တိုင်ကြားရန် တန်းစီခြင်း
Vol. 39 Ch. 585
"ဘာပဲဖြစ်ဖြစ်ပါ။ ဒါက ငါရထားတဲ့ သတင်း အချက်အလက်ပဲ။ တခြားကိစ္စ မရှိရင် ငါ သွားတော့မယ်။"
ရှားလော့ခ်၏ မျက်နှာချင်းဆိုင်ရှိ ရွှံ့ဗွက် မွန်းစတားက ထရပ်ကာ လေးစားမှု ပြသသည့် အနေဖြင့် သူ၏ ဦးထုပ်ကို ချွတ်လိုက်သည်။
"ကောင်းပြီ၊ လိုအပ်ခဲ့ရင် ငါ မင်းကို ဆက်သွယ်လိုက်မယ်။"
ရှားလော့ခ်က လက်ထဲမှ အဒါမန်တိုင်း ကျောက်ဝိုင်းတုံးကို ပစ်ပေးလိုက်သည်။ ကျောက်တုံးထဲတွင် နောက်ဆုံးထုတ် "အထက်တန်းကျောင်း စာမေးပွဲ မေးခွန်းများ စုစည်းမှု" ပါသည်။
ရွှံ့ဗွက် မွန်းစတားက အဒါမန်တိုင်း ကျောက်ဝိုင်းတုံးကို သူ့ ခန္ဓာကိုယ်အတွင်းသို့ တပ်မက်စွာ ပေါင်းစပ်လိုက်သည်။ သူ ကျေနပ်စွာဖြင့် ရေရွတ်သည်။ "အာ၊ အသိပညာရဲ့ အရသာပဲ။"
ရွှံ့ဗွက် မွန်းစတား ထွက်သွားပြီးနောက်တွင် ကြက်ဥခေါင်းက တွန့်ဆုတ်စွာဖြင့် လာပြောသည်။ "ဒါက တကယ်ပဲ မရည်ရွယ်ဘဲ ဖြစ်သွားတာပါ။"
သူက ဖန်လုံးကို ဖျက်ဆီးလိုက်မိမည်ကို စိုးရိမ်နေသည်။
အကယ်၍ အရှင်ရှားလော့ခ်သာ အပြစ်ပေးသည့် အနေဖြင့် သူ့ကို အလုပ်နှင့် ကွန်ပျူတာဂိမ်း ကစားခွင့် တားမြစ်လိုက်ပါက... ဘဝကြီးမှာ အဓိပ္ပါယ်မရှိ ဖြစ်သွား ပေလိမ့်မည်။
ရှားလော့ခ်မှာ သူ့ကိစ္စ ပြီးပြတ်သွားသဖြင့် အိမ်မွေးတိရစ္ဆာန်များ နှင့်အတူ ပြန်ထွက်ခွာသွားသည်။
သို့သော် ကဖေးအပြင်ဘက်ရှိ ဧရိယာတွင်မူ ဂိမ်းမာများဖြင့် ပြည့်နှက် နေခဲ့သည်။
ရွှံ့ဗွက် မွန်းစတားက လူအုပ်ကို ဖြတ်ကျော် သွားရန် အခက်အခဲ တွေ့နေသည်။
မတတ်သာသော်လည်း နောက်ဆုံးတွင် ဂိမ်းမာ အနည်းငယ်ကို သူနှင့် အတူဆွဲခေါ် သွားရုံသာ တတ်နိုင်တော့သည်။
"ငါ့ အတွက် ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် တစ်ခုခု ရှိလား။"
"ကျေးဇူးပြုပြီး ငါ့ကို ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် ပေးပါ။"
