တမင်ရည်ရွယ်ပြီးလုပ်တာ မဟုတ်ရပါဘူးဗျ
Vol. 13 Ch. 175
အန်လင်းသည်လည်း အက်ကွဲနေသည့် ဖန်ကျောက်အား ကြည့်လိုက်သည့်အခါ နေရာတွင်ပင် ဆွံ့အကာဖြင့် ကြက်သေသေနေမိတော့သည်။
သူလုပ်လိုက်မိတာလား။ သူလုပ်ခဲ့မိပုံပဲ။
ဒါပေမဲ့ ဘာလို့များ အက်ကွဲသွားရတာတုန်း။ ကွဲတတ်တယ်လို့ ဘယ်သူကမှလည်း မပြောထားဘူးလေ။
ထို့နောက်တွင် မျက်ရည်များနှင့် ကျန်းယန်အန်အား မြင်လိုက်သည့်အခါ ချက်ချင်းဆိုသလို အပြစ်ရှိသည်ဟု ခံစားမိလိုက်သည်။ “စိတ်မကောင်းပါဘူး ခင်ဗျ။ ကျွန်တော်က တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ရပါဘူး။ ဓားဆန္ဒက အရမ်းစွမ်းအားကြီးသွားရင် အခုလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ”
ကျန်းယန်အန်သည် ချောက်ကမ်းပါးစွန်းမှ လွတ်မြောက်ရုံရှိသေးသည်။ ထိုအချိန်တွင် အန်လင်း၏ တောင်းပန်စကားအား ကြားလိုက်သည့်အခါ သွေးအန်မိမတတ်ပင်။
တော်ဝင်မျိုးနွယ်များသည် ငေးမောနေရာမှ တဖြည်းဖြည်းချင်း နားလည် သဘောပေါက်လာကြသည်။ ဓားဆန္ဒ အားကောင်းလာသည့်အခါ စိတ်ဆန္ဒနယ်မြေ ဖန်ကျောက် အက်ကွဲသွားနိုင်သည်။
စုရှင်းသည်လည်း ခေါင်းညိတ်လိုက်သည်။ နည်းလမ်းကျသည့် ဖြေရှင်းချက် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ဆိုလိုရင်းမှာ ကျန်းယန်အန်၏ ဓားဆန္ဒသည် ဖန်ကျောက်အား အက်ကွဲစေရန်မှာ မဖြစ်နိုင်ချေ။ တစ်ဖက်တွင်မူ အန်လင်း၏ ဓားဆန္ဒသည် ထိုသို့ ဖြစ်ပေါ်စေရန် စွမ်းအားကြီးပေသည်။ အန်လင်းသည် အနိုင်ရရှိသူများလား။
ကျန်းယန်အန်သည်လည်း ထိုပြဿနာအား သတိပြုမိလိုက်သည်။
အခြေအနေသည် တဖြည်းဖြည်းနှင့် ထိန်းချုပ်မရတော့ချေ။ တော်ဝင်မျိုးနွယ်များ အားလုံးသည် စိတ်ဖြင့်ဆက်သွယ်ကာဖြင့် ပြောဆိုလျက်ရှိနေလေသည်။
သူတို့အားလုံးသည် ဒဏ္ဍာရီတစ်ခုအား မျက်မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ တော်ဝင်မျိုးနွယ်များသည် တလက်လက်တောက်ပသည့် မျက်လုံးများဖြင့် အန်လင်းအား ကြည့်လာကြသည်။
ထို့အပြင် အချို့သည် ကျန်းယန်အန်အား မယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။ အယောင်ဆောင်နေခြင်းများလားဟု သံသယဝင်မိကြလေသည်။
ရှုံးပွဲမရှိသည့် ကျန်းယန်အန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ယခင်က ကြုံတွေ့ဖူးခြင်း မရှိချေ။
