အမျိုးသမီးငယ်လေး ကို ကယ်တင်မည့် သူရဲကောင်း မရှိပါ
Vol. 6 Ch. 57
လင်ယန်ရွှယ် သည် မျက်မှောင်ကြုတ်လျက် လင်ချွမ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
လင်ချွမ်၏ အော်ဟစ်သံကြောင့် အခြေအနေမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ရန်သူကို ဘာကြောင့် သတိပေးလိုက်တာလဲဟု သူမအနေဖြင့် လင်ချွမ်ကို မေးမြန်းရန်ပင် အချိန်မရလိုက်ပေ။
အကြောင်းမှာ ထိုသိုင်းသမားများက သူတို့ကို ဝိုင်းထားလိုက်ပြီ ဖြစ်သောကြောင့်တည်း။
"မင်းတို့ အလယ်ပိုင်းဒေသက သူရဲဘောကြောင်တဲ့ ကြွက်တွေ"
"ငါက ဟယ်ဟွမ်းဂိုဏ်း ရဲ့ ဘယ်လက်ရုံး အစောင့်အရှောက်ပဲ"
"ဒါကတော့ ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လင်ယန်ရွှယ်ပဲ။ မသေချင်ရင် အခုချက်ချင်း ဖယ်ကြစမ်း"
လင်ချွမ်က အသံကို သြရှရှလုပ်ကာ လှောင်ပြောင်ရင်း မိတ်ဆက်လိုက်သည်။
ဘေးတွင် ရပ်နေသော လင်ယန်ရွှယ်မှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါပါဆိုပြီး အကုန်ပြောပြနေမှတော့ မျက်နှာဖုံးတပ်ထားတာ ဘာထူးတော့မှာလဲ။
"ဘာ၊ လင်ယန်ရွှယ် တကယ်ကြီးလား"
"ဘုရားရေ... လင်ယန်ရွှယ်ဆိုတာ အနောက်ဘက်ဒေသ နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာမပဲ"
"လူသတ်ရင် မျက်တောင်တစ်ချက် မခတ်ဘူးလို့ ငါကြားဖူးတယ်"
"ကံဆိုးလိုက်တာ"
"ဒီလို ထိပ်သီးမိစ္ဆာနဲ့မှ လာတိုးရတယ်လို့"
"အားလုံး ဝိုင်းတိုက်ကြဟေ့။ သူတို့ကို အလွတ်မပေးနဲ့"
သိုင်းသမားများမှာ လင်ယန်ရွှယ်ကို ဖမ်းဆီးရန် အားခဲထားကြပြီး တစ်ယောက်မျှ နောက်မဆုတ်ကြပေ။
"ငါ့နားမှာ ကပ်နေ"
လင်ချွမ်က လင်ယန်ရွှယ်ကို တိုးတိုးလေး ပြောလိုက်သည်။
ဘာကြောင့်လဲဟု ရှင်းမပြဘဲ လင်ယန်ရွှယ်၏ လက်ကလေးကို ဆွဲကာ သူမကို ခေါ်ဆောင်ပြီး ပျံထွက်သွားတော့သည်။
"ဟား ၊ သူတို့ လေထဲမှာ ပျံနေကြပြီ! သူတို့က ပထမအဆင့် ကျင့်ကြံသူတွေပဲ"
အံ့ဩတကြီး အော်ဟစ်သံများ လေထုထဲ ပျံ့လွင့်သွားသည်။
အလယ်ပိုင်းဒေသ သိုင်းလောကတွင် လင်ယန်ရွှယ်၏ ကျင့်ကြံမှုအဆင့်ကိုပင် မသိဘဲ အတင်းပြေးဝင်လာကြသည့် လူမိုက်များ သည်လောက်များနေသည်မှာ ရှေ့ရေးပင် ရင်လေးစရာ ကောင်းလှသည်။
"ဂိုဏ်းချုပ်၊ ရှောင်လင်ကျောင်းတော်ကို သွားတိုက်ကြစို့"
လင်ချွမ်၏ အော်သံ ထပ်ထွက်လာခြင်းပေ။
လင်ယန်ရွှယ်မှာ မျက်နှာလေး နီမြန်းလျက် ကြောင်တောင်တောင်နှင့် ခေါင်းညိတ်လိုက်မိသည်။
