မြို့စားကြီး၏ သားတော်ထံမှ ဖိတ်ကြားချက်
Vol. 39 Ch. 573
ငရဲနတ်ဆိုး စစ်တပ်မှာ နောက်ဆုံးတွင် လက်နက်ချခဲ့သည်။
တိတိကျကျပြောရလျှင် နတ်ဆိုးဘုရင် မမ်မွန်က လက်နက်ချခဲ့ခြင်း ဖြစ်၏။
ရှားလော့ခ်က မမ်မွန်ကို အပြစ်ရှိကြောင်း ဖော်ပြနိုင်သော သက်သေ အထောက်အထားများ ပိုင်ဆိုင် ထားသည်။
ရှားလော့ခ်က ရှေးဟောင်း နတ်ဘုရားများ၏ ဒန်ဂျင်အမြုတေကို ပြန်ပေးအပ်မည် မဟုတ်ပေ။ သူက ယင်းကို သူ့ ဒန်ဂျင်အမြုတေထဲသို့ ပေါင်းစပ်လိုက်ပြီ ဖြစ်ကြောင်း မမ်မွန်အား အကြောင်းကြားလိုက်သည်။
ဖြစ်နိုင်ပါက နတ်ဆိုးဘုရင် မမ်မွန်မှာ ငရဲနတ်ဆိုး စစ်တပ်ကို အသုံးချ၍ ထာဝရတိုင်းပြည်ကို ဖျက်ဆီး ချင်ပေသည်။ နောက်ဆက်တွဲ အကျိုးဆက်များက ဒုက္ခများနိုင်သော်လည်း ယင်းက သူ့အတွက် အန္တရာယ်တော့ မပေးနိုင်ပေ။ အများဆုံး သူ ဆုံးရှုံးမှုတချို့ ခံစားရရုံမျှသာ။
ခေတ်ကာလက မတူတော့သော်လည်း မမ်မွန်မှာ အားကောင်းမြဲ အားကောင်းနေဆဲပင်။
သို့သော် သူ့တွင် ထာဝရတိုင်းပြည်ကို ဖျက်ဆီးနိုင်စွမ်း မရှိခဲ့ပေ။
ငရဲနတ်ဆိုး စစ်တပ်၏ ရှေ့ပြေးတပ်ဖွဲ့မှာ လယ်ယာရှိ ဝိုင်းရံပိတ်ဆို့မှုအား ဖောက်ထွင်းနိုင်ခြင်းပင် မရှိသောကြောင့် ထာဝရတိုင်းပြည်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထာဝရတိုင်းပြည်ဘက်မှ ဂိုဘလင်များကိုသာ တပ်ဖြန့်ထားကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ ၎င်းမှာ နတ်ဆိုးဘုရင် မမ်မွန်ကို လှောင်နေ သကဲ့သို့ပင်။
"ငါ့ ဂိုဘလင်တွေ မင်းရဲ့ နတ်ဆိုးတွေကို ဘယ်လို အနိုင်ယူခဲ့လဲ ဆိုတာပဲ ကြည့်လိုက်ဦး။ ဒါတောင် ငါ့ အော့ခ်တွေနဲ့ အဆင့်မြင့် မျိုးနွယ်စုတွေ ဝင်မပါသေးဘူး။"
ကုန်သည် မဟာမိတ် အဖွဲ့မှာ အစပိုင်းတွင် ရှားလော့ခ် အတွက် စိုးရိမ်နေသော်လည်း အခြေအနေ ကောင်းသည်ကို မြင်ရပြီးနောက် သူတို့ စိတ်သက်သာရာ ရသွားကြသည်။ သို့သော် သူတို့ ဂိုဘလင်များ၏ သေဆုံးမှုများကြောင့် မကျေမနပ် ဖြစ်ကြသည်။ မီဒီယာများပင်လျှင် အံ့ဖွယ်ရာ ထိခိုက်သေဆုံးမှုနှုန်းကို စောင့်ကြည့်ခဲ့ကြသည်။
ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများက စစ်ပွဲ စတင်ခဲ့သော အရှင်ရှားလော့ခ်နှင့် အရှင်မမ်မွန်တို့ နှစ်ဦးလုံးကို ရှုတ်ချခဲ့သည်။
ပြီးတော့ ဘာမှဆက်မဖြစ်တော့ပေ။
အရှင် ရှားလော့ခ်နှင့် မမ်မွန်တို့ ကြားမှ သဘောတူညီချက်က ရိုးရှင်း၏။ အရှင်ရှားလော့ခ်မှာ အရှင်မမ်မွန်ထံမှ မည်သည့် ပစ္စည်းအကျိုးအမြတ် သို့မဟုတ် မှော်ကျောက်တုံးများမျှ မရခဲ့ပေ။
