ဆမ်ဆောင်းလီမိသားစု၏ အနေအထား
Vol. 152 Ch. 2244
တစ်နာရီခန့်ကြာပြီးနောက် သမားတော်များ ပြန်ထွက်လာခဲ့ကြပြီး သူတို့အမူအရာက သက်တောင့်သက်သာ ဖြစ်သွားခဲ့ပုံရသည်။
“ ဒေါက်တာ … လူနာရဲ့ အခြေအနေက ဘယ်လိုနေလဲဟင် …” ဝမ်ကျားမေက ရှေ့သို့ တက်လာပြီး မေး၏။
“ ဦးနှောက် သွေးလွန်တာ … ဒါပေမယ့် သွေးပမာဏက မများဘူး … သူ့ သွေးဖိအားကလည်း ငြိမ်သွားပြီ … ကောင်းကောင်းအနားယူလိုက်တာနဲ့ ပြန်ကောင်းသွားမှာပါ … ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး …” ဒေါက်တာက ရှင်းပြလိုက်သည်။
“ ဒါပေမယ့် နောင်ကျရင်တော့ ပိုပြီး သတိထားဖို့လိုမယ် … သွေးတိုးကျဆေးကို ပုံမှန်လေး သောက်ပေးဖို့ လိုတယ် … နောက်တစ်ခေါက်ဆိုရင်တော့ လေဖြတ်သွားခဲ့ရင်ကိုပဲ အကောင်းဆုံး အခြေအနေ ဖြစ်နေပြီလို့ ပြောရတော့မယ် …”
“ မဖြစ်နိုင်တာ …”
ဝမ်ကျားမေက ဒေါက်တာ၏ စကားကို ရုတ်တရက် ငြင်းဆန်လာခဲ့ပြီး “ ကျွန်မက သွေးတိုးကျဆေးကို တာဝန်ယူထားပေးတဲ့လူပဲ … ဒီလိုကိစ္စမျိုး လုံးဝ မဖြစ်နိုင်ဘူး …”
ပြောပြီးနောက် ဝမ်ကျားမေက အချုပ်ခန်းစောင့်များကို ကြည့်ပြီး မေးလိုက်သည်။ “ ရှောင်ထန် … ငါ့ကို ပြောစမ်းပါ … ငါ ပြောတာ ဟုတ်တယ်မလား …”
ထန်ရုံကျွင်းက ခေါင်းညိတ်လိုက်သည်။ “ သူ့ဆေးကို ကျုပ်ကပဲ နေ့တိုင်းနေ့ ပို့တာ … ပြီးတော့ သူ ဆေးသောက်တာကိုလည်း ကျုပ် အမြဲ စောင့်ကြည့်တယ် … ပြောရရင် ဒီလို ကိစ္စမျိုးက မဖြစ်သင့်တဲ့ အရာပဲ …”
“ ဒါဆိုရင်တော့ ထူးဆန်းသွားပြီ …” ဒေါက်တာက စကားဆက်၏။ “ မင်းတို့ သူ့ကို ဒီခေါ်လာတော့ သူ့ သွေးဖိအားက 210 ကိုတောင် ရောက်နေပြီ .. သူသာ ဆေးသောက်တယ်ဆို ဒီလိုမျိုး မဖြစ်သင့်ဘူး ….”
