ဤသည်ကား မန်မျိုးနွယ်စုပေတကား
Vol. 90 Ch. 1253
သင်္ဘောထဲမဝင်ခင်တုန်းက မန်ဒဲ့သည် မန်ချိန် ဘယ်သူမှန်းပင် သတိမထားမိခဲ့ပေ။ သူ သတိရလိုက်သည့် အကြောင်းအရင်းက ငရဲဘုံ ၃၃ ဘုံသို့ ဝင်ရောက်သွားခဲ့သော မျိုးနွယ်၀င်များအနက် မန်ချိန်တစ်ယောက်သာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ခြင်းကြောင့်ပင်။
မန်ချိန်သည် မန်ဒဲ့ကို အတော်လေးစိတ်ကျေနပ်စေခဲ့သော ရှေးဟောင်းမှော်ပစ္စည်းတစ်ခုကိုလည်း ပေးအပ်ခဲ့၏။ ထို့ကြောင့် မန်ချိန်က သူ၏မှတ်ဉာဏ်ထဲတွင် အတန်ငယ် ထင်ရှားလာခဲ့လေသည်။
သို့သော် ယခုတွင် သူ့မှာ မန်ချိန်ဘာမှမဖြစ်ပါစေနှင့်ဟုသာ အဆက်မပြတ် ဆုတောင်းနေမိတော့သည်။ ဤသင်္ဘောတွင် သူတစ်ယောက်တည်းသာ အသက်ရှင်မကျန်ခဲ့ချင်ပေ။ ယခုလေးတင် ဖြတ်သန်းခဲ့ရသော သေဘေးကို တွေးမိသောအခါ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏။ သူသည် တုံးအကောင်း တုံးအနိုင်သော်လည်း ကမ်းကုန်အောင်တော့ မတုံးအသေးပေ။ လူပေါ်ကြော့တစ်ဦးဖြစ်ခဲ့သည့်တိုင် သူ့အတွက်သူတော့ တွေးနိုင်သေးသည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် သာမန်သာဖြစ်သော်လည်း သူ့သွေးဆက်၏ဂုဏ်သိက္ခာကြောင့် သခင်လေးတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ထိုအခြင်းအရာကပင်လျှင် သူ၏ရွေးချယ်မှုမဟုတ်ခဲ့ပေ။
ယခုတွင် သူ့ခေါင်းထဲတွင် အဆင့်အတန်း၊ ဂုဏ်ဒြပ်တစ်ခုမှ ရှိမနေတော့။ သေဘေးနှင့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့်အခါ အဆင့်အတန်းဟူသည် နောက်ဆုံးမှ တွေးမိမည့်အရာမဟုတ်ပါလော။ သူ့အတွက် သူနှင့်အတူ ရှိနေပေးမည့်လူ၊ ဤကြောက်လန့်ဖွယ်အတွေ့အကြုံကို သူနှင့်အတူ မျှဝေပေးမည့် လူတစ်ယောက်ကိုသာ လိုအပ်သည်။
မန်ဒဲ့သည် သင်္ဘော၀မ်းဗိုက်တွင် မေ့မျောနေသော မန်ဟို့ကို တွေ့သွား၏။ သူက ကပျာကယာ ပြေးသွားပြီး မန်ဟို သတိလစ်နေခြင်းလား သေနေခြင်းလား အတည်ပြုပြီးနောက်တွင် မန်ဒဲ့မှာ ၀မ်းသာသွားတော့သည်။ သူသည် အခြားလူတိုင်းသေသွားကြသည့်တိုင် မန်ဟိုတစ်ယောက်တည်း ဘာကြောင့် အသက်ရှင်ကျန်ခဲ့သလဲ အထွေအထူး စဉ်းစားမနေပေ။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံက အလွန်တရာအဆင့်နိမ့်လွန်း၍ အနက်၀တ်လူများ၏ နတ်ဘုရားအာရုံလှိုင်းမှ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားခဲ့ခြင်းဖြစ်လိမ့်မည်။ သို့မဟုတ် သူတို့က သူ့ကို ဂရုမစိုက်ခဲ့ခြင်း သို့မဟုတ် နောက်မှသတ်ဖို့ ရည်ရွယ်ထားခဲ့ခြင်းလည်း ဖြစ်လိမ့်မည်။
အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ မန်ချိန်က မသေခဲ့ပေ။
မန်ဒဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ဆေးလုံးတချို့ ထုတ်လိုက်၏။ ပုံမှန်အားဖြင့် သူသည် ဆေးလုံးများနှင့်ပက်သက်လျှင် လွန်စွာကပ်စေးနည်းတတ်သော်လည်း ယခုမူ မန်ဟို့ပါးစပ်ထဲ အကုန်ထည့်လိုက်လေသည်။
"မသေပါနဲ့ မန်ချိန်ရာ" သူက မျက်ရည်များစီးကျနေလျက် ပြောသည်။ "အခု ငါတို့နှစ်ယောက်ပဲ ရှိတော့တယ်ကွ။ မင်း သေလို့မဖြစ်ဘူး...." သူက မန်ဟို့ကို ပွေ့ရင်း ကုန်းပတ်ပေါ် သယ်လာသည်။ ထိုနေရာတွင် သူသည် သင်္ဘောကို ဖြည်းဖြည်းချင်း စေစားဖို့ သူ၏ကျင့်ကြံခြင်းအခြေခံကို အသုံးပြုလိုက်၏။
သူ့မှာ မျိုးနွယ်စုနှင့် အဆက်အသွယ်ရအောင် ထပ်ခါတလဲလဲ ကြိုးစားသော်လည်း အတားအဆီးအား ဖယ်ရှားခံလိုက်ရသည့်တိုင် သူ၏စာများက အကြောင်းတစ်စုံတစ်ရာကြောင့် ရောက်မသွားခဲ့ပေ။
နောက်ဆုံးတော့ မန်ဟို နိုးလာသည်။
သူ နိုးလာသောအခါ မန်ဒဲ့က ဆွေမျိုးရင်းချာကြီးကို မြင်နေရသကဲ့သို့ စိတ်လှုပ်တရှား ချဉ်းကပ်လာသည်။ သူသည် ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြနေ၏။ မကြာခင် မန်ဒဲ့သည် မန်ချိန်အား သူ၏သူငယ်ချင်းအဖြစ် သတ်မှတ်လာတော့သည်။
အချိန်များ ကုန်လွန်သွားသည်။ မန်ဒဲ့၏စိတ်ထဲတွင် သူတို့နှစ်ယောက်သည် အသက်ရှင်ဖို့ တစ်ယောက်ကိုတစ်ယောက် အားကိုးနေကြလေသည်။ သူတို့က တစ်ယောက်တစ်လှည့် ပဲ့ထိန်းရင်း ရန်မစသင့်သည့်လူများနှင့် ပက်ပင်းတိုးမှာစိုးသဖြင့် သင်္ဘောအား မန်မျိုးနွယ်စုရှိရာသို့ သတိကြီးကြီး ရွက်လွှင့်နေကြသည်။
မန်ဒဲ့သည် သူ့ဘ၀တွင် ယခုလို အန္တရာယ်များသော အခြေအနေမျိုးနှင့် တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။ သူက ဆက်သွယ်ဖို့ ကျောက်စိမ်းပြားကို မကြာခဏ ထုတ်တတ်သော်လည်း တစ်ကြိမ်မှ အလုပ်မဖြစ်၍ အာကာသကြီးတစ်လျှောက် ကြောက်ကြောက်လန့်လန့် ရွက်လွင့်နေရင်း မန်ဟိုနှင့်အတူ အချိန်ကုန်ဆုံးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
သူတို့သည် အချိန်အကုန်မြန်အောင် စကားဆက်ပြောနေကြပြီး နောက်ဆုံးတော့ မန်ဒဲ့မှာ မချုပ်တည်းနိုင်တော့ပေ။ သူသည် မျိုးနွယ်စုအကြောင်းနှင့် အခြားအကြောင်းအရာအားလုံးကို မန်ဟို့အား ပြန်ပြောပြ၏။ သူက မန်ဟို့ကို အကြံပင်ပေးလေသည်။
"မန်ချိန် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းတယ်။ မဖြစ်ဘူး....
