မိစ္ဆာနှိမ်နင်းခြင်း
Vol. 6 Ch. 59
လင်ချွမ်းသည် နဂါးလက်သည်းသိုင်းကို တစ်ခါမှ မသင်ဖူးသလို ပုံရိပ်ရွှေ့ပြောင်းခြင်းပညာနှင့်လည်း မရင်းနှီးခဲ့ပေ။
နဝမမြောက် ယန်နတ်ဘုရားစွမ်းအင်ကို အခြေခံ၍ တစ်ချက်ကြည့်ရုံဖြင့် တတ်မြောက်သွားခြင်းဖြစ်ခြင်းပင်။
ထိုနတ်ဘုရားစွမ်းအင်သည် သိုင်းပညာ၏ အနှစ်သာရအားလုံးကို ပေါင်းစပ်ထားသဖြင့် ၎င်းကို ကျွမ်းကျင်ပါက ကမ္ဘာပေါ်ရှိ မည်သည့်သိုင်းပညာကိုမဆို အသုံးပြုနိုင်သည်။
ယခင်က ကျန်းဝူကျိသည်လည်း ဤစွမ်းအင်ကြောင့်ပင် ကွမ်မင် တောင်ထိပ်တွင် နာမည် ကျော်ကြားခဲ့ခြင်း ဖြစ်သည်။
လင်ချွမ်၏ စမ်းသပ်ထုတ်ဖော်လိုက်မှုကပင် လူတိုင်းကို အံ့အားသင့်စေရန် လုံလောက်ခဲ့သည်။
သို့သော် ပြိုင်ဘက်၏ နည်းလမ်းဖြင့် ပြိုင်ဘက်ကို ပြန်လည်တိုက်ခိုက်ခြင်းမှာ အထင်ကြီးစရာ ကောင်းသော်လည်း ခြောက်လှန့်နိုင်မှုမှာ ကြာရှည်မည်မဟုတ်ပေ။
လမ်းမှန်ဂိုဏ်းများ၏ အမြင်တွင် သူနှင့် လင်ယန်ရွှယ်မှာ လူဆိုးများသာ ဖြစ်နေခြင်းပင်။
လက်ရှိတွင် သူတို့သည် ရှန်းယန်မြို့ထဲ၌ ရှိနေဆဲဖြစ်ရာ အချိန်မရွေး ပိတ်မိသွားနိုင်သည်။
ပထမအဆင့်တွေ အနေဖြင့် သူ အလွယ်တကူ ပျံထွက်သွားနိုင်သော်လည်း၊ ဤသို့လုပ်လိုက်ပါက သူကိုယ်တိုင် စုန့်ရှန်းတောင်ရှိ ရှောင်လင် ကျောင်းတော်သို့ မျှားခေါ်သွားခဲ့သော သိုင်းသမားများမှာ ဝူတန်ဘက်သို့ ချက်ချင်း ပြန်လှည့်လာကြပေလိမ့်မည်။
ထို့အပြင် ရှန်းယန်မြို့မှာ ဝူတန်တောင်နှင့် အလွန်နီးသဖြင့် သူ၏ မူလ ပုံစံပေါ်သွားနိုင်သည်။
"အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ"
လင်ချွမ်သည် လင်ယန်ရွှယ်ကို တစ်ချက်ကြည့်ကာ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထွက်ခွာခဲ့သည်။
"ရပ်စမ်"
ခေါင်းဆောင်လျောင်က နာကျင်မှုကို အံကြိတ်ကာ သူ၏လူများကို ခေါ်၍ နောက်မှ လိုက်လာသည်။
တာအိုဆရာ မူလုံသည်လည်း ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် လင်ချွမ်တို့နောက်သို့ လိုက်ပါသွားတော့သည်။
"ငါသာဆိုရင် အဲဒီလျောင်ဆိုတဲ့ လူက အခုနကတည်းက သေနေပြီ"
