← Chapters

ငါ အရှုံးမပေးဘူး

Vol. 6 Ch. 60

ငါ အရှုံးမပေးဘူး

Vol. 6 Ch. 60

"လက်ခံသူသည် ရှောင်းယောက် တောင်ထိပ်တွင် စနစ် ဝင်ရောက်ခြင်း အောင်မြင်သဖြင့် ဆုလာဘ်အဖြစ် 'ဝိညာဉ်ကူးပြောင်းခြင်းပညာ' ကို ရရှိပါသည်"

ရှောင်းယောက် တောင်ထိပ်တွင် ရှိနေစဉ် လင်ချွမ်သည် အမှတ်မထင် စနစ် ဝင်လိုက်ခြင်းပင်။

"ဝိညာဉ်ကူးပြောင်းခြင်းပညာ"

လင်ချွမ်သည် မျက်ခုံးတစ်ဖက်ကို အသာအယာ ပင့်လိုက်ပြီး သူ၏ အေးစက်သော မျက်နှာတွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။

ဒါဟာ လိုရာဆန္ဒ ပြည့်ဝသွားတာလား။

ချန်အာကောသည် ရှောင်လင်ကျောင်းတော်၏ မိစ္ဆာနှိမ်နင်းရေး အခမ်းအနားသို့ မဖြစ်မနေ သွားရပေလိမ့်မည်။

သိုင်းလောကသားအားလုံး စုဝေးမည့်နေရာ ဖြစ်သဖြင့် ထိုအထဲတွင် ပညာရှင်များစွာ ပါဝင်နေမည်မှာ သေချာသည်။

လူရှိလျှင် ပဋိပက္ခ ရှိမြဲဖြစ်ရာ သူတော်စင် ဂိုဏ်းများ အကြားတွင်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။

ထို့အပြင် မကြာသေးမီက ချန်အာကော​၏ နာမည်မှာ အလွန်ကျော်ကြားနေခြင်းပင်။

'အပင်မြင့်လေ လေတိုက်ခံရလေ' ဖြစ်သဖြင့် အားကျမခံလိုသော သိုင်းသမားများစွာက သူ့ကို လာရောက်စိန်ခေါ်ကြမည်မှာ မလွဲဧကန်ပင်။

သို့သော် ချန်အာကော​၏ အစစ်အမှန် အရည်အချင်းနှင့်ဆိုလျှင် အရှက်ရဖို့သာ ရှိသည်။

လင်ချွမ်သည် ဤကိစ္စအတွက် ရှောင်းယောက် တောင်ထိပ်သို့ သီးသန့်လာခဲ့ခြင်းပင်။

အကယ်၍ သူ မလာခဲ့လျှင်ပင် ယင်ဟွိုက်ယွီက သူ့ကို လိုက်ရှာနေမည်မှာ သေချာသည်။

ထိုအဖိုးကြီး၏ အနှောင့်အယှက်ကို ခံရမည့်အစား သူကိုယ်တိုင် အစပျိုးလိုက်ခြင်းက ပိုကောင်းသည်။

"အကြီးအကဲ၊ နောက်ဆုံးတော့ ရောက်လာပြီပဲ"

ယင်ဟွိုပ်ယွီက လက်ဝါးချင်းပွတ်ကာ ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။

"အင်း"

လင်ချွမ်သည် လက်ကို နောက်ပစ်လျက် ဂူကျောင်းထဲသို့ ဝင်လာစဉ် အပြင်သို့ ထွက်ရန် ပြင်နေသော ယင်ဟွိုက်ယွီနှင့် တိုးမိခြင်းပင်။

ထိုအဖိုးကြီး သူ့ကို လိုက်ရှာဖို့ ကြံနေသည်မှာ အမှန်ဖြစ်နေခြင်း။

"အကြောင်းစုံကို ငါသိပြီးသားပါ"

ယင်ဟွိုက်ယွီ စကားမစရသေးခင် လင်ချွမ်က အရင် ရှင်းပြလိုက်သည်။

ယင်ဟွိုက်ယွီမှာ အလွန်ဝမ်းသာသွားပြီး

"အကြီးအကဲ က တကယ်ကို အမြော်အမြင် ကြီးမားပါတယ်"

