အခန်း (၆၈၃-၆၈၄)
Vol. 43 Ch. 683-684
အခန်း ၆၈၃
ဝမ်းကွန်ဘို
အခြေစိုက်စခန်း၏ ဗဟိုချက်တွင် စခန်းတပ်မှူးသည်လည်း ဘလက်စတား၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။
“ဘလက်စတားက အကာအကွယ်ဒိုင်းကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပါ။ တာမာရီယာက သူ့ကို ကိုင်တွယ်ဖို့ လူတွေ ခေါ်သွားပါတယ်” စောင့်ကြည့်ရေးအရာရှိတစ်ဦးက ပြောလိုက်သည်။
စခန်းတပ်မှူးက ခေါင်းညိတ်လိုက်ပြီး ရေဒါကို ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ဟင်၊ ရန်သူက ဘလက်စတား ရှိနေတဲ့ ဂြိုလ်တုခံတပ်ဆီကို ကပ်ဘေးအဆင့် အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်တာလား။ သူတို့ ဘလက်စတားကို စစ်ကူပေးဖို့ ကြိုးစားနေတာပဲ” စခန်းတပ်မှူးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “မတော်တဆ ဖြစ်ရပ်တွေ မရှိအောင် ဘလက်စတားဆီကို နောက်ထပ် ကပ်ဘေးအဆင့် ငါးယောက် ထပ်လွှတ်လိုက်။ ရန်သူတွေ ငါတို့ရဲ့ ဂြိုလ်တုခံတပ်တွေကို ဖျက်ဆီးတာကို ခွင့်မပြုနိုင်ဘူး။ တကယ်လို့ အခြေစိုက်စခန်းရဲ့ အကာအကွယ်တွေကို ဆုံးရှုံးသွားရင် ငါတို့ရဲ့ ရှုံးနိမ့်မှုက ရှောင်လွှဲလို့ ရမှာ မဟုတ်တော့ဘူး!”
အမိန့်ထုတ်ပြန်လိုက်သည်နှင့် နောက်ထပ် ကပ်ဘေးအဆင့် ငါးဦးကို ထပ်မံစေလွှတ်လိုက်သည်။
နှစ်ဖက်စလုံးသည် ဘလက်စတား ရှိနေသည့် စစ်မြေပြင်သို့ စစ်ကူများ အသီးသီး စေလွှတ်လိုက်ကြသည်။
ဂြိုလ်တုခံတပ်ပေါ်တွင် ဟန်ရှောင်းသည် တာမာရီယာနှင့် အခြားလေးဦးကို သူ၏ ယန္တရားတပ်မတော်ဖြင့် တိုက်ခိုက်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။
စစ်မြေပြင်မှာ မိုင်ပေါင်း ရာနှင့်ချီ၍ ကျယ်ပြန့်နေသည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ခံတပ်၏ မျက်နှာပြင်မှာ ပျက်စီးယိုယွင်းနေသည်။
ကောင်းကင်ယံရှိ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ကပ်ဘေးအဆင့် ငါးဦးမှာ ဘယ်ပြန်ညာပြန် လှုပ်ရှားနေကြသည်။ ပျက်စီးသွားသော ယန္တရားစစ်သည်များမှာ ကောင်းကင်ယံမှ တစ်ခုပြီးတစ်ခု ကျဆင်းနေသည်။
ဘုန်း
မဟူရာရွှေရောင် ယန္တရားပုဆိန်ကြီးမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ လည်ပတ်နေပြီး ၎င်း၏ လမ်းကြောင်းပေါ်ရှိ ယန္တရားအားလုံးကို ချေမှုန်းနေသည်။ တာမာရီယာသည် သူမ၏ ပတ်ပတ်လည်ရှိ ယန္တရားစစ်သည်အားလုံးကို တစ်စစီ ဖြစ်သွားအောင် လက်သီးဖြင့်ထိုးကာ ကန်ကျောက်ပစ်သည်။
အခြား လေးဦးသည်လည်း ယန္တရားတပ်မတော်ကို ဆက်တိုက် ဖျက်ဆီးနေကြသည်။
ရန်သူများကို မတားဆီးနိုင်ပုံ ပေါ်နေသော်လည်း အမှန်စင်စစ် သူတို့မှာ ဒဏ်ရာများရရှိနေပြီး မောပန်းနေကြပြီ ဖြစ်သည်။
ယန္တရား တစ်သန်းနီးပါး၏ တိုက်ခိုက်မှုမှာ အလွန်ပင် သိပ်သည်းလှသည်။ သူတို့ အနှေးနှင့်အမြန် အထိခံရမည်မှာ သေချာသည်။ (ဒဏ္ဍာရီ တိုက်ပွဲ နည်းစနစ်) ၏ အသက်ဝင်မှု လိုအပ်ချက်အရ ဟန်ရှောင်းသည် ဖီးလစ်၏ ထိန်းချုပ်မှုပုံစံကို ပြောင်းလဲထားသည်။ ပထမ တိုက်ခိုက်မှု နှစ်ခုမှာ ရန်သူ၏ ရှောင်ကွင်းနိုင်စွမ်းကို ကန့်သတ်ရန် အာရုံစိုက်ထားပြီး တတိယ တိုက်ခိုက်မှု၏ တိကျမှုကို မြှင့်တင်ထားသည်။
ထို့ပြင် သူသည် အမျိုးမျိုးသော ယူနစ်များ၏ တိုက်ခိုက်မှု အကြိမ်ရေကို ခွဲထုတ်ထားသည်။ ၎င်းမှာ တပ်မတော်၏ တိုက်ခိုက်မှု အချီတိုင်းတွင် အစစ်အမှန် ထိခိုက်မှုများစွာ ပါဝင်နေခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် သေစေနိုင်ပြီး ရန်သူများကို ဖိအားများစွာ ပေးနေသည်။
တာမာရီယာသည် တိုက်ခိုက်မှုများကို လျစ်လျူမရှုရဲပေ။ တပ်မတော်က တိုက်ခိုက်သည့် အခါတိုင်း သူမ အပြည့်အဝ အာရုံစိုက်ထားရသည်။ သို့မဟုတ်ပါက အစစ်အမှန် ထိခိုက်မှု တိုက်ကွက်များကို ထိမှန်သွားပါက ဒဏ်ရာအနည်းငယ် ရရုံဖြင့်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
သူမမှာ အလွန် ဒေါသထွက်နေသည်။
‘ဒါကိုများ တိုက်ခိုက်နိုင်စွမ်း အကန့်အသတ် ရှိတယ်လို့ ခေါ်သလား’
