ငါ တစ်ယောက်တည်း အားလုံးကို ရင်ဆိုင်မယ်
Vol. 7 Ch. 62
ထိုမိန်းကလေးသည် ကြိုတင်သတိပေးခြင်းမရှိဘဲ သူမ၏ ဓားအရှိန်အဝါကို ထုတ်လွှတ်လိုက်ခြင်းပင်။
ထို့အပြင် သတ်ဖြတ်လိုစိတ်မှာလည်း ချက်ချင်းပင် ဟုန်းခနဲ ပေါ်ပေါက်လာရာ နောက်ဆုတ်ရန် လမ်းစပင် မရှိတော့ပေ။
အတွင်းအားဖြင့် ဖန်တီးထားသော ထိုဓား၏ စွမ်းပကားကို လူတိုင်း အံ့ဩနေကြသော်လည်း၊ တိုက်ရိုက်ပစ်မှတ်ထားခံရသော လင်ချွမ် သာလျှင် ဤဓားအရှိန်အဝါ မည်မျှအစွမ်းထက်ကြောင်း သိပေလိမ့်မည်။
"မလုပ်နဲ့"
အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။
လင်ရှောင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်ကာ လင်ချွမ်ရှေ့တွင် ကာကွယ်လိုက်သည်။
"ချလွမ်း"
ဓားချင်း ထိခိုက်သံနှင့်အတူ လင်ရှောင်၏ ဓားမှာ နှစ်ပိုင်းကျိုးသွားတော့သည်။
သူနှင့် လင်ချွမ်တို့သည် အနောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ပြီးမှ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့၏။
"ရိုအာ" ဓားနတ်ဘုရားက အသံနိမ့်နိမ့်ဖြင့် ဟန့်တားကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဟွန့်"
မိန်းကလေးက နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာလွှဲသွားသည်။
လင်ရှောင်မှာတော့ မျက်နှာနီမြန်းကာ အသက်ကို ပြင်းပြင်းရှူနေရသည်။
ထိုတိုက်ခိုက်မှုက သူ့ဓားကို ကျိုးစေရုံသာမက သူ့ကိုပါ သုံးလှမ်းဆုတ်သွားအောင် တွန်းပို့နိုင်ခဲ့ခြင်းပင်။
၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားက သူ့ကို ကျောချမ်းသွားစေသည်။
သို့သော် ဤသည်မှာ မိန်းကလေး၏ အစွမ်းကုန်တိုက်ခိုက်မှု မဟုတ်ကြောင်း သူသိသည်။
သို့မဟုတ်ပါက ဒုတိယအဆင့် သိုင်းသမား၏ စွမ်းအားနှင့်ဆိုလျှင် သူ့ကို ချက်ချင်းပင် သတ်ပစ်နိုင်ပေလိမ့်မည်။
သိုင်းပညာ အခြေခံမရှိသော လင်ချွမ်အပေါ်သာ ထိုတိုက်ခိုက်မှု ကျရောက်ခဲ့လျှင် လင်ချွမ်မှာ အသက်ရှင်ဖို့ လမ်းစရှိမည်မဟုတ်ပေ။
"ဟား၊ မင်းတို့ဂိုဏ်းက တော်တော်လေး အစွမ်းထက်တဲ့ တပည့်တစ်ယောက်ကို လွှတ်လိုက်တယ်လို့ ငါကြားမိတယ်"
"အခွင့်သာရင် ငါ့တပည့်နဲ့ ပညာချင်း ဖလှယ်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်"
ပြောပြီးနောက် သူသည် ဘေးတွင် ထူးဆန်းသောအမူအရာဖြင့် ရပ်နေသော ချန်အာကောကို တစ်ချက်ကြည့်လိုက်သည်။
သူသည် အားမလိုအားမရဖြစ်သလို ခေါင်းယမ်းလိုက်ပြီး မိန်းကလေးနှင့်အတူ ထွက်ခွာသွားတော့သည်။
"တောက်! စိတ်ပျက်ဖို့ကောင်းလိုက်တာ"
လင်ရှောင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဓားနတ်ဘုရားနှင့် မိန်းကလေးမှာ သူတို့ကို လုံးဝ အထင်မကြီးပေ။