“ ကျွန်မလည်း ထူးဆန်းနေတာ …”
“ မင်းတို့ဆေးက ဒိတ်လွန်နေတာများလား ….”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …” ဝမ်ကျားမေက ယုံကြည်ချက် ပြည့်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ကျွန်မတို့လို အချုပ်စင်တာတွေက ဆေးဝါးစက်ရုံတွေကနေ တိုက်ရိုက်ဝယ်တာ … တကယ်ပဲ ဆေးက ဒိတ်လွန်နေတာဆိုရင် ဆေးဝါး စက်ရုံတောင် အကျိုးဆက်တွေကို ခံနိုင်မှာ မဟုတ်ဘူး …”
“ ဒါဆိုရင်တော့ ငါတို့ တခြား အကြောင်းအရင်းတွေကို စုံစမ်း ကြည့်ရမှာပဲ… သူ့စိတ်အခြေအနေ အခုတလော ဘယ်လိုနေလဲ မေးကြည့်ပေါ့ … တခြား အကြောင်းအရင်း အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်တာပဲလေ …”
“ ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် ဒေါက်တာ …”
လူနာက ယခု တည်ငြိမ်သွားပြီ ဖြစ်သဖြင့် လင်းရီနှင့် ဝမ်ကျားမေတို့လည်း ဆေးရုံ၌ ဆက်မနေကြတော့ပေ။
ကျန်သည့် ကိစ္စများကို စခန်းရှိ လူများက ကိုင်တွယ်မည် ဖြစ်သဖြင့် သူမတို့ ဝင်စွက်ဖက်စရာ မလိုပေ။
“ အစ်မဝမ် … ကျုပ် တစ်ခုမေးချင်တာ စောနက ဆေးရုံတင်လိုက်ရတဲ့ လူနာက စွန်းရွှယ်ချန် မလား …”
“ ဟမ် … နင် ဘယ်လိုလုပ်ပြီး သိတာ …”
“ အစ်မ ကျုပ်ကို ဆေးအိတ်ပြတုန်းက အဲ့ဆေးအိတ်ပေါ်မှာ ရေးထားတဲ့နာမည်က စွန်းရွှယ်ချန်ပဲလေ …”
“ ရှောင်ဟန်က နင့်ကို ဒီလောက်ထိ ချီးမွမ်းနေတာ မဆန်းတော့ပါဘူး … နင်က တကယ်လည်း ဉာဏ်ကောင်းတာပဲ …” ဝမ်ကျားမေ ပြောလိုက်ပြီး “ ဒါပေမယ့် ငါလည်း အဲ့တာကို နားမလည်နိုင် ဖြစ်နေတာပဲ … သွေးက ဘာလို့ ရုတ်တရက်ကြီး တိုးလာခဲ့တာ … စင်တာတစ်ခုလုံးမှာ သွေးတိုးရောဂါ ဝေဒနာရှင်ဆိုလို့ နှစ်ယောက်တည်းပဲ ရှိတယ် … မာတဲ့ဟုန်က သေသွားခဲ့ပြီ … အခု စွန်းရွှယ်ချန်းကလည်း သွေးဆောင့်တိုးလို့ ဆေးရုံတင်ထားရတယ် … ကြည့်ရတာတော့ ပြန်ရောက်ရင် ဆေးဝါးစက်ရုံကို စစ်ဆေးဖို့ တင်ပြတော့မှနဲ့တူတတယ် ….”
“ နင်ရော ဒါက အတော်လေး ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်လို့ မထင်ဘူးလား …”
“ ပုံမှန် မဟုတ်တာ မဟုတ်တော့ဘူး … အလွန်အမင်း ထူးဆန်းတာ ဖြစ်သွားပြီ …”
