မသေမျိုး ကျင့်ကြံသူ၏ လျှို့ဝှက်ရတနာ
Vol. 7 Ch. 68
အခန်းတစ်ခန်းတည်းမှာ အတူတည်းမယ် ဟုတ်လား။
ဓားနတ်ဘုရားမှာ ဒီလို ထူးဆန်းတဲ့ ဝါသနာ ရှိတာလား။
လင်ရှောင်တစ်ယောက် မျက်နှာနီမြန်းသွားကာ အကျပ်ရိုက်သွားတော့သည်။
ဓားနတ်ဘုရားရဲ့ ထူးဆန်းတဲ့ တောင်းဆိုမှုကို ငြင်းရမလား၊ လက်ခံရမလား သူ ဝေခွဲမရဖြစ်နေခြင်းပင်။
ငြင်းလိုက်လျှင်လည်း စိတ်ဆိုးပြီး အသတ်ခံရမှာကို ကြောက်နေရသည်။
သူ ဘာလုပ်ရမလဲ။
"ဓားနတ်ဘုရားအနေနဲ့ ဝူတန်ဆီက အခန်းငှားနေဖို့ မလိုပါဘူး"
"ကိုယ်တော်တို့ ကျောင်းတော်မှာ အားနေတဲ့ အခန်းတွေ အများကြီး ရှိပါတယ်"
လင်ရှောင် အခက်တွေ့နေသည်ကို မြင်တော့ ဆရာတော် ကျန့်ခုန်းက ကြားဝင်စေ့စပ်ပေးလိုက်ခြင်းပင်။
"ဒါက အလုပ်ရှုပ်စရာ မဟုတ်ပါဘူး။ ကျွန်တော် ဝူတန်တပည့်တွေနဲ့ အဆင်ပြေပါတယ်"
"အားတဲ့အချိန် သိုင်းပညာချင်းလည်း ဖလှယ်လို့ရတာပေါ့"
"အကြီးအကဲလင်ဘက်က စိတ်မရှိဘူးဆိုရင်ပေါ့လေ"
ဟု ဓားနတ်ဘုရားက ပြုံးလျက် ပြောလိုက်သည်။
ဒါက လင်ရှောင်ရဲ့ သဘောထားကို တောင်းခံနေတာလား။ မဟုတ်ပါဘူး၊ ဒါဟာ ကောင်းကင်က ကျလာတဲ့ ကံကောင်းမှုကြီးပါ။
ဘေးပတ်ဝန်းကျင်က မနာလိုဝန်တိုတဲ့ အကြည့်တွေ ဝူတန်တပည့် သုံးယောက်ဆီ စုပြုံရောက်ရှိလာတာကို လင်ရှောင် ခံစားမိနေသည်။
"စိတ်မရှိပါဘူးဗျာ"
"ကျွန်တော်တို့ ဂိုဏ်းကို အကြီးအကဲက အခုလို မျက်နှာသာပေးတာဟာ ဘိုးဘေးတွေက မစလို့ပဲ ဖြစ်ရမယ်"
လင်ရှောင်က အခွင့်အရေးကို အရယူကာ အစွမ်းကုန် ဖားတော့သည်။
ဓားနတ်ဘုရားက ခပ်ပြုံးပြုံးဖြင့် လင်ချွမ်ကို တစ်ချက်ကြည့်လိုက်သည်။
သူ့အမြင်မှာတော့ ဒါဟာ ဝူတန်ဘိုးဘေးတွေရဲ့ မစမှုကြောင့် လင်ချွမ်လို ရတနာမျိုးကို ဝူတန်ဂိုဏ်းက ရရှိထားတာ အမှန်ပင်ဖြစ်သည်။
ဒါပေမယ့် လင်ချွမ် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ သူ လူပုံအလယ်မှာ ထုတ်မပြောရဲပေ။
"ဒီည အားလုံးကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
"ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ အနားယူပါရစေဦး"
ဓားနတ်ဘုရားက သက်ပြင်းချကာ ဆိုလိုက်ရာ ကျန်ရှိသူများလည်း ဆရာတော် ကျန့်ခုန်းနောက်လိုက်ပြီး ပြန်ထွက်သွားကြတော့သည်။
