← Chapters

မင်းတို့ရဲ့ နွားကျောင်းသားက အံ့ဩဖို့ အကောင်းဆုံးပဲ!

Vol. 5 Ch. 41

မင်းတို့ရဲ့ နွားကျောင်းသားက အံ့ဩဖို့ အကောင်းဆုံးပဲ!

Vol. 5 Ch. 41

ရှောင်းယောက် တောင်ထိပ်။

ဂူကျောင်းဆောင်ဝင်းအတွင်းမှ အော်ဟစ်သံများနှင့်အတူ သိုင်းကျင့်နေသည့် အသံများကို ရံဖန်ရံခါ ကြားနေရသည်။

ချန်အာကောသည် ချွေးစီးများကျလျက် ဝူတန် ရှောင်းယောက် လက်ဝါးသိုင်းကို အတော်ပင် ကိုးရိုးကားယား လေ့ကျင့်နေရ ပေသည်။

သူ အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သော်လည်း သူ၏ သာမန်ပါရမီကြောင့် နှစ်ရက်ကြာသည့်တိုင် အလယ်အလတ်အဆင့် လက်ဝါးသိုင်းကိုပင် မတတ်မြောက်နိုင်သေးပေ။

ဘေးတွင် ရပ်နေသော ယင်ဟွိုက်ယွီကတော့ ဒေါသတကြီး စိုက်ကြည့်နေ၏။

သူ၏ တိုက်ရိုက်တပည့်အပေါ် အားမလိုအားမရ ဖြစ်နေသည်မှာ သိသာလှ ပေသည်။

“နှစ်ယောက်လုံး အသက် ၁၈ နှစ်ချင်း အတူတူပဲ"

“အကြီးအကဲ လင်ချွမ်က ပထမအဆင့် ဖြစ်နေပြီ"

“မင်းကတော့ အဆင့် ၈ သိုင်းသမားတောင် မဖြစ်သေးဘူး။ လူချင်းအတူတူ ဘာလို့ ဒီလောက်တောင် ကွာခြား နေရတာလဲ?”

ယင်ဟွိုက်ယွီ နောင်တများဖြင့် ပြည့်နှက်နေသည်။ ထိုစဉ်က လင်ချွမ်သာ ချန်အာကောကိုသူ၏ကိုယ်စား ရူယိနှင့် ရင်ဆိုင်ခိုင်းရန် ဇွတ်မတောင်းဆိုခဲ့လျှင် သူသည် မည်သို့ပင်ဖြစ်စေ ချန်အာကော်ကို တပည့်အဖြစ် လက်ခံမည်မဟုတ်ပေ။

သူ၏ တစ်သက်တာ နာမည်ကျော်ကြားမှုမှာ ဤတုံးအသော တပည့်ကြောင့် ပျက်စီးရတော့မည်။

“အဲဒီ လင်ချွမ် ဆိုတဲ့လူက အသက် ၁၈ နှစ်ပဲ ရှိသေးတာလား"

အထဲမှ အံ့သြတုန်လှုပ်နေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

ပန်းခင်းဘေးတွင် ပန်းရေလောင်းနေသော စုမေ့အာ၏ မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်နေသည်။ အခြားတစ်ဖက်တွင်မူ ကျန့်ခွေက အုတ်ခဲများ သယ်နေရ ပေသည်။

လင်ချွမ်က သူတို့၏ အကြောများကို ပိတ်ထားသဖြင့် သူတို့၏ ခန္ဓာကိုယ်အင်အားမှာ သာမန်လူထက် အနည်းငယ်သာ သန်မာတော့၏။

အတွင်းအားကို လုံးဝ သုံး၍မရပေ။

မူလက ယင်ဟွိုက်ယွီသည် ဤနတ်ဆိုးဂိုဏ်းသားနှစ်ဦးကို အကျဉ်းထောင်ထဲ ပို့ရန် ကြံရွယ်ထားသော်လည်း ဝူတန်ဂိုဏ်းမှ လူငယ်တပည့်အချို့ မိုက်မဲသော လုပ်ရပ်များ လုပ်မိမည် စိုးရိမ်သဖြင့် ဂူကျောင်းဆောင်၌သာ ထားရှိခဲ့ခြင်း ဖြစ်သည်။

