ကောင်းတယ်
Vol. 39 Ch. 577
ဂိမ်းမာများမှာ အလက်ဇန္ဒရီယားက ဗင်းနစ်၏ ဒန်ဂျင်အရှင် ဖြစ်လာကြောင်း မသိခဲ့ကြပေ။
ထာဝရတိုင်းပြည်၏ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့အား လယ်ယာမြေကွက် ဆုချီးမြှင့်လိုက်ခြင်းကြောင့် တခြား ဂိမ်းမာများမှာ ဗင်းနစ်ရှိ မြေနေရာများကို မျက်စိကျ နေခဲ့ကြသည်။
ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှာ အလွန် အားကောင်းလှ၏။ ပထမဘီတာဂိမ်းမာ အများစုက ထိုအစည်းအရုံးတွင် ရှိနေကြသည်။
ထို့အပြင် ဥက္ကဌမှာလည်း ကျိကျိတက် ချမ်းသာသော ဂိမ်းမာအာသာ ဖြစ်၏။
အစည်းအရုံး၏ မြေနေရာတွင် လျင်မြန်သော အရှိန်ဖြင့် ဆောက်လုပ်ရေးကို ဆက်လက် လုပ်ဆောင် နေခဲ့သည်။
ဆယ်ရက်အတွင်း ဒန်ဂျင်အရှင် ခန်းမဆောင်ကို အစမှအဆုံးတိုင် တည်ဆောက် ပြီးစီးခဲ့သည်။ ၎င်းအား ဂိမ်းမာများ အနားယူရန် အသုံးပြုခဲ့သည်။
ဂိမ်းမာများမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များကို ရည်ညွှန်း၏။
အဆောက်အအုံမှာ အဖွဲ့ဝင် ၅,၀၀၀စာ နေရာဖြည့်ဆည်းနိုင်ရန် လုံလောက်အောင် ကျယ်ဝန်းလှ၏။
၎င်းမှာ အထပ် ဆယ်ဂဏန်းမျှ မြင့်ပြီး ဆောက်လုပ်ရေး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုက မြေအောက်ထဲတွင် ရှိသည်။
၎င်းမှာ မြေအောက်လောကတွင် သာမန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်၏။ အဆောက်အအုံကို မည်သို့မည်ပုံဖြင့် အလွန် မြင့်မားစွာ တည်ဆောက် နိုင်မည်နည်း။ အထူးသဖြင့် အမိုးအတွက် အမြင့် ကန့်သတ်ချက် တစ်ခု ရှိနေသည့် အခါမျိုးတွင်ပင်။ ထို့ကြောင့် ဆောက်လုပ်မှုအများစုမှာ မြေအောက်တွင် ဖြစ်သည်။
ကြီးမားသော ဒန်ဂျင်အရှင် ခန်းမဆောင် ဆောက်လုပ် ပြီးစီးပြီး နောက်တွင် အာသာက သူ၏ အစည်းအရုံးမြေများကို တခြား ဂိမ်းမာ အများစု အတွက် ဖွင့်လှစ်ပေးလိုက်သည်။
တခြားဆိုသည်က တခြားသော မဟာမိတ်အစည်းအရုံးဝင်များနှင့် အဖွဲ့အစည်းမဲ့ ဂိမ်းမာများကိုသာ ဆိုလိုသည်။
ပြိုင်ဘက် ချန်အန်းအစည်းအရုံးမှ အဖွဲ့ဝင်များကိုမူ ကန့်သတ် တားမြစ်ထားသည်။
အစည်းအရုံးမြေများကို ဖွင့်လှစ် ပေးလိုက်သော်လည်း ဝင်ရောက်မည့်သူများကို ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ စိစစ်အတည်ပြုရမည် ဖြစ်သောကြောင့် ဂိမ်းမာ အနည်းငယ်သာ ဝင်ရောက်ခွင့် ရခဲ့ကြသည်။ မည်သို့ဆိုဆို လယ်ယာမြေမှာ အရွယ်အစား ကန့်သတ်ချက် ရှိနေခဲ့သည်ပင်။
အလွန်ဆုံးမှ အဖွဲ့ဝင် ၁၀,၀၀၀ စာကိုသာ ဖြည့်ဆည်းပေး နိုင်ပေလိမ့်မည်။ သို့သော် အဆောက်အအုံများ ပိုမို များပြားစွာ တည်ဆောက်ခြင်းဖြင့် ထိုစွမ်းဆောင်ရည်ကို တိုးမြှင့် ပေးနိုင်လိမ့်မည်။
