နှလုံးသားကင်းမဲ့သော ဟယ်ဟွမ်းဂိုဏ်း
Vol. 5 Ch. 42
“နွားကျောင်းသား ဟုတ်လား"
ဂိုဏ်းချုပ်နှင့် အခြားသူများမှာ သံသယများဖြင့် ပြည့်နှက်သွားကြသည်။
ကျန့်ခွေပြောနေသည်မှာ လင်ချွမ်ကို ဆိုလိုခြင်းလော။
“ပါးစပ်ပိတ်ထားစမ်း"
ယင်ဟွိုက်ယွီက မျက်နှာပျက်ပျက်ဖြင့် ရုတ်တရက် အော်ဟောက်လိုက်သည်။
လင်ချွမ်သည် အေးအေးဆေးဆေး နေလိုသူဖြစ်ပြီး သူ၏ အစွမ်းကို ထုတ်ဖော်လိုခြင်း မရှိပေ။
ဤအချက်ကို လူအနည်းငယ်သာ သိကြပြီး ၎င်းတို့မှာ ယင်ဟွိုက်ယွီနှင့် ချန်အာကော တို့သာ ဖြစ်သည်။
ထို့ကြောင့် ကျန့်ခွေက လင်ချွမ်အမည်ကို တိုက်ရိုက်ပြောလိုက်သောအခါ ယင်ဟွိုက်ယွီသည် ဂိုဏ်းချုပ်တို့ရှေ့တွင် ရှင်းပြ၍ မရနိုင်တော့ပေ။
ထို့ကြောင့် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရသည်။
“အားလုံး ပြန်ကြပါတော့"
“သိုင်းပြိုင်ပွဲ စတဲ့အခါကျရင် ချန်အာကောကို ငါကိုယ်တိုင် လွှတ်လိုက်ပါ့မယ်"
အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ သူ အချိန်ဆွဲနေ၍ မရတော့ပေ။
လိမ်လည်မှုတစ်ခုက နောက်ထပ် လိမ်လည်မှုများစွာကို ဆက်တိုက်ဖြစ်ပေါ်စေသည်။
လင်ချွမ်ကိုယ်တိုင် သူ၏ အစွမ်းကို ထုတ်မပြသရွေ့ ချန်အာကောသည် သူ၏ ကိုယ်ပွားအဖြစ် ဆက်လက် သရုပ်ဆောင်နေရဦးမည် ဖြစ်သည်။
“ဒါဆိုရင် ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး"
ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် အရိုအသေပေးကာ ထွက်ခွာသွားကြသည်။
သူတို့သည် ကျန့်ခွေ၏ စကားကို အတည်မယူကြပေ။
၎င်းမှာ ပြက်လုံးတစ်ခုမျှသာဟု သူတို့ ထင်မှတ်ကြသည်။
“ဟွန့်"
“နုံအတဲ့ အဘိုးကြီးတွေ"
“ဒီလောက် အစွမ်းထက်တဲ့ တပည့်ရှိတာတောင် အသုံးမချရဲကြဘူး။ အခြားဂိုဏ်းတွေက လာလုသွားမှာ ကြောက်နေလို့လား"
ကျန့်ခွေက လှောင်ပြောင်လိုက်သည်။
သူ၏ အမြင်တွင် သူတော်ကောင်းဟု မိမိကိုယ်ကိုယ် သတ်မှတ်ထားသူများ၏ အပြုအမူများမှာ နားလည်ရခက်လှသည်။
ရှောင်လင်ကျောင်း၏ မသတ်ဖြတ်ရဟူသော မူဝါဒ၊ သူတစ်ပါးက အရင်မတိုက်ခိုက်လျှင် မိမိက မလုပ်ဟူသော မူဝါဒများ။
ထိုသူတော်ကောင်းများသည် သူတို့၏ နာမည်ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် အနိုင်ကျင့်ခံရလျှင်ပင် လက်တုံ့ပြန်ရန် ဝန်လေးတတ်ကြသည်။
၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော နတ်ဆိုးဂိုဏ်းများမှာမူ ပွင့်လင်းရိုးရှင်းသည်။
တစ်ယောက်ယောက်က သူ့တို့ကို စိတ်အနှောင့်အယှက်ပေးလျှင် ထိုသူ၏ တစ်မိသားစုလုံးကို အပြတ်ရှင်းပစ်လိုက်သည်။
ဒါမှသာ တကယ့် ယောက်ျားကောင်းတစ်ယောက်၏ ဖြေရှင်းနည်းကဲ့သို့။
“မင်း နောက်တစ်ခါ လျှောက်ပြောရင် မင်းလျှာကို ငါဖြတ်ပစ်မယ်"
ယင်ဟွာယွီက အော်ဟောက်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ ချက်ချင်း တုံ့ပြန်နိုင်ခဲ့သဖြင့် အမှန်တရား ပေါ်မသွားခြင်း ဖြစ်သည်။
ကျန့်ခွေသည် အသုံးဝင်နေသေး၍သာ ဖြစ်သည်၊မဟုတ်ပါက ဤလူကို သူ သတ်ပစ်လိုက်သည်မှာ ကြာလှ ပေပြီ။
ဂိုဏ်းချုပ်နှင့် အခြားသူများ ထွက်သွားပြီးနောက် လင်ယန်ရွှယ်သည် ကောင်းကင်မှ ပျံသန်းကာ ပြန်ရောက်လာသည်။
သူမ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး ရှိနေပြီး စိတ်အခြေအနေ အလွန်ကောင်းနေပုံရသည်။
သို့သော် ယင်ဟွိုက်ယွီ၏ မျက်လုံးထဲတွင်တော့ ၎င်းမှာ မိစ္ဆာမ၏ ပရိယာယ်တစ်ခုသာ ဖြစ်သည်။
“မိစ္ဆာမ၊ မင်း ဘာတွေ သွားလုပ်နေတာလဲ"
ယင်ဟွိုက်ယွီက အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။
ထိုစကားတစ်ခွန်းကြောင့် လင်ယန်ရွှယ်၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ငါ တစ်ခုခုလုပ်ဖို့ မင်းရဲ့ ခွင့်ပြုချက်ကို တောင်းခံဖို့ လို သေးလို့လား"
လင်ယန်ရွှယ်က ပြန်ပြောလိုက်သည်။
သူမ၏ မျက်လုံးထဲတွင် လင်ချွမ်မှလွဲ၍ ကျန်သည့် အမျိုးသားများမှာ သာမန် လူတန်းစားယောက်ျားများသာ ဖြစ်သည်။
သူမသည် လင်ချွမ်အပေါ်၌သာ ကောင်းမွန်စွာ ဆက်ဆံမည် ဖြစ်သည်။
ဤဂူကျောင်းဆောင်မှာ ယင်ဟွိုက်ယွီ ပိုင်ဆိုင်သည် ဖြစ်စေ၊ သူမကို နေထိုင်ခွင့်ပေးခဲ့သည် ဖြစ်စေ၊ သူမ၏ အမြင်တွင် ၎င်းမှာ လင်ချွမ်က ယင်ဟွိုက်ယွီကို ပေးခဲ့သော အမိန့်သာ ဖြစ်၏။
တစ်နည်းအားဖြင့် လင်ချွမ်က သူမကို နေခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
“မိစ္ဆာမ... မင်းသာ ဝူတန်ဂိုဏ်းကို ထိခိုက်မယ့်အရာ တစ်ခုခု လုပ်ရဲရင် ငါ မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"
ယင်ဟွာယွီက သွားကြိတ်ကာ ပြောလိုက်သည်။
လင်ချွမ်သည် အဘယ်ကြောင့် ဤမိစ္ဆာမကို ရှောင်းယောက်တောင်ထိပ်တွင် ထားရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
