ဘွားဘွားမန်
Vol. 90 Ch. 1254
မန်ဟိုသည် တောင်ပင်လယ်လောက၏ ချီစီးကြောင်းကို ဤနေရာတွင် ခံစားလိုက်ရသဖြင့် လုံးလုံးလျားလျား အံ့အားသင့်သွားပြီး အဋ္ဌမတောင်ပင်လယ်၏ တောင်ပင်လယ်သခင်မှာ မန်မျိုးနွယ်စုမှ ဖြစ်ဟန်တူသည့်အကြောင်းကို ပြန်မှတ်မိလိုက်၏ ....
သို့သော် အဋ္ဌမတောင်ပင်လယ်သို့ ရောက်ပြီးနောက်ပိုင်း သူ မှတ်မိထားသည်က မမှန်ကန်သကဲ့သို့ သူ ကြားခဲ့ရသောအရာအားလုံးမှာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
မန်ဟိုသည် အစကတည်းက တွေဝေသွားခဲ့ရပြီး ၊ အထူးသဖြင့် အဋ္ဌမတောင်ပင်လယ်သခင်ကို ကောင်းကင်နတ်ဘုရားဟု ခေါ်ကြောင်း ကြားပြီးနောက်တွင် ပို၍တွေဝေသွားရလေသည်။ ထိုအချိန်မှစပြီး ဤအခြေအနေနှင့်ပတ်သက်၍ သူ တွေးမိလာခဲ့သည်။
“ကောင်းကင်နတ်ဘုရား၊ ကောင်းကင်နတ်ဘုရား.... မျိုးရိုးမရှိဘူးပဲ" သူက မျက်လုံးများတောက်ပနေလျက် ရုပ်တုကြီးကို ကြည့်ပြီး တောင်ပင်လယ်လောက၏ ချီစီးကြောင်းကို ခံစားလိုက်သည်။ ယင်းကို သူမှလွဲ၍ မည်သူမှ သတိမထားမိသယောင်ပင်။
ရုပ်တုကြီး၏မျက်နှာ ခြစ်ချခံထားရသည့်အချက်အရ ကောင်းကင်နတ်ဘုရားနှင့် မန်မျိုးနွယ်စုအကြား၌ လျှို့ဝှက်သောဆက်နွှယ်မှုတစ်ခုခု ရှိနေလိမ့်မည်ဟု မန်ဟို ခံစားလိုက်ရသည်။
“အိမ်ရောက်ပြီကွ” မန်ဒဲ့က အော်သည်။ “နောက်ဆုံးတော့... အိမ်ပြန်ရောက်ပြီ။ မန်ချိန်ရေ ငါတို့ အိမ်ပြန်ရောက်ပြီကွ” မန်ဒဲ့သည် မန်ဟို့ဘေးတွင် ရပ်လျက် မန်မျိုးနွယ်စုကုန်းမြေကို စိတ်လှုပ်ရှားစွာ ကြည့််ပြီးနောက် အသက်ဝဝရှူသွင်းလိုက်၏။ သူ၏မျက်နှာထားအရ ရုတ်တရက် သူဖုန်းစားဘဝမှ မင်းညီမင်းသားဘဝ ရောက်သွားသည့်အလားပင်။
“အိမ်....” မန်ဟိုက ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။ သူ့အဘိုး၏သွေးဆက်များအကြောင်း တွေးမိသောအခါ သူ့မျက်လုံးများက တောက်ပသွားပြီး ကုန်းမြေအကြီးကြီးနှင့် ချိတ်ဆက်နေသည့် အသေးစားကုန်းမြေကိုးခုထဲမှ တစ်ခုကို စူးစိုက်လိုက်သည်။
