မက်ခါတွေကမှ လူသားတွေရဲ့ အချစ်စစ်
Vol. 13 Ch. 176
(Mecha မက်ခါ လို့ခေါ်ပါတယ်။ ထင်ရှားအောင် ပြောရမယ်ဆိုရင် ပါဝါရိန်းဂျားတွေ အကောင်ပေါင်းပြီး ဖြစ်လာတဲ့ စက်ရုပ်ကြီးတွေလို အကောင်အကြီးကြီးကို ခေါ်တာပါ_)
အန်လင်းသည် စုရှင်း၏ တုန်လှုပ်ဖွယ်ရာစကားများကြောင့် ၁၀ စက္ကန့်မျှ ကြောင်အနေမိသည်။
ထို့နောက်တွင် စုရှင်းအား အပြန်ပြန်အလှန်လှန် သေချာစွာ ကြည့်လိုက်သည်။
အင်း.. သူရုပ်ရည်ကတော့ စုချန်းရန်နဲ့ အတော်လေး တူတယ်။ သေချာပေါက် မောင်နှမအရင်းအချာပဲ။
ထို့နောက် အခြားပြဿနာတစ်ရပ် ပေါ်လာပြန်သည်။ ခင်ဗျားတို့အနေနဲ့ ဘယ်မိန်းကလေးရဲ့ အစ်ကိုအရင်းက သူရဲ့ ညီမလေးကို တခြားယောက်ျားလေးက ပိုးပန်းနိုင်ဖို့အတွက် ကူညီပေးတာမျိုး မြင်ဖူးသလဲဗျာ။
ထို့အပြင် ယင်း၏ညီမလေးသည် ဆွဲဆောင်မှုမရှိသည့် မိစ္ဆာမလည်း မဟုတ်ချေ။ ပြီးပြည့်စုံသော အလှပိုင်ရှင်ဟုပင် ဆိုရမည် ဖြစ်သည်။ ထို့သို့သော မိန်းကလေးမျိုးသည် လက်တွဲဖော်ရှာရန်မှာ စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
ထို့ကြောင့် သူ၏ စရိုက်သည် လွန်စွာထူးခြားခြင်း သို့တည်းမဟုတ် စာရိတ္တပျက်ပြားနေခြင်းသာလျှင် ဖြစ်ရပေမည်။
အန်လင်းသည် အားတင်းကာဖြင့် သူ၏အတွေးများကို ထုတ်ဖော်ပြောကြားလိုက်သည်။ “ရောင်းရင်း စုရှင်းရေ.. ခင်ဗျားနောက်နေတာလားဗျာ”
စုရှင်း : “…”
“အာ.. အဲလိုမျိုးဖြစ်သွားပြီ ဆိုတော့လည်း ငါ့အနေနဲ့ ဖုံးကွယ်မထားတော့ပါဘူးကွာ” စုရှင်းသည် သက်ပြင်းချလိုက်ပြီးနောက် “မင်း ချန်အယ်ကို သိတယ်မဟုတ်လား”
အန်လင်းသည် အလေးအနက်ထားကာဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါသံသယဝင်နေတာလေး ရှိတယ်ကွ။ ယွင်လဲ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ချန်အယ်ကြောင့် ပုံမှန်မဟုတ်ဘဲ သွေဖည်နေပုံပဲ” စုရှင်းသည် ဖြည်းညင်းစွာဖြင့် ပြောသည်။ “အဲဒါကြောင့် ယွင်လဲ့ရဲ့ ဘဝအပေါ် အမြင်တွေ ချစ်မေတ္တာအပေါ် ထားရှိတဲ့ သဘောထားတွေကို လမ်းကြောင်းတည့်ပေးနိုင်မယ့် တစ်ဦးတစ်ယောက်လောက် အလိုရှိနေမိတာ” ထိုသို့ပြောရင်းဖြင့် အန်လင်းအား မျှော်လင့်ချက်ပြည့်ဝသော မျက်လုံးများဖြင့် ကြည့်လာလေသည်။
အန်လင်းသည် စုရှင်း၏ ရှင်းပြချက်ကြောင့် အနည်းငယ် တွေဝေသွားသည်။ ထို့နောက်တွင် အတွေးထဲ နစ်မျောသွားလေသည်။