‘ဂျော့ဒ်၊ မင်း တကယ်ကို လျှောက်ပြောနေတာပဲ။’
အဆင့်နိမ့် ယန္တရားစစ်သည် အများစုမှာ ကပ်ဘေးအဆင့်များနှင့် ရင်ဆိုင်ရချိန်တွင် အားနည်းနေဆဲ ဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာမူ အခြားအဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခင်က ဟန်ရှောင်းသည် ယန္တရားတပ်မတော်ကို အသုံးပြုကာ ရန်သူ၏ စွမ်းအင်ကို လျှော့ချပြီးမှသာ ကိုယ်တိုင် သွားရောက် တိုက်ခိုက်လေ့ ရှိသည်။ သို့သော် ယခုမူ ရန်သူများသည် ယန္တရားတပ်မတော်အတွင်း၌ လုံးဝ ပိတ်မိနေပြီး မနည်း တောင့်ခံနေရသည်။ သူတို့မှာ ဟန်ရှောင်းအနီးသို့ ချဉ်းကပ်ရန် အခွင့်အရေးပင် မရရှိကြပေ။
ဖီးလစ်က တိုက်ပွဲတစ်ခုလုံးကို အသေအချာ ထိန်းချုပ်ထားသည်။ ဟန်ရှောင်းမှာ ဤဂြိုလ်တုခံတပ်ကို ပုံရိပ်ယောင် ကျူးကျော်မှု ပြုလုပ်ရန် အချိန်ရနေသည်။
ဂြိုလ်တုခံတပ်တွင် မရေမတွက်နိုင်သော ကာကွယ်ရေး နည်းလမ်းများ ရှိပုံရပြီး သူ၏ ယန္တရားတပ်မတော် တစ်ဝက်ခန့်ကို ဟန့်တားထားသည်။ ဤဂြိုလ်တုကို လျင်မြန်စွာ ဖျက်ဆီးနိုင်ရန် ပုံရိပ်ယောင် ကျူးကျော်မှုက အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။
ဘုန်း
ထိုအချိန်တွင် တာမာရီယာသည် ရုတ်တရက် စွမ်းရည်တစ်ခုကို အသုံးပြုကာ သူမ၏ နောက်တွင် သွေးရောင် မီးလျှံများဖြင့် တပ်မတော်၏ ဝိုင်းရံမှုကို ဖောက်ထွက်လိုက်သည်။ ဒုံးပျံတစ်ခုကဲ့သို့ သူမသည် ဟန်ရှောင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
“ဟား”
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ယန္တရားပုဆိန်မှာ အရှိန်ဖြင့် ကျဆင်းလာသည်။
“ကျစ်”
ဟန်ရှောင်းမှာ ပုံရိပ်ယောင် ကျူးကျော်မှုကို ရပ်တန့်လိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ သူ၏ လက်တစ်ဖက်စီမှ ဆိုင်ရွန်းနစ်ဒိုင်း နှစ်ခု ပေါ်လာပြီး ဤတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
ကလန်
ပုဆိန်မှာ ဒိုင်းကာကြားတွင် ညပ်နေသည်။ ဤတစ်ကြိမ်တွင်မူ ပုဆိန်မှာ စုပ်ယူနိုင်စွမ်း ရှိနေသကဲ့သို့ တာမာရီယာ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများမှာ ၎င်းအတွင်းသို့ စီးဝင်သွားပြီး ပုဆိန်မှာ ပို၍ ပို၍ နီရဲလာသည်။
နောက်တစ်ခဏတွင် ပြင်းထန်သော သွေးနီရောင် လှိုင်းကြီးတစ်ခုမှာ ပုဆိန်မှ ပစ်ထွက်လာသည်။
၎င်းမှာ အနီးကပ်ဆုံး အကွာအဝေးမှ ထိမှန်သွားခြင်း ဖြစ်သည်။
ဘုန်း
ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ဟန်ရှောင်းမှာ ချောင်းဆိုးသွားပြီး နောက်သို့ ဆုတ်ရန် ပြင်လိုက်သည်။ သူ အံ့ဩသွားသည်မှာ တာမာရီယာက ပို၍ လျင်မြန်စွာ လှုပ်ရှားပြီး ဟန်ရှောင်း၏ လက်မောင်းများကို ပုဆိန်အဆုံးရှိ ကြိုးဖြင့် ချည်နှောင်ကာ သူ့ထံသို့ ပြန်လည် ဆွဲယူလိုက်ခြင်း ဖြစ်သည်။
“ငါ ပြောပြီးပြီပဲ၊ မင်း ဘယ်မှ သွားလို့ မရဘူး။” တာမာရီယာက ဟိန်းဟောက်လိုက်ပြီး ဟန်ရှောင်း၏ နဖူးကို သူမ၏ ဦးခေါင်းဖြင့် အားပါပါ တိုက်လိုက်သည်။
ဘုန်း
ဟန်ရှောင်း မူးဝေသွားသည်။ တာမာရီယာတွင် အနည်းဆုံး ခွန်အားအမှတ် နှစ်ထောင် ရှိသဖြင့် သာမန် ခွန်အားချင်း ယှဉ်လျှင် သူမက အသာစီးရနေသည်မှာ သဘာဝပင် ဖြစ်သည်။
တုန်ခါမှုမှာ ခေါင်းဆောင်း၏ တုန်ခါမှု လျှော့ချရေး စနစ်ကို ဖောက်ထွက်သွားပြီး သူ၏ နားထဲတွင် တစီစီ မြည်သွားစေသည်။
တာမာရီယာက တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်ရန် ပြင်လိုက်သော်လည်း ဟန်ရှောင်းက ရုတ်တရက် တောင်ပေါ်လူဝံ ဝတ်စုံအတွင်းမှ ထွက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်သည်။ သူသည် ထိတ်လန့်နေပုံ မရသည့်အပြင် စကားပင် မဆိုနိုင်လောက်အောင် ဖြစ်နေပုံရသည်။
“မင်းက တကယ်ကို... တော်တော်လေး သေချင်နေတာပဲ”
နောက်တစ်ခဏတွင် ဟန်ရှောင်း၏ လုပ်ရပ်က တာမာရီယာကို ဇဝေဇဝါ ဖြစ်သွားစေသည်။
သူသည် ထွက်ပြေးခြင်း မပြုသည့်အပြင် တာမာရီယာ၏ ခါးကို သူ၏ လက်များဖြင့် ဖက်ထားလိုက်သည်။
“နင်...”
