အခန်း (၂၇၆-၂၈၀)
Vol. 12 Ch. 276-280
အပိုင်း ၂၇၆
သွေးစွန်းပွဲ
"ချောင်ထုံ မင်း ဝမ်သခင်လေးရဲ့ စကားကို ကြားလိုက်တယ်မလား။ "
သူ့အတွေးများကို ထိန်းလိုက်ကာ ကျန့်ချိုးကျင်းချုံးသည် ရှန်းယုချောင်ထုံဘက်သို့ လှည့်ပြီး ပြောလိုက်သည်
"ဟုတ်ကဲ့ ကာကွယ်ရေးစစ်သူကြီး"
ရှန်းယုချောင်ထုံသည် မတ်တပ်ရပ်လိုက်ပြီး လေးစားစွာ ပြန်ဖြေလိုက်သည်။
"မင်းပြန်တဲ့အခါ နယ်စပ်မှာ အားဟိုင်ကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်ရမယ်။ ဝင်ထွက်သွားလာနေတဲ့ မုန့်ရှီကျောက်ကုန်သည်တွေအကုန်လုံး အထူးသဖြင့် လက်ဖက်မြင်းလမ်းကတဆင့် ဝူရှန်းကို သွားမယ့်သူတွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပါ။ စာရွက်စာတမ်းတွေအကုန်လုံးကို သေချာစစ်ဆေးရမယ် တရားဝင်ခွင့်ပြုချက်မရှိတဲ့သူတွေကို ဝင်ရောက်ခြင်းကနေ တင်းတင်းကျပ်ကျပ်တားမြစ်ရမယ်။ ငါ စစ်မှုထမ်းဌာနထဲကို ဝင်ရောက်တဲ့အခါ မင်းက တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဖြစ်လာလိမ့်မယ် ဒါကြောင့် ဝမ်သခင်လေးပြောတဲ့အရာကို မင်းဂရုတစိုက်သတိထားရမယ်။ မုန့်ရှီကျောက်က ဝူရှန်းနဲ့ မဟာမိတ်ဖွဲ့စေမယ့် ဘယ်လိုအခွင့်အရေးတွေကိုမှ မင်းခွင့်ပြုလို့မရဘူး။ "
ကျန့်ချိုးကျင်းချုံး ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ။ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားဖို့ ကျင်းနန်ကွပ်ကဲသူတွေကို ညွှန်ကြားဖို့ ကျွန်တော့်ရဲ့လက်အောက်ငယ်သားတွေကို စွန်နက်တစ်ကောင် လွှတ်ခိုင်းလိုက်ပါ့မယ်။ "
ရှန်းယုချောင်ထုံ ပြောလိုက်သည်။
"အင်း။ အန်းနန်နဲ့ ဘာမှမှားလို့မရဘူး။ ဒီနေရာက ကိစ္စတွေဖြေရှင်းပြီးတာနဲ့ မင်းက ကျင်းနန်ကို ပြန်လိုက်ပါ။ "
ကျန့်ချိူကျင်းချုံးသည် လေးနက်စွာ ပြောလိုက်သည်။
ဤသည်မှာ ယခုအချိန်တွင် သူလုပ်နိုင်သည့် အကောင်းဆုံးအရာဖြစ်သည်။ ကျင်းနန်တစ်လျှောက်ရှိ နယ်နိမိတ်သည် အကွာအဝေးများစွာအထိ ဆန့်ထုတ်ထားခဲ့သည်။ သူတို့အတွက် နယ်စပ်ကို စေ့စပ်စွာစောင့်ကြပ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ ဂဲလျိုဖန်သည် မဟာထန်ကို ကိုင်တွယ်ရန်အတွက် ဝူရှန်းနှင့် မဟာမိတ်ပြုရန် အမှန်ပင် ရည်ရွယ်ထားခဲ့ပါက သူတတ်နိုင်သည်မှာ အနည်းငယ်မျှသာ ရှိသည်။
သို့ဆိုလျှင်ပင် သူ့နှလုံးသားအနက်ရှိုင်းဆုံးတွင် ဝူရှန်းနှင့် မဟာမိတ်ဖွဲ့ရန် မုန့်ရှီကျောက်အတွက် ထိုမျှလွယ်ကူနေမည်ဟု သူ မထင်ခဲ့ချေ။
ဝမ်ချောင်သည် သဘာဝကျသော ဖြစ်နိုင်ချေကို တင်ပြခဲ့သော်လည်း ထိုသည်မှာ ဖြစ်နိုင်ခြေများစွာထဲမှ တစ်ခုသာ ဖြစ်နေဆဲပင်။ ပြောစရာမလိုအောင်ပင် မဟာထန်သည်လည်း လွယ်ကူသည့်ပစ်မှတ် မဟုတ်ပေ။
မြေမျက်နှာသွင်ပြင်အနေအထားအားသာချက်ဖြင့် မဟာထန်သည် သူတို့၏မဟာမိတ်တပ်ကို သေချာပေါက် ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။
ကျန့်ချိုးကျင်းချုံးနှင့် ရှန်းယုချောင်ထုံတို့ကြား စကားစမြည်ပြောနေသည်ကိုမြင်သည်တွင် ဝမ်ချောင်သည် ပါးစပ်ကိုဟလိုက်ပြီး နောက်တစ်ကြိမ်ပိတ်လိုက်သည်။ ကျန့်ချိုးကျင်းချုံးသည် သူ့စစ်သည်တစ်သိန်းရှစ်သောင်းကို အကြွင်းမဲ့ယုံကြည်မှုရှိသည်ဟု သူပြောနိုင်သည်။ သို့သော် တစ်ဖက်လူသည် စစ်သည်တစ်သိန်းရှစ်သောင်းသည် မုန့်ရှီကျောက်နှင့် ဝူရှန်းတို့၏ မဟာမိတ်တပ်ဖွဲ့မှ တိုက်ခိုက်မှုကို သူတွေးသကဲ့သို့ သူတို့ခံတပ်တွင် စောင့်နေခြင်းဖြင့် ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း သတိမပြုမိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထူးခြားသောဖြစ်ရပ်အချို့ကြောင့် တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ရှိ တပ်သားတစ်သိန်းရှစ်သောင်းသည် သူတို့၏ကိုယ်ပိုင်နယ်မြေမှ ထွက်ခွာသွားကာ ခြုံခိုတိုက်ခိုက်ခံရပြီး သုတ်သင်ရှင်းလင်းခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။
သို့သော် ဤအရာများအားလုံးကို ဝမ်ချောင်သည် မပြောနိုင်ခဲ့ပေ။
ဤသည်မှာ အနာဂတ် ဖြစ်ရပ်များကို ပွင့်လင်းစွာထုတ်ဖော်ခြင်းမှ သူ့ကို တားဆီးထားသည့် ကံကြမ္မာကျောက်စာ၏ ကန့်သတ်ချက်များကြောင့်သာမဟုတ်ဘဲ သူ့ကိုလည်း မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။
အားလုံးပြီးနောက် သူသည် အနာဂတ်ကို မြင်ခဲ့ပြီး မဟာထန်ကို ကယ်တင်ရန်ပြန်လာခဲ့သည်ဟု ဝမ်ချောင် ပြော၍မရနိုင်ပေ။
အကယ်၍ သူသည် ထိုကဲ့သို့စကားမျိုးကို ပြောခဲ့လျှင် ဦးကြီးဝမ်ကန်းပင်လျှင် သူ့ကို ရူးနှံ့နေသည်ဟု ယူဆသွားပေလိမ့်မည်။
ဤကဲ့သို့ ရယ်စရာကောင်းသည့် စကားများကို မည်သူမျှယုံနိုင်ကြမည်မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် သူ့အပေါ် သံသယစိတ်များသာ ထင်ဟပ်စေပေလိမ့်မည်။
'ကြည့်ရတာ ဒီဟာက လောလောဆယ် ငါလုပ်နိုင်တာအကုန်ထင်တယ်။ '
ဝမ်ချောင်သည် သူနောက်ထပ်ဘာမှမလုပ်နိုင်တော့ကြောင်းသိ၍ နက်ရှိုင်းစွာသက်ပြင်းချလိုက်သည်။ အနည်းဆုံး သူသည် ကွပ်ကဲသူများကို လုံး၀ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အငိုက်ဖမ်းမိခြင်းမဖြစ်စေရန် ကြိုတင်သတိပေးနိုင်ခဲ့သည်။
ကျန်သည့်အရာများအနေဖြင့် သူသည် နောက်မှသာ အကြံအဉာဏ်များကို တွေးပေမည်။
"ဝမ်သခင်လေးက စူးရှတဲ့ မျက်လုံးနဲ့ အာဂသတ္တိကို ပိုင်ဆိုင်ထားတာသေချာတယ် မင်းကို ယှဉ်နိုင်တဲ့ မင်းနဲ့ရွယ်တူတွေအနည်းငယ်ပဲရှိတယ်။ မင်း အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေ အောင်မြင်မှာ သေချာတယ်။ "
ကျန့်ချိုးကျင်းချုံးသည် ရှန်းယုချောင်ထုံကို ညွှန်ကြားပြီးနောက် ဝမ်ချောင်ဆီသို့ အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
"ကျွန်တော်က ဒီလို လွန်ကဲတဲ့ချီးမွမ်းမှုနဲ့ မထိုက်တန်ပါဘူး။ ဒီပြဿနာကို ပူပင်သောက မရှိဘဲ အမှတ်တမဲ့တင်ပြလိုက်မိတာပါ လူကြီးမင်းကျန့်ချိုးက ဒီကိစ္စကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ "
ဝမ်ချောင် ချက်ချင်းပြန်ဖြေလိုက်သည်။
"ဟာဟားဟား မင်းရဲ့ အမှတ်တမဲ့စကားလုံးတွေက ဒီလို ထိုးထွင်းသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့အတွက် ပိုလို့တောင် မယုံနိုင်စရာပါပဲ။ ဝမ်သခင်လေး မင်း ဒီလောက် နှိမ့်ချနေစရာ မလိုဘူး။ လာသောက်ရအောင်။ ဝမ်သခင်လေးကို တစ်ခွက်ဂုဏ်ပြုဖို့ ကမ်းလှမ်းခွင့်ပြုပါ။ "
ကျန့်ချိုးကျင်းချုံးသည် သူပြောသကဲ့သို့ သူ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။
"ဝမ်သခင်လေးကို ဂုဏ်ပြုပါတယ်"
"ဝမ်သခင်လေးကို ဂုဏ်ပြုပါတယ်"
အားလုံးသည်လည်း ဝိုင်းဝန်းဂုဏ်ပြုလိုက်ကြသည်။
ဝိုင်ခွက်ကို ကျိတ်ပြီး စားပွဲပေါ်ပြန်တင်ပြီးနောက် ကျန့်ချိုးကျင်းချုံးသည် အတွေးများစွာဖြင့် ဝမ်ချောင်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။
စစ်ရေးတွင် ဝမ်ယန်၏ စွမ်းရည်သည် သာမန်ထက် အနည်းငယ်သာသည်ဟုသာ ယူဆနိုင်သည်။ ထို့အပြင် သူ၏ အလွန်ရိုးဖြောင့်သော စရိုက်နှင့် လိုက်လျောညီစွာ နေထိုင်တတ်မှု မရှိခြင်းသည် သူ့အသက်မွေးဝမ်းကြောင်းတိုးတက်မှုကို ကန့်သတ်ပေလိမ့်မည်။ သို့တိုင် သူ့မျိုးဆက်တစ်ဦးစီသည် နောက်မျိုးဆက်ထက် ပို၍ကြောက်စရာကောင်းသည်။ သူ့အကြီးဆုံးသား ဝမ်ဖူကို ဘေးဖယ်ထားလိုက်လျှင် သူ့အငယ်ဆုံးသားပင်လျှင် ဤငယ်ရွယ်စဉ်၌ ထက်မြက်သည့် ထိုးထွင်းသိမြင်မှု ကို ပိုင်ဆိုင်ထားသည်။ ဤသည်မှာ တကယ့်ကို အံ့မခမ်းပင်။
'ဒီအရည်အချင်းရှိတဲ့ ကလေးတွေနဲ့ပဲ ဝမ်ကလန်ဟာ အနာဂတ်မှာ ပိုပြီး မြင့်မားလာမှာ သေချာတယ်။ ငါ ချောင်ထုံကို သူနဲ့ ပိုရင်းနှီးဖို့ အကြံပေးခဲ့ပေမဲ့ ငါလည်းပဲ အဲဒီလို လုပ်သင့်တယ်။ '
ကျန့်ချိုးကျင်းချုံး တွေးလိုက်သည်။
ဤဧည့်ခံပွဲ၌ တခဏတာတွေ့ဆုံမှု၌ပင် ကျန့်ချိုးကျင်းချုံးသည် ဝမ်ချောင်အပေါ် သဘောထားများသိသာစွာ ပြောင်းလဲသွားခဲ့သည်။
သူမတူသော ထိုးထွင်းသိမြင်မှု၊ အသေးစိတ်ကျသောအချက်အလက်များအတွက် စူးရှသည့် မျက်လုံး၊ စစ်ရေးကိစ္စများအပေါ် ထူးခြားသော အာရုံခံနိုင်စွမ်းနှင့် သူ၏ ဩဇာတိက္ကမရှိသော နောက်ခံ... ဤလူငယ်သည် အနာဂတ်တွင် ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ သေချာပေသည်။
ကျန့်ချုံးကျင်းချုံးသည် သူ့ကို ကလေးတစ်ဦးအဖြစ် မရှုမြင်နိုင်တော့ပေ။ ထို့အစား သူ့စိတ်ထဲ၌ တစ်ဖက်လူသည် သူနှင့် ဝမ်ကန်းတို့နှင့်အတူ တန်းတူရပ်တည်ရန် ထိုက်တန်သည့် အရည်အချင်းတူသူဖြစ်နေပြီဖြစ်သည်။
သူ့ရာထူးသည် ထိုကောင်လေးထက် အလှမ်းဝေးနေသေးသော်လည်း ဝမ်ချောင်သည် သူ့အတွက် ထိုက်တန်သော ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု သူယုံကြည်သည်။
ခင်မင်ရင်းနှီးသည့် စကားစမြည်းပြောဆိုမှုများကြားတွင် ဟင်းလျာများ ပိုမိုရောက်လာခဲ့သည်။ အရပ်ရှည်ပြီး ကြော့ရှင်းသော ဂိုဂူလျောမိန်းမပျိုသည် ဖီးနစ်အမြီးပင်လယ်ခရု ပန်းကန်ပြားကို ကိုင်ဆောင်ကာ ရှေ့သို့လှမ်းထွက်လာခဲ့ပြီး အခြားမိန်းမပျိုအနည်းငယ်သည် ဧည့်သည်များကို လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့ကြသည်။
ဖီးနစ်အမြီးပင်လယ်ခရုကို ပြီးပြည့်စုံစံာ ချက်ပြုတ်ထားခဲ့သည်။ ဆေးဘက်ဝင်အပင် တစ်ဒါဇင်ကျော်ကို အသုံးပြု၍ အထူးပြင်ဆင်ထားသော လျှံထွက်နေသည့်ဆော့များကို ဖြူးထားခဲ့ကာ ရွှေရောင်တောက်ပနေသည်။ သယ်ဆောင်လာသည့်သင်းကြိုင်သော မွှေးရနံ့ဖြင့်ပင် လူတစ်ဦးကို စားချင်စိတ်ဖြစ်လာစေသည်။
"ဟမ်"
ရုတ်တရက်ပင် အေးစက်သောနှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လှပသော ဂိုဂူလျောမိန်းမပျိုသည် ပန်းကန်ပြားကိုချကာ သူမ၏လက်များကို ရုတ်သိမ်းခါနီးတွင် သံမဏိကဲ့သို့ လက်တစ်ဖက်သည် ရုတ်တရက် ထိုအမျိုးသမီး၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်သွားခဲ့သည်။
"ဧ..ဧည့်သည် ရှင်ဘာလုပ်နေတာလဲ"
ဤသည်မှာ ရုတ်ချည်းဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ချောမောလှပသော မိန်းမပျို၏မျက်နှာသည် ဖျော့တော့သွားခဲ့ကာ သူမ၏ ကျင်လည်ခြင်းမရှိသော ဟန်ဘာသာစကားဖြင့် ချက်ချင်းတုန်လှုပ်စွာ အာမေဋိတ်သံပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားအမျိုးသမီးများမှာလည်း အံ့အားသင့်သွားခဲ့ကြသည်။
ရုတ်တရက်ဆိုသလိုပင် တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ပတ်ပတ်လည်မှ အကြည့်များသည် မိန်းမပျို၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ဆီသို့ ရောက်သွားခဲ့ကြသည်။
တခဏအတွင်းမှာပင် လေထုသည် ထူးဆန်းလာခဲ့သည်။
"ဧ..ဧည့်သည် ကျွန်မတို့ ဒီနေရာမှာ ဒီလိုမျိုး ဝန်ဆောင်မှုတွေ ပေးမထားပါဘူး။ ကျေး..ကျေးဇူးပြုပြီး ရှင့်လက်ကို လွှတ်လိုက်ပါ။ " လှပသော ဂိုဂူလျောမိန်းမပျိုနောက်မှ နောက်ထပ်စားပွဲထိုးမိန်းမပျိုသည် ကြောက်ရွံ့စွာဖြင့် ထစ်ထစ်အအပြောလိုက်သည်။
ထိုစကားများကိုကြားသည်တွင် ဝမ်ချောင်သည် ဝိုင်ခွက်ကို မကာ တည်ငြိမ်စွာမော့ချလိုက်ပြီး ကျိတ်၍ ရယ်မောလိုက်သည်။ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးကို ကိုယ့်ကိုယ်ကိုချုပ်တည်းနိုင်ခြင်းမရှိသည့် လူအဖြစ် စွပ်စွဲဝံ့ရန်မှာ အပြင်ဘက်မှ ရယ်မောသံများကိုသာ ကျယ်လောင်စွာထွက်ပေါ်လာစေလိမ့်မည်။
ကျန့်ချိုးကျင်းချုံးသည် အမျိုးသမီး၏ လက်ကောက်ဝတ်ကို အဘယ်ကြောင့် ဆုပ်ကိုင်ထားသည်ကို ဝမ်ချောင် မသိခဲ့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်မှာ သေချာပေသည်။
ကျန့်ချိုးကျင်းချူံးသည် ဧည့်ခံပွဲအတွက် နေဆယ်စင်းတည်းခိုခန်းကိုရွေးချယ်ရာတွင် ဒုက္ခခံခဲ့သဖြင့် ဝမ်ချောင်သည် မြင်ကွင်းကို ကြည့်ရုံသာကြည့်နေလိုက်သည်။
"ဒါက ဘာလဲ"
အေးစက်စိမ်းကားသောအကြည့်ဖြင့် ကျန့်ချိုးကျင်းချုံးသည် အမျိုးသမီးကို စူးရှစွာ မေးခွန်းထုတ်လိုက်သည်။ တည်းခိုခန်းရှိ အပူချိန်သည် ကျဆင်းသွားခဲ့ပြီး တစ်စက္ကန့်အတွင်းမှာပင် သူတို့သည် ရေခဲခန်းထဲ၌ မတ်တပ်ရပ်နေရသကဲ့သို့ ခံစားလိုက်ကြရသည်။
"ဒါက ဖီးနစ်အမြီးပင်လယ်ခရုပါ"
မိန်းမပျိုသည် ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
"ဟမ် ဒါဆို မင်းဘာလို့ ဒါကို တစ်ကိုက်လောက်မကိုက်ရမှာလဲ။ "
ကျန့်ချိုးကျင်းချုံးသည် ဖီးနစ်အမြီးပင်လယ်ခရုတစ်ပိုင်းကို သူတူဖြင့် ညှပ်လိုက်ပြီး လှပသောဂိုဂူလျောမိန်းမပျို၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဟွာ”
သူမရှေ့ရှိ ဖီးနစ်အမြီးပယ်လယ်ခရုကိုကြည့်ကာ စကားထစ်နေသည့် လှပသော ဂိုဂူလျော မိန်းမပျိုသည် သိသာစွာပို၍ကြောက်ရွံ့သွားခဲ့သည်။ ထိုသည်မှာ လက်တစ်ဆုပ်စာ ပင်လယ်ခရုသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်မျိုးကဲ့သို့ပင်။
"အခုပဲ"
လှပသော မိန်းမပျိုနောက်ရှိ စကားပြောခဲ့သော စားပွဲထိုးမိန်းမပျို၏ ဖြူဆုပ်ပြီး ကြောက်လန့်နေခဲ့သော မျက်နှာသည် ရုတ်ချည်း ရက်စက်ကြမ်းကြုတ်သွားခဲ့သည်။ ဂိုဂူလျောဘာသာစကားဖြင့် အော်ပြောလိုက်ခြင်းနှင့်အတူ သူမလက်ထဲရှိ ပန်းကန်ပြားကို ဘေးသို့ ပစ်ချလိုက်ကာ သူမခါးရှိ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး အံ့မခမ်း အမြန်နှုန်းဖြင့် ကျန့်ချိုးကျင်းချုံးကို တိုက်ခိုက်လိုက်သည်။
