← Chapters

အခန်း (၂၈၁-၂၈၅)

Vol. 12 Ch. 281-285

အခန်း (၂၈၁-၂၈၅)

Vol. 12 Ch. 281-285

အပိုင်း ၂၈၁

ဧကရာဇ်စစ်တပ်ထောက်ပံ့ရေးပစ္စည်းများဝယ်ယူခြင်း

"လက်ဗလာနဲ့တိုက်ရမယ် ဟုတ်လား။ မင်းနောက်နေတာပဲဖြစ်ရမယ်။ သားကောင်ကိုအမဲလိုက်ဖို့ ကျားက သူ့လက်သည်းတွေကို ကိုက်ဖြတ်တာကို ဘယ်တုန်းက မြင်ဖူးလို့လဲ။"

နံရံတစ်ဖက်ရှိ အနိုင်ရရှိသူက ပြန်လည်ချေပလိုက်သည်။

"ဟွမ်ရှန်း ရွှေပြား ခုနှစ်သောင်း မင်းရဲ့ဓားကို ငါဝယ်မယ်။"

"ဟမ် အိပ်မက်တောင်မမက်နဲ့။"

"ဟွမ်ရှန်း မင်းက ကျောက်စိမ်းရိုင်းသံမဏိဓားကို ရွှေပြား ငါးသောင်းငါးထောင်တည်းနဲ့ဝယ်ခဲ့တာပါ ငါက မင်းကို ရွှေပြားခုနှစ်သောင်းပေးနေတာလေ။ ဒီမှာပဲ မင်းက အများကြီးမြတ်နေပြီ။ ဒီပိုက်ဆံနဲ့ မင်း နောက်ထပ်တစ်ခုကို လွယ်လွယ်လေးပြန်ဝယ်လို့ရတယ်။"

"ကျိုးကျီ မင်းတတ်နိုင်နေတယ်ဆိုရင် ဘာလို့ အဲဒီ ခုနှစ်သောင်းနဲ့ မင်းကိုယ်တိုင် တစ်ခုမဝယ်ရတာလဲ။ မင်းငါ့ကို အရူးလုပ်နေတာလား။ ကျန်းကလန်က လပေါင်းများစွာကြာမှ တစ်ခါပဲထုတ်ရောင်းပေမယ့် သူတို့က စုစုပေါင်းမှ သုံးဆယ်ပဲထုတ်ရောင်းတာ။ ဧကရာဇ်စစ်တပ်မှာ လူအများကြီးရှိတာကြောင့် အဲဒါက မလုံလောက်ဘူး။ လက်ရှိ‌ဈေးကွက်ပေါက်ဈေးက ရွှေပြားရှစ်သောင်းရှိပြီး လူတိုင်းက ဝယ်ယူချင်နေကြတုန်းပဲ။ ငါက ဝမ်သခင်လေးကိုယ်တိုင်ထုလုပ်တဲ့ ကျောက်စိမ်းရိုင်းသံမဏိဓားကိုပဲ ဝယ်ယူချင်တာ ဒါပေမယ့် သူ့ဓားက ပိုပြီးဈေးကြီးတယ်။"

ထိုစကားများကို နားထောင်လျက် လီချင်းယုန်သည် အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

"မင်းတို့ ဘာတွေပြောနေကြတာလဲ။"

သူ့လက်ကို နောက်ပစ်ထားလျက် လီချင်းယုန်သည် ဆေဘာဓားကျိုးကို လက်မှာကိုင်ထားပြီး ဖြေညင်းစွာ လမ်းလျှောက်ဝင်လာခဲ့သည်။

"အရှင်လီ။"

လေ့ကျင့်ရေးကွင်းတွင် ဧကရာဇ်စစ်တပ်စစ်သည်သုံးဦးသည် လီချင်းယုန်ကို မြင်လိုက်သောကြောင့် တုန်လှုပ်သွားခဲ့ကြသည်။ သူတို့သည် သူ့ကို လျင်မြန်စွာ အရိုအသေပြုလိုက်ပြီး နှုတ်ဆက်လိုက်ကြသည်။ ဧကရာဇ်စစ်တပ်တွင် ထောက်ပို့အရာရှိ လီချင်းယုန်ကို မသိသူမရှိပေ။

လီချင်းယုန်သည် သူတို့၏ ကြီးကြပ်ရေးမှူးဖြစ်ပြီး သူတို့၏ လက်နက်များ၊ သံချပ်ကာများ၊ လစာများနှင့် ထိုကဲ့သို့သော အရာများသည် သူ့မှနေ၍ လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သူတို့နှင့်မတူဘဲ လီချင်းယုန်သည် ပညာရှင်ဧကရာဇ်နှင့် တွေ့ချင်တိုင်းတွေ့ခွင့်ရှိသည့် အထူးအခွင့်အရေးကိုလည်း ပိုင်ဆိုင်ထား၏။

အကယ်၍ သူ့ကိုစော်ကားမိပါက သူတို့၏ အရင်းအမြစ်များကို သူသည် အလွယ်တကူနှုတ်ယူသွားနိုင်သည်။ တော်ဝင်နန်းတော်ရှိ လူများစွာထဲတွင် သူတို့သုံးယောက်သည် သူနှင့်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သိထားရမည်မှာ လီချင်းယုန်သည် အမြဲအလုပ်ရှုပ်နေပြီး သူတို့ကို စိတ်ဝင်စားသည်မှာ ရှားပါးသည်။

"အရှင် ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် သိုင်းပညာဖလှယ်နေကြတာပါ။"

တစ်နည်းနည်းဖြင့် လီချင်းယုန်၏ မေးခွန်းသည် ထိုသုံးယောက်ကို ချောက်ချားသွားစေခဲ့သည်။

"ငါအဲဒါကို မေးနေတာမဟုတ်။ အဲဒီဓားကို ငါကြည့်လို့ရမလား။"

ဧကရာဇ်စစ်သည်တစ်ဦး၏ လက်ထဲရှိ ပြိုင်ဖက်ကင်းသော ပုံစံဖြင့် ဓားတစ်ချောင်းကို ညွှန်ပြလျက် လီချင်းယုန်မေးလိုက်သည်။

"ဒါက...ရပါတယ်။"

ဟွမ်ရှန်းဟု အမည်ရသော ဧကရာဇ်စစ်သည်သည် သဘောတူလိုက်သည်။ သို့သော် သူ့အမူအရာသည် အလွန်မှ တွန့်ဆုတ်နေခဲ့သည်။ သူ့ကိုယ်သူ ဖောက်ခွဲခံလိုက်ရသကဲ့သို့ သူသည် ကျောက်စိမ်းရိုင်းသံမဏိဓားကို မပေးချင်နေခဲ့ပေ။

လီချင်းယုန်သည် တစ်ဖက်လူ၏ သနားစရာအမူအရာကို ဂရုစိုက်မနေခဲ့ပေ။ ကျောက်စိမ်းရိုင်းသံမဏိဓားကို လက်ခံရရှိပြီးနောက် သူသည် ၎င်း၏ အသွင်အပြင်ကို မခံစားမီ ၎င်း၏အလေးချိန်ကို ချက်ချင်းစမ်းသပ်လိုက်သည်။

ဝုန်း

'ဒါက ငါမျှော်လင့်ထားခဲ့တာထက် အဆများစွာလေးတာပဲ။ မျက်နှာပြင်က အရမ်းချောမွေ့တယ် ဒါပေမယ့် အဲဒီအပေါ်မှာ သွေးကြောတွေရှိတယ်။ ဒါက သူ့ရဲ့သေနိုင်စွမ်းကို မြှင့်တင်ဖို့ အထူးပုံဖော်ထားခဲ့တာဖြစ်နိုင်တယ်။'

လီချင်းယုန်တွေးလိုက်သည်။

ဧကရာဇ်စစ်တပ်တစ်ခုလုံးအတွက် ထောက်ပို့အရာရှိအနေဖြင့် လီချင်းယုန်လက်ထဲသို့ရောက်လာခဲ့သော ဓားအရေအတွက်သည် သိန်းပေါင်းများစွာရှိနေခဲ့ပြီဖြစ်သည်။ ဤနှစ်များအတွင်း သူသည် သူ့လက်ထဲသို့ ဓားများကို ထိကိုင်ခံစားကြည့်ရုံမျှဖြင့် ဓား၏ ဂုဏ်သတ္တိနှင့် အရည်အသွေးကို ခွဲခြမ်းစိတ်ဖြာနိုင်သော အရည်အချင်းကို ပိုင်ဆိုင်ခဲ့သည်။

သုံးချီရှည်သော ဓားသည် လေးလံပြီး အေးစက်လှသည်။ လူတစ်ယောက်သည် မာကျောသော ရေခဲတုံးကြီးကို ထိလိုက်ရသကဲ့သို့ပင်။ ရှင်းလင်းနေသည်မှာ ထိုဓားကို ထုလုပ်သည့် နည်းစနစ်သည် အခြားဓားများနှင့် လုံးဝမတူပေ။

အနည်းဆုံးတော့ တော်ဝင်ရုံးတော်၏ အလုပ်ရုံဖြစ်စေ သို့မဟုတ် ဓားထုလုပ်သည့် ကလန်ဖြစ်စေ ထိုကဲ့သို့သော ဓားမျိုးကို ယခင်က မထုတ်လုပ်ခဲ့ကြဖူးပေ။

'ဆိုတော့ ဒါက ကျောက်စိမ်းရိုင်းသံမဏိဓားပေါ့'

လက်ထဲရှိ ဓားကို စူးစမ်းလျက် လီချင်းယုန်တွေးလိုက်သည်။

ဝမ်ကလန်၏ အငယ်ဆုံးသား ဝမ်ချောင်သည် ပြိုင်ဘက်ကင်းအောင် ထက်ရှပြီး ခိုင်ခံ့သည့် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်သည့် ဓားကို ဖန်တီးခဲ့သည်။ ဤဓားကို သလင်းစံအိမ်တွင် ရောင်းခဲ့စဉ်အချိန်က လူများစွာသည် သူ့ကို လာရောက်စိန်ခေါ်ခဲ့ကြသည်။ အာဘတ်စစ်စော်ဘွား သို့မဟုတ် ချားရွက်စပါစီနူ သို့မဟုတ် အလယ်ပိုင်းလွင်ပြင်ဒေသ မှ လာခဲ့သော ဓားများနှင့် ဆေဘာဓားများသည် ကျောက်စိမ်းရိုင်းသံမဏိဓားကို မယှဉ်နိုင်ခဲ့ကြပေ။

ဤဒဏ္ဍာရီသည် လွန်ခဲ့သည့် လေးငါးလမှစ၍ မြို့တော်တွင် ပျံ့နှံ့နေခဲ့ပြီး မြို့တော်တွင် ကြီးမားသည့် အုတ်အော်သောင်းတင်းဖြစ်မှုကို ဖြစ်စေခဲ့သည်။ သဘာဝကျစွာဖြင့် လီချင်းယုန်သည်လည်း ထိုသတင်းကို ကြားခဲ့ပေသည်။

သို့သော် တခြားသူများနှင့်မတူဘဲ လီချင်းယုန်သည် ထိုဒဏ္ဍာရီကို လှောင်ပြောင်ခဲ့ပြီး ထိုသည်မှာ လုံးဝအဓိပ္ပာယ်မရှိဟု တွေးထင်ခဲ့သည်။

'ဒီလိုကြောက်စရာကောင်းတဲ့လက်နက်က ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ထုတ်လုပ်နိုင်ခဲ့တာလဲ။ မျိုးဆက်တွေတစ်ခုပြီးတစ်ခု ကြိုးစားပြုပြင်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာအကြာက ဒါမှမဟုတ် အမွေအနှစ်များစွာကနေ ထိပ်တန်းထုလုပ်တဲ့နည်းစနစ်တွေထဲက ဘယ်တစ်ခုကမှ မထွက်ပေါ်လာခဲ့ရတာလဲ။ ဆိုတော့ လုံးဝအသစ်စက်စက်ဖြစ်တဲ့ လက်နက်ထုလုပ်တဲ့ကျောင်း‌တော်ဟာ ဘယ်ကနေ ဘယ်လိုထွက်လာနိုင်မလဲ။ ပြီးတော့ ဒီနည်းစနစ်ကနေ ထုလုပ်ခဲ့တဲ့ လက်နက်တွေက အရမ်းကြောက်စရာကောင်းတာကို ထည့်မပြောရသေးဘူး သူတို့က တခြားဓားတွေနဲ့ ဆေဘာတွေကို လွယ်လွယ်နဲ့ ပိုင်းဖြတ်နိုင်တယ်လား။"

ထိုအယူအဆသည် အလွန်မှရယ်စရာကောင်းပြီး ယင်းဖြစ်နိုင်ချေကို လီချင်းယုန်သည် အစကတည်းက ငြင်းပယ်ခဲ့သည်။

ထို့အပြင် ကျောက်စိမ်းရိုင်းသံမဏိဓား၏ ထုတ်လုပ်မှုပမာဏသည် သူယခင်ကလုံးဝမတွေ့ခဲ့ဖူးသော ကြောက်စရာကောင်းလောက်သည့် ပမာဏဖြင့် ကန့်သတ်ထားခဲ့သည်။ ဤသည်က သူ့သံသယများကိုသာ ပိုတိုးလာစေခဲ့သည်ပင်။

သို့သော် ယခုတွင်မူ လီချင်းယုန်သည် သူ့ယုံကြည်မှုများ ယိုင်းယိုင်လာခဲ့သည်။

“ကလင်”

ထိုသုံးယောက် မတုံ့ပြန်နိုင်မီမှာပင် အေးစက်ပြီး ထက်ရှသည့် အလင်းရောင်တစ်ခုသည် လျင်မြန်စွာ လှုပ်ရှားသွားခဲ့ပြီး နောက်ထပ်စစ်သား၏ လက်ထဲရှိ ဓားကျိုးကို ဖြတ်သွားခဲ့သည်။

ချီ

ဓားကျိုးသည် ပို၍ပိုင်းဖြတ်ခံလိုက်ရပြီး အစွန်းသည် မြေပေါ်သို့ ကျသွားခဲ့ကာ မာကြောသည့် မြေထဲသို့ ထိုးစိုက်သွားခဲ့သည်။

ထိုသုံးယောက်သည် တခဏမျှမှင်သက်သွားခဲ့ကြသော်လည်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ဤမြင်ကွင်းကို မျှော်လင့်ထားကြသကဲ့သို့ပင်။ ကျောက်စိမ်းရိုင်းသံမဏိဓားတစ်ချောင်းချင်းစီသည် မတန်တဆဈေးကြီးသော်လည်း တခြားသော ဓားထုလုပ်သည့် ကလန်များ၏ လက်နက်များထက် သာလွန်နေသည့် သူ့ အရည်အသွေးကြောင့် ထိုသည်မှာ သဘာဝကျပေသည်။

သို့သော် ဓားကို လွှဲခုတ်ခဲ့သူတစ်ဦးအနေဖြင့် လီချင်းယုန်တွင် မတူညီသော အမြင်ရှိပေသည်။ သူ့ဓားလမ်းကြောင်းတွင် သူသည် လုကလန်ဓား၏ တည်ရှိမှုကို လုံးဝ မခံစားရပေ။ ထိုသည်မှာ ဓားသည် လေထုကို ဖြတ်ခုတ်သွားသကဲ့သို့ပင်။

ဤသည်မှာ လီချင်းယုန်သည် ကျောက်စိမ်းရိုင်းသံမဏိဓား၏ ထက်ရှမှုကို ပထမဆုံးအကြိမ် သူကိုယ်တိုင်ခံစားလိုက်ရခြင်းပင်။ သူ၏ ထောက်ပို့အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်များအတွင်း သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသော လက်နက်ကို ယခင်က မတွေ့ခဲ့ဖူးပေ။

'သူ့ရဲ့ထက်ရှမှုက သတ်မှတ်ထားတာထက်ကို ကျော်လွန်နေခဲ့တယ်။'

အတွေးတစ်ခုသည် လီချင်းယုန်ခေါင်းထဲသို့ ဝင်ရောက်လာခဲ့ကာ သူသည် ‌ဧကရာဇ်စစ်သည်တစ်ဦးကို အမိန့်ပေးလိုက်သည်။

"မင်းရဲ့ချပ်ဝတ်တန်ဆာကို ချွတ်လိုက်။"

"ဟုတ်ကဲ့ပါ အရှင်။"

စစ်သည်သည် ရုတ်ချည်းအမိန့်ကြောင့် တွေဝေသွားခဲ့သော်လည်း သူသည် အမိန့်ကိုနာခံနေသေးပြီး သူ့ချပ်ဝတ်တန်ဆာကို ချွတ်လိုက်ကာ လီချင်းယုန်ဆီသို့ ကမ်းပေးလိုက်သည်။ ဤနေရာရှိ ထောက်ပံ့ပို့ဆောင်ရေးအရာရှိဖြင့် သူ့ချပ်ဝတ်တန်ဆာသည် တစ်ခုခုဖြစ်သွားခဲ့ပါက သူသည် အစားထိုးလဲလှယ်ရန် အလွယ်တကူ တောင်းဆိုနိုင်သည်။

သို့သော် ချပ်ဝတ်တန်ဆာကို ယူရမည့်အစား လီချင်းယုန်သည် သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲလှုပ်ရှားလိုက်သည်။

“ချီးလာ”

ထူထဲလှသည့် ချပ်ဝတ်တန်ဆာသည် တိတ်ဆိတ်စွာ နှစ်ပိုင်းပိုင်းသွားခဲ့သည်။ အောက်ဘက်ရှိ အပိုင်းသည် မြေပေါ်သို့ ကျသွားခဲ့သည်။ ဂရုတစိုက်ကြည့်လိုက်မည်ဆိုပါက အဖြတ်ခံလိုက်ရသည့် နေရာသည် မှန်ကဲ့သို့ ချောမွေ့နေသည်ကို တွေ့ရပေမည်။

အငိုက်မိသွားခဲ့ကြကာ လီချင်းယုန်၏ အပြုအမူကြောင့် ထိုသုံးယောက်သည် တုန်လှုပ်စွာဖြင့် ထခုန်လိုက်ကြသည်။

သို့သော် တုန်လှုပ်မှုသည် သူတို့၌သာ ကန့်သတ်မထားခဲ့ပေ။ လီချင်းယုန်သည်လည်း သူ့ဘဝကြီးကို ကြောက်သွားခဲ့မိသည်။

"ကောလဟာလတွေက တကယ်မှန်တာပဲ။"

ဤအခိုက်အတန့်တွင် လီချင်းယုန်သည် ဓားနှင့်ပတ်သက်သည့် ကောလဟာလများကို ပြန်အမှတ်ရလိုက်သည်။ ထိုအချိန်က သလင်းစံအိမ်တွင် ဓားသည် သတ္တုတောင်ကြီးကိုပင် နှစ်ပိုင်းပိုင်းနိုင်ခဲ့သည်ဟု ဆိုခဲ့ကြသည်။

ထိုအချိန်က ထိုနေရာတွင် မရှိခဲ့သော လီချင်းယုံကဲ့သို့ လူများသည် သတင်းကြောင့် ရယ်မောခဲ့ကြပြီး ထိုသည်မှာ ချဲ့ကားခြင်းဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ဤမြင်ကွင်းကို သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ပြီးနောက် သူ့ရင်ထဲမှသံသယများသည် အစအနပင်ရှာမရဘဲ ပျောက်ကွယ်သွားခဲ့သည်။

စစ်မြေပြင်တွင် လူတိုင်းသည် သူတို့၏ စစ်သားများကို အကောင်းဆုံးချပ်ဝတ်တန်ဆာများ ဆင်ယင်ပေးနိုင်ရန် ကြိုးပမ်းကြပေလိမ့်မည်။