တာမာရီယာ မတုံ့ပြန်နိုင်ခင်မှာပင် သူမသည် အလွန်အမင်း အန္တရာယ်ရှိသော အာရုံတစ်ခုကို အလိုလို ခံစားလိုက်ရသည်။ ရုတ်တရက် သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားသည်။
ကောင်းကင်ယံရှိ ယန္တရားတပ်မတော် အားလုံးမှာ သူတို့၏ ပြောင်းဝများကို ဟန်ရှောင်းထံသို့... တာမာရီယာထံသို့ပါ ချက်ချင်း လှည့်ကာ ချိန်ရွယ်လိုက်ကြသည်!
“ငါ့ကို လွှတ်စမ်း”
တာမာရီယာမှာ အလွန် ထိတ်လန့်သွားပြီး ဟန်ရှောင်းကို အတင်း တွန်းထုတ်ရန် ကြိုးစားသည်။
သို့သော် ယခုအခါ ဖီးလစ်က ထိန်းချုပ်ထားသော တောင်ပေါ်လူဝံ ယန္တရားဝတ်စုံသည် ဖိသိပ်ထားသော ဘောလုံး ဒါဇင်ပေါင်းများစွာကို ပစ်ထုတ်လိုက်ပြီး သူတို့ နှစ်ဦး၏ ပတ်ပတ်လည်တွင် ထောင်ချောက်မျိုးစုံအဖြစ် ပြောင်းလဲကာ ဆင်ထားလိုက်သည်။ ထိုထောင်ချောက်များကြောင့် သူတို့ နှစ်ဦးစလုံးမှာ နှစ်စက္ကန့် သုံးစက္ကန့်ခန့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သူတို့ နှစ်ဦးစလုံးမှာ မလှုပ်မယှက် ရပ်နေသော ပစ်မှတ်များ ဖြစ်သွားကြသည်။
ဟန်ရှောင်းက တာမာရီယာ၏ နားနားတွင် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဒါကို မျှော်လင့်မထားဘူး မဟုတ်လား။ ငါက ငါးစာသက်သက်ပဲ”
“နင် ကိုယ့်ကိုယ်ကိုယ် သတ်ချင်နေတာလား” တာမာရီယာက ဤသို့ ပြောပြီးမှသာ ဟန်ရှောင်းတွင် မဖျက်ဆီးနိုင်သောကိုယ်ထည် ဘွဲ့ထူး ရှိနေသည်ကို သတိရသွားသည်။ သူမ၏ မျက်နှာပေါ်တွင် ဒေါသနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပေါ်လာသည်။ သူမသည် သွားကြိတ်ကာ ပြောလိုက်သည်။ “နင်က တကယ်ပဲ မသေနိုင်ဘူးလို့ ထင်နေတာလား”
“မဟုတ်ပါဘူး” ဟန်ရှောင်းက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး တာမာရီယာ နားမလည်သော စကားတစ်ခွန်းကို ပြောလိုက်သည်။ “ဒါပေမဲ့ ငါက အစစ်အမှန် ထိခိုက်မှုတွေကို ခံနိုင်ရည် ရှိတယ်လေ”
နောက်တစ်ခဏတွင် အရပ်မျက်နှာ အားလုံးမှ ဆိုင်ရွန်းနစ်အမြောက်ပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။
ဘုန်း
ပြန့်ကားလာသော အလင်းလုံးကြီးမှာ သူတို့ နှစ်ဦးစလုံးကို ဝါးမျိုသွားသည်။ အခြား ကပ်ဘေးအဆင့် လေးဦးမှာမူ အစွမ်းကုန် ထွက်ပြေးကြရသည်။
အလင်းလုံးကြီးမှာ အမြင့်ဆုံးအထိ ပြန့်ကားသွားပြီးမှ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေဖိအားလှိုင်းမှာ ပန်းချီကားတစ်ချပ်ကို ခဲဖျက်ဖြင့် ဖျက်လိုက်သကဲ့သို့ ပတ်ပတ်လည်ရှိ အရာအားလုံးကို လွင့်စင်သွားစေသည်။
ပေါက်ကွဲသွားသော အလင်းလုံးမှာ တောက်ပသော အလင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး မိုးပွင့်များကဲ့သို့ ကျဆင်းလာသည်။
ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ဟန်ရှောင်းမှာ ကျန်းကျန်းမာမာ ရှိနေသည်။ သူသည် ယန္တရားဝတ်စုံကို ဆင့်ခေါ်ကာ ပြန်လည် ဝတ်ဆင်လိုက်သည်။ ထို့နောက် မီးခိုးအမည်းများ ထွက်နေဆဲဖြစ်သော ကျွမ်းသွားသည့် အလောင်းကို လွှတ်ချလိုက်ပြီး ၎င်းမှာ ကောင်းကင်ယံမှ ကျဆင်းသွားသည်။
(သံမဏိကိုယ်ထည်) ကြောင့် သူသည် အစစ်အမှန် ထိခိုက်မှုကို ခံနိုင်ရည် ရှိသည်။ စွမ်းအင်နှင့် သွေးအမှတ် လှည့်ပတ်မှုကြောင့် ပေါက်ကွဲမှုမှ ဆုံးရှုံးသွားသော သွေးအမှတ်မှာ လျင်မြန်စွာ ပြန်လည် ပြည့်တင်းသွားသည်။ သူသည် ဒဏ်ရာမရသည့်အပြင် ပို၍ပင် လန်းဆန်းသွားသည်ဟု ခံစားရသည်။
“အော်၊ အဆင့်မြင့် အသက်အားဖြည့်ခြင်းကနေ ရတဲ့ ပင်ကိုယ်အရည်အသွေးတွေက အလွှာတွေအများကြီး ထပ်နေလို့ကိုး၊ မဆန်းပါဘူး...”