လုပ်စရာမရှိသဖြင့် စုမေ့အာနှင့် ကျန့်ခွေကို ဂူကျောင်းဆောင် ပြန်လည်ပြုပြင်ရန် ခိုင်းထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျန့်ခွေကြောင့် ဂူကျောင်းဆောင်မှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသောကြောင့်ပင်။

ကျန့်ခွေကတော့ ဤအလုပ်အပေါ် မကျေနပ်ပေ။

သို့သော် ကြိမ်ဒဏ်အချို့ ခံလိုက်ရပြီးနောက်တွင်တော့ နာခံသွားတော့သည်။

စုမေ့အာကမူ ပို၍ ဝီရိယရှိ၏။

အဓိက အကြောင်းရင်းမှာ လင်ယန်ရွှယ်က ရှောင်းယောက် တောင်ထိပ်တွင် ရက်အနည်းငယ် နေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

တပည့်တစ်ဦးအနေဖြင့် သူမ၏ ဆရာကို ဒုက္ခမရောက်စေလိုသဖြင့် ဤအလုပ်များကို ဦးစားပေး လုပ်ကိုင်နေခြင်း ဖြစ်သည်။

“ဒါပေါ့"

ယင်ဟွာယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ရှောင်လင်ကျောင်းက ရူယိဆိုတာ ပါရမီရှင်လား? အကြီးအကဲ လင်နဲ့ ယှဉ်ရင် သူ့ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ပါဘူး"

"အယ်မေ့ဂိုဏ်းက လျိုဟွမ်းယင် ဆိုရင် အသက် ၁၆ နှစ်ရှိပြီ၊ တတိယအဆင့် အထက်တန်းပဲ ရှိသေးတယ်"

"ငါ့အကြီးအကဲလင်နဲ့ ယှဉ်ရင်တော့ အဝေးကြီးပဲ"

"ပါရမီရှင်ဆိုတာ ဘယ်လိုလဲ သိချင်ရင် အကြီးအကဲလင်ကိုပဲ ကြည့်လိုက်"

လင်ချွမ်အကြောင်း ပြောနေရလျှင် ယင်ဟွိုက်ယွီမှာ ချီးမွမ်း၍ မဆုံးပေ။

လင်ချွမ်သည် သူ၏ အဖိုးတန်တပည့် ဖြစ်နေသကဲ့သို့ပင်။

“အာ"

စုမေ့အာသည် အမှန်တရားကို သိလိုက်ရသဖြင့် အလွန်တုန်လှုပ်သွားသည်။

“သူက တကယ့်ကို ပါရမီရှင်ပဲ။ ငါ့ဆရာတောင်မှ အသက် ၂၄ နှစ်ကျမှ ပထမအဆင့် ဖြစ်ခဲ့တာ"

"ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တိုးတက်မှုကလည်း လင်ချွမ်လောက် မမြန်ဘူး။ ဒါကြောင့်လည်း ဆရာတောင် သူ့ကို မနိုင်ခဲ့တာ ပေါ့"

သူမ ကိုယ့်ဘာသာ ရေရွတ်လိုက်မိသည်။

ပြောသူက စေတနာနှင့် ပြောသော်လည်း နားထောင်သူ ယင်ဟွိုက်ယွီမှာတော့ မျက်ခုံးများ မြင့်တက်သွားသည်။

“အသက် ၂၄ နှစ်မှာ ပထမအဆင့် ဖြစ်ခဲ့တယ်၊လင်ယန်ရွှယ်က အခုမှ အသက် ၂၈ နှစ်ပဲ ရှိသေးတာလား"

ယင်ဟွိုက်ယွီသည် သူ၏ ကမ္ဘာကြီး ပြိုလဲတော့မည့်အတိုင်း ခံစားလိုက်ရသည်။

နောက်ပိုင်း သူတွေ့သမျှ ပါရမီရှင်များမှာ တစ်ယောက်ထက်တစ်ယောက် ပို၍ ကြောက်စရာကောင်းနေသည်။

“ငါ တကယ်ပဲ အိုမင်းပြီး ခေတ်နောက်ကျသွားပြီလား"

