← Chapters

အခန်း (၂၄၁-၂၄၅)

Vol. 10 Ch. 241-245

အခန်း (၂၄၁-၂၄၅)

Vol. 10 Ch. 241-245

အပိုင်း ၂၄၁ သရဲခြေလှမ်း

ဝမ်ချောင် ကြိတ်၍ရယ်လိုက်သည်။ မီယာဆာမီးအာရာကာသည် သူထင်ထားသည်ထက် ပို၍ ဉာဏ်ကောင်းပေသည်။

'ဒီလိုဆိုတော့လည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ငါဘာမှပြောစရာမလိုတော့ဘူးပေါ့'

ဝမ်ချောင်တွေးလိုက်သည်။

လူဆယ်ယောက် 'လေထုထဲတွင် ပျောက်ကွယ်သွားခြင်း' ကြောင့် ဂိုဂူလျောများသည် ဘာကိုမျှ နားမလည်သေးသည်မှာ မဖြစ်နိုင်ပေ။ ဝမ်ချောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုသည် ယခုမှစ၍ ပို၍ ပို၍ ခက်ခဲလာတော့မည်ဖြစ်သည်။

"သခင်လေး နောက်ထပ်ဘာဆက်လုပ်မှာလဲ"

မီယာဆာမီးအာရာကာသည် မြေပြင်ပေါ် ဒူးထောက်လျက် မေးလိုက်သည်။

"ဟီးဟီး သူတို့က အခု သတိရှိနေကြပြီမို့ ငါတို့နေရာပြောင်းကြရုံပေါ့။ မီယာဆာမီး မင်း အဲဒီဂိုဂူလျောတွေ အားလုံးရဲ့ မျက်နှာကို မှတ်မိနေပြီ ဟုတ်တယ်မလား”

ဝမ်ချောင် မေးလိုက်သည်။

"ဟုတ်ကဲ့ ကျွန်မတို့ရဲ့လူတွေက ဂိုဂူလျောစစ်သည်တွေကို စောင့်ကြည့်နေပါတယ်”

မီယာဆာမီးအာရာကာသည် တရိုတသေ ပြန်‌ဖြေလိုက်သည်။

ဝမ်ချောင်၏ လုပ်ဆောင်မှုများသည် ဤဂိုဂူလျောစုဝေးရာနေရာ၌ အဓိကအားဖြင့် ဦးတည်နေခဲ့သော်လည်း သူ့စစ်ဆင်ရေးသည် ဤနေရာ၌သာ ကန့်သတ်ထားခြင်းမဟုတ်ပေ။

ဝမ်ချောင် ဖော်ထုတ်တွေ့ရှိခဲ့သော ဂိုဂူလျောတစ်ဦးချင်းစီတိုင်းကို ခြေရာခံနေပြီး သူတို့သွားမည့် စု‌ဝေးရာနေရာများကို မှတ်သားထားသည်။

ဤနေရာမှာ ပထမဆုံး ဂိုဂူလျောစုဝေးရာနေရာကို ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ဆက်တွဲရှာဖွေဖော်ထုတ်ခဲ့သည့် နေရာများစွာရှိပေသေးသည်။

'ဉာဏ်ကောင်းသည့် ယုန်များသည် ဝင်ပေါက်သုံးခုရှိသည်။'

မြို့တော်ကဲ့သို့သော နေရာတစ်ခုတွင် ဂိုဂူလျောများအတွက် စုဝေးရာနေရာ တစ်နေရာတည်းရှိရန်မှာ မဖြစ်နိုင်ပေ။

"အခု ကျွန်မတို့ တခြားစုဝေးရာနေရာကို တိုက်ခိုက်ကြမှာလား"

မီယာဆာမီးအာရာကာသည် ခေါင်းမော့လိုက်ကာ မေးလိုက်သည်။

"ဟီးဟီး အလျင်လိုစရာမလိုပါဘူး"

ဝမ်ချောင်သည် သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ကာ ရယ်လိုက်သည်။ ဂိုဂူလျောများကို အများအပြား သတ်ဖြတ်ခဲ့သောကြောင့် သူသည် ဤကိစ္စကို အချိန်တစ်ခုအထိ ရပ်ထားရပေမည်။ ထို့အပြင် သူ့တွင် လုပ်စရာရှိသေးသည်။

---

"ချောင်အာ ဒီကိုလာ"

ညအလွန်နက်သည့်အချိန် ဦးကြီးဝမ်ကန်း၏ အိမ်တော် အဓိကခန်းမထဲတွင်ဖြစ်သည်။ ဆံပင်ကို ချထားကာ ဝတ်စုံပွပွကို ဝတ်ဆင်ထားသည့် ဝမ်‌ကန်းသည် ချင်ခင်ကြင်နာသည့်ပုံစံဖြင့် သူ့နေရာမှနေ၍ ဝမ်ချောင်ကို လက်ဟန်ဖြင့်ဖိတ်ခေါ်လိုက်သည်။

သူ့ရှေ့တွင် မွှေးကြိုင်သင်းပျံ့နေသည့် လက်ဖက်ရည်နှစ်ခွက်ကို တရုတ်ပန်းကန်ပြားတစ်ခုပေါ်တွင် တင်ထားသည်။ လက်ဖက်ရည်ခွက်မှ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်နေကာ ပတ်ဝန်းကျင်သို့ တိုးဝင်ပျောက်ကွယ်သွားသည်။ အခြားသစ်သားစားပွဲတစ်ခုပေါ်တွင် သပ်ရပ်စွာပြင်ဆင်ထားသော အဆာပြေမုန့်ငါးပန်းကန် ရှိနေသည်။

ဤပြင်ဆင်မှု ပြုလုပ်ထားခြင်းမှ ဝမ်ကန်းသည် ဝမ်ချောင်လာမည်ကို သိနေပုံပေါ်သည်။

"ဦးကြီး"

ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုနှင့်အတူ ဝမ်ချောင် ဦးညွှတ်လိုက်သည်။ လွန်ခဲ့သည့်လတွင် ဦးကြီး၏ မျက်နှာသည် အလွန်ကောင်းမွန်လာခဲ့သည်။ သူသည် အဆင်ပြေနေခဲ့ပုံပေါ်ကာ သူ သဘာဝအတိုင်း ထုတ်လွှတ်နေသည့် အရှိန်အဝါပင်လျှင် ကြီးထွားလာခဲ့သည်။

"ဂုဏ်ပြုပါတယ် ဦးကြီး။ ကြည့်ရတာ နောက်တစ်ကြိမ် ရာထူးတိုးသွားပုံပဲ”

ဝမ်ချောင် ရယ်မောလိုက်သည်။

"မင်း ကောင်ဆိုးလေး ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ ငါ့ရဲ့လက်ရှိရာထူးမှာ ခြေတစ်လှမ်းတိုးဖို့ဆိုတာ ကောင်းကင်ကို တက်ရသလို ခက်ခဲတယ်။ ဘယ်လိုလုပ် အဲလိုလွယ်လွယ်ကူကူနဲ့ ရာထူးတိုးနိုင်မှာလဲ”

ဦးကြီးဝမ်ကန်းသည် နောက်ပြောင်လျက် အပြစ်တင်လိုက်သည်။

သူသည် အတိတ်တွင် သူ့မျက်နှာကို ဖြတ်ရိုက်သည့် ဤကဲ့သို့ နောက်ပြောင်မှုမျိုးကို ဝမ်ချောင်အား ဘယ်တုန်းကမှ နောက်ပြောင်ခွင့်မပြုခဲ့ပေ။ သို့သော် လက်ရှိတွင် သူသည် ဤတူလေးကို ပို၍ ပို၍ ကျေနပ်အားရလာခဲ့ပြီဖြစ်သည်။

သူ့အတွက် ရာထူးတိုးရန်မှာ မဖြစ်နိုင်သော်လည်း တော်ဝင်ရုံးတော်တွင် သူ၏ဩဇာအာဏာသည် ကြီးထွားလာသည်ကတော့ အမှန်ပင်ဖြစ်သည်။

ပြီးတော့ ဤအရာသည် ဝမ်ချောင်နှင့် နည်းလမ်းပေါင်းစုံမှ ဆက်စပ်နေပေသည်။ ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက်သည် အဖုအထစ်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားလာစေခဲ့သည်။ တစ်ချိန်တည်းတွင် အရာရှိများ၏ ထောက်ခံမှုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ဝမ်နှင့် စုန့်အကြား ရင်းနှီးသော ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားခြင်းဖြင့် စုန့်ဘုရင်သည် ဝမ်မျိုးနွယ်စုကို များစွာအကျိုးရှိစေသည်။ တော်ဝင်ရုံးတော်တွင် ဝမ်ကန်း၏ အဆင့်အတန်းသည် အဆင့်တစ်ဆင့်တိုးလာတာ သဘာ၀ကျသည်။

"မင်းလာတာ ယန်ကျိုးကိစ္စအတွက်လား"

ဝမ်ကန်းမေးလိုက်သည်။

"အင်း"

ဝမ်ချောင် ပြုံးလိုက်သည်။

"ဦးကြီး တော်ဝင်ရုံးတော်မှာ လက်ရှိအခြေအနေက ဘယ်လိုလဲ"

"ဘာဖြစ်နိုင်ဦးမှာလဲ။ ကျန့်ချိုးကျင်းချိုက သူ့လမ်းကို အတင်းတိုးရုံသာ တတ်နိုင်တယ်။ နောက်ဆုံး နယ်စပ်က စစ်ဘက်အရာရှိတစ်ယောက်ဟာ တော်ဝင်ရုံးတော်အရေးကို ရုတ်တရက် ဝင်ရောက်စွက်ဖက်တယ်လို့ စဉ်းစားလိုက်ရင် လက်မခံနိုင်တဲ့သူတွေက အများကြီးရှိမယ်။ ဒါ့အပြင် သူသာ နိုင်ငံရေးအလယ်ဗဟိုကို အဲသလိုလွယ်လွယ်နဲ့ ဝင်နိုင်ခဲ့ရင် အံ့ဩစရာတစ်ခုဖြစ်လာလိမ့်မယ်”

ဝမ်ကန်းသည် လက်ဖက်ရည်သောက်လိုက်ကာ သူ့ဘေးရှိထိုင်ခုံကို လက်ညိုးဖြင့် တို့လိုက်သည်။ သူ့ရည်ရွယ်ချက်ကို နားလည်ကာ ဝမ်ချောင်သည် သူ့ဘေးသို့ အပြုံးဖြင့် လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။

"ချောင်အာ ငါမင်းကို နောက်တစ်ကြိမ်မေးပါရစေ။ ကျန့်ချိုးကျင်းချိုက တော်ဝင်ရုံးတော်ထဲကို ဝင်နိုင်မှာ မင်းသေချာရဲ့လား”

ဝမ်ကန်းသည် သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ကာ လေးနက်စွာဖြင့် မေးလိုက်သည်။ ဤသည်မှာ ကြီးမားသော သက်ရောက်မှုများရှိသည့် ကိစ္စဖြစ်သည်။ ထိုသည်ကို သူ အတည်ပြုရပေမည်။

"ဒါပေါ့ အဲဒီပုဂ္ဂိုလ်က သူ့ကို ထောက်ပံ့ပေးနေတယ်”

ဝမ်ချောင်ပြောလိုက်ကာ ခေါင်မိုးပေါ်သို့ ညွှန်ပြလိုက်သည်။

ဝမ်ကန်းမျက်မှောင်ကြုတ်လိုက်သည်။ သူ့ကဲ့သို့ ဉာဏ်ကောင်းသော လူတစ်ယောက်အနေဖြင့် ဝမ်ချောင်ဆိုလိုသည်ကို နားမလည်ရန် မဖြစ်နိုင်ပေ။ ကောင်းကင်ပေါ်သို့ ညွှန်ပြခြင်း... သဘာဝအားဖြင့် ဤသည်မှာ ပညာရှင်ဧကရာဇ်ကို ရည်ညွှန်းပေသည်။

ပညာရှင်ဧကရာဇ်၏ အဆင့်အတန်းကို စဉ်းစားလိုက်ပါက သူနှင့် ကျန့်ချိုးကျင်းချိုကြားတွင် အပြန်အလှန်ဆက်ဆံရေး ရှိနေရန်မှာ မဖြစ်နိုင်ပေ။

ကျန့်ချိုးကျင်းချိုသည် ကျင်းနန်တွင် ဆယ်စုအ‌တော်ကြာ စောင့်ကြပ်နေခဲ့သော်လည်း သူသည် မည့်သည့် အကျိုးပြုမှုမျှ အောင်မြင်ခဲ့ခြင်းမရှိ‌ပေ။ သူ၏ ဤကဲ့သို့ အကျိုးပြုမှုဖြင့် သူ့အတွက် စစ်မှုထမ်းဌာနသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။

ထိုသည်မှာ ပညာရှင်ဧကရာဇ်၏ ရည်ရွယ်ချက်မဟုတ်သောကြောင့် လူတစ်ဦးသာ ကျန်ပေတော့သည်။

ကြင်ရာတော်ထိုက်ကျန်း...။

မျက်စိတစ်မှိတ်အတွင်းမှာပင် အတွေးများစွာသည် ဝမ်ကန်းစိတ်ထဲ ဖြတ်သန်းသွားခဲ့သည်။ ကြင်ရာတော်ထိုက်ကျန်းနှင့် ယန်ကျိုးတို့သည် ဝမ်းကွဲမောင်နှမများ ဖြစ်ကြကာ အတိတ်တွင် ယန်ကျိုးသည် ကျန့်ချိုးကျင်းချိုနှင့် အဆက်အဆံတချို့ရှိခဲ့‌သည်။

ထိုသည်ကို ဆက်စပ်ကြည့်ရန် ခက်ခဲခြင်းမရှိပေ။

ပညာရှင်ဧကရာဇ်သည် အမျိုးသမီးများအပေါ် စိတ်ဝင်စားမှုကို များများစားစား ပြသခြင်းမရှိပေ။ သို့သော် အချို့သောအကြောင်းပြချက်ကြောင့် သူ့တွင် ကြင်ရာတော်ထိုက်ကျန်းအတွက် အထူးချို့ယွင်းချက်ရှိခဲ့သည်။ အမှန်တွင် သူမအတွက် သူသည် တော်ဝင်ရုံးတော်တစ်ခုလုံးနီးပါးကို ဆန့်ကျင်ခဲ့ပြီး စုန့်ဘုရင်ကို ရာထူးမှ ဖယ်ရှားရန် ဆန္ဒရှိခဲ့သည်။

အကယ်၍ ကြင်ရာတော်ထိုက်ကျန်းသည် ကျန့်ချိုးကျင်းချိုကို တော်ဝင်ရုံးတော်ဆီသို့ တွန်းတင်ရန် ရည်ရွယ်ထားပါက ဤသည်ကို ပညာရှင်ဧကရာဇ်၏ ရည်ရွယ်ချက်ဟုလည်း အမှန်ပင်ယူဆနိုင်ပေသည်။ ကျန့်ချိုးကျင်းချို၏ အကျိုးဆောင်မှုသည် မည်မျှ နည်းပါးစေကာမူ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်သူများသည် မည်မျှများပြာနေပါစေ ပညာရှင်ဧကရာဇ်၏ ‌ကျောထောက်နောက်ခံပြုမှုဖြင့် သူသည် တော်ဝင်ရုံးတော်၏ ဗဟိုသို့ ဝင်ရောက်နိုင်ပေသေးသည်။

"ချောင်အာ..."

ဝမ်ကန်းသည် ဝမ်ချောင်ကို ကြည့်လိုက်ကာ သူ့မျက်လုံးများ၌ ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်လာခဲ့သည်။ ငယ်ရွယ်သော်လည်း ဝမ်ချောင်သည် နိုင်ငံရေးတွင် ထူးချွန်သော အရည်အချင်းရှိသူဖြစ်သည်ကို သူ အသိအမှတ်ပြုရပေမည်။

အကယ်၍ အတိတ်တွင်သာဆိုပါက ဝမ်ကန်းသည် အနည်းငယ် မနာလိုအားကျ ဖြစ်ပေလိမ့်မည်ဖြစ်သည်။ သို့သော် ယခု... ဝမ်ချောင်တွင် ဤကဲ့သို့ အားကောင်းသည့် ခေါင်းဆောင်မှုမျိုးကို တွေ့ရသည်မှာ ဝမ်မျိုးနွယ်စုအတွက် အကြီးမားဆုံးသော ကံကောင်းမှုပင်ဖြစ်သည်။

"ဘာလုပ်ရမလဲ ငါသိပြီ"

ဝမ်ကန်းခေါင်းညိတ်လိုက်သည်။

"မနက်ဖြန်ကျရင် ရှေ့ထွက်ပြီး ကျန့်ချိုးကျင်းချိုကို ‌ထောက်ခံကြောင်း တရားဝင်ကြေညာမယ်။ တော်ဝင်ရုံးတော်ရဲ့ ယုတ်မာတဲ့ ငနဲတွေက ထိုးနှက်ချက်ရဲ့ ပြင်းထန်တဲ့ဒဏ်ကို ခံယူဖို့ ရှေ့ဆုံးကနေ ထွက်ရပ်မဲ့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေတာဖြစ်နိုင်တယ်”

ဝမ်ချောင်သည် သူ့ဦးကြီး၏ စကားလုံးများကို ကျိတ်၍ ရယ်မောလိုက်သည်။ တခြားသူများသည် ဤကဲ့သို့သောအတွေးများ အမှန်ပင် ဆုပ်ကိုင်ထားကြသော်လည်း သူ့ဦးကြီးသည်လည်း အတူတူပင် ဖြစ်သည် ဟု ဆို၍ရသည်။

"ဟုတ်သားပဲ ဦးကြီး ကျူးယန်ကောဘယ်သွားခဲ့လဲ"

ဝမ်ချောင်မေးလိုက်သည်။

"မင်းမသိဘူးလား"

ဝမ်ကန်းသည် အံ့အားသင့်မှုဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ကျူးယန်က ရှန်းဝေလေ့ကျင့်ရေးစစ်စခန်းကို သွားခဲ့တယ်၊ သူ မင်းကိုဒီအ‌ကြောင်း မပြောပြခဲ့ဘူးလား”

ဝမ်ချောင် သူ့ခေါင်းကို ယမ်းပြလိုက်သည်။ သူသည် သူ၏ဤဒုတိယအစ်မသည်လည်း ခွန်းဝူသို့ လာလိမ့်မည်ဟု ထင်ခဲ့သည်။ သူမသည် ပို၍ကြီးကျယ်ခမ်းနားသည့် ရှန်းဝေလေ့ကျင့်ရေးစစ်စခန်းသို့ သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်မကူးခဲ့ချေ။

သို့သော် ထိုအကြောင်းကို တွေးကြည့်လျှင် ထိုသို့ပြုလုပ်သည်မှာ သူမ၏ပုံစံပင် ဖြစ်သည်။

--------

ဦးကြီးဟအိမ်တော်မှ ထွက်ခွာလာခဲ့ကာ ဝမ်ချောင်သည် တွဲလဲကျနေသော ကျောက်စိမ်းစင်မြင့်(မြို့အနောက်ပိုင်း ဂိုဂူလျောတို့ရဲ့ လောင်းကစားရုံအနီးက ကျောက်စိမ်းစင်မြင့်တစ်ခုနဲ့အတူတူပဲ)ဆီသို့ ဦးတည်လိုက်သည်။ ဆေးဆရာများ၏ လျှို့ဝှက်အဖွဲ့အစည်းနှင့် အဆက်အသွယ်လုပ်ခဲ့သည်မှာ နှစ်လရှိခဲ့ပြီဖြစ်သည်။

လက်ရှိတွင် သူသည် ဆေးခြောက်လုံးဝယ်ယူရန် ရှိပေသည်။

ဝမ်ချောင်အတွက် တော်ဝင်ရုံးတော်မှ ဆေးလုံးများသည် သူ့ကျင့်ကြံခြင်းအဆင့်လျင်မြန်စွာမြှင့်တင်ရန် အမှန်ပင် အကောင်းဆုံးအရင်းအမြစ်များဖြစ်ကြသည်။ ငွေအမြောက်အများ ပေးဆောင်ပြီးနောက် ဝမ်ချောင်သည် လက်ခြောက်ချောင်းကျန်း(အရင်က လက်ခြောက်ဖက်လို့ပြန်ခဲ့တယ် ဆောတီး) ထံမှ သူလိုအပ်သည့်အရာကို ရရှိခဲ့သည်။

ဆေးလေးလုံးမှာ သူ့ကျင့်ကြံဆင့် မြှင့်တင်ရန်ဖြစ်ပြီး နှစ်လုံးမှာ ပြန်လည်ကုစားခြင်းဆေးလုံးဖြစ်သည်။

သူတို့ကို လက်ခံပြီးနောက် ဝမ်ချောင်သည် ကျင့်ကြံခြင်းဆေးလုံးများကို ချက်ချင်းသုံးစွဲလိုက်သည်။

ဟောင်းလောင်

ဆေးလေးလုံးကို တစ်ပြိုင်တည်းသုံးစွဲလိုက်ကား ဝမ်ချောင်၏အရှိန်အဝါသည် တလိမ့်လိမ့် ထွက်ပေါ်လာတော့သည်။ ခဏအတွင်းမှာပင် မူလစွမ်းအင်အဆင့် ၈ နှင့် ယှဉ်၍ရသော အဆင့်အထိ မြင့်တက်သွားခဲ့သည်။

၀ုန်း...