ဟန်ရှောင်းသည် သူ၏ မျက်ခုံးကို အနည်းငယ် မြှင့်လိုက်သည်။
ကိုယ့်ကိုယ်ကိုယ် အစာမျှားအဖြစ် အသုံးပြုကာ ရန်သူကို ထိန်းချုပ်ပြီး ယန္တရားတပ်မတော်ဖြင့် ဖိအားပေး ပစ်ခတ်ခြင်းမှာ စွမ်းအင်နှင့် သွေးအမှတ် လှည့်ပတ်မှု စွမ်းရည်ကို ရရှိပြီးနောက် သူ၏ ဝှက်ဖဲတစ်ခု ဖြစ်လာသည်။ ရန်သူက မသိဘဲ သူ့အနား ချဉ်းကပ်လာသရွေ့ ဤထောင်ချောက်အတွင်းသို့ သက်ဆင်းရမည် ဖြစ်သည်။
(ဒဏ္ဍာရီ တိုက်ပွဲ နည်းစနစ်) ကို ရရှိပြီးနောက် ဤနည်းလမ်း၏ သေစေနိုင်စွမ်းမှာ ရန်သူကို သတ်ဖြတ်နိုင်သည့် အစွမ်းထက် ဝှက်ဖဲတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
တာမာရီယာမှာ အာရုံစိုက် ပစ်ခတ်မှုအောက်တွင် ချက်ချင်း သေဆုံးသွား၏။
သူမ မည်သူဖြစ်စေ ဟန်ရှောင်း၏ အမြင်တွင်မူ သူမမှာ သွေးအမှတ် ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ရှိသော အဆင့် အေ+ ‘စစ်သည်တော်’ တစ်ဦးသာ ဖြစ်ပြီး ဝမ်းကွန်ဘိုဖြင့် သတ်ရန် လုံလောက်နေသည်။
(TL Note: တိုက်ခိုက်ရေးနယ်ပယ်မှာ One Combo - ဝမ်းကွန်ဘို ဆိုတာ တစ်ချက်တည်းနဲ့ ပွဲသိမ်းလိုက်တာမျိုးကို ဆိုလိုတာပါ။ ပုံမှန်အားဖြင့် ကွန်ဘိုဆိုတာ တွဲလုံးတွေ - ၂ ကွက် ၃ ကွက် တိုက်ခိုက်ရတာမျိုးဖြစ်ပေမယ့် ဝမ်းကွန်ဘိုကတော့ တစ်ကွက်တည်းနဲ့ အပြီးချလိုက်တာမျိုးပေါ့။)
ဟန်ရှောင်းက လှည့်ကြည့်လိုက်ပြီး ထိတ်လန့်နေသော အခြား ကပ်ဘေးအဆင့် လေးဦးကို ပြုံးလျက် ကြည့်လိုက်သည်။
“လာလေ၊ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ကြတာပေါ့”
ကပ်ဘေးအဆင့် လေးဦးမှာ တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့် သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
“အနားကို မလာနဲ့”
စာစဉ် (၄၃)၊ အခန်း (၆၈၃) ပြီးပါပြီ။
လင်းဆက်
+++++
အခန်း (၆၈၄) အောင်ပွဲကို အဆုံးအဖြတ်ပေးခြင်း
ဘုန်း
လက်နက်တပ်ဆင်ထားသည့် ဂြိုလ်တုခံတပ်မှာ ယန္တရားတပ်မတော်၏ ထပ်ခါတလဲလဲ တိုက်ခိုက်ခြင်းကို ခံနေရသည်။ ကပ်ဘေးအဆင့် လေးဦးမှာ ဟန်ရှောင်းကို ဝိုင်းရံမထားနိုင်တော့ဘဲ သူတို့၏ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးနေကြရသည်။
ဟန်ရှောင်းသည် ရန်သူများကို တိုက်ခိုက်နေစဉ်မှာပင် လက်နက်တပ်ဆင်ထားသည့် ဂြိုလ်တုခံတပ်ကို ဟက်ကင်းလုပ်နေသည်။ ပြောရလျှင် ဂြိုလ်တုခံတပ်ကို ဖျက်ဆီးရန်မှာ သူ၏ ပင်မရည်မှန်းချက် ဖြစ်သည်။ တာမာရီယာကို သတ်ဖြတ်ပြီးနောက် အခြားလေးဦးမှာ သူ့အနားသို့ပင် မချဉ်းကပ်ရဲကြသဖြင့် သူ့ကို မည်သူမျှ နှောင့်ယှက်ခြင်း မရှိပေ။
သူ၏ ပုံရိပ်ယောင်နည်းပညာ စွမ်းရည်များစွာမှာ ယခင်ကထက် အဆင့်မြင့်လာပြီ ဖြစ်သောကြောင့် ဟန်ရှောင်းသည် အားစိုက်စရာမလိုဘဲ ဂြိုလ်တုခံတပ်၏ ထိန်းချုပ်မှုကို အောင်မြင်စွာ ရရှိခဲ့သည်။ အဆင့် အေ+ ပုံရိပ်ယောင် ယန္တရားပညာရှင် တစ်ဦးအနေဖြင့် AI အများစုကို ဖောက်ထွင်းဝင်ရောက်နိုင်သည်။
ဟန်ရှောင်းသည် ဂြိုလ်တုခံတပ်၏ စနစ်များအတွင်း ရှာဖွေကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ကိုယ်တိုင်ဖျက်ဆီးတဲ့စနစ် မပါဘူးလား။ နှမြောစရာပဲ”
ခဏမျှ စဉ်းစားပြီးနောက် ဟန်ရှောင်းသည် ဂြိုလ်တုခံတပ်၏ မျက်နှာပြင် လမ်းကြောင်းများကို ဖွင့်ရန် ထိန်းချုပ်လိုက်သည်။ ထို့နောက် သူသည် ယန္တရားစစ်သည်အချို့ကို ၎င်းအတွင်းသို့ စေလွှတ်လိုက်ပြီး ဆင့်ပွား ဆိုင်ရွန်းနစ်ဗုံးများကို ဆင်ထားလိုက်သည်။
ထိရောက်မှုအပိုင်းတွင် ဂြိုလ်တုခံတပ်ကို အပြင်ဘက်မှ ဖျက်ဆီးခြင်းထက် အတွင်းပိုင်းရှိ စွမ်းအင်မီးဖိုကို ဖျက်ဆီးခြင်းက ပို၍ လွယ်ကူသည်။
တစ်ချိန်တည်းမှာပင် ပင်မစစ်မြေပြင်၌ သွက်လက်မြန်ဆန်သော အာကာသယာဉ်ငယ် အချို့မှာ ရှုပ်ထွေးနေသော စစ်မြေပြင်ကြားတွင် ဖြတ်သန်းနေကြသည်။ ၎င်းတို့အတွင်း၌ မောရက်ဒ် စေလွှတ်လိုက်သော ကပ်ဘေးအဆင့် စူပါများ ပါဝင်သည်။ သူတို့သည် ရန်သူ့ကာကွယ်ရေးကို ဖောက်ထွက်ကာ ဟန်ရှောင်းကို စစ်ကူပေးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
