အခန်း (၂၄၆-၂၅၀)
Vol. 10 Ch. 246-250
အပိုင်း ၂၄၆ မူလစွမ်းအင်အဆင့် ၉၊ ခြေလှမ်းတစ်ရာနတ်ဘုရားလက်သီး
စစ်မြေပြင်ပျက်စီးခြင်းအရှိန်အဝါကို ထုတ်ဖော်ရန်အတွက် ဝမ်ချောင်၏ ကျွမ်းကျင်မှုနှင့် ကြာချိန်သည် တိုးတက်လာခဲ့သည်။
သူတို့လေးယောက် မတုံ့ပြန်ရသေးခင် သူတို့သည် သူတို့အပေါ် သတ္တုဝတ်ရုံဖြင့် လွှမ်းခြုံခံလိုက်ရသကဲ့သို့ သူတို့၏လှုပ်ရှားမှုများနှင့် ခွန်အားများသည် ကန့်သတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤခဏလေးမှာပင် ဤလူစု၏နောက်ဘက်ရှိ ရှစ်ရာမီတာအကွာအဝေးမှ ပုံရိပ်တစ်ခုသည် လှုပ်ရှားသွားခဲ့သည်။
ဘုန်းးး
လေပြင်းများကြားတွင် ပုံရိပ်တစ်ခုသည် ကောင်းကင်တွင် ဖြတ်သန်းလာခဲ့ပြီး လေဟာပြင်ကို ဖြတ်သန်းလာသည့် မြားတစ်စင်းသည် အချိန်မဆိုင်းဘဲ ဂိုဂူလျောစစ်သည်တစ်ဦး၏ ရင်ဘတ်ထဲသို့ ထိုးစိုက်သွားတော့သည်။ မြားအရှိန်ကြောင့် ထိုလူသည် ကျန့်တစ်ဒါဇင်ခန့် လွင့်ထွက်သွားခဲ့ကာ မြေကြီးပေါ်သို့ ထိုးစိုက်သွားခဲ့သည်။
ထို့နောက် လူတစ်ဦးမျက်တောင်ပင် မခတ်လိုက်နိုင်သည့်အချိန်တွင် ဒုတိယတစ်ခု၊ တတိယ နှင့် စတုတ္ထမြားများသည် အစစ်အမှန်သိုင်းပညာနယ်ပယ်ရှိ ကျန်ဂိုဂူလျောသုံးဦးကို ထိုးစိုက်သွားခဲ့ကာ လွင့်ထွက်သွားစေခဲ့သည်။
သူတို့ဝန်းကျင်၌ ကာရံထားသော ကြယ်တာရာစွမ်းအင်သည် အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိခဲ့ပေ။
စီးးးး
မီယာဆာမီးအာရာကာမဆိုထားနှင့် ဝမ်ချောင်သည်ပင် အံ့အားသင့်လျက် ပြောစရာစကား မဲ့သွားခဲ့ရသည်။ စုန့်ဘုရင်သည် သူ့ထံသို့ ကျွမ်းကျင်သူတစ်ဦး ထည့်ပေးလိုက်သည်ကို သူသိသည်။ သို့သော် တစ်ဖက်လူ၏ လေးပစ်စွမ်းရည်သည် ထိုကဲ့သို့ အံ့မခမ်းကျွမ်းကျင်မှုအဆင့်သို့ ရောက်နေလိမ့်မည်ဟု မည်သူသိမည်နည်း။
မြားလေးစင်းသည် ဂိုဂူလျောလေးဦး၏ ကံကြမ္မာကို အဆုံးသတ်သွားစေခဲ့သည်။ ဝမ်ချောင်သည်ပင် လက် မမြှောက်လိုက်ရပေ။
"သခင်လေး အဲလူက အရမ်းအားကောင်းလွန်းတယ်"
မီယာဆာမီးအာရာကာသည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ သူမသည် ထိုစကားမပြောသည့် လေးသခင်ကို ယခင်က အကြိမ်များစွာတွေ့ခဲ့ရသည်။ သို့သော် သူမသည် သူက ထိုကဲ့သို့ ကြောက်ရွံ့ဖွယ်ကောင်းလိမ့်မည်ဟု မသိရှိခဲ့ပေ။
ထိုမြား၏ အလျင်နှင့် ပါဝင်သည့် ခွန်အားကို တွေးလိုက်သည်တွင် သူမတစ်ကိုယ်လုံး ကြက်သီးထသွားခဲ့ရသည်။
'သန်မာတယ်။ သူက အရမ်းသန်မာလွန်းတယ်'
လမ်းလွှဲရန် သို့မဟုတ် ရှောင်ရှားရန် အချိန်အနည်းငယ်မျှပင် မရှိခဲ့ပေ။ မြား၏ ဝှီးခနဲမြည်သံကပင် သေခြင်းတရားကို ဆောင်ယူလာခဲ့သည်။
အမြန်နှုန်းကို အထူးပြုသည့် လုပ်ကြံသူတစ်ယောက်ဖြစ်သော်လည်း ထိုမြားသည်သာ သူမကို ချိန်ရွယ်ခဲ့ပါက သူမလုံးဝကူကယ်ရာမဲ့ဖြစ်သွားမည်ကို မီယာဆာမီးအာရာကာသိပေသည်။
"စိတ်မပူပါနဲ့"
မီယာဆာမီးအာရာကာ၏မျက်လုံးထဲ၌ အကြောက်တရားများ ကြီးမားစွာ စုဝေးလာသည်ကို မြင်သည်တွင် ဝမ်ချောင်သည် သူမပခုံးကို ပုတ်လိုက်ကာ ပြုံးပြလိုက်သည်။ လုပ်ကြံသူတစ်ဦးအနေဖြင့် ဤအရာသည် ကျွမ်းကျင်သူများအပေါ် သူမ၏ ပင်ကိုယ်တုံ့ပြန်မှုဖြစ်သည်။ တစ်ဖက်တွင်တော့ ပြောင်းလဲသွားသည့် အခြေအနေကြောင့် ဝမ်ချောင် ပျော်ရွှင်နေခဲ့သည်။
"သူက ငါတို့ဖက်က ကျွမ်းကျင်သူတစ်ယောက်ပဲ။ ဒီလိုကြောက်မက်ဖွယ်လေးသခင်တစ်ယောက်က ငါတို့အနားမှာ ရှိနေတာကြောင့် မင်းဘာကို စိုးရိမ်နေဦးမှာလဲ။ စိုးရိမ်သင့်တဲ့လူတွေက ငါတို့ရန်သူတွေပဲ”
ဤသည်မှာ စုန့်ဘုရင်ထည့်ပေးလိုက်သည့် လေးသခင်ကို သူပထမဆုံး ခေါ်ယူလိုက်ခြင်းဖြစ်သည်။ ပြီးတော့ သူသည် ရလဒ်နှင်ပတ်သက်၍ ကျေနပ်ပေသည်။
'စုန့်ဘုရင်ထည့်ပေးလိုက်တဲ့ ကျွမ်းကျင်သူက ငါတို့နောက်လိုက်လာခဲ့တာ အချိန်အတော်ကြာပြီ ဒါပေမဲ့ သူကို အရင်က ငါ မခေါ်ယူခဲ့ဘူး။ သူ့ရင်ထဲမှာ စိတ်ပျက်နေပုံရတယ် အဲဒါကြောင့် သူက ငါ့ရှေ့မှာ သူ့ရဲ့လေးပစ်စွမ်းရည်ကို တမင်ရည်ရွယ်ပြီး ပြသခဲ့တာပဲ'
ဝမ်ချောင်သည် ဂရုမစိုက်ဘဲ ကျိတ်၍ ရယ်မောလိုက်သည်။ လေးသခင်သည် သူ့ခွန်အားကို အလွန်တိကျစွာ ထိန်းချုပ်ထားခဲ့သည်။ ဂိုဂူလျောစစ်သည် လေးဦးသည် သေအံ့ဆဲဆဲအခြေအနေ၌ ကျန်နေခဲ့ကာ သူ့အတွက် ယင်ယန်ငယ်ပညာရပ်ကို အသုံးပြုရန် သင့်တော်ပေသည်။
ရှီးးး
ဓားတစ်ချောင်းသည် ဂိုဂူလျောစစ်သည်တစ်ယောက်၏ နှလုံးကို ထိုးဖောက်သွားခဲ့ကာ မူလစွမ်းအင်များသည် ဝမ်ချောင်ကိုယ်တွင်းသို့ တိုးဝင်လာခဲ့သည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ကိုယ်တွင်းရှိ မူလစွမ်းအင်အရည်အသွေးသည် မူလစွမ်းအင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ထက် အပုံကြီးသာပေသည်။ ဤမူလစွမ်းအင်ကို စုပ်ယူခြင်းသည် ဝမ်ချောင်၏ သွေးများကို ဆူပွက်လာစေပြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲတော့မည်ကဲ့သို့ ခံစားရစေသည်။
ဘုန်းးး
ဝမ်ချောင်သည် လွန်ခဲ့သည့်ရက်များက မူလစွမ်းပင်ပမာဏအများအပြားကို စုပ်ယူထားခဲ့သည်။ ပထမဂိုဂူလျောကျွမ်းကျင်သူထံမှ မူလစွမ်းအင်သည် နောက်ဆုံးခလုပ်ဖြစ်ပုံပေါ်သည်။ အချိန်ခဏအတွင်းမှာပင် မူလစွမ်းအင်ပမာဏအများအပြားသည် ဝမ်ချောင်၏ မူလစွမ်းအင်ကို လှုပ်ဆော်ခဲ့ပြီး သူ့မူလစွမ်းအင်စီးဆင်းမှု အမြန်နှုန်းကို အဆများစွာ တိုးတက်စေခဲ့သည်။
တစ်ချိန်တည်းတွင် သူသည် ယင်ယန်ငယ်ပညာရပ်၏ အခြေခံအုတ်မြစ်သည်လည်း တုန်ခါလာသည်ကို ခံစားလိုက်နိုင်သည်။ ဤအရာနှင့်အတူ သူသည် အဆင့် ၁ ကို ချိုးဖောက်ပြီး အဆင့် ၂ သို့ ရောက်ရှိသွားခဲ့သည်။
"ဒါက...သခင်လေးက မူလစွမ်းအင်အဆင့် ၉ ကို ချိုးဖောက်အောင်မြင်တော့မှာပဲ"
ဝမ်ချောင်၏ နောက်ကျောကို ကြည့်လိုက်ကာ မီယာဆာမီးအရာကာ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။
ဝမ်ချောင်၏ အရှိန်အဝါသည် မီးတောင်ပေါက်ကွဲတော့မည်ကဲ့သို့ ပြင်းထန်နေခဲ့သည်။ ထိုသည်မှာ သူ့မူလစွမ်းအင်သည် ပို၍ ပို၍ သိပ်သည်းလာသည်ကို ညွှန်ပြနေခဲ့သည်။
ဤသည်မှာ သူ့မူလစွမ်းအင်ကို ထုတ်လွှတ်နိုင်သည့် စွမ်းရည်ရရှိရန်နှင့် ကြယ်တာရာစွမ်းအင်ပုံစံ ရရှိရန် ဖော်ပြနေသည့် လက္ခဏာဖြစ်သည်။
"သခင်လေး မူလစွမ်းအင်အဆင့် ၈ ကို ရောက်ရှိခဲ့တာမကြာသေးဘူး သူက မူလစွမ်းအင် အဆင့် ၉ ကို ချိုးဖောက်အောင်မြင်တော့မယ်။ ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်သလဲ..."
မီယာဆာမီးအာရာကာသည် အတွေ့အကြုံရှိသည့် လူတစ်ယောက်ဖြစ်သည်။ သို့သော် ဝမ်ချောင်၌ ဖြစ်ပွားနေသော အရာများသည် တစ်ခါမှ မကြားခဲ့ဖူးသည့်အရာများဖြစ်ပြီး သူမ နားလည်နိုင်သည်ထက် ကျော်လွန်နေခဲ့သည်။
"နည်းနည်းလိုနေသေးတယ်"
ပထမဂိုဂူလျောကျွမ်းကျင်သူကို အသုံးပြုပြီးနောက်သူသည် ဒုတိယတစ်ဦးဆီသို့ ရွေ့လိုက်သည်။ သူသည် သု့ရှေံရှိ မမြင်ရသည့် အတားအဆီးကို ခံစားနိုင်ခဲ့ပြီး မကြာမီချိုးဖောက်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
ယင်ယန်ငယ်ဓားသည် ဂိုဂူလျောကျွမ်းကျင်သူ၏ ကိုယ်တွင်းသို့ စိုက်ဝင်သွားခဲ့သည်။ မူလစွမ်းအင် စီးဝင်လာခြင်းနှင့်အတူ ဝမ်ချောင်၏ ခန္ဓာကိုယ်သည် သူ့ကန့်သတ်ချက်သို့ ရောက်သွားပုံပေါ်ကာ အရာအားလုံးသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ဘုန်းဘုန်းဘုန်း
လက်ဝါးရှိ လာအိုရှင်းသွေးကြောဆုံမှတ်၊ ခြေဖဝါးရှိ စုန့်ကွမ်သွေးကြောဆုံမှတ်၊ ထို့အတူ ကျန်းကျင်း၊ မင်းမန်၊ ဖန်းရှီ... အရေးကြီးသည့် သွေးကြောဆုံမှတ် စုစုပေါင်းဆယ်ခြောက်ခုသည် တစ်ခုပြီးတစ်ခု ပွင့်သွားခဲ့သည်။
ဤသွေးကြောဆုံမှတ်ဆယ့်ခြောက်ခု ပွင့်သွားခြင်းနှင့်အတူ ကြက်သွေးရောင်မြူခိုးများသည် ချက်ချင်းထွက်လာခဲ့ပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားရမည့်အစား ဝမ်ချောက်ဝန်းကျင်၌သာ ထူထပ်စွာဖုံးလွှမ်းနေခဲ့သည်။
ထိုတစ်ခဏမှာပင် ဝမ်ချောင်သည် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်ကို ပို၍ ထိန်းချုပ်လာနိုင်သည်။ သူ့အမြန်နှုန်း၊ ခွန်အားနှင့် လက်ကျွမ်းကျင်မှုများသည် ကြီးစွာတိုးတက်လာခဲ့ကာ သုံးဆခန့် မြင့်တက်လာခဲ့သည်။
'အတွင်းစွမ်းအင်ထုတ်လွှတ်ခြင်း အတွင်းစွမ်းအင်ထုတ်လွှတ်တဲ့အဆင့်ကို ငါရောက်သွားခဲ့ပြီ။'
သပ်သောင့်သက်သာဖြစ်သည့် ခံစားချက်တစ်ခုကို သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ခံစားလိုက်ရကာ ဝမ်ချောင် ဝမ်းသာပျော်ရွှင်သွားခဲ့သည်။
မူလစွမ်းအင်အဆင့်၈ မှ အဆင့် ၉ သို့ ကြီးစွာ တိုးတက်သွားခဲ့ခြင်းဖြစ်သည်။ ဤနယ်ပယ်သို့ ရောက်ရှိခြင်းနှင့်အတူ လူတစ်ယောက်၏ အသွေး၊ အသား၊ အရိုးနှင့် မရီတန်းများကို မူလစွမ်းအင်ဖြင့် ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။
ဤသည်မှာ သိုင်းပညာရှင်တစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာပထမဆုံးအရည်အသွေးတိုးတက်ခြင်းဖြစ်ပြီး 'သေးငယ်သည့်ဆင့်ကဲတိုးတက်မှု' အဖြစ် သိထားကြသည်။ သေးငယ်သည့် ဆင့်ကဲတိုးတက်မှုပြီးနောက် လူတစ်ဦး၏ တိုက်ခိုက်ခြင်းစွမ်းအားသည် နှစ်ဆ သို့မဟုတ် သုံးဆဖြစ်လာနိုင်ပေသည်။
သိုင်းပညာရှင်တစ်ယောက်အတွက် ဤသေးငယ်သောဆင့်ကဲဖြစ်စဉ်သည် အလွန်အရေးကြီးပေသည်။ ဝမ်ချောင်သည် ဤအရာကို ယခင်ဘဝကကြုံတွေ့ခဲ့ရဖူးသော်လည်း ဤတစ်ကြိမ်သူ့တိုးတက်မှုသည် ထိုအချိန်ကထက် ပို၍ ကြီးမားသည်မှာ ထင်ရှားပေသည်။
မူလစွမ်းအင်အဆင့် ၉ ကို ရောက်ရှိခြင်းဖြင့် လူတစ်ဦးသည် မူလစွမ်းအင်နယ်ပယ်တွင် အထွတ်အထိပ်ကို ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သာမန်လူသားများ မော့ကြည့်ရုံသာ တတ်နိုင်သည့် ဖြစ်တည်မှုတစ်ခု ဖြစ်လာသည်။
ဝမြးးးး
ခဏကြာပြီးနောက် ဝမ်ချောင် မျက်လုံးဖွင့်လိုက်သည်။ သူသည် သူ့လက်ဝါးကို မြောက်လိုက်ပြီး မီယာဆာမီး၏ အံ့အားသင့်နေသည့် အကြည့်ရှေ့တွင် အဖြူရောင်အလင်းကို ပစ်လွှတ်လိုက်ကာ မီတာတစ်ရာအကွာအဝေးရှိ သစ်ပင်တစ်ပင်ကို ရိုက်ခတ်လိုက်သည်။
ဘုန်းးး
သစ်ပင် ပင်စည်သည် ပေါက်ကွဲသွားခဲ့ပြီး သစ်ရွက်များသည် လေထဲပျံဝဲသွားခဲ့သည်။ သစ်ကိုင်းများနှင့် ဖုန်မှုန့်များကြားတွင် လေးကျန့်ရှည်လျားသည့် သစ်ပင်သည် မြေပေါ်သို့ လဲကျသွားခဲ့သည်။
(တစ်ဆယ့်ငါးမီတာ)
"ဒါ..ဒါက"
ဤမြင်ကွင်းကို မြင်သည်တွင် မီယာဆာမီးအာရာကာစိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထိုသည်မှာ အခြေအနေအတွက် တစ်ခုတည်းသော ယုတ္တိရှိသည့် ရှင်းပြချက်ဖြစ်သည်။ သို့သော် ဤသို့ဆိုလျှင်ပင် သူမသည် ယုံရခက်နေပေသည်။
------
"ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး"
မီတာရှစ်ရာအကွာအဝေးရှိ တောင်တစ်လုံးနှင့်ဆင်တူသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်သည် ဝမ်ချောင်၏ နောက်ကျောကို အံ့အားသင့်မှုတချို့ဖြင့် ကြည့်လိုက်ကာ သူ့လေးကို ဖြည်းညင်းစွာ ချလိုက်သည်။
ခြေလှမ်းတစ်ရာအကွာအဝေးရှိ အရာဝတ္ထုကို မူလစွမ်းအင်နယ်ပယ်ရှိ လူတစ်ဦး၏လက်သီးမှ မူလစွမ်းအင်ထုတ်လွှတ်၍ ထိုးနှက်စေနိုင်သည့် နည်းစနစ်တစ်ခုသာရှိပေသည်။ ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီးပင် ဖြစ်သည်။
ခြေလှမ်းတစ်ရာနတ်ဘုရားလက်သီးသည် မူလစွမ်းအင်နယ်ပယ်၏ ဒဏ္ဍာရီလာ လျှို့ဝှက်ပညာရပ်များထဲမှ တစ်ခုဖြစ်သည်။
လေးသခင်သည် ထိုအရာ၏နာမည်ကိုသာ ကြားခဲ့ဖူးသော်လည်း လက်တွေ့မမြင်ခဲ့ဖူးပေ။ ဤနည်းစနစ်ကို ထုတ်ဖော်နိုင်သည့် လူများသည် ကမ္ဘာပေါ်ရှိ လက်ရွေးစင်လူအနည်းစုထဲတွင် ပါဝင်ပေသည်။
