← Chapters

သိုင်းလောက နောက်ကွယ်မှ လက်သီးပုန်း ပြကြသူများ

Vol. 6 Ch. 53

သိုင်းလောက နောက်ကွယ်မှ လက်သီးပုန်း ပြကြသူများ

Vol. 6 Ch. 53

သိုင်းလောကတွင် တစ်ဦးနှင့်တစ်ဦး စိန်ခေါ်ခြင်းမှာ ရိုးရိုးတန်းတန်း ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

နာမည်ကျော် ဂိုဏ်းကြီးများတွင်ပင် အပြန်အလှန် ပညာဖလှယ်ကြသည့် သမိုင်းကြောင်းများ ရှိကြသည်။

သို့သော် ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအရာအားလုံးမှာ ကျော်ကြားမှုနှင့် အကျိုးစီးပွားအတွက်သာ ဖြစ်၏။

အနောက်ဘက်ဒေသမှ နတ်ဆိုးဂိုဏ်းများနှင့် မတူသည်မှာ သူတော်စင် ဂိုဏ်းများ၏ စိန်ခေါ်မှုများသည် ပညာစမ်းသည့် အဆင့်တွင်သာ ရပ်တန့်လေ့ရှိပြီး အသက်အန္တရာယ် ဖြစ်စေသည်အထိ ဖြစ်ခဲ ပေသည်။

ထို့ကြောင့် အလယ်ပိုင်းဒေသ သိုင်းလောကသည် အားကောင်းသူကို စိန်ခေါ်ခြင်းအား အလွန်တန်ဖိုးထားကြသည်။

ပထမအချက်မှာ လက်တွေ့ အတွေ့အကြုံ တိုးစေပြီး ပညာရှင်များနှင့် ယှဉ်ပြိုင်ရခြင်းကြောင့် မိမိ၏ သိုင်းပညာကို များစွာ အကျိုးရှိစေသည်။

ဒုတိယအချက်မှာ အကယ်၍ နာမည်ကျော် သိုင်းသမားတစ်ဦးကို မတော်တဆ အနိုင်ရရှိခဲ့ပါက တစ်ညအတွင်း နာမည်ကျော်ကြားလာနိုင်သောကြောင့် ဖြစ်သည်။

မကြာသေးမီက အလယ်ပိုင်းဒေသ သိုင်းလောက၏ လူငယ်မျိုးဆက်များထဲတွင် ချန်အာကော​၏ နာမည်မှာ အကျော်ကြားဆုံး ဖြစ်နေ၏။

ရှောင်လင်ကျောင်းတော်မှ ရူယိ နှင့် အော်မေ့ဂိုဏ်းမှ လျိုဟွမ်းယင် တို့ကို ဆက်တိုက် အနိုင်ယူခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤအချက်က သိုင်းသမား အများအပြားကို စမ်းသပ်လိုစိတ် ပေါက်လာစေသည်။

သူတို့သည် ချန်အာကောကို စိန်ခေါ်ရန်နှင့် ပညာဖလှယ်ရန် ဝူတန်တောင်သို့ အုပ်စုလိုက် ရောက်ရှိလာကြသည်။

အကယ်၍ ချန်အာကော နှင့် မယှဉ်ပြိုင်ရလျှင်ပင် ပါရမီရှင်တစ်ဦး၏ မျက်နှာကို မြင်လိုက်ရရုံနှင့်ပင် သူတစ်ပါးကို ကြွားစရာ ဖြစ်သွားနိုင်သည်။

မည်သို့ပင်ဆိုစေ အကျိုးကျေးဇူးက ဆိုးကျိုးထက် ပိုများနေသည်။

ထို့ကြောင့် အဝေးမှ လာနေသော သိုင်းသမား အုပ်စုသည် ချန်အာကောကို စိန်ခေါ်ရန် လာခြင်းဖြစ်ကြောင်း လင်ချွမ် ကောက်ချက်ချလိုက်သည်။

“အဆင့် (၇) သိုင်းသမား ၂၃ ယောက်။ အဆင့် (၆) သိုင်းသမား အယောက် ၂၀။ အဆင့် (၅) အထက်ပိုင်း သိုင်းသမား ၂ ယောက်ပဲ ပါတာလား"