လင်ချွမ် ဘာပြောနေသလဲဆိုသည်ကိုပင် သူမ သေချာကြားပုံမရပေ။
"ဒုက္ခပဲ။ မိစ္ဆာမက ရှောင်လင်ကျောင်းတော်ကို သွားတော့မယ်။ မြန်မြန် လိုက်တားကြဟေ့"
သိုင်းလောကတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အဖွဲ့တစ်ဖွဲ့က လင်ချွမ်တို့နောက်ကို လိုက်သွားပြီး ကျန်အဖွဲ့များက ရှောင်လင်ကျောင်းတော်သို့ သတင်းပို့ရန် တိုက်ရိုက် ပြေးကြတော့သည်။
ဘယ်လောက်ကြာအောင် အပြန်အလှန် လိုက်တမ်းပြေးတမ်း ကစားခဲ့ကြသည်မသိ၊ လင်ချွမ် နှင့် လင်ယန်ရွှယ်မှာ အားလုံး၏ အမြင်အာရုံထဲမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
"သတင်းဖြန့်လိုက်ကြစမ်း"
"ဟယ်ဟွမ်းဂိုဏ်းချုပ် ကိုယ်တိုင် အလယ်ပိုင်းဒေသထဲ ဝင်လာပြီ"
"အရင်က ဝူတန်တောင်ခြေမှာ သိုင်းသမားတွေကို ရိုက်ခဲ့တဲ့ ယောက်ျားနဲ့ မိန်းမဟာ ဒီလူတွေပဲ ဖြစ်နိုင်တယ်။
အလယ်ပိုင်းဒေသက ဂိုဏ်းအားလုံး အထူးသတိထားကြဖို့ ပြောလိုက်"
ရှန်းယန်မြို့တွင်။
စည်ကားလှသော လမ်းမပေါ်တွင် ခန့်ညားသော အမျိုးသားတစ်ဦးနှင့် လှပသော အမျိုးသမီးတစ်ဦး လူအုပ်ကြား လျှောက်လာနေကြသည်။
အမျိုးသမီးမှာ အနက်ရောင်ဝတ်စုံနှင့် အလွန်ပင် လှပလွန်းလှသဖြင့် လမ်းသွားလမ်းလာ ယောက်ျားများမှာ အံ့အားသင့်ကာ ငေးကြည့်မိကြသည်။
ခဏအတွင်းမှာပင် မြင်းရထား မတော်တဆမှု လေးခု ဖြစ်သွားခဲ့သည်။
မြင်းရထားများမှာ မြို့လယ်ခေါင်သို့ တိုက်ရိုက်မောင်းဝင်သွားပြီး လမ်းဘေးရှိ ဆိုင်များကို ဝင်တိုက်ကုန်သည်။
သို့သော်လည်း လမ်းပေါ်ရှိ ယောက်ျားများမှာ ဤမယုံနိုင်စရာ အလှနတ်သမီးကို ငေးကြည့်နေခြင်းကို မရပ်တန့်နိုင်ကြပေ။
"အဟမ်း"
"မင်း မျက်နှာဖုံး ပြန်တပ်ထားရင် ပိုကောင်းမယ် ထင်တယ်"
လင်ချွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟီး၊ မတပ်ချင်ပါဘူး"
"ဒီမျက်နှာဖုံးက ဟယ်ဟွမ်းဂိုဏ်းရဲ့ အမှတ်အသားပဲ"
"အကယ်၍ မြို့ထဲက သိုင်းသမားတွေ မြင်သွားရင် ငါတို့ ပြေးရမှာပေါ့"
လင်ယန်ရွှယ်က ပြုံးလျက် ပြောလိုက်သည်။
ပြောပြီးနောက် သူမသည် လင်ချွမ်၏ လက်မောင်းကို ချိတ်လိုက်သည်။
ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ကပ်တွယ်နေသည့် ပုံစံမှာ မသိသူဆိုလျှင် သူတို့နှစ်ဦးကို ဇနီးမောင်နှံဟု ထင်ကြပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အမှန်မှာ ထိုသို့မဟုတ်ပေ။