သူမသည် နတ်ဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်သလို ဟယ်ဟွမ်းဂိုဏ်းချုပ်လည်း ဖြစ်သည်။
ဤကဲ့သို့ အန္တရာယ်ရှိသူသည် ဝူတန်ဂိုဏ်းအတွက် ဘေးဒုက္ခ အချိန်မရွေး သယ်ဆောင်လာနိုင် ပေသည်။
“မင်းက ငါ့ကို လွှတ်မထားဘူးလား"
"မင်းကပေါ့လေ"
လင်ယန်ရွှယ်က လှောင်ပြောင်လိုက်ရာ သူမ၏ လှပသော မျက်နှာပေါ်တွင် အထင်သေးမှုများ ပေါ်လွင်နေ၏။
ထိုအခါ ယင်ဟွိုက်ယွီ၏ မျက်နှာ ချက်ချင်း နီမြန်းသွားသည်။
အထူးသဖြင့် လင်ယန်ရွှယ်မှာ အသက် ၂၈ နှစ်သာ ရှိသေးသည်ကို သိလိုက်ရပြီးနောက် သူ ပို၍ အရှက်ရမိသည်။
တစ်သက်လုံး သိုင်းသင်လာခဲ့သော အဘိုးကြီးတစ်ယောက်မှာ ကောင်မလေးတစ်ယောက်ကို မယှဉ်နိုင်သည်မှာ ဝမ်းနည်းစရာပင်။
ဒေါသထွက်ချင်သော်လည်း သူမကို သူ မနိုင်ပေ။
“ငါ မင်းကို မနိုင် နိုင်ပေမဲ့ အကြီးအကဲလင်ကတော့ မတူဘူး"
အခြားနည်းလမ်းမရှိတော့သဖြင့် ယင်ဟွိုက်ယွီက လင်ချွမ်အမည်ကို ထုတ်သုံးလိုက်ရသည်။
“သူလား"
“သူကတော့ ငါ့ကို စိတ်နာအောင် လုပ်မှာ မဟုတ်ပါဘူး"
လင်ချွမ်၏ အမည်ကို ကြားလိုက်ရုံနှင့် လင်ယန်ရွှယ်၏ အေးစက်သော မျက်နှာမှာ ရေခဲပြင် အရည်ပျော်သကဲ့သို့ နူးညံ့သွားသည်။
သူမ၏ နှလုံးသားမှာ သမင်လေးတစ်ကောင် ပြေးလွှားနေသကဲ့သို့ ခုန်ပေါက်နေတော့သည်။
ယနေ့ လင်ချွမ်နှင့် သာယာစွာ တွေ့ဆုံရန် ကြံရွယ်ခဲ့သော်လည်း အယ်မေ့ဂိုဏ်းမှ မိန်းကလေးများကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
လင်ချွမ်သာ မရှိလျှင် ထိုမိန်းကလေးများကို သူမ သတ်ပစ်မိမှာ အသေအချာပင်။
ကံကောင်းသည်မှာ လင်ချွမ်သည် နဝမမြောက်ယင်ကျမ်းစာကို လက်ခံခဲ့ခြင်း ဖြစ်သည်။
၎င်းမှာသိုင်းကျမ်းစာတစ်ခု ဖြစ်သော်လည်း အချစ်၏ အထိမ်းအမှတ်ဟုလည်း ယူဆ၍ ရသည် မဟုတ်ပါလား။ စဉ်းစားမိရုံနှင့် သူမ စိတ်လှုပ်ရှားနေမိသည်။
“မင်းလို အဘိုးကြီးနဲ့ ငြင်းခုံမနေချင်တော့ဘူး။ ငါ အခန်းထဲသွားပြီး နားတော့မယ်"
ပြောပြီးနောက် လင်ယန်ရွှယ်သည် အခန်းထဲသို့ ဝင်ကာ တံခါးကို ဂျိန်းခနဲ ပိတ်လိုက်သည်။
“ဆရာ... တစ်ခုခုတော့ မှားနေပြီ"
စုမေ့အာက မျက်မှောင်ကြုတ်လိုက်၏။
သူမသည် ဟယ်ဟွမ်းဂိုဏ်းသားတစ်ဦး ဖြစ်သဖြင့် ယောက်ျားနှင့် မိန်းမကြားရှိ အချစ်အကြောင်းကို ကောင်းကောင်း နားလည်လိုက်သည်။
မနေ့ကတည်းက လင်ယန်ရွှယ်၏ တုံ့ပြန်မှုမှာ အလွန်ထူးဆန်းနေ၏။
ဖြစ်နိုင်သည်မှာ...
