← Chapters

အခန်း (၂၈၆-၂၉၀)

Vol. 12 Ch. 286-290

အခန်း (၂၈၆-၂၉၀)

Vol. 12 Ch. 286-290

အပိုင်း ၂၈၆

ဝမ်ချောင်၏ ပြင်းပြသောဆန္ဒများ

ဝမ်ချောင်သည် အားလော်ကျားနှင့် အားလိုနိုတန်တို့ကို သူ့အိမ်တော်၌ တွေ့ဆုံခဲ့သည်။

သူတို့မတွေ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဘုန်းကြီးနှစ်ပါးသည် နေရောင်အောက်တွင် နာရီများစွာ နေရောင်ခံခဲ့ရခြင်းကြောင့် သူတို့၏ အသားအရေများသည် သိသိသာသာမည်းလာခဲ့သည်။ လွန်ခဲ့သည့်လအနည်းငယ်က ဝမ်ချောင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၌ရှိနေစဉ် သူတို့နှစ်ဦးသည် စင်ဒူသို့ ပြန်သွားခဲ့ကြသည်။

သူတို့နှစ်ဦးသည် ကိစ္စအဝဝကို ဖြေရှင်းရန် အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးနှင့် တွေ့ဆုံခဲ့ကြပြီး ထိုနေရာရှိ ငတ်မွတ်ခေါင်းပါးမှုဘေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

"သခင်လေး"

ဝမ်ချောင်ကို မြင်သည်နှင့် သူတို့နှစ်ဦးသည် လက်သီးဆုပ်လိုက်ကြပြီး လေးစားစွာ အရိုအသေပေးလိုက်ကြသည်။

ထူးဆန်းသည့်အရာမှာ ဘုန်းကြီးနှစ်ပါးသည် ယခင်က သက္ကတဘာသာစကားကိုသာ ပြောဆိုခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်မူ သိပ်မသွက်လက်သည့် ဟန်ဘာသာစကားဖြင့် အမှန်တကယ် ပြောဆိုနေကြခြင်းဖြစ်သည်။ ဤသည်ကို ဝမ်ချောင်နှင့် မဟာထန်ဆီသို့ လေးစားသမှုပြသည့် အပြုအမူဟုလည်း ယူဆနိုင်သည်။

"ဆရာတော်တို့ ဒီလောက်အထိယဉ်ကျေးနေစရာမလိုပါဘူး။"

ဝမ်ချောင်သည် သူ့လက်ကို သာမန်သာ ဝေ့ယမ်းလိုက်သည်။

အားလော်ကျားနှင့် အားလိုနိုတန်တို့သည် ယခင်က ဝမ်ကလန်တွင် အချိန်တစ်ခုအထိနေခဲ့ကြပြီး သူတို့သည် ဝမ်ချောင်ကိုပင် လိပ်အသက်ရှူခြင်းနည်းစနစ်ကို သင်ကြားပေးခဲ့ကြသည်။ ထို့ကြောင့် သူတို့ကြားရှိ ဆက်ဆံရေးသည် လွန်စွာမှ နီးကပ်ပေသည်။

"ကျွန်တော်တို့ လုပ်ရမှာပဲ။ သခင်လေးက ကျွန်တော်တို့စင်ဒူအတွက် အမှန်တကယ်အသက်ရှင်နေတဲ့ ဘုရားလောင်းတစ်ပါးပါပဲ။ မင်းက ကြီးမားတဲ့ဘေးအန္တရာယ်ကနေ ကျွန်တော်တို့ရဲ့ အမိမြေကို ကယ်တင်ခဲ့တယ်။ ကျေးဇူးပြုပြီး အရိုအသေပေးတာကို လက်ခံပါ။"

နီမြန်းနေသည့် မျက်လုံးများဖြင့် ထိုနှစ်ပါးသည် သူတို့၏လက်များကို ယှက်လိုက်ကြပြီး ဝမ်ချောင်ကို နောက်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်ကြသည်။

စင်ဒူသို့ လုံးဝမရောက်ဖူးသူများသည် ထိုနေရာ၌ နေ့စဉ်နှင့်အမျှဖြစ်ပျက်နေသော အဖြစ်ဆိုးများကို စိတ်ကူးနိုင်ကြမည်မဟုတ်ပေ။ ဆင်းရဲနွမ်းပါးသည့် အခြေအနေသည် ထိုနေရာတွင် များစွာရှိခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမှုများ မကြာခဏရှိခဲ့သော်လည်း ပြဿနာသည် ယခင်ကလောက် မပြင်းထန်ခဲ့ဖူးပေ။

