အရှိန်မြှင့်! ၃
Vol. 80 Ch. 1196
သူက မထင်ဘဲရောက်ရောက်လာတတ်သည်။
သူလာမည်မှန်းသိသော်လည်း ဒီလောက်တိုက်ဆိုင်မည်မထင်မိ။
"သူဌေးချင်.. ယွီဖေးဆေးက ဘယ်လိုလဲ?''
ဝန်ကြီးလုက ထိုင်ထိုင်ချင်းမေးသည်။
ချင်လင်က ယွီဖေးဆေးနည်းအမျိုးမျိုးလျာထားကြောင်း၊ ဘယ်တစ်ခုကအောင်မြင်မလဲမသိကြောင်း ဝန်ကြီးလုကိုပုံပြောထားသည်။
ထို့ကြောင့် သူက_
"ဝန်ကြီးလု.. အချိန်ကိုက်ရောက်လာတာဆိုရင်ရော? အခုပဲ ကျွန်တော်ဆေးနည်းတစ်မျိုးကိုအတည်ပြုထားတယ်... ဒါပေမဲ့ ယွီဖေးဆေးဟုတ်မဟုတ်မသေချာဘူး''
သူကပြောရင်းဆိုရင်း စောစောကသူဖော်ထားသောယွီဖေးဆေးကိုထုတ်ပြသည်။
"စမ်းကြည့်ပြီးပြီလား?''
ဝန်ကြီးလုမျက်လုံးအရောင်တောက်သွားပြီး အလောတကြီးမေးသည်။
"မစမ်းကြည့်ရသေးဘူး''
ချင်လင်ကခေါင်းခါပြီးပြောသည်။
ဝန်ကြီးလုရုတ်တရက်ရောက်မလာရင် သူချက်ချင်းလူရှာပြီးစမ်းသပ်တော့မည်။
ဘာပဲဖြစ်ဖြစ် မှတ်ချက်ကိုသူသိသောကြောင့် ယွီဖေးဆေးမှာပြဿနာမရှိမှန်းသိသည်။ စမ်းသပ်စရာမလို။
ဒါပေမဲ့ ထုတ်ပြောလို့မဖြစ်။ အပြင်လုပ်ထုံးလုပ်နည်းအရဆိုရင် သူများကိုစမ်းသပ်ပြီးမှ ပြဿနာမရှိကြောင်းအတည်ပြုရသည်။
"ဒါဆို တော်ဝင်ပညာရှင်ယွမ်ကိုစမ်းသပ်ခိုင်းမယ်''
ထို့နောက် ဝန်ကြီးလုက ယွမ်ရှန်ကိုဖုန်းဆက်လိုက်သည်။
ယွမ်ရှန်မှာ ဆေးသိပ္ပံတော်ဝင်ပညာရှင်ဖြစ်သည်။ ကင်ဆာလဖက်ရည်လက်တွေ့စမ်းသပ်ချက်အတွက် ကိရိယာအများကြီးယူလာ၍ အလွယ်တကူစမ်းသပ်နိုင်သည်။
ခဏအကြာ ယွမ်ရှန်ရုံးခန်းထဲဝင်လာသည်။
ဝန်ကြီးလုက ချင်လင်ပေးသောဆေးကို ယွမ်ရှန်ဆီတန်းပေးကာ_
"တော်ဝင်ပညာရှင်ယွမ်.. ဒီဆေးကိုစမ်းသပ်ပေးလို့ရမလား?''
"ဒါယွီဖေးဆေးလား?''
ယွီဖေးဆေးအကြောင်း ယွမ်ရှန်သိသည်။ ဝန်ကြီးလုနှင့်ချူချင်းဖုန်းဘာကြောင့်လာမှန်း စံအိမ်ထဲကလူများသိသည်။
အခု တရုတ်တိုင်းရင်းဆေးနည်းကိုသူလျှော့မတွက်ရဲတော့။ ဘာပဲဖြစ်ဖြစ် သူလည်းအတွင်းလူဖြစ်၍ သွေးခဲပလိပ်ဆေးနည်းက တရုတ်တိုင်းရင်းဆေးမှန်းသိသည်။
နောက်ပြီး ဒီဆေးရည်က ပလိပ်ရောဂါမျိုးစုံလည်းကုနိုင်သည်။
လောလောဆယ် အနောက်တိုင်းဆေးက ဒီလိုဆေးမျိုးမထုတ်နိုင်သော်လည်း တရုတ်တိုင်းရင်းဆေးမှာ အံ့ဖွယ်ဆေးနည်းရှိနေသည်။
သူအရွယ်ရလာတာ နှမြောစရာ။ သူ့အဖို့ တရုတ်တိုင်းရင်းဆေးကိုစနစ်တကျလေ့လာနိုင်စွမ်းမရှိတော့။ တဖက်တွင် သူ့မြေးကိုအနောက်တိုင်းဆေးလေ့လာသည့်အပြင် တရုတ်တိုင်းရင်းဆေးကိုပါစနစ်တကျလေ့လာစေချင်သည်။
ယွီဖေးဆေးကို ဝန်ကြီးလု၊ တရုတ်တိုင်းရင်းဆေးစီနီယာချူချင်းဖုန်းနှင့် သူဌေးချင်တို့က အသည်းအသန်လုပ်နေသောကြောင့် သာမန်မဖြစ်နိုင်။