သူ့ ဆရာသည် ထိုချောမောသော နွားကျောင်းသားလေး လင်ချွမ်ကို စိတ်ဝင်စားသွားခြင်းလော။
ထိုသို့ တွေးမိသည်နှင့် စုမေ့အာသည် သူမ၏ အလုပ်များကို ပစ်ထားကာ လင်ယန်ရွှယ်ထံသို့ ပြေးသွားတော့သည်။
“ဒေါက် ဒေါက်"
လင်ယန်ရွှယ်သည် စုမေ့အာမှလွဲ၍ အခြားသူ မလာရဲကြောင်း သိသဖြင့် “ဝင်ခဲ့" ဟု ခွင့်ပြုလိုက်သည်။
စုမေ့အာသည် အခန်းထဲသို့ ဝင်လာပြီး တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“သခင်မ... သခင်မ တကယ်ပဲ အဲဒီ နွားကျောင်းသားကို သဘောကျနေတာလား"
“ဟင်"
လင်ယန်ရွှယ် မှင်တက်သွားသည်။
သိသာနေလို့လား။ ဖြစ်နိုင်သည်မှာ သူမသည် ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားဖူးခြင်း ဖြစ်သဖြင့် မည်သို့ ဖုံးကွယ်ရမည်ကို မသိခြင်း ဖြစ်နိုင်သည်။
“ငါက... မဟုတ်ပါဘူး။ ငါက အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဘယ်လိုလုပ် စိတ်ဝင်စားမိမှာလဲ"
လင်ယန်ရွှယ်က ရှက်ကိုးရှက်ကန်းဖြင့် ငြင်းဆိုလိုက်သည်။
စုမေ့အာကတော့ သူမ၏ ဆရာ သရုပ်ဆောင်ပုံမှာ အလွန် ညံ့ဖျင်းလှသည်ဟု စိတ်ထဲမှ ကြိတ်ကာ ဝေဖန်နေမိသည်။
“သခင်မ"
“သခင်မအနေနဲ့ လင်ချွမ်ကို လုံးဝ ချစ်လို့မရဘူး"
"သူက သူတော်ကောင်းဂိုဏ်းသား၊ သခင်မက ဟယ်ဟွမ်းဂိုဏ်းချုပ်! ဂိုဏ်းရဲ့ စည်းကမ်းတွေကို မေ့သွားပြီလား"
စုမေ့အာက လေးလေးနက်နက် ပြောလိုက်သည်။
ထိုစကားကြောင့် လင်ယန်ရွှယ်၏ မျက်နှာမှ ရှက်သွေးများ ချက်ချင်း ပျောက်ကွယ်သွား တော့သည်။
သူမ မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားခန်း ဝင်သွားတော့သည်။
ဟယ်ဟွမ်းဂိုဏ်းသည် နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းအနက် အမျိုးသမီးများသာ အဓိကရှိသော တစ်ခုတည်းသော ဂိုဏ်းဖြစ်သည်။
သူတို့ ကျင့်ကြံသော အတတ်ပညာများမှာ စိတ်ပိုင်းဆိုင်ရာကို နှောင့်ယှက်သော အတတ်များ ဖြစ်ပြီး အထင်ရှားဆုံးမှာ မြူဆွယ်ခြင်းအတတ် ဖြစ်သည်။
အပြင်လူများက ဟယ်ဟွမ်းဂိုဏ်းကို ကာမဂုဏ် လိုက်စားသောဂိုဏ်းဟု ထင်မှတ်ကြသော်လည်း အမှန်တကယ် သိသူများကမူ ဟယ်ဟွမ်းဂိုဏ်းသားများသည် အမျိုးသားများနှင့် ပတ်သက်မှုရှိခြင်းကို တင်းကျပ်စွာ တားမြစ်ထားကြောင်း သိကြသည်။
စည်းကမ်းဖောက်ဖျက်သူသည် အနည်းဆုံး သိုင်းပညာ ဖျက်စီးခံရကာ ဂိုဏ်းမှ နှင်ထုတ်ခံရမည်ဖြစ်ပြီး၊ အဆိုးဆုံးမှာ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
ထို့ကြောင့် ဟယ်ဟွမ်းဂိုဏ်းသားများသည် ကြည့်ရသည်မှာ ကာမဂုဏ် လိုက်စားသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ အားလုံးမှာ အပျိုစင်များသာ ဖြစ်ကြ ပေသည်။
အသက် ၅၀ ကျော်ပြီဖြစ်သော စုမေ့အာပင်လျှင် ယောက်ျားတစ်ယောက်နှင့် တစ်ခါမျှ မပတ်သက်ဖူးပေ။
ဂိုဏ်းစည်းကမ်း တင်းကျပ်ပါလျက် ဂိုဏ်းချုပ်ဖြစ်သူ လင်ယန်ရွှယ်က သူတော်ကောင်းတပည့်တစ်ဦးကို ချစ်မိသွားခြင်းမှာ လုံးဝ မဖြစ်သင့်သော ကိစ္စပင်။
“တပည့်အနေနဲ့ သခင်မ ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးခံရမှာကို မကြည့်ရက်ဘူး"
"အကယ်လို့ သခင်မက တကယ်ပဲ လောကီအာရုံတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်၊ တပည့်က သခင်မ တရားရစေဖို့အတွက် လင်ချွမ်ကို ကိုယ်တိုင် သတ်ပေးပါ့မယ်"
စုမေအာက ရက်စက်သော အကြည့်များဖြင့် ပြောလိုက်သည်။
“မလုပ်နဲ့"
လင်ယန်ရွှယ် ရုတ်တရက် ထရပ်လိုက်ကာ စုမေ့အာကို စိုက်ကြည့်ရင်း အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“မင်းသာ လင်ချွမ်ကို ထိရဲရင်... ငါ မင်းကို တပည့်အဖြစ်ကနေ စွန့်လွှတ်လိုက်မယ်"