← Chapters

အပေးအယူတည့်သွားခြင်း

Vol. 13 Ch. 172

အပေးအယူတည့်သွားခြင်း

Vol. 13 Ch. 172

“လုံးဝကို ပြီးပြည့်စုံတယ်” ပရော်ဖက်ဆာယန်သည် အံ့အားသင့်စွာဖြင့် ပြောလေသည်။

ကြမ်းပြင်ပေါ်တွင် ချထားသည့် စက်ရုပ်အား တင်းကျပ်စွာ ပွေ့ဖက်ထားသည်။

အလှကလေးအား ပွေ့ပိုက်ထားသကဲ့သို့ သူ၏မျက်နှာမှာ ပျော်ရွှင်ယစ်မူးနေလေသည်။

အန်လင်းနှင့် စုချန်းရန်တို့မှာ ကြက်သေသေနေမိကြသည်။ ရင့်ကျက်တည်ငြိမ်သည့် ပရော်ဖက်ဆာယန် ဘယ်ရောက်သွားသနည်း။ မည်သည်ကြောင့် စိတ်ဖောက်ပြန်သွားသူ တစ်ယောက်နှင့် တူနေရသနည်း။

စက်ရုပ်အား အချိန်ကြာမြင့်စွာ ပွတ်သပ်ပွေ့ဖက်ပြီးသည့်နောက်တွင် ပရော်ဖက်ဆာယန် အသိပြန်ဝင်လာလေသည်။ ထို့နောက်တွင် စိတ်အားထက်သန်စွာဖြင့် မေးလာသည်။ “အန်လင်း ဒီအံ့ဩဖို့ကောင်းတဲ့ ကောင်လေးကို မင်းဘယ်ကနေ ရလာတာလဲ”

အန်လင်းသည် ခေါင်းကုတ်လိုက်ပြီးနောက် အားတုံ့အားနာဖြင့် ပြောသည်။ “မပြောလို့ ရလားဗျ”

ပရော်ဖက်ဆာယန်သည် ခေါင်းညိတ်လိုက်ပြီးနောက်တွင်  ထိုအကြောင်းအား ထပ်မေးခြင်း မပြုတော့ချေ။

ထိုကဲ့သို့ ပြီးပြည့်စုံသည့် စက်အား ဖန်တီးခဲ့သူ၏ သိပ္ပံနည်းပညာနှင့် ပတ်သက်သည့် အသိအမြင်သည် မမျှော်မှန်းနိုင်သော အမြင့်သို့ သေချာပေါက် ရောက်ရှိနေသူ ဖြစ်ရမည်။ သူ၏စိတ်ထဲတွင် ဖန်တီးသူနှင့် ပတ်သက်သည့် ခန့်မှန်းချက်လည်း ရှိနေပြီး ဖြစ်သည်။

“မင်းရဲ့ စက်ရုပ်မှာ စွမ်းအင်လုံး မရှိဘူးထင်တယ်” ပရော်ဖက်ဆာယန်သည် ဂန်းဒမ်၏ ရင်ဘတ်ရှိ အဝိုင်းသဏ္ဌာန် အခေါင်းပေါက်အား ကြည့်ကာဖြင့် ပြောသည်။

အန်လင်းသည် ခေါင်းညိတ်ကာဖြင့် “ဟုတ်တယ်ဗျ။ သူ့ရဲ့ စွမ်းအင်အမြုတေက သားရဲတစ်ရာရဲ့ သားရဲအမြုတေတွေနဲ့ ပြုလုပ်ထားတာ။ နည်းပညာနဲ့ သွေးမျိုးဆက်စွမ်းအင်နှစ်ခုကို ပေါင်းစပ်ပြီး အသုံးပြုထားတာဗျ။ ဒါပေမဲ့လည်း အဲဒီ စွမ်းအင်အမြုတေကို ဘယ်လိုပြုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်က နည်းနည်းလေးတောင် သိမနေဘူး”

အပျက်အစီးပုံမှ အချက်အလက်များစွာ ရရှိခဲ့သော်လည်း စက်ရုပ်များအတွက် စွမ်းအင်အမြုတေ ပြုလုပ်နိုင်မည့် အချက်အလက်များ ပါမလာခဲ့ချေ။ ထို့ကြောင့် ဤစက်ရုပ်ရုပ်များ ရှိနေသော်လည်း အသုံးမပြုနိုင်ချေ။