အကြောင်းမှာ အန်လင်းသည်လည်း ထိုပြဿနာအား လွန်ခဲ့သည့် အချိန်များကပင် သတိပြုမိခြင်း ဖြစ်သည်။ သို့သော်လည်း စိတ်ထဲမထားခဲ့ချေ။ ပို၍တိတိကျကျ ဆိုရသော် စိတ်ထဲထည့်ရန် မဝံ့ရဲခြင်း ဖြစ်သည်။
ချန်အယ် ဟူသည်မှာ မည်သူနည်း။ သူမသည် ကောင်းကင်ဘုံပိုင်နက်၏ နံပါတ် ၁ အလှမယ် ဖြစ်သည်။ အာ... အဲဒါကို ထားလိုက်မယ်။
ချန်အယ် ဟူသည်မှာ မည်သူနည်း။ သူမသည် ပျက်ပြယ်ခြင်းအဆင့်ရှိ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည့်အပြင် လစန္ဒာနန်းတော်၏ သခင်မ ဖြစ်သည်။
ကောင်းကင်ဘုံပိုင်နက်တွင် သူမ၏ အဆင့်အတန်းသည် ဧကရာဇ် ၆ ဦး၏ နောက်တွင် ဖြစ်သည်။ သူမသည် အန်လင်း ရန်စနိုင်သည့်သူ မဟုတ်ချေ။
အန်လင်းအနေဖြင့် ဘာလုပ်နိုင်မည်နည်း။ ထိုပြဿနာထဲတွင် ဝင်မပါရဲချေ။
အန်လင်းသည် စုချန်းရန်ကိုပင် သာမန်ဗဟုသုတများနှင့် ပတ်သက်၍ မသင်ပြပေးရဲချေ။ ဥပမာဆိုရလျှင် နမ်းရှုပ်ခြင်းသည် သန္ဓေမတည်နိုင်။
ယခုအခါတွင် စုရှင်းသည် စုချန်းရန်အား ချန်အယ်၏လက်ထဲမှ ကယ်ထုတ်စေချင်နေသည်လား။
ဘဝကြီးသည် သာယာလှပပြီး နေချင်ဖွယ်ရာ ဖြစ်သည်။ သူ့အနေဖြင့် မည်သည်ကြောင့် သေခြင်းတရားအား ရှာဖွေရမည်နည်း။
အန်လင်း၏ တုံ့ဆိုင်းနေမှုအား မြင်ရသည့်အခါ စုရှင်းတွေးမိသည်မှာ သိမ်ငယ်နေသည်ဟု ခံစားနေခြင်းဟူ၍ ဖြစ်သည်။ “ကျောင်းသားအန်လင်းရေ.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ကို ရောက်နေပြီ။ အဲဒီအပြင် မင်းရဲ့ ဓားကျွမ်းကျင်မှုကလည်း ငါတို့ပြည်နယ်ရဲ့ ထိပ်တန်းအဆင့်မှာ ရှိတယ်။ မင်းလိုမျိုး ပါရမီရှင်ကမှ ငါတို့ရဲ့ ယွင်လဲ့နဲ့ ထိုက်တန်တာကွ။ အဲဒါကြောင့် မင်းတို့နှစ်ယောက် တွဲဖြစ်ဖို့အတွက် ငါအပြည့်အဝကို ထောက်ခံတယ်”
အန်လင်းသည် စုရှင်း၏ ချီးကျူးမှုအား ကြားသည့်အခါ အလွန်ပျော်ရွှင်မိသည်။ သို့သော်လည်း ပျော်ရွှင်မှုသည် သူ၏အသက်ကို အာမမခံနိုင်ချေ။ သူ့အနေဖြင့် ငြိမ်းချမ်းစွာဖြင့် ရှင်သန်နေထိုင်လိုသည်။ ထို့ကြောင့် စုရှင်း၏ ကမ်းလှမ်းမှုအား တိတိပပပယ်ချလိုက်သည်။
အန်လင်းသည် တည်ကြည်သည့်အမူအရာဖြင့်သာ ရှိနေလေသည်။ တစ်ဖက်တွင်မူ စုရှင်းသည် စိတ်ပျက်နေလေသည်။ စိတ်ပျက် အားလျော့စွာဖြင့် သက်ပြင်းပင် ရှိုက်လိုက်လေသည်။
“အစ်ကို နှစ်က အန်လင်းနဲ့ ဘာအကြောင်းတွေ ပြောနေကြတာလဲ” စုချန်းရန်သည် သိလိုသဖြင့် မေးလိုက်သည်။ စုရှင်းနှင့် အန်လင်းတို့၏ အမူအရာများ ပြောင်းလဲနေသည်ကို သူမသတိပြုမိသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး စိတ်ဖြင့် ဆက်သွယ်နေကြခြင်းကို သူမသိလေသည်။