သူ့အနေဖြင့် ဖြတ်သွားဖြတ်လာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးအား ရှုံးနိမ့်သည်ဟု ဝန်ခံရမည်လား။
ဤသတင်းသာ ပြန့်သွားမည်ဆိုလျှင် သူ၏ဂုဏ်သိက္ခာ ကျဆင်းရပေလိမ့်မည်။
သူ့အနေဖြင့် ထိုသို့ဖြစ်လာရန် ခွင့်မပြုနိုင်ချေ။
အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက်တွင် ကျန်းယန်အန်၏ မျက်နှာတွင် နွေးထွေးကာ နှစ်လိုဖွယ်ရှိသည့် အပြုံးတစ်ခု ဖြစ်ထွန်းလာပြန်သည်။ “တောင်းပန်ဖို့ မလိုပါဘူး အန်လင်းရေ..” ကျန်းယန်အန်သည် နွေးထွေးစွာဖြင့် ပြောသည်။ “အဲဒီအကြောင်းကို ပြောရမယ်ဆိုရင်တော့ ငါ့ရဲ့အမှားပါပဲကွာ။ ငါ့က စိတ်ဆန္ဒနယ်မြေဖန်ကျောက်ကို မပြုမပြင်ဘဲ နှစ်ပေါင်းများစွာ အသုံးပြုလာတာလေ။ တကယ်တော့ လွန်ခဲ့တဲ့ ကာလတွေထဲက သူက ပြင်းထန်တဲ့ ဆန္ဒတိုက်ပွဲတွေကို လက်မခံနိုင်တော့ဘူး။ အခုတော့ သူ့ရဲ့ အကန့်အသတ်ကို ကျော်လွန်သွားပြီ ထင်ပါရဲ့လေ”
အန်လင်းသည် မျက်တောင်ခတ်ကာဖြင့် “ဪ.. အဲဒီလိုမျိုးလား”
“အင်း အဟုတ်ပဲ” ကျန်းယန်အန်သည် ကျယ်လောင်စွာဖြင့် ပြောဆိုလေသည်။ “ငါ့ရဲ့ စွမ်းအားအပြည့်အဝကို အသုံးမပြုတာ အဲဒါကြောင့်ပဲကွ။ ဒီလိုမျိုး အက်ကွဲသွားမှာကို ငါတကယ် ကြောက်နေခဲ့တာ”
ထိုသို့ပြောရင်း စိတ်ဆန္ဒနယ်မြေဖန်ကျောက်အား လက်သီးဖြင့် ထိုးခွဲလိုက်လေသည်။
ဘုန်း
ဖန်ကျောက်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေသည်။
မြေပြင်တွင် ကွဲကြေလျက်ရှိသည့် ဖန်ကျောက်နည်းတူ သူ၏ နှလုံးသားလေးမှာလည်း အက်ကွဲလျက်ရှိနေသည်။
“ဒါဆိုရင် ဒီတိုက်ပွဲကို သရေလို့ပဲ သတ်မှတ်လိုက်ရအောင်”
ကျန်းယန်အန်သည် ထိုသို့ပြောရင်း သူ့ကိုယ်သူ အားတင်းကာ ပြုံးလိုက်သည်။
အန်လင်းသည် ကျောက်စများအား ညွှန်ပြကာဖြင့် “အဲဒီတော့ ကျွန်တော်က အလျော်ပေးဖို့ မလိုအပ်ဘူးပေါ့နော်”
အန်လင်း၏စကားကို ကြားလိုက်သည့်အခါ ကျန်းယန်အန်၏ နှလုံးသားထဲတွင် ဝမ်းနည်းစိတ်ထိခိုက်မှုများ လှိုင်းထလာလေသည်။ သို့သော်လည်း နွေးထွေးတည်ငြိမ်သည့် အပြုံးကိုသာ ချိတ်ဆွဲထားမြဲဖြစ်ကာ “သေချာတာပေါ့ ကောင်လေးရ။ ဒါက ငါ့ရဲ့အမှားပဲလေ။ မင်းကိုလျော်ကြေးပေးခိုင်းလို့ ဖြစ်မလားကွ”
အန်လင်းသည် ကျန်းယန်အန်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ “အစ်ကိုကြီး ကျန်းက တကယ်ကို ကောင်းလွန်းတဲ့လူပါပဲဗျာ”