ထို့ကြောင့်သာ ယင်းစက်ရုပ်အား ပရောက်ဖက်ဆာ ယန်အား ထုတ်ပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့သော နည်းပညာနှင့် ဆင်တူသည့်အရာအား တီထွင်နိုင်ခဲ့သည့် ဤသိပ္ပံပညာရှင်ကြီးသည် အန်လင်း၏ ပြဿနာအား ဖြေရှင်းပေးနိုင်မည်လား ဟူသည်ကိုလည်း သိချင်မိသည်။

ပရောက်ဖက်ဆာ ယန်သည် မျက်မှန်ပင့်တင်လိုက်ပြီးနောက် “စွမ်းအင်လုံးရဲ့ လုပ်ဆောင်ချက်တွေက စွမ်းအင်ကို စုပ်ယူပြီး ပြောင်းလဲပေးတာပဲ” သူ၏မျက်လုံးတွင် စိတ်အားထက်သန်မှုများ အပြည့်ဖြင့် ပြောသည်။ “သူ့ရဲ့ စွမ်းအင်လုံးကိုပြုလုပ်မယ်ဆိုရင် ပိုင်ရှင်နဲ့ ချိတ်ဆက်ပြီး ဆက်သွယ်နိုင်ဖို့အတွက် စိတ်ဝိညာဉ်ကွန်ရက် တစ်ခုကိုပါ တည်ဆောက်ဖို့ လိုအပ်တယ်။ မင်းကတော့ ငါ့လိုမျိုး လူမှန်ကို ရှာတွေ့ခဲ့တာပဲကွ။ ကိုးပြည်ထောင်ရဲ့ ကျယ်ပြောလှတဲ့ ကုန်းမြေကြီးမှာ ငါသာလျှင် မင်းအတွက် စံချိန်မီ စွမ်းအင်လုံးကို တည်ဆောက်ဖို့ ကူညီပေးနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်မှာကို စိုးရွံ့မိပါတယ်ကွာ”

“တကယ်လားဗျ။ အဲဒါဆို ကျွန်တော်က အဖိုးအခကို ဘယ်လိုပေးချေရမလဲ” ပရော်ဖက်ဆာယန်၏ စကားများကို ကြားသည့်အခါတွင် အန်လင်းမှာ အလွန်အမင်း ပျော်ရွှင်လာလေသည်။

စက်ရုပ်၏ စွမ်းအင်လုံးမှာ ထူးခြားသည့်အရာဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းအား ပြုလုပ်ရာတွင် ကုန်ကျမည့် စရိတ်အတွက် ယခင်ကတည်းက စိတ်ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ပရော်ဖက်ဆာယန်သည် လက်သုံးချောင်း ထောင်ပြလာသည်။

အန်လင်းသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် “စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းလား”

ပရောက်ဖက်ဆာယန် ခေါင်းခါလိုက်သည်။ “ငါက ပိုက်ဆံမလိုချင်ပါဘူး” ပြုံးလျက်နှင့် ပြောသည်။ “ငါလိုအပ်တာက မင်းရဲ့ စက်ရုပ်ကို ဒီမှာထားခဲ့ပေးဖို့ပဲ။ သုံးရက်လောက် ထားခဲ့ပေးမယ်ဆိုရင် ငါ့အတွက် စေ့စေ့စပ်စပ် လေ့လာနိုင်လိမ့်မယ်။ အဲဒါပြီးရင်တော့ မင်းရဲ့ စက်ရုပ်ကို စွမ်းအင်လုံးနဲ့တကွ ပြန်ပေးမယ်ကွာ”

အန်လင်းသည် မျက်တောင်ခတ်လိုက်ပြီးနောက် “ပရော်ဖက်ဆာက စက်ရုပ်ကို ပြုလုပ်ထားတဲ့ နည်းပညာကို လိုချင်လို့လား”

