အရှိန်မြှင့်!
Vol. 80 Ch. 1194
နောက်တစ်နေ့နေ့လယ်_
ရုံချန်းဆေးဆိုင်မှ ချင်လင်ဆီဖုန်းဆက်ပြီး သူလိုသောဆေးပင်များရောက်ကြောင်းပြောသည်။ မဖောက်ထုံး၊ စန်းချီ၊ ကြိုးကြာမြက်၊ ကျောက်လက်ဝါး၊ ကျောက်သွေး စသည် အားလုံးက အနာကျက်ပြီးအမာရွတ်ဖယ်ရှားရာတွင်ထိရောက်သည်။
ချင်လင်က ရုံချန်းဆေးဆိုင်ကိုတန်းသွားသည်။
ထိုဆေးများမှာ သုံးနေကျမဟုတ်၍ ရက်ပိုင်းကြာမှရောက်မည်ဟု မနေ့ကဆိုင်ရှင်ပြောခဲ့သည်။
နောက်ဆုံး စျေးတင်ပေးလိုက်ရာ ဒီနေ့ရောက်လာသည်။
သူတင်သောစျေးက ဆေးတန်ဖိုးမကပေ။
ယွီဖေးဆေးဖော်သောဆေးပင်များက စျေးမကြီး။
ဒီနေ့ခေတ်မှာ ပိုက်ဆံရှိတိုင်းအာဏာမရှိသော်လည်း တစ်ခါတလေအသုံးဝင်နေသေးသည်။
ဆေးပင်များရပြီးနောက် ချင်လင်ကခဏတွေးကြည့်ကာ ဆိုင်ရှင်ကိုဆေးပင်မျိုးစေ့များမှာခိုင်းသည်။
အပြင်ကဝယ်ယူသောဆေးပင်များမှာ သက်တမ်းအမျိုးမျိုးရှိပြီး သက်တမ်းရင့်ရှားသည်။
သူအရင်က စမ်းသပ်ခဲ့ဖူးသည်။ ဆေးနည်းချင်းအတူတူ ဂိမ်းထဲမှအရည်အသွေးမြင့်ပါဝင်ပစ္စည်းများနှင့်ဖော်လျှင် အာနိသင်ပိုထက်ပြီးအရည်အသွေးပိုကောင်းသည်။
အခုယွီဖေးဆေးက အရည်အသွေး ၂ ရှိ၍ နောက်ဆုံးထုတ်ကုန်ကလည်း အရည်အသွေး ၂ ရှိမည်။
ဒါပေမဲ့ ဆေးပင်တွေအကုန်လုံး ဂိမ်းထုတ်ကုန်အရည်အသွေး ၂ ဖြစ်မယ်ဆိုရင်ရော?
အရည်အသွေး ၃ ယွီဖေးဆေးဖြစ်နိုင်လောက်သည်။
ဘာပဲဖြစ်ဖြစ် လုပ်ကြည့်တာမမှား။
အပြင်ကပစ္စည်းတွေဘယ်လောက်ကောင်း သူ့မှာပိုကောင်းတာရှိလာမည်။
ဒီဆေးပင်တွေကို အဆင့် ၂ ဆေးဥယျာဉ်မှာလည်းစိုက်နိုင်သည်။
ဆိုင်ရှင်ကဇဝေဇဝါဖြစ်နေသော်လည်း နာမည်ကြီးရှောင်ချင်ကိုမျက်နှာသာပေးရဦးမည်ဖြစ်၍ မျိုးစေ့မှာပေးမည်ဟုသဘောတူလိုက်သည်။
"ရောက်ရင် အကြောင်းကြားလိုက်ပါမယ်''
ချင်လင်က စရံပေးပြီး ဆေးပင်များယူကာ ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။
သို့ရာတွင် ရုံချန်းမှထွက်သည်နှင့် တဝီဝီမြည်နေသောယာဉ်တန်းကိုတွေ့ရသောကြောင့် သူအံ့ဩသွားသည်။ ချင်းလင်စံအိမ်ဘက်သွားတာဖြစ်မည်။
ခဏအကြာ ယာဉ်တန်းဦးတည်ရာက ရေလှောင်တမံရှိသောမြစ်ဘက်ပြောင်းသွားသည်ကို ချင်လင်တွေ့ရသည်။
သူကစပ်စပ်စုစုလိုက်ကြည့်ရာ ယာဉ်တန်းက မြစ်ဘေးလမ်းတစ်နေရာတွင်ရပ်သွားသည်။ ကားပေါ်မှပစ္စည်းများချနေ၏။
အားလုံး စတီးပစ္စည်းများဖြစ်သည်။
မြစ်နှင့်ခပ်လှမ်းလှမ်းတွင်လက်ရန်းများတပ်ဆင်ထားပြီး လက်ရန်းနားတွင်ဆိုင်းဘုတ်များရှိကြောင်း ချင်လင်တွေ့ရသည်။
"မြစ်ထဲအမှိုက်မပစ်ရ!''