သင်္ဘောပေါ်ရှိ မန်မျိုးနွယ်ဝင်များအား ဝိညာဉ်ဖွေရှာပြီးနောက် သူ့အဘိုး၏သွေးဆက်သည် အသေးစားကုန်းမြေကိုးခုအနက်မှ အသေးဆုံးတစ်ခုအပေါ်တွင် ဖြစ်ကြောင်း သူ သိခဲ့ရ၏။
မကြာမီ သင်္ဘောက ပင်မကုန်းမြေပေါ်ရှိ ရုပ်တုကြီးကို ဝန်းရံထားသည့် မြို့ကြီးတစ်မြို့အထဲ ဆင်းသက်လိုက်သည်။ ထိုနေရာသည် မန်မျိုးနွယ်ဘိုးဘေးစံအိမ် တည်ရှိရာနေရာလည်း ဖြစ်၏။
မန်ဒဲ့သည် သူ့ကို စောင့်ကြိုနေသော မန်မျိုးနွယ်ကျင့်ကြံသူရာပေါင်းများစွာ ရှိရာသို့ ပျံထွက်သွားလေသည်။ သူ ထွက်လာသည်နှင့် သူတို့အားလုံး လက်ယှက်ပြီး ပြောကြသည်။ “ဂါဝရပြုပါတယ် သခင်လေးကိုး”
မှန်သည်၊ မန်ဒဲ့သည် သခင်လေးကိုးဖြစ်ပြီး သူက နှုတ်ဆက်သံများကို ကြားလျှင်ချင်း ယခင်ပုံစံအတိုင်း ပြန်လည်မောက်မာသွားပုံရ၏။ သူက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ဝန်းရံနေသည့်လူများက ခြံရံပို့ဆောင်ပေးကြလေသည်။ သူ့အဖေနှင့်အမေ ထွက်သွားသည်မှာတော့ ကြာပြီဖြစ်ပြီး မန်ဒဲ့က ထွက်သွားတော့မည့်အချိန် မန်ချိန့်ကို သတိရသွားဟန်ဖြင့် လှည့်ကြည့်သည်။ သူသည် မန်ဟို့ကို ပြုံး၍ကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ ကျောက်စိမ်းလည်ဆွဲတစ်ခုအား ပျံထွက်သွားစေ၏။
မန်ဟို ၎င်းကို ဖမ်းယူလိုက်သည့်အခါ မန်ဒဲ့က အသံကျယ်ကြီးဖြင့် အော်ပြောသည်။ “ငါ မင်းကို ဒီရက်ပိုင်းထဲ လာရှာမယ်”
မန်ဟိုက ကျောက်စိမ်းလည်ဆွဲကို မြှောက်ပြပြီး ပြုံးပြလိုက်သည်။ စစချင်း ပတ်ဝန်းကျင်ရှိ မည်သူမှ သူ့ကို အာရုံတစ်စက်မှ မစိုက်ခဲ့သော်လည်း မန်ဒဲ့ သူ့အား ကျောက်စိမ်းလည်ဆွဲပေးလိုက်သည်ကို မြင်လျှင် လူများသည် သူ့ကို သတိထားမိသွားပြီး မျက်လုံးများ တောက်ပလာကြတော့၏။