“ဟွာ ဟွာ ဟွာ”
ပန်းကန်ပြားများတစ်လုံးပြီးတစ်လုံး လူစုဆီသို့ ပစ်ပေါက်လိုက်ကြသည်။ လွန်ခဲ့သော အခိုက်အတန့်မှ အားနည်းပုံရသော စားပွဲထိုးမိန်းမပျိုများသည် အဖွဲ့ဆီသို့ လက်နက်များဖြင့် တိုက်ခိုက်လိုက်ကြကာ ရုတ်တရက် ငရဲမှ နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
"သွား သူတို့အားလုံးကိုသတ်"
"ရှိုရှုဘုရင်အတွက်"
"သူတို့ထဲက တစ်ယောက်ကိုမှ အသက်မရှင်စေနဲ့"
"ငါတို့တိုင်းပြည်ရဲ့ဂုဏ်ကျက်သရေအတွက်"
ဂိုဂူလျော ဘာသာစကားဖြင့် တိုက်ပွဲခေါ်သံများသည် အရိုးခိုက်မတတ် သတ်ဖြတ်ခြင်း စိတ်ဆန္ဒဖြင့် အုပ်စုဆီသို့ ဖိနှိပ်လာခဲ့သည်။
“ဘန်း ဘန်း ဘန်း”
ဘေးနားရှိ အခန်းတံခါးများသည် တလှုပ်လှုပ်ပွင့်သွားခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူများသည် သူတို့၏ ကိုယ်ယောင်ဖျောက်မှုများကို ဖယ်ရှားလိုက်ကြပြီး အဖွဲ့ဆီသို့ တိုက်ခိုက်လိုက်ကြသည်။
အခန်းထဲတွင် ပျံ့လွင့်လာခဲ့သော လူသတ်ချင်စိတ်များကြားတွင် ကြယ်တာရာစွမ်းအင်များနှင့် တောက်ပသော ချီစက်ကွင်းများထွက်ပေါ်လာခဲ့ပြီး တည်းခိုခန်းတစ်ခုလုံး ဖုံးလွှမ်းသွားစေသည်။ လုပ်ကြံသတ်ဖြတ်သူတစ်စုသည် ဝမ်ချောင်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။
"မျှော်လင့်ထားသလိုပဲ"
သူ့ပတ်ဝန်းကျင်မှ ဂိုဂူလျောများ၏ ကြမ်းကြုတ်သည့်တိုက်ခိုက်မှုများကို မြင်သည်တွင် ဝမ်ချောင်သည် အနည်းငယ်မျှပင်အံ့သြခြင်းမရှိခဲ့ပေ။
ဤနေရာသည် နေဆယ်စင်းတည်းခိုခန်းဖြစ်ကာ ဤဂိုဂူလျောနယ်မြေ၏ ဗဟိုချက်မဖြစ်ပြီး ဤနေရာရှိ သူတို့ဂုဏ်ကျက်သရေ၏ အမှတ်သင်္ကေတလည်းဖြစ်သည်။ ယခင်စစ်ဆင်ရေးအပြီးတွင် မြို့တော်တွင် သူ့ကို မမှတ်မိသည့် ဂိုဂူလျောတစ်ယောက်မှမရှိတော့ပေ။
သူတို့ညီနောင်များ၏ သေဆုံးမှု နောက်ကွယ်မှ တရားခံကို တွေ့သောအခါ သူတို့သည် မည်ကဲ့သို့ မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ သူတို့သည် ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်သည်ကပင် ချီးကျူးစရာဖြစ်သည်။
"ဒါပေမယ့် မင်းတို့နေရာမှားပြီး မှားယွင်းတဲ့ပြိုင်ဘက်တွေကို ရွေးချယ်ခဲ့တာကတော့ သနားစရာပဲ"
ဝမ်ချောင်သည် သူ့လက်ထဲရှိ ဝိုင်ခွက်ကို ကိုင်လိုက်ပြီး သောက်လိုက်ကာ အေးစက်စွာ လှောင်ရယ်လိုက်သည်။
“ဘုန်းးး”
ဝမ်ချောင်သည် ခွက်ထဲမှ ဝိုင်ကို သောက်လိုက်သည့်အခိုက်အတန့်တွင် တောက်ပသော အလင်းရောင်တစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပြီး မြင့်မြတ်ပြီး တည်ကြည်သော နေမင်းကြီးနှင့်ဆင်တူသည့် ရွှေရောင်ကြယ်တာရာ စွမ်းအင်တစ်ခုသည် အခန်းထဲသို့ ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့သည်။
မျက်စိကျိန်းမတတ် အလင်းရောင်အောက်တွင် အချိန်များသည် ရပ်တန့်သွားသကဲ့သို့ပင်။ ဝမ်ချောင် နှင့် အခြားသူများမှလွဲ၍ ဂိုဂူလျော လုပ်ကြံသတ်ဖြတ်သူ အားလုံးသည် နေရာလပ်ထဲတွင် အေးခဲသွားပုံရပြီး သူတို့၏ ယခင် ချောင်းမြောင်းတိုက်ခိုက်သည့် အနေအထားအတိုင်း ရှိနေခဲ့ကြသည်။
"ကိုယ့်အဆင့်ကိုယ်သိ"
ဝမ်ချောင်၏ နားထဲတွင် အေးစက်သည့် နှာခေါင်းရှုံ့သံသည် ဝိုးတဝါးထွက်ပေါ်လာခဲ့ပြီး နောက်တခဏတွင် ဘေးအခန်းများမှ ဖောက်ထွက်လာခဲ့သော လူသတ်သမားအများအပြားနှင့်အတူ စားပွဲထိုးများသည် အပိုင်းအစများအဖြစ်သို့ ချေမွခြင်းခံလိုက်ကြရသည်။ အသားစများနှင့်အတူ သွေးများသည် ဖုံးလွှမ်းသွားခဲ့ပြီး အရိုးအပိုင်းအစများသည် အခန်းတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။ သို့သော် အနည်းငယ်မျှပင် လူစုရှိရာ ဧည့်ခံပွဲသို့ နီးကပ်မလာခဲ့ပေ။
“ဟူ”
လေပြင်းသည် တည်းခိုခန်းရှိ နံရံကို ဖက်ဆီးလိုက်ပြီး ဂိုဂူလျောများ၏ ကြွင်းကျန်ရစ်သည့် အစအနများကို ရှင်းလင်းသွားစေခဲ့ကာ လမ်းများတစ်လျှောက် ပျံ့ကြဲသွားစေခဲ့သည်။
တစ်ဖက်တွင် တတိယထပ်ရှိ စားသောက်ခန်းသည် ကြမ်းပြင်ပေါ်တွင် သွေးစများ ဟိုနေရာ ဒီနေရာ ရှိနေသည်မှလွဲ၍ လုံးဝသန့်ရှင်းနေသည်။ လေးဆယ်ကျော်လောက်သော ထိပ်တန်း ဂိုဂူလျောလုပ်ကြံ သတ်ဖြတ်သူများသည် ကမ္ဘာပေါ်မှနေ၍ ဤကဲ့သို့ပင် ပျောက်ကွယ်သွားးခဲ့သည်။
ထိုအချိန်တွင် နေဆယ်စင်းတည်းခိုခန်းမှ ဆူညံသံများအားလုံးသည် ပျောက်ကွယ်သွားခဲ့ကာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြင်းသာ ကျန်ရစ်ခဲ့သည်။
ဝမ်ချောင်ခြေဖဝါးအောက်ရှိ ဒုတိယထပ်တွင် ပြင်းထန်သောတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော တိုက်ပွဲသံသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ချောင်ရှေ့တွင် ကျန့်ချိုးကျင်းချုံးသည် လက်တစ်ချောင်းမျှမလှုပ်ဘဲ ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေလေသည်။ လွန်ခဲ့သည့်အခိုက်အတန့်တွင် မမြင်ခဲ့မိလျှင် ကျန့်ချိုးကျင်းချုံးသည် မကြာသေးမီက သတ်ဖြတ်မှုနောက်ကွယ်မှ တရားခံဖြစ်သည်ဟု မည်သူမျှ မထင်မှတ်နိုင်ပေ။
ဤသည်မှာ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူသည် မည်မျှ အားကောင်းသည်လဲဆိုသည်ပင်။
ဝမ်ချောင်သည် တစ်ချိန်က ဤနယ်ပယ်သို့ ရောက်ရှိခဲ့ဖူးသောကြောင့် ထိုကဲ့သို့ မကျော်လွှားနိုင်သော စွမ်းအားရှေ့တွင် ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှုအနည်းငယ်ကိုမျှ မခံစားခဲ့ရပေ။ အေးဈေးတည်ငြိမ်စွာဖြင့် သူသည် သူ့ဝိုင်ခွက်ကို ဖြည့်လိုက်ပြီး နောက်တစ်ကြိမ်မော့ချလိုက်သည်။
ထိုဂိုဂူလျောများသည် သူတို့သတ်ဖြတ်ရန်ကြိုးစားခဲ့သည့် ကျွမ်းကျင်သူမှာ မည်သို့သော ကျွမ်းကျင်သူလဲဆိုသည်ကို ဘယ်တော့မှသိနိုင်တော့မည်မဟုတ်ပေ။
ဤသည်မှာ မဟာထန်၏ ကာကွယ်ရေးစစ်သူကြီး ဖြစ်သည်။
သူ့ရှေ့တွင် ဝမ်ချောင်သည် စစ်သားများကြား၌ ပုန်းအောင်းနေခဲ့သည်ထက် ပို၍ လုံခြုံပေလိမ့်မည်။
ဤဂိုဂူလျောများသည် မှားယွင်းသော လှုပ်ရှားမှုကို မှားယွင်းစွာ ရွေးချယ်ခဲ့ကြသည်။
"ငါဘာလို့ ဒီနေဆယ်စင်းတည်းခိုခန်းမှာ ဒီဧည့်ခံပွဲကို ကျင်းပဖို့ ရွေးချယ်ခဲ့တာလဲ မင်းသိလား။ "
ကျန့်ချိုးကျင်းချုံးသည် သူ့အကြည့်ကို မမော့မီ ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။ သူ့မျက်နှာပေါ်တွင် လူတစ်ဦးသည် စိတ်ပျက်နေသော စာနာစိတ်ကင်းမဲ့သည့် သူ့အမိမြေအတွက် အနောက်တောင်နယ်စပ်ကို ကာကွယ်ရန် မရေမတွက်နိုင်သော အလောင်းများအပေါ်ဖြတ်လျှောက်က်ခဲ့သော လူတစ်ဦး၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်နိုင်သည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုမရှိဘဲ တစ်ဦးတစ်ယောက်အတွက် ကာကွယ်ရေးစစ်သူကြီး ဖြစ်လာရန် မဖြစ်နိုင်ပေ။
သို့သော် ဤလူသည် သူ့ကို ဦးတည်နေခြင်းမဟုတ်ဘဲ နေဆယ်စင်းတည်းခိုခန်းတွင် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများဆီသို့ ဦးတည်နေခြင်းဖြစ်ကြောင်း ဝမ်ချောင်သိသည်။
"ကာကွယ်ရေးစစ်သူကြီးတစ်ဦးက တိုက်ပွဲဝန်ကြီးဖြစ်လာတဲ့ ထုံးစံမျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ ငါကြားခဲ့တယ်။ အရင်က ဘယ်သူမှမလုပ်ဖူးတဲ့အရာကို ငါအောင်မြင်ချင်ရင် ဒီသွေးစွန်းတဲ့လမ်းကို လျှောက်ရမယ်။ ဒီဧည့်ခံပွဲက မြို့တော်ဆီကို ငါကိုယ်ငါကြိုဆိုတဲ့ နည်းလမ်းပဲလေ။ သွေးမဆာတဲ့ စစ်သူကြီး မရှိဘူး ဆိုတာ ဒါကို သိပါစေ။ ”
ထိုစကားများကို ပြောဆိုလျက် ကျန့်ချိုးကျင်းချုံးသည် စားပွဲပေါ်သို့ ဝိုင်ခွက်အလွတ်ကို ပြင်းထန်စွာမချမီ ဝိုင်ခွက်ကို မော့ချလိုက်သည်။
အပိုင်း ၂၇၇
ဝမ်ချောင်၏ပန်းတိုင်
နက်ရှိုင်းသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ကျန့်ချိုးကျင်းချုံး၏ မျက်လုံးများတွင် ပေါ်လာခဲ့သည်။ ဤအခိုက်အတန့်တွင် လေးနက်သည့်အမူအရာများသည် ဝမ်ချောင်နှင့် ဝမ်ကန်းတို့၏ မျက်နှာများတွင် ပေါ်လာခဲ့သည်။
သူ့ကြေငြာချက်သည် ယခင်က ဧည့်ခံပွဲတွင် ရင်းနှီးစွာ စကားသမြည်းပြောနေခဲ့သည့် ထိုလူမဟုတ်တော့ဘူးဆိုသည်ကို ကိုယ်စားပြုနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် တိုင်းပြည်၏ အနောက်တောင်ဘက်နယ်စပ်ကို ကာကွယ်နေခဲ့သည့် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဖြစ်သည်။ ဤတိုင်းပြည်တွင် အားအကောင်းဆုံးလူများထဲမှ တစ်ဦးဖြစ်သည်။
လေထဲတွင် ပြင်းထန်သော သွေးနံ့ကို ရှူရှိုက်ပြီး ကျန့်ချိုးကျင်းချုံး၏စကားများကိုကြားသည်တွင် ဤလေးစားရသောကာကွယ်ရေးစစ်သူကြီးသည် သူရောက်ရှိသည့် ပထမဆုံးနေ့တွင် ဤနေရာကို အဘယ့်ကြောင့် ရွေးချယ်ခဲ့သည်လဲဆိုသည်ကို ဝမ်ချောင် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ရှိုရှုဘုရင်နှင့် စပ်လျဉ်းသော သတင်းသည် ကျန့်ချိုးကျင်းချုံး၏ မျက်စိနှင့်နားများမှ ကျော်လွန်ရန် မဖြစ်နိုင်ပေ။ သူပေါ်ထွက်လာခြင်းသည် ဂိုဂူလျောများ၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူသိသည်။
ထို့ကြောင့် သူသည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်သည်။
သူသည် နေဆယ်စင်းတည်းခိုခန်းတွင် ဧည့်ခံပွဲကျင်းပရသည့် အကြောင်းရင်းမှာ ခြေသုံးချောင်းကျီးကန်းဆီမှ ယန်စွမ်းအင်ကို ချေးငှားနိုင်သည်သာမကပေ။
ဤတောင်ပိုင်းကာကွယ်စစ်သူကြီး၏ လုပ်ရပ်များသည် ဝမ်ချောင်မျှော်လင့်ထားသည်ထက် များစွာပို၍ အထက်စီးဆန်လှပြီး ပြင်းထန်လှသည်။
ကျန့်ချိုးကျင်းချုံးသည် သူရန်သူများ၏သွေးဖြင့် တော်ဝင်ရုံးတော်သို့ လမ်းခင်းရန် ရည်ရွယ်ထားခဲ့သည်။
ထို့အပြင် ဂိုဂူလျောများသည် ထိုသို့လုပ်ရန် အကောင်းဆုံး ပစ်မှတ်ဖြစ်သည်။
သို့သော်လည်း ဝမ်ချောင်သည် တစ်ဖက်လူ၏ လုပ်ရပ်များနှင့်စပ်လျဉ်း၍ လုံးဝစိတ်ထင့်ခြင်းမရှိပေ။ စစ်မြေပြင်ရှိ စစ်သူကြီးတစ်ဦးသည် သွေးဆာခြင်းကင်းမဲ့နေသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
မည်သည့်ကွပ်ကဲသူများတွင် သွေးကင်းစင်သည့် လက် ရှိနိုင်မည်နည်း။
ထိုသို့တွေးလိုက်ကာ ဝမ်ချောင်သည် ရုတ်တရက် သူ့ခွက်ကို အပြည့်ထည့်လိုက်ပြီး အမြင့်သို့ မြှောက်လိုက်သည်။
"လူကြီးမင်းကျန့်ချိုးကို တစ်ခွက်ဂုဏ်ပြုခွင့်ပြုပါ။ "
"ဟားဟား အရမ်းကောင်းတယ်။ "
ကျန့်ချိုးကျင်းချုံးသည် ဟက်ဟက်ပက်ပက်မရယ်မောမီ တစ်ခဏမျှ မှင်သက်သွားခဲ့သည်။ သူ့မျက်လုံးများတွင် ထိုလူငယ်အတွက် ချီးမွမ်းမှု အနည်းငယ် ပေါ်လာခဲ့သည်။ စစ်သူကြီးမျိုးရိုး၏ မျိုးဆက်များသည် ရဲရင့်မှု မည်သို့ ပြတ်လပ်နေနိုင်မည်နည်း။
ပြီးခဲ့သည့် မြင်ကွင်းသည် ဤကောင်လေးကို သွေးပျက်ခြောက်ခြားသွားစေလိမ့်မည်ဟု သူထင်ခဲ့သည်။ ဤလူငယ်သည် သူ့အသက်အရွယ်နှင့်မလိုက်သည့် တည်ငြိမ်အေးဆေးမှုကို အမှန်ပင် ပြီးပြည့်စုံစွာ ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု မည်သူသိမည်နည်း။
"စစ်သူကြီးမျိုးရိုးကလန်က သားတစ်ယောက် ဆိုတဲ့အတိုင်းပဲ။ ငါမင်းရဲ့ ဂုဏ်ပြုမှုကို လက်ခံလိုက်မယ်။ "
ကျန့်ချိုးကျင်းချုံးသည် သူ့ဝိုင်ခွက်ကို တဲ့တိုးပင် ယူလိုက်ပြီး တစ်ကြိုက်တည်းမော့လိုက်သည်။
"ညီအစ်ကိုကျယ်ရှင်း မင်းရဲ့တူလေးက တကယ့်ကို အံ့မခမ်းပါရမီရှင်တစ်ယောက်ပဲ။ သူ့မှာ သတ္တိ၊ ထိုးထွင်းသိမြင်မှု၊ ပြတ်သားမှုရှိတယ်။ သူက အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို သေချာပေါက် အောင်မြင်နိုင်လိမ့်မယ်။ "
ကျန့်ချိုးကျင်းချုံးသည် ဝမ်ကန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
လုပ်ကြံသတ်ဖြတ်သူအများအပြားနှင့် မျက်နှာချင်းဆိုင်ခဲ့ရသည့် အချိန်၌ပင် ဝမ်ကန်း၏ မျက်ခုံးများသည် အနည်းငယ်မျှပင် မတုန်လှုပ်ခဲ့ပေ။ သို့သော် ဤစကားကိုကြားသည်တွင် ဝမ်ကန်းသည် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။
အသက်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း စစ်တပ်တွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးထံမှ ထိုသို့သော ချီးကျူးစကားများကို လက်ခံရရှိနိုင်ရန်မှာ ဤသည်မှာ ဝမ်ချောင်၏ ယုံကြည်ကိုးစားရမှုကို တည်ဆောက်ရန်ကူညီလိမ့်မည်ဖြစ်ပြီး သူ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအတွက် လမ်းခင်းပေးမည်ဖြစ်သည်။
ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်နှင့်စပ်လျဉ်းသည့် ကိစ္စနှင့်မတူဘဲ စစ်တပ်၏ ထိပ်တန်းအဆင့်များထဲမှာ တစ်ဦး၏ လူတစ်ဦး၏ စွမ်းဆောင်ရည်ကို အခိုင်အမာပြောဆို ချီးမွမ်းသည်မှာ ရှားပါးသည်။
ကျန့်ချိုးကျင်းချုံးဖြစ်စေ ဖုမင်လင်းချာဖြစ်စေ ဂိုစုန့်ကျီဖြစ်စေ ကျန့်ရှို့ကွေ့ဖြစ်စေ သို့မဟုတ် သူတို့အဆင့်မှ စစ်သူကြီးများဖြစ်စေ သူတို့သည် သူတို့၏ စကားများကို အမြဲတမ်း အလွန်မှ ဂရုစိုက်ကြရသည်။
သူတို့သည် စိတ်သဘောထားကျဉ်းသောကြောင့် မဟုတ်ဘဲ သူတို့၏ စကားလုံးများသည် တမူထူးခြားသော သြဇာလွှမ်းမိုးမှုများရှိနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် စစ်သည်များကြားတွင်ဖြစ်သည်။