သူ့တပည့်က အမှားလုပ်ခဲ့ပြီး လင်ချွမ်ကိုပင် သတ်ရန် ကြိုးစားခဲ့သော်လည်း တောင်းပန်ရန် စိတ်ကူးပင် မရှိကြပေ။
သိုင်းလောကတွင် အားကြီးသူသာ စကားပြောခွင့်ရှိပြီး အားနည်းသူမှာ အသက်ရှင်ပိုင်ခွင့်ပင် မရှိသလောက်ဖြစ်ရာ မဆန်းလှပေ။
"လင်ချွမ်"
ချန်အာကောက လင်ချွမ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်ကာ စကားပြောရန် ဝေခွဲမရ ဖြစ်နေသည်။
သူသည် နောက်ဆုတ်ချင်နေပုံရသည်။
ရှောင်လင်ကျောင်းတော်တွင် မိစ္ဆာနှင့် ဘီလူးသရဲကဲ့သို့ ပညာရှင်များစွာ စုဝေးနေကြပြီး အားလုံးက သူ့ကို ဝါးစားမတတ် ကြည့်နေကြခြင်းပင်။
ချန်အာကောသည် သူ၏ အစစ်အမှန် စွမ်းအားမှာ ဆဋ္ဌမအဆင့်သာ ရှိကြောင်း ကောင်းကောင်းသိသည်။
"စိတ်အေးအေးထား။ ဘယ်သူမှ မင်းကို အန္တရာယ် မပေးနိုင်စေရဘူး"
"နတ်ဆိုးဂိုဏ်း ကိစ္စပြီးတာနဲ့ ဝူတန်တောင်ကို ချက်ချင်း ပြန်ကြမယ်"
လင်ချွမ်က စိတ်ချင်းဆက်သွယ်ကာ အားပေးလိုက်မှ ချန်အာကော နည်းနည်း တည်ငြိမ်သွားတော့သည်။
သုံးရက်အတွင်း ရှောင်လင်ကျောင်းတော်သို့ ဂိုဏ်းပေါင်းစုံမှ တပည့်များ ပိုမိုရောက်ရှိလာသည်။
နာမည်ကြီးဂိုဏ်းများ၊ အမည်မသိဂိုဏ်းငယ်များနှင့် ဂိုဏ်းမဲ့သိုင်းသမားများ အားလုံးပါဝင်သည်။
အကြမ်းဖျင်း တွက်ချက်ရလျှင် လူတစ်သောင်းကျော် ရှိနေပြီ။
ဝူတန်ကဲ့သို့ ဂိုဏ်းကြီးပင် ကိုယ်စားလှယ် အနေဖြင့် လူသုံးယောက်သာ လွှတ်ခြင်းဖြစ်ရာ အလယ်ပိုင်းဒေသရှိ သိုင်းဂိုဏ်း မည်မျှများပြားကြောင်း ခန့်မှန်းနိုင်သည်။
လင်ချွမ်တို့ ရှောက်လင်တွင် ရှိနေသည့် သုံးရက်မှာလည်း အေးအေးဆေးဆေး မရှိခဲ့ပေ။
ချန်အာကောကို နေ့စဉ်လာရောက် စိန်ခေါ်သူများ ရှိသလို၊ ဝူတန်နှင့် ရန်ငြိုးရှိသော အော်မေ့ဂိုဏ်း ကလည်း လာရောက် ပြဿနာရှာသည်။
"အကြီးအကဲ လင်ရှောင်... ကျွန်မတို့ဂိုဏ်းက လွှတ်လိုက်တဲ့ တပည့်တွေ အားလုံး ဝူတန်တောင်ခြေမှာ သေကုန်ကြပြီ"
"လျိုဟွမ်းယင် ဆိုရင်လည်း အဆက်အသွယ် ပြတ်နေတုန်းပဲ"
"ရှင်တို့ဂိုဏ်းက ဘာမှမဖြစ်သလို ဟန်ဆောင်နေတော့မှာလာ"
အော်မေ့ဂိုဏ်းမှ အကြီးအကဲ တင်းကျင့် က ဒေါသတကြီး ပြောလိုက်သည်။
အော်မေ့ဂိုဏ်းမှ တပည့်တစ်စုက တံခါးဝတွင် ပိတ်ထားသဖြင့် လူအများ စုဝေးကြည့်ရှုနေကြသည်။
လင်ရှောင်မှာ စိတ်ညစ်သွားရ၏။
"အော်မေ့ဂိုဏ်းချုပ်က ကျွန်တော်တို့ ဝူတန်ကို ဘာဖြစ်စေချင်တာလဲ"
"အဲဒီတုန်းက ချင်ယွီက တပည့်တွေကို ဦးဆောင်ပြီး ဝူတန်က ထွက်သွားတာ၊ ဒါပေမဲ့ နတ်ဆိုးဂိုဏ်းနဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ"
"လျိုဟွမ်းယင်လည်း မိစ္ဆာတွေရဲ့ ဖမ်းဆီးခြင်းကို ခံရတာ ဖြစ်မှာပါ"
"ဒီအကြောင်းကို ဂိုဏ်းချုပ်က မင်းတို့ ဂိုဏ်းချုပ်ဆီ အသေးစိတ် ရှင်းပြပြီးသားပဲကိုး"