လေ့ကျင့်ရေးကွင်းပြင်ရှိ လူများသည်လည်း ထိုအခါမှ သဘောပေါက်သွားကြလေသည်။ ပြဿရာ၏ အရင်းအမြစ်မှာ ထိုစိတ်ဆန္ဒနယ်မြေဖန်ကျောက်တုံး ဖြစ်လေသည်။ ယင်းကြောင့်သာ ကျန်းယန်အန်သည် သူ၏ ခွန်အားအပြည့်အဝကို သုံးစွဲရန် ကြောက်ရွံ့နေမိသည်။ ထိုသို့တိုင်အောင် အန်လင်းနှင့် သူ၏ တိုက်ပွဲအား သရေပွဲအဖြစ် ထားရှိပေးသူဖြစ်သည်။
ခရမ်းကြယ်စင်ပြည်နယ်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ထိုက်ပေသည်။ ဤကဲ့သို့သော သဘောထားကြီးမြတ်မှုနှင့် ဖြောင့်မတ်မှန်ကန်မှုရှိသူ။
ထိုသို့ဖြင့် ကျန်းယန်အန်သည် လူထု၏ ရိုသေလေးစားမှုအား ပြန်လည်ရယူလိုက်နိုင်လေသည်။
လက်နှစ်ဖက်အား နောက်ပစ်ကာဖြင့် နွေးထွေးစွာပြုံးလျက်နှင့် လူအုပ်အလယ်တွင် မတ်မတ်ရပ်နေလေသည်။
လေပြည်ညင်းသည် ရုတ်တရက်ဆန်စွာ တိုက်ခတ်လာပြီး ကျန်းယန်အန်၏ အဖြူရောင် ဆံပင်ရှည်များအား ကျီစယ်ဆော့ကစားနေလေသည်။ နူးညံ့ကြင်နာတတ်ပြီး အခြားကမ္ဘာမှ ရောက်ရှိလာသည့် ဓားအင်မော်တယ်တစ်ဦးနှင့် တူနေစေသည်။
ဤဓားဆန္ဒတိုက်ပွဲသည် ခရမ်းကြယ်စင်ပြည်နယ်တွင် ပုံပြင်တစ်ပုဒ်နှယ် ပျံ့နှံ့သွားပေလိမ့်မည်။ မျိုးဆက်သစ်၏ ဓားအင်မော်တယ် အန်လင်းသည် သူ၏ ခမ်းနားထည်ဝါစွာ ရောက်ရှိလာမှုအား ကြေညာမောင်းခတ်လိုက်လေသည်။ ပထမမျိုးဆက်၏ ဓားအင်မော်တယ် ကျန်းယန်အန်သည် လေးစားလောက်စရာ သင်ခန်းစာအား ပို့ချပေးခဲ့ပြီး လက်တွေ့ပြသ သင်ကြားပေးခဲ့သည်။
ထိုသို့ဖြင့် အန်လင်းသည် ကျန်းယန်အန်၏ အလွန်အကျူး ချီးကျူးမှုအား ခံယူကာ စင်အောက်သို့ ဆင်းခဲ့လိုက်လေသည်။
နှလုံးသားမှ သွေးစိမ်းရှင်ရှင်ထွက်နေသော်လည်း ကျန်းယန်အန်သည် သူ၏သင်ခန်းစာအား ဆက်လက်ပို့ချရန် ရှိနေသေးလေသည်။ ထို့ကြောင့် စင်မြင့်ထက်တွင် နေရစ်ခဲ့ပြီး ဓားဆန္ဒနှင့် ပတ်သက်သည်များကို ပြောဆိုနေလေသည်။
အန်လင်းအား လမ်းညွှန်ပေးရန်အတွက်လား။ အန်လင်းသည် သာမန်စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဆိုလျှင် သူ့အနေဖြင့် လမ်းညွှန်သင်ပြပေးမည် ဖြစ်သည်။ ယခုတွင်မူ သူ့အနေဖြင့် ထိုသို့ပြုလုပ်ရန်မှာ ရှက်ရွံ့လှပေသည်။
အန်လင်းသည် စုချန်းရန်၏ဘေးသို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် သက်ပြင်းအသာချလိုက်လေသည်။
