← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 12 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 12 Ch. 271-275

အပိုင်း ၂၇၁

ဧည့်ခံပွဲစတင်ခြင်း

‘တိုက်ပွဲဝန်ကြီး..။’

ကျန့်ချိုးကျင်းချုံးရည်မှန်းထားသည့် ရာထူးသည် မည်သူအတွက်မဆို အရေးပါလှသည်။ စစ်မှုထမ်းဌာနတွင် တိုက်ပွဲဝန်ကြီး၏ အမိန့်များကို ရှောင်လွဲ၍ရသော ပြန်လည်နေရာချထားခြင်း မရှိ‌ပေ။

ယခင်က တိုက်ပွဲဝန်ကြီးများနှင့်မတူဘဲ ကျန့်ချိုးကျင်းချုံးသည် အာဏာနှင့် ရည်မှန်းချက် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသည် ထိုရာထူးသို့ တက်လာပါက မည်သူမဆို ရွှေ့ဆိုင်း၍ရသော ရုပ်သေးရုပ်တစ်ခုဖြစ်လာလိမ့်မည်မဟုတ်ပေ။

ဤသည်မှာ ကျန့်ချိုးကျင်းချုံး ရာထူးတိုးခြင်းနှင့်စပ်လျဥ်းသည့် အကြောင်းအရာသည် ဘာကြောင့် အချိန်ကြာနေရသည်လည်း ဆိုသည့် အကြောင်းအရင်းအတိအကျပင်။ ဦးကြီးဝမ်ကန်းပင်လျှင် ရပ်တည်မှုပြုရန် ဆုံးဖြတ်ချက်မချမီ ဝမ်ချောင်နှင့် ဤကိစ္စကို နှစ်ကြိမ်တိုင် လာရောက် အတည်ပြုခဲ့ရသည်။

ကျန့်ချိုးကျင်းချုံးသည် တော်ဝင်ရုံးတော်တွင် အပြင်လူတစ်ယောက်ဖြစ်သည်။ သူသည် အာဏာခွဲဝေမှုကို အနှောက်အယှက်ဖြစ်စေမည့် ထိန်းချုပ်၍မရသော ကိန်းရှင်တစ်ခုဖြစ်သည်။

ဤသည်မှာ တော်ဝင်ရုံးတော်၏ အမှုထမ်းဟောင်းများသည် သူနှင့်ပတ်သက်၍ စိုးရိမ်နေခဲ့သည့် အကြောင်းအရာ အတိအကျပင် ဖြစ်သည်။

တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးသည် ရုတ်ချည်းဆိုသလို တိုက်ပွဲဝန်ကြီးဖြစ်လာခြင်းသည် ဟာသမဟုတ်ပေ။

ဝမ်ချောင်၏ ခေါင်းထဲတွင် ထိုအတွေးများ ထွက်ပေါ်လာခဲ့ကာ ဦးကြီးဝမ်ကန်းအနားတွင် မတ်တပ်ရပ်လျက် သူသည် လျင်မြန်စွာတည်ငြိမ်မှုပြန်လည်ရရှိခဲ့သည်။

"ညီအစ်ကိုကျန့်ချိုး ကျွန်တော် ခင်ဗျားကို စောင့်ဆိုင်းစေမိပါပြီ။ "

တစ်ချိန်တည်းမှာပင် ဦးကြီးဝမ်ကန်းသည်လည်း လောကဝတ်ကို ပြသရန် ရှေ့သို့လျှောက်သွားလိုက်ကာ လက်ကိုဆန့်ထုတ်လိုက်သည်။ ဝမ်ကလန်တစ်ခုလုံးတွင် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး၏ အဆင့်အတန်းနှင့် ညီမျှသူမှာ ဝမ်ကန်းသာလျှင် ဖြစ်နိုင်သည်။

သူတို့နှစ်ဦးကြားတွင် တစ်ခုတည်းသောကွာခြားချက်မှာ တစ်ယောက်သည် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်နေချိန်တွင် အခြားတစ်ယောက်မှာ အစိုးရဆိုင်ရာ အရာရှိ ဖြစ်နေခြင်းပင်။

သူတို့၏ ကျွမ်းကျင်မှုနယ်ပယ်များသည် ထပ်တူမကျသော်လည်း တော်ဝင်ရုံးတော်တွင် ဝမ်ကန်း၏ အရည်အချင်းသည် ကျန့်ချိုးကျင်းချုံးအောက် မနိမ့်ပေ။ အမှန်တွင် ဝမ်ကလန်၏အဆင့်အတန်းကြောင့် သူသည် ကျန့်ချိုးကျင်းချုံးရာထူးတိုးခြင်းကို ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်ချရသည့် လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်။ ထိုရှုထောင့်တွင် သူ့ဩဇာလွှမ်းမိုးမှုသည် ကျန့်ချိုးကျင်းချုံးထက် သာလွန်ပေသည်။

ထိုသို့သော အာဏာသည် တော်ဝင်ရုံးတော်သို့ ဝင်ရောက်လိုသည့် ကျန့်ချိုးကျင်းချုံး၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် အာဏာဖြစ်သည်။

"ဟားဟား ဒါက ဝမ်ကလန်ရဲ့ ကျော်ကြားနေတဲ့ လူငယ်ပါရမီရှင် ဝမ်ချောင်ဖြစ်ရမယ်။ "

ဝမ်ကန်းနှင့် စကားစမြည်းပြောပြီးနောက် ကျန့်ချိုးကျင်းချုံးသည် မထိုင်ခဲ့ပေ။ ထို့အစားသူသည် ဝမ်ချောင်ဆီသို့ အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှည့်ကြည့်လာခဲ့သည်။

"ခင်ဗျားရဲ့ လွန်ကဲတဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ဒေသဆိုင်ရာတပ်မှူးများကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို ကျွန်တော့်ရဲ့ကျေးဇူးတင်မှု‌တွေ မဖော်ပြရသေးဘူး။ "

ကျန့်ချိုးကျင်းချုံးသည် သူ့ဆီသို့ အာရုံစိုက်လာသောကြောင့် ဝမ်ချောင်သည်လည်း ရှောင်လွှဲနေရန် မလိုအပ်တော့ပေ။ သူသည် ရှေ့သို့လှမ်းလိုက်ပြီး တစ်ဖက်လူကို ယဉ်ကျေးပျူငှာစွာ ဦးညွတ်လိုက်သည်။

"ဟားဟား ကျေးဇူးတင်စရာမလိုပါဘူး။ "

ကျန့်ချိုးကျင်းချုံးသည် လက်များကို သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်သည်။

"အဲဒါက တိုင်းပြည်ရဲ့ကံကြမ္မာ ပါဝင်နေတဲ့ ကိစ္စဖြစ်တယ် ငါမင်းကို ကူညီခဲ့တာက ငါ့ရဲ့ကိုယ်ပိုင်အသိတရားနဲ့ပါ။ မင်းအတွက် ဒါကို အများကြီးတွေးနေစရာမလိုပါဘူး။ ဒါ့အပြင် ဝမ်သခင်လေးရဲ့ အသက်အရွယ်နဲ့ အဲဒီလို လိမ္မာပါးနပ်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ စိတ်သဘောထားကြီးမြတ်မှုနဲ့ တိုင်းပြည်အတွက် စိုးရိမ်တတ်တဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားတာက တကယ်ပဲ ရှားပါးတယ်။ အနာဂတ်မှာ မင်းဟာ သေချာပေါက် ကြီးမားတဲ့အရာတွေကို အောင်မြင်နိုင်လိမ့်မယ်။ "

သူသည် ဝမ်ချောင် လှေကားပေါ်စတက်လာခဲ့ပြီး မကြာမီမှာပင် ဝမ်ချောင်ကို သတိပြုမိခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်သည် သိုသိပ်သည့်ပုံရိပ်ကိုထိန်းသိမ်းထားခြင်းကြောင့် မည်သည့်အာရုံစိုက်မှုကိုမျှ မဆွဲဆောင်နိုင်ဟု တွေးထင်နေမည်မှာ ဖြစ်နိုင်သည်။ သို့သော် ဤသည်ကပင် သူ့ကို သတိမထားမိရန် မဖြစ်နိုင် ဖြစ်စေသည်။

ဂိုဂူလျောနေဆယ်စင်းတည်းခိုခန်းသို့ ဝမ်ကလန်ကို ဖိတ်ခေါ်ခြင်းအတွက် သူတွေ့ဆုံလိုသည့် အဓိကလူ နှစ်ဦးရှိသည်။ ပထမတစ်ဦးမှာ ကလန်တွင် လုပ်ပိုင်ခွင့်အာဏာအများအပြားကို ကိုင်စွဲထားသည့် ဩဇာကြီးမားသည့် ဝမ်ကန်းဖြစ်ပြီး နောက်တစ်ဦးမှာ သူ့လုပ်ဆောင်မှုများဖြင့် ထိုကဲ့သို့ကြီးမားသည့် ဂယက်ရိုက်မှုကိုဖြစ်စေခဲ့သည့် ဝမ်ကလန်၏ ဂုဏ်ယူရသည့် လူငယ်မျိုးဆက်ဖြစ်သည်။

လိုအပ်သည့်အချိန်တွင် နိမ့်ချ၍ လိုအပ်သည့်အချိန်တွင် ရှေ့ထွက်စကားပြောခြင်း၊ အပြောအဆို ကြီးမြတ်၍ အမူအရာ တင့်တယ်ခြင်း၊ အလွန်ရိုကျိုးခြင်းမရှိသလို အလွန်အထက်စီးဆန်ခြင်းမရှိသည့် ကိုယ်နေဟန်ထား... ဂုဏ်သိက္ခာရှိသော ကလန်မှ မျိုးဆက်လူငယ်တစ်ဦးအဖြစ် မျှော်လင့်ထားသကဲ့သို့ပင်။ ဝမ်ကန်းသည်သာ ကလန်ကို တွန်းကန်ထားပေးခြင်းဖြင့် ဝမ်ကျူးလင် ကွယ်လွန်သည့်အချိန်တွင် ဝမ်‌ကလန်သည် သေချာပေါက် နိမ့်ကျသွားမည်ဟု လူတိုင်းက ဆိုကြသည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုအရာသည် ဟုတ်ပုံမပေါ်ပေ။ 'ဝမ်ကလန်ရဲ့ ချမ်းသာကြွယ်ဝမှုက နောက်ထပ်မျိုးဆက်တစ်ခုအထိ ရှင်သန်နိုင်လိမ့်မယ်'

ကျန့်ချိုးကျင်းချုံးသည် ဝမ်ကလန်ကို အသေးစိတ်ဝေဖန်ပိုင်းခြားလိုက်ကာ တွေးလိုက်သည်။

မြို့စားကြီးကျူးသည် အသက်ကြီးပြီဖြစ်၍ ဝမ်ကန်းသည် သူ့အသက်မွေးဝမ်းကြောင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤသို့ဖြင့် ဝမ်ကလန်၏ အနာဂတ်သည် တတိယမျိုးဆက်ကလေးများ၏ ပုခုံးပေါ်တွင် မူတည်နေပေသည်။

ဝမ်ကလန်၏ ကလေးများကြားတွင် အထူးချွန်ဆုံးသူမှာ ဝမ်ချောင် ဖြစ်သည်မှာ ထင်ရှားသည်။ သူ၏ ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် ပညာရှင်ဧကရာဇ်ကို တွေ့ဆုံခဲ့ပြီး တော်ဝင်အကျဉ်းထောင်မှာ အသက်ရှင်လျက် လမ်းလျှောက်ထွက်လာနိုင်ခဲ့သည်။ ပြောစရာပင်မလိုပေ သူသည် လက်ရှိတွင် ပညာရှင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိထားခဲ့သည်။ ထို့ကြောင့် သူ့အနာဂတ်အလားအလာသည် အကန့်အသတ်မဲ့ဖြစ်သည်။

သူတို့ခေတ်ကိုပြန်သွားရလျှင် ဝမ်ကန်းဖြစ်စေ ကျန့်ချိုးကျင်းချုံးဖြစ်စေ ဧကရာဇ်၏မျက်နှာသာပေးမှုကို ရရှိအောင်မြင်နိုင်ခဲ့ခြင်းမရှိ‌ပေ။ ဝမ်ချောင်သည် ဆိုရွားသည့် အမှားမရှိသရွေ့ တော်ဝင်ရုံးတော်တွင် သြဇာကြီးမားသည့် နောက်ထပ်တစ်ယောက် ဖြစ်လာမည်မှာ သေချာပေသည်။

ဝမ်ကလန်၏ သွေးခုန်နှုန်းကို ဖတ်ပြီးနောက် ကျန့်ချိုးကျင်းချုံးသည် မြို့တော်တွင် သူ့ရပ်တည်မှုကို အားဖြည့်ရန် သူလုပ်ဆောင်ရမည့်အရာကို နားလည်သွားခဲ့သည်။

"ဟားဟားဟား..."

ဤအချိန်တွင် ကျယ်လောင်သည့် ရယ်မောသံထွက်လာခဲ့ကာ လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ဝမ်ချောင်လှည့်ကြည့်လိုက်သည်တွင် ဤအလွန် "တိုက်ဆိုင်သည့်" အခိုက်အတန့်၌ တတိယထပ်ရှိ အခန်းတစ်ခန်းမှ ပုံရိပ်တစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဤပုဂ္ဂိုလ်သည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး အနက်ရောင်ဦးရစ်တန်ဆာကို ဆောင်းထားခဲ့သည်။ သူသည် ပညာတတ်တစ်ဦးနှင့်ဆင်တူသော တင့်တယ်သည့် ကိုယ်နေဟန်ထားရှိသည်။

"ယန်ကျိုး"

ထိုလူကို မှတ်မိလိုက်သည်တွင် ဝမ်ချောင်သည် အတွေးထဲတခဏမျှ ကျရောက်သွားခဲ့သည်။ ယန်ကျိုးသည် ကြိုတင်၍ရောက်ရှိနေခဲ့သည်မှာ ထင်ရှားသည်။ သို့သော် သူသည် အနားရှိအခန်းတစ်ခန်းထဲတွင် မြင်ကွင်းအပြင်ဘက်တွင်နေရန် ရွေးချယ်ခဲ့သည်။ ကျန့်ချိုးကျင်းချုံးသည် သူ့ဦးကြီးနှင့် သူ့ကို နှုတ်ဆက်ပြီးမှသာ သူသည် ချိန်သားကိုက်ပေါ်ထွက်လာရန် ရွေးချယ်ခဲ့သည်။

ဤသည်မှာ ကျန့်ချိုးကျင်းချုံးနှင့် ယန်ကျိုးတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အကျိုးရလဒ်ဖြစ်ပုံပေါ်သည်။

"...လူကြီးမင်းကျန့်ချိုး ဘယ်လိုလဲ။ ငါမှန်တယ်မဟုတ်လား။ "

ယန်ကျိုး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"အမှန်ပဲ။ ဝမ်သခင်လေးက ထူးချွန်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး လူသားအားလုံးထက် သာလွန်တဲ့ နဂါးတစ်ကောင်ဖြစ်တာသေချာတယ်။ မြင့်မြတ်တဲ့ ဝမ်ကလန်ကလာတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် သာမန်လူတစ်ယောက်ဖြစ်နိုင်မှာလဲ။ "

ကျန့်ချိုးကျင်းချုံး တုံ့ပြန်လိုက်ကာ ပြုံးလိုက်သည်။

ကျန့်ချိုးကျင်းချုံးနှင့် ယန်ကျိုးတို့ အချင်းချင်း ပြောဆိုဆက်ဆံသော လေသံမှာ သူတို့သည် ညီအစ်ကို အစစ်များကဲ့သို့ပင် ပေါ့ပေါ့ပါးပါးနှင့် ရင်းနှီးလှသည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် နက်ရှိုင်းသည့် ဆက်ဆံရေးရှိသည်မှာ သေချာပေသည်။

"ဟားဟားဟား ငါတို့အားလုံးကတစ်မိသားစုတည်းပါပဲ။ လာပါ လူကြီးမင်းဝမ် ထိုင်ခုံယူပါ။ "

ဖော်ရွေသော ရယ်မောသံဖြင့် ယန်ကျိုးသည် လက်ကိုမြှောက်ကာ လျှောက်လာခဲ့သည်။ အံ့အားသင့်စရာကောင်းစွာဖြင့် သူသည် သူ့စည်းကို ကျော်လွန်ပြီး အိမ်ရှင်ကျန့်ချိုးကျင်းချုံးအစား ဝမ်ကန်းကို ထိုင်ခုံယူရန် ဖိတ်ခေါ်လိုက်သည်။

သို့တိုင် ကျန့်ချိုးကျင်းချုံးသည် ဆက်၍ လှိုက်လှဲပျူငှာစွာ ပြုံးနေခဲ့ကာ ထိုသည်ကို လုံးဝစိတ်ဝင်စားမနေပေ။

ဘာတွေဖြစ်နေသည်နည်း။

ဤမြင်ကွင်းကို မြင်သည်တွင် ဝမ်ကန်း၏ မျက်ခုံးများသည် အံ့အားသင့်မှုဖြင့် အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ ယန်ကျိုးနှင့် ကျန့်ချိုးကျင်းချုံး၏ ဆက်ဆံရေးကို သူသိသည်။ သို့သော် ထိုနှစ်ယောက်သည် သူမျှော်လင့်ထားသည်ထက် ပို၍ ရင်းနှီးပုံရသည်။

တစ်ဖက်တွင်မူ ဤသည်ကို မျှော်လင့်ထားသောကြောင့် ဝမ်ချောင်သည် လုံးဝအံ့အားသင့်မနေခဲ့ပေ။

အားလုံးပြီးနောက် ကျန့်ချိုးကျင်းချုံးသည် ယန်ကျိုး၏ နောက်ခံဖြစ်သည်။

ကြင်ယာတော်ထိုက်ကျန်းသည် သူမ၏ လက်ရှိရာထူးသို့ မြင့်တက်မလာသေးသည့်အချိန်တွင် ကျန့်ချိုးကျင်းချုံးသည် အန်းနန်တွင် ယန်ကျိုးအတွက် သူ၏ထောက်ပံ့မှုကို ဖော်ပြခဲ့ပြီး မြို့တော်သို့ ခရီးထွက်ရန်အတွက် ကြီးမားသည့် ငွေပမာဏကိုပင် ပေးခဲ့သည်။

ယန်ကျိုးသည် ထိုစဉ်က လောင်းကစားကို နှစ်ခြိုက်သော လူရမ်းကားတစ်ယောက်ထက် မပိုသည်ကို သတိပြုရပေမည်။ သူနှင့်ပတ်သက်၍ တစ်ခုတည်းသော မှတ်သားဖွယ်ရာအချက်မှာ သူသည် ကြင်ယာတော်ထိုက်ကျန်း၏ ဝမ်းကွဲတော်စပ်သူသာဖြစ်သည်။

ထိုကဲ့သို့ မသေချာမရေရာသည့် အခြေအနေအောက်တွင် ကျန့်ချိုးကျင်းချုံးသည် ယန်ကျိုးတွင် ရင်းနှီးမြှပ်နှံမှုအမြောက်အမြားသုံးစွဲရန် ရွေးချယ်ခဲ့သေးပြီး သူ့ကို လေးစားစွာ ဆက်ဆံခဲ့သည်။ ထိုရှုထောင့်တွင် သူသည် အမှန်တကယ်ပြတ်သားသူတစ်ဦးဖြစ်သည်။

သို့သော်လည်း ကျန်းချိုးကျင်းချုံး လုံးဝမမျှော်လင့်ထားခဲ့သည့်အရာမှာ ယန်ကျိုးသည် မြို့တော်သို့ရောက်သည်နှင့် တပြိုင်နက် သူ့ပိုက်ဆံအားလုံးကို အမှန်ပင်လောင်းကစားလုပ်ခဲ့သည်။ ဤသို့ဖြင့် သူနှင့် ဝမ်ချောင်ကြားက ကိစ္စကို ဖြစ်လာစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန့်ချိူကျင်းချုံး၏ ရင်းနှီးမြုပ်နှံမှုသည် နောက်ဆုံးတွင် အကျိုးရှိခဲ့သည်။ ကြင်ယာတော်ထိုက်ကျန်းသည် အာဏာရှိနေသော်လည်း ယန်ကျိုးသည် ထိုစဉ်က သူ့အား တစ်ဖက်လူမှ ပြသခဲ့သည့် ကျေးဇူးကို မမေ့ပေ။

ထိုနှစ်ယောက်ကြားမှ ဆက်ဆံရေးကို သိနေသောကြောင့် ဝမ်ချောင်သည် အရမ်းအံ့ဩခဲ့ခြင်းမရှိပေ။ တစ်ဖက်တွင်မူ ယန်ကျိုးသည် သူ့အား ဖော်ရွေသော အမူအရာဖြင့် အဆက်မပြတ်မျက်စိမှိတ်ပြနေခဲ့ကာ ဝမ်ချောင်ကို ကျိတ်၍ မောစေခဲ့သည်။

"ခင်ဗျားက ယဉ်ကျေးလွန်းနေတာပဲ"