သူမ၏ မျက်လုံးလေးများသည် ကြည်လင်ကာ ချစ်စဖွယ်ကောင်းလှသည်။ သူမ၏ မျက်နှာလေးမှာလည်း နူးညံ့ကာ လှပသည်။ သူမကို ကြည့်ရင်းနှင့် အန်လင်းမှာ အမှန်တကယ်ကို ကြိုက်နှစ်သက်လာမိသည်။
သို့သော်လည်း ရှင်သန်နေထိုင်ခြင်းသည် ပို၍ အရေးကြီးနေဆဲ ဖြစ်သည်။
ဤသည်မှာ အန်လင်းအနေဖြင့် တတိယအကြိမ်မြောက် သူ့ကိုယ်သူ သတိပေးမိခြင်း ဖြစ်သည်။ သူ၏ တည်ငြိမ်သော ဣန္ဒြေကို အဆုံးရှုံးမခံနိုင်ပေ။
သူ၏အာရုံကို ကျန်းယန်အန်ထံသို့ ပြောင်းလိုက်သည်။ စုချန်းရန်အား ရှင်းပြရန်မှာမူ သူ၏ အံ့ဖွယ်အစ်ကိုကြီးအတွက် ချန်ထားပေးခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။
ကျန်းယန်အန်သည် ဓားဆန္ဒနှင့် ပတ်သက်သည့် လေ့ကျင့်ရေးနည်းစနစ်များ၊ ဓားဆန္ဒကို အသုံးပြု၍ တိုက်ခိုက်ရာတွင် အသုံးပြုသူ၏ ဓားခုတ်ချက်တွင် ပါဝင်သည့် စွမ်းအားကို မည်သို့တိုးတက်လာအောင် ပြုလုပ်ရမည် စသည့်များကို ရှင်းလင်းပို့ချပေးလျက် ရှိလေသည်။ အန်လင်းသည်လည်း ယင်းမှ အကျိုးအမြတ်များစွာ ရလိုက်သည်ဟု ခံစားမိလေသည်။
ပို့ချမှု ပြီးမြောက်သွားသည့် အခါတွင် အန်လင်းနှင့် စုချန်းရန်တို့သည် လေ့ကျင့်ရေးကွင်းပြင်မှ ထွက်ခွာလာခဲ့ကြသည်။
သူ၏စက်ရုပ်နှင့် စွမ်းအင်လုံးအား ပြန်လည်ရယူဖို့ရန် ၄ ရက်စောင့်ဆိုင်းရမည် ဖြစ်သဖြင့် အန်လင်းသည် အင်ပါယာနန်းတော်တွင်သာ အပန်းဖြေအနားယူရန် ဆုံးဖြတ်လိုက်သည်။
ထို လေးရက် အတွင်း၌ စုရှင်းသည် အန်လင်းထံသို့ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ပြီး အန်လင်းအား သူ၏ညီမလေးနှင့် မေတ္တာမျှလိုသလားဟု လာရောက်မေးမြန်းလေသည်။
“မလုပ်ချင်ပါဘူးခင်ဗျ” ထိုသည်က အန်လင်း၏ အဖြေဖြစ်သည်။
“ကောင်းပြီလေ။ နောက်မှပဲ ပြန်လာမေးမယ်နော်” အန်လင်း၏ အဖြေအတွက် စုရှင်းမှာ စိတ်လျှော့သွားခြင်း မရှိချေ။
နောက်တစ်နေ့။
“သေသေချာချာ တွေးပြီးပြီလား။ ငါ့ညီမလေးနဲ့ တွဲချင်လား။ မင်းကို ကူညီချင်လို့ပါကွ” စုရှင်း၏ မျက်နှာတွင် မျှော်လင့်စောင့်စားနေသော အကြည့်နှင့်ဖြစ်သည်။
“ထပ်ကာထပ်ကာ စဉ်းစားခဲ့ပါတယ်။ မဖြစ်နိုင်ပါဘူးခင်ဗျ” အန်လင်းမှာ အလွန်ပြတ်သားလှပေသည်။
စုရှင်း : “…”
တတိယမြောက်နေ့တွင်လည်း စုရှင်းရောက်လာပြန်သည်။
“ဘယ်လိုလဲ။ သူမကို ပိုးပန်းချင်လား”
“Fish Leong က ကျွန်တော့်ကို သတ္တိတွေ ပေးလာခဲ့မယ် ဆိုရင်တောင် စုချန်းရန်ကို ပိုးပန်းဖို့အတွက် မရဲပါဘူးခင်ဗျာ” (Fish Leong သည် မလေးရှားနာမည်ကျော် အဆိုတော် ဖြစ်သည်_)