မကြာမီ အနောက်ဘက်ဆောင် ဝင်းထဲတွင် ဝူတန်တပည့် သုံးဦးနှင့် ဓားနတ်ဘုရား ဆရာတပည့်တို့သာ ကျန်ရစ်ခဲ့ပေ၏။
"အကြီးအကဲ အခန်းက ပျက်စီးသွားပြီဆိုတော့ ကျွန်တော်တို့ အခန်းမှာပဲ ခေတ္တ တည်းခိုပါဗျာ"
လင်ရှောင်က ဖော်ဖော်ရွေရွေ ဖိတ်ခေါ်လိုက်ပြီး လင်ချွမ်ဘက် လှည့်ကာ -
"လင်ချွမ်၊ ဓားနတ်ဘုရားအတွက် ခုတင် သွားပြင်ပေးလိုက်ဦး"
ဟု ခိုင်းလိုက်သည်။
လင်ချွမ် လှုပ်ရှားဖို့ ပြင်လိုက်စဉ်မှာပင် ဓားနတ်ဘုရားက အလျင်အမြန် တားလိုက်သည်။
"မလိုပါဘူး။ ကျွန်တော်တို့ ဆရာတပည့်က တောသားတွေပါ၊ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လေ့ရှိပါတယ်"
"ဒီက လူကလေးကို အလုပ်မပေးပါရစေနဲ့"
ဓားနတ်ဘုရား၏ မျက်နှာတွင် စိုးရိမ်စိတ်များ အရိပ်အယောင်ပေါ်လာသည်။
အသိဉာဏ်နည်းတဲ့ လင်ရှောင်သာ လင်ချွမ်ဘယ်လောက် အစွမ်းထက်မှန်း မသိတာပါ။
သူကတော့ လင်ချွမ်ကို ခုတင်ပြင်ခိုင်းဖို့ မပြောနဲ့၊ အနားမှာ ရှိနေတာတောင် အားနာနေရတာဖြစ်သည်။
ကံကောင်းထောက်မစွာ မှောင်နေသဖြင့် လင်ရှောင်က ဓားနတ်ဘုရားရဲ့ မျက်နှာအမူအရာကို သတိမထားမိလိုက်ပေ။
ခဏအကြာတွင် ဓားနတ်ဘုရားက အကြောင်းပြချက်တစ်ခုပေးကာ အားလုံးကို ချန်အာကောရဲ့ အခန်းထဲသို့ ခေါ်သွားလိုက်သည်။
ချန်အာကောမှာတော့ ကြောင်တောင်တောင်ဖြင့် လိုက်လာရသည်။
ဓားနတ်ဘုရားလို ပုဂ္ဂိုလ်မျိုးက ဘာကြောင့် ဝူတန်နဲ့ ဒီလောက် နီးနီးကပ်ကပ် နေချင်ရတာလဲဆိုတာ သူ လုံးဝ နားမလည်နိုင်ပေ။
"ကျွန်တော့်မှာ သခင်လေးချန်နဲ့ ပြောစရာတွေ အများကြီး ရှိတယ်"
"အကြီးအကဲလင်အတွက်တော့ နားထောင်ဖို့ သိပ်အဆင်မပြေလောက်ဘူး ထင်တယ်၊ ခဏလောက် ရှောင်ပေးပါဦး"
အခန်းထဲ ရောက်သည်နှင့် ဓားနတ်ဘုရားက လင်ရှောင်ကို ပေါ်ပေါ်ထင်ထင် နှင်ထုတ်လိုက်သည်။
လင်ရှောင်မှာ ခဏ ကြောင်သွားပြီးမှ
"ဪ... ဓားနတ်ဘုရားက ချန်အာကောကို ပညာတွေ သင်ပေးတော့မှာကိုး"
ဟု သဘောပေါက်သွားကာ ဝမ်းသာအားရဖြင့် လင်ချွမ်ကို ဆွဲခေါ်သွားရန် ပြင်သည်။
"နေဦး"
ဓားနတ်ဘုရားက ကပျာကယာ လှမ်းခေါ်လိုက်သည်။
"လူကလေး လင်ချွမ်ကတော့ ဒီမှာနေပြီး လက်ဖက်ရည်၊ ရေနွေး ကြည့်ပေးလို့ ရပါတယ်"
သူသည် အတော်ကြာ စဉ်းစားပြီးမှ ဤအကြောင်းပြချက်ကို ပေးလိုက်ခြင်းပင်။