လူတစ်ဦးသည် ပတ်ဝန်းကျင်တွင် ယင်ကောင်များဖုံးလွှမ်းနေသည့် ပိန်ခြောက်နေသော လူသေအလောင်းများနှင့် အရိုးစုများကို မြင်တွေ့နိုင်ပေမည်။ အကယ်၍ ဝမ်ချောင် ပေးခဲ့သည့် အကူအညီကြောင့်မဟုတ်လျှင် နောက်ထပ်အသက်များမည်မျှများပြားစွာ သေဆုံးမည်ကို မည်သူသိနိုင်မည်နည်း။

ထို့ကြောင့် သူတို့သည် သူတို့၏ ကယ်တင်ရှင်ကို ကျေးဇူးတင်နေကြခြင်းဖြစ်သည်။

ဘုန်းကြီးနှစ်ပါးသည် ဤကိစ္စအပေါ် အလေးအနက်ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် သူတို့နှစ်ပါးသည် သူ့အကူအညီဖြင့် ကယ်တင်ခံခဲ့ရသူများကိုယ်စား ဤအရာကိုပြုလုပ်နေကြခြင်းဖြစ်ကြောင်း ဝမ်ချောင် နားလည်သွားခဲ့သည်။ ထို့ကြောင့် သူသည် သူတို့၏ အရိုအသေပြုမှုကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။

သူတို့၏ စိတ်သက်သာရာရနေသောမျက်နှာများမှတဆင့် စင်ဒူရှိ အခြေအနေများသည် သိသာစွာ ကောင်းမွန်လာခဲ့ပြီဆိုသည်ကို ဝမ်ချောင်မြင်နိုင်ပေသည်။

"စင်ဒူက ပိုကောင်းလာတာ ကောင်းပါတယ်။ ဒါပေမယ့် ဆရာသခင်တို့ မဟာထန်ဆီက အစားအစာထောက်ပံ့မှုဟာ အမြဲတမ်းအတွက် အဖြေမဟုတ်ဘူး။ တကယ်လို့ စင်ဒူက ငတ်မွတ်ခေါင်းပါးမှုဘေးကနေ လွတ်မြောက်ချင်ရင် ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်။"

ဝမ်ချောင် ပြောလိုက်သည်။ သူတို့နှစ်ဦးနှင့် သူ့ကြားရှိဆက်ဆံရေးသည် အပြန်အလှန်အကျိုးပြုမှုများအပေါ်ဗဟိုပြုနေခဲ့သည်။ သို့သော်လည်း သူတို့၏ ဟန်ဆောင်မှုမရှိသည့် အမူအရာများသည် သူ့ကို ထိရှသွားစေခဲ့သည်။ ထို့ကြောင့် သူသည် သူတို့နှစ်ဦးကို အရေးပါသည့်အရာကို ထောက်ပြရန် ဆုံးဖြတ်ခဲ့လိုက်သည်။

မကြာသေးမီနှစ်များအတွင်း ငတ်မွတ်ခေါင်းပါးမှုဘေးသည် ပိုဆိုးလာခဲ့သော်လည်း စင်ဒူသည် စားနပ်ရိက္ခာကဏ္ဍတွင် ဘယ်သောအခါမှ တိုးတက်ကောင်းမွန်မလာခဲ့ပေ။

ထို့ကြောင့် ဝမ်ချောင်သည် အားလော်ကျားနှင့် အားလိုနိုတန်တို့နှင့် သဘောတူညီချက်အရ ဆိတ်၊ ကြက်၊ ဘဲနှင့် အခြားကြက်ငှက်များစွာကို ရိက္ခာခြောက်များနှင့်အတူ ပေးပို့ခဲ့သည်။ အကယ်၍ စင်ဒူသည် ဤအရင်းအမြစ်များကို ကောင်းစွာအသုံးချခဲ့မည်ဆိုပါက သူတို့သည် ဤအရာ၏ တစ်စိတ်တစ်ပိုင်းကို ကောက်ပဲသီးနှံများစိုက်ပျိုးခြင်းနှင့် မွေးမြူရေးခြံများထူထောင်ခြင်းတွင် ရင်းနှီးနိုင်သည်။

ဆိတ်များသည် နှစ်စဉ် သားပေါက်များ မွေးနိုင်ချိန်တွင် ကြက်နှင့် ဘဲများသည် ဥများကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်ပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ ဤအရာသည် စင်ဒူရှိ ပြင်းထန်သောအစာငတ်မွတ်ခေါင်းပါးမှုအခြေအနေကို ရေရှည်အတွက် တိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။