"ကျွန်တော့်ရဲ့ မိုက်မဲတဲ့ တပည့်က ဒီမိစ္ဆာနှိမ်နင်းရေး ပွဲကို သွားရမှာပါ"

"သူက အကြီးအကဲ မျက်နှာကို အိုးမည်းသုတ်မိမှာ စိုးရိမ်လို့ အကြီးအကဲ ဆီက အကြံဉာဏ် တောင်းရခြင်း ဖြစ်ပါတယ်"

ဟု ဆိုကာ ခေါင်းငုံ့၍ သက်ပြင်းချဟန်ဆောင်နေသော်လည်း လင်ချွမ်​၏တုံ့ပြန်မှုကို ခိုးကြည့်နေ၏။

လင်ချွမ်​၏ မျက်နှာကို အိုးမည်းသုတ်မည်ဟု ပြောသော်လည်း အမှန်မှာ ဝူတန်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဆိုလိုခြင်းပင်။

လင်ချွမ်က ယင်ဟွိုက်ယွီ၏ အတွေးကို သိသော်လည်း ထုတ်မပြောပေ။

ဝူတန်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထားဦး၊ ချန်အာကော​၏ ဘေးကင်းရေးကို သူ စဉ်းစားရ ပေမည်။

ချန်အာကောသည် သူ၏ ကိုယ်ပွားဖြစ်သည်။ အကယ်၍ ထိုကောင်လေးသာ သရုပ်မှန်ပေါ်သွားလျှင် သိုင်းလောကတစ်ခုလုံးက အကြောင်းစုံကို လိုက်စုံစမ်းကြ ပေတော့မည်။

ထိုအခါ ဝူတန်တောင်တွင် တန်ခိုးရှင်တစ်ဦး ရှိနေကြောင်း လူတိုင်း သိသွားပေလိမ့်မည်။

လင်ချွမ်သည် စိန်ခေါ်မှုများကို မကြောက်သော်လည်း စိတ်ရှုပ်စရာ ကိစ္စများကိုတော့ မလိုလားပေ။

"ကောင်းပြီ"

"ချန်အာကောနဲ့အတူ ရှောင်လင်ကို ငါလိုက်သွားမယ်"

"ငါတို့ ချန်ခဲ့တဲ့ ပြဿနာတွေကိုလည်း ရှင်းပစ်ရမှာပေါ့"

သူသည် ရှောင်လင်ကျောင်းတော်သို့ သွားရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။

တစ်ဆက်တည်းမှာပင် နတ်ဆိုးဂိုဏ်းသားအဖြစ် ဟန်ဆောင်ထားသူများကိုလည်း ရှင်းပစ်ရမည်။

ထို့ကြောင့် လင်ယန်ရွှယ်သည်လည်း အတူလိုက်ရမည်ဖြစ်သည်။

သူမကို ဝူတန်တောင်မှာ ထားခဲ့လျှင် ဘယ်သူမှ ထိန်းနိုင်မည်မဟုတ်သဖြင့် သူနှင့်အတူ ခေါ်သွားခြင်းကသာ အစိတ်ချရဆုံး ဖြစ်သည်။

"ဟား ဟား"

ရုတ်တရက် ကျည်ဆန်သံကဲ့သို့ ရယ်သံလေး ထွက်ပေါ်လာသည်။

လင်ယန်ရွှယ်သည် ခုန်ဆွခုန်ဆွနှင့် ရောက်လာပြီး လင်ချွမ်​၏ လက်မောင်းကို ဆွဲကာ -

"ကျွန်မ တစ်ခါမှ ရှောင်လင်ကျောင်းတော်ကို မရောက်ဖူးသေးဘူး။ ဟိုကတုံး ဘုန်းကြီးတွေ ဘယ်လိုနေသလဲဆိုတာ သွားကြည့်ဖို့ အတော်ပဲ"

ဟု ပြောလိုက်သည်။ သူမသည် အလွန်ပင် စိတ်လှုပ်ရှားနေပုံရခြင်းပင်။

"ဒါကတော့..."