ဆိုရိုးစကားအတိုင်း ဖိတ်စင်သွားသောရေများကို ပြန်လည်စုဆောင်း၍ မရပေ။ သူတို့သည် တစ်စုံတစ်ဦးကို ချီးမွမ်းပြီး တစ်ဖက်သား၏ စွမ်းဆောင်ရည်သည် မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါက သူတို့၏ ဂုဏ်သိက္ခာနှင့် သူတို့စကားများ၏ ယုံကြည်ကိုးစားရမှုကိုလည်း ထိခိုက်စေမည်ဖြစ်သည်။
ထို့ကြောင့် ကာကွယ်ရေးစစ်သူကြီးများ သို့မဟုတ် စစ်သေနာပတိချုပ်များကဲ့သို့သော အထက်အဆင့်များမှ လူများသည် အခြားသူတစ်ဦးအား လူသိရှင်ကြား ချီးကျူးဂုဏ်ပြုသည်မှာ အလွန်ရှားပါးပေသည်။ သူတို့သည် တစ်စုံတစ်ဦးကို အထင်ကြီးမိလျှင်ပင် သူတို့သည် ထိုအရာကို ကျယ်လောင်စွာ ဖော်ပြလိမ့်မည်မဟုတ်ချေ။
လူတစ်ဦးသည် အာဏာ ပိုရှိလေလေ သူတို့စကားများကို ပို၍ဂရုစိုက်ရလေလေဖြစ်သည်။
အနာဂတ်တွင် ဝမ်ချောင်သည် စစ်တပ်ထဲဝင်မည်ဆိုပါက ကျန့်ချိုးကျင်းချုံးထံမှ ဤစကားများသည် သူ့တိုးတက်မှုအတွက် အဖိုးတန်ကြောင်း သက်သေပြပေလိမ့်မည်။ အနည်းဆုံး သူသည် သူ့ရာထူးတိုးရန် အတိုက်အခံများ သိသိသာသာနည်းသွားပေလိမ့်မည်။
ထို့အပြင် စစ်မှုရသေးသော်ငြားလည်း ထိုကဲ့သို့ ချီးမွမ်းခြင်းခံရခြင်းမှာ ဝမ်ချောင်သည် အတိအကျပင် သူမတူသောသူဖြစ်သည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်းကျန့်ချိုး"
ဝမ်ချောင်သည်လည်း ထိုစကားများ၏ အရေးပါမှုကို လျင်မြန်စွာ နားလည်ခဲ့ပြီး ကျေးဇူးတင်ကြောင်း လျင်မြန်စွာဖော်ပြလိုက်သည်။ တစ်ခါမျှ ဂုဏ်ပြုရုံဖြင့် ကျန့်ချိုးကျင်းချုံး၏ ချီးကျူးမှုကို ရရှိရန်မှာ ဤအရာသည် လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ဟဲဟဲ ဆက်ပြီးကြိုးစားပါ"
ကျန့်ချိုးကျင်းချုံးသည် သူ့လက်ကို မမြှောက်မီ ပြောလိုက်သည်။ သူ့နောက်ရှိ တောင်ပိုင်းကာကွယ်ရေးအိမ်တော်၏ ကွပ်ကဲသူများထဲမှ တစ်ယောက်သည် လျင်မြန်စွာ တက်လာခဲ့ပြီး သူ့ရင်ခွင်မှ တမူထူးခြားသော ငွေရောင်တူတစ်ချောင်းကို ထုတ်ကာ ဖီးနစ်အမြီးပင်လယ်ခရုထဲသို့ ထိုးထည့်လိုက်သည်။
“ရွှက်”
ချက်ခြင်းပင် ငွေရောင်တူသည် ကတ္တရာစေးကဲ့သို့ အနက်ရောင်ပြောင်းသွားခဲ့ပြီး ထိပ်ဖျားတွင် အနည်းငယ် ပြာလဲ့သောခရမ်းရောင်ကို မြင်နိုင်ပေမည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်တွင် လူအားလုံး၏ အမူအရာသည် ဆိုးရွားသွားခဲ့ကြသည် ။
"အဆိပ်က အံ့မခမ်းပဲ"
ဝမ်ချောင် ထိတ်လန့်သွားခဲ့သည်။ အများအားဖြင့် ငွေရောင်တူများကို သေစေနိုင်သော အဆိပ်များနှင့် ထိတွေ့မိသည့်အချိန်တွင် အနက်ရောင်ပြောင်းသွားလေ့ရှိသည်။ သို့တိုင် တူ၏အစွန်းတွင် ပြာလဲ့နေသောခရမ်းရောင်အရိပ်အယောင်အနည်းငယ်ရှိနေခဲ့သည်။ ဤသည်မှာ ဤအဆိပ်သည် သာမာန်သေစေနိုင်သောအဆိပ်ထက် သာလွန်ကြောင်း လက္ခဏာတစ်ခုဖြစ်သည်။
အဆိပ်ပါသော ဟင်းလျားများ လာရောက် မပို့ဆောင်မီ သန့်ရှင်းသော ဟင်းလျာလေးပွဲကို လာချခဲ့သည်။ ထိုဂိုဂူလျောများသည် သူတို့၏ ပြင်ဆင်မှုများတွင် အသေးစိတ်ကျလှသည်။
သူတို့သည် မအောင်မြင်ခဲ့လျှင်ပင် သူတို့၏ အင်္ကျီလက်စွပ်များ၌ တခြားအရာများ ရှိနိုင်သေးသည်။
အားလုံးပြီးနောက် သူတို့သည် ဂိုဂူလျောပိုင်နက်အလယ်တွင် ရှိနေခဲ့ကြပြီး ဤနေရာတွင် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ရန် သူတို့အတွက် ခက်ခဲလိမ့်မည်မဟုတ်ပေ။ သူတို့၏လုပ်ကြံသတ်ဖြတ်သူများသည် ဤနေရာတွင် သာမန်ဝတ်စုံဖြင့် ပြောင်ပြောင်တင်းတင်း သွားလာနေခဲ့ကြလျှင်ပင် သူတို့သည် နေဆယ်စင်းတည်းခိုခန်း၏ သာမန်ဝန်ထမ်းမျှသာဖြစ်သည်ဟု လူတိုင်းက ရိုးရှင်းစွာထင်မြင်ကြပေလိမ့်မည်။
သို့သော် သူတို့ပြုလုပ်ခဲ့သော ပြင်ဆင်မှုများအားလုံးတွင် သူတို့သည် သေစေနိုင်သော မှားယွင်းတွက်ချက်မှုကို လုပ်ခဲ့သည်။ သူတို့သည် ဤနေရာရှိလူများ၏ အထောက်အထားများကို လွဲမှားစွာ ဆုံးဖြတ်ခဲ့ကြပြီး ကျန့်ချိုးကျင်းချုံး၏ ခွန်အားကိုလည်း လွဲမှားစွာ ဆုံးဖြတ်ခဲ့ကြသည်
သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို အဆိပ်ခတ်ဝံ့သည်မှာ သူတို့သည် သူတို့၏သေခြင်းတရားကို လက်ယပ်ခေါ်နေခြင်းဖြစ်သည်။
ဝမ်ချောင်သည် အနည်းငာ်မျှပင်သနားခြင်းမရှိဘဲ ကြမ်းပြင်ပေါ်ရှိ သွေးကွက်များကို တစ်ချက်ကြည့်လိုက်သည်။ ဤတိုက်ပွဲခေတ်တွင် ရန်သူများကို ကိုယ်ချင်းစာပြခြင်းသည် မိုက်မဲခြင်းထက် မပိုပေ။
လူတစ်ဦး၏ရန်သူအပေါ် သနားကရုဏာထားခြင်းသည် လူတစ်ဦး၏ကျဆုံးခြင်းသို့သာ ဦးတည်စေပေမည်။
"ဟင်းလျာတွေ လာဆက်သစမ်း။ ဟင်းလျာတွေကို မှန်မှန်ကန်ကန်ပြင်ဆင်တာက မင်းတို့အတွက် ပိုကောင်းမယ် ဒီလိုမှမဟုတ်ရင် ဒီတည်းခိုခန်းမှာရှိတဲ့ မင်းတို့တစ်ယောက်ချင်းစီတိုင်းကို အရင်လူတွေနဲ့အတူ တူညီတဲ့ကံကြမ္မာ ရစေရမယ်။ တကယ်လို့ မင်းတို့ကောင်းကောင်းမလုပ်ဆောင်နိုင်ရင် ဒီလမ်းတလျှောက်မှာရှိတဲ့လူတိုင်းကို နိုင်ငံတော်ပုန်ကန်မှုနဲ့ သတ်ပစ်ဖို့ ငါစိတ်ထင့်နေမှာမဟုတ်ဘူး။ "
ကျန့်ချိုးကျင်းချုံး၏ အေးစက်သောအသံသည် စားသောက်ဆိုင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
အခန်းတွင်း၊ မီးဖိုချောင်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်ရှိ လူများနှင့် ယခင်ပေါက်ကွဲမှုမှ လွတ်မြောက်ခဲ့သော လုပ်ကြံသတ်ဖြတ်သူများသည် ကျန့်ချိုးကျင်းချုံး၏ အကြင်နာတရားကင်းမဲ့သောနည်းလမ်းကြောင့် ကြက်သေသေသွားခဲ့ကြသည်။
သို့သော် ကျန့်ချိုးကျင်းချုံးသည် လေထဲတွင် ပျံ့လွင့်နေသော ထူးဆန်းသည့်လေထုကို ဂရုမစိုက်ခဲ့ပေ။ သူတို့၏အစားအသောက်များကို ပြင်ဆင် ယပေးသူများသည် မည်သူဖြစ်နေပါစေ ကိစ္စမရှိပေ။ ဤအချိန်တွင် သူ့အတွက် အရေးကြီးသည်မှာ ဤဧည့်ခံပွဲသည် ကောင်းမွန်စွာပြီးမြောက်ရန်ပင်။
တစ်ဖက်လူသည် ကြီးထွားသန်မာသော သိုင်းပညာရှင်ဖြစ်လျှင်ပင် သူသည် အသက်ရှင်လိုပါက ထိပ်တန်းအရသာရှိသော ဟင်းပွဲကို ပို့ဆောင်ရပေလိမ့်မည်။
နေဆယ်စင်းတည်းခိုခန်းရှိ လုပ်ကြံသတ်ဖြတ်သူများ၏ နဖူးများမှ ချွေးအေးများစီးကျလာခဲ့ကြသည်။ သူတို့ပစ်မှတ်များ၏ ခွန်အားသည် သူတို့ မျှော်လင့်ထားသည်ထက် များစွာမြင့်မားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ထိုကဲ့သို့သော အထက်စီးဆန်မှုမျိုးနှင့်လည်း တစ်ခါမျှ မကြုံခဲ့ဖူးပေ။
ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်ခြင်းနှင့်အတူ မကျော်လွှားနိုင်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုသည် ရွှေရောင်နီရောင် တည်းခိုခန်း၏ အထပ်သုံးထပ်တစ်လျှောက်တွင် ပျံ့လွင့်လာခဲ့သည်။
"ဆိုတော့.."
ကျန့်ချိုးကျင်းချုံသည် အေးစက်စွာပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ရုတ်တရက် အဆပေါင်းများစွာ ပြင်းထန်လာခဲ့သည်။
သူတို့အပေါ် ကျူးကျော်လာသော သေခြင်းဆုံးခြင်း ခံစားချက်သည် သူတို့ကို ကြက်သီးမွေးညင်းများ ထောင်ထလာစေသည်။ သို့သော် သူတို့ကို ပို၍တုန်လှုပ်သွားစေသည့်အရာမှာ ကျန့်ချိုးကျင်းချုံး၏ နောက်ဆုံးခြိမ်းခြောက်မှုဖြစ်သည်။
'ဘာလို့လဲ။ ငါတို့က မင်းသေပြီးမှ လိုက်သွားမယ့်သူတွေချည်းပဲ။ ဒီထဲကို အပြစ်မဲ့တဲ့လူတွေကိုလည်း ဘာလို့ဆွဲထည့်ရတာလဲ။ '
မျက်လုံးအစုံပေါင်းများစွာသည် ကျန့်ချိုးကျင်းချုံးနှင့် အခြားသူများ ထိုင်နေရာသို့ နာကျည်းမှု၊ ဒေါသ၊ ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုတို့ လွှမ်းခြုံလျက် စိုက်ကြည့်လာခဲ့သည်။
ဤစစ်ဆင်ရေးတွင် ဂိုဂူလျောအနည်းငယ်သာ ပါဝင်ခဲ့ပြီး လူအများစုသည် အပြစ်ကင်းကြသည်။
လုပ်ကြံသတ်ဖြတ်သူများသည် ကျရှုံးခြင်းအတွက် အသေခံရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း ကျန့်ချိုးကျင်းချုံး၏စကားများသည် ကိစ္စ၏အနှစ်သာရကို ပြောင်းလဲစေခဲ့သည်။
တစ်ဖက်လူထုတ်လွှတ်လိုက်သော စာနာစိတ်ကင်းမဲ့သည့် အရှိန်အဝါမှ သူတို့သည် တတိယထပ်ရှိ မကောင်းဆိုးဝါးသည် လမ်းတစ်လျှောက်ရှိ ဂိုဂူလျောများကို နောက်ဆုံးတစ်ယောက်ကျန်သည်အထိ သတ်ဖြတ်လိမ့်မည်ကို သံသယမရှိကြပေ။
သေခြင်းတရားသည် ကြောက်စရာမဟုတ်ပေ။
သို့သော် အဓိပ္ပါယ်မဲ့သေဆုံးရခြင်းသည်တော့ မတူပေ။ ထို့အပြင် သူတို့ဝန်းကျင်ရှိ အပြစ်မဲ့သူများကို ဆွဲသွင်းခြင်းသည်လည်း သူတို့လက်မခံနိုင်သည့်အရာပင်။
သူတို့အပေါ် ကြီးမားသည့်ဖိအားပေးမှုအောက်တွင် နေဆယ်စင်းတည်းခိုခန်းရှိ အုပ်စုသည် နောက်တစ်ကြိမ် ဖြည်းဖြည်းချင်း အလုပ်ပြန်လုပ်လာခဲ့ကြသည်။
အသီးအရွက်များကို လှီးဖြတ်ခြင်း၊ ဟင်းလျာများကို မွှေကြော်ခြင်း၊ ပန်းကန်များကို ဆေးကြောခြင်း... ခွေးသွားစိပ်မျာသည် တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ချိတ်ဆက်ထားသကဲ့သို့ပင်။ သူတို့သည် ယခင်ကဘာမှမဖြစ်ခဲ့သကဲ့သို့ ခေတ္တရပ်နားပြီး နောက်တကြိမ်လည်ပတ်လာခဲ့သည်။
"ကောင်းပြီ။ ပြီးရင် ငါတို့ရဲ့ ဧည့်ခံပွဲ ဆက်လုပ်ကြရအောင်။ ”
တည်းခိုခန်းတလျှောက် လှုပ်ရှားမှုများကို ခံစားလိုက်ရသည်တွင် ကျန့်ချိုးကျင်းချူံးသည် အေးစက်စွာ လှောင်ရယ်လိုက်ပြီး ဧည့်ခံပွဲသို့ သူ့အာရုံကို ပြန်လှည့်လိုက်သည်။
“ဖက်”
သူ့လက်ချောင်းကို အနည်းငယ်လှုပ်ရှားလိုက်ခြင်းနှင့်အတူ သေစေလောက်သောအဆိပ်ရှိသည့် ထိုဖီးနစ်အမြီးပင်လယ်ခရုသည် တည်းခိုခန်းမှ ပစ်ထုတ်ခံလိုက်ရပြီး လမ်းပေါ်သို့ ကျသွားခဲ့သည်။
ဝမ်ချောင်သည် မြင်ကွင်းတစ်ခုလုံးကို အေးဆေးတည်ငြိမ်စွာ ကြည့်နေခဲ့သည်။
အနောက်တောင်ပိုင်းဒေသသည် ရှည်လျားသော ငြိမ်းချမ်းရေးကို ခံစားခဲ့ရသောကြောင့် ကျန့်ချိုးကျင်းချုံးသည် ကျော်ကြားမှုများစွာ မရှိပေ။ ထိုအရာကြောင့် လူတိုင်းသည် သူ့ကို နှိမ့်ချနေပုံရသည်။ သို့သော် မဟာတန်၏ကာကွယ်ရေးစစ်သူကြီးများကြားတွင် အားနည်းသူတစ်ယောက်မှ မရှိသလို ဘယ်တော့မှရှိလာလိမ့်မည်မဟုတ်ပေ။
ဆိုရိုးစကားအတိုင်းပင် "စစ်မှန်သော စစ်ရေးကျွမ်းကျင်သူများသည် နှိမ့်ကျသော အောင်မြင်မှုများရရှိရန် ဂရုစိုက်တတ်ကြသည်"။ ဤကိစ္စကို တွေးနေချိန်တွင် ဝမ်ချောင်သည် သူ့လာရင်းရည်ရွယ်ချက်၏ အခြားတစ်ခုကို ရုတ်တရက်သတိရသွားသည်။
"ဟုတ်သားပဲ လူကြီးမင်းကျန့်ချိုး။ ကျွန်တော်ခင်ဗျားရဲ့ တံဆိပ်ကို တောင်းလို့ရမလား"
ဝမ်ချောင် ရုတ်တရက် ပြုံးကာ မေးလိုက်သည်။
"အိုး မင်းက ငါ့ရဲ့တံဆိပ်ကို ဘာအတွက် လိုချင်တာလဲ။ "
ကျန့်ချိုးကျင်းချုံးသည် စိတ်ဝင်တစား မေးလိုက်သည်။
အကယ်၍ ဤအရာကို တောင်းဆိုသူမှာ ဝမ်ကန်း သို့မဟုတ် အခြားသူများဖြစ်လျှင် ဤသည်မှာ အနည်းငယ်ရိုင်းပျပြီး စော်ကားသလိုဖြစ်နိုင်သည်။ သို့သော်လည်း ဝမ်ချောင်သည် ဂျူနီယာတစ်ဦးအနေဖြင့် သူ့တောင်းဆိုမှုမှာ လုံးဝသဘာဝကျပုံပေါ်သည်။ ထို့ကြောင့် ကန့်ချိုးကျင်းချုံးကို စိတ်ဝင်စားသွားစေခဲ့သည်။
“အရင်က ကျွန်တော် မြို့တော်အပြင်ကို တစ်ခါမှ မထွက်ခဲ့ဖူးဘူး ဒါကြောင့် စီးပွားရေးလုပ်ဖို့ အခွင့်အလမ်းရှိရင် ကျွန်တော်ကျင်းနန်ကို သွားလည်ချင်ပါတယ်။ တကယ်လို့ ကျွန်တော့်မှာ လူကြီးမင်းကျန့်ချိုးရဲ့ တံဆိပ်ရှိရင် အဲဒါက ကျွန်တော့်ခရီးအတွက် အရမ်းအဆင်ပြေစေမှာပါ။ "
ဝမ်ချောင်သည် ဟာသတစ်ဝက်နှောကာ ပြန်ဖြေလိုက်သည်။
"အိုး"
ကျန့်ချိုးကျင်းချုံးသည် စိတ်ဝင်စားစွာ မသိစိတ်ဖြင့် ရှေ့သို့ကိုင်းသွားခဲ့သည်။ သူသည် လူငယ်၏ စီးပွားရေးအတွက် သာမန်မဟုတ်သော စွမ်းရည်ကို မမေ့ခဲ့ပေ။
"ဝမ်သခင်လေးက ဘယ်လိုစီးပွားရေးမျိုးမှာ ပါဝင်ဖို့မျှော်လင့်ထားလဲ ငါသိနိုင်မလား။ ဒါက ဒါပဲဆိုရင် ဒုက္ခအများကြီး ခံစရာမလိုပါဘူး။ ကျင်းနန်မှာ ရှိတဲ့ ကိစ္စတွေကို စီမံခန့်ခွဲမယ့်သူဖြစ်တဲ့ ချောင်ထုံက ဒီမှာဖြစ်တာကြောင့် သူက မင်းလိုအပ်တဲ့ ခွင့်ပြုချက် တစ်ခုခုကို ဒီမှာပဲ ပေးနိုင်မှာပါ။ "
ကျန့်ချိုးကျင်းချုံး ပြောလိုက်သည်။
ဤသည်မှာ သူဘက်မှ စေတနာထားသည့် အပြုအမူအဖြစ် ယူဆနိုင်သည်။ မြို့တော်တွင် သူ့အခြေခံအုတ်မြစ်သည် အားနည်းသည်ကို သူသိသည်။ သူသည် တိုက်ပွဲဝန်ကြီးဖြစ်လာလျှင်ပင် အခြေအနေကို သူကိုယ်တိုင် ထိန်းထားနိုင်ပါ့မလားဟု သံသယဖြစ်မိသည်။ ထို့ကြောင့် သူသည် အခြားသော ဂုဏ်သိက္ခာရှိသည့် ကလန်များမှ ပံ့ပိုးကူညီမှု လိုအပ်မည်ဖြစ်သည်။
ဤရှုထောင့်တွင် ကြင်ယာတော်ထိုက်ကျန်း၏သြဇာလွှမ်းမိုးမှုသည် များစွာအထောက်အကူမဖြစ်ပေ။
အနောက်နန်းတော်သည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရပေ။ ၎င်းသည် မည်သည့်မင်းဆက်တွင်ရှိစေကာမူ သံလုံစည်းမျဉ်းတစ်ခုကဲ့သို့ပင်။ ထို့ကြောင့် ကျန့်ချိုးကျင်းချုံသည် မဟာမိတ်များ အလွန်လိုအပ်ပေသည်။ အားကောင်းသည့် မဟာမိတ်များပင်။
ပင်ကိုအားဖြင့် ဤဧည့်ခံပွဲသည် ဝမ်ကန်းနှင့် ဝမ်ချောင်တို့အတွက် သီးသန့်ပွဲမဟုတ်ပေ။
ဝမ်ကန်းသည် ဘာမှမပြောခဲ့ပေ။ သို့သော် သူ့ဘေးနားရှိ ဝမ်ချောင်ကို ကြည့်လျက် သူ့မျက်ခုံးများသည် မသိစိတ်ဖြင့် တွန့်ချိုးသွားခဲ့သည်။ ကျန့်ချိုးကျင်းချုံး၏ ရည်ရွယ်ချက်များကို သူ မည်ကဲ့သို့ မသိဘဲနေနိုင်မည်နည်း။
သို့သော် ဝမ်ကန်းကို အလွန်အံ့အားသင့်သွားစေသည်မှာ ဝမ်ချောင်၏ လုပ်ရပ်များဖြစ်နေဆဲပင်။
