နာမည်ကျော်ကြားလာခြင်း
Vol. 5 Ch. 49
အနောက်ဘက်ဒေသ။ ဟယ်ဟွမ်းဂိုဏ်း။
လင်ယန်ရွှယ် ပြန်ရောက်လာခြင်းသည် နတ်ဆိုးဂိုဏ်းကြီး ၆ ဂိုဏ်းအတွက် စိတ်လှုပ်ရှားစရာ သတင်းကောင်းများ သိပ်ပါမလာခဲ့ပေ။
စုမေ့အာ နှင့် ကျန်းခွေ့ တို့မှာ ဝူတန်တောင်ပေါ်တွင် အဖမ်းခံထားရဆဲ ဖြစ်သည်။
နတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် သွားခဲ့သော်လည်း အချိန်ဖြုန်းရုံသာ ဖြစ်ခဲ့ပုံရသည်။
ထို့ကြောင့် ဤကိစ္စကို သိရှိသော နတ်ဆိုးဂိုဏ်း အဆင့်မြင့် အရာရှိများသည် သတင်းမပြန့်စေရန် တတ်နိုင်သမျှ ဖုံးဖိထားကြသည်။
ဟယ်ဟွမ်းဂိုဏ်းအတွင်း၌မူ ဤအကြောင်းကို သိရှိသွားသော အကြီးအကဲ ဒါဇင်ပေါင်းများစွာသည် စုပေါင်း၍ လင်ယန်ရွှယ်ကို လာရောက်ရှာဖွေကြသည်။
လင်ယန်ရွှယ်၏ လုပ်ရပ်ကြောင့် ဟယ်ဟွမ်းဂိုဏ်းမှာ မကြုံစဖူး အရှက်ရမှုနှင့် ကြုံတွေ့နေရသည်။
သတင်းကို မည်မျှပင် ဖုံးထားပါစေ၊ ကျန်ရှိသော နတ်ဆိုးဂိုဏ်းကြီး ငါးဂိုဏ်း၏ အထက်လူကြီးများကိုတော့ ဖုံးကွယ်ထား၍ မရပေ။
လင်ယန်ရွှယ်၏ "နတ်ဆိုးဂိုဏ်း ရဲ့ နံပါတ်တစ်" ဆိုသော ဘွဲ့ထူးမှာလည်း ထိုးနှက်ချက်နှင့် ကြုံနေရသည်။
ယခင်က ဟယ်ဟွမ်းဂိုဏ်း၏ ဖိနှိပ်မှုကို ခံခဲ့ရသော အခြားဂိုဏ်းများမှာလည်း အခွင့်ကောင်းယူရန် ပြင်ဆင်လာကြ ပေသည်။
အမြဲတမ်း သူတစ်ပါးထက် သာလွန်နေတတ်သော ဟယ်ဟွမ်းဂိုဏ်း အကြီးအကဲများကတော့ ဤအခြေအနေကို လက်မခံနိုင်ကြပေ။
ထို့ကြောင့် သူတို့ တိုင်ပင်ကာ လင်ယန်ရွှယ်ကို လာရောက် ဖိအားပေးကြခြင်းပင် ဖြစ်သည်။
ဂိုဏ်းချုပ်နေရာတွင် ထိုင်နေသော လင်ယန်ရွှယ်သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာကြသည့် အကြီးအကဲများကို အေးစက်သော မျက်နှာထားဖြင့် ကြည့်နေသည်။
ဟယ်ဟွမ်းဂိုဏ်းတွင် အမျိုးသားတပည့် အလွန်နည်းပါးပြီး အကြီးအကဲ နေရာများကို အဆင့် (၃) အထက် ကျွမ်းကျင်သော အမျိုးသမီးများကသာ ယူထားကြသည်။
ဤအမျိုးသမီးများသည် ကြီးမားသော ရည်မှန်းချက် မရှိဘဲ အရင်းအမြစ်များကို လုယူရန်နှင့် စိတ်ပညာဖြင့် ကြိုးကိုင်ခြယ်လှယ်ရန်သာ ကျွမ်းကျင်ကြသည်။
ယခုမူ ဤညစ်ပတ်သော နည်းလမ်းကို သူမအပေါ်တွင် သုံးရန် ကြိုးစားနေကြပြီ ဖြစ်သည်။
"ငါတို့ဂိုဏ်းက အကြီးအကဲတွေ အခုလို ညီညီညွတ်ညွတ် ရှိနေတာမျိုး တွေ့ရခဲတာပဲ။ ငါ့ကို ဘာများ အကြံပေးချင်လို့လဲ"
လင်ယန်ရွှယ်က အေးစက်စွာ မေးလိုက်သည်။
သူမသည် အဖြေကို သိလျက်နှင့်ပင် အကြီးအကဲများ စကားစရန် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် သူမသည် ဟယ်ဟွမ်းဂိုဏ်းချုပ်ဖြစ်သလို နတ်ဆိုဂိုဏ်း၏ ထိပ်သီး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