ချပ်ဝတ်တန်ဆာဝတ်လက်ရွေးစင် မြင်းစစ်သည်အများစုသည် သုမုဒ္ဒရာအောက်မှ ဆယ်ယူခဲ့သော ရွှမ်သတ္တုဖြင့် ထုလုပ်ထားခဲ့သည့် ချပ်ဝတ်တန်ဆာများဖြင့် ဆင်ယင်ပေးခြင်းခံရပေလိမ့်မည်။ ထိုကဲ့သို့သော ချပ်ဝတ်ဆန်ဆာများသည် မယုံနိုင်စရာကောင်းလောက်အောင် ကြံ့ခိုင်လှပြီး ထိုပေါ်တွင် အက်ရာလေးတစ်ခုထင်စေရန် ဓားဖြင့် အကြိမ်ပေါင်းများစွာ ခုတ်ရပေလိမ့်မည်။

ဤသည်က ချပ်ဝတ်ဆန်ဆာဝတ်မြင်းစစ်သည်များ၏ ဟာကွက်များကို များစွာလျှော့ကျစေခဲ့သည်။ အရာများကို ပို၍ခက်ခဲအောင်လုပ်နေသည့်အရာမှာ မြင်းစစ်သည်များ၏ လျင်မြန်လှသော အလျင်သည် တစ်နေရာတည်းသို့ တိကျစွာ အဆက်မပြတ်ခုတ်ဖြတ်နိုင်စေရန် ခက်ခဲစေခြင်းပင်။

သို့သော်လည်း လက်ထဲတွင် ကျောက်စိမ်းရိုင်းသံမဏိဓားဖြင့် လူတစ်ဦးသည် ချပ်ဝတ်တန်ဆာကို ပိုင်းဖြတ်နိုင်လိမ့်မည်ဖြစ်ပြီး မြင်းစစ်သည်ကို တိုက်ရိုက် တိုက်ခိုက်နိုင်ပေလိမ့်မည်။

ဧကရာဇ်စစ်တပ်၏ လက်နက်များကို ဆယ်စုနှစ်တစ်ခုထက်ပို၍ ကြီးကြပ်ခဲ့ရသောကြောင့် သူ့တွင် လက်နက်များ၏ တန်ဖိုးအတွက် စူးရှသော အမြင်ကို ပိုင်ဆိုင်ထားခဲ့သည်။ တစ်ချိန်က ကျိုးဖန်ရှန်းကဲ့သို့ပင် သူသည် ထိုကဲ့သို့လက်နက်တပ်ဆင်ထားသော တပ်ဖွဲ့တစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ချက်ချင်းနားလည်လိုက်သည်။

"ငါမှတ်မိတာမမှားရင် ဒီလက်နက်တစ်ခုစီကို ရွှေပြားရှစ်သောင်းတန်တယ်လို့ မင်းပြောခဲ့တယ်။ ဒါက ဈေးမကြီးလွန်းဘူးလား။"

လီချင်းယုန်သည် ထိုသုံးယောက်ကို ကြည့်လိုက်ပြီး နဖူးရှုံ့သွားခဲ့သည်။

မြို့တော်အနှံ့ရှိ လက်နက်ကုန်သည်များထံမှ လက်နက်တစ်ခုစီကို စုလိုက်လျှင်ပင် ဤမျှဈေးကြီးသော လက်နက်တစ်ခုကို တွေ့ရလိမ့်မည်မဟုတ်ပေ။

"အရှင်လီ ဒီဓားကိုဝယ်ယူဖို့ ဧကရာဇ်စစ်တပ်ထဲမှာ ကျွန်တော်တို့ညီအစ်ကိုတွေ ဘယ်နှစ်ယောက်များများက စျေးပိုပေးချင်နေကြသလဲဆိုတာကို ခင်ဗျားမသိပါဘူး။ ပစ္စည်းကောင်းတွေက ဈေးမကြီးဘူး။"

လီချင်းယုန်၏ စကားများကို ကြားလိုက်မှသာ ဟွမ်ရှန်းဟု အမည်ရသော စစ်သည်သည် စိတ်သက်သာရာရသွားခဲ့သည်။ တစ်ဖက်လူသည် သူတို့ကို လာခေါ်ခြင်းမဟုတ်သရွေ့ အဆင်ပြေပေသည်။

"ဒီဓားက ငါးဆယ်ဝန်းကျင်လောက်ပဲရှိပြီး ဧကရာဇ်စစ်တပ်ထဲမှာ ကျွန်တော်တို့တပ်သားတစ်သိန်းကျော်ရှိတာကို သုံးသပ်ကြည့်လိုက်ရင် ဒါက ဈေးချိုတယ်လို့ ယူဆနိုင်တယ်။ ထုတ်လုပ်မှုက ကန့်သတ်ထားတာကြောင့် ဈေးနှုန်းတွေ မြင့်တက်လာမှာက မြေကြီးလက်ခတ်မလွှဲပါပဲ။"

"ခင်ဗျားကို ခြောက်တာတော့မဟုတ်ဘူး ဒါပေမယ့် ဒါက ကျန်းကလန်က ထုတ်လုပ်တဲ့ ကျောက်စိမ်းရိုင်းသံမဏိဓားရဲ့ ဈေးနှုန်းပဲရှိသေးတယ်။ တကယ်လို့ ဝမ်သခင်လေးကိုယ်တိုင် ထုတ်လုပ်ခဲ့တာဆိုရင် ဈေးနှုန်းက ဒီဟာထက် သေချာပေါက် အများကြီးမြင့်တက်သွားလိမ့်မယ်။ အနည်းဆုံး‌ဈေးနှုန်းတောင်မှ ရွှေပြားတစ်သိန်းထက် ကျော်လွန်လိမ့်မယ်။"

ဟွမ်ရှန်းသည် အားရဝမ်းသာ ကြွားဝါလိုက်သည်။ ရှင်းလင်းနေသည်မှာ သူသည် ကျောက်စိမ်းရိုင်းသံမဏိဓားတစ်ချောင်းကို ဝယ်ယူနိုင်ခဲ့သောကြောင့် ဂုဏ်ယူနေပေသည်။

"ဒီကျောက်စိမ်းရိုင်းသံမဏိဓားအတွက် ကိုယ်စားလှယ်နှစ်ယောက်ရှိတာလား။"

လီချင်းယုန် မျက်မှောင်ကြုတ်လိုက်သည်။

"အဲလိုမရှိဘူး ဝမ်သခင်လေးက ထုလုပ်တဲ့လုပ်ငန်းစဉ်မှာ ကူညီဖို့ ကျန်းကလန်နဲ့ ပူးပေါင်းထားခဲ့တာပဲ။ ဒီလိုမှမဟုတ်ုရင် ဝမ်သခင်လေးရဲ့ တစ်လမှ တစ်ချောင်းထုတ်လုပ်တဲ့နှုန်းနဲ့ သူ လုံးဝမထုတ်လုပ်တဲ့လတွေကို မဆိုထားနဲ့ဦး ကျွန်တော်တို့အားလုံးက စိတ်လောပြီး သေကုန်ကြလိမ့်မယ်မဟုတ်လား။"

ဤတစ်ကြိမ်တွင် နောက်ထပ်စစ်သည်တစ်ဦးက ဤမေးခွန်းကို ဖြေလိုက်ခြင်းဖြစ်သည်။

"ဒါပေမယ့် ဒါတွေကို ကျန်းကလန်က ထုလုပ်ခဲ့တယ်ဆိုပေမယ့် နောက်ဆုံးအဆင့်တွေက ဝမ်သခင်လေးကိုယ်တိုင် ထုလုပ်ပြီးမြောက်စေခဲ့တုန်းပဲ။ ဒါကြောင့် အရည်အသွေးမှာ လုံးဝ ပြဿနာမရှိဘူး။"

တတိယစစ်သည်က ထပ်ဖြည့်ပြောလိုက်သည်။

မြို့တော်ရှိလူတိုင်းသည် ကျောက်စိမ်းရိုင်းသံမဏိဓား၏ ထုတ်လုပ်မှုပမာဏသည် အကန့်အသတ်ဖြင့်ရှိသည်ကို သိထားကြသည်။ အကယ်၍ ဝမ်သခင်လေးတစ်ဦးတည်းကသာ အလုပ်လုပ်မည်ဆိုပါက ဧကရာဇ်စစ်တပ်၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်သည် ထိုဓားကို ရရှိပိုင်ဆိုင်ခွင့်ရှိကြလိမ့်မည်မဟုတ်ပေ။

ဤသည်က ကျန်းကလန်နာမည်ရလာခြင်းပင်။

ထုလုပ်ခြင်းလုပ်ငန်းစဉ်တွင် ကျန်းကလန်၏ပါဝင်ပတ်သက်မှုကို လူတိုင်းနီးပါး ဝမ်းသာခဲ့ကြသည်။ နောက်ဆုံးတွင် ထုတ်လုပ်မှုနှုန်းမြင့်မားလေ သူတို့ရရှိပိုင်ဆိုင်နိုင်မည့်အလားအလာပိုများလေပင် မဟုတ်လား။

"ဒါပေမယ့်လည်း ဝမ်သခင်လေးကိုယ်တိုင်က ထုလုပ်ခဲ့ရင် ဈေးနှုန်းက လုံးဝကွာခြားသွားလိမ့်မယ်။"

"ရွှေပြားသုံးသိန်း ဒါက ကျွန်တော်တို့ရဲ့ စစ်သေနာပတိချုပ်က သေခြင်းတရားချောက်နက်ကို ဝယ်ယူခဲ့တဲ့ဈေးနှုန်းပဲ။ လူတိုင်းပြောကြတာက သေခြင်းတရားချောက်နက်ရဲ့ ဈေးနှုန်းဟာ သုံးသိန်းထက် အများကြီးပိုတယ်တဲ့ ဒါကို ‌စစ်သေနာပတိတွေကသာ တတ်နိုင်လိမ့်မယ်။"

ထိုသုံးယောက်သည် သူတို့၏ အားကျမှုကို မဖုံးကွယ်နိုင်ခဲ့ကြပေ။ လူတိုင်းသိထားကြသည်မှာ ဝမ်သခင်လေးဖန်တီးခဲ့သည့် လက်နက်များသည် ပြိုင်ဘက်ကင်းဖြစ်ကြသည်။ သူတို့တစ်ခုစီတိုင်း၏ ဒီဇိုင်းနှင့် စွမ်းအားများသည် လုံးဝ ကွဲပြားပေသည်။

လက်နက်တစ်ခုအဖြစ်သာမက သူတို့သည် လက်ရာမြောက်သော အနုပညာလက်ရာတစ်ခုလည်းဖြစ်သည်။

ထို့နောက် လီချင်းယုန်သည် သူတို့ကို မေးခွန်းအတော်များများ ဆက်မေးခဲ့သည်။ သူတို့သုံးယောက်မှတဆင့် သူသည် ဧကရာဇ်စစ်တပ်တွင် ကျောက်စိမ်းရိုင်းသံမဏိဓား ဈေးကွက်အသေးစားရှိနေသည်ကို သိခဲ့ရသည်။

သူနောက်ထပ်သိလိုက်ရသည်မှာ သလင်းစံအိမ်မှမြစ်ဖျားခံခဲ့သော ဒဏ္ဍာရီအားလုံးသည် အမှန်ပင်ဖြစ်သည်ဟူ၍ပင်။

ဖြည်းညင်းစွာဖြင့် လီချင်းယုန်စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ သူသည် ပညာရှင်ဧကရာဇ်ထံသို့ ပြန်လည်အစီရင်ခံချိန်တွင် မည်သို့အစီရင်ခံတင်ပြရမည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။

"ငါအခု ဒီကျောက်စိမ်းရိုင်းသံမဏိဓားကို ငါနဲ့အတူ ယူသွားလိုက်မယ်။ နောက်ခုနှစ်ရက်ကြာရင် ငါဆီပြန်လာယူပါ။"

ကျောက်စိမ်းရိုင်းသံမဏိဓားကို ဆုပ်ကိုင်လျက် လီချင်းယုန်သည် ပညာရှင်ဧကရာဇ်အမြဲနားနေရာ ထိုက်ကျိနန်းတော်သို့ အမောတကောဦးတည်လိုက်သည်။ သူ့စိတ်ထဲရှိ သူတီတွင်ဖန်တီးထားခဲ့သော ထက်မြက်သည့် အတွေးသည် သူ့ကိုစိတ်လှုပ်ရှားစွာဖြင့် သူ့သွေးများကို ပြင်းထန်စွာ ခုန်ပေါက်နေစေခဲ့သည်။

သမိုင်း၏ လှည်းဘီးများသည် ရှေ့သို့ တလိမ့်လိမ့်သွားနေခဲ့သည်။ ဝမ်ချောင်၏ ကြိုးစားအားထုတ်မှုအောက်တွင် မူလကံကြမ္မာလမ်းကြောင်းထဲမှ မဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အချို့သည် ဖြစ်ပျက်လာခဲ့သည်။

အပိုင်း ၂၈၂

အစစ်အမှန်သိုင်းပညာအဆင့်ငယ်

နှစ်ရက်ကြာပြီးနောက် ကျန့်ရှို့ကျီသည် ဝမ်ချောင် ပို့ပေးလိုက်သည့် ဖော်မြူလာနှင့် အရင်းအမြစ်များနှင့်အတူ ပျက်စီးယိုယွင်းနေသည့် သူ့အိမ်တော်မှ ထွက်ခွာသွားခဲ့သည်။

သူသည် မြို့တော်ရှိဆောက်လုပ်ရေးနယ်ပယ်တွင် ပါရမီရှိသူများနှင့် ဆောက်လုပ်ရေးသမားများ၊ လက်မှုပညာသည်များကို စုစည်းခဲ့သည်။ ထို့နောက် သူတို့အုပ်စုသည် မဟာထန်၏ အနောက်တောင်ဘက်သို့ စတင်ထွက်ခွာလိုက်ကြသည်။

သူတို့သည် ရွှေပြားသိန်းပေါင်းအတော်များများကို ယူဆောင်သွားခဲ့ကြပြီး သူတို့နှင့်အတူ ဝမ်ကလန်မှ ထည့်ပေးလိုက်သော အစောင့်တစ်အုပ်စုလည်း လိုက်ပါသွားခဲ့သည်။

ကျန့်ချိုးကျင်းချုံးနှင့် ရှန်းယုချောင်ထုံတို့သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များထံ အသီးသီးအကြောင်းကြားထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ပန်းတိုင်သို့ရောက်သည်နှင့် ကြိုဆိုမည့်သူရှိပေလိမ့်မည်။

ဤကိစ္စများကို ဖြေရှင်းပြီးသည်နှင့် ဝမ်ချောင်သည် ကျင့်ကြံခြင်းဘက်သို့ လှည့်လိုက်သည်။

---

“ဝမြးးး”

ဝမ်ချောင်သည် လက်ရှိ၌ သူ့စာကြည့်ခန်းထဲတွင် တိတ်တဆိတ်ကျင့်ကြံလျက်ရှိသည်။

အားကောင်းသည့် အရှိန်အဝါများက သူ့ထံမှ ထွက်ပေါ်နေလေ၏။ သူ့အရှိန်အဝါများသည် လွန်ခဲ့သည့် ရက်များထက် သိသိသာသာသန်မာလာခဲ့ပေသည်။

ဝမ်ချောင်သည် မူလစွမ်းအင်အဆင့် ၉ အထွတ်အထိပ်သာရှိသေးသော်လည်း သူထုတ်လွှတ်‌နေသည့်အရှိန်အဝါထဲတွင် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်၏ အရိပ်အယောင်များကို သယ်ဆောင်ထားခဲ့ပြီဖြစ်သည်။

ဤအချိန်တွင် ဝမ်ချောင်၏ သိစိတ်သည် သူ့ခန္ဓာကိုယ်အတွင်းပိုင်းအခြေအနေ၌ နှစ်မြုပ်နေခဲ့သည်။ သူ့အာရုံစူးစိုက်မှုကို ကွမ်ယွမ်၊ ဘိုင်ကျူး၊ ဖန်းပင်၊ လျိုလီနှင့် နောက်ထပ်သွေးကြောဆုံမှတ်နှစ်ဆီသို့ ပို့ထားခဲ့သည်။

မျက်လုံးပြူးကြည့်မှသာ ဝမ်ချောင်၏ ခန္ဓာကိုယ်မှ မူလစွမ်းအင်စီးကြောင်းကို ခက်ခဲစွာမြင်နိုင်ပေမည်။ မြစ်တစ်စင်းသည် သေးငယ်သည့်မြစ်လက်တက်များထဲသို့ ခွဲဖြာသွားသကဲ့သို့ပင် မူလစွမ်းအင်စီးကြောင်းသည် ဤသွေးကြောဆုံမှတ်များသို့ စီးဆင်းသွားခဲ့ပြီး ထိုထဲတွင် စတင်လည်ပတ်လာကြသည်။

-အစစ်အမှန်သိုင်းပညာအဆင့်ငယ်-

ထိုသည်မှာ အလွန်နည်းပါးသော လူများသာသိသည့် သွေးကြောဆုံမှတ်များအတွင်း သေးငယ်သော လည်ပတ်မှု၏ အမည်ဖြစ်သည်။

သာမန်အခြေအနေအောက်တွင် မူလစွမ်းအင်အဆင့် ၉ ကျင့်ကြံသူတစ်ဦးအတွက် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်ရှိရန် တစ်နှစ်မှ နှစ်နှစ်အထိ အချိန်ယူရပေလိမ့်မည်။ အလွန်ပါရမီရှိသည့် သိုင်းပညာ ပါရမီရှင်များပင်လျှင် အနည်းဆုံး နှစ်ဝက်မျှ အချိန်ယူရပေလိမ့်မည်။

သို့သော် အသေအချာပင် ပြီးပြည့်စုံသည့်ယင် လက္ခဏာရှစ်ရပ်နှင့် မွေးဖွားလာသည့် ဝမ်ချောင်၏ ညီမငယ်ကဲ့သို့သော အလွန်ရှားပါးသည့် တမူထူးခြားသူများလည်း ရှိပေသည်။

အစစ်အမှန်သိုင်းပညာအဆင့်ငယ်သည် ဝမ်ချောင်ယခင်ဘဝတွင် ကပ်ဘေးခေတ်အတွင်း အလွန်အသုံးတည့်လှသည့် လှည့်စားမှုတစ်ခုဖြစ်သည်။ ထိုသည်မှာ လူတစ်ဦး၏ မူလစွမ်းအင်နယ်ပယ်ကို အစစ်အမှန်သိုင်းပညာနယ်ပယ်ဆီသို့ ဖြစ်နိုင်သမျှအမြန်ဆုံးနည်းလမ်းဖြင့် မြှင့်တင်ပေးသည်။

သို့သော် ထိုခေတ်တွင်ပင် လက်တစ်ဆုပ်စာသော လူများသာ ဤလှည့်စားမှုကို သိပေသည်။

လက်ရှိအချိန်တွင် ဝမ်ချောင်မှလွဲ၍ မည်သူမျှ ထိုအကြောင်းကို မသိသည်မှာ ဖြစ်နိုင်သည်။

အစစ်အမှန်သိုင်းပညာနယ်ပယ်နှင့် မူလစွမ်းအင်နယ်ပယ်သည် အခြေခံအားဖြင့် ကွဲပြားပေသည်။

အားလုံးထဲတွင် သူတို့အကြား အကြီးမားဆုံး ကွဲပြားမှုမှာ အစစ်အမှန်သိုင်းပညာနယ်ပယ်အားလုံးသည် သူတို့၏ မူလစွမ်းအင်ကို ပတ်ဝန်းကျင်သို့ ထုတ်လွှတ်နိုင်ပြီး စစ်ပွဲတွင် လက်နက်တစ်ခုကဲ့သို့ အသုံးချနိုင်ခြင်းဖြစ်သည်။