လင်ချွမ်က ခပ်ပေါ့ပေါ့ ကြည့်လိုက်ရုံဖြင့် ထိုလွတ်လပ်သော သိုင်းသမားများ၏ ကျင့်ကြံမှုအဆင့်ကို ချက်ချင်း သိလိုက်သည်။

သူတို့၏ အရှိန်အဝါကို ကြည့်ရုံဖြင့် အတွင်းအား အနိမ့်အမြင့်ကို ခန့်မှန်းရန် လင်ချွမ်အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။

ဤလူများမှာ သူ့အတွက်တော့ ဘာမှမဟုတ်သော်လည်း ချန်အာကောအတွက်မူ သူတို့ကို အပြတ်အသတ် နိုင်ရန် ခက်ခဲပါဦးမည်။

အထူးသဖြင့် အဆင့် (၅) ကျင့်ကြံသူ နှစ်ဦးဖြစ်သည်။

သွေးကြောများ အသစ်ဖွင့်ထားသော ချန်အာကော်မှာ အဆင့် (၆) တွင်သာ ရှိသေးသည်။

“ဒါက တကယ့်ကို စိတ်ရှုပ်စရာပဲ"

လင်ချွမ် နှုတ်ခမ်းမဲ့လိုက်မိသည်။

သူသည် စိတ်ရှုပ်ရမည့် ကိစ္စများကို မုန်းတီးသူဖြစ်သည်။

ထို့ကြောင့် သူသည် သိုင်းလောက၏ ထိပ်သီးဖြစ်လာသော်လည်း မိမိ၏ အစွမ်းကို အလွယ်တကူ မထုတ်ပြခြင်း ဖြစ်၏။

နာမည်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ဖုံးကွယ်ထား ပေသည်။

ဤသည်မှာ ယခုကဲ့သို့ စိန်ခေါ်မှုများကို ရှောင်လွှဲလိုသောကြောင့်ပင် ဖြစ်သည်။

သူသည် လူသတ်သမား မဟုတ်ပေ။

လာရောက် စိန်ခေါ်သူများသည် သူ့အပေါ် နာကျည်းချက် ရှိသူများ မဟုတ်သဖြင့် အမြဲတမ်း ပြင်းပြင်းထန်ထန် နှိမ်နင်း၍ မရပေ။

ထို့အပြင် ငြင်းဆန်နေပါကလည်း အချို့မှာ အရှက်မရှိဘဲ အတင်းတိုက်ခိုက်လာတတ်ကြသည်။

“ယင်ဟွိုက်ယွီ နဲ့ တိုင်ပင်ပြီး ချန်အာကောကို ခဏလောက် တံခါးပိတ် ကျင့်ခိုင်းလိုက်ရမလား"

လင်ချွမ် သက်ပြင်းချရင်း နွားကြီးကို ဆွဲကာ တောင်ပေါ်ပြန်တက်လာခဲ့သည်။

သို့သော် သူ တောင်တံခါးဝသို့ ရောက်သည်နှင့် ဆူညံလှသော အော်ဟစ်သံများက ဝူတန်တောင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။

သိုင်းသမား ၅၀ ခန့်သည် ချန်အာကောကို စိန်ခေါ်ရန် အော်ဟစ်နေကြသည်။

“ဟေ့... ဝူတန်သိုင်းသမားတို့။ မင်းတို့ရဲ့ ပါရမီရှင် ချန်အာကောကို ထွက်လာခိုင်းစမ်း။ ငါတို့နဲ့ ယှဉ်ကြည့်ရအောင်"

“သူက အရမ်းတော်တယ်ဆိုတာ တကယ်လား၊ ဒါမှမဟုတ် နာမည်ကြီးအောင် တမင်လုပ်ထားတာလား"

“ငါ့အမြင်တော့ မင်းတို့ နာမည်ကြီး ဂိုဏ်းတွေဆိုတာ စကားပဲ ရှိတာပါ"

"ပါရမီရှင်တို့၊ အဆင့် (၂) သိုင်းသမားတို့ ဆိုတာ ငါတို့လို အပြင်လူတွေကို လိမ်ဖို့ လျှောက်ပြောနေတာ မဟုတ်လား"

ဤလူများ၏ အော်ဟစ်သံကို ကြားသောအခါ လင်ချွမ်​၏ ခေါင်းထဲသို့ စကားတစ်ခွန်း ဝင်လာသည်။

"နောက်ကွယ်ကနေ လက်သီးပုန်းပြနေကြတာပဲ"

