ငါ့ကို မျက်နှာသာလေး ပေးပါဦးဟ
Vol. 13 Ch. 174
“အန်လင်း မင်းအရင်စလိုက်ပါ”
“ဒီထဲမှာ မင်းရဲ့ ဓားဆန္ဒက ရုပ်ဝတ္ထုအနေနဲ့ အကောင်အထည်ပေါ်လာလိမ့်မယ်။ မင်းတိုက်ခိုက်တဲ့ အချိန်ကျရင် ဓားအပေါ် နားလည်သဘောပေါက်မှုကိုပါ ထည့်သွင်းဖို့ မမေ့နဲ့”
ကျန်းယန်အန်သည် လက်ထဲတွင် ဓားကိုင်လျက်နှင့် တင့်တယ်စွာ ပြောလေသည်။
သူအရင် တိုက်ခိုက်လိုက်မည်ဆိုလျှင် အန်လင်းအနေဖြင့် တိုက်ခိုက်ဖို့ရန် အခွင့်အရေး ရလိမ့်မည် မဟုတ်တော့ချေ။ ထို့ကြောင့် အန်လင်းအား ဦးစွာတိုက်ခိုက်ရန် ပြောရခြင်း ဖြစ်ပေသည်။ ဤနည်းလမ်းသည် အန်လင်းအား လမ်းညွှန်ပြသရန်လည်း ပိုမိုလွယ်ကူပေသည်။
အန်လင်းသည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ခေတ္တတမျှ စဉ်းစားပြီးသည့်နောက်တွင် စစ်နတ်ဘုရား၏ ခုတ်ချက် ၆ ချက်အား အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ယင်းသည် သူ၏ စွမ်းအားအကြီးဆုံးသော နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် များစွာအရှက်ရရန် မလိုတော့ပေ။
စိတ်ထဲတွင် ထိုသို့ဖြစ်ပေါ်လာပြီးသည့်နောက် အဖြူရောင်လေပြင်းများသည် သူ၏ဓားအား စတင်ဖုံးလွှမ်းလာလေသည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်လေထုမှာ ပြင်းထန်လာလေသည်။
ရုတ်တရက်ဆိုသလို သူ၏နောက်တွင် အမျိုးသားတစ်ဦး၏ ပုံရိပ် ဖြစ်ပေါ်လာလေသည်။
ထိုအမျိုးသားသည် ကောင်းကင်သို့ ကြည့်ကာဖြင့် ကောင်းကင်နှင့် မြေပြင်ရှိ လေနှင့်တိမ်တိုက်များအား စုစည်းလျက်ရှိသည်။ ထို့နောက်တွင် လေထုထဲ၌ ဓားတစ်ချောင်းဖြစ်ပေါ်လာပြီး ယင်း၏ထိပ်ဖျားသည် ကျန်းယန်အန်အား ဦးတည်နေလေသည်။
ကနဦးတွင် လေ့ကျင့်ရေးကွင်းပြင်ရှိ မျိုးနွယ်များသည် အန်လင်းအား အနည်းငယ်မျှသာ သတိပြုမိကြသည်။ သို့သော်လည်း အန်လင်း၏ အထင်ကြီးလောက်ဖွယ်ရာ အခင်းအကျင်းအား မြင်လိုက်သည့်အခါတွင် သူတို့၏ အာရုံများသည် အန်လင်းထံသို့ ရောက်ရှိသွားကြလေသည်။
“အဲဒီဓားဆန္ဒက အားကောင်းတာလား မကောင်းတာလား”
“ငါလည်း မသိဘူးလေ။ ဒီလိုမျိုးဟာကို အခုမှ ပထမဆုံး မြင်ဖူးတာကွ”
“ပုံစံကတော့ အတော်လေး အားကောင်းမယ့်ပုံပဲ”
“ဟွန့် ... အာပလာပါကွာ။ နတ်ဘုရား ကျန်းက အဲဒီဓားကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိမ့်မယ် ကြည့်နေ”
***
အမှန်တရားအား သတိမပြုမိကြသည့် ကြည့်ရှုနေကြသူများနှင့် ဆန့်ကျင်စွာပင် ကျန်းယန်အန်၏ မျက်လုံးများမှာ ပြူးထွက်လာပြီး သူ၏မျက်နှာသည် အလွန့်အလွန် တုန်လှုပ်နေလေသည်။