ရိုးရိုးတန်းတန်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်အနေဖြင့် များပြားလှသည့် လှည့်ကွက်များစွာ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ သူအသာရခဲ့ကာ စိတ်ဆန္ဒနယ်မြေဖန်ကျောက်အား ခွဲပြီးသည့်နောက်တွင် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် အလျော်ပေးရမည်ဟု တွေးထင်ခဲ့လေသည်။
ကံကောင်းသည်မှာ ကျန်းယန်အန်သည် နားလည်မှုရှိပြီး ကျိုးကြောင်းသင့်လှသော လူကောင်းတစ်ဦး ဖြစ်နေခြင်းပင်။
ထိုအချက်ကြောင့် အန်လင်းသည် ကျန်းယန်အန်အား အတော်လေး အထင်ကြီးလေးစားမိလေသည်။
“ကျောင်းသားအန်လင်းရေ နင့်ရဲ့ ဓားနည်းစနစ်က အတော်လေး အားကောင်းလာတာပဲ။ နောက်ကျ မသိတာ တစ်ခုခု ရှိလာရင် နင့်ကိုလာမေးမယ်နော်” နူးညံ့ချိုသာသည့် အသံလေးသည် သူ၏နားအတွင်း ရောက်ရှိလာပြန်သည်။ ထိုအသံလေးသည် နှလုံးသားအား အရည်ပျော်သွားစေနိုင်သလို စိတ်မပြေလည်မှုများကိုလည်း ပြေပျောက်သွားစေနိုင်သည်။
စုချန်းရန်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ မူးမေ့သွားစေနိုင်လောက်သော အလှတရားလေးသည် သူ့အား သူမ၏ အပြာတောက်တောက် မျက်ဝန်းလေးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဘုရားရေ.. လှလိုက်တာ.. ချစ်ဖို့ကောင်းလိုက်တာ။
အန်လင်းမှာ ရှက်သွေးဖြာလာသဖြင့် အကြည့်များပင် လွှဲလိုက်ရသည်။ “ဟီးဟီး ရတာပေါ့။ မသိတာရှိရင် လာမေးလေ”
ထို့နောက်တွင် သူ၏ခေါင်းအား ကုတ်လိုက်ပြီးနောက် ရယ်မောလိုက်သေးသည်။ “ကျောင်းသားတွေက အချင်းချင်း ကူညီရိုင်းပင်းကြရမယ်လေ”
ဝန်ခံရမည်မှာ ဓားအင်မော်တယ်တစ်ဦးအဖြစ် အသိအမှတ်ပြု ကိုးကွယ်ခံရခြင်းသည် အလွန်အံ့ဩဖွယ်ကောင်းလှသည်။
ဓားအသုံးချရာတွင် ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦး ဖြစ်လာခြင်းကြောင်း အလွန်အမင်း ပျော်ရွှင်နေမိသည်။ ကံကောင်းသည်မှာ စနစ်သည် စစ်နတ်ဘုရား အုတ်ထုချက် ၆ ချက် သို့မဟုတ် အခြားတစ်ခုခု ပေးမလာခြင်းပင်။ သို့မဟုတ်လျှင် သူ့အနေဖြင့် အတော်လေး ဆိုးဆိုးဝါးဝါး ခံစားနေရပေလိမ့်မည်။