“ စွန်းရွှယ်ချန်နဲ့ သေသွားတဲ့ မာတဲ့ဟုန်တို့ နှစ်ယောက်က ဆေးပုံမှန် သောက်နေတဲ့ကြားက ရုတ်ချည်း သွေးဆောင့်တိုးတာနဲ့ ကြုံရတယ် …” လင်းရီ မှတ်ချက် ပေးလိုက်ပြီး “ တကယ်လို့ မာတဲ့ဟုန် တစ်ယောက်တည်းသာ ဆိုရင် တိုက်ဆိုင်သွားတာကြောင့်လို့ ပြောလို့ရတယ် … ဒါပေမယ့် စွန်းရွှယ်ချန်းလည်း ဒီလိုမျိုး အလားတူ ဖြစ်လာတယ်ဆိုတော့ အတော်လေး ထူးဆန်းသွားပြီ …”
“ တကယ့်ကိုပဲ …”
ဝမ်ကျားမေ၏ အမူအရာမှာ လေးနက်တည်ကြည်သွားခဲ့ပြီး “ ဒါပေမယ့် သူတို့ နှစ်ယောက်လုံး ကြည့်ရတာ သာမန်ပါပဲ … ပြောစမှတ်ပြုရလောက်တဲ့ ကျောထောက်နောက်ခံတွေလည်း ရှိမနေဘူး … သူတို့ရဲ့ အထောက်အထားက တူနေတာမျိုးလည်း မဟုတ်တာကို နှစ်ယောက်လုံးက ဒါမျိုး အတူတူ လာကြုံတယ်ဆိုတော့ အတော်လေး ထူးဆန်းတယ် …”
“ အဲ့တာကြောင့်မို့လည်း ကျုပ်တို့ဘက်က ဆက်ပြီး စုံစမ်းနေသင့်တာ …”
များမကြာမီ လင်းရီက ဝမ်ကျားမေကို စခန်းသို့ ပြန်ခေါ်လာခဲ့ပေးသည်။ “ အစ်မဝမ် … ဒီနေ့တော့ ဒီလောက်ပဲပေါ့ … နောင်မှာ အခွင့်အရေးရှိရင် ပြန်တွေ့ကြတာပေါ့ဗျာ …”
“ အင်း … သေချာမောင်းသွားဦးနော်…”
ဝမ်ကျားမေကို ချခဲ့ပေးပြီးနောက် လင်းရီသည် ရှင်းရှန်းရဲစခန်းသို့ ပြန်ရောက်လာခဲ့ပြီး စွန်းရွှယ်ချန်း၏ အချက်အလက်များကို စတင်စုံစမ်းသည်။
စုန့်ကျန်းရဲစခန်း၏ မှတ်တမ်းအရတော့ စွန်းရွှယ်ချန်းက မြို့သို့ အလုပ်လာလုပ်သည့် တနယ်တကျေးသားပင်။
မူးယစ်ရမ်းကား ရန်ဖြစ်ပြီးနောက် ပိုက်ဆံမလျော်ပေးနိုင်သောကြောင့် အချုပ်ခန်းထဲတွင် တစ်လခန့် ထိန်းသိမ်းခံထားရသူ ဖြစ်သည်။
ပြည်သူ့ လုံခြုံရေး စနစ် မှတ်တမ်းများအရတော့ သူ့တွင် ရာဇဝတ်မှုကျူးလွန်ဖူးသည့် မှတ်တမ်းမှတ်ရာတို့ ရှိမနေချေ။
ထိုအပိုင်းတွင်တော့ မာတဲ့ဟုန်နှင့် ကွဲ၏။
တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်နစ်နာအောင် ပြုလုပ်စရာ အကြောင်းမရှိပေ။
သို့တိုင် တူညီသည့် ဖြစ်ရပ်က နှစ်ကြိမ်နှစ်ခါ တိုင်တိုင် ဖြစ်လာခဲ့ပြီ ဖြစ်သဖြင့် ထူးဆန်းသည့် အရာတို့ကတော့ ရှိလာသည်။
“ မလှုပ်မယှက်နဲ့ ဘာတွေ အဲ့လောက်ထိ စဉ်းစားနေရတာတုန်း ငါ့ကောင်ရ …”
လင်းရီ အတွေးနွံထဲ နစ်မြောနေစဉ် လီရှန်းဟွေ့က အပြင်ဘက်မှ ရောက်လာသည်။
“ အမှုတစ်ခုမှာ ပိတ်မိနေလို့ ဘယ်လို ဖောက်ထွက်ရင် ကောင်းမလဲ စဉ်းစားနေတာ …”