ကျန်းယန်အန်သည် အန်လင်း၏ဓားနှင့် တည့်တည့်တွင် ရှိနေသည့်အတွက် သူ၏ ဓားဆန္ဒအား ရှင်းရှင်းလင်းလင်းနှင့် တိုက်ရိုက်အာရုံခံမိနေခြင်းဖြစ်သည်။
ကောင်းကင်နှင့် မြေပြင်ရှိ လေနှင့် တိမ်တိုက်များအား ပေါင်းစပ်ခြင်းမှသည် ဓားတစ်ချောင်းအသွင်သို့ ကူးပြောင်းသွားပြီး ကြီးမားသည့် ဖိအားတစ်ခုဖြစ်ပေါ်စေလေသည်။ ထို့နောက်တွင် ကြီးကျယ်ခမ်းနားသည့် ခုတ်ချက်တစ်ခုအား ထုတ်ဖော်မည့်ဟန် ပြုလိုက်သည်။ ထိုအရာအားလုံးသည် ကျန်းယန်အန်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ထိန်းချုပ်မရနိုင်အောင် တုန်လှုပ်သွားစေသည်။
သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေသည့်သူမှာ ပါရမီရှင်တစ်ဦး ဖြစ်ရမည်ဟု ကျန်းယန်အန် နားလည်သဘောပေါက်လိုက်သည်။
မဟုတ်ချေ။ ထိုပုဂ္ဂိုလ်သည် သူရင်ဆိုင်ခဲ့ဖူးသမျှထဲတွင် ခွန်အားအကြီးဆုံးသော ရန်သူဖြစ်ပေသည်။
“ဓား လာခဲ့” ကျန်းယန်အန်သည် သူ၏လက်ကို ဆန့်တန့်လိုက်သည့်အခါ သူ၏ပတ်လည်တွင် ရှိနေသည့် လေထုမှာ တုန်ခါလာသည်။ ချက်ချင်းဆိုသလိုပင် လေထဲတွင် ပိန်းပိတ်အောက် နက်မှောင်နေသည့် မြူခိုးငွေ့များ ထွက်ပေါ်လာကာ သူ၏ဓားကို ဖုံးလွှမ်းသွားသည်။ ထိုမြူခိုးငွေ့များသည် ဖရိုဖရဲဖြစ်နေပြီး အရာအားလုံးကို ဝါးမျိုတော့မည် သကဲ့သို့ ရှိနေလေသည်။ ကျန်းယန်အန်၏ ဓားထံမှ တလက်လက်တောက်ပမှုများ ထွက်ပေါ်လာသည်။ သူ၏ဓားသည် အရာအားလုံးကို စုပ်ယူစားသုံးတော့မည်ဟန် ပေါ်နေသည်။
“ဒီဓားရဲ့ နာမည်က အန္တိမတဲ့။ သူက ဟင်းလင်းပြင်ကို အက်ကွဲစေနိုင်သလို အချိန်ကိုလည်း ဖြတ်တောက်ပစ်နိုင်တယ်” ကျန်းယန်အန်သည် အနက်ရောင်ဓားအား လက်ထဲတွင် ဆုပ်ကိုင်ကာဖြင့် တိုက်ခိုက်တော့မည့်ဟန် ပြုသည်။
ထိုသည်ကို မြင်သည့်အခါ အန်လင်း၏ မျက်လုံးများ ပြူးကျယ်လာလေသည်။
ဝသဖ.. ခင်ဗျားက ကျုပ်ကို အရင်တိုက်ပါလို့ မပြောခဲ့ဘူးလား။ ဘာလို့များ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေရတာတုန်း။
ကျန်းယန်အန်သည် တည်ငြိမ်သည့် အနေအထားဖြင့် ရှိနေသည်။ သူ၏ အဖြူရောင်ဆံပင်များသည် နောက်ကျောဘက်တွင် လွင့်ဝဲလျက်ရှိနေပြီး သူ၏ သွင်ပြင်အား ကြီးကျယ်ခန့်ညားစေသည်။ သို့သော်လည်း သူ၏ ခံစားချက်သည် သူ၏ အသွင်ပြင်နှင့် လွန်စွာခြားနားလျက်ရှိလေသည်။
သေလိုက်လေ။ မင်းကို အရင်တိုက်ခိုင်းလိုက်ရင်း ငါ့ရဲ့အဆုံးသတ် ဖြစ်သွားမှာပေါ့။
ထိုသို့ဖြင့် ကျန်းယန်အန်သည် အန်လင်းထံသို့ ပြေးဝင်လာလေသည်။
