စုရှင်း၏ လက်ဆောင်ငယ်
Vol. 13 Ch. 177
သုတေသနစင်တာမှ ထွက်ခွာလာပြီးနောက် အန်လင်းနှင့် စုချန်းရန်တို့သည် အေးအေးလူလူ လမ်းလျှောက်ကြလေသည်။
ဂန်းဒမ်နံပါတ် တစ်နှင့် နှစ်အား ရရှိထားသည့်အတွက် အန်လင်းသည် ယခုအခါ အတော်လေး စိတ်ကြည်လင်နေလေသည်။
သူ၏ခြေလှမ်းများသည် မြောက်ကြွ မြောက်ကြွ ဖြစ်နေပြီး လမ်းလျှောက်နေစဉ်တွင် ရွှင်မြူးစွာဖြင့် သီချင်း ညည်းဆိုလိုက်သေးသည်။ ယနေ့နေရောင်ခြည်ပင်လျှင် ပို၍ နွေးထွေးသယောင် ပို၍ စိတ်ကြည်နူးဖွယ် ဖြစ်သယောင်ပင်။
“ကျောင်းသားအန်လင်းရေ ... နင်ပြန်တော့မှာလား” စွမ်းအင်လုံးများ ရရှိသည်နှင့် ကောင်းကင်ဘုံပိုင်နက်သို့ ပြန်မည်ဟု အန်လင်းပြောထားဖူးသည်ကို သတိရမိခြင်းကြောင့် စုချန်းရန် မေးလိုက်ခြင်းပင်။
စုချန်းရန်၏ အမေးအား ကြားလိုက်သည့်အခါ အန်လင်းခေါင်းညိတ်လိုက်သည်။ “အင်း ပြန်တော့မှာ။ ကျောင်းဖွင့်ဖို့က သိပ်မလိုတော့ဘူးလေ။ အဲဒါကြောင့် ကျောင်းပြန်မဖွင့်ခင် ပြင်ဆင်စရာရှိတာလေးတွေ ပြင်ရအောင် ပြန်တော့မယ်”
သို့သော်လည်း အဓိက အကြောင်းအရင်းမှာ စုရှင်း၏ မေးခွန်းများကို မခံစားနိုင်တော့ခြင်း ဖြစ်သည်။
မဟုတ်ခဲ့လျှင် အန်လင်းအနေဖြင့် အင်ပါယာနန်းတော်မှ ထိုမျှလောက် စောစီးစွာ ထွက်ခွာလိုစိတ် မရှိချေ။ ဤနေရာရှိ အစားအသောက်များသည် လွန်စွာကောင်းမွန်လှသလို ရှုမြင်ကွင်းများသည်လည်း ရင်သပ်ရှုမောရလောက်အောင်ပင် ဖြစ်သည်။ အနားယူ အပန်းဖြေဖို့ရန် အကောင်းဆုံးသော နေရာပင်။
လမ်းလျှောက်နေစဉ်တွင် သူတို့နှစ်ဦးသည် ချောမောခန့်ညားသော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံမိကြသည်။
“အာ.. အန်လင်းပါလား။ တိုက်ဆိုင်ချက်ပဲ” စုရှင်းသည် အန်လင်းအား အပြုံးကြီးကြီးဖြင့် နှုတ်ဆက်လေသည်။
အန်လင်းမှာ ရှုံ့မဲ့သွားလေသည်။ ဘာလို့များ စုချန်းရန်ကို အရင်မနှုတ်ဆက်ရတာတုန်း။
ရုတ်တရက်ဆိုသလိုပင် ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆိုးဆိုးဝါးဝါး ခံစားမိလိုက်သည်။
“မင်းသိပ်မကြာခင် ကျောင်းပြန်တော့မယ်ဆို။ ဘာမှတော့ မပြင်ဆင်ထားပေမဲ့ မင်းအတွက် လက်ဆောင်သေးသေးလေး ယူလာခဲ့တယ်” ထိုသို့ပြောရင်း စုရှင်းသည် အန်လင်းထံ သစ်သားဘူးလေးတစ်ခု ကမ်းပေးလာသည်။
“အိုး..” စုချန်းရန်သည် သူမ၏ပါးစပ်အား လက်ဖြင့်အုပ်ကာဖြင့် အံ့အားတကြီး ရေရွတ်လေသည်။ “အစ်ကိုနှစ်က တကယ်ကြီး အန်လင်းအတွက် လက်ဆောင်ယူလာခဲ့တာပဲ” သူမအနေဖြင့် ပုံမှန်မဟုတ်သည့် တစ်ခုခုအား မျက်မြင်တွေ့လိုက်ရသလိုပင်။