“တော်တယ် ကောင်လေး” ပရော်ဖက်ဆာယန်သည် နွေးထွေးစွာဖြင့် ပြုံးလိုက်သည်။ “အမှန်ပဲ။ ငါက စက်ရုပ်တွေကို တီထွင်နိုင်တဲ့ အတိုင်းအတာအထိ ရောက်ရှိနေပြီးသား ဆိုပေမဲ့ အခုလိုမျိုး ပြီးပြည့်စုံလှတဲ့ နမူနာပုံစံကို မြင်တွေ့ဖူးတာကတော့ ပထမဆုံး အကြိမ်ပဲကွ။ သုံးရက်လောက် စေ့စေ့ငှငှ လေ့လာကြည့်လိုက်မယ်ဆိုရင် အသစ်အသစ်တွေကို လေ့လာနိုင်မှာ အသေအချာပဲ”

“ကိစ္စတော့ မရှိပါဘူး။ ဒါပေမဲ့ စွမ်းအင်လုံး ၂ ခုတော့ လုပ်ပေးရမယ်” အန်လင်းသည် ခေါင်းညိတ်ကာဖြင့် သူ၏တောင်းဆိုချက်အား ပြောလိုက်သည်။

မည်သို့ပင် ဆိုစေကာမူ ပရော်ဖက်ဆာယန်၏ တောင်းဆိုချက်သည် သူ့အတွက် နစ်နာမှုမရှိချေ။ ထို့သည်မှတစ်ဆင့် သူ့အတွက် ကံကောင်းခြင်းများပင် ယူဆောင်လာနိုင်သေးသည်။ ထို့ကြောင့် အတော်လေး ကောင်းမွန်ကာ ချိုမြိန်လှသည့် အပေးအယူတစ်ရပ်ပင် ဖြစ်လေသည်။

ပရော်ဖက်ဆာယန် အနည်းငယ်မျှ အံ့အားသင့်သွားမိသည်။ “ဘာလို့လဲ။ အပိုဆောင်ထားချင်လို့လား”

အန်လင်း ခေါင်းခါကာဖြင့် “မဟုတ်ပါဘူး။ ကျွန်တော့်မှာ အဲလိုမျိုး စက်ရုပ်က နှစ်ရုပ် ရှိတာလေ။ ပရော်ဖက်ဆာပြောမှပဲ တွေးမိတော့တယ်။ လေးခုလောက် ရနိုင်မလားဗျ။ လိုလိုပိုပို ဆောင်ထားရအောင်ပေါ့”

အန်လင်း၏ ပြောစကားအား ကြားလိုက်သည့် အခါတွင် ပရော်ဖက်ဆာယန်မှာ သွေးအန်မတတ်ပင် ဖြစ်ရသည်။ “စွမ်းအင်လုံးတွေကို တွင်းထဲက နှိုက်နေတယ်လို့များ ထင်နေတာလားကွ။ သူ့ရဲ့ ကုန်ကျစရိတ်ကိုသာ သိသွားရင် မင်းအနေနဲ့ အကြီးကြီး တုန်လှုပ်သွားနိုင်တယ်။ ငါ့အနေနဲ့ နှစ်ခုအပြင် ထပ်လုပ်မပေးနိုင်ဘူး”

ထိုသို့ဖြင့် အန်လင်းနှင့် ပရော်ဖက်ဆာယန်တို့ အပေးအယူတည့်သွားကြသည်။

ပြန်လည်မထွက်ခွာမီတွင် အန်လင်းသည် သုတေသနစင်တာတွင် သူ၏ သွေးအဆီအနှစ် တစ်စက်အား ချန်ထားရစ်ခဲ့ရသည်။ စွမ်းအင်လုံးအတွင်း၌ စိတ်ဝိညာဉ်ကွန်ရက် ပြုလုပ်ရန်အတွက် ဖြစ်သည်။ ထို့နောက်တွင် စုချန်းရန်နှင့်အတူ ရှုခင်းကြည့်ရန်အတွက် ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။

“မျှော်လင့်ထားသလိုမျိုး ကြီးမြတ်တဲ့ သိပ္ပံပညာရှင်ကြီး ပီသပါပေတယ်။ သူက အရမ်းတော်တာပဲ။ စွမ်းအင်လုံးတွေကိုပါ ပြုလုပ်နိုင်တယ်” အန်လင်းသည် စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေသည့်အတွက် ပရော်ဖက်ဆာအား လမ်းတစ်လျှောက်လုံး ချီးကျူးလျက်ရှိလေသည်။