ဤသည်က သူတို့၏ တိုက်ခိုက်မှုများကို ပို၍ ပြင်းထန်စေပြီး ဖျက်ဆီးနိုင်စွမ်းရှိစေလေသည်။ ဤမူလစွမ်းအင်ကို ကြယ်တာရာစွမ်းအင်ဟုလည်း ခေါ်ကြသည်။

အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများသည် ရန်သူများကို ရင်ဆိုင်ရန် တိုက်ပွဲတွင် သူတို့၏ သိုင်းပညာချီစက်ကွင်းနှင့် ကြယ်တာရာစွမ်းအင်နှစ်မျိုးလုံးကို အသုံးပြုလေ့ရှိသည်။ ကြယ်တာရာစွမ်းအင်သည် မူလစွမ်းအင်မှ ဆင်းသက်လာခဲ့သော်လည်း သူတို့၏သဘာဝကြားတွင် သိသာသော ကွဲပြားမှုများရှိပေသည်။

ထို့ကြောင့် ဝမ်ချောင်လုပ်နေသောအရာမှာ အစစ်အမှန်သိုင်းပညာအဆင့်ငယ်၏ သေးငယ်ပြီး တမူထူးခြားသောလည်ပတ်မှုများကို အသုံးပြုကာ သူ၏မူလစွမ်းအင်ကို ဖိသိပ်ပြီး ၎င်း၏သဘောသဘာဝကို ပြောင်းလဲရန်ဖြစ်သည်။ ထိုသို့ဖြင့် သူ့မူလစွမ်းအင်ကို ကြယ်တာရာစွမ်းအင်အဖြစ် ပြောင်းလဲစေမည်ဖြစ်သည်။

ထိုအရာပြီးနောက် သူသည် ကြယ်တာရာစွမ်းအင်ကို သူ့ခန္ဓာကိုယ်နှင့် ယဉ်ပါးလာစေရန် အသုံးပြုမည်ဖြစ်ပြီး သူ့ကိုယ်သူ သန်မာလာစေမည်ဖြစ်သည်။

တနည်းအားဖြင့် အစစ်အမှန်သိုင်းပညာအဆင့်ငယ်မှတဆင့် ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်၏ ကြယ်တာရာစွမ်းအင်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ဤနည်စနစ်မှ ဖြစ်ပေါ်လာသော ကြယ်တာရာစွမ်းအင်သည် ပမာဏအကန့်အသတ်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ထိုသည်က သူ့ကို မည်သည့်အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူနှင့်မဆို အချိန်တခဏတာအတွက် ခြေချင်းယှဉ်၍ ရပ်တည်စေနိုင်သေးသည်။

【ဂုဏ်ပြုပါသည် အသုံးပြုသူ။ သာလွန်သည့် ဆန်စပါးကို အောင်မြင်စွာ သုတေသနပြုနိုင်ခဲ့ခြင်းအတွက် သင့်အား ကံကြမ္မာမှတ် ၅၀ ချီးမြှင့်ခဲ့ပါသည်။】

ဝမ်ချောင်သည် သူ့ကျင့်ကြံခြင်းအလယ်၌ ရှိနေစဉ်မှာပင် ရင်းနှီးနေသည့် အသံတစ်ခုသည် သူ့ခေါင်းထဲ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုသည် သူဦးနှောက်ထဲသို့ စိမ့်ဝင်လာခဲ့ပုံရပြီး ဝမ်ချောင်ကို တစ်ခုခုပြောင်းလဲသွားခဲ့သည့် ခံစားချက်ဖြင့် ကျန်ရစ်စေခဲ့သည်။

"ဟမ်"

အံ့အားသင့်သွားခဲ့ကာ ဝမ်ချောင်သည် သူ့မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး ညကောင်းကင်ယံရှိ ကြယ်အလင်းရောင်များနှင့် ဆင်တူသည့် အလင်းရောင်သည် သူ့မျက်လုံးထဲ ဖြတ်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ ကံကြမ္မာမှတ် ၅၀။ ဒါက နည်းနည်းလေး များမနေဘူးလား။"

ဝမ်ချောင်သည် ယခုလေးတင် ဖြစ်သွားခဲ့သော အခြေအနေကြောင့် တွေဝေသွားခဲ့သည်။

ထိုသို့သော ပြောင်းလဲမှု ရုတ်ချည်းဖြစ်ပွားလာခဲ့ချိန်တွင် သူသည်တစ်နေ့တာလုံးကျင့်ကြံရန် ကြံရွယ်ထားချိန်ဖြစ်သည်။

"ဒါက သိပ်မကြာသေးဘူး ဒါပေမယ့် ကျန့်မုနျန်ရဲ့ သုတေသနမှာ ရလဒ်တစ်ချို့ရှိနေပြီလား။"

မျက်စိတမှိတ်အတွင်းမှာပင် သူ့ခေါင်းထဲအတွေးများစွာပေါ်လာခဲ့ကာ သူ့ကို ဦးနှောက်ခြောက်သွားစေခဲ့သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ သေချာသည့် အရာတစ်ခုရှိသည်။ ဤသည်မှာ သေချာပေါက် ကျန့်မုနျန်ကြောင့်ဖြစ်သည်။

ကျန့်မုနျန်သည် ကျိုးကျီ(ကျိုးရှီ)သို့ရောက်သည်မှာ လေးငါးလသာရှိသေးသည်။ သို့သော် သူသည် သုံးမျိုးစပ်ဆန်စပါးဖြစ်နိုင်ခြေရှိသည့် ရှာဖွေမှုတွင် အောင်မြင်မှုအချို့ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ တကယ့်ကို မယုံကြည်နိုင်စရာပင်။

သိထားရမည်မှာ ဤခြေလှမ်းသည် သူ့ယခင်လောကတွင် အချိန်လေးနှစ်မှ ငါးနှစ်အထိ အလွယ်လေးယူနိုင်သည်။

'ဒါက ကျိုးကျီရဲ့ ပြိုင်ဘက်ကင်းတဲ့ ရာသီဥတုကြောင့်လား'

ဝမ်ချောင် တွေးလိုက်သည်။

မဟာထန်အတွက် ကျိုးကျီသည် ဝေးလံခေါင်သီသည့် ကျေးလက်ဒေသတစ်ခုအဖြစ်ယူဆနိုင်သည်။ သို့သော်လည်း ထိုနေရာသည် ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက် တကယ့်ကို အကောင်းဆုံးနေရာဖြစ်သည်။

နေရောင်ခြည်သည် ထိုနေရာတွင် ဖောခြင်းသောခြင်းရှိပြီး ရာသီဥတုသည်လည်း ကောင်းမွန်လှသည်။ သီးနှံများသည် နေရာအများစုနှင့် နှိုင်းယှဉ်ကြည့်ပါက ထိုနေရာတွင် တစ်နှစ်သုံးကြိမ် ရိတ်သိမ်းနိုင်သည်။ ကျိုးကျီကို လယ်သမားများအတွက် ကောင်းကင်ဘုံဟု ဆိုလျှင် မှားမည်မဟုတ်ပေ။

ထို့အပြင် ဝမ်ချောင်သည် လမ်းညွှန်မှုအချို့ကို ပြသခဲ့သဖြင့် ကျန့်မုနျန်သည် မလိုလားအပ်သည့် အဆင့်များစွာကို ရှောင်ရှားနိုင်ခဲ့သည်။ သို့သော် ဤသို့ဆိုလျှင်ပင် လေးငါးလသည် အထင်ကြီးစရာကောင်းသည့် ရလဒ်ပင်။

"ဒီလူ အသေအချာကို ကြိုးစားတာပဲ။"

ရုတ်တရက်တစ်စုံတစ်ခုကို နားလည်လိုက်ကာ ဝမ်ချောင် သက်ပြင်းချလိုက်မိသည်။ လီကျူးရှင်ဆီမှ လက်ခံရရှိခဲ့သော စာထဲတွင် ကျန့်မုနျန်သည် သူ့အချိန်အများစုကို အိပ်ချိန်ဖြစ်စေ စားချိန်ဖြစ်စေ လယ်ကွင်းထဲတွင်သာ အမြဲကုန်ဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဤကဲ့သို့ အချိန်တိုအတွင်း သိသာသည့်ရလဒ်များ ရလာခဲ့ခြင်းမှာ သူ၏ ဇွဲနပဲကြောင့်ဖြစ်သည်။

'ဒါပေမယ့် သတိပေးချက်ထဲမှာ 'သုံးမျိုးစပ်ဆန်စပါး' အစား 'သာလွန်တဲ့ဆန်စပါး' လို့ပေါ်လာခဲ့တာကြောင့် ကျန့်မုနျန်က အခုထိ မအောင်မြင်ခဲ့သေးတာ ဖြစ်နိုင်တယ်။ သူ့အထွက်နှုန်း ဘယ်လောက်တိုးသွားခဲ့လဲ ငါသိချင်မိတယ်။'

ဝမ်ချောင် တွေးလိုက်မိသည်။

ဤကမ္ဘာပေါ်ရှိ ထိပ်တန်းပညာရပ်များ၏တည်ရှိမှုနှင့် ကျင့်ကြံခြင်းစနစ်သည် ထိပ်တန်းကျွမ်းကျင်သူများကို နတ်ဘုရားများနှင့် ယှဉ်နိုင်သည့် ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်စေခဲ့သည်။ သို့သော် ရှိနေသော များပြားလှသည့် အင်အားစုပမာဏသည် ဆန်စပါးများကို သုတေသနပြုရာတွင် သုံးမဝင်သည်ကတော့ သနားစရာပင်။

ထို့ကြောင့် တိုင်းပြည်တိုင်းသည် မယုံနိုင်စရာကောင်းသည့် စစ်အင်အားကို ပိုင်ဆိုင်ထားခဲ့ကြသော်လည်း ကောက်ပဲသီးနှံရိတ်သိမ်းမှုသည် အကန့်အသတ်များစွာ ရှိနေတုန်းပင်။ ထိုသည်မှာ ဝမ်ချောင်၏ ယခင်ဘဝတွင် တစ်မြူမှ နှစ်ထောင်မှ သုံးထောင်ဂျင်အချိုးအထိဝေးကွာခြင်းဖြစ်၏။ (၁ မြူ= ၆၆၇ စတုရန်းမီတာ၊ ၁ ဂျင်= ၀.၅ ကီလိုဂရမ်။)

ထို့ကြောင့် လုံလောက်သည့် ရိက္ခာမရှိဘဲ တိုင်းပြည်၏ လူဦးရေကို များစွာတိုးပွားရန် မဖြစ်နိုင်ပေ။ ဤသို့ဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံး၏ လူဦးရေသည် သန်း ၅၀ ဝန်းကျင်မျှသာရှိခဲ့သည်။

ဤသည်မှာ သူ့ယခင်ကမ္ဘာရှိ တစ်ဘီလီယံနှင့် အလွန်ဝေးကွာလှသည်။

ဤသည်မှာ ဤပြဿနာကို ဖြေရှင်းရန် ကျန့်မုနျန်ကို ဝမ်ချောင်ရှာခဲ့ရသည့် အကြောင်းအရင်းလည်းဖြစ်သည်။ ထိုအနာဂတ်စစ်မြေပြင်တွင် လူအင်အားနှင့် ရိက္ခာများသည် သူတို့၏ ရှင်သန်မှုအတွက် အဓိကသော့ချက်ဖြစ်လာမည်ဖြစ်သည်။

"...ဒါပေမယ့် ဒီချီးမြှင်တာက ရက်ရောလွန်းတယ်။ ဒါက သာလွန်တဲ့ မျိုးကောင်းမျိုးသန့်သာရှိသေးပြီး သုံးမျိုးစပ်ဆန်စပါးနဲ့ နှိုင်းယှဉ်ရင်ဝေးကွာနေသေးတယ် ဒါပေမယ့် ငါက ကံကြမ္မာမှတ် ၅၀ ရနိုင်နေတုန်းပဲ။ တကယ့်ကို မယုံနိုင်စရာပဲ။"

ကျန့်မုနျန်၏ အမြန်နှုန်းထက် ဝမ်ချောင်သည် သူရရှိခဲ့သည့်ဆုကြောင့် ပို၍အံ့သြသွားခဲ့သည်။

ထိုသည်မှာ ကံကြမ္မာမှတ် ၅၀ ဖြစ်သည်။

ဝမ်ချောင်၏ မှတ်ဉာဏ်အရာ သူသည် သူ့ကလန်၏ ကံကြမ္မာကို ပြောင်းလဲခြင်းနှင့် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်တွင် ဝင်ရောက်စွက်ဖက်ခြင်းမှပင် ထိုမျှပမာဏကို မရရှိခဲ့ပေ။

'ကျန့်မုနျန်ရဲ့ သာလွန်တဲ့ဆန်စပါးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ အကျိုးကျေးဇူးက ဝမ်ကလန်တစ်ခုလုံးရဲ့ရှင်သန်ခြင်းနဲ့ ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်ထက်ကို ပိုပြီးအရေးကြီးနေတာလား။'

ထူးဆန်းသည့် အမူအရာသည် ဝမ်ချောင် မျက်နှာထက်တွင် ပေါ်လာခဲ့ပြီး မည်သည့်စကားလုံးမှ သူ့လက်ရှိခံစားချက်များကို စကားလုံးများအဖြစ် ဖော်ပြနိုင်တော့မည်မဟုတ်ပေ။

ယောင်ကွမ်ရီနှင့် ဒေသဆိုင်ရာတပ်မှူးများကိစ္စအတွက် သူ့ကိုယ်သူ ကြီးကြီးမားမား စွန့်စားခဲ့ရသည်။ သို့သော် သူတို့ဆီမှ သူရရှိခဲ့သော ဆုလာဘ်မှာ ကျိုးကျီရှိ ကျန့်မုနျန်းသုတေသန၏ ပထမအဆင့်အောင်မြင်မှုနှင့်ပင် မယှဉ်နိုင်ခဲ့ပေ။

ဤသည်မှာ သူ့ကို ပြောစရာစကားမဲ့သွားစေခဲ့သည်။

'ဒါက အတိုင်းအတာကြောင့်လို့ ငါထင်တယ်။'

တခဏမျှတွေးတောပြီးနောက် ဝမ်ချောင်သည် သဘောတရားတစ်ခုကို နားလည်လာခဲ့သည်။

'ကြိုးကြာပျံဝဲစံအိမ်နဲ့ ပတ်သက်တဲ့ ကိစ္စဟာ ဝမ်ကလန်ကိုသာ သက်ရောက်မှုရှိတယ်။ မဟာထန်တစ်ခုလုံးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒါက ဘာမှမဟုတ်တော့ဘူး။ တစ်ဖက်မှာ ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်နဲ့စပ်လျဉ်းတဲ့ ကိစ္စဟာ ပိုပြီးသိသာတဲ့အကျိုးသက်ရောက်မှုရှိတယ်။ ဒါကြောင့် အဲဒါကနေရတဲ့ ဆုလာဘ်ဟာ နည်းနည်းပိုများနေခဲ့တာပဲ။ တကယ်လို့ ငါက ဒါကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် အဲဒါကနေရတဲ့ ဆုလာဘ်ဟာ ဒီဟာကို ယှဉ်နိုင်လောက်တယ်။

ကျန့်မုနျန်ရဲ့ သုတေသနက... အစားအစာဟာ တိုင်းသူပြည်သားအားလုံးရဲ့ အုတ်မြစ်ဖြစ်တယ်။ သူ့အလုပ်က လာမယ့်မျိုးဆက်များစွာရဲ့ ရှင်သန်မှုနဲ့ တိုးတက်မှုအပေါ်သက်ရောက်မှုရှိလိမ့်မယ် ဒါကို ယှဉ်နိုင်တဲ့အရာ ရှိတော့မှာမဟုတ်ဘူး။ တကယ်လို့ ဒါက ပဏမအောင်မြင်မှုတစ်ခုသာ မဟုတ်ခဲ့ရင် ဆုလဒ်က ဒီဟာထက်တောင် ပိုပြီးများနိုင်တယ်။"

ဝမ်ချောင် ပျော်ရွှင်စွာဖြင့် တွေးတောဆင်ခြင်လိုက်သည်။

ဤကံကြမ္မာမှတ် ၅၀ သည် မမျှော်လင့်ထားခဲ့သော ကျေနပ်ဖွယ် အံ့အားသင့်မှုတစ်ခုဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည်မှာ ကျန့်မုနျန်းသည် သုံးမျိုးစပ်ဆန်စပါးကို ယခုတိုင် အောင်မြင်ခဲ့ခြင်းမရှိသေးပေ။

တနည်းဆိုရသော် ဝမ်ချောင်သည် ဤအရာမှ ကံကြမ္မာမှတ် ပို၍ရနိုင်သေးသည်။

ဤသည်မှာ ဝမ်ချောင်သည် သူပြန်လည်မွေးဖွားလာချိန်ကတည်းက အလွယ်ကူဆုံးရရှိခြင်းပင်။ သူသည် ကြင်ယာတော်ထိုက်ကျန်းနှင့် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်မှ စုစုပေါင်း ကံကြမ္မာမှတ် ၅၀ ကို ရရှိခဲ့ပြီး ဒုတိယအကြိမ်ကမ္ဘာ့ကန့်သတ်ချုပ်နှောင်မှုပြီးနောက် ကံကြမ္မာမှတ် ၁၅ မှတ်ကျန်ရှိနေသေးသည်။

ထို့နောက် သူသည် ဂိုဂူလျောများကို ပိတ်ဆို့ခြင်း၊ ရှိုရှုဘုရင်နှင့် ဂိုဂူလျောခေါင်းဆောင်သုံးဦးကို သတ်ဖြတ်ခြင်းမှ နောက်ထပ် ကံကြမ္မာမှတ် ၂၅ မှတ်ကို ရရှိခဲ့သည်။

ထပ်ပေါင်းလာသည့် ကံကြမ္မာမှတ် ၅၀ မှတ်နှင့်ဆိုပါက လက်ရှိတွင် ဝမ်ချောင်၌ ကံကြမ္မာမှတ် စုစုပေါင်း ၉၀ ရှိနေပြီဖြစ်သည်။

ဤသည်မှာ ကုံလုံသော ကံကောင်းမှုဖြစ်သည်။

တွေးကြည့်ရုံမျှဖြင့်ပင် ဝမ်ချောင်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

"များပြားလှတဲ့ ကံကြမ္မာအမှတ်နဲ့ ငါ အဲဒီပစ္စည်းကို လဲလှယ်နိုင်ပြီ။"

တစ်ခုခုကို သတိရလိုက်ကာ ဝမ်ချောင်သည် သူ့ခေါင်းထဲရှိ ကံကြမ္မာကျောက်စာနှင့် လျင်မြန်စွာဆက်သွယ်လိုက်ပြီး စိတ်နှလုံး၊ ခန္ဓာကိုယ်၊ အသက်ရှူခြင်း၊ ပညာရပ် နှင့် နယ်မြေကို ကိုယ်စားပြုသည့် အလင်းတန်းငါးခုကြားတွင် ခန္ဓာကိုယ်ကို ကိုယ်စားပြုသည့် ဒုတိယအလင်းတန်းကို ချဉ်းကပ်လိုက်သည်။