ဤအချိန်အတွင်းတွင်ပင် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ကြီးကြပ်သူ ဖြစ်သော အရှင်ရှားလော့ခ်မှာ စစ်ဆေးမှု တစ်ခု ပြုလုပ်ရန် လယ်ယာမြေသို့ ရောက်လာခဲ့သည်။
သူက နေရာတွင် ရှိနေသော ဂိမ်းမာများအား အားပေးစကား ပြောကြားခဲ့သည်။
ဖိနှိပ်ခံထားရသော ဂိမ်းမာများမှာ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပုံစံတွင် ရှိ နေသောကြောင့် ပြန်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။ သူတို့က ရှားလော့ခ် စကား ခဏမျှ ပြောဆိုပြီးနောက် ပြန်ထွက်ခွာသွားသည်ကို အကူအညီမဲ့စွာ စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။
ဂိမ်းမာများမှာ ဗီဒီယိုကိုမူ မှတ်တမ်းတင်ပြီး ဖိုရမ်ပေါ်သို့ ပြန်တင် နိုင်ခဲ့ကြသည်။ ၎င်းမှာ ကြီးမားသော တုံ့ပြန်မှု တစ်ခု ဖန်တီးပေးခဲ့သည်။
ဤသည်မှာ အစည်းအရုံး တစ်ခုကြောင့် ဇာတ်လမ်းတွဲ ဖြစ်လာသည့် ပထမဆုံး အကြိမ်လည်း ဖြစ်၏။ များများစားစား အကျိုးသက်ရောက်မှု မရှိသော်လည်း ဂိမ်းမာများမှာ ၎င်းမှာ ဆန်းသစ်သည်ဟု ခံစားကြရသည်။
မြေပေါ်ကမ္ဘာရှိ အစည်းအရုံးများမှာ သူတို့၏ မြေနေရာများကို လွယ်လွယ်ကူကူ ရနိုင်ခဲ့ကြသော်လည်း ဇာတ်လမ်းတွဲတော့ မရှိခဲ့ပေ။ အစည်းအရုံးမြေများတွင် လာရောက် နေထိုင်သော လူသားနေထိုင်သူများမှ ပေးချေသည့် ရွှေဒင်္ဂါးများမှာ ဂိမ်းမာများ အတွက် အရေးမကြီးပေ။
ဂိမ်းမာများမှာ မှော်ကျောက်တုံးများသာ လိုချင်ကြသည်။
အကယ်၍ မြေပေါ်ကမ္ဘာဂိမ်းမာများက အစွမ်းသွင်း ထားသော၊ ရှားပါးသော သို့မဟုတ် အစွမ်းထက်သော ပစ္စည်း ကိရိယာများကို ဝယ်ယူလိုပါက အရောင်းအဝယ်အတွက် မှော်ကျောက်တုံးများ ပေးချေ ရမည်။
ရွှေဒင်္ဂါးများကိုမူ သာမန် လက်နက်များကို ဝယ်ယူရန်သာ အသုံးပြုနိုင်သည်။
ဂိမ်းမာများမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့အား အစွမ်းထက်ပြီး ချမ်းသာသောကြောင့် အားကျနေကြသည်။
"ဒန်ဂျင်"မှာ အခမဲ့ ဂိမ်းတစ်ခု ဖြစ်သဖြင့် ယွမ်ငွေ အသုံးပြု၍ အစွမ်းထက်သော ပစ္စည်း ကိရိယာများ သို့မဟုတ် စွမ်းရည်များ တိုက်ရိုက် ဝယ်ယူရန် နည်းလမ်း မရှိပေ။
သာမန် ဂိမ်းမာများမှာလည်း တိုက်ခိုက်ရေးတွင် လေ့ကျင့်ခြင်း မရှိသောကြောင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ နိမ့်ကျ နေခဲ့သည်။ ထို့ကြောင့် ရန်မင်ဘီအား အစွမ်းထက်သော လက်နက်များ ဝယ်ယူနိုင်ရန် မှော်ကျောက်တုံးများနှင့် လဲလှယ်ရန်သာ အသုံးပြုရသည်။
