အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်၊ သွားခွင့်ပြုပါဦး
Vol. 6 Ch. 54
လူတစ်ယောက်ကို လာရောက်စိန်ခေါ်ဖို့အတွက် တစ်ခုခု စွန့်လွှတ်ရမယ်တဲ့လား။ ဒါက ဘယ်လိုစည်းကမ်းမျိုးလဲ။
လွတ်လပ်သောသိုင်းသမားတစ်စုမှာ မကျေနပ်ချက်များရှိနေသော်လည်း ထုတ်မပြောရဲကြပေ။
သူတို့ရှေ့တွင် ရပ်နေသူမှာ လေထဲတွင် ပျံသန်းနိုင်သည့် ပထမအဆင့်ပညာရှင်ကြီး၊ ဝူတန်ဂိုဏ်း၏ ဝါရင့်အကြီးအကဲတစ်ဦး မဟုတ်ပါလား။
အကယ်၍ "ဟင့်အင်း" ဟု တစ်ခွန်းမျှ ငြင်းလိုက်သည်နှင့် ခြေထောက်အရိုက်ချိုးခံရပေလိမ့်မည်။
"ငါ အရင်စမယ်"
ကတုံးနှင့်လူက သူ၏ရင်ဘတ်ကို ပုတ်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ ပိုးဖဲသေတ္တာလေးတစ်လုံး ထုတ်လိုက်သည်။
"ဒါက ထျန်းရှန်းတောင် က နှင်းကြာပန်းပဲ"
"ဒီရတနာကို ရဖို့ ငါ့စည်းစိမ်အတော်များများ သုံးခဲ့ရတာ"
"စိန်ခေါ်မှုကို လက်ခံဖို့ ဒီလောက်ဆို ဈေးနှုန်းက မြင့်ရုံတင်မကဘဲ လုံလောက်ပြီမလား"
ကတုံးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ခြင်းပင်။
ထျန်းရှန်းနှင်းကြာပန်းသည် ငါးနှစ်မှတစ်ကြိမ် ပွင့်တတ်ပြီး ရှစ်လသာ ခံသည်။
ထို့အပြင် တောင်လမ်းမှာ အလွန်ကြမ်းတမ်းသဖြင့် သာမန်သိုင်းသမားများအတွက်ပင် သဘာဝအန္တရာယ်ကြီးတစ်ခုဖြစ်သည်။
အချိန်မှန်သွားခူးလျှင်ပင် ကျယ်ပြောလှသော တောင်တန်းကြီးပေါ်၌ တစ်ပွင့်မျှ မတွေ့ရခြင်းမျိုးလည်း ရှိတတ်သည်။
၎င်းမှာ အရည်အချင်းရော ကံပါကောင်းမှ ရနိုင်သည့် ရတနာဖြစ်သည်။
ထိုသို့သော ရှားပါးရတနာဖြစ်ရုံသာမက မီးအဆိပ်ကို ပျောက်ကင်းစေနိုင်ပြီး အတွင်းအားကို မြှင့်တင်ပေးနိုင်သည့် အံ့ဖွယ်အာနိသင်လည်း ရှိသည်။
ကတုံးမှာ ချန်အာကောကို စိန်ခေါ်နိုင်ရန် တကယ်ပင် အစွမ်းကုန် ရင်းနှီးလိုက်ခြင်းပင်။
"ကောင်းပြီ။ မင်းဟာ ငါ့တပည့်ကို စိန်ခေါ်ဖို့ အရည်အချင်းပြည့်မီတယ်။ ဒါပေမဲ့ မင်းလာတာ အချိန်မတော်ဘူး"
"ငါ့တပည့်က ကျင့်ကြံတာပြီးလို့ အခုမှ အိပ်ပျော်သွားတာ။ အနည်းဆုံး တစ်နာရီလောက်တော့ သူ နိုးမှာမဟုတ်ဘူး"
ယင်ဟွိုက်ယွီ က တဟဲဟဲရယ်ရင်း ပိုးဖဲသေတ္တာကို တုံ့ဆိုင်းခြင်းမရှိဘဲ သိမ်းလိုက်သည်။
ကတုံး၏ သတ်ဖြတ်လိုသော အကြည့်များကိုတော့ သူ လုံးဝဂရုမစိုက်ပေ။
အမှန်စင်စစ် လက်ဆောင်လက်ခံသည့် စည်းကမ်းကို သူထုတ်ခဲ့ခြင်းမဟုတ်ပေ။
လင်ချွမ် က ဆုံးဖြတ်ခဲ့ခြင်းပေ။
စောစောက သူကြားလိုက်ရသည့်အသံမှာ လင်ချွမ်က စိတ်ချင်းဆက်သွယ်၍ ခိုင်းစေခဲ့သော အသံပင်။
၎င်းမှာ ဝူတန်တောင်သို့ လာရောက်စိန်ခေါ်မည့် ကြောင်တွေ၊ ခွေးတွေကဲ့သို့ သိုင်းသမားများကို စိတ်ဓာတ်ကျစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