ထိုသည်ကို အများကြီးတွေးမနေရန် ဆုံးဖြတ်လိုက်ကာ ဝမ်ကန်းသည်လည်း ယန်ကျိုးကို အရင်သွားရန် သူ့ညာလက်ကို ယဉ်ကျေးစွာမြှောက်ပြလိုက်သည်။ အိမ်ရှင်နှင့် ဧည့်သည်များ နှစ်ဖက်စလုံးလုံး ထိုင်လိုက်ခြင်းနှင့်အတူ သက်ဝင်လှုပ်ရှားသော လေထုများသည် စတင်မြင့်တက်လာခဲ့သည်။

ထိုင်ခုံ၏ ပုံစံသည် အလွန်အနုစိပ်လှသည်။ ပိုက်ဆံများ ပိုရှာရန်အတွက် ဂိုဂူလျောတို့သည် ပရိဘောဂများတွင်လည်း များစွာရင်းနှီးမြှုပ်နှံထားပုံရသည်။

ဝမ်ချောင်သည် ထိုင်လိုက်ပြီး မကြာမီ ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်သည်။

ဝမ်ကလန်သည် ဧည့်ခံပွဲသို့ ဖိတ်ခေါ်ခံရသည့် တစ်ခုတည်းသောကလန်မဟုတ်ပေ။ တတိယထပ်တွင် နောက်ထပ်လူအနည်းငယ်လည်းရှိသည်။ အကြည့်တစ်ချက်ဖြင့် သူတို့အများစုသည် ကျန့်ချိုးကျင်းချုံး၏ လက်အောင်ငယ်သားများဖြစ်ကြပြီး အခြားလူများသည်တော့ မြို့တော်ရှိ သူ့မဟာမိတ်များဖြစ်နိုင်ပေသည်။

တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး‌ ကျန့်ချိုးကျင်းချုံးကဲ့သို့ ရည်မှန်းချက်ကြီးသောလူတစ်ယောက်သည် တော်ဝင်ရုံးတော်၌ မည်သည့်ငယ်သားကိုမျှ ထည့်သွင်းမထားသည်မှာ မဖြစ်နိုင်ပေ။

'ဒီလူတွေထဲက ဘယ်သူကများ ရှန်းယုချောင်ထုံနဲ့ ကျန်းဝမ်ထိုဖြစ်မလဲ'

ဝမ်ချောင် တွေးလိုက်သည်။

ကျန့်ချိုးကျင်းချုံးခေါ်ဆောင်လာသည့် လူများအားလုံးသည် ကျယ်ပြန့်သည့်ပုခုံးနှင့် အားကောင်းသည့် ဟန်ပန်များရှိကြပြီး ပြန်းထန်သည့် သတ်ဖြတ်ခြင်းအငွေ့အသက်များရှိကြသည်။ သူတို့သည် စစ်တပ်ထဲတွင် အရေးကြီးသည့် တပ်မှူးများဖြစ်ကြသည်မှာ ထင်ရှားသည်။

သို့သော်လည်း သူတို့အားလုံးတွင် ဝမ်ချောင်သည် ရှန်းယုချောင်ထုံနှင့် ကျန်းဝမ်ထို တို့ကိုသာ စိတ်ဝင်စားသည်။

သူတို့နှစ်ဦးစလုံးသည် ဝမ်ချောင်နှင့် မဟာထန်အတွက် အလွန်အရေးပါပြီး သူသည် သူတို့နှစ်ဦးစလုံးကို ယခင်က မတွေ့ခဲ့ဖူးပေ။

ကျန့်ချိုးကျင်းချုံးသည် သူ၏ အရင်းနှီးဆုံးသော လက်ထောက်များကို မြို့တော်သို့ သူနှင့်အတူ ခေါ်ဆောင်လာရန် အခွင့်အလမ်းကောင်းများရှိသည်။ သို့သော် ဝမ်ချောင်သည် သူတို့ကို ဤနေရာတွင် ရှိနေမည်ဟု ယုံကြည်ချက် ရှိမနေခဲ့ပေ။

ပုံမှန်အားဖြင့်ပြောရလျှင် ဝမ်ချောင်သည် ထိုင်ခုံနေရာမှ အရာတစ်ခု သို့မဟုတ် နှစ်ခုကို ခန့်မှန်းနိုင်သင့်သည်။ ကျန့်ချိုးကျင်းချုံး၏ဘယ်ဘက်တွင် ယန်ကျိုးရှိပြီး ညာဘက်တွင် 八ပုံသဏ္ဍာန်နှုတ်ခမ်းမွှေးနှင့် ဉာဏ်ရည်ထက်မြက်သော လူတစ်ယောက်ရှိသည်။ စစ်သည်တစ်ဦးထက် သူသည် နည်းဗျူဟာချမှတ်သူနှင့် ပိုတူပေသည်။

ထို့ကြောင့် ဝမ်ချောင်သည် လက်ရှိတွင် မည်သူသည် ရှန်းယုချောင်ထုံဖြစ်သည်နှင့် မည်သူသည် ကျန်းဝမ်ထိုဖြစ်သည် သို့မဟုတ် သူတို့သည် ဤနေရာတွင်ပင် ရှိမရှိကို မခန့်မှန်းနိုင်ပေ။

"အစေခံတွေ ဟင်းလျာတွေယူခဲ့ပါ"

စားပွဲ၏ အစွန်ဆုံးတွင် ကျန့်ချိုးကျင်းချုံးသည် သူ့လက်များကို မြှောက်လိုက်ပြီး ဟင်းလျာများကို လာချရန် စားပွဲထိုးများကို အချက်ပေးလိုက်သည်။ သူ့အမူအရာသည် စစ်သည်တစ်ဦး၏ ပြတ်သားသော သဘောသဘာဝကို ဖော်ပြနေသည်။

အခြားတစ်ဖက်တွင် ထူးခြားသော လေထုသည် ဂိုဂူလျောများကို ဖုံးလွှမ်းထားခဲ့သည်။ သို့သော် သူတို့ အလုပ်လုပ်လိုက်ကြသည်။ သိပ်မကြာမီ ထူးခြားသော ဟင်းလျာများကို လာချလိုက်ကြသည်။ အရည်ရွှမ်းသောကျောက်စိမ်းငါး၊ အရည်ရွှမ်းသောဂုံးကောင်များ၊ နဂါးနှင့်ဖီးနစ်တို့၏စည်းစိမ်ချမ်းသာ(ဟင်းပွဲအမည်)နှင့် ‌အမျှော်အမြင်ကြီးသောကြင်ယာတော်ကြက်ကြော်(ဟင်းပွဲအမည်)။ ဤဟင်းပွဲများသည် အလွန်တရာဈေးကြီးလှသည်။ စာပွဲ၏အလယ်တွင် ကြွပ်ရွနေသည့် အခေါက်များနှင့် မွှေးကြိုင်သည့် သင်းရနံ့များထုတ်လွှတ်နေသော ဝက်ကောင်လုံးကင်တစ်ကောင် ထားထားသည်။ တခဏချင်းမှာပင် ဧည့်ခံပွဲသည် ပို၍အသက်ဝင်လာခဲ့သည်။

ဝမ်ချောင်သည် ဂိုဂူလျောများကို ‌သိပ်မကြည်သော်လည်း ဤတည်းခိုခန်းလက်ရာများ၏ အသေစိပ်အချက်အလက်များကို ပြုလုပ်ရာတွင် သူတို့သည် များစွာအားထုတ်ထားခဲ့သည်ကို ဝန်ခံရပေမည်။

ဤဟင်းလျာများထဲမှ တစ်ခုစီတိုင်းသည် ထူးခြားသောအသွင်အပြင်၊ ရနံ့နှင့် အရသာတို့ကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အသွင်အပြင်ကပင် လူတစ်ဦးကို စားချင်စိတ်ဖြစ်စေသည်။ ကြိုးကြာပျံဝဲစံအိမ်၏ လက်ရာများသည် ထိုအရာနှင့် နှိုင်းယှဉ်ရန် ခက်ခဲပေသည်။

"ဂိုဂူလျောတို့ရဲ့ ကိုးကွယ်ရာ ခြေသုံးချောင်းကျီးကန်းက နေမင်းကြီးကို ကိုယ်စားပြုတယ်လို့ ငါကြားခဲ့တယ်။ ဒါကြောင့် သူတို့က ဒီနေရာကို နေဆယ်စင်းတည်းခိုခန်းလို့ နာမည်ပေးခဲ့တာပဲ။ ငါတို့ ဒီလိုမျိုး အတူတကွဆုံဖို့ဆိုတာ မလွယ်ကူဘူး ဒါကြောင့် ဒီနေဆယ်စင်းတည်းခိုခန်းမှာ မင်းတို့ကို စားသောက်ပွဲကြီးနဲ့ ဧည့်ခံခွင့်ပြုပါ။ မင်းတို့အားလုံး ဒီနေ့မှာ ကိုယ့်ကိုယ်ကို ပျော်အောင်ထားရမယ်။ "

ကျန့်ချိုးကျင်းချိုပြောလိုက်သည်။

"စစ်သူကြီး ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေတာပဲ။ "

ဧည့်ပရိတ်သတ်များ လျင်မြန်စွာ ပြောလိုက်ကြသည်။

တည်းခိုခန်းတစ်ခုလုံးတွင် သူနှင့် အဆင့်အတန်းတူညီပြီး ထိုစကားများနှင့် ထိုက်တန်သူမှာ ဝမ်ကန်း သာရှိပေသည်။ တခြားသူများသည် သူ့ဆီမှ ထိုကဲ့သို့သော လောကဝတ်ကို မည်သို့ခံယူဝံ့မည်နည်း။

"ဟားဟား ဒီနေ့မှာ မင်းတို့အားလုံး တခမ်းတနားလုပ်နေစရာမလိုပါဘူး။ ညီအစ်ကိုကျယ်ရှင်း ငါ မင်းကို ရိုသေလေးစားနေတာကြာပါပြီ ပြီးတော့ ငါမင်းနဲ့ အမြဲတွေ့ဆုံပြီး စကားစမြည်းပြောချင်နေခဲ့တာ။ သနားစရာကောင်းတာက အတိတ်မှာ တွေ့ဆုံဖို့အခွင့်ရေးမရခဲ့တာပဲ။ ဒီနေ့မှာ မင်းနဲ့ တွေ့ဆုံခွင့်ရတာက တကယ့်ကို ဝမ်းသာစရာပဲ။ "

"ညီအစ်ကို ကျန့်ချိုး ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျား တော်ဝင်ရုံးတော်ကို ဝင်ရောက်ပြီးတဲ့အချိန်ကျရင် ငါတို့အတွက် စကားစမြည်းပြောဖို့ အခွင့်အရေးအများကြီး ရှိပါသေးတယ်။ "

ဝမ်ကန်းသည် ရှားရှားပါးပါးအရွှင်းဖောက်ကာ ပြောလိုက်သည်။

ဤသည်မှာ နိုင်ငံရေးတွင် အလုပ်လုပ်ပုံဖြစ်သည်။

ကျန့်ချိုးကျင်းချုံးသည် လက်ရှိတွင် စစ်သည်တစ်ယောက်ဖြစ်နိုင်သည် သို့သော် သူသည် တိုက်ပွဲဝန်ကြီးဖြစ်လာသည်နှင့် အခြေအနေသည် လုံးဝခြားနားသွားပေလိမ့်မည်။ အနာဂတ်တွင် သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦးကူညီရန်လိုအပ်ပေလိမ့်မည်။

"ဒါဆိုလည်း ညီအစ်ကိုကျယ်ရှင်းရဲ့ မင်္ဂလာရှိတဲ့ စကားအတွက် ကျေးဇူးတင်ရမယ်။ "

ထိုစကားများကို ကြားသည်တွင် ကျန့်ချိုးကျင်းချုံး၏ မျက်လုံးများတောက်ပသွားခဲ့ပြီး ပို၍တက်ကြံသွားခဲ့သည်။

"လာကြ ညီအစ်ကိုကျယ်ရှင်းရဲ့စကားတွေအတွက် တစ်ခွက်"

ဝိုင်ခွက်များသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားကြပြီး ဝမ်ချောင်ပင်လျှင် သူ့ခွက်ကို မြှောက်လိုက်ပြီး သောက်လိုက်သည်။ အားလုံးပြီးနောက် မည်သူကများ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဆီမှ ရင်းနှီးဖော်ရွေသည့်အပြုအမူကို စော်ကားရဲမည်နည်း။

အပိုင်း ၂၇၂

ဦးကြီး၏ ဉာဏ်အမျှော်အမြင်

ဝိုင်တစ်ခွက်သောက်လိုက်ခြင်းနှင့်အတူ နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် ပို၍ရင်းနှီးလာခဲ့သည်။

သူတို့နှစ်ဦးသည် ယခင်က တစ်ဦးနှင့်တစ်ဦး မဆုံခဲ့ဖူးသော်လည်း သူတို့သည် မျိုးဆက်တစ်ခုတည်းမှပင်။ သူတို့သည် တစ်ဦးအကြောင်းတစ်ဦး ကြားခဲ့ဖူးသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး တစ်ဖက်သား၏ ကိစ္စများနှင့်လည်း အလွန်ရင်းနှီးပေသည်။

ကျန့်ချိုးကျင်းချုံးသည် ဝမ်ကန်း၏ကိုယ်ပိုင်အမည် ကျယ်ရှင်းဖြစ်သည်ကိုပင် သိရှိပြီး ဝမ်ကန်းသည်လည်း တစ်ဖက်လူအား ညီအစ်ကိုကျန့်ချိုးအဖြစ် ရင်းနှီးစွာခေါ်ဆိုရန် ပုံမှန်ထုံးတမ်းများကို ဘေးချိတ်ထားခဲ့သည်။

"ညီအစ်ကိုကျယ်ရှင်း"

ဝိုင်ခွက်ကိုချလိုက်ပြီး ကျန့်ချိုးကျင်းချုံးသည် စိတ်အားထက်သန်စွာပြောလိုက်သည်။

"ညီအစ်ကိုကျယ်ရှင်းရှေ့မှာ ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုပါဘူး။ နယ်စပ်မှာ ဆယ်စုနှစ်ကြာအောင် ဖြတ်သန်းပြီးနောက်မှာ ပြောင်းရွှေ့ပြီး တော်ဝင်ရုံးတော်ထဲကို ဝင်ရောက်ဖို့ ကျွန်တော်မျှော်လင့်ထားတယ်။ ဒီတစ်ကြိမ်မှာ တိုက်ပွဲဝန်ကြီးရွေးချယ်မှုမှာ အနိုင်ရချင်တာကတော့ အမှန်ပါပဲ။ ညီအစ်ကိုကျယ်ရှင်းက သြဇာကြီးပြီး တော်ဝင်ရုံးတော်ရဲ့ အမှုထမ်းဟောင်းတစ်ယောက်မို့ အကြံတစ်ချို့ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မင်းဒီလိုလုပ်နိုင်ရင် ငါမင်းကို အရမ်းကျေးဇူးတင်မိမှာပါ။ "

ထိုစကားများသည် အထပ်တစ်ခုလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။ တခဏအတွင်း အကြည့်များအားလုံးသည် ဝမ်ကန်းဆီသို့ ကျရောက်သွားခဲ့သည်။ စစ်တပ်မှလူများသည် လက်ထဲရှိ အကြောင်းအရာတစ်ခုကို ဒဲ့တိုးပြောရသည်ကို နှစ်သက်ကြပြီး ကျန့်ချိုးကျင်းချုံးသည် ကြီးမားသည့်ရည်မှန်းချက်များကို ဆုပ်ကိုင်ထားသော်လည်း သူသည် ဤစည်းမျဉ်းမှ ချွင်းချက်မဟုတ်ခဲ့ပေ။

ဤဧည့်ခံပွဲ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ ဝမ်ကန်းနှင့် မိတ်ဆွေဖွဲ့ပြီး ဝမ်ကလန်နှင့် ဆက်သွယ်မှုကို တည်ဆောက်ရန် ဖြစ်သော်လည်း ကျန့်ချိုးကျင်းချုံး အစိုးရိမ်ဆုံးသောအရာမှာ တိုက်ပွဲဝန်ကြီးအဖြစ် သူ့ရာထူးတိုးသည့် ကိစ္စဖြစ်သည်။

"ညီအစ်ကိုကျန့်ချိုး ကျွန်တော်နားလည်ပါတယ်"

ဝမ်ကန်းသည် အတွေးနက်နေသည့် ပုံစံဖြင့် သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်နေခဲ့သည်။ ကျန့်ချိုးကျင်းချုံး၏ ရုတ်တရတ်မေးခွန်းကြောင့် သူ အံ့အားမသင့်မိပေ။ သူသည် ဖိတ်စာကို လက်ခံရှိခဲ့ကတည်းက သူ့ဆီမှ ဤမေးခွန်းကို မျှော်လင့်ထားခဲ့သည်။

"ညီအစ်ကိုကျန့်ချိုးက ကျင်းနန်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့တာကြောင့် မဟာထန်ကို အများကြီးအကျိုးပြုခဲ့ပါပြီ။ ဒီအကျိုးပြုမှုကြောင့် ခင်ဗျားဟာ စစ်မှုထမ်းဌာနရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ လုံလောက်တာထက်ပိုပါတယ်။ ကျွန်တော့်ရဲ့ ခန့်မှန်းမှုအပေါ်အခြေခံပြီး ရွေးချယ်မှုမှာ ညီအစ်ကိုကျန့်ချိုးအောင်ပွဲခံနိုင်မယ့် အခွင့်အရေးက အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းလောက် ရှိမှာပါ။ "

"လေးဆယ်ရာခိုင်နှုန်းလား"

ကျန့်ချိုးကျင်းချုံးသည် သူခံစားရသော စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်ပေ။ အားလုံးပြီးနောက် သူသည် လေးဆယ်ရာခိုင်နှုန်းအခွင့်အရေးမျှဖြင့် မရောင့်ရဲနိုင်ခဲ့ပေ။

ဤစကားများသည် ကျန့်ချိုးကျင်းချုံးကြားချင်သောစကားများမဟုတ်ပေ။ သို့သော်ငြားလည်း ဝမ်ကန်း၏ အတွေ့အကြုံအရ ဤကိစ္စတွင် မှားယွင်းရန် သူ့အတွက် မဖြစ်နိုင်ပေ။ ဝမ်ကန်းသည် သူ့ကို ဤကိစ္စနှင့်ပတ်သက်၍ လိမ်‌ညာမည်ဟုလည်း သူ မထင်ခဲ့ပေ။

ဤသည်မှာ ဝမ်ကန်းကို သူအလွန်လေးစားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

"လေးဆယ်ရာခိုင်နှုန်းပဲလား။ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးဖို့ ညီအစ်ကိုကျယ်ရှင်းကို မေတ္တာရပ်ခံပါတယ်။ အနာဂတ်မှာ သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါ။ "

ကျန့်ချိုးကျင်းချုံးသည် စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။

'ကျန့်ချိုးကျင်းချုံးက ငါထင်ထားတာထက် ပိုပြီးစိုးရိမ်နေပုံရတယ်'

ဝမ်ချောင်သည် မြင်ကွင်းကို ဘေးမှတည်ငြိမ်စွာကြည့်လျက် သေချာစွာအကဲခတ်လိုက်သည်။

ကျန့်ချိုးကျင်းချုံ၏အဆင့်အတန်းဖြင့် သူ့ကိုယ်ပိုင်ကတိကို ဖျက်လိမ့်မည်မဟုတ်ပေ။ သူသည် သူ့ကတိကိုပေးခဲ့သောကြောင့် အနာဂတ်တွင် ထိုအရာကို သေချာပေါက် ပြန်လည်ဖြည့်ဆည်းပေးပေလိမ့်မည်။ သူသည် ဤအရာကို သီးသန့်ပြောနိုင်ခဲ့သော်လည်း ဤဧည့်ခံပွဲတွင် ပွင့်ပွင့်လင်းလင်းပြောရန် ရွေးချယ်ခဲ့သည်။ ဤသည်မှာ ဤကိစ္စနှင့်ပတ်သက်၍ သူ မည်မျှအထိ စိုးရိမ်နေသည်ကို ထင်ဟပ်ပြ‌သနေပေသည်။

ဖြစ်နိုင်သည်မှာ သူသည် အချိန်အကြာကြီး စောင့်နေခဲ့သည် သို့မဟုတ် ဤသည်မှာ သူရနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သူတွေးထင်နေနိုင်ပေသည်။ သို့သော် ကျန့်ချိုးကျင်းချုံးသည် တိုက်ပွဲဝန်ကြီးရာထူးကို ရယူရန်အတွက် အရာအားလုံးကို အမှန်ပင် ဘေးဖယ်ထားနိုင်နေပြီကို ဝမ်ချောင် ခံစားနိုင်ပေသည်။

'ကြည့်ရတာ ငါတွေးထားခဲ့တဲ့ ကျင်းနန်မှာ ကျန့်ချိုးကျင်းချုံးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမယ်ဆိုတဲ့ သေးငယ်တဲ့မျှော်လင့်ချက်က အခုတော့ မဖြစ်နိုင်တော့ဘူးထင်တယ်။ '