ကံကြမ္မာရုန်းကန်သူ ချပ်ဝတ်တန်ဆာကို သူမြင်လိုက်ချိန်တွင် သူ့နှလုံးသားသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လာခဲ့ပြီး တခဏတာမျှ သူ မှိန်းမောသွားခဲ့သည်။

"ကံကြမ္မာရုန်းကန်သူက ဘယ်လောက်အထိ အစွမ်းထက်မလဲ ငါသိချင်လိုက်တာ။"

ကံကြမ္မာရုန်းကန်သူအတွက် ကံကြမ္မာမှတ် အသုံးပြုသင့် မသင့်နှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် ဆန္ဒနှစ်ခု လွန်ဆွဲနေခဲ့ကြသည်။

စစ်မြင်း၊ လက်နက် နှင့် ချပ်ဝတ်တန်ဆာ ဤအရာများသည် ‌စစ်မြေပြင်တွင် လူတစ်ဦး၌ ရှိရမည့် အရာများဖြစ်ကြသည်။

ဝမ်ချောင်တွင် အကောင်းဆုံးစစ်မြင်းနှင့် အစွမ်းထက်လက်နက်များရှိနေပြီဖြစ်သည်။ သို့သော် သူနှင့် သင့်တော်သည့် ချပ်ဝတ်တန်ဆာကို မတွေ့ခဲ့သေးပေ။

ကံကြမ္မာရုန်းကန်သူအတွက် ဈေးနှုန်းသည် ကံကြမ္မာမှတ် ၈၀ မှတ်ဖြစ်သည်။ သို့သော် မကြာမီ သူသည် ထိုအရာကို ပယ်ချလိုက်သည်။

"တတိယအကြိမ်ကမ္ဘာ့ကန့်သတ်ချုပ်ချယ်မှု တိုက်ခိုက်ခြင်းက မကြာခင်လာတော့မယ်။ အဲဒါမတိုင်မီ လုံလောက်တဲ့ ကံကြမ္မာမှတ်ကို ငါမရှာနိုင်ခဲ့ရင် အဲဒီအရာကြောင့် ငါသေဆုံးသွားနိုင်တယ်။"

သူမည်မျှစိတ်မပါပါစေ ဝမ်ချောင်သည် သက်ပြင်းချလိုက်ပြီး သူ့အကြည့်များကို ပြတ်သားစွာ အဝေးသို့ ပို့လိုက်သည်။ အမျိုးမျိုးသော ဆုလာဘ်များကို လှန်လောနေရင်း သူသည် စာရင်းပေါ်ရှိ နောက်ထပ်တစ်ခုခုကို သတိပြုမိလိုက်သည်။

"ရွှေကိုယ်တွင်းအင်္ဂါများ။"

ဤသည်မှာ ကံကြမ္မာကျောက်စာမှ ကမ်းလှမ်းလာသော နောက်ဆုံးဆုလာဘ်ဖြစ်သည်။ ထိုအရာပေါ်လာရန်အတွက် လိုအပ်ချက်မှာ ကံကြမ္မာမှတ် စုစုပေါင်း အမှတ် ၁၀၀ စုဆောင်းခြင်းဖြစ်သည်။ ဝမ်ချောင်၏ စိတ်ထဲတွင် ရွှေကိုယ်တွင်းအင်္ဂါအတွက် ရှင်းလင်းချက်မှာ-

【‌ရွှေကိုယ်တွင်းအင်္ဂါသည် သိုင်းပညာရှင်တစ်ဦး၏ ကိုယ်တွင်းအင်္ဂါအမျိုးမျိုးကို သိသိသာသာအားကောင်းလာစေပြီး သူ့ကိုယ်တွင်းအင်္ဂါများကို ကြီးမားသည့် ဖိအားများနှင့် တုန်လှုပ်ဖွယ်လှိုင်းများကို တောင့်ခံနိုင်စေသည်။ တစ်ချိန်တည်းမှာပင် ထိုအရာသည် သိုင်းပညာရှင်တစ်ဦးနှင့် ကမ္ဘာကြီး၏ မူလစွမ်းအင်တို့အကြား ရင်းနှီးကျွမ်းဝင်မှုကိုလည်း တိုးတက်စေသည်။ ဤအရာသည် သိုင်းပညာရှင်တစ်ဦး၏ မူလစွမ်းအင် စုပ်ယူခြင်းနှင့် ပြန်လည်ဖြည့်တင်းသည့် အမြန်နှုန်းကို ကြီးမားစွာ တိုးတက်စေလိမ့်မည်။】

【လှဲလှယ်ခြင်းအတွက် ကံကြမ္မာအမှတ် ၃၀ မှတ် လိုအပ်ပါသည်။】

ရွှေကိုယ်တွင်းအင်္ဂါများသည် လူတစ်ဦး၏ မူလစွမ်းအင် စုပ်ယူမှုနှင့် ပြန်လည်ဖြည့်တင်းမှုနှုန်းကို တိုးတက်စေနိုင်သည်။ ဤသည်မှာ လက်ရှိအချိန်တွင် ဝမ်ချောင်လိုအပ်နေသည့်အရာ အတိအကျပင်ဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်သည် တုံ့ဆိုင်းမနေတော့ဘဲ ရွှေကိုယ်တွင်းအင်္ဂါများကို ချက်ချင်းဝယ်ယူလိုက်တော့သည်။

မကြာမီ ဆူပွက်နေသော ရေနှင့် ဆင်တူသည့် ထူထပ်သည့် စွမ်းအင်လှိုင်းလုံးသည် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူနှလုံး၊ အသဲ၊ သရက်ရွက်(သရက်သီးရွက်မဟုတ်ဘူးနော)၊ ကျောက်ကပ်များ၊ အဆုတ်များ၊ အစာအိမ်နှင့် အခြားကိုယ်တွင်းအင်္ဂါများသို့ ပြည့်နှက်သွားစေခဲ့သည်။

အပိုင်း ၂၈၃

မဟာထန်၏ ရာဇဝတ်ကောင် ကျန်းဝမ်ထို

“ဟောင်းလောင်”

သူကိုယ်တွင်း၌ လောင်ကျွမ်းနေသည့် ခံစားချက်သည် နောက်ဆုံးတွင် ငြိမ်းသတ်လာခဲ့ပြီဟု ဝမ်ချောင်တွေးနေစဉ်မှာပင် သူ့ကိုယ်တွင်းအင်္ဂါများသည် ရုတ်တရက်တုန်ခါလာခဲ့သည်။ ထို့နောက် အားကောင်းပြီး လေးလံလှသည့် သတ္တုရည်နှင့် ဆင်တူသော အရည်သည် ဝမ်ချောင်၏ အဆုတ်ထဲသို့ တစ်လက်မမကျန် ရုတ်ချည်းပန်းထွက်လာခဲ့သည်။

ထိုတခဏတွင် သူသည် အသက်ရှုကျပ်၍ သေဆုံးရတော့မည်ဟု ဝမ်ချောင် တွေးထင်လိုက်မိသည်။ ထိုကြီးမားသော စွမ်းအင်သည် လောင်မြိုက်ပြီး သိပ်သည်းလှကာ သူ့အဆုတ်အတွင်းရှိ နေရာလွတ်တိုင်းကို ယူထားပြီး သူ့အသက်ရှုနိုင်စွမ်းကို ဆုံးရှုံးစေသည်။

သူ့ရင်ဘတ်ပေါ်ရှိ လေးလံလှသော ထိုအလေးချိန်သည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး အတွင်းမှနေ၍ သူ့ကို နှိပ်စက်ရန် ခြိမ်းခြောက်လာသည်။

“ဝမြးးး”

ဝမ်ချောင်သည် သူသည် ပြိုလဲကျသွားတော့မည်ဟု တွေးထင်လိုက်စဉ်မှာပင် လေးလံပြီး လောင်မြိုက်နေသည့် သတ္တုနှင့်ဆင်တူသည့် အရည်များသည် နောက်ဆုံးတွင် ခမ်းခြောက်သွားခဲ့ပြီး အသက်ရှုရန် အပေါင်တစ်ပေါက် ချန်ရစ်ထားခဲ့သည်။

ထိုခဏတွင် သူသည် ရေမျက်နှာပြင်ပေါ်သို့ ပြန်ရောက်လာခဲ့သော ရေနစ်နေသူကဲ့သို့ ဝမ်ချောင် ခံစားလိုက်ရသည်။ ထို့နောက် သူသည် လေကို ပြင်းပြင်းထန်ထန် ရှူလိုက်သည်။

“ရှုးးး”

သူ့အသက်ရှူသံသည် အလွန်မှကျယ်လောင်လှပြီး အခန်းအပြင်ဘက်ရှိ အစေခံမိန်းမပျိုများနှင့် အစေခံများပင် လျှင် ရှင်းလင်းစွာ ကြားလိုက်ရသည်။

'အားးးး ငါ ငရဲကို ဖြတ်သွားလိုက်ရသလို ခံစားလိုက်ရတယ်။ စွမ်းအားတွေက တကယ့်ကို လွယ်လွယ်ကူကူနဲ့ မလာတတ်ဘူးဘဲ။'

သူ့ရင်ဘက်သည် အဆက်မပြတ်မြင့်ချည် နိမ့်ချည်ဖြစ်နေကာ ဝမ်ချောင် တွေးမိလိုက်သည်။

ကိုယ်‌တွင်းအင်္ဂါများသည် လူသားတစ်ဦး၏ အဓိကအစိတ်အပိုင်းများဖြစ်ကြပြီး တစ်ချိန်တည်းမှာပင် အားအနည်းဆုံးလည်းဖြစ်ကြသည်။ ကံမကောင်းစွာဖြင့် လူတစ်ဦး၏ ကိုယ်တွင်းအင်္ဂါကို သန်မာလာစေရန် ကျင့်ကြံရသည့် နည်းစနစ်မရှိပေ။

အသန်မာဆုံးကျွမ်းကျင်သူများပင်လျှင် သူတို့၏ မူလစွမ်းအင်ဖြင့် သူတို့၏ ကိုယ်တွင်းအင်္ဂါများကို အားဖြည့်စေ၍ အနည်းငယ်သာ သန်မာလာစေနိုင်သည်။

ဤသည်မှာ ဤကဲ့သို့သော ထူးဆန်းသည့် အရာနှင့် ဝမ်ချောင် ပထမဆုံး ကြုံတွေ့ရခြင်းဖြစ်သည်။

ခန္ဓာကိုယ်ကို ယဉ်ပါးစေခြင်း၏ အကျိုးသက်ရောက်မှုအရှိဆုံး အုပ်စုတွင် ရွှေကိုယ်တွင်းအင်္ဂါသည် နဂါးအရိုးပညာရပ်အထက်၌ပင်လျှင် ရပ်တည်နေသည့် လုံးဝထိပ်တန်းဖြစ်သည်။

“ဝမြးးးး”

သူအတွင်းဘက်တွင် အလွန်မှ နွေးထွေးနေသည်ဟု ဝမ်ချောင် ခံစားနေရသည်။ သူအသက်ရှူလိုက်တိုင်း လေးလံလှသည့် သတ္တုနှင့် ဆင်တူသောအရည်သည် ဖြည်းညင်းစွာဖြင့် သူနှလုံးနှင့် အသဲကဲ့သို့သော အခြားကိုယ်တွင်းအင်္ဂါများသို့ စိမ့်ဝင်သွားခဲ့သည်ကို သူခံစားနိုင်သည်။

လောင်မြိုက်နေသည့် စွမ်းအင်သည် ဆဲလ်တိုင်းသို့ စိမ့်ဝင်သွားခဲ့ကာ သူ့ခန္ဓာကိုယ်နှင့်အတူ ဖြည်းညင်းစွာ ပေါင်းစပ်သွားခဲ့သည်။

သူ ယခင်က တစ်ခါမှ မတွေ့ကြုံခဲ့ဖူးသော ခံစားချက်တစ်ခုသည် သူ့အာရုံကို တင်းကျပ်စွာ ရစ်ပတ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောလာခဲ့ပြီး အချိန်တိုင်း ပို၍ပို၍ပေါ့ပါးလာသကဲ့သို့ ဝမ်ချောင် ခံစားလိုက်ရသည်။

ထိုသို့သာမက ရွှေကိုယ်တွင်းအင်္ဂါစွမ်းအင်သည် သူ့ခန္ဓာကိုယ်နှင့် ဆက်၍ ပေါင်းစပ်လာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် သူ့ထိုးထွင်းသိမြင်မှုသည်လည်း ပြောင်းလဲသွားခဲ့သည်ကို သူခံစားလိုက်နိုင်သည်။ သူသည် ရေထဲနစ်မြုပ်သွားသကဲ့သို့ပင်။

ဤခံစားချက်သည် အစပိုင်းတွင် သိပ်မထင်ရှားပေ။ သို့သော် အချိန်တိုင်း တိုးတက်သန်မာလာခဲ့သည်။ ထိုသည်မှာ သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့်အရာမှာ လေထုမဟုတ်ဘဲ ပျစ်နှစ်နေသည့် အရည်တစ်မျိူကဲ့သို့ပင်။

"ဆိုတော့ ဒါက ရွှေကိုယ်တွင်းအင်္ဂါရဲ့ အကျိုးသက်ရောက်မှုတွေပေါ့..."

သူ့ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနေသော ‌ပြောင်းလဲမှုများသည် ဝမ်ချောင်ကို 'သိုင်းပညာရှင်တစ်ဦးနှင့် ကမ္ဘာကြီး၏ မူလစွမ်းအင်တို့အကြား ရင်းနှီးကျွမ်းဝင်မှုကို တိုးတက်စေသည်' ၏ ဆိုလိုချက်ကို နက်ရှိုင်းစွာ သဘောပေါက်သွားစေလေသည်။

ဝမ်ချောင်သည် ယခင်ကလည်း မူလစွမ်းအင်၏ တည်ရှိမှုကို ခံစားနိုင်သော်လည်း ၎င်းသည် ရေးရေးမျှသာခံစားနိုင်သော ခံစားမှုတစ်ခုဖြစ်ပြီး ဆုပ်ကိုင်ရန် မဖြစ်နိုင်သော အရာတစ်ခုဖြစ်သည်။

သို့သော် ယခုအချိန်တွင် ထိုအရာကို လက်များနှင့် ခံစားနိုင်ပြီး လက်ချောင်းများဖြင့် ဆုပ်ကိုင်နိုင်သကဲ့သို့ ဝမ်ချောင် ခံစားနေရသည်။

ထိုသည်မှာ အားလုံးမဟုတ်သေးပေ ဝမ်ချောင်သည် ပတ်ဝန်းကျင်၌ စီးဆင်းနေသော မူလစွမ်းအင်စီးဆင်းမှုကိုလည်း ခံစားနိုင်ပေသည်။ သို့သော် ဤထိုးထွင်းသိမြင်နိုင်သော ဤအကျယ်အဝန်းသည် ငါးကျန့် ခြောက်ကျန့်အထိသာ ကန့်သတ်ထားခဲ့သည်။

(တစ်ဆယ့်ရှစ်မီတာ)

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ အံ့မခမ်းလုပ်ဆောင်ချက်ဖြစ်နေပြီဖြစ်သည်။

နက်နဲသိမ်မွေ့သည့်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူပင်လျှင် ဤကဲ့သို့ တတ်နိုင်လိမ့်မည်မဟုတ်ချေ။

'တကယ့်ကို အံ့မခမ်းပဲ။ ကံကြမ္မာကျောက်စာက သာမန်အမြင်နဲ့ အသုံးပြုပြီး ချင့်တွက်လို့ရတဲ့ အရာမဟုတ်ဘူးပဲ။'

ဝမ်ချောင်သည် ကြောက်ရွံ့ရိုသေစွာဖြင့် ခေါင်းယမ်းလိုက်မိသည်။

သူသည် လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး မြင်နိုင်ရခက်ခဲသော အနားရှိ မူလစွမ်းအင်လှိုင်းလုံးတစ်ခုကို အလွယ်တကူဆွဲယူလိုက်သည်။ ထို့နောက် ထိုအရာကို သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်သည်။

သူစုပ်ယူခဲ့သည့် ပမာဏမှာ သိပ်မများသော်လည်း ဤတိုက်ရိုက်စုပ်ယူမှုမျိုးသည် ပုံမှန်ခွဲခြားမှုမရှိသော စုပ်ယူမှုထက် ပိုမိုထိရောက်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

သူအလိုရှိပါက သူသည် သူထိုးထွင်းသိမြင်နိုင်သော ကန့်သတ်ချက်အတွင်း မူလစွမ်းအင်အားလုံးကို အလွယ်တကူ စုပ်ယူနိုင်မည်ဖြစ်သည်။

ပြင်းထန်သည့် တိုက်ပွဲတစ်ခုတွင် နှစ်ဖက်စလုံး၏ မူလစွမ်းအင်သည် ကုန်ခမ်းသွားခဲ့ချိန်တွင် ဤစွမ်းရည်သည် တိုက်ပွဲ၏အောင်ပွဲအတွက် အဆုံးအဖြတ်ပေးသည့်အချက်ဖြစ်ကြောင်း သက်သေပြနိုင်သည်။

“ဝမြးးး”

ဝမ်ချောင်သည် ရွှေကိုယ်တွင်းအင်္ဂါမှ စွမ်းအင်များ အခြားကိုယ်တွင်းအင်္ဂါများဆီသို့ လုံးဝပျံ့နှံ့မသွားမီအချိန်အထိ စာကြည့်ခန်းထဲ၌ ခြေကားလျက် တိတ်ဆိတ်စွာ မတ်ရပ်နေခဲ့၏။ ထိုအရာပြီးနောက် သူသည် မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။

သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းနေသော စွမ်းအင်များသည် လုံးဝကို ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။ သူ့ကိုယ်တွင်း အင်္ဂါများသည် ယခင်ကထက် ပို၍သန်မာလာခဲ့ပြီး ပို၍ခိုင်မြဲလာခဲ့သည်ကို ဝမ်ချောင် ရှင်းလင်းစွာ ခံစားနိုင်ပြီး သူတို့ကို ကြီးမားသည့် တိုက်ခိုက်မှုများမှ ကြံကြံခိုင်ရပ်တည်စေနိုင်သည်။

တူညီသည့် ကျင့်ကြံခြင်းအဆင့်မှ အခြားသိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ရပါက သူ့အတွင်းအင်္ဂါများသည် အနည်းဆုံး ခုနှစ်ဆ ရှစ်ဆခန့် ပို၍ ခိုင်မြဲလာခဲ့သည်။

"ဟမ် ထူးဆန်းတယ် ဒါပေမယ့် ငါ့ရဲ့ ခွန်အားကလည်း အတော်လေး တိုးလာပုံပဲ။"

ဝမ်ချောင်သည် သူ့လက်များကို ရွှေ့ရန် ကြိုးစားခဲ့ပြီး အံ့အားသင့်သွားကာ သူသည် ယခင်ကထက် သိသိသာသာ ပိုကြီးသော စွမ်းအားကို ထိန်းချုပ်ထားနိုင်သည်ကို သိလိုက်ရသည်။ သူ့မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် ချက်ချင်းတောက်ပလာခဲ့သည်။

ရွှေကိုယ်တွင်းအင်္ဂါအရည်သည် လူတစ်ဦး၏ အတွင်းအင်္ဂါအပေါ်သာ သက်ရောက်မှုရှိသည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့ခွန်အားလည်း တိုးတက်လာခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

'ဒီဟာရယ် အစစ်အမှန်သိုင်းပညာအဆင့်ငယ်နဲ့အတူ ငါရဲ့ တိုက်ခိုက်မှုစွမ်းအားဟာ သိသာစွာတိုးတက်လာခဲ့လိမ့်မယ် ပြီးတော့ အစစ်အမှန်သိုင်းပညာနယ်ပယ်ကို တက်လှမ်းဖို့လည်း ပိုလွယ်လိမ့်မယ်'