သို့သော် စစ်မြေပြင်တွင် စွမ်းအားမြင့် ပါတီကယ်အမြောက် တိုက်ခိုက်မှုများမှာ အလွန်ပင် သိပ်သည်းလှသဖြင့် စစ်ကူအဖွဲ့များမှာ ရန်သူကို မဖောက်ထွက်နိုင်ဘဲ ထပ်ခါတလဲလဲ နောက်ဆုတ်နေကြရသည်။
သွေးစွန်းကုန်းမြေ ယာဉ်တန်းများသည် အမြန်စစ်ကူလမ်းကြောင်းများမှတစ်ဆင့် စစ်မြေပြင်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာသဖြင့် ပင်မယာဉ်တန်းမှာ ဤစစ်ကူအဖွဲ့များအတွက် အကာအကွယ် မပေးနိုင်တော့ပေ။
“အခြေအနေက မကောင်းဘူး။ ငါတို့ အချိန်အများကြီး ဖြုန်းမိသွားပြီ။ အခြေစိုက်စခန်းတွေက ရန်သူတွေဟာ သူတို့ကို ဟန့်တားထားတဲ့ အဖွဲ့တွေကို အနိုင်ယူပြီး အခြေစိုက်စခန်းဆီကို အလွန် လျင်မြန်စွာ ရောက်လာနေကြပြီ။ ငါတို့ ရင်ဆိုင်နေရတဲ့ ရန်သူ့အရေအတွက်က အဆပေါင်းများစွာ တိုးလာနေပြီ။”
ပင်မသင်္ဘောအတွင်း၌ မောရက်ဒ်မှာ အစီရင်ခံစာကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားသည်။
သူသည် သွားကြိတ်ကာ စကားလုံးများကို ခက်ခဲစွာ ပြောလိုက်သည်။
“ဒီအတိုင်းသာ ဆက်သွားရင် ငါတို့မှာ သနားစရာကောင်းတဲ့ အောင်ပွဲပဲ ရလိမ့်မယ်။ ဘလက်စတားက ဒီအခြေအနေကို ချိုးဖောက်နိုင်မယ့် သော့ချက်ပဲ၊ ဒါပေမဲ့ သူက စစ်ကူမပါဘဲ တစ်ယောက်တည်း ဖြစ်နေတယ်။ ငါတို့ လွှတ်လိုက်တဲ့ စစ်ကူတွေက ရန်သူ့ကာကွယ်ရေးကို ခုထိ မဖောက်နိုင်သေးဘူးလား”
“မဖောက်နိုင်သေးပါဘူး။ ရန်သူတွေက ငါတို့ရဲ့ ရည်ရွယ်ချက်ကို သိပုံရပြီး ဘလက်စတား ရှိနေတဲ့ ဂြိုလ်တုခံတပ်ဆီကို သွားတဲ့ လမ်းကြောင်းအားလုံးကို လုံးဝ ပိတ်ဆို့ထားပါတယ်”
မောရက်ဒ်၏ မျက်နှာအမူအရာမှာ ပြတ်သားသွားသည်။ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ အသင်းအားလုံး စစ်ကြောင်းကို ကျုံ့လိုက်ပြီး သူ့ဆီကို တည့်တည့် ချီတက်ကြ။ စစ်ကူအဖွဲ့တွေအတွက် လမ်းဖွင့်ပေးပြီး ရန်သူ့ကာကွယ်ရေးကို ဖောက်ထွင်းကြ”
သူ့စကား ဆုံးသွားသည်နှင့် လူတိုင်း ထိတ်လန့်သွားကြသည်။
လက်ရှိ အခြေအနေမှာ အလွန်ပင် ရှင်းလင်းလှသည်။ ၎င်းကို အလွှာငါးလွှာအဖြစ် ခွဲခြားနိုင်သည်။
အပြင်ဘက်ဆုံးအလွှာမှာ မောရက်ဒ်နှင့် ဆက်ရှင်ဇီးရိုး ယာဉ်တန်း သုံးခု ရှိသည်။ ၎င်း၏ အတွင်းဘက် တစ်လွှာမှာ အခြေစိုက်စခန်း၏ ကာကွယ်ရေးယာဉ်တန်း ဖြစ်သည်။ ထိုနှစ်ဖွဲ့မှာ အချင်းချင်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ကာကွယ်ရေးယာဉ်တန်း၏ နောက်တွင် အခြေစိုက်စခန်း၏ ဧရာမ အကာအကွယ်ဒိုင်း ရှိပြီး ၎င်းက ပြင်ပစစ်မြေပြင်နှင့် အခြေစိုက်စခန်း ဗဟိုချက်ကို ပိုင်းခြားထားသည်။ ၎င်း၏ အတွင်းဘက် တစ်လွှာတွင် အခြေစိုက်စခန်းကို ဝန်းရံထားသော လက်နက်တပ်ဆင်ထားသည့် ဂြိုလ်တုခံတပ် ကိုးခု ရှိသည်။ ဤအရာအားလုံး၏ အလယ်ဗဟိုတွင်မူ ဆက်ရှင်ဇီးရိုးက ဖျက်ဆီးရန် စီစဉ်ထားသော တီ-၀၄ ဟိုက်ပါဒရိုက် အခြေစိုက်စခန်း ရှိနေသည်။
မောရက်ဒ်၏ အမိန့်မှာ ယာဉ်တန်းတစ်ခုလုံး စစ်ကူမပါဘဲ ရှေ့သို့ ချီတက်ရန်နှင့် ဘလက်စတားအတွက် စစ်ကူအဖွဲ့များအား လမ်းဖွင့်ပေးရန် ဖြစ်သည်။ ဤသည်မှာ ဆုတ်ခွာရန် အခွင့်အရေးကို စွန့်လွှတ်ပြီး ရန်သူ၏ ဝိုင်းရံမှုအတွင်းသို့ တမင်တကာ ဝင်ရောက်ခြင်းနှင့် မခြားနားပေ။
အကယ်၍ သူတို့သည် ရန်သူ၏ ကာကွယ်ရေးမျဉ်းကို ဖောက်ထွင်းနိုင်သော်လည်း အခြေစိုက်စခန်း အကာအကွယ်ဒိုင်းကို ချက်ချင်း မဖျက်ဆီးနိုင်ပါက ၎င်းသည် သူတို့၏ အဆုံးသတ် ဖြစ်သွားလိမ့်မည်။
“ဒါက လောင်းကစားပဲ။ အန္တရာယ် အရမ်းများလွန်းတယ်”
“ဒီလို မဆင်မခြင် လုပ်တဲ့နည်းလမ်းကို ငါ သဘောမတူဘူး။ ပုံမှန်အတိုင်း တိုက်တာက ပိုကောင်းပါတယ်”
ယာဉ်တန်း ကပ္ပတိန်များစွာက ကန့်ကွက်ကြသည်။ သူတို့မှာ မိတ်ဖက်အဖွဲ့အစည်းများမှ ဖြစ်ကြပြီး မောရက်ဒ်၏ တိုက်ရိုက်လက်အောက်ခံများ မဟုတ်ကြပေ။