လင်ယန်ရွှယ်က မကျေမနပ် ရေရွတ်လိုက်သည်။
လင်ချွမ်က မျက်လုံးလှန်ပြကာ အေးစက်စွာ ပြောလိုက်သည်မှာ -
"ငါက မင်းနဲ့မတူဘူး၊ သူတော်စင်ဂိုဏ်းက တပည့်ပဲ"
"မင်း တိုက်ချင်တယ်ဆိုရင်လည်း ငါမတားဘူး"
"ဒါပေမဲ့ ငါ့ကို ပြဿနာထဲ ဆွဲမထည့်သရွေ့ ငါတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့"
သူသည် အခြားသူများ၏ အသက်ကို ဂရုမစိုက်သော်လည်း လင်ယန်ရွှယ်နှင့်အတူ ရှိနေခြင်းက အတင်းအဖျင်းများ ထွက်ပေါ်စေသည်။
ယနေ့ လူသတ်ခဲ့သူမှာ လင်ယန်ရွှယ် ဖြစ်သော်လည်း သူပါ ရောပြီး အမဲလိုက်ခံနေရသည် မဟုတ်ပါလား။
"အဲဒါတော့ မဖြစ်ဘူးလေ၊ ငါ အလယ်ပိုင်းဒေသကို ခက်ခက်ခဲခဲ ပြန်လာရတာ"
"ဝူတန်တောင်မှာ အနည်းဆုံး တစ်နှစ်လောက်တော့ နေဦးမှာပေါ့"
သူမက တဟဲဟဲ ရယ်လိုက်သည်။
လင်ချွမ်ကတော့ မိန်းမတွေဟာ တကယ့်ကို စိတ်ရှုပ်စရာကောင်းသည်ဟု တွေးမိသော်လည်း ထုတ်မပြောတော့ပေ။
သူသည် ရှန်းယန်မြို့မှ အမြန်ထွက်ခွာကာ ဝူတန်တောင်သို့ ခပ်မြန်မြန် ပြန်လာခဲ့သည်။
မိုင်တစ်ရာခန့်အကွာတွင် ခေါင်းဆောင်လျောင်နှင့် တာအိုဆရာ မူလုံတို့သည် မြေပြင်ပေါ်တွင် ထိုင်လျက် အသက်ကို ပြင်းပြင်းရှူနေကြ၏။
သူတို့၏ တပည့်များမှာလည်း ချွေးရွှဲနေကြပြီ။
သူတို့သည် ရှန်းယန်မြို့ပြင်အထိ အပူတပြင်း လိုက်ခဲ့ကြသော်လည်း မျက်ခြေပြတ်သွားခြင်းပင်။
"ဝူတန်တောင်ခြေမှာ နတ်ဆိုးဂိုဏ်းသားအတွဲ ပေါ်ခဲ့တယ်လို့ ငါကြားဖူးတယ်"
"သူတို့ပဲ ဖြစ်ရမယ်"
ခေါင်းဆောင်လျောင်က ရုတ်တရက် သတိရသွားသည်။
ထိုစဉ် ဂိုဏ်းနှစ်ခုလုံးမှ တပည့်များမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် သူ့ကို ကြည့်နေကြသည်။
"ဂလု"
တာအိုဆရာ မူလုံသည် တံတွေးကို ခက်ခဲစွာ မျိုချရင်း တုန်ရီသောအသံဖြင့် ပြောလိုက်သည်မှာ -
"ခေါင်းဆောင်လျောင်က သတိကြီးသူမို့ ငါတို့ဂိုဏ်းက လက်တွဲခဲ့တာ။ အခုတော့ ကောလာဟလတွေက မမှန်ဘူးထင်တယ်"
"ငါ ချင်းချန်ဂိုဏ်းကို ပြန်ပြီး အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဒီလက်တွဲမှုကို ပြန်စဉ်းစားရမယ်"
ပြောပြီးနောက် သူသည် ချက်ချင်း ထွက်ခွာသွားတော့သည်။
"ဒါက..."