သို့သော်လည်း ထိုသို့ဖြစ်ရန်အလားအလာမရှိသည်ကို ဝမ်ချောင်သိသည်။

အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးသည် ဤတရားလွန်ငတ်မွတ်မှုဘေးအပေါ် အလွန်အာရုံစိုက်ထားသောကြောင့် သူသည် တိုင်းပြည်၏ အနာဂတ်ကို လျစ်လျူရှုထားမိသည်။

ဤအခြေအနေက ဝမ်ချောင်ကို လွန်ခဲ့သည့်နှစ်များစွာက သူကြားခဲ့ဖူးသော ပုံပြင်တစ်ပုဒ်အားသတိရသွားစေသည်။

တစ်ခါက အလွန်ဆင်းရဲသောမိသားစုတစ်ခုတွင် ကောင်လေးတစ်ယောက်ရှိခဲ့သည်။ သူ့အိမ်နီးချင်းများက သူဆာလောင်နေသည်ကို မြင်သွားကြပြီး သနားသွားကြကာ သူ့ကို ကူညီရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် အိမ်နီးချင်းများသည် ပိုက်ဆံစုလိုက်ကြပြီး သူ့အတွက် နွားတစ်ကောင်ဝယ်ပေးခဲ့ကြသည်။

နွားကို ရရှိပြီးနောက် ကောင်လေးသည် သူ့ဘဝကို ပြောင်းလဲပစ်ရန်နှင့် သူ့ကိုယ်သူ ဆင်းရဲတွင်းမှ လွတ်မြောက်စေရန် ဤနွားကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် ဆာလောင်မှုသည် တိုက်ခိုက်လာခဲ့သည်။ နွားသည် ဆိတ်တစ်ကောင်ထက် ကိုတန်ဖိုးရှိသည်ကို အမှတ်ရလိုက်ကာ သူသည် နွားကိုရောင်းပြီး ဆိတ်တစ်ကောင်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် နွားရောင်းခြင်းမှ ပိုလျှံသည့် ပိုက်ဆံများကို သူ့ဗိုက်ဖြည့်ရန်အတွက် အသုံးပြုနိုင်ပေမည်။ မည်သို့ပင်ဆိုစေကာမူ ဆိတ်သည်လည်း နို့များကို ထုတ်လုပ်နိုင်ပြီး မျိုးဆက်များပြန့်ပွာလာနိုင်သည်။

သို့သော် အိမ်နီးချင်းများက သူ့ကို အပြစ်တင်မည်ကို စိုးရိမ်သောကြောင့် သူ တွေဝေနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ သူသည် နွားကို ရောင်းလိုက်ပြီး ဆိတ်တစ်ကောင်ယူဝယ်ခဲ့သည်။

သို့သော်လည်း နောက်တစ်ရက်တွင် ဤရောင်းဝယ်ခြင်းမှ ရရှိသော ပိုက်ဆံများအားလုံးကို သုံးစွဲလိုက်ပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ ဤသို့ဖြင့် ဆိတ်တစ်ကောင်သည် ကြက်တစ်ကောင်ထက်ပိုတန်ဖိုးရှိပြီး ကြက်သည် ဥဥနိုင်သောကြောင့် သူသည် ဆိတ်ကို ကြက်ဖြင့် ရောင်းဝယ်ရန် တွေးလိုက်မိပြန်သည်။ ဤနည်းဖြင့် သူသည် ရောင်းဝယ်မှုမှ အမြတ်အစွန်းဖြင့် နောက်ထပ်အစားအစာဝယ်ဝယ်ယူနိုင်သည်။

သူသည် ရှေ့၌တစ်ကြိမ်ပြုခဲ့ဖူးသောကြောင့် နောက်တစ်ကြိမ်ထပ်လုပ်ရာတွင် အပြစ်ရှိသည်ဟု မခံစားခဲ့ရတော့ပေ။

သို့သော် တတိယမြောက်နေ့တွင် ကြက်က လုံးဝဥ မဥသည်ကို ကောင်လေးသိသွားခဲ့သည်။ ထိတ်လန့်သွားခဲ့ကာ ကောင်လေးသည် ကြက်ကို သတ်စားခဲ့လိုက်သည်။