မဟာမိတ်တပ်ဖွဲ့၏ အားနည်းချက်မှာ ထပ်မံ ပေါ်ပေါက်လာပြန်ပြီ ဖြစ်သည်။ အန္တရာယ်ရှိသော စွန့်စားမှုများကို ရင်ဆိုင်ရချိန်တွင် သူတို့မှာ စည်းလုံးမှု မရှိကြဘဲ စစ်ပွဲတစ်ခုလုံး၏ ရလဒ်ထက် သူတို့၏ ကိုယ်ပိုင်ဘေးကင်းရေးကိုသာ ဦးစားပေးကြသည်။
ဆက်သွယ်ရေး လိုင်းမှတစ်ဆင့် ကန့်ကွက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မောရက်ဒ်မှာ ပို၍ ဒေါသထွက်လာသည်။ ဖိုင်လန် တော်လှန်ရေးသမားများသာ သူ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ရှိသော်လည်း ၎င်းတို့မှာ မလုံလောက်ပေ။ သူသည် အခြား အဖွဲ့အစည်းများ၏ အကူအညီကို လိုအပ်သည်။
ဘုန်း
မောရက်ဒ်မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူသည် စားပွဲကို အားပါပါ ရိုက်လိုက်ပြီး ကပ္ပတိန်များ၏ ကန့်ကွက်သံများကို ဖြတ်တောက်လိုက်သည်။
“ငါ သိပါတယ်၊ မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ခရမ်းရောင်သလင်းကျောက်ရဲ့ မျက်နှာသာပေးမှုကို ခံရပြီး ကြယ်စုတန်း အဆင့် လူမှုအဖွဲ့အစည်းရဲ့ ရေရှည်မိတ်ဖက် ဖြစ်ချင်နေကြတာပဲ။ ဒါပေမဲ့ မင်းတို့က အဲဒါအတွက် အသက်နဲ့ရင်းပြီး မတိုက်ချင်ကြဘူး။ ခရမ်းရောင်သလင်းကျောက် လူမှုအဖွဲ့အစည်းက လှည့်စားရလွယ်တယ်လို့ မင်းတို့ ထင်နေတာလား”
“ငါ သွေးစွန်းကုန်းမြေဆီမှာ ထပ်ခါတလဲလဲ ရှုံးနိမ့်နေရတာကို တော်တော် စိတ်ကုန်နေပြီ။ အခု ငါတို့ ရှေ့မှာ အခွင့်အရေးတစ်ခု ရှိနေတယ်။ လူကြီးမင်း ဘလက်စတားက သူ့အသက်ကို ရင်းပြီး ရန်သူတွေကို တိုက်ခိုက်နေတယ်။ ငါတို့သာ သူ့ကို စစ်ကူပေးနိုင်ရင် ဒီအခြေအနေကို ချိုးဖောက်ပြီး တိုက်ပွဲကို အနိုင်ရလိမ့်မယ်။”
“မင်းတို့အားလုံးက ကိုယ့်ကြယ်စနစ်မှာ ကိုယ် နာမည်ကျော်တဲ့ အဖွဲ့အစည်းကြီးတွေပဲ၊ ဘာလို့ အခုမှ လူကြောက်တွေ ဖြစ်ကုန်ကြတာလဲ။ အန္တရာယ် နည်းနည်းကိုတောင် မစွန့်စားရဲရင် ငါ ဒီစကားပြောတာကို ခွင့်လွှတ်ပါ၊ မင်းတို့ ဘာလို့ ဒီစစ်ပွဲထဲ ဝင်ပါခဲ့ကြတာလဲ”
ဆက်သွယ်ရေးလိုင်းမှာ တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမပြောကြတော့ပေ။
၎င်းကို မြင်သောအခါ မောရက်ဒ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “အမိန့်ကို နာခံကြ”
ယာဉ်တန်းတစ်ခုလုံးမှာ နှေးကွေးစွာ ချီတက်ခြင်း မရှိတော့ပေ။ သူတို့သည် စစ်ကြောင်းကို ကျုံ့လိုက်ပြီး အခြေစိုက်စခန်း ကာကွယ်ရေးယာဉ်တန်း၏ စစ်ကြောင်းအတွင်းသို့ တူကြီးတစ်ချောင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်ကြသည်။
အရပ်မျက်နှာ အားလုံးမှ တိုက်ခိုက်မှုများကို တောင့်ခံရင်း ယာဉ်တန်းသည် ရန်သူ့ယာဉ်တန်း၏ အတွင်းပိုင်းအထိ ဝင်ရောက်သွားပြီး ဟန်ရှောင်း ရှိနေသည့် လက်နက်တပ်ဆင်ထားသည့် ဂြိုလ်တုခံတပ်ဆီသို့ ဦးတည်လိုက်သည်။
ပထမတွင် ရန်သူ့ယာဉ်တန်းမှာ ရုတ်တရက် ပြောင်းလဲမှုကြောင့် ရှုပ်ထွေးသွားသော်လည်း သူတို့သည် စစ်ကြောင်းကို အမြန် ပြန်လည် ချိန်ညှိပြီး မောရက်ဒ်၏ ယာဉ်တန်းကို ဟန့်တားလိုက်ကြသည်။
မကြာခင်မှာပင် မောရက်ဒ်၏ ယာဉ်တန်းမှာ အရှိန်အဟုန်ဖြင့် မချီတက်နိုင်တော့ပေ။ ရွှံ့နွံအတွင်းသို့ နင်းမိသွားသကဲ့သို့ ရှေ့သို့ တစ်လှမ်းတိုးရန်ပင် ခက်ခဲလာသည်။ ဤအချိန်တွင် သူတို့သည် ကာကွယ်ရေးမျဉ်း၏ အတွင်းပိုင်းအထိ ရောက်ရှိနေပြီ ဖြစ်ပြီး ဂြိုလ်တုခံတပ်၏ အကာအကွယ်ဒိုင်းနှင့် အနည်းငယ်သာ ကွာဝေးတော့သည်။
သို့သော် ဤမျှ နီးကပ်သော အကွာအဝေးကို ဖြတ်ကျော်ရန်အတွက် မောရက်ဒ်၏ ယာဉ်တန်းမှာ ဤနေရာသို့ လာခဲ့သော အချိန်ထက် ဆယ်ဆခန့် ပို၍ ကြာမြင့်မည့်ပုံ ပေါ်နေသည်။
“တောင့်ထားကြ။ ဂြိုလ်တုခံတပ်က ငါတို့ ရှေ့တင်မှာပဲ ရှိတော့တယ်။”
တိုက်ခိုက်မှုများကြောင့် ထိန်းချုပ်ခန်းမှာ တုန်ခါနေစဉ် မောရက်ဒ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “စစ်ကူအဖွဲ့တွေ၊ မင်းတို့ အလှည့်ရောက်ပြီ”
ထိုအချိန်တွင် စစ်ကူအဖွဲ့များကြား၌ လေထုမှာ တင်းမာနေသည်။