မည်သည့် ခေတ်ကာလတွင်မဆို ဤကဲ့သို့သော လူအုပ်စုများ ရှိစမြဲပင်။

လင်ချွမ် သက်ပြင်းချရင်း နွားကြီးကို နွားတင်းကုပ်သို့ ခေါ်သွားသည်။

ချန်အာကောမှာ သတိမေ့နေဆဲ ဖြစ်ကြောင်း သူသိသဖြင့် စိတ်အေးလက်အေး ရှိနေသည်။

သူတို့ ရှောင်းယောက် တောင်ထိပ် သို့ သွားလျှင်ပင် ယင်ဟွိုက်ယွီက မောင်းထုတ်ပေလိမ့်မည်။

သို့သော် သူ မေ့သွားသောအရာမှာ ဤလောကတွင် “ဝက်လို အသုံးမကျတဲ့ အပေါင်းအဖော်”မျိုးလည်း ရှိနေတတ်ခြင်း ဖြစ်သည်။

“အားလုံး စိတ်အေးအေး ထားကြပါ"

“တူတော်မောင် ချန်က အနောက်တောင်ကုန်းမှာ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ကျင့်ကြံနေပါတယ်"

"စိန်ခေါ်ချင်တဲ့သူ ရှိရင် အနောက်တောင်ကုန်းကို ကိုယ့်ဘာသာ သွားလို့ရပါတယ်"

ဤသို့ ပြောလိုက်သူမှာ ချင်ဝေနန်းတော်မှ အကြီးအကဲ လင်ရှောင် ဖြစ်သည်။

သူကတော့ ချန်အာကောကို အပြင်လူလို သဘောမထားဘဲ လွှတ်ပေးလိုက်ပြီဖြစ်သည်။

လင်ချွမ်သည် လင်ရှောင်ကို မျက်လုံးလှန်ကြည့်မိလိုက်သည်။

ထို သိုင်းသမား အုပ်စုမှာ ရှောင်းယောက်တောင်ထိပ်သို့ တဟုန်ထိုး ပြေးသွားကြတော့သည်။

“ဟား၊ ဒီလူအတွေ၊ အကြီးအကဲယင်ရဲ့ စရိုက်ကို သူတို့ မသိကြသေးဘူး"

"အဲဒီကို သွားရင်တော့ အကြီးအကဲယင်ရဲ့ ကန်ထုတ်တာ ခံရမှာပဲ။ ချန်အာကောကို အလွယ်တကူ တွေ့လို့ရပါ့မလား"

လင်ရှောင်က လှောင်ပြောင်ပြောဆို‌လိုက်၏။

သူကတော့ ပါးနပ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေပြီး ဒုက္ခအားလုံးကို ယင်ဟွိုက်ယွီထံ ပုံချလိုက်ခြင်း ဖြစ်သည်။

ဘေးမှ အကြီးအကဲ တစ်ဦးက “မင်း အကြီးအကဲယင်ရဲ့ စရိုက်ကို သိသားပဲ။ မင်းက ဒီလူတွေကို အဲဒီ လွှတ်လိုက်တာ သိရင်တော့ မင်း အရိုက်ခံရမှာပဲ" ဟု ပြောလိုက်ရာ လင်ရှောင်၏ အပြုံးမှာ ချက်ချင်း အေးခဲသွားတော့သည်။

တစ်ချိန်တည်းမှာပင် လင်ချွမ်သည် နွားကြီးကို ပြန်ထားပြီးနောက် ရှောင်းယောက် တောင်ထိပ်ဘက်သို့ ကြည့်ကာ သက်ပြင်းချရင်း လေထဲသို့ ပျံတက်သွားသည်။

ခဏချင်းမှာပင် သူသည် ဝူတန်တောင်ထိပ်မှ ပျောက်ကွယ်သွားတော့သည်။

ရှောင်းယောက် တောင်ထိပ်တွင်မူ လွတ်လပ်သော သိုင်းသမား အုပ်စုသည် တောင်ပေါ်သို့ ရောက်ရှိလာကြသည်။

ကျောက်ကျောင်းဆောင်သို့ ရောက်သောအခါ တံခါးပင် မခေါက်ဘဲ အတင်း တိုးဝင်သွားကြသည်။

“ဟေ့၊ ဘယ်သူရှိလဲ"