မန်ဟိုက ဘာကိုမှ ဂရုစိုက်ပုံမရပေ။ သူသည် သင်္ဘောပေါ်မှ ဆင်းပြီး အဆောက်အဦများကို မျက်လုံးဝေ့ကြည့်လိုက်၏။ တစ်နေရာလုံးမှာ အစိမ်းသက်သက်ဖြစ်နေသလို၊ ဖွဲ့စည်းတည်ဆောက်ပုံသည် ဖန်မျိုးနွယ်စု၏ အစီအတန်းလိုက် ထောင့်ကျကျ ဖွဲ့စည်းပုံထက် ပို၍ပြေပြစ်လွတ်လပ်သော သဘောကို ဆောင်နေသည့် စက်ဝိုင်းသဏ္ဍာန် ရှိသည်။ ဘိုးဘေးစံအိမ်များသည်လည်း စက်ဝိုင်းသဏ္ဍာန် တည်ဆောက်ခံထားရရာ မဟာဆန်သောခံစားချက်ကို ပေးစွမ်းနေ၏။
မန်ဟို လမ်းကြားများအတိုင်း လျှောက်နေစဉ် ဘိုးဘေးမြို့ထဲ၌ မရေမတွက်နိုင်သော ကျင့်ကြံသူများကို မြင်ရပြီး အများစုက စိတ်ဝိညာဉ်နယ်ပယ်အဆင့်တွင်ဖြစ်ကြောင်း သူ လျင်မြန်စွာ သတိထားမိလိုက်သည်။ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများမှာ အတွေ့ရနည်းလေသည်။ သူ တွေ့ရသည့် လူရာပေါင်းများစွာအနက် တစ်ယောက်စနှစ်ယောက်စသာ အင်မော်တယ်များဖြစ်ကြ၏။
ပတ်ဝန်းကျင်တွင် မည်သည့်ဈေးဆိုင်မှ မမြင်ရသလို၊ မည်သည့်စားသောက်ဆိုင်မှလည်း မရှိ။ ဤနေရာကို သီးသန့်မြို့တစ်မြို့ဟု ခေါ်မည့်အစား ဘိုးဘေးစံအိမ်၏ အစွန်အဖျားနေရာဟု ခေါ်လျှင်ပင် ပိုသင့်တော်လိမ့်မည်။ သို့သော် အရွယ်အစားကတော့ မြို့တစ်မြို့နှင့် ယှဉ်နိုင်လေသည်။
ဖန်မျိုးနွယ်စုနည်းတူ မြို့ကို ဒေသများအဖြစ် ပိုင်းခြားထားသည်။ အရှေ့၊ အနောက်၊ တောင်နှင့်မြောက်ဒေသများရှိပြီး ထိုနေရာများတွင် သွေးဆက်အမျိုးမျိုးမှ အရေးပါသော မျိုးနွယ်ဝင်များ နေထိုင်ကြသည့် အိမ်ဝင်းအကျယ်ကြီးများ ရှိသည်။
အလယ်ပိုင်းဒေသလည်းမရှိသလို၊ ထင်ထားသလို သင်္ချိုင်းဗိမာန်လည်း မရှိ။ သို့သော် မန်ဟိုသည် ဧရာမရုပ်တုကြီးအတွင်းထဲမှ ပြိုင်ဘက်ကင်းသောအရှိန်အဝါငါးခုကို ခံစားနေရ၏။ ထိုအရှိန်အဝါများက တာအိုနယ်ပယ်အရှိန်အဝါများဖြစ်ကြောင်း သိသာသည်။
သို့သော် ထိုအရှိန်အဝါငါးခုအနက် နှစ်ခုသည် အားနည်းနေပြီး ငြိမ်းသေလုနီးပါး ဖြစ်နေသည်။ မန်ဒဲ့အဘိုး၏အရှိန်အဝါအပါအဝင် ကျန်အရှိန်အဝါသုံးခုက ပိုမိုအားကောင်းလေသည်။