ဝမ်ချောင် တွေးလိုက်မိသည်။

ကျန့်ချိုးကျင်းချုံးသည် တိုင်းပြည်၏အရှေ့တောင်ဘက်ဒေသအတွက် တည်ငြိမ်စေသောထောက်တိုင်တစ်ခုကဲ့သို့ပင်။ အနာဂတ်တွင် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များ၏ တစ်စိတ်တစ်ပိုင်းမှာ တော်ဝင်ရုံးတော်သို့ ဝင်ရောက်ရန် သူ၏ ကာကွယ်ရေးစစ်သူကြီးရာထူးမှ အတင်းအကျပ် နုတ်ထွက်ခြင်းကြောင့် ဖြစ်သည်။

သူ့မရှိခြင်းသည် ကျင်းနန်၏ ခံစစ်တွင် မုန့်‌ရှီကျောက်နှင့် ဝူရှန်း ကဲ့သို့သော အင်အားကြီး ရန်သူများအတွက် အပေါက်တစ်ခုကျန်ရှိစေခဲ့သည်။

သို့သော် ဤအရာများအားလုံးကို သိထားသော်လည်း ဝမ်ချောင်တတ်နိုင်သည့်အရာမှာ နည်းနည်းသာရှိသည်။

မြစ်တစ်စင်းသည် အောက်သို့စီးဆင်း၍ လူတစ်ဦးသည် အပေါ်သို့ တွယ်တက်သည်။ ဤသည်မှာ သဘာဝနည်းလမ်းဖြစ်သည်။ ကျန့်ချိုးကျင်းချုံး၏ဆုံးဖြတ်ချက်သည် ဝမ်ချောင် ပြောင်းလဲနိုင်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် သူ ဝမ်းနည်းစွာသာ သက်ပြင်းချနိုင်သည်။

"ဒီအချိန်အတောအတွင်းမှာ သိုသိုသိပ်သိပ်နေတာက ညီအစ်ကိုကျန့်ချိုးအတွက် အကောင်းဆုံးပါပဲ။ "

သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက် ဝမ်ကန်းသည် ခပ်တည်တည်ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးများသည် နိုင်ငံရေးတွင် ဆယ်စုနှစ်ချီ၍ စုဆောင်းထားခဲ့သည့် ဉာဏ်အမျှော်အမြင်များဖြင့် တောက်ပနေခဲ့သည်။

"ညီအစ်ကိုကျန့်ချိုး မင်းရဲ့ရာထူးတိုးဖို့ အဟန့်အတားအဖြစ်ဆုံးက ဘယ်ကလာလဲဆိုတာ မင်းသိလား။ "

"ရှီဘုရင်လား။ ယောင်ကလန်လား။ "

ကျန့်ချိုးကျင်းချုံးသည် စမ်းသပ်၍ မေးမြန်းလိုက်သည်။ အမှန်တွင် ဝမ်ကန်းသည် ဤစကားများကို အတည်ပြုခဲ့လျှင်ပင် သူသည် လုံးဝယုံလိမ့်မည်မဟုတ်ချေ။ သူသည် နှစ်ဦးစလုံးနှင့် ပြောဆိုဆက်ဆံခဲ့ပြီး သူတို့သည် သူ့ရာထူးခြင်းအတွက် ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

သို့သော် ဤသည်မှာ ပြဿနာရှိနေသည့် နေရာအတိအကျပင်။ သူ၏ရာထူးတိုးခြင်းကို မည်သူမျှကန့်ကွက်ခြင်းမရှိသော်လည်း တစ်နည်းနည်းဖြင့် ထိုကိစ္စသည် လုံးဝရပ်တန့်သွားခဲ့ပုံရသည်။

"သေချာပေါက်မဟုတ်ဘူး သူတို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဝမ်ကန်းသည် သူ့ဝိုင်ခွက်ကို မြှောက်လိုက်ပြီး သောက်လိုက်ကာ ရယ်မောလိုက်သည်။

"ဒါက ဖုမင်လင်းချာ၊ ဂိုစုန့်ကျီ ၊ ကော်ရှု့ဟန်နဲ့ စစ်တပ်ထဲက တခြားစစ်သူကြီးတွေပါ။ ဒါက အထူးသဖြင့် အရှေ့ပိုင်းကာကွယ်ရေးစစ်သူကြီး ကျန့်ရှို့ကွေ့ကြောင့်ပဲ။ "

ဝမ်ကန်း၏အဖြေကိုကြားသောအခါ ကျန့်ချိုးကျင်းချုံးနှင့် ကျင်းနန်မှ သူ၏လက်အောက်ငယ်သားများ အံ့အားသင့်သွားကြသည်။ ဝမ်ချောင်ပင်လျှင် ထိုအဖြေကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။

ဝမ်ချောင်သည် တော်ဝင်ရုံးတော်မှ အကြောင်းအရာ အပိုင်းအစများကိုသာ ကြားသိခဲ့ရပြီး ထိုသည်ကို ခွဲခြမ်းစိတ်ဖြာရန် တစ်ခါမျှ မကြိုးစားခဲ့ပေ။ သို့သော်လည်း ကျန့်ချိုးကျင်းချုံးရာထူးတိုးခြင်းကိစ္စမှာ အချိန်အနည်းငယ်ကြာ ရပ်တန့်နေခဲ့သည်ဟုသူပင်ပြောနိုင်ပေသည်။

သူ့အမြင်တွင် ဤသည်မှာ အပြင်လူဖြစ်သည့် ကျန့်ချိုးကျင်းချုံးကိုမောင်းထုတ်ရန် မျှော်လင့်ချက်ဖြင့် တော်ဝင်ရုံးတော်ရှိ အင်အားစုအမျိုးမျိုး၏ လုပ်ဆောင်ချက်ဖြစ်သည်။

သို့သော် ဦးကြီးဝမ်ကန်းသည် ဤကိစ္စအတွက် အလွန်ခြားနားသည့် ရှင်းပြချက်တစ်ခုကို ပေးခဲ့သည်။

ဝမ်ချောင်သည် အစပိုင်းတွင် ထိုစကားကြောင့် ထိတ်လန့်သွားသော်လည်း သူ့ဦးကြီး ဆိုလိုသည့်အရာကို မကြာမီ သူနားလည်သွားခဲ့သည်။

"ဒါကို စဉ်းစားကြည့်ပါ။ စစ်သူကြီးနဲ့ ကာကွယ်ရေးစစ်သူကြီးတွေအနေနဲ့ ဖုမင်လင်းချာ၊ ဂိုစုန့်ကျီ ၊ ကော်ရှု့ဟန်နဲ့ ကျန့်ရှို့ကွေ့ တို့ကလည်း မဟာထန်ကို ကြီးမားတဲ့ အကျိူးပြုမှုတွေ ပြုလုပ်ပေးခဲ့တယ်။ တကယ်လို့ ညီအစ်ကိုကျန့်ချိုးက တော်ဝင်ရုံးတော်ကို ဝင်ရောက်နိုင်ရင် သူတို့ကလည်း တူညီတဲ့အတွေးတွေမရှိနိုင်ဘူးလား။ "

ဝမ်ကန်းသည် သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ လုပ်ဆောင်ချက်တိုင်း၏ များစွာသော သွယ်ဝိုက်သက်ရောက်မှုများကြောင့် တော်ဝင်ရုံးတော်၏ကိစ္စများကို ထိုမျှလွယ်လွယ်ကူကူနားလည်နိုင်မည်မဟုတ်ပေ။ ကျန့်ချိုးကျင်းချုံးသည် စစ်တပ်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုဖြစ်နိုင်သည်။ သို့သော် သူသည် တော်ဝင်ရုံးတော် အတွေ့အကြုံမရှိသူဖြစ်သည်။

ကျန့်ချိုးကျင်းချုံးကို ဆန့်ကျင်ကြသူများသည် မြို့တော်ရှိ ကလန်များနှင့် မင်းမျိုးမင်းနွယ်များမှ လာသည်သာမက စစ်တပ်ရှိ စစ်သူကြီးများနှင့် တပ်မှူးများမှလည်း လာခဲ့ခြင်းဖြစ်သည်။

"သူတို့ လုပ်ရဲတယ်။ "

ကျန့်ချိုကျင်းချုံး၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။ အမှန်တွင် သူသည် ဝမ်ကန်းကိုစမ်းသပ်ရန် မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။ ခိုင်မာသည့်အဖြေတစ်ခုကို ရရှိရန် သူမျှော်လင့်ထားခြင်းမရှိခဲ့ပေ။

သို့သော်လည်း ဝမ်ကန်း ပေးခဲ့သည့် အဖြေကိုကြားပြီးနောက် သူ့မျက်နှာတစ်ခုလုံး ချက်ချင်းမည်းမှောင်သွားခဲ့သည်။

အကယ်၍ ထိုသည်မှာ မြို့တော်ရှိ အင်အားစုများမှ အတိုက်အခံများသာ ဖြစ်ပါက သူသည် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးအဖြစ် သူ့ကိုယ်ပိုင်လက္ခဏာကို အသုံးချ၍ သူတို့ထံ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အခြားသူများသည် သူ့ကို ဤမျက်နှာပေးပေလိမ့်မည်။

ကျန့်ချိုးကျင်းချုံးသည် သူတို့အား သူ့ကို ထောက်ခံရန် မစည်းရုံးနိုင်လျှင်ပင် သူသည် အနည်းဆုံး သူတို့၏ အတိုက်အခံများကို ပြန်လည်ရုပ်သိမ်းရန် စည်းရုံးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

ဤသည်မှာ လူသစ်တစ်ယောက်အနေဖြင့် သူပိုင်ဆိုင်ထားသည့် အားသာချက်ပင်။ သူသည် မည်သည့်အင်အားစုများနှင့်မျှ ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိသောကြောင့် မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိပေ။

သို့သော် အကယ်၍ အတိုက်အခံများသည် အနောက်တိုင်းကာကွယ်ရေးစစ်သူကြီး၊ အနောက်တိုင်းဒေသခံ ကာကွယ်ရေးစစ်သူကြီး၊ ကြယ်ခုနှစ်ပွင့်စစ်သူကြီးကော်ရှု့ဟန်နှင့် ထိုအဆင့်ရှိ အခြားစစ်သူကြီးများမှ လာပါက ဤကိစ္စသည် စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်လာပေလိမ့်မည်။

အကျိုးပြုမှုအရ သူတို့သည် သူ့ထက် လုံးဝမှေးမှိန်မနေခဲ့ပေ။

ဝမ်ကန်း၊ ယောင်ကွမ်းရီနှင့် အခြားသူများ ရှေ့တွင် သူ၏ အကျိူးပြုမှုများအကြောင်း နှုတ်ထွက်ပြီး ဟောပြောနိုင်သေးသည်။ သို့သော် ဖုမင်လင်းချာနှင့် အခြားသူများရှေ့တွင်တော့ သူပြောနိုင်သည့်အရာမှာ အလွန်နည်းပါးသည်။

ထို့အပြင် ကျင်းနန်တွင် ကြီးမားသောတိုက်ပွဲများမရှိခြင်းကြောင့် ကျန့်ချိုးကျင်းချုံးသည် အချို့သောကဏ္ဍများတွင် သူတို့ကို အလျှော့ပင် ပေးရနိုင်သည်။

"လူကြီးမင်းဝမ် ဒီကိစ္စအတွက် အဖြေရှိလား"

ယန်ကျိုး စိုးရိမ်တကြီးပြောလိုက်သည်။ ဤအရာများအားလုံးကြားပြီးနောက် သူပင်လျှင် သူ့စိုးရိမ်စိတ်များကို မထိန်းနိုင်တော့ပေ။ ဤအရာများသည် ယခုအချိန်တွင် ဝမ်ကန်းဖက်မှ ကောက်ချက်ချခြင်းမျှသာဖြစ်သော်လည်း ယန်ကျိုးသည် ထိုသို့ဖြစ်ရန် အခွင့်အလမ်းမြင့်မားကြောင်း ပြောနိုင်သည်။

သူသည် မြို့တော်တွင် ရှိနေခဲ့ချိန်တွင် ဩဇာကြီးမားသည့် အရာရှိအနည်းငယ်နှင့် မိတ်ဆွေဖွဲ့ခဲ့ပြီးနောက် သူသည် တော်ဝင်ရုံးတော်၏ ကိစ္စများကို ကောင်းကောင်းကြီး ဆုပ်ကိုင်ထားနိုင်ခဲ့ပြီဟု တွေးထင်ခဲ့ပြီး သူ့ကိုယ်သူ ဟုတ်လှပြီဟုလည်း ခံစားခဲ့ရသည်။

သို့သော် ဤအခိုက်အတန့်တွင် သူသည် အလွန်မှတုံးအနေခဲ့သည်ကို နားလည်သွားခဲ့သည်။ အဆုံးတွင် သူသည် မသိနားမလည်သော လက်သင်တစ်ဦးသာ ဖြစ်နေသေးသည်။

"ဖုမင်လင်းချာနဲ့ ဂိုစုန့်ကျီတို့ဟာ မဟာထန်မှာ အခြေခိုင်တဲ့ စစ်သူကြီးတွေဖြစ်ကြပြီး တော်ဝင်ရုံးတော်မှာ အဆက်အစပ်ရှိကြတယ်။ ဒါပေမယ့် သူတို့သာဖြစ်မယ်ဆိုရင် ညီအစ်ကိုကျန့်ချိုးက အရမ်းကြီးစိတ်ပူစရာမလိုပါဘူး။ အားလုံးပြီးနောက် သူတို့မှာ မင်းနဲ့ယှဉ်ပြိုင်တာကနေ ဟန့်တားထားတဲ့ ကြီးမားတဲ့အားနည်းချက်တစ်ခုရှိတယ်။ မဟာထန်ရဲ့ရာစုနှစ်သမိုင်းမှာ ဟူလူမျိုးတိုက်ပွဲဝန်ကြီး တစ်ခါမှမရှိခဲ့ဘူး။ အရင်မင်းဆက်တွေဆီ ငါတို့ဒီထက်ပိုပြီးပြန်သွားကြည့်မယ်ဆိုရင်တောင် ဒီလိုမျိုးအရင်က မရှိခဲ့ဖူးဘူး။ "

"ဒါကြောင့် ညီအစ်ကိုကျန့်ချိုး စောင့်ကြပ်သတိပြုရမယ့်သူက အရှေ့ပိုင်းကာကွယ်ရေးစစ်သူကြီးကျန့်ရှို့ကွေ့ပဲ။ "

ဝမ်ကန်း ပြောလိုက်သည်။

“ဝမြးးး”

အခြားသူများ မတုံ့ပြန်နိုင်မီ ကျန့်ချိုးကျင်းချုံးနှင့် သူ့အနားရှိ သက်လတ်ပိုင်းဗျူဟာမှူးတို့၏ မျက်နှာပေါ်၌ အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။

"ညီအစ်ကိုကျန့်ချိုးလိုပဲ ကျန့်ရှို့ကွေ့က ဟန်တစ်ယောက်ဖြစ်ပြီး ‌တိုင်းပြည်ရဲ့ကာကွယ်ရေးစစ်သူကြီးတစ်ယောက်ပဲ။ သူ့စစ်တပ်က ဂိုဂူလျောတိုင်းပြည်၊ ခိုင်ထန်၊ ခူမော့ရှီ နဲ့ အရှေ့ပိုင်းတာဂီကာကနိတ်တို့ကို ဖိနှိပ်ထားတယ်။ သူ့အရေးပါမှုက ညီအစ်ကိုကျန့်ချိုးနဲ့ ဆင်တူတယ် ပိုလို့တောင်မှ လွှမ်းမိုးထားသေးတယ်။ ညီအစ်ကိုကျန့်ချိုးက တော်ဝင်ရုံးတော်ထဲကို ဝင်ဖို့မျှော်မှန်းထားရင် သူက မင်းသတိထားရမယ့်လူပဲ။ "

ဝမ်ကန်းသည် ဖြည်းညှင်းစွာပြောလိုက်သည်။

တစ်ဖက်တွင် ဝမ်ချောင်သည် ဘေးနားတွင် လေးနက်စွာ တွေးတောနေခဲ့သည်။ ဤသည်မှာ သူသည် ဤကဲ့သို့ကိစ္စမျိုးနှင့် ကြုံဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကျန့်ချိုးကျင်းချုံးရာထူးတိုးခြင်းနောက်ကွယ်ရှိ ကိစ္စရပ်သည် တော်ဝင်ရုံးတော်၏ ရှုပ်ထွေးပွေလီမှုများကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်ဟု ဆိုနိုင်ပေသည်။

နိုင်ငံရေးသည် အမြဲတမ်း ဝမ်ချောင်၏ အားနည်းချက်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် နှုတ်ဆိတ်နေကာ အခြေအနေကို စောင့်ကြည့်ပြီး သူထံမှ သင်ယူရန် ရွေးချယ်ခဲ့သည်။

"ဒါပေမယ့် ဒါက ညီအစ်ကိုရှို့ကွေ့ရဲ့ ရည်မှန်းချက်တွေ ရောက်နေတဲ့နေရာ မဖြစ်သင့်ဘူးမလား"

ကျန့်ချိုးကျင်းချုံးသည် တင်းမာသောအမူအရာဖြင့် ပြောလိုက်သည်။

အရှေ့တိုင်းကာကွယ်ရေးစစ်သူကြီးကျန့်ရှို့ကွေ့၏ နာမည်သည် တောင်၏အရိပ်ကဲ့သို့ သူ့အပေါ် ပြင်းထန်စွာ ဖိချေနေခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် စစ်တပ်တွင် အရေးပါသောလူများဖြစ်ကြသည်။ သို့သော် တစ်ဦးမှာ အရှေ့ဘက်တွင် တပ်စွဲထားပြီး ကျန်တစ်ဦးမှာ တောင်ဘက်တွင် တပ်စွဲထားသောကြောင့် သူတို့ကြားတွင် ဆက်ဆံရေး သိပ်မရှိပေ။

သို့သော် ကျန့်ချိုးကျင်းချုံးသည် ကျန့်ရှို့ကွေ့၏ အထောက်အထားများက သူ့ထက်ပိုမိုနက်ရှိုင်းကြောင်းသိသည်။

ကျန့်ချိုးကျင်းချုံး၏အောင်မြင်မှုများသည် အန်းနန်ဒေသတွင်ဗဟိုပြုထားပြီး ကျန့်ရှို့ကွေ့၏အောင်မြင်မှုများသည် ဝူရှန်းမှ အရှေ့နှင့်အနောက် တာ့ဂီကာဂနိတ်နှင့် ဂိူဂူလျောမှ ဂူမော့ရှီ အထိဖြစ်သည်။ ငယ်စဉ်ကတည်းက သူသည် အံ့မခန်းပါရမီများနှင့် မယုံနိုင်စရာကောင်းသော အောင်မြင်မှုများကို ပြသခဲ့သည်။

ထို့အပြင် သူနှင့်မတူဘဲ ကျန့်ရှို့ကွေ့သည် ဝန်ကြီးချုပ်ဖြစ်လာရန် တော်ဝင်ရုံးတော်သို့ ဝင်ရောက်ခွင့်ရခဲ့သည်။

ဖုမင်လင်းချာနှင့် ဂိုစုန့်ကျီကဲ့သို့သော စစ်သူကြီးဟောင်းများပင်လျှင် သူ့အား ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။

အကယ်၍ ကျန့်ရှို့ကွေ့သည် တိုက်ပွဲဝန်ကြီးရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တစ်ဖက်လူသည် မကြုံစဖူးသော အင်အားကြီးမားသည့် ပြိုင်ဘက်တစ်ဦးဖြစ်မည်မှာ သေချာပေသည်။ သူ့အတွက် တစ်ခုတည်းသော ဖြေသိမ့်မှုမှာ ကျန့်ရှို့ကွေ့၏ မျက်လုံးသည် ဝန်ကြီးချုပ်၏ ထိုင်ခုံပေါ်တွင် ရှိနေခဲ့ပြီး သူ့ထက် အဆပေါင်းများစွာ မြင့်မားသော အဆုံးသတ်ပန်းတိုင်တစ်ခုဖြစ်သည်။

"ကျန့်ရှို့ကွေ့ရဲ့ မျက်လုံးက ဝန်ကြီးချုပ်နေရာမှာရှိတယ်ဆိုတာ အမှားအယွင်းမရှိပေမယ့် ညီအစ်ကိုကျန့်ချိုးက တိုက်ပွဲဝန်ကြီးဖြစ်လာခဲ့ပြီးရင် နောက်ဆက်တွဲအကျိုးဆက်တွေကိုရော စဉ်းစားခဲ့ပြီးပြီလား။ "

တခဏအတွင်းမှာပင် တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကျန့်ချိုးကျင်းချုံးနံဘေးမှ ဗျူဟာမှူး၏ မျက်ခုံးများသည် ဖြည်းညှင်းစွာ တွန့်သွားသည်။ ဝမ်ကန်း ဆိုလိုသည်ကို သူနားလည်နေပြီဖြစ်သည်။

ကျန့်ချိုးကျင်းချုံး၏ရာထူးတိုးခြင်းသည် တော်ဝင်ရုံးတော်ကို ထိခိုက်ရုံသာမဟုတ်ခဲ့ပေ။ စစ်တပ်တစ်ခုလုံးကိုလည်း ထိခိုက်စေခဲ့သည်။