“မျိုးနွယ်အန်လင်းကလည်း အရမ်းကို အထင်ကြီးစရာကောင်းတဲ့သူပါ” စုချန်းရန်သည် ပြုံးလျက်နှင့် ပြောလေသည်။ “လုံးဝ ပြီးပြည့်စုံတဲ့ စက်ရုပ်ကို ထုတ်ပြနိုင်ခဲ့တယ်လေ။ ပရော်ဖက်ဆာယန် အဲလောက်အထိ စိတ်လှုပ်ရှားနေတာကို မြင်ရတာ ဒါပထမဆုံး အကြိမ်ပဲ”

အန်လင်းအနေဖြင့် သူပဲ စိတ်ထင်နေတာလား ဆိုသည်ကို မသိချေ။ သို့သော်လည်း စုချန်းရန်သည် ယခင်ကထက်စာလျှင် စကားပြောကောင်းလာသည်ဟု ခံစားနေရသည်။ သူမပြောလိုသည်ကို ပိုမိုကာ စဉ်းစားတတ်လာသည်။ ယခုတွင် အန်လင်းအား ချီးကျူးရာတွင် ပိုမိုချောမွေ့လာပြီ ဖြစ်သည်။

သူတို့ နှစ်ဦးသားသည် စကားပြောလျက်နှင့် လမ်းလျှောက်လာကြသည်။ နန်းတော်၏ ကန့်သတ်နယ်မြေ အချို့မှအပ စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာများအား သွားရောက် လည်ပတ်ခဲ့ကြသည်။

ညစာစားချိန်သို့ ရောက်သည့်အခါတွင် သစ်တောစိမ်းအင်ပါယာ နန်းတော်သည် အန်လင်းနှင့် တပိုင်တို့အား အရသာရှိလှသည့် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးလေသည်။

စားသောက်ဖွယ်ရာများသည် အနံ့အရသာနှင့် ပြည့်စုံပြီး အမြင်တင့်လှသည်သာမက စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသည့် အရာများလည်း ပါဝင်ပေသည်။ ထူးကဲလှသည့် အရသာနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ခန္ဓာကိုယ်ကို သန်မာအားကောင်း လာစေသည်သာမက ကျင့်ကြံခြင်း အခြေခံကိုပါ တိုးတက်လာစေနိုင်သည်။

အန်လင်းသည် ယင်းညစာအား အပြည့်အဝ ချီးကျူးလိုက်သည်။ သူ၏ဝမ်းဗိုက်သည် စားသောက်ထားသမျှနှင့် ပြည့်လျှံနေလေသည်။

ထိုနေ့တစ်နေ့လုံး တပိုင်သည် အကောင်သေးပုံစံဖြင့် ရှိနေခဲ့သော်လည်း စားပွဲနှင့်အပြည့် စားသောက်ဖွယ်ရာများအား မြင်လိုက်ရသည့်အခါတွင် သူ၏ မူလအကောင်ကြီးပုံစံ ပြန်ပြောင်းလိုက်သည်။ များများစားနိုင်ရန် ရည်ရွယ်ချက်မှအပ အခြားမဟုတ်ပေ။

ထိုသို့ဖြင့် ပျော်ရွှင်ဖွယ်ရာ နေ့ရက်ကလေး ကုန်ဆုံးသွားလေသည်။

နောက်တစ်နေ့တွင် အန်လင်းနှင့် စုချန်းရန်တို့သည် ပရော်ဖက်ဆာယန်၏ သုတေသနစင်တာသို့ ထပ်မံသွားရောက်ကြပြန်သည်။

သူ၏ ဂန်းဒမ်လေးမှာ ပရော်ဖက်ဆာယန်၏ လက်ထဲတွင် အပိုင်းပိုင်းအစစ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ အန်လင်းသည် တုန်လှုပ်သွားတော့သည်။

“ခင်ဗျားဘာလုပ်နေတာလဲဗျ” အန်လင်းမှာ အလွန်ထိတ်လန့်နေလေသည်။ သူ၏ တန်ဖိုးကြီး အရုပ်ကလေးသည် ကစားဖော်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသကဲ့သို့ပင်။

ပရော်ဖက်ဆာယန်သည် သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြန်ဖြေလေသည်။ “အသိသာကြီးပဲလေကွ။ ငါက နက်နက်နဲနဲ လေ့လာနေတာ”