"ငါတို့ မျိုးနွယ်စုကို ပြန်ရောက်တာနဲ့ မင်းကို ကျင့်စဉ်တစ်ချို့နဲ့ ဆေးလုံးနည်းနည်းပါးပါး ပေးမယ်။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို အနည်းဆုံးတော့ အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ရောက်အောင် လုပ်ထားသင့်တယ်
"မပူနဲ့ နောင်ကျရင် မင်း ငါ့ကိုသာ အားကိုးလိုက်
"ဟေ့ ငါတို့ အိမ်ကို ဘယ်အချိန်လောက် ပြန်ရောက်မယ်ထင်လဲ။ ဘာလို့ မျိုးနွယ်စုနဲ့ အဆက်အသွယ်လုပ်လို့ မရသေးတာလဲမသိဘူးကွာ... တစ်ချိန်လုံး အလုပ်ကို မဖြစ်တာ..."
တစ်ရက်တွင် သင်္ဘောကို ပဲ့ထိန်းနေရင်းတန်းလန်း မန်ဒဲ့သည် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ သူက တင်ပျဉ်ခွေထိုင်နေသော မန်ဟို့ကို လှမ်းကြည့်ပြီး ကောက်ကာငင်ကာ မေးလိုက်သည်။ "အာ ဟုတ်သားပဲ။ မန်ချိန် ငါ အခုမှ တွေးမိတယ်။ ငါ မင်းကို ပထမဆုံးတွေ့တုန်းက မင်းမျက်နှာကလေ ကလေးမျက်နှာလေးလို ချောမွတ်နေတာ။ ဒါပေမဲ့ နောက်တစ်ခေါက်တွေ့တော့ မင်းနှာခေါင်းက ကျိုးနေသလို၊ မင်းတစ်ကိုယ်လုံးလည်း ဒဏ်ရာတွေပြည့်နေရော”
"ငါ ဘာဖြစ်ခဲ့တာလဲ မင်း မသိဘူးလား" မန်ဟိုက အေးတိအေးစက် ပြန်မေးသည်။ ဤအခိုက်အတန့်တွင် သူတို့သည် အာကာသထဲ၌ တစ်လနီးပါးလွင့်မျောနေခဲ့ကြပြီ ဖြစ်၏။ မန်ဟို၏ဘ၀အတွေ့အကြုံများကြောင့် နှစ်ယောက်အကြား၌ မန်ဟိုက လွှမ်းမိုးနိုင်ခဲ့သည်။ သူက စကားသိပ်မပြောသော်လည်း ပြောသည့်အခါတိုင်း မန်ဒဲ့သည် မန်ဟိုပြောသမျှကို စိတ်၀င်တစား နားထောင်တတ်၏။
မန်ဒဲ့သည် သခင်လေးဖြစ်သော်လည်း တစ်ယောက်ယောက်သာ သူတို့နှစ်ယောက် စကားပြောဆိုနေသည်ကို မြင်ပါက မန်ဟို့ကို သခင်လေးဟု ထင်လိမ့်မည်။
“ဟမ် မသိဘူးလေ ဘာဖြစ်ခဲ့လို့လဲ” မန်ဒဲ့က အတန်ငယ်အံ့အားသင့်သွားသော လေသံဖြင့် ပြန်ဖြေသည်။
မန်ဟိုက သူ့ကို အကဲခတ်နေပြီး အမှန်ပင် လိမ်နေခြင်းမဟုတ်ကြောင်း တွေ့လိုက်ရသည်။ ဤအခြင်းအရာအရ မန်ချိန်ကို ဟန်မျိုးနွယ်စုမှ သခင်လေးနှင့် တွေ့ဖို့ စီစဉ်ခဲ့သူမှာ မန်ဒဲ့မဟုတ်ဘဲ အစေခံထိန်းဖြစ်ကြောင်း ထင်ရှားသည်။ အစေခံထိန်းက သူ့သဘောနှင့်သူ လုပ်ခဲ့ခြင်းဖြစ်မည်။