အကယ်၍ သူသည် တိုက်ပွဲဝန်ကြီးဖြစ်လာပါက ကျန့်ရှို့ကွေ့၊ ဂိုစုန့်ကျီ၊ ဖုမင်လင်းချာ၊ ကော်ရှုဟန် နှင့် အခြားစစ်သူကြီးများသည် သူ၏တရားစီရင်ပိုင်ခွင့်အောက်တွင် ကျရောက်လိမ့်မည်ဖြစ်ပြီး သူသည် သူတို့အား သူ့အာဏာဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့၏ ရည်မှန်းချက်သည် တိုက်ပွဲဝန်ကြီးဖြစ်လာခြင်းအပေါ် မရှိခဲ့လျှင်ပင် သူတို့သည် ကျန့်ချိုးကျင်းချုံးအား ရာထူးတက်ခွင့် ပြုလိမ့်မည်မဟုတ်ပေ။

ဤရှုထောင့်တွင် သူတို့အားလုံးသည် တူညီသော ရည်မှန်းချက်များရှိကြသည်။

ထိုစကားကိုကြားသည်တွင် ကျန့်ချိုးကျင်းချုံး၏နဖူးသည် မသိလိုက်ဘဲ 川 ပုံသဏ္ဍာန်ဖြစ်သွားခဲ့သည်။

အပိုင်း ၂၇၃

အခရာကျသည့် ရှန်းယုချောင်ထုံ

သူသည် တော်ဝင်ရုံးတော်၏ ကိစ္စရပ်များနှင့် အလုပ်ရှုပ်နေခဲ့ပြီးဖြစ်သည်။ အကယ်၍ စစ်တပ်၏ ပြင်းထန်သည့် ကန့်ကွက်မှုများရှိခဲ့ပါက တိုက်ပွဲဝန်ကြီးအသစ်ဖြစ်လာနိုင်သည့် သူ့အခွင့်အလမ်းသည် အလွန်နည်းသွားပေလိမ့်မည်။

"ညီအစ်ကိုကျယ်ရှင်း စိတ်ထဲမှာ အစီအစဉ်ရှိရင် ကျွန်တော်သိခွင့်ရှိမလား။ "

ကျန့်ချိုးကျင်းချုံး မေးလိုက်သည်။

"ဒါက မလွယ်ပေမယ့် ဒီကိစ္စအတွက် မျှော်လင့်ချက်မရှိတာတော့ မဟုတ်ပါဘူး။ ကျန်ခြောက်ဆယ်ရာခိုင်နှုန်းမှာ ဆယ်ရာခိုင်နှုန်းက ရှီဘုရင်၊ ဆယ်ရာခိုင်နှုန်းက လက်ရှိဝန်ကြီးချုပ်၊ လေးဆယ်ရာခိုင်နှုန်းက ဘုရင်မင်းမြတ်ဖြစ်တယ်။ တကယ်လို့ညီအစ်ကိုကျန့်ချိုးက ဒီကိစ္စမှာ ဘုရင်မင်းမြတ်ကို သိမ်းသွင်းစည်းရုံးနိုင်ရင် ဘယ်သူကမှ မင်းကို တားဆီးနိုင်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီမတိုင်ခင်မှာ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် ကာကွယ်ဖို့အတွက် ဖုမင်လင်းချာ၊ ဂိုစုန့်ကျီနဲ့ ကျန့်ရှို့ကွေ့တို့ကို ရန်မစမီအောင် ရှောင်ကျဉ်တာက ညီအစ်ကိုကျန့်ချိုးအတွက် အကောင်းဆုံးဖြစ်မှာပါ။ "

"ဆုံးဖြတ်ချက်ထွက်လာတဲ့အခါ ညီအစ်ကိုကျန့်ချိုးက အေးဆေးအိပ်နိုင်ပါပြီ။ "

ဝမ်ကန်း ပြုံးလိုက်သည်။ သူသည် ကျန့်ချိုးကျင်းချုံးကို ဤအကြံပေးစကားများကိုသာ ကမ်းလှမ်းနိုင်ပေသည်။ အားလုံးပြီးနောက် ရာထူးတိုးမည့်သူသည် သူသာဖြစ်သည်။

အကယ်၍ သူသည် ဤအရာများကိုပင် လုပ်နိုင်ခြင်းမရှိလျှင် မည်သူကမျှ သူ့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။

"ဟာဟားဟား ငါနားလည်ပါတယ်။ ညီအစ်ကိုကျယ်ရှင်း မင်းရဲ့ဉာဏ်အလင်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ "

သူ့နဖူးပေါ်ရှိ အတွန့်များ ပြေလျော့သွားခဲ့ကာ ကျန့်ချိုးကျင်းချုံး၏မျက်လုံးများ တောက်ပလာသည်။ သူ့အတွက် ပညာရှင်ဧကရာဇ်ဆီမှ လေးဆယ်ရာခိုင်နှုန်းကို စိတ်ပူစရာမလိုပေ။

ပညာရှင်ဧကရာဇ်ဆီမှ လေးဆယ်ရာခိုင်နှုန်းနှင့် သူ့ဆီမှ လေးဆယ်ရာခိုင်နှုန်းသည် သူ့ကို အောင်မြင်ရန် အခွင့်အလမ်း ရှစ်ဆယ်ရာခိုင်နှုန်း ရရှိစေဖြစ်သည်။ ထိုသည်မှာ သူ့အတွက် လုံလောက်ပေသည်။

ထိုသို့တွေးတောကာ ကျန့်ချိုးကျင်းချုံးသည် ယန်ကျိုးကို တိတ်တဆိတ်ကြည့်လိုက်ပြီး နှစ်ယောက်သား အဓိပ္ပါယ်ပါသော အကြည့်များဖလှယ်လိုက်ကြသည်။

ဆိုရိုးစကားအတိုင်းပင် 'ဧကရာဇ်တစ်ပါး၏စိတ်သည် ခန့်မှန်း၍မရပေ'။ ယေဘူယျကျကျပြောရလျှင် ပညာရှင်ဧကရာဇ်ကို သိမ်းသွင်းစည်းရုံးခြင်းမှာ အခက်ခဲဆုံးဖြစ်သင့်သည်။

သို့သော်လည်း ကျန့်ချိုးကျင်းချုံးအတွက် ထိုသည်မှာ သူ့ဝှက်ဖဲဖြစ်သည်။

ကြင်ယာတော်ထိုက်ကျန်းသည် လက်ရှိတွင် ပညာရှင်ဧကရာဇ်၏ မျက်နှာသာပေးခြင်းကို ခံနေရပြီး သူမအတွက် ပညာရှင်ဧကရာဇ်သည် တော်ဝင်ရုံးတော်တစ်ခုလုံး၏ ထက်ဝက်ကျော်နှင့် ရန်သူဖြစ်ရန်ပင် ဆန္ဒရှိလေသည်။ ကြင်ယာတော်ထိုက်ကျန်းသည် သူ့အတွက် ပြောပေးသရွေ့ ပညာရှင်ဧကရာဇ်ဆီမှ လေးဆယ်ရာခိုင်နှုန်းသည် ပြီးသွားပြီဖြစ်သည်။

"ညီအစ်ကိုကျန့်ချိုးက တော်ဝင်ရုံးတော်က်ု ဝင်ရောက်ဖို့ ရည်ရွယ်ထားတာကြောင့် အန်းနန်ကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲ။ ကာကွယ်ရေးစစ်သူကြီးတစ်ဦးရဲ့ ရာထူးတိုးခြင်းက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး။ တကယ်လို့ ရာထူးလွှဲပြောင်းပေးတာကို မှန်ကန်ကန်ကန်မ‌ဖြေရှင်းနိုင်ခဲ့ရင် ဒါက ကျွန်တော်တို့ရဲ့ ခံစစ်မှာ ယိုပေါက်ဖြစ်လာနိုင်တယ်။ ညီအစ်ကိုကျန့်ချိုးက ရှေ့ကို လှမ်းဖို့ အဆင်ပြေပေမယ့် နောက်မှာ ဘာပြဿနာမှ ဖြစ်မလာအောင် သေချာဂရုစိုက်ရမယ်။ "

ဝမ်ကန်း ပြောလိုက်သည်။

တိုက်ပွဲဝန်ကြီးရာထူးအပေါ် သူ့မျက်လုံးများရောက်နေခြင်းကြောင့် နယ်စပ်တွင် စစ်တပ်မှ အာဏာလွှဲပြောင်းပေးမှုကို လျစ်လျူရှုမိရန် သူ့အတွက် အလွန်လွယ်ကူလှသည်။ အခွင့်အာဏာကို ချောမွေ့စွာလွှဲပြောင်းပေးခြင်းရန် ပျက်ကွက်ခြင်းသည် ဆိုးရွားသော သွယ်ဝိုက်သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေနိုင်သည်။

ယခုအချိန်တွင် ကျန့်ချိုးကျင်းချုံး၏နောက်တွင် မည်သည့်ကိစ္စရပ်မျိုးမဆို ပေါ်ပေါက်ခဲ့ပါစေ တိုက်ပွဲဝန်ကြီးဖြစ်လာရန် သူ့အိပ်မက်သည် ချက်ခြင်းပြိုပျက်သွားမည်ဖြစ်သည်။ ကြင်ယာတော်ထိုက်ကျန်းပင်လျှင် အခြေအနေကို ပြန်လှန်နိုင်မည်မဟုတ်ပေ။

စစ်တပ်နှင့်ပတ်သက်သည့် ကိစ္စရပ်တိုင်းသည် ဟာသမဟုတ်ပေ။ ကျန့်ချိူကျင်းချုံးသည် တိုက်ပွဲဝန်ကြီးမဖြစ်သေးသရွေ့ နယ်စပ်လုံခြုံရေးကို အာမခံရန်မှာ သူ့တာဝန်သာဖြစ်သည်။

"ဟာဟားဟား တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးရာထူးဆက်ခံမယ့်သူကို ငါ ဒီကို ခေါ်လာခဲ့တယ်။ ချောက်ထုံ မတ်တပ်ရပ်ပြီး လူကြီးမင်းဝမ်ကို နှုတ်ဆက်ပါ။ "

ကျန့်ချိုးကျင်းချုံးသည် ဘယ်ဘက်ရှိ ကြွက်သားတောင့်တင်းသော လူတစ်ဦးဆီသို့ လှည့်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သ..သခင်"

သူ့နာမည်ကို ခေါ်လိုက်သည်နှင့် ထိုတောင့်တင်းသည့်လူသည် ထိတ်လန့်လုနီးပါးဖြင့် လျင်မြန်စွာ ထရပ်လိုက်သည်။ သူသည် ယခင်က ဤစုဝေးပွဲမျိုးတွင် လုံးဝမပါဝင်ခဲ့ဖူးသည့် ပုံပေါ်သည်။

"ရှ..ရှန်းယုချောင်ထုံက လူကြီးမင်းဝမ်ကို အရိုအသေပေးပါတယ်။ "

“ဝမြးးး”

ဝမ်ချောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး လျင်မြန်စွာလှည့်ကြည့်လိုက်သည်။

'ဒီတော့ သူက ရှန်းယုချောင်ထုံပေါ့။ '

အသားညိုညိုမဲမဲနှင့် ကြွက်သားတောင့်တင်းသောလူကို ကြည့်လိုက်ကာ ဝမ်ချောင် စိတ်ထဲ အတွေးများစွာ ပေါ်လာခဲ့သည်။

ကျန့်ချိုးကျင်းချုံးမှလွဲ၍ ဤဧည့်ခံပွဲ၌ ဝမ်ချောင် တွေ့ဆုံလိုသော လူနှစ်ဦးမှာ ရှန်းယုချောင်ထုံနှင့် ကျန်းဝမ်ထို တို့ဖြစ်သည်။

အစပိုင်းတွင် ဝမ်ချောင်သည် ဤနေရာတွင် ရှန်းယုချောင်ထုံမရှိဟု တွေးထင်ခဲ့သည်။ သို့သော် တောင့်တောင့်ကြီးဖြစ်နေသော ပုံစံနှင့် ဤကာလတစ်လျှောက်လုံး တိတ်ဆိတ်စွာအရက်သောက်နေခဲ့သည့်လူမှာ အနာဂတ်တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ရှန်းယုချောင်ထုံဖြစ်မည်ဟု တွေးကြည့်လိုက်လျှင်..။

ဝမ်ချောင်သည် သူ့ရှေ့ရှိ အနာဂတ်ကာကွယ်ရေးစစ်သူကြီးကို အကဲခတ်လိုက်သည်။ ညိုမဲပြီး ပုခုံးကျယ်သော တစ်ဖက်လူသည် စစ်သူကြီးတစ်ဦး၏ အားကောင်းပြီး ဒဲ့တိုးဆန်သော ကိုယ်နေဟန်ထားကို သယ်ဆောင်ထားသည်။ သို့သော် သူ၏ တောင့်တောင့်ကြီးဖြစ်နေသော အမူအရာသည်လိုက်လျောညီထွေမှု မရှိခြင်းကို ညွှန်ပြနေပုံရသည်။ ဝမ်ချောင်၏အမြင်တွင် တစ်ဖက်လူသည် အမြင့်ဆုံးကွပ်ကဲသူအဖြစ် တာဝန်ထမ်းဆောင်ရန် သင့်လျော်ပုံမရပေ။

'ကျန့်ချိုးကျင်းချုံးက ဆက်ခံသူကို သူကိုယ်တိုင်အတွက် ရွေးချယ်ခဲ့တာလား။ '

ဝမ်ချောင် ခေါင်းယမ်းလိုက်သည်။

မဟာထန်ရှိ စစ်သူကြီးနှင့် ကာကွယ်ရေးစစ်သူကြီးတိုင်းသည် မည်သည့်ရန်သူကိုမဆို ဆန့်ကျင်တိုက်ခိုက်ရန် စစ်တပ်တစ်ခုကို ကွပ်ကဲနိုင်သည်အထိ တစ်ဦးချင်းစီက ထူးချွန်သူများဖြစ်ကြသည်။

သို့သော် ဝမ်ချောင်သည် ရှန်းယု‌ချောင်ထုံတွင် ထိုသို့သော အရည်အချင်းကို မတွေ့ရပေ။

ဖုမင်လင်းချာ၊ ကော်ရှု့ဟန်၊ ဂိုစုန့်ကျီ နှင့် ကျန့်ရှို့ကွေ့ကဲ့သို့သော ‌အခြေခိုင်သည့် စစ်သူကြီးများကို ဘေးဖယ်ထားလိုက်လျှင် ရှန်းယုချောင်ထုံသည် ယောင်ကွမ်းရီနှင့် သူ့ရွယ်သူများနှင့် နှိုင်းယှဉ်လျှင်ပင် မှေးမှိန်သွားပုံရသည်။

အနည်းဆုံး ယောင်ကွမ်းရီသည် သူ့ရှေ့ရှိ သက်လတ်ပိုင်းအရွယ်လူတွင် မရှိနိုင်လောက်သည့် အရည်အသွေးတစ်ခုဖြစ်သည့် အကွက်ချမှုများနှင့် လျှို့ဝှက်ကြံစည်မှုများတွင် ထည့်တွက်၍ရသောပါရမီကို ပိုင်ဆိုင်ထားခဲ့သည်။

"ဟာဟား ချောင်ထုံရဲ့ မျိုးရိုးနာမည်က ရှိန်ပါ ဒါပေမယ့် ကျွန်တော်တို့အားလုံးက သူ့ကို ရှန်းယုချောင်ထုံလို့ ခေါ်ကြပါတယ်။ သူက အန်းနန်မှာ ကျွန်တော်နဲ့အတူနှစ်ပေါင်းများစွာ အတူရှိနေခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ဦးပါ။ သူ့ရဲ့ အရည်အချင်းတွေက ကျန့်ရှို့ကွေ့နဲ့ ဖုမင်လင်းချာတို့လိုမျိုး အခြားကာကွယ်ရေးစစ်သူကြီးတွေနဲ့ တန်းတူမဟုတ်ပေမယ့် သူဟာ ခံစစ်ပိုင်းမှာ အရည်အချင်းရှိတယ်။ "

"တစ်ခါက ကျွန်တော် သူနဲ့ အစမ်းလေ့ကျင့်မှုတစ်ခု လုပ်ခဲ့ဖူးပြီး သူ့ကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး ကျွန်တော့်ရဲ့ တိုက်ခိုက်မှုအားလုံး ထုတ်သုံးခဲ့ပေမယ့် သူ့ကို အနိုင်ယူဖို့ ခက်ခဲနေတုန်းပဲ။ သူက ကျွန်တော့် ရာထူးကို ဆက်ခံဖို့ သင့်တော်တာထက် ပိုပါတယ်။ "

“ဒါ့အပြင် အန်းနန်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးကတည်းက ဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။ လက်ရှိမှာ လိုအပ်နေတဲ့အရာက ကာကွယ်ရေးပါ တိုက်ခိုက်ရေးမဟုတ်ဘူး။ ချောင်ထုံရဲ့ စွမ်းရည်အရ ဝူရှန်းနဲ့ အားဟိုင်က ကျူးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင်တောင် လွယ်လွယ်ကူကူ ခုခံနိုင်မှာ သေချာပါတယ်။ ”

ကျန့်ချိုးကျင်းချုံးသည် ရှန်းယုချောင်ထုံ၏ ကျောကို ဝမ်းသာအားရဖြင့် ပုတ်လိုက်သည်။ ရှန်းယုချောင်ထုံ ကဲ့သို့သော ခံစစ်ပိုင်းစစ်သူကြီးတစ်ဦးနှင့် သူပြုစုပျိုးထောင်ခဲ့သော လက်ရွေးစင်စစ်သည်တစ်သိန်းရှစ်သောင်းတပ်ဖွဲ့နှင့်အတူ သူသည် အန်းနန်၏ခံစစ်ပိုင်းကို ယုံကြည်စိတ်ချပေသည်။

ထို့အပြင် အန်းနန်သည် လက်ရှိတွင် အေးချမ်းနေသောကြောင့် တိုက်ခိုက်ခြင်းထက် သူတို့၏နယ်မြေကို ကာကွယ်ခြင်းက ပိုကောင်းပေသည်။ အားလုံးပြီးနောက် လူတစ်ယောက်သည် ပို၍လှုပ်ရှားလေ ဟာကွက်များ များစွာဖော်ပြမိလေဖြစ်သည်။

ပြောစရာမလိုအောင်ပင် တိုက်စစ်ပိုင်း စစ်သူကြီးတစ်ဦးသည်လည်း ရည်မှန်းချက်များဖြင့် ပြည့်နှက်နေရန် အလားအလာများပြီး ထိန်းချုပ်ရန် ပို၍ခက်ခဲသည်။

ထို့ကြောင့် ကျန့်ချိုးကျင်းချုံးသည် သူ့စီစဉ်မှုများကို ကျေနပ်အားရခဲ့သည်။

ရှန်းယုချောင်ထုံကဲ့သို့ ခံစစ်ပိုင်း ကာကွယ်ရေးစစ်သူကြီးတစ်ဦးမှတဆင့် ကျန့်ချိုးကျင်းချုံးသည် သူ့ "တည်ဆောက်ခြင်း" ကို ကာကွယ်နိုင်ပြီး သူ့အာဏာကို ခိုင်မာစေမည်ဖြစ်သည်။

ဤသည်ကို ဘေးမှ ကြည့်လျက် ဝမ်ချောင်၏ စိုးရိမ်စိတ်သည် ပို၍မြှင့်တက်လာခဲ့သည်။

မြို့တော်၏ စွမ်းရည်ပြည့်ဝသော စစ်သူကြီးတစ်ဦးအနေဖြင့် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ကျန့်ချိုးကျင်းချုံးသည် စစ်တပ်နှင့်ပတ်သက်သည့်ကိစ္စရပ်များတွင် စူးရှသောမျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူသည် အသေအချာပင် ရှန်းယုချောင်ထုံကို ဂရုမစိုက်ဘဲ မရွေးချယ်ခဲ့ပေ။

သို့သော်လည်း ဤသည်မှာ ဝမ်ချောင်၏ စိုးရိမ်စိတ်များကို အနည်းငယ်သာ ပြေလျော့စေနိုင်ခဲ့သည်။

ကျန့်ချိုးကျင်းချုံးသည် ရှန်းယုချောက်ထုံကို ရွေးချယ်ခဲ့ခြင်းမှာ သူ့အာဏာစက်စခန်းကို စောင့်ရှောက်နိုင်သည့် ထူးချွန်သည့် ခံစစ်ပိုင်းစစ်သူကြီးဖြစ်သောကြောင့် ဖြစ်သည်။ ရှန်းယုချောင်ထုံသည် တစ်နေ့တွင် ထိုးစစ်ဆင်ရန် သူကောင်းစွာ ကျွမ်းကျင်ထားသည့် နယ်မြေကို စွန့်ခွာပြီး ထွက်သွားလိမ့်မည်ဟု သူ့အိပ်မက်ထဲမှာပင် သူမျှော်လင့်ထားလိမ့်မည်မဟုတ်ချေ။

အကယ်၍ ခံစစ်ပိုင်းတွင် အထူးပြုထားသော စစ်သူကြီးသည် သူ မကျွမ်းကျင်သော ထိုးစစ်ဆင်ခြင်းကို ပြုလုပ်မိပါက ဘာဖြစ်မည်ကို စိတ်ကူးကြည့်ပါ။

"စစ်သူကြီးရှန်းယု တခမ်းတနားလုပ်နေစရာမလိုပါဘူး။ ညီအစ်ကိုကျန့်ချိုးက မင်းမှာ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဖြစ်လာဖို့ အရည်အချင်းရှိတယ်လို့ ယုံကြည်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိလောက်ပါဘူး။ "