ကမ္ဘာမြေ တုန်ခါသွားစေသည့် ပေါက်ကွဲသံပေါ်လာခဲ့ကာ စူးရှသော အသံသည် ဝမ်ချောင်၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မူလစွမ်းအင်လှိုင်းလုံးသည် သူ့ခန္ဓာကိုယ်အနှံ့ဖြတ်သန်းသွားကာ သူ့အရိုးများနှင့် ကြွက်သားများကို သန့်စင်သွားစေသည်။

ရုတ်တရက်ပင် သူသည် အကွာအဝေးတစ်ခုရှိ ဝိုးတဝါးအသံများသည် ရှင်းလင်းလာကာ ပို၍ ပီပြင်လာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် သူ့အမြင်အာရုံသည်လည်း ပို၍ စူးရှလာခဲ့သည်။

သူ့ရှေ့ရှိ အမှောင်ထုမှာ အနည်းငယ်ပါးလျသွားပုံရသည်။

"ဂုဏ်ပြုပါတယ် သခင်လေး။ နောက်ဆုံးတော့ မူလစွမ်းအင် အဆင့် ၈ ကို ရောက်သွားပြီပေါ့”

မီယာဆာမီးအာရာကာသည် လေးနက်စွာ ဦးညွှတ်လိုက်သည်။ ဝမ်ချောင်ပြောင်းလဲသွားသည်ကို သူမ ခံစားလိုက်ရသည်နှင့် သူမသည် သူ့အစီအစဉ်များကို ချက်ချင်းနားလည်လိုက်သည်။

သူ့အစီအစဉ်သည် အမှန်တကယ်တွင် ရိုးရှင်းလှသည်။ သူသည် မူလစွမ်းအင်အဆင့် ၈ သို့ တို့မြှင့်ရန် ဆေးလုံးများကို ဤနေရာ၌ အသုံးပြုမည်ဖြစ်ပြီး သူ၏ မြင့်မားလာသည့် ကျင့်ကြံခြင်းဖြင့် ချောင်းမြောင်းတိုက်ခိုက်မှုများတွင် ပို၍ လွယ်ကူလာစေလိမ့်မည်ဖြစ်သည်။

"ဟီးဟီး အမှန်ပဲ။ နောက်ဆုံးတော့.."

သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသည့် ကြီးမားသည့် စွမ်းအားကို ခံစားလိုက်မိကာ ဝမ်ချောင် ဝမ်းသာပျော်ရွှင်သွားခဲ့သည်။ မူလစွမ်းအင်အဆင့် ၈ သို့ရောက်ရှိပြီးနောက် သူ့အမြင်အာရုံနှင့် ခွန်အားသည် အလွန်တိုးတက်လာမည်ဖြစ်သည်။

ပို၍ အ‌ရေးကြီးသည်မှာ သူ့မူလစွမ်းအင် တိုးတက်လာခြင်းနှင့်အတူ သူသည် အမြန်နှုန်းအမျိုးအစား လျှို့ဝှက်ပညာရပ်များကို ကျင့်ကြံနိုင်တော့မည်ဖြစ်သည်။

ခွန်အား၊ လက်ကျွမ်းကျင်မှု နှင့် အမြန်နှုန်း ဤအရာအားလုံးသည် သိုင်းပညာရှင်တစ်ဦးအတွက် အခြေခံကျသည့်အရာများဖြစ်ကြသည်။

သူမ၏ တစ္ဆေခြေလှမ်းကိုယ်၌ဖြင့်ပင် မီယာဆာမီးအရာကာသည် ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်လာနိုင်ခဲ့သည်။ သို့သော် ဝမ်ချောင်၏ ပန်းတိုင်သည် ပို၍ မြင့်မားပေသည်။

'ထက်မြလွန်းသည့် ပုဆိန်ဖြင့်သာလျှင် သစ်တစ်ပင်ကို လှဲနိုင်ပေသည်'

အကယ်၍ ဝမ်ချောင်သာ သူ့အမြန်နှုန်းကို မြှင့်တင်နိုင်ခဲ့ပါက ဂိုဂူလျောများကို ရင်ဆိုင်ရန်မှာ သူ့အတွက် ပို၍လွယ်ကူသည့်လုပ်ဆောင်ချက်ဖြစ်လာပေလိမ့်မည်ဖြစ်သည်။

ဝမြးးး

ထို့ကြောင့် ဝမ်ချောင်သည် သူ့ကိုယ်သူ လေ့ကျင့်ခြင်း၌ နစ်မြုပ်စေလိုက်ကာ အသက်ရှူချိန်တစ်ခုအတွင်း သူသည် သူ့လူရိုင်းနတ်ဘုရားစွမ်းအားကို အဆင့် ၈ သို့ လေ့ကျင့်ခဲ့သည်။ ဤချိုးဖောက်မှုနှင့်အတူ သူ့ပေါက်ကွဲမှုစွမ်းအားသည် ယခုတွင် အားနည်းသည့် သိုင်းပညာရှင် အဆင့် ၉ များကိုပင် ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းဓားချီကို အသုံးမပြုလျှင်ပင် သူသည် ထိုကဲ့သို့ စွမ်းဆောင်ရည်(အဆင့်၉)ရှိသော ကျွမ်းကျင်သူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။

ကြမ်းပြင်ပေါ် ခြေချိတ်ထိုင်လျက် ဝမ်ချောင်သည် မည်သည့်အမြန်နှုန်း အမျိုးအစား လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံရမည်လဲဆိုသည်ကို တခဏမျှ စဉ်းစားလိုက်သည်။

သရဲခြေလှမ်း...။

ဤလျှို့ဝှက်ပညာရပ်သည် မီယာဆာမီးအာရာကာ၏ တစ္ဆေခြေလှမ်းနှင့် အလွန်ဆင်တူပြီး ၎င်းသည် ပေါ့ပါးကာ ထင်သာမြင်သာ မရှိဘဲ လျင်မြန်သောလှုပ်ရှားမှုများကို အာရုံစိုက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သရဲခြေလှမ်းသည် တစ္ဆေခြေလှမ်းကဲ့သို့ ကြီးမားသည့် အားနည်းချက်မရှိပေ။ သူ့ကို ကျင့်ကြံခြင်းဖြင့် အပြင်းအထန် ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးသည်အထိပင် ဖြစ်စေလိမ့်မည် မဟုတ်ပေ။

တစ္ဆေခြေလှမ်းနှင့် နှိုင်းယှဉ်ရလျှင် ဤလှုပ်ရှားမှုနည်းစနစ်သည် ပို၍ ပြီးပြည့်စုံပေသည်။

ဝမြးးး

မူလစွမ်းအင်လှိုင်း တစ်လှိုင်းပြီးတစ်လှိုင်းသည် ဝမ်ချောင်ကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့သည်။ သို့သော် သူ့လေ့ကျင့်ခဲ့သည့် အခြားနည်းစနစ်များနှင့် မတူညီဘဲ သူ့ခန္ဓာကိုယ်ကို တစ်ပတ် လှည့်ပတ်ပြီးနောက် မူလစွမ်းအင်လှိုင်းသည် သူ့ခြေထောက်ရှိ သွေးကြောဆုံမှတ်နှင့် မရီဒျန်ဆီသို့ တိုးဝင်သွားသည်။

ခြေထောက်သည် လှုပ်ရှားမှုအတွက် အဓိကအရာဖြစ်သည်။ သို့ဖြစ်၍ သရဲခြေလှမ်းဖြစ်စေ တစ္ဆေခြေလှမ်းဖြစ်စေ လိုအပ်သည့် သွေးကြောဆုံမှတ်များနှင့် မရီဒျန်များသည် ခြေထောက်များ၌သာ ဗဟိုပြုပေသည်။

ဤသည်မှာ အမြန်နှုန်းအမျိုးအစားလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံသည့် ဝမ်ချောင်၏ ပထမဆုံး အကြိမ်ဖြစ်၍ သူ့အတွက် လွယ်ကူနေခြင်း မရှိခဲ့ပေ။ သို့သော် သူယခုလေးတင်အသုံးပြုခဲ့သော ဆေးလေးလုံးမှ ကြွင်းကျန်ရစ်သောဆေးစွမ်းအင်များဖြင့် ဝမ်ချောင်သည် သူ့ခြေထောက်ရှိ များပြားသည့် သွေးကြောဆုံမှတ်များနှင့် မရီဒျန်များကို ဖွင့်လှစ်နိုင်ပေသေးသည်။

ဘန်း ဘန်း ဘန်း

စူးရှသည့် အသံများထွက်ပေါ်လာခဲ့ကာ မရေမတွက်နိုင်သည့် မရီတန်းများနှင့် သွေးကြောဆုံမှတ်များ ပွင့်လှစ်သွားကြောင်း ထင်ဟပ်ပြသနေပေသည်။

-----

နှစ်ရက်ကြာပြီးနောက်...

ရွှက်

အရိပ်တစ်ခုသည် ရုတ်တရက် ဖြတ်သန်းသွားခဲ့သည်။ သရဲတစ်ကောင်နှင့်တူသော ပုံရိပ်တစ်ခုသည် အခန်းထဲမှ ဖြတ်သန်းသွားခဲ့ပြီး တံခါးကို ဖြတ်သွားခဲ့ကာ မျက်စိတမှိတ်အတွင်း အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

တံခါးတွင်စောင့်‌ကြပ်နေသည့် မီယာဆာမီးအာရာကာသည် ဖြစ်ပျက်ခဲ့သည်များကို မသိနိုင်ခင်မှာပင် သူမရှေ့၌ ရပ်နေသည့် ရင်းနှီးသည့်ပုံရိပ်ကို ရုတ်တရက်တွေ့လိုက်ရသည်။

"သ..သခင်လေး"

လရောင်အောက်တွင် ဝမ်ချောင် ရုတ်တရက်ပေါ်လာခြင်းသည် သူမကို ထိတ်လန့်သွားစေခဲ့သည်။ သူမသည် ဝမ်ချောင်ကို အံ့အားသင့်စွာစိုက်ကြည့်လျက် သူမ၏မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေခဲ့သည်။

ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်သူအဖြစ် သူမ၏ အာရုံခံစားမှုများသည် ရွယ်တူများထက် အဆပေါင်းများစွာ ထက်မြက်သည်။ သို့သော် သို့ဆိုလျှင်ပင် သူမသည် ဝမ်ချောင်အခန်းထဲမှ ပျောက်ကွယ်သွားခဲ့ကာ သူမဘေးတွင် ပေါ်လာသည်ကို သတိမပြုမိခဲ့ချေ။

ဤကဲ့သို့ နီးကပ်သည့်အကွာအဝေးမှပင်လျှင် သူမသည် ဝမ်ချောင်၏ တည်ရှိနေမှုကို လုံးဝခံစားနိုင်ခြင်း မရှိခဲ့ပေ။ အမှန်တွင် သူမရှေ့ရှိ ပုံရိပ်သည် သူမ၏အမြင်အာရုံတွင် အနည်းငယ်ဝေဝါပြီး မထင်မရှားဖြစ်နေသေးသည်ကို သူမတွေ့ရှိလိုက်ရသည်။

"ဒါက ဘယ်လိုနည်းစနစ်အမျိုးအစားလဲ"

မီယာဆာမီးအာရာကာသည် ကြက်သေသေသွားခဲ့သည်။ ဝမ်ချောင်၏ အမြန်နှုန်းနည်းစနစ်သည် သူမဟာထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ ခံစားနိုင်ပေသည်။

-----

Phantom Steps ဝမ်ချောင် ကျင့်ကြံတဲ့ သရဲခြေလှမ်း ပါ။

Spectre Steps မီယာဆာမီးအာရာကာ ကျင့်ကြံတဲ့ တစ္ဆေခြေလှမ်း ပါ။

အဓိပ္ပာယ်အတူတူပါပဲ။ သုံးထားတဲ့ စကားလုံးတော့မတူဘူးပေါ့ဗျာ။ ကျွန်တော်လည်း မတူအောင်လိုက်ရေးလိုက်ပါတယ်လို့ အဟမ်း။

...

အပိုင်း ၂၄၂ မျက်လုံးတစ်ဖက် ဖက်တီး၊ ရွှံ့နွံမြေချီစက်ကွင်း

"ဟီးဟီး မီယာဆာမီး ငါ့ကို မိအောင်ဖမ်း"

ဝမ်ချောင်သည် ပြုံးလိုက်ကာ အမှောင်ထုကြားတွင် နှင်းကဲ့သို့ ဖြူဖွေးသောသွားများ ပေါ်လာသည်။

"သခင်လေး ဒါဆို ကျွန်မ ထိန်းမထားတော့ဘူးနော်"

ထိုစကားလုံးများကို ကြားသည်တွင် မီယာဆာမီးအာရာကာသည် အော်ရယ်လိုက်သည်။ ရိုးရိုးသားသား ဝန်ခံရလျှင် သူမသည်လည်း ဝမ်ချောင် မည်မျှတိုးတက်လာသည်လည်း သိချင်နေပေသည်။

ဝမ်ချောင်၏ ခြေလှမ်းကွက်များသည် သူမထက်ပို၍ ပြောင်မြောက်သော်လည်း သူ့ကိုဖမ်းနိုင်မည်ဟု သူမ ယုံကြည်ချက်ရှိပေသေးသည်။ အနည်းဆုံးတော့ သူတို့၏ ကျင့်ကြံခြင်းကွာခြားချက်ဖြင့် ကုစား၍ရနိုင်သည်။

ဝမ်ချောင်သည် သူမနှင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုနှစ်ကြိမ်စလုံးမှာ ထိပ်တိုက်တိုက်ခိုက်ခြင်း မဟုတ်ပေ။ ပထမအကြိမ်တွင် သူက လှည့်ကွက်များကို အားကိုးခဲ့ပြီး ဒုတိယအကြိမ်တွင် သူမကို လီကျူးရှင်က ဒဏ်ရာအပြင်းအထန်ရစေခဲ့ချိန်တွင်ဖြစ်သည်။

တိုက်ခိုက်ခြင်းစွမ်းရည်တွင် မီယာဆာမီးအာရာကာသည် ဝမ်ချောင်ထက် အပုံကြီးသာပေသည်။

"သခင်လေး ကျွန်မလာပြီနော"

ရယ်မောလိုက်ကာ မီယာဆာမီးအာရာ၏ ကျုံ့ဝင်နေသော မျက်ခုံးများသည် ကွဲသွားသည်။

ရှူးးး

မည်သည့်သတိပေးချက်မျှမရှိဘဲ အဝင်ပေါက်ရှိ အလင်းရောင်သည် ရုတ်တရက်ပုံပျက်သွားခဲ့ကာ တစ္ဆေတစ်ကောင်သည် ပျောက်ကွယ်သွားသကဲ့သို့ သူမသည် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။။

အကယ်၍ လူတစ်ယောက်သည် တစ္ဆေခြေလှမ်း၏ အနှစ်သာရကို နားလည်သဘောပေါက်သွားခဲ့ပါက ညအမှောင်ထုထဲသို့ ရောယှက်သွားနိုင်လိမ့်မည်ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်ပိုမြင့်သည့် သိုင်းပညာရှင်သည်ပင် ပါးလျသောအရိပ်ကို သတိပြုမိပေမည်။ ဖောက်ထွင်းမြင်နိုင်သော တစ္ဆေတစ်ကောင်သည် မြေပြင်အနှံ့ လှည့်ပတ်နေသကဲ့သို့ပင်။ ဤသည်မှာ ဤနည်းစနစ်နာမည် ဖြစ်ပေါ်လာပုံပဲဖြစ်သည်။

"သခင်လေး ကျွန်မရှင့်ကိုဖမ်းမိပြီ"

ဝမ်ချောင်နှင့် ချီအတော်ဝေးကွာသည့် နေရာတွင် မီယာဆာမီးအာရာကာသည် အောင်ပွဲခံသည့်အပြုံး ပြုံးလိုက်သည်။ ဝန်ခံရလျှင် ဝမ်ချောင်သည် အမှန်ပင် ပါရမီရှိသော်လည်း သူသည် သူမကို ယှဉ်နိုင်ရန် ဝေးသွာနေသေးသည်။