စုချန်းရန်၏ ယခုမှတ်ချက်စကားကို ဥပမာထား ပြောရမည်ဆိုလျှင် “ကျောင်းသား အန်လင်းရေ.. နင့်ရဲ့ အုတ်ခဲဝှေ့ယမ်းတာက အရမ်းအစွမ်းထက်လာတာပဲ။ နောက်များ ငါလည်း အုတ်ခဲပစ်ချင်လာရင် နင့်ဆီက အကြံဉာဏ်လေးများ လာတောင်းလို့ ရမလားဟင်။ ငါလည်းပဲ လူတွေရဲ့ခေါင်းကို အုတ်ခဲနဲ့ ဘယ်လိုပစ်သင့်တယ်ဆိုတာ သိသင့်တယ်ထင်တယ်”
ထိုသို့သာဆိုလျှင် သူ့အနေဖြင့် မျက်နှာပင်ပြရဲတော့မည် မဟုတ်ချေ။
သူ၏ခံစားချက်များ ကပြောင်းကပြန် ဖြစ်ကာ ကျေနပ်နှစ်သိမ့်နေစဉ် စုရှင်းသည် အန်လင်းထံသို့ လျှောက်လှမ်းလာလေသည်။ “ရောင်းရင်း အန်လင်းကတော့ အမျိုးသားတွေအကြား တကယ်ကို အတုယူစရာပါပဲ။ မင်းရဲ့ ဓားလမ်းစဉ်အပေါ် နားလည်မှုက ငါ့အနေနဲ့ တကယ်ကို လေးစားမိပါတယ်”
“အိုး ဘာမှမဟုတ်ပါဘူးဗျာ။ ရောင်းရင်းစုရှင်းက မြှောက်ပင့်လွန်းနေပါပြီ” အန်လင်းသည် အနည်းငယ်ရှက်ရွံ့စွာဖြင့် လက်များကို ဝှေ့ယမ်းလိုက်သည်။
ထိုအချိန်မှာပင် သူ၏စိတ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “အန်လင်းရေ.. တကယ်တော့ ငါ့မှာ မင်းနဲ့ သီးသန့်ဆွေးနွေးချင်တာလေး ရှိနေတယ်ကွ”
ယင်းမှာ စုရှင်း၏အသံဖြစ်သည်။ အန်လင်းအား လျှို့ဝှက်ဆက်သွယ်လိုက်ခြင်းပင်။
စုရှင်း၏စကားကို ကြားရသည့်အခါ အန်လင်းမှာ စိတ်မသက်မသာဖြစ်လာရသည်။ မည်သည့်အတွက်ကြောင့် ထိုမျှလောက်အထိ လျှို့ဝှက်နေရခြင်းကို နားမလည်နိုင်ချေ။ မည်သို့ပင် ဆိုစေကာမူ ခေါင်းညိတ်လိုက်ပြီးနောက် “နားထောင်နေပါတယ်”
စုရှင်း၏ ခံစားချက်ကင်းမဲ့သည့် အသံသည် သူ၏စိတ်ထဲ ပေါ်လာပြန်သည်။ “မင်းက ယွင်လဲ့နဲ့ ရင်းနှီးတာလား။ ငါမှတ်မိနေသလောက်ကတော့ သူမက ဘယ်တုန်းကမှ မရင်းနှီးတဲ့ အမျိုးသားတွေနဲ့ ပတ်သက်လေ့ မရှိဘူး။ အဲဒီထက်ပိုတာက သူမက ကိုယ်တိုင်ကိုယ်ကျ အင်ပါယာနန်းတော်ကို အမျိုးသားတွေ ဖိတ်ခေါ်လေ့မရှိဘူး”
စုရှင်းပြောသည်ကို နားထောင်ပြီးသည့်နောက်တွင် အန်လင်းမှာ တုန်ယင်လာတော့သည်။
စုရှင်းသည် သူ့အား သတိပေးနေခြင်းများလား။
သို့တည်းမဟုတ်လျှင် အစ်ကိုတစ်ဦး၏ လုပ်ပိုင်ခွင့်အရ စစ်ဆေးမေးမြန်းနေခြင်းများလား။
အန်လင်း၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး စုရှင်း၏ သံသယများကို မချေပနိုင်ချေ။ “အာ.. အာ.. ကျွန်တော်တို့က အတော်လေး ခင်ကြတဲ့ သူငယ်ချင်းတွေလို့ ပြောရမယ် ထင်တယ်ဗျ” ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
“အဲဒီတော့ မင်းက သူမကို မပိုးပန်းချင်ဘူးလား”