ဘေးက ယွဲ့ချင်းရိုတောင် သူ့ဆရာကို အထင်သေးသလို ကြည့်လိုက်မိသည်။
"ဟုတ်သားပဲ၊ ဒါဆို လင်ချွမ်၊ မင်း ဒီမှာနေပြီး အကြီးအကဲနဲ့ သခင်မလေးယွဲ့ကို ပြုစုပေးလိုက်ဦး"
လင်ရှောင်ကတော့ တကယ်ကို ယုံသွားပြီး ထွက်သွားတော့သည်။
လင်ရှောင် ထွက်သွားသည်နှင့် လင်ချွမ်က စားပွဲမှာ ပျင်းရိစွာ ထိုင်လိုက်သည်။
ချန်အာကောမှာတော့ ဘာတွေဖြစ်နေမှန်း မသိဘဲ ဘေးကနေ ကြောင်ကြည့်နေဆဲ။
"ဝုန်း"
ရုတ်တရက် ဓားနတ်ဘုရားသည် လင်ချွမ်ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"အကြီးအကဲလင်ရဲ့ ကျေးဇူးကို အထူးတင်ရှိပါတယ်ဗျာ"
"အကြီးအကဲရဲ့ လမ်းညွှန်မှုသာ မပါရင် ကျွန်တော်မျိုး တစ်သက်လုံး အထွတ်အထိပ်နယ်ပယ်ကို လှမ်းမြင်ခွင့် ရမှာမဟုတ်တော့ပါဘူး"
"ကျွန်တော်က တစ်ကိုယ်တည်းသမားမို့ ကျေးဇူးဆပ်စရာ ဘာမှမရှိပေမဲ့ အကြီးအကဲ တစ်ခုခု အကူအညီလိုရင် အသက်နဲ့လဲပြီး ဆပ်ပါ့မယ်"
ဓားနတ်ဘုရားဟာ ဒီလောက်အထိ ဒုက္ခခံပြီး အခန်းပြောင်းခဲ့တာက လင်ချွမ်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ပင်။
လင်ချွမ်အမြင်မှာတော့ ဒါတွေက မလိုပေမဲ့ သိုင်းလောကက လူတွေကတော့ ဒီလိုပဲ ခေါင်းမာတတ်ကြသည်။
"ဪ... အခုမှပဲ သဘောပေါက်တော့တယ်"
"အကြီးအကဲ ဓားနတ်ဘုရားနဲ့ လင်ချွမ်က အရင်ကတည်းက သိနေကြတာကိုး"
ချန်အာကောက အခုမှ ဝင်ပြောရှာသည်။
သူ့တုံ့ပြန်မှုက လိပ်တစ်ကောင်လို နှေးကွေးလှသည်။
အခန်းထဲက လူသုံးယောက်လုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြသဖြင့် သူ ချက်ချင်း ပြန်ငြိမ်သွားတော့ပေ၏။
"ကျေးဇူးတင်နေဖို့ မလိုပါဘူး"
"ငါ မင်းကို ကူညီတာက အကြောင်းမဲ့တော့ မဟုတ်ဘူး"
လင်ချွမ်က အေးစက်စွာ ပြောလိုက်သည်။
"သိုင်းပညာဆိုတာ ရေဆန်လှေလှော်သလိုပဲ၊ ရှေ့မတိုးရင် နောက်ဆုတ်သွားမှာပဲ"
"ငါက ငါ့ကို စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်မျိုးကို အမြဲရှာနေတာ"
"စိတ်မကောင်းစရာက ဘယ်သူမှ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိသေးဘူး။ ပြိုင်ဘက်ကင်း ဖြစ်ရတဲ့ အထီးကျန်မှုကို မင်းတို့ ခံစားဖူးလား"
သူ့စကားကြောင့် လူသုံးယောက်လုံး မှင်တက်သွားရသည်။
