← Chapters

ထင်မှတ်မထားသည့် အခြေအနေ

Vol. 152 Ch. 2243

ထင်မှတ်မထားသည့် အခြေအနေ

Vol. 152 Ch. 2243

လင်းရီ ချိတ်ပိတ်ထားသည့် အိတ်ကို ဖွင့်၍ အထဲရှိ ဆေးများကို လက်ထဲ တစ်ချက် ယူကြည့်လိုက်သည်။

၎င်းတို့က တကယ့်ကို Betalek ဖြစ်၏။ နှလုံးခွဲစိတ်ဌာနတွင်လည်း ယခုကဲ့သို့ ဆေးများ အသင့်ရှိလေသည်။

မည်သည့် ပြဿနာမျှ ရှိမနေချေ။

သို့သော် ယခု အကြီးမားဆုံး ပြဿနာက မည်သည့် ပြဿနာမျှ ရှိမနေခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာတဲ့ဟုန်က သွေးရိုးသားရိုး သေသွားခဲ့သည် ဟူ၍ပင်။

သို့တိုင် လင်းရီ၏ အလိုလို သိစိတ်က ပြောပြနေသည်မှာ ဤဖြစ်ရပ်တွင် မူမမှန်သည့် ကိစ္စရပ်တို့ ရှိနေသည် ဟူ၍ပင်။

သံသယ ဝင်ချင်သည်ဆိုပါက ဆေးကို သယ်ဆောင်သည့် အချုပ်ခန်း အစောင့်က သံသယ ဝင်ဖို့ အကောင်းဆုံးပင်။

….

“ ဝေါ့ ….”

လင်းရီ ဤအကြောင်း အတွေးနက်နေစဉ် ရုတ်ချည်းဆိုသလို လေပျို့သံ တစ်ချက် ကြားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ လင်းဟန် ဖြစ်နေသည်။

သူမက ရင်ဘက်ကို တောက်လျှောက်ပုတ်နေပြီး အတော်အလေး မသက်မသာ ဖြစ်နေဟန်ရ၏။

“ ဘာဖြစ်တာလဲ …”

“ ရတယ် ဘာမှမဖြစ်ဘူး …” လင်းဟန် လက်တစ်ဖက်ကို ရင်ဘက်ပေါ် ဖိထားရင်း ပြော၏။ “ ဒီတိုင်း မူးပြီး အန်ချင်သလိုလို ဖြစ်နေလို့ … ထွေထူး မဟုတ်ဘူး..”

လင်းရီ စကားပြောတော့မည့် အချိန်မှာပဲ ဝမ်ကျားမေက သူ့ကို စကားဖြတ်ပြောလာခဲ့သည်။

“ ကောင်မလေးကတော့ အမြဲတမ်း ဒီလိုချည်းပဲ … တော်တော့ … ငါနဲ့ လိုက်ခဲ့ …”

“ ရတယ် မမဝမ် … ကျွန်မ ဆေးနည်းနည်းသောက်လိုက်ရင် ကောင်းသွားလိမ့်မယ် …”

“ အဆင်ပြေချင်ယောင်ဆောင်နေပြန်ပြီ … ငါ ပြောပြမယ် … ဗိုက်အအေးမိတာကို သာမန်လေးလို့ မထင်လိုက်နဲ့ … ပြဿနာ ကြီးကြီးမားမား ဖြစ်သွားဖို့က အလွယ်လေးပဲ …” ဝမ်ကျားမေ၏ လေသံက မာကြောနေသည်။ ထို့နောက် သူမက လင်းဟန်၏ နဖူးကို လက်ဖြင့် ထိတွေ့လိုက်သည်။

“ ပြီးတော့ အခုက နင့်မှာ ဖြစ်နေတဲ့ လက္ခာရပ်တွေကို ကြည့်ပြီး ဗိုက်အအေးမိတာလို့ အကြမ်းဖျင်း ကောက်ချက်ချရုံပဲ ချနိုင်သေးတယ် … ဖျားပြီး မအီမသာ ဖြစ်စေတဲ့ ရောဂါဗိုင်းရပ်စ် တစ်မျိုးမျိုးလည်း ဖြစ်နေနိုင်တယ် … နင် ဂရုမစိုက်ရင် နမိုးနီးယား ရောဂါ ၊ ဒါမှမဟုတ် ဦးနှောက် ရောင်ရမ်းတာတွေ ဖြစ်သွားနိုင်တယ် … အဲ့ခါကျရင် နင် အခုလို ဂုဏ်ဆာနိုင်နေဦးမလား ကြည့်စမ်းဦးမယ် …”