အရှင်မမ်မွန်က ထာဝရတိုင်းပြည် အတွက် ပြည့်စုံသော ကန့်သတ်ဒန်ဂျင် နယ်မြေ တစ်ခု ထောက်ပံ့ပေးရမည် ဖြစ်၏။
"ငါ ငရဲနတ်ဆိုး စစ်တပ်ကို အရမ်း စိတ်ဝင်စားတယ်။ သူတို့က ငါ့ နိုင်ငံသားတွေအတွက် အရမ်း ကောင်းတဲ့ လေ့ကျင့်ရေး ပစ်မှတ်တွေပဲ။ ငြိမ်းချမ်းတဲ့ ခေတ်ကာလမှာ ငရဲနတ်ဆိုး စစ်တပ်က သိပ်အသုံးဝင်တာ မရှိဘူး။ သူတို့ကို ထာဝရတိုင်းပြည်က ငါ့ စစ်သည်တော်တွေနဲ့ လေ့ကျင့်ခိုင်းထားတာက ပိုကောင်းမယ်။"
အရှင်မမ်မွန်မှာ အရှင် ရှားလော့ခ် ထိုသို့ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက ရှားလော့ခ်အား ကြီးမားသော လျော်ကြေးများ ပေးရလိမ့်မည်ဟု ယူဆထားသည်။
ထာဝရတိုင်းပြည်နှင့် လေ့ကျင့်ရေး လေ့ကျင့်ခန်း တစ်ခု ပြုလုပ်ပေးရုံဖြင့် လုံလောက်ပါသလော။ ယင်းက ငွေဖြင့် ပေးချေရန် မလိုအပ်သဖြင့် အရှင်မမ်မွန်အတွက် ပြဿနာကြီး တစ်ခု မဟုတ်ပေ။ ငွေကို မက်မောသော နတ်ဆိုးဘုရင်အတွက် ငွေတစ်ပြား တစ်ချပ်မျှ မပေးချေရပါက ၎င်းမှာ ကိစ္စကောင်းပင်။
သူက လေ့ကျင့်ရေး လေ့ကျင့်ခန်းများ အတွက်လည်း စိုးရိမ်နေစရာ မလိုပေ။ အရှင်ရှားလော့ခ်၏ အဆိုအရ အရှင်မမ်မွန်မှာ တိုက်ခိုက်ရေး သမားများနှင့် လေ့ကျင့်ရေးကွင်း တစ်ခု ထောက်ပံ့ပေးရန်သာ လိုပေမည်။
သို့သော် စာမျက်နှာ ရာချီရှိသည့် ဇာတ်ညွှန်း ဗားရှင်းများစွာနှင့် ရှုပ်ထွေးသော မီးအလင်းရောင်၊ အသံပြုလုပ်ချက် လိုအပ်ချက်များတော့ ရှိသည်။
နောက်ဆုံးအခန်းမှ ရတနာသေတ္တာအား ပစ္စည်း ကိရိယာများ သို့မဟုတ် တခြား ရတနာများဖြင့် ဖြည့်တင်း ပေးထားရမည် ဖြစ်၏။
လိုအပ်ချက်များမှာ အလွန် အသေးစိတ် ကျ၏။ နတ်ဆိုးဘုရင် မမ်မွန် နားမလည်နိုင်သော အရာဟူ၍ မရှိပေ။ ၎င်းမှာ အတော်အတန် အလုပ်ရှုပ်သော်လည်း မှော်ကျောက်တုံးများ အသုံးပြု၍ လျော်ကြေးပေးရန် မလိုသဖြင့် သူ ဝမ်းမြောက် နေခဲ့သည်။
ယင်းက အရှင်ရှားလော့ခ် အတွက်လည်း အကျိုးရှိသည်။ သူက နတ်ဆိုးဘုရင် မမ်မွန်ထံမှ မှော်ကျောက်တုံးများ လျော်ကြေး မရသော်လည်း မမ်မွန်အား ကန့်သတ်ဒန်ဂျင် နယ်မြေ အသစ် တစ်ခု တည်ထောင် စေနိုင်ခဲ့သည်။ ကန့်သတ်ဒန်ဂျင် နယ်မြေအသစ်၏ ဇာတ်လမ်းတွဲများနှင့် စည်းမျဉ်းများမှာလည်း ယခင် ကန့်သတ်ဒန်ဂျင် နယ်မြေများနှင့် ဆင်တူ၏။ အဓိက ဇာတ်လမ်းမှာ ဂိမ်းမာများက ကမ္ဘာ့ကယ်တင်ရှင်များ ဖြစ်လာပြီး သနားစရာ ကမ္ဘာကြီးကို ကယ်တင်ရန် ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ကို အနိုင်ယူရမည်ပင်။