ထိုသည်ကို ကြားလိုက်ရသည့်အခါ အန်လင်းမှာ တုန်ယင်လာတော့သည်။
လခွမ်းဟေ့…တည့်တိုးကြီးပါလား။ နည်းနည်းပါးပါးလောက် ကွေ့ဝိုက်ပြီး ပြောပေးလို့ မရဘူးလားခင်ဗျာ။
အန်လင်းသည် ထိုမေးခွန်းကိုလည်း ရိုးသားစွာပင် ပြန်ဖြေလိုက်ပြန်သည်။ “မဟုတ်ပါဘူး။ ကျွန်တော်တို့က သာမန်သူငယ်ချင်းတွေပါပဲ”
ညီမချစ် ပုဂ္ဂိုလ်များသည် ကြောက်မက်ဖွယ်ကောင်းလွန်းသူများ ဖြစ်ကြသည်။ စုရှင်း၏ အမေးအား ဟုတ်မှန်သည်ဟု ပြန်ဖြေလိုက်မည်ဆိုလျှင် အန်လင်းအနေဖြင့် သစ်တောစိမ်း အင်ပါယာနန်းတော်မှ ပြန်လည်ထွက်ခွာဖို့ရန်ပင် မဖြစ်နိုင်တော့မည်ကို ကြောက်ရွံ့မိသည်။ သူ့အနေဖြင့် မြေဆီမြေနှစ်ပင် ဖြစ်သွားနိုင်သေးသည်။
“အင်း... မင်းက ဒီမေးခွန်းကို အချိန်ယူပြီး သေချာလေး စဉ်းစားကြည့်မယ် ဆိုရင်ကော။ ရုပ်ရည်သွင်ပြင်ဆိုရင်လည်း ယွင်လဲ့ရဲ့ အလှတရားက ပြိုင်ဘက်ကင်းတယ်။ ထူးချွန်မှုဆိုရင်လည်း အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ အသိအမှတ်ပြုခံထားရတယ်။ အဲဒီအပြင် သူမက အရမ်းကို ဖြူစင်ပြီး ကြင်နာတတ်တယ်။ မင်းအနေနဲ့ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ မိန်းကလေးကို ဘယ်နေရာမှာ သွားရှာချင်သေးလို့တုန်း”
“အမ် အာ.. မစိုးရိမ်ပါနဲ့။ ကျွန်တော်က သူမကို မပိုးပန်းပါဘူးခင်ဗျ။ ဟင် ခဏလေး” အန်လင်းသည် စကားတစ်ဝက်မှာပင် ရပ်တန့်သွားသည်။ သူ၏နားကို ပွတ်လိုက်ပြီးနောက် စုရှင်းအား တွေဝေစွာဖြင့် ကြည့်လိုက်သည်။
နားကြားမှားတာများလား။
မှားယွင်းစွာ ကြားလိုက်မိခြင်းဟု ခံစားမိနေသည်။
“ရောင်းရင်းစုရှင်းရေ.. ခင်ဗျားပြောချင်နေတာက ခင်ဗျားရဲ့ ညီမလေးကို ပိုးပန်းစေချင်နေတာလားဗျ” အန်လင်း၏ အသက်ရှူနှုန်းများ မြန်လာသည်။ မသေချာသည့် လေသံဖြင့် ပြန်မေးလိုက်သည်။
စုရှင်းသည် ခပ်ဖျော့ဖျော့ ပြုံးကာဖြင့် “အမှန်ပဲဗျာ။ အဲဒီတော့ မင်းအနေနဲ့ သူမကို ပိုင်ဆိုင်ချင်လား။ သူမကို ပိုးပန်းဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့... ငါကူညီပေးမယ်”
ဘယ်လို.. ဘယ်လို။ ကူညီပေးမယ်ဟုတ်လား။ အန်လင်း၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးလာတော့သည်။
ကောင်းလိုက်တဲ့ ငါ့အစ်ကိုကြီး။
***
အာ.. ကောင်းလိုက်တဲ့ စုချန်းရန်ရဲ့ အစ်ကိုကြီး။
***