သို့တိုင် မူလစွမ်းအင်အဆင့် ၉ ကို ယခုလေးတင် ပေါက်မြောက်အောင်မြင်ခဲ့သော်လည်း ဝမ်ချောင်သည် ဤဒဏ္ဍာရီလာ နည်းစနစ်ကို အမှန်ပင် ထုတ်ဖော်နိုင်ခဲ့သည်။ ဤသည်ကို မြင်ပြီး အံ့အားမသင့်ဘဲရှိရန် မဖြစ်နိုင်ပေ။
"သူ့အသက်အရွယ်အရ ဒီကလေးက ဘယ်လိုလုပ် လျှို့ဝှက်ပညာရပ်အများကြီးကို သိနေရတာလဲ"
အမှောင်ထုထဲတွင် လေးသခင်သည် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် စုန့်ဘုရင်မျက်နှာပေးသော ဤလူငယ်ကို သူစိတ်ဝင်စားသွားခဲ့သည်။
"ကောင်းတယ် ကြည့်ရတာ ငါ ဒါကို အရမ်းကြီး မကျွမ်းကျင်သေးဘူး"
ဝမ်ချောင်သည် အဝေးမှ သူ့လက်ရာကို လေ့လာလိုက်သည်။ သူ့လက်သီးကို ဖြည်းညင်းစွာ ပြန်ချလိုက်ကာ ခေါင်းညိတ်လိုက်ပြီး ဤထိုးနှက်ချက်၏ အကျိူးသက်ရောက်မှုကို ကျေနပ်နေလေသည်။
မူလစွမ်းအင်နယ်ပယ်၏ ဒဏ္ဍာရီလာ နည်းစနစ်များထဲမှ တစ်ခုအနေဖြင့် ခြေလှမ်းတစ်ရာနတ်ဘုရားလက်သီးကို လူအနည်းစုသာ သိပေသည်။ မည်သူမျှ ဤကဲ့သို့အဖိုးတန်သည့် နည်းစနစ်ကို တခြားသူများအား သင်ပြရန် ဆန္ဒမရှိပေ။ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ လူအနည်းငယ်ကသာ ဤအရာကို တတ်မြောက်ထားပေသည်။
သို့သော် ဝမ်ချောင်အတွက် ဤဒဏ္ဍာရီလာနည်းစနစ်သည် ဘာမျှမဟုတ်ပေ။
ဤနည်းပညာသည် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ရသော်လည်း မူရင်းစွမ်းအင်အဆင့် ၉ သို့ ရောက်ရှိသောအခါ မူလစွမ်းအင်ထုတ်လွှတ်နိုင်စွမ်းကို အသုံးချနိုင်သည့် ထူးခြားသော နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။
လူတစ်ဦး၏ အတွင်းစွမ်းအင်ကို စုစည်းခြင်းသည် အလွန်ရှုပ်ထွေးလှသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ထိုအရာသည် လူတစ်ဦး၏ ကျွမ်းကျင်မှုကို အလွန်အမင်းတောင်းဆိုထားပေသည်။ သို့သော်လည်း အကယ်၍ လူတစ်ဦးသည် မူလစွမ်းအင်ကို စုစည်းနိုင်ကာ ထိုအရာကို ရစ်လိမ်ပြီး ဖိသိပ်နိုင်လျှင် အဆင့်တစ်ခုသို့ရောက်သောအခါ စုစည်းထားသော မူလစွမ်းအင်သည် ထုတ်လွှတ်သည့်အခါ၌ ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ဤသည်မှာ လူတစ်ဦး၏ နည်းစနစ်ကျွမ်းကျင်မှုအပေါ် ကြီးစွာ မူတည်နေသော နည်းစနစ်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ထိုအရာ၏ အနှစ်သာရကို ဆုပ်ကိုင်နိုင်ခဲ့လျှင် ထိုအရာကို ထုတ်ဖော်ရန်မှာ သိပ်ခက်ခဲတော့မှာ မဟုတ်ပေ။
သို့သော်လည်း ဤနည်းစနစ်၏ အဓိကပြဿနာမှာ မူလစွမ်းအင်အများအပြားကို သုံးစွဲရခြင်းဖြစ်သည်။
မူလစွမ်းအင်နယ်ပယ်အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီးကို နှစ်ကြိမ်ထက်ပို၍ ထုတ်ဖော်ရန် ခက်ခဲပေသည်။ ဤသို့ဖြင့် ဤနည်းစနစ်ကို ထုတ်ဖော်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။
'ဒါပေမဲ့ ထပ်ပြီး ဒီနည်းစနစ်ကို ငါ့ရဲ့ တိုက်ခိုက်မှုပုံစံထဲ ပေါင်းစပ် လေ့ကျင့်ဖို့ လိုနေသေးပုံရတယ်'
ဝမ်ချောင်တွေးလိုက်သည်။ ခြေလှမ်းတစ်ရာအကွာမှ သိုင်းပညာရှင်တစ်ယောက်အတွက် သူ့တိုက်လိုက်မှုကို ရှောင်ရန် ခက်ခဲခြင်းမရှိပေ။ ဤသို့ဖြင့် သူသည် လေ့ကျင့်ရန် အနည်းငယ် လိုနေသေးသည်။
သို့သော် ထိမှန်ခဲ့လျှင် မည်သူမဆို သေချာပေါက် ထိတ်လန့်သွားမှာ ဖြစ်သည်။
ဤအချိန်တွင် အားနည်းသည့်ခံစားချက်က ဝမ်ချောင်ကို ရိုက်ခတ်လာခဲ့သည်။ ဤသည်မှာ ချိုးဖောက်မှုတစ်ခုပြီးနောက် မူလစွမ်းအင်မရှိခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။
ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် ကျန်ရှိနေသည့် ဂိုဂူလျောနှစ်ကောင်ကို သတ်ဖြတ်ပြီး မူလစွမ်းအင် စုပ်ယူလိုက်သည်။ ကျန်ရှိသော ဂိုဂူလျောကျွမ်းကျင်သူနှစ်ဦး၏ မူလစွမ်းအင်မှ အာဟာရ ဖြည့်သွင်းထားသောကြောင့် သူ၏ကျင့်ကြံမှုသည် မြင့်တက်လာပြီး တည်ငြိမ်လာသည်။
"သွားကြစို့"
လူသေများထံမှ သာလွန်ကောင်းမွန်သော ဂိုဂူလျောဂျင်ဆင်းလေးခုကို ယူပြီးနောက် ဝမ်ချောင်သည် ရှင်းလင်းပြီး ထွက်ခွာရန် အချက်ပြလိုက်သည်။
ဒုတိယအခြေစိုက်စခန်းရှိ သူတို့၏စောင့်ကြည့်ရေးအဖွဲ့သည်(ခုသေသွားတဲ့အဖွဲ့) ဂိုဂူလျောများသည် လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။(မူရင်းမှာ စကားလုံးပေးပို့တာ သတင်းပို့တာပေါ့ ကိုယ်တော့ဆီလျော်အောင်ပြန်လိုက်တယ်)
ရှပ်ရှပ်ရှပ်
မကြာမီ တိုက်ပွဲနေရာသည် ရှင်းလင်းသွားခဲ့ပြီး တိုက်ပွဲ၏ ခြေရာလက်ရာများသည် ရှင်းလင်းသွားခဲ့သည်။ ဝမ်ချောင် လဲချခဲ့သည့် သစ်ပင် ပင်လျှင် အဝေးသို့ သယ်ဆောင်ခြင်းခံလိုက်ရသည်။
ဂိုဂူလျောများရောက်လာချိန်တွင် သူတို့သည် ဘာမျှတွေ့ရမည်မဟုတ်ပေ။
-------
Hundred Steps Divine Fist ကို ရှေ့မှာ ခြေလှမ်းတစ်ရာ မြင့်မြတ်သော လက်သီးလို့ ပြန်ထားမိပါတယ်။ ခုကစပြီး ခြေလှမ်းတစ်ရာ နတ်ဘုရားလက်သီး လို့ ပြန်ပါမယ် လို့။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၄၇
တော်ဝင်ကျောက်စိမ်းစံအိမ်
"ပေါင်းခံထားတဲ့ ဖက်ထုပ်ပူပူလေးတွေရမယ်။ လတ်ဆတ်ပြီး အရသာရှိတာကြောင့် စိတ်ကျေနပ်မှုရစေမယ်လို့ အာမခံပါတယ်။ "
မနက်စောစောတွင် ကျောက်စိမ်းနဂါးလမ်းမတစ်လျှောက်၌ မွှေးကြိုင်သည့် ရနံ့များ လွှင့်ပျံနေခဲ့သည်။ လူများသည် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဖက်ထုပ်ဆိုင်များတွင် ဝင်ထွက်သွားလာနေကြသည်။
ကျောက်စိမ်းနဂါးလမ်းမ၏ အရှေ့ဘက်တွင် လတ်ဆတ်သော ဖက်ထုပ်များ၏ အငွေ့များကြားတွင် စားသောက်ဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ကို ယောင်ဝါးဝါးမြင်နိုင်သည်။
“တော်ဝင်ကျောက်စိမ်းစံအိမ်”
ထင်ရှားသည့် ရွှေရောင်စကားလုံးသုံးလုံးသည် အနက်ရောင်နောက်ခံပေါ်တွင် ရေးထိုးထားသည်။ ဆိုင်းဘုတ်သည် ဤမနက်မှ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဆိုင်းဘုတ်နှင့်အတူ သူဌေးအသစ်ပါလာခဲ့သည်။
သို့သော်လည်း အလုပ်သမားများနှင့် ထမင်းချက်များအားလုံးသည် အတူတူပင်ဖြစ်သဖြင့် လူအနည်းငယ်ကသာ စံအိမ်သည် ပိုင်ရှင်အသစ်ပြောင်းလဲသွားသည်ကို သိပေသည်။
လူအချို့သည် ဆိုင်းဘုတ်ပြောင်းလဲသွားသည်ကို သတိပြုမိသော်လည်း သူတို့သည် အများကြီးတွေးမနေခဲ့ကြပေ။ ဤအချိန်တွင် ဝမ်ချောင်သည် တော်ဝင်ကျောက်စိမ်းစံအိမ်ထဲတွင် ထိုင်နေခဲ့သည်။
တော်ဝင်ကျောက်စိမ်းစံအိမ်၏ ဒုတိယထပ်ရှိ အခမ်းနားဆုံးအခန်းထဲတွင် ချီကလန်နှင့် ကျွမ်းကလန်မှ လူနှစ်ဦးသည် စားသောက်ရင်းဖြင့် အလုပ်ရှုပ်နေကြသည်။ သူတို့စားပွဲ၏ နံဘေးကြမ်းပြင်ပေါ်တွင် ဇကောဝိုင်းဒါဇင်ခန့်ရှိနေပြီဖြစ်သည်။ သို့သော်လည်း ပို၍အံ့အားသင့်စရာကောင်းသည့်အရာမှာ စားပွဲပေါ်တွင် ဇကောဝိုင်းများသည် မျှော်စင်ကဲ့သို့ အထပ်လိုက်ကျန်ရှိနေသေးခြင်းဖြစ်သည်။
ကျွမ်းကလန်၏ သံမဏိမြင်းစစ်သည်များနှင့် ချီကလန်၏ သံမဏိအစောင့်အရှောက်များသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် ထင်ရှားကျော်ကြားကြသည်။ သို့သော်လည်း ဤသည်မှာ ဝမ်ချောင်နှင့် သူ့အပေါင်းအပါများသည် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် စားချင်စိတ်ကို ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။
'ရောက်ခါနီးပြီ'
ဝါရံတာနားတွင်ထိုင်လျက် ဝမ်ချောင်သည် သူ့လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်ကာ မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။
သူတို့နောက်ဆုံး စစ်ဆင်ရေးပြီးကတည်းက ရက်အတော်ကြာခဲ့ပြီဖြစ်သည်။ ထိုအချိန်ကတည်းက ဝမ်ချောင်သည် ကျောက်စိမ်းစားသောက်ဆိုင်တွင် သူ့အချိန်များကို ကျင့်ကြံရင်းဖြင့် ကုန်ဆုံးစေခဲ့သည်။
“ဒေါက်ဒေါက်ဒေါက်”
အပြင်ဖက်မှ တစ်ယောက်ယောက်က တံခါးခေါက်လိုက်သည်။
"ဝင်ခဲ့"
ဝမ်ချောင်သည် လှည့်မကြည့်ဘဲ ပုံမှန်သာ ပြောလိုက်သည်။
အထူးအခန်း၏ တံခါးသည် ပွင့်သွားခဲ့ကာ အနက်ရောင်ဝတ်ဆင်ထားသည့် မီယာဆာမီးအာရာကာ ပေါ်လာခဲ့သည်။ သူမသည်ဖက်ထုပ်များဖြင့် ပြည့်နေသည့် ဇကောဝိုင်းအထပ်လိုက်ကြီးကို ကိုင်ဆောင်ထားသည်။
"သခင်လေး"
မီယာဆာမီးအာရာကာသည် ဖက်ထုပ်များကို သယ်ဆောင်ကာ ဝင်လာခဲ့ပြီး ဒူးထောက်လိုက်ကာ ဝမ်ချောင်ရှေ့တွင် ဖက်ထုပ်များကို ထားလိုက်သည်။ ထို့နောက်သူမသည် တူတစ်စုံကို ထုတ်ယူလိုက်ကာ ကျင်လည်စွာသန့်ရှင်းရေးလုပ်လိုက်ပြီး ကမ်းပေးလိုက်သည်။
"ဘယ်လိုလဲ"
အနက်ရောင်ကျောက်စိမ်းတူတစ်စုံကို ကိုင်လိုက်ကာ ဝမ်ချောင်သည် ဖက်ထုပ်တစ်ခုကို ညှပ်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ဖက်ထုပ်၏ အပြင်သားသည် နူးညံ့ပြီး ကိုက်ဝါးလိုက်သည်တွင် ပူနွေးပြီး အရသာရှိသည့် ဟင်းရည်များသည် သူ့ပါးစပ်ထဲပေါက်ကွဲထွက်လာခဲ့သည်။ ဟင်းရည်နှင့် ဖက်ထုပ်ကို မြိုချလိုက်သည်တွင် သက်သောင့်သက်သာရှိသည့် ခံစားချက်တစ်ခုသည် သူ့ကို ရစ်ပတ်လာခဲ့သည်။
'မဆိုးဘူး'
ဝမ်ချောင်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ယခင်က ဈေးကြီးသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် စားသောက်ခဲ့ဖူးသည်။ သို့သော် ဤနေရာရှိ ဖက်ထုပ်သည် အကောင်းဆုံးဖြစ်သည်ဟု ခံစားနေရသေးသည်။
ကောင်းပြီ ဤသည်မှာ ဝမ်ချောင်သည် မြို့တော်ထဲရှိ စားသောက်ဆိုင်များကိုဖယ်ပြီး ဤနေရာကို ဘာကြောင့် ရွေးချယ်ခဲ့ရသည်လဲ ဆိုသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
အခြားအကြောင်းပြချက်တစ်ခုအနေဖြင့်... ဝမ်ချောင်သည် စီမံခန့်ခွဲရန် သူ့ကိုယ်ပိုင်စားသောက်ဆိုင် တစ်ခုလိုအပ်နေသောကြောင့်ဖြစ်သည်။
သူသည် တစ်ခုခုလုပ်ဆောင်ရန် လိုအပ်သည့်အချိန်တိုင်း အခြားသူများ၏ စားသောက်ဆိုင်များသို့သာ ဦးတည်နေခဲ့ပါက ထိုသည်မှာ အဆင်မပြေဖြစ်ပြီး ထင်သာမြင်သာရှိနေပေလိမ့်မည်ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ အကယ်၍ သူ့ကိုယ်ပိုင်တစ်ခုသာရှိခဲ့ပါက သူ့အတွက် စားသောက်ရန်၊ ကျင့်ကြံရန် နှင့် စစ်ဆင်ရေးများကို စီမံခန့်ခွဲရာတွင် အဆင်ပြေစေပြီး သီးသန့်ဖြစ်စေလိမ့်မည်ဖြစ်သည်။
ဤရှူထောင့်တွင် သူသည် ယောင်ကလန်၏ ကြိုးကြာပျံဝဲစံအိမ်နှင့် အမြင်ချင်းတူပေသည်။
စံအိမ်တစ်ခု၏ အသုံးဝင်မှုကို ငွေကြေးအကျိုးအမြတ်ဖြင့် တိုင်းတာ၍ မရနိုင်ပေ။
"သခင်လေးမျှော်လင့်ထားသလိုပဲ ကျွန်မတို့ရဲ့ စစ်ဆင်ရေးက ဂိုကွားယိုတွေရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ်။ ဂိုကွားယိုတွေရဲ့ ပထမ၊ ဒုတိယ နဲ့ တတိယ အခြေစိုက်စခန်းတွေဟာ သူတို့ရဲ့ လုံခြုံရေးကို တိုးမြှင့်ခဲ့ကြပြီး သတိထားလုပ်ဆောင်နေကြတယ်။ "
မီယာဆာမီးအာရာကာသည် သူမ၏နေရာမှ လေးစားစွာတင်ပြလိုက်သည်။ သူမသည် အရိပ်များ၊ ခန်းဆီးများနှင့် တိုင်များကဲ့သို့သော အရာဝတ္ထုများကို အသုံးပြုကာ အပြင်ဘက်မှလူများ၏ အကြည့်မှ သူမကိုယ်သူမဖုံးကွယ်ရာတွင် အလွန်အမင်းကျွမ်းကျင်လှသည်။
ထိုသည်မှာ လုပ်ကြံသတ်ဖြတ်သူbတစ်ယောက်အနေဖြင့် အလုပ်လုပ်ရာတွင် သူမ၏ပင်ကိုယ်ဗီဇဖြစ်သည်။
"ဟီးဟီး ဂိုကွားယိုတွေအကုန်လုံးက ဝက်ခေါင်းနဲ့ ဦးနှောက်မရှိကြတာမဟုတ်ပါဘူး။ အနည်းဆုံး ရှိုရှုဘုရင်က လွယ်ကူတဲ့လူမဟုတ်ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါတို့သတ်ခဲ့တဲ့ သူတို့လူအရေအတွက်အရ တစ်ဖက်လူတွေဟာ ဘာကိုမှ သံသယမဝင်ရင်တောင် ရှိုရှုဘုရင်က စတင်ပြီး စိုးရိမ်ရမယ့်အချိန်ပဲ။ "
ဝမ်ချောင်သည် နောက်ထပ်ဖက်ထုပ်တစ်ခုကို ညှပ်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်ကာ မပြောင်းလဲသည့် လေသံဖြင့် ဖြေလိုက်သည်။ သူသည် အလွန်မှတည်ငြိမ်လှကာ အရာအားလုံးသည် သူ့တွက်ချက်မှုအတွင်း ရှိနေသကဲ့သို့ပင်ဖြစ်သည်။