သို့တိုင်အောင် ချမ်းသာသော ဂိမ်းမာများနှင့် သာမန် ဂိမ်းမာများ အကြားတွင် သိသိသာသာ ကွာခြားချက်ဟူ၍ မရှိပေ။ အာသာသာလျှင် ခြွင်းချက် တစ်ခု ဖြစ်၏။ သူက မမျှော်လင့်ထားလောက်အောင် အစွမ်းထက်ပြီး ချမ်းသာသော ဂိမ်းမာ တစ်ဦး ဖြစ်၏။
လူဆိုးလေးနှင့် နဂါးမျိုးနွယ်သားတို့သာလျှင် အာသာ၏ စွမ်းဆောင်ရည်နှင့် တန်းတူ ရှိလောက်သည်။
ဂိမ်းမာသုံးဦးမှာ ဂိမ်းတွင် အစွမ်းထက်သော စစ်သည်တော်များ၏ နမူနာ ပြယုဂ် ဖြစ်ကြ၏။
ဂိမ်းမာများက သူတို့၏ ပထမဆုံး အစည်းအရုံးမြေတွင် ဆောက်လုပ်ရေး လုပ်ဆောင်ရင်း အလုပ်များနေစဉ် ဒန်ဂျင်မှ သတင်းတစ်ပုဒ် ကြားလာရသည်။
အရှင်ရှားလော့ခ်က အမိန့် အသစ် တစ်ခု ထုတ်ပြန်လိုက်ပြီး သူတို့ကို ဗင်းနစ်သို့ သွားရောက်ရန် ပြောကြားခဲ့သည်။ ထိုနေရာတွင် သူတို့က စွန့်စားသူ အစည်းအရုံး အသစ် တစ်ခုကို တည်ထောင်ကြ ရပေလိမ့်မည်။
သူက ငွေအမြောက်အမြား အကုန်ကျခံ၍ ဂိမ်းမာများ အစည်းအရုံး တည်ဆောက်နိုင်ရန် မြေကွက်ငယ်လေး တစ်ခု ဝယ်ယူပေးခဲ့သည်။
ဂိမ်းမာများမှာ ဗင်းနစ်မြို့က အလွန် ဝေးကွာသောကြောင့် စိတ်ဝင်တစား မရှိကြပေ။ အရေးကြီးဆုံးမှာ သူတို့က နေရာရွှေ့ပြောင်း ဝင်ပေါက်အသုံးပြုရန် ငွေပေးချေ ရပေမည်။
နေ့စဉ် မစ်ရှင်က ဆုလာဒ် ပေးသည် ဆိုသော်လည်း အဘယ်ကြောင့် သူတို့က ဗင်းနစ်သို့ တကူးတက သွား၍ နေ့စဉ် မစ်ရှင်များ လုပ်ဆောင်ရမည်နည်း။ ဂိမ်းမာများမှာ နေ့စဉ် မစ်ရှင်များ လုပ်ဆောင်ခြင်းထက် စက်ရုံများတွင် အလုပ်,လုပ်ခြင်းက ပိုကောင်းသည်ဟု ယူဆကြသည်။
ကန့်သတ်ဒန်ဂျင် နယ်မြေ တစ်ခုကို စိန်ခေါ်ခြင်းပင်လျှင် နေ့စဉ် မစ်ရှင်များ လုပ်ဆောင်ခြင်းထက် ပိုကောင်းသည်။ ထို့အပြင် ဂိမ်းမာများက သူတို့၏ လုယူပစ္စည်းများကိုလည်း တခြားသော ဂိမ်းမာများနှင့် အရောင်းအဝယ် ပြုလုပ်နိုင်သေးသည်။ ဗင်းနစ်သို့ ခရီးသွားရန် အချိန်နှင့် အားထုတ်မှု ဖြုန်းတီးရန် မလိုအပ်ပေ။
ထိုအရာမှာ အရှင်ရှားလော့ခ် ကြေညာချက် အသစ် တစ်ခု မထုတ်ပြန်မှီအထိ ဂိမ်းမာများ ထင်မှတ်ခဲ့သော အရာပင်။
ဗင်းနစ်တွင် နေ့စဉ် မစ်ရှင်များ ပြီးမြောက်အောင် လုပ်ဆောင်သော ဂိမ်းမာများမှာ အစည်းအရုံးမြေများနှင့် လဲလှယ်နိုင်သော အထူးရမှတ်များ ရကြ ပေလိမ့်မည်။ သူတို့၏ ရမှတ်များ ပိုမို များပြားလေ အစည်းအရုံးမြေ ပိုမို ကြီးမားလေပင်။
ကြေညာချက် ထွက်လာသည်နှင့် ဂိမ်းမာ အားလုံးနီးပါးက သူတို့ လုပ်လက်စ အရာများကို ရပ်တန့်ကာ ဗင်းနစ်သို့ အစုလိုက်အပြုံလိုက် သွားကြတော့သည်။