လင်းဟန်မှာ ရင်ဘက်ကို အဆင်ပြေစေရန်အတွက် အောက်သို့ ဆွဲချနေပြီး ကိုယ့်အခြေအနေကိုယ် ထိန်းညှိနေဟန် ရသည်။

“ ကျွန်မ ကိုယ့်အခြေအနေကိုယ် နားလည်ပါတယ် … အဲ့လောက်ထိ ပြင်းထန်တာမျိုး မဖြစ်နိုင်ပါဘူး ….”

လင်းရီကတော့ ထိုမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေပြီး ထွေထူး ခေါင်းထဲ ထည့်မနေချေ။

လင်းဟန် အကြောင်းကို ဂရုမစိုက်တာ မဟုတ်ဘဲ ထိုမျှ ပြင်းထန်လိမ့်မှာ မဟုတ်ဟု ခံစားမိသောကြောင့် ဖြစ်၏။ မည်သို့ပင်ဆိုစေ သူမတို့ကဲ့သို့ အမျိုးသမီးတို့က အအေးနှင့် ပတ်သက်၍ အတော်လေး ပြဿနာများရလေသည်။

သို့ပေမယ့် လင်းဟန်က E အဆင့်သို့ ဝင်ရောက်နိုင်ရုံမျှ ဆိုသော်လည်းပဲ သူမ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက သာမန်လူတို့ထက် များစွာ သာလွန်လှသည်။ ယခုလို အအေးမိပြီး ဖျားနာနေသည်ဆိုသည်မှာ တကယ့်ကို ရှားပါးသည့် ကိစ္စရပ် ဖြစ်၏။

“ ရပြီ .. စကားပြောနေတာတွေ တော်တော့ … ငါနဲ့ လိုက်ပြီး သွေးလိုက်စစ်ချည် .. တစ်ခုခု မှားနေလား အရင်ကြည့်တာပေါ့ … ပြီးရင် ဆေးပါ တစ်ခါတည်း ချိတ်ပေးလိုက်မယ် ..”

လင်းဟန်မှာ ဝမ်ကျားမေ၏ တိုက်တွန်းမှုကို မငြင်းဆန်နိုင်ဘဲ အတင်းအကြပ် ဆွဲခေါ်ခံသွားလိုက်ရသည်။

သို့သော် မထွက်ခွာမီ ဝမ်ကျားမေက လင်းရီကို စကားပြောခဲ့ဖို့လည်း မမေ့လျော့ခဲ့ချေ။

“ အရာရှိလင်း … ဒီမှာ ငါ့ကို စောင့်နေဦးနော်.. ငါတို့ ခဏမှ စကားဆက်ပြောကြတာပေါ့ ..”

“ ရပါတယ် …”

နှစ်ယောက် ထွက်ခွာသွားခဲ့ပြီး ရုံးခန်းထဲ၌ လင်းရီ တစ်ဦးတည်းသာ ကျန်နေရစ်ခဲ့သည်။ သူ ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း ဝမ်ကျားမေနှင့် အချုပ်ခန်းစောင့်တို့ ဆေးလွှဲယူသည့် မှတ်တမ်းစာအုပ်ကို မြင်တွေ့သွားခဲ့သည်။

စာအုပ်က အသစ်ဖြစ်၏။ ရေးထားသည့် စာမျက်နှာက သုံးမျက်နှာမျှသာ ရှိသည်။ အချိန်အများစုတွင် ထန်ရုံကျွင်း ဟူသည့် လူကပဲ တာဝန်ယူထားတာဖြစ်၏။

သို့သော် ငါးရက်တစ်ကြိမ်တိုင်းတွင် မာတုန်းတုန်းဆိုသည့် အမျိုးသားက တာဝန်ယူပြီး ထိုပုံစံအတိုင်းပဲ အလှည့်ကျ တာဝန်ယူကြ၏။