"ဒီကနေ ပြဿနာရှိလာနိုင်လား။ ရှိုရှုဘုရင်က မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုကိုတောင် တိုက်ခိုက်ရဲတဲ့ ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်တယ်။ သူ့သာသတိပြုမိသွားရင် ကျွန်မတို့အတွက် အန္တရာယ်ရှိလာမှာကို စိုးရိမ်မိတယ်။ "
မီယာဆာမီးအာရာကာသည် စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
မဟာထန်တွင် ရှိုရှုဘုရင်သည် ဒဏ္ဍာရီတစ်ခုဖြစ်သည်။ သူ့အစီအစဉ်များသည် စေ့စပ်ပြီး ရက်စက်ကာ ရဲတင်းလွန်းလှသည်။ သို့တိုင် တစ်ဦးမျှ သူ့ပုံစံကို မသိကြပေ။
ဆိုလိုသည်မှာ သူဟာ မင်းဘေးကနေ ဖြတ်လျှောက်သွားရင်တောင်မှ မင်းဟာ သူ့ကို သတိပြုမိမှာမဟုတ်ပါဘူး။ ဤအရာသည် လူတစ်ဦးကို အလွန်အန္တရာယ်များသည့် အနေအထားသို့ ရောက်စေသည်။
"ဟီးဟီး သူက မင်းထင်သလောက် ကြောက်ဖို့မကောင်းပါဘူး။ နောက်ဆုံးမှာ သူဟာ သေမျိုးလူသားတစ်ယောက်သာဖြစ်တယ်။ ဒါက သူရဲ့ ပုံစံကို ငါတို့မမြင်ဖူးတာကြောင့် သူဟာ သူရှိနေတဲ့ပုံစံထက် ပိုကြီးမားနေတဲ့ပုံပေါ်နေတာပဲ။ "
ဝမ်ချောင်သည် လက်များကို သာမန်သာဝေ့ရမ်းလိုက်ကာ နောက်ထပ် ဖက်ထုပ်တစ်ခုကို မြိုချလိုက်သည်။
အကြောက်တရားသည် မသိခြင်းမှ အရင်းခံလာခြင်းဖြစ်သည်။
ရှိုရှုဘုရင်သည် ဤသဘောတရားကို အသေအချာနားလည်ထားကာ အပြည့်အဝအသုံးချခဲ့ခြင်းဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် အရိပ်ထဲတွင်ပုန်းခိုပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားသကဲ့သို့ပင် ရှိုရှုဘုရင်သည်လည်း တူညီစွာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူ့ပုံစံကိုသာ သိရှိထားခဲ့ပါက သူ့မျက်နှာကာဖယ်ရှားလိုက်ခြင်းနှင့်အတူ လူထု၏ သူ့အပေါ်အကြောက်တရားသည်လည်း မှိန်ဖျော့သွားမည်ဖြစ်သည်။
"...ဒါ့အပြင် ဂိုကွားယိုကနေ တပ်သားတွေ စေလွှတ်လိုက်တာကို မင်းမေ့နေပြီလား။ ဒီစစ်ဆင်ရေးက ဘယ်လောက်ကြီးမားသလဲဆိုတာအရ ငါတို့လိုအာလူးကြော်လေးတွေနဲ့အချိန်ဖြုန်းဖို့ သူ့မှာအချိန်ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ "
ဝမ်ချောင်သည် ဆက်မပြောမီ ခဏရပ်လိုက်သည်။
"ဒါ့အပြင် ဒါက တကယ်တော့ ကောင်းတဲ့အလှည့်အပြောင်းဖြစ်နိုင်တာပဲ။ တကယ်လို့ ငါတို့သာ သူ့ကို တပ်လှန့်စေခဲ့ရင် သူဟာ မြန်မြန်တိုက်ခိုက်နိုင်တယ်။ "
“အမှန်တရားနှင့် အမှားကြားတွင် ဝေဝါးစေခြင်း။ "
ဤသည်မှာ ဝမ်ချောင်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဘာကြောင့် မလှုပ်ရှားခဲ့သည်လဲ ဆိုသည့် အကြောင်းအရင်းဖြစ်သည်။ သူသည် သူ့လှုပ်ရှားမှုနောက်ကွယ်ရှိ ပုံစံကို ဂိုကွားယိုများ နားလည်သဘောမပေါက်သွားစေရန် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ရန်သူ၏ လုပ်ဆောင်ချက်များကို ကောက်ချက်မချနိုင်လျှင် သူတို့ကို စိတ်မသက်မသာ ဖြစ်စေမည်မှာ သေချာပေသည်။
ဤစိုးရိမ်ပူပန်မှုသည် သူတို့ကို အလျင်စလိုဖြစ်စေမည်ဖြစ်သည်။
'အလိုကြီးလျှင် အရနည်း၏' ဟူသော စကားပုံကဲ့သို့ပင်။ မည်သည့်လုပ်ဆောင်ချက်မဆို အလျင်လိုပါက အားနည်းချက်များဖြင့် ပြည့်နေမည်ဖြစ်သည်။
မီယာဆာမီးအာရာကာသည် တွေးတောလိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ချောင်စကားနောက်ကွယ်ရှိ ဆိုလိုရင်းကို သဘောပေါက်ရန် ကြိုးစားလိုက်သည်။
ဝမ်ချောင်ရယ်မောလိုက်သည်။ ထိုသည်ကို ဂရုမစိုက်တော့ဘဲ နောက်ထပ်ဖက်ထုပ်တစ်ခုကို ညှပ်ယူလိုက်ကာ ပါးစပ်ထဲပစ်ထည့်လိုက်သည်။
သူသည် ကျင့်ကြံနေစဉ်တွင် ဘာကိုမျှ မခံစားခဲ့ရပေ။ သို့သော် သူရပ်လိုက်သည့်အချိန်တွင် ချက်ခြင်း ဗိုက်ထဲမှ ဆာလောင်သည့်ဝေဒနာကို ခံစားလိုက်ရသည်။
စားသောက်နေစဉ်တွင် ဝမ်ချောင်သည် 'သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်' ၏ စကားလုံးများကို ဆက်လက်၍အဓိပ္ပာယ်ဖော်လိုက်သည်။
လွန်ခဲ့သည့် သုံးရက်တွင် ဝမ်ချောင်သည် သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ကို အဓိပ္ပာယ်ဖော်ခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ အစပိုင်းတွင် နည်းစနစ်ကို ဝမ်ချောင် စတင်လေ့လာချိန်က သူထုတ်လွှတ်နိုင်သည့် မူလစွမ်းအင်သည် ပင့်ကူမျှင်ကဲ့သို့ သေးသွယ်လှသည်။
ဝမ်ချောင်တောင်ပေါ်မှ ဆင်းလာချိန်တွင် ဝမ်ချောင်သည် လက်ညိုးခန့်အကျယ်ရှိသော မူလစွမ်းအင်ကို ထုတ်လွှတ်နိုင်ပြီဖြစ်သည်။ သို့သော် ယခုတွင် ထူထပ်သည့် မူလစွမ်းအင်များကို စုပ်ယူခဲ့ခြင်းကြောင့် သူ့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဓားချီသည် လက်လေးလုံးခန့် အကျယ်ရှိလာပြီး ကြီးမားသည့် ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။
နောက်ပြီး မူလစွမ်းအင်အဆင့် ၉ သို့ ရောက်ရှိခဲ့ကာ အတွင်းစွမ်းအင်ကို ထုတ်လွှတ်နိုင်သည့် စွမ်းရည်ကို ရရှိပြီးနောက် ဝမ်ချောင်သည် ဓားကိုကြားခံအဖြစ်အသုံးမပြုဘဲ တူညီသည့်အဆင့်ရှိသည့် ခွန်အားကို ပိုင်ဆိုင်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဓားချီကို ပစ်လွှတ်နိုင်ပြီဖြစ်သည်။
'...ဒီအရာနဲ့အတူ ငါဟာ ဓားသမားအဖြစ် ယူဆလို့ရပြီ'
ဝမ်ချောင်သည် နောက်ထပ် ဖက်ထုပ်ကို ပါးစပ်ထဲထည့်လိုက်ကာ တွေးလိုက်သည်။
ဝမ်ချောင်သည် ယခင်ဘဝတွင် လှံအသုံးပြုမှုကို အထူးကျွမ်းကျင်ခဲ့သည်။ ထို့ကြောင့် ဤသည်မှာ သူ၏ ပထမဆုံး ဓားသမားဖြစ်လာခြင်းဖြစ်သည်။ သူသည် ဓားသမားများအကြားတွင်ပင် လူသစ်ဖြစ်နေဆဲဖြစ်သော်လည်း ယခုအချိန်တွင် သူ့ယခင်ဘဝနှင့် အလွန်ခြားနားသော လမ်းကြောင်းဖြစ်သည့် ဓားပညာလမ်းကြောင်းကို လျှောက်လှမ်းနေသူအဖြစ် သေချာပေါက် သတ်မှတ်နိုင်ပေသည်။
'အကြီးအကဲစုရဲ့ ဓားပညာကို ကမ္ဘာပေါ်မှာ နံပါတ်တစ်အဖြစ် သိထားကြတယ်။ ငါဟာ ဓားချီရဲ့ ပထမအလွှာကိုသာ ရောက်သေးပေမယ့် အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ကြယ်တာရာစွမ်းအင်ကို ချိုးဖောက်နိုင်နေပြီ။ ဒါပေမယ့်လည်း ဒါက မလုံလောက်သေးဘူး။ သက်ရှိများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပညာရပ်ရဲ့ ပထမအလွှာမှာ လည်ပတ်မှု စုစုပေါင်းကိုးခုရှိတယ် ဒီနေရာမှာ ဓားချီကို ဖြန့်ထုတ်ခြင်းနှင့် ဖိသိပ်ခြင်းက လည်ပတ်မှုတစ်ခုနဲ့ ညီမျှတယ်။ ကိုးကြိမ်လည်ပတ်မှုပြီးမှသာ ငါ့ရဲ့ဓားချီကို အစစ်အမှန်သတ်ဖြတ်ခြင်းဓားချီအဖြစ် မှတ်ယူနိုင်မယ်။ ငါဟာ ပထမလည်ပတ်မှုကို ရောက်ခဲ့ပြီးပေမယ့် ခက်ခက်ခဲခဲကြိုးစားရဦးမယ်'
ဝမ်ချောင်သည် မသိစိတ်မှ သူ့ဘယ်လက်ဖြင့် စားပွဲကို ခေါက်လိုက်မိကာ တွေးတောလိုက်သည်။
သက်ရှိများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပညာရပ်၏ ဓားချီသည် အစပိုင်းတွင် ကျဉ်းမြောင်းသော်လည်း လူတစ်ဦးသည် ထိုပညာရပ်တွင် တိုးတက်လာသည်နှင့်အမျှ ပို၍ ထူလာကာ ပို၍ အားကောင်းလာမည်ဖြစ်သည်။ တိကျသည့်အဆင့်တစ်ခုသို့ ရောက်လျှင် ဓားချီကို သူ၏ မူလအကျယ်သို့ နောက်တစ်ကြိမ် အဆက်မပြတ် ဖိသိပ်ရမည်ဖြစ်သည်။
ဓားချီသည် နောက်တစ်ကြိမ်ပင့်ကူမျှင်၏ အကျယ်သို့ ပြန်ရောက်ချိန်တွင် ထိုသည်ကို ပထမလည်ပတ်မှုအဖြစ် ရေတွက်ရမည်ဖြစ်သည်။ ထို့နောက် လည်ပတ်မှုသည် နောက်ထပ် ရှစ်ကြိမ် ထပ်မံပြုလုပ်လိမ့်မည်ဖြစ်သည်။
ဓားချီမှ စွမ်းအားသည် လည်ပတ်မှု အရေအတွက်နှင့် အချိုးကျသည်။ ပို၍လည်ပတ်မှုများလေ ဓားချီသည် ပို၍ အားကောင်းလေဖြစ်သည်။ လည်ပတ်မှုကိုးကြိမ်သို့ ရောက်သောအခါ ကမ္ဘာပေါ်တွင် ဓားချီကို ရပ်တန့်နိုင်သည့်အရာမှာ မရှိသလောက်နီးပါး ဖြစ်သွားလိမ့်မည်ဖြစ်သည်။
သတ်ဖြတ်ခြင်းဓားချီ၏ လည်ပတ်မှုကိုးကြိမ်သို့ ရောက်ရှိခဲ့သော ဓားသမားတစ်ယောက်သည် လက်ထဲတွင် လက်နက်မပါဘဲ အံ့မခမ်းခွန်အားကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။
သို့သော်လည်း လည်ပတ်မှုအရေအတွက် တိုးလာသည်နှင့်အမျှ နည်းစနစ်ကို ကျင့်ကြံရသည်မှာလည်း ခက်ခဲလာမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဓားချီ၏အရောင်မှာလည်း ပြောင်းလဲလာမည်ဖြစ်သည်။
ဤသည်မှာ သက်ရှိများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပညာရပ်၏ စုဒြာမှ ဝမ်ချောင် ကောက်ချက်ချထားခြင်းဖြစ်သည်။
လက်ရှိတွင် ဝမ်ချောင်သည် 'လည်ပတ်မှုတစ်ဝက်' အဆင့်၌သာရှိပေသေးသည်။
သို့သော် ဤလည်ပတ်မှု တစ်ဝက်အဆင့်သည်ပင် အစစ်အမှန်သိုင်းပညာ နယ်ပယ်ကျွမ်းကျင်သူ တစ်ဦး၏ သေကွင်းသေကွက်များကို ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။ ဤသည်မှာ စုကျန်းချန် ဓားပညာ၏ ခွန်အားပင်ဖြစ်သည်။
"သွားစို့ ငါတို့ အိမ်မှာ အနားယူမယ်။ ပြီးတော့ အဲဒီမှာ ငါလုပ်စရာရှိသေးတယ်"
ဖက်ထုပ်တစ်ပွဲလုံးကို အဝဆွဲပြီးနောက် ဝမ်ချောင်မတ်တပ်ရပ်လိုက်ကာ ထွက်ခွာလိုက်သည်။ သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ထွက်ခွာလာပြီးနောက် လတစ်ဝက်ရှိပြီဖြစ်သည်။ သူ့အတွက် ကျူးပါးကွမ်းယန် လက်ထဲတွင် စုဆောင်းထားသော ကျောက်စိမ်းရိုင်း သံမဏိလက်နက်များကို ကိုင်တွယ်ရန် အချိန်ကျပြီဖြစ်သည်။
ပိုက်ဆံသည် စီးဆင်းနေသော ရေကဲ့သို့ပင်ဖြစ်သည်။ စီးဝင်နေသော မြစ်ချောင်များမရှိပါက မကြာမီခြောက်ခမ်းသွားပေလိမ့်မည်ဖြစ်သည်။
ဝမ်ချောင်သည် အနာဂတ်တွင် ပိုက်ဆံအမြောက်အမြား လိုအပ်ပေဦးမည်ဖြစ်သည်။ ကျောက်စိမ်းရိုင်းသံမဏိဓားကို ရောင်းချခြင်းသည် သူ့ဘဏ္ဍာတိုက်၏ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည်။
"ဟေး မင်းမှာမျက်လုံးမပါဘူးလား။ ဘယ်ကိုကြည့်ပြီး လျှောက်နေတာလဲ။ "
ဝမ်ချောင်သည် ထွက်ခွာခါနီးတွင် အပြင်ဖက်လမ်းမှ ပွက်လောရိုက်သည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောက်လှည့်ကြည့်လိုက်သည်တွင် အရပ်ရှည်ပြီး တုတ်ခိုင်သန်မာကြသည့် ကျွမ်းကျင်သူအဖွဲ့ကို ဦးဆောင်လာသည့် ပြည့်ပြည့်ဖြိုးဖြိုး ကုန်သည်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် စုတ်ပြတ်နေသော သက်လတ်ပိုင်းလူတစ်ဦးကို လက်ညိုးထိုးကာ နီရဲနေသည့်မျက်နှာဖြင့် အော်ငေါက်နေခဲ့သည်။
သက်လတ်ပိုင်းလူသည် စုတ်ပြတ်နေသော်လည်း ဝမ်ချောင်သည် အကြည့်တစ်ချက်ဖြင့် တစ်ဖက်လူမှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်ပေသည်။ တစ်ဖက်လူ လမ်းလျှောက်သည့်အခါ သူ့ခြေလှမ်းများသည် အလွန်တည်ငြိမ်ပြီး သူ့ပုခုံးများသည် အနည်းငယ်မျှ လှုပ်ယမ်းမနေပေ။ ထို့အပြင် ထိုသည်မှာ မသိစိတ်မှလှုပ်ရှားခြင်းသာဖြစ်သည်။
ထိုသည်မှာ သူတို့၏ လေ့ကျင့်မှုတွင် ကျွမ်းကျင်မှုအဆင့်တစ်ခုသို့ ရောက်ရှိသွားသော သိုင်းပညာရှင်တို့တွင် ပေါ်လာမည့် အလေ့အကျင့်တစ်ခုဖြစ်သည်။
သိုင်းပညာသည် လှုပ်ရှားမှုတစ်ခုချင်းစီတွင် တိကျမှုနှင့် တည်ငြိမ်မှုအပေါ် အာရုံစိုက်ရသည်။ လူတစ်ဦး၏ ခြေလက်များကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်မှု လစ်ဟင်းခြင်းသည် အားနည်းသည့်လက္ခဏာတစ်ရပ်ဖြစ်သည်။
ထိုသို့သော စံနှုန်းများကို စိတ်ထဲတွင် ထားခြင်းဖြင့် လူတစ်ဦး၏ ကျင့်ကြံမှုသည် အဆင့်တစ်ခုသို့ ရောက်သည်နှင့် ထိုကဲ့သို့သော အမူအရာများ သို့မဟုတ် ၎င်းတို့ ပြတ်လပ်မှုသည် ဒုတိယဗီဇဖြစ်လာလိမ့်မည်ဖြစ်သည်။ သူတို့၏ ခြေလက်များသည် မြေပေါ်တွင်စိုက်ထားသော သစ်ပင်၏အမြစ်ကဲ့သို့ ထူးခြားစွာတည်ငြိမ်လာပေလိမ့်မည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဂရုတစိုက် အာရုံစိုက်ကြည့်ပါက ခြားနားမှုသည် ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ရှင်းလင်းနေပေလိမ့်မည်ဖြစ်သည်။