အန်လင်းသည် သူ၏စိတ်ဆန္ဒအား လိုသလို အသုံးပြုလိုက်ပြီး ကျန်းယန်အန်ထံသို့ ပြေးဝင်ရန် ဆန္ဒပြုလိုက်သည်။ အံ့ဩမိသည်မှာ သူ၏နောက်တွင်ရှိနေသည့်အရာသည် ဦးစွာတိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။ လွန်စွာတောက်ပည့် အလင်းတန်းသည် ခေးအော့စ်အား ဖြတ်သန်းလာသကဲ့သို့ သူ၏မျက်လုံးထဲတွင် ဓား၏ အဖြူရောင်အလင်းတန်းသာလျင် ကျန်ရှိပေသည်။
ဘုန်း
ဖန်ကျောက်အတွင်း၌ စိတ်ဆန္ဒတိုက်ပွဲများ ဖြစ်ပေါ်နေလေပြီ။
လေ့ကျင့်ရေးကွင်းပြင်ရှိ မျိုးနွယ်များသည် ဖန်သားပြင်ထက်တွင် ကခုန်နေသည့် အနက်နှင့်အဖြူတန်းများကိုသာလျှင် မြင်နေရလေသည်။ ထိုအလင်းတန်းများမှအပ မည်သည့်အရာကိုမျှ မမြင်နိုင်ချေ ထိုအလင်းတန်းနှစ်ခုသည် သားရဲရိုင်းများသဖွယ် အပြင်းအထန် တိုက်ခိုက်လျက်ရှိကြလေသည်။
ထိုအချိန်တွင် အထုံထိုင်းဆုံးသော လူသည်ပင်လျင် အန်လင်း၏ ဓားဆန္ဒသည် အလွန်အမင်း စွမ်းအားကြီးသည့်အကြောင်း စတင်သဘောပေါက်လာလေသည်။
စုရှင်း၏ မျက်လုံးများ အရောင်လက်လာသည်။ ဓားဆန္ဒတိုက်ပွဲများအား ယခင်က မြင်ဖူးခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့သော မြင်ကွင်းမျိုးကိုမူ ပထမဆုံး မျက်မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ ထို့ကြောင့် အံ့အားသင့်စွာဖြင့် “အန်လင်းက တကယ်ကို အလွန်အမင်း ထူးချွန်တဲ့သူပဲ”
စုချန်းရန်သည် မည်သည့်စကားမျှ မဆိုသော်လည်း သူမ၏ လှပသည့် မျက်လုံးလေးသည် ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းအား အလွတ်မပေးဘဲ ကြည့်နေလေသည်။
အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ အန်လင်းနှင့် ကျန်းယန်အန်တို့သည် ဖန်သားပြင်ပေါ်တွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။
နှစ်ဦးလုံးသည် ဖရိုဖရဲဖြစ်ကာ ထိခိုက်ဒဏ်ရာကိုယ်စီနှင့် ဖြစ်သည်။
“ဘုရားရေ.. နတ်ဘုရား ကျန်းက ဒဏ်ရာရသွားတယ်လား”
“အဲဒါကို အသာထားစမ်းပါကွာ။ အဓိကအချက်က အန်လင်းက နတ်ဘုရား ကျန်းကို အစွန်းစွန်ဆုံး အခြေအနေထိရောက်အောင် တွန်းအားပေးနိုင်ခဲ့တယ်ကွ”
“ဘာလား။ ဓားပါရမီရှင်အသစ် ထွက်ပေါ်လာတာလား”
မယုံကြည်နိုင်စရာကောင်းသည့် အရာကို မြင်လိုက်ရသည်ကြောင့် မျိုးနွယ်များစွာသည် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်လေးအား ကြောင်အစွာဖြင့် ကြည့်နေလေတော့သည်။ ကနဦးတွင် သူတို့အားလုံး တွေးထင်ခဲ့သည်မှာ ကျန်းယန်အန်သည် အန်လင်းအား လွယ်ကူစွာဖြင့် အနိုင်ရလိမ့်မည် ဟူ၍ ဖြစ်သည်။ ယခုအခါတွင်မူ အဖြစ်အပျက်များသည် သူတို့ထင်ထားသကဲ့သို့ မဟုတ်ချေ။
