← Chapters

ကျွန်တော်တို့ရဲ့ ဝန်ဆောင်ခက တရားမျှတတယ်

Vol. 39 Ch. 578

ကျွန်တော်တို့ရဲ့ ဝန်ဆောင်ခက တရားမျှတတယ်

Vol. 39 Ch. 578

သားရေဖိနပ်မှာ ဗင်းနစ်ရှိ သာမန် အစိုးရအရာရှိ တစ်ဦး ဖြစ်၏။ သူ၏ အဓိက အလုပ်မှာ ဗင်းနစ်ရှိ အိမ်ခြေရာမဲ့များ အတွက် ယာယီခိုလှုံရာ ထောက်ပံ့ပေးရန်ပင်။

အကယ်၍ အိမ်ခြေရာမဲ့တိုင်း သူ့ထံမှ အကူအညီ လာတောင်းနေပါက ဗင်းနစ်ရှိ အများပြည်သူရန်ပုံငွေများ ကုန်ဆုံးသွား ပေလိမ့်မည်။ ကုန်သည် မဟာမိတ် အဖွဲ့မှာ ဗင်းနစ်၏ လူမှုရေး အကျိုးကျေးဇူး စနစ်ကို ထိန်းသိမ်းနေခြင်းမျှသာ ဖြစ်ပြီး ပရဟိတ အဖွဲ့အစည်း တစ်ခုအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ပေ။

ဤအစိုးရအရာရှိများမှာ အများပြည်သူ ရန်ပုံငွေများအား အထိရောက်ဆုံး အသုံးပြုနည်းကို သိကြ၏။

သူတို့က လမ်းများပေါ်တွင် သတိလစ် မေ့မျောနေသော အိမ်ခြေရာမဲ့များကိုသာ ကူညီပေး ကြပေလိမ့်မည်။

ဤသို့သော အိမ်ခြေရာမဲ့မျိုးမှာ မတော်တဆမှုများကြောင့် အလွယ်တကူ သေဆုံးရတတ်၏။ ထိုသို့သော သေဆုံးမှုများ တရားလွန် မဖြစ်သရွေ့ အရာရှိများအတွက် ၎င်းမှာ ပြဿနာကြီး တစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။

မကြာသေးမီက သားရေဖိနပ်မှာ ပြဿနာကြီး တစ်ခုနှင့် ကြုံတွေ့ ခဲ့ရသည်။ အိမ်ခြေရာမဲ့ များစွာက ဗင်းနစ်တွင် ရုတ်တရက် ပေါ်လာခဲ့ကြသည်။

သူက အစပိုင်းတွင် သူတို့ကို လျစ်လျူရှု ထားခဲ့သည်။ အကြောင်းမှာ သူက ထိုအိမ်ခြေရာမဲ့များမှာ လတ်တလော ဖြစ်ခဲ့သော စစ်ပွဲကြောင့် နေရာရွှေ့ပြောင်း လာခဲ့သည်ဟုသာ ထင်ခဲ့သော ကြောင့်ပင်။ ထာဝရတိုင်းပြည်က မကြာမီက ဗင်းနစ်အနီးတွင် ငရဲနတ်ဆိုးဘုရင် မမ်မွန်နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည် မဟုတ်ပါလော။

သို့သော် ကိစ္စများက ထိုမျှ ရိုးရှင်းမနေကြောင်း သူ သိလာရသည်။

ယာယီခိုလှုံရာ လူပြည့်သွားသည့်အခါ သားရေဖိနပ်က ထိုအိမ်ခြေရာမဲ့ အများစုက ခေါင်းပေါ်တွင် စာလုံးစိမ်းများ ရှိသော ဂိုဘလင်များနှင့် ဂနိုမ်းများ ဖြစ်ကြောင်း သတိပြုမိလာသည်။ အော့ခ်အနည်းငယ်လည်း ရှိနေသည်။

ခွေးခေါင်းလူသားများကကော။ ခွေးခေါင်းလူသားများမှာမူ ဉာဏ်ရည် ထက်မြက်သော သတ္တဝါများ မဟုတ်သောကြောင့် သူတို့ အားလုံးကို ဖမ်းဆီး၍ အကျဉ်းချထားသည်။

ပထမနေ့တွင်မူ သူက ထိုအိမ်ခြေရာမဲ့များ စစ်ပွဲကြောင့် နေရာရွှေ့ပြောင်းလာသည်ဟု ထင်ခဲ့သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ သားရေဖိနပ်မှာ ၎င်းကိစ္စက ထိုမျှရိုးရှင်းခြင်း မရှိကြောင်း ရိပ်မိလာသည်။