(တစ်မီတာ)

"မီယာဆာမီး မင်းသေချာရဲ့လား"

ညအမှောင်ထုထဲတွင် ရယ်သံတိုးတိုး ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် မည်သည့်အရပ်မျက်နှာမှ ထွက်ပေါ်လာသည်ကို လေ့လာရန် ခက်ခဲပေသည်။ သို့သော် သေချာသည်ကတော့ မီယာဆာမီးအာရာကာ ကြည့်နေသည့် နေရာမှမဟုတ်ပေ။ သူမ၏မျက်နှာသည် အံ့အားသင့်စွာဖြင့် ချက်ချင်း တွန့်လိမ်သွားခဲ့သည်။

ရွှက်

ထိတ်လန့်သွားခဲ့ကာ မီယာဆာမီးအာရာကာသည် အမြန်နှုန်းကို မြင့်လိုက်ပြီး ဝမ်ချောင်ကို ဖမ်းရန် ချက်ချင်းချီအတော်ဝေးဝေးသို့ ပြေးထွက်လိုက်သည်။ သို့သော်လည်း သူမကိုထိတ်လန့်သွားစေသည်မှာ သူမ၏လက်များသည် အမှန်ပင် ဘာမှမရှိသည့် နေရာသို့ ကျသွားသည်။ ဝမ်ချောင်သည် ပျောက်ကွယ်သွားခဲ့ကာ ယာယီနောက်ချန်ပုံရိပ်များကို ချန်ထားခဲ့သည်။

"သူ ပျောက်ကွယ်သွားခဲ့တာလား"

မီယာဆာမီးအာရာကာသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူမ၏လှုပ်ရှားမှုသည် ဘာမှမရှိသည့်နေရာသို့သာ ကျရောက်သွားမည်ဟု သူမမျှော်လင့်မထားခဲ့ပေ။ အစစ်အမှန် သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤဖြစ်ရပ်၏ အဓိပ္ပာယ်ကို သူမ နားလည်ပေသည်။

ဝမ်ချောင်သည် သူမ၏ရုတ်ချည်းတိုက်လိုက်မှုကို ရှောင်တိမ်းနိုင်သည်မှာ ဖြစ်နိုင်ချေတစ်ခုသာရှိပေသည်။ သူ့အမြန်နှုန်းသည် သူမအထက်တွင်ရှိပေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

မီယာဆာမီးအာရာကာသည် မယုံနိုင်ဖြစ်သွားသည်။ ဤဖြစ်ရပ်တစ်ခုလုံးသည် လက်သင့်ခံရန် သူမအတွက် ရယ်ရွှင်စရာကောင်းလှသည်။

သူမသည် ဝမ်ချောင်ကို ဘယ်တော့မှ လျှော့မတွက်ရဲခဲ့သော်လည်း ဤဖြစ်ရပ်သည် သာမန်အသိပညာများကို ဖီဆန်နေပုံပေါ်သည်။ ပို၍ထိတ်လန့်စရာကောင်းသည့်အရာမှာ သုံးကျန့်အကွာအဝေး၌ သူမသည် သူမကို ဖြီးပြနေသည့် ဝမ်ချောင်နှင့်ဆင်တူသည့် လူသုံးယောက်ကို တွေ့လိုက်ရသည်။

"သခင်လေး ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

မီယာဆာမီအရာကာသည် အံ့အားသင့်လျက် မသိစိတ်မှ ရေရွတ်လိုက်မိသည်။

ထိုဝမ်ချောင်သုံးဦးဆီမှ အရှိန်အဝါအနည်းငယ်မျှပင် မခံစားမိပေ။ သူမ၏အာရုံခံစားမှုသည် ထက်ရှသော်ငြားလည်း သူမသည် အတုနှင့်အစစ်ကို လုံးဝခွဲခြားနိုင်ခြင်းမရှိပေ။

"ဟီးဟီး ဒါကို သရဲခြေလှမ်းလို့ခေါ်တယ်"

အနည်းငယ်ဝေးကွာသည့် အကွာအဝေးတစ်ခုမှ အမှောင်ထုကြားတွင် ဝမ်ချောင်သည် ဟနေသည့်နံရံမှ ထွက်ပေါ်လာခဲ့သည်။ သူပေါ်ထွက်လာခဲ့ခြင်းနှင့်အတူ နောက်ချန်ပုံရိပ်သုံးခုသည် ပျောက်ကွယ်သွားခဲ့သည်။

"...ငါချန်ခဲ့တဲ့ ဒီနောက်ချန်ပုံရိပ်တွေကိုလည်း မင်းမြင်နိုင်မယ်။ ဒါကို မကျွမ်းသေးတော့ ခုချိန်မှ တစ်ပြိုင်နက်တည်း နောက်ချန်ပုံရိပ်သုံးခုကိုပဲ ငါချန်နိုင်သေးတယ်။ တကယ်လို့ ငါပိုပြီးတိုးတက်လာခဲ့ရင် နောက်ချန်ပုံရိပ် ခြောက်ဆယ် ခုနှစ်ဆယ်လောက်ကို ချန်နိုင်လိမ့်မယ် ဒါကြောင့် ရန်သူတွေကို လုံးဝစိတ်ရှုပ်ထွေးသွားစေနိုင်မယ်”

ဝမ်ချောင်သည် ယုံကြည်မှုရှိရှိဖြင့် လက်နောက်ပစ်ကာ နံရံမှ လမ်းလျှောက်ထွက်လာခဲ့သည်။

"ဒါပေမဲ့ ဘာလို့ ကျွန်မက ဒီနည်းစနစ်ကို တစ်ခါမှ မကြားခဲ့ဖူးတာလဲ"

မီယာဆာမီးအာရာကာသည် သံသယဖြင့် မေးလိုက်သည်။

"မင်းဒီအကြောင်းကို သိနေရင် အံ့ဩစရာဖြစ်သွားလိမ့်မယ်"

ဝမ်ချောင်သည် ကြိတ်၍ရယ်မောလိုက်သည်။ သဘာဝအားဖြင့် အစစ်အမှန်သရဲခြေလှမ်းသည် ဤမျှကြောက်မက်ဖွယ် မကောင်းပေ။ သို့သော် သူသည် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ကာ လိပ်အသက်ရှူခြင်းပညာရပ်နှင့် ပေါင်းစပ်ခဲ့သည်။

ဤသို့ဖြင့် သူ့နောက်ချန်ပုံရိပ်မှ ဝမ်ချောင်အစစ်ကို ရှာဖွေရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားစေသည်။

မီယာဆာမီးအာရာကာသည် ဝမ်ချောင် ဘာတွေပြောနေမှန်း နားမလည်ပေ။ သို့သော် မည်သို့ဖြစ်ပါစေ သူ့နည်းစနစ်သည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။

"သွားစို့ ဒီတစ်ကြိမ် မင်းအကူအညီကို လိုအပ်တယ်"

ထို့နောက် ဝမ်ချောင်သည် လှည့်လိုက်ကာ ညအမှောင်ထုထဲသို့ တိုးဝင်သွားခဲ့သည်။

မူလစွမ်းအင်အဆင့် ၈ ကို ရောက်ရှိခဲ့ပြီး သရဲခြေလှမ်းကို အောင်မြင်စွာ ကျင့်ကြံခဲ့သောကြောင့် ဝမ်ချောင်၏ ခွန်အား၊ အမြန်နှုန်း နှင့် လက်ကျွမ်းကျင်မှုများသည် တော်တော်တိုးတက်လာခဲ့သည်။

ထို့ကြောင့် ပို၍ခက်ခဲသည့်အရာကို စိန်ခေါ်ရန် သူဆုံးဖြတ်လိုက်သည်။

"ဒုတိယဂိုဂူလျောစုဝေးရာနေရာကို သွားကြည့်ကြစို့"

ဘာတွေဖြစ်လာမည်ကို တွေးတောလိုက်ကာ ဝမ်ချောင်၏ ပုံရိပ်သည် ညအမှောက်ထုအတွင်း ရောယှက်သွားခဲ့သည်။

-----

ညနက်လာသည်နှင့်အမျှ မြို့တော်သည် တိတ်ဆိတ်လာခဲ့သည်။ ရံဖန်ရံခါ ကင်းလှည့်နေသည့် တော်ဝင်စစ်သည်များနှင့် အရက်သမားများမှလွဲ၍ လမ်းပေါ်တွင် လူတစ်ယောက်မှ မတွေ့ရပေ။

မြို့တော်၏ အရှေ့မြောက်ဘက် ဝေးလံခေါင်သီလှသည့် ထောင့်တစ်နေရာတွင် မျက်လုံးတစ်ဖက်တည်း ရှိသော ဖက်တီးသည် ကပို့ကရို့၀တ်စုံဖြင့် လမ်းများ၏ အစွန်းတစ်လျှောက်တွင် လမ်းလျှောက်နေခဲ့သည်။

သူသည် ချမ်းသာသည့်သာမန်ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင်ထားသော်လည်း သူ့အမူအရာသည် သူ့အသွင်အပြင်နှင့် ကွဲလွဲနေပေသည်။

သူ့ခြေသံများသည် အားပြင်းလှကာ သူ့လက်မောင်းများသည် ခါးပေါ်တွင် တင်ထားခဲ့ကာ အလေ့အကျင့် မရှိသည်မှာ ဖြစ်နိုင်သည်။

ဟူ

ရုတ်တရတ် အသံအနည်းငယ် မြည်လာပြီး မျက်လုံးတစ်ဖက်ဖက်တီး၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားခဲ့သည်။ သူသည် အသံလာရာဖက်သို့ သတိဖြင့် ချက်ချင်းလှည့်ကြည့်လိုက်သည်တွင် သိပ်မဝေးသည့် သစ်တောထဲမှ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးကို မြင်လိုက်သည်။

လူငယ်သည် သစ်ပင် ပင်စည်ကို မှီ၍ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ လုပ်ပြလိုက်သည်။ အေးစက်သည့် လှောင်ပြုံးတစ်ခုကို သူ့မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည်။

"ဂိုဂူလျောဝက်ပုတ်ကြီး"(Goguryeon club)

ထိုလူငယ်၏ နှုတ်ခမ်းသည် လှုပ်သွားခဲ့ကာ ဂိုဂူလျောဘာသာစကား (Koguryoan ဘာသာစကား)ဖြင့် ဤစကားနှစ်ခွန်းကိုသာ ရေရွတ်လိုက်သည်။

ထိုစကားနှစ်ခွန်းကို ကြားသည်တွင် မျက်လုံးတစ်ဖက်လပ်ဖက်တီး၏ မျက်နှာသည် တွန့်ချိုးသွားခဲ့သည်။ ကြီးမားသည့် အရှက်ခွဲမှုကို ကြုံလိုက်ရသကဲ့သို့ပင် သူ့မျက်နှာသည် ကြမ်းကြုတ်မှုဖြင့် ရှုံ့မဲ့သွားတော့သည်။

"ခွေးမသား"

ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို အတည်ပြုပြီးနောက် မျက်လုံးတစ်ဖက်ဖက်တီးသည် အံကြိတ်လိုက်ကာ သူဝတ်ထားသည့် ဖိုသီဖက်သီအင်္ကျီကို ချွတ်လိုက်သည်။

ထိုလျော့ရဲရဲအင်္ကျီအောက်တွင် အနက်ရောက်ဝတ်စုံအစုံလိုက်ကို ဝတ်ဆင်ထားကာ ဂိုဂူလျောဆေဘာဓားသုံးချောင်ကို ဖုံးအုပ်ထားခဲ့သည်။

"မင်းက သေချင်နေတာပဲ"

မျက်လုံးတစ်ဖက်ဖက်တီး၏ မျက်လုံးများ(သူက eyes လို့ရေးထားတာ :3)သည် အေးစက်သွားခဲ့ကာ ဆေဘာဓားနှစ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတစ်ချောင်းကို ချိုင်းအောက်တွင်ထားလိုက်ကာ အံ့ဩစရာကောင်းသည့် အမြန်နှုန်းဖြင့် လှုပ်ရှားလိုက်သည်။

ရွှက်

မြေပြင်ကို ပြင်းထန်စွာ လျှောက်နင်းလိုက်ကာ သူ၏ ပုပြီးတောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်သည် လေးညှို့ထဲမှ မြားတစ်စင်းကဲ့သို့ ဝမ်ချောင်ဆီသို့ ဦးတည်သွားလိုက်သည်။

မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် သူသည် တစ်ဆယ်ကျန့်အကွာအဝေးကို တစ်ခဏအတွင်းဖြတ်သန်းလိုက်သည်။

ဝမြးးးး

မျက်စိတစ်ဖက်ဖက်တီးမှ မယုံနိုင်စရာကောင်းသည့် သိုင်းပညာရပ်ကို ထုတ်ဖော်လိုက်သည်ကို မြင်သည်တွင် လူငယ်သည် အံ့အားသင့်သွားပုံရသည်။ သူ့ကိုယ်သည် တုန်ခါလာခဲ့ကာ သစ်တောထဲသို့ ချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။

"ထွက်ပြေးဖို့ စဉ်းစားနေတာလား။ အရမ်းနောက်ကျသွားပြီ”

ပြင်းထန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မျက်လုံးတစ်ဖက်ဖက်တီးဆီမှ ထွက်ပေါ်လာခဲ့သည်။

ရွှက် ရွှက်

သူသည် သစ်တောထဲသို့ မရောက်ခင်မှာပင် မယုံနိုင်စရာကောင်းသည့် ဆေဘာဓားချီနှစ်ခုကို ပစ်လွှတ်လိုက်ကာ ဧရာမသစ်ပင်တစ်ပင်စီကို ပိုင်းဖြတ်သွားခဲ့သည်။ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကာ သစ်တစ်ပင်စီ၏ အဖြတ်ခံလိုက်ရသည့်နေရာတွင် ကြေးမုံကဲ့သို့ ချောမွေ့နေသည့် ညီညာသော ပိုင်းဖြတ်ချက်များ ပေါ်လာခဲ့သည်။

"သေစမ်း"

ဆေဘာဓားချီများ လျင်မြန်သကဲ့သို့ပင် ဖက်တီးသည် လုံးဝ နှေးကွေးမနေခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သစ်တောထဲ ရောက်လာခဲ့ပြီးဖြစ်သည်။

ချီ ချီ

မျက်လုံးတစ်ဖက်ဖက်တီး သစ်တောထဲသို့ ရောက်လာပြီး မကြာမီမှာပင် ပုံရိပ်နှစ်ခုသည် သူ့ညာဘက်နှင့် ဘယ်ဘက်သို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်။

မီယာဆာမီးအာရာကာ၏ လက်အတွင်းရှိ ဓားမြှောင်သည် မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် ဖက်တီးဆီသို့ တိုးဝင်သွား၏။ တစ်ချိန်တည်းတွင် ဝမ်ချောင်သည်လည်း သရဲခြေလှမ်းကို အသုံးပြုပြီး ပြေးထွက်သွားလိုက်ကာ မျက်စိကျိန်းလောက်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီကို ယင်ယန်ငယ်ဓားမှတဆင့် ပစ်လွှတ်လိုက်သည်။

ဘုန်းးး

သို့သော် မျက်စိတစ်ဖက်ဖက်တီး၏ တုံ့ပြန်မှုသည် လျင်မြန်လှသည်။ သတ်ဖြတ်ခြင်းဓားချီ ထွက်ပေါ်လာသည်နှင့် သူသည် ချက်ချင်း အားကောင်းလှသည့် ကြယ်တာရာစွမ်းအင်လွှမ်းမိုးခြင်းကို ဆင့်ခေါ်လိုက်သည်။(ရှေ့မှာ ကြယ်တာရာစွမ်းအင် ဒလဟောကျဆင်းလာခြင်း လို့ ပြန်ထားပါတယ် အတူတူပါပဲ လို့ စုပြုံကျလာတာပါ။)

သာမန်မူလစွမ်းအင်အဆင့် ၉ ကျင့်ကြံသူ၏ ကြယ်တာရာစွမ်းအင် လွှမ်းမိုးခြင်းနှင့် မတူညီစွာ မျက်လုံးတစ်ဖက်ဖက်တီးသည် ပို၍ အားကောင်းပေသည်။ ကြယ်တာရာစွမ်းအင်လွှမ်းမိုးခြင်း၏ လှုပ်ခါမှုအောက်တွင် ဝမ်ချောင်၏ သတ်ဖြတ်ခြင်းဓားချီသည် သိသိသာသာ အားနည်းသွားတော့သည်။

သို့သော် ဤသို့ဆိုလျှင်ပင် သတ်ဖြတ်ခြင်းဓားချီ ထိုးဖောက်နိုင်ခြင်း မရှိသည့်အရာ မရှိသလောက်နီးပါးပင် ဖြစ်သည်။ ဓားချီသည် အစစ်အမှန် သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ ချီစက်ကွင်းကိုပင် ထိုးဖောက်နိုင်ပေသည်။

"မင်း... ခွေးကောင် မင်းမှာ ဒီလိုအကွက်ရှိတယ်ပေါ့"

အန္တရာယ်ကို အာရုံခံမိလိုက်ကာ ဂိုဂူလျောစစ်သည်သည် တုံ့ဆိုင်း‌မနေဘဲ ချက်ချင်း သူ့ဆေဘာကို မြှောက်လိုက်ကာ

ဘုန်းးး

သူသည် ဝမ်ချောင်၏သတ်ဖြတ်ခြင်းဓားချီကို သူ့ဆေဘာဓားဆန္ဒဖြင့် အဝေးသို့ လွင့်ထွက်သွားသည်။ တစ်ချိန်တည်းတွင် သူ့အခြားလက်တစ်ဖက်ဖြင့် ဝမ်ချောင်ကို ကျင်လည်စွာ ခုတ်ချလိုက်၏။

"ဆေဘာဓားချီ"

ဝမ်ချောင် ထိတ်လန့်သွားခဲ့သည်။ ဝမ်ချောင် ယခင်က ရင်ဆိုင်ခဲ့သည့် ဂိုဂူလျောများနှင့် မတူညီစွာ တစ်ဖက်လူသည် ဆေဘာဓားချီကို အမှန်ပင် ထုတ်ဖော်နိုင်စွမ်းရှိသည်။

ကြယ်တာရာစွမ်းအင်လွှမ်းမိုးခြင်းကြောင့် အားနည်းနေသော သူ့သတ်ဖြတ်ခြင်းဓားချီသည် တစ်ဖက်လူ၏ ဓားချီကို ရင်ဆိုင်ရသည်တွင် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဟူ

ဤအရေးကြီးသည့်အခိုက်အတန့်တွင် တွေးတောနေရန် အချိန်မရှိပေ။ သူ့ရန်သူ၏ တိုက်ခိုက်မှုနောက်ကွယ်ရှိ ကြီးမားသည့်အင်အားကို အာရုံခံမိလိုက်သည်တွင် ဝမ်ချောင်သည် ရွေးချယ်စရာ မရှိဘဲ တခဏတာ နောက်ဆုတ်လိုက်ရသည်။

ဘုန်းး

ဝမ်ချောင် ဘေးသို့ဆုတ်ခွာသွားခဲ့ပြီး မကြာမီမှာပင် သူယခင်ရှိနေခဲ့သည့် နေရာသို့ ဆေဘာဓားချီ ကျဆင်းလာခဲ့ကာ...