ဤနည်းလမ်းဖြင့် သာမန်ပြည်သူတစ်ယောက်နှင့် ကျွမ်းကျင်သူတစ်ယောက်ကို ခွဲခြားရန် ခက်ခဲခြင်းမရှိပေ။
"သူတော့ ဒုက္ခရောက်တော့မှာပဲ"
ဝမ်ချောင်သည် ခေါင်းကို ခါယမ်းလိုက်ပြီး ဂရုမစိုက်တော့ဘဲ ရယ်မောလိုက်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်များသည် မြို့တော်၏ လူစည်ကားသော ဤကဲ့သို့နေရာများတွင် နေ့စဉ်ဖြစ်ပျက်နေကျဖြစ်သည်။
စုတ်ပြတ်နေသည့် သက်လတ်ပိုင်းအရွယ်လူသည် ကုန်သည်ဘေးမှ ကျွမ်းကျင်သူများထက် ပို၍ အစွမ်းထက်သည်မှာ ထင်ရှားသည်။ ထိုကုန်သည်သည် ဤအချိန်တွင် သံမဏိနံရံကို ဝင်တိုက်မိပြီဖြစ်သည်။ သူသည် သူ့အပြုအမူအတွက် ကြီးစွာနောင်တရရတော့မည်မှာ သံသယရှိစရာမလိုပေ။
ထို့ကြောင့် ဝမ်ချောင်သည် ဝင်မပါတော့ဘဲ အဝေးသို့ တည်ငြိမ်စွာ လမ်းလျှောက်သွားလိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အံ့မခမ်းမြင်ကွင်းသည် ဖြစ်ပွားလာခဲ့သည်။
"သူ့ကိုရိုက်ကြစမ်း မှတ်လောက် သားလောက်အောင် ရိုက်ပေးလိုက်"
"မင်းကိုယ်မင်း ဘာထင်နေတာလဲ။ တစ်စုံတစ်ယောက်ကို ဝင်တိုက်မိပြီးနောက်မှာ တောင်းပန်ရမယ်ဆိုတဲ့ အခြေခံယဉ်ကျေးမှုလေးကိုတောင် မင်းမသိဘူးလား။ ချန်မထားနဲ့ သူ့ကိုနာနာရိုက်။ သူသေသွားခဲ့ရင် ငါတာဝန်ယူပေးမယ်။ "
"ဟမ်း မင်းက အရမ်းမောက်မာနေလို့ ငါကမင်းကို ကြောက်ဖို့ကောင်းတဲ့ တစ်စုံတစ်ယောက်လို့ တွေးထင်ထားခဲ့တာ။ နောက်ဆုံးမှာ မင်းက အသုံးမဝင်တဲ့ အမှိုက်သာသာကောင်ပဲ။ "
ပြည့်ပြည့်ဖြိုးဖြိုးကုန်သည်၏ အသံသည် လမ်းမတစ်ခုလုံးတွင် ပေါ်ထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် မီယာဆာမီးအာရာကာပင်လျှင် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူတို့နှစ်ဦးလှည့်ကြည့်လိုက်သည်တွင် 'ကျွမ်းကျင်သူ' သက်လတ်ပိုင်းသည် မြေပြင်ပေါ်တွင် ပြင်းထန်စွာထိုးကြိတ်ခံနေရသည်။
ကုန်သည်၏ အစောင့်အရှောက်များသည် သူ့ကိုထူထပ်စွာဝိုင်းပတ်ထားပြီး လက်သီးမိုးများ သူ့အပေါ်သို့ ရွာချလိုက်ကြသည်။ တစ်ဖက်တွင်တော့ စုတ်ပြတ်နေသည့် သက်လတ်ပိုင်းအရွယ်လူသည် သာမန်လူတစ်ဦးနှင့် မခြား၊ လုံးဝခုခံနိုင်ခြင်းမရှိခဲ့ပေ။
"ဟမ်"
ဝမ်ချောင်မျက်လုံးများတွင် အလင်းရောင်တချို့တောက်ပလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အမှန်ပင် စိတ်ဝင်စားသွားခဲ့သည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၄၈
ပြစ်ဒဏ်ဌာန၏ဒဏ္ဍာရီ မာယင်လုံ
ထိုလူ၏ စွမ်းရည်အရ ကုန်သည်ဘေးရှိ အစောင့်အရှောက်များသည် သူ့ပြိုင်ဘက်လုံးဝ မဖြစ်နိုင်ပေ။ ရိုးရိုးသားသားဆိုရလျှင် အရိုက်ခံရသည့်လူမှာ ကုန်သည်သာဖြစ်သင့်ပေသည်။
သို့သော် ရလဒ်သည် ဝမ်ချောင်မျှော်လင့်ထားသည်နှင့် ဆန့်ကျင်နေပေသည်။
"စိတ်ဝင်စားစရာပဲ"
ရှင်းလင်းစွာပင် သက်လတ်ပိုင်းလူသည် လုံးဝ ခုခံခြင်းမရှိခဲ့ပေ။ အခြေအနေများအရ ဝမ်ချောင်သည်လည်း ဆက်မသွားရန် တွေးလိုက်သည်။ ထို့ကြောင့် သူသည် ဘေးမှ ရပ်ကြည့်နေလိုက်သည်။
"ဘယ်လိုအရှုံးသမားလဲ"
"သွားကြစို့ ငါတို့ရဲ့အချိန်တွေကို အမှိုက်တစ်ကောင်အတွက် မဖြုံးသင့်ဘူး။ "
သူ့ဒေါသများကို ပြေဖျောက်ပြီးနောက် ကြိမ်ဆဲလျက် ကုန်သည်သည် အဝေးသို့ ထွက်ခွာသွားသည်။ ထို့နောက်တွင် စုတ်ပြတ်နေသည့် သက်လတ်ပိုင်းလူသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ထိုကဲ့သို့ ပြင်းထန်သော ထိုးချက်များကို ခံလိုက်ရသော်လည်း ထိုလူ၏ ခန္ဓာကိုယ်သည် အံ့ဩစရာကောင်းစွာ တည်ငြိမ်နေသေးသည်။ သူ့လှုပ်ရှားမှုနှင့်အတူ သူ့ခြေထောက်များနှင့် ပုခုံးများသည် အနည်းငယ်မျှပင် တုန်ရီမနေပေ။ သူသည် အနည်းငယ်မျှပင် ဒဏ်ရာမရခဲ့သကဲ့သို့ပင်ဖြစ်သည်။
"ဘယ်လိုတောင် ကြောက်ဖို့ကောင်းလိုက်တဲ့ သိုင်းပညာရှင်လဲ"
ဝမ်ချောင်ဘေးမှ မီယာဆာမီးအာရာကာသည် အံ့အားတကြီးဖြင့် သူမမျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ရေရွတ်လိုက်သည်။
ပြည့်ပြည့်ဖြိုးဖြိုးကုန်သည် ငှားရမ်းထားခဲ့သော အစောင့်အရှောက်များသည် ခွန်အားအတန်အသင့်ပိုင်ဆိုင်ထားကြပြီး သူတို့သည် လက်သီးထိုးချိန်တွင် ခွန်အားအပြည့်အဝကို အသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့သော အဆက်မပြတ် ထိုးနှက်မှုအောက်တွင် အကယ်၍ မီယာဆာမီးအာရာကာသည် ခုခံခြင်းမပြုခဲ့ပါက သူမသည် ဒဏ်ရာအပြင်းအထန်ရသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
သို့တိုင် ထိုလူသည် လုံးဝနာကျင်ခြင်းမရှိသည့် ပုံပေါ်သည်။
"အစစ်အမှန်ကျွမ်းကျင်သူ"
ဝမ်ချောင်၏ မျက်ခုံးများသည် အံ့အားတသင့်ဖြင့် တွန့်ချိုးသွားခဲ့သည်။ ထိုလူသည် သူအစောပိုင်းက မျှော်လင့်ထားသည်ထက် ပို၍ သန်မာပေသည်။
ဘေးမှကြည့်နေသူများသည် ပြန့်ကျဲသွားခဲ့ပြီး လမ်းမပေါ်တွင် နောက်ထပ်လူများဖြင့် စည်ကားသွားခဲ့သည်။ ရေပူဖောင်တစ်ခုကဲ့သို့ပင် ဆူညံပွက်လောရိုက်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ဝမ်ချောင်၊ မီယာဆာမီးအာရာကာနှင့် ဝမ်ကလန်နှင့် ချီကလန်မှ အစောင့်များမှလွဲ၍ မည်သူမျှ ဤကိစ္စကို ဂရုမစိုက်ကြတော့ပေ။
ပြီးတော့ ထိုလူသည် ဝမ်ချောင်နှင့် သူ့အဖွဲ့ကို သတိထားမိပုံမပေါ်ပေ။ ထိုလူ မတ်တပ်ရပ်လိုက်ချိန်တွင် ဝမ်ချောင် သူ့မျက်နှာကို မြင်တွေ့လိုက်ရသည်။
"သူလား"
ဝမ်ချောင်၏ မျက်ခုံးများသည် တွန့်ချိုးသွားခဲ့ပြီး နာမည်တစ်ခုသည် သူ့စိတ်ထဲပေါ်လာခဲ့သည်။ သူသည် ထိုပုဂ္ဂိုလ်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"သခင်လေး သူ့ကိုသိတယ်လား"
မီယာဆာမီးအာရာကာသည် သက်လတ်ပိုင်းအရွယ်လူ၏ ညိုးငယ်နေသည့် နောက်ကျောကို လူအုပ်ထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်ပျောက်ကွယ်မသွားမီ ကြည့်လိုက်ကာ မေးလိုက်သည်။
"အင်း"
ဝမ်ချောင်သည် သူ့မျက်လုံးထဲတွင် ထူးဆန်းသည့်အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ငါနောက်လိုက်ခဲ့။ ငါတို့ဒီတစ်ကြိမ်မှာ ကြောက်ဖို့ကောင်းတဲ့ အကူအညီတစ်ခုကို တကယ်ပဲရှာတွေ့လိုက်ပြီ။ "
ဝမ်ချောင်သည် စိတ်ပြောင်းလိုက်ကာ ပြောလိုက်သည်။ ဝမ်ကလန်သို့ ပြန်ရမည့်အစား သူသည် သက်လတ်ပိုင်းအရွယ်လူ တိုးဝင်ပျောက်ကွယ်သွားသည့်အရပ်သို့ လမ်းလျှောက်သွားလိုက်သည်။
"ဝန်ထမ်းရေးရာဌာနလား။ သူက ဝန်ထမ်းရေးရာဌာနက အရာရှိတစ်ယောက်လား။ ဒါပေမယ့် ကျွန်မမမှားဘူးဆိုရင် ဒီဟာက စာရွက်စာတမ်းကူးယူရေး တာဝန်ယူရတဲ့ အနိမ့်စားအရာရှိတွေ နေထိုင်တဲ့ ဌာနခွဲတွေထဲက တစ်ခုဖြစ်လိမ့်မယ်။ သူစွမ်းရည်အရ ဒီမှာအလုပ်လုပ်တာက သူ့အတွက် ကြီးမားတဲ့ ဖြုန်းတီးမှုတစ်ခု မဟုတ်ဘူးလား။ "
သူမရှေ့ရှိ ယာမန်ကိုကြည့်လိုက်ကာ မီယာဆာမီးအာရာ၏ မျက်လုံးထဲတွင် သံသယများ နက်ရှိုင်းသွားခဲ့သည်။ သူမသည် အလယ်ပိုင်းလွင်ပြင်ဒေသကို ရောက်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေဖြင့် သူမသည် မြို့ထဲရှိ အရာတော်တော်များများကို လေ့လာထားခဲ့ပေသည်။
မဟာထန်တော်ဝင်ရုံးတော်ကို ဓလေ့ရိုးရာဌာန၊ ဝန်ထမ်းရေးရာဌာန၊ စစ်မှုထမ်းရေးရာဌာန၊ အလုပ်သမားရေးရာဌာန၊ ပြစ်ဒဏ်စီရင်ရေးဌာနနှင့် ဘဏ္ဍာရေးဌာန ဟူ၍ ပိုင်းခြားထားခဲ့သည်။ သို့သော်လည်း ဤအဓိကဌာနကြီးခြောက်ခုမှလွဲ၍ မြို့တော်ထဲတွင် ပြဿနာပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းရန် သေးငယ်သည့် ယာမန်တစ်ရာကျော်လောက် ရှိပေသေးသည်။
ဤယာမန်၏ပုံပန်းသဏ္ဍာန်သည် မည်မျှယိုယွင်းပျက်စီးနေသည်ကို သုံးသပ်ကြည့်ပါက ၎င်းသည် ဝန်ထမ်းရေးရာဌာနလက်အောက်ရှိ အရေးမပါဆုံးသော ယာမန်တစ်ခုဖြစ်ပေမည်။
တစ်နှစ်ပတ်လုံးတွင် ဤနေရာမှ အရာရှိများသည် အရေးကြီးသော မည်သည့်အရာရှိနှင့်မျှ တွေ့ဆုံရခြင်းမရှိပေ။ သူတို့သည် စာအုပ်များနှင့် စာရွက်စာတမ်းများ ကူးယူခြင်း၌သာ အချိန်အများစုကို ကုန်ဆုံးကြသည်။ တစ်နည်းအားဖြင့် သူတို့သည် ဝန်ထမ်းရေးရာဌာန၏ အနိမ့်ဆုံးအဖွဲ့ဝင်များ ဖြစ်ကြသည်။
ဤအလုပ်အတွက် လိုအပ်ချက်များသည် နည်းပါးပြီး သာမန်လူတစ်ဦးပင် ဤအလုပ်ကို ရနိုင်ပေသည်။ သက်လတ်ပိုင်းလူ၏ ကျွမ်းကျင်မှုများအရ ဤနေရာတွင် အလုပ်လုပ်ခြင်းသည် သူ့ပါရမီကို ဖြုန်းတီးခြင်းပင်ဖြစ်သည်။
ဝမ်ချောင်သည် ယာမန်၏ ဖုန်မှုန့်ဖြင့်ပြည့်နေသော ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ သူသည် ယခင်က တစ်ဝက်သာ သေချာခဲ့လျှင် ဤယာမန်ကို မြင်ပြီးနောက် သူသည် သက်လတ်ပိုင်းလူနှင့် ပတ်သက်၍ ရာနှုန်းပြည့် လုံးဝ သေချာသွားခဲ့ပြီဖြစ်သည်။
"လီမန် တခြားသူတွေနဲ့အတူ အပြင်မှာ စောင့်နေပါ။ ငါခနလောက် အထဲဝင်လိုက်မယ်။ "
ဝမ်ချောင်သည် ယာမန်ရှေ့သို့ လျှောက်မသွားမီ ချီကလန်နှင့် ကျွမ်းကလန်မှလူများကို ညွှန်ကြားလိုက်သည်။
အုပ်ချုပ်ရေးနှင့်သက်ဆိုင်သော ရုံးများတွင် စည်းမျဉ်းများသည် တင်းကြပ်လှသည်။ စာများကူးရေးရသည့် သေးငယ်သည့် ယာမန်သာဖြစ်သော်လည်း သာမန်ပြည်သူများကို လက်မခံပေ။
စုန့်ဘုရင်ပေးခဲ့သည့် တံဆိပ်ကို မြှောက်ပြလိုက်ပြီးနောက် ဝမ်ချောင်သည် မည်သည့်ပြဿနာမှ မရှိဘဲ ဝင်သွားလိုက်သည်။
"မင်းဘာလုပ်နေတာလဲ။ ခုဘယ်အချိန်ရှိပြီလဲ သိလား။ မင်းကိုယ်မင်း ပြစ်ဒဏ်စီရင်ရေးဌာနမှာ အလုပ်လုပ်နေသေးတယ် ထင်နေတာလား။ မင်းကိုယ်မင်း ဟိုးတုန်းကလို ပါရမီရှင်လို့ တကယ်ပဲထင်နေသေးတာလား။ "
"မင်း အမှိုက်လိုကောင်။ ဟိုးတုန်းက တော်ဝင်ရုံးတော်ရဲ့ အရေးကြီးတဲ့အရာရှိတွေကို သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံတွေကို မဖမ်းဆီးနိုင်ခဲ့ဘူး ပြီးတော့ အခု မင်းက စာရွက်စာတမ်းကူးရေးရာမှာတောင် ပြဿနာဖြစ်ပြန်ပြီ။ ငါ့ကိုပြောစမ်းပါ မင်းတတ်နိုင်တာဘာရှိသေးလဲ။ "
"အသုံးမကျတဲ့ အရူး။ ငါမင်းကိုပြောမယ် တကယ်လို့ မင်းဒီစာရွက်စာတမ်းတွေကို ဒီနေ့ကူးလို့မပြီးရင် ပြန်ဖို့ အိပ်မက်မက်မနေနဲ့။ "
ဝမ်ချောင်သည် ခြံဝင်းထဲတွင် ရှိနေစဉ်မှာပင် အဆောက်အဦထဲမှ ဆဲဆိုကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။ စကားလုံးများသည် အလွန်နားမခံသာစရာကောင်းလှကာ ဝမ်ချောင်သည် ဆက်၍ရပ်မနေနိုင်တော့ပေ။
"တော်သင့်ပြီ"
မျက်မှောင်ကြုတ်လျက် ဝမ်ချောင်သည် အခန်းထဲသို့ ဝင်လိုက်သည်။ လျင်မြန်သည့် အကြည့်တစ်ချက်နှင့်အတူ သူသည် တစ်ဒါဇင်ထက်ပိုသော အရာရှိများသည် ခေါင်းငုံကာ စာရွက်စာတမ်းများ ကူးယူခြင်းဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့ခုံပေါ်တွင် တောင်ပုံယာပုံ ပုံနေသော စာရွက်စာတမ်းများကို သုံးသပ်ကြည့်လိုက်ပါက သူတို့သည် မကြာမီမှာပင် ပြီးမြောက်ရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ချောင်ရပ်နေသည့် နေရာမှ ထောင့်တစ်ခုတွင် လူတစ်ဦး ရပ်နေသည်။ ထိုလူသည် ဤယာမန်၏ အကြီးအကဲဖြစ်ပုံပေါ်ကာ လက်ရှိတွင် သူ့လက်များကို တော်ဝင်ကျောက်စိမ်းစံအိမ် အပြင်ဘက်တွင် ဝမ်ချောင်တွေ့ခဲ့ရသော သက်လတ်ပိုင်းအရွယ်လူထံသို့ လက်ညိုးထိုးထားသည်။
တစ်ဖက်တွင်တော့ သက်လတ်ပိုင်းအရွယ်လူသည် ခေါင်းငုံ့ထားခဲ့ကာ ထိုဆဲဆိုကြိမ်းမောင်းသံများကို အနည်းငယ်မျှပင် အတွန့်မတက်ဘဲ နားထောင်နေခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ထိုလူ၏ဂုဏ်သတင်းများကို ပြန်လည်အမှတ်ရလိုက်ကာ ဝမ်ချောင်သည် မတတ်နိုင်ဘဲ သနားသွားမိသည်။