ဝမ်ကန်း ခေါင်းညိတ်သည်။

သူသည် စစ်ဘက်ဆိုင်ရာ အရာရှိမဟုတ်ပေ။ အစိုးဆိုင်ရာ အရာရှိဖြစ်သည်။ ဤသို့ဖြင့် သူသည် ကျန့်ချိုးကျင်းချုံးက ရှန်းယုချောင်ထုံကို သူ့ဆက်ခံသူအဖြစ် ရွေးချယ်ခြင်းကိစ္စတွင် အလွန်အမင်းစဉ်းစားခဲ့ခြင်းမရှိပေ။

ယခင်ကာကွယ်ရေးစစ်သူကြီးသည် သူတို့၏ဆက်ခံသူကို အကြံပြုရန်နိုင်သည့် အခွင့်အရေးအား ပိုင်ဆိုင်ထားခဲ့သည်။ ဥပမာ အိမ်ရှေ့မင်းသား၏ လက်ရှိ တော်ဝင်နည်းပြဆရာဝမ်ကျုံးစီသည် ကော်ရှု့ဟန်ကို အကြံပြုခဲ့ပြီး ဖုမင်လင်းချာသည်လည်း ဂိုစုန့်ကျီကို အကြံပြုခဲ့သည်။ ဤသည်မှာ ပုံမှန်ပင်။

သဘာဝကျစွာဖြင့် ကျန့်ချိုးကျင်းချုံးသည်လည်း ဤအခွင့်ထူးကို ကိုင်စွဲထားသည်။

"ပြီးတော့ ဒါက ဝမ်ချောင် ဝမ်သခင်လေး ပဲ။ ဝမ်သခင်လေးကို အသက်ငယ်ရွယ်လို့ လျှော့မတွက်လိုက်နဲ့။ သူရဲ့ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုတွေနဲ့အတူ မြို့တော်မှာ သူ့နာမည်ကို မသိသူမရှိဘူး။ သူဟာငယ်ရွယ်ပေမယ့် ပညာရှင်ဧကရာဇ်နဲ့တွေ့ဆုံခဲ့ပြီးဖြစ်တယ်။ သူ့မျိုးဆက်မှာ သူ့ကို ယှဉ်ပြိုင်နိုင်တဲ့သူ လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ ဟီးဟီး ဝမ်သခင်လေးနဲ့ မိတ်ဆွေဖွဲ့တာက အကျိုးအမြတ်တွေပဲရလိမ့်မယ်။ "

မမျှော်လင့်စွာဖြင့် ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်ကိုလည်း စတင်မိတ်ဆက်ပေးလိုက်သည်။

"လူကြီးမင်း ကျွန်တော်က ခင်ဗျားရဲ့ ချီးကျူးစကားတွေနဲ့ မထိုက်တန်ပါဘူး။ အခုအချိန်မှာ ကျွန်တော်ဟာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ ပညာသင်ကြားနေတဲ့ တပ်သားသစ်တစ်ဦးသာဖြစ်ပြီး ကျွန်တော်က စစ်ဘက်ဆိုင်ရာမှာ ဘာရာထူးမှမရှိသေးပါဘူး။ လူကြီးမင်းရဲ့အလွန်အကျွံချီးမွမ်းခြင်းကို မခံယူဝံ့ပါဘူး။ "

ဝမ်ချောင်သည် ကမန်းကတန်း ပြန်ဖြေလိုက်သည်။ ကျန့်ချိုးကျင်းချုံး နှင့် ရှန်းယုချောင်ထုံတို့ နှစ်ဦးစလုံးသည် စစ်တပ်တွင် သြဇာကြီးသူများဖြစ်ကြသည်။ သူတို့ထဲမှ တစ်ဦးမှာ အနာဂတ် တိုက်ပွဲဝန်ကြီးဖြစ်ပြီး ကျန်တစ်ဦးမှာ အနာဂတ် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဖြစ်သည်။ ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းအရ တစ်ဖက်လူထံမှ ထိုကဲ့သို့သော ချီးကျူးမှုကို သူ မည်သို့လက်ခံနိုင်မည်နည်း။

"ဝမ်သခင်‌လေး တွေ့ရတာ ဝမ်းသာပါတယ်။ "

သူနှင့် မျက်နှာချင်းဆိုင်တွင် ကျန့်ချိုးကျင်းချုံး၏ စကားကိုကြားပြီးနောက် ရှန်းယုချောင်ထုံသည် လှည့်၍ ဝမ်ချောင်ကို တလေးတစား ဦးညွှတ်လိုက်သည်။ သူသည် အလွန်မှယဉ်ကျေးလွန်းသဖြင့် ဝမ်ချောင်ပင်လျှင် နေရထိုင်ရခက်စပြုလာခဲ့သည်။

"လူကြီးမင်းရှန်းယုက ယဉ်ကျေးလွန်းနေပါပြီ။ "

ဝမ်ချောင်သည် အမြန်ထရပ်၍ ပြန်လည်ဦးညွှတ်လိုက်သည်။

"ချောင်ထုံ ဝမ်သခင်လေးဟာ မြို့တော်မှာ မယုံနိုင်စရာ ကောင်းလောက်တဲ့ ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ထားတယ်။ နိုင်ငံရေးနဲ့ ထိတွေ့တာက မင်းရဲ့ ပထမဆုံး အကြိမ်ပဲ ဒါကြောင့် အရာများစွာကို မင်း သတိမထားမိတာက သဘာဝပဲ။ မင်းအခက်အခဲနဲ့ တွေ့ရင် ဝမ်သခင်လေးနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။ "

ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်ဆီသို့ လက်ဟန်ခြေဟန်ပြပြီး ပြောလိုက်သည်။

"ဟာဟားဟား ညီအစ်ကိုရှန်းယု လူကြီးမင်းကျန့်ချိုး မှန်တယ်။ ဝမ်သခင်လေးဟာ စုန့်ဘုရင်ကိုတောင် လှုပ်ရှားနိုင်သူတစ်ဦးဖြစ်တယ်။ သူနဲ့ရင်းနှီးထားတာက အမှားမရှိပါဘူး။ "

ယန်ကျိုးသည်လည်း ဝင်ပြောလိုက်သည်။

သူသည် ဝမ်ချောင်၏ သွေးသောက်အစ်ကိုဖြစ်သည်။ သူတို့သည် ဤဆက်ဆံရေးကို မြင်သာအောင်ချမပြခဲ့သော်လည်း ကျန့်ချိုးကျင်းချုံးသည် ထိုအရာကို သတိထားမိခဲ့သည်။

ကျန့်ချိုးကျင်းချုံးသည် သူ့ညီအစ်ကိုအပေါ် အလွန်မြင့်မြင့် တွေးတောထားခြင်းကြောင့် ယန်ကျိုးသည်လည်း ဂုဏ်ယူမိပေသည်။ တစ်နည်းအားဖြင့် ဝမ်ချောင်ကို သူတို့နှင့်အတူ မိတ်ဆွေဖွဲ့ရန် စည်းရုံးသိမ်းသွင်းခဲ့ခြင်းသည် အမှန်ပင် သူ့အောင်မြင်မှုဖြစ်သည်။

"ဝမ်သခင်လေး နောင်ကျရင် မင်းကို အားကိုးရတော့မယ်။ "

ရှန်းယုချောင်ထုံသည် ဝမ်ချောင်ကို ကြည့်၍ ချက်ချင်းပြောလိုက်သည်။

စစ်သည်တစ်ဦးအနေဖြင့် ဤသည်မှာ ရှန်းယုချောင်ထုံသည် မြို့တော်သို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ပြီး အဆင့်မြင့်အရာရှိများ၊ မှူးမတ်မျိုးနွယ်များနှင့် ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံခြင်းလည်းဖြစ်သည်။

သူသည် ဘာသိဘာသာနေပြီး စကားနည်းသူတစ်ဦးဖြစ်သော်လည်း သူသည် သေချာပေါက်အရူးမဟုတ်ပေ။

သူ့ရှေ့ရှိ လူငယ်သည် ဂုဏ်သိက္ခာကြီးမားသော စစ်သူကြီးနှင့် ဝန်ကြီးမျိုးရိုးကလန်၏ အလေးသာမှုဖြင့် လူငယ်မျိုးဆက်တစ်ဦးဖြစ်သည်။ တစ်ဖက်လူ၏ မွေးရာပါအခွင့်အရေးသည် သူ့ကို တခြားသူများထက် မျာစွာမြင့်မားသော နေရာကို ရရှိစေခဲ့သည်။ အနာဂတ်တွင် သူသည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်လာရန် သို့မဟုတ် မင်းမျိုးမင်းနွယ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိသည်။

ပြောစရာပင်မလိုပေ ဤလူငယ်သည် ရှားပါးသည့် ပါရမီရှင်တစ်ယောက်လည်းဖြစ်သည်။

ရှန်းယုချောင်ထုံသည် သူနှင့် မျက်နှာချင်းဆိုင်ရှိ နှိမ့်ချသော ဤလူငယ်သည် ကာကွယ်ရေးစစ်သူကြီး မြို့တော်သို့ အဘယ်ကြောင့် ဝင်ရောက်နိုင်ခဲ့သည်ကို အကြီးမားဆုံး ပံ့ပိုးကူညီသူဖြစ်ကြောင်း သတိပြုမိသည်။

"ဟာဟားဟား ငါတို့အားလုံးက ညီအစ်ကိုတွေပါပဲ၊ မင်း ဒီလောက် ကျိုးနွံနေဖို့ မလိုပါဘူး။ "

ယတ်ကျိုး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“လာ။ သောက်ကြစို့။ "

"ချီးယားစ်"

နောက်တစ်ကြိမ် ဝိုင်ခွက်များ အချင်းချင်းတိုက်မိသွားကြပြီး ရွှင်လန်းတက်ကြွသော ခံစားမှုသည် အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။

"လူကြီးမင်းကျန့်ချိုး လောလောဆယ်မှာ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကာကွယ်ရေးမှာ ယိုပေါက်တစ်ခုရှိတယ်။ တကယ်လို့ ဝူရှန်းဟာ ဒီအခွင့်အရေးကို အသုံးချပြီး တိုက်ခိုက်မယ်ဆိုရင် တောင်ပိုင်းကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့က သူတို့ရဲ့နယ်‌မြေကို ကာကွယ်နိုင်မလား။ "

ရုတ်​တရက်​ ဝိရောဓိဖြစ်နေသော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး တခဏအတွင်း အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သို့သော် ဝိရောဓိဖြစ်နေသောအသံသည် ဘယ်ကလာသည်ကိုမြင်ပြီးနောက် ယန်ကျိုး၊ ဝမ်ကန်း၊ ရှန်းယုချောင်ထုံ နှင့် အခြားလူများသည် မှင်သက်သွားခဲ့ကြသည်။

"ဝမ်သခင်လေး"

ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ခုံးသည် ပြေပြေလေးကျုံ့သွားခဲ့သည်။ ယခုလေးတင်စကားပြောလိုက်သူမှာ ဝမ်ချောင် ဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ချောင်အာ မင်း ဘာလုပ်နေတာလဲ။ လူကြီးမင်းကျန့်ချိုးက တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဖြစ်တယ် အဲဒီလိုဖြစ်နိုင်ချေကို သူစဉ်းစားမိမှာမဟုတ်ဘူးလို့ မင်းထင်နေတာလား။ အဲဒါကို ထောက်ပြဖို့ လိုအပ်တယ်လို့ မင်းထင်နေတာလား။ "

ဝမ်ကန်းသည် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။

ဝမ်ချောင်၏ စကားများသည် အမှန်ပင် စော်ကားလွန်းသည်။

အကယ်၍ပေါ့ပေါ့တန်တန်ယူရလျှင် သူသည် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးကျန့်ချိုးကျင်းချုံးကို မလေးမစားလုပ်နေခြင်းဖြစ်သည်။ သို့သော်လည်း လေးလေးနက်နက်စူးစမ်းလေ့လာကြည့်လျှင် သူသည် ကျန့်ချိုးကျင်းချုံးကို ကျိန်ဆဲနေခြင်းဟု ယူဆနိုင်သည်။

ကျန့်ချိုးကျင်းချုံးသည် မြို့တော်သို့ ရည်မှန်းချက်အပြည့်ဖြင့် ရောက်လာခဲ့သည်။ သို့တိုင် ဝမ်ချောင်သည် ယခုအခိုက်အတန့်တွင် မကောင်းသည့်အရာတစ်ခုကို ထောက်ပြခဲ့ပြီး တစ်ဖက်သား၏ စိတ်ဓာတ်ကို ထိခိုက်စေခဲ့သည်။

သို့သော်လည်း ဝမ်ချောင်သည် ကျန့်ချိုးကျင်းချုံးကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ဆက်လက် စိုက်ကြည့်နေသည်။ သူ့ဦးကြီးသည် သူ့ကို နောက်ဆုတ်ခိုင်းနေသည်ကို သူသိသည်။

သို့သော် ဝမ်ချောင်သည် ယခုထိုသို့မလုပ်နိုင်သေးပေ။

ကျန့်ချိုးကျင်းချုံးသည် ယခုတွင် တိုက်ပွဲဝန်ကြီးမဖြစ်လာနိုင်ဟု ပြောရန်မဖြစ်နိုင်ပေ။ သူသည် သူ့ကို တားဆီးရန် ကြိုးစားသူတိုင်းကို အခဲမကျေသည့်ရန်သူအဖြစ်သာ ရှုမြင်ပေလိမ့်မည်။

တစ်ဖက်တွင်မူ ကျန့်ချိူကျင်းချုံးသည် သူလေးနက်စွာ စဉ်းစားပြီးနောက် ရွေးချယ်ခဲ့သော သင့်တော်သူကို ထိုမျှ လွယ်ကူစွာ မပြောင်းလဲနိုင်ပေ။ သံသယရှိစရာမလိုပင် ရှန်းယုချောင်ထုံသည် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ဖြစ်လာမည်ဖြစ်သည်။

နည်းလမ်းများအားလုံးကို ချိတ်ပိတ်ထားခဲ့သည်။

ထို့ကြောင့် ဝမ်ချောင်သည် ကံကြမ္မာကို ပြောင်းလဲရန် သူ့ကိုယ်ပိုင် အားသုံးသည့် နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့သည်။

ဤနည်းလမ်းသည် လူအချိုကို စော်ကားပြီး မပျော်မရွှင်ဖြစ်စေသော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။

အခွင့်အရေးသည် သူ့လက်ထဲတွင် ရှိနေခဲ့ပြီးဖြစ်သည်။ ကျန့်ချိုးကျင်းချုံး၊ ရှန်းယုဆချာင်ထုံ၊ ယန်ကျိုး နှင့် ကျင်းနန်၏ စစ်သူကြီးများ အားလုံး ဤနေရာတွင် ရှိနေကြသည် ။

ဝမ်ချောင်သည် ယခုတွင် တစ်ခုခုလုပ်ရန် မကြိုးစားခဲ့လျှင် သူ့နှလုံးသားသည် ဘယ်တော့မှ အေးချမ်းလိမ့်မည်မဟုတ်ပေ။

အပိုင်း ၂၇၄

ကာကွယ်စောင့်ရှောက်သူကို သတိပေးခြင်း

"အဆင်ပြေပါတယ်။ "

ကျန့်ချိုးကျင်းချုံးသည် ရုတ်တရက် စတင်ရယ်မောလိုက်ပြီး ဝမ်ကန်းကို အဆင်ပြေကြောင်း အမူအရာပြသည့်အနေဖြင့် သူ့လက်များကို ဝေ့ယမ်းလိုက်သည်။

"ဆိုတော့ ဝမ်သခင်လေးကလည်း စစ်တပ်ရဲ့ကိစ္စတွေကိုလည်း စိတ်ဝင်စားတယ်ပေါ့။ စစ်တပ်ကလန်က မျိုးဆက်တစ်ယောက်ဟာ စစ်တပ်ကို စိတ်မဝင်စားစရာ အကြောင်းမရှိဘူးလို့ ခန့်မှန်းပြီးသားပါ။ ရပါတယ် အခုလိုကိစ္စတွေနဲ့ ထိတွေ့ထားတာက နောင်အနာဂတ်မှာ မင်းအတွက် အသုံးဝင်ပါလိမ့်မယ်။ "

ကာကွယ်ရေးစစ်သူကြီးတစ်ဦးအဖြစ် မျှော်လင့်ထားသည့်အတိုင်းပင် ကျန့်ချိုးကျင်းချုံးသည် စကားလုံးအနည်းငယ်ဖြင့် အခြေအနေ၏အဆင်မပြေမှုများကို ချေဖျက်နိုင်ခဲ့သည်။

"အမှန်ပဲ ဝမ်သခင်လေးနဲ့ အကြိမ်အနည်းငယ် စကားပြောခဲ့ဖူးပြီး ဝမ်သခင်လေးက စစ်ရေးကိစ္စတွေကို အထူးစိတ်ဝင်စားတယ်။ လူကြီးမင်းကျန့်ချိုးနဲ့ တွေ့ဖို့က ရှားပါးတဲ့အခွင့်အရေးတစ်ခုဖြစ်လို့ အကြံအဉာဏ်တွေ မဖလှယ်ကြဘူးဆို ကြီးမားတဲ့ဖြုန်းတီးမှုဖြစ်သွားမှာပဲ ဟားဟားဟား။ "

ယန်ကျိုးသည်လည်း လျင်မြန်စွာ တုံ့ပြန်ပြီး အခြေအနေကို ပြုပြင်ပေးလိုက်သည်။

ထိုနှစ်ယောက်၏ စကားများကို ကြားသည်တွင် ဧည့်ခံပွဲ၏ လေထုသည် လျော့ပါးသက်သာသွားခဲ့သည်။ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်သူကြီးများသည် ဝမ်ချောင်၏ ရိုင်းပျသော အပြုအမူကြောင့် အစပိုင်းတွင် မပျော်မရွှင်ဖြစ်နေခဲ့ကြသော်လည်း သူတို့သည် ကမ်းလှမ်းလာသည့် ရှင်းပြချက်ကို လက်ခံကာ ခေါင်းညိတ်ကြသည်။

ဝမ်ချောင်၏ဖခင်ဝမ်ယန်နှင့် အစ်ကိုအကြီးဆုံးဝမ်ဖူတို့ နှစ်ဦးစလုံးသည် စစ်တပ်တွင် တပ်မှူးများဖြစ်ကြသည်။ ဝမ်ချောင်သည် သူတို့၏ လွှမ်းမိုးမှုအောက်တွင် ၎င်းကို စိတ်ဝင်စားခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

တိုင်းပြည်၏ မဟာကာကွယ်ရေးစစ်သူကြီးများထဲမှတစ်ဦးအနေဖြင့် လူကြီးမင်းကျန့်ချိုးထံမှ ထိုကဲ့သို့သော ကိစ္စရပ်များအတွက် သင်ယူလိုသည်မှာ သဘာဝပင်ဖြစ်သည်။

"ဝမ်သခင်လေးက မြို့တော်ကနေ အပြင်ကိုမထွက်ဖူးသေးဘူး။ ဒါကြောင့် မင်းက အခြေအနေကို သိပ်နားမလည်တာ သဘာဝပါပဲ။ ဝူရှန်းဟာ ကုန်းပြင်မြင့်တစ်ခုပေါ်မှာ တည်ရှိပြီး ကျင်းနန်ကိုသွားတဲ့လမ်းဟာ အန္တရာယ်များပြီး မတ်စောက်တာကြောင့် သူ့ကိုဖြတ်ကျော်ဖို့ တပ်ဖွဲ့တစ်ခုအတွက် ခက်ခဲစေတယ်။ ပြောစရာမလိုအောင် တိဗက်လူမျိုးတွေဟာ အလယ်ပိုင်းလွင်ပြင်ဒေသကို အရင်က မရောက်ဖူးကြတာကြောင့် ဒီနေရာက အင်အားစုတွေနဲ့ မြေပြင်အနေအထားကို ရင်းနှီးခြင်းမရှိကြဘူး။ တကယ်လို့ သူတို့ကို လမ်းပြပေးမယ့်သူတစ်ယောက်မှ မရှိဘူးဆိုရင် သူတို့အတွက် ငါတို့ကိုဆန့်ကျင်ပြီး ထူးထူးခြားခြား ဘာတစ်ခုမှ အောင်မြင်ဖို့ မဖြစ်နိုင်ဘူး။ ”

"ဒါ့အပြင် တိဗက်လူမျိုးတွေဟာ သူတို့ကို မဟာထန်ပြည်သူတွေနဲ့ ခြားနားစေတဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိတယ် သူတို့ရဲ့နီမြန်းနေတဲ့မျက်နှာတွေပဲ။ ကျင်းနန်ကနေတဆင့် မဟာထန်ထဲကိုဝင်ရောက်လာတဲ့တိဗက်တိုင်းဟာ တင်းကြပ်တဲ့စစ်ဆေးမှုတွေကို ခံယူကြရမှာဖြစ်တယ်။ လက်ဖက်မြင်းလမ်းတစ်လျှောက်မှာရှိတဲ့ မြို့တွေကလွဲလို့ အလယ်ပိုင်းလွင်ပြင်ဒေသမှာရှိတဲ့ အခြားမြို့တွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတယ်။ ပြီးတော့ ဝူရှန်းမှာရှိတဲ့ လူဦးရေဟာ အရမ်းကျဲပါးတာကြောင့် ဆက်သွယ်ရေးမှာ အရမ်းကို အသုံးမကျဖြစ်စေတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါက မြို့တော်မှာရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိတယ်ဆိုရင်တောင် တိဗက်လူမျိုးတွေက အဲဒါကို မသိခင် နှစ်အနည်းငယ်လောက်ကြာမှာပဲ။ "

ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်ရှေ့တွင် သူ့လက်များကို ဝေ့ယမ်းပြီး ပြုံးလိုက်သည်။

“ဟားဟားဟားဟား”

အခန်းထဲတွင် ထိုင်နေကြသည့် တပ်မှူးများထံမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။ အန်းနန်မှ လက်ရွေးစင်များအနေနှင့် သူတို့သည် အခြားသူများထက် ဝူရှန်းနှင့်ပတ်သက်သည့် အခြေအနေကို ပိုမိုသိရှိနားလည်ခဲ့ကြသည်။

ဝမ်ချောင်သည် ဘာမျှပြန်မပြောခဲ့သော်လည်း သူ့နဖူးကြောသည် မသိမသာဖြင့် ရှုံ့သွားခဲ့ပြီး မည်းမှောင်လာကာ သူ့စိုးရိမ်စိတ်၏ နက်ရှိုင်းမှုကို ထင်ဟပ်ပြ‌သနေပေသည်။

"အမှန်ပဲ ငါတို့ရဲ့ကာကွယ်မှုကို ရန်သူရဲ့အမှားအပေါ် ဘယ်တော့မှ အခြေမခံဘူး။ ငါ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ကို ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့ပြီး အဲဒါဟာ အားနည်းချက်မရှိတဲ့ခံတပ်နဲ့ မခြားနားကြောင်း ယုံယုံကြည်ကြည်နဲ့ ပြောနိုင်တယ်။ ငါမရှိတဲ့အချိန်မှာတောင် စစ်တပ်က လှုပ်ရှားနိုင်စေမယ့် စီမံမှုတွေအားလုံးကို ပြုလုပ်ထားတယ်။ ပြောစရာမလိုအောင်... ငါနှစ်‌ပေါင်းများစွာအသုံးပြုပြီး ပြုစုပျိုးထောင်ခဲ့တဲ့ သန်မာတဲ့ ရဲမက်တစ်သိန်းရှစ်သောင်းပါဝင်တဲ့ တပ်ဖွဲ့က အဲနေရာမှာ တပ်စွဲထားတယ်။ တိဗက်တွေက တောင်ပိုင်းကို ချီတက်လာရင်တောင် ကြောက်စရာ ဘာရှိမှာလဲ။ ”

ကျန့်ချိုးကျင်းချုံးသည် မောက်မာစွာဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ စစ်မှန်သောစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းမရှိဘဲဘဲ တိုင်းပြည်ရှိ ထိပ်တန်းစစ်သူကြီးများထဲမှ တစ်ဦးဖြစ်သည့် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ဖြစ်လာရန် မဖြစ်နိုင်ပေ။

တောင်ပိုင်းနယ်စပ်သည် ဆယ်စုနှစ်တစ်ခုကျော် ငြိမ်းချမ်းရေးကို ခံစားနိုင်ရခြင်း၏အကြောင်းအရင်းမှာ သူ၏အားသာချက်ရှိသော မြေပြင်အခြေအနေကြောင့်မဟုတ်ဘဲ ကံတရားကြောင့်လည်းမဟုတ်ပေ။ ထိုသည်မှာ စစ်မှန်သော ခွန်အားအပေါ် အခြေခံခဲ့သည်။ 'အားကောင်းသည့် စစ်သူကြီး၏ လက်အောက်တွင် အားနည်းသော စစ်သည်မရှိ' ဟူသော ဆိုရိုးစကားအတိုင်းပင်။ ထို့အတူပင် ကျန့်ချိုးကျင်းချုံးသည် သူ့လက်အောက်ရှိ မည်သည့်ပျော့ကွက်များကိုမှ သည်းခံလိမ့်မည်မဟုတ်ပေ။

လက်ရွေးစင်စစ်သည်တစ်သိန်းရှစ်သောင်းပါဝင်သော တပ်ဖွဲ့သည် တိုင်းပြည်၏တောင်ပိုင်းနယ်စပ်အတွက် အကြီးမားဆုံးခံတပ်ဖြစ်သည်။

'ကျန့်ချိုးကျင်းချုံးကတောင် ဒီလိုမျိုးတွေးနေလိမ့်မယ်လို့ တွေးကြည့်ရင်'

ကျန့်ချိုးကျင်းချုံး၏ စကားကိုကြားသည်တွင် အံ့အားသင့်ခြင်း၊ ဝမ်းနည်းခြင်း နှင့် စိတ်ပျက်ခြင်းတို့နှင့်ဆင်တူသော ဖော်ပြ၍မရနိုင်သည့် ခံစားချက်သည် ဝမ်ချောင်ကို ဖမ်းဆုပ်သွားခဲ့သည်။

သံသယရှိစရာမလိုပင် ကျန့်ချိုးကျင်းချုံးသည် ကြောက်မက်ဖွယ်ကောင်းသော ကွပ်ကဲသူတစ်ဦးဖြစ်သည်။ သူ၏အန်းနန်သည် ဤမျှရှည်လျားသော ငြိမ်းချမ်းရေးကာလကို ခံစားနိုင်ခဲ့သည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။

ပြီးပြည့်စုံသည့် စီမံမှုနည်းစနစ်တစ်ခု၊ အားကောင်းသည့် လက်ရွေးစစ်သည်များတပ်ဖွဲ့တစ်ခုနှင့် ကောင်းစွာ လေ့ကျင့်ထားသော ကွပ်ကဲသူများအုပ်စု၊ ဤအရာများအားလုံးသည် ကျန့်ချိုးကျင်းချုံး၏ စွမ်းရည်များကို သက်သေပြနေခဲ့သည်။

သို့သော် ကျန့်ချိုးကျင်းချုံးပင်လျှင် တိုင်းပြည်၏ အနောက်တောင်နှင့် အနောက်မြောက်ဘက်ကို လဲပြိုစေမည့် ကပ်ဆိုးကြီးသည် သူတစ်ချိန်က အုပ်ချုပ်ခဲ့သော တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့မှ အရင်းခံလာမည်ကို စိတ်ကူးပင်ယဉ်ခဲ့နိုင်မည်မဟုတ်ချေ။

လက်ရွေးစင်စစ်သည်တစ်သိန်းရှစ်သောင်းပါဝင်သော သူ့တပ်ဖွဲ့တစ်ခုလုံးသည် လုံးဝချေမှုန်းခံရပေလိမ့်မည်။

တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့သည် ကြေကွဲဖွယ်ရှုံးနိမ့်မှုကြောင့် ဖျက်သိမ်းခံရမည့် သမိုင်းတစ်လျှောက်တွင် ပထမဆုံးသော ကာကွယ်စောင့်ရှောက်သူဖြစ်လာမည်ဖြစ်သည်။

'ငါတို့ဘိုးဘေးတွေက မလိမ်ညာခဲ့ဘူး အခက်အခဲတွေကြားထဲမှာ ရှင်သန်မယ် ရောင့်ရဲမှုကြားထဲမှာ သေဆုံးမယ်။ ထူးချွန်တဲ့ကျန့်ချိုးကျင်းချုံးလိုကွပ်ကဲသူတစ်ယောက်တောင် ဒီလိုမျိုးပေါ့ဆတဲ့စိတ်ထားမျိုးကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့လွှမ်းမိုးမှုကို ကြီးစွာခံထားရတဲ့ ရှန်းယုချောင်ထုံဆို ပြောစရာတောင်မလိုတော့ဘူး။ ငါက ကျန့်ချိုးကျင်းချုံးကို ကျင်းနန်မှာရှိနေစေဖို့ ရည်ရွယ်ထားပေမယ့် သူအဲဒီမှာရှိနေခဲ့ရင်တောင် သမိုင်းက ပြောင်းလဲမသွားမယ့်ပုံပဲ။ '

ဝမ်ချောင်စိတ်ထဲတွင် ဤကဲ့သို့အတွေးများ ပေါ်လာခဲ့ပြီး သူ့နှလုံးသားထဲတွင် နက်ရှိုင်းသည့် ပူပန်မှုများ မြင့်တက်လာခဲ့သည်။

ကျန့်ချိုးကျင်းချုံးသည် ထိုစကားများကို ယုံကြည်မှုရှိစွာ ပြောဆိုခဲ့သောကြောင့် တစ်ဖက်လူသည် အန်းနန်တွင် သူ့စီမံမှုအပေါ် ယုံကြည်မှုရှိကြောင်း ဝမ်ချောင် ပြောနိုင်သည်။

သို့သော် ဤသို့ဖြစ်လေလေ ဝမ်ချောင်သည် ​​စိတ်ပျက်မှုနှင့် တုန်လှုပ်ချောက်ချားမှုကို ပို၍ခံစားရလေလေဖြစ်သည်။

ဝမ်ချောင်သည် အနောက်တောင်ဘက်မှ အရင်းခံလာသော အဖြစ်ဆိုးသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး အရာများကို အလွယ်တကူ ပြောင်းလဲနိုင်ကြောင်း အမြဲတွေးခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင် အရာအားလုံးသည် ယခင်အတိုင်း ပျက်စီးသွားခြင်းမှာ အမှန်ပင် ရှောင်လွှဲ၍မရကြောင်း သူ့ကို ရုတ်တရက်ရိုက်ခတ်လာခဲ့သည်။ ကျန့်ချိုးကျင်းချုံး သို့မဟုတ် ရှန်းယုချောင်ထုံသည် တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ အုပ်စိုးသူဖြစ်ပါစေ အဖြစ်ဆိုးသည် ရှောင်လွှဲ၍မရပေ။

မဟာထန်သည် အချိန်အကြာကြီး ငြိမ်းချမ်းနေခဲ့သည်။ ဤမာန်မာနထောင်လွှားမှုသည် တော်ဝင်ရုံးတော်၌သာမက စစ်တပ်၌ပါ စိမ့်ဝင်လာခဲ့သည်။

"လူကြီးမင်း ဝူရှန်း နဲ့ မုန့်ရှိ‌ကျောက်က အတူတူအလုပ်တွဲလုပ်မယ်လို့ စဉ်းစားခဲ့ဖူးပါသလား။ "

ဝမ်ချောင် ရုတ်တရက် မေးလိုက်သည်။

ထိုစကားများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာသောအခါ ကျန့်ချိုးကျင်းချုံး၏ ဘဝင်ခိုက်နေသော အပြုံးများသည် ရုတ်ခြည်း ပျောက်ကွယ်သွားကာ အခန်းတွင်းရှိ လူအားလုံးသည် ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ဤအခိုက်အတန့်တွင် အပ်တစ်ချောင်း ပြုတ်ကျပါက ကျယ်လောင်စွာ ကြားရမည်မှာ သေချာပေသည်။

ဝမ်ချောင်ကို စိုက်ကြည့်လျက် တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့မှ ကွပ်ကဲသူများ၏ မျက်လုံးများတွင် ဒေါသများထွက်ပေါ် လာခဲ့သည်။

ဝမ်ချောင်သည် ထိုစကားများသည် ဟာသတစ်ခုဟုတွေးကောင်းတွေးနိုင်သည်။ သို့သော် သူတို့အတွက် သူတို့ပိုင်ဆိုင်သည့်နေရာ၊ သူတို့မိသားစုများနေထိုင်ရာနေရာဖြစ်သည်။ ဤသည်မှာ သူတို့သည် မည်သူ့ကိုမျှ အရွှင်းဖောက်ခွင့်မပြုသည့် ကိစ္စဖြစ်သည်။ ဝမ်ချောင်ပင်လျှင် ခြွင်းချက်မဟုတ်ပေ။

"ဝမ်သခင်လေး မင်းရဲ့စကားက နည်းနည်းတော့ လွန်တယ်မထင်ဘူးလား"

ကျန့်ချိုးကျင်းချုံး၏ နံဘေးတွင် ထိုင်နေသည့် လူလတ်ပိုင်းအရွယ် ဗျူဟာမှူးက ပြောလိုက်သည်။

"ဟီးဟီး ဝမ်သခင်လေး ငါတို့ ဆွေးနွေးတာကို ဒီမှာ ရပ်လိုက်ကြရအောင်။ လာ စားသောက်ကြရအောင်။ "

ယန်ကျိုးသည် အရာများကို လျင်မြန်စွာအဆုံးသတ်ရန် ကြိုးစားလိုက်သည်။

သူသည် သူ့ရင်ထဲ၌ အလွန်စိတ်ဓာတ်ကျနေသကဲ့သို့ ခံစားနေရသည်။ သွေးသောက်ညီအစ်ကိုဖြစ်သည် ဤညီလေးသည် အမြဲတမ်းထက်မြက်ပြီး ပေါ့ပေါ့ပါးပါးရှိသူဖြစ်သည်။ သို့တိုင် အကြောင်းပြချက်တစ်ချို့ကြောင့် သူသည် ဤဆွေးနွေးမှုတွင် ဤအသုံးမကျသော်လည်း ထိလွယ်ရှလွယ်ကိစ္စများကို တင်ပြရန် ရွေးချယ်ခဲ့သည်။

သူသည် ဤဧည့်ခံပွဲမှတဆင့် ကျန့်ချိုးကျင်းချုံးနှင့် ဝမ်ကလန်တို့ကြားရှိ ဆက်ဆံရေးကို ပိုမိုနီးစပ်စေရန် ရည်မှန်းထားခဲ့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ဧည့်ခံပွဲသည် စောစီးစွာ ပြီးဆုံးသွားနိုင်ပြီး လူတိုင်းသည် မကျေမနပ်ဖြစ်ကြပေလိမ့်မည်။

"မုန့်ရှီကျောက်ဟာ အားဟိုင်ကိုသိမ်းပိုက်ပြီး နောက်ထပ် ကျောက်ငါးကျောက် သိမ်းပိုက်ခဲ့တယ်။ ဒီအောင်ပွဲတွေကို အခြေခံအုတ်မြစ်ချခြင်းနဲ့အတူ သူတို့ရဲ့ဧကရာဇ်ဂဲလျိုဖန်းဟာ လက်ရှိမှာ သူ့ရဲ့ရည်မှန်းချက်တွေအပေါ် လှိုက်လှိုက်လှဲလှဲဖြစ်နေတယ်။ မကြာသေးခင်က သူဟာ မဟာထန်ရဲ့ ဆင့်ခေါ်မှုကို ငြင်းပယ်ခဲ့ကြောင်း ငါကြားသိခဲ့ရတယ်။ တစ်ဖက်မှာ ဝူရှန်းဟာ လက်ရှိမှာ သူ့စစ်တပ်ကို စုစည်းနေကာ ကြီးမားတဲ့မြင်းတပ်ကို လေ့ကျင့်သင်ကြားပေးနေပြီး သတ္တုတွေကို လောဘတကြီးနဲ့ အစုလိုက်အပြုံလိုက်ဝယ်ယူလျက်ရှိတယ်။ မကြာသေးမီနှစ်များက သူတို့ရဲ့ မြင်းစစ်သည်အရေအတွက်ဟာ သုံးသိန်းတိုးလာခဲ့ကြောင်း ငါကြားသိခဲ့ရတယ်။ "

"တကယ်လို့ သူတို့မှာ ရည်မှန်းချက်မရှိရင် သူတို့စစ်တပ်ကို ဘာကြောင့် တိုးချဲ့မှာလဲ။ အန်းနန်ဟာ ဝူရှန်းနဲ့ မုန့်ရှီကျောက် အလယ်မှာတည်ရှိနေတယ်။ နှစ်ဖက်စလုံးက မဟာမိတ်ဖွဲ့ခဲ့ရင် အန်းနန်က ဘာဖြစ်သွားမလဲ။ "

ကျန့်ချိုးကျင်းချုံးကို နက်ရှိုင်းစွာ စိုက်ကြည့်လျက် ဝမ်ချောင် မေးလိုက်သည်။

ထင်ရှားကျော်ကြားသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးရှေ့၌ပင် ဝမ်ချောင်သည် လုံးဝနောက်ဆုတ်ရန် စိတ်ကူးမရှိခဲ့ပေ။ အန်းနန်ကိစ္စသည် စစ်သည်တစ်သန်းရှစ်‌သောင်းနှင့် မရေမတွက်နိုင်သော အပြစ်မဲ့ပြည်သူများနှင့် သက်ဆိုင်နေပေသည်။ ကျန့်ချိုးကျင်းချုံး၏အမျက်ဒေါသကို ခံစားရနိုင်သော်လည်း ဤစကားများကို သူပြောရမည်ကို သူသိသည်။

လက်ရှိအခိုက်အတန့်တွင် တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ အပေါ်မှအောက်ခြေအထိ၊ ကာကွယ်ရေးစစ်သူကြီးကျန့်ချိုးကျင်းချုံးမှ သာမန်ခြေလျင်တပ်သားများအထိ သူတို့ရှေ့တွင် အန္တရာယ်များ ပုန်းခိုနေသည်ကို မည်သူမျှ အနည်းငယ်မျှ သဘောပေါက်ခဲ့ခြင်းမရှိပေ။

ယခုအချိန်တွင် သူတို့ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုအား သတိပေးရန် ပြန်းထန်သောအသံတစ်ခု ရှိရမည်ဖြစ်သည်။ ဤသို့မဟုတ်လျှင် အရာအားလုံး ဖြစ်လာချိန်၌ အလွန်နောက်ကျသွားပေလိမ့်မည်။

ဝမ်ချောင်သည် ထိုအချိန်က သလင်းပြာစံအိမ်တွင် ယန်ကျိုးနှင့်တွေ့ဆုံခဲ့သည့်အတွက် ဝမ်းမြောက်မိပေသည်။ ထိုအခွင့်အလမ်းကြောင့်သာ သူသည် မမျှော်လင့်ဘဲ ဤအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။

ဝိညာဉ်သွေးကြောတွင် ကျင့်ကြံနေရမည့်အစား သူသည် ဤဧည့်ခံပွဲသို့ အပြေးအလွှားတက်ရောက်ရခြင်းမှာ ကျန့်ချိုးကျင်းချုံးကို ဖားရန် သို့မဟုတ် တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ ကွပ်ကဲသူများကို သူ့ဘက်သို့ ဆွဲခေါ်ရန် မဟုတ်ပေ။ သူလိုချင်သည့်အရာမှာ သူတို့အားလုံးရှေ့တွင် စကားပြောခွင့်ရရန်ဖြစ်သည်။

သူ့အတွက် ဤသည်မှာ ကျန့်ချိုးကျင်းချုံး၏ ရန်လိုမှုကို ဖြစ်စေလျှင်ပင် ကိစ္စမရှိပေ။

"ချောင်အာ"

ဝမ်ကန်းသည် သူ့တူလေးကို စိုးရိမ်နေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ ဤဧည့်ခံပွဲမစခင်တွင် သူသည် ဝမ်ချောင်ကို ကျန့်ချိုးကျင်းချုံးအား ရိုင်းပျစွာ မပြောတိုရန် သို့မဟုတ် အလွန်ရင်းရင်းနှီးနှီးမနေစေရန် တိုက်တွန်းခဲ့သည်။

သို့တိုင် ယခုအချိန်တွင် ဝမ်ချောင်သည် ကျန့်ချိုးကျင်းချုံးကို စိန်ခေါ်နေပေသည်။

ဤအချိန်တွင် ဝမ်ကန်းသည် ကျန့်ချိုးကျင်းချုံးနှင့် ပတ်သက်၍ အမှန်ပင်စိတ်မပူခဲ့ပေ။ လက်ရှိဝမ်ကလန်သည် သူ့ကို ကြောက်ရွံ့ရန် လိုအပ်သည်အထိ အလွန်အားနည်းမနေပေ။

ထို့အစား ဝမ်ချောင်၏ လက်ရှိခါတိုင်းနှင့်မတူသော အပြောအဆိုကြောင့် သူ စိုးထိတ်နေခဲ့သည်။

"မင်း ချာတိတ် မင်းဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ "

"ဒါက ငါတို့ စစ်သူကြီးကို ပြောသင့်တဲ့စကားလို့ မင်းထင်နေတာလား။ "

"မင်းဟာ မြို့စားကြီးကျူးရဲ့မြေးမို့လို့ ငါတို့ခေါင်းကို တက်နင်းနိုင်မယ်လို့ မထင်လိုက်နဲ့။ "

တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ ကွပ်ကဲသူများသည် နောက်ဆုံးတွင် သူတို့၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်။ နီရဲသော မျက်နှာများဖြင့် ရှေ့သို့ လှမ်းတက်လာကြကာ ဝမ်ချောင်ကို ကြိမ်းမောင်းလိုက်ကြသည်။