အန်လင်းမှာ မသက်မသာ ဖြစ်ရသည်။ သို့သော်လည်း အကြောင်းပြချက်ကောင်း မရှိဘဲနှင့် အခြားသူတစ်ဦးထံမှ လက်ဆောင်ကို မငြင်းပယ်နိုင်ချေ။
သူ၏စိတ်ထဲတွင် အားတင်းကာဖြင့် သစ်သားဘူးလေးအား လက်ခံလိုက်ရသည်။ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြရန်လည်း မမေ့ချေ။
စုရှင်းသည် အန်လင်းပခုံးအား ပုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် အားပေးမှုအပြည့်နှင့် ဖြစ်သည်။
အန်လင်း : “…”
ထိုဘူးအား လက်ခံလိုက်ခြင်းသည် ကောင်းသည့်အရာမဟုတ်ဟု ခံစားမိနေသည်။
ဖြစ်နိုင်မည်ဆိုလျှင် အမှန်တကယ်ကိုပင် ဤလက်ဆောင်အား လက်ခံလိုစိတ် မရှိချေ။
စုချန်းရန်နှင့် စုရှင်းတို့အား နှုတ်ဆက်စကားပြောပြီးနောက်တွင် အန်လင်းသည် တပိုင်၏ ကျောပေါ်သို့ တက်ကာဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။
သစ်တောစိမ်းအင်ပါယာနန်းတော် ပျောက်ကွယ်သွားသည်အား ကြည့်နေမိပြီး သူတို့ပျံသန်းနေသည်မှာ ပိုမိုမြင့်တက်နေပြီ ဖြစ်သည်။ အန်လင်းသည် သိုလှောင်လက်စွပ်အတွင်းမှ သစ်သားဘူးအား ထုတ်ယူလိုက်သည်။
ထို ‘ပန်ဒိုရာ သေတ္တာ’ အား ကြည့်ကာဖြင့် အန်လင်းသည် အတွေးထဲ မျောနေမိသည်။
လွှင့်ပစ်လိုက်ရမလား။
ထိုအတွေးသည် သူ့စိတ်ထဲ ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။
မဖြစ်ပါဘူးလေ။ အရေးကြီးတဲ့ တစ်ခုခုဆို ဘယ်လိုလုပ်မလဲ။
အဆုံးတွင်မူ သူ၏ စူးစမ်းလိုစိတ်များသည် များပြားလှစွာသော အကြောင်းပြချက်များအား အနိုင်ယူသွားလေသည်။
သစ်သားဘူးလေးအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူ့မျက်လုံးထဲတွင် ပေါ်လာသည်မှာ သင်းပျံ့ပျံ့ရနံ့များနှင့် စာတစ်စောင် ဖြစ်လေသည်။
ချစ်သဝဏ်လွှာလားဟ။
အန်လင်းသည် စာခေါက်လေးအား ဖြည်းညင်းစွာဖြင့် ဖွင့်ဖတ်လိုက်သည်။ ပထမဆုံး စာကြောင်းမှာ “ယောက်ဖရေ.. ဒီစာကို မင်းမြင်လိုက်တာနဲ့ အရမ်းကို အံ့ဩသွားမယ်ဆိုတာ ငါယုံပါတယ်”
ထိုစာကြောင်းအား ဖတ်ပြီးသည့်အခါတွင် သူ၏လက်များ တုန်ယင်လာပြီး လွှင့်ပစ်မိမတတ်ပင် ဖြစ်ရသည်။
စုရှင်း၏ ခန့်မှန်းချက်မှာ ကွက်တိပင်။ အန်လင်းသည် ထိုစာအား မြင်လိုက်သည့်အခါ အမှန်တကယ်ကိုပင် အံ့ဩမိရသည်။ ဖတ်ပြီးသည့်နောက်တွင် ကြောက်ရွံ့မိရသည်။
ယောက်ဖ ဟုတ်လား။
သွားသေလိုက်။
တကယ်ကိုပဲ..
