← Chapters

ပါးနပ်သော နည်းပရိယာယ်က ဘေးထွက်ဆိုးကျိုး ဖြစ်လာခြင်း

Vol. 6 Ch. 55

ပါးနပ်သော နည်းပရိယာယ်က ဘေးထွက်ဆိုးကျိုး ဖြစ်လာခြင်း

Vol. 6 Ch. 55

ချန်အာကောမှာ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး ဘဝင်မြင့်နေတော့သည်။

ကတုံးကို အနိုင်ယူလိုက်သူမှာ သူမဟုတ်ဘဲ လင်ချွမ် ဖြစ်သည်ကို သူ လုံးဝမသိပေ။

ယင်ဟွိုက်ယွီ က အကြောင်းစုံကို သိသော်လည်း လင်ချွမ်​၏ စကားကို နားထောင်သောကြောင့် အမှန်အတိုင်း မပြောပေ။

ချန်အာကောအတွက် ယခုအချိန်တွင် အလိုအပ်ဆုံးမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရန် ဖြစ်သည်။

သိုင်းသမား အချင်းချင်း ပညာစမ်းသည့် တိုက်ပွဲငယ်လေးများမှာပင် ကြီးမားသော ပေးဆပ်မှုများ ရှိတတ်သည်။

ပါဝင်ပတ်သက်သူများသာ ထိုအန္တရာယ်ကို အမှန်တကယ် ခံစားရခြင်းဖြစ်သည်။

ထို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသည် အလွန်အရေးကြီးသည်။

"စုမေ့အာ နဲ့ ကျန်းခွေ့ ဘယ်ရောက်သွားကြလဲ"

ယင်ဟွိုက်ယွီက ရုတ်တရက် မေးလိုက်သည်။

ထိုအခါမှ ချန်အာကော သတိဝင်လာပြီး ပန်းခြံဘက်ကို ကြည့်လိုက်ရာ နတ်ဆိုးဂိုဏ်း တပည့်နှစ်ဦးကို မတွေ့ရတော့ပေ။

သူတို့နှစ်ဦး အခွင့်ကောင်းယူပြီး ထွက်ပြေးသွားသည်ဟု ဆရာနှင့်တပည့်မှာ မယုံကြည်ကြပေ။

လင်ချွမ်က သူတို့နှစ်ဦး၏ အကြောများကို ပိတ်ထားပြီး ဖြစ်သည်။

အတွင်းအား မသုံးနိုင်လျှင် သူတို့မှာ သာမန်လူနှင့် မခြားပေ။

ထို့အပြင် မိုင်ပေါင်း ၈၀၀ ရှည်လျားသော ဝူတန်တောင်တန်း တစ်လျှောက်လုံးတွင် ဝူတန်တပည့်များနှင့် ပြည့်နှက်နေသည်။

အကယ်၍ သူတို့က နတ်ဆိုးဂိုဏ်းသားမှန်း သိသွားပါက တောင်တံခါးဝသို့ မရောက်ခင်မှာပင် ဝူတန်တပည့်များ၏ ဝိုင်းဝန်းရိုက်သတ်ခြင်းကို ခံရပေလိမ့်မည်။

"တပည့် သွားရှာလိုက်ပါ့မယ်"

ချန်အာကောက အလောတကြီး ပြောလိုက်သည်။

"မလိုပါဘူး"

ယင်ဟွိုက်ယွီက ခေါင်းယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်

"သူတို့ ထွက်သွားပြီဆိုမှတော့ အားလုံး အဆင်ပြေမှာပါ။ ဒါပေမဲ့ အဲဒီ လွတ်လပ်တဲ့ သိုင်းသမားတွေတော့ ဒုက္ခလှလှတွေ့တော့မှာပဲ"

ချန်အာကောကတော့ ယင်ဟွိုက်ယွီ ဘာကိုဆိုလိုမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေရုံသာ ရှိသည်။