“တာအိုနယ်ပယ်ကျင့်ကြံသူ ငါးယောက်.... သုံးယောက်ရဲ့အရှိန်အဝါက အားကောင်းတယ်။ နှစ်ယောက်က အနှစ်သာရ ၁ ခု ၊ တစ်ယောက်က အနှစ်သာရ ၂ ခု။ အားအနည်းဆုံးအရှိန်အဝါတွေထဲမှာကျ တစ်ယောက်က တာအိုသခင် ... တစ်ယောက်ကတော့ မသေချာဘူး။ ဒါပေမဲ့ ကြည့်ရတာ အဲဒီအရှိန်အဝါက ငြိမ်းတော့မယ့်ပုံပဲ” မန်ဟိုသည် ရုပ်တုထံမှ အကြည့်လွဲရင်း သူ၏နတ်ဘုရားအာရုံကို ပို၍ဝေးဝေးသို့ ဖြန့်ကျက်လိုက်သည်။
သူ၏နတ်ဘုရားအာရုံ ဘိုးဘေးစံအိမ်တစ်ခုလုံး ပြည့်နှက်သွားပြီး ထိုအထဲရှိ သက်ရှိအားလုံး သူ့စိတ်ထဲတွင် ပေါ်လာရန် သိပ်မကြာလိုက်ပေ။
သူသည် အထဲရှိ ကျင့်ကြံသူငါးယောက်အနက် တစ်ယောက်မှ သူ၏နတ်ဘုရားအာရုံကို အာရုံမရသလို၊ မန်မျိုးနွယ်စု၏အကာအကွယ်တစ်ခုမှ အသက်ဝင်မလာခဲ့သည့်အချက်ကြောင့် တအံ့တဩဖြင့် ရုပ်တုကြီးကို ပြန်ကြည့်လိုက်၏။ ထို့နောက် မန်ဟိုက သူ၏နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းပြီး သူ့အဘိုး၏သွေးဆက် တည်ရှိရာ ကုန်းမြေသို့ ဦးတည်လိုက်သည်။
သို့သော် သူ ထွက်သွားတော့မည့်အချိန်မှာပင် တုံ့ခနဲ ရပ်သွားသည်။ သူ့နတ်ဘုရားအာရုံဖြင့် မြင်နေရသော အနီးနားရှိ တစ်နေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေ၍ သူက ထိုနေရာသို့ အာရုံစိုက်လေသည်။
အိမ်ဝင်းတစ်ဝင်းထဲ၌ မောက်မာတင်စီးသောဟန်ပန်နှင့် သက်လတ်ပိုင်းလူတစ်ယောက်အား မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် တောင်းပန်နေသည့် အသက်ကြီးကြီးအမျိုးသမီးတစ်ဦးအား မြင်ရနိုင်သည်။ ခပ်ငယ်ငယ်မိန်းကလေးတစ်ဦးက ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် သက်လတ်ပိုင်းလူ၏ခြေထောက်အောက်တွင် လဲနေသည်။ သက်လတ်ပိုင်းလူမှ သူမကို မညှာမတာ ကန်ကျောက်နေစဉ် သူမ၏ညာလက်က တစ်စုံတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမမျက်နှာလေးသည် လူသေသဖွယ် သွေးမရှိတော့ပေ။
“အစ်ကိုကြီး တော်ပါတော့...” အသက်ကြီးကြီးအမျိုးသမီးက တောင်းပန်သည်။ “မန်ရူက သူ့အမျိုးအတွက် စိုးရိမ်လို့ ဆေးလုံးခိုးမိတာပါ အစ်ကိုကြီးရယ်...”
