တစ်ချက်တည်းနှင့် အဆုံးသတ်ခြင်း
Vol. 7 Ch. 63
ရှောင်လင်ကျောင်းတော်တွင်။
တစ်ချိန်က ဆိတ်ငြိမ်အေးချမ်းခဲ့သော ရှေးဟောင်းကျောင်းတော်ကြီးသည် ယခုအခါ လှုပ်ရှားသက်ဝင်မှုများဖြင့် စည်ကားနေခြင်းပင်။
သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်တွင် လူသောင်းချီ စုဝေးနေကြပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်ကို စောင့်မျှော်နေကြသည်။
ယနေ့ခေတ် သိုင်းလောကတွင် ချန်အာကော သည် အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်သည်မှာ ငြင်းဖွယ်မရှိပေ။
သူ၏ တောက်ပမှုရှေ့တွင် အခြားသော လူငယ်တပည့်များမှာ အရောင်မှိန်သွားရသည်။
ယခင်က လူပြောများခဲ့သော ရူယိပင်လျှင် ချန်အာကော၏ ပြိုင်ဘက်မဟုတ်တော့ပေ။
ယခင်က ချန်အာကော၏ အစွမ်းအစအပေါ် သံသယရှိသူများ ရှိခဲ့သော်လည်း၊ ယနေ့တွင် သူကိုယ်တိုင်က ဂိုဏ်းပေါင်းစုံမှ တပည့်များကို စိန်ခေါ်လိုက်ခြင်းပင်။
ထိုကဲ့သို့သော မောက်မာရဲရင့်သည့် အရှိန်အဝါကပင် လူတိုင်း၏ လေးစားမှုကို ရရှိရန် လုံလောက်နေပြီဖြစ်သည်။
သို့သော်လည်း ဤအချက်က သိုင်းသမားများ၏ စိန်ခေါ်မှုကို မတားဆီးနိုင်ခဲ့ပေ။
သိုင်းလောကတွင် နာမည်ကျော်ကြားလိုသူတိုင်းသည် အင်အားအကြီးဆုံးသူကို စိန်ခေါ်၍ ချက်ချင်း အောင်မြင်မှုရယူရန် ကြိုးစားလေ့ရှိကြသည်။
မည်သည့်ခေတ်တွင်မဆို အခွင့်အရေးသမားများ ရှိစမြဲဖြစ်ရာ သိုင်းလောကတွင်လည်း ထိုနည်းတူပင်။
"သူ ရောက်လာပြီ"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လူတိုင်း၏ အကြည့်များမှာ တစ်နေရာတည်းသို့ ရောက်သွားကြသည်။
ထိုနေရာတွင် ချန်အာကောနှင့် လင်ရှောင် တို့သည် တစ်ဦးနောက်တစ်ဦး လေ့ကျင့်ရေးကွင်းပြင်သို့ လျှောက်လာကြသည်။
ချင်းဝေနန်းဆောင်၏ အကြီးအကဲဖြစ်သူ လင်ရှောင်ပင်လျှင် ချန်အာကော၏ အနောက်မှ လိုက်ပါလာရသည်။
ဂုဏ်သိက္ခာနှင့် အရှိန်အဝါအားလုံးသည် ဇာတ်လိုက်ဖြစ်သူ ချန်အာကောထံတွင် အပြည့်ပင်။
လင်ရှောင်သည် ဤအချက်အပေါ် လုံးဝ မကျေမနပ် မဖြစ်ပေ။
အပြန်အလှန်အားဖြင့် ဝူတန်ဂိုဏ်းတွင် ဤကဲ့သို့ ထူးချွန်သော ပါရမီရှင်တစ်ဦး ရှိနေခြင်းအတွက် သူ ဂုဏ်ယူနေမိသည်။
"သွားတော့... မင်းရဲ့ အစစ်အမှန် စွမ်းအားကို ဂိုဏ်းပေါင်းစုံက မြင်အောင် ပြလိုက်စမ်း"
"ဝူတန်ဂိုဏ်း ကာလရှည်ကြာ ဆုံးရှုံးခဲ့ရတဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်လိုက်ပါ"
