မိန်းကလေးနှင့် ဓားနတ်ဘုရား
Vol. 7 Ch. 61
ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့၏။
ဝူတန်ဂိုဏ်းအဖွဲ့သည် ရှောင်ရှီတောင် သို့ ရောက်လာကြသည်။
လင်ရှောင်သည် ချန်အာကော နှင့် လင်ချွမ် တို့ကို ဦးဆောင်ကာ တောင်တံခါးဝသို့ ရောက်လာသည်။
နေရာအနှံ့တွင် ဂိုဏ်းပေါင်းစုံမှ တပည့်များစွာ သွားလာနေကြသည်မှာ အလွန်စည်ကားလှခြင်းပင်။
ရှောင်လင်ကျောင်းတော်သည် ရှည်လျားသော သမိုင်းကြောင်းရှိသည့်အပြင် "လောကီသိုင်းပညာအားလုံး ရှောင်လင်က စတင်သည်" ဟူသော နာမည်ကျော်ကြားမှုလည်း ရှိသည်။
သို့သော် ရှောင်လင်ကျောင်းတော် ဤမျှကြာရှည်စွာ တည်တံ့နေရသည့် အစစ်အမှန်အကြောင်းရင်းမှာ ကျင့်ကြံသူများစွာ ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ က သူတော်စင်တို့နှင့် နတ်ဆိုးတို့၏ တိုက်ပွဲကြီးပြီးနောက်တွင်ပင် ရှောင်လင်၌ ကျင့်ကြံသူများစွာ ကျန်ရှိနေသေးသည်။
ယနေ့ခေတ် ဝူတန်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ရှောင်လင်ကျောင်းတော်သည် အလယ်ပိုင်းဒေသ၏ နံပါတ်တစ် ဂိုဏ်းဟု ခေါ်ဆိုရန် ထိုက်တန်လှပေသည်။
ရှောင်လင်၏ လူငယ်မျိုးဆက်များတွင်လည်း ထူးချွန်သူများစွာ ရှိသည်။
အထူးချွန်ဆုံးဖြစ်သည့် ရူယိ အပြင်၊ အသက် ၂၀ အောက် ပဉ္စမအဆင့် သိုင်းသမား ၇၀ ကျော် ရှိသည်။
ထိုတပည့်များသည် ဂိုဏ်းငယ်လေးများတွင်ဆိုလျှင် အစွမ်းကုန် ပြုစုပျိုးထောင်ရမည့် ပါရမီရှင်များ ဖြစ်ကြသော်လည်း၊ ရှောင်လင်တွင်မူ ပါရမီထူးလွန်းသည့် ရူယိ၏ အရိပ်အောက်တွင် ရောက်နေကြ၏။
ထို့ကြောင့် ရူယိသည် ချန်အာကော၏ ရှုံးနိမ့်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်းရောက်လာသောအခါ၊ ရှောင်လင်တပည့်များစွာက ရူယိအတွက် မကျေမနပ် ဖြစ်ခဲ့ကြခြင်းပင်။
မိစ္ဆာနှိမ်နင်းရေး ညီလာခံ မစတင်မီကတည်းက ရှောင်လင်တပည့်များသည် ချန်အာကောကို ပညာပေးရန် ကြုံးဝါးနေကြသည်။
"ကြည့်စမ်း၊ ဝူတန်ဂိုဏ်းသားတွေ ရောက်လာပြီ”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ထိုခဏ၌ အကြည့်ပေါင်းများစွာသည် တောင်တံခါးဝသို့ ရောက်လာကြသည်။
ချန်အာကောသည် ဤမျှ စူးရှသောအကြည့်များကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ရာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
သူ၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွားခြင်းပင်။
"အာကော... စိတ်မလှုပ်ရှားနဲ့”
လင်ရှောင်က ပြုံးလျက် အားပေးလိုက်သည်။
လင်ရှောင်က ချန်အာကောကို ဝူတန်၏ ဂုဏ်ဆောင် ပါရမီရှင်တစ်ဦးဟု ထင်မှတ်နေဆဲပင်။
လူအများကြီး မြင်ရ၍ ရှက်နေခြင်းသာ ဖြစ်ပြီး တကယ်တိုက်လျှင် အားလုံးကို နှိမ်နင်းနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သို့သော် ချန်အာကောသည် ဆဋ္ဌမအဆင့် သိုင်းသမားလေးသာ ဖြစ်ပြီး တကယ့် ပညာရှင်အစစ်မှာ လင်ချွမ် ဖြစ်နေသည်ကို သူ မသိပေ။