ဘုန်းးး

ဖုန်မှုန့်များသည် လေထဲသို့ ပျံ့လွှင့်လာခဲ့ကာ ခြောက်ကျန့်မျှ နက်ရှိုင်းသည့် ခုတ်ချက်တစ်ခု မြေပေါ်၌ ပေါ်လာခဲ့သည်။

"အား"

ဝမ်ချောင် ဘေးသို့ ခုန်ရှောင်ပြီး မကြာမီမှာပင် မီယာဆာမီးအာရာကာနှင့် မျက်လုံးတစ်ဖက်ဖက်တီးတို့သည် စတင်တိုက်ခိုက်လိုက်ကြသည်။

ချီ

မျက်လုံးတစ်ဖက်ဖက်တီး၏ ပုခုံးပေါ်တွင် အဝတ်အစားများသည် ခုတ်ဖြတ်ခံလိုက်ရကာ တစ်ကန့်မျှ(လက်တစ်လုံး) နက်ရှိုင်းသည့် ခုတ်ရာပေါ်လာသည်။ သို့သော် ဤသို့ဆိုလျှင်ပင် မျက်လုံးတစ်ဖက်ဖက်တီးသည် ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့ဆေဘာဓားသုံးချောင်းသည် မုန်တိုင်းတစ်ခုကဲ့သို့ သဲကြီးမဲကြီးတိုက်ခိုက်လာခဲ့သည်။ သူသည် မီယာဆာမီးအာရာကာ၏ အမြန်နှုန်းကို အမြန်နှုန်းဖြင့် ဟန့်တားရန် ရည်ရွယ်နေပေသည်။ သူ၏ အဆက်မပြတ်နှင့် လူမဆန်သည့် တိုက်ခိုက်မှုပုံစံဖြင့် သူသည် သူမကို အပေါ်စီးမှ တိုက်ခိုက်နိုင်ခဲ့သည်။

ပြိုင်ဘက်တစ်ယောက်အနေဖြင့် မီယာဆာမီးအာရာကာသည် အမြန်နှုန်းနှင့် ဖြတ်လတ်မှုကို အဓိကထားကာ သူမ၏ တိုက်ခိုက်မှုများသည် သေကွက်သေကွင်းများကိုသာ ရည်ရွယ်ပေသည်။ သို့သော်လည်း ဤသည်က မျက်လုံးတစ်ဖက်ဖက်တီးကဲ့သို့သော အားကောင်းသည့် စစ်သည်များနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်တွင် သူမကို အောက်စီးသို့ ရောက်စေလေသည်။

မျက်လုံးတစ်ဖက်တည်း ဖက်တီး၏ အရူးအမူး တိုက်ခိုက်မှုများအောက်တွင် မီယာဆာမီးအာရာကာသည် ထိုးသွင်းရန် အခွင့်အရေး ရှာမရ ဖြစ်နေသည်။ ဤသို့ဖြင့် သူမသည် တိုက်ခိုက်မှုများကို တစ္ဆေခြေလှမ်း အသုံးပြုကာ ရှောင်တိမ်းရုံသာ တတ်နိုင်ပေသည်။

"ဒီလူက အားကောင်းလွန်းတယ်"

ဝမ်ချောင်သည် ဤမြင်ကွင်းကို မြင်လိုက်သည်တွင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ဤသည်မှာ မူလစွမ်းအင်ကျင့်ကြံသူတစ်ဦးသည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်ကို သူ ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။ ဤမျက်လုံးတစ်ဖက်ဖက်တီးသည် သူထင်ထားသည် ပို၍ရင်ဆိုင်ရန်ခက်ခဲ့သည့် ပြိုင်ဘက်ဖြစ်ကြောင်း သက်သေပြလိုက်သည်။

မီယာဆာမီးအာရာကာသည် ကျွမ်းကျင်မှုများ ရှိသော်လည်း သူမသည် ရန်သူဆေဘာဓားသုံးချောင်၏ တိုက်ခိုက်မှုများကို ထိုးဖောက်နိုင်ခြင်းမရှိ ဖြစ်နေသည်။

ဟူ

တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် သရဲခြေလှမ်းကို ထုတ်ဖော်လိုက်ကာ ပြေးဝင်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် လက်ခြောက်ဖက်ပညာရပ်ကို ထုတ်ဖော်လိုက်ကာ ဓားချီခြောက်ခုကို အသက်တစ်ရှိုက်စာအတွင်း ထုတ်လွှတ်လိုက်သည်။ တစ်ခုချင်းစီသည် မျက်လုံးတစ်ဖက်ဖက်တီး၏ သေကွင်းသေကွက်များကို အရပ်မျက်နှာပေါင်းစုံမှ တိုးဝင်သွားခဲ့သည်။

တစ်ဖက်တွင် မီယာဆာမီးအာရာကာသည် တစ္ဆေခြေလှမ်းကို အဆုံးစွန်ထိမြှင့်တင်လိုက်ကာ မျက်လုံးတစ်ဖက် ဖက်တီးကို ဆက်တိုက်တိုက်ခိုက်လိုက်သည်။

"ဟားဟား မင်းတို့နှစ်ယောက် ဒီလိုပုံစံနဲ့ ငါ့ကို ရှုံးနိမ့်စေမယ်ထင်နေတာလား။ ရွှံ့နွံမြေချီစက်ကွင်း”

သူတို့နှစ်ဦး၏ နားများတွင် ကျယ်လောင်သည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တခဏအတွင်းမှာပင် မျက်လုံးတစ်ဖက်ဖက်တီး၏ ဝန်းကျင်ရှိ အရှိန်အဝါသည် ပြောင်းလဲသွားခဲ့ကာ ကြယ်တာရာစွမ်းအင်လွှမ်းမိုးခြင်းကြားတွင် ချီစက်ကွင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုမျှမက ပုံမှန်အစိမ်းရောင်ဆူးချွန်ချီစက်ကွင်းနှင့်မတူညီဘဲ မျက်လုံးတစ်ဖက်ဖက်တီး၏ ခြေထောက်အောက်တွင် ပေါ်လာသောချီစက်ကွင်းသည် အမှန်တကယ်ပင် မီးခိုးရောင်ဖြစ်သည်။

ဤချီစက်ကွင်း ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေထုသည် ရုတ်တရက် စေပျစ်လာခဲ့သည်။

----------

အပိုင်း ၂၄၃။ အစစ်အမှတ်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူကို သတ်ဖြတ်ခြင်း

"ဒါ ဆိုးတာပဲ"

ချီစက်ကွင်းကို မြင်သည်တွင် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့၏ မျက်နှာများသည် မည်းမှောင်သွားခဲ့သည်။ သူတို့သည် ခက်ခဲသည့်ရန်သူကို ရွေးချယ်လိုက်မိပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်ကြ၏။ 'ရွှံ့နွံမြေချီစက်ကွင်း' သည် ဂိုဂူလျောတို့အတွက် ပြိုင်ဘက်ကင်းသည့် ချီစက်ကွင်းတစ်မျိုး ဖြစ်သည်။ ထိုအရာ၏ အနှစ်သာရသည် ဂိုဂူလျောတို့၏ ပြိုင်ဘက်ကင်း မြေမျက်နှာသွင်ပြင်ကြောင့် ရွှံနှင့်တူသော အကျိုးသက်ရောက်မှုကို သယ်ဆောင်ထားခဲ့ကာ သူတို့ပြိုင်ဘက်၏ လှုပ်ရှားမှုကို ကန့်သတ်နေချိန်တွင် သူတို့ကိုယ်ပိုင်ခွန်အားကို တိုးမြင့်စေသည်။

ဤချီစက်ကွင်းသည် ဂိုဂူလျောစစ်သည်များအကြားတွင် လက်တစ်ဆုပ်စာမျှသော လက်ရွေးစင်စစ်သည်များ၌သာ ပေါ်လာလေ့ရှိသည်။

အစပိုင်းတွင် ဝမ်ချောင်သည် အနည်းငယ်သန်မာသော ပြိုင်ဘက်ဖြင့် စတင်ချင်ခဲ့သည်။ သို့သော် မီယာဆာမီးအာရာကာသည် ပြိုင်ဘက်ရွေးချယ်ရာတွင် အမှားတစ်ခု ပြုလုပ်မိခဲ့ပုံပေါ်ပေသည်။

"သခင်လေး ဂရုစိုက်ပါ"

ဤအချိန်တွင် မီယာဆာမီးအာရာကာသည်လည်း သူမ၏အမှားကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ ထိုရန်သူသည် သူမထက်သန်မာသည်မှာ ထင်ရှားပေ၏။

ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် သူတို့ကို စောင့်ဆိုင်းနေခဲ့ပုံရသည်။

"ဟားဟား မင်းတို့ စိတ်ဒုက္ခပေးတဲ့နှစ်ကောင်။ မကြာသေးခင်က ပထမအခြေစိုက်စခန်းကနေ စစ်သည်ဆယ်ယောက်ထက်မနည်း ပျောက်ကွယ်သွားခဲ့တယ်။ ငါမမှားရင် မင်းတို့နှစ်ယောက်က တရားခံတွေပဲ ဟုတ်တယ်မလား”

မျက်လုံးတစ်ဖက် ဖက်တီးသည် သူ၏တစ်ဖက်တည်းသော မျက်လုံးဖြင့် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာကို စစ်ဆေးကာ ရယ်မောလိုက်သည်။ ဤအချိန်တွင် သူသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ လေယူလေသိမ်းဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

သူသည် အရူး မဟုတ်ပေ။ ထိုနှစ်ယောက်သည် သူ့ကို ရန်စပြီး ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ ခေါ်လာသည်ကို စဉ်းစားလိုက်လျှင် သူတို့သည် ယခင်က သူတို့လူများ ဆက်တိုက်ပျောက်ဆုံးသွားခြင်းတွင် ပါဝင်ခဲ့ရန်မှာ အခွင့်အလမ်း များပေသည်။

"သေစမ်း"

ရက်စက်သည့်အပြုံးဖြင့် အားကောင်းသော အားအင်တစ်ခုသည် မျက်လုံးတစ်ဖက် ဖက်တီးဆီမှ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့သည် လေးလံပျစ်နှစ်သည့် ရွှံ့နွံထဲ နစ်မြုပ်သွားခဲ့ပုံရသည်။

အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ ချီစက်ကွင်းသည် ဟာသတစ်ခု မဟုတ်ပေ။ သဘာဝ၏ ဥပဒေကို ထိန်းချုပ် အသုံးချထားခဲ့ကာ သူတို့ကို လူတစ်ဦး၏ ကိုယ်ပိုင်ကန့်သတ်ချက်ထက် အလွန်ကြီးမားသော ခွန်အားကို သုံးစွဲရန် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်ကို ထိတွေ့စေခဲ့သည်။

သူ၏များပြားလာခဲ့သော စွမ်းအားဖြင့် မျက်လုံးတစ်ဖက် ဖက်တီးသည် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့ကို လုံးဝဖိနှိပ်ထားခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

ရွှံ့နွံမြေချီစက်ကွင်းကို စတင်လိုက်ပြီး တစ်ချိန်တည်းတွင် မျက်လုံးတစ်ဖက် ဖက်တီးသည် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာဆီသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။

သူသည် သူ့ချီစက်ကွင်းကို မစတင်ခင် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့ သူ့အနားသို့ ချဉ်းကပ်လာမည့်အချိန်ကို ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခဲ့၏။ ဤနည်းဖြင့် သူတို့နှစ်ဦးကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နိုင်ပေမည်။ သူ့ချီစက်ကွင်းစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ထိုနှစ်ဦးသည် ကြောက်ရွံ့ထိတ်လန့်ပြီး ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်သည်ကိုသာ တွေ့ရှိသွားမှာပင်။

အနည်းဆုံး အသက်ရှူချိန်ဆယ်ရှိုက်အတွင်း ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့၏ ခြေထောက်လှုပ်ရှားမှုများသည် ချိတ်ပိတ်နေမည်ဖြစ်ကာ ထိုအချိန်အတွင်း သူတို့ကို ရှင်းပစ်ရန်က သူ့အတွက် လုံလောက်သည်ထက် ပိုပေ၏။

"ဒီစစ်သည်တော်တွေရဲ့ အသက်တွေအတွက် မင်းတို့အသက်နဲ့ ပြန်ပေးဆပ်စမ်း"

ဆေဘာဓားသုံးချောင်းသည် မီယာဆာမီးအာရာကာနှင့် ဝမ်ချောင်ဆီ မုန်တိုင်းတစ်ခုကဲ့သို့ သွေးရူးသွေးတန်း ကျဆင်းလာခဲ့သည်။ တစ်ခဏအတွင်းမှာပင် ထိုနှစ်ယောက်သည် အလွန်ခက်ခဲသည့် အနေအထားသို့ တွန်းပို့ခြင်း ခံလိုက်ရသည်။

သရဲခြေလှမ်းနှင့် တစ္ဆေခြေလှမ်းနှစ်ခုစလုံးသည် သာမန်ထက်သာလွန်သော လျှို့ဝှက်ပညာရပ်များ ဖြစ်ကြသည်။ သို့သော် ယခုလေးတင် ဖြစ်ပွားသွားခဲ့သော မျက်စိတစ်ဖက်ဖက်တီး၏ ရွှံ့နွံမြေချီစက်ကွင်းသည် ထိုပညာရပ်များကို ဆန့်ကျင်တုံ့ပြန်ရန်အတွက် ပြီးပြည့်စုံပေသည်။

သာမန်လူတစ်ဦးသည် ရွှံ့တောထဲသို့ ခက်ခက်ခဲခဲ ဖြတ်ကူးနေသကဲ့သို့ ယခုအချိန်တွင် သူတို့နှစ်ဦးအတွက် ရှေ့သို့ ခြေတစ်လှမ်းတိုးရန်ပင် ခက်ခဲနေပေသည်။

လျင်မြန်လှသည့် ကျားသစ်တစ်ကောင်သည် ရွှံ့နွံထဲသို့ ကျဆင်းသွားသည့်နှယ် ဝမ်ချောင်နှင့် မီယာဆာမီးအာရာသည်လည်း တူညီသည့်အနေအထားသို့ ကျရောက်နေပေသည်။

"ရွှီးးး..."

ရုတ်တရက်ပင် စူးရှသည့်အသံတစ်သံသည် အကွာအဝေးတစ်ခုမှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ နှလုံးသည် တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ စုန့်ဘုရင်၏လေးသခင်နှင့် သူသဘောတူညီခဲ့သည့် အချက်ပြမှုပင်ဖြစ်သည်။

သူ ထိုအချက်ပြမှုကို ပြန်ဖြေလိုက်သည်နှင့် လေးသခင်သည် သူ့တာဝေးပစ် အကာအကွယ်ကို ချက်ချင်းကမ်းလှမ်းလာပေလိမ့်မည်ဖြစ်သည်။

ထိုလေးသခင်၏ ခွန်အားဖြင့် ဤဂိုဂူလျောလက်ရွေးစင်သည် ပထမတုံ့ပြန်တိုက်ခိုက်မှုမှာပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။

သို့သော် ဝမ်ချောင်သည် ထိုသို့မလုပ်ချင်ခဲ့ပေ။

လေးသခင်များသည် မာနကြီးသည့်လူများ ဖြစ်ကြသည်။ လေးသခင်များသည် ကြောက်မက်ဖွယ် ကောင်းပေ၏။ အကယ်၍ ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်တစ်ဦးကို ပထမဆုံး ဆန့်ကျင်တိုက်ခိုက်ခြင်းတွင် ကျရှုံးခဲ့ပါက လေးသခင်သည် သူ့ကို လျှော့တွက်ခြင်းဖြင့် အဆုံးသတ်သွားနိုင်‌ပေသည်။ ထိုကဲ့သို့သော အတွေးများသည် သူ၏ ယုံကြည်ကိုးစားမှုကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ဝမ်ချောင်၏ စွမ်းရည်အပေါ် ယုံကြည်မှုကင်းမဲ့ခြင်းသည် အနာဂတ် စစ်ဆင်ရေးများတွင် သူ့အမိန့်များကို လိုက်နာစေရန် အဟန့်အတား ဖြစ်စေနိုင်ပေသည်။

ပြီးတော့ ဝမ်ချောင်သည် အနာဂတ်ကိစ္စများတွင် သူ့အကူအညီကို လိုပေသေးသည်။

'ဘယ်လိုပဲဖြစ်ဖြစ် ဂိုဂူလျောစစ်သည်ကို အနိုင်ယူဖို့ နည်းလမ်းရှာရမယ်။ လေးသခင်ရဲ့အကူအညီကို အဆိုးဆုံးအခြေအနေရောက်မှသာ ငှားတော့မယ်'

ဝမ်ချောင်တွေးလိုက်သည်။

လေးသခင်သည် သူ့အစီအစဉ်တွင် အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဝမ်ချောင်သည် လိုအပ်မှသာ သူ့ကိုခေါ်ယူရန် ဆုံးဖြတ်ထားလေသည်။ ထို့အပြင် လေးသခင်သည် အရေးကြီးသည့် အချိန်ကျမှ သူ့ညွှန်ကြားချက်ကို ဆန့်ကျင့်နေပါက ထိုသည်မှာ သေဆုံးပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။

ရှူးး

ဝမ်ချောင်သည် တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်ကာ ရှေ့သို့ ပြေးထွက်လိုက်သည်။ ဆံချည်တစ်မျှင်စာမျှအလိုတွင် သူသည် မျက်စိတစ်ဖက် ဖက်တီး၏ ဆေဘာဓားခုတ်ချက်မှ ရှောင်တိမ်းနိုင်ခဲ့ကာ ထိုသို့ ပြုလုပ်နေစဉ် သူသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဓားချီကိုပင် ပစ်လွှတ်လိုက်သေးသည်။ သို့သော် ထိုနှစ်ခုစလုံးသည် ဖက်တီး၏ ဆေဘာဓားချီအောက်တွင် အချည်းနှီး ဖြစ်သွားခဲ့သည်။