ကြည့်ရသည်မှာတော့ ထန်ရုံကျွင်း မရှိသည့် အချိန်၌ မာတုန်းတုန်းက သူ့နေရာ အစားဝင်ပေးရသူ ဖြစ်ပုံပင်။

သို့သော်လည်းပဲ မာတဲ့ဟုန် အချုပ်ခန်း ကျစဉ်မှ သေဆုံးသွားချိန်အထိ ဆေးလွှဲပြောင်းပေးဖို့ကို တာဝန်ယူထားသူက ထန်ရုံကျွင်း ဖြစ်နေသဖြင့် စုံစမ်းစစ်ဆေးရသည့် အကျယ်အဝန်းကို အတော်လေး လျှော့ချနိုင်သွားခဲ့သည်။

သို့ပေမယ့် ဤမှတ်တမ်းစာအုပ်ကို ကြည့်ရသလောက်ကတော့ မည်သည့် ပြဿနာ အမှားအယွင်းမျှလည်း မရှိသည့်ပုံပင်။

လင်းရီ ဆေးထုပ်ကို တစ်ဖန်ကောက်ယူပြီး လက်ထဲ ပြန်ကြည့်လိုက်သည်။ မည်သည့်အရာကမျှ မပြောင်းလဲသွားခဲ့ချေ။

ယခုအချိန်၌ သူ ကြာကြာ ဆက်နေ၍လည်း အသုံးဝင်မှာ မဟုတ်တော့ပေ။ သူ ထွက်သွားဖို့ ဟန်ပြင်နေတုန်းမှာပဲ ဝမ်ကျားမေက အပြင်မှ ရောက်လာသည်။

“ လင်းဟန် ဘယ်လိုနေသေးလဲ ….”

“ ငါ သွေးနမူနာတော့ ယူခဲ့တယ် … ခဏနေဆိုရင် ရလဒ် ထွက်လာလောက်ပြီ … လောလောဆယ်တော့ အဖျားကျဆေး ပေးထားခဲ့တယ် .. သွေးစစ်ချက် ထွက်လာတဲ့ အချိန်ကျတော့မှ ရောဂါနဲ့တည့်မယ့် ဆေးပေးကြတာပေါ့ ….”

“ အစ်မတို့နှစ်ယောက်က ပတ်သက်မှုကောင်းတွေ ရှိတဲ့ပုံပဲနော်….” လင်းရီ ပြုံးလျက် မေးမြန်းလိုက်၏။

“ ဟုတ်တယ် … ငါတို့အချင်းချင်း သိလာခဲ့ကြတာ ကြာပြီလေ …” ဝမ်ကျားမေက သူမ၏ ဆံပင်ကို ထိ၍ ပြောလိုက်ပြီး “ ငါက သူ ဒီကို မရောက်လာခင်ကတည်းက ရောက်နေတာ … စဉ်းစားကြည့်လိုက်ရင် ငါးနှစ်ကျော် ၊ ခြောက်နှစ်လောက် ရှိနေပြီပဲ …”

“ အဲ့တာဆို တကယ်ကြာနေပြီပဲ …”

“ ဟုတ်ပါတယ်ဆို … အဲ့ကောင်မလေးက ဖူဒီလေးလေ … ငါ့ခင်ပွန်းက ဟင်းချက် တအားတော်တာ … ငါ နေ့လည်စာဘူး ယူလာတိုင်း ငါ့ဟင်းတွေ နှိုက်စားဖို့ အမြဲလာနေကြ …”

သူတို့နှစ်ဦး၏ ရင်းနှီးပတ်သက်မှုအကြောင်း ပြောပြနေစဉ် ဝမ်ကျားမေ၏ မျက်နှာမှာ ပြုံးရွှင်လျက် ရှိနေသည်။ “ ကဲ … ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဘေးချိတ်ထားပြီး အလုပ်ကိစ္စ ပြောကြတာပေါ့ …”

လင်းရီ ခေါင်းညိတ်လိုက်၏။ “ မာတဲ့ဟုန် ဒီကို ရောက်မလာခင်တုန်းက သူ့ ကျန်းမာရေး အခြေအနေက ဘယ်လို ရှိလဲ မသိဘူး …”