ဝမ်ချောင် တွေးလိုက်သည်။

ဆိုရိုးကဲ့သို့ပင် 'မြင့်မားသော ရဲတိုက်သည် ခိုင်ခံ့သော အုတ်မြစ်ပေါ်တွင် မပြိုလဲဘဲတည်သည်။' အဆောက်အဦကျောက်တုံးများသည် လူတစ်ဦး၏ အဆုံးစွန်အမြင့်ကို ဆုံးဖြတ်ပေးလေ့ရှိသည်။ ခိုင်မာသည့် အခြေခံမရှိဘဲ အဆောက်အဦများမည်မျှကောင်းမွန်စွာမြင့်အောင်ဆောက်ပါစေ အကျိုးမရှိပေ။

သိုင်းပညာတွင် တစ်ဘဝစာ အတွေ့အကြံရှိသောကြောင့် ဝမ်ချောင်သည် ဤသဘောတရားကို ကောင်းစွာ နားလည်ထားပေသည်။

"အချိန်ကျပြီ။ သူ မကြာခင်ရောက်လာတော့မယ်။"

ဝမ်ချောင်သည် သူ့စာကြည့်ခန်းထဲတွင် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်သွားစေရန် နောက်ထပ်နာရီအနည်းငယ် အနားယူနေခဲ့သည်။ ထို့နောက် စားပွဲပေါ်ရှိ သဲနာရီကို ကြည့်လိုက်ကာ အခန်းထဲမှ ထွက်ခွာလိုက်သည်။

"ဘယ်လိုလဲ လူကြီးမင်းကျန်းက ဒီကို ရောက်လာပြီလား။"

ဝမ်ချောင်သည် အခန်းအပြင်ဘက်ရှိ အစောင့်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"သခင်လေးကို တင်ပြပါတယ် ဒေသတွင်းခေါင်းဆောင်ကျန်းက အခုလေးတင်ရောက်လာပါတယ် သူက အခု အဓိကခန်းမထဲမှာ စောင့်နေပါတယ်။ ကျွန်တော်တို့ရဲ့ အစေခံတွေက သူစားသုံးဖို့အတွက် ကောင်းမွန်တဲ့ လက်ဖက်ရည်နဲ့ လမုန့်ကိတ်ကို ပြင်ဆင်ထားပြီးပါပြီ။ သခင်လေးက ကျင့်ကြံခြင်းအလယ်မှာ ရောက်နေတာကို သိတာကြောင့် သခင်မကြီးက လက်ရှိမှာ သူ့ကို ဧည့်ခံနေပါတယ်။"

အစောင့်သည် သူ့ကို လေးစားစွာ အရိုအသေပေးလိုက်သည်။ ရှင်းလင်း‌စွာဖြင့် ဝမ်ချောင်မိခင်သည် အစောင့်ကို သူ့ကို ခေါ်ရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

"ငါနားလည်ပြီ မင်း အခု ထွက်သွားလို့ရပြီ။"

ဝမ်ချောင်သည် ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝေ့ယမ်းပြလိုက်ကာ အဓိကခန်းမဆီသို့ ဦးတည်လိုက်သည်။

ကျင်းနန်ဒေသတွင်းခေါင်းဆောင် ကျန်းဝမ်ထိုသည်လည်း အဆင့်အတန်းမြင့်မားသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ရာထူးသည် ကာကွယ်ရေးစစ်သူကြီးကို မယှဉ်နိုင်သော်လည်း သူသည် သူ့လက်ထဲတွင် အရေးပါသည့် စစ်ဖက်ဆိုင်ရာအခွင့်အာဏာကို ကိုင်စွဲထားဆဲဖြစ်သည်။

သူသည် ဝမ်ချောင်၏စိတ်ထဲတွင် အဓိကကျသောပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် ဧည့်ခံပွဲတွင် ကျန့်ချိုးကျင်းချုံးရှိနေခြင်း၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုမရှိခြင်း နှင့် ဂိုဂူလျောတို့မှ လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားမှုတို့ကြောင့် ဝမ်ချောင်သည် ထိုလူနှင့် စကားပြောရန် အခွင့်အရေးမရခဲ့ပေ။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုရှိစေရန် သူသည် သူနှင့် ပုံမှန်သာ စကားစမြည်းပြောခဲ့သည်။ ဤအတောအတွင်း သူသည် တစ်ဖက်လူနှင့် နှစ်ရက်အကြာတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့ပြီး ထိုအချိန်မှာ ယခုပင်ဖြစ်သည်။

တွေဆုံကြမည့် အချိန်ကို ဆုံးဖြတ်ခဲ့သည်မှာလည်း ဝမ်ချောင် ပင်ဖြစ်သည်။ ဤသည်မှာ သူတို့သီးသန့်တွေ့ဆုံသည့် ပထမဆုံးအကြိမ်အနေဖြင့် ဝမ်ချောင်သည် ကျင်းနန်ဒေသတွင်းခေါင်းဆောင်သည် သူ့ကို ဆိုးရွားသောအမြင်များ ကျန်ရစ်ခဲ့မည်ကို မလိုလားခဲ့ပေ။ ထို့ကြောင့် သူသည် အချိန်ကို အထူးမှတ်သားထားခဲ့သည်။

ဥယျာဉ်၊ ရေကန် နှင့် စင်္ကြန်လမ်းများကို ဖြတ်သန်းလာကာ ဝမ်ချောင်သည် မကြာမီ အဓိကခန်းမထဲ၌ ကျန်းဝမ်ထိုကို တွေ့လိုက်သည်။

အဓိကခန်းမအတွင်း၌ မွှေးကြိုင်သည့် လက်ဖက်ရည်အနံ့များ အနည်းငယ်သင်းပျံ့နေသည်။

ဝမ်ချောင် လမ်းလျှောက်ဝင်လိုက်သည်နှင့် သူ့မိခင်သည် လက်ရှိတွင် ကျင်းနန်ကွပ်ကဲသူနှင့် စကားစမြည်းပြောနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ဝမ်ချောင် ဝင်လာသည်ကို မြင်သောအခါ အမျိုးသမီးဝမ်သည် ဖြည်းညင်းစွာမတ်တပ်ရပ်လိုက်သည်။

"ချောင်အာ လူကြီးမင်းကျန်းက အမေတို့အိမ်ကိုလာတာ ရှားပါးတယ်။ မင်း သူ့ကို ကောင်းကောင်းဧည့်ခံရမယ်နော်။"

အမျိုးသမီးဝမ်သည် ဤကျင်းနန်ဒေသတွင်းခေါင်းဆောင်အပေါ် ကောင်းမွန်သည့်အမြင်ရှိပုံရသည်။ ဤစကားများကို ချန်ထားခဲ့ကာ သူမသည် အစေခံမိန်းမပျိုများနှင့် ကလေးထိန်းများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

"လူကြီးမင်းကျန်း"

သူ့အဝတ်အစားများကို ပြုပြင်လိုက်ကာ ဝမ်ချောင်သည် လမ်းလျှောက်သွားလိုက်ပြီး ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။

"ဝမ်သခင်လေး အရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး။"

ကျန်းဝမ်ထိုသည် သူ့ထိုင်ခုံမှ လျင်မြန်စွာထလိုက်ကာ ပြန်၍ အရိုအသေပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့ရှေ့ရှိ ဒဏ္ဍာရီလာသခင်လေးကို ဂရုတစိုက် အကဲခတ်လိုက်သည်။

မြို့တော်ထဲတွင် ဝမ်သခင်လေးသည် လုံးဝဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အရာများသည် ကျန်းဝမ်ထိုအဆင့်အတန်းဖြင့် ပုဂ္ဂိုလ်တစ်ဦးကိုပင် အထင်ကြီးသွားစေခဲ့သည်။

သို့သော် ကျန်းဝမ်ထိုသည် ဤဒဏ္ဍာရီလာပုဂ္ဂိုလ်သည် သူ့အိမ်တော်သို့ သူ့ကို ဘာကြောင့် ဖိတ်ခေါ်ခဲ့သည်ကို နားမလည်နိုင်သေးပေ။

အားလုံးပြီးနောက် သူသည် ကျင်းနန်တွင်သာ နေထိုင်ခဲ့ပြီး နှစ်ပတ်လည်အစီခံခြင်းတာဝန်များမှလွဲ၍ သူသည် သူ့အချိန်အများစုကို မြို့တော်အပြင်၌သာ ကုန်ဆုံးခဲ့သည်။ သူ့ကို ဝမ်ချောင် တွေ့ဆုံချင်သည့် အကြောင်းအရင်းကို သူစဉ်းစား၍ မရခဲ့ပေ။

ဝမ်ကလန်သည် ဝန်ကြီးနှင့် စစ်သူကြီးမျိုးရိုးကလန်တစ်ခုဖြစ်ပြီး မြို့စားကြီးကျူးသည် မဟာထန်တွင် လေးစားခံရသည့် လေးစားထိုက်သည့်ပုဂ္ဂိုလ်ဖြစ်သည်။ ကျန်းဝမ်ထိုအတွက် ဝမ်ကလန်သည် သူပတ်သက်နိုင်သည့် အင်အားစုမဟုတ်ပေ။

တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ကျန့်ချိုးကျင်းချုံးမှတဆင့် သူသည် ဤကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ရင်းနှီးခွင့် ရခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးခဲ့ကြခြင်းမရှိသည်ကို သုံးသပ်ကြည့်ပါက ဝမ်ချောင်သည် သူ့ကိစ္စများတွင် ဘာကြောင့် စိတ်ဝင်စားနေခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ပေ။ အထူးသဖြင့် ကာကွယ်ရေးစစ်သူကြီးသည် ဧည့်ခံပွဲအလယ်၌ပင် သူ့ကို ထုတ်ဖော်ပြောဆိုသည်အထိပင်။ ထို့အပြင် ဝမ်ချောင်သည် သူ့ကို အထူးတလည်ဖိတ်ခေါ်ခဲ့သည်အထိပင်။

အမှန်တွင် သိချင်စိတ်ပြင်းပြမှုသည် ကျန်းဝမ်ထိုကို ယနေ့လာရောက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်း၏ ကြီးမားသောအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

သူသည် အမှန်ပင် စရိုက်ကြမ်းသောသူဖြစ်သည်။

ကျန်းဝမ်ထိုသည် ဝမ်ချောင်ကို အကဲခတ်နေစဉ်မှာပင် ဝမ်ချောင်သည်လည်း တူညီစွာ အကဲခတ်နေလေသည်။ မဟာထန်တွင် ကွပ်ကဲသူများ အတော်အတန်ရှိသော်လည်း သူသည်သာ သမိုင်းထဲတွင် သူ့နာမည်ကို ထင်ကျန်စေခဲ့‌သူဖြစ်သည်။

သို့သော် သေချာပေါက်ပင် ဤနာမည်သည် နှစ်လိုဖွယ်ကောင်းသော ထင်ကျန်ခြင်း ဖြစ်လိမ့်မည်မဟုတ်ပေ။

မဟာထန်မှ လက်ရွေးစင်တစ်သိန်းရှစ်သောင်း နှင့် အပြစ်မဲ့ လယ်သမား သိန်းပေါင်းများစွာတို့သည် အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံးကို တုန်လှုပ်စေမည့် စစ်ပွဲတွင် သုတ်သင်ခံခဲ့ရပြီး မဟာထန်နှင့် အိမ်နီးချင်းနိုင်ငံများကြား အာဏာခွဲဝေမှုကို ပြောင်းလဲစေခဲ့သည်။ ဤအရာအားလုံးသည် ဤကျင်းနန်ကွပ်ကဲသူ၏ ဂုဏ်သိက္ခာမဲ့သော လုပ်ရပ်ကြောင့် ဖြစ်ခဲ့ရသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဒိုမီနိုအကွက်များအဖြစ် မဟာထန်၏ကျဆင်းမှုဆီသို့ ဦးတည်သွားသော အဖြစ်အပျက်များကို တင်စားမည်ဆိုပါက ကျင်းနန်ကွပ်ကဲသူသည် ကျိန်းသေပေါက် ပထမဆုံး အကွက်ဖြစ်လာမည်ဖြစ်သည်။

ကြီးမားသောစစ်ပွဲအားလုံးတွင် သူတို့နောက်ကွယ်၌ ခလုတ်တစ်ခုရှိကြသည်။

ကျန်းဝမ်ထိုသည် ဤတစ်ခုအတွက် ခလုတ်တစ်ခုဖြစ်လာခဲ့သည်။

များသောအားဖြင့် ငြိမ်းချမ်းခြင်းနှင့် စစ်ပွဲကြားတွင် မျဉ်းပါးလေးတစ်ခုသာ ခြားထားသည်။

ဝမ်ချောင်ရှေ့ရှိ ထိုလူ၏ အကျင့်ပျက် လုပ်ရပ်ကြောင့် ဤမျဉ်းပါးပါးကို ပျက်စီးစေခဲ့ကာ မဟာထန်၏ အနှစ်နှစ်ရာတည်တံ့ခဲ့သော ငြိမ်းချမ်းရေးကို အဆုံးသတ်စေခဲ့ပြီး တိုင်းပြည်တစ်ခုလုံးကို ဖရိုဖရဲအနာဂတ်ဆီသို့ ကျဆင်းစေခဲ့သည်။

သို့သော် ကျန်းဝမ်ထိုကိုယ်တိုင်ပင်လျှင် လက်ရှိ၌ ဤအရာကို မသိခဲ့သေးပေ။

မဟာထန်တစ်ခုလုံးတွင် ဝမ်ချောင်သည်သာ ဤအရာကို သိရှိသူဖြစ်သည်။

သို့သော် အဖြစ်အပျက်ပြီးနောက် ကျန်းဝမ်ထိုကို မုန်းတီးကြသူများနှင့် မတူဘဲ ဝမ်ချောင်သည် ကျန်းဝမ်ထိုသည် ထိုကဲ့သို ကဲ့ရဲ့ဖွယ်လုပ်ရပ်များကို ကျူးလွန်သည့် လူစားမျိုးဖြစ်သည်ကို မယုံနိုင် သေးပေ။ ဤသည်မှာ သူသည် ယနေ့၌ ကျန်းဝမ်ထိုကို ဤနေသို့ ဖိတ်ခေါ်ခဲ့ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။

မူရင်းစာရေးသူအမှာစာ- ကျန်းဝမ်ထိုသည် သမိုင်းထဲတွင် ဖြောင့်မှန်သူတစ်ဦးဖြစ်သည်။ သူသည် စွပ်စွဲခံခဲ့ရခြင်းဖြစ်ပြီး ဤသည်က မုန့်ရှီကျောက်နှင့် စစ်ပွဲမီးတောက်ကို ဖြစ်ပွားစေခဲ့သည်။

အပိုင်း ၂၈၄

ကျန်းဝမ်ထိုကို စမ်းသပ်ကြည့်ခြင်း

ကျန်းဝမ်ထိုသည် အရပ်ရှည်ပြီး ဗလတောင့်တောင့်နှင့် လူတစ်ဦးဖြစ်သည်။ သို့သော် သူ့တွင် လေးထောင့်ကျပြီး တည်ကြည်သော မျက်နှာရှိသည်။ ထိုသည်က သူသည် ရိုးသားသူတစ်ဦးဖြစ်သည်ဟု အကြံပြုနေခဲ့သည်။

ဝမ်ချောင်သည် သူ့ထံမှနေ၍ စစ်တပ်၏ တင်းကျပ်သော စည်းကမ်းကို ခံစားနိုင်သည်။ ထိုသည်မှာ သူ့အဖေထံမှနေ၍ သူခံစားရသည့် အရှိန်အဝါနှင့် အနည်းငယ်ဆင်တူလေသည်။

သူရှေ့ရှိလူကို ကြည့်လိုက်ကာ တစ်ဖက်လူသည် မုန့်ရှီကျောက်အရှင်သခင် ဂဲလျိုဖန်း၏ ဇနီးနှင့် သမီးကို တပ်မက်ခဲ့ပြီး သူတို့ကို မြို့တော်သခင်အိမ်တော်သို့ ဖြားယောင်းခဲ့ကာ မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည်ကို ဝမ်ချောင် ယုံရခက်နေပေသည်။ ဒေါသအမျက်ထွက်သွားခဲ့သော ဂဲလျိုဖန်းသည် မုန့်ရှီကျောက်၏ အင်အားစုအားလုံးကို စုစည်းခဲ့ပြီး ဇနီးနှင့် သမီးအတွက် ဂလဲ့စားချေရန် မဟာထန်ကို တိုက်ခိုက်ခဲ့သည်။ ဤအရာသည် နောက်ဆုံးတွင် မဟာထန်၏ အူတိုင်ကို လှုပ်ခတ်သွားစေမည့် ကြီးမားသောစစ်ပွဲကြီးတစ်ခုအဖြစ်သို့ မြင့်တက်သွားစေခဲ့သည်။

ဂဲလျိုဖန်းသည် ရည်မှန်းချက်ကြီးသူတစ်ဦးဖြစ်သည်။ ဇနီးနှင့် သမီးတို့၏ ဖျက်ဆီးခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းမှ လှုံ့ဆော်မှုကြောင့်သာမဟုတ်လျှင် မဟာထန်ကို စစ်တိုက်ရန် သူ့နိုင်ငံရှိ အင်အားအားလုံးကို စုစည်းရန် သူ့တွင် သတ္တိရှိနိုင်မည်မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ ကျန်းဝမ်ထိုသည် ကျင်းနန်ကွပ်ကဲသူတစ်ဦးဖြစ်သည်။ သို့သော် သူ့လုပ်ရပ်များသည် ရွံစရာကောင်းလှသည်။

ဤသို့ဖြင့် မဟာထန်သည် စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး အနာဂတ်တွင် အားဟိုင်မုန့်ရှီကျောက်ကို ရင်ဆိုင်ရန် အကြောင်းပြချက်ကိုလည်း ဆုံးရှုံးသွားခဲ့သည်။ အမှန်တွင် လက်ရွေးစင်စစ်သည် တစ်သိန်းရှစ်သောင်းသေဆုံးပြီးနောက်တွင်ပင် အများစုသည် အထူးသဖြင့် စစ်ပွဲမီးတောက်ကို အများဆုံးခံစားခဲ့ရသော ကျင်းနန်ရှိ လူများသည် ဂဲလျိုဖန်း၏ ဒုက္ခကို စာနာသနားနေခဲ့ကြဆဲဖြစ်သည်။

ထိုကဲ့သို့ ရယ်ဖွယ်ရာကောင်းသော အပြုအမူများသည် ယခင်က မဟာထန်၏ သမိုင်းတွင် လုံးဝမဖြစ်ခဲ့ဖူးပေ။

ထို့နောက် ဤအရာအားလုံးကို ဖြစ်စေခဲ့သူအနေဖြင့်ကျန်းဝမ်ထိုသည် လူအများ၏မုန်းတီးခြင်းကို ခံခဲ့ရသည့် မဟာထန်၏ အကြီးမားဆုံးသောရာဇဝတ်ကောင်ဖြစ်လာခဲ့သည်။

ဤအတွေးများသည် ဝမ်ချောင်၏ စိတ်ထဲ၌ လျင်မြန်စွာ ဖြတ်သွားခဲ့ပြီး သူသည် မကြာမီ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

"လူကြီးမင်း ကျေးဇူးပြုပြီး။"

သူ့အတွေးများကို ချုပ်တည်းလိုက်ကာ ဝမ်ချောင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းဝမ်ထိုကို ထိုင်စေလိုက်သည်။