တစ်ဖက်လူ၏ ရွှံ့နွံမြေအရှိန်အဝါသည် အမှန်ပင် ကြောက်စရာကောင်းလှကာ သရဲခြေလှမ်းအပေါ် သက်ရောက်မှုသည် ကြီးမားလှသည်။ ကံကောင်းထောက်မစွာဖြင့် သရဲခြေလှမ်းသည် ဝမ်ချောင်သိသည့် တစ်ခုတည်းသော ခြေလှမ်းကွက်နည်းစနစ် မဟုတ်ပေ။ နောက် တစ်နေရာတည်းသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည်လည်း အရှိန်အဝါ၏ သက်ရောက်မှုကို လျော့နည်းစေခဲ့သည်။

တစ်ဖက်တွင် မီယာဆာမီးအာရာကာသည် ကျင့်ကြံခြင်း ပို၍မြင့်မားသော်လည်း သူမ၏ လှုပ်ရှားမှုများသည် ဝမ်ချောင်ထက်ပင် ပို၍ ချည်နှောင်ခံထားခဲ့ရသည်။

အရိပ်များပေါ်လာခဲ့ကာ ဖက်တီး၏ ထိန်းချုပ်မှုအောက်တွင် လေထုသည် မြေပြင်ပေါ်သို့ လေးလံစွာ ပြိုကျလာပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာစေခဲ့သည်။ ဖိအားအောက်တွင် ချွေးများ စိုရွှဲလာခဲ့ကာ မီယာဆာမီးအာရာကာသည် တစ်ခဏမျှ ယိမ်းယိုင်သွားခဲ့ပြီး သူမ မတုံ့ပြန်ရသေးခင်...။

ရှီးးးး

သူမ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် သူမ ဘယ်ဘက်ပခုံးပေါ်သို့ ဆေဘာဓားချီဖြင့် ထိုးခုတ်ခံလိုက်ရသည်။ ဆေဘာဓားချီသည် သူမပခုံးပေါ်ရှိ အဝတ်အစားကို ဖြတ်သွားခဲ့ကာ နက်ရှိုင်းသည့် ပေါက်ပြဲဒဏ်ရာတစ်ခုပေါ်လာစေခဲ့သည်။ လတ်ဆတ်သည့် သွေးများသည် ပန်းထွက်လာခဲ့သည်။

"အချစ်ကလေး မင်းက ‌အရှေ့ပိုင်းကျွန်းစုက ဖြစ်မယ်။ အလယ်ပိုင်းလွင်ပြင်ကလူတွေက မင်းလို လှုပ်ရှားတာမျိုး မရှိဘူး၊ ဟီးဟီး ငါမင်းကို အနိုင်ယူပြီး ငါ့အခြေစိုက်စခန်းဆီ ခေါ်ဆောင်သွားမှာကို စောင့်ပါ”

မျက်လုံးတစ်ဖက်ဖက်တီးသည် အော်ရယ်လိုက်သည်။ ရှက်ရွံ့ပြီး ဒေါသထွက်ခြင်းက မီယာဆာမီးအာရာကာကို နောက်ထပ်အမှားတစ်ခု ပြုလုပ်စေခဲ့ကာ အခြားခုတ်ပိုင်းချက်တစ်ခု ထပ်မံခံစားခဲ့ရစေသည်။

"မီယာဆာမီး သူ့ဘယ်ဘက်ခါးအောက် သုံးကန့်"

(တစ်ဆယ်စင်တီမီတာ)

ဤအချိန်တွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အသံတစ်ခု သူမနားထဲ၌ ပေါ်လာခဲ့သည်။ မီယာဆာမီးအာရာကာသည် ထိတ်လန့်စ ပြုနေပြီဖြစ်သည်။ သို့သော် ထိုစကားများသည် စွမ်းအားတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားပုံရကာ သူမ၏ ဆင်ခြင်တုံတရားကို ချက်ချင်း ပြန်လည်လာစေခဲ့သည်။

"ငါ့ဘယ်ဘက်ခါးအောက် သုံးကန့်အကွာအဝေးဟုတ်လား။ ဟား ကောင်လေး မင်းအောင်မြင်မယ်လို့ တကယ်ကြီးထင်နေတာလား”

ဝမ်ချောင်၏ စကားလုံးများကို ကြားသည်တွင် မျက်စိတစ်ဖက် ဖက်တီး၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားခဲ့ကာ သူသည် ခြိမ်းခြောက်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် နောက်တစ်ခဏတွင် သူခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ပြေလျော့သွားခဲ့ပြီး အော်ရယ်လိုက်သည်။ လက်ရှိအခြေအနေနှင့် သူ၏ သာလွန်သော စွမ်းအားဖြင့် ထိုနှစ်ယောက်သည် သူ့အနားသို့ပင် ကပ်လာနိုင်မှာ မဟုတ်ပေ။ ထိုသောက်ကလေးသည် သူ့အားနည်းချက်ကို ရှာတွေ့လျှင်တောင် ထိုသည်မှာ အချည်းနှီးပင် ဖြစ်သည်။

"သောက်ကလေး မင်းရဲ့ကျင့်ကြံခြင်းက အားနည်းနေသေးပေမဲ့ မင်းက မလွယ်ကူတာ သေချာတယ်။ မင်းကို မဖြေရှင်းခင် သူမကို အရင်သတ်မို့ပဲ၊ ဒါပေမဲ့ မင်းက သေချင်နေတာကြောင့် ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

မျက်လုံးတစ်ဖက် ဖက်တီးသည် ရက်စက်စွာ အော်ဟစ်လိုက်ကာ လှည့်လာခဲ့သည်။ မီယာဆာမီးအာရာကာကို ကျောခိုင်းထားရမည်ဆိုလျှင်ပင် သူ့ပင်ကိုယ်သိစိတ်သည် သူ့ကို ခြိမ်းခြောက်နေသည့် ဤကောင်လေးကို ဖယ်ရှားပစ်ရမည်ဟု ပြောနေသည်။

"ငါ့ဘယ်ဘက်ခါးအောက်က သုံးကန့်ကို မင်းဘယ်လိုရိုက်ဖို့ ရည်ရွယ်ထားလဲဆိုတာ ငါ သေချာကြည့်ချင်သေးတယ်"

ဘုန်းးး

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်သည် ရွေ့လျားသွားပုံ ပေါ်သည်။ အသက်တစ်ရှိုက်စာအတွင်းမှာပင် ဆေဘာဓားသုံးချောင်းနှင့်အတူ 'ရွှံ့နွံလေထု'သည် ကြယ်တာရာစွမ်းအားလွှမ်းမိုးခြင်းမှ အားကောင်းသည့် အင်အားကို သယ်ယူလာကာ ဝမ်ချောင်ဆီသို့ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် တိုးဝင်လာခဲ့သည်။

အကယ်၍ ဤတိုက်ခိုက်မှုသာ ဝမ်ချောင်ကို ထိမိသွားခဲ့ပါက သူသည် သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

"ဟက်"

ဖက်တီး၏ ထိတ်လန့်ဖွယ်အင်အားကို မျက်နှာချင်းဆိုင်ရာတွင် ဝမ်ချောင်သည် အေးစက်စွာ လှောင်ရယ်လိုက်သည်။

သူ့နောက်ရှိ လေးသခင်ကို အချက်မပြခြင်းမှာ သူပေါ့ဆသောကြောင့် မဟုတ်ပေ။ အမှန်တွင် သူ့၌ ယခုထက်တိုင် မသုံးရသေးသည့် ဝှက်ဖဲတစ်ခုရှိသေးသည်။

နောက်တစ်ခဏမှာပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ချောင်သည် စစ်မြေပြင်ပျက်စီးခြင်းချီစက်ကွင်းကို စတင်လိုက်သည်။

ဝမ်းး

မမြင်ရသည့် လှိုင်းတစ်ခုသည် ပတ်ဝန်းကျင်ထဲသို့ ချက်ချင်း တိုးဝင်သွားခဲ့သည်။ ထိုသည်မှာ မည်သည့်အရာမျှ မဖြစ်သွားသကဲ့သို့ပင်။ သို့သော် တိုက်ပွဲ၏ အဓိကရေစီးကြောင်းကို ပြောင်းလဲသွားစေခဲ့သည်။

ဝမြးးး

မျက်စိတစ်ဖက်ဖက်တီး မတုံ့ပြန်ရသေးခင် ပြိုင်ဘက်ကင်းသည့် အဖြူရောင်လှိုင်းသည် ချက်ချင်း သူ့ဝန်းကျင်၌ ပေါ်လာခဲ့သည်။ ဤအဖြူရောင်လှိုင်း ပေါ်လာခြင်းနှင့်အတူ ထူးဆန်းသည့် အားအင်တစ်ခုသည် ရုတ်တရက် သက်ရောက်လာခဲ့သည်။

ဘုန်းးး

မည်သည့်ကြိုတင်သတိပေးချက်မျှ မရှိဘဲ ဖက်တီး၏ 'ရွှံ့နွံလေထု'သည် အနည်းဆုံး သုံးပုံနှစ်ပုံခန့် အားနည်းသွားခဲ့သည်။ ထိုသည်မှာ သူသည် ရုတ်ခြည်း သူ့စွမ်းအင် ကုန်ဆုံးသွားသကဲ့သို့ပင်။ တစ်ခဏအတွင်း သူ့ခန္ဓာကိုယ်တွင်းရှိ မူလစွမ်းအင်များ ရပ်တန့်သွားပုံရသည်။

"ဘာလဲ"

ဖက်တီးသည် ထိတ်လန့်မှုဖြင့် ဖြူလျော်သွားခဲ့ကာ နှုတ်မှလွှတ်ခနဲ ရေရွတ်လိုက်မိသည်။ သူသည် အလယ်ပိုင်းလွင်ပြင်ဒေသသို့ စေလွှတ်ခံခဲ့ရသည်မှာ ခြောက်နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ဤကဲ့သို့ အခြေအနေမျိူးဖြင့် ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။

သူ့ကျင့်ကြံခြင်းကို မယုံနိုင်စရာကောင်းလောက်အောင် ရုတ်ခြည်း အားနည်းသွားစေသည်မှာ သူ့ကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့ကြောင့် ဖြစ်သည်။

အငြိမ်းစားစစ်သည်တစ်ယောက်အနေဖြင့် သူသည် တိုက်ပွဲအလယ်တွင် မူလစွမ်းအင် ထိန်းချုပ်မှု ဆုံးရှုံးသွားခြင်း၏ အရေးပါပုံကို နားလည်ထားပေသည်။ ထိုသည်မှာ သူ ဤမျှအထိ ကြောက်ရွံ့နေရသည့် အကြောင်းအရင်းပင်ဖြစ်သည်။

ကျွမ်းကျင်သူများအကြား တိုက်ပွဲတွင် သေးငယ်သည့်ဟာကွက်သည်ပင် အရေးပါလှပြီး ဤသည်မှာ မယုံနိုင်စရာကောင်းလောက်အောင်ကြီးမားသည့် ဟာကွက်ဖြစ်သည်။

'အခွင့်ကောင်းပဲ'

ရွှံ့နွံမြေချီစက်ကွင်းဆီမှ အပြောင်းအလဲကို အာရုံခံမိသည်တွင် မီရာဆာမီးအာယာကာသည့် သူမ၏အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ကာ ရှေ့သို့ ပြေးထွက်လိုက်သည်။

ပူးရှီ

လတ်ဆတ်သည့်သွေးများသည် လေထဲ ဖြာထွက်လာတော့သည်။ ဓားမြောင်တစ်လက်သည် ဖက်တီး၏ ဘယ်ဘက်ခါးအောက်သို့ စိုက်ဝင်သွားခဲ့၏။ အလွန်နက်ရှိုင်းလှကာ စိုက်ဝင်သွားသော ဓားမြောင်ထိပ်ကို အခြားတစ်ဖက်မှပင် မြင်ရသည်။

ပူးရှီ

တစ်ချိန်တည်းတွင် ဝမ်ချောင်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီသည် ဖက်တီး၏ ညာဘက်ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ ထို့နောက် ဝမ်ချောင်သည် သရဲခြေလှမ်းကို အသုံးပြုလိုက်ပြီး တစ်ဖက်လူ၏ နှလုံးသားကို ယင်ယန်ငယ်ဓားဖြင့် ထိုးစိုက်လိုက်သည်။

"အားးး"

ဖက်တီး၏ တစ်လုံးတည်းသောမျက်လုံးသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်နေခဲ့သည်။ သူ့လက်များသည် တိုက်လိုက်သည့်အနေအထား၌သာ ရပ်တန့်နေခဲ့ကာ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အကြည့်တစ်ခုကို ချိတ်ဆွဲထားခဲ့သည်။

သူ့နောက်ဆုံးထွက်သက်မှာပင် သူသည် ဘာတွေဖြစ်ပျက်သွားမှန်း နားမလည်နိုင်ခဲ့ပေ။

ဖက်တီးသေဆုံးသွားခြင်းနှင့်အတူ ယခင်အချိန်များနှင့် မယှဉ်သာစွာ သိပ်သည်းလှသည့် မူလစွမ်းအင်တစ်ခုသည် ယင်ယန်ငယ်ဓားမှတဆင့် ဝမ်ချောင်၏ ကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။

"အာ"

သူ့မျက်လုံးကို ပိတ်လိုက်ကာ ဝမ်ချောင်သည် မူလစွမ်းအင်စုပ်ယူခြင်းနှင့်အတူ သူ့သွေးများပြင်းထန်စွာ စီးဆင်းနေသည်ကို ခံစားနိုင်ပေသည်။

"ဘယ်လိုတောင် အားကောင်းလှတဲ့ စွမ်းအင်လဲ"

သဘာဝအားဖြင့် မူလစွမ်းအင် ကျင့်ကြံသူတစ်ဦးသည် အစစ်အမှန်သိုင်းပညာနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ယှဉ်၍ မရနိုင်ပေ။ ဤသတ်ဖြတ်မှုမှ ဝမ်ချောင်ရရှိသည့် အကျိုးအမြတ်သည် သူယခင်က ရရှိခဲ့သည်များထက် သာလွန်ပေသည်။

သူ့မူလစွမ်းအင် စုဆောင်းမှုနှင့် စီးဆင်းမှုနှုန်းသည် တိုးတက်လာခဲ့ပြီး သူ့ခွန်အားသည်လည်း တိုးတက်လာခဲ့သည်။

သာမန်နည်းဖြင့် တိုးတက်ရန် အချိန်မည်မျှ ကြာမည်ကို မည်သူသိနိုင်မည်နည်း။

မဟာယင်ယန်ကောင်းကင်ဘုံ ဖန်တီးခြင်းပညာရပ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး နည်းစနစ်များထဲက တစ်ခုအဖြစ် ကျော်ကြားသည်မှာ အကြောင်းပြချက် မရှိပေ။ ဤအချိန်တွင် ဝမ်ချောင်သည် ထိုအရာ၏ အစစ်အမှန်စွမ်းအားကို သဘောပေါက်သွားခဲ့သည်။

ဤအရာထက် လူတစ်ဦး၏ ကျင့်ကြံမှုနှုန်းကို ပို၍မြန်မြန် မြင့်တက်စေနိုင်သည့် နည်းစနစ်ကို ဝမ်ချောင် မသိတော့ပေ။

'ဒီနှုန်းအတိုင်း ဆက်ပြီး တိုးတက်နိုင်ရင် တစ်လတောင်မကြာဘဲ မူလစွမ်းအင်အဆင့် ၉ ကို ရောက်လိမ့်မယ်'

ဝမ်ချောင်တွေးလိုက်သည်။

မူလစွမ်းအင်အဆင့် ၉ တွင် လူတစ်ဦးသည် အတွင်းစွမ်းအင်ကို ထုတ်လွှတ်သည့် စွမ်းအားကို ရရှိပေလိမ့်မည်။ ဝမ်ချောင်သည်လည်း ခြေလှမ်းတစ်ရာလက်သီးကဲ့သို့သော ပို၍ အဆင့်မြင့်သည့် သိုင်းပညာရပ်များကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် သူသည် သဘာဝဥပဒေသများကို သဘောပေါက်နိုင်မည် ဖြစ်ကာ မူလစွမ်းအင်ကို ကြယ်တာရာစွမ်းအင်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။ သူသည် ကြယ်တာရာစွမ်းအင်ကို အဖြူရောင်လှိုင်းများပုံစံဖြင့် သူ၏လှုပ်ရှားမှုများထဲသို့ ထည့်သွင်းနိုင်မည်ဖြစ်ပြီး ထို့ကြောင့် သူတိုက်ပွဲဝင်စွမ်းအားကို ကြီးမားစွာ မြှင့်တင်နိုင်မည်ဖြစ်သည်။

သိုင်းပညာလမ်းကြောင်းတွင် မူလစွမ်းအင်အဆင့် ၁ ကို လမ်းလျှောက်တတ်စအရွယ် ကလေးငယ်တစ်ဦးအဖြစ်ယူဆနိုင်သော်လည်း မူလစွမ်းအင်အဆင့် ၉ ကို လူကြီးတစ်ဦးအဖြစ် မှတ်ယူနိုင်ကာ ပိုမိုမြင့်မားပြီး အားကောင်းသည့်နယ်ပယ်သို့ရောက်ရှိရန် လှေကားထစ်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ လူတစ်ဦးသည် သိုင်းပညာချီစက်ကွင်းများကို ဆုပ်ကိုင်နိုင်မည်ဖြစ်ကာ ကမ္ဘာလောက၏ ဥပဒေသများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

----------

အပိုင်း ၂၄၄ ကျန့်ချိုးကျင်းချို၏ ရည်မှန်းချက်များ

မီယာဆာမီးအာရာကာသည် ဝမ်ချောင်ကြုံတွေ့နေရသည့် ပြောင်းလဲမှုများကို ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။ သို့သော် သူမ၏ အလိုလိုသိစိတ်ဖြင့် ထိုအကြောင်းကို မမေးတာ ပိုကောင်းမှန်း သူမ သိသည်။

"သခင်လေး အခု အခြေအနေက နည်းနည်း ဆိုးသွားပုံရတယ်။ ကြည့်ရတာ ဂိုဂူလျောတွေက ကျွန်မတို့ကို သတိထားနေကြပုံပဲ”

မီယာဆာမီးအာရာကာသည် စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်လိုက်သည်။

သူတို့နှစ်ဦးသည် မည်မျှလျှို့ဝှက်ပြီး ဆောင်ရွက်ခဲ့သည်ဖြစ်ပါစေ ဂိုဂူလျောတို့သည် အရူးများ မဟုတ်ကြပေ။ သဲလွန်စတစ်ခုမျှပင် မကျန်ရစ်ဘဲ လူအများအပြား ပျောက်ဆုံးသွားခြင်းနှင့်အတူ သူတို့သည် ဘာကိုမျှ သံသယ မဖြစ်သည်မှာ မဖြစ်နိုင်ပေ။

"အင်း"

ယင်ယန်ငယ်ပညာရပ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဝမ်ချောင်သည် တစ်ခဏမျှ မျက်မှောင်ကြုတ်လိုက်သည်။