“သူက အစေခံမလေ” သက်လတ်ပိုင်းလူက အော်ငေါက်သည်။ “ရာရာစစ ဆေးလုံးကို ခိုးရဲတယ်လို့။ ဘာကြောင့်ပဲ လုပ်လုပ် သေကို သေသင့်တယ်။ ငါ သူ့ကို သေအောင် မရိုက်လို့ သူများတွေ သူ့ကို အတုခိုးကြရင် ဘယ့်နှယ့် လုပ်မလဲ” သက်လတ်ပိုင်းလူက သတ်ဖြတ်လိုသောမျက်လုံးများဖြင့် မိန်းကလေးကို ဆံပင်မှ လှမ်းဆွဲသည်။ သူမသည် လှသော်လည်း မွေးပါအနီမှတ်ကြီးက သူမမျက်နှာလေးကို ဖြတ်နေရာ သက်လတ်ပိုင်းလူကား ရွံရှာသွားပုံရ၏။ “အဲဒီအမှတ်မပါရင် နင်က မဆိုးဘူး။ ဘယ်လောက် ရွံ့စရာကောင်းလိုက်သလဲ”
“အစ်ကိုကြီး ရူအာရဲ့ အစ်ကိုဝမ်းကွဲက အင်မော်တယ်အဆင့်နော်။ သူက သခင်လေးကိုးရဲ့ ကိုယ်ရံတော်လေ။ ဒီကလေး ယူမိတာဆိုလို့ ဆေးလုံးတစ်လုံးပဲ ရှိတာပါ... ဒီလောက်အထိ မလွန်လွန်းသင့်ပါဘူး” အသက်ကြီးကြီးအမျိုးသမီးက သွေးအန်ရင်း လဲနေသော မိန်းကလေးကို စိတ်ပူစွာဖြင့် ရံဖန်ရံခါ ငုံ့ကြည့်ရင်း ဆက်တိုက်တောင်းပန်နေသည်။
ထိုအမျိုးသမီးကတော့ မသိသော်လည်း စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည့်အချိန်တွင် မန်ဟိုကား ဘိုးဘေးစံအိမ်မှ လမ်းအနည်းငယ်သာ ဝေးလေသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့အကြည့်သည် သွေးအေးသွား၏။
သူ့အဘိုး၏သွေးဆက်အများစုမှာ ကျင့်ကြံခြင်းအရင်းအမြစ်အတွက် အလဲလှယ်အနေဖြင့် ဘိုးဘေးစံအိမ်တွင် အစေခံလုပ်နေရကြောင်း သူ ကြားထားပြီးဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံမှတစ်ဆင့် မြင်နေရသော ဤမိန်းကလေးမှာ မန်ချိန်၏ ဝမ်းကွဲညီမဖြစ်ကြောင်း သူ သေချာသွားလေပြီ။
မန်ဟိုသည် တခဏလေးပင် ရပ်မနေ။ သူက ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားသည်။ သူ၏လှုပ်ရှားမှုကို ခေါင်းဆောင်ကြီးငါးဦးပင် မရိပ်စားမိပေ။
အိမ်ဝင်းထဲတွင် သက်လတ်ပိုင်းလူက ကြားလိုက်ရသော စကားကြောင့် အေးစက်စက် အော်ရယ်သည်။
“သူ့အစ်ကိုဝမ်းကွဲဟုတ်လား။ ဟို ခပ်ချောချာ မန် ဘာဆိုလား။ ဪ မန်ချိန် ဟုတ်တယ်မလား။ ကိုယ်ရံတော်တစ်ယောက်ဖြစ်နေလို့ ငါက မျက်နှာသာပေးရမယ်ပေါ့ ဟုတ်စ” သက်လတ်ပိုင်းလူက ဆောင့်ကြောင့်ထိုင်၍ မန်ရူ၏လက်ကို လှမ်းဆွဲသည်။ သူသည် သွေးအေးအေးဖြင့် သူမလက်ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်း ချိုးပစ်လိုက်၏။ နာကျင်မှုကြောင့် မန်ရူမှာ တုန်ရီနေသော်လည်း အံတင်းတင်းကြိတ်ထားပြီး အသံတစ်သံမှ မထွက်ပေ။