ခေါင်းဆောင်လျောင်သည် သူ့ကို တားချင်သော်လည်း လင်ချွမ်တို့မှာ ရက်စက်သော လူသတ်သမားများ ဖြစ်နိုင်သည်ဟူသော အတွေးက သူ့ကို ကြောက်လန့်စေသည်။
သူ၏ ကိုယ်ရည် သွေးချင်မှုကြောင့် တာအိုဆရာ မူလုံပါ ပြဿနာတက်လုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
"ဟား၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ"
ခေါင်းဆောင်လျောင်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးရင်း သူ၏ တပည့်များကို မှာကြားလိုက်သည်မှာ -
"ဒီနေ့ဖြစ်ခဲ့တာတွေကို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကြ၊ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့၊ ကြားလား"
ဝူတန်တောင်တွင်။
လင်ချွမ် ပြန်ရောက်သောအခါ မိုးချုပ်နေပြီဖြစ်သည်။
လင်ယန်ရွှယ်ကတော့ သူမ၏တပည့် စုမေ့အာတို့ ဒုက္ခရောက်မှာ စိုးရိမ်လို့ဟူသော အကြောင်းပြချက်ဖြင့် ရှောင်းယောက် တောင်ထိပ်သို့ သွားနှင့်ပြီဖြစ်သည်။
လင်ချွမ်ကတော့ သူမကို ငြင်းခုံဖို့ ပျင်းနေပြီဖြစ်ရာ ဝူတန်တောင်မှာ ပြဿနာမရှာသရွေ့ သူမစိတ်ကြိုက် နေခွင့်ပေးထားလိုက်သည်။
လင်ချွမ်သည် ရေကျွဲကြီးကို တောင်ပေါ်သို့ ပြန်ခေါ်လာချိန်တွင် ဝူတန်ဂိုဏ်းချုပ်နှင့် တပည့်များမှာ ထိုက်ဟယ်နန်းတော်ရှေ့တွင် စုဝေးနေကြသည်။
"ဝူတန်တောင်ကို ဝိုင်းထားတဲ့ သိုင်းသမားတွေ ဆုတ်ခွာသွားကြပြီ"
"နောက်ဆုံးသတင်းအရ နတ်ဆိုးဂိုဏ်းသားတွေဟာ ရှောင်လင်ကျောင်းတော်ဘက်ကို သွားကြပြီတဲ့"
"အဲဒီအတွဲဟာ လေထဲမှာ ပျံသန်းနိုင်တာကို သိုင်းသမားအများအပြား တွေ့ခဲ့ကြတယ်၊ သူတို့ဟာ ပထမအဆင့် တွေဆိုတာ သေချာတယ်"
"ရှောင်လင်ရဲ့ ဘေးကင်းရေးအတွက် ဂိုဏ်းပေါင်းစုံက စုန့်ရှန်းတောင်မှာ မိစ္ဆာနှိမ်နင်းရေး ညီလာခံ ကျင်းပဖို့ လူလွှတ်နေကြပြီ"
"ဝူတန်ဂိုဏ်းအနေနဲ့ ပါဝင်သင့်၊ မပါဝင်သင့်ကို ဂိုဏ်းချုပ်ကြီး မိန့်ကြားပေးပါ"
လင်ရှောင်က လက်အုပ်ချီ၍ ဂိုဏ်းချုပ်ကို မေးလိုက်ခြင်းပင်။
ဝူတန်တပည့်များမှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။
မိစ္ဆာကိုနှိမ်နင်းပြီး တရားသောလမ်းကို စောင့်ရှောက်ခြင်းမှာ သူတို့၏ တာဝန်ဖြစ်သည် မဟုတ်ပါလား။
သို့သော် ဝါရင့်သူများကတော့ ပို၍ စဉ်းစားစရာရှိသည်။
"ပထမအဆင့် နှစ်ယောက်တဲ့လား။ အဲဒီလောက် အစွမ်းကို ငါတို့ ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်"