"ဟားဟား ငါတို့ ဒါကို အများကြီးတွေးနေစရာမလိုပါဘူး။ ငါတို့လမ်းမှာ လာသမျှအရာအားလုံးကို ရင်ဆိုင်လိုက်ရုံပဲ။ ဂိုဂူလျောတွေက သံသယဖြစ်ရင်တောင်မှ အဲဒီလူတွေက ဘယ်လိုသေဆုံးပြီး ဘယ်မှာသေဆုံးခဲ့တယ်ဆိုတာ ရှာလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့တွေ အခြေစိုက်စခန်းကနေ ထွက်ခွာပြီးမှသာ ငါ တိုက်ခိုက်ဖို့ရွေးချယ်လိုက်တာပဲ”

"သူတို့ရဲ့ အခြေစိုက်စခန်း ဘယ်မှာရှိမှန်း ငါတို့သိလားဆိုတဲ့ ရှာဖွေမှုကနေ သူတို့ကို ဖုံးကွယ်ထားနိုင်လိမ့်မယ်၊ ဒါမှမဟုတ် ဒါက တိုက်ဆိုင်မှုလို့တောင် သူတို့ထင်ကောင်းထင်နိုင်တယ်”

ဆယ်စုနှစ်များစွာ လျှို့ဝှက်ထောက်လှမ်းမှုကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ဂိုဂူလျောတို့ကို ကျေနပ်အားရစေခဲ့သည်။ မဟာထန်သည် သူတို့၏ ခြေရာများကို ဖမ်းမိရန် မဖြစ်နိုင်ဟု သူတို့ ခံစားခဲ့ရပြီး သူတို့၏ ပြောင်မြောက်သော ဖုံးကွယ်မှုကို အကြွင်းမဲ့ယုံကြည်ကြလေသည်။

သူတို့သည် အမှောင်ထဲမှာရော အလင်းထဲမှာပါ လုပ်ဆောင်နေကြပြီး အလင်းထဲရှိလူများသည် မဟာထန်၏ဥပဒေများကို ဆန့်ကျင်သည့် မည်သည့်အရာမျှ လုပ်ကြမည်မဟုတ်ပေ။ မဟာထန်သည် သူတို့ကို နှစ်ဆယ့်‌‌လေးနာရီ လျှို့ဝှက်စောင့်ကြည့်နေလျှင်ပင် သူတို့သည် သူတို့ကို ဥပဒေလိုက်နာသည့် ပြည်သူများဟုသာ ကောက်ချက်ချပေလိမ့်မည်ဖြစ်သည်။

တစ်ဖက်တွင် အမှောင်ထဲရှိလူများသည် ကုန်သည်များ၊ အထက်တန်းစားများ၊ သက်တော်စောင့်များ အစရှိသဖြင့် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြသည်။ သူတို့သည် သူတို့အကြား ဆွေးနွေးရန် ဂိုဂူလျောတည်းခိုဆောင်များ၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ နှင့် လောင်းကစားရုံများသို့ မကြာမကြာ လာလေ့ရှိသည်။ သူတို့သည် အများအားဖြင့် တိတ်ဆိတ်စွာနေကြကာ စကားပြောခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြလေသည်။ သူတို့သည် လူမြင်ကွင်းတွင် စကားပြောရမည်ဆိုလျှင်ပင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ လေယူလေသိမ်းဖြင့်သာ ပြောဆိုကြလေသည်။

ဤကဲ့သို့ တော်ဝင်ရုံးတော်အတွက် သူတို့နှင့် သူတို့၏ လျှို့ဝှက်အခြေစိုက်စခန်းကို ဖော်ထုတ်တွေ့ရှိရန် မဖြစ်နိုင်ပေ။

အကြောင်းမှာ သူတို့၏လျှို့ဝှက်စခန်းသည် ဂိုဂူလျောတို့၏ နယ်မြေဖြစ်သော မြို့အနောက်ပိုင်း၌ပင် မရှိသောကြောင့် ဖြစ်သည်။

ဤအသေးစိတ်စီမံချက်များသည် ဂိုဂူလျောတို့အတွက် ဂုဏ်အယူရဆုံးနှင့် ယုံကြည်မှုအရှိဆုံးအရာ ဖြစ်ခဲ့သည်။ ထိုအရာသည် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာန၏ အတွေးကွာဟချက်ကို လုံးဝ အသုံးချထားခဲ့သည်။

သို့သော် ဝမ်ချောင်အတွက်မူ ဤအချိန်ကာလအတွင်း သူတို့တည်ဆောက်ခဲ့သော ဂုဏ်ယူမှုနှင့် ယုံကြည်မှုများသည် သူ၏အားသာချက်အတွက် အစားထိုး အသုံးချလိုက်နိုင်သည်ဟု ခံစားနေရသည်။

သူသည် လူမည်မျှများများသတ်စေကာမူ တစ်ဖက်လူများ၏ အခြေစိုက်စခန်းကို ဖယ်ရှားခြင်းမရှိသရွေ့ တစ်ဖက်လူများသည် ဘာကိုမျှ ရှာတွေ့မည်မဟုတ်ပေ။ သူတို့သည် သံသယရှိခဲ့လျှင်ပင် နေရာအသစ်ရွှေ့ပြောင်းရန် ဖြစ်နိုင်ခြေနည်းပေလိမ့်မည်ဖြစ်သည်။

"ဒါပေမဲ့ ဒီမသင်္ကာဖြစ်မှုနဲ့အတူ သူတို့တွေ ပိုပြီး သတိထားလာကြမှာ သေချာတယ်။ အနာဂတ်မှာ လွယ်ကူနေတော့မှာမဟုတ်ဘူး”

မီယာဆာမီးအာရာကာသည် အခြားထင်မြင်ချက်တစ်ခု ပေးလိုက်သည်။

ဂိုဂူလျောတို့သည် မဟာထန်ရှိ အခြားအင်အားစုအများစုထက် ပိုသည့် ကြီးမားသည့် လွှမ်းမိုးမှုကို ပိုင်ဆိုင်ထားသည်။ လူတစ်ဦးသည် သူတို့ကို ပေါ့ပေါ့တန်တန်သဘောထားပါက လူမိုက် ဖြစ်ပေလိမ့်မည်ဖြစ်သည်။

"သတိထားလာကြမယ်ဟုတ်လား အဲလိုပဲထားပါတော့။ သူတို့က အလင်းထဲရောက်နေချိန်မှာ ငါတို့က အမှောင်ထဲမှာ။ သူတို့ကို ငါတို့အင်အားနဲ့ အနိုင်မယူနိုင်ဘူးလို့ မင်းထင်နေတာလား။ မမေ့ပါနဲ့ ငါတို့မှာ အခုထိ အသုံးမပြုရသေးတဲ့ အပွင့်ကြီးတဲ့ဖဲချပ်တွေအများကြီးကျန်သေးတယ်”

ဝမ်ချောင်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

မီယာဆာမီးအာရာကာသည် ဝမ်ချောင်ဆိုလိုသည့်အရာကို သဘောမပေါက်မီ တစ်ခဏမျှ မှင်သက်သွားခဲ့သည်။ မှန်ပေသည် ဝမ်ချောင်သည် တစ်ယောက်တည်းမဟုတ်ပေ။

မီယာဆာမီးအာရာကာသည် သူ့ရည်ရွယ်ချက်များကို နားလည်သွားသည်ကို သိရှိပြီးနောက် ဝမ်ချောင်သည် ရှင်းပြမနေတော့ပေ။ ထိုအစား သူသည် ထိုင်ချလိုက်ကာ ဖက်တီး၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ မကြာမီ သူသည် သေတ္တာနှစ်ခုကို ရှာတွေ့လိုက်သည်။

သေတ္တာတစ်ခုစီတွင် နှစ်လေးရာသက်တမ်းရှိ ရွှေရောင်ဂျင်ဆင်းတစ်ခုစီပါရှိပေသည်။

"ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီဂိုဂူလျောတွေတိုင်းလိုလိုမှာ ဂျင်ဆင်းတွေရှိတယ်”

ဝမ်ချောင်သည် ထိုသို့သော အခြေအနေမျိုးကို ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဂိုဂူလျောတို့၏ ကျယ်ပြန့်လှသော အရင်းအမြစ်များကို သူအထင်မကြီးဘဲမနေနိုင်တော့ပေ။ ဤရှု့ထောင့်တွင် သူတို့၏ချမ်းသာမှုသည် တကယ့်ကို ပြိုင်ဘက်ကင်းပေသည်။

နှစ်ရာ‌ပေါင်းများစွာသက်တမ်းရှိသည့် ဤဂျင်ဆင်းအမျိုးအစားများသည် အလယ်ပိုင်းလွင်ပြင်ဒေသ၌ပင် အလွန်ရှားပါး‌ပေသည်။ သို့သော် ဤဂိုဂူလျောတိုင်း၌ အမှန်ပင် အနည်းဆုံးတစ်ခုစီ ရှိသည်။ လူတစ်ဦးသည် ဂိုဂူလျောစစ်သည်ဖြစ်နေသရွေ့ သူသည် အမှန်ပင် ဤကဲ့သို့ဂျင်ဆင်းမျိုးရှိပေလိမ့်မည်ဖြစ်သည်။

ထိုသို့သော အရင်းအမြစ်များဖြင့် ဂိုဂူလျောတိုင်းပြည်သည် ကျွမ်းကျင်သူများစွာကို မွေးထုတ်နိုင်စွမ်း ရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။

သေတ္တာနှစ်လုံးကို ပိတ်လိုက်ကာ ဝမ်ချောင်သည် သူတို့ကို ရင်ဘတ်ထဲသို့ထည့်လိုက်သည်။

"ဟုတ်သားပဲ သခင်လေး 'ဂိုဂူလျော' 'ကလပ်' ဆိုတာဘာလဲ"

သံသယဖြစ်နေသည့် အသံသည် ရုတ်တရက်မေးလာခဲ့သည်။

မီယာဆာမီးအာရာကာ၏ စကားလုံးများကို ကြားသည်တွင် ဝမ်ချောင်သည် ယိုင်ခနဲဖြစ်သွားခဲ့ကာ မြေပေါ်သို့လဲကျလုနီးပါးဖြစ်သွားခဲ့သည်။

အဟွတ်အဟွတ်

"မီယာဆာမီးအာရာကာ မင်းဘာပြောလိုက်တာလဲ"

ဝမ်ချောင်သည် မီယာဆာမီးအာရာကာကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လိုက်ကာ တံထွေးနှင်မတတ်ဖြစ်သွားခဲ့သည်။

"ကျွန်မရဲ့ဂိူဂူလျောဘာသာစကားက အရမ်းကြီး မကျွမ်းကျင်ဘူး ဒါကြောင့် အဓိပ္ပာယ်မသိဘဲ စကားလုံး တစ်လုံးချင်းစီကိုပဲ ဖော်ပြနိုင်တယ်..."

မီယာဆာမီးအာရာကာသည် သူပြောခဲ့သည်များကို ပြန်လည်မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ကာ အတွေးနက်သွားခဲ့ပြီး မျက်မှောက်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ကျွန်မမမှားရင် သခင်လေးပြောခဲ့တာက 'ဂိုဂူလျောကလပ်' ဟုတ်တယ်မလား။ အဲဒါရဲ့ ဆိုလိုရင်းက ဘာလဲ။ ဘာလို့ အဲလူက ဒေါသထွက်လာရတာလဲ။ အလယ်ပိုင်းလွင်ပြင်ဒေသမှာ အဲလိုစကားပုံရှိလား”

မီယာဆာမီးအာရာကာသည် စိတ်ရှုပ်ထွေးနေခဲ့သည်။ ဝမ်ချောင်ထွက်သွားသောအခါတွင် သူသည် ထိုစကားနှစ်လုံးကို ပြောပြီး မျက်လုံးတစ်ဖက်ဖက်တီးမှ ဒေါသဖြစ်ကာ ချက်ချင်းပင် လိုက်လာခဲ့သည်။ ဤအရာသည် မီယာဆာမီးအာရာကာကို အလွန်အထင်ကြီးသွားစေခဲ့သည်။

"ဒါ..ဒါက..."

မီယာဆာမီးအာရာကာသည် သူ့ကို ဤသို့ လေးနက်သည့် အမူအရာဖြင့် မေးလာသည်ကို မြင်သည်တွင် ဝမ်ချောင်သည် မယုံနိုင်စရာကောင်းလောက်အောင် ကိုးရိုးကားရားဖြစ်သွားခဲ့သည်။

သူ့ပထမဆုံးတုံ့ပြန်မှုမှာ မီယာဆာမီးအာရာကာသည် ရည်ရွယ်ချက်ရှိရှိ သူ့ကို ကျီစားနေခြင်းဖြစ်သည် ဟူ၍ပင်။ သို့သော် သူမမျက်နှာပေါ်ရှိ အမူအရာကိုမြင်သည်တွင် သူမသည် အတည်ပေါက် မေးနေခြင်းဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။

ကမ္ဘာပေါ်တွင် ဂိုဂူလျောကလပ်ဆိုသည်မှာ ဘာလဲဆိုသည်ကို သိရန် သူမည်သို့ ပြောပြရမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အခြားသောအချိန်ကာလတွင် အခြားလူတစ်ယောက်ကို ကြိမ်းမောင်းရန်သုံးသော ဗန်းစကားတစ်ခုမျှသာဖြစ်ပြီး ဝမ်ချောင်သည် ၎င်းကို အသုံးပြုရန်အတွက် ရွေးချယ်ခဲ့ခြင်းမျှသာ ဖြစ်သည်။ ထိုအရာသည် အလွန်သက်ရောက်မှုရှိမည်ဟု သူမမျှော်လင့်‌ထားခဲ့ပေ။

ခုနက သူသည် အများကြီးမစဉ်းစားခဲ့ပေ။ ထို့ကြောင့် ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့သောအဆို မရှိသည်ကို သူမေ့သွားခဲ့သည်။

တစ်ဖက်လူအား ဗန်းစကားကို သူမည်သို့ ရှင်းပြရမည်နည်း။

"ဟားဟား ငါ ပုံမှန်မဟုတ်တဲ့ စော်ကားတဲ့စကားလုံးတချို့ ပြောခဲ့တာပါ။ ငါတို့လုပ်စရာကျန်သေးတယ် ဒါကြောင့် ဆက်သွားကြရအောင်..."

ထိုအကြောင်းအရာကို ဆက်မပြောရဲတော့ဘဲ ဝမ်ချောင်သည် သူ့ကိုယ်သူ လွတ်မြောက်ရန် အကြောင်းပြချက်ကို အမြန်ရှာလိုက်သည်။

မီယာဆာမီးအရာကာသည် ထွက်ခွာသွားသော ဝမ်ချောင်၏ နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သို့သော် တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ မျက်နှာကာအောက်ရှိ သူမနှုတ်ခမ်းသည် ကော့တက်လာခဲ့ကာ ယောင်ယောင်လေးပြုံးလိုက်သည်။

-----

ဝမ်ချောင်သည် ဂိုဂူလျောများကို တစ်ယောက်ပြီးတစ်ယောက်ကို အမဲလိုက်နေချိန်တွင် မြို့တော်၏ အခြားဖက်ခြမ်း၌ ကျန့်ချိုးကျင်းချိုကို ခန့်အပ်ခြင်းကိစ္စအတွက် အချေအတင်ပြောဆိုငြင်းခုံခြင်းသည် တဖြည်းဖြည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

ဤသည်မှာ အာဏာရှိအရာရှိတစ်ဦးသည် သူ့ထောက်ခံမှုကို ကျန့်ချိုးကျင်းချိုအတွက် ပွင့်လင်းစွာ ဖော်ပြလာခဲ့ခြင်းဖြစ်သည်။

တစ်လလုံးလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီးနောက် လူတိုင်းသည် ကျန့်ချိုးကျင်းချို၏ တော်ဝင်ရုံးတော်သို့ ဝင်ရောက်ရန် အခွင့်အလမ်းသည် လုံးပါးပါးသွားမည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ဝမ်ကန်း၏ ထုတ်ပြန်ချက်သည် မျှော်လင့်ချက်မီးတောက်များကို ပြန်လည်တွန်းညှိစေခဲ့ပြီး ဤသည်က တဆစ်ချိုးပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်သည်။

တော်ဝင်ရုံးတော်ရှိ လူတိုင်းသိနေသကဲ့သို့ပင် ဝမ်ကန်းသည် နိုင်ငံရေးတွင် ပါဝင်သည့် အဆင့် ၁ အရာရှိတစ်ဦးအနေဖြင့် အဓိကကိစ္စများတွင် အမြဲတမ်းဂရုတစိုက် ရှေ့တိုးဆောင်ရွက်လေ့ရှိသည်။ အထူးသဖြင့် မသေချာမရေရာသည့် ကြီးမားသည့် ကိစ္စဖြင့် မျက်နှာချင်းဆိုင်ရသည့်အခါတွင် သူ့ဘက်က အစပြု၍ ထရပ်သည်မှာ ရှားပါးလေသည်။

ဤသို့ဖြင့် ဝမ်ကန်း၏ ထောက်ခံကြောင်းထုတ်ဖော်ပြသချက်သည် လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့ကာ သူတို့သည် ဤသည်ကို ဝမ်မျိုးနွယ်စုတစ်ခုလုံးနှင့် စုန့်ဘုရင်၏ ဆန္ဒအဖြစ် ရှု့မြင်ခဲ့ကြသည်။

မြို့စားကြီးကျူး အနာယူသွားကတည်းက လူတိုင်းသည် ဝမ်မျိုးနွယ်စု၏ ဩဇာလွှမ်းမိုးမှုသည် တဖြည်းဖြည်း လျော့ကျလာခဲ့သည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော်လည်း 'ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်' ပြီးနောက် ဝမ်မျိုးနွယ်စုကို လျှော့တွက်ရဲသည့်လူ တစ်ဦးမှ မရှိတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်း၏အမြင်တွင် ထိုအဖြစ်အပျက်ပြီးနောက် ဝမ်မျိုးနွယ်စု၏ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာသည် မြို့စားကြီးကျူး၏ခေတ်ကိုကျော်လွန်၍ အထွတ်အထိပ်အသစ်တစ်ခုသို့ ခုန်တက်လာခဲ့သည်။

ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝမ်မျိုးနွယ်စုသည် အခြားအဖွဲ့အစည်းတစ်ခု၏ လေးစားမှုနှင့် ထောက်ခံမှုကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စစ်တပ် ပင်ဖြစ်သည်။