အဲဒီဘူးကို လွှင့်ပစ်လိုက်သင့်တာ။
အန်လင်းသည် သစ်သားဘူးအား ပစ်လွှတ်ရန် လက်မြှောက်လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။
အင်း.. မပစ်ခင် သူဘာပြောချင်သလဲ ကြည့်ရသေးတာပေါ့။
သူ၏ စူးစမ်းလိုစိတ်သည် တဖန်ပြန်လည်၍ အနိုင်ရရှိသွားပြန်သည်။ စာရွက်ခေါက်လေးအား ဖွင့်၍ ပြန်ဖတ်လိုက်သည်။
“ယောက်ဖလေးလို့ ခေါ်လိုက်လို့ အရမ်းကြီး အံ့ဩမသွားပါနဲ့ကွာ” (မအံ့ဩသွားပါဘူးခင်ဗျ။ တုန်လှုပ်သွားရုံလေးပါ။)
“ဘာပဲဖြစ်ဖြစ် မင်းက ယွင်လဲ့ရဲ့ အရင်းနှီးဆုံး ယောက်ျားလေး သူငယ်ချင်းပဲလေ။ ချန်အယ်ကို အနိုင်ယူနိုင်တဲ့ အကောင်းဆုံးသောနေရာမှာ ရှိနေတဲ့သူဆိုရင်လည်း မမှားပါဘူး။ နောက်များကျရင် မင်းက တကယ့်ကို ငါ့ရဲ့ယောက်ဖအစစ် ဖြစ်လာမယ့် အခွင့်အရေး ရှိလာမှပါ” (ကျုပ်က ချန်အယ်ကို အနိုင်ယူနိုင်မယ်ဆိုတဲ့ စကားက ယောက်ဖလို့ အခေါ်ခံရတာထက် ပိုပြီး ထိန်လန့်တုန်လှုပ်ဖို့ ကောင်းတယ်ဗျ။)
“အခုချိန်မှာ မင်းအနေနဲ့ ယွင်လဲ့ကို ပိုးပန်းချင်စိတ် မရှိရင်တောင် နောင်တစ်ချိန်ကျ သေချာပေါက် နှလုံးသားက ပြောင်းလဲလာလိမ့်မယ်လို့ ငါခံစားမိနေတယ်။ ယွင်လဲ့က ပြစ်ချက်ကင်းတဲ့ မိန်းကလေး တစ်ဦးပဲလေ။ မင်းလည်း အဲလိုထင်တယ် မဟုတ်လား” (သူမက ပြစ်ချက်ကင်းတာ မကင်းတာက ဘာမှလုပ်လို့မရဘူးဗျ။ ခင်ဗျားဆက်ပြောမယ့် စကားတွေကမှ အဓိကအချက် မဟုတ်လား။ ဟမ့်)
အန်လင်း၏ ခန့်မှန်းချက် မမှားချေ။ နောက်ထပ်လာသည့် စာပိုဒ်သည် အမှန်တကယ်ကို အဓိကဆိုလိုရင်း ဖြစ်လေသည်။
“မင်းအနေနဲ့ ကောင်းကင်ဘုံပိုင်နက်ကို ရောက်သွားတဲ့အချိန်ကျ ယွင်လဲ့ကို ပိုးပန်းချင်စိတ် ရှိရင် ရှိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါဆိုတဲ့ မင်းရဲ့ ယောက်ဖတော်က မင်းကို ကူညီနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် အကူအညီဖြစ်အောင်ဆိုပြီး ဒီစာလေးကို သေသေချာချာ ဂရုစိုက်ပြီး ရေးသားထားတာပဲ”