စုရှင်းမှာ ကြက်သေသေသွားမိသည်။ “မင်းဘာတွေ ပြောနေတာတုန်း”
“မပြောဘူး”
စုရှင်း : “…”
စတုတ္ထမြောက်နေ့။
သူ၏ ပစ္စည်းလေးများအား သိမ်းဆည်းရမည့်အချိန် ဖြစ်သည်။
တပိုင်နှင့် ရှောင်းမန်တို့အား ခေါ်ယူကာဖြင့် အန်လင်းနှင့် စုချန်းရန်တို့သည် သုတေသနစင်တာသို့ တက်ကြွစွာဖြင့် လမ်းလျှောက်သွားကြသည်။
တံခါးဖွင့်လိုက်သည့် အခါတွင် သုတေသနစင်တာ၏ အတွင်း၌ ရောင်စုံအလင်းများ ထွန်းလင်းနေသည်ကို မြင်လိုက်ရသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပရော်ဖက်ဆာယန်သည် သုတေသနစင်တာ၏ အလယ်ဗဟိုတွင် ရပ်နေလေသည်။ မင်းသမီးအား အရိုအသေပေးပြီးနောက် စိတ်လှုပ်ရှားမှုများ မပျောက်သေးဟန်ဖြင့် တည်ငြိမ်စွာ ပြောလေသည်။ “သုတေသနစင်တာကနေ ကြိုဆိုပါတယ်။ အခုတော့ ထူးခြားဆန်းပြားတဲ့ အရာကို ကြည့်ရှုကြတာပေါ့”
ထိုသို့ပြောရင် အဖြုရောင်အဝတ်အား ဆွဲဖယ်လိုက်သည်။ အန်လင်း၏ အရှေ့တွင် ငွေရောင်စက်ရုပ်တစ်ခု ပေါ်လာလေသည်။
ယင်းသည် ကြမ်းပြင်တွင် မတ်မတ်ရပ်လျက်ရှိလေသည်။ ယင်း၏ အလယ်ဗဟိုရှိ စွမ်းအင်လုံးမှ ရွှေရောင်ဖျော့ဖျော့အလင်းအား ထုတ်လွှတ်နေလေသည်။
သန်မာအားကောင်းသည့် တည်ရှိမှုနှင့်အတူ တက်ကြွသည့် အော်ရာများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး သဘာဝတရားကြီးနှင့် အချိုးညီစွာ ပေါင်းစပ်လျက်ရှိလေသည်။ တောက်ပကာ တက်ကြွသည်။ အသက်စွမ်းအားများလည်း ပြည့်ဝနေလေသည်။
“မိုက်လိုက်တာ” သူ၏အရှေ့ရှိ စက်ရုပ်အား စူးစူးစိုက်စိုက်ကြည့်ကာဖြင့် အန်လင်းသည် မရည်ရွယ်ဘဲနှင့် ချီးကျူးမိလိုက်သည်။
ထိုစက်ရုပ်သည် အကြီးကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သေရာမှ ပြန်ရှင်သန်လာသကဲ့သို့ပင်။
သူ၏သွေးနှင့် ဆက်နွယ်မှုကြောင့် ယခုအခါတွင် ဤစက်ရုပ်အား အမိန့်ပေးနိုင်ပြီ ဖြစ်သည်။ ဤသည်မှာ စိတ်ဝိညာဉ်ကွန်ရက်သည် အောင်မြင်စွာဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း အသိပေးချက်ဖြစလေသည်။
“လက်သီးထိုး” အန်လင်း အမိန့်ပေးလိုက်သည်။
အန်လင်း၏ အမိန့်ပေးချက်ကြောင့် ဂန်းဒမ်သည် ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ လက်သီးချက်အား ပစ်လွှတ်လိုက်လေသည်။ ယင်း၏လှုပ်ရှားမှုသည် ချောမွေ့ပြီး လက်သီး၏ ပြင်းအားသည်လည်း ကြောက်မက်ဖွယ်ဖြစ်သည်။