"ကျေးဇူးပြုပြီး။"
သို့သော် ကဖေးအတွင်းသို့ ဝင်ရောက်လိုသော ဂိမ်းမာများကတော့ ပိုများသည်။
အရှင်ရှားလော့ခ်မှာ အဝေးရှိ ဗင်းနစ်ဒန်ဂျင် ကဖေး တစ်ခုသို့ ရောက်လာသည်။
ထိုသတင်း ဖိုရမ်ပေါ် တက်လာသည်နှင့် ဂိမ်းမာများစွာ ဗင်းနစ်သို့ အမြန်ရောက်လာကြသည်။
အကယ်၍ အရှင်ရှားလော့ခ်သာ ဒန်ဂျင် တစ်ခုတွင် ပေါ်လာပါက ယင်းတွင် အထူးမစ်ရှင် တစ်ခုခု ရှိနေ ရမည်။
သို့သော် ဂိမ်းမာများအဖို့ အရှင်ရှားလော့ခ် အနီးသို့ ချဉ်းကပ်ရန်မှာ မလွယ်ကူပေ။
"အရှင်ရှားလော့ခ်၊ ဂိမ်းမာတွေ ဒီမှာရှိနေတုန်း အရှင် လျှို့ဝှက် ဇာတ်လမ်းတွဲ တစ်ခု ဖန်တီးပေးမှာ မဟုတ်ဘူးလား။" ဘရုက ရှားလော့ခ်အား မေးလိုက်သည်။
ထိုအရာမှာ ရှားလော့ခ်၏ ရည်ရွယ်ချက်ပင်။
ရှားလော့ခ်က ရွှံ့ဗွက် မွန်းစတားနှင့် စကားပြောနေစဉ် ဂိမ်းမာများက သူတို့၏ စကားဝိုင်းကို ဗီဒီယိုများ ရိုက်ကူး နေခဲ့ကြသည်။
ဂိမ်းမာများမှာ အမိုးနှင့် မျက်နှာကြက်သို့ ခိုးဝင်နိုင်ခဲ့သောကြောင့် ယင်းသို့ လုပ်နိုင်ခဲ့ကြခြင်းပင်။
ရှားလော့ခ်မှာ ၎င်းကို သိနေသော်လည်း သူ သူတို့ကို မတားခဲ့ပေ။ မည်သို့ဆိုဆို ၎င်းက သူလုပ်လိုသည့် အရာနှင့် ဆက်စပ်နေသည်ပင်။
ဂိမ်းမာများက မစ်ရှင်များ စောင့်နေရင်း ကြောင်ဆီးကဖေး အပြင်ဘက်တွင် စုရုံးနေစဉ်တွင်ပင် ရှားလော့ခ် သူ့လေကာအင်္ကျီကို ဆွဲယူကာ ဆိုင်မှ ထွက်သွားသည်။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် မိမိကိုယ်ကို ရေရွတ်လိုက်သည်။ "ဒန်ဂျင်အရှင် အလက်ဇန္ဒရီယားကို စုံစမ်း စစ်ဆေးဖို့ တစ်ယောက်ယောက် လုပ်ရမယ် ထင်တယ်။"
ထို့နောက် ရှားလော့ခ် လမ်းများပေါ်တွင် ပျောက်ကွယ် သွားခဲ့သည်။
ရှားလော့ခ်က ထိုမျှလောက်သာ လုပ်ရန် လိုသည်။ ကျန်ကိစ္စများကို ဂိမ်းမာများက သူတို့ဖာသာ ကိုင်တွယ်ဖြေရှင်း ကြပေလိမ့်မည်။
...