"မြို့ထဲမှာ ဈေးဝယ်ထွက်တာ လိုက်ပေးမယ်လို့ပဲ ငါကတိပေးခဲ့တာ၊ မင်းရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ပေးမယ်လို့ ကတိမပေးခဲ့ဘူးနော်"
"ပြီးတော့ မင်းက ဟယ်ဟွမ်းဂိုဏ်းချုပ်ပဲ၊ မင်းရဲ့ အဆင့်အတန်းကို နည်းနည်းတော့ သတိထားပါဦး"
လင်ချွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်လောက်သည့် အလှနတ်သမီးတစ်ဦးနှင့် တွဲသွားရသည်မှာ ပျော်စရာကောင်းသော်လည်း၊ လင်ယန်ရွှယ်၏ မျက်နှာတစ်ခုတည်းကြောင့် လူအများ၏ အာရုံစိုက်မှုကို ဆယ်ကြိမ်မက ခံနေရခြင်းပင်။
ဤသို့ဆိုလျှင် သူတို့ ဟန်ဆောင်ထားခြင်းက ဘာထူးတော့မှာလဲ။
"လမ်းဖယ်ကြစမ်း"
ခပ်သြသြ အော်သံတစ်ခု နောက်ဘက်မှ ထွက်ပေါ်လာသည်။
လူအုပ်ကြီးမှာ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တပ်သားတစ်စု လူအုပ်ကြားမှ တိုးထွက်လာကာ လင်ချွမ်းနှင့် လင်ယန်ရွှယ်ကို ဝိုင်းလိုက်ကြတော့သည်။
"ဟူး... တကယ်ကို စိတ်ရှုပ်စရာပဲ"
လင်ချွမ် သက်ပြင်းချလိုက်သည်။
ဖြစ်လာရမည့် ကိစ္စကတော့ ရှောင်လွှဲလို့ မရတော့ပေ။
"အရာရှိမင်း... ဒီမှာ ကြည့်ပါ"
"အားလုံးက အဲဒီ မြေခွေးမကြောင့် ဖြစ်တာ"
လမ်းဘေးမှ လှပသော အမျိုးသမီး တစ်ဦးက မနာလိုစိတ်ဖြင့် လင်ယန်ရွှယ်ကို လက်ညှိုးထိုးပြလိုက်သည်။
သူမသည်လည်း အတော်အတန် လှသော်လည်း လင်ယန်ရွှယ်နှင့် ယှဉ်လျှင်မူ များစွာ ကွာခြားလှသည်။
သူမသည် ယနေ့ ယောက်ျားများ၏ အာရုံစိုက်မှုကို ရရန် ပြင်ဆင်လာခဲ့သော်လည်း လင်ယန်ရွှယ်က အားလုံးကို လုယူသွားသဖြင့် သူမအနေဖြင့် မည်သို့ သည်းခံနိုင်ပါမည်နည်း။
အရာရှိက လှမ်းကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ မှင်တက်သွားပြီး တံတွေးများပင် ကျလာတော့သည်။
"ဝါး... တကယ့်ကို အလှလေးပဲ"
"ဒဏ္ဍာရီထဲက အလှနတ်သမီးလေးတွေတောင် သူမကို မယှဉ်နိုင်ဘူး"
"ငါသာ သူမကို အိမ်ခေါ်သွားပြီး ပျော်ပါးခွင့်ရရင် ငါ့အသက် ဆယ်နှစ်တောင် အသေခံလိုက်မယ်"
အရာရှိက ရာဂစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
လင်ချွမ် မျက်လုံးလှန်ကြည့်လိုက်သည်။
ဒီဇာတ်လမ်းက တကယ်ကို ရိုးအီနေပြီ။
တပ်သားတွေက လင်ယန်ရွှယ်ကို လာနှောင့်ယှက်မည်၊ ထိုအခါ သူက သူရဲကောင်းလုပ်ပြီး ကယ်တင်မည်၊ ထို့နောက် အစိုးရစစ်တပ်နှင့် ပြဿနာတက်ပြီး မြို့ထဲမှာ ဆူညံပွက်လောရိုက်မည်၊ နောက်ဆုံးတွင် လင်ယန်ရွှယ်က သူ့ကို ချစ်သွားမည်... ဒါတွေက တကယ်ကို ပျင်းစရာ ကောင်းလှ ပေသည်။