သူမ၏ နည်းလမ်းများမှာ သာမန်လူများ ကျော်လွန်နိုင်သော အရာမဟုတ်ပေ။ သူမကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လျှင်
အကျိုးဆက်မှာ ကြောက်စရာကောင်းလိမ့်မည်။
အမှန်တကယ်ပင် လင်ယန်ရွှယ်၏ ခနဲ့တဲ့တဲ့ မေးခွန်းကို ကြားသောအခါ အနည်းငယ် စောစောက ရန်လိုနေကြသော အကြီးအကဲများမှာ မျက်နှာပျက်သွားကြသည်။
မိမိတို့ ဂိုဏ်းချုပ်၏ အကြောင်းကို ဟယ်ဟွမ်းတပည့်များထက် ပိုသိသူ မရှိပေ။
လင်ယန်ရွှယ်၏ လုပ်ရပ်များမှာ နတ်ဆိုးဂိုဏ်း ၆ ဂိုဏ်းလုံးတွင် ရက်စက်ပြီး သွေးအေးသည်ဟု ကျော်ကြားသည်။
သို့သော် ဝူတန်ခရီးစဉ်တွင် သူမ ဘာမှ မအောင်မြင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။
အကယ်၍ ဖိအားမပေးခဲ့လျှင် ဤအကြီးအကဲများမှာ အသုံးမကျဟု အထင်ခံရပေလိမ့်မည်။
"ဟူး"
ခါးကုန်းကုန်းနှင့် တောင်ဝှေးကို အားပြုထားသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ရှေ့သို့ ထွက်လာသည်။
ခြောက်သွေ့သော ကောက်ရိုးနှင့်တူသည့် ဆံပင်များကြားမှ စူးရှသော မျက်လုံးအစုံက ပေါ်ထွက်နေသည်။
အခြေအနေကြည့်၍ ဘက်ပြောင်းတတ်သော အခြားအကြီးအကဲများနှင့် မတူဘဲ ဤအဘွားအိုမှာ အရှိန်အဝါ မသေးပေ။
သူမသည် လင်ယန်ရွှယ်၏ အကြည့်ကို မကြောက်မရွံ့ဘဲ တုံ့ပြန်ရဲသည်။
"ဒါဆို အကြီးအကဲကပဲ ရှေ့ကနေ တိုက်တွန်းခဲ့တာပေါ့။ ဟုတ်ပါပြီ"
လင်ယန်ရွှယ်က လှောင်ပြုံးပြုံးလိုက်သော်လည်း အံ့ဩပုံမရပေ။
အကြီးအကဲ ဒါဇင်ပေါင်းများစွာကို ဂိုဏ်းချုပ်ဆောင်ထဲ စုစည်းနိုင်သူမှာ ဤအကြီးအကဲကဲ့သို့ လေးစားခံရသူသာ ဖြစ်နိုင်သည်ကို သူမ ကြိုသိထားသည်။
အကြီးအကဲ၏ ရာထူးမှာ ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယဖြစ်သည်။
လင်ယန်ရွှယ် မရှိသည့်အချိန်တွင် ဂိုဏ်းတွင်း ကိစ္စအားလုံးကို စီမံခန့်ခွဲသူလည်း ဖြစ်သည်။
အကယ်၍ အကြီးအကဲက ဂိုဏ်းချုပ်ကို ရာထူးမှ ဖယ်ရှားရန် အသည်းအသန် ကြိုးစားလျှင် တပည့်ထက်ဝက်ကျော်က သူမကို ထောက်ခံကြပေလိမ့်မည်။
ထို့ကြောင့် ဂိုဏ်းချုပ်နှင့် ဤအကြီးအကဲကြားမှ ပဋိပက္ခမှာ ကာလရှည်ကြာ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်ယန်ရွှယ်၏ အစွမ်းနှင့် ကျင့်ကြံမှု အဆင့်မှာ သူ့ထက် အမြဲ သာလွန်နေသဖြင့် ထိုလူများမှာ အတိအလင်း မကျော်ရဲကြခြင်း ပင်။
"ဒီအဘွားအိုကတော့ မလုပ်ရဲပါဘူး။ အခု အကြီးအကဲတွေနဲ့အတူ လာရတာက ဂိုဏ်းချုပ်ဆီက ရှင်းပြချက်တစ်ခု လိုချင်လို့ပါ"