သားရေဖိနပ်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဇိမ်ကျကျ နေထိုင်နေခဲ့ရသည်။
ဂိမ်းမာများအား သူ့ကိုယ်စား အလုပ်,လုပ်ရန် ခန့်အပ်ပေးပြီး နောက်တွင် သူ့ ကိုယ်ပိုင်ဝင်ငွေမှာ အံ့ဩဖွယ်နှုန်းဖြင့် တိုးပွားလာခဲ့သည်။
ရင်ပြင်ကျယ်ကြီးတွင် ကုန်ပစ္စည်းများ ရောင်းချလိုသော မည်သူမဆို အခကြေးငွေများ ပေးချေရပြီး ထိုအခကြေးငွေ၏ တစ်စိတ်တစ်ပိုင်းမှာ သားရေဖိနပ်ထံသို့ စီးဝင်လာကြသည်။
သားရေဖိနပ်မှာ သူ့အထက်ရှိ စီမံခန့်ခွဲရေးမှ ကြားဝင်လာပြီး ဝေစုလုယူလိမ့်မည်ဟု ထင်ထားသော်လည်း ရက်အနည်းငယ် ကြာသည့်တိုင် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
သားရေဖိနပ်မှာ ဝင်ငွေ၏ အချို့တစ်ဝက်ကို သူ့အထက်လူကြီးအား လာဘ်ထိုးရန် အသုံးပြုခဲ့သေးသည်။ သို့သော် သူ၏ အထက်လူကြီးမှာ ထိုမှော်ကျောက်တုံးများကို လက်မခံခဲ့ပေ။
သူက သားရေဖိနပ်ကို စက်ဆုပ်ရွံရှာဖွယ် လူယုတ်မာအဖြစ် ပြစ်တင်ဆဲဆိုခဲ့သည်။
သူက သားရေဖိနပ်ကို ချက်ချင်း အလုပ်ထုတ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ဂိမ်းမာများက သားရေဖိနပ်အား ထိုဒုက္ခမှ လွတ်မြောက်အောင် ကူညီရန် ရောက်လာကြသည်။
၎င်းမှာ မှောင်မိုက်ပြီး မုန်တိုင်းထန်သော ညတစ်ည ဖြစ်ခဲ့၏။
ကြီးမားသော လေကာအင်္ကျီ ဝတ်ဆင်ထားပြီး အဒါမန်တိုင်း ကျောက်တုံးဝိုင်း တစ်တုံး ကိုင်ထားသော သတ္တဝါ တစ်ကောင်က သူ့ဆီ ချဉ်းကပ်လာခဲ့သည်။ ထိုသတ္တဝါမှာ မျက်နှာကို ဖုံးကွယ်ထားပြီး သတိကြီးစွာဖြင့် ပတ်ပတ်လည်ကို ဝေ့ဝြကြည့်လိုက်သည်။ ထို့နောက် သူ အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။ "ဘရားသား၊ မင်း သင်ယူချင်လား။ ဈေးချိုတယ်နော်။"
သားရေဖိနပ်မှာ အစပိုင်းတွင် ငြင်းပယ်ခဲ့သည်။
သင်ယူခြင်းမှာ အလွန် စွဲလမ်းစေတတ်၏။ တစ်စုံတစ်ယောက်က ယင်းအား စွဲလမ်းသွားသည်နှင့် သူတို့ ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။
သားရေဖိနပ်မှာ သူ၏ သူငယ်ချင်း များစွာ သင်ယူမှုကြောင့် ကျရှုံးသွားသည်ကို မြင်ခဲ့ရဖူးသည်။ သူတို့ သတ္တဝါကောင်းများ အဖြစ် မွေးလာကြသော်လည်း အသိပညာများ သင်ယူစ ပြုလာပြီး နောက်တွင်မူ သူတို့က ဖောက်ပြန်သွားကြသည်။