"ငါးမမျှားရ!''
"စည်းကမ်းဖောက်ဖျက်လျှင် အရေးယူခံရမည်!''
စသည်...
ဆိုင်းဘုတ်တစ်ခုစီအောက်တွင် စာကြောင်းတစ်ကြောင်းပါသည်:
'ရုံချန်းအစိုးရကြေညာချက်'
မြစ်ကိုကာကွယ်ထားသောတရားဝင်သတိပေးချက်ဖြစ်သည်။ အတိအကျဆိုရလျှင် မြစ်ထဲမှပိုင်ရွှင်နှင့်ပိုင်ကျီကိုကာကွယ်ခြင်းဖြစ်သည်။
ချင်လင် အံ့ဩသွားသည်။
အခြေအနေက ညတွင်းချင်းအရှိန်မြင့်လာတာလား?
ခဏလျှောက်ကြည့်ပြီးနောက် သူလည်းပြန်လှည့်လာသည်။
ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်းရောက်သောအခါ စီနီယာယွမ်ရှန်က သတင်းအသည်းအသန်ကြည့်နေသည်ကိုတွေ့ရသည်။
"သူဌေးချင်.. သတင်းလာကြည့်ပါဦး''
သူက လှမ်းခေါ်သည်_
"ရုံချန်းမှာအကြီးအကျယ်ဖြစ်နေပြီ''
"တော်ဝင်ပညာရှင်ယွမ်.. ဘာဖြစ်လို့လဲ?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
"သတင်းကြည့်လိုက်''
ယွမ်ရှန်က ရီမုကိုင်ပြီးပြန်ဖွင့်ပြသည်။
သတင်းကြောင့် ချင်လင်လည်းအံ့ဩသွားသည်။
"စိတ်လှုပ်ရှားစရာသတင်းတစ်ပုဒ်ကြေညာစရာရှိပါတယ်... မနေ့ကပဲ ရှားပါးတိရစ္ဆာန်ကာကွယ်ရေးဌာနက ရုံချန်းမှာပိုင်ရွှင်နဲ့ပိုင်ကျီအပြင် တခြားမျိုးတုံးငါးတွေပါတွေ့ကြောင်းကြေညာထားပါတယ်''
"အဲဒီအထဲမှာ ခြေနှစ်ချောင်းငါး မေးရိုးရှည်ဆော်လမွန် သူယောင်ငါးနဲ့ တခြားငါးအမျိုးအစား ၁၀ မျိုးကျော်ပါပါတယ်... အများစုက ပထမအဆင့်ကာကွယ်ထားတဲ့ငါးတွေပါ''
"ခေတ်သစ်မှာအံ့ဩစရာအကောင်းဆုံးတွေ့ရှိမှုပါပဲ... တစ်ကမ္ဘာလုံး အံ့ဩကြလိမ့်မယ်... ဒါကျွန်တော်တို့အတွက်လည်း တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်''
ညတွင်းချင်း သက်ဆိုင်ရာဌာနများအစည်းအဝေးလုပ်ပြီး ရုံချန်းမင်မြစ်လက်တက်ကာကွယ်ရေးနည်းများကိုလုပ်ဆောင်သည်။ ထိုမြစ်ဝှမ်းနေရာရှိရေအရည်အသွေးကိုလည်း သေချာစမ်းသပ်ထားသည်။
သတင်းအကြောင်းအရာကြည့်ပြီး ချင်လင်အကြောင်းရင်းသိလိုက်သည်။