သို့သော်လည်း ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်လျက်ရှိသည့် ကျန်းယန်အန်ထက်ပို၍ မည်သူကမျှ တုန်လှုပ်ချောက်ချားနေလိမ့်မည် မဟုတ်ချေ။
သာမန်ကာလျှံကာ ရွေးချယ်လိုက်သည့် သရုပ်ပြအကူကောင်လေးသည် ထိုမျှလောက် ကြောက်မက်ဖွယ်ရာ ဓားဆန္ဒကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ့အနေဖြင့် မမျှော်လင့်ထားချေ။
မရဘူး။ ဆက်တိုက်ဖို့ မဖြစ်နိုင်ဘူး။
ကျန်းယန်အန်သည် ဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။ လေပြင်းများ နောက်ထပ်တစ်ဖန် ဝေ့ဝဲတိုက်ခတ်လာပြန်သည်ကြောင့် သူ၏ အဖြူရောင်ဆံပင်များသည် လေထဲတွင် လွင့်နေလေသည်။
အန်လင်းအား သိမ်မွေ့စွာ ကြည့်လိုက်ပြီးနောက် “မင်းက ငါ့ကို အနိုင်ပေးလိုက်တာပဲ” ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။
“ဟမ်” အန်လင်းသည် ခေတ္တမျှ တွေဝေသွားမိသည်။
ဘာစကားတွေ ပြောနေတာတုန်း။ တိုက်ပွဲက ပြီးသွားပလားဟ။
အန်လင်း၏ တုံ့ပြန်ချက်အား မြင်လိုက်ရသည့်အခါ ကျန်းယန်အန်သည် စိတ်တိုလွန်းသဖြင့် ရင်ဘတ်ထဲ တင်းကျပ်လာတော့သည်။
“မင်းအနေနဲ့ ကောင်းကောင်းနားလည်လောက်ပြီလို့ ငါယုံပါတယ်” ကျန်းယန်အန်သည် မနှေးမမြန်သည့်နှုန်းဖြင့် ပြောလေသည်။ “ဒီလိုမျိုး ဦးတည်ရာမဲ့ ဆက်ပြီး တိုက်ခိုက်နေလို့ မဖြစ်ဘူးလေ”
“မင်းရှုံးသွားပြီ။ ဘာပဲဖြစ်ဖြစ် အဲဒါက မင်းရဲ့ စွမ်းအားအကြီးဆုံး ဓားဆန္ဒပဲ မဟုတ်လား။ မင်းက အရမ်းသန်မာအားကောင်းတယ် ဆိုတာကိုတော့ ငါဝန်ခံပါတယ်။ မင်းရဲ့ ခွန်အားကို အသိအမှတ်ပြုတယ်”
“ဒါပေမဲ့လည်း ငါ့ဆီမှာ အစွမ်းထက်တဲ့ တိုက်ကွက်တွေက ဝှက်ဖဲအနေနဲ့ ရှိနေဆဲပဲ။ အဲဒီတော့ ဒီနေ့က…”
အစွမ်းထက်တဲ့ တိုက်တွက်တွေ ရှိနေတုန်းတဲ့လား။
ထိုသည်ကို ကြားသည့်အခါတွင် အန်လင်းသည် တွေဝေသွားပြန်သည်။ ထို့နောက်တွင် စိတ်လှုပ်ရှားစွာဖြင့် “တိုက်ဆိုင်လိုက်တာများဗျာ။ ကျွန်တော့်မှာလည်း အစွမ်းထက်တဲ့ တိုက်ကွက်တွေ ရှိနေသေးတယ်။ ဆက်တိုက်ကြမယ်လေ”
ကျန်းယန်အန်၏ မျက်လုံးများ ပြူးထွက်လာသည်။ အသက်ရှူနှုန်းများ မြန်လာပြီး မွန်းကျပ်လာသည်ဟုပင် ခံစားနေရသည်။
ဘာဖြစ်တယ်။ အစွမ်းထက် တိုက်ကွက်တွေ ရှိနေတုန်း ဟုတ်လား။
တိုက်ဆိုင်မှုတဲ့လား။ မင်းမေကို တိုက်ဆိုင်လိုက်။
“အန်လင်းရေ.. ရှုံးနိမ့်တယ်ဆိုတာ ရှက်စရာ မဟုတ်ဘူးကွ။ လက်ခံနိုင်ဖို့ပဲ လိုအပ်တာ။ အရှုံးကို ရင်ဆိုင်နိုင်စွမ်း ရှိပြီဆိုရင် မင်းအတွက် ပိုလို့တောင်ကောင်းသေးတယ်။ မင်းက ငါ့ကို ဒီလောက်အထိ တိုက်ခိုက်နိုင်စေတဲ့ ပထမဦးဆုံးသောသူပဲ။ မင်းက ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ရတာပါ” ကျန်းယန်အန်သည် ယခင်ကအတိုင်း ကျက်သရေရှိစွာ တင့်တယ်နေဆဲပင် ဖြစ်သည်။