တစ်ချိန်တည်းမှာပင် ဝူတန်တောင်ခြေ၌။

ကတုံးနှင့် အဖွဲ့သားများသည် တောင်ပေါ်မှ ကုတ်ကပ်ဖက်တွယ်ကာ လူးလိမ့်ဆင်းလာကြသည်။

တောင်ခြေရောက်မှသာ အနားယူရဲတော့သည်။

လူတိုင်းမှာ ချွေးရွှဲလျက် အသက်ကို ပြင်းပြင်းရှူနေရပြီး ပုံစံမှာ အလွန်ပင် စုတ်ပြတ်သတ်နေခြင်းပင်။

"ဘုရားရေ... ငါတော့ သေမတတ် ကြောက်သွားတာပဲ။ ချန်အာကောက ဒီလောက် ပါရမီရှိမယ်လို့ မထင်ထားဘူး"

"သူ့ရဲ့ ဓားမတိုး လက်မတိုးတဲ့ အစွမ်းက ရှောင်လင်ကျောင်းတော်က စိန် သံမဏိ ထက်တောင် ပိုအစွမ်းထက်သေးတယ်"

"ငါတို့သာ ပြေးတာ မမြန်ရင်ဒုက္ခတွေ့မှာပဲ"

အရပ်ရှည်ရှည်လူက တုန်တုန်ရင်ရင် ပြောလိုက်သည်။

ပြောပြီးနောက် သူက ကတုံးကို တစ်ချက် ကြည့်လိုက်သည်။

အဆင့် (၅) သိုင်းသမားဖြစ်သော ကတုံးမှာ ချန်အာကော​၏ အရေပြားကိုပင် မထိနိုင်ဘဲ မိမိလက်သာ ကျိုးသွားခဲ့ရသည် မဟုတ်ပါလား။

ဒါက စိန်ခေါ်မှုအတွက် ပေးဆပ်လိုက်ရသော အဖိုးအခကိုး။

"ကဲ... အခုတော့ ငါတို့ လုံခြုံသွားပြီ။ ဝူတန်ဂိုဏ်းက တရားသောဂိုဏ်းဆိုတော့ ငါတို့ကို ဘာမှ ထပ်မလုပ်တော့ပါဘူး"

နောက်ထပ် သိုင်းသမားတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

သူတို့အားလုံး စိတ်လက်ပေါ့ပါးသွားပြီး မြက်ခင်းပေါ်တွင် လှဲလျက် အနားယူလိုက်ကြသည်။

သို့သော် ကတုံးနှင့် အရပ်ရှည်ရှည်လူမှာမူ ပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်မအေးနိုင်ဘဲ ရှိနေသည်။

ထိုစဉ်မှာပင် အဝေးမှ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် သူတို့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

ယောက်ျားဖြစ်သူမှာ ထွားကျိုင်းပြီး ဘီးလူး မျက်နှာဖုံး တပ်ထားသည်။

မိန်းမဖြစ်သူမှာမူ အလွန် လှပပြီး စွဲဆောင်မှုရှိသော မျက်လုံးများ ရှိ ပေသည်။

ဤကဲ့သို့ ထူးဆန်းသော တွဲဖက်မှုကို သူတို့ ချက်ချင်း သတိထားမိလိုက်သည်။

"သူတို့နှစ်ယောက်ကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..."

အရပ်ရှည်ရှည်လူက စဉ်းစားနေမိသည်။

"သူတို့က နတ်ဆိုးဂိုဏ်းကလူတွေပဲ"

ရုတ်တရက် ကတုံးက အော်ဟစ်လိုက်ပြီး လန့်သွားသော ယုန်တစ်ကောင်ကဲ့သို့ အမြင့်သို့ ခုန်တက်သွားသည်။

ထိုအခါမှ အားလုံးမှာ လက်နက်များကို ဆွဲထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

စုမေ့အာနှင့် ကျန်းခွေ့တို့သည် စိတ်မပါသော မျက်နှာများဖြင့် သူတို့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

