မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်။ သူမ၏ ကိုယ်နေဟန်ပန်ကလည်း အဖြူရောင်ကုတ်နှင့် ကျော့ရှင်းသပ်ရပ်နေသည်။

အမျိုးသမီး၏ နာမည်က ဝမ်ကျားမေ ဖြစ်ပြီး ဆေးခန်းကို တာဝန်ယူထားသူ ဖြစ်၏။

မာတဲ့ဟုန် နေ့စဉ် သောက်သုံးနေသည့် သွေးတိုးကျဆေးကိုလည်း သူမကပဲ စီစဉ်ပေးတာ ဖြစ်သည်။

“ ဘာလဲ … နင့်ကောင်လေးကို ငါ့လာပြတာလား ….”

“ အာ .... ကျွန်မတို့ အဲ့အကြောင်း မပြောလို့ မရဘူးလား … ဘာလို့ ယောက်ျားလေးတစ်ယောက်ယောက်ကို ခေါ်လာတိုင်း ကောင်လေး ဆိုပြီး ပြောနေရတာလဲ …”

“ ကိုယ့်အသက်ကိုယ်လည်း ပြန်ကြည့်ဦး … နင် အခုချိန် ကောင်လေးရှာပြီး မြန်မြန် လက်မထပ်ဘူးဆို အချိန်ကောင်းကို လက်လွှတ်လိုက်ရမှာနော်… အဲ့ခါကျရင် ကျန်ရစ်ကြီး ဖြစ်ပြီး ဘယ်သူမှ မလိုချင်ဘဲ နေလိမ့်မယ် …. “ ဝမ်ကျားမေက လေးနက်သည့် အမူအရာဖြင့် ပြောလာသည်။

“ ပြီးတော့ နင် သိအောင် ပြောပြထားမယ် … အမျိုးသမီး တစ်ယောက်က အသက် သုံးဆယ် ရောက်တာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် စွမ်းဆောင်ရည်တွေက တစ်နေ့ထက်တစ်နေ့ လျော့နည်းလာတယ် … နောက်ကျမှ ကလေးမွေးဖွားဖို့ဆိုတာ အတော်လေး အန္တရာယ်များတယ် … ငါ့ကို ကြည့်ပြီး အတုယူစမ်းပါ … အခု ငါ့အသက် ၃၅ … ကလေးဆို မူလတန်းတောင် တက်နေပြီ …”

“ အလုပ်ကိုလည်း လျှော့လုပ် … ကိုယ်က ဗိုက်နာပြီး အော့အန် မူးဝေနေတာတောင် အလုပ်က လုပ်နေလိုက်သေးတယ်တဲ့ အံ့ဩပါ့ … ငါသာ နင့်နေရာမှာ ဆိုလို့ကတော့ ခွင့်ယူပြီး အိမ်ပြန် အစောကြီး နားနေပြီ …”

“ ရပါပြီ အစ်မဝမ်ရယ် .. ကျွန်မ ဒီရောက်လာတာ အရေးကြီး ကိစ္စ ရှိလို့ …” လင်းဟန်က စကားလမ်းကြောင်း လွဲလိုက်ပြီး လင်းရီကို မိတ်ဆက်ပေးလိုက်သည်။

“ သူက ရှင်းရှန်း ရဲစခန်းက … မာတဲ့ဟုန်ရဲ့ အမှုအတွက် တာဝန်ယူထားတဲ့လူပဲ … သူ ဒီနေ့ ရောက်လာခဲ့တာက အမှုအကြောင်းကို ပိုပြီး အသေးစိတ် စုံစမ်းချင်လို့တဲ့လေ …”

“ သိချင်တာ ရှိရင် တန်းပြီးသာ မေးလိုက် … ကိုယ့်အချင်းချင်းတွေ လောကွတ်ချော်နေစရာ မလိုဘူး ..”

လင်းဟန်နှင့် ဝမ်ကျားမေတို့က ဆက်ဆံရေးကောင်းမွန်သည်မှာ သိသာလှသည်။ ထို့ကြောင့် လင်းရီလည်း လောကွတ်ချော်မနေတော့ဘဲ တိုက်ရိုက်သာ မေးမြန်းလိုက်သည်။

“ ကျုပ် မာတဲ့ဟုန် နေ့တိုင်း သောက်နေတဲ့ သွေးတိုးကျဆေးက ဘယ်ဆေးဘရန်းကလဲ ဆိုတာ သိချင်လို့ပါ …”

“ Betalek … ဆေးရုံတွေမှာ ပေးလေ့ပေးထရှိတဲ့ ဆေးပဲလေ …”

ဝမ်ကျားမေက သူမ၏ အလုပ်စားပွဲ အံဆွဲကို ထုတ်၍ ဆေးဘူး တစ်ဘူးကို ထုတ်ပြီး လင်းရီ လက်ထဲသို့ ကမ်းပေးလိုက်သည်။

“ ဆေးက ဒီဟာပဲ ….”