သူတို့က ဆီလိမ်းဆံပင်ကို သပ်သင်ပြီး အဝတ်အစားများ သပ်သပ်ရပ်ရပ် ဝတ်လာကြပေလိမ့်မည်။ ယခင်က သူတို့ တစ်နှစ်လျှင် တစ်ကြိမ်သာ ရေချိုးခဲ့ကြသည်။ ယခုတွင်တော့ သူတို့ နေ့တိုင်း ရေချိုးကြ၏။ သူတို့က ၎င်းပြောင်းလဲမှုများကို ဆင်ခြေပေးရန်ပင် ကြိုးစားခဲ့ကြသည်။ "သင်ယူခြင်း မပြုမီ ငါ ရေချိုးပြီး အဝတ်အစား လဲရမယ်။ အဲ့ဒီအခါမှ ငါ စိတ်နှစ်ကိုယ်နှစ် စာသင်နိုင်မှာ။"
၎င်းမှာ အလွန် စာရိတ္တ ပျက်ပြား၏။
သို့သော် စာရိတ္တပျက်ပြားသော အရာများမှာ မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်နိုင်စွမ်းသည်။
ဥပမာအားဖြင့် ထိုသတ္တဝါ ကမ်းလှမ်းခဲ့သော အရာပင်။
၎င်းမှာ လူမြင်ကွင်းကြီးတွင်လည်း ဖြစ်၏။ သားရေဖိနပ်မှာ ငြင်းပယ် ခဲ့သော်လည်း... မည်သူက ယင်းဆွဲဆောင်မှုကို ခုခံနိုင်လိမ့်မည်နည်း။
သားရေဖိနပ်က သူ့ မှော်ကျောက်တုံးများဖြင့် သင်ရိုးမာတိကာများ အပြည့်ပါသော အဒါမန်တိုင်း ကျောက်တုံးဝိုင်း တစ်တုံးကို ဝယ်ခဲ့သည်။
ခေါင်းပေါ်စာလုံးစိမ်းများ ရှိသော ရာဇဝတ်သား ဂိမ်းမာမှာတော့ သူ့ မှော်ကျောက်တုံးများကို ယူပြီး ပျော်ရွှင်စွာ ပြန်ထွက်သွားသည်။
မကြာမီတွင်ပင် ရဲတပ်ဖွဲ့ ဥဩသံများနှင့် အော်ဟစ်သံများ ထွက်လာသည်။
"အဲ့မှာတင် ရပ်လိုက်စမ်း။ ငါတို့က ဗင်းနစ်ရဲ့ တပ်စောင့်တွေပဲ။ ငါတို့ မင်းကို တားမြစ်ကုန်ပစ္စည်းတွေ ရောင်းချနေတယ်လို့ သံသယ ရှိတယ်။ ငါတို့ မင်းကို ရှာဖွေစစ်ဆေးရလိမ့်မယ်။"
မြေလျှောက်ငှက်များမှာ အဝေးမှ ချဉ်းကပ်လာနေ၏။ ချပ်ဝတ်တန်ဆာ ဝတ်ထားသော အော့ခ်အစောင့်များမှာလည်း အလွန်ကြမ်းတမ်းပြီး ခြိမ်းခြောက်နိုင်စွမ်းပုံ ရ၏။
သားရေဖိနပ်မှာ ထိတ်လန့်သွားသည်။ သူ လမ်းကြား တစ်ခုတွင် ဝင်ပုန်းအောင်းရင်း ထိုသတ္တဝါ အဖမ်းခံရသည်ကို နားထောင်လိုက်ရသည်။
"နေဦး၊ ငါက အပြစ်ကင်းပါတယ်။ ငါ သင်ယူတာကို မကြိုက်ဘူးနော်။ အမြဲတမ်း စာမေးပွဲ တဖုန်းဖုန်း ကျနေတာ။"
သတ္တဝါမှာ သူ့တွင် အပြစ်မရှိကြောင်း အခိုင်အမာ ပြောနေသော်လည်း သူက အစောင့်များ၏ ဖမ်းခေါ်သွားခြင်းကို ခံခဲ့ရသည်။
အသက်ဘေးမှ လွတ်မြောက်လာပြီးနောက် သားရေဖိနပ်မှာ ညလုံးပေါက် လေးနက်စွာဖြင့် စာသင်ယူခဲ့သည်။
နောက်နေ့တွင်တော့ သူ ပင်ပန်းနွမ်းနယ် နေသော်လည်း ပျော်ရွှင်မှုကိုလည်း ခံစားခဲ့ရသည်။