ယင်ဟွိုက်ယွီသည် ချစ်နေသော မိန်းကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည့် လင်ယန်ရွှယ်ကို ကြည့်ကာ ကြောင်အသွားသည်။

လင်ချွမ်နှင့် လင်ယန်ရွှယ်တို့ ရှန်းယန်မြို့သို့ အတူသွားခဲ့သည်ကို သူ မသိပေ။

လင်ယန်ရွှယ်၏ အဆင့်အတန်းအရ လင်ချွမ်နှင့် ပတ်သက်နေသည်မှာ မသင့်တော်ဟု သူ ယူဆသည်။

"အကြီးအကဲ ဒီမိစ္ဆာမက နတ်ဆိုးဂိုဏ်းက ဖြစ်နေတာမို့ အကြီးအကဲအနေနဲ့ ပြန်စဉ်းစားစေချင်ပါတယ်"

ယင်ဟွိုက်ယွီက စိုးရိမ်တကြီး ပြောလိုက်သည်။

လင်ချွမ် စကားမပြောရသေးခင် လင်ယန်ရွှယ်က ရှေ့ထွက်လာပြီး -

"ဒီအဖိုးကြီးကလည်း သူများကိစ္စကို ဘာလို့ လိုက်နှောင့်ယှက်နေတာလဲ။"

"ရှင် သိလား... ကျွန်မ စိတ်တိုရင် ဒီဂူကျောင်းကို ဖြိုချပစ်မှာနော်"

ဟု မကျေမနပ် ပြောလိုက်သည်။

ယင်ဟွိုက်ယွီကတော့ လင်ယန်ရွှယ်ကို ဂရုမစိုက်ဘဲ လင်ချွမ်​၏ အဖြေကိုသာ စောင့်နေသည်။

အမှန်စင်စစ် လင်ချွမ်သည် လင်ယန်ရွှယ်၏ စိတ်ကို မသိသည်မဟုတ်ပေ။

သူသည် လွန်ခဲ့သော ၁၀ နှစ်လုံး အမျိုးသမီးများနှင့် မထိတွေ့ခဲ့သော်လည်း အရင်ဘဝက အတွေ့အကြုံအရ သိနားလည်သည်။

သို့သော် လင်ယန်ရွှယ်ကဲ့သို့ အလှနတ်သမီးမျိုးကိုပင် သူ ချစ်စိတ် မရှိပေ။

အဓိကအချက်မှာ သူမ၏ အဆင့်အတန်းပင်။

ယ်ဟွမ်းဂိုဏ်းချုပ် နှင့် သူတော်စင်ဂိုဏ်းဝင်တစ်ဦး ချစ်ကြိုက်ခြင်းမှာ သိုင်းလောက၏ အကြီးမားဆုံး တားမြစ်ချက် ဖြစ်သည်။

လင်ချွမ်သည် အေးအေးဆေးဆေး ကျင့်ကြံလိုသူဖြစ်ရာ ပြဿနာများကို မလိုလားပေ။

"စိတ်မပူပါနဲ့။ ငါ့မှာ သူမအပေါ် ဘယ်လိုခံစားချက်မှ မရှိဘူး"

"သူမကို ဒီမှာထားတာက ဟန်ဆောင်ကစားဖို့ပဲ"

"အလုပ်ပြီးရင် သူမကို ငါ့နားမှာ ထားတော့မှာမဟုတ်ဘူး"

လင်ချွမ်က အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် လင်ယန်ရွှယ် မှင်တက်သွားသည်။ သူမသာ လူပြက်ဖြစ်နေရသည် မဟုတ်ပါလား။

"ရှင်... ရှင်က တကယ်ကို နှလုံးသားမရှိတဲ့ လူယုတ်မာပဲ"

လင်ယန်ရွှယ်၏ လှပသော မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။

ဂုဏ်သိက္ခာကြီးမားလှသော ဟယ်ဟွမ်းဂိုဏ်းချုပ်က အမျိုးသားတစ်ဦးက ဤမျှ ဝမ်းနည်းပြလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

"ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ"

ယင်ဟွိုက်ယွီက လင်ယန်ရွှယ်ကို လျစ်လျူရှုကာ လင်ချွမ်ကို ကြည့်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဝှီး!"

လေထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ယင်ဟွိုက်ယွီက ချက်ချင်းပင် လှမ်းဖမ်းလိုက်ရာ

ကျောက်ခဲတစ်လုံးကို လက်ထဲတွင် မိလိုက်သည်။

သူတို့ သုံးယောက်လုံး ထိုဘက်သို့ ကြည့်လိုက်ရာ လင်ချွမ်နှင့် ယင်ဟွာယွီကို ဒေါသတကြီး စိုက်ကြည့်နေသော စုမေ့အာ တွေ့လိုက်ရခြင်းပင်။

"ရှင်တို့ လူယုတ်မာနှစ်ယောက်၊ကျွန်မရဲ့ ဆရာကို ဘယ်လိုတောင် အနိုင်ကျင့်ရဲတာလဲ"

စုမေ့အာက အံကြိတ်ပြောရင်း လင်ယန်ရွှယ်၏ ဘေးသို့ ရောက်လာသည်။

"သခင်မ ၊ ကျွန်မ တပည့်မပီသလို့ အခုလို အနှိမ်ခံနေရတာပါ"

"ဒီလူယုတ်မာနှစ်ယောက်က ကျွန်မကို ခြိမ်းခြောက်ပြီး သခင်မကို အကျပ်ကိုင်နေတာ"

“ကျွန်မ အခုပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ပေးပါ့မယ်"

ပြောပြီးနောက် သူမသည် ဓားတစ်လက်ကို ဆွဲထုတ်ကာ လည်ပင်းကို လှီးရန် ပြင်လိုက်သည်။

"ရပ်စမ်း"

လင်ယန်ရွှယ်က အေးစက်စွာ အော်လိုက်ပြီး ဓားကို ပုတ်ထုတ်လိုက်သည်။

"ဒါက ငါ့ကိစ္စ၊ မင်းနဲ့ ဘာဆိုင်လို့လဲ"

ဆရာဖြစ်သူက စုမေ့အာကို ငေါက်လိုက်ပြီးနောက် ယင်ဟွိုက်ယွီဘက်သို့ လှည့်ကာ -

"ဒီမှာ မြေခွေးအိုကြီး၊ ရှင့်ကို သတိပေးလိုက်မယ်။ ငါ လင်ချွမ်ကို သဘောကျတာ ငါ့ကိစ္စပဲ၊ ရှင့်နဲ့ ဘာမှမဆိုင်ဘူး၊ ကြားလား"

ပြောပြီးနောက် သူမသည် လင်ချွမ်ဘက်သို့ လှည့်လိုက်ရာ မျက်နှာမှာ ချက်ချင်းပင် နူးညံ့သွားတော့သည်။

"ငါ အရှုံးမပေးဘူး!"

ထို့နောက် သူမသည် ရှက်သွေးဖြာကာ မျက်နှာကို လက်နှင့်အုပ်ပြီး လေပြေတစ်ခုကဲ့သို့ ထွက်ပြေးသွားတော့သည်။

ကျန်ရစ်သူ သုံးယောက်မှာတော့ ကြောင်တောင်တောင်နှင့် ကျန်ခဲ့ရသည်။

"ဟူး... တကယ်ကို ဝဋ်နာကံနာပါပဲ"

ယင်ဟွိုက်ယွီက သက်ပြင်းချလိုက်သည်။

စုမေ့အာက ယင်ဟွိုက်ယွီကို တစ်ချက် စိုက်ကြည့်ကာ သူမဆရာနောက်သို့ လိုက်သွားတော့သည်။

လင်ချွမ်ကတော့ ဘာမှမဖြစ်သလို တည်ငြိမ်နေဆဲပင်။

"ငါတို့ မနက်ဖြန် ထွက်ကြမယ်"

"ချန်အာကောကို ဂိုဏ်းချုပ်ဆီ သွားပြောခိုင်းလိုက်၊ ငါ့ကို သူ့ရဲ့ အစေခံ အဖြစ် ခေါ်သွားဖို့ပေါ့"

"ပြီးတော့ လင်ယန်ရွှယ်ကိုလည်း သတိပေးလိုက်ဦး၊ ချိန်းထားတဲ့အချိန်ထက် နောက်မကျစေနဲ့"

လင်ချွမ်က မှာကြားပြီးနောက် မြေပြင်ကို ခြေဖျားနှင့် အသာအယာ နင်းကာ လေထဲသို့ ပျံတက်ပြီး ပျောက်ကွယ်သွားတော့သည်။

ယင်ဟွိုက်ယွီသည် ပျောက်ကွယ်သွားသော ထိုပုံရိပ်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးကိုသာ ချနေမိပါတော့သည်။

All Chapters