ကြမ်းပြင်ပေါ်ရှိ အစစအနနဖြစ်နေသည့် အရာများကို ကြည့်ကာဖြင့် အန်လင်းသည် အသက်ပြင်းပြင်း ရှိုက်လိုက်မိသည်။ “အဲဒါတွေကို ပြန်တပ်ဆင်နိုင်တယ်ဆိုတာ သေချာရဲ့လားဗျ”

ပရော်ဖက်ဆာယန်သည် နွေးထွေးစွာဖြင့် ပြုံးလိုက်ပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။ “အေးဆေးပါကွ။ ငါက ကျွမ်းကျင်ပညာရှင်လေ”

အန်လင်းမှာ ထိုအခြင်းအရာအား ဆက်ကြည့်နိုင်စွမ်း မရှိတော့ချေ။ စုချန်းရန်၏လက်ကို ဆွဲကာဖြင့် ပြေးထွက်သွားလေသည်။ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသော သူ၏အဖိုးတန် ဂန်းဒမ်လေးအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည့်အခါ သူ၏နှလုံးသားလေးမှာ ဆွဲညှစ်ခံထားရသကဲ့သို့ နာကျင်လှပသေည်။

ယခုအချိန်တွင် သူပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ပရော်ဖက်ဆာယန်သည် သေမျိုးကမ္ဘာမှ ပရော်ဖက်ဆာများနှင့် ကွဲပြားစွာ တာဝန်ယူမှုနှင့် ကြိုးစားအားထုတ်မှု ပြည့်ဝသူ ဖြစ်ရန်သာ ဆုတောင်းနေမိလေသည်။

သုတေသနစင်တာမှ ထွက်လာပြီးသည့်နောက်တွင် ရုတ်တရက်ဆိုသလို နူးညံ့ညင်သာသည့် အသံလေးအား ကြားလိုက်ရသည်။ “နင့်လက်က..”

အန်လင်းမှာ မျက်တောင်ခတ်လိုက်မိသည်။ စုချန်းရန်၏ ရှက်သွေးဖြာနေသည့် မျက်နှာလှလှလေးအား ကြည့်လိုက်ပြီး သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားမိသည့် နွေးထွေးလှသည့် လက်ကလေးအား ခံစားမိလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိတ်လန့်ကာဖြင့် လွှတ်လိုက်မိပြီး “အာ.. တောင်းပန်ပါတယ်။ ရုတ်တရက်ကြီးဆိုတော့လေ...”

“အ.. အဆင်ပြေပါတယ်” စုချန်းရန်သည် ခေါင်းခါလိုက်ပြီးနောက် သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလိုက်သည်။ ထို့နောက်တွင် နူးညံ့စွာဖြင့် ပြောလေသည်။ “ယောက်ျားလေးတစ်ယောက်နဲ့ လက်ကိုင်မိရုံနဲ့တော့ သန္ဓေမတည်နိုင်ဘူးလို့ အစ်မချန်အယ်က ပြောထားပါတယ်။ အကြင်နာပေးမိမှသာ သန္ဓေသားရလာနိုင်တာတဲ့”

စုချန်းရန်၏ စကားအား ကြားလိုက်သည့်အခါတွင် အန်လင်းမှာ နေရာတွင်ပင် ကြက်သေသေနေမိသည်။ သူ၏စိတ်ထဲတွင် ဖရုဿဝါစာစကားများ တသီတတန်း ထွက်ပေါ်လာတော့သည်။

ဘယ်လို.. မိန်းကလေးတစ်ယောက်က အနမ်းပေးရုံနဲ့ ကိုယ်ဝန်တည်နိုင်သတဲ့လား။

အစ်မ ချန်အယ်က စုချန်းရန်ကို အဲဒီလိုအရာတွေ သင်ပေးနေတာ တကယ်ကြီး အဆင်ပြေနေရဲ့လား။

သို့သော်လည်း အန်လင်းအနေဖြင့် စုချန်းရန်အား မှန်ကန်သည့် ဇီဝကမ္မဖြစ်စဉ်နှင့် ပတ်သက်သည့် အသိပညာအား သင်ကြားပေးရန်မှာလည်း မဝံ့ရဲချေ။