သို့သော်လည်း သူ၏စိတ်ထဲတွင် ကမ္ဘာပျက်နေခြင်း ဖြစ်သည်။ သေလိုက်ပါတော့ဟေ့။ ငါက မင်းကို အရမ်းတွေ ချီးကျူးမြှောက်ပင့်နေတယ်လေ။ မင်းက လူစကားကို နားမလည်တာလား။ မြန်မြန်လေး ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်စမ်း။
အန်လင်းသည် စိတ်ပါလက်ပါဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် “အသိအမှတ်ပြုပေးတဲ့အတွက် ဓားအင်မော်တယ် ကျန်းကို ကျေးဇူးတင်ပါတယ်ဗျ။ ဒါပေမဲ့လည်း အခုလိုမျိုး တိုက်ခိုက်ခွင့်ရတာက ရှားပါးလှတဲ့ အခွင့်အရေးပါ။ ကျွန်တော့်မှာ ဓားချက်တစ်ခု အသုံးပြုဖို့ ကျန်နေပါသေးတယ်။ အဲဒီတိုက်ကွက်ကိုသာ အသုံးမပြုလိုက်မိရင် ကျွန်တော်က အမြဲတမ်း နောင်တရနေမိမှာဗျ”
စိတ်ဆန္ဒနယ်မြေဖန်ကျောက်ထဲတွင် ဓားဆန္ဒဖြင့် တိုက်ခိုက်ခြင်းသည် ဓားအသုံးပြုခြင်းကို တိုးတက်လာစေနိုင်သည်ကို နားလည်ထားပြီးဖြစ်သည်။ ထို့အပြင် ချီစွမ်းအင်လည်း မကုန်ပေ။
ပြင်ပကမ္ဘာတွင် သူ့အနေဖြင့် ချီစွမ်းအင် သိုလှောင်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ ထို့ကြောင့် စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်၏ နောက်ဆုံးသောခုတ်ချက်ကို အသုံးမပြုနိုင်ချေ။ သို့သော်လည်း စိတ်ဆန္ဒနယ်မြေဖန်ကျောက် အတွင်းတွင်မူ အသုံးပြုနိုင်ပေသည်။
ဝါယောဓားကို အသုံးပြုနိုင်သည်သာမက စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်၏ နောက်ဆုံးသော ခုတ်ချက်ကိုပါ အသုံးပြုနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် ဤအခွင့်အရေးအား ဆုပ်ကိုင်ထားရပေလိမ့်မည်။
ကျန်းယန်အန်၏ သွေးကြောများ ထောင်ထလာလေသည်။ အန်လင်းအား စိမ်းစိမ်းစားစား ကြည့်လိုက်ပြီး သူ၏ရင်ဘတ်ထဲတွင် ချည်ထုံးတစ်ခု ဖြစ်ပေါ်လာသည်ဟုပင် ခံစားနေမိသည်။
“စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်၊ ဆဋ္ဌမ နည်းစနစ် အံ့ဖွယ်ဓား”
အန်လင်း၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ ချက်ချင်းဆိုသလိုပင် ခမ်းနားကြီးကျယ်သည့် စွမ်းအားတစ်ခုသည် ကောင်းကင်နှင့် မြေပြင်ကို ဖြတ်သန်းကာဖြင့် ကြီးမားလှသည့်စွမ်းအားကို သယ်ဆောင်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားတော့သည်။
ဘုန်း
အဖျက်အဆီးစွမ်းအားသည် ဟင်းလင်းပြင်ကို အက်ကွဲစေပြီး အရာအားလုံးကို ပျက်သုဉ်းစေသည်။