မန်ဟိုက ခေါင်းခါပြီး ဘာမှထပ်မပြောတော့ပေ။ မန်ဒဲ့က သူ့ခေါင်းကို တဖျင်းဖျင်းကုတ်ရင်း တွေးနေသော်လည်း သင်္ဘောပေါ်တွင် ဖြစ်ခဲ့သောအရာတစ်ခုကိုမှ မတွေးမိပေ။ သို့သော် မန်ချိန် အနိုင်ကျင့်ခံနေခဲ့ရသည်ကိုတော့ သူ ခံစားနိုင်သည်။
“မန်ချိန် ဟိုလေ... မင်း သိလား။ ငါလေ မကောင်းတဲ့ကောင်တစ်ကောင် ဖြစ်ခဲ့ဖူးတယ်ကွ။ အဲဒီတုန်းက ငါတို့လည်း တစ်ယောက်နဲ့တစ်ယောက် မသိသေးဘူး။ မပူနဲ့ အခုကစပြီး မန်ဒဲ့ ဘာပဲပိုင်ပိုင် မင်းလည်း ပိုင်စေရမယ်” မန်ဒဲ့က သူ၏ရင်ဘတ်ကို မာန်ပါပါ ပုတ်ပြီးနောက် မန်ဟို့ကို လှမ်းကြည့်သည်။ အကြောင်းတစ်စုံတရာကြောင့် မန်ဒဲ့မှာ မန်ဟို သူ့အပေါ် မည်ကဲ့သို့မြင်မည်ကို လွန်စွာဂရုစိုက်လာခဲ့သယောင်ပင်။
မန်ဟိုက မဆိုစလောက် ပြုံးလိုက်သည်။ ဤရက်ပိုင်းအတွင်း သူ၏အမြင်လည်း အတန်ငယ်ပြောင်းလဲလာခဲ့၏။ မန်ဒဲ့က လူပေါ်ကြော့တစ်ဦးဖြစ်ပြီး တစ်ခါတရံ ငတုံးလို ပြုမူတတ်သော်လည်း ကယ်တင်မရသည်အထိတော့ မဟုတ်ကြောင်း သူ မြင်ရလေသည်။
နှစ်လကြာသည့်အခါတွင်တော့ မျိုးနွယ်စုနှင့် အဆက်အသွယ်ရဖို့ မန်ဒဲ့၏ မနားမနေ ကြိုးပမ်းမှုများ အရာထင်လာသည်။ မန်ဒဲ့သည် ရုတ်တရက် အင်မတန် စိတ်လှုပ်ရှားသွားပြီး ဖြစ်ကြောင်းကုန်စင်ကို လှမ်းရှင်းပြလိုက်လေ၏။
တစ်ရက်ကြာသော် အဝေးမှ ချဉ်းကပ်လာနေသော အလင်းတန်းငါးတန်းကို မန်ဟို လှမ်းမြင်လိုက်သည်။ ရှေ့ဆုံးရှိလူမှာ ဆံပင်ဖြူများဖြင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် အမျက်မထွက်ဘဲနှင့်တင် ရှိန်ဖွယ်ကောင်းနေပြီး သူ၏ကျင့်ကြံခြင်းအခြေခံက တာအိုနယ်ပယ်တွင် ဖြစ်၏။ အနှစ်သာရတစ်ခုသာ ပိုင်ဆိုင်ထားသော်လည်း တာအိုနယ်ပယ်ဖြစ်နေသေးလေသည်။
မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် မန်ဒဲ့၏ဘေးတွင် ရပ်နေသည်။
အဘိုးအို၏အနောက်တွင် ယောက်ျားသုံးယောက်၊ မိန်းမတစ်ယောက် ရှိသည်။ အမျိုးသမီးသည် သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း သူမ၏ရုပ်ရည်သွင်ပြင်ကို ကောင်းမွန်စွာ ထိန်းသိမ်းထား၍ အရွယ်တင်နုပျိုနေ၏။ သို့သော် သူမက မျက်မှောင်ကြုတ်လျက် ပျံသန်းလာနေပြီး မန်ဒဲ့နှင့် သူ၏စုတ်တီးစုတ်ပဲ့အခြေအနေကို မြင်လျှင် ငိုတော့သည်။ ချက်ချင်းပင် သူမသည် သူ့ကို အပြေးအလွှားဖက်လိုက်၏။