"ဘာဖြစ်လို့ အိမ်ခြေရာမဲ့တွေရဲ့ ခေါင်းပေါ်မှာ စာလုံးစိမ်းတွေ ရှိနေတာလဲ။"

သူ့ အော့ခ် လုပ်ဖော်ကိုင်ဖက်က သူ့ကို မေးလာသည့်အခါ ဂနိုမ်းသားရေဖိနပ်က သူ သတိမပြုမိသော ထိုအချက်ကို တွေ့သွားသည်။

ဟုတ်တယ်၊ ဘာဖြစ်လို့ သူတို့ရဲ့ ခေါင်းပေါ်မှာ အစိမ်းရောင် သင်္ကေတတွေ ရှိနေရတာလဲ။ သူက ထာဝရတိုင်းပြည်နှင့် ပတ်သက်သော အစီရင်ခံစာများနှင့် ဆောင်းတောင်ကုန်းမြို့တွင် ထွက်ပေါ်လာသော ထာဝရတိုင်းပြည်မှ စစ်သည်တော် များစွာအကြောင်းကို သတိရသွားသည်။ သူ ရုတ်ချည်း နားလည် သွားသည်။

ဤအိမ်ခြေရာမဲ့များ...

သူတို့က အိမ်ခြေရာမဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဖွဲ့စည်း ထားခဲ့ကြသည်ပင်။ ခေါင်းပေါ်မှ ထူးဆန်းသော စာလုံးစိမ်းများမှာ သူတို့၏ အမှတ်သင်္ကေတ ဖြစ်ရမည်။

"ဟုတ်တယ်၊ ဒါက ဒီလိုပဲ ဖြစ်ရမယ်။" သားရေဖိနပ်မှာ အန္တရာယ်အငွေ့အသက် တစ်ခု ခံစားခဲ့ရသည်။ သူက ထိုကိစ္စရပ်ကို သူ့ အထက်လူကြီးထံသို့ သတင်းပို့ခဲ့ရာ အမိန့် အသစ် တစ်ခု ရလာသည်။

"ဒီအိမ်ခြေရာမဲ့တွေကို ဆက်လက် ခိုလှုံခွင့် ပေးထားလိုက်ပါ။"

ကုန်သည် မဟာမိတ်အဖွဲ့က ပရဟိတအဖွဲ့အစည်း တစ်ခု ဖြစ်လာနေတာလား။

သားရေဖိနပ်မှာ ရှင်းလင်းချက် ရရန် တောင်းဆို လိုသည့်တိုင် သူ့ အထက်လူကြီး အမိန့်ကို နာခံပြီး ဤလျှို့ဝှက် ဆန်းကြယ်သော အိမ်ခြေရာမဲ့များကို ဆက်လက် ခိုလှုံခွင့် ပေးထားလိုက်သည်။ အချိန်ခဏကြာပြီးနောက် သူက ထိုအိမ်ခြေရာမဲ့များကို ထောက်ပံ့ပေးရန် ဗင်းနစ်၏ အများပြည်သူ ရန်ပုံငွေများအပေါ် မှီခိုနိုင်ခြင်း မရှိကြောင်း သိလာရသည်။ သားရေဖိနပ်က လုပ်ဖော်ကိုင်ဖက်အား ညည်းညူ ပြောဆိုနေသည်ကို အိမ်ခြေရာမဲ့ တစ်ဦးက ကြားဖြတ်ကြားပြီး အလွန် ကောင်းမွန်သော အကြံပြုချက် တစ်ခု ပေးအပ်လာသည်။

"ဘာဖြစ်လို့ မင်း ပြည်သူလူထုဆီကနေ အကူအညီ မယူလိုက်တာလဲ။ ငါ ကူညီပေးဖို့ ဆန္ဒ ရှိတဲ့ သတ္တဝါတွေ အများကြီးနဲ့ သိတယ်။ သူတို့က လစာနည်းနည်းပဲ လိုလိမ့်မယ်။"

သားရေဖိနပ်ကလည်း သိလိုသည်။ သို့သော် လစာပေးရန် လိုအပ်သောကြောင့် သားရေဖိနပ်မှာ စိတ်ဒွိဟ ဖြစ်နေခဲ့သည်။ သူ ထိုငွေကို ဘယ်မှာ ရှာရမည်နည်း။