သင်ယူခြင်းမှာ ထိုသို့သော ပျော်ရွှင်စရာ တစ်ခု ဖြစ်၏။
ထို့နောက် သူ အကြံတစ်ခု ရခဲ့သည်။ သူက သူ့ အထက်လူကြီးကို လာဘ်ထိုးရန် ထိုသင်ယူမှု ပစ္စည်းများကို အသုံးချနိုင်လောက်သည်။
သူက ခိုးကြောင်ခိုးဝှက်ဖြင့် အဒါမန်တိုင်း ကျောက်တုံးဝိုင်းကို သူ့ အထက်လူကြီး၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
နောက်တစ်နေ့တွင်တော့ သားရေဖိနပ်မှာ အလုပ်ထုတ်ခြင်း မခံခဲ့ရပေ။ ယင်းအစား သူက ရာထူးတိုးသွားသည်။
အနောက်ဘက် ပန်းခြံ တစ်ခုလုံးမှာ သားရေဖိနပ်၏ လုပ်ပိုင်ခွင့်အောက်သို့ ရောက်သွားသည်။
သားရေဖိနပ်မှာ ဘဝကောင်း တစ်ခု ရလာတော့မည်။
သို့သော် ၎င်းမှာ ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။
အကြောင်းမှာ ဂိမ်းမာများ သူ့ကို ဒုက္ခပေးစ ပြုလာခဲ့သောကြောင့်ပင်။
"မင်း မနေ့က ဒန်ဂျင်အရှင် ခန်းမဆောင်ကို ခိုးဝင်ခဲ့သေးလား။"
"မရဘူးကွာ၊ လုံခြုံရေးက အရမ်း တင်းကျပ်လွန်းနေတယ်။"
"အေးဆေးပေါ့၊ ငါတို့ ဒီည နောက်တစ်ကြိမ် ထပ်ကြိုးစားကြမယ်။"
"ကောင်းပြီလေ၊ အစောင့်တွေကို လာဘ်ထိုးဖို့ မှော်ကျောက်တုံးတွေ ပိုယူခဲ့ဦး။"
သားရေဖိနပ် ဈေးရောက်နေစဉ် ဂိမ်းမာများ ထိုစကားပြောဆိုနေသည်ကို ကြားသွားသည်။
ဂိမ်းမာများက ဒန်ဂျင်အရှင် ခန်းမဆောင်ထဲသို့ ခိုးဝင်ရန် ရည်ရွယ်ထားခဲ့ကြသည်ပင်။
သားရေဖိနပ် ဘာဆက်လုပ်သင့်သနည်း။
သားရေဖိနပ်မှာ သူ့အပြုအမူက ရွှေဥ ဥပေးနေသော ငန်းကို သတ်လိုက်သလို ဖြစ်သွားနိုင်သော်လည်း ဒန်ဂျင်အရှင်အား အကြောင်းကြားရန် ဆုံးဖြတ်လိုက်သည်။
ရွှေဥ ဥသောငန်းနှင့် သူ့အသက် ယှဉ်လာလျှင် သူ၏ အသက်မှာ ပိုအရေးကြီးသည်။ ဂိမ်းမာများ ဘာကြံစည်နေသည်ကို မည်သူ အတပ်သိနိုင်မည်နည်း။
အကယ်၍ သူသာ ဒန်ဂျင်အရှင်အား အကြောင်းမကြားပါက ယင်းအကြောင်း ပေါ်သွားသည့်အခါ သူက ဖုံးကွယ်ထားသည့်အတွက် အကျိုးဆက်များ ခံစားရ ပေလိမ့်မည်။
ဒန်ဂျင်အရှင် ခန်းမဆောင်မှ တုံ့ပြန်မှုမှာတော့ - "အိုး။ မင်း ငါတို့ကို ခိုးဝင်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိတယ်လို့ အကြောင်းကြားတာလား။ မင်း တိုင်ကြားချက် တစ်ခု တင်ချင်ရင် ကျေးဇူးပြုပြီး တန်းစီဇယားမှာ စောင့်ပေးပါ။"