“အမေ... သား ဘာမှမဖြစ်ပါဘူး” မန်ဒဲ့ကလည်း ငိုလျက် ပြောသည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သောအရာအားလုံးမှာ သူ၏လက်ခံနိုင်စွမ်းထက် များစွာကျော်လွန်ခဲ့လေသည်။ မန်ဟိုသာ သူ့ကို ကူညီဖို့ ရှိမနေခဲ့လျှင် သူ့မှာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့လိမ့်မည်။
“ဒဲ့ကလေးရယ် အမေ့ရဲ့ သနားစရာကလေးလေး...” သူ့အမေက သူ့ဆံပင်များကို ထိုးဖွရင်း ပြောသည်။ မန်ဒဲ့သည် လူဆိုးလူပေပုံစံမရှိတော့ဘဲ အနည်းငယ် ရင့်ကျက်လာခဲ့ပုံရ၏။ သူ့အမေမှာ ထိုအခြင်းအရာကြောင့် ဝမ်းသာမိသော်လည်း ရင်နာရသေးလေသည်။
တာအိုနယ်ပယ်အဘိုးအိုနှင့်အတူ လာခဲ့သော လူသုံးယောက်အနက် တစ်ယောက်က မဟာစက်ဝန်းအဆင့်မှ ဆံချည်မျှင်တစ်မျှင်မျှသာ ဝေးကွာတော့သည့် ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့်ဖြစ်သည်။ သူနှင့် မန်ဒဲ့သည် အတော်လေးရုပ်ချင်းဆင်ပြီး မန်ဒဲ့ကို လှမ်းကြည့်ပြီးနောက် သူက မန်ဒဲ့ကို ပွေ့ဖက်လိုက်သည်။
“အဖေ....” မန်ဒဲ့က တအီးအီးရှိုက်ငိုနေရင်း ပြောသည်။
ကျန်နှစ်ယောက်က သင်္ဘောကို စစ်ဆေးရင်း တွေ့ရသည့် အရာများကို မှတ်သားနေသည်။ တာအိုနယ်ပယ်အဘိုးအိုကမူ မန်ဒဲ့ကို နူးညံ့ကြင်နာစွာ ကြည့်ပြီးနောက် မန်ဟို့ကို လှမ်းကြည့်သည်။ သူ့အကြည့်သည် စူးရှစီးပိုးလာ၏။
“သခင် အရှက်ကွဲရင် အစေခံတွေ သုတ်သင်ခံရတယ်” အဘိုးအိုက အေးတိအေးစက် ပြောသည်။ “မင်း သူ့ကို စောင့်ရှောက်ပေးခဲ့တာကို ထောက်ထားပြီး နောက်ဆုံးစကား ပြောခွင့်ပေးမယ်” သင်္ဘောကို စစ်ဆေးနေသည့် ကျင့်ကြံသူတစ်ယောက်က ခက်ထန်သောမျက်နှာထားဖြင့် မန်ဟို့ဘက် လှည့်လျှောက်လာသည်။
မန်ဟိုသည် မျက်မှောင်ကြုတ်၍ သက်ပြင်းခိုးချလိုက်မိ၏။ သူ အခြေအနေကို လျှော့တွက်ခဲ့မိလေပြီ။ သင်္ဘောပေါ်တွင် ဖြစ်ခဲ့သည့်အရာကို သိထားသူများလေလေ၊ မန်မျိုးနွယ်စုအတွက် ဆိုးရွားလေလေ ဖြစ်မည်။ သူက မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သော်လည်း ဤအခြေအနေကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက မျက်မြင်သက်သေ သူ့ကို အစဖျောက်ပစ်လိုက်ခြင်းသာ ရှိသည်။