လင်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် ချန်အာကောကို တွန်းအားပေးလိုက်သည်။
အမှန်စင်စစ် သူသည် ချန်အာကောကို အားပေးနေရန်ပင် မလိုတော့ပေ။
"အားလုံးကို တစ်ယောက်ချင်း ရင်ဆိုင်မယ်"
ဟု ချန်အာကော ပြောလိုက်ကတည်းက ဤကြောက်တတ်လှသော တပည့်သည် ပြင်ဆင်ပြီးသားဖြစ်ကြောင်း လင်ရှောင် နားလည်သွားခဲ့သည်။
"ဟုတ်ကဲ့"
ချန်အာကော ခေါင်းညိတ်လိုက်သည်။
သူသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ကွင်းပြင်ထဲသို့ ဝင်လာသည်။
ထိုခဏ၌ ဘေးတစ်ဖက်တစ်ချက်ရှိ သိုင်းသမားများမှာ သူ့အတွက် လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြသည်။
ချန်အာကော ကွင်းအလယ်ရှိ လွတ်လပ်သော နေရာသို့ ရောက်သည်အထိ အကြည့်ပေါင်းများစွာက သူ့ထံတွင် ကပ်ပါလာခြင်းပင်။
ထိုအကြည့်များမှာ စေတနာအပြည့်နှင့်တော့ မဟုတ်ပေ။
အများစုမှာ မနာလိုမှု သို့မဟုတ် ပြဿနာရှာလိုသော အကြည့်များ ဖြစ်ကြသည်။
ပါရမီရှင်တစ်ဦး အမှားအယွင်းဖြစ်ပြီး ကျဆုံးသွားသည်ကို မြင်လိုခြင်းမှာ လူ့သဘာဝပင် မဟုတ်ပါလား။
"ဘယ်သူ အရင်လာမလဲ"
ချန်အာကောသည် ပတ်ဝန်းကျင်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် စကားစလိုက်သည်။
ထိုတည်ငြိမ်သောအကြည့်နှင့် အမူအရာမှာ လွန်ခဲ့သော သုံးရက်က တောင်တံခါးဝတွင် တွေ့ခဲ့ရသည့် လူနှင့် လုံးဝ ခြားနားနေသည်။
လူနှစ်ယောက်ကဲ့သို့ပင်။
"ဆရာ... သူက ထူးဆန်းနေတယ်"
ယွဲ့ချင်းရို မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
"အတော်လေး ကွာခြားသွားတာပဲ"
ဓားနတ်ဘုရား၏ အကြည့်မှာ နက်ရှိုင်းနေပြီး ချန်အာကောကိုသာ စိုက်ကြည့်နေသည်။
သူ၏ သိုင်းလောက အတွေ့အကြုံအရ ပါရမီရှင်များစွာကို တွေ့ဖူးသော်လည်း ချန်အာကောကိုတော့ သူ လုံးဝ ထွင်းဖောက်မမြင်နိုင်ပေ။
"မကြာသေးခင် နှစ်တွေအတွင်း ဝူတန်ဂိုဏ်းက တော်တော်လေး ထူးချွန်တဲ့ တပည့်တွေကို လက်ခံထားတာပဲ"
“ဒီချန်အာကော တစ်ယောက်တည်းကပဲ ငါ့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တယ်"
“ရိုအာ... မင်းကော ကွင်းထဲဆင်းပြီး စမ်းကြည့်ချင်လား?" ဓားနတ်ဘုရားက ပြုံးလျက် မေး
လိုက်သည်။
"ဟွန့်! ဆရာက ပြောမှတော့ တပည့်အနေနဲ့ ဘယ်လိုလုပ် နောက်ဆုတ်မလဲ"
"ဒီချန်အာကောက ကောလာဟလတွေထဲကလို တကယ်ပဲ အစွမ်းထက်သလားဆိုတာ သွားစမ်းကြည့်ရတာပေါ့"
ပြောပြီးနောက် ယွဲ့ချင်းရိုသည် ရှေ့သို့ တိုးရန် ပြင်လိုက်သည်။
ထိုစဉ် သူမထက် အရင် လူရိပ်တစ်ခု ကွင်းထဲသို့ ဆင်းလာသည်။