“ယွင်လဲ့ မွေးနေ့က... သူမသဘောအကျဆုံး တိရစ္ဆာန်ကတော့.. သူမအကြိုက်ဆုံး အစားအစာတွေက.. မနက်ခင်းဆိုရင် သူမနှစ်ခြိုက်တာက... နေ့လယ်ပိုင်းတွေမှာတော့ သူမက.. ညခင်းတွေဆို သူမက ဓားကျင့်စဉ်ကို လေ့ကျင့်ရတာ ကြိုက်တတ်တယ်။ သူမက လရောင်ဝိုင်းကို အသုံးပြုတာလေဆိုပြီး အရူးလုပ်မခံနဲ့။ သူမက ဓားအင်မော်တယ် တစ်ဦးဖြစ်ဖို့ အိပ်မက်မက်နေတာ။ အဲဒါကြောင့် ငါ့ရဲ့ ယောက်ဖလေးအနေနဲ့ အောင်မြင်ဖို့ အလားအလာ အများကြီးရှိတယ်။ သူမ မကြိုက်တဲ့အရာတွေလည်း ရှိနေသေးတယ်။ ဥပမာ ဆိုရင်ကွာ ဆူဆူညံညံ ပတ်ဝန်းကျင်တွေကို မကြိုက်ဘူး။ သူမက တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေတတ်ပေမဲ့ တကယ်တမ်းမှာ အတင်းပြောရတာမျိုး စကားပြောရတာမျိုး သဘောကျတယ်ကွ”
“မင်းရဲ့ ယောက်ဖကတော့ မင်းကို ဒီလောက်ပဲ ကူညီနိုင်မယ် ငါ့ကောင်ရေ။ အဲဒါတောင် အလုပ်မဖြစ်သေးဘူး ဆိုရင်တော့ မင်းတို့နှစ်ဦးကြား ပေါင်းဖက်ဖို့ ကံမစပ်ဘူးလို့ပဲ ဆိုရမှာပေါ့။ တကယ်လို့များ အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင်တော့ ငါ့အတွက် ထပ်ပြီး ဝင်မစွက်ဖက်သင့်တော့ဘူးပေါ့လေ။ နောက်ဆုံးတော့ကွာ မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပါတယ်”
ထိုစာကို တိတ်တဆိတ် ဖတ်ပြီးနောက်တွင် အန်လင်းသည် အတွေးထဲ နစ်မျောသွားပြန်သည်။
ဝန်ခံရမည်မှာ ဤအစ်ကိုကြီးသည် အမှန်တကယ်ကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ ညီမလေး၏ ချစ်မှုရေးရရာအား ပျော်ရွှင်သာယာသည့်ဘဝကို ရှည်ကြာစွာ ပိုင်ဆိုင်စေလိုသည်။
ဤစာသည် အန်လင်းအား အတော်လည်း လွှမ်းမိုးသွားနိုင်သော်လည်း ကြောက်ရွံ့မိနေဆဲ ဖြစ်သည်။
ကြောက်ရွံ့ရခြင်းမှာ သူသိရှိထားသည်များမှာ အလွန်များပြားနေခြင်းကြောင့်ပင်။
ထိုအကြောင်းအား တွေးမိသည့်အခါတွင် အန်လင်းသည် လက်ဝါးတွင် မီးတောက်တစ်ခု ဖန်ဆင်းကာဖြင့် သစ်သားဘူးနှင့် စာအား လောင်ကျွမ်းပြာချပစ်လိုက်သည်။
အင်း.. သက်သေခံကိုတော့ ဖျက်ဆီးပစ်လိုက်ပြီ။
သို့သော်လည်း ထိုအကြောင်းအရာများသည် သူ့စိတ်ထဲတွင် ပုံနှိပ်ထားသလို စွဲထင်နေပြီဖြစ်သည်။ ဘာများလုပ်နိုင်တော့မည်နည်း။
“အား ...” အန်လင်းသည် စိတ်ရှုပ်စွာဖြင့် ခေါင်းခါလိုက်ပြီး မျက်နှာမှာ မှုန်တေတေဖြစ်လာသည်။
တစ်ခါတစ်ရံတွင် အများကြီး သိထားခြင်းသည် ကောင်းသည့်အရာမဟုတ်။