လင်ချွမ်၏ စွမ်းအား အစစ်အမှန်ကို မသိရင်တော့ သူ့ကို အရူးတစ်ယောက်လို့ ထင်မိမှာ အမှန်ပင်။
ဒါပေမဲ့ အခုတော့ လင်ချွမ်ပြောတာဟာ အမှန်တရားဖြစ်ကြောင်း သူတို့ ယုံကြည်ကြ၏။
"အကြီးအကဲက ကျွန်တော့်ကို အကြီးအကဲရဲ့ ပြိုင်ဘက်ဖြစ်လာအောင် လေ့ကျင့်ပေးနေတာလား"
ဓားနတ်ဘုရားက အံ့ဩတကြီး မေးလိုက်သည်။
လင်ချွမ်က ပြုံးလျက် ခေါင်းညိတ်ပြပြီး -
"ဟုတ်တယ်၊ တိုက်ပွဲတွေ ရှိမှသာ ကျင့်ကြံမှုက တိုးတက်မှာ"
"ကိုယ့်ဘာသာကိုယ် အားထုတ်နေရုံနဲ့တော့ ရှေ့မရောက်နိုင်ဘူး။ ဒါကို မင်း ကောင်းကောင်း သိမှာပါ"
ဓားနတ်ဘုရား သဘောပေါက်သွားကာ သက်ပြင်းချလိုက်သည်။
အတိတ်က သူ ဖြတ်သန်းခဲ့ရတဲ့ တိုက်ပွဲပေါင်းများစွာက သူ့ကို ဒီနေ့ ဒီအဆင့် ရောက်အောင် ပို့ဆောင်ပေးခဲ့တာ မဟုတ်ပါလား။
"အခွင့်သာရင် အကြီးအကဲ နဲ့ သေချာ ပညာဖလှယ်ချင်ပါတယ်"
"အဲဒီမတိုင်ခင်တော့ ကျွန်တော် ခဏလောက် တရားထိုင်ဖို့ လိုလိမ့်မယ်"
ဟု ပြောပြီးနောက် သူက ယွဲ့ချင်းရိုဘက် လှည့်ကြည့်ကာ မျက်နှာပျော့ပျောင်းသွားသည်။
"ကျွန်တော့်တပည့်မလေးက သိုင်းလောက အတွေ့အကြုံ နည်းသေးတယ်"
"သူမက စိတ်လိုက်မာန်ပါ လုပ်တတ်တော့ အလိမ်ခံရမှာ စိုးရိမ်မိတယ်"
"အကြီးအကဲလင်ဆီက လမ်းညွှန်မှုလေးတွေ ရနိုင်မယ်ဆိုရင် ကျွန်တော် စိတ်အေးရမှာပါ"
"ဆရာ"
ယွဲ့ချင်းရို အံ့ဩသွားမိသည်။
လင်ချွမ်ကတော့ စိတ်ညစ်သွားသည်။
သူက ဓားနတ်ဘုရားကို ကူညီတာက ပြိုင်ဘက်ကောင်း တစ်ယောက် ရချင်လို့ပါ။
တပည့်ကိုပါ ထိန်းပေးဖို့ တာဝန်မရှိပေ။
ဒီအဖိုးကြီးက ဘာလို့ သူ့ကို ကပ်နေတာလဲ။
ထိုစဉ် ဓားနတ်ဘုရားက လင်ချွမ်ရဲ့ အတွေးကို ဖတ်မိသလိုမျိုး ပါးနပ်စွာ ကြည့်လိုက်ပြီး -
"အကြီးအကဲက အလုပ်ရှုပ်ရမှာ မကြိုက်တာ ကျွန်တော် သိပါတယ်"
"ဒါပေမဲ့ ကျွန်တော့်တပည့်မှာ လျှို့ဝှက်ရတနာတစ်ခုရဲ့ သတင်း ရှိပါတယ်"
"ဒဏ္ဍာရီအရ အဲဒီရတနာဟာ နတ်ဘုရားအဆင့် ရောက်ခါနီး ကျင့်ကြံသူတစ်ဦး ချန်ထားရစ်ခဲ့တာပါ"
"သိုင်းသမားတစ်ယောက် အဲဒါကို ရရင် သိုင်းပညာရဲ့ အထွတ်အထိပ်နဲ့ ကောင်းကင်ဘုံရဲ့ လမ်းစဉ်ကို နားလည်နိုင်ပါလိမ့်မယ်"
"အခု ကျွန်တော်က အကြီးအကဲဆီက လမ်းညွှန်မှု ရထားပြီဆိုတော့ အဲဒီရတနာက ကျွန်တော့်အတွက် မလိုတော့ပါဘူး။ ဒါကို အကြီးအကဲ ကိုလက်ဆောင်အဖြစ် ပေးပါရစေ"