ဂန်းဒမ်၏ လက်သီးချက်သည် အစီအစဉ်မကျ ဖရိုဖရဲဖြစ်မနေချေ။ ထို့အပြင် အလွန်သပ်ရပ်ကာ တိကျသည်။ ဤသို့ဖြစ်ရခြင်းမှာ စက်ရုပ်အတွင်းရှိ စစ္စတမ်ကြောင့် ဖြစ်ပေလိမ့်မည်။ စစ္စတမ်သည် တိုက်ခိုက်နည်းစနစ်များနှင့် ပတ်သက်သည့် အချက်အလက်များအား ယခင်ကတည်းက ထည့်သွင်းပြီး ဖြစ်ပုံပင်။
“ကစမ်း” အန်လင်းသည် ပြုံးကာဖြင့် အမိန့်များ ဆက်ပေးနေလေသည်။
ထို့နောက်တွင် ဂန်းဒမ်သည် စတင်တုန်ယင်လာပြီး မြူးကြွသည့် သီချင်းတစ်ပုဒ် ပွင့်လာသည်။
ချက်ချင်းဆိုသလိုပင် ဂန်းဒမ်သည် သီချင်းသံနှင့်အတူ လိုက်ပါကခုန်လေသည်။
ဤစက်ရုပ်၏အကသည် ပြည့်စုံသည်ဟု ပြောရမည်ပင်။ ဂန်းဒမ်၏ လှုပ်ရှားမှုများသည် အံ့ဩဖွယ်ကောင်းပြီး တည်ငြိမ်သည်။ အားကြီးသည့် စက်စွမ်းအင်ကို ပိုင်ဆိုင်ထားလေသည်။
ယင်းအကအား ကြည့်ကာဖြင့် အန်လင်း၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။
မိုက်လိုက်တာ။ လုံးဝကို ပြည့်စုံလွန်းတယ်။
ပရော်ဖက်ဆာယန်နှင့် စုချန်းရန်တို့သည်ပင်လျှင် သူတို့၏ မျက်လုံးများကို ဂန်းဒမ်ထံမှ မခွာနိုင်ကြပေ။ ဤအကသည် လွန်စွာသွက်လက်ပြီး မိန်းမောသွားစေသည်။
ပြီးဆုံးသွားပြီးသည့်နောက်တွင် အန်လင်းသည် ဂန်းဒမ်အား တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ “အခုကစပြီး မင်းရဲ့ နာမည်က ဂန်းဒမ်တစ်ပဲ”
စက်ရုပ်သည် နားလည်တစ်ဝက်ဖြင့် ခေါင်းညိတ်လေသည်။ တစ်ဖက်တွင်မူ ပရော်ဖက်ဆာယန် သည် သူ၏ရင်ဘတ်ထဲတွင် ဆို့နင့်လာတော့သည်။
ဤမျှလောက် ပြည့်စုံသည့် ဖန်တီးမှုအား ပေါ့တန်လွန်းသည့် အမည်မှည့်ခေါ်ခြင်း။ သူ၏နှလုံးသားလေးမှာ ဖျစ်ညှစ်ခံရသလို နာကျင်လှပေသည်။
ပရော်ဖက်ဆာယန်သည် အန်လင်းအား စွမ်းအင်လုံး နောက်တစ်ခု ပေးလိုက်သည်။
အန်လင်းသည် တက်ကြွစွာဖြင့် ကျန်ရှိနေသေးသည့် ဂန်းဒမ်အတွင်းသို့ စွမ်းအင်လုံးကို ထည့်သွင်းကာ အသက်ဝင်စေလိုက်သည်။
“အခုကစပြီး မင်းနာမည်က ဂန်းဒမ်နှစ်”
“ဆိုးလွန်းတယ်။ လုံးဝကို ဆိုးရွားလွန်းတယ်” ပရော်ဖက်ဆာယန်သည် ဝမ်းနည်းစွာဖြင့် ငိုကြွေးလေတော့သည်။
အန်လင်း၏ ဂန်းဒမ်များအား အမည်ပေးခြင်း နည်းလမ်းသည် ဒါဗင်ချီ သူ၏ မိုနာလီဇာအား ‘ပန်းပွင့်မိန်းကလေး’ ဟု အမည်ပေးခြင်းနှင့် တူညီလေသည်။ ကြီးကျယ်ခမ်းနားလှသည့် အနုပညာအား ညစ်နွမ်းစေသော လုပ်ရပ်ပင်။