"အခု အနောက်ဘက်ဒေသက နတ်ဆိုးဂိုဏ်းတွေ အားလုံး သိနေတာက ဂိုဏ်းချုပ် ဝူတန်ကိုသွားပြီး ကံမကောင်းတာတွေ ကြုံခဲ့ရတယ် ဆိုတာပဲ"
"ဒါပေမဲ့ အကြောင်းရင်းကိုတော့ မသိကြဘူး။ အခြားနတ်ဆိုးဂိုဏ်းတွေရဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် ဂိုဏ်းချုပ်က အခြေအနေကို ရှင်းပြပေးစေချင်ပါတယ်"
အကြီးအကဲ အဘွားအိုက တည်ငြိမ်စွာ ပြောသည်။
သူတို့သည် လင်ယန်ရွှယ် ဒေါသထွက်လာမည်ကို ကြိုတင် ပြင်ဆင်ထားပုံရသည်။
"အကြောင်းရင်းလား"
လင်ယန်ရွှယ်က နှာခေါင်းရှုံ့လိုက်ပြီး
"အကြီးအကဲက ငါ့ကို ရာထူးက ဖြုတ်ချဖို့ အကြောင်းပြချက် ရှာနေတာ မဟုတ်လား"အချင်းချင်း ဖုံးကွယ်နေစရာ မလိုပါဘူး။ ငါ ဝူတန်ကို သွားပြီး ဘာလို့ လက်ဗလာနဲ့ ပြန်လာရလဲဆိုတာ အားလုံး သိချင်နေကြမှတော့... ငါ ပြောပြပါ့မယ်"
ထိုစကားကြောင့် အကြီးအကဲများ အံ့အားသင့်သွားကြ၏။
ဒုခေါင်းဆောင် အကြီးအကဲပင် မျက်ခုံးအနည်းငယ် မြင့်တက်သွားသည်။
လင်ယန်ရွှယ်က ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
လင်ယန်ရွှယ်ကတော့ ထိုလူများ၏ တုံ့ပြန်မှုကို ကြည့်ကာ သူတို့တွင် မကောင်းသော စိတ်များ ရှိနေသည်ကို ပို၍ ယုံကြည်သွားကြသည်။
သို့သော် သူမ ဂရုမစိုက်ပေ။
အဘယ်ကြောင့်ဆိုသော် ဝူတန်တောင်ပေါ်တွင် သိုင်းလောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် ကျင့်ကြံသူ တစ်ဦး ရှိနေသည်ကို ထိုလူများ လုံးဝ မသိကြသောကြောင့် ဖြစ်သည်။
"ငါ ဝူတန်ကို သွားခဲ့တယ်။ ငါတို့ မအောင်မြင်ခဲ့တဲ့ အကြောင်းရင်းကတော့... ငါ ကျင့်ကြံသူတစ်ယောက်လက်မှာ ရှုံးနိမ့်ခဲ့လို့ပဲ"
လင်ယန်ရွှယ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် အကြီးအကဲများကြားတွင် ဆူညံသွားတော့သည်။
ဒုခေါင်းဆောင်သည် မယုံကြည်နိုင်သော မျက်နှာဖြင့် လင်ယန်ရွှယ်ကို စိုက်ကြည့်နေမိသည်။
လင်ယန်ရွှယ်နှင့် သူမကြားတွင် အကျိုးစီးပွား ပဋိပက္ခများ ရှိသော်လည်း လင်ယန်ရွှယ်၏ အစွမ်းကိုတော့ သူမ တစ်ခါမျှ သံသယ မဖြစ်ခဲ့ဖူးပေ။
ဟယ်ဟွမ်းဂိုဏ်း ယခုကဲ့သို့ အခြေအနေသို့ ရောက်လာခြင်းမှာ လင်ယန်ရွှယ်၏ "နတ်ဆိုးဂိုဏ်း ရဲ့ နံပါတ်တစ်" ဆိုသော ဘွဲ့ထူးကြောင့် များစွာ အထောက်အကူ ဖြစ်ခဲ့ ပေသည်။
အမျိုးသမီးများသာ ရှိသော ဂိုဏ်းတစ်ခုသည် အခြားဂိုဏ်းများထက် အစွမ်းသာနေမှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည် ဖြစ်သည်။
ထို့အပြင် လင်ယန်ရွှယ်၏ စရိုက်ကို သူမ ကောင်းကောင်း သိသည်။