“ စုန့်ကျန်းရဲစခန်းက လွှဲပေးလာတဲ့ အမှုလား …”
လင်းရီ ခေါင်းညိတ်ပြီး ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို လီရှန်းဟွေ့အား ပြောပြလိုက်သည်။
“ အေး … နည်းနည်းတော့ ထူးဆန်းသားကွ … မင်း သူတို့သောက်တဲ့ ဆေးဝါးကနေ စပြီး စစ်ဆေးတာက ပိုကောင်းမယ်လို့ ထင်တယ် …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ တကယ်လို့ ဆေးက ဘာမှ မှားယွင်းမနေဘူးဆိုရင်တော့ သံသယ တော်တော်များများကို ပယ်လိုက်လို့ရပြီ …”
“ အဲ့ ဆေးတစ်သုတ်ကို စစ်ဆေးဖို့ ကျုပ်ကို အကြံပေးနေတာလား …”
“ အေး … ဘာလို့…. အဲ့ကနေ မင်း တစ်ခုခုတောင် တွေ့ရင်တွေ့သွားဦးမယ် …”
လီရှန်းဟွေ့၏ အကြံပေးစကားကို နားထောင်ပြီးနောက်တွင် လင်းရီလည်း ဆေးရုံတွင် ဒေါက်တာပြောခဲ့သည့် စကားကို နားထဲ ကြားယောင်မိသွားခဲ့သည်။
ဒေါက်တာသည်လည်းပဲ ဆေးက ပြဿနာ ရှိနေနိုင်သည်ဟု တွေးတောမိ၏။ သို့ပေမယ့် ဝမ်ကျားမေ၏ ငြင်းဆန်ခြင်းကို ခံလိုက်ရသည်။
သို့သော် ယခု … လီရှန်းဟွေ့ ပြောသည့်အတိုင်းဆိုပါက ထိုဦးတည်ရာဘက်ခြမ်းသို့ လျှောက်လှမ်းရုံကလွဲပြီး သူ့တွင် အခြားရွေးချယ်စရာ မရှိတော့သည့်ပုံပင်။
စကားပြောဆိုပြီးနောက် လင်းရီလည်း ဝမ်ကျားမေ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
“ အရာရှိလင်း … တစ်ခုခု လိုအပ်လို့လား ….”
“ ကျုပ် သူတို့ သောက်နေတဲ့ ဆေးတစ်သုတ်အကြောင်း စူးစမ်းချင်လို့ … အဲ့တာ နမူနာ နည်းနည်းလောက် ပို့ပေးနိုင်မလား …”
“ နင်လည်း ဆေးမှာ ပြဿနာ ရှိနေတယ်လို့ ထင်နေတယ်ပေါ့ …”
“ အဲ့ကနေ စကြတာပေါ့ … မဟုတ်လည်း တခြား စုံစမ်းနိုင်မယ့် လမ်းကြောင်းတွေက မရှိတော့ဘူးလေ …”
“ အင်း … အိုကေလေ …” ဝမ်ကျားမေက ရက်ရောမှုကြီးစွာဖြင့် သဘောတူလိုက်သည်။
“ ငါ ဆေးနမူနာကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးခိုင်းလိုက်မယ် … ရလဒ်ထွက်လာရင် နင့်ကို ပြောမယ်လေ …”
“ အဲ့လိုဆို ကောင်းတာပေါ့ … ကူညီပေးလို့ ကျေးဇူးပါပဲ အစ်မဝမ် ….”
“ နင့်လို ကောင်ချောလေးကို ကူညီပေးရတာ ဒုက္ခမများပါဘူး … တခြားတစ်ယောက်သာဆိုလို့ကတော့ ဇာတ်လမ်းကလည်း တစ်မျိုးပြောင်းသွားနိုင်တယ်လေ … ခစ်ခစ်ခစ် ….”