ဂိမ်းအတွင်းသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ဂိမ်းမာမျာအား နုတ်လိုက်လျှင်ပင် အွန်လိုင်း တက်နေသော ဂိမ်းမာ အရေအတွက်မှာ သန်းအနည်းငယ် ရှိနေဆဲပင်။ ဂိမ်းမာများ၏ ၅၀% သာ ဗင်းနစ်သို့ သွားရောက် ခဲ့လျှင်ပင် အရေအတွက်မှာ အံ့ဩဖွယ် ၅၀၀,၀၀၀ ဖြစ်၏။
ဗင်းနစ်မှာ ရုတ်တရက် ဂိမ်းမာများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှားလော့ခ်မှာတော့ များများစားစား မဆုံးရှုံးသွားပေ။ သူက ဂိမ်းမာများအတွက် မြေကွက် တစ်ခုသာ ခွဲဝေပေးခဲ့ရသည်။ သူက ထာဝရတိုင်းပြည် အပြင်ဘက်ရှိ လူသူကင်းမဲ့သော ဧရိယာ တစ်ခုအား ဂိမ်းမာများအတွက် သတ်မှတ်ပေးလိုက်ရုံပင်။ ဂိမ်းမာများမှာ ထိုမြေနေရာရှိ တောရိုင်းတိရစ္ဆာန်များနှင့် မွန်းစတားများအား မိမိဖာသာ ကိုင်တွယ်ဖြေရှင်း ရမည်ပင်။
၎င်းမှာ အရင်းအမြစ် ကင်းမဲ့သော လွင်ပြင် တစ်ခုသာ ဖြစ်သောကြောင့် ရှားလော့ခ်မှာ နှမျောတသ မဖြစ်ခဲ့ပေ။
ထို့အပြင် ထိုမြေနေရာမှာ အစကတည်းက ထာဝရတိုင်းပြည်ပိုင်လည်း မဟုတ်သောကြောင့် သူ နာကျင်မှုကို မခံစားရပေ။
ငွေအမြောက်အမြား သုံးစွဲပြီး ဗင်းနစ်သို့ ရောက်ရှိလာပြီးနောက် ဂိမ်းမာများမှာ နေ့စဉ် မစ်ရှင်များ လုပ်ဆောင်ရုံ သက်သက်ဖြင့် မတင်းတိမ်နိုင်ခဲ့ကြပေ။
သူတို့ သူတို့၏ ဘိုးဘေးများ၏ ဂုဏ်ကျက်သရေ ရှိသော ဓလေ့ထုံးတမ်းများအတိုင်းကို ဆောင်ရွက်ခဲ့ကြသည်။ ဆောင်းတောင်ကုန်းမြို့တွင် ငွေရှာဖွေနေသော ဂိမ်းမာများ၏ အတွေ့အကြုံကို ဖိုရမ်ပေါ်တွင် တွေ့ရှိပြီးနောက် ထိုနည်းဗျူဟာများကို ဗင်းနစ်တွင်လည်း အသုံးပြုခဲ့ကြသည်။
စွန့်စားသူ အစည်းအရုံး အသစ် တည်ဆောက်ခြင်း၊ နေ့စဉ် မစ်ရှင်ကို လုပ်ဆောင်ခြင်း အပြင် ဂိမ်းမာများမှာ သူတို့၏ ကျန်ရှိနေသော အချိန်ကို ဗင်းနစ်တွင် တောက်တိုမယ်ရ အလုပ်များ လုပ်ဆောင်ရန် အသုံးပြု ခဲ့ကြသည်။ ဥပမာအားဖြင့် သူတို့က စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် အလုပ် လုပ်ပြီး ရေနုတ်မြောင်းများ ရှင်းလင်းရာတွင် ကူညီ ပေးခဲ့ကြသည်။
အနားယူရန် နေရာ ရှာဖွေရခြင်း ပြဿနာနှင့် ပတ်သက်၍မူ ၎င်းအား လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သည်။ ဂိမ်းမာများမှာ သူတို့၏ အဖိုးတန် ပိုင်ဆိုင်မှုများကို မယူလာခဲ့ကြပေ။ သူတို့က သူတို့၏ ပိုင်ဆိုင်မှုများကို အနားယူရန် နေရာ မရှာမီ အစည်းအရုံး ဝန်ထမ်းများဆီ လုံခြုံစွာ သိမ်းဆည်းရန် ပေးအပ်လိုက်ကြသည်။
ဒန်ဂျင်ထဲတွင် ဘေးကင်းသည်။ ကံကောင်းလျှင် သူတို့က ဗင်းနစ် အကျဉ်းထောင်တွင် နိုးထလာပြီး အခမဲ့ နံနက်စာများပင် စားနိုင်သေးသည်။
အလွန်ကောင်းသည်ပင်။