သူ ကိုယ့်ဘာသာ ခါးသီးစွာ ပြုံးလိုက်မိသည်။

လင်ချွမ် နှင့် လင်ယန်ရွှယ်တို့နှင့် ယှဉ်လျှင် ဝူတန်အကြီးအကဲဖြစ်သော သူသည် လူနုံတစ်ဦးမျှသာ ဖြစ်နေ၏။

ထိုသို့ဆိုလျှင် သူသည် ချန်အာကောကို အဘယ်ကြောင့် အထင်သေးနေရသနည်း။

ချန်အာကောကို ပြန်ကြည့်လိုက်သောအခါ သူ၏ အကြည့်များမှာ နူးညံ့သွားတော့သည်။

“တပည့်ရွှမ်းကျန်း အကြီးအကဲကို အပူကပ်စရာ ရှိလို့ပါ"

ဂူကျောင်းဆောင် အပြင်ဘက်မှ ဝူတန်ဂိုဏ်းချုပ်၏ အသံထွက်ပေါ်လာသည်။

အသံကြားသည်နှင့် အားလုံး တံခါးဝသို့ ကြည့်လိုက်ကြသည်။

ဂိုဏ်းချုပ်သည် အခြားဂိုဏ်းအသီးသီးမှ အကြီးအကဲများကို ဦးဆောင်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။

ယင်ဟွိုက်ယွီ ချက်ချင်းပင် မျက်နှာထားကို တင်းမာအောင် လုပ်လိုက်သည်။

အကြီးအကဲတစ်ဦး၏ သိက္ခာကို ထိန်းသိမ်းရန် လိုအပ်သည် မဟုတ်ပါလား။

“ဝင်ခဲ့ကြ"

ယင်ဟွိုက်ယွီ ပြန်ထူးလိုက်သည်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ဝင်းထဲသို့ ဝင်လာကြ၏။

ယင်ဟွိုက်ယွီ ချန်အာကော်ကို တစ်ချက်ကြည့်လိုက်ရာ တပည့်ဖြစ်သူက ချက်ချင်း နားလည်သွားပြီး နှုတ်ဆက်ကာ ဂူကျောင်းထဲသို့ ဝင်ပုန်းလိုက် တော့သည်။

သူ လောလောဆယ် အဆင့် ၉ သာ ရှိသေးသဖြင့် လင်ချွမ်​၏ အကူအညီမပါဘဲ လူရှေ့ထွက်လျှင် အမှန်တရား ပေါ်သွားနိုင်သောကြောင့် ပင်ဖြစ်သည်။

ဂိုဏ်းချုပ်နှင့် အခြားသူများမှာ ဘာမှ မရိပ်မိကြပေ။

သူတို့ ယင်ဟွိုက်ယွီကို ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ကြသည်။

ပန်းခင်းဘေးမှ စုမေ့အာနှင့် ကျန့်ခွေကိုတော့ သူတို့ အကြိမ်ကြိမ် မြင်ဖူးပြီး ဖြစ်သဖြင့် ထူးဆန်းခြင်း မရှိလှပေ။

“ဘာကိစ္စလဲ? တိုက်ရိုက်သာ ပြောလိုက်"

ယင်ဟွိုက်ယွီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ"

ဂိုဏ်းချုပ်က ခေါင်းငြိမ့်ကာ ဆိုသည်။

"အယ်မေ့ဂိုဏ်းက ဒီနတ်ဆိုးဂိုဏ်းသား နှစ်ယောက်ကို တွေ့ချင်လို့ပါ။ အကြီးအကဲ ကျင့်ယီက နတ်ဆိုးဂိုဏ်းသားတွေကို ကိုယ်တိုင် မစစ်ဆေးရသရွေ့ ဝူတန်ဂိုဏ်းရဲ့ စကားကို မယုံနိုင်ဘူးလို့ ပြောနေပါတယ်"

အမှန်စင်စစ် ဂိုဏ်းချုပ်ကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေရသည်။

ဟယ်ဟွမ်းဂိုဏ်းချုပ်၏ တပည့်တစ်ဦးနှင့် အသူရာဂိုဏ်း​၏ ညာလက်ရုံးတို့သည် ယင်ဟွိုက်ယွီ၏ လက်ထဲသို့ အဘယ်ကြောင့် ရောက်နေသနည်း။