မြို့စားကြီးကျူးသည် သူကိုယ်တိုင် စစ်တပ်တွင် ပါဝင်ခဲ့ကာ ယခင်က တိုက်ပွဲများ၌ ပါဝင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ့ကို စစ်တပ်၏လူတစ်‌ယောက်ဟု မယူဆနိုင်ပေ။ ထို့ကြောင့် သူ့အောင်မြင်မှုများ ရှိသော်ငြားလည်း မြို့စားကြီးကျူးသည် တပ်မှူးများနှင့် စစ်သူကြီးများ၏ ထောက်ခံမှုအနည်းငယ်ကိုသာ ရရှိပိုင်ဆိုင်ထားဆဲဖြစ်သည်။

သို့သော် ဒေသဆိုင်ရာတပ်မှုးများအဖြစ်အပျက်သည် ဝမ်မျိုးနွယ်စုဆီသို့ ဟန်လူမျိုးများ၏ တပ်မှူးများနှင့် စစ်သူကြီးများ၏ လေးစားသမှုကို ယူဆောင်လာနိုင်ခဲ့သည်။

ဤသို့ဖြင့် မည်သူမျှ ဝမ်ကန်း၏ ရပ်တည်မှုဖော်ပြချက်ကို ပေါ့ပေါ့တန်တန်သဘောမထားရဲခဲ့ပေ။

သူတို့၏ အားကောင်းသော မဟာမိတ်ဖြစ်သည့် စုန့်ဘုရင်ကိုပင် ထည့်မပြောသေးပေ။ ဤအုပ်စု၏ အထောက်အပံ့ဖြင့် ကျန့်ချိုးကျင်းချို၏ အခြေအနေများသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

"ဟားဟား ယန်ကျိုးက တစ်ကယ့်ကို တစ်ကွက်ရွေ့လိုက်ပြီ။ ဝမ်မျိုးနွယ်စုရဲ့ ထောက်ခံမှုနဲ့ ဗဟိုနိုင်ငံရေးထဲကို ဝင်ရောက်ဖို့ ငါ့အတွက် အခွင့်အရေးခြောက်ဆယ်ရာခိုင်နှုန်းရှိသွားပြီ... တကယ့်ကို ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက်မှာ သူတို့ကို ကူညီခဲ့တဲ့ ငါ့ရဲ့အားထုတ်မှုက အလဟဿ မဖြစ်ခဲ့ဘူးပဲ”

‌ဝေးကွာလှသည့် တောင်ပိုင်းကာကွယ်ရေးတပ်တွင် မီးပုံတစ်ခုရှေ့၌ လေးလံသည့်သံချပ်ကာကို ဝတ်ဆင်ထားသည့် ကျန့်ချိုးကျင်းချိုသည် မြောက်ပိုင်းမှလာခဲ့သည့် စာတစ်စောင်ကို လက်ထဲ ကိုင်ဆောင်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"စစ်သားတစ်ယောက်ကို ရက်ပေါင်းတစ်ထောင် လေ့ကျင့်ပေးခြင်းသည် ထိုအရေးကြီးသည့် အခိုက်အတန့်အတွက် ဖြစ်သည်”

ယန်ကျိုးဖြစ်စေ ဝမ်မျိုးနွယ်စုဖြစ်စေ ကျန့်ချိုးကျင်းချိုသည် သူတို့အပေါ် အမှန်ပင် အားထုတ်မှုများစွာ သုံးစွဲခဲ့သည်။ ဤသည်မှာ သူစိုက်ပျိုးခဲ့သည့် အသီးအပွင့်များကို ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သည်။

"ဂုဏ်ယူပါတယ် စစ်သူကြီး"

ကျန့်ချိုးကျင်းချို၏ စကားများကို ကြားသည်တွင် သူ့ဝန်းကျင်မှ အုတ်အုတ်ကျက်ကျက်ဆူညံသံများ ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် လက်ရွေးစင်စစ်သားများနှင့် တပ်မှူးများသည် ဒူးထောက်လိုက်ကြပြီး ခေါင်းငုံ့လိုက်ကြကာ သူတို့၏ ကျန့်ချိုးကျင်းချိုအခြေနေအတွက် စိတ်ရင်းအမှန်ဖြင့် ဝမ်းသာပျော်ရွှင်မှုကို ဖော်ပြလိုက်ကြသည်။

အမှန်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း နယ်စပ်တွင် ကျန့်ချိုးကျင်းချိုသည် သူ့အချိန်များကို အလဟဿ မဖြစ်စေခဲ့ပေ။ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးအဖြစ် အချိန်များစွာ ကုန်ဆုံးပြီးနောက် သူသည် သစ္စာရှိပြီး အားကောင်းသည့် ကျွမ်းကျင်သူများကို သိမ်းပိုက်နိုင်ခဲ့သည်။

သူ့ရှေ့ရှိ လက်အောက်ခံတစ်ယောက်ချင်းစီသည် သူ့အတွက် အသက်ပေးရန် ဆန္ဒရှိသူများ ဖြစ်ကြသည်။ ထို့အပြင် သူတို့ကျွမ်းကျင်သူတစ်ဦးချင်းစီသည် ‌သူတို့ကိုယ်ပိုင်ခွန်အားဖြင့် ဒေသတစ်ခုကို ကိုင်လှုပ်နိုင်သူများ ဖြစ်ကြသည်။

သူတို့သည် သူ၏ အဖိုးအတန်ဆုံးလူများဖြစ်ကြသည်။

ဤလူများဖြင့် မြို့တော်ကဲ့သို့သော နေရာတစ်ခု၌ပင်လျှင် သူသည် ယခင် 'နာမည်သာရှိသော' တိုက်ပွဲဝန်ကြီးများနှင့်မတူဘဲ သူ့ကိုယ်ပိုင် ခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်သည်။

"ရှန်းယုချောင်ထုံ မြို့တော်ကို ငါထွက်သွားပြီးရင် တောင်ပိုင်းကာကွယ်ရေးတပ်ရဲ့ စစ်သူကြီးနေရာဟာ မင်းအတွက် ဖြစ်လိမ့်မယ်။ ပြင်ဆင်မှုတချို့ လုပ်ထားလိုက်၊ မကြာခင် မြို့တော်ဆီ ငါနဲ့အတူလိုက်ရမယ်။ တကယ်လို့ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးနေရာမှာ ခိုင်ခိုင်မာမာ ထိုင်ချင်ရင် မင်းသိကျွမ်းရမဲ့ လူတချို့ရှိတယ်။ ဒါက အနာဂတ်မှာ မင်းအတွက် အကျိုးရှိလိမ့်မယ်”

ကျန့်ချိုးကျင်းချိုသည် ရုတ်တရက် ပြောလိုက်ကာ ရိုးသားပြီး မုတ်ဆိတ်မွေးအပြည့်နှင့် ကြွက်သားတောင့်တင်းသည့် လူတစ်ဦးကို လှည့်ကြည့်လိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်"

ယူနီဖောင်းဝတ်ထားသော ရှန်းယုချောင်ထုံသည် ခေါင်းငုံ့ကာ လေးနက်စွာ ပြန်ဖြေလိုက်သည်။

ရှန်းယုချောင်ထုံသည် စွမ်းရည်ရှိသည့် လူတစ်ယောက် မဟုတ်ပေ။ ထိုအစား သူသည် သစ္စာရှိပြီး ယုံကြည်စိတ်ချရသော တပ်မှူးတစ်ဦးဖြစ်ကာ သူ့အား ထုတ်ပြန်သည့် ညွှန်ကြားချက်တိုင်းကို အပြည့်အ၀ ဆောင်ရွက်နိုင်သူဖြစ်သည်။

ကျင်းနန် အဆင်ပြေနေသရွေ့ ထိုသည်မှာ လုံလောက်ပေသည်။ ဤသို့ဖြင့် ရှန်းယုချောင်ထုံသည် တောင်ပိုင်းကာကွယ်ရေးတပ်၏ ခေါင်းဆောင်အဖြစ် ကောင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

သို့သော် အမှန်ပင် အရေးကြီးဆုံးအရာမှာ ရှန်းယုချောင်ထုံသည် သူ့လူဖြစ်သည်။

တောင်ပိုင်းကာကွယ်ရေးတပ်သည် သူ့လူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသရွေ့ ဤနေရာတွင် တပ်စွဲထားသော လက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းသည် သူ့လက်ခုပ်ထဲတွင်ရှိသည်ဟု ယူဆနိုင်ပေသည်။ ပြီးတော့ သူတို့သည် သူ့ဩဇာလွှမ်းမိုးမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ရှန်းယုချောင်ထုံ၏စွမ်းရည်များသည် ကျန့်ချိုးကျင်းချိုအတွက် လုံးဝအရေးမကြီးပေ။

----------

အပိုင်း ၂၄၅ ဆက်လက်ချိုးဖောက်ခြင်း

"ဟားဟား ဝမ်မျိုးနွယ်စုက ငါတို့အတွက် တကယ်ကို ထရပ်ပေးခဲ့တာပဲ”

တော်ဝင်နန်းတော်ထဲတွင် ယန်ကျိုးသည် ယခုလေးတင် ရောက်လာခဲ့သောစာလွှာကို တုန်ယင်နေသည့်လက်ဖြင့် စိတ်လှုပ်ရှားစွာ ကိုင်ဆောင်ထားခဲ့သည်။

"ဒီအတောအတွင်း ကျန့်ချိုးကျင်းချိုက တိုက်ပွဲဝန်ကြီး သေချာပေါက် ဖြစ်လာလိမ့်မယ်။ ညီမလေး တော်ဝင်ရုံးတော်ထဲမှာ ငါတို့လုံးဝ အကူအညီမဲ့နေတော့မှာမဟုတ်ဘူး”

မကြာသေးမီရက်များအတွင်း ကျန့်ချိုးကျင်းချိုဟူသော နာမည်သည် ဆွေးနွေးမှုများတွင် မကြာခဏ ပါလာလေ့ရှိသည်။ အားလုံးပြီးနောက် သူသည် ဤအဖြစ်အပျက်တစ်ခုလုံးတွင် အကျိူးအမြတ်အရှိဆုံးသူ ဖြစ်သည်။ သို့သော် ကျန့်ချိုးကျင်းချိုရာထူးတိုးခြင်းအတွက် ပို၍စိတ်လှုပ်ရှားနေသည့် အခြားလူတစ်ဦးရှိနေပုံပေါ်သည်။ ယန်ကျိုး ပင်ဖြစ်သည်။

"ကျန့်ချိုးကျင်းချို ဗဟိုနိုင်ငံရေးထဲ ဝင်ရောက်လာတာနဲ့ ငါ ယန်ကျိုး သေချာပေါက် အဆင့်မြင့်တက်လာနိုင်လိမ့်မယ်၊ ပြီးတော့ ငါ့ကို မင်းမျိုးမင်းနွယ်အဖြစ် ခန့်အပ်ခံရဖို့ အချိန်အတိုင်းအတာ တစ်ခုလောက်ပဲလိုတယ်”

ယန်ကျိုးသည် သွေးကြောများ ပေါ်လာသည်အထိ စာရွက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

ယန်ကျိုးသည် လက်ရှိတွင် ကြင်ရာတော်ထိုက်ကျန်း၏ နောက်ခံကို ပိုင်ဆိုင်ထားသော်လည်း နိမ့်ကျသည့် အနေအထား၌သာ ရှိသေးသည်။ သူသည် အဆင့်မြှင့်တင်ချင်ပေသည်။ သို့သော် သူသည် အရည်အချင်းများစွာလိုအပ်နေသေးကြောင်း ကောင်းစွာနားလည်ထားပေသည်။

တော်ဝင်ရုံးတော်ရှိ အားကောင်းသည့်လူများအားလုံးသည် သူ၏ နောက်ခံသမိုင်းကြောင်းကို သေချာစွာ စေ့စေ့စပ်စပ် လေ့လာဖူးကြပေမည်။ ကျန့်ချိုးကျင်းချို၏ ပံ့ပိုးကူညီမှုဖြင့်သာ သူသည် အဆင့်များ အမှန်တကယ် တက်နိုင်မည်ဖြစ်သည်။

"အစ်ကိုဝမ်းကွဲ အစ်ကိုနဲ့ရင်းနှီးတဲ့ မောင်ငယ်လေးက ငါတို့ကို တကယ်ကိုကြီးမားစွာ ကူညီပေးခဲ့တာပဲ။ အနည်းဆုံး ဟိုးတုန်းက သူ့ကိုကူညီခဲ့တာက အလဟဿမဖြစ်ခဲ့ဘူး။ "

ဆည်းလည်သံကဲ့သို့သော သာယာချိုသာသည့် အသံတစ်ခုသည် သူ့နောက်မှ ပြောလာခဲ့သည်။ ကြင်ရာတော်ထိုက်ကျန်း ပင်ဖြစ်သည်။

"ဟီးဟီး အမှန်ပဲ"

ကြင်ရာတော်ထိုက်ကျန်း၏ စကားများကို ကြားသည်တွင် ယန်ကျိုးသည် မတတ်နိုင်ဘဲ ရယ်မောလိုက်သည်။

"အဲတုန်းက ငါနိမ့်ကျနေတဲ့အချိန် လောင်းကစားရုံမှာရှိတဲ့ လူတိုင်းက ငါ့ကို လှောင်ပြောင်နေကြချိန်မှာ သူက ငါ့ကို မေးခွန်းတောင်မထုတ်ဘဲ ရွှေစတစ်ထောင်ပေးခဲ့တယ်။ သူက ငယ်ရွယ်ပေမဲ့ တခြားသူတွေထက် ရဲစွမ်းသတ္တိနဲ့ ပြတ်သားမှုတွေကို ပိုင်ဆိုင်ထားတယ်။ အနာဂတ်မှာ သူက ကြီးကြီးမားမားအရာတွေ အောင်မြင်နိုင်မယ်ဆိုတာ သံသယရှိစရာမလိုဘူး။ နောက်မှ သူက မြို့စားကြီးကျူးရဲ့ သားမြေးမှန်း သိလိုက်ရတဲ့အခါ ဒီကိစ္စအပေါ် ငါပိုပြီးယုံကြည်မှုရှိလာခဲ့တယ်။ ညီမလေး မင်း ဒါကို ငါထက်ပိုပြီး ပြတ်ပြတ်သားသား ခံစားရမှာ သေချာတယ်”

ရွှေရောင်သလွန်ပေါ်တွင်ထိုင်ကာ ကြင်ရာတော်ထိုက်ကျန်းသည်လည်း ရယ်မောလိုက်သည်။ ဝမ်ချောင်၏ ကဗျာသုံးပုဒ်သည် နန်းတော်၏ နံပါတ်တစ်အလှတရားအဖြစ် သူမ၏ဂုဏ်သတင်းကို ခိုင်မာစေခဲ့သည်။ ဤဂုဏ်သတင်းသည် နန်းတော်နံရံကိုပင် ကျော်လွန်ကာ ပျံ့နှံ့သွားခဲ့သည်။

ညွှန်းဆိုခံရသူတစ်ဦးအနေဖြင့် ကြင်ရာတော်ထိုက်ကျန်းသည် သဘာဝအားဖြင့် ဤသည်ကို သတိပြုမိပေသည်။

ကြင်ရာတော်ထိုက်ကျန်းသည် သူမအလှတရားကို ယုံကြည်မှုရှိသော်လည်း တစ်ခါတစ်ရံတွင် အလှတရားသည် လူတစ်ယောက်အတွက် အသိအမှတ်ပြုခံရရန် မလုံလောက်ပေ။

"ရှင်မှန်တယ်။ ဒါပေမဲ့ ခုချိန်ထိ သူ့ကို ကျွန်မမတွေ့ခဲ့ရသေးဘူး”

ကြင်ရာတော်ထိုက်ကျန်းသည် နူးညံ့စွာ ပြုံးလိုက်သည်။

တော်ဝင်ရုံးတော်တွင် ဤကဲ့သို့ကြီးမားသည့် မုန်တိုင်းကို ဖြစ်ပေါ်စေခဲ့ပြီး သူမအတွက် သူ၏ လေးစားချစ်ခင်မှုကို ဖော်ပြခဲ့သည့် ဤလူငယ်နှင့်ပတ်သက်၍ တစ်ချိန်က ဧကရာဇ်အကျဉ်းထောင်တွင် အကျဉ်းကျခဲ့သည့်တိုင် ကြင်ရာတော်ထိုက်ကျန်းသည် သူ့အပေါ် ထူးခြားသောခံစားချက်များ ထားရှိခဲ့သည်။

ထိုသည်မှာ 'အချစ်' မဟုတ်ပေ၊ သို့သော် ခင်မင်နှစ်သက်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။ သူသည် သူမတွေ့ခဲ့ဖူးသည့် အခြားလူငယ်များနှင့် မတူပေ။

"ဟီးဟီး သူက လက်ရှိမှာ လေ့ကျင့်ရေးစစ်စခန်းမှာရှိပါတယ် ဒါကြောင့် ညီမငယ်က သူ့ကို တွေ့ချင်ရင် အခွင့်အရေးရှိပါတယ်”

ယန်ကျိုးသည် ဝမ်ချောင်နှင့် ယခင်ကဆုံတွေ့ခဲ့ငည်များကို ပြန်လည်အမှတ်ရလိုက်ကာ အတွေးထဲ ကျရောက်သွားခဲ့သည်။

"ဝမ်မျိုးနွယ်စုက အရမ်းအားကောင်းနေတာ သနားစရာပဲ။ မဟုတ်ရင် သူ့ကို ငါတို့ဖက်ကို ဆွဲခေါ်ချင်ခဲ့တာ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ဆောင်မှုတွေကလည်း အဆင်ပြေပါတယ်လေ။ ဝမ်မျိုးနွယ်စုနဲ့ စုန့်ဘုရင်ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့အတူ ကျန့်ချိုးကျင်းချို ရာထူးတိုးခဲ့ရင် ညီမငယ် မင်းက တော်ဝင်ရုံးတော်ထဲမှာ တစ်ကိုယ်တည်းဖြစ်ပြီး အားနည်းနေတော့မှာမဟုတ်ဘူး”

ယန်ကျိုး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

ကြင်ရာတော်ထိုက်ကျန်းသည်လည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

----

"ငါခြေတစ်လှမ်းနောက်ကျသွားတယ်"

ယောင်ကွမ်းရီသည် ဒေါသတကြီးဖြင့် လက်သီးဆုပ်လိုက်ပြီး သူ့ရှေ့ရှိ စားပွဲကို မဲပြာသည့် မျက်နှာဖြင့် ထိုးချလိုက်သည်။ ယန်ကျိုးနှင့် ကြင်ရာတော်ထိုက်ကျန်းသည် သူ့ဘက်သို့ သူအမြဲဆွဲခေါ်ရန် ကြိုးစားနေသည့် ပစ်မှတ်များဖြစ်ကြသည်။

ကျန့်ချိုးကျင်းချိုကိစ္စသည် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။