သို့သော် ဤသို့သော အသေးအဖွဲ ကိစ္စရပ်များကို ယခု မဆွေးနွေးနေသင့်ပေ။
လယ်ယာအား နောက်ဆုံးတွင် ငရဲနတ်ဆိုးစစ်တပ်နှင့် စစ်ပွဲတွင် အများဆုံး စွမ်းဆောင်နိုင်ခဲ့သော ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့အား ချီးမြှင့်ပေးလိုက်သည်။
သူတို့က ထိခိုက်သေဆုံးမှုနှုန်း အနိမ့်ဆုံးဖြင့် ငရဲနတ်ဆိုး စစ်တပ်မှ စစ်သည်တော် အရေအတွက် အများဆုံးကို အနိုင်ယူ နိုင်ခဲ့ကြသည်။ စစ်ပွဲအစီအစဉ် တစ်ခုလုံး ပေါင်းပါက သူတို့က နတ်ဆိုးစစ်သား သုံးဦးကို အနိုင်ယူ နိုင်ခဲ့ပြီး ချပ်ဝတ်ငါးခုကို သိမ်းယူ နိုင်ခဲ့ကြသည်။
သိမ်းယူနိုင်ခဲ့သော ချပ်ဝတ်များမှာ သူတို့၏ နောက်ဆုံးပေါ် သိုလှောင်ပစ္စည်း ဖြစ်လာသည်။
ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှာ လယ်ယာအတွက် ငွေပေးချေရန် မလိုတော့ပေ။ သို့သော် ကိုင်တွယ် ဆောင်ရွက်ခများ၊ အစည်းအရုံး ပြုပြင်ထိန်းသိမ်းမှု ကြေးများနှင့် သက်ဆိုင်ရာ အခွန်များ အတွက် ကုန်ကျစရိတ်များကိုတော့ ပေးခဲ့ရသည်။
ထိုအခကြေးငွေများမှာ ချမ်းသာပြီး အစွမ်းထက်သော ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့အတွက် မပြောပလောက်သော ပမာဏများသာ ဖြစ်သည်။
ငရဲနတ်ဆိုး စစ်တပ်က သူတို့၏ လက်နက်များနှင့် ပစ္စည်း ကိရိယာများကို စွန့်လွှတ်ပြီး နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် ငရဲဘုံသို့ ပြန်သွားကြသည်။
နတ်ဆိုးများ အားလုံး ငရဲဘုံသို့ ပြန်ပြီးနောက် နေရာရွှေ့ပြောင်း ဝင်ပေါက်အား ဖျက်ဆီးလိုက်သည်။ လယ်ယာအား ချက်ချင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြသည်။ အရှင်ရှားလော့ခ်မှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့နှင့် တခြား အစည်းအရုံးများ ထံမှ အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်လွှာများ လက်ခံ ရခဲ့သည်။ တခြားသော အစည်းအရုံးများမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ထဲသို့ ပဏ္ဏာဆက် အဖွဲ့များအဖြစ် ဝင်ရောက်လို ခဲ့ကြသည်။ ယင်းက ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို သူကောင်းမျိုး အဆင့်အတန်းသို့ ရောက်စေပြီး အခြား အစည်းအရုံးများမှ အဖွဲ့ဝင်များမှာမူ သူရဲကောင်းများ ဖြစ်လာကြ ပေလိမ့်မည်။