ဝမ်ကျားမေက မှတ်စုစာအုပ် တစ်အုပ်ကို လှန်လော၍ “ သေးတိုးရောဂါအပြင်ကို သူ့မှာ ဆီးချိုလည်း ရှိတယ် …. သွေးဖိအားက သွေးတိုးကျဆေး မသောက်တဲ့ အချိန်တွေဆို 161 diastolic နဲ့ 221 systolic အတွင်းမှာ ရှိတယ် … အတော်လေး အန္တရာယ်များတယ် … သွေးတိုး ကျဆေး မသောက်ဘဲ နေလို့ မရဘူး … ”

“ ကျုပ် စောင့်ကြည့်ကင်မရာမှတ်တမ်းကို ကြည့်ပြီးပြီ … နေ့တိုင်းလည်း သွေးတိုးကျဆေးကို မှန်မှန်သောက်နေတာပါပဲ …”

“ ဟုတ်ပါတယ်ဆို … အစ်မလည်း အဲ့တာကို ဇဝေဇဝါ ဖြစ်နေတာ …” ဝမ်ကျားမေ ပြောလိုက်ပြီး “ မာတဲ့ဟုန် အဖြစ်ဆိုးနဲ့ ကြုံတော့ ဗျူရိုက ငါနဲ့ အချုပ်ခန်း အစောင့်ကို မေးခွန်းထုတ်လာတယ်လေ … ဒါပေမယ့် ငါတို့နှစ်ယောက်လုံးလည်း လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခဲ့ကြတာချည်းပဲ … ဘာအမှားအယွင်းမှ မလုပ်ဘူး … ဘယ်နားမှားသွားမှန်းလဲ အခုထိ မသိရသေးဘူး …”

“ ငါ့အထင်တော့ သူ ဖိအားတစ်ချို့ ခံစားခဲ့ရတာ … ဒါမှမဟုတ် အချုပ်ထဲမှာ အနိုင်ကျင့်ခံခဲ့ရတာ … ဒါမှမဟုတ် အလုပ်ကြမ်းလုပ်ရတာကြောင့် သွေးဖိအား မြင့်ပြီး အဲ့လို ဖြစ်သွားစေခဲ့တာလား …. မသိဘူးရယ် ….”

“ အင်း … ဖြစ်နိုင်ပါတယ် …” လင်းရီ သာမန်လျှံကာ ဖြေဆိုလိုက်သည်။ သို့သော် သဘောမတူချေ။

ဘာကြောင့်ဆိုတော့ စောင့်ကြည့်ကင်မရာ မြင်ကွင်းထဲတွင် မာတဲ့ဟုန် အချုပ်ခန်းထဲတွင် အနိုင်ကျင့်ခံရခဲ့ရတာကို မမြင်တွေ့ခဲ့ရသောကြောင့်၏။ အလုပ်ကြမ်းလုပ်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။

ထို့ကြောင့် သူ သေဆုံးသွားရခြင်း အကြောင်းအရင်းက ယခုထိတိုင် ဖြေရှင်းမရသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေခြင်းပင်။

“ အိုကေ အစ်မဝမ် … ကျုပ်လည်း သိချင်တာတွေ အားလုံးနီးပါး သိပြီးပြီဆိုတော့ အစ်မရဲ့ အချိန်တွေကို မဖြုန်းတီးတော့ပါဘူး …”

“ ရတယ် ရတယ် … ကိစ္စမရှိဘူး … နင့်လို ကောင်ချောလေးနဲ့ စကားပြောရတယ်ဆိုတော့ အချိန်ပေးရလည်း တန်ပါတယ် …” ဝမ်ကျားမေက ရင့်ကျက်သည့် အမျိုးသမီးပုံစံဖြင့် အရွှန်းဖောက်လိုက်သည်။

“ ဟားဟား …”

လင်းရီ အားပါးတရ ရယ်မောလိုက်ပြီး “ ဒါဆိုရင်တော့ ကျုပ် နောင်ကျရင် အစ်မဝမ်ကို ထပ်ပြီး အနှောင့်အယှက် ပေးရဦးမယ် …”

“ ရတယ် … လိုအပ်လာရင် ငါ့ဘက်က ပူးပေါင်းပေးဖို့ အသင့်ပဲ …”