ဟိုးတုန်းက မည်သူမျှ ဤလူသည် ဤကဲ့သို့ အဆုံးသတ်သွားရမည်ဟု တွေးထားကြမည်မဟုတ်ပေ။
"မင်းက ဘယ်သူလဲ"
ကြီးကြပ်သူသည် လက်ရှိတွင် သူ့ဒေါသအထွတ်အထိပ်သို့ ရောက်နေခဲ့သည်။ သူစိမ်းတစ်ယောက်က ဝင်လာသည်ကို မြင်သည်တွင် သူသည် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။
"ဒါက တော်ဝင်ရုံးတော်ရဲ့ အုပ်ချုပ်ရေးရုံးတစ်ခုပဲ အပြင်လူတွေကို ဝင်ခွင့်မပြုထားဘူးဆိုတာ မင်းမသိဘူးလား။ ဒါ့အပြင် ငါ့ယာမန်ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ဆိုတာ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ "
“ရွက်ရွှက်ရွှက်”
ခန်းမထဲရှိ အခြားသော အရာရှိများသည်လည်း ခေါင်းမော့လိုက်ကြကာ ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။ ယာမန်တစ်ခုလုံးတွင် လူသုံးဆယ်အထက်သာ ရှိသည်ကို စဉ်းစားကြည့်လိုက်ပါက သူတို့သည် တစ်ဦးကို တစ်ဦးအလွန်ရင်းနှီးကြပေသည်။ ဤသို့ ဝမ်ချောင်ကဲ့သို့ အပြင်လူတစ်ယောက် ပေါ်လာခြင်းသည် သတိမပြုမိရန် ခက်ခဲပေသည်။
"ဟမ်"
ဝမ်ချောင်သည် စကားပြောကာ အချိန်မဖြုန်းချင်ခဲ့ပေ။ ထို့ကြောင့် သူသည် ရွှေရောင်တံဆိပ်တစ်ခုကို ချက်ချင်းထုတ်ယူလိုက်ပြီး ကြီးကြပ်ရေးမှူးကို ပြလိုက်သည်။
ရွှေရောင်တံဆိပ်ကို မြင်သည်တွင် ကြီးကြပ်ရေးမှူး၏ မျက်နှာသည် ချက်ချင်းဖြူလျော်သွားခဲ့သည်။
သူသည် သေးငယ်သည့် ယာမန်၏ ကြီးကြပ်ရေးမှူးသာဖြစ်သော်လည်း သူသည် အနည်းဆုံး သူ့အထက်တွင် ရပ်နေသော လူများကို သိပေသေးသည်။ ဝမ်ချောင်ကိုင်ဆောင်ထားသည့် တံဆိပ်မှာ ရှင်းဝမ်၏ တံဆိပ်ဖြစ်သည်မှာ ထင်ရှားသည်။ ထိုပေါ်တွင် "စုန့်" ဟူသော စကားလုံးကို မည်သို့ရေးထိုးထားသည်ကို သုံးသပ်ကြည့်ပါက ၎င်းသည် ကျော်ကြားပြီး ဩဇာကြီးမားသော စုန့်ဘုရင်နှင့် သက်ဆိုင်ကြောင်း သံသယရှိစရာမလိုပေ။
အစစ်အမှန် ရှင်းဝမ်တစ်ပါးမဆိုထားနှင့် ဩဇာရှိသည့် အရာရှိတစ်ဦး သူတို့ရုံးသို့ ရောက်မလာခဲ့သည်မှာ နှစ်နှစ်ဆယ်ရှိခဲ့ပြီဖြစ်သည်။
"ဆိုတော့ သခင်လေးက မင်းသားကြီးစုန့်ဘုရင်က လွှတ်လိုက်တာပေါ့။ "
ကြီးကြပ်ရေးမှူးသည် စားပွဲမှ လျင်မြန်စွာထလာခဲ့ကာ ဝမ်ချောင်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူသည် ဦးညွှတ်လိုက်ကာ အောက်ကျို့သော လေသံဖြင့် မေးလိုက်သည်။
"ရိုင်းပျသွားမိရင် ခွင့်လွှတ်ပါ။ သခင်လေး ရောက်နေတာကို မသိခဲ့ပါဘူး။ မင်းသားကြီးဆီက ညွှန်ကြားချက်များ ရှိပါသလား။ "
"ဒါက မင်းကိစ္စမဟုတ်ဘူး။ ငါရောက်လာတာ သူ့အတွက်ပဲ။ "
ဝမ်ချောင်သည် သိပ်မဝေးသည့် နေရာမှ သက်လတ်ပိုင်းအရွယ်လူကို ညွှန်ပြလိုက်သည်။ သူ့အပြုအမူသည် လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ဖရိုဖရဲဖြစ်နေသည့်လူသည် ဤတစ်လျှောက်လုံး ခေါင်းကလေးငုံ့ကာ ခခယယ နားထောင်နေခဲ့သည်။ သို့သော် မရင်းနှီးသည့် လူငယ်က ဤနေရာသို့ သူ့ကြောင့် ရောက်လာသည်ဟု ကြားသည်တွင် သူသည် အံ့အားတကြီးဖြင့် မော့မကြည့်ဘဲမနေနိုင်တော့ပေ။
"သူလား"
ကြီးကြပ်ရေးမှူးသည်လည်း အံ့အားသင့်သွားခဲ့သည်။ ဝမ်ချောင်သည် သူတို့ရုံး၏ အထင်အမြင်သေးဖွယ် အကောင်းဆုံးလူအတွက် ရောက်လာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
"သခင်လေး သေချာရဲ့လား"
"ဟမ် ငါက ဘယ်သူ့ကို ရှာနေတာလဲဆိုတာ မသိဘူးလို့ မင်းထင်နေတာလား။ ဒါမှမဟုတ် မင်းက ငါ့ထက်ပိုသိတယ်လို့ ထင်နေတာလား။ "
ဝမ်ချောင်သည် စူးရှစွာ ပြန်ပြောလိုက်သည်။
"ဒါက... သခင်လေး ကျေးဇူးပြုပြီးအထင်မလွဲပါနဲ့။ ကျွန်တော် အဲလိုဆိုလိုတာ မဟုတ်ပါဘူး။ "
ကြီးကြပ်ရေးမှူးသည် သူ့လက်များကို ကိုးရိုကားရား ဝှေ့ယမ်းလိုက်သည်။ သူသည် အဖြစ်အပျက်များအပေါ် ရှုပ်ထွေးနေစဉ်မှာပင် သူ့ခြေဖဝါးများ အောင့်သွားခဲ့သည်။
ဝမ်ချောင် ဤနေရာသို့ ရောက်နေခြင်းနှင့် ပတ်သက်၍ ထိုသည်မှာ သူ့ကိစ္စမဟုတ်ပေ။ စုန့်ဘုရင်ကဲ့သို့သော မြင့်မြတ်သူတစ်ယောက်သည် သူတို့ကဲ့သို့ သေးငယ်သည့်အရာရှိများက စော်ကား၍ရသည့် ပုဂ္ဂိုလ်မဟုတ်ပေ။ ထို့ကြောင့် တစ်ဖက်လူ၏ လမ်းကြောင်းမှ ဝေးဝေးနေသည်က သူ့အတွက်အကောင်းဆုံးပင်ဖြစ်သည်။
"ကောင်းပြီ အားလုံးပဲ ဒီနေ့နားလို့ရပြီ။ မာယင်လုံ ဒီသခင်လေးကို မင်းဆီ ထားခဲ့လိုက်တော့မယ်။ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ။ တစ်ခုခုဖြစ်လာရင် မင်းတာဝန်ယူရမယ်။ "
သူ ခုနက အော်လိုက်သည့် အသံကြောင့် သခင်လေးကို သဘောမကျဖြစ်စေခဲ့သည်ကို သိလိုက်သည်တွင် ကြီးကြပ်ရေးမူးသည် လျင်မြန်စွာဖြင့် လူတိုင်းကို ပြန်ရန် အချက်ပြလိုက်ကာ ဝမ်ချောင်နှင့် မာယင်လုံတို့ကိုသာ ချန်ထားခဲ့သည်။
"တကယ့်ကို သူပဲ"
ဝမ်ချောင်၏ စိတ်ထံမှ နောက်ဆုံး သံသယသည် ပျောက်ကွယ်သွားခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ပြစ်ဒဏ်ဌာန၏ ကျော်ကြားသော ပါရမီရှင်တစ်ယောက်ကို ပြန်လည် သတိရလိုက်ကာ သူရှေ့၌ ရိုရိုကျိုးကျိုး ရပ်နေသည့် ဖရိုဖရဲဖြစ်နေသော သက်လတ်ပိုင်း အရွယ်လူကို ကြည့်လိုက်သည်။ ဝမ်ချောင်သည် သူတို့နှစ်ဦးသည် တစ်ဦးတည်း ဖြစ်သည်ကို ယုံရခက်ဖြစ်နေသည်။
ထိုအချိန်က ဂိုကွားယိုတို့၏ လုပ်ကြံသတ်ဖြတ်မှုဒဏ်ကို ခံစားခဲ့ရသူများသည် သူတို့ကိုယ်တိုင်သာ မဟုတ်ခဲ့ပေ။
"မင်းဘယ်သူလဲ။ အရင်က ငါတို့မတွေ့ဆုံခဲ့ဖူးဘူး လို့ ငါထင်တယ်။ "
ယခုတွင် သူနှင့် ထိုလူငယ်သာ အခန်းထဲကျန်ခဲ့သောကြောင့် မာယင်လုံသည် ခေါင်းမော့လိုက်ကာ တစ်ဖက်လူကို အေးစက်စွာကြည့်လိုက်သည်။ သူသည် အခြားသူများကို သူ့နှင့် ဝေးကွာစေသည့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူ့သဘောထားသည် ခုနက ကုန်သည်ကြီးနှင့် ကြီးကြပ်ရေးမှူးတို့ကို ဆက်ဆံသည့်ပုံစံနှင့် အများကြီး ကွာခြားသွားခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု အဖြစ်အပျက်ကတည်းက သူသည် ဩဇာရှိသည့် အရာရှိများ သို့မဟုတ် မြင့်မြတ်သူများနှင့် ထပ်၍ ဆက်ဆံလိုခြင်းမရှိခဲ့ပေ။
"ဟီးဟီး မင်း ငါ့ကိုမသိလောက်ဘူး ဒါပေမယ့် ငါတော့မင်းကိုသိတယ်။ "
ဝမ်ချောင်သည် သူရောက်လာခြင်း၏ ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်ကာ ရယ်မောလိုက်သည်။
"ငါဒီကိုရောက်လာရတာက ငါ့ကိုကူညီပြီး လူတစ်ယောက်ကို ဖမ်းဆီးပေးဖို့ပဲ။ "
"မင်း လူမှားသွားမှာကို ငါစိုးရိမ်မိတယ်။ ငါက စာရွက်စာတမ်းတွေကို ကူးရေးရတဲ့ နိမ့်ကျတဲ့ အရာရှိတစ်ယောက် သက်သက်ပဲ။ မင်းက တစ်စုံတစ်ယောက်ကို ဖမ်းဆီးဖို့ အကူအညီလိုနေရင် ပြစ်ဒဏ်ဌာန ဒါမှမဟုတ် စစ်မှုထမ်းဌာနကို သွားသင့်တယ်။ ငါက မင်းကို ကူညီနိုင်မှာမဟုတ်ဘူး ဒါကြောင့် မင်းအချိန်တွေ မဖြုန်းတီးပစ်ဖို့ ငါတိုက်တွန်းချင်တယ်။ "
မာယင်လုံသည် အေးစက်စွာပြောလိုက်သည်။
"မင်း ငါ့ကို ငြင်းပယ်ဖို့ အလျင်စလို လုပ်နေစရာမလိုဘူး။ ငါ့ဖက်က အရင်ပြီးအောင်ပြောခွင့်ပေးပါ။ ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ စစ်ဆင်ရေးမှာ ဂိုကွားယိုတွေပါ ပါဝင်တယ်။ "
ဝမ်ချောင်ပြောလိုက်သည်။
မာယင်လုံ မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ သို့သော် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုသည်မှာ ထင်ယောင်ထင်မှား အရာတစ်ခုကဲ့သို့ပင်ဖြစ်သည်။
"မင်း ဘာတွေပြောနေသလဲ ငါမသိဘူး။ ဂိုဂူလျောတွေကို ငါစိတ်မဝင်စားဘူး။ တံခါးက အဲနားမှာပဲ ဒါကြောင့် မင်းကို အခုချက်ချင်း ထွက်သွားဖို့ တိုက်တွန်းချင်တယ်။ "
မာယင်လုံသည် စာရွက်တစ်ထပ်ကို ဆုပ်ကိုင်လိုက်ပြီး သူတို့ကို အခြားစာရွက်ပေါ်သို့ စတင်ကူးရေးလိုက်သည်။ ဝမ်ချောင်ကို ထွက်သွားစေချင်သည့် သူ့သဘောထားကို ဤအရာထက် ပိုရှင်းပြ၍ မရပေ။
"ရှိုရှုဘုရင်ဆိုရင်တောင်မှလား"
ဝမ်ချောင် ရယ်မောလိုက်သည်။
“ဘုန်း”
ထိုစကားများသည် ချက်ချင်း မုန်တိုင်းထန်စေခဲ့သည်။ မာယင်လုံ၏ မျက်နှာသည် ချက်ချင်း တွန့်ချိုးသွားခဲ့ပြီး သူ့လက်ထဲရှိ စုပ်တံသည် နှစ်ပိုင်းကျိုးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အခန်းတွင်းရှိလေထုသည် ယောက်ယက်ခတ်သွားခဲ့သည်။ အားကောင်းပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာသည်။
ဤအရှိန်အဝါသည် အလွန်သန်မာလှကာ မူလစွမ်းအင်အဆင့် ၉ သို့ရောက်နေသည့် ဝမ်ချောင်ပင်လျှင် ဆူနာမီလှိုင်းလုံးအရှေ့သို့ ရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်ဟု ခံစားလိုက်သည်။ သူသည် ကမ္ဘာပေါ်တွင် မုန်တိုင်း အပြင်းထန်ဆုံး သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင်။ ချီထောင်ပေါင်းများစွာသော မြင့်မားသော လှိုင်းလုံးကြီးများသည် သူ့အပေါ်သို့ ပြိုကျလာကာ သူ့ကို ဖုန်မှုန့်ဖြစ်သွားစေရန် ခြိမ်းခြောက်နေသည်။
'တွေးကြည့်ရင် ဒီလူကတစ်ကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ '
သူ့အပေါ် သက်ရောက်နေသော ကြီးမားသည့်ဖိအားကို ခံစားလိုက်ရသဖြင့် ဝမ်ချောင်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။
ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့ပြီးနောက် မာယင်လုံ၏ တိုက်ခိုက်ခြင်းစွမ်းအားသည် ကျဆင်းမသွားခဲ့သည်သာမက သူသည် ပို၍ သန်မာလာခဲ့ပုံရသည်။ ဝမ်ချောင်ယခင်က ရင်ဆိုင်ခဲ့သည့် အစစ်အမှန်သိုင်းပညာနယ်ပယ် ဂိုကွားယိုစစ်သည်များသည်ပင် သူ့ရှေ့၌ ဖုန်မှုန့်တစ်ခုထက် ပိုလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ အစစ်အမှန်ခွန်အားဖြစ်သည်။
-----
စာရေးသူ အမှာစာ- ယာမန်(Yamen)ဟာ အုပ်ချုပ်ရေးရုံး သို့မဟုတ် ဒေသတွင်းအုပ်ချုပ်သူရဲ့ နေထိုင်ရာနေအိမ် ဖြစ်တယ်။
ရှင်းဝမ်(Qinwang)ဆိုတာကတော့ ဧကရာဇ်နဲ့ ဆက်နွယ်နေတဲ့သူ သို့မဟုတ် ညီအစ်ကိုတွေကို ပေးအပ်ထားတဲ့ ရာထူးနေရာတွေပါ။ ဥပမာ စုန့်ဘုရင် နဲ့ ချီဘုရင်။
ကျုပ်ဂူးဂဲလ်ခေါက်ကြည့်တော့ မင်းသားကြီးအဖြစ် ခန့်အပ်ခံထားရသူတွေပါတဲ့ ဒါကြောင့် His Highness King Song ကို ဒီအပိုင်းမှာ မင်းသားကြီးစုန့်ဘုရင် လို့ ပြန်ထားပါတယ်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၄၉
နောက်ထပ်ကူဖော်လောင်ဖက်
'ကျားဖြူအစွယ်'
နာမည်တစ်ခုသည် ဝမ်ချောင်စိတ်ထဲပေါ်လာခဲ့သည်။ ဤသည်မှာ ဟိုးယခင် ဆယ်စုနှစ်တစ်ခုက ပြစ်ဒဏ်စီရင်ရေးဌာန၏ အကောင်းဆုံး ပါရမီရှင်ဖြစ်သည့် ထိုလူ၏ အခြား နာမည်တစ်ခုဖြစ်သည်။
သူ့တိုက်ခိုက်ခြင်း စွမ်းအားသည် သူနှင့် သက်တူရွယ်သူများကြားတွင် ထိပ်တန်းဖြစ်သည် ဟု သတ်မှတ်၍ရသည်။
သူသည် ဝန်ထမ်းရေးရာဌာန၏ နိမ့်ကျသည့် ယာမန်တစ်ခုသို့ ရာထူးလျှော့ချ ခံလိုက်ရပြီး ဆယ်စုနှစ်တစ်ခု ထက်ပို၍ သူ့ဘဝကို ရည်ရွယ်ချက်ကင်းမဲ့စွာ ကုန်ဆုံးခဲ့ရသော်လည်း သူသည် သူ့လေ့ကျင့်ခြင်းတွင် လျှော့ချခဲ့ပုံမရပေ။
'နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်'
ဝမ်ချောင် တွေးလိုက်သည်။ မာယင်လုံ၏ ကျင့်ကြံခြင်းသည် အစစ်အမှန် သိုင်းပညာနယ်ပယ်ကို ကျော်လွန်ကာ နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။
"သခင်လေး ဂရုစိုက်ပါ"
ဝမ်ချောင် တွေးတောနေစဉ်မှာပင် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်သည် အန္တရာယ်ထဲသို့ ကျရောက်နေပြီဟု ခံစားလိုက်မိသည်တွင် အနက်ရောင်ပုံရိပ် တစ်ခုသည် ခေါင်မိုးမှ ခုန်ဆင်းလာခဲ့ပြီး မာယင်လုံဆီသို့ ဦးတည်လိုက်သည်။
“ခရက်”
မာယင်လုံသည် သူ့ခွန်အားအပြည့်ကို ထုတ်ဖော်ခဲ့သော်လည်း သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒသည် အနည်းငယ်သာ ပါဝင်နေခဲ့သည်။ ဝမ်ချောင် ဤသည်ကို သိနားလည်ပေသည်။ သို့သော် မီယာဆာမီးအာရာကာသည်တော့ ရှင်းလင်းစွာ မသိနားမလည်ခဲ့ပေ။