သို့သော် ဤအခိုက်အတန့်တွင် မန်ဒဲ့က သူ့အဖေ၏လက်ထဲမှ ရုန်းထွက်ပြီး မန်ဟို့ကို အရှေ့မှ ကာပေးသည်။ သူက တာအိုနယ်ပယ်အဘိုးအိုကို တောင်းလျှိုးပန်လျှိုး ကြည့်ရင်း ပြော၏။ “ဘိုးဘိုး ဒါက ကျွန်တော်ရဲ့ အစ်ကိုပါ”
အဘိုးအိုက မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်သည်။ ကျန်ကျင့်ကြံသူကမူ လမ်းလျှောက်လာနေသည်ကို မရပ်ဘဲ မန်ဟို့ကို လှမ်းဆွဲလိုက်သည်။
ဖြစ်ပျက်နေသောအရာကို မြင်လျှင် မန်ဒဲ့က အလောတကြီး အော်သည်။ “သူက ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တာ။ ခင်ဗျားတို့ သူ့ကို သတ်ရင် ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်” ထို့နောက် သူသည် သူ့လက်ကို သူ၏ငယ်ထိပ်ပေါ် တင်၍ သူ့အဘိုးအား ပြတ်သားစွာ စိုက်ကြည့်လိုက်၏။
မန်ဟိုလည်း အံ့အားသင့်သွားသလို၊ မန်ဒဲ့အဘိုးလည်း ထိုနည်းတူပင်။ မန်ဟို့ကို လှမ်းဆွဲဖို့ ပြင်နေသော ကျင့်ကြံသူက ရပ်လိုက်သည်။ မန်ဒဲ့၏မိဘနှစ်ပါးလည်း အလားတူ အံ့ဩသွားကြသည်။
သူတို့ မှတ်မိသရွေ့ မန်ဒဲ့သည် လူကြားသူကြားတွင် လူပေါ်ကြော့တစ်ဦးလို ပြုမူတတ်သော်လည်း သူတို့အနားတွင်တော့ အမြဲရိုးကျိုးနာခံတတ်လေသည်။ သူတို့မှာ ထိုအခြင်းအရာကို သိပ်သဘောမကျသော်လည်း မတတ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင် မန်ဒဲ့ကား သူတို့ခေါင်းဆောင်ကြီး၏ရှေ့မှောက်တွင် ဒေါသထွက်ပြီး ခြိမ်းပင် ခြိမ်းခြောက်နေသည်။ ဤသည်က သူ၏မိဘနှစ်ပါးကို အလွန်ဝမ်းသာမိစေသည်။
အဘိုးအိုက မန်ဒဲ့နှင့် သူ့မျက်လုံးထဲရှိ စိတ်ပိုင်းဖြတ်ထားမှုကို သေချာကြည့်သည်။ သူ့မြေးအကြောင်း သူ ကောင်းကောင်းသိသလို၊ သူ့မြေး၏ပျော့ညံ့မှုကိုလည်း သူ သိသည်။ အမှန်တွင် ဤသည်မှာ သူ့မြေး ယခုလို ပထမဆုံးအကြိမ် ပြုမူခြင်းဖြစ်ပေသည်။ တခဏကြာသော် အဘိုးအိုက ရယ်လိုက်သည်။