အိမ်ခြေရာမဲ့မှာ သားရေဖိနပ်၏ စိတ်ကျဉ်းကြပ်နေသည်ကို မြင်၍ အဖြေတစ်ခု ပေးအပ်ခဲ့သည်။

"မင်း နေ့တိုင်းနေ့တိုင်း အစားအစာတွေ အများကြီး ပြင်ဆင် နေရတယ် မဟုတ်လား။ အစားအစာ ဝယ်ဖို့က ငွေလိုအပ်တယ်လေ။ မင်း အစားအစာအတွက် ကုန်ကျစရိတ်တွေကို လျှော့ပြီး မှော်ကျောက်တုံးတွေကို စု၊ အဲ့ဒါကို လစာအဖြစ် ဘာလို့ မသုံးတာလဲ။"

ထိုအရာမှာ အလွန် ကောင်းမွန်သော အကြံအစည် တစ်ခု ဖြစ်သော်လည်း ပြဿနာ တစ်ခုတော့ ရှိနေခဲ့သည်။ အကယ်၍ အိမ်ခြေရာမဲ့များ အတွက် အစားအစာ မလုံလောက်ပါက သူတို့မှာ ဆာလောင်မှုကြောင့် သေဆုံးသွားပြီး သားရေဖိနပ်မှာ ယင်းကိစ္စအတွက် တာဝန်ယူ ရပေလိမ့်မည်။ သူတို့က အိမ်ခြေရာမဲ့များသာ ဖြစ်သည့်တိုင် လူ့အဖွဲ့အစည်းမှာ သူတို့ အပေါ် သနားစိတ် ရှိကြသည်။ အကယ်၍ အိမ်ခြေရာမဲ့ များစွာသာ သူ့ စောင့်ကြည့်မှု အောက်တွင် သေဆုံးသွားခဲ့ပါက သားရေဖိနပ်မှာ လက်ရှိရာထူးတာဝန်ကို ဆက်ထမ်းဆောင်နိုင်ရန် မသေချာပေ။

အိမ်ခြေရာမဲ့က လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ တစ်ရက်လောက်ပဲ စမ်းကြည့်ကြည့်။ ဘာပဲဖြစ်ဖြစ် သူတို့ ဆာလောင်မှုကြောင့် ချက်ချင်း သေဆုံးမှာမှ မဟုတ်တာပဲ၊ ပြီးတော့ မင်းလည်း နည်းနည်း အနားယူနိုင်တာပေါ့။ ငါ့ သူငယ်ချင်းတွေက မင်းကို အပြင်ဘက်က အိမ်ခြေရာမဲ့ကိစ္စတွေမှာ ကူညီပေးနိုင်ပြီး သူတို့ကိုလည်း စောင့်ရှောက်ပေးနိုင်တယ်။ အဲ့ဒီအခါကျ မင်း ဒီကိုလာပြီး ငါတို့ကို စောင့်ကြည့်နေစရာ မလိုတော့ဘူးလေ။"

သားရေဖိနပ်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသည်။ သူ၏ အသိစိတ်က သူ့ကို ထိုသူစိမ်းများကို စောင့်ကြည့်ခွင့် ပေးခဲ့ပါက အိမ်ခြေရာမဲ့ ဆယ်ဂဏန်း ဆုံးရှုံးရခြင်း၏ အကျိုးဆက်အား သတိပေးနေသည်။ ထို့အပြင် သတ္တဝါ များစွာမှာလည်း လတ်တလောတွင် သတ္တဝါ အင်္ဂါအစိတ်အပိုင်းများကို မှောင်ခို ရောင်းဝယ် နေကြသည်။

အိမ်ခြေရာမဲ့က ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ မင်း ငါတို့ကို ငွေပေးချေတဲ့အခါ ကူညီဝန်ဆောင်ခအနေနဲ့ မင်းအတွက်မင်း နည်းနည်းပါးပါး ဖြတ်ယူထားလို့ရတယ်။ အဲ့ဒါကို ဝန်ဆောင်ခ အနေနဲ့ ယူဆလိုက်ပါ။"

သားရေဖိနပ် ထိုစကားများကို ကြားသည့်အခါ ချက်ချင်း စားပွဲကို ထုနှက်ကာ ပြောသည်။ "ငါတို့က ဝန်ဆောင်ခ လိုချင်လို့ ပရဟိတ အလုပ်,လုပ်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဝန်ဆောင်ခက လိုအပ်တာ အမှန်ပဲ။ မင်း အကြံပြုခဲ့တဲ့ အတွက် ငါ ဒီမစ်ရှင်ကို မင်းရဲ့ သူငယ်ချင်းတွေဆီကို ပေးလိုက်မယ်။"