မကြာမီ စီးကျလာခဲ့သော သွေးများကြောင့် အရည်ပျော်နေပြီဖြစ်သည့် ဆေးလုံးတစ်လုံးက သူမလက်ထဲတွင် ပေါ်လာသည်။ သက်လတ်ပိုင်းလူက ၎င်းကို ယူ၍ အနားရှိကန်ထဲသို့ ပစ်လိုက်သည်။
မန်ရူ၏မျက်လုံးလေးများ ပြူးကျယ်သွားသည်။ သူမသည် ဤအခိုက်အတန့်မတိုင်ခင်အထိ မျက်ရည်တစ်ပေါက်မှ မကျခဲ့ပေ။ လက်ချောင်းများ ချိုးခံနေရတုန်းကပင် မျက်ရည်မကျခဲ့။ သို့သော် ယခု ကန်ရေထဲ ပျော်ဝင်သွားသော ဆေးလုံးကို မြင်သည့်အခါ မျက်ရည်များက သူမပါးပြင်တစ်လျှောက် စီးကျလာတော့သည်။
“အမလေး ငိုနေတာပါလား” သက်လတ်ပိုင်းလူက တဟားဟား ရယ်ရင်း မျက်ရည်များကို သုတ်ရန်အလား လက်လှမ်းလိုက်သည်။ သို့သော် သူ့လက် သူမမျက်နှာကို မထိနိုင်ခင် လက်တစ်ဖက်သည် ဘွားခနဲ ပေါ်လာခဲ့ပြီး သူ့လက်ကို ဖမ်းဆုပ်လိုက်၏။
သက်လတ်ပိုင်းလူမှာ လန့်သွားပြီး မန်ရူလေး၏ဘေးတွင် ရပ်နေသော မန်ဟို့ကို မြင်လျှင် စူးစူးဝါးဝါး အော်တော့သည်။ သူက တွေးပင်မတွေးမိဘဲ နောက်ဆုတ်လိုက်သည်။
“မန်ချိန် ရာရာစစ” သက်လတ်ပိုင်းလူသည် ကြောက်သွားခဲ့သော်လည်း မည်သူမှန်း သဘောပေါက်သောအခါ သတ္တိပြန်ရှိလာ၏။ သူက အော်ရင်း တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်သာ ဖြစ်သော သူ၏ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။
“အစ်ကိုကြီး...” မန်ရူက ဖြေးဖြေးချင်း မော့ကြည့်ရင်း ခေါ်သည်။ သူမသည် မန်ဟိုကို မြင်သည်နှင့် စောစောက တစ်လျှောက်လုံး သည်းခံနေခဲ့သည့် အရှက်ခွဲခံရမှုကြောင့် တသိမ့်သိမ့်တုန်လာပြီး ငိုတော့၏။
“လက်ဖယ်လိုက်စမ်း မန်ချိန်” သက်လတ်ပိုင်းလူက ပြောသည်။ “လီးတဲ့မှ မင်းကများ။ ငါ့အသားနာအောင် လုပ်ရင် ငါ့အစ်ကိုကြီးကို ပြန်ပြောမှာနော်။ သူ မင်းတို့သွေးဆက်တစ်ဆက်လုံးကို အပြတ်ရှင်းပစ်မှ အဆိုးမဆိုနဲ့”
“ကြည့်ရတာ ငါလည်း မန်မျိုးရိုးဆိုတာ မင်း မေ့နေတယ် ထင်တယ်။ ဒါမှမဟုတ် ငါ့တို့ကို မန်မျိုးနွယ်ဝင်အဖြစ် မသတ်မှတ်ထားတော့တာများလား” မန်ဟိုသည် သူ့အဘိုးသွေးဆက်၏ ဆင်းရဲနေသောအခြေအနေကို ခေါင်းထဲထည့်ထားခဲ့သော်လည်း လက်ရှိအဖြစ်အပျက်ကို မြင်ရခြင်းက သူ့နှလုံးသားအား ဓားနှင့်လှီးနေသကဲ့သို့ ခံစားရစေလေသည်။
မန်ဟိုက ရုတ်တရက် သူ့လက်ကို ဖြစ်ညစ်လိုက်ရာ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ လက်တစ်ဖက်လုံး သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားသဖြင့် သက်လတ်ပိုင်းလူက နာကျင်စွာ အော်ဟစ်နေတော့သည်။ ကြောက်လန့်မှုနှင့် နာကျင်မှုက သူ့ကို လွှမ်းမိုးနေသော်လည်း သူ အော်နေသည့်အချိန်မှာပင် မန်ဟိုက သူ့ကျောကို ပုတ်လိုက်၏။