ဝမ်ကျားမေက မှတ်စုစာရွက် တစ်ရွက်စုတ်ပြီး သူမ၏ ဖုန်းနံပါတ်ကို ချရေးလိုက်သည်။

“ ရှောင်ဟန်က ဒီရက်ပိုင်း နေလို့ထိုင်လို့ သိပ်မကောင်းတော့ တစ်ခုခု လိုအပ်သာ ရှိရင် အစ်မဆီသာ ဖုန်းဆက်လိုက် …”

“ ဟုတ်ကဲ့ပါ …”

“ သွားစို့… ငါနင့်ကို အပြင်လိုက်ပို့ပေးမယ် …”

“ ရတယ် အစ်မဝမ် … အဲ့လောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး …”

သူတို့တွေ ဌာနထဲက အတူထွက်လာခဲ့ကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် အချုပ်ခန်းစောင့် တစ်ဦးက သူတို့ရှိရာဘက်သို့ ရေးကြီးသုတ်ပျာနှင့် ပြေးလာသည်။

“ အစ်မဝမ် … မကောင်းတော့ဘူး … အချုပ်ခန်း 1014 မှာရှိတဲ့ အချုပ်သားတစ်ယောက် ရုတ်တရက် လဲကျသွားလို့ … အစ်မ အမြန် လိုက်လာခဲ့ပေးပါဦး ….”

လင်းရီနှင့် ဝမ်ကျားမေတို့ အကြည့်ချင်း ဖလှယ်လိုက်မိလိုက်ကြသည်။ ရုတ်တရက်ကြီး ဤသို့ ဖြစ်လာသည့်အတွက် အနည်းငယ် အံ့အားသင့်သွားခဲ့ကြ၏။

“ သွားစို့ … ကျုပ်တို့ တစ်ချက် သွားကြည့်ကြတာပေါ့ …”

ဝမ်ကျားမေ ခေါင်းညိတ်ပြီး သုံးယောက်အတူ အခန်း 1014 သို့ ဦးတည်လာခဲ့ကြသည်။

အခန်းထဲတွင် အခြားသော အချုပ်သားတို့က အသက် ငါးဆယ် အရွယ်ခန့် ရှိမည့် လူတစ်ဦးကို ကိုင်ထားပြီး အော်ဟစ်နေကြရင်းဖြင့် တစ်စုံတစ်ဦး ရောက်အလာကို စောင့်ဆိုင်းလို့နေသည်။

ဝမ်ကျားမေ ထိုလူကို ချက်ချင်းပဲ စမ်းသပ်ကြည့်လိုက်၏။

လင်းရီလည်း အပြင်ဘက်မှ လေ့လာ အကဲခတ်နေခဲ့သည်။

လူနာက အသက်ရှူနှုန်းက မြန်ဆန်နေပြီး ရင်ဘက်ကို ဆက်တိုက်ဖိနှိပ်နေကာ မျက်နှာကလည်း နာကျင်မှုကြောင့် ဖြူဖျော့နေသည်။

ဝမ်ကျားမေက သူ့ ခြေချောင်း၊ လက်ချောင်းများကို နှိပ်ချိုးကြည့်သော်လည်းပဲ မည်သည့် တုံ့ပြန်မှုတို့မျှ မပြပေ။

လက္ခဏာရပ်များကို ကြည့်ရသလောက်ကတော့ လူနာက သွေးဖိအား ရုတ်ချည်း မြင့်တက်လာသည့် ပြဿနာကို ခံစားနေရဟန်တူသည်။

“ လူအမြန်ခေါ် … ငါတို့ ဆေးရုံအမြန် ပို့ဖို့လိုတယ်..."

ဝမ်ကျားမေ၏ ညွှန်ကြားမှုအောက်တွင် ထိရောက်မှုရှိသည့် လုပ်ငန်းဆောင်တာတို့မှာ စနစ်ကျကျ ပြီးမြောက်သွားခဲ့သည်။

လူနာကို အနီးနားရှိ ကျိုးဟိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလိုက်၏။

သို့သော် ထိုအတောအတွင်း လင်းရီမှာ ထွက်ခွာသွားခြင်း မရှိပါဘဲ ဖြစ်စဉ်တစ်ရပ်လုံးကို လိုက်ပါ စောင့်ကြည့်နေခဲ့သည်။

ဘာကြောင့်ဆိုတော့ သူ အတည်ပြုချင်သည့် တစ်ချို့ အရာလေးများ ရှိနေသောကြောင့်ပင်။

All Chapters