"ဟွန့်၊ ကိစ္စတွေက ဒီလောက်မရိုးရှင်းဘူးလို့ ငါထင်တယ်"
"လျိုဟွမ်းယင်က ချန်အာကောနဲ့ ယှဉ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့တယ်၊ ပြီးတော့ သေဆုံးသွားတယ်"
"ဝူတန်ဂိုဏ်းက ကိစ္စတွေကို ဖုံးကွယ်ပြီး ချန်အာကော နိုင်တယ်လို့ အပြင်ကို ကြေညာလိုက်တာ ဖြစ်နိုင်တယ်"
"အကြီးအကဲ လင်ရှောင်မှာ ဖုံးကွယ်ထားတာ မရှိရင် ချန်အာကောကို ထွက်လာခိုင်းပြီး တိုက်ခိုက်ခိုင်းစမ်းပါ။ သူသာ တကယ် ပထမအဆင့်ပညာရှင်ဆိုရင် ငါတို့ ဘာမှပြောစရာ မရှိတော့ဘူး"
တင်းကျင့်သည် ချန်အာကောကို အတင်းအကျပ် တိုက်ခိုက်ခိုင်းရန် ကြိုးစားနေခြင်းပင်။
လင်ရှောင်မှာ အခက်တွေ့နေသည်။
တောင်ပေါ်က မဆင်းခင်ကတည်းက ဂိုဏ်းချုပ်က ချန်အာကောကို အလွယ်တကူ လက်မပါရန် မှာကြားခဲ့သည်။
လူများလွန်းသည့်နေရာတွင် ပေါ်လွင်နေပါက စိန်ခေါ်မှုများစွာက သူ့ကို ပင်ပန်းနွမ်းနယ်စေလိမ့်မည်။
"အကြီးအကဲ..."
တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်အာကော ပေါ်လာပြီဖြစ်သည်။
"ဒီတပည့် စိန်ခေါ်မှုကို လက်ခံဖို့ အသင့်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေတစ်ခု ရှိတယ်"
"ကျွန်တော် စိန်ခေါ်ပွဲ တစ်ခု တည်မယ်၊ ဘယ်သူမဆို လာတိုက်လို့ ရတယ်။ ကွယ်ရာမှာ အတင်းပြောခံနေရမယ့်အစား တစ်ခါတည်း အားလုံးကို အပြတ်ရှင်းလိုက်တာ ပိုကောင်းမယ်"
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ ဘယ်သူမဆို လာခဲ့ပါဟူသော ဤစကားသည် လူအုပ်ကြားတွင် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။
ရှောင်လင်ကျောင်းတော်သည် ချက်ချင်းပင် လေ့ကျင့်ရေးကွင်းပြင်ကို ဖယ်ပေးလိုက်ရသည်။
သိုင်းသမားပေါင်းများစွာမှာ ချန်အာကော၏ စွမ်းရည်ကို မြင်တွေ့ရန် စုဝေးလာကြသည်။
"လင်ချွမ်၊ ငါ တကယ် ကြောက်နေတုန်းပဲ"
ချန်အာကောသည် လင်ရှောင်ကို အခန်းထဲမှ ထွက်ခိုင်းပြီးနောက် လင်ချွမ်ကို တိုးတိုးလေး ပြောလိုက်သည်။
"ငါသိပါတယ်"
လင်ချွမ်က အေးဆေးစွာ ခေါင်းညိတ်ပြလိုက်သည်။
ချန်အာကော ကြောက်နေသည်မှာ သူ၏ စွမ်းရည်အစစ်အမှန်ကို သူသိနေခြင်းကြောင့်ပင်။
ဤကဲ့သို့ အားလုံးကို စိန်ခေါ်ရန် အကြံပေးခဲ့သူမှာလည်း လင်ချွမ်ပင် ဖြစ်သည်။
"ဒီဘေးဒုက္ခကနေ ဘေးကင်းကင်း ကျော်လွှားနိုင်မယ့် နည်းလမ်း ငါ့မှာရှိတယ်"
"ဒါပေမဲ့ မင်း ခဏလောက် အိပ်ပျော်နေဖို့ လိုမယ်။ ကျန်တာ ငါ့ကို လွှဲထားလိုက်"
လင်ချွမ်က ပြုံးလိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားချိန်တွင်...
ဝိညာဉ်ကို ဆွဲငင်နိုင်စွမ်းရှိသော ကြီးမားသည့် စွမ်းအားတစ်ခုက ချန်အာကော၏ စိတ်ဝိညာဉ်ထဲသို့ တိုးဝင်သွားတော့သည်။
"ဝိညာဉ်ကူးပြောင်းခြင်းပညာ"