ချန်အာကောက လင်ချွမ်ကို သူ၏ အစေခံအဖြစ် အတူခေါ်လာရန် အတင်းအကျပ် အကြံပြုခဲ့သည်။
လင်ချွမ်နှင့် သူက ရင်းနှီးသည့်အပြင် သူ့ကို ပြုစုစောင့်ရှောက်ရန်ဟူသော အကြောင်းပြချက်ကြောင့် ဂိုဏ်းချုပ်နှင့် အကြီးအကဲများကလည်း ခွင့်ပြုခဲ့ခြင်းပင်။
လင်ယန်ရွှယ် ကတော့ ပထမအဆင့် ဖြစ်သဖြင့် လင်ရှောင်တို့ မသိအောင် သူတို့နောက်မှ လိုက်ပါလာရန် နည်းလမ်းများစွာ ရှိပြီးသား ဖြစ်သည်။
"သတိထား၊ တစ်ယောက်ယောက်က မင်းကို ပြဿနာ လာရှာတော့မယ်”
လင်ချွမ် ချန်အာကောကို စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။
"ဗျာ”
ချန်အာကော ချက်ချင်းပင် ကိုယ်ကို တင်းထားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထိုစဉ် ဆယ်ကျော်သက်အရွယ် တာအို ကိုရင်ငယ် အချို့သည် တောင်တံခါးဝသို့ လျှောက်လာကြသည်။
ထိုလူငယ်များ၏ မျက်နှာတွင် အေးစက်သော အရိပ်အယောင်များ ရှိနေသဖြင့် မရိုးသားသော ရည်ရွယ်ချက်ဖြင့် လာခြင်းမှာ ထင်ရှားလှသည်။
"အောမိသောဖော”
“ဝူတန်ရဲ့ ချင်းဝေနန်းဆောင်က အကြီးအကဲ လင်ရှောင် ဖြစ်ရမယ်”
ဦးဆောင်လာသူက လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ဟုတ်ပါတယ်”
လင်ရှောင်က ပြန်ပြုံးပြကာ
"မင်းအကြောင်း ငါကြားဖူးတယ်၊ မင်းက ဝိနည်းဆောင်က ဆရာတော်ကြီး ကျန့်ယွမ် ရဲ့ တပည့်ရင်း ရူလင် မဟုတ်လား"
ဟု မေးလိုက်သည်။
ရူလင်က ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ချန်အာကောဘက်သို့ ချက်ချင်း အာရုံပြောင်းလိုက်သည်။
"ဟား၊ အကြီးအကဲ လင်ရှောင် မိတ်ဆက်ပေးနေဖို့ မလိုပါဘူး”
“ရူယိလေးကို အနိုင်ယူပြီး သိုင်းလောကမှာ နာမည်ကြီးနေတဲ့ ချန်အာကော ဆိုတာ သူပဲ ဖြစ်ရမယ်”
သူ၏ နောက်မှ ကိုရင်ငယ်များကလည်း ချန်အာကောကို ဝံပုလွေအုပ်က သိုးငယ်ကို ကြည့်သကဲ့သို့ ဝိုင်းကြည့်နေကြခြင်းပင်။
"အဟမ်း"
ချန်အာကော၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူသံများပင် မြန်လာသည်။
လင်ချွမ်က သူ၏ အတွင်းအားကို သုံး၍ ချန်အာကောကို အနောက်မှ မထိန်းထားပေးပါက သူ မေ့လဲသွားနိုင်သည့် အခြေအနေမှာပင်။
"ဟွန့်”
ရူလင်က ချန်အာကော၏ ပုံစံကို ကြည့်ကာ နှာခေါင်းရှုံ့ပြီး မကျေမနပ်ဖြစ်သော်လည်း ဧည့်သည်ဖြစ်သဖြင့် ထုတ်ဖော် မပြောဆိုတော့ပေ။
သူတို့အတွက် သတ်မှတ်ထားသော အခန်းများကို လမ်းညွှန်ပြသပြီးနောက် ထွက်ခွာသွားကြသည်။
"ဟူး”
လင်ရှောင်သည် ချန်အာကောကို ကြည့်ကာ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
ခဏမျှ ရင်ဆိုင်ရုံဖြင့် သူ၏ ပါရမီရှင်က ပြိုင်ဘက်ကို မယှဉ်နိုင်ကြောင်း ပေါ်လွင်သွားသဖြင့် အရှက်ရမိသည်။
"ခွင့်ပြုပါဦး၊ လမ်းလေး နည်းနည်း ဖယ်ပေးမလား”
ရုတ်တရက် လင်ချွမ်၏ အနောက်မှ ကြည်လင်ပြတ်သားသော မိန်းကလေး အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံမှာ ဆွဲဆောင်မှုရှိသော မှော်ပညာ တစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးပင် လှည့်ကြည့်မိကြသည်။
"မိန်းကလေးလား”