လင်းရီ ဆေးဘူးကို ယူပြီး နီးနီးကပ်ကပ် သေချာမကြည့်ဘဲ အကြည့်ဖျင်း တစ်ချက်မျှ ကြည့်လိုက်သည်။

Betalek က သူနှင့် စိမ်းသက်နေခြင်း မရှိ။ အင်မတန် လူသုံးများသည့် သွေးတိုးကျဆေး တစ်မျိုးပင်။

( မှတ်ချက် - ဆေးနာမည်က မှားယွင်းနေနိုင်ပါတယ် ၊ အတည်မှတ်ယူပြီး ကျွမ်းကျင်သူနဲ့ မတိုင်ပင်ဘဲ သုံးစွဲတာမျိုး မလုပ်စေချင်ပါဘူး )

ဆေးရုံသို့ လူနာသွားပြလျှင်ပင် ဤဆေးကို ဆရာဝန်တို့က ညွှန်းပေးလေ့ ရှိကြ၏။ ထို့ပြင် သူ့အမေကိုယ်တိုင်ကလည်း ဤဆေးကို သောက်သုံးနေရာ ဆေးကတော့ ပြဿနာ မရှိနိုင်ချေ။

ထိုသို့ ဖြစ်မည်ဆိုပါက ဆေး၏ ပြဿနာ မဟုတ်တန်ရာ။

ဧကန္တ ... မာတဲ့ဟုန် သွေးတိုးပြီး သေသွားခဲ့တာက တကယ်ပဲ တိုက်ဆိုင်မှုများလား …

ဖြစ်နိုင်တယ်ဆိုပေမယ့် လင်းရီမှာ လက်ခံယုံကြည်ဖို့ကို ခဲယဉ်းနေဆဲပင်။

“ ဒီအပိုင်းနဲ့ ပတ်သက်လို့ကတော့ ပြဿနာ မရှိဘူးထင်တယ် ….” လင်းဟန် ပြောလိုက်ပြီး “ ငါတို့ တခြား နေရာတွေမှာ သွားပြီး စစ်ဆေးကြည့်ရင်ကော …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ သို့သော် အတွေးနက်နေဟန်ဖြင့် အမူအရာကင်းမဲ့နေသည်။

သူ စကားအရသာ သဘောတူခဲ့သော်လည်း ခန္ဓာကိုယ်က မည်သည့် တုံ့ပြန်မှုတို့မျှ မပြသချေ။

လင်းဟန်က လင်းရီဘေးနားတွင် ဝင်ထိုင်ရင်း လင်းရီ တုံ့ပြန်လာမှာကို စောင့်ဆိုင်းနေသည်။

“ ဒီဆေးကို အစ်မဝမ်ကိုယ်တိုင် သူ့ဆီ ပို့ပေးခဲ့တာလား …”

“ အတိအကျတော့ ဘယ်ဟုတ်မှာလဲ …” ဝမ်ကျားမေက ခွန်းတုံ့ပြန်လိုက်ပြီး “ အချုပ်ခန်းစောင့်တွေက ဒီလာပြီး ဆေးတွေ လာယူတယ် … ပြီးရင် အချုပ်သားတွေဆီ တိုက်ရိုက်ထည့်ပေးတယ် …”

“ ဆေးလာယူတယ် ဟုတ်လား …”

“ အင်း …” ဝမ်ကျားမေ ပြောလိုက်ပြီး မတ်တပ်ရပ်ကာ ဗွီရိုတစ်ခုထံသို့ လျှောက်လှမ်းသွား၏။ ထို့နောက် လက်ဖဝါး တစ်ဝက် အရွယ်ခန့် ရှိမည့် ကြည်လင်သည့် ချိပ်ပိတ်အိတ်တစ်လုံးကို ထုတ်လာခဲ့သည်။

လင်းရီ လှမ်းကြည့်လိုက်တော့ ဆေးလုံးအနည်းငယ် ပါဝင်နေပြီး ၎င်းအိတ်ပေါ်တွင် အချုပ်သား၏ နာမည်၊ အချုပ်သား နံပါတ်ကို တံဆိပ်ခတ်နှိပ်ထား၏။

“ ငါက အချုပ်သားတွေ လိုအပ်တဲ့ ဆေးတွေကို ကြိုပြီး ပြင်ဆင်ထားပေးတယ် … ပြီးရင် ဒီလို အိတ်တွေထဲ နာမည်နဲ့ ထည့်ထားပေးတာ … အစောင့်တွေက သူတို့ ဆေးလာယူတဲ့အချိန် လက်မှတ်ထိုးပြီး အသင့် ယူသွားရုံပဲ … အဲ့ဒါဆိုရင် ငါတို့ အလုပ်က ပြီးပြီ ….”

All Chapters