မဟုတ်ပါက သူသည် တစ်နေ့လုံး ထိုသိုင်းသမားများကိုသာ ဧည့်ခံနေရပေလိမ့်မည်။
ဟုတ်ပါတယ်၊ စိန်ခေါ်ခံရသူဘက်ကလည်း အားစိုက်ထုတ်ရသည်ဖြစ်ရာ အလကားတော့ မဖြစ်စေရပေ။
အမြဲတမ်း တစ်ခုခုတော့ ပြန်ရရမည်။
လင်ချွမ်ကိုယ်တိုင် မလိုအပ်လျှင်ပင် လက်ဆောင်အဖြစ် ပေးရန် ကောင်းလှသည်။
အတိုချုပ်ပြောရလျှင် ဘယ်တော့မှ အရှုံးမခံနှင့်။
တစ်နာရီကြာပြီးနောက်။
ချန်အာကောသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
မော့ကြည့်လိုက်သောအခါ ကျောက်ကျောင်းဆောင်ထဲတွင် လူဒါဇင်ပေါင်းများစွာ ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် သူ လန့်သွားသည်။
"ဘာတွေဖြစ်နေတာလဲ"
ထိုအသံကို ကြားသည်နှင့် ကတုံးနှင့်အဖွဲ့မှာ ချက်ချင်း တက်ကြွသွားကြသည်။
"မင်းက ချန်အာကောလား"
"မင်းဆရာက ငါ့ရတနာကို ယူထားပြီးပြီ၊ အခု ချက်ချင်း ငါနဲ့ တိုက်စမ်း"
ကတုံးက ကျယ်လောင်စွာ အော်လိုက်သည်။
ထျန်းရှန်းနှင်းကြာပန်းကို ပေးလိုက်ရသဖြင့် သူသည် ချန်အာကောကို အနိုင်ယူပြီး ထိုတန်ဖိုးကို ပြန်ယူရန် ဆုံးဖြတ်ထားသည်။
မူလက ဤသိုင်းသမားများသည် ချန်အာကောမှာ ထိပ်သီး အဆင့် ဖြစ်နေမည်ကို စိုးရိမ်နေကြသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ကြောင်တောင်တောင် ကောင်လေးတစ်ယောက်သာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဟမ်း... ဟမ်း"
"အာကော၊ ငါ မင်းကို သင်ပေးလာတာ ကြာပြီ၊ ဒါပေမဲ့ လက်တွေ့အတွေ့အကြုံ သင်ပေးဖို့ အခွင့်အရေး သိပ်မရှိခဲ့ဘူး"
"ဒီနေ့တော့ ငါ မင်းကို လက်တွေ့သင်ယူနိုင်ဖို့ ခွင့်ပြုလိုက်မယ်။ မကြောက်နဲ့၊ မင်းဆရာ ဒီမှာ ရှိတယ်"
ယင်ဟွိုက်ယွီက ပြုံး၍ ပြောလိုက်သည်။
သူသည် ချန်အာကော အရေးနိမ့်မည်ကို စိုးရိမ်ခြင်းမရှိပေ။ အကယ်၍ ချန်အာကော်က ကတုံးအဖွဲ့ကို မနိုင်လျှင်ပင် လင်ချွမ်က ကွယ်ရာမှ ကူညီပေးပေလိမ့်မည်။
တစ်ဆက်တည်းမှာပင် သူသည် နှစ်ဖက်စလုံးထံမှ အမြတ်ထုတ်မည်ဖြစ်ရာ မည်သို့မှ မရှုံးပေ။
သူ တကယ်ပင် ပျော်နေမိသည်။
"ဆရာ... ဒီနေ့ ဆရာ့ပုံစံက ထူးဆန်းနေတယ်နော်"
ချန်အာကောက ခေါင်းကုတ်ရင်း ပြောလိုက်သည်။
ယင်ယွိုက်ယွီကမူ လူနှင့် စိတ် တစ်ခြားစီ ဖြစ်နေသလိုပင်။ အရင်လို မကြမ်းတမ်းတော့ပေ။
သူ အဆင့် (၆) သိုင်းသမား ဖြစ်သွားလို့များလား။
သေချာပါသည်၊ ဆရာတိုင်းသည် မိမိ၏ ပါရမီရှင်တပည့်ကို ချစ်ကြသည် မဟုတ်ပါလား။
"တပည့် နာခံပါ့မယ်"
ချန်အာကောက လက်အုပ်ချီ ကာ ပြောလိုက်သည်။
သူ၏ ယုံကြည်မှုမှာ သိသိသာသာ မြင့်တက်လာသည်။
သူသည် အဆင့် (၆) သိုင်းသမားအဖြစ် အသစ်စက်စက် ရောက်ရှိထားသူဖြစ်သဖြင့် ကတုံး၏ အစွမ်းကို တိတိကျကျ မခန့်မှန်းနိုင်သေးပေ။