သူတို့၏စစ်သူကြီးသည် ဤဧည့်ခံပွဲသို့ အားလုံးကို ဖိတ်ခေါ်ခဲ့သည်မှာ စေတနာကြောင့်ဖြစ်ပြီး ဤသည်မှာ ရွှင်လန်းဖွယ်ကောင်းသော အခမ်းအနားတစ်ခုဖြစ်ရနါ ရည်ရွယ်ထားခဲ့သည်။ သို့တိုင် ဝမ်ကလန်၏ သခင်ငယ်သည် ဤအခါသမယတွင် သူတို့ကို စိန်ခေါ်ရန်သာ လိုတော့သည်။

သူတို့သည် ü-Tsang ၏ တိုက်ခိုက်ခြင်းခံရမည့် အန္တရာယ်ရှိကြောင်း သူပြောခဲ့သည်မှာ လုံလောက်ပါသည်။ ယခုတွင် သူသည် တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ကိုဆန့်ကျင်ကာ ဝိူရှန်းနှင့် မုန့်ရှီကျောက်တို့အကြား ပူးပေါင်းဆောင်ရွက်မည့် အလားအလာကိုပင် တင်ပြလာခဲ့သည်။ သူသည် အမှန်ပင် လွန်လွန်ပေသည်။

ကျင်းနန်တွင် စစ်ဖြစ်ပါက သူပျော်မည်လော။

"လူကြီးမင်းဝမ် မင်းကို တော်ဝင်ရုံးတော်ရဲ့ အရေးပါတဲ့ အရာရှိတစ်ယောက်အနေနဲ့ ငါတို့ လေးစားပါတယ် ဒါပေမယ့် ငါတို့ စစ်သူကြီးကို အဲဒီလို စော်ကားတာက ဘာကို ဆိုလိုတာလဲ။ "

ဝမ်ချောင်သည် ငယ်ရွယ်သောကြောင့် သူတို့အတွက် သူနှင့် ငြင်းခုံရန် မသင့်တော်ပေ။ ထို့ကြောင့် သူတို့သည် ဝမ်ကန်းဆီသို့ အာရုံစိုက်လိုက်ကြသည်။

အမှန်တွင် သူတို့ အများစုသည် ဝမ်ကန်း၏ ဇာတ်ကွက်အဖြစ် တွေး၍ရသည်။

"မင်းတို့အားလုံး ပါးစပ်ပိတ်ထား"

သို့သော် ထိုအချိန်တွင် ကျန့်ချိုးကျင်းချုံး၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားပြီး သူ့လက်ကို မြှောက်လိုက်ကာ သူ့တပ်မှူးများကို ဟောက်လိုက်သည်။ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးအနေဖြင့် သူသည် သူ့ခေါင်းပေါ်ချီးတက်ပါသည့် ထိုကဲ့သို့ မှတ်ချက်များပေးခွင့်မပြုသည်အထိ ကျဉ်းမြောင်းသည့် စိတ်ထားများမရှိနိုင်ပေ။

တခြားသူများ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်လျက် ဒေါသထွက်ရမည့်အစား ကျန့်ချိုးကျင်းချုံးသည် အတွေးထဲကျရောက်သွားခဲ့သည်။

အစပိုင်းတွင် ထိုကောင်လေးသည် အဓိပ္ပါယ်မရှိသည့် ရန်ပွဲတစ်ခုကို ဖြစ်ပွားစေချင်နေသည်ဟုသာ သူ တွေးထင်နေခဲ့သည်။ သို့သော် ဝမ်ချောင်ဘက်မှ ဇာတ်လမ်းအပြည့်အစုံကို ကြားလိုက်ရပြီးနောက် သူ့ဒေါသများသည် လုံးဝပျောက်ကွယ်သွားခဲ့သည်ကို သူ တွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ချောင် ပြောခဲ့သည်မှာ အဆုံးစွန်သော အမှန်တရားဖြစ်သောကြောင့် ဖြစ်သည်။

ဝူရှန်းတိုင်းပြည်၏ သတ္တမမြောက်ဘုရင်သည် ချင်ဟိုင်ရေကန်အနီးတွင် မြင်းတပ်ဖြစ်လာရန် သူတို့ကိုလေ့ကျင့်ပေးရန်အတွက် မျိုးနွယ်စုများကို လက်ရှိတွင် စစ်မှုမထမ်းမနေရ စုဆောင်းနေခြင်းဖြစ်ကြောင်း မကြာသေးမီက သူ့ကင်းထောက်များက ထောက်လှမ်းရရှိခဲ့သည့် ကိစ္စဖြစ်သည်။

မုန့်ရှီကျောက်မှ ဂဲလျိုဖန်းသည် မဟာထန်ဆီသို့ မာန်မာနထောင်လွှားပြီး ရန်လိုသော သဘောထားကို တဖြည်းဖြည်း မွေးမြူလာခဲ့သည်။ သူသည် အခြားသူများထက် ဤအရာကို ပိုမိုရှင်းလင်းစွာ သိရှိသူဖြစ်သည်။

မုန့်ရှီကျောက်သည် မဟာထန်၏ လက်အောက်ခံနိုင်ငံဖြစ်သည်။ ယခင်က ဂဲလျိုဖန်းသည် ကျန့်ချိုးကျင်းချုံးကို လေးလေးစားစား ဆက်ဆံခဲ့သေးသည်။ သို့သော်ယခုတွင် ဂဲလျိုဖန်းသည် မဟာထန်ဆီမှ ညွှန်ကြားချက်တိုင်း ထိုအရာသည်ကာကွယ်ရေးစစ်သူကြီးကိုယ်တိုင်ထံမှ ရောက်လာသည့်တိုင် လျစ်လျူရှုထားခဲ့သည်။

မကြာသေးမီက သူရရှိခဲ့သည့်သတင်းမှာ ဂဲလျိုဖန်းသည် မဟာထန်နှင့် ရင်းနှီးသော ဝန်ကြီးများနှင့် သံတမန်များကို ထုတ်ပယ်ကာ ငယ်ရွယ်သော စစ်ဘက်ဆိုင်ရာ အရာရှိများကို ရာထူးတိုးပေးခဲ့သည်။

ဤသည်မှာ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့အတွက် သတင်းကောင်း မဟုတ်ပေ။

မုန့်ရှီကျောက်နှင့် ဝူရှန်းတိုင်းပြည်တို့သည် ပမာမခန့်ပြုပြီးရန်လိုသည့် အရိပ်အယောင်များ ပြသနေခဲ့ကြပြီး ဤအရာသည် ‌ကျန့်ချိုးကျင်းချုံးအတွက် လုံလောက်စွာ ရှင်းလင်းနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း စစ်မှုထမ်းဌာနသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် သူသည် ဤတာဝန်ကို သူ၏ ဆက်ခံသူထံ တွန်းပို့ရန် မျှော်လင့်ထားခဲ့သည်။

ဝမ်ကလန်မှ ဤဆယ့်ငါးနှစ်အရွယ် မျိုးဆက်တစ်ယောက်သည် ဤအရာအားလုံးကို သူ့ရှေ့တွင် အမှန်ပင် ထောက်ပြလိမ့်မည်ကို မည်သူသိမည်နည်း။

ဝမ်ကလန်၏ ထောက်လှမ်းရေးကွန်ရက်သည် ဤမျှအထိ ကျယ်ပြန့်နေပြီလော။

ထိုအခိုက်အတန့်တွင် ကျန့်ချိုးကျင်းချုံးသည် မရေမတွက်နိုင်သောအတွေးများ ခေါင်းထဲတွင် ပေါ်လာခဲ့ကာ ဝမ်ချောင်၏ မျက်လုံးများကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ တခဏကြာပြီးနောက် သူသည် ဝမ်ကန်းကို လှည့်ကြည့်လိုက်သည်။

ကျန့်ချိုးကျင်းချုံးသည် သူ့နှလုံးသား အနက်ဆုံးအပိုင်းမှ ထိုအရာအားလုံးသည် ဝမ်ချောင်ကဲ့သို့ ငယ်ရွယ်သော လူတစ်ဦးဆီမှ ဆင်းသက်လာမည်ဟု ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။ ဤအရာအားလုံးသည် ဝမ်ကန်း၏ အကြံအစည်များဖြစ်သည်ဟု သူ ပို၍ယုံကြည်ပေသည်။

ဝမ်ကန်း၏ တိတ်ဆိတ်နေမှုသည် သူ့သံသယများကို အတည်ပြုပေးနေပုံရသည်။

တော်ဝင်ရုံးတော်၏ အရေးကြီးသော အရာရှိတစ်ဦးနှင့် အမှုထမ်းဟောင်းတစ်ဦးအနေဖြင့် ဝမ်ကန်းသည် ပညာရှင်ဧကရာဇ်နှင့် တွေ့ဆုံခွင့်ရရှိထားသည်။ ထိုသို့ဖြစ်သောကြောင့် သူ့တူလေး ပြောခဲ့သည့် ဤစကားများသည် မည်သည့်နေရာမှ ထွက်လာရန်မဖြစ်နိုင်ပေ။

'ဒါက...ပညာရှိဧကရာဇ်ရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်မလား'

ကျန့်ချိုးကျင်းချုံး ထိတ်လန့်တကြားတွေးလိုက်သည်။

သို့သော် အမှန်ပင် သူသည် ဤတစ်ကြိမ်တွင် လုံးဝမှားယွင်းသွားခဲ့သည်။ ဤအရာများအားလုံးသည် ဝမ်ချောင်၏ကိုယ်ပိုင်အစပျိုးမှုပင်။ ဝမ်ကန်းနှုတ်ဆိတ်နေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့တူလေးအပေါ် အံ့မခမ်းယုံကြည်မှုကြောင့် ဖြစ်သည်။

ထို့အပြင် ဝမ်ကန်းသည် တစ်ဦးတည်းသောသူမဟုတ်ပေ။ စုန့်ဘုရင်လည်း အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်သည် ဘာလုပ်ရန် ရည်ရွယ်ထားပါစေ ဝမ်ကန်းနှင့် စုန့်ဘုရင်သည် သူ့ကို လုံးဝတားဆီးမည်မဟုတ်ချေ။

ဤသည်မှာ ဤကလေးသည် မည်သည့်အခါမျှ အဓိပ္ပါယ်မဲ့သော ကိစ္စများတွင် ပါဝင်မည်မဟုတ်ကြောင်း သူတို့နှစ်ဦးစလုံး သိထားသောကြောင့်ဖြစ်သည်။

အတိတ်တွင် ဤကဲ့သို့အဖြစ်မျိုး အကြိမ်ပေါင်းများစွာ ပြသခဲ့သည်။

အပိုင်း ၂၇၅

ကျင်းနန်စစ်သူကြီးများ၏ လေးစားသမှု

သို့သော် မည်သို့ပင်ဆိုစေကာမူ ဤမရည်ရွယ်ထားသည့် နားလည်မှုလွဲမှားခြင်းကြောင့် ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်၏စကားကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။

"စစ်သူကြီးတစ်ယောက်ရဲ့ သားသမီးတစ်ယောက်ဆိုသလိုပဲ ဝမ်သခင်လေးက ဒီလိုကိစ္စတွေအပေါ်မှာ လေးလေးနက်နက် စဉ်းစားတာကောင်းပါတယ်။ မင်းတို့အားလုံး သူ့စကားတွေကို အများကြီးတွေးနေစရာမလိုဘူး။ "

ကျန့်ချိုးကျင်းချုံးသည် သူ့လက်အောက်ငယ်သားများကို ရပ်တန့်ရန် သူ့လက်များကို ဝေ့ယမ်းလိုက်ကာ ဝမ်ချောင်ထံသို့ လှည့်လိုက်သည်။ ခပ်ဖျော့ဖျော့အပြုံးနှင့် အားကောင်းသည့် စစ်သူကြီးတစ်ဦး၏ စွမ်းအားဖြင့် သူပြောလိုက်သည်...

"မုန့်ရှီကျောက်နဲ့ ဝူရှန်းဟာ ကမ္ဘာပေါ်မှာ ပေါ်လာခဲ့တာ ကြာပါပြီ ဒါပေမယ့် ဝမ်သခင်လေးပြောတဲ့ အခြေအနေက အရင်က မဖြစ်ခဲ့ဖူးဘူး။ "

"မုန့်ရှီကျောက်နဲ့ ဝူရှန်း တစ်ခုက အားဟိုင်မှာဖြစ်ပြီး နောက်တစ်ခုကတော့ ကုန်းပြင်မြင့်မှာဖြစ်တယ်။ ဒီနိုင်ငံနှစ်ခုဟာ ဘာသာစကား၊ ဓလေ့ထုံးတမ်းတွေနဲ့ အသားအရောင်တောင်မှ လုံးဝကွဲပြားကြတယ်။ ပြောစရာမလိုအောင် ငါတို့မဟာထန်ဟာ သူတို့နှစ်ခုစလုံးကို ထက်ရှတဲ့ဓားလို နှစ်ပိုင်းခွဲထားတယ်။ နိုင်ငံနှစ်ခုဟာ တစ်ခုနဲ့တစ်ခု သင့်တင့်လျောက်ပတ်အောင် ပြောဆိုဆက်သွယ်ဖို့တောင် မဖြစ်နိုင်ဘူး သူတို့ပူးပေါင်းဆောင်ရွက်ဖို့ဆို ပြောနေစရာတောင်မလိုဘူး။ "

"လူသားတွေရဲ့နှလုံးသားဟာ အမြဲသံသယတွေနဲ့ ပြည့်နေခဲ့တယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက်အလုပ်လုပ်ဖို့ ဒီအပိုင်းမှာတင် လုံလောက်အောင်ခက်ခဲနေပြီဖြစ်တယ် ဒီနေရာမှာ ငါတို့ဟာ တိုင်းပြည်နှစ်ခုရဲ့ စစ်တပ်တွေအကြောင်း ပြောနေတာဖြစ်တယ်။ ဘယ်သူက ဘယ်သူ့ကို ညွှန်ပေးမှာလဲ။ ဘယ်သူက ဦးဆောင်ပြီး ဘယ်သူက နားထောင်မလဲ။ ဝမ်သခင်လေးဟာ အရင်က စစ်မြေပြင်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး ဒါကြောင့် မင်းဒီလိုစစ်ရေးကိစ္စတွေကို ကျင့်သားရမနေတာက သဘာဝပါပဲ။ "

ကျန့်ချိုးကျင်းချုံးသည် သူ့လက်ညိုးဖြင့် စားပွဲကို အသာအယာခေါက်လိုက်သည်။

"တကယ်လို့ နိုင်ငံနှစ်ခုဟာ မဟာထန်ကို တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့ခဲ့ရင် အနည်းဆုံး စစ်သည်နှစ်သိန်းစီ စေလွှတ်ရမှာဖြစ်တယ်။ ပေါင်းစည်းထားတဲ့ စစ်သည်လေးသိန်းရှိတဲ့ တပ်ကို ဘယ်သူက အမိန့်ပေးမှာလဲ။ ဘယ်တော့ တိုက်ကြမှာလဲ။ ဘယ်လိုတိုက်ခိုက်ကြမှာလဲ။ တပ်နှစ်တပ်က အချင်းချင်း ဘယ်လိုပူးပေါင်းကြမှာလဲ... ဝမ်သခင်လေး မင်းက အရမ်းငယ်သေးတယ် ဒီလိုကိစ္စတွေရဲ့နောက်ကွယ်က ရှုပ်ထွေးမှုတွေကို လျှော့တွက်ဖို့က မင်းရှောင်လွှဲလို့ မရတဲ့အရာပါပဲ။ အဲဒါက ရဲမက် လေးသိန်းဖြစ်တယ် ရာဂဏန်းအနည်းငယ် ဒါမှမဟုတ် ထောင်ဂဏန်းအနည်းငယ် မဟုတ်ဘူး။ သူတို့က လွယ်လွယ်နဲ့ ဘယ်လို ပူးပေါင်းနိုင်မှာလဲ။ "

"ဒါ့အပြင် သူတို့က အချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြမယ်ဆိုရင်တောင်မှ ငါတို့ရဲ့ လက်ရွေးစင်တပ်သားသိန်းဂဏန်းနဲ့ ငါတို့ခံတပ်ရဲ့ ဗျူဟာမြောက် အားသာချက်ကြောင့် ငါတို့ဟာ သူတို့ရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်ဘူးလို့ မင်းထင်နေတာလား။ ငါတို့က သူတို့ကို တော်ဝင်ရုံးတော်က တပ်မ ရောက်လာတဲ့အချိန်အထိ တားဆီးနိုင်သရွေ့ သူတို့စစ်သည်ဘယ်လောက်ပဲ စေလွှတ်လိုက်ပါစေ သူတို့ကို လုံးဝရှင်းပစ်နိုင်လိမ့်မယ်။ "

"အရာအားလုံးကို ဘေးဖယ်ထားလိုက်ရင် ကျင်းနန်နဲ့ အနီးဆုံးမှာရှိနေတဲ့ စစ်တပ်က လုံရှီမှာရှိတဲ့ ကြယ်ခုနှစ်ပွင့်တပ်ပဲ။ အဲဒါက မဟာစစ်သူကြီးဝမ်ချောင်စီကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ဒါက လက်ရှိမှာ ကော်ရှု့ဟန်လက်အောက်မှာရှိပေမယ့်လည်း ဝူရှန်းရဲ့ သံမဏိမြင်းစစ်သည်တွေနဲ့ ရင်ဆိုင်ခဲ့ကြဖူးတဲ့ ဝါရင့်ဟန်စစ်သည်တွေအဓိကပါဝင်နေတာဖြစ်တယ်။ " (PS; အရင်က သုံးနှုန်းခဲ့တဲ့စစ်မှုထမ်းဟောင်း သို့မဟုတ် အမှုထမ်းဟောင်းတွေဟာ ဝါရင့်အမှုထမ်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ )

"မင်းပြောခဲ့တဲ့ အခြေအနေမျိုး ကြုံလာခဲ့ရင် ကြယ်ခုနှစ်ပွင့်စစ်တပ်က သေချာပေါက် လှုပ်ရှားလိမ့်မယ်။ ဒါ့အပြင် နယ်စပ်တလျှောက်မှာရှိတဲ့ အခြားတပ်ဖွဲ့တွေကိုလည်း မင်းပြောတဲ့ ဒီဘေးဆိုးအတွက် စုစည်းနိုင်မှာဖြစ်တယ်။ မင်းပြောခဲ့တဲ့ ဖြစ်နိုင်ခြေက ငါတို့ရဲ့မဟာထန်သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးခဲ့ဘူး။ စစ်ပွဲဟာ ကစားပွဲတစ်ခုမဟုတ်ဘူး။ ဂဲလျိုဖန်းဟာ ဘယ်လောက်ပဲ ရည်မှန်းချက်ကြီးပါစေ သူ့ရွေးချယ်မှုတွေကို သေချာချိန်ဆရလိမ့်မယ်။ သူ့ရဲ့အားဟိုင်မုန့်ရှီကျောက်ဟာ မဟာထန်ရဲ့ဒေါသကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ "

သူ့စကားအဆုံးတွင် ကျန့်ချိုးကျင်းချုံးသည် သူ့အသံမှတဆင့် ဖိအားပေးလိုသည့် အာဏာများစီးထွက်လာကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ မုန့်ရှီကျောက်သည် မဟာထန်၏ လက်အောက်ခံနိုင်ငံဖြစ်သည်ဟူသော အဓိပ္ပာယ်သည် ဝူရှန်းနှင့် ကွဲပြားပေသည်။

လက်အောက်ခံနယ်မြေများသည် တိုင်းပြည်က သိမ်းပိုက်နိုင်သော်လည်း ထိုသို့လုပ်ရန်မရွေးချယ်ခဲ့သည့် နိုင်ငံများကို ကိုယ်စားပြုသည်။

မုန်ရှီကျောက်သည် တော်လှန်ရေးမစမီ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

"လူကြီးမင်း မုန့်ရှီကျောက်ဟာ ဝူရှန်းနဲ့ အောင်မြင်စွာ မဟာမိတ်ဖွဲ့နိုင်မလားဆိုတာ သေချာမပြောနိုင်ပေမယ့် မုန့်ရှီကျောက်က ပုန်ကန်ဖို့ ကြံရွယ်ထားတယ်ဆိုတာက လုံးဝအမှန်တရားပဲ ပြီးတော့ သူတို့က ဝူရှန်းရဲ့ခုနှစ်ဆက်မြောက်ဘုရင်နဲ့ ဆက်သွယ်ဖို့ သံတမန်တစ်ဦးကို စေလွှတ်ထားတယ်။ "

ဝမ်ချောင်၏ စကားသည် အခန်းထဲတွင် ချက်ချင်းအုံကြွမှုတစ်ခုကို ဖြစ်သွားစေခဲ့သည်။ ကျန့်ချိုးကျင်းချုံး၊ ရှန်းယုချောင်ထုံ နှင့် အခြားကျင်းနန်ကွပ်ကဲသူများ၏ မျက်နှာများသည် ချက်ချင်းပင် တုန်လှုပ်စွာ တွန့်ချိုးသွားခဲ့ကြသည်။

"ဝမ်သခင်‌လေး မင်းဘာကိုဆိုလိုတာလဲ။ တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဟာသအနေနဲ့ ပြောလို့မရဘူး။ မုန့်ရှီကျောက်က ဝူရှန်းနဲ့ မဟာမိတ်ဖွဲ့ထားတာ အမှန်ပဲလား။ "