"မိစ္ဆာနှိမ်နင်းရေး ညီလာခံကို ရှောင်လင်က ဦးဆောင်ပေမဲ့ တကယ် ပါဝင်ကြမှာက ဂိုဏ်းအသီးသီးက လူငယ်တပည့်တွေပဲ"
"အဆင့်မတူတဲ့ သိုင်းသမားတွေက ပထမအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို တကယ်ပဲ ခုခံနိုင်ပါ့မလား"
ဂိုဏ်းချုပ်၏ မျက်နှာမှာ တည်ကြည်နေပြီး သူ၏ တပည့်များ အသေခံရမှာကို စိုးရိမ်နေမိသည်။
"ဟူး"
လင်ရှောင်နှင့် အကြီးအကဲများ သက်ပြင်းချလိုက်ကြသည်။
သူတို့သည်လည်း သိုင်းလောက၏ အတွေ့အကြုံရှိသူများ ဖြစ်ကြရာ အန္တရာယ်ကို ကောင်းကောင်းသိသည်။
သို့သော် နတ်ဆိုးဂိုဏ်း၏ အုတ်အော်သောင်းနင်း ဖြစ်မှုက ကြီးမားလွန်းလှသည်။
ရှောင်လင်ကျောင်းတော်ပင် ညီလာခံ ကျင်းပရသည်အထိ ဖြစ်နေရာ ဝူတန်ဂိုဏ်းအနေဖြင့် မည်သို့ ငြိမ်နေ၍ ရပါမည်နည်း။
"ဂိုဏ်းချုပ်ကြီး၊ ကျွန်တော့်အမြင်အရတော့ တစ်ယောက်ယောက်ကို လွှတ်ရပါလိမ့်မယ်"
"ဒါပေမဲ့ လူအများကြီး လွှတ်ဖို့ မလိုပါဘူး၊ တကယ် အစွမ်းထက်သူတစ်ယောက်ဆို ရပါပြီ"
"ဒါကြောင့် တပည့်ဖြစ်သူ ချန်အာကောကို အကြံပြုချင်ပါတယ်"
"သူရှိရင် ဝူတန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ လုံလောက်ပါတယ်"
လင်ရှောင်က တစ်ခါတည်း အဆက်မပြတ် ပြောချလိုက်သည်။ ကြိုတင်စီစဉ်ထားသလိုပင်။
"ငါလည်း အဲဒီအတိုင်း တွေးနေတာ"
ဂိုဏ်းချုပ်က ပြုံးလျက်
"အကြီးအကဲတို့... ငါနဲ့အတူ ရှောင်းယောက် တောင်ထိပ်ကို လိုက်ခဲ့ကြ"
"အကြီးအကဲယင်ကို သွားပြောရမယ်"
"အကြီးအကဲယင်လည်း ဝူတန်ရဲ့ အခက်အခဲကို နားလည်မှာမို့ သဘောတူမှာပါ"
ဟု ပြောလိုက်ခြင်းပင်။
တောင်တံခါးဝတွင် လင်ချွမ်သည် စိုးရိမ်သော မျက်နှာဖြင့် ရေကျွဲကြီးကို နွားတင်းကုပ်သို့ ခေါ်လာနေသည်။
နွားကျောင်းသားလေးတစ်ဦးအဖြစ် သူ့ကို မည်သူမျှ သတိမထားမိကြပေ။
သူ ဘာကြောင့် စိုးရိမ်နေရသလဲဆိုသည်ကိုလည်း မည်သူမျှ သိမည်မဟုတ်။
"သိုင်းသမားတွေကို ရှောင်လင်ဘက် မျှားခေါ်သွားရင် အေးဆေးသွားမယ် ထင်နေတာ"
"ရှောင်လင်က ဒီလို ညီလာခံကြီး လုပ်လိမ့်မယ်လို့ မထင်ထားဘူး"
"ငါ အားစိုက်ထုတ်တာ များသွားပြီလား"
လင်ချွမ် ခေါင်းခဲနေတော့သည်။ သူနှင့် လင်ယန်ရွှယ် ပထမအဆင့်တွေ ဖြစ်ကြောင်းကို သိုင်းလောကသားတွေ မသိအောင် နေခဲ့သင့်သည်။
အခုတော့ ချန်အာကောက ရှောင်လင်ကို သွားရ ပေတော့မည်။
သူ သရုပ်မှန်ပေါ်မသွားစေရန် လင်ချွမ်အနေဖြင့် ခဏလောက် ပျောက်ကွယ်နေပေးရတော့မည်။
"ရှောင်လင်ကျောင်းတော်လား"
"ဘယ်နေရာမှာများ ငါ စနစ် ဝင်လို့ ရဦးမလဲဆိုတာ သိချင်မိသား"