သို့သော် ယင်ဟွိုက်ယွီ၏ ယုံကြည်မှုအပြည့်ရှိနေသော ပုံစံကြောင့် ကတုံးမှာ အားနည်းသူဖြစ်မည်ဟု ချန်အာကော အထင်မှားသွားခဲ့ခြင်းပင်။
အခြားတစ်ဖက်တွင် ကတုံးမှာလည်း အလွန်စိတ်မသက်မသာ ဖြစ်နေသည်။
ချန်အာကောသည် ပထမအဆင့်ပညာရှင်ကြီးဖြစ်သည်ဟု သူ အရင်က ကြားဖူးထားသည်။
ထိုလူမှာ ကြောင်တောင်တောင် ဖြစ်နေသော်လည်း နာမည်ကြီးနေသူဖြစ်ရာ မကြောက်ဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
ထို့ကြောင့် ကတုံးသည် စကတည်းက အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ချက်ချင်းပင် သူ၏ အတွင်းအားအားလုံးကို ထုတ်လွှတ်လိုက်သည်။
"ဝှစ်!"
ငြိမ်သက်နေသော ရှောင်းယောက် တောင်ထိပ်တွင် လေပြင်းတစ်ချက် ထွက်ပေါ်လာသည်။
၎င်းမှာ ကတုံး၏ အတွင်းအားကြောင့် ဖြစ်သည်။
"အဆင့် (၅) သိုင်းသမားလား?"
ချန်အာကော ကြောင်သွားသည်။
အပျော်တမ်း ကစားကြမယ်ဆိုပြီးမှ စကတည်းက အစွမ်းထက်တဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာလား။
ချန်အာကော ဆဲချင်သွားသော်လည်း မဆဲရဲပေ။
သူ ကတုံးလက်ချက်ဖြင့် အထိနာခြင်း မရှိသေးခင်မှာပင် ယင်ဟွိုက်ကြောင့် သေလုမတတ် ဖြစ်သွားမှာကို သူ ကြောက်နေခြင်း။
အခြေအနေက ဤသို့ဖြစ်လာမှတော့ အံကြိတ်ပြီး တိုးရုံသာ ရှိတော့သည်။
"သေချင်သေပစေ တိုးမယ်ဟေ့"
ချန်အာကော မျက်လုံးမှိတ်၊ ခြေတစ်လှမ်းတိုးကာ ကတုံးထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
"ဘာကြီးလဲဟ"
ကတုံး မှင်တက်သွားသည်။
ဒါက ပထမအဆင့်ပညာရှင် တစ်ယောက်ရဲ့ တိုက်ကွက်လား။
ရွာထိပ်က ကလေးတွေတောင် ရန်ဖြစ်ရင် မျက်လုံးမှိတ်ပြီး ခေါင်းနဲ့ တိုးတတ်ကြသေးသည်။
"နာမည်နဲ့ မလိုက်တဲ့ ကောင်"
ကတုံး ဒေါသထွက်သွားသည်။
သူ၏ အတွင်းအားအားလုံးကို လက်သီးထဲ ထည့်လိုက်သည်။
ဤလက်သီးသည် ချန်အာကော၏ ခေါင်းကို လွင့်ထွက်သွားစေနိုင်သည်။
သို့သော် ဘေးတွင် ရပ်နေသော ယင်ဟွိုက်ယွီကတော့ ဘာမှမပြောဘဲ ပြုံးနေမြဲဖြစ်သည်။
သူသည် မိမိတပည့် အနိုင်ကျင့်ခံရမည်ကို လုံးဝ မစိုးရိမ်ပေ။
ကံဆိုးသည်မှာ ကတုံးသည် ယင်ဟွိုက်ယွီ၏ အမူအရာကို သတိမထားမိတော့ခြင်းပင်။
သူ၏ မျက်လုံးထဲတွင် ချန်အာကောနှင့် သူ ထိုးနှက်မည့် လက်သီးကိုသာ မြင်နေတော့သည်။
"သေစမ်း"
ကတုံးက အော်ဟစ်ကာ ထိုးနှက်လိုက်သည်။
လေထုမှာ ပြင်းထန်သော အတွင်းအားကြောင့် ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
လက်သီးကြီးမှာ ချန်အာကော၏ ပါးပြင်ကို ထိတော့မည့်ဆဲဆဲ။
ကတုံး၏ နှုတ်ခမ်းများမှာ အလိုအလျောက် ပြုံးမိသွားသည်။
ချန်အာကောကို အနိုင်ယူပြီး တစ်ကမ္ဘာလုံးတွင် နာမည်ကျော်သွားမည့် အချိန်ကို သူ စိတ်ကူးယဉ်နေမိသည်။
ရရှိမည့် ကျော်ကြားမှုနှင့် ယှဉ်လျှင် ပေးလိုက်ရသည့် နှင်းကြာပန်းမှာ တန်လွန်းလှသည်!