ဒါကြောင့် ရုံချန်းမှာအရှိန်မြှင့်နေတာကိုး။
ငါးတွေတွေ့သွားပြီ။
အရှိန်က နည်းနည်းမြန်နေသည်။
နောက်သတင်းတစ်ပုဒ်ကြောင့် သူအကြောင်းရင်းသိလိုက်သည်။
လက်ထောက်ချန်က ပညာရှင်များကိုအဖော်ပြုပြီး ပစ္စည်းကိရိယာအမျိုးမျိုးနှင့်ရေထဲငါးလိုက်ရှာသောဗီဒီယိုပင်။
ပညာရှင်များက အဆင့်မြင့်နည်းပညာသုံးထားကြောင်းသိသာသည်။
"ရုံချန်းက ဒီလောက်ကံကောင်းတဲ့မြေဖြစ်မယ်မထင်မိဘူး''
ယွမ်ရှန်ကသက်ပြင်းချပြီး_
"ကောင်းချီးပေးခံရတဲ့မြေမဟုတ်ရင် မျိုးတုံးသွားတဲ့နိုင်ငံ့ရတနာတွေဒီလောက်အများကြီးဘယ်လိုလုပ်ရှိမလဲ?''
ချင်လင်ကပြုံးလိုက်သော်လည်း ဘာမှမပြော။ ငါးတွေဘာဖြစ်နေလဲ သူသိသည်။
သူကဖုန်းပြန်ထုတ်လိုက်သည်။
TV မှာလွှင့်တဲ့သတင်းသာမက အင်တာနက်တစ်ခုလုံးလိုလိုပြန့်နေပြီ။
ရုံချန်းက နာမည်ကြီးပြန်ပြီ။
နောက်ပြီး ဒီတစ်ခါရေပန်းစားသည့်အရှိန်ကပိုမြင့်သည်။
မျိုးတုံးငါး ၁၀ မျိုးကျော်ပေါ်လာပြီး အများစုက ပထမအဆင့်ကာကွယ်ထားသောငါးများဖြစ်နေသည်။ မအံ့ဩဘဲမနေနိုင်။
တဖက်တွင် တရားဝင်ဗီဒီယိုအောက်မှာ Like များ၊ စိတ်ဝင်စားစရာမှတ်ချက်များတက်လာသည်။
"ဟား ဟား.. ငါက နင်းမြို့တော်မှာနေတာ... မင်မြစ်နဲ့နီးတယ်... ရေအရည်အသွေးစမ်းသပ်ချက်အကြောင်းသတင်းလည်းတွေ့တယ်... အခုကုမ္ပဏီအားလုံးကထွက်တဲ့ရေဆိုးတွေကို စီရင်စုမှာအလန့်တကြားစစ်ဆေးနေကြပြီ''
"ဒီမှာလည်း အတူတူပဲ... ဂေဟစနစ်ကိုစစ်ဆေးတယ်... စစ်ဆေးရေးကားတွေ တစ်စီးချင်းဖြတ်သွားတာ... ရုံချန်းမြစ်လက်တက်ကိုစီးဆင်းတဲ့မင်မြစ်ဘေးနားတင်''
"ပြောဦးမယ်.. ငါ ၂ နှစ်လောက်ပြောနေတဲ့စက်ရုံက ရုတ်တရက်ပိတ်သွားတယ် ဟား ဟား... အဲဒါမင်မြစ်နားမှာလေ... ရုံချန်းအထက်ပိုင်းမှာ... ငါပြောခဲ့တာတွေ အလုပ်ဖြစ်သားပဲ''
"ဒီကိစ္စပြင်းထန်လာမှာစိုးတယ်... ဒီတစ်ခါရုံချန်းဖြစ်ရပ်ကြောင့် သက်ဆိုင်ရာဌာနတွေအရမ်းတင်းကြပ်လာမှာ... အထိနာတဲ့သူတွေများမယ်ထင်တယ်''