လွန်ခဲ့သော နာရီဝက်က လင်ချွမ်သည် သူတို့၏ အကြောမှတ်များကို ပြန်ဖွင့်ပေးခဲ့သည်။

သို့သော် လိုအပ်ချက်တစ်ခုတော့ ရှိခဲ့သည်။

"လက်ဖက်ရည်တစ်ခွက် သောက်တဲ့ အချိန်အတွင်းမှာ ဟိုကတုံးတွေကို နာနာလေး ရိုက်ပေးလိုက်။ ထွက်ပြေးဖို့ မစဉ်းစားနဲ့။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရမယ်"

ဤရိုးရှင်းသော စကားသုံးခွန်းက သူတို့ကို မငြင်းဆန်ရဲအောင် လုပ်လိုက်ခြင်းဖြစ်သည်။

အလယ်ပိုင်းဒေသ သိုင်းလောကကို နတ်ဆိုးဂိုဏ်းသားများ ရှိနေကြောင်း လင်ချွမ်က သိစေချင်သဖြင့် သူတို့ကို အသုံးချခြင်းဖြစ်ကြောင်း သူတို့ သိသည်။

သို့သော် အသုံးချခံရကြောင်း သိသော်လည်း မငြင်းရဲသော ခံစားချက်မှာ တကယ်ပင် ခံရခက်လှသည်။

"မကျေနပ်လိုက်တာ။ ငါက အာသူရာဂိုဏ်း ရဲ့ ညာလက်ရုံး အစောင့်အရှောက်ပဲ"

"ဂိုဏ်းချုပ်ပြီးရင် ငါက ဒုတိယအဆင့်ပဲ။ ဒီလို အရှက်ခွဲခံရတာကို ဘယ်လို သည်းခံရမလဲ"

ကျန်းခွေ့က အံကြိတ်၍ ပြောလိုက်သည်။

"ဟာ့... အဲဒီတော့ ရှင်က ဘာလုပ်နိုင်မှာလဲ၊ လင်ချွမ်ကို သွားသတ်မှာလား"

"ရှင့်ကို သတိပေးလိုက်မယ်၊ ကျွန်မရဲ့ ဆရာတောင် အဲဒီကောင်လေးကို မယှဉ်နိုင်ဘူး"

"ရှင့်ရဲ့ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်လာရင်တောင် အချိန်ဖြုန်းတာပဲ ဖြစ်မှာ"

စုမေ့အာက လှောင်ပြောင်လိုက်သည်။

"ဟွန့်၊ ဒါပြီးရင်တော့ ငါပြန်သွားပြီး ပန်းပဲ ဆက်စိုက်တော့မယ်။" ကျန်းခွေက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။

ထို့နောက် ခြေကို အရှိန်ပြင်းပြင်း ဆောင့်နင်းကာ ကြံ့တစ်ကောင်ကဲ့သို့ သိုင်းသမား အုပ်စုထံသို့ ပြေးဝင်သွားတော့သည်။

စုမေ့အာကလည်း လေထဲတွင် ပျံသန်းလျက် နောက်က လိုက်လာ၏။

ထိုသို့ လေထဲတွင် ပျံသန်းနိုင်သည့် အစွမ်းကို မြင်လိုက်ရသောအခါ ကတုံးနှင့်အဖွဲ့မှာ ကြောက်လန့်သွားကြသည်။

"ဘုရားရေ! ပထမအဆင့် နှစ်ယောက်တောင်"

သိုင်းသမားများမှာ ထိတ်လန့်လွန်းသဖြင့် ထိုနေရာမှာပင် ဆီးထွက်ကုန်ကြသည်။

ဘာကြောင့် ဝူတန်တောင်ကို လာခဲ့မိပါလိမ့်။

စိန်ခေါ်တာလည်း ရှုံး၊ နာမည်လည်း မရသည့်အပြင် အခုတော့ အသက်ပါ ရန်ရှာခံနေရပြီ။

တကယ်ကို ကံဆိုးတာပဲ။

လူအုပ်ကြီးမှာ အော်ဟစ်ငိုယိုကာ ထွက်ပြေးကုန်ကြသည်။

သို့သော် နှေးကွေးသူအချို့မှာ ကျန်းခွေ့နှင့် စုမေ့အာ၏ လက်ချက်ဖြင့် နာနာကျင်ကျင် အရိုက်ခံရတော့သည်။