'ဒီကလေး ဘာလုပ်နေတာလဲ။ ကျန့်ချိုးကျင်းချုံး ပတ်ဝန်းကျင် အခြေအနေတွေက ရှုပ်ထွေးလွန်းတယ်လို့ သူ့ကို ငါရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ငါတို့က သူ့ကို မစော်ကားသင့်ပေမဲ့လည်း သူနဲ့ အရမ်းရင်းနှီးနေဖို့လည်း မသင့်တော်ဘူး။ ဒီကလေးက ဘာလုပ်မလို့လဲ။ '
ဝမ်ကန်းသည် စိုးရိမ်တကြီးဖြင့် စဉ်းစားလိုက်သည်။
ကျန့်ချိုးကျင်းချုံးသည် ဝမ်ကလန်နှင့် ခိုင်မာသော ဆက်ဆံရေးထူထောင်ရန် သေလုမျောပါးဖြစ်နေပြီး ဝမ်ချောင်သည် အခွင့်အရေးကို သူ့လက်သို့ အပြည့်အဝ ပေးအပ်ခဲ့သည်။ ဝမ်ကန်းသည် ထိုသည်ကို ရပ်တန့်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် သူသည် နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။
ဝမ်ချောင်သည် သူ့အကြံဉာဏ်ကို ဆန့်ကျင်ရန် ဘာ့ကြောင့် ဆုံးဖြတ်ခဲ့သည်လဲဆိုသည်ကို သူ မသိခဲ့သော်လည်း အဆုံးတွင် သူသည် သူ့ကို ယုံကြည်ရန် ရွေးချယ်နေဆဲပင်။
မူရင်းစာရေးသူ၏အမှာစာ-
"စစ်မှန်သော စစ်ရေး ကျွမ်းကျင်သူများသည် နှိမ့်ကျသော အောင်မြင်မှုများရရှိရန် ဂရုစိုက်တတ်ကြသည်။ "
စစ်မှန်တဲ့ စွမ်းဆောင်နိုင်သူတွေဟာ သူတို့ရဲ့အစီအစဉ်တွေကို ကျရှုံးစေတဲ့ မေးခွန်းတွေ ဒါမှမဟုတ် ဟာကွက်တွေမကျန်ခဲ့စေဖို့ အစကနေအဆုံးအထိ မှန်ကန်စွာ လှုပ်ရှားတတ်ကြတယ်။ ဒါကြောင့် အံ့မခမ်းအောင်မြင်မှုတွေကို ရရှိစေတယ်။ တနည်းအားဖြင့် ကျန့်ချိုးကျင်းချုံးဟာ ဒေသတွင်းမှာ သူဘယ်လို ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားနိုင်သလဲဆိုတာကနေ သူရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ပေမယ့် အဲဒီငြိမ်းချမ်းနေတာကြောင့်ပဲ သူက ကာကွယ်ရေးစစ်သူကြီးတွေထဲမှာ လူသိအနည်းဆုံးဖြစ်ခဲ့တယ်ပေါ့။ (အဲဒါကြောင့် သူက သူ့လက်စွမ်းပြဖို့ သာမန်တိုက်ပွဲကို ဂရုစိုက်ခဲ့တယ်လို့ ပြောချင်တာပါ။ )
ပြီးတော့ သူက Annan နဲ့ Annam မှားရိုက်မိတဲ့အတွက် တောင်းပန်ထားတယ်။ (တဆက်တည်း ကျွန်တော်လည်း လျှံပြီး မှားရိုက်ထားရင် တောင်းပန်ပါတယ်။ ) သူပြောထားတဲ့ အဓိကအကြောင်းအရာက အန်းနန်ဟာ ဗီယက်နန်မြောက်ပိုင်း ဒါမှမဟုတ် ဝတ္ထုထဲမှာ မဟာထန်ရဲ့ ပိုင်နက်ထဲက တောင်ပိုင်းဒေသကို ကိုယ်စားပြုပါတယ်တဲ့။
အပိုင်း ၂၇၈
ချင်အန်းဗျူဟာရေးမှူး ကျီအန်း
"ဟီးဟီး ဒါက စီးပွားရေး အတိအကျတော့မဟုတ်ပါဘူး။ ကျွန်တော်က ကျင်းနန်မှာ မြေကွက်တစ်ကွက်ဝယ်ဖို့ အားထားနေတာပါ။ "
ဝမ်ချောင် ရယ်မောလိုက်သည်။
"ဘယ်နေရာမှာလဲ"
ကျန့်ချိုးကျင်းချုံးသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ခြင်္သေ့ကျောက်ဆောင်တောင်ကုန်း"
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
ဝမ်ချောင်၏စကားကိုကြားသည်တွင် ကျန့်ချိုးကျင်းချုံး၊ ရှန်းယုချောင်ထုံ နှင့် အခြားကွပ်ကဲသူများသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်မိကြသည်။ အန်းနန်ဒေသတွင် လာဘ်လာဘကောင်းသော နယ်မြေများစွာရှိသော်လည်း ဝမ်ချောင်သည် ထိုနေရာကို ရွေးချယ်ခဲ့ပေသည်။
"ဝမ်သခင်လေး မင်းသေချာလား။ ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းဟာ လုံးဝခေါင်သီပြီး ဆိတ်ငြိမ်တဲ့နေရာဖြစ်တယ် အဲဒါက အားဟိုင်ကုန်သည်တွေသာ ရံဖန်ရံခါ ဖြတ်သွားတဲ့ဒေသဖြစ်တယ်။ သာမာန်အခြေအနေအောက်မှာ အဲဒီဒေသမှာ အချင်းဝက် လီ ဒါဇင်များစွာအတွင်း လူတစ်ယောက်ကိုတောင် တွေ့ဖို့မဖြစ်နိုင်ဘူး။ "
ရှန်းယုချောင်းထုံသည် တွေဝေသွားခဲ့ကာ မေးလိုက်သည်။
တောင်ပိုင်းကာကွယ်စောင့်ရှောက်ရေးအိမ်တော်မှ ကွပ်ကဲသူတစ်ဦးအနေဖြင့် သူသည် ကျင်းနန်၏ ပထဝီဝင်မြေအနေအထားကို ကောင်းစွာသိရှိထားခဲ့သည်။ ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းသည် နာမည်အားဖြင့် အထင်ကြီးလောက်စရာဖြစ်သော်လည်း အညတရသာဖြစ်ပြီး မထင်ရှားသော တောင်တစ်ခုသာဖြစ်သည်။
တောင်ပိုင်းကာကွယ်စောင့်ရှောက်ရေးအိမ်တော်၏ ဩဇာလွှမ်းမိုးမှုစက်ကွင်းသည် အစွန်ဆုံးနယ်နိမိတ်တွင် မည်သည့်ရဲမက်နှင့် တပ်စွဲထားခြင်းမှ မရှိသောကြောင့် ထိုနေရာကို လုံးဝတန်ဖိုးမရှိသည့် မြေနေရာဟု ဆိုနိုင်သည်။
ဝမ်ကလန်၏ လူငယ်လေးသည် အဘယ်ကြောင့် ထိုတောင်ကုန်းလေးကို ဝယ်ယူလိုနေသည်ကို ရှန်းယုချောင်ထုံသည် နားမလည်နိုင်တော့ပေ။
"လက်ဖက်မြင်းလမ်းတလျှောက်မှာ စီးပွားရေးက ကောင်းတယ်လို့ သူငယ်ချင်းတစ်ယောက်ဆီက ကျွန်တော်ကြားသိခဲ့ရတယ် ဒါကြောင့် ကုန်သည်တွေ အနားယူပြီး သူတို့ကုန်ပစ္စည်းတွေ သိုလှောင်ဖို့အတွက် အဲဒီနေရာမှာ စခန်းငယ်လေးတစ်ခု ဆောက်လုပ်ဖို့ ကျွန်တော်တွေးထားခဲ့တယ်။ ဒီကနေတစ်ဆင့် ကျွန်တော်ကလည်း ရောင်းဝယ်ဖောက်ကားမှုမှာ ဝင်ရောက်နိုင်မှာပါ။ "
ဝမ်ချောင် ပြောလိုက်သည်။
"ငါနားလည်ပြီ။ အမှန်ပဲ လက်ဖက်မြင်းလမ်းမှာ သိသာတဲ့ အကျိူးအမြတ်တွေ ရှိတယ် ဝမ်သခင်လေးကလည်း ဝင်ပါဖို့ ဘာကြောင့် အားခဲနေရသလဲဆိုတာ အံ့သြစရာမဟုတ်တော့ဘူး။ "
ကျန့်ချိုးကျင်းချုံးသည် နားလည်သဘောပေါက်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ လက်ဖက်မြင်းလမ်းသည် အားဟိုင်၏ လက်ဖက်နှင့် ဝူရှန်း၏ မြင်းများကို အဓိကထားကုန်သွယ်ပြီး ထိုကုန်ပစ္စည်းများ၏ ကုန်သွယ်မှုသည် အလွန်အကျိုးအမြတ်များလှသည်။
ကျင်းနန်၌ရှိသော ကလန်ဆယ်ခုတွင် အနည်းဆုံး ကလန်ခုနှစ်ခုသည် ဤကုန်သွယ်မှုတွင် ပါဝင်နေခဲ့သည်။ ထို့ကြောင့် ဝမ်ကလန်သည်လည်း ဤကိစ္စထဲသို့ သူတို့လက်များလျိုချင်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
"ချောင်ထုံ မင်းပြန်ပြီးနောက်မှာ လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ဝမ်သခင်လေးရအောင် ကူညီပေးလိုက်ပါ။ "
ကျန့်ချိုးကျင်းချုံးသည် ရှန်းယုချောင်ထုံကို လှည့်ကြည့်လျက် ပြောလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် ပြန်ရောက်ပြီးတာနဲ့ ဒါကို ဂရုစိုက်လိုက်ပါ့မယ်"
ရှန်းယုချောင်ထုံသည် လေးစားစွာ ပြန်ဖြေလိုက်သည်။
ဤသည်မှာ ကျန့်ချိုးကျင်းချုံးက သူ့ကိုပေးနေသော ဝမ်ကလန်နှင့် ဆက်ဆံရေးထူထောင်ရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။ ပြောစရာမလိုအောင်ပင် ခြင်္သေ့တောင်ကုန်သည်လည်း သိပ်တန်ဖိုးမရှိပေ။
အကယ်၍ သူသည် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးအဖြစ် ဆက်ခံလိုပါက သူသည် ဝမ်ကလန်၏ အကူအညီကို လိုအပ်နေပေသေးသည်။
"ဟီးဟီး ဝမ်သခင်လေး ငါ မင်းကို ဒီတံဆိပ် ပေးလိုက်မယ်။ အနာဂတ်မှာ မင်း အန်းနန်ကို လာခဲ့မယ်ဆိုရင် ဒီတံဆိပ်က မင်းကို အများကြီး အဆင်ပြေချောမွေ့စေမှာ သေချာပါတယ်။ "
ထိုကိစ္စတွင် ရှန်းယုချောင်ထုံကို ညွှန်ကြားပြီးနောက် ကျန့်ချိုးကျင်းချိုးသည် သူ့လက်ချောင်းများကို ဆတ်ခနဲလှုပ်လိုက်ပြီး ဝမ်ချောင်၏ မျက်လုံးရှေ့တွင် ရွှေရောင်တံဆိပ်တစ်ခု ပေါ်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်းကျန့်ချိုး"
ဝမ်ချောင် ဝမ်းသာသွားခဲ့သည်။ ဤသည်မှာ ကြီးမားသော ရိတ်သိမ်းမှုဖြစ်ပြီး သူသည် ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းနှင့် ကျန့်ချိုးကျင်းချုံး၏ ကိုယ်ပိုင်တံဆိပ်နှစ်ခုစလုံးကို ရရှိခဲ့သည်။
ဤကိစ္စများပြီးမြောက်သွားခဲ့ရုံဖြင့် နေဆယ်စင်းတည်းခိုခန်းသို့ သူ့ခရီးစဉ်သည် ပြီးပြည့်စုံသွားခဲ့သည်။
'ဟူးး ငါတတ်နိုင်သမျှ ငါလုပ်ခဲ့ပြီးပြီမို့ အခု ငါလုပ်နိုင်တာက အရာအားလုံးကို ကံကြမ္မာအပေါ် ထားခဲ့ဖို့ပဲ။ '
သက်ပြင်းရှည်ကြီးချလိုက်ကာ စိုးရိမ်ပူပန်မှုများသည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်ကို ဝမ်ချောင် ခံစားလိုက်ရသည်။
ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းသည် မဟာထန်၏ တောင်ဘက်နယ်စပ်တွင် တည်ရှိသော တောင်ကုန်းငယ်တစ်ခုဖြစ်သည်။
ထိုအရာကို ဝမ်ချောင်လိုချင်သည့် အကြောင်းပြချက်မှာ စီးပွားရေးလုပ်ရန် မဟုတ်ပေ။ ထိုနေရာရှိ စီးပွားရေးသည် သိသာထင်ရှားသော အကျိုးအမြတ်များ ရှိနေခဲ့သော်လည်း ဝမ်ချောင်ကို ဆွဲဆောင်ရန် မလုံလောက်ခဲ့ပေ။
အားလုံးပြီးနောက် လက်ဖက်နှင့် မြင်းများကို ရောင်းဝယ်ဖောက်ကားမှုမှ အကျိုးအမြတ်များသည် မည်မျှပင် ရှိပါစေ ၎င်းသည် ဟိုက်ဒရာဘတ် သတ္တုရိုင်းများကို ရောင်းဝယ်ခြင်းမှ သူရရှိသော အကျိူးအမြတ်နှင့် နှိုင်းယှဉ်၍ မရခဲ့ပေ။ ပြောစရာမလိုအောင်ပင် သူသည် ကုန်သွယ်မှုတွင် အခြားကုန်သည်များစွာနှင့်လည်း ယှဉ်ပြိုင်ရပေလိမ့်မည်။
ဝမ်ချောင်သည် ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းကို လိုချင်ရခြင်း၏ အစစ်အမှန်အကြောင်းအရင်းမှာ သူ၏တည်နေရာကြောင့်ဖြစ်သည်။
ခြင်္သေ့ကျောက်ဆောင်တောင်ကုန်း၏အနောက်ဘက်သည် ပြန်ပြူးသောလွင်ပြင်တစ်ခုဖြစ်ကာ တိုင်းပြည်၏ အနာဂတ်အနောက်တောင်ပိုင်း တိုက်ပွဲ မျက်နှာစာဖြစ်သည်။ ဝမ်ချောင်သည် သူ့ယခင်ဘဝတွင် မဟာထန်၏ မြေမျက်နှာသွင်ပြင်ကို နှံ့စပ်စွာ လေ့လာခဲ့ပြီး လွင်ပြင်ပတ်ပတ်လည် လီ ရာအတော်များများတွင် အသုံးချနိုင်သည့် သဘာဝမြေမျက်နှာသွင်ပြင်မရှိပေ။
ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းသည် ဒေသတွင်းရှိ တစ်ခုတည်းသော သဘာဝအတားအဆီးဖြစ်သည်။
ဝမ်ချောင်သည် ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းကို ဝယ်ယူခဲ့ရခြင်း၏ အကြောင်းအရင်းမှာ သူသည် ခံတပ်တစ်ခုကို တည်ဆောက်ရန်ဖြစ်သည်။ ယခင်ကမရှိခဲ့ဖူးသော ကြီးမားသည့် ခံတပ်တစ်ခုဖြစ်သည်။
ဖြစ်နိုင်သည်မှာ ရင်နှစ်ဖွယ်ရှုံးနိမ့်မှုကို ခံစားရချိန်တွင် ဤခံတပ်သည် အရေးအကြီးဆုံးအခိုက်အတန့်တွင် လက်ရွေးစင်စစ်သည် တစ်သိန်းရှစ်သောင်းအတွက် အကာအကွယ်ပေးနိုင်ပေမည်။
ထိုကဲ့သို့သော ခံတပ်ကြီးတစ်ခုကို ဆောက်လုပ်ရန်အတွက် သန်းနှင့်ချီသော ငွေပမာဏ အများအပြားကို လိုအပ်မည်မှာ သေချာပေသည်။
သို့သော် သူတို့ရှေ့တွင် စစ်ပွဲများစိုးမိုးနေချိန်တွင် ရွှေများကို ကိုင်ဆောင်ထားစရာ ဘာအကြောင်းမှမရှိတော့ပေ။ အကယ်၍ ဝမ်ချောင်သည် ခြင်္သေ့ခံတပ်ကို တည်ဆောက်ခြင်းဖြင့် အနာဂတ်စစ်မြေပြင်သို့ မျှော်လင့်ချက်ရောင်ခြည်များ ယူဆောင်လာနိုင်ခဲ့ပါက သူသည် ထိုငွေပမာဏကို ကျေကျေနပ်နပ် သုံးစွဲရန် ဆန္ဒရှိပေသည်။
သူတို့၏လည်တိုင်များပေါ်တွင် မမြင်ရသော ခေါင်းဖြတ်စက်ရစ်ဝဲနေခြင်းကြောင့် ဖြစ်နိုင်သည် ဂိုဂူလျောများသည် ဟင်းလျာများကို လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့ကြသည်။
အချိန်တိုအတွင်းမှာပင် မွှေးကြိုင်ပြီး စားချင်စိတ်ကိုဖြစ်စေသော ဟင်းလျာများသည် စားပွဲတစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့သည်။ ဟင်းလျာများကိုလာချသည့် စားပွဲထိုးမိန်းမပျိုများသည် သူတို့၏ခေါင်းများကို ငုံ့ထားခဲ့ကြပြီး သူတို့၏ပုခုံးနှင့် လက်များသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြသည်။
သို့သော် တောင်ပိုင်းကာကွယ်ရေးအိမ်တော်မှ ကွပ်ကဲသူများဖြစ်စေ သို့မဟုတ် ဝမ်ချောင်ပင်ဖြစ်စေ သူတို့မည်သူကမျှ သူတို့ကို ဂရုမစိုက်ခဲ့ကြပေ။
"ဝမ်သခင်လေးက တပ်မှူးကျန်း ကျန်းဝမ်ထိုကို စိတ်ဝင်စားနေတယ်လို့ ငါကြားခဲ့တယ်။ "
ကျန့်ချိုးကျင်းချုံးသည် အစားအစာကို ထိုးမွှေလျက် ရုတ်တရက် ကိစ္စတစ်ခုကို ထုတ်ဖော်လိုက်သည်။
"ဟုတ်ကဲ့"
ဝမ်ချောင်သည် ငြင်းပယ်ခဲ့ခြင်းမရှိပေ။ ထို့အစား သူသည် ယန်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူက ကိုးရိုကားရားပြုံးလိုက်ကာ သူ့အကြည့်ကို ရှောင်တိမ်းလိုက်သည်။
သံသယရှိစရာမလိုပင် ဤသည်မှာ ယန်ကျိုး၏ လုပ်ဆောင်မှု ဖြစ်ရပေမည်။ နောက်ဆုံးတွင် ဝမ်ချောင်သည် ဤကိစ္စကို တစ်ခါတည်း ထုတ်ဖော်လိုက်သည်။
"ဟီးဟီး ဟိုဘက်မှာရှိတဲ့ အဲဒီလူက ဝမ်ထိုပဲ။ "
ကျန့်ချိုးကျင်းချုံးသည် ရုတ်တရက် သူ့လက်များကို မြှောက်လိုက်ပြီး အလွန်ရှည်လျားသော စားပွဲ၏အဆုံးဆီသို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ဧည့်ခံပွဲ၏ ခမ်းနားကြီးကျယ်မှုနှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပုံပေါ်သော တုတ်ခိုင်သန်မာသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် တိတ်တဆိတ် စားသောက်နေလေသည်။
"သခင်ကြီးကျန့်ချိုး"
ထိုလူသည် ခေါင်းကို မြှောက်လိုက်ပြီး ကျန့်ချိုးကျင်းချုံးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ရှင်းလင်းနေသည်မှာ သူသည် ယခုလေးတင်ပြောခဲ့သော စကားဝိုင်းကို မကြားခဲ့ပေ။
'သူပဲ'
ဝမ်ချောင်သည် အံ့အားသင့်မှုဖြင့် တွေးလိုက်သည်။
မဟာထန်စစ်တပ်သည် သူ၏အာဏာကို အမျိုးမျိုးသောကွပ်ကဲသူများကြားတွင် ခွဲဝေထားခဲ့သည်။ ဤကွပ်ကဲသူများထဲမှတစ်ဦးအနေဖြင့် ကျန်းဝမ်ထိုသည် တောင်ပိုင်းကာကွယ်ရေးအိမ်တော်၏ ကွပ်ကဲမှုအောက်တွင် ရှိနေသေးသော်လည်း သူ၏ လုပ်ဆောင်မှုများတွင် သိသာသော လုပ်ပိုင်ခွင့်အတိုင်းအတာကို ပိုင်ဆိုင်ထားခဲ့သည်။
ဝမ်ချောင်သည် စားပွဲအဆုံးတွင် ငြိမ်သက်စွာ စားသောက်နေသော လူထွားကြီးသည် ကျန်းဝမ်ထိုဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သိမ်မွေ့သောအပြုံးဖြင့် ဝမ်ချောင်သည် သူ့အကြည့်ကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။