ချန်အာကော မဆင်မခြင် လွှတ်ခနဲ ပြောလိုက်မိသည်။
စကားပြောလိုက်သူမှာ လူမျိုးခြား ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောတွင် ထူးဆန်းသော ဓားတစ်လက်ကို လွယ်ထားသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။
သူမသည် အသက် ၁၆-၁၇ ခန့်သာ ရှိဦးမည် ဖြစ်သော်လည်း ရှားပါးလှသော အလှနတ်သမီးလေးတစ်ဦး ဖြစ်သည်။
သို့သော် အခြားသူများက မိန်းကလေးကို ကြည့်နေစဉ် လင်ချွမ်ကတော့ သူမဘေးမှ အဖိုးအိုကိုသာ အာရုံစိုက်နေသည်။
ထိုအဖိုးအိုသည် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး လေထဲတွင် လွင့်နေသော ဝတ်ရုံကြီးနှင့်အတူ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှသည်။
တစ်ချက်ကြည့်ရုံဖြင့် လင်ချွမ်သည် အဖိုးအို၏ ကျင့်ကြံမှုအဆင့်ကို သိလိုက်သည်။
"ပထမအဆင့် ပဲ”
လင်ချွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ဤကမ္ဘာသို့ ရောက်လာကတည်းက ဂိုဏ်းကြီးများမှ ပညာရှင်များအကြောင်းသာ ကြားဖူးသော်လည်း ဤအဖိုးအိုအကြောင်း မကြားဖူးပေ။
သူသည် ဤလူကို ဂိုဏ်းမဲ့သိုင်းသမား ဟု သတ်မှတ်လိုက်သည်။
သာမန်အားဖြင့် ဂိုဏ်းမဲ့သိုင်းသမားများသည် စနစ်ကျသော သိုင်းပညာ မရှိသဖြင့် ပညာရှင်ကြီးဖြစ်ရန် ခက်ခဲသော်လည်း၊ ဤအဖိုးအိုကတော့ ပထမအဆင့်အထိ ရောက်နေခဲ့ပြီ။
"ဒီလူ့ရဲ့ အဆင့်အတန်းကတော့ တကယ်ကို မရိုးရှင်းဘူး”
လင်ချွမ်က စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
"ဝူတန်ဂိုဏ်းက လင်ရှောင် အကြီးအကဲ ဓားနတ်ဘုရား ကို ဂါရဝပြုပါတယ်”
ဘေးမှ လင်ရှောင်က ရုတ်တရက် အသံထွက်ကာ အဖိုးအိုကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ဓားနတ်ဘုရား" ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ရှောင်လင်ကျောင်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အားလုံးက မိန်းကလေးကို မေ့သွားပြီး အဖိုးအိုကိုသာ ရိုသေလေးစားသော မျက်နှာများဖြင့် ကြည့်နေကြသည်။
"တကယ်ကို မောက်မာတဲ့ နာမည်ပဲ”
လင်ချွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
ဓားနတ်ဘုရား ဟူသော အမည်မှာ ပထမအဆင့်အတွက် ထိုက်တန်နိုင်သော်လည်း လင်ချွမ်၏ ရှေ့တွင်တော့ ထိုအမည်ကို သုံးရန် မထိုက်တန်ဟု သူ ခံစားလိုက်ရသည်။
"ဟမ်”
ဓားနတ်ဘုရားသည် လင်ချွမ်၏ ထူးဆန်းသော အမူအရာကို သတိပြုမိပြီး လှမ်းကြည့်လိုက်သည်။
လင်ချွမ်က ရှောင်မဖယ်ဘဲ ဓားနတ်ဘုရားကို စိုက်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များမှာ လေထဲတွင် မီးပွင့်မတတ် တိုက်ဆိုင်သွားကြခြင်းပင်။
"ရိုင်းလှချည်လား”
မိန်းကလေး၏ အသံထွက်လာသည်။
သူမ၏ လှပသော မျက်လုံးများက လင်ချွမ်းကို စိုက်ကြည့်လိုက်ပြီး ဓားအရှိန်အဝါ တစ်ခုကို လင်ချွမ်၏ မျက်ခုံးကြားသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
"အတွင်းအားကို ဓားအဖြစ် ပြောင်းလဲနိုင်တာလား၊ ဒုတိယအဆင့် သိုင်းသမားပဲ”