***
စုစည်းညီညွတ်ကျင့်ကြံခြင်း ကျောင်းတော် အတွင်းရှိ တည်နေရာရွှေ့ပြောင်းရေး ဝင်္ကပါမှ အဖြူရောင်အလင်းထွက်ပေါ်လာပြီး အန်လင်း၏ခန္ဓာကိုယ် ပေါ်ထွက်လာသည်။
သူနှင့်အတူ ပေါ်ထွက်လာသည်မှာ တပိုင်နှင့်ရှောင်ချိုး အငယ်လေးတို့ဖြစ်သည်။
ရင်းနှီးနေသည့် ပတ်ဝန်းကျင်ကို ကြည့်ကာ များပြားလှသည့် ချီစွမ်းအင်တို့အား ခံစားမိလိုက်သည့်အခါ အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ လန်းဆန်းလတ်ဆတ်သည့် အာရုံများ ပျံ့နှံ့သွားသည်။ ကျောင်းတော်မှ ထွက်ခွာလာသည်မှာ တစ်လမပြည့်သေးသော်လည်း အချိန်အတော်ကြာ ခွဲခွာခဲ့ရသလို ခံစားနေမိသည်။
“ဟမ်.. အန်လင်း... တပိုင်...” ရင်းနှီးနေသော အသံတစ်ခုသည် သူတို့အား လှမ်းခေါ်လိုက်သည်။
အန်လင်းလှည့်ကြည့်လိုက်သည့် အခါတွင် နက်မှောင်နေသော အသားအရေနှင့် လူတစ်ဦးအား တွေ့လိုက်ရသည်။ ထိုလူသည် အနည်းငယ် ဝဖိုင့်ဖိုင့်ရှိပြီး အန်လင်းအား ရွှင်မြူးစွာဖြင့် ကြည့်နေလေသည်။
“လခွမ်းထဲမှ လျှိုတပေါင်လားဟ။ မင်းဘယ်တုန်းက အဲဒီလောက်တောင် မည်းသွားရတာတုန်း” အန်လင်းသည် သူ၏အရှေ့တွင်ရပ်နေသည့်လူအား မျက်လုံးများပြူးကာဖြင့် တအံ့တဩကြည့်နေမိသည်။
သူ့မှတ်ဉာဏ်ထဲရှိ လျှိုတပေါင်သည် ဖြူဖျော့သည့်အသားအရေနှင့် အတော်လေး ကြမ်းတမ်းသည့် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။ ဤမျှလောက် တိုတောင်းသည့် အချိန်လေးအတွင်းတွင် မည်သည်ကြောင့် ယခုကဲ့သို့ မည်းနက်သွားရသနည်း။
“အား.. နာကျင်ရတဲ့ မှတ်ဉာဏ်တွေကွာ” လျှိုတပေါင်သည် သူ၏မျက်ခုံးနှစ်ခုကြားကို ဖိဆိတ်လိုက်ပြီး နာကျင်စွာဖြင့် ပြောလေသည်။ “ငါ့အဖေက အပြင်းအထန် တောင်းဆိုလို့ အံ့ဖွယ်နေမင်းဆိုလားပဲ အဲဒီကျင့်စဉ်ကို ကျင့်ကြံရတယ်ကွာ။ အဲဒီကျင့်စဉ်အစမှာ ကျင့်စဉ်ရဲ့ လိုအပ်ချက်အရ တစ်လတိတိ နေလောင်ခံရမယ်ဆိုပြီး ဆိုထားတယ်ကွ”
“ဒီအားလပ်ရက်တစ်ခုလုံးမှာ နေ့တိုင်းနေ့တိုင်း ကမ်းခြေမှာ လဲလျောင်းနေရတယ်။ အသားခြောက်လှမ်းသလိုပဲ။ နေ့တစ်ဝက်လောက် အဲလိုကြီး နေရတာ”
ထိုစကားကို ကြားသည့်အခါတွင် အန်လင်းမှာ ရယ်မောမိတော့သည်။
နေရောင်ခြည်စုပ်ယူရာ၌ကျွမ်းကျင်သူ ရှောင်းဟုန် နိုးထလာသည့်အခါ လျှိုတပေါင်နှင့် ဆွေးနွေးစရာများ ရှိပေလိမ့်မည်။