“ အဟဲဟဲ …” လင်းရီ ကိုးရို့ကားယားနိုင်စွာ ရယ်မောလိုက်သည်။
နှစ်ယောက်သား စကားခေတ္တ ပြောဆိုပြီးနောက် ဖုန်းချလိုက်၏။ ယခုတော့ ဓာတ်ခွဲခန်း ရလဒ်ကို စောင့်ဆိုင်းရုံသာ ကျန်တော့သည်။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ဟော်ယွမ်ယွမ်က ဖုန်းခေါ်လာခဲ့ခြင်းပင်။
“ ဆမ်ဆောင်းကလူတွေ ရော်ကလာတယ် … ဒါပေမယ့် သူတို့ကြည့်ရတာ မပေးချင်သလိုပဲ … ရှင် ဘယ်လိုတွေ ဆွေးနွေးခဲ့တာလဲ …”
“ မပေးဘူး … ဘာကိုမပေးတာ … ပိုက်ဆံလား … ၊ မင်း အခု ငိုက်နေတာလား …”
“ ကျွန်မလို ဝန်ထမ်းကောင်းတစ်ယောက်က အလုပ်မှာ အိပ်ငိုက်တယ်ဆိုတာ ဘယ်တုန်းကမှ ရာဇဝင်မရှိခဲ့ဖူးဘူး .. “ ဟော်ယွမ်ယွမ်က အရှက်မရှိ ဆိုလိုက်ပြီး “ ကျွန်မ ပြောနေတာက သုံးဦးသဘောတူ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စလေ … ဆမ်ဆောင်းရဲ့ ကိုယ်စားလှယ်က အစောပိုင်းတုန်းက ရောက်လာတယ် … ကျွန်မနဲ့ အစ်ကိုချီတို့ သီးသန့်ဆွေးနွေးကြည့်တာ သူတို့က ကနေဦး ရင်းနှီးမြုပ်နှံမယ့် ၁၈ ဘီလီယမ်ကို နှစ်ဝက်လောက်ဆိုင်းထားပြီးမှ ငွေလွှဲချင်နေတဲ့ပုံပဲ …”
ဤစကားကြားတော့ လင်းရီ အခြေအနေကို နားလည်သဘောပေါက်သွားခဲ့သည်။
လီရုံဂျင်း ယခင်တစ်ခေါက် ဟွာရှသို့ လာစဉ်က သဘောတူ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စအကြောင်း ဆွေးနွေးခဲ့သည်။ လင်းရီလည်း ထိုကိစ္စကို ခေါင်းထဲ ထည့်မနေဘဲ ကျီချင်းရန် လက်ထဲသို့သာ အပြည့်အဝ လွှဲထားပေး၏။ ကြည့်ရသည်မှာတော့ ထိုကိစ္စကို အကောင်အထည် ဖော်လာခဲ့ဟန်ပင်။
“ ဆမ်ဆောင်းဘက်က အဲ့လိုသဘောမျိုးနဲ့ ပြောတာ မင်းသေချာလား …”
“ ကျွန်မက ကန်းနေတာမှ မဟုတ်တာ … နားလည်ကြားလွဲစရာ အကြောင်းလည်း မရှိဘူး …” ဟော်ယွမ်ယွမ်က ပြန်ပက်လိုက်သည်။ “ ဒါပေမယ့် သူတို့ဘက်က မပေးဘူးလို့တော့ မပြောဘူး … ဒီတိုင်း နှစ်ဝက်လောက် ဆိုင်းထားချင်ရုံပဲ … ပြီးရင် လွှဲရမယ့် ရန်ပုံငွေကို တတ်နိုင်သမျှ မြန်မြန် လွှဲပေးမယ် ပြောတယ် …. အတိုးတောင် ပေးမယ် ပြောတယ် … ပရောဂျက်ရဲ့ ကနေဦး ကုန်ကျစရိတ်အတွက်ကို ကျွန်မတို့နဲ့ မစ်ဆူ အုပ်စုက စိုက်ထားပေးပါဦးတဲ့…”
ဤစကား ကြားတော့ လင်းရီ မျက်မှောင်ကြုတ်လိုက်၏။ ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပုံရ၏။
လီရုံဂျင်းက သူနှင့် ပူးပေါင်းဖို့ကို သူမဘက်က ဦးဆုံး ကမ်းလှမ်းလာခဲ့ပြီး သူက မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို လီရုံဂျင်း သိသည်။
သူတို့ ပါတနာ ဖွဲ့စည်းသည့် ရည်ရွယ်ချက်က နှစ်ဖက် အကျိုးများဖို့အတွက်တင် မကဘဲ ဖရီးမေဆင်၏ စီးပွားရေး တိုက်ခိုက်မှုများကိုလည်း ကာကွယ်နိုင်ဖို့ ဖြစ်သည်။
ယုတ္တိကျကျ ပြောကြေးဆိုပါက သူတို့ဘက်က တက်ကြွနေသင့်ပြီး ယခုလိုမျိုး ပြဿနာ ရှာမလာသင့်ပေ။
ဒီတော့ … ဘာတွေ ဖြစ်နေတာလဲ …