အန်လင်းသည် ထိုအချက်အား သတိမမူမိချေ။ အလွန်အမင်း ကျေနပ်စွာဖြင့် ဂန်းဒမ်တစ်နှင့် နှစ်အား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက်တွင် ပရော်ဖက်ဆာယန်အား နောက်တစ်ကြိမ် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
“တကယ်လို့ ဒီ စက်ရုပ်တွေကို တိုက်ပွဲမှာ သုံးမယ်ဆိုရင် နှစ်နာရီပဲ ခံမယ်နော်။ စွမ်းအင်လုံးတွေရဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားတာနဲ့ ပြန်လည်ဖြည့်တင်းဖို့ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း လိုလိမ့်မယ်”
အန်လင်း ခေါင်းညိတ်လိုက်သည်။ ထိုမျှလောက် သေးငယ်သည့် ပမာဏအား သူတတ်နိုင်ပေသည်။
နောင်တစ်ချိန်တွင် ဂန်းဒမ်တစ်နှင့် နှစ်သည် သူ၏ အသက်ကယ်အဆောင်လေးများ ဖြစ်လာလိမ့်မည်။
“နောက်တစ်ခု ရှိသေးတယ်” ပရော်ဖက်ဆာယန် ဆက်ပြောသည်။ “ငါအခုပြုလုပ်ပေးလိုက်တဲ့ စွမ်းအင်လုံးတွေက စက်ရုပ်ရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ အသုံးပြုနိုင်ဦးမယ်။ နောက်များကျရင် ပိုကောင်းတဲ့ စွမ်းအင်လုံး ပြုလုပ်ပေးမယ်”
အန်လင်းသည် ပရော်ဖက်ဆာယန်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူ၏ နည်းပညာနှင့် ကျွမ်းကျင်မှုသည် အကန့်သတ်ရှိလေသည်။ အန်လင်းသည်လည်း ပြည့်စုံကောင်းမွန်သော စွမ်းအင်လုံးအား ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ထားခြင်း မရှိချေ။
အကြောင်းမှာ စက်ရုပ်၏ စွမ်းအား ၂၀ ရာနှုန်းမျှသာ အသုံးပြုနိုင်မည် ဆိုသော်လည်း သူ့အနေဖြင့် အလွန်အမင်း ကျေနပ်ပျော်ရွှင်နေသောကြောင့်ပင်။
ယခုအခါတွင် ပရော်ဖက်ဆာယန်မှ နောင်တစ်ချိန်တွင် ပိုမိုကောင်းမွန်သည့် စွမ်းအင်လုံးအား ပြုလုပ်ပေးမည်ဟု ဆိုလာသည့်အတွက် ကျေးဇူးတင်မိသလို အလွန်ကျေနပ်ပျော်ရွှင်နေမိသည်။
“မိုးသောက်နဲ့ အရုဏ်ဦးတို့ကို ကောင်းကောင်းဆက်ဆံပါ” ပရော်ဖက်ဆာယန်သည် အန်လင်း၏ ပခုံးအား ပုတ်ကာဖြင့် ပြောသည်။
“အဲဒါက ဘာလဲ” အန်လင်းသည် အနည်းငယ် ကြောင်သွားသည်။
“မင်းစက်ရုပ် ၂ ရုပ်ရဲ့ နာမည်တွေလေ” ပရော်ဖက်ဆာယန်သည် အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ပြောသည်။
ဤလူငယ်လေး၏ မှားယွင်းနေသော အမည်မှည့်ခေါ်နည်းတို့အား နူးညံ့သိမ်မွေ့ကာ အနုပညာဆန်လာစေရန် ပြုလုပ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။
“အဲဒီလို ကြုံရာကျပန်း နာမည်တွေ မပေးပါနဲ့ဗျ” အန်လင်းသည် တည်ငြိမ်စွာဖြင့် ဆိုသည်။ “ဂန်းဒမ်တစ်နဲ့ နှစ်က အကောင်းဆုံးပဲ”
ပရော်ဖက်ဆာယန် : “…”
***