၎င်းမှာ အလွန်ပင် ထူးဆန်းလှ ပေသည်။

နောက်ပိုင်းတွင် ယင်ဟွိုက်ယွီက ချန်အာကောနှင့် သူ ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သဖြင့်သာ သံသယ ပြေပျောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤနတ်ဆိုးဂိုဏ်းသားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းက ဝူတန်ဂိုဏ်းအတွက် ပြဿနာများစွာ ဖြေရှင်းပေးခဲ့သည်။

ယခုအခါ အလယ်ပိုင်းဒေသ သိုင်းလောကသည် စည်းလုံးညီညွတ်မှုဘက်သို့ ဦးတည်နေပြီ ဖြစ်သည်။

“တွေ့ချင်ရင်လည်း တွေ့ခိုင်းလိုက်ပေါ့။ ဒီလောက် ကိစ္စလေးနဲ့ ငါ့ကို လာနှောင့်ယှက်နေဖို့ လိုလို့လား"

ယင်ဟွိုက်ယွီက မကျေမနပ် ပြောလိုက်သည်။

သူသည် လူငယ်များရှေ့တွင် အမြဲတမ်း မျက်နှာထား တင်းတင်းဖြင့် နေလေ့ရှိသည်။

“တပည့် မရဲဝံ့ပါဘူး"

ဂိုဏ်းချုပ်က အမြန် ရှင်းပြလိုက်၏။

"တကယ်တော့ ဒီနေ့ လာရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိပါသေးတယ်။ အဲဒါက အယ်မေဂိုဏ်းပဲ"

"သူတို့ရဲ့ ပါရမီအရှိဆုံး တပည့်တွေအားလုံးကို ဝူတန်ကို ခေါ်လာကြတယ်။ ကျွန်တော်တို့ဂိုဏ်းက လူငယ်တွေနဲ့ ချစ်ကြည်ရေး သိုင်းယှဉ်ပြိုင်ချင်လို့တဲ့"

"တခြားတပည့်တွေကတော့ ကိစ္စမရှိပေမဲ့ လျိုဟွမ်းယင်ကိုတော့ ချန်အာကောတစ်ယောက်ပဲ ရင်ဆိုင်နိုင်မယ် ထင်ပါတယ်"

ယခင်က ရူယိ ကိစ္စကဲ့သို့ပင် ဝူတန်ဂိုဏ်းမှ လူငယ်တပည့်များမှာ အားကိုးမရဖြစ်နေကြသည်။

ချန်အာကောသာ ဝင်မပါလျှင် ရှောင်လင်ကျောင်းကြောင့် ဝူတန်ဂိုဏ်း မျက်နှာပျက်ရတော့မည် ဖြစ်သည်။

သို့သော် ရူယိကို အမှန်တကယ် အနိုင်ယူခဲ့သူမှာ ချန်အာကော မဟုတ်ဘဲ လင်ချွမ်ဖြစ်ကြောင်းကိုမူ သူတို့ မသိကြပေ။

“ဟား၊ အလယ်ပိုင်းဒေသ သိုင်းလောကကြီး ဘာလို့ ဆုတ်ယုတ်နေရသလဲဆိုတာ မဆန်းပါဘူး။ လူငယ်တပည့်တွေက ဒီလောက်တောင် အသုံးမကျဖြစ်နေတာကိုး"

စုမေ့အာက လှောင်ပြောင် ရယ်မောလိုက်သည်။

ကျန့်ခွေကလည်း နှာခေါင်းရှုံ့ကာ ဆိုသည်။

“အယ်မေ့ဂိုဏ်းက မိန်းကလေးတွေကို အနိုင်ယူဖို့ ချန်အာကောကို လွှတ်နေစရာ မလိုပါဘူး"

"အချိန်ဖြုန်းတာပဲ။ မင်းတို့ရဲ့ အဲဒီ နွားကျောင်းသားလေးကိုသာ ခေါ်ထုတ်လိုက်စမ်းပါ၊ အရာအားလုံးက အလွယ်လေး ပြီးသွားလိမ့်မယ်"

All Chapters