ဝမ်ချောင်သည် ယာမန်ထဲသို့ ရောက်သွားသည်နှင့် မီယာဆာမီးအာရာကာသည် ကင်းထောက်ရန် အိမ်ခေါင်မိုးပေါ်သို့ တက်သွားခဲ့သည်။ ထို့ကြောင့် မာယင်လုံသည် သူ့ခွန်အားကို ထုတ်ဖော်လိုက်သည့်အချိန်တွင် မီယာဆာမီးအာရာကာသည် သူသည် ဝမ်ချောင်ကို အန္တရာယ်ပြုတော့မည်ဟု တွေးထင်လိုက်ပြီး လျင်မြန်စွာခုန်ချလာကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
"ရပ်"
ဝမ်ချောင် ထိတ်လန့်သွားခဲ့သည်။ မီယာဆာမီးအာရာကာသည် ပြစ်ဒဏ်ဌာန၏ ယခင်ကျားဖြူအစွယ်ဟောင်း မာယင်လုံအတွက် ပြိုင်ဘက်မဟုတ်သည်ကို ဝမ်ချောင်သိသည်။ သို့သော်လည်း မီယာဆာမီးအာရာကာသည် လျင်မြန်စွာလှုပ်ရှားသွားခဲ့ကာ သူပင်ရပ်တန့်လိုက်နိုင်ခြင်းမရှိပေ။
“ကလင်”
မာယင်လုံ၏ ညာဘက်အထက်လေထဲတွင် သုံးချီရှည်လျားသော မီယာဆာမီးအာရာကာ၏ ဓားမှ အေးစက်သည့်အလင်းရောင်များပေါ်လာခဲ့ကာ မာယင်လုံ၏ ဦးခေါင်းဆီသို့ ဦးတည်သွားခဲ့သည်။
(တစ်မီတာ)
"ဟမ်"
အခန်းထဲရှိ ရုတ်ရုတ်သဲသဲ လေထုကြားတွင် စားပွဲနောက်တွင် ထိုင်နေသည့် မာယင်လုံသည် မီယာဆာမီးအာရာကာကို မော့ကြည့်လိုက်ပြီး အေးစက်သည့် အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ အနည်းငယ်မျှပင် လှုပ်ရှားလိုက်ခြင်းမရှိဘဲ
“ဘုန်းးးး”
အနက်ရောင် ကြယ်တာရာ စွမ်းအင် ဒလဟောသည် မာယင်လုံ၏ ခန္ဓာကိုယ်မှ စီးထွက်လာခဲ့သည်။
ထိုအနက်ရောင် ကြယ်တာရာ စွမ်းအင် ဒလဟောသည် ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေခဲ့ကာ လေထုထဲတွင် သတ္တုသံများ ပဲ့တင်ထပ်ထွက်လာခဲ့သည်။
“ဘန်းးး”
ကြယ်တာရာ စွမ်းအင် လှိုင်းလုံးဖြင့် ရိုက်ခတ်မိသွားသည်တွင် မီယာဆာမီးအာရာကာသည် သူမ၏ မူလစွမ်းအင်များ လွင့်စင် ပပျောက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကြွေကျလာသော သစ်ရွက်များကို ဆောင်းဦးလေပြေက တိုက်ခတ်သွားသကဲ့သို့ သူမသည် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
"လူကြီးမင်းမာ ရပ်လိုက်ပါ"
ထိတ်လန့်သွားခဲ့ကာ ဝမ်ချောင်သည် မာယင်လုံကို ရပ်တန့်ရန် အော်ပြောလိုက်စဉ်မှာပင် ပြေးထွက်သွားလိုက်ပြီး ကျဆင်းလာနေသည့် မီယာဆာမီးအာရာကာကို ဖမ်းယူလိုက်သည်။
"မင်းက ဘယ်သူလဲ။ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ။ ပြစ်ဒဏ်ဌာနကနေ ငါအနားယူပြီးကတည်းက ဆယ်စုနှစ်တစ်ခုကျော်လောက် ရှိခဲ့ပြီ ဂိုဂူလျောနဲ့ ပတ်သက်တဲ့ကိစ္စတွေက ငါနဲ့မဆိုင်တော့ဘူး။ ငါ့ကိုပြောစမ်းပါ ဒီကမ္ဘာပေါ်က ဘယ်သူကများ မင်းကို လွှတ်လိုက်တာလဲ။ "
မာယင်လုံသည် သူ့စားပွဲမှနေ၍ ခေါင်းမော့လိုက်သည်တွင် သူ့မျက်နှာပေါ်၌ ကျိုးနွံပြီး ညိုးငယ်နေသည့် မျက်နှာအစား စူးရှပြီး အန္တရာယ်ပြုလိုသည့် မျက်နှာဖြင့် အစားထိုးထားခဲ့သည်။ ရက်စက်သည့် ကျားဖြူတစ်ကောင်ကဲ့သို့ သူ့အေးစက်စက်မျက်လုံးများသည် လူတစ်ဦး၏ ဝိဉာဉ်အနက်ပိုင်းသို့ စိုက်ကြည့်နေပုံရကာ လူတစ်ယောက်၏နှလုံးသားကို ခိုက်ခိုက်တုန်စေလေသည်။
ထိုကဲ့သို့သော အကြည့်အောက်တွင် လူတစ်ယောက်သည် အပ်များဖြင့် အထိုးခံရသကဲ့သို့ ခံစားရမည်ဖြစ်ပြီး မသိစိတ် မှနေ၍ ထိုသည်ကို ရှောင်လွဲလိုက်ကြမည်ဖြစ်သည်။
လေထုသည် ချက်ချင်း လေးလံသွားခဲ့သည်။ မာယင်လုံ၏ သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒသည် မြင့်တက်လာခဲ့သည်ကို ဝမ်ချောင် အာရုံခံနိုင်ပေသည်။ အကယ်၍ သူသည် တစ်ဖက်လူကို လက်သင့်ခံနိုင်သည့် အဖြေတစ်ခုကို မပေးခဲ့ပါက ဤပြစ်ဒဏ်ဌာန၏ ကျားဖြူအစွယ်သည် သူ့ကို ဒေါသထွက်ကာ သတ်ဖြတ်နိုင်ပေသည်။
"မီယာဆာမီးအာရာကာ မင်းဘယ်လိုနေလဲ။ မင်းဒဏ်ရာရသွားသေးလား။ "
မာယင်လုံကို လျစ်လျူရှုလိုက်ကာ ဝမ်ချောင်သည် မီယာဆာမီးအာရာကာကို ကြည့်လိုက်ပြီး စိုးရိမ်စွာမေးလိုက်သည်။
"ကျွန်မ..ကျွန်မ အဆင်ပြေပါတယ်"
မီယာဆာမီးအရာကာ၏ အနက်ရောက် မျက်နှာကာသည် ပြီးခဲ့သည့် တိုက်ခိုက်မှုကြောင့် တစ်စစီဖြစ်သွားခဲ့ကာ သူမ၏ အလွန်အမင်းဖြူဖျော့နေသော မျက်နှာကို ဖော်ပြလိုက်သည်။ သူမ၏ မူလစွမ်းအင် ပျောက်ကွယ်သွားခြင်းသည် သူမကို အလွန်အားနည်း ချည့်နဲ့စေခဲ့ပုံပေါ်သည်။ သို့သော်လည်း သူမ၏ ပါးပြင်များသည် မီးလောင်နေသကဲ့သို့ နီရဲနေခဲ့သည်။ ဝမ်ချောင်၏ အကြည့်ဖြင့် ဆုံလိုက်မိသည်တွင် သူမသည် မသိစိတ်ဖြင့် အဝေးသို့ မျက်နှာလွဲသွားလိုက်သည်။
"ဟမ်"
ဝမ်ချောင်သည် သူမ၏ အမူအရာကြောင့် မှင်သက်သွားခဲ့ပြီး တခဏမျှ အေးခဲသွားခဲ့သည်။ သို့သော်လည်း မကြာမီ သူတို့၏ အနေအထားသည် အလွန်နီးကပ်သည့် အနေအထားသို့ ရောက်နေသည်ကို သူနားလည်သွားခဲ့သည်။ ဤသည်မှာ သူတို့ဆုံတွေ့ခဲ့ကတည်းက ပထမဆုံးဖြစ်သည်။
"ဒါက..."
ဝမ်ချောင်သည် ကိုးရိုးကားရား ဖြစ်သွားခဲ့ကာ မီယာဆာမီးအာရာကာကို အောက်သို့မချမီ သူသည်လည်း မသိမသာဖြင့် အကြည့်လွဲလိုက်သည်။
"ဟမ် ငါ မင်းကို အကြိမ်တိုင်း လွယ်လွယ်နဲ့ သွားခွင့်ပေးရလောက်အောက် အရမ်းမကြင်နာတတ်ဘူး။ ငါ့ကို ကျေနပ်လောက်တဲ့ အဖြေကို မပေးနိုင်ရင် နောက်တစ်ကြိမ်မှာ ဒီလောက် ပေါ့ပေါ့တန်တန် အဆုံးသတ်မှာ မဟုတ်ဘူး။ ”
မာယင်လုံ၏ အေးစက်သည့် အသံသည် အခန်းထဲ ဖုံးလွှမ်းသွားခဲ့သည်။ သို့မှသာ ဝမ်ချောင်၏ အာရုံသည် သူ့ရှေ့ရှိ အခြေအနေများသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"လူကြီးမင်းမာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်ဒီကိုရောက်နေတာက ရှိုရှုဘုရင်နဲ့ ပတ်သက်တဲ့ ကိစ္စအတွက်ပဲ။ ခင်ဗျားက ပုန်းအောင်းနေနိုင်ပေမယ့် ကျွန်တော့်ရဲ့လူတွေက ခင်ဗျားရဲ့ နေရာကို ဖော်ထုတ်ဖို့အတွက် အရမ်းကြီး မခက်ခဲဘူးဆိုတာ သိထားသင့်တယ်။ "
ဝမ်ချောင်သည် အနည်းငယ် ဂုဏ်ယူနေသည့်လေသံဖြင့် ပြောလိုက်သည်။
ဂုဏ်သရေရှိကလန်၏ လူငယ်မျိုးဆက်တစ်ယောက်နေဖြင့် လူတစ်ဦး၏ နေရာကို ဖော်ထုတ်ရန်မှာ သူ့အတွက် အမှန်ပင် ခက်ခဲခြင်းမရှိပေ။ မာယင်လုံသည် မည်သည့်နေရာတွင် ပုန်းအောင်းနေပါစေ သူသည် မြို့တော်ထဲရှိနေသရွေ့ ဝမ်ချောင်သည် သူ့ကို သေချာပေါက် ရှာတွေ့နိုင်ပေသည်။
ဤသည်မှာ မြင့်မြတ်ပြီး ဂုဏ်သရေရှိသည့် ကလန်များ၏ လူငယ်မျိုးဆက်များပိုင်ဆိုင်သည့် ဩဇာလွှမ်းမိုးမှုဖြစ်သည်။
မာယင်လုံ၏ မျက်နှာသည် နောက်ဆုံးတွင် ပျော့ပြောင်းမသွားမီ တခဏမျှ အေးခဲသွားခဲ့သည်။
"လူကြီးမင်းမာ ဂိုဂူလျောတိုင်းပြည်ဟာ မဟာထန်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုဆိုတာ တခြားသူတွေထက် ခင်ဗျားပိုသိမယ် ထင်ပါတယ်။ မဟာထန်အတွင်းမှာ ဆောင်ရွက်နေတဲ့ ဂိုဂူလျော သူလျှိုခေါင်းဆောင်အနေနဲ့ ရှိုရှုဘုရင်ဟာ ကျွန်တော်တို့ ဖယ်ရှားပစ်ရမယ့် ပစ်မှတ်တစ်ခုပဲ။ အဲတုန်းက အဖြစ်အပျက်မှာ ခင်ဗျားက ရှိုရှုဘုရင်ကို လိုက်လံဖမ်းဆီးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ သူ့လုပ်ဆောင်မှုတွေကို ဆယ်စုနှစ် တစ်ခုကျော်လောက် စောင့်ကြည့်ခဲ့တာကြောင့် ခင်ဗျားက တခြားသူတွေထက် ပိုပြီး သူ့ကိုနားလည်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ရှိုရှုဘုရင်ကို ဖမ်းဆီးရာမှာ ပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ "
ဝမ်ချောင် လေးနက်စွာဖြင့် တောင်းဆိုလိုက်သည်။
ဝမ်ချောင်သည် ဂိုဂူလျောများကို ရင်ဆိုင်ရန် အရာများစွာ ပြင်ဆင်ထားခဲ့သည်။ စုန့်ဘုရင်၏ နောက်ခံနှင့် တော်ဝင်ရုံးတော်၏ တပ်သားများဖြင့် ဂိုဂူလျောတို့၏ အခြေစိုက်စန်းကို ရှင်းပစ်ရန်မှာ လွယ်ကူပေလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ပေါင်းပင်ကို အမြစ်များမှ နှုတ်ပစ်ရမည်ဖြစ်သည်။ ဂိုဂူလျော စစ်သည်တစ်သုတ်၏ သေဆုံးခြင်းသည် ဂိုဂူလျော တိုင်းပြည်အတွက် ဘာမျှကြီးမားသည့် အရာမဟုတ်ပေ။
သူတို့ဆန္ဒရှိနေသရွေ့ စစ်သည်တစ်သုတ် သတ်ဖြတ်ခံရပြီးနောက် နောက်ထပ်တစ်သုတ်ကို ထပ်၍ပို့လွှတ်နိုင်ပေသည်။
ဂိုဂူလျောတို့ကို အစစ်အမှန်ထိခိုက်စေရန်မှာ သူတို့သည် အမြစ်မှခုတ်ဖြတ်ရမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူတို့သည် သူတို့၏ သူလျှိုခေါင်းဆောင် ရှိုရှုဘုရင်ကို ဖော်ထုတ်ဖယ်ရှားရမည်ဖြစ်သည်။
ဤသူလျှိုခေါင်းဆောင်ကို ဖယ်ရှားပြီးမှသာလျှင် မဟာထန်၏ ဩဇာရှိသည့် အရာရှိများကို ခြိမ်းခြောက်နေသည့် အန္တရာယ်ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အနည်းဆုံး ဤလူမရှိဘဲ မဟာထန်အတွင်း ဂိုဂူလျော တို့၏ လွှမ်းမိုးမှုသည် သိသိသာသာ ထိုးကျသွားပေလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ရှိုရှုဘုရင်သည် အလွန်တရာမှ ဉာဏ်နီဉာဏ်နက် များလှသည်။
ဝမ်ချောင်သည် ဂိုဂူလျော တိုင်းပြည်မှ ပို့လွှတ်လိုက်သော ဂိုဂူလျော ကျွမ်းကျင်သူများကို ကိုင်တွယ်ရန် ယုံကြည်မှုရှိသော်လည်း ရှိုရှုဘုရင်ကို ဖမ်းဆီးရန်အတွက်တော့ သူ့တွင် ယုံကြည်ချက်မရှိပေ။
ဤသည်မှာ မာယင်လုံကို ဝမ်ချောင်လာရှာရသည့် အဓိကအကြောင်းပြချက်ဖြစ်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခုကျော်ခန့်က တော်ဝင်ရုံးတော်၏ အရေးကြီးသည့် အရာရှိများကို ရှိုရှုဘုရင် လုပ်ကြံသတ်ဖြတ်ခဲ့ချိန်တွင် မာယင်လုံသည် ပြစ်ဒဏ်စီရင်ရေးဌာန၏ အသက်အငယ်ဆုံး ပါရမီရှင်တစ်ဦးအနေဖြင့် ဤအမှုကို တာဝန်ယူရသော လူများထဲမှ တစ်ဦးဖြစ်ခဲ့သည်။
သူသည် ရှိုရှုဘုရင်ကို နှစ်များစွာ လိုက်လံဖမ်းဆီးခဲ့သည်။ သို့သော် ဆိုးဝါးသည့်ရလဒ်ကြောင့် သူသည် ပြစ်ဒဏ်ဌာနမှ မောင်းထုတ်ခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရပြီး ဝန်ထမ်းရေးရာဌာနသို့ ရာထူးလျှော့ချခံလိုက်ရကာ နိမ့်ကျသည့် စာရွက်စာတမ်းကူးယူသူ ဖြစ်လာခဲ့သည်။
သို့သော် ဤသို့ဆိုလျှင်ပင် သူ့ထက်ပို၍ ရှိုရှုဘုရင်ကို နားလည်သဘောပေါက်သည့်သူ မရှိသည်ကို ဝမ်ချောင်သိပေသည်။
ထိုအချိန်က ရှိုရှုဘုရင် သတ်ဖြတ်ခဲ့သည့် အရာရှိများထဲတွင် မာယင်လုံ၏ဆရာနှင့် သူချစ်ရသည့် အမျိုးသမီလည်း ပါဝင်ခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက မာယင်လုံသည် မာန်မာနထောင်လွှားပြီး အောင်မြင်သည့် လူငယ်တစ်ဦးဖြစ်သည်။ သူ့ဆရာသည် ပြစ်ဒဏ်စီရင်ရေးဌာနမှ ကျန့်ရှို့ရှန်းဖြစ်ပြီး သခင်ကျန့်တွင် သူနှင့် စေ့စပ်ထားသည့် လှပသည့် သမီးတစ်ယောက်ရှိခဲ့သည်။
ဂိုဂူလျောများသည် လုပ်ကြံသတ်ဖြတ်သည့် အချိန်တိုင်း သူတို့သည် အသက်ရှင်ကျန်ရစ်သူများကို နောက်တွင် ချန်ထားရစ်ခဲ့လေ့မရှိပေ။ ထို့နောက် သတ်ဖြတ်ခံရသူများထဲတွင် သခင်ကျန့်၏ ချစ်လှစွာသော သမီးသည်လည်း သားကောင်ဖြစ်ခဲ့ရသည်။
သို့သော်လည်း ဤကိစ္စကို လူသိမများခဲ့ပေ။ ဝမ်ချောင်သည် ကံကောင်း၍ ကြားသိခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် မုန်းတီးမှုတွင် လူအနည်းငယ်ကသာ ပြစ်ဒဏ်စီရင်ရေးဌာန၏ ကျားဖြူအစွယ်ထက် သာလွန်နိုင်ပေသည်။
အမှန်တွင် ကျားဖြူအစွယ်၏ တည်ရှိမှုနေသည် ရှိုရှုဘုရင်သည် ထိုအချိန်ကာလအတွက် နိမ့်ချစွာနေခဲ့ရခြင်း၏ ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သို့သော်လည်း မာယင်လုံသည် ရှိုရှူဘုရင်ကို နက်ရှိုင်းစွာ နားလည်ထားသော်ငြားလည်း သူသည် သူ့ဘဝတစ်ခုလုံးအတွက် ထိုသူလျှိုကို ဖမ်းဆီးရန် ကျရှုံးခဲ့ရဆဲဖြစ်သည်။
ရှိုရှုဘုရင်သည် နောက်တစ်ကြိမ်ထပ်၍ အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုကို စတင်လိုက်သောအခါတွင် မာယင်လုံကို နောက်ဆုံးတွင် ပြည်သူများက နောက်တစ်ကြိမ် ပြန်လည်အမှတ်ရလိုက်ကြသည်။