'နောက်တစ်ချိန်ကျမှ သူနဲ့ စကားပြောရမယ်'
ဝမ်ချောင် တွေးလိုက်သည်။
သူသည် သူ့နှင့်စကားပြောရန် စိတ်ဝင်စားသော်လည်း အကြောင်းတရား၊ နေရာနှင့် အချိန်များသည် မသင့်တော်ပေ။
အချိနမခဏကြာပြီးနောက် ဝမ်ချောင်နှင့် ဦးကြီးဝမ်ကန်းတို့သည် နေဆယ်စင်းတည်းခိုခန်းမှ ထွက်ခွာလိုက်ကြသည်။
"ချောင်အာမင်း ဘာလုပ်နေတာလဲ။ ကျန့်ချိုးကျင်းချိုနဲ့ အရမ်းနက်နက်ရှိုင်းရှိုင်း မပတ်သက်ရဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား။ "
သူတို့သည် နေဆယ်စင်းတည်းခိုခန်းမှ ထွက်လာသည်နှင့် တပြိုင်နက် ဝမ်ကန်း၏ မျက်ခုံးများသည် နောက်ဆုံးတွင် အတူတကွထိစပ်သွားခဲ့ကြသည်။ သူ့အတွက် တည်းခိုခန်းထဲရှိ လူများစွာရှေ့တွင် ထိုကိစ္စကိုထုတ်ပြောရန် မသင့်တော်ပေ။ သို့သော် ယခုတွင် သူတို့သည် အပြင်သို့ ရောက်ခဲ့ပြီဖြစ်သောကြောင့် ဝမ်ကန်းသည် သူ့ကိုယ်သူ ထိန်းချုပ်မနေတော့ပေ။
ကျန့်ချိုးကျင်းချုံးသည် မြို့တော်၏ ကာကွယ်ရေးစစ်သူကြီးတစ်ဦးဖြစ်ပြီး သူ့သြဇာအာဏာသည် ဝမ်ကလန်အတွက် သူ့ကိုထိန်းချုပ်ရန် ရိုးရှင်းဖြင့် ကြီးမားလွန်းလှသည်။ အကယ်၍ သူသာအောင်မြင်ခဲ့လျှင် ဝမ်ကလန်သည် အရေးပါသည့်အကျိုးကျေးဇူးတစ်စုံတစ်ရာကို ရရှိလိမ့်မည်မဟုတ်ပေ။ တစ်ဖက်တွင်မူ သူကျရှုံးခဲ့ပါက ဝမ်ကလန်သည် သူနှင့်အတူ ဆွဲချခံရမည်ဖြစ်သည်။ ကျန့်ချိုးကျင်းချုံးနှင့် အလွန်နက်ရှိုင်းစွာပတ်သက်ခြင်းသည် ဝမ်ကလန်အတွက် ရိုးရှင်းစွာဖြင့် ဆိုးကျိုးဖြစ်စေသည်။
နိုင်ငံရေးဆိုသည်မှာ လူတစ်ဦးသည် ဂရုတစိုက်ဖြင့် နင်းလျှောက်ရမည့် သို့မဟုတ် ပါးလွှာသော ရေခဲပြင်မှတဆင့် ကျဆင်းသွားမည်ကို စိုးရိမ်ရမည့် နေရာဖြစ်သည်။
တစ်ဖက်လူသည် ဝမ်ချောင်ကို ကလေးတစ်ဦးဖြစ်သောကြောင့် လစ်လျူရှုထားလိမ့်မည် မဟုတ်ပါပေ။ သူတို့အတွက် ဝမ်ကလန်သည် အလုံးစုံဖြစ်ပြီး ဝမ်ချောင်၏လုပ်ဆောင်ချက်များသည် ကလန်တစ်ခုလုံး၏ဆန္ဒကို ကိုယ်စားပြုနိုင်သည်။
"ဦးကြီး အဖေ့ကို မှတ်မိလား"
ဝမ်ချောင်သည် ခေါင်းမော့၍ မေးလိုက်သည်။
"ကျိန်းကျီ"
ဝမ်ကန်းသည် မှင်သက်သွားခဲ့ပြီး မေးလိုက်သည်။
"ဒီကိစ္စက သူနဲ့ ဆပ်စပ်နေသလား။ "
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
"ဦးကြီး သခင်ကြီးစုန့်ဘုရင်ဟာ မကြာသေးမီက အဖေ့ကို နယ်စားတစ်ယောက်အဖြစ် အပ်နှင်းခံရဖို့ အကြံပြုပေးခဲ့တာကို မှတ်မိသေးလား။ "
ဝမ်ကန်း ခေါင်းညိတ်လိုက်သည်။
"စုန့်ဘုရင်ရဲ့ အကြံပြုချက်နဲ့တောင်မှ ကျွန်တော့်အဖေရဲ့ အရည်အချင်းတွေဟာ ပြတ်လပ်နေသေးတယ်။ ပြီးတော့လည်း စစ်မှုထမ်းဌာနက ကျွန်တော့်အဖေနဲ့ အစ်ကိုကြီးကို ကျင်းနန်အနီးကဒေသနဲ့ တောင်ပိုင်းကာကွယ်ရေးအိမ်တော်ကို ပို့ဆောင်ခဲ့တယ်။ တကယ်လို့ကျွန်တော့်အဖေက အနာဂတ်မှာ နယ်စားတစ်ယောက်ဖြစ်လာချင်ရင် သူက ကျန့်ချိုးကျင်းချုံးရဲ့ အကူအညီကို လိုအပ်လိမ့်မယ်။ "
ဝမ်ချောင် ပြောလိုက်သည်။
သိပ်မကြာသေးမီကပင် သူ့ဖခင်နှင့် အကိုကြီးတို့သည် သူတို့၏တပ်သားများကို ကျင်းနန်ဒေသသို့ ဦးဆောင်ရန် စတင်နေပြီဟူသော သတင်းကို သူလက်ခံရရှိခဲ့သည်။
တိုးတက်မှုသည် မျှော်လင့်ထားသည်ထက် ရှည်ကြာခဲ့သော်လည်း စုန့်ဘုရင်သည် သူတို့နှစ်ဦးလုံးကို ပို့ဆောင်ရန် လုပ်ဆောင်နိုင်ခဲ့သေးသည်။
"ငါနားလည်ပြီ။ "
ဝမ်ချောင်၏ရှင်းပြချက်ကိုကြားသည်တွင် ဝမ်ကန်းသည် အတွေးနက်သွားခဲ့ကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အကယ်၍ ဤသည်မှာ သူ့တတိယမြောက်ညီငယ်၏ နယ်စားတစ်ယောက်အဖြစ် အပ်နှင်းခံရရန်အတွက်ဆိုလျှင် ဤလုပ်ရပ်သည် လက်ခံနိုင်ပေသည်။
ရထားလုံးထဲသို့ လှမ်းဝင်လိုက်ကာ ဝမ်ကန်းနှင့် ဝမ်ချောင်တို့သည် ထိုနေရာမှ လျင်မြန်စွာထွက်ခွာသွားခဲ့ကြသည်။
တစ်ဖက်တွင် ဝမ်ကန်း၊ ဝမ်ချောင်နှင့် အခြားအရာရှိများ ထွက်ခွာသွားပြီးနောက် တောင်ပိုင်းကာကွယ်ရေးအိမ်တော်၏ ကွပ်ကဲသူများသာ တည်းခိုခန်းထဲတွင် ကျန်ရှိနေခဲ့သည်။
"ကျီးအန် မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ"
အနီးအနားတွင် အပြင်လူများမရှိသောကြောင့် ကျန့်ချိုးကျင်းချုံးသည် သူ့အနားရှိ သက်လတ်ပိုင်းအရွယ် ဗျူဟာမှူးကို လေးနက်စွာဖြင့် ရုတ်တရက်လှည့်ကြည့်လိုက်သည်။
"အဲ့ကောင်လေးက ကလိမ်နေတာ"
ကျီးအန်ဟုအမည်ရသော သက်လတ်ပိုင်းဗျူဟာမှူးသည် စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ယူပြီး သောက်လိုက်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"ဟမ်"
ကျန့်ချိုးကျင်းချုံး မှင်သက်သွားခဲ့သည်။ သူသည် ဝမ်ကန်း၏ ကိစ္စအကြောင်းကိုမေးနေခြင်းဖြစ်ပြီး ထို့အစား ကျီးအန်သည် ဝမ်ချောင်အကြောင်းပြောမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဟီးဟီး သခင်ကြီးကျန့်ချုံးက ဝမ်ကလန်ရဲ့ အဓိကပုဂ္ဂိုလ်ဟာ ဝမ်ကန်းလို့ ထင်နေသေးလား။ "
ကျီးအန်သည် သူ့ဝိုင်ခွက်ကို ချလိုက်စဥ် သူမျက်လုံးထဲတွင် ခန့်မှန်းရခက်သော အလင်းရောင်ဖြင့် ရယ်မောလိုက်သည်။
"အဲလိုမဟုတ်ဘူးလား"
ကျန့်ချိုးကျင်းချုံးသည် ပို၍လန့်ဖျပ်သွားခဲ့သည် ။
"သခင်ကြီးကျန့်ချိုး ခင်ဗျားဝန်းကျင်က အခြေအနေတွေကြောင့် ခင်ဗျားစိတ်ရှုပ်ထွေးနေပြီ။ ဒါဆို လူကြီးမင်းယန် ကျွန်တော့်ကို မေးခွန်းတစ်ခု မေးခွင့်ပြုပါ။ မင်းအရင်က ဝမ်ကန်းကို သွယ်ဝိုက်ပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့တယ် သူက သဘောတူခဲ့သလား။ "
ကျီးအန်လှည့်၍ ယန်ကျိုးကို မေးလိုက်သည်။
"သူသဘောမတူခဲ့ဘူး"
ယန်ကျိုးသည် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ ယခင်က ကျင်းနန်တွင် နေထိုင်ခဲ့သောကြောင့် ကျန့်ချိုးကျင်းချုံးဘက်မှ ဤလူ၏ အဆင့်အတန်းကို သူနားလည်သဘောပေါက်ပေသည်။ ထို့ကြောင့် သူသည် သူ့နားတွင် ဂရုမစိုက်မလုပ်ဝံ့ပေ။
"ဒါဆို ဝမ်ကန်းက ဘယ်အချိန်မှာ ရှေ့ထွက်လာခဲ့တာလဲ။ မင်း ဝမ်သခင်လေးကို ရှာပြီးတဲ့အချိန်မှလား။ "
ကျီးအန်သည် မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"အဲဒီလိုဖြစ်ပုံရတယ်။ "
ယန်ကျိုးသည် ပြန်မဖြေမီ ဤကိစ္စကို တခဏစဉ်းစားလိုက်သည်။ လူလတ်ပိုင်းဗျူဟာမှူးသည် ဘာကို ဆိုလိုချင်နေသည်ကို သူ နားမလည်နိုင်သေးပေ။
"ဟားဟား မင်း နားမလည်သေးဘူးလား။ ကိစ္စရဲ့အဓိကအချက်က ဝမ်ကန်းမှာမဟုတ်ဘဲ ဆယ့်ငါးနှစ်သားကလေးမှာပဲ။ "
ကျီးအန်သည် လျှို့ဝှက်စွာ ပြုံးလိုက်သည်။
"ဒါ့အပြင် ခုနက ဧည့်ခံပွဲအတွင်းမှာ အဲဒါကို သတိမထားမိခဲ့ဘူးလား။ ဝမ်သခင်လေးဟာ သခင်ကြီးကျန့်ချိုးရဲ့ တံဆိပ်ကို တောင်းတဲ့အခါ လူကြီးမင်းဝမ်က မပျော်မရွှင်ဖြစ်သွားခဲ့တယ်ဆိုတာ ထင်ရှားတယ် ဒါပေမယ့် ဒီလိုဆိုရင်တောင် သူက ဒီကိစ္စထဲကို လုံးဝ ဝင်မစွက်ဖက်ခဲ့ဘူး။ ငါအရင်လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေက လူကြီးမင်းဝမ်ဟာ စည်းကမ်းကြီးတဲ့သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့တယ်။ သူ့လို စည်းကမ်းကြီးတဲ့လူက တစ်ခုခုမှားနေတယ်လို့ ခံစားမိနေပေမယ့် နှုတ်ဆိတ်နေခဲ့တာက အဖြေကရှင်းမနေဘူးလား။ "
"မင်းဆိုလိုတာက ဒီကလေးက ဝမ်ကလန်ရဲ့ ဝိညာဉ်ရေးခေါင်းဆောင်ပေါ့"
ကျန့်ချိုးကျင်းချုံးသည် သူ့မျက်လုံးများတွင် အံ့အားသင့်မှုကို ဖုံးကွယ်ရန် ခဲယဉ်းနေသည်။
"ဒါက လုံးဝမဟုတ်ရင်တောင် အမှန်တရားနဲ့ သိပ်မဝေးနိုင်ဘူး။ အနည်းဆုံးတော့ လူကြီးမင်းဝမ်က အဲဒါကို တွေးနေပုံရတယ်။ တကယ်လို့ ဘာမှမမှားရင် ဝမ်ချောင်ဟာ ဝမ်ကလန်ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်။ သခင်ကြီးကျန့်ချိုးက မြို့တော်မှာ တည်ငြိမ်တဲ့ဟန်ချက်ကို ရဖို့ အားထားနေရင် ခင်ဗျား ဝမ်သခင်လေးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်ထားသင့်တယ်။ "
ကျီးအန်သည် ရယ်မောလိုက်သည်။
ဤဧည့်ခံပွဲတစ်လျှောက်လုံးတွင် ဤလူလတ်ပိုင်း ဗျူဟာမှူးသည် စကားကို ရှားရှားပါးပါးသာပြောခဲ့သည်။ သူ့တည်ရှိမှုသည် ဧည့်ခံပွဲသို့ ဖိတ်ကြားထားသော အရာရှိငယ်များထက် အားနည်းသည်ဟု ခံစားရစေသည်။
သို့သော် ဝမ်ချောင် ထွက်သွားပြီးနောက် သူ့အမူအရာနှင့် အခန်းထဲရှိ လေထုသည် ကျီးအန်သည် တောင်ပိုင်းကာကွယ်ရေးအိမ်တော်တွင် ကျန့်ချိုးကျင်းချုံးအောက်တွင် ဒုတိယဦးဆောင်သူဖြစ်ကြောင်း ရှင်းလင်းစွာသက်သေပြခဲ့သည်။
သူ့အဆင့်အတန်းသည် ရှန်းယုချောင်ထုံထက်ပင် မြင့်မားသေး၏။
"ဝမ်သခင်လေးမှာ ငါတို့တောင်းဆိုထားတာမရှိဘူးမလား။ သခင်ကြီးကျန့်ချိုး ဒါက အခွင့်ကောင်းတစ်ခုပဲ။ "
ယဲ့ယဲ့လေးပြုံးလိုက်ကာ ကျီးအန်၏ ခန္ဓာကိုယ်သည် နောက်သို့ အနည်းငယ်တိမ်းသွားခဲ့သည်။
"ငါနားလည်ပြီ။ ငါ ဘာလုပ်ရမယ်ဆိုတာ ငါသိပြီ။ " တခဏ တိတ်ဆိတ်သွားပြီးနောက် ကျန့်ချိုးကျင်းချုံးသည် ခေါင်းညိတ်လိုက်သည်။
မူရင်းရေးသူမှတ်ချက်- ကျိန်းကျီသည် ဝမ်ယန်၏ နောက်ထပ်နာမည်ဖြစ်သည်။ ကျယ်ရှင်းသည် ဝမ်ကန်း၏ နောက်ထပ်နာမည်ဖြစ်သည်။ တောင်ပိုင်းကာကွယ်ရေးအိမ်တော်သည် ဒေသတွင်း ကာကွယ်ရေးကိုသာ ဂရုစိုက်ကြရသည်။ အုပ်ချုပ်မှုများ မပါဝင်ပေ။ ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်မူဝါဒကို အကောင်အထည်ဖော်ပြီးမှသာ ဒေသဆိုင်ရာတပ်မှူးများသည် သူတို့ကျရာနေရာ၌ အဖြစ်အပျက်အမျိုးမျိုးအပေါ် လုံးဝထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ သို့သော် နာမည်အရ အုပ်ချုပ်မှုတွင် တရားဝင်ပါဝင်ခဲ့ခြင်းမရှိသော်လည်း စစ်အာဏာကိုင်စွဲထားသူများသည် အကြီးမားဆုံးသောဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားသူများ ဖြစ်နေတတ်ကြသည်။ ထို့ကြောင့် ဒေသတွင်းဖြစ်ပျက်နေသော အဖြစ်အပျက်များတွင် တောင်ပိုင်းကာကွယ်ရေးအိမ်တော်အတွက် ဝင်ရောက်စွက်ဖက်ရန်ခက်ခဲလိမ့်မည်မဟုတ်ချေ။ (ဝမ်ချောင်ကို ကူညီပေးခဲ့တာက အုပ်ချုပ်ရေးမှာ စစ်တပ်က ဝင်ရောက်စွက်ဖက်ခဲ့တာကို ပြောချင်နေတာပါ။ )
ဘာသာပြန်သူမှတ်ချက်- တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ကို တောင်ပိုင်းကာကွယ်ရေးအိမ်တော်ဟု ပြောင်းလဲဘာသာပြန်သွားပါမည်။
အပိုင်း ၂၇၉
အလုပ်အကိုင်ဌာန၊ ကျန့်ရှို့ကျီ
မရေမတွက်နိုင်သော လမ်းကြိုလမ်းကြားများစွာကို ဖြတ်သန်းပြီးနောက် နေဆယ်စင်းတည်းခိုခန်းမှ လမ်းတစ်ဒါဇင်ကျော်ဝေးကွာသော နေရာတွင် ဝမ်ကန်း၏ ရထားလုံးသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဝမ်ချောင်သည် ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ကာ ဝမ်ကန်းကို နှုတ်ဆက်စကားပြောပြီးနောက် ရထားလုံးကို မျက်စိဖြင့် အဝေးသို့ လိုက်ပို့လိုက်သည်။
"သခင်လေး ငါတို့အခုဘယ်သွားကြမှာလဲ"
လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေနှင့် သံမဏိလက်တို့သည် ရထားပေါ်မှ ဝမ်ချောင်နောက် လိုက်ဆင်းလိုက်ကြကာ လမ်းပေါ်တွင် မတ်ရပ်နေခဲ့ကြသည်။
"ငါတို့ တစ်စုံတစ်ယောက်ကို ရှာကြမယ်။ "
ပြုံးလျက် ဝမ်ချောင်သည် သူ့လက်ဖဝါးထဲရှိ ကျန့်ချိုးကျင်းချုံးဆီမှ ရွှေတံဆိပ်ကို ကြည့်လိုက်ပြီး ထည့်သိမ်းလိုက်သည်။
ရှန်းယုချောင်ထုံနှင့်တွေ့ဆုံပြီး ကျန့်ချိုးကျင်းချုံး၏တံဆိပ်ကိုလက်ခံရရှိခဲ့ကာ ကျန်းဝမ်ထိုသည် မြို့တော်တွင်ရှိနေသည်ဆိုသည့်အချက်ကိုလည်း ဖော်ထုတ်ပြီးနောက် ထိုလူကိုရှာဖွေရန်အချိန်တန်ပြီဖြစ်သည်။
မည်းမှောင်ပြီး စိုစွတ်နေသော လမ်းကြားတွင် လျှောက်လာရင်း သူတို့သည် မကြာမီ မြို့တော်၏ သာယာဝပြောသော ဒေသမှ ထွက်ခွာလာခဲ့ကြသည်။ ပုကွပြီး ယိုယွင်းပျက်စီးနေသော အိမ်များသည် တဖြည်းဖြည်း မြင်ကွင်းထဲ ဝင်လာခဲ့၏။
ဤသည်မှာ နွမ်းပါးသောအရပ်ဒေသဖြစ်သည်။
ချမ်းသာသူများရှိကြသကဲ့သို့ ဆင်းရဲသူများလည်းရှိကြသော်လည်း မြို့တော်သည်တော့ အတူတူပင်။
သူတို့သည် လမ်းကြားတလျှောက်ပို၍ချီတက်လာသည်နှင့်အမျှ အိမ်များသည် ပို၍ ပို၍ ကျဲပါးလာခဲ့သည်။
"သခင်လေးက ဒီမှာ ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ။ "
လူအိုကြီးလင်းယုန်ငှက်၊ တစ်ကိုယ်တော်ဝံပုလွေနှင့် သံမဏိလက်တို့သည် ယခုအချိန်တွင် စူးစမ်းလိုစိတ်များ ပို၍ကြီးထွားလာခဲ့ကြသည်။ သူတို့၏ မြို့တော်ကို နက်ရှိုင်းစွာ နားလည်ထားမှုဖြင့်ပင် သူတို့သည် ယခင်က ဤနေရာကို လုံးဝမရောက်ခဲ့ကြဖူးပေ။
ဝန်ကြီးနှင့် စစ်သူကြီးမျိုးရိုးကလန်၏ လူငယ်မျိုးဆက်တစ်ယောက် မြို့စားကြီးကျူးထံမှ ဆင်းသက်လာသောသူ ထိုကဲ့သို့သောလူတစ်ယောက်ကို ဤမျှ ယိုယွင်းပျက်စီးနေသော ဒေသသို့ လာရန် ဆွဲဆောင်နေသည့်အရာမှာ သူတို့ စိတ်မကူးနိုင်ပေ။
"ဒါဖြစ်လောက်တယ်။ "
ဝမ်ချောင်သည် သူ့ရှေ့ရှိ အိမ်တော်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။
ဆင်းရဲသောအရပ်ဒေသ၏ စံနှုန်းများဖြင့် သွားရလျှင် ဤနေအိမ်ကို ခမ်းနားထည်ဝါသည်ဟု ယူဆနိုင်ပေသည်။ သို့သော်လည်း ဟောင်းနွမ်းနေသော သစ်သားတံခါးများ၊ ရေညှိများပြည့်နေသော လှေကားထစ်များနှင့် နံရံများပေါ်သို့ တွယ်တက်နေသည့် စပျစ်နွယ်ပင်များသည် ဤနေရာသည် ဂုဏ်သိက္ခာရှိသော ကလန်အချို့၏ အိမ်မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။
ဘန်းဘန်း