မြေနေရာ ရှားပါးသော ထာဝရတိုင်းပြည်တွင် ထိုကဲ့သို့သော အုပ်ချုပ်မှုစနစ်မှာ ဂိမ်းမာများ ကြားတွင် အတော် လူကြိုက်များခဲ့သည်။ သူတို့က တစ်လကြာအောင် အလုပ် လုပ်ပြီး မှော်ကျောက်တုံးများ စုဆောင်းကာ ကိုယ်ပိုင်မြေ ဝယ်ကြရန် မစောင့်နိုင်တော့ပေ။ သူတို့က ကိုယ်ပိုင်နယ်မြေ ရှိသော ဗစ်တိုးရီးယား မြို့သားများကို အားကျ နေကြသည်။
ပထမဆုံး တည်ဆောက်ရမည့် အဆောက်အအုံမှာ ထာဝရတိုင်းပြည်ရှိ ဒန်ဂျင်အရှင် ခန်းမဆောင်၏ ပုံစံတူ ကြီးကြပ်ရေးမှူး ပင်မခန်းမဆောင်ပင်။ ထို့နောက် တခြား လိုအပ်သော အဆောက်အအုံများ တည်ဆောက်လိမ့်မည်။
ရှားလော့ခ်မှာ သိပ်မသိသာသော်လည်း အကျိုးအမြတ် ရခဲ့သည်။
ရှားလော့ခ်က နတ်ဆိုးဘုရင် မမ်မွန်၏ ရှေးဟောင်း နတ်ဘုရားများ ပိုင်ဆိုင်သော ဒန်ဂျင်အမြုတေ တူးဖော်မှုကိစ္စကို စုံစမ်း စစ်ဆေးရာတွင် သိပ်အားမထုတ်ပေ။ သူက ထိုဒန်ဂျင်အမြုတေမှာ အစွမ်းထက်သော ရတနာ သို့မဟုတ် ရှေးဟောင်းပစ္စည်း တစ်ခုခုနှင့် ဆက်စပ်နေလိမ့်မည်ဟု သံသယရှိသည်။ ထို့ကြောင့်သာ အရှင် မမ်မွန်က ယင်းကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်လိမ့်မည်။
စုံစမ်း စစ်ဆေးမှုက ဘာအသုံးဝင်သနည်း။ ရှားလော့ခ်က နတ်ဆိုးဘုရင် မမ်မွန်ကို သွားသတ်ရမည်လော။ ရှားလော့ခ်က အထက်တန်းစား နတ်ဆိုး တစ်ပါး ဖြစ်သည်။ ကောင်းကင်တမန် တစ်ပါး မဟုတ်နေပေ။
ရှားလော့ခ်က သူ အေးအေးချမ်းချမ်း အချိန်ဖြုန်းလို့ ရပြီဟု ထင်နေစဉ်တွင် မမျှော်လင့်ထားသော ဖိတ်ကြားချက် တစ်ခု လက်ခံ ရခဲ့သည်။
၎င်းက မြို့စားကြီး၏ သားတော် အလက်ဇန္ဒရီယားထံမှ ဖြစ်၏။
ရှားလော့ခ် ဒန်ဂျင်အရှင် တစ်ဦး အဖြစ် စတင်ကတည်းက အလက်ဇန္ဒရီယားမှာ ဆောင်းတောင်ကုန်းမြို့သို့ လာရောက်လည်ပတ်ခဲ့ပြီး သူနှင့် ပတ်သက်မှု တချို့ ရှိခဲ့သည်။ သို့သော် ရှားလော့ခ်မှာ သူ့အား မှတ်မှတ်ရရတော့ မရှိချေ။
ရှားလော့ခ်က ကိစ္စများစွာ၏ နောက်ကွယ်တွင် အလက်ဇန္ဒရီယား ပါဝင်ပတ်သတ်နေကြောင်းသာ သိသည်။
ရှားလော့ခ်က မြို့စားကြီး၏ သားတော်၏ သရုပ်မှန်ကို မစုံစမ်းခဲ့ပေ။
ဖိတ်ကြားချက်နှင့် ပတ်သက်၍မူ ရှားလော့ခ်မှာ ငြင်းပယ်မည် မဟုတ်ပေ။ ၎င်းမှာ အလုပ်ရှုပ်သော်လည်း တွေ့ဆုံမှု၏ အကျိုးကျေးဇူးမှာ ဆွဲဆောင်မှု ရှိနေသည်။
ရှားလော့ခ်မှာ လက်ဆောင်အဖြစ် အဆင့်အမြင့်ဆုံး သွေးဂန္ဓမာ လက်ဖက်ရည် သေတ္တာနှစ်လုံးစာ ရပေလိမ့်မည်။ သူ့တွင် ထိုသို့သော လက်ဆောင်ကောင်း တစ်ခုကို ငြင်းပယ်စရာ အကြောင်းပြချက် မရှိပေ။