ရှိုရှုဘုရင်ကို ရပ်တန့်ရန် နောက်တစ်ကြိမ် ကျရှုံးခဲ့ရသည်ကို လက်မခံနိုင်ဘဲ မာယင်လုံသည် ပြိုလဲသွားခဲ့သည်။
ဝမ်ချောင် နောက်ဆုံးကြားသိခဲ့ရသည့် မာယင်လုံ၏ သတင်းမှာ ရှိုရှူဘုရင်သည် ဂိုဂူလျော တိုင်းပြည်သို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက် သွားပြီးနောက် သူသည် သူ့ဆရာ၏ အုတ်ဂူသို့ သွားရောက်ခဲ့ကာ တဲအိမ်တစ်လုံး ဆောက်လုပ်နေထိုင်ခဲ့ပြီး နှစ်များစွာကြာပြီးနောက် သူသည်လည်း သေဆုံးသွားခဲ့သည်။
ထိုအချိန်က ထိုသတင်းကို ဝမ်ချောင် ကြားသိလိုက်ရသည်တွင် သူသည် သူ့အတွက် အလွန် စိတ်မကောင်းဖြစ်သွားခဲ့သည်။
သံသယရှိစရာမလိုဘဲ မာယင်လုံသည် ပါရမီရှင်တစ်ဦးဖြစ်သည်။ သူသည် ရှိုရှုဘုရင်ကို ဖမ်းဆီးရန် ကျရှုံးခဲ့ရသော်လည်း ရှိုရှုဘုရင်ကပင် စိုးရိမ်ရသည့် လူတစ်ဦးဖြစ်ခဲ့သည်။
ဝမ်ချောင်သည် သူ့ကို ကလဲ့စားချေရန်အတွက် အခွင့်အရေးတစ်ခု ပေးသင့်သည်ဟု ခံစားနေရသည်။
ဤသည်မှာ ထိုလူကို တော်ဝင်ကျောက်စိမ်း စံအိမ်အပြင်ဘက်၌ ဝမ်ချောင်တွေ့ခဲ့ရသည်တွင် သူ့စိတ်ကို ပြောင်းလဲခဲ့ရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ ရှိုရှုဘုရင်ကို ဖမ်းဆီးခြင်းသည် တော်ဝင်ရုံးတော် အရာရှိများကို ကယ်တင်နိုင်ရုံသာမက မာယင်လုံသည်လည်း ဤနည်းဖြင့် ကတိတည်နိုင်မည်ဖြစ်သည်။
"ဒါကအသုံးမဝင်ဘူး။ မင်း လူမှားရှာမိတာပဲ။ ရှိုရှုဘုရင်နဲ့ ကိစ္စမှာ မင်းကို မကူညီနိုင်ဘူး။ မင်းကို တခြားတစ်ယောက်ကိုပဲ ရှာဖွေဖို့ အကြံပေးချင်တယ်။ "
ဝမ်ချောင်၏ တောင်းဆိုချက်ကို ကြားသည်တွင် မာယင်လုံသည် အနည်းငယ်မျှပင် တွေဝေမနေဘဲ ချက်ချင်း ငြင်းပယ်လိုက်သည်။
"လူကြီးမင်းမာ ရှိုရှုဘုရင်ဟာ လွန်ခဲတဲ့ ဆယ်စုနှစ်တစ်ခုက လုပ်ကြံသတ်ဖြတ်မှုနဲ့ဆင်တူတဲ့ အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို နောက်ထပ်ပြုလုပ်ဖို့ ကြံစည်နေတယ်လို့ ကျွန်တော်ပြောရင်ရော...ခင်ဗျား ဒီကိစ္စကို လက်ရှောင်နေဦးမှာလား။ "
ဝမ်ချောင် အေးစက်စွာပြုံးလိုက်သည်။
"မင်းဘာပြောလိုက်တာလဲ။ "
ဝမ်ချောင်၏ စကားများကို ကြားသည်တွင် မာယင်လုံ၏ အမူအရာသည် ထိတ်လန့်မှုဖြင့် ချက်ချင်း တွန့်ချိုးသွားခဲ့သည်။ သူသည် ရုတ်ချည်း ထရပ်လိုက်ပြီး ဝမ်ချောင်ကို နီရဲသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"လူကြီးမင်းမာ ကျွန်တော် ဒီကိုရောက်နေတာက ရှိုရှုဘုရင် နောက်တစ်ကြိမ် လှုပ်ရှားတော့မယ်ဆိုတာ ပြောဖို့ပဲ။ "
ဝမ်ဆချာင် တင်းမာသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဘုန်းးး”
အရိပ်တစ်ခု လှုပ်ရှားသွားခဲ့ပြီး မီယာဆာမီးအာရာကာပင် ဘာတွေဖြစ်ပျက်သွားသည်ကို မသိလိုက်နိုင်မီမှာပင် ပုံရိပ်တစ်ခုသည် သူတို့ရှေ့၌ ရပ်နေခဲ့သည်။ မာယင်လုံ၏ မျက်လုံးများတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ရစ်ဝဲနေလျက် ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
"တကယ်လို့ မင်းတို့နှစ်ယောက် ငါ့ကိုလိမ်ညာထားတာကို ငါရှာတွေ့ခဲ့ရင် မင်းတို့နှစ်ယောက် သနားစရာကောင်းစွာသေဆုံးရမယ်လို့ ငါအာမခံတယ်။ "
မာယင်လုံ၏ မျက်နှာသည် မယုံနိုင်စရာ ကောင်းလောက်အောင် မဲမှောင်နေခဲ့သည်။ မီယာဆာမီးအာရာကာ၏ နှလုံးသားသည်ပင် သူမရှေ့ရှိ ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုကို အာရုံခံလိုက်မိအာ အေးစက်သွားခဲ့သည်။
သို့သော်လည်း ဝမ်ချောင်သည် သာမန်သာရယ်မောလိုက်သည်။ မယင်လုံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း နိမ့်ကျစွာနေခဲ့သော်လည်း ရှိုရှုဘုရင်နှင့် ပတ်သက်၍ မည်သည့်အခါမျှ ဖယ်ခွာနိုင်ခြင်း မရှိခဲ့ပေ။
"လူကြီးမင်းမာ ကျွန်တော် အမှန်တရားကိုပြောနေတာလား လိမ်ပြောနေတာလားဆိုတာကို ခင်ဗျားအလွယ်တကူပြောနိုင်လိမ့်မယ်လို့ ကျွန်တော်အာမခံတယ်။ "
ဝမ်ချောင် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။
အပိုင်း ၂၅၀
ဂိုဂူလျောတို့၏ လျှို့ဝှက်ဥမှင်လှိုဏ်ခေါင်း
အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် သူ့အား ကိစ္စတစ်ခုလုံးကို လျင်မြန်စွာရှင်းပြလိုက်သည်။ ရှိုရှုဘုရင်၏ နေရာသည်အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်နေခဲ့ပြီး သူ့ကို ဖမ်းဆီးခြင်းသည် လွယ်ကူသည့် လုပ်ဆောင်ချက်မဟုတ်ပေ။
သို့သော်လည်း ဤတစ်ကြိမ်လုပ်ဆောင်မည့် စစ်ဆင်ရေး၏ ကြီးမားပုံကို သုံးသပ်လိုက်ပါက ရှိုရှုဘုရင်သည် စစ်ဆင်ရေးကို သူကိုယ်တိုင်ကြီးကြပ်ခြင်းမရှိဘဲ နေ၍ရတော့မည်မဟုတ်ပေ။
ဤသည်မှာ ရှိုရှုဘုရင်ကို ကိုင်တွယ်ရန် သူတို့၏ နောက်ဆုံးအခွင့်အရေးဖြစ်ပေလိမ့်မည်။ မာယင်လုံ၏ ဉာဏ်ရည်ဉာဏ်သွေးအရ သူသည် သေချာပေါက် ဤအရာကို အများကြီး တွက်ချက်နိုင်လိမ့်မည်ဟု ဝမ်ချောင် ယုံကြည်လေသည်။
ထို့ကြောင့် ကိစ္စတစ်ခုလုံးကို ရှင်းပြပြီးသည်တွင် ဝမ်ချောင်သည် မီယာဆာမီးအာရာကာ၏ ဘေးတွင် ထိုင်လိုက်၍ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းလိုက်သည်။
အခန်းတစ်ခုလုံးသည် တိတ်ဆိတ်နေသည်။ မာယင်လုံသည် ခေါင်းငုံ့ထားခဲ့ကာ မလှုပ်မရှား ရပ်နေခဲ့သည်။ သူဘာတွေးနေသည်ကို မည်သူမျှမသိပေ။
ဝမ်ချောင်နှင့် မီယာဆာမီးအာရာကာတို့သည်လည်း သူ့အဖြေကို မလှုပ်မရှား စောင့်ဆိုင်းနေခဲ့ကြသည်။
ဝမ်ချောင်သည် သူ့အစီအစဉ်ကို ယုံကြည်မှုရှိသော်လည်း နောက်ဆုံးတွင် အရာအားလုံးမှာ ခန့်မှန်းမှုသာဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် မာယင်လုံ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို မည်သူမျှမသိနိုင်ပေ။
ထို့အပြင် ရိုးသားစွာဆိုရလျှင် ဝမ်ချောင်၏ ယုံကြည်မှုများသည် တဖြည်းဖြည်း ကျဆင်းလာသည်။ မာယင်လုံသည် လွယ်လွယ်နှင့် စည်းရုံးသိမ်းသွင်း၍ ရသည့်ပုဂ္ဂိုလ် ဟုတ်ပုံမပေါ်ပေ။
"မင်း ငါ့ကို ဘယ်လိုကူညီစေချင်တာလဲ"
မိနစ်အတော်ကြာပြီးနောက် မာယင်လုံသည် နောက်ဆုံးတွင် ခေါင်းမော့လိုက်ကာ မေးလိုက်သည်။
ထိုစကားများကို ကြားသည်တွင် နောက်ဆုံး၌ ဝမ်ချောင်၏ မျက်လုံးများသည် တလက်လက် တောက်ပလာခဲ့သည်။
ညနက်တွင် သစ်ပင်များ၏ အရိပ်များက ကခုန်နေချိန်၌ အလွန်ဝေးကွာသည့် ခြံဝန်းတစ်ခု၏ အထက်တွင် လခြမ်းကွေးသည် တွဲလဲချိတ်ဆွဲနေလေသည်။
ဂိုဂူလျော တို့၏ ပထမ အခြေစိုက်စခန်းကို အပေါ်စီးမှ ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် အခြေစိုက်စခန်း အနှံ့အပြားရှိ ဂိုဂူလျောအစောင့်များကို မြင်လိုက်ရသည်။ ထိုနေရာရှိလေထုသည် သိပ်သည်းစွာရစ်ဝဲနေပုံရသည်။
အချိန်ခဏအတွင်းမှာပင် သူတို့သည် ဂိုဂူလျောစစ်သည် တစ်ဒါဇင်ကျော်နှင့် အဆက်အသွယ် ပြတ်ခဲ့ပြီး သူတို့ထဲမှတချို့သည် အစစ်အမှန်သိုင်း ပညာနယ်ပယ်ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပို၍ ချောက်ခြားစေသည့်အရာမှာ သူတို့သည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ပုံရကာ သဲလွန်စတစ်ခုမျှပင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။ မည်သူမျှ သူတို့သည် သေဆုံးသွားသလော သို့မဟုတ် တစ်နေရာရာသို့ ထွက်ခွာသွားသလော မပြောနိုင်ပေ။
ထိုကဲ့သို့သော အခြေအနေသည် ယခင်က တစ်ခါမှမဖြစ်ခဲ့ဖူးပေ။ အနည်းဆုံး ထိုမျှပမာဏအထိဖြစ်သည်။ ပထမအခြေစိုက်စခန်းကို တာဝန်ယူရသူအနေဖြင့် လီကျူဟွမ်သည် အလွန် စိတ်အနှောက်အယှက် ဖြစ်လျက်ရှိသည်။
"ဘယ်လိုလဲ။ မင်း သူတို့ဘယ်မှာလဲဆိုတာ သဲလွန်စမရသေးဘူးလား။ "
လီကျူဟွမ်သည် ဖယောင်းတိုင်မီးအရှေ့တွင် လက်နောက်ပစ်ရပ်လျက် မေးလိုက်သည်။ သူသည် အသက်သုံးဆယ်သာ ရှိသေးသော်လည်း တိကျပြတ်သားသည့် ခေါင်းဆောက်တစ်ယောက်ပုံ ပေါ်သည့် ယောက်ျားဆန်သည့် မျက်နှာကို ပိုင်ဆိုင်ထားသည်။
"သခင် ကျွန်တော်တို့ ဘယ်လိုသဲလွန်စမှ မတွေ့သေးပါဘူး။ ကျွန်တော်တို့ရဲ့ လူတွေက မဟာထန်အနှံ့မှာ ချောင်ကျိုချောင်ကြား မကျန်ရှာဖွေခဲ့ပေမယ့် သူတို့ရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့သေးပါဘူး။ ကျွန်တော့်ရဲ့ နိမ့်ကျတဲ့အမြင်အရ သူတို့အတွက် အသက်ရှင်လျက်ရှိနေဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ "
မျက်နှာဖုံး ဝတ်ထားသည့် ဂိုဂူလျောလုပ်ကြံသူသည် ကြမ်းပြင်ပေါ် ဒူးထောက်လျက် အလေးအနက် တင်ပြလိုက်သည်။ သူဆံပင်များသည် စုတ်ဖွာနေပြီး သူ့ခါးတွင် ဆေဘာဓားသုံးလက်ချိတ်ဆွဲထားသည်။
ဂိုဂူလျောစစ်တပ်သည် ရာထူးဂုဏ်သိမ် အဆင့်ဆင့်ကို အလွန်တင်းကြပ်ထားပြီး အထူးသဖြင့် တိုင်းပြည်၏အပြင်ဘက်သို့ ပို့လွှတ်လွှတ်ထားသော ဤကဲ့သို့သော လူများအကြားတွင် ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူတိုင်းနှင့် စစ်သားတိုင်းသည် ဒေသတွင်းခေါင်းဆောင်၏ အမိန့်တိုင်းကို တစ်ခုမကျန် လိုက်နာကြရသည်။
"မဟာထန်ရဲ့ မြို့စားကြီး အိမ်တော်တွေဆီကနေ လှုပ်ရှားမှုရှိသေးလား။ မကြာသေးခင်က ဒီနေရာမှာရှိတဲ့ အထက်တန်းလွှာက လူတွေနဲ့ သဘောထားကွဲလွဲမှု ရှိခဲ့သေးလား။ "
လီကျူဟွမ် မေးလိုက်သည်။
ဤကိစ္စ ဖြစ်လာသည်ကို သိရှိပြီးနောက် သူ့ပထမဆုံးအတွေးသည် ဤလူများသည် မဟာထန်ရှိ အထက်တန်းလွှာ၏ လူငယ်သခင်လေးများနှင့် သဘောထားကွဲလွဲပြီး ထိုလူငယ်သခင်လေးများက သူတို့ကို ရှင်းပစ်ရန် သူတို့၏နောက်ခံကို ဆက်သွယ်ခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် အတိတ်တွင်လည်း ဖြစ်ခဲ့ဖူးသည်။
မဟာထန်ကဲ့သို့သော နေရာတစ်ခုတွင် လူငယ်မျိုးဆက်များသည် ပျံ့ကျဲနေခဲ့ပြီး လုံလောက်သည့် အချိန်တစ်ခုအတွင်း လူတစ်ယောက်သည် သူတို့နှင့် တွေ့ဆုံမိမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
လူငယ်မျိုးဆက်တိုင်းသည် အတူတူပင်ဖြစ်သည်ဟု ဆို၍မရသော်လည်း တချို့သော ကြောက်စရာကောင်းသည့် လူငယ်မျိုးဆက်များ ရှိတတ်ကြသည်။ ထို့အပြင် မဟာထန်၏ လူသတ်ခြင်းကို ဆန့်ကျင်သည့် တင်းကြပ်သည့် ဥပဒေများအရ သူတို့သည် သဲလွန်စ မကျန်ရစ်ခဲ့စေရန် အသေအချာ ပြုလုပ်ပေလိမ့်မည် ဖြစ်သည်။
တစ်ခါတစ်ရံတွင် အလောင်းများကိုပင် ရှာတွေ့ရန် မဖြစ်နိုင်ပေ။
အမှန်တစ်ကယ် 'ရှင်းလင်းခြင်း' သည် သဲလွန်စအဖြစ် ပုရွက်ဆိတ်တစ်ကောင်ကိုပင် ရှာတွေ့လိမ့်မည် မဟုတ်ခြင်းကို ဆိုလိုပေသည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် သဲလွန်စကို ခြေရာခံရန်မှာ မဖြစ်နိုင်ပေ။
ဤသို့ဖြင့် သူတို့သည် ကြောက်စရာကောင်းသည့် လူတချို့ကို စော်ကားမိပြီး ဖယ်ရှားခံရခြင်းဖြင့် အဆုံးသတ်သွားရခြင်း ဖြစ်မည်ဟု လီကျူဟွမ် ပထမဆုံး တွေးမိလိုက်ခြင်း ဖြစ်သည်။
မဟာထန်၏ လူများအတွက် ချုပ်တည်းခြင်း သဘောတရားသည် ဂိုဂူလျောများအပေါ် သက်ရောက်ပုံမပေါ်ပေ။
"ဒီဖြစ်နိုင်ချေကို ကျွန်တော်တို့ မဖယ်ရှားနိုင်ပေမယ့် ဖြစ်နိုင်ချေ အလွန်နည်းတယ်။ ဒီတစ်ကြိမ်မှာ သေဆုံးခဲ့သူတွေက အရမ်းကို များပြားနေခဲ့တယ်။ ဒုတိယနဲ့ တတိယ အခြေစိုက်စခန်းတွေမှာလည်း သေဆုံးသူတွေရှိခဲ့တယ်။ ကျွန်တော်တို့ လက်ရှိတွေးနိုင်တာက တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို ဆန့်ကျင်နေတယ် ဆိုတာပဲ။ ဒါပေမယ့် တခြားဖြစ်နိုင်ချေတွေကို ဖယ်ရှားဖို့က စောလွန်းသေးတာတော့ အမှန်ပဲ။ "
လုပ်ကြံသူသည် လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။
ဤကိစ္စကို စစ်ဆေးရန် တာဝန်ရှိသည့် ကျွမ်းကျင် ပညာရှင်များရှိခဲ့ပြီး သူသည် ရလဒ်များကို အစီရင်ခံရန်သာ တာဝန်ရှိပေသည်။