"ငါ့နာမည်က လင်ဟူရှန့် ပါ။ ပညာချင်း ဖလှယ်ခွင့်ပြုပါ"
စကားပြောလိုက်သူမှာ အသက် ၁၆ နှစ်အရွယ် ခန့်ညားသော ကောင်လေးတစ်ဦး ဖြစ်သည်။
သူ၏ မောက်မာမှုမှာ စင်ပေါ်တက်လာကတည်းက ထင်ရှားလှသည်။
သူသည် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားသဖြင့် ကျွမ်းကျင်သော ဓားသမားတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
"တတိယအဆင့် အထက်တန်းစား သိုင်းသမားပဲ"
ချန်အာကော၏ အေးစက်သောအသံက လင်ဟူရှန့်၏ ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် ဖော်ထုတ်လိုက်ခြင်းပင်။
ထိုစကားကြောင့် လင်ဟူရှန့်မှာ တုန်လှုပ်သွားရသည်။
တစ်ချက်ကြည့်ရုံဖြင့် သူ၏ အဆင့်ကို သိနိုင်သူမှာ သူ့ထက် များစွာ အစွမ်းထက်သူ ဖြစ်ရမည်။
သူကိုယ်တိုင်ပင် တတိယအဆင့်ဖြစ်နေလျှင် ချန်အာကောမှာ ဒုတိယအဆင့် သို့မဟုတ် ပထမအဆင့် ဖြစ်နေပေလိမ့်မည်။
"ဒါဆို မင်းက တကယ်ပဲ ကောလာဟလတွေထဲကလို ပထမအဆင့်လား"
လင်ဟူရှန့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
သူ၏ မောက်မာမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ သူ ကြောက်သွားခြင်းပင်။
"ရှန့်အာ! စိတ်ကို တည်ငြိမ်အောင် ထားစမ်း"
အချိန်မီ အော်ဟစ်သတိပေးသံ တစ်ခု ထွက်လာသည်။
ထိုသူမှာ လျင်ဟူရှန့်နှင့် တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဟွာရှန်းဂိုဏ်းမှ အကြီးအကု တစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။
ထိုသတိပေးမှုကြောင့် လင်ဟူရှန့် စိုးရိမ်စိတ် လျော့သွားသော်လည်း ယုံကြည်မှုကတော့ ပြန်မရနိုင်တော့ပေ။
"လာလေ"
လင်ဟူရှန့်က အော်ဟစ်လိုက်ပြီး လျှပ်စီးကဲ့သို့ ချန်အာကောထံသို့ ပြေးဝင်သွားသည်။
တတိယအဆင့် သိုင်းသမားတစ်ဦး၏ အတွင်းအားမှာ မြစ်ရေကဲ့သို့ စီးဆင်းနေ၏။
သူ၏ အတွင်းအားဖြင့် တောင်နှင့် ကျောက်တုံးများကိုပင် ဖြိုခွဲနိုင်ခြင်းပင်။
လင်ဟူရှန့်သည် အနိုင်ရလိုစိတ် စောနေသဖြင့် သူ၏ အတွင်းအားကို အစွမ်းကုန် သုံးလိုက်ရာ သူ၏ အရှိန်မှာ လေပြေကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် သာမန်လူများမှာ ပုံရိပ်ယောင်ကိုသာ မြင်ရတော့သည်။
"အရှိန်က မဆိုးပါဘူး"
ချန်အာကော၏ နှုတ်ခမ်းမှာ လှောင်ပြုံးသဏ္ဌာန် ကွေးညွတ်သွားသည်။
"ဒါပေမဲ့ စိတ်မကောင်းစရာပဲ... ငါ့အတွက်တော့ အားမရသေးဘူး"