ရှေ့ကို လှမ်းတက်လိုက်ကာ ဝမ်ချောင်သည် တံခါးမကြီးပေါ်ရှိ တံခါးခေါက်သံကွင်းကို ခေါက်လိုက်သည်။ ခဏကြာပြီးနောက် တံခါးပွင့်လာခဲ့ပြီး ခေါင်းတစ်လုံးအပြင်သို့ ထွက်လာခဲ့သည်။
"မင်းဘယ်သူ့ကိုရှာနေတာလဲ"
ထိုလူတွင် အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများရှိသည်။ သူသည် အိမ်တော်၏ အစေခံဖြစ်ပုံရ၏။
"ကျွန်တော်တို့ ဒီကို လူကြီးမင်းကျန့်ကိုတွေ့ဖို့ ရောက်နေတာပါ။ "
ဝမ်ချောင်သည် ယဉ်ကျေးစွာ ပြုံးပြပြီး တောင်းဆိုလိုက်သည်။
အစေခံသည် ချက်ချင်း လန့်နိုးသွားခဲ့သည်။ ဝမ်ချောင်နှင့်အခြားသူများ ဝတ်ဆင်ထားသော တောက်ပြောင်သည့် အဝတ်အစားများကို မြင်သည်တွင် သူသည် တံခါးကို လျင်မြန်စွာဖွင့်လိုက်သည်။
အခန်းအတွင်းဘက်သည် အုံ့မှိုင်းပြီး မည်းမှောင်ကာ ရိုးရှင်းပြီး ဆီမီးအခင်းရောင်ဖြင့်သာ လင်းထိန်နေသည်။
အခန်းထဲတွင် ယိုယွင်းကျဆင်းပြီး အတွန့်အကြောင်းများဖြင့် အသက်ငါးဆယ်ကျော်ဟုထင်ရသော အကြီးအကဲတစ်ဦးသည် ဝါးခုံပေါ်တွင် လဲလျောင်းနေလေသည်။ သူသည် ဆေးတံတစ်ချောင်းဖြင့် ဆေးလိပ်သောက်နေပြီး အခန်းအနှံ့တွင် ပြာလဲ့သော ခရမ်းရောင် မီးခိုးများကို ရှူထုတ်နေခဲ့သည်။
"လူအများစုက ဒီကိုလာမှာမဟုတ်ဘူး။ မင်းတို့အားလုံးက ဘယ်သူတွေလဲ။ "
အကြီးအကဲသည် သူတို့နှင့် စကားပြောနေသော်လည်း သူ့မျက်လုံးများသည် အာရုံစူးစိုက်မှု ကင်းမဲ့နေခဲ့သည်။ သူသည် သူ့ဆေးတံကို စိမ်ပြေနပြေ ဆက်ဖွာနေခဲ့သည်။
"လူကြီးမင်း ကျွန်တော်တို့ ဒီကို ဆောက်လုပ်ရေးအတွက် ခင်ဗျားရဲ့အကူအညီကို တောင်းဆိုဖို့ လာခဲ့တာပါ။ "
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
"ဟမ်"
ဝမ်ချောင်၏ စကားကိုကြားသည်တွင် အကြီးအကဲသည် ခဏမျှ မှင်သက်သွားခဲ့ပြီး နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ လေးနက်သည့်အမူအရာပေါ်လာခဲ့သည်။ သို့သော် မကြာမီ ဆေးတံထဲရှိ ပြာများကို ခေါက်လိုက်ကာ သူသည်လှောင်ရယ်လိုက်ပြီး အေးစက်စွာ ငြင်းပယ်လိုက်သည်။
"ဘယ်သူတွေဆီက ငါ့အကြောင်းကို မင်းကြားခဲ့သလဲ ငါမသိဘူး ဒါပေမယ့် အဲဒီအကြံကို စွန့်လွှတ်လိုက်ဖို့ ငါမင်းကိုအကြံပေးတယ်။ အလုပ်အကိုင်ဌာနကထွက်ပြီးကတည်းက ငါ ဘယ်သူ့အတွက်မှ အိမ်တော် မဆောက်ပေးတော့ဘူး။ "
ဤလူသည် အမှန်ပင် အလုပ်အကိုင်ဌာနမှဖြစ်သည်။
ဝမ်ချောင်နောက်ရှိ လူအိုကြီးလင်းယုန်ငှက်၊ သံမဏိလက် နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် တုန်လှုပ်သွားခဲ့ကြသည်။ အလုပ်အကိုင်ဌာနမှ အရာရှိများအတွက် လစာများသည် မြင့်မားလှသည်။ သာမန်အဖြစ်ဆုံးအရာရှိများပင်လျှင် ဇိမ်ကျကျနေထိုင်နိုင်ပေလိမ့်မည်။
အလုပ်အကိုင်ဌာနမှ အရာရှိတစ်ဦးသည် ဤကဲ့သို့နွမ်းပါးသောအရပ်ဒေသရှိ ယိုယွင်းပျက်စီးနေသော အိမ်တော်တွင် နေထိုင်နေမည်ဟု မည်သူမျှ မျှော်လင့်ထားလိမ့်မည်မဟုတ်ပေ။
'သခင်လေးက ဒီကိစ္စအတွက် ဒီကိုလာခဲ့ပုံရတယ်'
သုံးယောက်သား တွေးလိုက်ကြသည်။
သူတို့သည် ဖိတ်ကြားခြင်းမခံခဲ့သော်လည်း ထိုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဝမ်ချောင်သည် အခြေစိုက်စခန်းတစ်ခုဆောက်ရန် ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းကို ဝယ်ယူရန် ရည်ရွယ်ထားခဲ့ကြောင်း သူတို့သိသည်။
'သခင်လေးက အခြေစိုက်စခန်းဆောက်လုပ်ဖို့ သူ့အကူအညီကို ဌားရမ်းဖို့ ရည်ရွယ်ထားပုံရတယ်။ ဒါပေမယ့် ဒီနေရာမှာ အလုပ်အကိုင်ဌာနက အရာရှိတစ်ယောက်ရှိနေတာကို သခင်လေးက ဘယ်လိုသိတာလဲ။ '
သုံးယောက်သား စိတ်ရှုပ်ထွေးသွားခဲ့သည်။
"ဟီးဟီး အကြီးအကဲကျန့် ကျွန်တော်ဆောက်ချင်တာက အိမ်တော်မဟုတ်ဘူး။ ကျွန်တော်လိုချင်တာက ခံတပ်တစ်ခုပဲ။ "
ဝမ်ချောင်သည် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် သူ့ရှေ့မှ အကြီးအကဲကို ကြည့်နေခဲ့သည်။
ဤအကြီးအကဲသည် အဘယ်ကြောင့် ဤနေရာတွင် နေနေသည်ကို ဝမ်ချောင် သိနေသည့် အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူသည် မြို့တော်တဝိုက်တွင် လက်ဖွာသော သခင်လေးတစ်ဦးအဖြစ် လတ်လျားလတ်လျားလျှောက်လည်စဉ်က ထိုလူကို မျှော်စင်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။
အရည်အချင်းပြည့်မီသော လက်ဖွာသူသခင်လေးတစ်ဦးအတွက် အခြေခံအကျဆုံး ကျွမ်းကျင်မှုမှာ သူ့ရှေ့တွင် ရပ်နေသူများ၏ လူနေမှုအဆင့်အတန်းနှင့် အနေအထားကို ဆုံးဖြတ်ရန် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားခြင်းပင်။
"ခံတပ်လား"
အကြီးအကဲသည် သူ့ရှေ့ရှိ လေးယောက်အုပ်စုကို စိတ်မဝင်စားသော်လည်း ဝမ်ချောင်၏စကားများကို ကြားသည်တွင် သူ့မျက်လုံးများသည် မတတ်နိုင်စွာ ပြူးကျယ်လာခဲ့သည်။ သို့သော် မကြာမီ သူ့မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး သူ့မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်သွားခဲ့သည်။
"သခင်လေး မင်းက ငါ့ကို တစ်ပတ်ရိုက်ဖို့အတွက် လာခေါ်နေတာလား။ မင်းဘယ်ကလန်ကလဲဆိုတာ ငါဂရုမစိုက်ဘူး ဒါပေမယ့် မင်းငါ့အိမ်ကနေ ဒီခဏလေးအတွင်းမှာ လစ်လိုက်တာ ပိုကောင်းမယ်။ "
အကြီးအကဲသည် ဒေါသတကြီး အော်ငေါက်လျက် မီးခိုးငွေ့များနှင့်အတူ တံခါးကို ညွှန်ပြလိုက်သည်။
သူ့ဘဝတစ်ခုလုံးတွင် တောင်းဆိုမှုအမျိုးမျိုးဖြင့် မတူညီသောလူများစွာကို တွေ့ဆုံခဲ့ဖူးသော်လည်း ခံတပ်တစ်ခုတည်ဆောက်လိုသည်ဟုဆိုလာသည့် အလွန်ရယ်စရာကောင်းသော လူတစ်ယောက်ကို သူ ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးပေ။
တစ်ဖက်လူသည် သူတို့သည် အိမ်ဖြင့် ကစားနေသည်ဟု တွေးထင်နေသည်လော။
ခံတပ်တစ်ခုသည် တစ်ဦးချင်းအနေဖြင့် သူတစ်ယောက်တည်ဆောက်နိုင်သောအရာလော။
လုပ်ငန်းလည်ပတ်မှုတွင် ငွေကြေး၊ အရင်းအမြစ်များနှင့် လူအင်အားမည်မျှ မြှုပ်နှံထားရမည်ကို တစ်ဖက်လူသည် နားလည်ပါ၏လော။
မြို့တော်ရှိ ဩဇာတိဂ္ဂမအရှိဆုံး ကလန်များပင်လျှင် ထိုကဲ့သို့ ရဲတင်းသည့် ပြောဆိုခြင်းမျိုး မပြုလုပ်ဝံ့ကြပေ။ ဤကောင်လေးသည် ရူးနှံ့နေသည်လော။ ဤနေရာသို့ သူ့ကိုစနောက်ရန်သက်သက် ရောက်လာခဲ့ခြင်းပင်။
"အကြီးအကဲကျန့် ပြောခဲ့တဲ့အတိုင်းပဲ။ ခင်ဗျားကို နောက်ပြောင်ဖို့ ကျွန်တော်ဘာလို့ ဒီကိုလာရမှာလဲ။ "
ဝမ်ချောင်သည် လေးနက်စွာ ပြန်ဖြေလိုက်သည်။
ဤအကြီးအကဲသည် ခေါင်းမာသော အဘိုးအိုတစ်ဦးဖြစ်သောကြောင့် သူ့ကို စည်းရုံးခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ သို့သော်လည်း သူသည် သူ့အနာဂတ်အစီအစဉ်များအတွက် အလုပ်အကိုင်ဌာနမှ ဤဗိသုကာပညာရှင်၏ စွမ်းဆောင်ရည်ကို လိုအပ်ပေသည်။
ဝမ်ချောင်၏ အစီအစဥ်များတွင် အကြီးအကဲကျန့်သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကျန့်မုနျန်နှင့်ပင် တန်းတူဖြစ်နိုင်လောက်သည်။
ထိုသို့ဖြင့် ယခင်က အချိန်မကျခဲ့သေးပေ။
သူသည် ကျန့်ချိုးကျင်းချုံးနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့ပြီးမှသာ တစ်ဖက်လူကို သူ့ဘက်သို့ဖိတ်ခေါ်ရန် အချိန်ကျပြီဟု ဆုံးဖြတ်ခဲ့သည်။
"ဟားဟားဟား ကောင်လေး။ ငါ မင်းကို လျှော့တွက်နေတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ခံတပ်ဆောက်ရင် ဘယ်လောက်ကုန်ကျမယ်ဆိုတာ မင်းသိလား။ "
ကျန့်ရှိုကျီသည် အထင်အမြင်သေးစွာ ပြောလိုက်သည်။ ဤကောင်လေးသည် သူ့အတွက် ခံတပ်တစ်ခုဆောက်ရန် သူ့ကို အလေးအနက်တောင်းဆိုနေသည်ဟု သူ မယုံနိုင်သေးပေ။
"ပြားတစ်သန်းလား။ "
"ကြေးနီဒင်္ဂါးကို မင်းဆိုလိုတာလား။ "
ကျန့်ရှို့ကျီ သရော်လိုက်သည်။
"သေချာပေါက်ရွှေ။ "
ဝမ်ချောင်သည် လေးနက်စွာ ပြန်ဖြေလိုက်သည်။
ထိုစကားကို သူပြောပြီးသည်နှင့် တပြိုင်နက် မှိန်ဖျော့နေသော အခန်းသည် တိတ်ဆိတ်သွားခဲ့သည်။ ကျန့်ရှို့ကျီ၏ ဆေးတံသည် လေထဲတွင် ရုတ်တရက် အေးခဲသွားခဲ့သည်။
လူအိုကြီးလင်းယုန်ငှက်၊ သံမဏိလက်နှင့် တစ်ကိုယ်တော်ဝံပုလွေတို့သည် အံ့အားသင့်စွာဖြင့် ပါးစပ်ဟောင်းလောင်းဖြစ်သွားခဲ့ကြသည်။
'ပြားတစ်သန်းလား။ သခင်လေးမှာမှာ ပိုက်ဆံအများကြီးရှိတာလား။ ပြောစရာမလိုအောင် အဲဒါက ရွှေတွေလေ။ ခံတပ်ဆောက်ရင် ပိုက်ဆံ အဲလောက်အများကြီးကုန်တာလား။ '
ထိုသုံးယောက်သည် ကျန့်ရှို့ကျီထက်ပင် ပို၍တုန်လှုပ်နေခဲ့ကြသည်။ သူတို့သည် ဝမ်ချောင်နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ကြပြီး သူ့ပတ်ဝန်းကျင်ရှိ ဒဏ္ဍာရီမျိုးစုံကို တစ်စပြီးတစ်စ ကြားသိခဲ့ကြရသည်။ သဘာဝအားဖြင့် သူတို့ထဲမှ အချို့သည် စီးပွားရေးတွင် သူ့ပါရမီနှင့်ဆပ်စပ်နေ၏။
သို့သော် ဝမ်ချောင်၏ပိုက်ဆံရှာနိုင်သည့်စွမ်းရည်သည် ဤမျှထိတ်လန့်ဖွယ်အဆင့်သို့ အမှန်တကယ်ရောက်ရှိနေလိမ့်မည်ဟု သုံးယောက်လုံး စိတ်မကူးထားနိုင်ခဲ့ကြပေ။
ဤသည်မှာ အထူးသဖြင့် တစ်ကိုယ်တော်ဝံပုလွေအတွက် မှန်၏။ ငွေရှာရန် အန္တရာယ်များသော တာဝန်များစွာကို လက်ခံခဲ့ကာ အလွန်ပင်ပန်းကြီးစွာလုပ်ကိုင်ခဲ့ပြီးနောက် သူ့တွင် ရွှေပြားတစ်သန်း မည်မျှတန်ကြေးရှိသည်ကို အလွန်ထင်ရှားသော ပုံရိပ်တစ်ခုရှိသည်။
နှစ်ပေါင်းများစွာ အလုပ်လုပ်နေခဲ့သော်လည်း သူရှာဖွေခဲ့သောငွေမှာ တစ်သန်းမှ သုညပေါင်းများစွာ ဝေးကွာနေသေးသည်။
ရွှေပြားတစ်သန်းသည် သူတို့စိတ်ကူးထားသည်ထက် များစွာကျော်လွန်နေသော ပမာဏဖြစ်သည်။
'ဒါက အားကောင်းတဲ့ကလန်တစ်ခုရဲ့ချမ်းသာမှုတစ်ခုလုံးနဲ့ နှိုင်းယှဉ်နိုင်တဲ့ပမာဏပဲ။ သခင်လေးရဲ့ ပိုက်ဆံရှာနိုင်တဲ့ စွမ်းရည်က တကယ့်ကို အံ့မခမ်းပဲ'
တစ်ကိုယ်တော်ဝံပုလွေသည် တုန်လှုပ်သွားခဲ့ကာ တွေးလိုက်သည်။
"ကောင်လေး မင်းငါ့ကိုနောက်နေတာလား"
ကျန့်ရှို့ကျီ၏ မျက်နှာသည် အေးခဲနေခဲ့သည်။ သို့သော် သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုမှာ သိသာစွာရှိနေခဲ့သည်။ သူ့မူလအတွေးမှာ ပြားတစ်သိန်းမှ နှစ်သိန်းဖြစ်သည်။ သို့သော် ဝမ်ချောင်သည် ရွှေပြားတစ်သန်းကို တိုက်ရိုက်တင်ပြခဲ့သည်။ ဤသည်မှာ သူ့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။
“ကလင်”
တစ်ခုခုပြန်ပြောမည့်အစား ဝမ်ချောင်သည် သူ့ခါးကိုဆွဲလိုက်ပြီး ရွှေတံဆိပ်နှစ်ခုကို ပစ်မထုတ်မီ ဆွဲထုတ်လိုက်သည်။ သူတို့ထဲမှ တစ်ခုမှာ ကျန့်ချိုးကျင်းချုံးထံမှ ရွှေတံဆိပ်ဖြစ်ပြီး ကျန်တစ်ခုမှာ သူ၏ ဝမ်ကလန်မှတံဆိပ်ဖြစ်သည်။
တံဆိပ်နှစ်ခုကို ဖမ်းဆုပ်လိုက်ကာ ကျန့်ရှို့ကျီသည် အစပိုင်းတွင် သူတို့ကို အေးအေးဆေးဆေး ကြည့်နေခဲ့သေးပြီး သူတို့အပေါ်ရှိ အမှတ်အသားနှင့် စကားလုံးများကို ရုတ်တရက် မှတ်မိသွားခဲ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤတခဏတွင် သူသည် ဤလူငယ်၏ နောက်ခံသည် သူ့စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
"လူကြီးမင်း ငါတို့ရဲ့သခင်လေးဟာ ယုံကြည်ထိုက်တဲ့သူပါ။ သူမလုပ်နိုင်တာကို သူပြောမှာမဟုတ်ဘူး ဒါကြောင့် လူကြီးမင်း စိတ်ချနိုင်ပါတယ်။ "
လူအိုကြီးလင်းယုန်ငှက်သည် ဘေးမှနေ၍ ထပ်ဖြည့်ပြောလိုက်သည်။
"ဟမ်"
သို့သော် ခဏအကြာတွင် ကျန့်ရှို့ကျီသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်ကာ တံဆိပ်နှစ်ခုကို ပြန်ပစ်ပေးလိုက်သည်။
"ဒီနေရာကို သခင်လေးဘယ်လိုရှာတွေ့ခဲ့မှန်း မသိပေမယ့် မင်းရဲ့ခွန်အားတွေကို မဖြုန်းတီးဖို့ ငါအကြံပေးတယ်။ အဲတုန်းက အလုပ်အကိုင်ဌာနကထွက်ပြီး ဘယ်သူ့အတွက်မှ နောက်ထပ်မဆောက်လုပ်ပေးတော့ဘူးလို့ ငါကျိန်ဆိုခဲ့တယ်။ ဒီစိတ်ကူးကို စွန့်လွှတ်ဖို့ ငါမင်းကိုအကြံပေးတယ်။ "
ကျန့်ရှို့ကျီသည် နောက်ထပ်ဆေးရွက်ကြီးတစ်ဆုပ်ကို ဆေးတံပေါ်တင်ပြီး ဆေးတံထဲသို့ မထည့်မီ မီးညှိလိုက်သည်။ ထို့နောက် နောက်တကြိမ် ရှူရှိုက်လိုက်သည်။ သူသည် ဝမ်ချောင်နှင့် ထပ်၍ စကားစမြည်ပြောရန် စိတ်မဝင်စားတော့သကဲ့သို့ပင်။
ထိုအချိန်က သူသည် အလုပ်အကိုင်ဌာနမှ ထွက်ခွာသွားချိန်တွင် ဩဇာတိက္ကမရှိသော ကလန်အများအပြားသည် သူ့ကို လာရှာခဲ့ကြပြီး သူတို့သည်လည်း သူ့ကို ရက်ရောစွာ ကမ်းလှမ်းခဲ့ကြပေသည်။ သို့သော် နောက်ဆုံးတွင် သူသည် သူတို့အားလုံးကို ငြင်းပယ်ခဲ့သည်။
သူ့နှလုံးသားသည် အေးစက်သွားခဲ့ပြီဖြစ်သည်။
သူ့တစ်ဘဝလုံး အလုပ်အကိုင်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး လှပတင့်တယ်သော နန်းတော်များစွာကို ဆောက်လုပ်ခဲ့သည်။ သို့တိုင် ဤအရာသည် အဆုံးတွင် သူရခဲ့သမျှဖြစ်သည်။
ဤကဲ့သို့သော အရှက်ခွဲခံရခြင်းမျိုးကို သူ သည်းမခံနိုင်ခဲ့ပေ။
ထို့ကြောင့် ထိုနေ့မှစ၍ ကျန့်ရှို့ကျီသည် ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် မည်သည့်အရာနှင့်မျှ မပတ်သက်တော့ကြောင်း ကျိန်ဆိုခဲ့သည်။
"အကြီးအကဲကျန့် ကျွန်တော့်ကို ငြင်းပယ်ဖို့ အလျင်လိုနေစရာ မလိုပါဘူး။ "
ဝမ်ချောင် ရယ်မောလိုက်သည်။ သူသည် ကျန့်ရှို့ကျီ၏ စရိုက်ကို ကြားဖူးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အမှန်တွင် အလုပ်အကိုင်ဌာနရှိ မည်သည့် ထူးချွန်သော ဗိသုကာပညာရှင်များသည် ဤကဲ့သို့ ဆိုးရွားသော စရိုက်ကို မပိုင်ဆိုင်ဘဲရှိမည်နည်း။
သို့သော် ဝမ်ချောင်သည် ယုံကြည်မှုမရှိခဲ့လျှင် ဤအချိန်တွင် သူသည် သူ့ရှေ့တွင် ရပ်နေလိမ့်မည်မဟုတ်ပေ။