သူမ၏ ဂိုဏ်းချုပ်မှာ မာနကြီးပြီး အရှုံးပေးလေ့ မရှိသူဖြစ်သည်။
သူမသည် အမျိုးသမီး ဖြစ်သော်လည်း လောကရှိ အမျိုးသားအားလုံးကို ကျော်လွန်ကာ အသန်မာဆုံး သိုင်းသမား ဖြစ်လာရန် သစ္စာဆိုထားသူ ဖြစ်သည်။
သို့သော် ယနေ့တွင် သူမသည် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံလိုက်ပြီ ဖြစ်သည်။
ပထမအဆင့် တစ်ဦးပင် ရှုံးနိမ့်နိုင်သည် ဆိုသည်မှာ မယုံနိုင်စရာပင်။
"ဂိုဏ်းချုပ်... အဲဒီလူက ဘယ်သူလဲ? ဝူတန်ဂိုဏ်းက တပည့်လား"
ဒုခေါင်းဆောင်က အလောတကြီး မေးလိုက်သည်။
"ဟုတ်တယ်။ အဲဒီလူက ဝူတန်ဝတ်စုံကို ဝတ်ထားတာမို့ ဝူတန်တပည့် ဖြစ်မှာ သေချာတယ်"
"နှမြောစရာကောင်းတာက ငါ အရမ်းမြန်မြန် ရှုံးသွားခဲ့လို့ အဲဒီလူရဲ့ နာမည်ကိုတောင် မမေးခဲ့ရဘူ"
သူမ၏ စကားမှာ တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေသည်။
လင်ချွမ် နှင့် တိုက်ပွဲတွင် သူမ အမြန်ရှုံးခဲ့သည်မှာ အမှန်ပင်။
သို့သော် သူမသည် လင်ချွမ်၏ နာမည်ကို ဖုံးကွယ်ထားခဲ့သည်။
လင်ချွမ်သည် သိုင်းလောက၏ ရှုပ်ထွေးမှုများတွင် မပါဝင်လိုကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် လင်ချွမ်အစား အခြား နာမည်မသိ သိုင်းပညာရှင်တစ်ဦးအဖြစ် ဟန်ဆောင် ပြောလိုက်ခြင်း ဖြစ်သည်။
ဤနည်းဖြင့် ဟယ်ဟွမ်းဂိုဏ်းနှင့် အခြားဂိုဏ်းများကို အေးဆေး ဖြေရှင်းချက်ပေးသွားရန် ရည်ရွယ်သည်။
ထို့အပြင် ဤသတင်း အလယ်ပိုင်းဒေသ သိုင်းလောကသို့ ပြန့်သွားလျှင်လည်း... ချန်အာကောကိုသာ အပြစ်ပုံချခံရပေလိမ့်မည်။
ချန်အာကောကတော့ ထိုသို့ အပြစ်ပုံချခံရသည်ကို ကျင့်သားရနေပြီ ဖြစ်၏။
"ဘုရားရေ! ဝူတန်မှာ ပထမအဆင့် ထက်တောင် သာလွန်တဲ့ လူတစ်ယောက် ရှိနေတာလား"
"ဒါကြောင့် ငါတို့ဂိုဏ်းက ကျန်းခွေ့နဲ့ စုမေ့အာတို့ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရတာပေါ့"
"ဒါ အဲဒီပညာရှင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ အခုမှပဲ အကြောင်းရင်းက ပေါ်လာတော့တယ်"
အကြီးအကဲများ အချင်းချင်း ဆွေးနွေးနေကြသည်။
သူတို့သည် ယခင်က ဖြစ်ပျက်ခဲ့သမျှကို အလိုအလျောက် ပေါင်းစပ် တွေးတောနေကြတော့သည်။
လင်ယန်ရွှယ်ကတော့ ထိုလူအများကို ရှင်းပြမနေတော့ဘဲ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောနေမိသည်။
"အဲဒီလူက မကြာသေးခင်က ရှောင်လင်က ရူယိနဲ့ အော်မေ့ဂိုဏ်းက လျိုဟွမ်းယင်တို့ကို နိုင်ခဲ့တဲ့ ချန်အာကော ဆိုတဲ့လူလား"
ဒုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ အလေးအနက် မေးလိုက်သည်။