ထိုစကားပင် မဆုံးသေးခင် သူသည် လက်ညှိုးနှင့် လက်ခလယ်ကို သုံး၍ ဓားသဏ္ဌာန်ပြုကာ ဓားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သူသည် ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ ဝေ့ယမ်းလိုက်ရာ လေထဲတွင် မီးပွင့်များ ထွက်ပေါ်လာသည်။
"ချလွမ်း"
ရုတ်တရက် ဓားချင်း ထိခိုက်သံ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည်။
လူတစ်ယောက် ကွင်းထဲမှ လွင့်ထွက်လာရာ လင်ဟူရှန့်မှာ ဘောလုံးတစ်လုံးကဲ့သို့ ခြေလှမ်း ၃၀ ခန့် လိမ့်ထွက်သွားခြင်းပင်။
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် မယုံနိုင်စရာ မျက်နှာဖြင့် "ရှုံးသွားပြီလား၊ငါ ရှုံးသွားပြီလား?" ဟု ထစ်ထစ်ငေါ့ငေါ့ ရေရွတ်နေမိသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ဟိုးလေးတကျော် ဖြစ်သွားတော့သည်။
"ဘုရားရေ! ဟွာရှန်းဂိုဏ်းက လင်ဟူရှန့်ဟာ တစ်ကွက်တောင် မခံနိုင်ဘဲ ရှုံးသွားတယ်"
"ကွာခြားချက်က ကြီးမားလွန်းတယ်"
"ခုနက ဘာဖြစ်သွားတာလဲ၊ ငါ့မျက်စိထဲမှာ ဝေသွားပြီး လင်ဟူရှန့် လိမ့်ထွက်လာတာပဲ မြင်လိုက်ရတယ်"
"ဟား ၊ တတိယအဆင့် အထက်တန်းစားတောင် ချက်ချင်းရှုံးတာ၊ ငါတို့တော့ တက်မတိုက်တာ အကောင်းဆုံးပဲ။ ချန်အာကောက လူမဟုတ်ဘူး၊ နတ်ဘုရားပဲ"
ယခင်က သံသယရှိခဲ့သူများမှာ ချက်ချင်းပင် ချန်အာကောဘက်တော်သားများ ဖြစ်ကုန်ကြသည်။
ဂိုဏ်းငယ်လေးများမှ တပည့်များမှာလည်း ချန်အာကော ပရိသတ်များအဖြစ် ပြောင်းလဲသွားခြင်း။
"မြန်လိုက်တာ"
ယွဲ့ချင်းရို၏ လှပသော မျက်လုံးများမှာ ဝိုင်းစက်သွားပြီး အံ့အားသင့်သွားရသည်။
"ဟုတ်တယ်၊ ဒီကလေးက ဓားအရှိန်အဝါကို ဒီလောက်အထိ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါတောင် အထင်ကြီးမိတယ်"
ဓားနတ်ဘုရားက သက်ပြင်းချလိုက်သည်။
ယွဲ့ချင်းရိုသည် ဓားနတ်ဘုရားကို မကျေမနပ် ကြည့်လိုက်ပြီး -
"ဒီလောကမှာ ကျွန်မရဲ့ ဆရာ့ကို ကျော်ဖြတ်နိုင်သူ မရှိဘူး။ အဲဒါကို ကျွန်မ သက်သေပြမယ်"
ပြောပြီးနောက် သူမသည် လေထဲသို့ ပျံတက်ကာ ကွင်းအလယ်သို့ ဆင်းသက်လိုက်သည်။
ဓားနတ်ဘုရားပင် မတားဆီးနိုင်လိုက်ပေ။
"ဓားနတ်ဘုရားရဲ့ တပည့် ယွဲ့ချင်းရို ပါ"
"ပညာချင်း ဖလှယ်ခွင့်ပြုပါ"
သူမ၏ ခန့်ညားလှပသော ပုံရိပ်ကြောင့် လူပေါင်းများစွာ၏ အကြည့်ကို ဆွဲဆောင်လိုက်သည်။
သို့သော် လူတိုင်းကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ ယွဲ့ချင်းရို ကိုင်ဆောင်ထားသော ဓားပင် ဖြစ်သည်။
"နဂါးဟိန်းသံဓား"