ယင်းသည် ကပ်ဘေးကြီးကိုပင် ဖြစ်စေနိုင်သည်။ အစ်မ ချန်အယ်သည် သူ့အား သေဆုံးသည်အထိ ရိုက်ပုတ်ပစ်ပေလိမ့်မည်။

သုတေသနစင်တာမှ အတော်ဝေးဝေးသို့ ရောက်သည့်အခါတွင် အလွန်ခန့်ညား ချောမောပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးနှင့် တွေ့ဆုံမိကြသည်။

“ဘယ်ကိုသွားမလို့လဲ အစ်ကိုနှစ်” စုချန်းရန်သည် ထိုအမျိုးသားအား ရွှင်မြူးစွာဖြင့် နှုတ်ဆက်လိုက်လေသည်။

စုချန်းရန်ထံတွင် စုကူးနှင့် စုရှင်းဖြစ်သည်။ သူတို့၏အရှေ့တွင် ရှိနေသူမှာ သူမ၏ ဒုတိယအစ်ကို စုရှင်းဖြစ်သည်။

စုရှင်းမှာ အသားအရေကောင်းမွန်သူဖြစ်သည်။ ထို့အပြင် အလွန်အမင်း ခန့်ညားလှသည်။

စုရှင်း၏ ခန့်ညားလှသည့် ရုပ်ရည်သွင်ပြင်ကြောင့် အန်လင်းမှာ မူးမေ့သွားမတတ်ပင် ဖြစ်ရသည်။ အလွန် ချောမောခန့်ညားကြည့်ကောင်းလွန်သူ ဟူ၍ ဖော်ပြရမည်ပင်။

အင်း.. ဒီမောင်နှမ နှစ်ယောက်ကတော့.. သူတို့ရဲ့ မျိုးရိုးဗီဇတွေက ကောင်းလွန်းတယ်။

စုရှင်းသည် လှည့်ပတ်ကာ ကြည့်လိုက်ပြီးနောက် သူ့အား ခေါ်နေသူကို တွေ့သွားသည့်အခါ သူ၏ ချောမောခန့်ညားသည့် မျက်နှာတွင် နှစ်လိုဖွယ်ရာ အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “မဟာဓားသခင် ကျန်းယန်အန်က ဒီနေ့ နန်းတော်ကိုလာပြီး သင်ကြားပို့ချပေးမှာလေ။ အဲဒါ အကြံဉာဏ်လေးတွေ တောင်းခံစရာရှိလို့ သွားနေတာ။ ညီမလေးတို့ကော အတူတူ လိုက်ချင်လို့လား”

စုရှင်း၏ စကားကို ကြားသည့်အခါတွင် စုချန်းရန်၏ မျက်လုံးများ လက်သွားလေသည်။ “သေချာတာပေါ့။ ညီမလေးလည်း ဓားလမ်းစဉ်နဲ့ ပတ်သက်ပြီး တကယ်ကို စိတ်ဝင်စားနေမိတာ”

စုရှင်းသည် ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက်တွင် အန်လင်းထံသို့ အကြည့်ပို့လိုက်ပြီး “သူက...”

စုချန်းရန်သည် သူမ၏နဖူးအား ချစ်စဖွယ်ကောင်းစွာ ရိုက်လိုက်ပြီးနောက် “အာ.. သူက ညီမလေးရဲ့ အတန်းဖော်လေ။ သူ့နာမည်က အန်လင်းတဲ့။ အန်လင်း ဒါက ငါ့ရဲ့ အစ်ကို စုရှင်းတဲ့”

စုချန်းရန်၏ မိတ်ဆက်မှုပြီးသည့်နောက်တွင် အန်လင်းနှင့် စုရှင်းတို့သည် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်လိုက်ကြသည်။ ထို့နောက်တွင် သူတို့ သုံးဦးသားသည် အတူတူ လမ်းလျှောက်ကြလေသည်။

လမ်းတစ်လျှောက်တွင် စုရှင်းသည် အန်လင်းအား အလွန်အမင်း စိတ်ဝင်စားဟန်ဖြင့် အကြိမ်ပေါင်းများစွာ ကြည့်လေသည်။

ထိုအကြည့်များသည် အန်လင်းအား အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။ အတွေ့အကြုံများအရ သူ့စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာ ထင်မြင်ချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

စုရှင်းသည် သူ့အား စိတ်ဝင်စားနေခြင်းများလား။

***

All Chapters