"ရွှေပြားနှစ်သိန်း။ အကြီးအကဲကျန့်က ကျွန်တော့်ကို ကူညီမယ်လို့ ကတိပေးသရွေ့ ခင်ဗျားရဲ့လျှို့ဝှက်ဖော်မြူလာကို ဆက်လက်သုတေသနပြုနိုင်ဖို့ ခင်ဗျားကို ရွှေပြားနှစ်သိန်းထောက်ပံ့ပေးဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။ အဲ့ဒါအပြင် ခင်ဗျားကို လုံလောက်တဲ့ အရင်းအမြစ်တွေ ပေးမယ်လို့ ကတိပေးပါတယ်။ "
ဝမ်ချောင်သည် လျှို့ဝှက်ဆန်းကျယ်သော ပြုံးဖြင့် လက်နှစ်ချောင်းကို မြှောက်ပြလိုက်သည်။
"လျှို့ဝှက်ဖော်မြူလာ" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့်
“ပါဒန်း”
ကျန့်ရှို့ကျီ၏ နှလုံးခုန်သံသည် တစ်ချက်ရပ်တန့်သွားခဲ့ပြီး ဆေးတံတစ်ခုလုံးကို မျိုချလုနီးပါး ဖြစ်သွားခဲ့သည်။ ဤလူငယ်လေးသည် ထိုကိစ္စကို မည်သို့ သိနိုင်နေသည်နည်း။
ကျန့်ရှို့ကျီ၏ မျက်နှာသည် တစ္ဆေမြင်လိုက်ရသကဲ့သို့ ဖြူဖျော့သွားခဲ့သည်။
"ကောင်လေး အမှိုက်စကားတွေမပြောနဲ့။ ငါဘယ်လိုသုတေသနမျိုးလုပ်နေတယ် ဆိုတာ မင်းကယ်သိလို့လား။ "
အမှန်တွင် ကျန့်ရှို့ကျီသည် ဝမ်ချောင်၏ကမ်းလှမ်းမှုကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ အကယ်၍ ဝမ်ချောင်သည် သူပြောခဲ့သည့်အတိုင်းဆိုပါက သူသည် တစ်ဖက်လူကို လက်တစ်ဖက်ငှားရန် စဉ်းစားနိုင်ပေသည်။
"ဒါပေါ့"
ဝမ်ချောင် ပြုံးလိုက်သည်။
"အဲတုန်းက အဲဒီလျှို့ဝှက်သုတေသနကြောင့် အကြီးအကဲကျန့်က တော်ဝင်ရုံးတော်ဆီက ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး အဲဒါကြောင့်ပဲ ခင်ဗျားကို ပြစ်ဒဏ်ဌာနက သေဒဏ်ပေးလုနီးပါးတောင် ဖြစ်ခဲ့တယ်။ "
ထိုစကားကိုကြားသည်တွင် ကျန့်ရှို့ကျီ၏မျက်နှာသည် နီရဲသွားခဲ့သည်။ သူ့ကဲ့သို့ အရေထူသောလူတစ်ဦးပင်လျှင် သူ့ရှေ့တွင် သူ၏ မကောင်းသော သမိုင်းကို ထုတ်ဖော်ခံလိုက်ရသောအခါ မခံနိုင်ခဲ့ပေ။
"ငါ့ရဲ့ သုတေသနမှာ ဘယ်လိုရလဒ်ဖြစ်ဖြစ် ထွက်ပေါ်လာဖို့အတွက် ရွှေပြားနှစ်သိန်းလောက်က မလုံလောက်နိုင်ဘူး။ ကောင်လေး မင်း ဒီကိစ္စကို ပြန်စဉ်းစားသင့်တယ် အဲဒီသုတေသနအတွက် ရန်ပုံငွေက ချောက်ထဲကျသလိုပဲ။ မင်းက ဂုဏ်သိက္ခာရှိတဲ့ ကလန်က လာတယ်ဆိုတာ ငါသိပေမယ့် မင်းကလန်တစ်ခုလုံးရဲ့ စည်းစိမ်တွေကို စုပ်ယူလိုက်ရင်တောင် သေချာပေါက် ဘယ်လိုရလဒ်မှထွက်မလာနိုင်ဘူး။ အဲလောက်ရိုးရှင်းနေရင် အလုပ်အကိုင်ဌာနမှာ ငါအောင်မြင်နေခဲ့တာကြာလောက်ပြီ။ ဒီလိုအခြေအနေနဲ့ ငါ ဘယ်လိုလုပ် အဆုံးသတ်ခဲ့နိုင်မှာလဲ။ "
ကျန့်ရှို့ကျီသည် ယတိပြတ် ပြန်ပြောလိုက်သည်။
ဤသည်မှာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း သူ၏သုတေသနအတွက် ထောက်ပံ့ပေးမည်ဟု ပထမဆုံးဖော်ပြလာခဲ့သူဖြစ်သည်။ ဤသည်က ကျန့်ရှို့ကျီထံမှ အကောင်းမြင်မှုအချို့ကို ဝမ်ချောင်အားရရှိစေခဲ့သည်။
သို့သော် ကျန့်ရှို့ကျီသည် သူ့တောင်းဆိုမှုကို လက်ခံမည်လော ဆိုသည်မှာ ယခုအချိန်တွင် မေးခွန်းထုတ်စရာဖြစ်နေဆဲပင်။
"ကျွန်တော်နားလည်ပါတယ်။ ခင်ဗျားကို အဆုံးမရှိတဲ့ရန်ပုံငွေနဲ့ ထောက်ပံ့ပေးရုံသာမက ဘိလပ်မြေအတွက် ဖော်မြူလာကိုလည်း ပေးနိုင်ပါတယ်။ "
ဝမ်ချောင်ပြောလိုက်သည်။
"ဘိလပ်မြေလား"
ကျန့်ရှို့ကျီသည် ဝမ်ချောင်၏စကားကြောင့် လုံးဝဦးနှောက်ခြောက်သွားခဲ့ပြီး ဝမ်ချောင်ကို စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။
ဘာသာပြန်သူအမှာစာ- ဤအပိုင်းတွင် ကြေးပြားနှင့် ယခင်အပိုင်းများရှိ ရွှေတုံးကို နှိုင်းယှဥ် ဖော်ပြလာသောကြောင့် ရွှေတုံးကို ရွှေပြားအဖြစ် ပြောင်းလဲဘာသာပြန်သွားပါမည်။
အပိုင်း ၂၈၀
တော်ဝင်ရုံးတော်၏ ထောက်ပံ့ပို့ဆောင်ရေးအရာရှိ လီချင်းယုန်
ကျန့်ရှို့ကျီသည် သူ့ဘဝတစ်ခုလုံးနီးပါးကို မြို့ပြဆောက်လုပ်ရေးပညာရပ်၏ သုတေသနတွင် နှစ်မြှုပ်ထားခဲ့သည်။ အလုပ်အကိုင်ဌာနတွင် သူသည် အရည်အချင်းအမြင့်မားဆုံးအရာရှိဖြစ်ပြီး အကြောင်းအရာနှင့်ဆက်စပ်ပတ်သက်နေခဲ့သည့်အရာအားလုံးကို ကောင်းမွန်စွာဆုပ်ကိုင်ထားနိုင်ခဲ့သည်။
သို့သော်လည်း ကျန့်ချိုးကျီသည် 'ဘိလပ်မြေ' ဟူသော ဝေါဟာရကို ယခင်က မကြားခဲ့ဖူးပေ။
"ဟီးဟီး အကြီးအကဲ ဒီအချိန်အားလုံးမှာ ခင်ဗျား ဒီအုတ်ခဲကြားက အကောင်းဆုံးကော်ကို သုတေသနလုပ်ဖို့ ကြိုးစားနေခဲ့တာပဲ မဟုတ်လား။ ဒီမှာရှိတဲ့ ကျွန်တော့်စာရွက်အပိုင်းအစက အဲဒီဖော်မြူလာပါရှိတယ် ပြီးတော့ အဲဒါက ခင်ဗျားကို ဉာဏ်အလင်းအချို့ပေးနိုင်မှာပါ။ "
ဤသို့ပြောလိုက်ကာ ဝမ်ချောင်သည် သူကြိုတင်ပြင်ဆင်လာခဲ့သည့် ဖော်မြူလာစာရွက်ကို ကမ်းပေးလိုက်သည်။
ဤသည်မှာ ဤကမ္ဘာပေါ်တွင် ပထမဆုံးသော ဘိလပ်မြေဖော်မြူလာဖြစ်သည်။
ဤသည်မှာ ဝမ်ချောင်သည် သူ့မူလကမ္ဘာမှ တစ်စုံတစ်ခုကို ထုတ်ပြသည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူသည် ထိုသို့ပြုလုပ်လိုက်ချိန်တိုင်း ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုသည် သူ့ကို လာရောက်ရိုက်ခတ်နေသည်ကို ခံစားမိနေဆဲပင်။
သူလက်ရှိနေထိုင်နေသည့် ကမ္ဘာကြီးသည် ကောင်းမွန်သည်။ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် အလွန်ထိရောက်မှုမရှိရုံမျှပင်။
မြို့များကြားပုံမှန်ခရီးတစ်ခုသည် ရက်များစွာ သို့မဟုတ် လများစွာပင်လျှင် အလွယ်တကူအချိန်ကုန်ဆုံးနိုင်သည်။
ကျန့်ချိုးကျင်းချုံးကဲ့သို့လူတစ်ဦးပင်လျှင် အရှိန်အဟုန်ဖြင့် ရွေ့လျားနေသော်လည်း ကျင်းနန်မှ မြို့တော်သို့ အပြေးလွှားသွားရန် ရက်နှစ်ဆယ်ခန့် အချိန်ယူရသေးသည်။
ဤခေတ်တွင် တိုင်းပြည်များကြား တိုက်ပွဲသည် သူတို့၏သက်ဆိုင်ရာ စစ်အင်အားများကြား ပြိုင်ဆိုင်မှုသက်သက်သာမဟုတ်ပေ။ တိကျသည့်အတိုင်းအတာတစ်ခုအထိ ထိုသည်မှာ နှစ်ဖက်စလုံး၏ ထောက်ပံ့ပို့ဆောင်ရေး ထိရောက်မှုကြား တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။
တစ်ချိန်က အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သေနာပတိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ခြင်းကြောင့် ဤအရာတွင် သူသည် ပို၍ မသိနိုင်တော့ပေ။
ထိုသည်ကို ရှင်းလင်းစွာ ဖော်ပြရလျှင် ရဲမက်များနှင့် ထောက်ပံ့ရေးပစ္စည်းများ၏ လျင်မြန်သော ထောက်ပို့လှုပ်ရှားမှုသည် ရန်သူထက် မဟာမိတ်စစ်ကူများသည် စော၍ရောက်နိုင်သည်ဟု ဆိုလိုသည်။
စစ်မြေပြင်တစ်ခု၏အတိုင်းအတာအရ ထိုသည်မှာ အောင်ပွဲနှင့်အရှုံးကြား ကွာခြားချက်ကို ဆိုလိုနိုင်သည်။ သို့သော် တိုင်းပြည်တစ်ခု၏ အတိုင်းအတာအရ ထိုသည်မှာ တိုင်းပြည်တစ်ခု မြင့်တက်လာခြင်းနှင့် ပြိုလဲခြင်းတို့ကို ဆိုလိုနိုင်သည်။
သို့သော် ယခုအချိန်အထိ ဝမ်ချောင်မှလွဲ၍ မည်သူမျှ ဤအရေးပါသောကဏ္ဍကို များစွာဂရုမစိုက်ခဲ့ကြပေ။
ဝမ်ချောင်၏ အစီအစဥ်များတွင် ဘိလပ်မြေသည် အလွန်အရေးကြီးသော ချိတ်ဆက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုသည်မှာ ခေတ်မီသည့်ကမ္ဘာမှ လာခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် ၎င်းနောက်ကွယ်တွင် ရှုပ်ထွေးသောနည်းပညာများ မရှိခဲ့ပေ။ ထိုသည်ကို အသုံးမပြုရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ ထိုမျှလောက်အထိ မည်သူမျှ သုတေတနမပြုခဲ့ရသေးသောကြောင့် ဖြစ်သည်။
ကျန့်ရှို့ကျီကို ဝမ်ချောင်ပေးခဲ့သော စာရွက်သည် ဘိလပ်မြေ၏ အခြေခံအကျဆုံးသော ဖော်မြူလာပင်ဖြစ်သည်။ ထိုအရာကို မည်ကဲ့သို့ ပြုပြင်ပြီးထုတ်လုပ်သင့်သည်နှင့်ပတ်သက်၍ ထိုသည်မှာ ကျန့်ရှို့ကျီအပေါ် မူတည်မည်ဖြစ်သည်။
ကျန့်ရှို့ကျီသည် ထိုစာရွက်ကို ယူလိုက်သောအခါ အခန်းသည် တိတ်ဆိတ်သွားခဲ့သည်။
တစ်ချိန်က အလုပ်အကိုင်ဌာနတွင် အတတ်ပညာအရှိဆုံး အရာရှိတစ်ဦးအနေဖြင့် သူသည် ဝမ်ချောင်ကဲ့သို့ လူငယ်လေးထံမှ မည်သည့်အရာကိုမျှ များများစားစားမမျှော်လင့်ထားခဲ့ပေ။ အခန်းတွင်းရှိ မီးရောင်မှိန်ဖျော့ဖျော့ကြားတွင် သူသည် စာရွက်ကို ကြည့်ရန် သူ့မျက်နှာအနီးသို့ သာမှန်သာ ဆွဲယူလိုက်သည်။ သို့သော်လည်း အကြည့်တစ်ချက်နှင့်အတူ သူ့မျက်နှာသည် အလွန်အံ့အားသင့်စွာဖြင့် တဖြည်းဖြည်း တွန့်လိမ်သွားခဲ့သည်။
သူသည် သူ့ဘဝကို အင်္ဂတေအတွက် ကောင်းမွန်သောကော်တစ်ခုကို သုတေသနပြုကာ ကုန်ဆုံးခဲ့ပြီး ဝမ်ချောင်က သူ့အား ပေးခဲ့သော ဖော်မြူလာမှာ သူမတူထူးကဲစွာထိရောက်မှုရှိသည့် အရာဖြစ်ကြောင်း လျင်မြန်စွာ ပြောနိုင်သည်။ ထိုအရာသည် သူ၏ နောက်ဆုံး သုတေသနပြုထားသော ထုတ်ကုန်ထက် များစွာ အားကောင်းခဲ့သည်။
ထိုခဏတွင် ကျန့်ရှို့ကျီ၏ကမ္ဘာသည် သူ့အား လှည့်ပတ်သွားခဲ့ပုံရသည်။
မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ကျန့်ရှို့ကျီသည် သူ့လက်ထဲရှိ ဖော်မြူလာကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ဝမ်ချောင်သည်လည်း သူ့ကို မနှောက်ယှက်ခဲ့ပေ။
"ဒါက ဘယ်လိုလဲ။ "
ဝမ်ချောင်သည် အချိန်အတော်ကြာပြီးနောက် မေးလိုက်သည်။
ကျန့်ရှို့ကျီသည် အကြောင်းမပြန်ခဲ့ပေ။ လက်ထဲတွင် ဖော်မြူလာကို ကိုင်ထားကာ သူ့နဖူးပေါ်၌ အရေပြားများတင်းကြပ်စွာတွန့်ချိုးလာခဲ့သည်။ သူ တုံ့ဆိုင်းနေသေး၏။
ထိုအချိန်တွင် ဝမ်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ ထို့ကြောင့် သူသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ပြီး ကျန့်ရှို့ကျီ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
"တကယ်လို့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို အကြီးအကဲကျန့်က သဘောတူမယ်ဆိုရင် ဘုရင့်အမှုထမ်းရွှီကို ကူညီဖြေရှင်းပေးမယ်လို့ ကျွန်တော်ကတိပေးနိုင်တယ်။ "
ထိုစကားများတွင် အကြီးအကဲကျန့်ကို အကာအရံမှ တွန်းထုတ်စေသော အဆုံးအဖြတ်ပေးသည့် အကျိုးသက်ရောက်မှု ရှိခဲ့သည်။
"မင်း အဲ့လူယုတ်မာရွှီရှီကျီကို သူ့မြင်းတွေပေါ်ကနေ ပြုတ်ကျအောင်လုပ်နိုင်သရွေ့ မင်းရဲ့တောင်းဆိုမှုကို ငါ သဘောတူမယ်။ "
ကျန့်ရှို့ကျီသည် သူ့မျက်လုံးများတွင် အမုန်းတရားများတောက်ပလာခဲ့လျက် ချက်ချင်းပင် သွက်လက်တက်ကြွစွာ ခေါင်းညိတ်လိုက်သည်။
တစ်ချိန်က ထိုလူယုတ်မာရွှီရှီကျီသည် သူသုတေသနပြုထားခဲ့သော ကော်ကို တစ်ခုခုလုပ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် နံရံပြိုကျကာ တော်ဝင်နန်းတော်တွင် အက်ကြောင်းများ ပေါ်လာစေခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည် အလုပ်အကိုင်ဌာနမှ မောင်းထုတ်ခံခဲ့ရပြီး လက်ရှိအခြေအနေသို့ မည်သို့ရောက်နေနိုင်မည်နည်း။
လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် သူ့ခေါင်းကို မြေကြီးပေါ်သို့ ကျစေရုံပင်။ ကျန့်ရှို့ကျီသည် တစ်ဖက်လူကို မသေစေလိုပေ။ တစ်ဖက်လူသည် အလုပ်အကိုင်ဌာနမှ မောင်းထုတ်ခြင်းခံရပြီး သူခံစားခဲ့ရသည့်အတိုင်း တူညီသည့် ကံကြမ္မာကို ခံစားရလျှင်ပင် လုံလောက်ပေသည်။
"သခင်လေး မင်းငါ့ကို ညာနေတာမဟုတ်ဘူးမလား။ မင်းက အထင်ကြီးစရာကောင်းတဲ့ နောက်ခံကနေ လာတယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ရွှီရှီကျီက လက်ရှိမှာ နန်းတော်ဆောက်လုပ်ရေးဘုရင့်အမှုထမ်းပါ။ သူ့ကို ဆွဲချဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဝမ်ကလန်က ဒီလိုလုပ်ဖို့ သြဇာရှိသလား။ "
ကျန့်ရှို့ကျီသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။
"အဲဒါအတွက် မင်း စိတ်ပူနေစရာမလိုပါဘူး။ ခက်ခဲတာက မဖြစ်နိုင်တာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့သတင်းကောင်းအတွက် ဒီမှာပဲစောင့်ပါ။ "
ဝမ်ချောင်သည် သူ့လက်များကို အေးအေးလူလူ ဝှေ့ယမ်းလိုက်သည်။
တော်ဝင်ရုံးတော်တွင် နန်းတော်ဆောက်လုပ်ရေးဘုရင့်အမှုထမ်းကို ဖယ်ရှားရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ ဝမ်ကလန်ကို ဘေးဖယ်ထားလိုက်လျှင် မဟာထန်တွင် တော်ဝင်နန်းတော်ထဲသို့ သူတို့၏လက်များကိုဆန့်ထုတ်နိုင်သည့် ကလန်တစ်ခုမျှမရှိပေ။
သို့သော် ဝမ်ချောင်သည် ထိုမျှများစွာဒုက္ခခံနေစရာမလိုပေ။
သူ့ဘက်တွင် ကြင်ယာတော်ထိုက်ကျန်းနှင့်အတူ နန်းတော်ဆောက်လုပ်ရေးဘုရင့်အမှုထမ်းကို ပြောင်းလဲဖို့သည်မှာ အမှန်ပင်ခက်ခဲသည့် လုပ်ဆောင်ချက်တစ်ခုမဟုတ်ပေ။
ကျင်းနန်တွင် သူတည်ဆောက်မည့် ခံတပ်ကို တာဝန်ယူရန် ကျန့်ရှို့ကျီကို စည်းရုံးပြီးနောက် ဝမ်ချောင်သည် ယိုယွင်းပျက်စီးနေသော အိမ်တော်အဟောင်းမှ ထွက်ခွာလာခဲ့သည်။
ဤအချိန်တွင် ကောင်းကင်ကြီးသည် မှောင်နေခဲ့ပြီဖြစ်သည်။
လေအနည်းငယ်တိုက်ခတ်လာခြင်းသည် ဝမ်ချောင်၏ အတွေးများကို လှုံ့ဆော်သွားခဲ့သည်။
ခံတပ်တစ်ခုတည်ဆောက်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ အထူးသဖြင့် ဤခံတပ်၏လိုအပ်သော ထူးခြားသည့် အခြေအနေများကြောင့်ဖြစ်သည်။ ပထမဦးစွာ စစ်သည်တစ်သိန်းရှစ်သောင်းကို နေရာထိုင်ခင်းနှင့် လုံလောက်သော ရိက္ခာများ ပေးဆောင်နိုင်ရမည်။ တစ်ချိန်တည်းမှာပင် ရန်သူ၏တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ရမည်။
ထို့ကြောင့် ခံတပ်သည် အလွန်ကြီးမားပြီး ခိုင်ခံ့မှုရှိရမည်။ ထို့အပြင် ရေ၊ ရိက္ခာ၊ မြင်းအစာအတွက် ထိရောက်သော ဖြန့်ဖြူးရေးစနစ်ရှိရမည်...