ရှေ့ဆုံးမှ ကတုံးနှင့်လူက အော်လိုက်သည်။

ဘေးတွင် အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူတစ်ယောက် ရှိနေသည်။ သူတို့နှစ်ဦးမှာ ဤအုပ်စု၏ ခေါင်းဆောင်များ ဖြစ်ကြပြီး အစွမ်းဆုံး အဆင့် (၅) သိုင်းသမားများ ဖြစ်ကြသည်။

ထိုအော်သံကြောင့် ဝင်းထဲတွင် ရှိနေသော စုမေ့အာ နှင့် ကျန်းခွေ့ တို့ မတ်တတ်ရပ်ကာ စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဂရုမစိုက်ဘဲ သူတို့ အလုပ်သူတို့ ဆက်လုပ်နေကြသည်။

“ဒါက..."

ကတုံးနှင့်လူမှာ အရှက်ရသဖြင့် မျက်နှာပင်နီသွားသည်။

သူ စကားပင် မပြောရသေးခင်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော ပုံရိပ်တစ်ခု ဆင်းသက်လာ၏။

သူသည် လေထဲတွင် ပျံသန်းနိုင်သည့် အစွမ်းကို ခဏချင်း ပြသလိုက်ခြင်း ဖြစ်သည်။

“ဟား"

“ပထမအဆင့် ကျင့်ကြံသူပဲ"

လူကြမ်းအုပ်စုမှာ ချက်ချင်း မှင်တက်သွားကြသည်။

သူတို့၏ မတ်နေသော ကျောပြင်များမှာ ပုစွန်ထုပ်ကဲ့သို့ ချက်ချင်း ကွေးညွတ်သွားတော့သည်။

ပထမအဆင့် ပညာရှင်တစ်ဦး၏ ရှေ့တွင် သူတို့မှာ လက်ချောင်းတစ်ချောင်းတည်းဖြင့် ချေမွခံရမည့် အမှိုက်များသာသာပင်။

သို့သော် ဤလူများသည် အရှက်မရှိ မျက်နှာပြောင်တတ်သူများ ဖြစ်ကြသည်။

ဝူတန်ဂိုဏ်းသည် တရားသော ဂိုဏ်းဖြစ်သဖြင့် လူကို အလွယ်တကူ မသတ်ဟု ယုံကြည်ကာ သတ္တိမွေးလိုက်ကြသည်။

“ဟား ဟား အကြီးအကဲ၊ ကျွန်တော်တို့က ချန်အာကောရဲ့ နာမည်ကို ကြားဖူးလို့ လာစိန်ခေါ်တာပါ"

"ဒါက သိုင်းလောကရဲ့ ထုံးစံပါပဲ။ အကြီးအကဲအနေနဲ့ ခွင့်ပြုပေးပါဦး"

ကတုံးနှင့်လူက ရယ်မောကာ ပြောလိုက်သည်။

ယင်ဟွိုက်ယွီသည် မျက်ခုံးပင့်လိုက်သည်။

ကတုံးနှင့်လူနှင့် ပိန်ရှည်ရှည်လူတို့မှာ အဆင့် (၅) သိုင်းသမားများ ဖြစ်ကြောင်း သူ သိသည်။

ချန်အာကောကို သူတို့နှင့် ယှဉ်ပြိုင်ခိုင်းရန် စောလွန်းသေးသည်။

အကယ်၍ ရှုံးနိမ့်သွားပါက လင်ချွမ်​၏ အစီအစဉ် ပျက်စီးသွားပေလိမ့်မည်။

သူ ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် နားထဲသို့ အသံတစ်ခု ရောက်လာသည်။

“အကြီးအကဲ ယင်"

ယင်ဟွိုက်ယွီ အံ့ဩသွားလျက် သူ သေချာ နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရှေ့မှလူများကို ကြည့်ကာ မျက်နှာထား လျော့သွားသည်။

“ဒါဆိုရင် ငါ့တပည့်ကိုယ်စား ငါ ခွင့်ပြုမယ်။ ဒါပေမဲ့ ငါ့ရဲ့ ကျောက်ကျောင်းဆောင်မှာ စည်းကမ်းတစ်ခု ရှိတယ်။ ရှုံးတဲ့လူဟာ တစ်ခုခုကို စွန့်လွှတ်ရမယ်။ ကဲ... မင်းတို့ စိန်ခေါ်ချင်သေးလား"

All Chapters