“ကောင်းပြီး မင်းကြည့်ရတာ နောက်လိုက်ငယ်သားတွေကို ကာကွယ်သင့်တဲ့အကြောင်း သင်ယူခဲ့ရပုံပေါ်တယ်။ အဲဒီလိုလုပ်ဖို့ ငါ့ကိုတောင်မှ အာခံရဲနေပါလား။ ဒဲ့ကလေး မင်း အရွယ်ရောက်လာပြီပဲ” အဘိုးအိုက သူ၏အင်္ကျီလက်စကို ခါကာ မန်ဟို့ဆီ လျှောက်လာနေခဲ့သော ကျင့်ကြံသူကို ရပ်စေလိုက်သည်။
ထို့နောက် အဘိုးအိုသည် မန်ဟို့ကို ကြည့်ပြီး ပြော၏။ “ဒဲ့ကလေးမှာ အားနည်းချက်တွေ ရှိပေမယ့် သူမတူတဲ့ အားသာချက်တွေလည်း ရှိတယ်။ သူက မင်းအတွက် ငါ့ကိုတောင် အာခံရဲနေတာဆိုတော့ နောက်နောင် မင်းကိုယ်မင်း ဂရုစိုက်ပါ” အဘိုးအိုသည် မန်ဟို့ကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် သင်္ဘောကို ထိန်းချုပ်ကာ မန်မျိုးနွယ်စုဆီ စေစားလိုက်၏။
ဝုန်း
၎င်းသည် ယခင်က ရွေ့လျားနေခဲ့သောနှုန်းထက် အဆများစွာမြန်သည့်နှုန်းဖြင့် ထွက်သွားသော အလင်းတန်းအသွင် ပြောင်းသွား၏။
နှစ်ရက်ကြာသော် သင်္ဘောသည် ကြယ်တာရာကောင်းကင်ကို ဖြတ်လာခဲ့ရင်း မန်မျိုးနွယ်စုမှ ခြယ်လှယ်သော ဧရိယာသို့ ရောက်လာခဲ့လေပြီ။
အဝေးမှကြည့်လျှင် မန်မျိုးနွယ်စုသည် အာကာသကြီး၏အလယ်တွင် လွင့်မျောနေသော ဧရာမမြေထုကြီးနှင့် တူ၏။
တောင်များ၊ ပင်လယ်များကို မြင်ရပြီး မြို့ပေါင်းများစွာလည်း ရှိနေသည်။ မျိုးရိုးစဉ်ဆက် နေထိုင်လာခဲ့ရင်း များပြားလာခဲ့၍ ယခုတွင် နေရာတိုင်းလိုလို၌ ရှိနေသော သားရဲသတ္တဝါများကိုပင် မြင်ရနိုင်သည်။ ကုန်းမြေကြီးတစ်ခုလုံးသည် တောက်ပသောရောင်စဉ်များနှင့် လှိုင်းဂယက်များကို ထုတ်လွှတ်လျက်ရှိပေ၏။ ပို၍သေးငယ်သော ကုန်းမြေကိုးခုသည်လည်း ပင်မကုန်းမြေကြီးနှင့် ချိတ်ဆက်နေသည်။
ဤသည်ကား မန်မျိုးနွယ်စုပင်။
ပင်မကုန်းမြေကြီး၏ အလယ်တည့်တည့်တွင်မူ ဧရာမရုပ်တုကြီးတစ်ရုပ်အား မြင်ရနိုင်သည်။
အားလုံးအထဲအထူးဆန်းဆုံးကား ရုပ်တုကြီး၏မျက်နှာမှာ ပြောင်ရှင်းနေအောင် ခြစ်ချခံထားရ၍ မျက်လုံး၊ နား၊ ပါးစပ်တို့ မရှိခြင်းပင်... သို့ထိတိုင် ၎င်းသည် ကြီးမားသောဖိအားကို အရပ်လေးမျက်နှာသို့ ထုတ်လွှတ်နေသေး၏။
မန်ဟိုမှာ ထိုဖိအားကို ခံစားလိုက်ရလျှင်ချင်း တုန်လှုပ်သွားလေသည်။
“တာအိုဥသျှောင်တစ်ဦး ထင်တယ်... မဟုတ်သေးဘူး နေဦး။ အဲဒါက ... တောင်ပင်လယ်တွေရဲ့ ချီစီးကြောင်းပဲ”