"ကျွန်မ ကြောက်တယ်"
လင်ယန်ရွှယ်၏ တုန်ရီသောအသံ ထွက်လာသော်လည်း သူမမျက်နှာတွင်တော့ လှောင်ပြုံးတစ်ခု ရှိနေသည်။
သူမက လင်ချွမ်နောက်တွင် ပုန်းနေသဖြင့် မည်သူမှ မမြင်ရပေ။
အရာရှိသည် လင်ချွမ်ကို လုံးဝဂရုမစိုက်ဘဲ လင်ယန်ရွှယ်ကိုသာ ဝါးစားမတတ် စိုက်ကြည့်နေသည်။ ဆာလောင်နေသော ဝံပုလွေတစ်ကောင်က သိုးငယ်လေးတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။
ကံဆိုးသည်မှာ ထိုသိုးငယ်လေးသည် ဝံပုလွေတစ်အုပ်လုံးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေမွနိုင်သည်ကို သူ မသိခြင်းပင်။
"ကောင်လေး... မင်း အသက်ရှင်ချင်ရင် အခုချက်ချင်း ဖယ်စမ်း"
"မင်းရဲ့ မိန်းမကို ငါ သဘောကျသွားပြီ"
အရာရှိက မောက်မာစွာ ပြောလိုက်ခြင်းပင်။
ပြောရင်းနှင့် သူ၏ ဓားရိုးကို ကိုင်လိုက်သည်။
လင်ချွမ် ငြင်းမည်ကို သူသိနေပြီး ထိုအခါ လင်ချွမ်ကို ချက်ချင်း သတ်ပစ်ရန် ပြင်ထားခြင်းဖြစ်သည်။
"ကောင်းပြီလေ"
အေးစက်သော အသံက သူ့ကို လက်တွေ့လောကထဲ ပြန်ခေါ်ဆောင်လာသည်။
"ဘာ"
အရာရှိက နားမယုံနိုင်သလို ကြည့်လိုက်သည်။
"ငါပြောတာက... မင်းလိုချင်ရင် ယူသွားလေ။ ငါ့သဘောထားကို မေးနေဖို့ မလိုပါဘူး"
လင်ချွမ်က ဂရုမစိုက်သလို ပုခုံးတွန့်ပြကာ ဘေးသို့ပင် တစ်လှမ်း ရှောင်ပေးလိုက်ခြင်းပင်။
"ဟား၊ သူရဲဘောကြောင်တဲ့ကောင်"
"မင်းကတော့ လူပါးဝ နေတယ်ပေါ့၊ မဟုတ်ရင် ငါ့ဓားအရသာကို မြည်းချင်လို့လား"
အရာရှိက ရယ်မောရင်း လင်ယန်ရွှယ်ကို ဖမ်းရန် လက်လှမ်းလိုက်သည်။
ထိုစဉ် လင်ယန်ရွှယ်က နှုတ်ခမ်းစူလျက် လင်ချွမ်ကို စိတ်ကောက်နေနေသည့် မိန်းမတစ်ဦးကဲ့သို့ ကြည့်လိုက်သည်။
အရာရှိလက်က သူမကို ထိတော့မည့်အချိန်မှာပင် သူမ နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်မှာ။
"ရှင်... သေရတာ တကယ် နာကျင်လိမ့်မယ်"
အရာရှိက ကြောင်သွားပြီး "ဘာပြောတယ်" ဟု ပြန်မေးရန် ပြင်လိုက်သော်လည်း ထိုစကားပင် မဆုံးသေးခင်..
အေးစက်သော အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်။
လမ်းသွားလမ်းလာများမှာ မျက်စိရှေ့တွင် ဝေဝါးသွားသည်ဟုသာ ခံစားလိုက်ရပြီး ပြန်ကြည့်လိုက်သောအခါ ထို အရာရှိ၏ ခေါင်းသည် လည်ပင်းပေါ်မှ ဖြည်းဖြည်းချင်း ပြုတ်ကျနေပြီ ဖြစ်သည်။
"ဗုန်း!"
ခေါင်းမရှိသော အလောင်းကြီး မြေပေါ်သို့ လဲကျသွားပြီးနောက် လမ်းမတစ်ခုလုံး အော်ဟစ်သံများဖြင့် ဆူညံသွားတော့သည်။