သားရေဖိနပ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ အကြံပြုချက်ကို သဘောတူ ခဲ့ကြသော်လည်း သူတို့က ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ဧရာမ မစ်ရှင်ကြီး တစ်ခု ဆောင်ရွက်နေကြောင်း မသိထားကြပေ။ တာဝန်ပေးအပ်ခြင်း ခံထားရသော ဂိမ်းမာများမှာ ဗင်းနစ်တွင် အော့ဖ်လိုင်း ဆင်းသွားသော တခြားဂိမ်းမာများကို စုစည်း နေခဲ့ကြသည်။ ထို့နောက် သူတို့ကို ယာယီခိုလှုံရာသို့ ပြန်သယ်ခေါ်သွားကြသည်။

တာဝန်ပေးအပ်ခြင်း ခံထားရသော ဂိမ်းမာများမှာ ခိုလှုံရာတွင် စုစည်းထားသော ဂိမ်းမာများကို စောင့်ကြည့်ခြင်း အတွက် မှော်ကျောက်တုံးများ ရနိုင်ခဲ့ကြသည်။

သို့သော် သူတို့က သားရေဖိနပ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များအား ဝန်ဆောင်ခတော့ ပေးချေရသည်။ သူတို့ စောင့်ကြည့်ရုံ သက်သက်မျှဖြင့် မှော်ကျောက်တုံးများ ရနိုင်ခြင်းအတွက် စိတ်လှုပ်ရှား နေခဲ့ကြသည်။ ပိုအရေးကြီးသည်မှာ သူတို့ အိပ်စက်ရန် အော့ဖ်လိုင်း ဆင်းသည့် အခါ ခိုလှုံရာတွင် အခမဲ့ နေထိုင်နိုင်ခဲ့ကြခြင်းပင်။

သူတို့ အိပ်စက်နေစဉ်တွင်ပင် မှော်ကျောက်တုံးများ ရနိုင်ကြသည်။ သူတို့က ထိုမျှ ကောင်းမွန်သော သဘောတူညီချက်ကို အဘယ်မှာ ရရှိနိုင်ဦးမည်နည်း။

ထိုနေ့တွင် ဂိမ်းမာ များစွာ အလုပ်လျှောက်ရန် ရောက်လာကြသော်လည်း သားရေဖိနပ်မှာ ယာယီအလုပ်သမားများ အများအပြား မလိုနေခဲ့ပေ။ နောက်ဆုံးတွင် ဂိမ်းမာ ဆယ်ဦးသာ အလုပ်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဤကံကောင်းသော ဂိမ်းမာဆယ်ဦးမှာ ညအချိန်တွင် အော့ဖ်လိုင်း ဆင်းသွားခဲ့ကြသည်။ နောက်နေ့ နံနက် အွန်လိုင်း ပြန်တက်လာသည့်အခါ သူတို့ တစ်ဦးစီတိုင်း သားရေဖိနပ်ထံမှ မှော်ကျောက်တုံး တစ်တုံး ရခဲ့ကြသည်။

စက်ရုံတွင် သုံးရက် အလုပ်,လုပ်ခြင်းမှာ မှော်ကျောက်တုံး တစ်တုံးသာ ရနိုင်သော်လည်း သူတို့က ဗင်းနစ်တွင် ယာယီအလုပ်သမား တစ်ဦး အဖြစ် တစ်ရက်လျှင် မှော်ကျောက်တုံး တစ်တုံး ရနိုင်ခဲ့သည်။ ၎င်းမှာ ကောင်းမွန်သော သဘောတူညီချက် တစ်ခု ဖြစ်၏။

ယာယီခိုလှုံရာရှိအလုပ်ကော။ အကယ်၍ ထိုဂိမ်းမာများသာ အိပ်စက်ရန် အော့ဖ်လိုင်း ဆင်းသွားခဲ့ပါက မည်သူက အလုပ်,လုပ်နေမည်နည်း။ ၎င်းမှာ စိုးရိမ်စရာတော့ မဟုတ်ခဲ့ပေ။ ဂိမ်းမာများက ခိုလှုံရာနေရာ၏ တံခါးကို ဖွင့်ထားပေးသရွေ့ ခိုလှုံရာသို့ အော့ဖ်လိုင်း ဆင်းရန် ရောက်လာသော ဂိမ်းမာများ၏ အဆုံးအစမဲ့ စီးကြောင်း တစ်ခု ရှိနေ ပေလိမ့်မည်။ ဗင်းနစ်၏ လမ်းများ ပေါ်တွင် အော့ဖ်လိုင်း ဆင်းခြင်းက အန္တရာယ်ရှိသည်။ အကြောင်းမှာ သူတို့က မြင်းရထားများဖြင့် တိုက်မိပြီး သေဆုံး သွားနိုင်သောကြောင့်ပင်။

ယာယီခိုလှုံရာတွင် အော့ဖ်လိုင်း ဆင်းခြင်းက များစွာ ပိုဘေးကင်းသည်။

All Chapters