သို့သော် ဝမ်မျိုးနွယ်စုသည် ထိုသည်ကို လုယူသွားမည်ဟု မည်သူသိမည်နည်း။

ကျန့်ချိုးကျင်းချိုသည် အပြင်လူတစ်ယောက်ဖြစ်ပြီး သူ့အပြုအမူသည် 'ရက်စက်သည့် နဂါးတစ်ကောင်သည် မြစ်ပြင်ကို ဖြတ်ကူးခြင်း' အဖြစ် ရှူမြင်နိုင်လေသည်။ ထိုကဲ့သို့သော အပြုအမူများသည် 'မြစ်အတွင်းရှိ အင်အားကြီးသည့် ပုဂ္ဂိုလ်များ' အဖို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ဤသည်မှာ သူ့အတွက် မည်သူမျှ ထမရပ်သည့် အဓိကအကြောင်းအရင်းဖြစ်သည်။

လူတိုင်းသည် ဤကိစ္စရှေ့တွင် တခြားသူများ၏ ရန်ငြိုးထားခြင်း ခံရမည်ကို ကြောက်ကြသောကြောင့် တိတ်ဆိတ်နေရန်သာရွေးချယ်ခဲ့ကြသည်။

ဝမ်မျိုးနွယ်စုသည် ဤကိစ္စတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ကာ သူတို့သည် ကျန့်ချိုးကျင်းချို ရောက်လာမည်ကို ကြောက်သောကြောင့် ထိုသည်ကို ဆန့်ကျင်လိမ့်မည်ဟု ယောင်ကွမ်းရီ တွေးထင်ခဲ့သည်။

ဝမ်ကန်းသည် ဆုံးဖြတ်ချက်ပြတ်သားစွာနှင့် ရှေ့ထွက်ရပ်ကာ သူ့ထောက်ခံမှုကို တရားဝင် ကြေညာလိမ့်မည်ဟု မည်သူသိမည်နည်း။

"ငါ သူတို့အရူးလုပ်တာကို ခံခဲ့ရတာပဲ"

ယောင်ကွမ်းရီ၏ နားထင်များတွင် သွေးကြောများထောင်လာခဲ့ပြီး သူ့မျက်နှာသည် ဒေါသကြောင့် တွန့်လိမ်သွားခဲ့သည်။ သူသည် ဝမ်မျိုးနွယ်စု၏ အရူးလုပ်ခြင်းကို ခံခဲ့ရသည်ကို နားမလည်ဘဲ ရှိလိမ့်မည်နည်း။ ဝမ်မျိုးနွယ်စုသည် ဟိုးအစကတည်းကသာ ကျန့်ချိုးကျင်းချိုအတွက် ထရပ်ခဲ့ပါက အခြားသူများကို ဆန့်ကျင်ပြီး လူအများ၏ ရန်သူဖြစ်လာပေလိမ့်မည်ဖြစ်သည်။ သို့သော် ဤအချိန်တွင်တော့ သူတို့ကို မည်သူမျှ ဘာမျှမပြောသည့်အပြင် ကျန့်ချိုးကျင်းချို၏ မျက်နှာသာပေးမှုကိုလည်း သိမ်းပိုက်ခဲ့သည်။

ခြေတစ်လှမ်းမျှသာနောက်ကျခဲ့ပြီး သူသည် ဤကောင်းမွန်သည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။

ကျန့်ချိုးကျင်းချိုသည် သူ့အတွက် ပထမဆုံးထရပ်ခဲ့သူကိုသာ အမှတ်ရနေမည်ဖြစ်ပြီး ဒုတိယလူ၊ တတိယလူ... များကို အမှတ်ရမှာ မဟုတ်ပေ။

"ဒီဆုံးဖြတ်ချက်ပြတ်သားပြီး ချိန်ကိုက်တိကျမှု ဒါက ဝမ်ကန်း လုပ်တာမဖြစ်နိုင်ဘူး။ ဟိုခွေးကောင် ဝမ်ချောင်ပဲဖြစ်ရမယ်”

သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒသည် ယောင်ကွမ်းရီ၏ မျက်လုံးများ၌ ဖြတ်သန်းသွားခဲ့သည်။

-----

"ငါတို့ နည်းနည်းလေးနောက်ကျနေတုန်းပဲ"

ဤအချိန်တွင် မြို့တော်ထဲ၌ ယောင်ကွမ်းရီသည် သက်ပြင်းချနေသည့် တစ်ဦးတည်းသောသူမဟုတ်ပေ။ မြို့တော်အလယ်ရှိ အိမ်တော်တစ်ခုတွင် အရပ်အမောင်းရှည်လျားပြီး ကျစ်လျစ်သွယ်ကျသော ပုံရိပ်တစ်ခုသည် သူ့လက်တွင်းရှိ စာလွှာကို သူ့ရှေ့ရှိစားပွဲပေါ်သို့ ‌ဖြည်းညင်းစွာချလိုက်ကာ သက်ပြင်းချလိုက်သည်။

-----

တစ်ဖက်တွင်တော့ ဝမ်ချောင်သည် တော်ဝင်ရုံးတော်တွင် ဖြစ်ပွားနေသော ပြောင်းလဲမှုများကို သတိမပြုမိစွာ ရှိနေသည်။ ဤအခိုက်အတန့်တွင် သူ့အာရုံအားလုံးသည် သူ့ရှေ့ရှိ ဂိုဂူလျောစစ်သည်များကို သတ်ဖြတ်ခြင်း၌သာ ရှိနေခဲ့သည်။

မီယာဆာမီးအာရာကာနှင့် လက်တွဲကာ သူတို့သည် ဂိုဂူလျောစစ်သည်များကို တစ်ယောက်ပြီး တစ်ယောက် အမဲလိုက်ခဲ့ကြသည်။ အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ချင်းစီ၏ သေဆုံးခြင်းသည် ဝမ်ချောင်ကို မူလစွမ်းအင်အမြောက်အများရရှိစေခဲ့သည်။

အချိန်တိုလေးအတွင်းမှာပင် ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူ အများအပြားကို ရှင်းပစ်ခဲ့ပြီး သူ့ကျင့်ကြံခြင်းသည် ကြီးစွာတိုးတက်လာခဲ့သည်။ သူ့ခွန်အား၊ လျင်မြန်မှုနှင့် လက်ကျွမ်းကျင်မှုများသည် သိသိသာသာတိုးတက်လာခဲ့ပြီး သူသည် မူလစွမ်းအင်အဆင့် ၉ နှင့် သိပ်မဝေးတော့ပေ။

----

ဤသို့ဖြင့် လေးရက်ကုန်ဆုံးသွားခဲ့သည်။

ညနက်တွင် ပျာပန်းခတ်မျှလှုပ်ရှားနေခဲ့သည့် မြို့တော်သည် တိတ်ဆိတ်နေခဲ့ပြီး လေတိုက်သံကိုသာ ကြားရနေသည့် အချိန်၌ ဝေးကွာသည့် မြို့အစွန်တွင် ရှည်လျားသည် ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုလမ်းလျှောက်နေခဲ့သည်။

သူသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ လူတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူ့လှုပ်ရှားမှုများသည် နှေးကွေးကာ အနည်းငယ်ကိုးယိုကားယားဖြစ်နေခဲ့ပြီး သဘာဝမကျဖြစ်နေခဲ့သည်။

ဘုန်းးး

သူသည် စိမ်းလန်းစိုပြေသည့် အရိပ်ရသစ်ပင်တစ်ပင်ကို ဖြတ်ကျော်ပြီးချိန်၌ အေးစက်သည့် အလင်းရောင်တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းလာခဲ့ပြီး သူ့ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် မြေပြင်မှအနည်းငယ်ခွာကာ ‌အဆိပ်ပြင်းသည့် မြွေတစ်ကောင်နှင့်ဆင်တူသော အနက်ရောင်ဓားတစ်ချောင်းသည် ထိုလူ၏ ခါးနောက်သို့ တိုးဝင်လာခဲ့သည်။

တိုက်ခိုက်မှုနှစ်ခု ရှေ့မှတစ်ခုနှင့် နောက်ကျောမှတစ်ခုတို့သည် အလွန်အမင်း လိုက်ဖက်ညီလှသည်။

ဘုန်းးး

အရာအားလုံး လျင်မြန်စွာ ဖြစ်ပျက်သွားပုံကို စကားလုံးများဖြင့် ဖော်ပြရန် မစွမ်းသာပေ။ ထိုအချိန်တွင် ထိုပုံရိပ်သည် ထိတ်ပျာမသွားခဲ့ပေ။ ထိုအစား သူ့လက်သည် သူ့ဝတ်ရုံအောက်ရှိ ဓားအိမ်ပေါ်သို့ ကျရောက်သွားခဲ့ကာ သတ္တုသံနှင့်အတူ သူ့ဆေဘာဓားများကို ဆွဲထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထူထပ်သည့် ကြယ်တာရာစွမ်းအင်စက်ဝိုင်းသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

မမြင်နိုင်သော ကြယ်တာရာစွမ်းအင်သည် ဓားသွားများနှင့် တိုက်မိသွားသော်လည်း သတ္တုသံသာ ပဲ့တင်ထပ်ထွက်လာခဲ့သည်။ အမှန်တွင် လူတစ်ဦးသည် ထိုထိခိုက်မှုမှ မီးပွားများကို ရေးရေးလေးမြင်နိုင်ပေသည်။

ကြယ်တာရာစွမ်းအင်၏ စီးဆင်းနေသော လှိုင်းဂယက်များသည် ဓားများနှင့်ဆေဘာများ၏ ပုံစံများကဲ့သို့ပင် ဖြစ်သည်။

ထက်မြမှုချီစက်ကွင်း...။(Holo of Sharpness.:3)

ဤချီစက်ကွင်းအမျိုးအစားကို ဆက်ခံရရှိသော လူများသည် ဓားနှင့်ဆေဘာများနှင့် ဆင်တူသော ထက်မြမှုနှင့်အတူ သူတို့၏ ချီစက်ကွင်းများကို နိုးဆွနိုင်ကြသည်။ ထိုသည်ကို အစစ်အမှန်သိုင်းပညာနယ်ပယ်တွင် ပုံမှန်မဟုတ်သော ချီစက်ကွင်းအဖြစ်လည်း ယူဆနိုင်ပေသည်။

ချီစက်ကွင်းနှင့် ထိခိုက်မိကာ ဂိုဂူလျောစစ်သည်၏ လက်အတွင်းရှိ ဆေဘာဓားသုံးချက် အဆက်မပြတ် ခုတ်ပိုင်းလိုက်ခြင်းနှင့်အတူ မီယာဆာမီးအာရာကာနှင့် ဝမ်ချောင်တို့သည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။

"ဟားဟား ငါမျှော်လင့်ထားသလိုပဲ မင်းတို့ ငါ့ထောင်ချောက်ထဲ ဝင်လာတယ်”

ဂိုဂူလျောစစ်သည်သည် သူ့တိုက်ခိုက်မှုနောက်သို့ ချက်ချင်းလိုက်ပါမသွားခဲ့ပေ။ ထိုအစား သူ့ဆေဘာများကို ဝမ်ချောင်နှင့် မီယာဆာမီးအရာကာဘက်သို့ ချိန်ရွယ်လိုက်ကာ အရာအားလုံးသည် သူ့ခန့်မှန်းချက်အတိုင်းဖြစ်လာသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"သခင်လေး ဒါထောင်ချောက်တစ်ခုပဲ"

ထိုလူ၏ စကားများကို ကြားသည်တွင် မီယာဆာမီးအာရာကာသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ချင်းသတိပြုမိလိုက်ကာ သူမ၏ နှလုံးသားသည် လျင်မြန်စွာအေးစက်သွားခဲ့သည်။

"မဆိုးဘူး မင်းတို့ အမြန်တုံ့ပြန်နိုင်သားပဲ။ ဒါပေမဲ့ မင်းတို့အရမ်းနောက်ကျသွားပြီ...ထွက်ခဲ့"

ထိုဂိုဂူလျောစစ်သည်သည် သူ့ခါး၌ စွမ်းအားများ ထိုးထည့်လိုက်ပြီး

'ပူးရှီးး'

သူ့ဝတ်ရုံသည် ချက်ချင်းအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ကာ ဂိုဂူလျောတိုက်ပွဲဝတ်စုံပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့လက်ကိုမြှောက်လိုက်ကာ အချက်ပြလိုက်သည်။

ဟူးလားလား

ပုံရိပ်သုံးခုသည် တောထဲမှ ထွက်ပေါ်လာခဲ့ကာ ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာကို ဝိုင်းရံလိုက်ကြသည်။

သူတို့တစ်ဦးချင်းစီသည် နက်ရှိုင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ကာ ထိုသည်က သူတို့သည် အစစ်အမှန်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများဖြစ်ကြောင်း ဖော်ပြနေသည်။ သူတို့တစ်ဦးချင်းစီသည် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့အတွက် တိုက်ခိုက်ရန် ခက်ခဲသူများဖြစ်ကြသည်။ သို့သော် သူတို့လေးယောက်တစ်ချိန်တည်း ပေါ်လာခြင်းကြောင့် မီယာဆာမီးအာရာကာနှင့် ဝမ်ချောင်တို့သည် ‌အရေးမသာသည့် အခြေအနေသို့ ချက်ချင်း ကျရောက်သွားခဲ့သည်။

"ငါက ငါးစာသက်သက်ပဲ။ ဒါပေမဲ့ မင်းတို့က ငါ့ကိုတောင် အနိုင်မယူနိုင်တာ သူတို့ကိုသာဆို ပြောနေစရာတောင် မလိုဘူး ဟီးဟီး မင်းတို့ကို အရှုံးပေးပြီး အသေခံဖို့ ငါအကြံပေးချင်တယ်”

ထိုဂိုဂူလျောသည် ရက်စက်စွာဖြင့် ရယ်မောလိုက်သည်။

အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများ၏ ပျောက်ကွယ်သွားခြင်းသည် သေးငယ်သည့် ကိစ္စမဟုတ်ပေ။ ဒုတိယအခြေစိုက်စခန်းရှိ အဖွဲ့ဝင်များသည် ထိုကိစ္စ၏ ပြင်းထန်သော အကျိုးဆက်ကို နားလည်ထားကြပေသည်။ ထို့ကြောင့် သူတို့သည် ကာကွယ်မှုများကို ချက်ချင်း ဆောင်ရွက်လိုက်ကြသည်။

သူတို့သည် ဘာတွေဖြစ်ပျက်နေသည်ကို သေချာမသိသော်လည်း ဤကိစ္စကို ကိုင်တွယ်ရန် လူလေးယောက်အုပ်စုတစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းခဲ့ကြသည်။ သူတို့လေးယောက်တွင် တစ်ယောက်သည် ငါးစာအဖြစ် အလင်းထဲတွင် ရှိနေမည်ဖြစ်ကာ အခြားသုံးယောက်သည် ပစ်မှတ်ပေါ်လာမည့်အချိန်ကို အမှောင်ထဲမှ စောင့်ဆိုင်းနေကြမည်ဖြစ်သည်။

ဤနည်းဖြင့် သူတို့အဖွဲ့၏ လုံခြုံရေးကို ကာကွယ်ထားချိန်တွင် သူတို့၏ရန်သူကို မျှားခေါ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း သူတို့ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်များသည် လျင်မြန်စွာရိတ်သိမ်းရမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဟီးဟီး ထပ်ပေါင်းပြောပါရစေ မင်းတို့ ရယ်စရာကောင်းတာတစ်ခုခု လုပ်ဖို့ ကြိုးစားခဲ့ရင် မင်းတို့ခံစားရမှာက ပြင်းထန်လိမ့်မယ်။ ငါ မင်းတို့ကို ဖမ်းမိပြီးနောက်မှာ မင်းတို့နောက်မှာ ဘယ်သူရှိသလဲဆိုတာ ကြည့်ရမယ်”

ထိုလူသည် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့ကို လူသေကောင်ကဲ့သို့ ကြည့်လိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"သခင်လေး ကျွန်မတို့အခု ဘာလုပ်ကြရမလဲ"

အေးစက်သည့် ချွေးများသည် မီယာဆာမီးအာရာကာ၏ နဖူးမှ စီးကျလာခဲ့သည်။ တစ်ဦးချင်းစွမ်းအားဖြစ်စေ အရေအတွက်ဖြစ်စေ သူတို့သည် အရေးမသာသည့် အခြေအနေ၌ ရှိနေသည်။

သူတို့သည် အနိုင်ရရန် သို့မဟုတ် လွတ်မြောက်ရန် မဖြစ်နိုင်လုနီးပါးပင်ဖြစ်သည်။

"ဟီးဟီး စိတ်မပူပါနဲ့"

ဝမ်ချောင်သည် သူမကို အာမခံသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"သွား သူတို့ကိုတိုက်။ တကယ်လို့ သူတို့ ဘယ်လိုအရူးကွက်ပဲဖြစ်ဖြစ်လုပ်ဖို့ကြိုးစားရင် သူတို့ကို သတ်ပစ်ဖို့ တုံ့ဆိုင်းမနေနဲ့”

ဂိုဂူလျောလေးယောက်ထဲမှ တစ်ယောက်သည် လက်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။

ဘုန်းးး

ဂိုဂူလျောလေးယောက်သည် ရှေ့သို့ ပြေးထွက်လာခဲ့ပြီး အခြားကြယ်တာရာစွမ်းရင်သုံးခုသည်လည်း ရှေ့သို့ တိုးဝင်လာခဲ့သည်။

ဤကြီးမားသောခွန်အားရှေ့တွင် ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့၏ ခွန်အားသည် သေးငယ်သွားပုံပေါ်သည်။

ရီးးးး

သို့သော် ထိုလေးယောက်ရှေ့သို့ ‌ပြေးဝင်တိုက်ခိုက်လာချိန်တွင် ဝမ်ချောင်သည် စူးရှသည့် လေချွန်သံကို ထုတ်လွှတ်လိုက်သည်။

"တိုက်"

သူ့အသံသည် မီရာဆာမီးအာရာကာထံသို့ ဦးတည်ခြင်းမဟုတ်ပေ။ အကွာအဝေးတစ်ခုရှိ လူတစ်ဦးဆီသို့ ဦးတည်ခြင်းဖြစ်သည်။

ဘုန်းးး

တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ချောင်သည် သူ၏ စဈ်မြပြင်ပျက်စီးခြင်းချီစက်ကွင်းကို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် တူညီသည့် အဖြူရောင်လှိုင်းလုံးလေးလုံးသည် ဂိုဂူလျောစစ်သည်လေးဦး၏ ပုံရိပ်ကို ချက်ချင်းဖုံးလွှမ်းသွားခဲ့ပြီး သူတို့ရဲ့ အရှိန်အဝါများသည် ရုတ်ခြည်းထိုးကျသွားခဲ့သည်။

--------

All Chapters