"သူဌေးချင်လျာထားတဲ့ဆေးနည်းတွေထဲက သူဒါကိုရွေးထားတာ''
ဝန်ကြီးလုကပြောသည်_
"ဒီယွီဖေးဆေးကိုစမ်းသပ်ရဦးမယ်''
"ကောင်းပါပြီ... ကျုပ်တာဝန်ထား''
ယွမ်ရှန်ကခေါင်းညိမ့်ပြီး ယွီဖေးဆေးနှင့် ရုံချန်းစီရင်စုဆေးရုံကိုတန်းသွားသည်။
ဆေးရုံသီးသန့်နေရာတွင် သူ့ကိရိယာများရှိသည်။
ယွီဖေးဆေးမှာသာ ဒဏ္ဍာရီထဲကလိုအာနိသင်မျိုးရှိရင် အလွန်အရေးပါလိမ့်မည်။
ရုံချန်းစီရင်စုဆေးရုံရောက်သောအခါ ယွမ်ရှန်ကအမြန်ဆုံးစစ်ဆေးသည်။ ဒီလိုအမာရွတ်ပျောက်၊အနာကျက်ဆေးမျိုးကို သွေးသားပြန်တက်နှုန်းအပေါ်ဘယ်လောက်ထိရောက်လဲ စမ်းသပ်ကြည့်ရမည်။
စမ်းသပ်ချက်က ရှင်းသည်။ စျေးကွက်ထဲမှအလားတူထုတ်ကုန်များနှင့် နှိုင်းယှဉ်ကြည့်ရုံပင်။
နောက်ပြီး ဆေးရုံမှာဒီလိုထုတ်ကုန်မျိုးသိပ်မရှိ။ သူကဖုန်းဆက်လိုက်ရာ ရုံချန်းစီရင်စုဆေးရုံဒါရိုက်တာကိုယ်တိုင်လာပို့သည်။
ယွီဖေးဆေးကို အလားတူထုတ်ကုန်မျိုးနှင့်ယှဉ်ပြီးစမ်းသပ်ရင်း ယွမ်ရှန်မျက်နှာထားပြောင်းလာသည်။
“ဒါ …”
ယွမ်ရှန် မယုံနိုင်။
စျေးကွက်ထုတ်ကုန်အာနိသင်က ယွီဖေးဆေးကိုနည်းနည်းမှမမီကြောင်း သူသိလိုက်သည်။
ဒီအဓိပ္ပါယ်ကိုသူနားလည်သည်။
တနည်းပြောရရင် ဒီယွီဖေးဆေးရဲ့အမာရွတ်ပျောက်၊အနာကျက်အာနိသင်က စျေးကွက်ထုတ်ကုန်များကိုလုံးဝအနိုင်ပိုင်းသွားပြီ။
ဒါတင်မက။ ယွီဖေးဆေးပါဝင်ပစ္စည်းတချို့က သူထင်ထားတာထက်သာနေသည်။ ဒါလက်ရှိဆေးဝါးများတွင်ရှိနိုင်တာမျိုးမဟုတ်။
ဒီလိုအနောက်တိုင်းဆေးရှိသော်လည်း ပါဝင်ပစ္စည်းရှာရခက်သည်။
ကမ္ဘာ့ထိပ်တန်းဓာတ်ခွဲခန်းတချို့မှာထုတ်နိုင်ရင်တောင် စျေးကဒေါ်လာသန်းချီနိုင်သည်။
အခု သူဘာမြင်နေရတာလဲ?
ယွီဖေးဆေးတွင် ပျက်စီးနေသောဆဲလ်များကိုပြန်ကောင်းစေသောပါဝင်ပစ္စည်းများပါနေသည်။
ဒီဖွဲ့စည်းမှုက အဆင့်အမြင့်ဆုံးအမေရိကန်သိပ္ပံသုတေသနဓာတ်ခွဲခန်းများမှစွမ်းပါသည်ဆိုသောဆေးများထက်တောင်သာနေသည်။
အမေရိကန်သုတေသနဓာတ်ခွဲခန်းက ဘာပါဝင်ပစ္စည်းတွေသုံးလဲ၊ ဘယ်လောက်ကုန်ကျလဲ သူသိသည်။ ဆေးတစ်ဖုံကို ၃.၅ သန်းတန်သည်။
ဒီလိုပစ္စည်းမျိုးကို တခြားရွေးချယ်စရာမရှိမှ ထိပ်တန်းသူဌေးများသာသုံးနိုင်သည်။
သူဌေးချင်ဖော်တဲ့ယွီဖေးဆေးအချက်အလက်အရ US မှ ၃.၅ သန်းတန်ဆေးဝါးထက် ပါဝင်ပစ္စည်းပိုများနေသည်။
“မယုံနိုင်စရာပဲ”
ယွမ်ရှန်က သူ့ဘာသာရေရွတ်လိုက်သည်။
မယုံနိုင်စရာတရုတ်တိုင်းရင်းဆေးကို မျက်မြင်တွေ့လိုက်ရပြန်ပြီ။
နိုင်ငံခြားဓာတ်ခွဲခန်းတွေသာ ဒီအကြောင်းသိရင်တရုတ်တိုင်းရင်းဆေးကိုတိုးတိုးတိတ်တိတ်လေ့လာကြလိမ့်မည်။