"ဝမ်သခင်လေး မင်းရဲ့လောကဝတ်အတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့ဖိတ်ခေါ်မှုရဲ့ နောက်ကွယ်က အကြောင်းပြချက်ကို သိလို့ရမလား။"

ကျန်းဝမ်ထိုသည် စစ်သည်တစ်ဦးနှင့် လိုက်ဖက်ညီသော ပြတ်သားသည့် စရိုက်လက္ခဏာ ရှိသောကြောင့် ဝေ့ဝိုက်နေရခြင်းကို မကြိုက်ပေ။ ဝမ်ချောင်နှင့် တွေ့ဆုံပြီး စက္ကန့်အနည်းငယ် အကြာမှာပင် သူသည် လက်ထဲရှိ အကြောင်းအရာကို ချက်ချင်းတည့်တိုးမေးလိုက်သည်။

"ဟားဟားဟာ လူကြီးမင်းကျန်းချို ရာထူးတိုးခြင်းရဲ့ တိုးတက်မှုကို ကျွန်တော်သိလို့ရမလား။"

ကျန်းဝမ်ထိုကို ဖိတ်ခေါ်ရခြင်း၏ နောက်ကွယ်မှ သူ့ရည်ရွယ်ချက်ကို ထုတ်ပြောရမည့်အစား ဝမ်ချောင်သည် ပညာရှင်ဧကရာဇ်နှင့် ထိုလူ၏ တွေ့ဆုံမှုအကြောင်းကို စတင်မေးမြန်းလိုက်သည်။ စကားပြောလိုက်ချိန်တွင် သူသည် ဘေးနားရှိ စာပွဲပေါ်တွင် ချထားခဲ့သော လက်ဖက်ရည်အိုးကို မလိုက်ပြီး သူ့ကိုယ်တိုင်အတွက် လက်ဖက်ရည်ငှဲ့လိုက်သည်။

"အဲဒါက အဆင်ပြေပါသေးတယ်။ ဧကရာဇ်က ဘာမှ သိပ်မပြောခဲ့ဘူးဆိုပေမယ့် အရာအားလုံးက အဆင်‌ပြေနေပုံပါပဲ။ ကျွန်တော် ရက်အနည်းငယ်ကြာပြီးရင် ကျင်းနန်ကို ပြန်ပါတော့မယ်။"

ကျန်းဝမ်ထိုသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် သူသည် ဘာမျှထပ်မပြောခဲ့ပေ။

"အရမ်းမြန်တာပဲလား။"

ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ ကျန်းဝမ်ထိုမြို့တော်သို့ရောက်သည်မှာ နှစ်ရက်သာရှိသေးသည်။ထို့ကြောင့် သူသည် သိပ်အကြာမီ ထွက်သွားတော့မည်ဆိုသည်မှာ အံ့သြစရာပင်ဖြစ်သည်။

"ကျွန်တော်မြို့တော်မှာရှိနေရတဲ့ အဓိကအကြောင်းအရင်းက ကာကွယ်ရေးစစ်သူကြီးကို ထောက်ခံပေးဖို့ပဲ။ အားလုံးက အစီအစဉ်အတိုင်းပဲဖြစ်နေပြီမို့ ကျွန်တော့်ရဲ့ တာဝန်တွေကို ဂရုစိုက်ဖို့ ကျင်းနန်ကို အမြန်ပြန်ဖို့လိုတယ်။"

ကျန်းဝမ်ထိုသည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။

သူသည် ပေါင်းသင်းဆက်ဆံရေးတွင် လုံးဝမကောင်းမွန်ခဲ့ပေ။ ကျင်းနန်တွင်ပင်လျှင် သူသည် ကျန့်ချိုးကျင်းချုံးသို့မဟုတ် ရှန်းယုချောင်ထုံတို့နှင့် အထူးကောင်းမွန်သောဆက်ဆံရေးမရှိခဲ့ပေ။ ယခုလေးတင် တွေ့ဆုံခဲ့‌သော ဝမ်ချောင်ဆိုလျှင်ပြောစရာပင်မလိုချေ။

"အနောက်တောင်ဒေသက မြို့တော်လောက် စည်ပင်ခြင်းမရှိဘူး။ လူကြီးမင်းကျန်းက မြို့တော်ကို လာဖို့ရာ ရှားပါးတာဆိုတော့ ဘာလို့ ခင်ဗျား ဒီမှာကြာကြာမနေရမှာလဲ။ မြို့အနောက်ဘက်မှာ လူကြီးလူကောင်းတွေအားလုံး တစ်သက်မှာ အနည်းဆုံးတစ်ကြိမ်လောက်သွားရောက်လည်ပတ်သင့်တဲ့ မက်မွန်ပန်းပွင့်ခန်းမရှိတယ်။ ကျွန်တော့်ကို အိမ်ရှင်အဖြစ် ဧည့်ခံခိုင်းပြီး ခင်ဗျားကို ခေါ်ဆောင်သွားဖို့ ဘာကြောင့် ခွင့်မပြုရမှာလဲ။"

ထိုစကားများကို ပြောလိုက်စဉ်မှာပင် ဝမ်ချောင်သည် ကျန်းဝမ်ထို၏အမူအရာကို သေးငယ်သော ပြောင်းလဲမှုကအစ ဂရုတစိုက်အကဲခတ်နေခဲ့သည်။

"ဝမ်သခင်လေး"

သို့သော် ဝမ်ချောင်သည် ထိုစကားများကို ပြောပြီး ချိန်မှာပင် ကျန်းဝမ်ထို၏ တင်းမာသည့် အသံသည် ချက်ချင်းထွက်ပေါ်လာခဲ့သည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး ဝမ်ချောင်ကို အေးစက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ဒေါသဖြင့် ပြည့်နှက်နေသော လေသံဖြင့် ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

"ဒီနေ့ ကျွန်တော်ဒီကိုလာခဲ့တာက သခင်လေးရဲ့ ဂုဏ်သတင်းနဲ့ မြို့စားကြီးကျူးရဲ့မျိုးဆက်ဆိုတဲ့ အဆင့်အတန်းကြောင့်ပါ။ သခင်လေးက ကျွန်တော့်ကို ဒီလို ယုတ်ညံ့တဲ့ နေရာတွေဆီကို ခေါ်သွားဖို့ ကြံစည်နေတယ်လား။ ကျွန်တော် ဝမ်သခင်လေးကို တကယ်ပဲ အထင်အမြင်မှားမိပါပြီ။ တကယ်လို့ တခြားမရှိတော့ရင် ကျွန်တော်အခုပဲ ထွက်သွားပါတော့မယ်။"

သူ့မျက်နှာပေါ်ရှိ မကျေမနပ်ဖြစ်နေသည့် အမူအရာမှာ ထင်ရှားလှသည်။

ဝမ်ချောင်၏ စကားများသည် သူ့ကို အမှန်ပင်မှင်သက်သွားစေခဲ့သည်။ မက်မွန်ပန်းပွင့်ခန်းမသည် ကြားရသည်မှာ နားထောင်၍ကောင်းသော်လည်း အမှန်တွင် မြို့တော်၌ ကျော်ကြားသည့် ပြည့်တန်ဆာအိမ်ဖြစ်သည်။ ကျန်းဝမ်ထိုကဲ့သို့ ထိုနေရာသို့ လုံးဝမရောက်ခဲ့ဖူးသော သူများပင်လျှင် နာမည်ကို ကြားခဲ့ဖူးပေသည်။

ဝမ်ချောင်သည် သူ့ကို ထိုကဲ့သို့သော နေရာသို့ ခေါ်ဆောင်ရန် အမှန်ပင် ကြိုးစားလိမ့်မည်ဟု ကျန်းဝမ်ထို စိတ်မကူးထားခဲ့ပေ။

ထိုနေရာသည် မြို့တော်ရှိ သခင်လေးများနှင့် ချမ်းသာကြွယ်ဝသူများအတွက် ရေပန်းစားရာ နေရာတစ်ခု ဖြစ်နိုင်သော်လည်း ကျန်းဝမ်ထိုအတွက် သေချာပေါက် မဟုတ်ပေ။ တစ်ဖက်လူသည် သူ့ကို မည်သို့သော လူစားမျိုးဟု ယူဆနေပါသနည်း။

ထိုသို့တွေးလိုက်ကာ ကျန်းဝမ်ထို၏ မျက်လုံးများ၌ ဒေါသတရားများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဟားဟား လူကြီးမင်းကျန်း ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အပြောအဆိုမတတ်မှုအတွက် ခွင့်လွှတ်ပါ။ ကျွန်တော်က ဒါကို စိတ်ကူးပေါက်ပြီး ထုတ်ဖော်လိုက်မိတာပါ။ လူကြီးမင်းကျန်းက သဘောမကျတာကြောင့် ကျေးဇူးပြုပြီး ကျွန်တော်က ဒီစကားကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူးလို့ သဘောထားပေးပါ။ ဒါက ကျွန်တော့်ဘက်က ကြီးမားတဲ့ နားလည်မှုလွဲမှားတာဖြစ်လို့ ကျေးဇူးပြုပြီး တောင်းပန်တာကို လက်ခံပေးပါ။"

ကျန်းဝမ်ထို ဒေါသထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ချောင်၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားခဲ့သည်။

မက်မွန်ပန်းပွင့်ခန်းမသို့ လည်ပတ်ခြင်းလော။ မည်သို့ ဖြစ်နိုင်မည်နည်း။ သူ့မိခင်သည် သူနှင့် အခန်းအနည်းငယ်အကွာအဝေး၌ရှိနေပေသည်။ သူသည် ထိုကဲ့သို့သော နေရာသို့ ကျန်းဝမ်ထိုကို မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်။

ထိုသည်မှာ တစ်ဖက်လူ၏ အကျင့်စရိုက်ကို စမ်းသပ်ကြည့်ခြင်းသာဖြစ်သည်။

ကျန်းဝမ်ထိုသည် အမှန်တကယ် စိတ်ဆိုးနေပုံရပြီး ဝမ်ချောင်သည် သူ့တုံ့ပြန်မှုကြောင့် ဝမ်းသာသွားခဲ့သည်။

အနည်းဆုံး ဤသည်က ကျန်းဝမ်ထိုသည် တဏှာရာဂကြီးသူ မဟုတ်ဟု သက်သေခဲ့သည်မဟုတ်လား။

သူစရိုက်နှင့် ကိုယ်ကျင့်တရားသည် အမှန်ပင် ပွင့်လင်းကာ တဲ့တိုးဆန်သည့် စစ်သားတစ်ဦးနှင့်ဆင်တူသည်။

ဝမ်ချောင်သည်လည်း ပွင့်ပွင့်လင်းလင်းပင် သူ့အမှားကို ဝန်ခံလိုက်ပြီး ကျန်းဝမ်ထိုကို ရိုသေစွာဖြင့် တောင်းပန်လိုက်သည်။

တစ်ဖက်လူက စိတ်ပါလက်ပါဖြင့် တောင်းပန်လာသောကြောင့် ကျန်းဝမ်ထိုသည်လည်း ပုံကြီးချဲ့မနေတော့ပေ။ အားလုံးပြီးနောက် ဝမ်ချောင်သည် ဆယ့်ငါးနှစ်အရွယ်ကလေးသာရှိသေးသည်။

ဝမ်ချောင်၏အဆက်မပြတ် တောင်းပန်မှုအောက်တွင် ကျန်းဝမ်ထိုသည် ပြန်ထိုင်ရန်သာ တတ်နိုင်တော့သည်။

"လူကြီးမင်းကျန်း ကျွန်တော် ခင်ဗျားကို ဖိတ်ခေါ်လိုက်ရတဲ့ တကယ့်အကြောင်းအရင်းမှန်ကတော့ ခင်ဗျားလက်ခံနိုင်မယ်လို့ မျှော်လင့်ရတဲ့ တောင်းဆိုမှုတစ်ခုရှိလို့ပါ။"

ဝမ်ချောင် ပြောလိုက်သည်။

"အိုး သခင်လေး ပွင့်ပွင့်လင်းလင်းပြောပါ။"

ကျန်းဝမ်ထိုသည် ဝမ်ချောင်ကိုကြည့်လိုက်ပြီး သူ့ကို စကားပြောရန် အမူအရာလုပ်ပြလိုက်သည်။

"ဒါက ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းနဲ့ ပတ်သက်နေပါတယ်။"

"ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစစ်သူကြီးက သခင်လေးရဲ့ တောင်းဆိုချက်တွေကို သဘောတူခဲ့ပြီးပြီမဟုတ်လား။"

ကျန်းဝမ်ထို တွေဝေသွားခဲ့သည်။

"ကျင်းနန်က ဝေးကွာလှပြီး စခန်းတစ်ခုတည်ဆောက်တာက အရင်းအမြစ်များစွာလိုအပ်တဲ့ အလွန်ဒုက္ခခံရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ကျွန်တော် အရင်က ကျင်းနန်ကို မရောက်ခဲ့ဖူးဘူး ဒါကြောင့် လူကြီးမင်းကျန်းက တချို့ကိစ္စတွေမှာ လွယ်ကူချောမွေ့စေဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"

ဝမ်ချောင် ရိုးသားစွာဖြင့် တောင်းဆိုလိုက်သည်။

တခဏမျှစဉ်းစားပြီးနောက် ကျန်းဝမ်ထိုခေါင်းညိတ်လိုက်သည်။

"သခင်လေး ဘယ်လိုအကူအညီဖြစ်ဖြစ်လိုအပ်ရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်တော် တချို့ကိစ္စတွေမှာ အကူအညီအချို့ပေးနိုင်မှာပါ။"

ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းသည် အလွန်ဝေးလှသည်။ အခြေစိုက်စခန်းတစ်ခု ဆောက်လုပ်ရာတွင် အရင်းအမြစ်များအတွက် သိသာသောအသုံးစရိတ်များ လိုအပ်မည်ကို သုံးသပ်ကြည့်လိုက်ပါက ဒေသခံများထံမှ အရင်းအမြစ်များကိုလည်း စုဆောင်းရပေမည်။

ဤသည်မှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် သဘောတူညီချက်ဖြစ်ပြီး ကျင်းနန်၏စီးပွားရေးကိုလည်း မြှင့်တင်ရန် ကူညီပေးနိုင်သည်။ ဤကိစ္စတွင် ဝမ်ချောင်ကို ကူညီပေးရန် ကျန်းဝမ်ထိုသည် စိတ်ရှိမနေခဲ့ပေ။

ထို့နောက် ဝမ်ချောင်နှင့် ကျန်းဝမ်ထိုတို့သည် အသေးစိတ်အချက်အလက်များကို စတင်ဆွေးနွေးလိုက်ကြသည်။ ဤစခန်းသည် အပေါ်ယံတွင် လက်ဖက်မြင်းလမ်းမတစ်လျှောက် ကုန်သွယ်ရေးတွင် ဝင်ပါရန်ဖြစ်သော်လည်း ဝမ်ချောင်၏ အန္တိမရည်မှန်းချက်သည် ကြီးမားသည့် ခံတပ်တစ်ခုကို ဆောက်လုပ်ရန်ဖြစ်သည်။

ထိုကဲ့သို့ ကြီးမားသော စီမံကိန်းတစ်ခုကို ဒေသတွင်း ခေါင်းဆောင်ထံမှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ အကယ်၍ ကျန်းဝမ်ထိုသည် ဤကိစ္စတွင် ဝမ်ချောင်ကို ကူညီခဲ့ပါက အလုပ်လုပ်ရသည်မှာ များစွာချောမွေ့သွားမည်ဖြစ်ပြီး ဆောက်လုပ်သည့် အချိန်သည်လည်း များစွာ လျှော့ချနိုင်ပေလိမ့်မည်။

ထို့နောက် သူ့ကို ဝမ်ချောင်စိတ်ဝင်စားခဲ့မိခြင်းဖြစ်သည်။

"သခင်လေး"

ဝမ်ချောင်သည် ကျန်းဝမ်ထိုနှင့် ပျော်ရွှင်စွာ စကားစမြည်းပြောနေစဉ်မှာပင် အပြင်ဘက်၌ အလောတကြီး ခြေသံတစ်ခုထွက်ပေါ်လာခဲ့ပြီး

“ဘန်းးး”

အဓိကခန်းမ၏ တံခါးသည် အတင်းအကျပ် တွန်းဖွင့်ခံလိုက်ရသည်။ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အစေခံတစ်ဦးသည် အမောတကောဝင်လာခဲ့ပြီး ဝမ်ချောင်နှင့် ကျန်းဝမ်ထိုတို့၏ ဆွေးနွေးမှုကို ကြားဝင်နှောက်ယှက်လိုက်သည်။

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဧည်သည်များနှင့် လက်ခံတွေ့ဆုံနေစဉ် အစေခံများကို ကြားဝင်မနှောက်ယှက်ရန် ညွှန်ကြားထားခဲ့သည်။

"သခင်လေး သခင်ကြီးက ဒီကိုရောက်နေပါတယ်။ သူပြောတာက အရမ်းအရေးကြီးတဲ့အရာတစ်ခုကို ဆွေးနွေးဖို့ရှိတယ်တဲ့ ပြီးတော့ သူက သခင်လေးကို အခုချက်ချင်းတွေ့ချင်တယ်လို့လည်း ပြောတယ်။"

အစိမ်းရောင်ဝတ်ရုံဝတ်အစေခံသည် လေကို အမောတကောရှူသွင်းလိုက်ပြီး လျင်မြန်စွာ တင်ပြလိုက်သည်။

ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ သူ့ဖခင်သည် ဤနေရာတွင် မရှိသည်ကို သုံးသပ်ကြည့်လိုက်လျှင် အစေခံများက သခင်ကြီး ဟု သုံးနှုန်းသော လူတစ်ဦးသာရှိပေသည်။ ထိုလူမှာ ဝမ်ချောင်၏ ဦးကြီး ဝမ်ကန်း ပင်ဖြစ်သည်။

"ဘာလို့ ဦးကြီးက ဒီနေရာကို အလည်လာရတာပါလိမ့်။"

ဝမ်ချောင် ရှုပ်ထွေးသွားခဲ့သည်။ ကျန့်ချိုးကျင်းချုံးရာထူးတိုးခြင်းနှင့် ပတ်သက်၍ အငြင်းအခုန် အပြင်းထန်ဆုံး ကာလဖြစ်သောကြောင့် သူ့ဦးကြီးသည် ယခုအချိန်တွင် အလုပ်အလွန်များနေသင့်သည်။ တစ်ဖက်လူသည် အဘယ့်ကြောင့် ဤကဲ့သို့သော အချိန်တွင် သူ့အိမ်တော်သို့ ရောက်လာရသည်နည်း။

ပြောစရာလိုအောင်ပင် တဖက်လူသည် အရေးကြီးသည့်အရာ ဆွေးနွေးစရာရှိသည်ဟုဆိုကာ သူ့ကို အရေးတကြီး ခေါ်ယူရန် အစေခံတစ်ယောက်ပင် စေလွှတ်ခဲ့သည်။

"ဝမ်သခင်လေး မင်းလည်း မအားတော့တာကြောင့် ထပ်ပြီး မနှောက်ယှက်တော့ပါဘူး။ တကယ်လို့ မင်းမှာ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။"

အခြေအနေကို သတိပြုမိလိုက်ကာ ကျန်းဝမ်ထိုသည် နှုတ်ဆက်စကားဆိုလိုက်သည်။

ဝမ်ချောင်သည် တခဏမျှ ရပ်တန့်သွားခဲ့ပြီး ခေါင်းညိတ်လိုက်သည်။

ကျန်းဝမ်ထိုကို တံခါးသို့ လိုက်ပို့ပြီးနောက် ဝမ်ချောင်သည် တစ်ကိုယ်တော်ဝံပုလွေကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