ကျန့်ချိုးကျင်းချုံးသည် တင်းမာသော အမူအရာဖြင့် မေးလိုက်သည်။

ဝမ်ချောင်သည်သည် သူနှင့် စစ်ဘက်ဆိုင်ရာ အသိအမြင်အချို့ကို ဖလှယ်လိုသည်ဟု သူထင်ခဲ့သည်။ ဤသည်မှာ စစ်ဘက်ဆိုင်ရာကလန်များကြားတွင် ပို၍အဖြစ်များသည်။ သို့သော်လည်း ဝမ်ချောင်စကားလုံးများ၏ အကြောင်းအရာသည် အသိအမြင်ဖလှယ်လိုသည့်နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်။ ဤသည်မှာ မဟာထန်၏ ကံကြမ္မာအပေါ် သက်ရောက်နိုင်သည့် အရာဖြစ်သည်။

မုန့်ရှီကျောက်သည် ဝူရှန်းနှင့် မဟာမိတ်ဖွဲ့ရန် အမှန်ပင် စီမံထားခဲ့ပါက ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်ပေလိမ့်မည်။ မဟာထန်၏ အနောက်တောင်ပိုင်းနှင့် ပတ်သက်သည့် ကိစ္စအားလုံးသည် အနည်းဆုံး စစ်မှုထမ်းဌာနသို့ မဝင်ရောက်မီ သူ့စီရင်ပိုင်ခွင့်အတွင်း ရှိနေသည်။

အကယ်၍ ထိုနေရာတွင် တစ်ခုခုဖြစ်ခဲ့ပါက ဤနေရာရှိလူတိုင်းထိခိုက်ပေလိမ့်မည်။

"သိပ်မကြာသေးခင်ကပဲ အားဟိုင်က လူငယ်မျိုးဆက်တစ်ယောက်ကို ကျွန်တော်တွေ့ခဲ့တယ်။ သူ့ဖခင်ဟာ မုန့်ရှီကျောက်က အရေးကြီးတဲ့ အရာရှိတစ်ဦးဖြစ်ပြီး ကျွန်တော်ရဲ့ နွေးထွေးတဲ့ ဖိတ်ခေါ်မှုအောက်မှာ သူဟာ မူးမူးနဲ့ဝန်ခံခဲ့တယ် အဲဒါက ဂဲလျိုဖန်းဟာ သူ့ရဲ့ နက်နက်ရှိုင်းရှိုင်းယုံကြည်ရတဲ့ လက်အောက်ငယ်သားတစ်ဦးကို ဝူရှန်းနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် သံတမန်အဖြစ် စေလွှတ်ထားခဲ့တယ် တဲ့။ အဲဒီအမျိုးသားကောင်းဟာ ကျွန်တော်တို့မဟာထန်အပေါ် စေတနာရှိပြီး ကျွန်တော်တို့နိုင်ငံတွေကြား စစ်ပွဲမဖြစ်ဖို့ သူမျှော်လင့်နေတယ်။ ဒီစကားတွေကို သူပြောခဲ့တာက မရည်ရွယ်ဘဲ ပြောခဲ့တာလို့ ကျွန်တော်ယုံကြည်တယ်။ "

"ဒါပေမယ့်လည်း နောက်တစ်နေ့ရောက်တဲ့အခါမှာ သူဟာ သူရဲ့ဖွင့်ဟမှုကို သိရှိသွားပြီး နှုတ်တောင်မဆက်ဘဲ အားဟိုင်ကို အမြန်ပြန်သွားခဲ့တယ်။ ဒီကိစ္စကြောင့်သာ စစ်သူကြီးကျန့်ချိုးကို ကျွန်တော်တင်ပြခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ် ဒီလိုပြောထွက်လာမယ်လို့ ကျွန်တော်မရည်ရွယ်ခဲ့ပါဘူး။ "

ဝမ်ချောင် ပြောလိုက်သည်။

ထိုစကားများသည် ဧည့်ခံပွဲရှိ လေထုကို ချက်ချင်းလေးလံသွားစေခဲ့သည်။ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်သူကြီးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယန်ကျိုးသည် ဤအကြောင်းအရာ၏ ပြင်းထန်မှုကို နားလည်လိုက်သောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

"ဝမ်သခင်လေး မင်းကိုမေးခွန်းထုတ်မိတဲ့အတွက် ခွင့်လွှတ်ပါ ဒါပေမယ့် မင်းပြောခဲ့တဲ့ အားဟိုင်အမျိုးသားကောင်းရဲ့ မျိုးရိုးနာမည်ကဘာလဲ။ "

ကျန့်ချိုးကျင်းချုံးသည် လေးနက်သည့်အသံဖြင့် မေးလိုက်သည်။

"သူ့မျိုးရိုးနာမည်က ချန်ပါ"

ဝမ်ချောင် ပြောလိုက်သည်။ သူသည် ဤနေရာရှိ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့မှ ကွပ်ကဲသူများအားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်ကို မြင်လိုက်ရသည်တွင် ဝမ်ချောင်သည် သူတို့အား နှလုံးသားထဲမှ တောင်းပန်လိုက်သည်။

နန်ကျောက်နှင့် ပတ်သက်သော ကိစ္စသည် နောက်ပြောင်စရာကိစ္စမဟုတ်ပေ။ ထိုသည်မှာ လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း၊ မြို့အတော်များများနှင့် တိုင်းသူပြည်သားတစ်သန်းကျော်တို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် သက်ဆိုင်ပေသည်။

ဤကျင်းနန်ကွပ်ကဲသူများကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် သူတို့သည် အန္တရာယ်များရှိနေကြောင်း သတိပေးရန်အတွက် သူသည် လှည့်ကွက်အချို့ကို အသုံးပြုရန်သာ တတ်နိုင်ပေသည်။

"ချန်လား"

ကျန့်ချိုးကျင်းချုံးသည် အတွေးထဲကျရောက်သွားသကဲ့သို့ ခေါင်းငုံ့လိုက်သည်။ သူသည် မုန့်ရှီကျောက်၏ အထက်ပိုင်းအဆင့်များနှင့် ရင်းနှီးပြီး သူတို့၏နာမည်များကို ပြန်တွေးလိုက်ကာ ချန်မျိုးရိုးနာမည်ဖြင့် ဩဇာကြီးမားသည့် အရာရှိတစ်ဦးသည် အမှန်ပင်ရှိနေခဲ့သည်။ ထို့အပြင် သူသည် ယခင်က မဟာထန်အတွက် ဂဲလျိုဖန်းနှင့် တွဲဖက်ခဲ့ဖူးသည်။

မြို့စားကြီးကျူးမျိုးဆက်၏ စကားများသည် အမှန်ဖြစ်နိုင်သည်လော။ ဂဲလျိုဖန်းသည် မဟာထန်ကို ရင်ဆိုင်ရန်အတွက် ဝူရှန်းနှင့် မဟာမိတ်ဖွဲ့ရန် အမှန်တကယ်ပင် ကြံရွယ်နေသည်လော။

"ဂဲလျိုဖန်းဟာ မြင့်မားတဲ့ရည်မှန်းချက်နဲ့ လူတစ်ယောက်ဖြစ်တယ်။ သူ့ဆန္ဒတွေကို အောင်မြင်နိုင်ဖို့အတွက် သူဟာ ဘယ်လိုအန္တရာယ်ကိုမဆို ကျော်ဖြတ်ပြီး ဘယ်လိုအကျိုးဆက်ကိုမဆို ရင်ဆိုင်ဖို့ ဆန္ဒရှိတယ်။ ဒါ့အပြင် လူကြီးမင်းကျန့်ချိုးကလည်း မုန့်ရှီကျောက်ဟာ မဟာထန်အတွက် ယှဉ်ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူလုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ဝူရှန်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ဖြစ်တယ်။ "

"ဝူရှန်းနဲ့မုန့်ရှီကျောက်တို့ဟာ တစ်နေရာနဲ့တစ်နေရာ ဝေးကွာကြပြီး ပြောစရာမလိုအောင် သူတို့ကို မဟာထန်က ပိုင်းခြားထားတယ်။ ဒါပေမယ့် ဂဲလျိုဖန်းက သူ့ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ခေါင်းငုံ့ထားရမယ်ဆိုရင်တောင် ဝူရှန်းရဲ့ တောင်းဆိုချက်မှန်သမျှကို သူလက်ခံမှာ သေချာတယ်။ အဆုံးမှာ ဒါတွေအားလုံးက စကားလုံးသက်သက်ပါ။ ဝူရှန်းက သူတို့ရဲ့ ညှိနှိုင်းမှုမှာ အဆုံးစွန်းအထိ ဖြည့်ဆည်းပေးဖို့ တောင်းဆိုရင်တောင် မုန့်ရှီကျောက်ကို အတင်းအကြပ် ဖိအားပေးဖို့အတွက် မဟာထန်ကိုဖြတ်ကျော်လို့မရနိုင်ဘူး။ ဒီလိုညှိနှိုင်းမှုမျိုးဟာ မုန့်ရှီကျောက်ကိုသာ အကျိုးရှိစေလိမ့်မယ်။ အနည်းဆုံးတော့ ဂဲလျိုဖန်းကို ​​မဟာထန်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်စေလိမ့်မယ်။ "

သူ့စကားများသည် အလုပ်ဖြစ်နေပြီဆိုသည်ကိုကြားသိလိုက်သည်တွင် ဝမ်ချောင်သည် ကျန့်ချိူကျင်းချုံးကို ပို၍သိမ်းသွင်းစည်းရုံးရန် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

"ပြီး‌တော့ဝူရှန်းအတွက် သူတို့ဟာ မဟာထန်နဲ့ တိုက်ပွဲအငယ်စားတွေ နေ့တိုင်းတိုးတိုးလာနေတယ် မဟာမိတ်ဖွဲ့မှုကနေ မုန့်ရှီကျောက်ဆီက ဘာတစ်ခုမှ မရခဲ့ဘူးဆိုရင်တောင် မဟာထန်ကို အားနည်းသွားစေရုံနဲ့ သူတို့အတွက် အကျိုးရှိနေဦးမှာပဲ။ ဆိုရိုးစကားအတိုင်း ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဖြစ်တယ်။ မုန့်ရှီကျောက်ဟာ သူ့ကမ်းလှမ်းမှုနောက်ကွယ်မှာ ရိုးသားမှုနဲ့ စစ်မှန်မှုကို ပြသနိုင်သရွေ့ ဝူရှန်းဟာ မဟာမိတ်ဖွဲ့ဖို့ အခွင့်အလမ်းများတယ်။ "

ပထမအကြိမ်အဖြစ် ကျန့်ချိုးကျင်းချုံးသည် ထိတ်လန့်သွားခဲ့ကာ သူ့ရှေ့တွင်ထိုင်နေသည့် လူငယ်ကို ပြန်လည်အကဲဖြတ်လိုက်သည်။ ရှန်းယုချောင်ထုံပင်လျှင် ဤနှိမ့်ချသော လူငယ်လေးထံမှ ထူးခြားသည့် တစ်စုံတစ်ရာရှိနေသည်ကို ခံစားသိရှိနိုင်ပြီး သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာခဲ့သည်။

ဤနေရာတွင် ဝမ်ချောင်သည် အဓိပ္ပာယ်မရှိသော စကားများကို ပြောနေခဲ့သည်ဟု ဤအခန်းထဲရှိ မည်သူမျှ တွေးဝံ့ခြင်းမရှိတော့ပေ။ သူ့စကားများရှိ အလေးချိန်သည် သူတို့၏ပုခုံးများကို ဖိထားသကဲ့သို့ပင် ခံစားရစေသည်။

ငယ်ရွယ်သော်လည်း ဝမ်ကလန်မှ လူငယ်သည် ဝူရှန်းနှင့် မုန့်ရှီကျောက်တို့၏ ဆက်ဆံရေးကို တိကျပြတ်သားစွာ ခွဲခြမ်းစိတ်ဖြာပြီး ထောက်ပြနိုင်ခဲ့သည်။

အစပိုင်းတွင် ဤလူငယ်သည် ကာကွယ်ရေးစစ်သူကြီးကို မောက်မာစွာ စော်ကားနေသည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် ဝမ်ချောင်၏ စကားများကို ဂရုတစိုက်စဉ်းစားရုံကလွဲ၍ သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသည်မှာ သူ၏သံသယများနှင့် စိုးရိမ်မှုများသည် ကျိုးကြောင်းဆီလျော်သောကြောင့်ဖြစ်သည်။

မုန့်ရှီကျောက်နှင့် ဝူရှန်းတို့သည် ယခင်က မပူးပေါင်းခဲ့ကြသော်လည်း ယင်းဖြစ်နိုင်ချေကို ဖယ်ထုတ်နိုင်သည်ဟု မဆိုလိုပေ။ ဝမ်ချောင်ပြောသည့်အတိုင်းပင် မုန့်ရှီကျောက်သည် မဟာထန်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ဝူရှန်း၏ ခွန်အားကို ငှားယူနိုင်ပြီး လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်လာနိုင်သည်။

ထိုနည်းတူစွာ ဝူရှန်းသည် မဟာတန်အား အပြင်းအထန်ထိုးနှက်ရန် မုန့်ရှီကျောက်ကို အသုံးပြုပြီး မဟာထန်ဆီမှ ခံစားခဲ့ရသော အရှက်ရဖွယ်ရာ ရှုံးနိမ့်မှုများစွာကို ဖယ်ရှားနိုင်ပေမည်။ မဟာထန်ကို ဒုက္ခပေးရန်ဟူသော ရည်ရွယ်ချက်အတွက်ပင်လျှင် ဝူရှန်းသည် မဟာမိတ်ဖွဲ့ခြင်းကို လက်ခံရန် ဆန္ဒရှိပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ဝူရှန်းတိုင်းပြည်သည် အလယ်ပိုင်းလွင်ပြင်ဒေသကို ကျူးကျော်ရန် အရှေ့ဘက်သို့ ချီချလာမည်မဟုတ်ဟု လူတိုင်းထင်နေရသည့် အဓိကအကြောင်းအရင်းမှာ ဝူရှန်းသည် ကျင်းနန်နှင့်ပတ်သက်ပြီး မည်သည့်အသိပညာနှင့်ပါဝင်ပတ်သက်ခဲ့ခြင်းမှ မရှိသောကြောင့်ဖြစ်သည်။

လုံးဝစိမ်းသက်သည့် နယ်မြေကို တိုက်ခိုက်ခြင်းသည် ဝူရှန်းတိုင်းပြည်၏ အင်အားကို ထိခိုက်စေမည်မှာ သေချာသည်။

သို့သော်လည်း မုန့်ရှီကျောက်သည် ဤအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ မဟာထန်၏ လက်အောက်ခံနယ်မြေတစ်ခုအနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းနန်သို့ ၀င်ရောက်လာသော သြဇာကြီးသူများ အပါအဝင် အားဟိုင်ကုန်သည်များနှင့် အရာရှိများ အများအပြားရှိသည်။

မုန့်ရှီကျောက်သည် လမ်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခြင်းဖြင့် ဝူရှန်းသည် ဤချို့ယွင်းချက်ကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

ကျန့်ချိုးကျင်းချုံးပင်လျှင် မတတ်နိုင်ဘဲ ဝမ်ချောင် ခန့်မှန်းသည့် အခြေအနေသည် ဖြစ်လာရန် ဖြစ်နိုင်ချေမြင့်မားကြောင်း ဝန်ခံလိုက်ရသည်။ ထိုသို့သော အတွေးများဖြင့် သူ့နှလုံးသားသည် စတင်၍လေးလံလာခဲ့သည်။

သူ့မျက်လုံးများသည် သူ့ရှေ့တွင်ထိုင်နေသော လူငယ်ကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် တစ်ဖက်သားအပေါ်ထားသည့် သူ့ထင်မြင်ချက်သည် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မြို့တော်ကို မရောက်မီက သူသည် ဤလူငယ်၏ ဂုဏ်သတင်းကို ကြားခဲ့ဖူးပြီးဖြစ်သည်။ ဤလူငယ်သည် စစ်တပ်တွင်းရှိ သြဇာကြီးသော စစ်သူကြီးများစွာကို လှုပ်ရှားရန် ဆွဲဆောင်ခဲ့သည့် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်နှင့် ပတ်သက်၍ မုန်တိုင်းဗဟိုချက်ဖြစ်ခဲ့သည်။

ကောလဟာလများကို ကြားသိရခြင်းသည် ကိစ္စတစ်ခုဖြစ်သော်လည်း ကိုယ်တိုင်တွေ့ကြုံခံစားရခြင်းမှာ အခြားတစ်ခုဖြစ်သည်။

သူသည် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်တွင် ဝမ်ချောင်ကို ကူညီပေးခဲ့သည်။ သို့သော် ဝမ်ချောင်သည် မဟာထန်တွင် ခိုအောင်းနေသော အင်အားစုအမျိုးမျိုးကို စိုးထိတ်ရန် ငယ်လွန်းသည်ဟု သူထင်ခဲ့သည်။

သို့သော် ဤကိစ္စသည် လုံးဝကွဲပြားခြားနားပေသည်။

အနောက်တောင်ဒေသသည် ကျန်းချိုးကျင်းချုံး၏နယ်မြေဖြစ်ပြီး သူသည် အားဟိုင်မုန့်ရှီကျောက်နှင့် ဝူရှန်းတို့နှင့်ပတ်သက်သော အရေးကိစ္စများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ သို့တိုင် ဤလူငယ်သည် သူ့ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်ကို နားလည်မှုတွင် သူ့ကို ရိုက်ချရန် တတ်စွမ်းနိုင်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ကျန့်ချိုးကျင်းချူံးသည် သူသည် ဝမ်ချောင်ကို အလွန်အမင်း လျှော့တွက်နေသည်ဟု ခံစားလိုက်ရသည်။

ဤ‌နေဆယ်စင်းတည်းခိုခန်းတွင် သူသည် ဤဧည့်ခံပွဲကို အိမ်ရှင်အဖြစ်ကျင်းပနိုင်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ဝမ်ချောင်၏အကူအညီကြောင့်ဖြစ်သော်လည်း ဝမ်ချောင်သည် သူ့ကိုကူညီနိုင်ခဲ့ရခြင်း၏ ပုန်းကွယ်နေသည့်အကြောင်းရင်းမှာ မြို့စားကြီးကျူး၏မြေးနှင့် ဝမ်ကန်း၏တူဖြစ်သောကြောင့် ဖြစ်သည်။

တစ်နည်းဆိုရသော် သူသည် ဂုဏ်သိက္ခာရှိသော ကလန်တစ်ခုမှ မွေးဖွားလာခြင်းကြောင့်သာ ဖြစ်သည်။

သို့သော် လက်ရှိ သူ၏မှင်သက်နေမှုကြားမှ သူသည် သူ့ရှေ့ရှိ လူငယ်အပေါ် နားလည်မှု လုံးဝလွဲမှားနေကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။ အကယ်၍ လူတစ်ဦးသည် သူ့ကို ဝန်ကြီးများနှင့် စစ်သူကြီးမျိုးရိုးကလန်၏ မျိုးဆက်တစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာရှိသောနောက်ခံနှင့် ဝမ်ကန်း၏တူနှင့် မြို့စားကြီးကျူး၏မြေးအဖြစ်မှ ပယ်ဖျက်လိုက်လျှင်ပင် သူသည် သူ့ပါရမီဖြင့် တောက်ပနိုင်ဆဲပင်။

ဤလူငယ်သည် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။

မသိလိုက်ဘဲ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲမှ အဖွဲ့၏ သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး သူတို့၏ မျက်လုံးများတွင် လေးစားသမှုများ ပေါ်လာခဲ့ကြသည်။

မုန့်ရှီကျိုး၊ မဟာထန်နှင့် ဝူရှန်း တို့ကြားရှိ ဆက်ဆံရေးကို တိကျစွာ ထောက်ပြနိုင်သော လူငယ်၏ အရည်အချင်းသည် မည်သူမျှ သူ့ကို ပေါ့ပေါ့တန်တန်သဘောမထားဝံ့အောင် ဖြစ်စေခဲ့သည်။

မူရင်းဘာသာပြန်သူအမှာစာ- နန်ကျောက်နဲ့ မုန့်ရှီကျောက်ဟာ အခုအချိန်မှာ အတူတူလို့ ယူဆနိုင်ပါတယ်။ ဘာလို့လဲဆိုတော့... နန်ကျောက်ဟာ ကျောက်ငါးကျောက်ရဲ့ နာမည်ဖြစ်ပြီး အဲဒီထဲကကျောက်တစ်ကျောက်ဟာ မုန့်ရှီ‌ကျောက်ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် မုန့်ရှီကျောက်က ကျောက်ငါးကျောက်စလုံးကို သိမ်းပိုက်လိုက်နိုင်တာကြောင့် နန်ကျောက်ဟာ မုန့်ရှီကျောက်လက်အောက် ရောက်သွားလို့ အတူတူလို့ ယူဆနိုင်ပါတာပါ။

အားဟိုင်ကလည်း နန်ကျောက်ရဲ့ နောက်ထပ်နာမည်တစ်ခုပါပဲ။ ကပ်သီးကပ်ဖဲ့ပြောရရင် အားဟိုင်က ရေကန်တစ်ခုဖြစ်ပြီး ကျောက်ငါးကျောက်က ရေကန်ဝန်းကျင်မှာ တည်ရှိနေကြတဲ့ ဒေသတွေမို့ပါ။

All Chapters