လေးနက်သော မျက်နှာထားဖြင့် ကပ်ဘေးအဆင့်များ၏ ကပ္ပတိန်က ကျယ်လောင်စွာ ပြောလိုက်သည်။ “အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ။ လူကြီးမင်း ဘလက်စတားက ငါတို့ရဲ့ အကူအညီကို လိုအပ်နေတယ်။ သွားကြစို့”
နောက်တစ်ခဏတွင် ထိုကပ်ဘေးအဆင့် စူပါများသည် အာကာသယာဉ်ပေါ်မှ ခုန်ချလိုက်ပြီး အခြား အာကာသယာဉ်များကို အကာအကွယ်ယူကာ လျင်မြန်စွာ လှုပ်ရှားကြရင်း မောရက်ဒ်၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် ကာကွယ်ရေးမျဉ်းကို နောက်ဆုံး၌ ဖောက်ထွင်းနိုင်ခဲ့ကြသည်။ သူတို့သည် ဂြိုလ်တုခံတပ်ဆီသို့ ဦးတည်လိုက်ကြသည်။
မောရက်ဒ်သည် ဂြိုလ်တုခံတပ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသော ထိုကပ်ဘေးအဆင့် စူပါများကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။
အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှုမှာ ဤအရာအပေါ်တွင်သာ မူတည်နေသည်။
သို့သော် သူ အလွန်အမင်း စိုးရိမ်နေစဉ်မှာပင် တစ်စုံတစ်ခု ရုတ်တရက် ဖြစ်ပျက်သွားသည်။
စစ်ကူအဖွဲ့ဝင်များမှာ ဂြိုလ်တုခံတပ်၏ အကာအကွယ်ဒိုင်းဆီသို့ ရောက်ခါနီးမှာပင် ဂြိုလ်တုခံတပ်မှာ စူးရှသော အလင်းရောင်များ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားသည်။
ဂြိုလ်တုခံတပ် တစ်ခုလုံးမှာ အတွင်းပိုင်းမှနေ၍ ပေါက်ကွဲသွားခြင်း ဖြစ်သည်။ ဂြိုလ်အသေးလေးတစ်ခုနှင့် တူသော ဤခံတပ်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း၌ တောက်ပသော ပေါက်ကွဲမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ချပ်ဝတ်တန်ဆာ အပိုင်းအစများ၊ အစိတ်အပိုင်းများနှင့် ယန္တရားများမှာ လွင့်စင်သွားပြီး ပျံဝဲနေသော အာကာသ အမှိုက်များ ဖြစ်သွားကြသည်။ ပေါက်ကွဲမှု အရှိန်မှာ ဂြိုလ်တစ်ခု ပေါက်ကွဲသည်နှင့် မခြားပေ။
ခံတပ် ပျက်စီးသွားသည်နှင့်အမျှ အခြေစိုက်စခန်း အကာအကွယ်ဒိုင်း၏ စွမ်းအင် ထုတ်လွှတ်ရာ စက်တစ်ခု ဆုံးရှုံးသွားသည်။ ဤနယ်မြေရှိ ဒိုင်းကာမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ယာဉ်တန်းတစ်ခု ဝင်ရောက်နိုင်လောက်အောင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာသည်။
ထိုအပေါက်၏ နောက်ကွယ်တွင်မူ မည်သည့် ကာကွယ်ရေးမျှ မရှိတော့သော ဟိုက်ပါဒရိုက် အခြေစိုက်စခန်း ရှိနေသည်။
ရန်သူ၏ ဗဟိုချက်ဆီသို့ လမ်းကြောင်း ပွင့်သွားပြီ ဖြစ်သည်။
ဂြိုလ်တုခံတပ်၏ အပျက်အစီးများကြားမှ လူတစ်ယောက် ပျံသန်း ထွက်ပေါ်လာသည်။
ဟန်ရှောင်းပင် ဖြစ်သည်။
ရုတ်တရက် ပေါက်ကွဲမှုကြောင့် စစ်မြေပြင်ရှိ လူတိုင်း၏ အာရုံမှာ ထိုဘက်သို့ ရောက်ရှိသွားသည်။ ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ အားလုံးမှာ ထိတ်လန့်တုန်လှုပ်သော မျက်နှာများဖြင့် လှမ်းကြည့်လိုက်ကြသည်။
ဘလက်စတားက ဂြိုလ်တုခံတပ်ကို တစ်ယောက်တည်း ဖျက်ဆီးပစ်လိုက်ပြီ။
ယန္တရားတပ်မတော်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။ ဟန်ရှောင်းသည် သူ၏ စစ်တပ်သေတ္တာများကို ယူဆောင်ကာ အပျက်အစီးများကြားမှ ထွက်ခွာလာသည်။ သူ၏ ယန္တရားဝတ်စုံပေါ်တွင် မီးလောင်ရာ အများအပြား ရှိနေသည်။
သူသည် စစ်ကူအဖွဲ့ဝင်များကို ချက်ချင်း မြင်လိုက်ရသည်။ သူက လက်ဝှေ့ယမ်းပြကာ အသံလွှင့် အချက်ပြလိုက်သည်။
“မင်းတို့ နောက်ကျသွားပြီ”
စစ်ကူအဖွဲ့ဝင်များမှာ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ယခုမူ ဂွမ်းပုံကို လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် ကြောင်တောင်တောင်ဖြင့် ဟန်ရှောင်းကို ကြည့်နေကြသည်။
“ရန်... ရန်သူတွေ ဘယ်မှာလဲ”
“မင်း သူတို့ အားလုံးကို သတ်ပစ်လိုက်တာလား”
သူတို့မှာ လုံးဝ ထိတ်လန့်သွားကြသည်။
‘ဘလက်စတားက ကပ်ဘေးအဆင့် ဘယ်နှယောက်ကို သတ်ပစ်လိုက်တာလဲ။’
“တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”
မောရက်ဒ်သည် ခဏမျှ ကြောင်သွားပြီးမှ အလွန် ဝမ်းသာသွားကာ စိတ်လှုပ်ရှားစွာ ဟစ်အော်လိုက်သည်။