ဓားတိုက်ခိုက်ခြင်း မပြုရသေးမီမှာပင် အန်လင်းနှင့် ကျန်းယန်အန်တို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ်စွမ်းအားကြောင့် လွင့်ထွက်သွားလေသည်။
ဖန်သားပြင်သည် ရွှေရောင်အလင်းများဖြင့် ပြည့်နေသည်။ လေ့ကျင့်ရေးကွင်းပြင်ရှိ လူတိုင်းသည် အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်နေကြလေသည်။
ခလွပ်
ဖန်ကျောက်ထံမှ အသံတစ်ခု ထွက်ပေါ်လာသည်။
စိတ်ဆန္ဒနယ်မြေဖန်ကျောက်တုံး အက်ကွဲသွားလေပြီ။
အန်လင်းနှင့် ကျန်းယန်အန်တို့၏ စိတ်အာရုံများသည် သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ သူတို့နှစ်ဦးစလုံးသည် မြေပြင်တွင် ပုံလျက်သား လဲကျသွားတော့သည်။ ခန္ဓာကိုယ်များသည် ချွေးအေးများဖြင့် စိုရွှဲနေလေသည်။
တော်ဝင်မျိုးနွယ်မျာသည် အက်ကွဲနေသည့် ဖန်ကျောက်နှင့် ပုံလျက်သားလဲကျနေသည့် လူနှစ်ဦးအား ကြောင်အစွာဖြင့် စိုက်ကြည့်လျက်ရှိကြပြီး လေ့ကျင့်ရေးကွင်းပြင်သည် တိတ်ဆိတ်သွားလေသည်။
“အစ်ကို နှစ်ရေ .. ဓားဆန္ဒတိုက်ပွဲတွေက စိတ်ဆန္ဒနယ်မြေဖန်ကျောက်တုံးကို အက်ကွဲတဲ့အထိ ဖြစ်စေနိုင်တာလား” စုချန်းရန် အံ့ဩတကြီးမေးလိုက်သည်။ သူမ၏ လှပသည့် မျက်လုံးလေးများဖြင့် အန်လင်းအား ကြည့်နေမိသည်။
စုရှင်းသည် ရှုံ့မဲ့သွားပြီးနောက် “မေးမနေနဲ့ ညီမလေးရေ။ အခုလိုမျိုးကို တစ်ခါလေးမှတောင် မမြင်ဖူးဘူး”
အန်လင်းသည် နဂိုအသိသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကာ ကျန်းယန်အန်သည်လည်း စိတ်လျှော့နိုင်ပြီ ဖြစ်သည်။ သူတို့၏တိုက်ပွဲမှာ သရေရလဒ်ဟု ပြောနိုင်ပြီဖြစ်သည်။
သူသည်လည်း အရှုံးမရှိသေးသော ဓားနတ်ဘုရား ကျန်းယန်အန် ဖြစ်နေဦးမည်သာ။
ထို့နောက်တွင် လေ့ကျင့်ရေးကွင်းပြင်ရှိသူများ အားလုံးသည် စိတ်ဆန္ဒနယ်မြေဖန်ကျောက်တုံးအား ကြောင်အစွာဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်မိသည်။ တစ်စုံတစ်ခုတော့ မှားနေလေပြီ။
စူးစမ်းလိုစိတ်အပြည့်ဖြင့် စိတ်ဆန္ဒနယ်မြေဖန်ကျောက်တုံးအား လှည့်ကြည့်လိုက်လေသည်။ ထို့နောက်တွင် သူ၏အမြင်အာရုံသည် ကွယ်ပျောက်သွားပြီး မူးမေ့လဲကျမတတ်ပင် ဖြစ်ရသည်။
“ငါ့ငါ့ဖန်ကျောက်..”
သူ၏ ဂုဏ်အယူရဆုံးသော အရာဝတ္ထုလေး အက်ကွဲသွားရလေပြီ။ ယင်းသည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
ကျန်းယန်အန် မျက်လုံးများ ပြူးကျယ်လာပြီး နှုတ်ခမ်းများ တုန်ယင်နေလေသည်။ သူ၏မျက်လုံးမှ မျက်ရည်ဖြိုင်ဖြိုင်ကျလာတော့သည်။
ငိုနေလေပြီ။
***