"သခင်လေး မင်း ငါ့ကို ရှာနေတာလား။"

တစ်ကိုယ်တော်ဝံပုလွေမေးလိုက်သည်။

"အင်း ငါ မင်းကို လုပ်စေချင်တဲ့အရာတစ်ခုရှိတယ်။ ကျင်းနန်မှာရှိတဲ့ ခြင်္သေ့ကျောက်ဆောင် တောင်ကုန်းမှာ ငါတို့ဆောက်လုပ်ဖို့ ရည်ရွယ်ထားတဲ့ ခံတပ်ကို မင်းမှတ်မိသေးတယ်မဟုတ်လား။"

ဝမ်ချောင် မေးလိုက်သည်။

"သခင်လေးက ကျွန်တော့်ကို ဆောက်လုပ်ရေးမှာ ကြီးကြပ်စေချင်တာလား။"

တစ်ကိုယ်တော်ဝံပုလွေ ပြန်မေးလိုက်သည်။

"အဲလိုမဟုတ်ဘူး"

ဝမ်ချောင်သည် နှစ်ခါပြန်မစဉ်းစားဘဲ ခေါင်းယမ်းလိုက်သည်။

"ငါ မင်းကို လုပ်စေချင်တဲ့အရာက ငါ့နာမည်နဲ့ ကျင်းနန်ဒေသတွင်းခေါင်းဆောင် ကျန်းဝမ်ထိုနောက် လိုက်ဖို့ပဲ။ ဖြစ်နိုင်ရင် ဒေသတွင်းခေါင်းဆောင်ကျန်းရဲ့ မျိုးဆက်တွေနဲ့ ရင်းနှီးအောင်လုပ်ပြီး မင်းရဲ့လှုပ်ရှားမှုတွေကို ဒေသတွင်းခေါင်းဆောင်ရဲ့ အိမ်တော်မှာ အဓိကထားဖို့ ကြိုးစားပါ။ ဘာတွေပဲဖြစ်လာပါစေ ဆယ်ရက်တိုင်းမှာ ငါ့ဆီကို စာတစ်စောင်ပို့ပါ။ တကယ်လို့ အရေးကြီးတဲ့ တစ်စုံတစ်ခုဖြစ်လာရင် ငါ့ဆီကို ဖြစ်နိုင်သမျှ မြန်မြန်လေး အကြောင်းကြားရမယ်။"

"အာ"

တစ်ကိုယ်တော်ဝံပုလွေ ကြက်သေသေသွားခဲ့သည်။ ဝမ်ချောင်သည် ထိုကဲ့သို့သော တာဝန်ကို သူ့အားပေးအပ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

"တစ်ကိုယ်တော်ဝံပုလွေ ငါ မင်းကို သူလျိုတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြောနေတာမဟုတ်ဘူး။ ဒီကိစ္စက အရမ်းကို အရေးကြီးတယ် မင်း ဒါကို လုပ်နိုင်မလား။"

ဝမ်ချောင်သည် ဤစကားများကို အလွန်လေးနက်စွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

"သခင်လေးစိတ်ချပါ။ သခင်လေးတောင်းဆိုတာကို သေချာပေါက် ဖြစ်မြောက်စေရပါမယ်။"

တစ်ကိုယ်တော်ဝံပုလွေသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

ဝမ်ချောင်သည် သူတို့၏ ကျေးဇူးရှင်ဖြစ်သည်။ သူ့ကြောင့်သာမဟုတ်လျှင် သူတို့သည် သူတို့ဘဝတစ်ခုလုံး အရှက်တကွဲဖြင့် ရှင်သန်သွားကြရပေလိမ့်မည်။ ဤကျေးဇူးကို ပြန်လည်ပေးဆပ်ရန်အတွက် သူသည် ဓားတောင်ကိုပင် ကျော်ဖြတ်ရဲပေသည်။ ဤကဲ့သို့ သေးငယ်‌သည့် ကိစ္စဆိုလျှင် ပြောစရာပင် မလိုပေ။

"အင်း မင်း မှတ်ထားရမှာ တစ်ခုရှိသေးတယ်။ တကယ်လို့ ဒေသတွင်း ခေါင်းဆောင်အိမ်တော်မှာ တစ်ခုခုဖြစ်ရင် ဒါမှမဟုတ် ကျန်းဝမ်ထိုက သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားရင် သူ့ကို ကျင်းနန်ကနေ ချက်ချင်းခေါ်ထုတ်စေချင်တယ်။ မင်း ဒါကို လုပ်နိုင်မလား။"

ထိုစကားများကို ကြားလိုက်ရသည်တွင် တစ်ကိုယ်တော်ဝံပုလွေ၏ မျက်လုံးများ၌ ထူးဆန်းသည့် အလင်းရောင်များ ရုတ်တရက် တောက်ပလာခဲ့သည်။ စစ်မှုထမ်းဌာနမှ အနားယူခဲ့ပြီးကတည်းက သူသည် ကြေးစားတစ်ယောက်အဖြစ် တာဝန်များစွာကို လက်ခံခဲ့ဖူးသည်။

သို့သော် သူသည် ဤကဲ့သို့ ထူးဆန်းသည် တောင်းဆိုမှုမျိူကို တစ်ခါမှမကြားခဲ့ဖူးပေ။

ထိုသည်မှာ သူတို့သည် ဒေသတွင်းခေါင်းဆောင်အိမ်တော်အကြောင်း ပြောနေကြခြင်းဖြစ်သည်။ ဒေသတွင်းခေါင်းဆောင်အိမ်တော်တွင် ဘာကြောင့် တစ်ခုခုဖြစ်ရမည်နည်း။ ဤသို့သောနေရာမျိုးတွင် မည်သို့သော အရူးက သူတို့၏ လက်များကို လျိုဝံ့မည်နည်း။

ပြောစရာမလိုအောင်ပင် ကျန်းဝမ်ထိုသည် ဘာကြောင့် သူ့ကိုယ်သူ သတ်သေရမည်နည်း။

ကျန်းဝမ်ထို ထွက်သွားချိန်တွင် သူသည် သူ့ကို ကောင်းစွာ မြင်လိုက်ရပြီး တစ်ဖက်လူသည် အလွန်တက်ကြွနေဆဲဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် သူ့ကိုယ်သူ ဘာကြောင့် သတ်သေရမည်နည်း။

တစ်ကိုယ်တော်ဝံပုလွေသည် သူ့ဘ၀တွင် မရေမတွက်နိုင်သော မုန်တိုင်းများကို ဖြတ်ကျော်ကာ သတ္တိရှိခဲ့သော်လည်း ထိုကဲ့သို့ ထူးဆန်းသည့် တောင်းဆိုမှုကို သူ တစ်ခါမျှ မကြုံခဲ့ဖူးပေ။

"ဟုတ်ကဲ့ပါ သခင်လေး။ ငါ မင်း‌ ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်။"

တစ်ကိုယ်တော်ဝံပုလွေသည် ထူးဆန်းသည့် တောင်းဆိုမှုကြောင့် တွေဝေနေခဲ့သော်လည်း သူသည် တုံ့ပြန်ရန် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။

"သခင်လေး စိတ်ချပါ။ မင်း ငါ့ကို ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ငါအစွမ်းကုန်ကြိုးစားပါမယ်။"

တစ်ကိုယ်တော်ဝံပုလွေသည် ယုံကြည်မှုအပြည့်ဖြင့် ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သူ့ဆီသို့ ပေးအပ်လာသည့် ဤတာဝန်အတွက် ဝမ်ချောင်သည် အလုပ်အတွက် လူမှန်ကို ရှာတွေ့ ခဲ့ခြင်းပင်ဖြစ်သည်။

--------

မူရင်းရေးသူအမှာစာ- ကျန်းဝမ်ထို၏ရာထူးသည် ဒေသတွင်းခေါင်းဆောင်(Commandery Chief) ဖြစ်သည်။ ရှေ့တွင် ခေါင်းဆောင်(Chief) ကျန်ခဲ့ပါသည်။

ဘာသာပြန်သူအမှာစကား- commander နဲ့ ပတ်သက်ပြီး အဆင့်တိတိကျကျမရှိဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကွပ်ကဲသူ လို့ ပြန်ပါမယ်။ commander ကို တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးဖြစ်စေ၊ ဧကရာဇ်စစ်တပ်စစ်သူကြီးကို ဖြစ်စေ၊ သူတို့ထက် တစ်ဆင့်နိမ့်သူတွေကိုဖြစ်စေ တစ်ချို့နေရာတွေမှာ ကွပ်ကဲသူ(commander) လို့ အတူတကွ သုံးနှုန်းထားပါတယ်။ အထူးသဖြင့် ဧည့်ခံပွဲမှာ ကျင်းနန်ကွပ်ကဲသူ လို့ သုံးနှုန်းထားပါတယ်။ ကွပ်ကဲသူရဲ့ အဓိပ္ပာယ်က တပ်စုတစ်ခု၊ တစ်ဖွဲ့တစ်ခု၊ စစ်တပ်တစ်ခု စသဖြင့် အမိန့်ပေးနိုင်တဲ့ ခေါင်းဆောင် တွေကို ဆိုလိုတာပါ။ သူတို့ရဲ့ ရာထူးအဆင့်တွေကတော့ မတူညီပါဘူး။ ဒါက ကျွန်တော့်ရဲ့ ထင်မြင်ချက်သက်သက်မို့ နောက်အပိုင်းတွေမှာ အမှားပါခဲ့ရင် ကြိုပြီးတောင်းပန်ပါတယ်။

အပိုင်း ၂၈၅

တော်ဝင်ရုံးတော်က အများအပြားဝယ်ယူခြင်း

စီစဉ်စရာရှိသည်များကို စီစဉ်ပြီးနောက် ဝမ်ချောင်သည် တစ်ယောက်တည်း ဦးကြီးဆီသို့ ထွက်လာခဲ့လိုက်သည်။

"ချောင်အာ ဧကရာဇ်ထောက်ပို့အရာရှိ လီချင်းယုန်က ငါ့ကိုလာရှာခဲ့တယ်။ သူက ကျောက်စိမ်းရိုင်းသံမဏိလက်နက်တွေကို ဝယ်ချင်ကြောင်း ပြောခဲ့တယ်။"

ဝမ်ချောင်ကို မြင်လိုက်သည်နှင့် ဦးကြီးသည် လာရင်းကိစ္စကို ချက်ချင်းပြောလိုက်သည်။

"ဘယ်လို"

ထိုစကားများကို ကြားလိုက်ရသည်တွင် ဝမ်ချောင် အံ့အားသင့်သွားခဲ့ရသည်။ သူသည် တခဏမျှအေးခဲသွားခဲ့ပြီး ပျော်ရွှင်သွားခဲ့ကာ နိုးကြားလာခဲ့သည်။

'လီချင်းယုန်'

ထိုနာမည်ကို ကြားသည်နှင့် သူအလွန်မျှော်လင့်စောင့်စားနေခဲ့ရသော ကိစ္စသည် နောက်ဆုံးတွင် ဖြစ်လာခဲ့ပြီကို ဝမ်ချောင် ချက်ချင်းနားလည်လိုက်သည်။

တော်ဝင်ရုံးတော်မှ ဝယ်ယူခြင်း။

သူ့ယခင်ဘဝမှ မှတ်ဉာဏ်များမရှိလျှင်ပင် ဝမ်ချောင်သည် ဤနာမည်ကို မသိစရာအကြောင်းမရှိပေ။ မဟာထန်တွင် လီချင်းယုန်၏နာမည်သည် အရာတစ်ခုတည်းဖြင့်သာ ဆက်စပ်နေပေသည်။ စီးပွားရေး...။

ဧကရာဇ်စစ်တပ်အပါအဝင် ထောက်ပံ့ရေးပစ္စည်းများအားလုံးကို ထောက်ပို့အရာရှိ လီချင်းယုန်မှ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ပေသည်။

ဝမ်ချောင်သည် ဤနာမည်ကို ကျန်းကလန်ခေါင်းဆောင်ထံမှ အကြိမ်များစွာ ကြားခဲ့ပေသည်။

သို့သော် ဝမ်ချောင်သာ သိသော ဤနာမည်နောက်ကွယ်မှ နောက်ထပ် အဓိပ္ပာယ်တစ်ခုရှိသေးသည်။

ဤသည်မှာ ထိုလူသည် သူ့ယခင်ဘဝ၌ အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံးတွင် ကျောက်စိမ်းရိုင်းသံမဏိကို အကြီးကျယ်ဆုံးဝယ်ယူရန် စီစဉ်ခဲ့သူဖြစ်သည်။

ထိုဝယ်ယူခြင်းသည် နောက်ဆုံးတွင် ကျရှုံးခဲ့ရသော်လည်း သမိုင်းတွင် အထင်ရှားဆုံး အမှတ်အသားအဖြစ် ထင်ကျန်ရစ်ခဲ့သည်။

ဝမ်ချောင်၏အစီအစဉ်အရ ဤအရာသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်ဝန်းကျင်ခန့်မှ ဖြစ်သင့်သည်။ ထို့ကြောင့် သူသည် သတင်းကိုကြားသည်နှင့် အငိုက်မိသွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရက်က သူသည် ကျန်းကလန်ထံသို့ သတင်းပေးပို့ခဲ့သည်။ ထိုသတင်းမှာ ဤလတွင် ကျောက်စိမ်းရိုင်းသံမဏိဓားထုတ်လုပ်မှုကို လက်တစ်ဆုပ်စာမှ သုံးဆယ်အထိ ထုတ်လုပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် တော်ဝင်ရုံးတော်အတွင်း ကျောက်စိမ်းရိုင်းသံမဏိဓား၏ ကျော်ကြားမှုကို မြှင့်တက်စေမည်ဖြစ်သည်။

နောက်ဆုံးပန်းတိုင်မှာ ဧကရာဇ်စစ်တပ်၏ ထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူရန် တာဝန်ယူထားသော အရာရှိလီချင်းယုန်၏ အာရုံကို ဆွဲဆောင်ရန်ဖြစ်သည်။

လီချင်းယုန်သည် ကျောက်စိမ်းရိုင်းသံမဏိဓား၏ ခွန်အားကို မြင်သည်နှင့် သေချာပေါက် ဆွဲဆောင်ခံရလိမ့်မည်ဟု ဝမ်ချောင် ယုံကြည်မှုရှိပေသည်။ ဤသို့မဟုတ်လျှင် ဝမ်ချောင်၏ ယခင်ဘဝ၌ သူသည် ကျောက်စိမ်းရိုင်းသံမဏိဓား အမြောက်အမြားကို ဝယ်ယူရန် တော်ဝင်ရုံးတော်ကို စည်းရုံးခဲ့လိမ့်မည်မဟုတ်ပေ။

ဝမ်ချောင် အံ့အားသင့်သွားခဲ့ရခြင်းမှာ လီချင်ယုန်သည် ဤမျှလျှင်မြန်စွာ လှုပ်ရှားလာမည်ဟု ဝမ်ချောင် မမျှော်လင့်မိခဲ့၍သာဖြစ်သည်။ ထိုကိစ္စသည် လွန်ခဲ့သည့်နှစ်ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူသည် ဦးကြီးကို ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်။

"ဟားဟား ကျွန်တော်တကယ်ကို မမျှော်လင့်ထားဘူး။ ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ အံ့သြစရာပဲ။"

ဝမ်ချောင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်သီးများကို တင်းကျပ်စွာဆုပ်လိုက်မိသည်။

ကျောက်စိမ်းရိုင်းသံမဏိဓားသည် အလွန်တရာမှ တန်ဖိုးရှိပြီး သူတို့သည် ကြီးမားသည့် အကျိုးအမြတ်ကို အလွယ်တကူ ရိတ်သိမ်းနိုင်ပေသည်။ သို့သော် ထိုကဲ့သို့ အမြတ်အစွန်းကို ထိန်းသိမ်းထားနိုင်ရန် ရောင်းဝယ်ခြင်းကို ဂရုတစိုက် ထိန်းချုပ်ရမည်ဖြစ်သည်။ ဆိုရိုးစကားအတိုင်းပင် 'ရှားပါးခြင်းသည် ပစ္စည်းတစ်ခု၏ တန်ဖိုးကို အဆုံးအဖြတ်ပေးသည်။' ဝမ်ချောင်သည် စစ်သေနာပတိချုပ်ဆီသို့ လက်နက်တစ်ခုကို ရွှေဒင်္ဂါးသုံးသိန်းဖြင့် ရောင်းခဲ့သော်လည်း ထိုသည်မှာ သာမန်ပြည်သူများအတွက် မယုံနိုင်စရာကောင်းသည့် တန်ဖိုးဖြစ်သည်။

ထိုကဲ့သို့ အမြတ်အစွန်းကို ထိန်းသိမ်းထားရန် ဝမ်ချောင်သည် တစ်လလျှင် ဓားတစ်ချောင်းသာ ရောင်းနိုင်မည်ဖြစ်ပြီး အနောဂတ်တွင် ထိုကဲ့သို့သော ဈေးနှုန်းကို ရရှိနိုင်မည့် အလားအလာမရှိပေ။

ဝမ်ချောင်သည် ဤဓားများ ရောင်းချခြင်းမှ တစ်နှစ်လျှင် သုံးသန်းဝန်းကျင်သာ ရှာဖွေနိုင်မည်ဖြစ်သည်။ သို့သော် အကယ်၍ သူသည် မဟာထန်၏ ကံကြမ္မာကို ပြောင်းလဲလိုပါက သူ့အတွက် လုံလောက်သည့် ငွေကြေးပမာဏဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အချိန်သည်လည်း ရှင်းလင်းစွာဖြင့် သူ့ဘက်တွင် ရှိမနေပေ။

သူ့အမြတ်အစွန်းအမြင့်ဆုံးရရန် သူ့အတွက် အမြန်ဆုံးနည်းလမ်းမှာ တော်ဝင်ရုံးတော်သို့ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည်။

ဧကရာဇ်စစ်တပ် စစ်သေနာပတိချုပ်ကဲ့သို့ လက်နက်တစ်ခုဝယ်ယူရန် ရွှေပြားသုံးသိန်းတတ်နိုင်သည့် ငွေကြေးပမာဏ လူတိုင်းတွင် မရှိပေ။ သို့သော်လည်း တော်ဝင်ရုံးတော်သည် ထိုကဲ့သို့ ကန့်သတ်ချက်ကို ရင်မဆိုင်ခဲ့ရပေ။

ဝမ်ချောင်၏ အစီအစဥ်တွင် သူရှာဖွေနေသည့် သူ့ဟိုက်ဒရာဘတ် သတ္တုရိုင်းများအတွက် အဓိကဝယ်ယူသူမှာ တော်ဝင်ရုံးတော်ဖြစ်သည်။

သူသည် အချိန်ကို ကောင်းစွာ ဆုပ်ကိုင်ထားရပေမည်။ စောလွန်းပါက ကျောက်စိမ်းရိုင်း သံမဏိဓားသည် တော်ဝင်ရုံးတော်အတွက် ဝယ်ယူရန် ရက်ရောသော ငွေပမာဏကို စိုက်ထုတ်လိုသည့် ဆန္ဒရှိရန် မှေးမှိန်နေနိုင်သေးသည်။

သို့သော်လည်း လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကျောက်စိမ်းရိုင်းသံမဏိ၏ ဂုဏ်သတင်း တည်ဆောက်ခြင်းတွင် ဝမ်ချောင်၏ ကြိုးစားအားထုတ်မှုပြီးနောက် အချိန်သည် နောက်ဆုံးတွင် ရင့်မှည့်လာခဲ့ပြီဖြစ်သည်။