ဤအရာများသည် တစ်ခုမှ ကိုင်တွယ်ဖြေရှင်းရ မလွယ်ခဲ့ပေ။ သူတို့အားလုံး အောင်မြင်ရန် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်သည်။
သို့သော် ဤသို့ဆိုလျှင်ပင် ဝမ်ချောင်သည် ထိုသည်ကို မျက်တောင်မခတ်ဘဲ လုပ်ရန် ဆန္ဒရှိပေသည်။
သူ၏ လက်ရှိအင်အားနှင့် သြဇာအာဏာဖြင့် မဟာထန်ကို သူပေးစွမ်းနိုင်သော အကူအညီသည် အကန့်အသတ်များစွာရှိသည်။ သူသည် အပြောအဆိုနှင့် အမူအရာများမှ တိုင်းပြည်၏ မူဝါဒများကို အလွယ်တကူ ဆုံးဖြတ်နိုင်သည့် လူတစ်ဦးဖြစ်မလာသေးပေ။
ထို့ကြောင့် ယခု သူလုပ်နိုင်သည့်အရာအားလုံးမှာ သူ့ကန့်သတ်ချက်များအတွင်း အလုပ်လုပ်ရန်ဖြစ်ပြီး ခြင်္သေ့တောင်ကုန်းရှိ ခံတပ်သည် ယခုအချိန်တွင် သူလုပ်နိုင်သမျှ အများဆုံးဖြစ်သည်။
"...ဆောက်လုပ်ရေးစပြီးတာနဲ့ ငါ့မှာရှိထားတဲ့ငွေက မလုံလောက်တော့မှာကို ငါစိုးရိမ်တယ်။ ငါပိုက်ဆံပိုရှာရမယ်။ ကြည့်ရတာ ငါ အဲဒီကိစ္စကို ရှေ့တန်းတင်မှရတော့မယ်။ "
သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ကာ ညကောင်းကင်ယံ၏ အဆုံးမရှိသော တွင်းနက်ကြီးထဲသို့ သူ့မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရင်း ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေခဲ့သည်။
ဟွာလာလာ
ခဏအကြာတွင် ခိုတစ်ကောင်သည် အတောင်များကိုဖြန့်ကာ ကျန်းကလန်၏ အိမ်တော်ဆီသို့ ပျံသန်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟိုက်ဒရာဘတ်သတ္တုရိုင်းအချောင်းသုံးဆယ်ကျော်ကိုလည်း ပို့ဆောက်ခဲ့လိုက်သည်။
သိပ်မကြာမီ မြို့တော်တွင် နောက်ထပ်ကျောက်စိမ်းရိုင်းသံမဏိသတ္တုဓား အချောင်းသုံးဆယ်ကျော်ပေါ်လာလိမ့်မည်ဖြစ်ပြီး သူတို့အားလုံးကို တော်ဝင်နန်းတော်သို့ ပို့ဆောင်မည်ဖြစ်သည်။
စိတ်ပျက်အားငယ်ဖွယ်အခြေအနေများသည် အပူတပြင်းအစီအမံများကို တောင်းဆိုသည်။
ဝမ်ချောင်သည် သူ့အပြုအမူများတွင် ပြောင်းလွယ်ပြင်လွယ်သော လူအမျိုးအစား မဟုတ်ပေ။
နံနက်ခင်းနေရောင်သည် မိုးကုပ်စက်ဝိုင်းမှ ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများသည် တိမ်တိုက်များကြားမှတဆင့် မဟာထန်၏ တော်ဝင်နန်းတော်တခွင်သို့ ဖြန့်ကျက်သွားခဲ့သည်။ နံနက်ခင်းနေရောင်ခြည်၏ နွေးထွေးသော အလင်းရောင်အောက်တွင် တော်ဝင်နန်းတော်သည် နတ်ပြည်တစ်ခုကဲ့သို့ပင်။
ထိုအချိန်တွင် ရုံးတော်ဝတ်စုံကို ၀တ်ဆင်ထားသော ချင့်ချိန်စဉ်းစားတတ်သည့် မျက်နှာပုံစံဖြင့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် ရွှေရောင်ရုံးတော်နံရံများကြားတွင် တစ်ကိုယ်တည်း နင်းလျှောက်နေလေသည်။
ဘေးပတ်ဝန်းကျင်တွင် မည်သူမျှမရှိသော်လည်း သူ့လှုပ်ရှားမှုများနှင့် အမူအရာများသည် ဖိအားများကို ထုတ်လွှတ်နေခဲ့သည်။ သူ့ခါးတွင် ချိတ်ဆွဲထားသော လက်နှစ်လုံးကျယ်သည့် ခရမ်းရောင် တံဆိပ်တစ်ခုသည် ဤလူ၏ သာမန်မဟုတ်သောကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသနေခဲ့သညိ။
တော်ဝင်နန်းတော်တွင် ခရမ်းရောင်တံဆိပ်ကို ခါးတွင် သယ်ဆောင်သူတိုင်းသည် ထူးခြားသည့်အဆင့်အတန်းနှင့် အခွင့်ထူးများကို ပိုင်ဆိုင်ထားခဲ့ကြသည်။
အကြောင်းမှာ ခရမ်းရောင်တံဆိပ်ကို တော်ဝင်ရုံးတော်မှ ထုတ်ပေးခဲ့ခြင်းမဟုတ်ဘဲ လက်ရှိပညာရှင်ဧကရာဇ်ကိုယ်တိုင်က ထုတ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
"မကြာခင်မှာ တစ်နှစ်တာအစီရင်ခံဖို့အတွက် အချိန်ရောက်လာတော့မယ်။ ဒီနှစ်ရဲ့ရလဒ်တွေကို ဘုရင်မင်းမြတ်က ကျေနပ်မှပဲ ဒါကိုလုပ်နိုင်လိမ့်မယ်။ "
လီချင်းယုန်သည် စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်။
သူသည် အဆင့် ၃ စစ်ဘက်အရာရှိတစ်ဦးဖြစ်သော်လည်း တော်ဝင်ရုံးတော်ရှိ အခြားအရာရှိများနှင့်မတူဘဲ မနက်ပိုင်းညီလာခံသို့ တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ရထားပြီး စစ်တပ်၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပေ။
သူသည် တော်ဝင်ရုံးတော်ရှိ ဧကရာဇ်စစ်တပ်ကို ကြီးကြပ်ကွပ်ကဲရန်နှင့် သူတို့၏ လုပ်ဆောင်မှုများကို ပညာရှင်ဧကရာဇ်ထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရခြင်းကိုသာ တာဝန်ယူထားရသည်။
သူ့ခါးမှ ခမ်းနားထည်ဝါပြီး လှပသည့် တံဆိပ်သည် သူ့ကိုယ်ပိုင်လက္ခဏာ၏ ပြယုပ်အဖြစ် သက်သေပြနေခဲ့သည်။ တော်ဝင်ရုံးတော်၏ ထောက်ပံ့ပို့ဆောင်ရေးအရာရှိအဖြစ် သို့မဟုတ် အတိအကျပြောရလျှင် ဧကရာဇ်မင်းမြတ်၏ ထောက်ပံ့ပို့ဆောင်ရေးအရာရှိဖြစ်သည့် လီချင်းယုန်သည် တော်ဝင်ရုံးတော်ရှိ အခြားသော စစ်ဘက်ဆိုင်ရာ ထောက်ပို့အရာရှိများထက် သာလွန်ကောင်းမွန်သော အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။
အနည်းဆုံး သူစွမ်းဆောင်နိုင်သည့် စည်းစိမ်ဥစ္စာသည် အခြားသူများ၏ စိတ်ကူးထက်ကျော်လွန်နေခဲ့ပြီဖြစ်သည်။
သို့သော် ဤအခွင့်အာဏာသည် လီချင်းယုန်ဆီသို့ အနည်းငယ်မျှသောပျော်ရွှင်မှုပင် မယူဆောင်လာခဲ့ပေ။ ထို့အစား ကြီးမားသည့် ဖိအားကိုသာ ယူဆောင်လာခဲ့သည်။
ဧကရာဇ်စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးအရာရှိအနေဖြင့် လီချင်းယုန်သည် ဧကရာဇ်တပ်သားထောင်ပေါင်းများစွာ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့ရသည်။ ပို၍အရေးကြီးသည်မှာ သူသည် ပညာရှင်ဧကရာဇ်၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့ရသည်။
သို့သော် အလုပ်ရုံများနှင့် ဓားထုလုပ်သည့်ကလန်အသီးသီးမှ ပြုလုပ်သော လက်နက်များ၏ အရည်အသွေးမှာ ကျေနပ်ဖွယ်ရာ မရှိပေ။
အလုပ်ရုံများတွင် ပြုလုပ်သော လက်နက်များသည် ပြတ်လပ်နေခဲ့ပြီး နှစ်စဉ် ဓားထုလုပ်သည့် ကလန်များမှ ထုတ်လုပ်သည့် ထိပ်တန်းဓားအရေအတွက်မှာလည်း အလွန်နည်းလှသည်။ လက်နက်များဝင်ရောက်လာမှုသည် နှစ်စဉ်နှစ်တိုင်း ဆုတ်ယုတ်မှုကို ဖြည့်ဆည်းပေးနိုင်ရုံမျှသာဖြစ်သည်။
ဤကဲ့သို့သော လုပ်ဆောင်မှုဖြင့် သူ့အတွက် ပညာရှင်ဧကရာဇ်ကို ကျေနပ်နှစ်သိမ့်စေရန် ခက်ခဲပေလိမ့်မည်။
ဧကရာဇ်ထံသို့ တိုက်ရိုက်တင်ပြရသော ထောက်ပံ့ပို့ဆောင်ရေးအရာရှိအနေဖြင့် သူ့လုပ်ဆောင်မှုနှင့်ပတ်သက်၍ ပညာရှင်ဧကရာဇ်သည် သူ့အပေါ် ကောင်းမွန်သည့် အမြင်များ ကျန်ခဲ့စေနိုင်သည့် မည်သည့် ခြွင်းချက်မှမရှိပေ။
'ဟူးးး ဒီအတိုင်းဆက်သွားရင် ငါ့အလုပ်ကို ဆက်ထိန်းထားဖို့ ခက်လိမ့်မယ်'
လီချင်းယုန် စိုးရိမ်တကြီး တွေးလိုက်သည်။
"ဟားဟား..."
သူ့ရှေ့ရှိ အကျပ်အတည်းကြောင့် ဒုက္ခရောက်နေစဉ်မှာပင် သူသည် နံရံအတွင်းမှ ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကိုလည်း ကြားလိုက်ရသည်။
တော်ဝင်ရုံးတော်တွင် သိုင်းပညာရပ်များ တိုးတက်စေရန် ဧကရာဇ်စစ်တပ်အဖွဲ့ဝင်များ အချင်းချင်း တိုက်ခိုက်နေသည်ကို တွေ့ရရန် ရှားပါးခြင်းမရှိပေ။ ဤနယ်မြေကို နေ့တိုင်းဖြတ်သွားသောကြောင့် လီချင်းယုန်သည် ထိုသို့သောအသံများကို ကျင့်သားရနေခဲ့ပြီဖြစ်သည်။
သို့သော်လည်း ယနေ့တွင် တစ်စုံတစ်ခု ကွဲပြားနေပုံရသည်။
ပုံမှန်အားဖြင့် ထိုသို့သော တိုက်ပွဲများသည် အချိန်အတိုင်းအတာတစ်ခုအထိ ကြာရှည်တတ်သော်လည်း ယနေ့တွင် ထူးကဲစွာ အလျင်အမြန်ပြီးဆုံးသွားခဲ့သည်။ ထိုသို့သာမက ထိုနှစ်ယောက်ထံမှ အသံသည်လည်း အနည်းငယ် ထူးဆန်းနေပေသည်။
လီချင်းယုန်သည် လက်နက်များတိုက်ခိုက်ထံမှ ထွက်ပေါ်လာသော ထူးဆန်းသည့်အသံကို ကြားခဲ့ရသည်။ ထိုသည်မှာ သူ ယခင်က လုံးဝမကြားခဲ့ဖူးသော အသံဖြစ်သည်။
လီချင်းယုန်သည် ပင်ကိုယ်သိစိတ်အရ သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။
"နောက်တစ်ခေါက်"
သူသည် အခြေအနေကြောင့် ရှုပ်ထွေးနေစဉ်မှာပင် ဒေါသသံတစ်ခုသည် နံရံအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဟားဟား ကောင်းပြီ။ မင်းငါ့ကို အကြိမ်တစ်ရာ လာတိုက်ရင်တောင် ဘာမှပြောင်းလဲမှာမဟုတ်ဘူး။ "
ပျော်ရွှင်ကျေနပ်နေသည့် အသံက ပြန်ဖြေလိုက်သည်။
ထို့နောက် လက်နက်များ၏ တိုက်ခိုက်သံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။ အကြောင်းပြချက်အချို့ကြောင့် လီချင်းယုန်သည် မထွက်ခွာခဲ့ပေ။ ထို့အစား သူသည် အပြင်ဘက်မှ ဆက်၍နားထောင်နေခဲ့သည်။
တစ်နည်းနည်းဖြင့် သူသည် ထိုတိုက်ပွဲကို စိတ်ဝင်စားလာသည်ကို တွေ့လိုက်ရသည်။
“ကလင်”
ဤတစ်ကြိမ်တွင် တိုက်ပွဲသည် ယခင်အကြိမ်ထက် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။
“ကလင်”
လက်နက်ကျိုးသံတစ်ခုသည် ပဲ့တင်ထပ်လာခဲ့ပြီး ပိုလျှံနေသည့် အင်အားကြောင့် ဆေဘာဓားထိပ်ပိုင်းတစ်ခုသည် နံရံကို ဖြတ်ပျံလာခဲ့ပြီး လီချင်းယုန်နှင့် သိပ်မဝေးသည့် အနီရောင်ကြွေပြားပေါ်၌ စိုက်ဝင်သွားခဲ့သည်။
"ဒါက..."
ဆေဘာဓားထိပ်ဖျားကို မြင်လိုက်ရသည်တွင် လီချင်းယုန်၏ စူးရှသောမျက်လုံးများသည် ဓား၏ဇစ်မြစ်ကို ချက်ချင်းမှတ်မိလိုက်ပြီး သူ့နှလုံးခုန်နှုန်း တစ်ချက်မှားသွားခဲ့သည်။
"ဒါက လုကလန်က ထုလုပ်ထားတဲ့ ထိပ်တန်းဆေဘာဓားမဟုတ်ဘူးလား"
လီချင်းယုန်သည် ရှေ့သို့ လှမ်းတက်ကာ ထိုင်ချလိုက်ပြီး ဓားထိပ်ကို သူ့လက်ချောင်းများဖြင့် ဂရုတစိုက် ဆွဲထုတ်လိုက်သည်။
ထိုသည်နှင့်ပတ်သက်၍ အမှားအယွင်းမရှိပေ။ ဤသည်မှာ လုကလန်မှ ထုလုပ်ထားသော ထိပ်တန်းဆေဘာဓားတစ်လက်ဖြစ်သည်။
လုကန်၏ဓားသွားများသည် ပန်းပွင့်ပုံစံဖြင့် အမြဲရေးထိုးထားခဲ့သည်။ ထို့ကြောင့် သူ့အတွက် လွဲမှားရန်မဖြစ်နိုင်ပေ။ တော်ဝင်ရုံးတော်၏ ထောက်ပံ့ပို့ဆောင်ရေး အရာရှိတစ်ဦးအနေဖြင့် သူသည် နေ့စဉ်နေ့တိုင်း ထိုသို့သော အရာများနှင့် ထိတွေ့နေရသောကြောင့် သူတို့နှင့် အလွန်ရင်းနှီးပေသည်။
လုကလန်သည် မြင့်တက်လာနေသော ဓားထုလုပ်သည့် ကလန်ဖြစ်သည်။ သူတို့သည် အငယ်ဆုံးဖြစ်နိုင်သည်။ သို့သော် သူတို့ရပ်တည်မှုကို ခိုင်မာစေရန် သူတို့၏ အားထုတ်မှုကြောင့်ဖြစ်နိုင်သည်။ သူတို့ဓားများသည် အကောင်းဆုံးအသွင်အပြင်၊ ဒီဇိုင်းနှင့် အရည်အသွေးရှိသည်။
လုကလန်၏ မြင့်မားသည့် ထုတ်လုပ်မှုနှုန်းကြောင့် ဧကရာဇ်စစ်တပ်အဖွဲ့ဝင်အများစုသည် သူတို့ထုတ်လုပ်သောလက်နက်များကို အသုံးပြုခဲ့ကြသည်။
လုကလန်မှ ထိပ်တန်းဆေဘာဓားတစ်ချောင်းကို နှစ်ပိုင်းချိုးထားသည်ကို တွေ့ရရန်မှာ မမျှော်လင့်ထားခဲ့ပေ။ သို့သော် လီချင်းယုန်ကို ပို၍တုန်လှုပ်သွားစေခဲ့သည့်အရာမှာ ဖြတ်ခံထားရသည့်အပိုင်းသည် မှန်ကဲ့သို့ ချောမွေ့နေခြင်းဖြစ်သည်။
"ဘယ်လက်နက်က ဒီလောက်ထက်မြနိုင်မှာလဲ"
လီချင်းယုန်သည် သူ့မျက်လုံးများထဲမှ အံ့အားသင့်မှုကို ဖုံးကွယ်ရန် ခဲယဉ်းနေလေသည်။ လုကလန်၏ ဆေဘာဓားများသည် မြို့တော်တွင် အကောင်းဆုံးမဟုတ်သော်လည်း သူတို့သည် ထိပ်ဆုံးတွင် သေချာပေါက်ရှိသည်။ တစ်ခုကိုနှစ်ပိုင်းဖြတ်ရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။
ထို့အပြင် ဖြတ်ထားသောအပိုင်းသည် မည်မျှချောမွေ့သည်ကို သုံးသပ်ကြည့်ပါက ထိုသည်ကို ဖြတ်ရန်အသုံးပြုခဲ့သော ဓားသည် မယုံနိုင်လောက်အောင် ထက်မြနေရမည်ဖြစ်သည်။
သို့သော် ဧကရာဇ်စစ်တပ်၏ စစ်လက်နက်ပစ္စည်းများကို ကြီးကြပ်ကွပ်ကဲသည့် သူ့နှစ်များတွင် သူသည် ဤကဲ့သို့စွမ်းဆောင်နိုင်သည့် လက်နက်မျိုး တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
'ဆိုတော့ တိုက်ပွဲအဆုံးသတ်သွားခဲ့ရတာက တစ်ဖက်လူရဲ့လက်နက်က ပိုင်းသွားခဲ့လို့ပေါ့'
လီချင်းယုန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သို့သော်လည်း ဤသည်မှာ လုကလန်၏ဆေဘာဓားကို ဖြတ်တောက်ခဲ့သည့် လက်နက်နှင့် ပတ်သက်၍ လီချင်းယုန်၏ စူးစမ်းလိုစိတ်ကို နက်နက်ရှိုင်းရှိုင်းဖြစ်စေရန်သာ လုပ်ဆောင်ခဲ့သည်။
"ဟားဟား ဓားကောင်း။ ဒါက တကယ်ကောင်းတဲ့ဓားပဲ။ ကျိုးလဲ့ မင်းနောက်တစ်ပွဲထပ်နွဲချင်လား။ " နံရံအတွင်းမှ ပျော်ရွှင်စွာရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အဲဒါကို မေ့လိုက်။ ဟွမ်ရှန်း ဘာဂုဏ်ယူစရာရှိလို့လဲ။ မင်းလုပ်ခဲ့တာက ကျောက်စိမ်းရိုင်းသံမဏိလက်နက်ကို ဝယ်ယူခဲ့တာပဲ။ မင်းက တကယ်ပဲ အရည်အချင်းရှိရင် ငါနဲ့လက်ဗလာချင်း ဘာလို့ မယှဉ်ပြိုင်ရမှာလဲ။ "
ရှုံးနိမ့်သွားသည့် ဧကရာဇ်စစ်တပ်စစ်သားသည် ဒေါသတကြီးဖြင့် ငြီးတွားလိုက်သည်။
နံရံအပြင်ဘက်တွင် လီချင်းယုန်သည် ထိုစကားများကို ကြားလိုက်ရပြီး သူ့နှလုံးသားသည် မြန်ဆန်စွာ ခုန်သွားခဲ့သည်။
ကျောက်စိမ်းရိုင်းသံမဏိ။ ထိုသည်မှာ ဒဏ္ဍာရီလာ ကျောက်စိမ်းရိုင်းသံမဏိဓားဖြစ်သည်။