ထို့နောက်တွင် လျှိုတပေါင်၏ စိတ်ဓာတ်ကျနေသည့်ပုံအား မြင်လိုက်ရသည်။ အချိန်မရွေး ငိုချတော့မည့်ဟန်ပင်။ “အာ.. တောင်းပန်ပါတယ်ကွာ” ချက်ချင်း တောင်းပန်စကားဆိုလိုက်သည်။ “ငါ့ကိုယ်ငါ မထိန်းလိုက်နိုင်ဘူး”
သူ့အနေဖြင့် တောင်းပန်စကားမဆိုခြင်းက ပိုကောင်းပေလိမ့်မည်။ အန်လင်း၏ တောင်းပန်မှုအား ကြားလိုက်ရသည့်အခါ လျှိုတပေါင်၏မျက်နှာမှာ ပို၍ပင် နက်မှောင်လာလေသည်။ သို့သော်လည်း သူ၏မျက်နှာသည် ယခင်ကတည်းက အလွန်အမင်း နက်မှောင်နေပြီးသားပင်။
လျှိုတပေါင်သည် ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် အန်လင်းအား မေးလိုက်သည်။ “မင်းကော ဘယ်လိုလဲ။ အားလပ်ရက်တွေမှာ ဘာတွေလုပ်ဖြစ်ခဲ့လဲ”
အန်လင်းသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ရိုးရိုးသားသားပင် ဖြေလိုက်သည်။ “အတော်လေးတော့ လုပ်ဖြစ်ခဲ့တယ်ကွ။ အရင်ဆုံး ဒဏ္ဍာရီသားရဲဂိုဏ်းကိုသွားတယ်။ ပြီးတော့ အသူရာချောက်နက်ကိုသွားပြီး နတ်ဆိုးယုတ်တွေကို သတ်ဖြတ်ခဲ့တယ်။ အဲဒီနောက် အင်မော်တယ် စိတ်ဝိညာဉ်တစ်သောင်းဂိုဏ်းကိုသွားပြီး ရွှမ်ယွမ်ချန်ဆီကို သွားလည်ခဲ့တယ်။ အဲဒီမှာကာ သန့်ရှင်းသောရေခဲကုန်းမြေက သူတော်စင်မက အမျိုးသားတစ်ယောက်ကို ပြန်ပေးဆွဲတာနဲ့ပါ ကြုံခဲ့ရသေးတယ်။ နောက်ဆုံးတော့ သစ်တောစိမ်းအင်ပါယာနန်းတော်ကို သွားခဲ့တယ်”
လျှိုတပေါင် : “…”
အန်လင်းသည် လျှိုတပေါင်၏ အမူအရာအား ကြည့်ကာဖြင့် တစ်ခုခု မှားယွင်းနေပြီဟု သတိပြုမိလိုက်သည်။ ထို့နောက်တွင် “ဟမ်.. ဘာဖြစ်နေတာလဲ”
လျှိုတပေါင်သည် သူ၏နှလုံးသားအား အုပ်ကာဖြင့် ခေါင်းယမ်းလိုက်သည်။ “အဆင်ပြေပါတယ်။ နည်းနည်းနေလို့မကောင်းချင်လို့ပါ”
“ငါ့ကို ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေခိုင်းပါဦး။ ငါအဆင်ပြေသွားပါလိမ့်မယ်” အန်လင်းအား စိတ်မပူပင်ရလောအောင် သူ၏လက်များကို ဝှေ့ယမ်းပြလိုက်သည်။
အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏မျက်နှာတွင် လွမ်းဆွေးခြင်းများ ပေါ်လာသည်။
နှစ်သစ်တစ်ခုတော့ စတင်လေပြီ။
ဤနှစ်တွင် သူ့အနေဖြင့် နေ့စဉ်နေ့တိုင်း ကြိုးစားကျင့်ကြံလို့ တိုးတက်လာအောင် ပြုလုပ်မည် ဖြစ်သည်။
***