သူသည် ဘလက်စတားမှာ ရန်သူ့ထိန်းချုပ်မှုကို ခံထားရပြီး စစ်ကူမရှိဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်မူ သူ ထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဘလက်စတားက ကပ်ဘေးအဆင့်များစွာ၏ ဝိုင်းရံမှုအောက်တွင်ပင် ခံတပ်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
တကယ်ကို အားကိုးထိုက်တဲ့သူပဲ။
အကာအကွယ်ဒိုင်းမှာ အချိန်ကိုက် ပျက်စီးသွားသဖြင့် ၎င်းမှာ အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
အခြားအရာများကို တွေးတောရန် အချိန်မရှိသဖြင့် မောရက်ဒ်မှာ အခွင့်အရေးကို ဆုပ်ကိုင်ကာ အမိန့်များကို အမြန် ထုတ်ပြန်လိုက်သည်။ ယာဉ်တန်းတစ်ခုလုံးမှာ ဧရာမ အကာအကွယ်ဒိုင်းရှိ အပေါက်မှတစ်ဆင့် အခြေစိုက်စခန်းဆီသို့ တည့်တည့် ချီတက်ကာ ပြင်းထန်စွာ ပစ်ခတ်ကြတော့သည်။
တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်းမှာ တိုက်ခိုက်မှုများကြောင့် တုန်ခါနေသည်။ အတွင်းပိုင်း မြင်ကွင်းမှာ လုံးဝ ပရမ်းပတာ ဖြစ်နေသည်။ စူးရှသော အချက်ပေးသံများမှာ နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည်။
“သတိပေးချက်၊ သတိပေးချက်။ စွမ်းအားမြင့် တိုက်ခိုက်မှု တွေ့ရှိရသည်။”
သေမင်း၏ နောက်ဆုံးအချိန် ရေတွက်မှုကဲ့သို့ ပြတင်းပေါက် အပြင်ဘက်မှ တောက်ပသော အလင်းတန်း တိုက်ခိုက်မှုများမှာ လျင်မြန်စွာ ချဉ်းကပ်လာသည်။
ပင်မထိန်းချုပ်ခန်း အတွင်း၌ စခန်းတပ်မှူးသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်ရင်း ထိတ်လန့်မှုကြောင့် တုန်ယင်နေသည်။ သူ့ဘေးရှိ လူတိုင်းကဲ့သို့ပင် သူသည်လည်း မျှော်လင့်ချက် ကင်းမဲ့နေသည်။
သူ ၎င်းကို နားမလည်နိုင်ပေ။ ဘာလို့ ဘလက်စတားက သတင်းအချက်အလက်တွေထဲမှာ ပြောထားတာထက် အများကြီး ပိုပြီး သန်မာနေရတာလဲ။
သူသည် မတော်တဆ ဖြစ်ရပ်များ မရှိစေရန် တာမာရီယာကို စစ်ကူပေးဖို့ ကပ်ဘေးအဆင့် ငါးဦးကို စေလွှတ်ခဲ့သည်။ သူတို့သည် ဘလက်စတား၏ စစ်ကူများကို တားဆီးရန် ဖြစ်သည်။ သို့သော် ထိုစစ်ကူငါးဦး လမ်းခုလတ်မှာ ရှိနေစဉ်မှာတင် ဘလက်စတားက တာမာရီယာကို သတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူမမှာ ထိုနေရာတွင် အသန်မာဆုံးသူ ဖြစ်သော်လည်း ဤသို့ပင် အသတ်ခံလိုက်ရသည်။
စစ်ကူငါးဦး ရောက်ရှိလာချိန်တွင် တာမာရီယာနောက် လိုက်ပါသွားသော ကပ်ဘေးအဆင့် လေးဦးမှာ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရခြင်းများ ဖြစ်နေပြီး ၎င်းတို့မှာ ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။ ဘလက်စတားသည် ထိုနေရာ၌ ရပ်မနေဘဲ ရောက်ရှိလာသော စစ်ကူ ငါးဦးကိုပါ ဆက်လက် ချေမှုန်းပစ်ခဲ့သည်။
ဘလက်စတား တစ်ဦးတည်းကပင် အခြေစိုက်စခန်းတွင် ထားရှိထားသော အဆင့်မြင့် တိုက်ခိုက်ရေးသမား ထက်ဝက်ကျော်ကို အနိုင်ယူပစ်လိုက်သည်။
သတင်းအချက်အလက် ဖိုင်ထဲတွင်ပါသော ‘ဘလက်စတားကို ကိုင်တွယ်နည်း’ ဆိုသည့် အချက်အလက်မှာ လုံးဝ အသုံးမဝင်ပေ။
ဤသည်မှာ သူတို့၏ အစီအစဉ်အားလုံးကို လုံးဝ ပျက်စီးသွားစေသည်။ စခန်းတပ်မှူးမှာ ကြောက်ရွံ့လွန်းသဖြင့် ဘာကိုမျှ မစဉ်းစားနိုင်တော့ပေ။
ဤကဲ့သို့သော လွှမ်းမိုးနိုင်သည့် အစွမ်းထက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူသည် အားကိုးရာမဲ့နေပြီး မည်သည့် ဖြေရှင်းချက်မျှ မရှိပေ။ သူ လုပ်နိုင်သမျှမှာ ဘလက်စတားက လက်နက်တပ်ဆင်ထားသည့် ဂြိုလ်တုခံတပ်ကို မီးရှူးမီးပန်းများအဖြစ် ပြောင်းလဲလိုက်သည်ကို ကြည့်နေရန်သာ ဖြစ်သည်။
အချိန်များမှာ နှေးကွေးသွားသကဲ့သို့ ခံစားရပြီး တိုက်ခိုက်မှုများမှာ ပို၍ နီးကပ်လာသည်။ တောက်ပသော အလင်းရောင်များမှာ စခန်းတပ်မှူး၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး သူ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားသည်။
ဤအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။
“ငါ... ဘလက်စတားကို ရှုံးသွားပြီ”