ယင်းက ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စိစိညက်ညက်သွားစေသဖြင့် ကျိုးအက်သံများကို ပိုမိုဆူညံသွားသည်။ ခန္ဓာကိုယ်ကို အထောက်အပံ့ပြုထားသည့် အရိုးစုမရှိတော့၍ သက်လတ်ပိုင်းလူမှာ တဆတ်ဆတ် တုန်နေသော အသားပြားကြီးသဖွယ် ဘုတ်ခနဲ လဲကျသွားတော့သည်။
သူ့ပုံစံက လူပုံစံပင် မပေါ်တော့သလို၊ သူ့ပါးစပ်မှ မည်သည့်အသံမှ ထွက်မလာပေ။ သူ၏လက်ရှိအခြေအနေက သေရသည်ထက် ဆိုးရွားသော နာကျင်မှုကို ခံစားနေရစေသည်။ ဘေးတွင် ရပ်နေသည့် အမျိုးသမီးမှာ ပါးစပ်အဟောင်းသားနှင့် ကြောက်လန့်နေ၏။ ယခုလို ကောက်ကာငင်ကာ ဖြစ်ပျက်သွားခဲ့ခြင်းက သူမအား မယုံနိုင်ဖြစ်နေစေသည်။
မန်ရူလည်း တအံ့တဩ ငေးကြည့်နေသည်။
“အစ်ကိုကြီး...” မန်ဟို သူမကို ကူထူပေးနေစဉ် သူမက တိုးညင်းစွာ ခေါ်သည်။ သူသည် သူမလက်အပေါ် သူ့လက်ကို တင်ရင်း သူမ၏ကျိုးနေသော လက်ချောင်းများနှင့် ဒဏ်ရာရထားသော အတွင်းကလီစာများကို ကုစားပေးလိုက်၏။ မန်ရူမှာ စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည်နှင့် တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် အသက်ရှူမြန်လာသည်။ သူမသည် မန်ဟို့လက်မောင်းကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး ပြော၏။ “အစ်ကိုကြီး မြန်မြန်၊ ညီမလေးတို့ ပြန်မှဖြစ်မယ်။ ဘွားဘွားလေ... ဘွားဘွား သေတော့မယ်....”
“ဘွားဘွား... ဘွားဘွားမန်” မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် အချိန်ဆွဲမနေဘဲ မန်ရူကို ပွေ့ရင်း အဝေးသို့ ပျံထွက်သွား၏။
သူ ထွက်သွားသောအခါမှနောက်ဆုံး အိမ်ဝင်းထဲတွင် ကျန်ခဲ့သည့် အသက်ကြီးကြီးအမျိုးသမီးက စူးစူးဝါးဝါးအော်လိုက်ရာ ပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်များ၏အာရုံကို ဆွဲဆောင်လိုက်တော့သည်။ သူတို့ ရောက်ချလာပြီး အရိုးမဲ့လျက် လဲနေသော သက်လတ်ပိုင်းလူကို မြင်လျှင် အသက်ပင် မရှူနိုင်ကြတော့ပေ။
“ဒါကို ဘယ်သူ လုပ်ခဲ့တာတုန်း.... သေရတာထက် ဆိုးရွားလိုက်တာ”
{Etran မှ အမှာ _ မူရင်းမှာ ဘွားဘွားမန်ကို အမေဘက်ကအဘွား ဆိုတဲ့သဘောနဲ့ သုံးထားပါတယ်။ အသုံးတွေ ရှုပ်မှာစိုးလို့ ကျွန်တော်က ဘွားဘွားမန်လို့ အလွယ်ယူလိုက်ပေမယ့် တကယ်က မန်ဟို့အဘိုးရဲ့ မိန်းမဖြစ်လို့သာ ခေါ်လိုက်တာပါ။ သူမရဲ့ မျိုးရိုးကတော့ မန်မဟုတ်ပါဘူး။ မန်လီတုန်းကလည်း သခင်မဖန်လို့ သုံးခဲ့ဖူးပါတယ်}