"ဒုန်း!"
သံနှင့် ကျောက်စာတိုင် ရိုက်မိသည့်အသံက ကတုံး၏ အတွင်းစိတ်ကူးများကို ဖြတ်တောက်လိုက်သည်။ သူ ချက်ချင်း သတိဝင်လာသည်။
သူ့လက်သီးမှာ ချန်အာကော၏ ပါးပြင်ပေါ်သို့ ရောက်နေသော်လည်း တစ်လက်မမျှ မရွေ့တော့ပေ။
ခေါင်းလွင့်ထွက်သွားမည့် မြင်ကွင်းမှာ ဖြစ်မလာခဲ့ဘဲ သူ၏ လက်ကောက်ဝတ်မှ စူးရှသော နာကျင်မှုကသာ ပေါ်ထွက်လာသည်။
သေချာကြည့်လိုက်သောအခါ သူ၏ လက်ကောက်ဝတ်မှာ ကျိုးသွားခဲ့ပြီ ဖြစ်သည်။
"အားးးးး"
ရင်ကွဲမတတ် အော်ဟစ်သံက ကောင်းကင်သို့ ထိုးတက်သွားပြီး ငှက်အုပ်များကိုပါ လန့်ဖျန့်သွားစေသည်။
ကျောင်းဆောင်ထဲရှိ လူအားလုံးလည်း ထိတ်လန့်သွားကြသည်။
ချန်အာကောမှာ ဘာမှမလုပ်ဘဲ ရပ်နေရုံနှင့်ပင် ကတုံး၏ လက်ကို ကျိုးသွားစေခဲ့သည် မဟုတ်ပါလား။
"ဘာတွေ ဖြစ်သွားတာလဲ"
အရပ်ရှည်ရှည်နဲ့ လူမှာ ကြောင်သွားသည်။
ပုံစံမကျသော တိုးဝင်မှုမှာ တကယ်တော့ ရန်သူကို လှည့်စားလိုက်ခြင်း ဖြစ်ရမည်။
ဒီကောင်လေးက တကယ်ကို ပါးနပ်တာပဲ။
မဟုတ်ဘူး၊ ကြောက်စရာ ကောင်းတာ။
ပထမအဆင့်ပညာရှင်ဆိုတာ တကယ်ကို ကြောက်စရာကောင်းပါလား။
"ဟဲဟဲ၊ ပါရမီရှင် လူငယ်လေးရဲ့ အစွမ်းကို ငါတို့ မြင်ပါပြီ၊ အရှုံးပေးပါတယ်"
"ငါတို့ အစွမ်းမရှိတာကို ဝန်ခံပါတယ်၊ ခွင့်လွှတ်ပါ၊ နှုတ်ဆက်ပါတယ်"
အရပ်ရှည်ရှည်လူက ရှက်ကိုးရှက်ကန်း ရယ်မောကာ အော်ဟစ်နေသော ကတုံးနှင့် အခြားသိုင်းသမားများကို ဆွဲပြီး အမြန် ထွက်ပြေးသွားကြတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ချန်အာကောမှာကြောင်တောင်တောင် ရပ်နေမြဲဖြစ်သည်။
သူသည် မိမိပါးကို ပွတ်ကြည့်ရင်း ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"အိပ်နေရင်းနဲ့တောင် ဓားမတိုး လက်မတိုး ဖြစ်လာတာပဲ။ ငါကတော့ ငါပဲ၊ ငါဟာ တကယ်ကို ပါရမီရှင်ကြီးပါလား"