အဆင့် (၅) ပညာရှင်ဖြစ်သော ကတုံးနှင့် အရပ်ရှည်ရှည်လူတို့ပင် တစ်ကွက်မျှ မခံနိုင်ဘဲ နတ်ဆိုးဂိုဏ်းတပည့်များ၏ လက်ချက်ဖြင့် မြေပေါ်သို့ လဲကျသွားကြသည်။

ကျန်ရှိသော သိုင်းသမားများမှာ နောက်သို့ လှည့်မကြည့်ရဲဘဲ အသက်လု ထွက်ပြေးကြတော့သည်။

ကျန်းခွေ့နှင့် စုမေ့အာတို့မှာ သူတို့၏ ဒေါသများကို ထိုသိုင်းသမားများအပေါ် ပုံချလိုက်ကြပြီးနောက် လှည့်မကြည့်ဘဲ ထွက်ခွာသွားကြသည်။

"အားးး... နာလိုက်တာ"

မျက်နှာများ ဖူးယောင်နေသော သိုင်းသမားတစ်စုမှာ အချိန်အတော်ကြာ ညည်းတွားနေကြပြီး နောက်ပိုင်းတွင် တစ်ယောက်တစ်ပေါက် လူစုကွဲသွားကြသည်။

နောက်လအတွင်းမှာပင် သိုင်းလောကတွင် သတင်းကြီး နှစ်ခု ပျံ့နှံ့သွားသည်။

ပထမတစ်ခုမှာ ဝူတန်တောင်သို့ သွားရောက်စိန်ခေါ်သော သိုင်းသမားများမှာ ချန်အာကော လက်တစ်ချက်မျှပင် မလှုပ်ရဘဲ ရှုံးနိမ့်ခဲ့ရသည်ဟူသော သတင်းဖြစ်သည်။

လူအများက ဤသတင်းကို သံသယရှိကြသော်လည်း ကောလာဟလမှာ ပို၍ ဆန်းပြားလာကာ ဒဏ္ဍာရီသဖွယ် ဖြစ်လာတော့သည်။

ဒုတိယသတင်းမှာမူ ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။

၎င်းမှာ ပထမအဆင့်ရှိသော နတ်ဆိုးဂိုဏ်းတပည့် နှစ်ဦး ဝူတန်တောင်ခြေတွင် ပေါ်လာခဲ့သည်ဟူသော သတင်းဖြစ်သည်။

ထိုကတုံးနှင့် အဖွဲ့သားများမှာ ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး သေလုမတတ် ခံခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ မြို့အသီးသီးရှိ လက်ဖက်ရည်ဆိုင်များတွင် ထိုကတုံးနှင့်အဖွဲ့ကို တွေ့နိုင်ပြီး သူတို့၏ အတွေ့အကြုံကို သိုင်းဝါသနာအိုးများက စိတ်ဝင်တစား နားထောင် နေကြသည်။

နတ်ဆိုးဂိုဏ်းသားများ။

ပထမအဆင့် ပညာရှင် နှစ်ယောက်။

အလယ်ပိုင်းဒေသ သိုင်းလောကမှာ ပေါ်လာပြီ။

ထိုသတင်းမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

သို့သော် လူတို့မှာ ထူးဆန်းလှသည်။

ကြောက်သော်လည်း စပ်စုချင်စိတ်ကို မထိန်းနိုင်ကြပေ။

ထို့ကြောင့် ထိုအချိန်မှစ၍ ဝူတန်တောင် အပြင်ဘက်တွင် နတ်ဆိုး ဂိုဏ်းသားများကို ရှာဖွေရန် သိုင်းသမား အမြောက်အမြား ရောက်ရှိလာကြတော့သည်။

ဤသည်မှာ လင်ချွမ်အတွက်တော့ တကယ့်ကို ခေါင်းခဲစရာ ကိစ္စကြီး ဖြစ်လာခဲ့ပါပြီ။

All Chapters