------

"ဝမ်သခင်လေး မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်။"

ဝမ်ကန်း၏ ဦးဆောင်မှုအောက်တွင် ဝမ်ချောင်သည် ကျော်ကြားလှသည့် ထောက်ပို့အရာရှိ လီချင်းယုန်နှင့် ကျောက်စိမ်းတည်းခိုခန်းတွင် တွေ့ဆုံလိုက်သည်။

"လူကြီးမင်းလီ ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ။"

ဝမ်ချောင်သည် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ ရယ်မောလိုက်သည်။

လီချင်းယုန်သည် မဟာထန်တွင် တွေ့ဆုံရအလွန်ခက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူ့လုပ်ရှားမှုနယ်ပယ်ကို တော်ဝင်နန်းတော်တွင်သာ အဓိက ကန့်သတ်ထားခဲ့ပြီး သူသည် သိုသိုသိပ်သိပ်လည်း နေခဲ့သည်။ သူသည် ဓားထုလုပ်သည့် ကလန်များမှ ကုန်ပစ္စည်းများကို စစ်ဆေးရန်နှင့် စုဆောင်းရန်အတွက် တခါတရံတော်ဝင်နန်းတော်မှ ထွက်ခွာသွားခဲ့သော်လည်း သူ့အလုပ်ပြီးသည်နှင့် ချက်ချင်းပြန်သွားလေ့ရှိသည်။

ဝမ်ချောင်သည် တစ်ဖက်လူ၏နာမည်ကို ကြားဖူးသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဤသည်မှာ သူသည် သူနှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။

"လူကြီးမင်းဝမ်က မင်းကို ဒီကိစ္စ ပြောပြခဲ့ပြီးပြီထင်တယ်။"

လီချင်းယုန်သည် ပွင့်ပွင့်လင်းလင်းသမားဖြစ်ပုံရသည်။ သူသည် အာလာပသလာပပြောရမည့်အစား အကြောင်းအရာကို တည့်တိုးပြောလိုက်သည်။

"တော်ဝင်ရုံးတော်က သခင်လေးဆီကနေ ကျောက်စိမ်းရိုင်း သံမဏိဓား အလက်တစ်ထောင် ဝယ်ယူချင်ပါတယ်။"

"လူကြီးမင်းလီက ပွင့်ပွင့်လင်းလင်း‌ပြောလာတာမို့ ကျွန်တော့်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ။ ကျောက်စိမ်းရိုင်း သံမဏိဓား အလက်တစ်ထောင်က မဖြစ်နိုင်ဘူးဗျ။"

ဝမ်ချောင်သည် ရယ်မောလိုက်ပြီး သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

"ဘာလို့လဲ။ ဈေးနှုန်းကို မကျေနပ်လို့လား။"

လီချင်းယုန်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်ခနဲဖြတ်သွားခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ ဝမ်ချောင်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပုံမရပေ။

"ကျွန်တော့်ရဲ့ ပွင့်လင်းမှုအတွက် ခွင့်လွှတ်ပါ ဒါပေမယ့် ဓားကို သခင်လေး အပြင်မှာရောင်းနေတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူဖို့က တော်ဝင်ရုံးတော်အတွက် မဖြစ်နိုင်ပါဘူး။ ရွှေပြားနှစ်သောင်းက ကျွန်တော်တို့အတွက် အများဆုံးပေးနိုင်တဲ့ ဈေးနှုန်းပါပဲ။"

ရွှေပြားနှစ်သောင်းသည် ပြင်ပဈေးကွက် အခြေအနေနှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျသောစျေးနှုန်းဖြစ်သည်။ သို့သော် ဤသည်က တော်ဝင်ရုံးတော်၏ အလုပ်လုပ်ပုံဖြစ်သည်။

"ဟားဟား လူကြီးမင်းလီ ခင်ဗျား ကျုပ်ကို အထင်လွဲနေပါပြီ။"

ဝမ်ချောင် ရယ်မောလိုက်သည်။

"ကျွန်တော် တော်ဝင်ရုံးတော်ကို မရောင်းချင်လို့ မဟုတ်ပါဘူး ဒါပေမယ့် ဒါက ကျွန်တော် အဲလို မလုပ်နိုင်တာကြောင့်ပါ။"

"အိုး အဲဒါက ဘာကြောင့်များလဲ။"

"ဒါက ကျွန်တော့်ရဲ့လက်ကျန် စာရင်းထဲမှာ ကျောက်စိမ်းရိုင်းသံမဏိ အချောင်းတစ်ရာပဲရှိတော့လို့ပါ။"

ဝမ်ချောင် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ဝမ်ချောင်သည် အားလော်ကျားနှင့် အားလိုနိုတန်တို့ဆီမှ ကျောက်စိမ်းရိုင်းသံမဏိ ဂျင်သုံးရာသာ ဝယ်ယူခဲ့သည်။ သို့သော် လီချင်းယုန်သည် စုစုပေါင်း လက်နက်တစ်ထောင် လိုချင်နေသည်။ လီချင်းယုန်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သူ့တွင် လုံလောက်သည့် ကုန်ကြမ်းမရှိပေ။

လီချင်းယုန်သည် ဈေးနှုန်းကို မည်မျှမြင့်၍ ပေးနေပါစေ ဤတောင်းဆိုချက်သည် မဖြစ်နိုင်ပေ။

သို့သော် ဝမ်ချောင်သည် လီချင်းယုန်နှင့် တွေ့ဆုံရန်လာခဲ့သောကြောင့် သူ့စိတ်ထဲတွင် ရည်ရွယ်ချက်တစ်ခု ရှိနေသည်ဆိုသည်မှာ သံသယရှိစရာမလိုပေ။

"ခွင့်လွှတ်ပါ ဒါပေမယ့် လူကြီးမင်းလီက ကျောက်စိမ်းရိုင်း သံမဏိနဲ့ တပ်ဆင်ပေးထားတဲ့ စစ်တပ်တစ်ခုကို တည်ဆောက်ဖို့အတွက် ဓားတွေဝယ်ဖို့ ရည်ရွယ်နေတယ် မဟုတ်လား။ ဒါပေမယ့် တစ်ထောင်က တကယ်ပဲ လုံလောက်မှာလား။"

ဝမ်ချောင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

အမှန်တွင် ဧကရာဇ်စစ်တပ် စစ်သေနာပတိ ကျိုးဖန်ရှန်းသည် ကျောက်စိမ်းရိုင်း သံမဏိဓားဖြင့် တပ်ဆင်ထားသည့် တပ်ဖွဲ့တစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသည့် ပုံပန်းသွင်ပြင်ကို သူ့အား အကြိမ်ကြိမ်ဖော်ပြခဲ့သည်။ ယခုတွင် လီချင်းယုန်သည်လည်း တူညီသည့်အတွေး ရှိနေခဲ့သည်။

စစ်မြေပြင်တွင် ကျောက်စိမ်းရိုင်း သံမဏိဓားများ တပ်ဆင်ထားသော တပ်ဖွဲ့တစ်ခု၏ စွမ်းရည်ကိုမြင်ရန်အလွန်ခက်ခဲခြင်းမရှိပေ။

"ဒါက..."

လီချင်းယုန် ကြက်သေသေသွားခဲ့သည်။ သူသည် စမ်းကြည့်ရန်အတွက် လက်နက်တစ်သုတ်ကို ဝယ်ယူရန်သာ ရည်ရွယ်ထားခဲ့သည်။ သူသည် အမှန်ပင် အသေးစိပ်အချက်အလက်များကို မစဉ်းစားခဲ့ပေ။

"လူကြီးမင်းလီ တကယ်လို့ ခင်ဗျားက ကျောက်စိမ်းရိုင်းသံမဏိဓားနဲ့ တပ်ဆင်ထားတဲ့ စစ်တပ်တစ်ခုကို တည်ဆောက်ချင်ရင် ရဲမက်တစ်ထောင်က လုံလောက်မှာမဟုတ်ဘူး။ ဒါ့အပြင် ဓားတစ်ချောင်းစီအတွက် ရွှေပြားနှစ်သောင်းကလည်း ကျွန်တော့်အတွက် လက်ခံဖို့ နည်းနည်း နည်းတယ်။ ဒါပေမယ့်လည်း လူကြီးမင်းလီက ကျွန်တော့်ကို ရွှေပြားရှစ်သန်း ကြိုပြီး ပေးချေနိုင်မယ်ဆိုရင် ခင်ဗျားရဲ့ရဲမက်တစ်သောင်းကို ကျောက်စိမ်းရိုင်းသံမဏိလက်နက်တွေနဲ့ တပ်ဆင်ပေးဖို့ ကျွန်တော်နည်းလမ်းတစ်ခုရှာနိုင်မှာပါ။ အမှန်တော့ ကျွန်တော်က ဈေးနှုန်းကို တစ်သောင်းရှစ်ထောင်အထိတောင် လျှော့ပေးနိုင်ပါတယ်။"

ဝမ်ချောင် ပြောလိုက်သည်။

ဘေးမှနေ၍ စေ့စပ်ညှိနှိုင်းမှုများကို ကြည့်နေသော ဝမ်ကန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း လီချင်းယုန်၏ မျက်လုံးများသည်တော့ တောက်ပလာခဲ့သည်။ သူ့ကို ဆွဲဆောင်သွားသည့်အရာမှာ ကျောက်စိမ်းရိုင်း သံမဏိဓား၏ ရွှေပြားတစ်သောင်း ရှစ်ထောင်လျှော့ဈေးပင်။

"ရွှေပြားရှစ်သန်းက လုံလောက်ပါ့မလား။"

လီချင်းယုန်သည် အတည်ပြုရန်အတွက် မေးလိုက်သည်။

ထိုသည်မှာ သူ့ဆီမှ သာမန်ကာလျှံကာ ပြောလိုက်သော စကားများဖြစ်သည်။ သို့သော် ထိုစကားများသည် ကျောက်စိမ်းတည်းခိုခန်းတွင် ကျယ်လောင်စွာပဲ့တင်ထပ်နေခဲ့သည်။ ထိုစကားလုံးများသည် အလွန်မောက်မာလှသဖြင့် ဝမ်ချောင်ပင်လျှင် မျက်တောင်ခတ်လိုက်မိသည်။

'သူက အသေအချာကို ချမ်းသာတယ်။'

ဝမ်ချောင် တွေးလိုက်မိသည်။

ဤသည်မှာ ထောက်ပို့အရာရှိတစ်ဦးနှင့် သာမန်ဂုဏ်သရေရှိ ကလန်တစ်ခုအကြား ကွာခြားချက်ဖြစ်သည်။

ရွှေပြားရှစ်သန်းသည် အလွန်များပြားသော ပမာဏဖြစ်ပြီး အလွန်နည်းပါးသည့် ကလန်များသာ ထုတ်သုံးနိုင်ပေမည်။

သို့တိုင် လီချင်းယုန်အတွက်မူ ထိုသည်မှာ အိတ်ကပ်ပြောင်းလဲသွားသည်ထက် မပိုပုံရသည်။

သို့သော်လည်း ဤအရာသည် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ အားလုံးပြီးနောက် လီချင်းယုန်တွင် သူ့နောက်၌ မဟာထန်တော်ဝင်ရုံးတော်၏ ချမ်းသာမှုတစ်ခုလုံးရှိနေသည်။

နောက်ထပ်တစ်ကြိမ် ဝမ်ချောင်သည် တော်ဝင်ရုံးတော်နှင့် လက်တွဲဆောင်ရွက်မည့် သူ့အစီအစဉ်သည် မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

လီချင်းယုန်သည် ဝမ်ချောင်နှင့် လျင်မြန်စွာ သဘောတူညီမှုရရှိခဲ့ပြီး သူသည် ဤအခွင့်အရေးကို အသုံးချကာ ဝမ်ချောင်နှင့် စာချုပ်ချုပ်ဆိုလိုက်သည်။

အားလုံးပြီးနောက်တွင် ပြောစရာစကားမရှိတော့ပေ။

ထောက်ပံ့ပို့ဆောင်ရေးအရာရှိအနေဖြင့် လီချင်းယုန်သည် ထိုသို့သောအလေ့အကျင့်များကို ကောင်းစွာကျင့်သားရနေပုံရသည်။

-----

"ချောင်အာ မင်းဘာလို့ သူ့အပေးအယူကို သဘောတူခဲ့တာလဲ။ ဒါက ငါတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုမဟုတ်ဘူးလား။"

ကျောက်စိမ်းတည်းခိုခန်းမှ ထွက်လာပြီးနောက် ဝမ်ကန်းသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။

လက်ရှိဝမ်ကလန်သည် တစ်ခုတည်းအဖြစ် လွင့်မျောနေပြီး နစ်မြုပ်နေခဲ့သည်။ ဆုံးရှုံးသည့် လူမှာ ဝမ်ချောင်ဖြစ်သော်လည်း ဝမ်ကန်းသည် ဤကိစ္စသည် သူနှင့် လုံးဝမပတ်သက်နေဟု မထင်ပေ။

"ဦးကြီး တစ်ဖက်လူက ကျွန်တော်တို့တံခါးအထိ လာခေါက်နေပြီ။ ကျွန်တော်တို့က ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်မယ်လို့ ထင်လား။"

ဝမ်ချောင် ပြုံးလိုက်သည်။

"ဒါက..."

ဝမ်ကန်း အံ့အားသင့်သွားခဲ့သည်။ အကယ်၍ လီချင်းယုန် တစ်ဦးတည်းဆိုပါက ဝမ်ကလန်အတွက် သူ့ကို ကြောက်နေစရာမလိုပေ။ သို့သော်လည်း လီချင်းယုန်နောက်တွင် ပညာရှင်ဧကရာဇ်ရှိနေသည်ကို ဝမ်ကန်းသိပေသည်။

ဤသည်မှာ ဝမ်ကန်းသည် တည်းခိုခန်းအတွင်း ညှိနှိုင်းမှုတစ်လျှောက်လုံးတွင် နှုတ်ဆိတ်နေရသည့် အဓိကအကြောင်းရင်းလည်းဖြစ်သည်။

"ဦးကြီး စိတ်မပူပါနဲ့။ ဒါက ကျွန်တော်တို့အတွက် အရှုံးရှိတဲ့ အပေးအယူမဟုတ်ပါဘူး။"

ဝမ်ချောင် ပြုံးလိုက်ကာ နှစ်သိမ့်လိုက်သည်။

သူဦးကြီးသည် ဘာကို စိတ်ပျက်နေခဲ့သည်ကို သူသိပေသည်။ လီချင်းယုန်သည် သူ့အစား သူ့ဦးကြီးကို တိုက်ရိုက်ရှာခဲ့သည့် အဓိကအကြောင်းအရင်းမှာ ဝမ်ချောင်ကို ဖိအားပေးရန်နှင့် ဆွေးနွေးမှုတွင် အသားစီးရရှိရန် ဖြစ်သည်။

ဤသည်မှာ အပေးအယူပုံစံကို မြင်ပြီးနောက် ဝမ်ကန်းသည် ဘာကြောင့် အပြစ်ရှိသလို ခံစားနေရသည့် အကြောင်းအရင်းအတိအကျပင်။

သို့သော်လည်း ဝမ်ချောင်သည် အများကြီးတွေးမနေခဲ့ပေ။

"ငါးနှစ်။ ငါးနှစ်အတွင်းမှာ ဘာတွေဖြစ်လာမှာလဲဆိုတာ ဘယ်သူသိမလဲ။"

ဝမ်ချောင်သည် သက်ပြင်းခပ်တိုးတိုးချလိုက်မိသည်။

လီချင်းယုန်ပင်လျှင် ယခုလေးတင်ပြုလုပ်ခဲ့သော အပေးအယူ၏ အစစ်အမှန်သဘောသဘာဝကို နားမလည်နိုင်သည်မှာ ဖြစ်နိုင်သည်။

ငါးနှစ်အတွင်းတွင် အလွန်များပြားသောအရာများ ဖြစ်ပျက်နိုင်သည်။

အကယ်၍ ထိုကပ်ဆိုးကြီးသည် နောက်ငါးနှစ်အတွင်း မတိုက်ခိုက်ခဲ့ပါက ထို့ကြောင့် ဝမ်ချောင်သည် အသက်ရှင်နေသေးပါက သူသည် လီချင်းနှင့် အပေးအယူကို အပြီးသတ် စဉ်းစားနိုင်သည်။

ခေါင်းကို ခါယမ်းလျက် ဝမ်ချောင်သည် လျင်မြန်စွာ ပြန်လာခဲ့သည်။

ဦးကြီးဝမ်ကန်း ပြန်သွားသည်ကိုကြည့်ပြီးနောက် ဝမ်ချောင်သည် အတွေးများစွာဖြင့် ကောင်းကင်တွင် လွင့်နေသောတိမ်များကို ကြည့်လိုက်သည်။

'ရွှေပြားရှစ်သန်းမှာ သုံးသန်းကနေငါးသန်းအထိကို ကျန်းနန်ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းမှာရှိတဲ့ ခံတပ်မှာ အသုံးပြုမယ်။ ကျန်တာတွေက ငါ့အစီအစဉ်ရဲ့ နောက်တလှမ်းကို ဖြည့်ဆည်းဖို့ သုံးမယ်။'

ခြင်္သေ့ကျောက်ဆောင်တောင်ကုန်း၏ အသုံးစရိတ်သည် အဆုံးမဲ့ချောက်ကဲ့သို့ ဖြစ်သည်။ ဝမ်ချောင်ရှေ့တွင် ကိုယ်ပိုင်ခံတပ်တည်ဆောက်ခြင်း၏ စံနမူနာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ အတားအဆီးများ၊ နံရံများ၊ သိုလှောင်ရုံများ... ကိုယ်ပိုင်ခံတပ်တစ်ခုတည်ဆောက်ရာတွင် လိုအပ်ချက်များစွာရှိနေပေသည်။

သို့သော် ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းရှိ ခံတပ်သည် လက်ရှိတွင် ဝမ်ချောင်၏ ဦးစားပေးစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပေသည်။ အဆုံးမရှိသော ချောက်နက်ကြီးထဲသို့ သူငွေမည်မျှ မြှပ်နှံရပါစေ သူသည် ၎င်းကို ဖြတ်ကျော်ရန် ဆုံးဖြတ်ခဲ့သည်။

ဤသည်မှာ ဝမ်ချောင်သည် ဧကရာဇ်စစ်တပ်ထောက်ပို့အရာရှိထံမှ ကြိုတင်ငွေ ရှစ်သန်းကို တောင်းခံခဲ့ရသည့် အကြောင်းရင်းလည်းဖြစ်သည်။

အကယ်၍ ငါးသန်းပင်လျှင် မလုံလောက်ပါက သူသည် ယခုထက်ပို၍ မြုပ်နှံရန် ဆန္ဒရှိပေသည်။

သို့သော် ထိုကဲ့သို့ ကြီးမားသော ရင်းနှီးမြုပ်နှံမှုနှင့်အတူ ခံတပ်သည် ဝမ်ချောင်၏မျှော်လင့်ချက်အတိုင်း ဖြစ်လာသင့်သည်။

သို့သော်လည်း ဤအပေးအယူကို လက်မှတ်ရေးထိုးလိုက်ခြင်းနှင့်အတူ သူတတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမည့် အခြားအရာတစ်ခု ရှိသေးသည်။

မှတ်ချက်- ဤအပိုင်းတွင် မူရင်း၌ ရွှေဒင်္ဂါးဟု သုံးနှုန်းလာပါသည်။

All Chapters