မျက်မှောင်ကြုတ်လိုက်ကာ လီကျူးဟွမ် တိတ်ဆိတ်သွားခဲ့သည်။
ရိုးသားစွာဆိုရလျှင် မြို့တော်ထဲတွင် ဂိုဂူလျောစစ်သည် တစ်ဒါဇင်ထက်ပို၍ တိတ်ဆိတ်စွာ သေဆုံးသွားသည့် ပြဿနာသည် ကြီးမားခြင်းမရှိပေ။ သူ့ကို စိုးရိမ်စေသည့်အရာမှာ အချိန်ပင်ဖြစ်သည်။
လီကျူဟွမ်သည် တစ်စုံတစ်ယောက်က သူတို့ကို ဆန့်ကျင်ရန် လုပ်ဆောင်နေသည်ကို မကြောက်ပေ။ သူသည် ထိုအရာက သူတို့အရှင်၏ အစီအစဉ်ကို အဟန့်အတား ဖြစ်စေမည်ကိုသာ ကြောက်ရွံ့ပေသည်။
ဝမ်းသာစရာကောင်းသည့် အရာမှာ ထိုပျောက်ကွယ်သွားခြင်းသည် အခြေစိုက်စခန်း၏ အပြင်ဘက်၌သာ ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ကို ဆန့်ကျင်ရန် လုပ်ဆောင်နေသည့်လူမှာ သူတို့စခန်း၏ တည်ရှိမှုကို သတိမပြုမိသည်မှာ ဖြစ်နိုင်ချေများသည်။
ဤသည်မှာ သူတို့ဝမ်းသာရမည့် တစ်ခုတည်းသောအရာဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် အရှင်အား အသိအမှတ်ပြုရမည်မှာ သေချာပေသည်။ အားလုံးပြီးနောက် ဤအခြေစိုက်စခန်းကို သူတစ်ယောက်တည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနတို့သည် မည်မျှစေ့စေ့စပ်စပ် ရှာဖွေနေပါစေ သူတို့အခြေစိုက်စခန်း၏ တည်ရှိနေမှုကို ဘယ်တုန်းကမှ ရှာတွေ့ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် သူတို့အထက်ရှိ အရှင်ကို သူတို့သည် လုံးဝ ယုံကြည် ကိုးစားကြပေသည်။
"ငါတို့ရဲ့အရှင်က ဘာပြောခဲ့လဲ။ "
လီကျူဟွမ် ရုတ်တရက်မေးလိုက်သည်။
"ကျွန်တော်တို့အတွက် အရှင်ရဲ့ ဆိုလိုချက်က ဒီကိစ္စကနေ တခဏတာ ဘေးထွက်နေဖို့ပါပဲ။ 'လူတစ်ယောက်ဟာ ကြီးမားတဲ့ အရာတွေကို အောင်မြင်ချင်ရင် သေချာပေါက် စွန့်လွှတ်ရမှာတွေရှိမယ်။ အခြေစိုက် စခန်းအားလုံးကို စွန့်လွှတ်လိုက်ရမယ် ဆိုရင်တောင်မှ မဟာထန် တော်ဝင်ရုံးတော်ရဲ့ သတိပြုမှုကို ဆွဲဆောင်သွားစေနိုင်တဲ့ ဘယ်လို လှုပ်ရှားမှုကိုမဆို ငါတို့လုပ်လို့မရဘူး။ ' ဒါက အရှင့်ဆီကနေ ယူဆောင်လာတဲ့ သတင်းစကားပါ။ '
လုပ်ကြံသတ်ဖြတ်သူသည် လေးစားစွာဖြင့် တင်ပြလိုက်သည်။
"ငါ နားလည်ပြီ။ "
လီကျူဟွမ်သည် တခဏမျှမှင်သက်သွားခဲ့သည်။ သို့သော် မကြာမီ မှိန်းမောနေရာမှ သူသတိပြန်လည်လာခဲ့သည်။
"ကျေးဇူးပြုပြီး အရှင့်ကို ပြောလိုက်ပါ ငါဘာလုပ်ရမလဲဆိုတာ နားလည်ပြီလို့"
"အင်း ကျွန်တော်တို့ တိုင်းပြည်ကနေ စစ်သည်တစ်ဝက်လောက်က ရောက်လာခဲ့ပြီ ပြီးတော့ မကြာမီ ကျွန်တော်တို့ဟာ မဟာထန်ရဲ့ အူတိုင်ကို တုန်လှုပ်စေနိုင်တော့မယ်။ သခင် ခင်ဗျားဘာလို့ နည်းနည်း ကြာကြာမစောင့်ရမှာလဲ။ အရှင်ရှိုရှုဘုရင်က မယုံနိုင်စရာကောင်းတဲ့ အမျှော်အမြင်ကို ပိုင်ဆိုင်ထားတယ်။ တကယ်လို့ ဒီစစ်ဆင်ရေးမှာ ကျွန်တော်တို့ဟာ မဟာထန် တော်ဝင်ရုံးတော်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့ရင် ကျွန်တော်တို့ စစ်သည်တွေရဲ့ သေဆုံးမှုဟာ ထိုက်တန်မှာပါ။ နောက်ဆုံးမှာ ဒီကိုလာတဲ့ စစ်သည်တွေဟာ ဘယ်အချိန်မှာမဆို သေဆုံးရမယ် ဆိုတာကို သိကြမှာပဲ။ ခင်ဗျား ဘာပြောမလဲ။ "
လုပ်ကြံသတ်ဖြတ်သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် မေးလိုက်သည်။
လီကျူဟွမ် သူ့ခေါင်းကို တိတ်ဆိတ်စွာညိတ်လိုက်သည်။
“ဟွမ်း”
ထိုအခိုက်အတန့်မှာပင် အရိုးခိုက်မတတ် အသံတစ်ခုသည် ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အနက်ရောင် ကျီးကန်းတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး
'ရှီးလာ'
ထိုအရာသည် ပြတင်းပေါက်ကို ဖြတ်သန်းပြီး ဝင်လာခဲ့သည်။
ထိုအနက်ရောင်ကျီးကန်းကို မြင်သည်တွင် အခန်းတွင်းရှိ လူနှစ်ယောက်၏ မျက်နှာပေါ်တွင် လေးနက်သည့် လေးစားသမှုများ ချက်ချင်းပေါ်လာခဲ့သည်။
ဂိုဂူလျောတို့သည် ခြေသုံးချောင်းကျီးကန်းကို ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့ရွေးချယ်သည့် စာပို့ရန် နည်းလမ်းမှာ ကတ္တရာကဲ့သို့ နက်မှောင်သည့် ကျီးကန်းများ မှလွဲ၍ တခြားငှက်များမဟုတ်ပေ။
"ငါတို့အရှင်က အခြေစိုက်စခန်းတိုင်းကနေ ကျွမ်းကျင်သူတွေကို စုစည်းဖို့ သတင်းစကား ပါးလိုက်တယ်။ ကြည့်ရတာ စစ်ဆင်ရေးက စတော့မယ့်ပုံပဲ။ မင်းလည်း မင်းရဲ့အမိန့်တွေကို လက်ခံဖို့ ပြန်သင့်ပြီ။ "
လီကျူဟွမ်သည် သူ့လက်ကို ဝေ့ယမ်းလိုက်စဉ်တွင် သူ့မျက်နှာပေါ်၌ လေးနက်သည့်အမူအရာ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဟုတ်ကဲ့"
လုပ်ကြံသတ်ဖြတ်သူသည် ပြတင်းပေါက်မှ ဖြတ်မသွားမီ ခေါင်းညိတ်ပြလိုက်သည်။ တခဏအတွင်းမှာပင် ညအမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့သည်။
“ဖူးးး”
လုပ်ကြံသူထွက်ခွာသွားသည်နှင့် လီကျူဟွမ်သည် အခန်းထဲရှိ ဖယောင်းတိုင်မီးကို ငြိမ်းလိုက်ကာ အခန်းတစ်ခုလုံး မှောင်အတိကျသွားစေခဲ့သည်။
“ရွှက်”
တစ်ချိန်တည်းမှာပင် ခြံဝင်း၏ အရှေ့တောင်ဘက်မှ ပုံရိပ်တစ်ခုသည် ချက်ချင်းပြေးထွက်သွားခဲ့သည်။
“ရှူး ရှူး”
လျင်မြန်စွာရွေ့လျားလိုက်ခြင်းနှင့်အတူ ပုံရိပ်သည် လုပ်ကြံသူထွက်ခွာသွားသည့် အရပ်သို့ ဦးတည်သွားလိုက်သည်။
သူ၏ လျင်မြန်လှသည့် ရွေ့လျားမှုကြောင့် မည်သူမျှ သူ့တည်ရှိမှုကို သတိမပြုမိကြပေ။
“အားးးး”
အချိန်အတော်ကြာပြီးနောက် အခန်းအပြင်ဘက်ထောင်စွန်းမှ နောက်ထပ်ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။
'ဒီလိုအကြာကြီးစောင့်ဆိုင်းပြီးနောက်မှာ ရှိုရှုဘုရင်နဲ့ပတ်သက်တဲ့ သတင်းတချို့ရှိလာခဲ့ပြီ'
ဝမ်ချောင် တိတ်တဆိတ် တွေးလိုက်သည်။
မှောင်မဲနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကာ ဝမ်ချောင် လျင်မြန်စွာ ထွက်လာခဲ့သည်။ လရောင်၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် လူတစ်ယောက်သည် အနီးကပ်ကြည့်လိုက်ပါက သူ့နောက်ကျောပေါ်၌ 'မြက်ဝတ်ရုံ' ကို တွေ့နိုင်သည်။
ထိုသည်မှာ နွယ်ပင်ကို အသုံးပြုကာ မြက်ပင်များကို အတူတကွချုပ်လုပ်ထားခြင်းဖြစ်သည်။
ဝမ်ချောင်သည် သူ့လိပ်အသက်ရှုခြင်း ပညာရပ်ကို လည်ပတ်လိုက်ကာ သေချာသည့် နေရာတစ်ခုတွင် တပ်စွဲလိုက်ပါက သူ့ကို သတိထားမိရန် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ တခြားကမ္ဘာမှ ဤနေရာသို့ ဝမ်ချောင်ယူဆောင်လာခဲ့သော ဖုံးကွယ်ခြင်း နည်းစနစ်ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ထိုအရာသည် အံ့မခမ်းအသုံးဝင်ပေသည်။
ခြံဝင်းအပြင်ဘက်သို့ ထွက်လာပြီးနောက် မကြာမီ မီယာဆာမီးအာရာကာသည် သူ့ဆီလမ်းလျှောက်လာခဲ့သည်။
"သခင်လေး ဘယ်လိုလဲ"
မီယာဆာမီးအာရာကာ မေးလိုက်သည်။
ဂိုဂူလျော အခြေစိုက်စခန်းများသည် သူတို့မြင်ရသကဲ့သို့ ခိုးဝင်ရန် လွယ်ကူခြင်းမရှိပေ။ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးဖြစ်သော်ငြားလည်း မီယာဆာမီးအာရာကာသည် အခြေစိုက်စခန်း၏ အနက်ပိုင်းသို့ လုံးဝ ချဉ်းကပ်ရဲခြင်းမရှိပေ။ ဤအရာကပင် ထိုအရာ၏ လုံခြုံရေးထူထပ်မှုကို ပြသနေပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် မာယင်လုံနှင့် ဝမ်ချောင်သာ စခန်းထဲသို့ ခိုးဝင်ခဲ့သည်။
"မာယင်လုံက ပစ်မှတ်နောက်လိုက်သွားခဲ့တယ်"
ဝမ်ချောင်ပြောလိုက်သည်။
ဤသည်မှာ သူနှင့် ယခင်ကျားဖြူအစွယ်ကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ သိမ်မွေ့နက်နဲ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ့အတွက် ဂိုဂူလျော လုပ်ကြံသူ နောက်သို့ သတိမပြုမိစေဘဲ လိုက်ပါသွားသည်မှာ ခက်ခဲခြင်းမရှိပေ။
သူနှင့် ပတ်သက်၍ ဝမ်ချောင် စိတ်ပူခြင်းမရှိပေ။
မာယင်လုံသည် လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ တခဏကြာပြီးနောက် သူသည် ဝမ်ချောင်နှင့် မီယာဆာမီးအာရာတို့၏ ရှေ့၌ ပေါ်လာခဲ့သည်။
"ငါ့နောက်လိုက်ခဲ့ ငါမင်းတို့ကို တစ်ခုခုပြစရာရှိတယ်။ "
ထိုသည်ကို ပြောပြီးနောက် မာယင်လုံသည် ခှည့်လိုက်ပြီး ထွက်သွားလိုက်သည်။
-----
တခဏကြာပြီးနောက် ဝမ်ချောင်၊ မီယာဆာမီးအာရာကာ နှင့် ကျွမ်းကလန်နှင့် ချီကလန်မှ လူများသည် မာယင်လုံပြချင်နေသည့်အရာကို တွေ့လိုက်ကြသည်။
"ဒါက... ဒီလူတွေတကယ်ပဲ မြို့ရိုးကို ဖြတ်ဖို့ ဥမှင်လှိုဏ်ခေါင်းတစ်ခု တူးခဲ့ကြတာပဲ။ "
သူတို့ရှေ့ရှိ ဥမှင်လှိုဏ်ခေါင်းကို တွေ့လိုက်သည်တွင် ဤလူစု၏ မျက်နှာများ မဲမှောင်သွားခဲ့ကြသည်။
ဝမ်ချောင်သည် အမြဲတည်ငြိမ်နေလေ့ရှိသော်လည်း ဥမှင်လှိုဏ်ခေါင်းကို တွေ့သည်တွင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
ချန်အန်းသည် ကောင်းကင်သားတော်နေထိုင်ရာ နေရာဖြစ်သကဲ့သို့ မင်းဆက်မြောက်များစွာအတွက် မြို့တော်လည်းဖြစ်သည်။ ထိုသည်မှာ မျိုးဆက်များစွာ တစ်ဆက်ပြီး တစ်ဆက် ခိုင်ခံ့စေခဲ့ပြီး ထို့ကြောင့် မြေပြင်ကို မယုံနိုင်စရာ ကောင်းလောက်အောင် မာကျောစေလေသည်။ ဤသည်မှာ အထူးသဖြင့် တော်ဝင်နန်းတော်ရှိ တံတိုင်းတစ်ဝိုက်ရှိ နေရာများတွင်ဖြစ်သည်။ ထိုသည်မှာ များပြားသည့် ဟွမ်ကန်းနှင့် ရွှမ်းဝူကျောက်တုံးများဖြင့် ခိုင်ခံစေခဲ့ခြင်းဖြစ်သည်။
ဤကျောက်တုံးများသည် အလွန်မာကျောကာ ဓားများနှင့် ဆေဘာများသည် ခြစ်ရာလေးတစ်ခုပင် ၎င်းအပေါ် ချန်ထားနိုင်ခြင်းမရှိပေ။
ကောင်းကင်သားတော်အတွက် တည်ထားသည့် နန်းတော်အနေဖြင့် ကျောက်တုံးများသည် ကျန့်အတော်ဝေးဝေးသို့ ပြန့်နှံ့နေခဲ့ပြီး သူတို့သည် ကြီးမားသည့် အကျယ်အဝန်းကို ဖုံးလွှမ်းထားခဲ့သည်။
မြို့ရိုးသည် နန်းတော်တံတိုင်းကဲ့သို့ အခိုင်အမာဆောက် လုပ်ထားခြင်း မရှိသော်လည်း တော်ဝင်စစ်တပ် အဖွဲ့ဝင်များသည် နေ့စဉ်ကင်းလှည့်နေကြသေးသည်။
ဤအလုပ်သည် တော်ဝင်တပ်ဖွဲ့ဝင်များ ကင်းလှည့်နေခြင်း မရှိလျှင်ပင် လုံလောက်စွာ ခက်ခဲနေပြီဖြစ်သည်။ ထိုသည်မှာ အချိန်များစွာ ကြာမြင့်ပြီး လူအင်အားများစွာ လိုအပ်ပေလိမ့်မည်။
တော်ဝင်တပ် အဖွဲ့ဝင်များကို သတိမပြုမိစေဘဲ ဥမှင်လှိုဏ်းခေါင်းတစ်ခု ဖန်တီးရန်မှာ တစ်နည်းအားဖြင့် မဖြစ်နိုင်ပေ။
သို့သော် ဂိုဂူလျောတို့သည် ထိုသို့လုပ်နိုင်ခဲ့သည်။ သူတို့သည် အပြင်ဘက်နှင့် ဆက်သွယ်နေသည့် ဥမှင်လှိုဏ်ခေါင်းကို ဖန်တီးခဲ့ကြသည်။ တစ်နည်းဆိုရလျှင် မြို့တံတိုင်း ကာရံထားခြင်းသည် သူတို့အတွက် လုံးဝ ဘာမှမဟုတ်ဟု ဆိုလိုပေသည်။ သူတို့သည် သူတို့၏ ကျွမ်းကျင်သူများကို မြို့တော်၏ အတွင်းနှင့်အပြင်သို့ ချုပ်ချယ်ခံ ထားရခြင်းမရှိဘဲ လွယ်ကူစွာ ပို့လွှတ်နိုင်သည်။
မီယာဆာမီးအာရာကာသည် ထိုအကြောင်းကို သိပ်အများကြီး မစဉ်းစားသော်လည်း ဝမ်ချောင်၊ မာယင်လုံ နှင့် ကျွမ်းကလန်နှင့် ချီကလန်မှ အစောင့်များသည် ဥမင်လိုဏ်ခေါင်းကို မြင်ပြီးနောက် ထူးထူးခြားခြား စိတ်မသက်မသာ ခံစားလိုက်ကြရသည်။
ဤသည်မှာ မဟာထန်၏ အလွန် အဓိကကျသည့် နေရာဖြစ်သည်။ သို့တိုင် တိုင်းတစ်ပါးသားများသည် သူတို့ဆန္ဒရှိသကဲ့သို့ ဝင်ထွက်သွားလာနိုင်သည့် လမ်းကြောင်းတစ်ခုကို တည်ဆောက်ထားခဲ့သည်။ ဤအရာကို မြင်ပြီးနောက် စိတ်မသက်မသာမဖြစ်သည့် နိုင်ငံသားဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။
ဝမ်ချောင်သည် ရှိုရှုဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသည့် ဂုဏ်သတင်းများကို ကြားသိခဲ့ရသည်။ သို့သော် ဤဥမှင်ကို မြင်ပြီးနောက် ဒဏ္ဍာရီလာ ဂိုဂူလျော သူလျိုသည် မည်မျှ ရင်ဆိုင်ရခက်သည့် ရန်သူဖြစ်သည်ကို နားလည်သွားခဲ့သည်။
သံသယရှိစရာမလိုပင် ဤဥမှင်လှိုဏ်ခေါင်းသည့် သူ့လက်ချက်ဖြစ်သည်။
--------