လေးရက်မြောက်နေ့တွင် ဆာလောင်မှုက သူ့ကို နောက်ထပ်တိုက်ခိုက်လာသောအခါ ကောင်လေးသည် အိမ်အနှံ့ရှာဖွေခဲ့ပြီး ဘာမှမကျန်တော့သည်ကို သိလိုက်ရသည်။

ဤသည်မှာ လက်ရှိ၌ စင်ဒူကြုံတွေ့နေရသည့် အခြေအနေဖြစ်သည်။ သူတို့ကို အကူအညီများ အကြိမ်မည်မျှပေးခဲ့ပါစေ သူတို့သည် အခြေအနေကို ပြောင်းလဲရန်မကြိုးစားပါက အနာဂတ်တွင် ဆင်းရဲဒုက္ခများ ဆက်လက်တည်ရှိနေပေမည်။

ဤအခြေအနေတွင် သူတို့ကို ဝမ်ချောင်ကူညီနိုင်သည့်အရာ မရှိတော့ပေ။

အားလော်ကျားနှင့် အားလိုနိုတန်တို့သည် ထိုစကားများကို ကြားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကိုးရိုကားရားကြည့်လိုက်မိကြသည်။

သူတို့သည် အခြေအနေကို နားမလည်ဘဲ မည်သို့ရှိနိုင်မည်နည်း။ အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးပင် ဤသဘောတရားကို နားလည်ခဲ့သော်လည်း ဤကိစ္စရှေ့တွင် သူတို့သည် အကူအညီမဲ့နေခဲ့ကြရသည်။ ရိက္ခာများကိုထိန်းသိမ်းထားခြင်းသည် သူတို့ဆီသို့ တောက်ပသည့်အနာဂတ်များ ယူဆောင်လာနိုင်သည်။ သို့သော် ထိုသည်က သူတို့သည် လူအချို့ကို လက်လွတ်ရမည်ဖြစ်ပြီး ထိုလူများ အစာငတ်မွတ်သေဆုံးသွားသည်ကို ကြည့်နေရမည်ဟုဆိုလိုသည်။ ဤသည်က သူတို့ကို ဆုံးဖြတ်ချက်ချရန် ခက်ခဲစေသည်။

"ဒီအကြောင်းမပြောကြရအောင်။"

ကံကောင်းထောက်မစွာဖြင့် ဤအခိုက်အတန့်တွင် ဝမ်ချောင်သည် လက်ဝေ့ယမ်းလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဆရာသခင် ကျွန်တော် ခင်ဗျားတို့ကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ ခင်ဗျားတို့ရဲ့ အဆင့်မြင့်ခရစ်ယာန်ဘုန်းကြီးနဲ့ ဆွေးနွေးစရာရှိလို့ပါ။"

ဝမ်ချောင် တဲ့တိုးပြောလိုက်သည်။ ဤတွေ့ဆုံပွဲအတွက် သူတို့နှစ်ဦးကို သူခေါ်လိုက်ရသည့်အကြောင်းအရင်းမှာ စင်ဒူ၏ ဒုက္ခများအကြောင်း ဆွေးနွေးရန်မဟုတ်ပေ။

"သခင်လေး ကျေးဇူးပြုပြီးပြောပါ။"

ထိုနှစ်ယောက် အမူအရာလုပ်ပြလိုက်ကြသည်။

"ကျွန်တော် ဟိုက်ဒရာဘတ်သတ္တုရိုင်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးနဲ့ ညှိနှိုင်းလိုပါတယ်။ ကျွန်တော်တို့ အလယ်ပိုင်းလွင်ပြင်ဒေသကို ဖြန့်ဖြူးတဲ့ ဟိုက်ဒရာဘတ်သတ္တုရိုင်းကို တိုးမြင့်ချင်တယ်... ဆရာသခင်တို့ ဒီကိစ္စကြောင့် အခက်တွေ့နေစရာမလိုပါဘူး။ ကျွန်တော့်ကို စကားဆုံးအောင်ပြောခွင့်ပြုပါ။"

ဘုန်းကြီးနှစ်ပါး၏ အခက်တွေ့နေသည့် အမူအရာများကို မြင်လိုက်ရသောကြောင့် ဝမ်ချောင်သည် သူ့လက်တစ်ချောင်းကို မြှောက်ပြလိုက်ပြီး ယုံကြည်မှုရှိသည့်အမူအရာနှင့် ညို့ယူဖမ်းစားနိုင်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။

"ရွှေပြားတစ်ထောင်.. ဒါက ဟိုက်ဒရာဘတ်သတ္တုရိုင်းအတွက် ကျွန်တော်ကမ်းလှမ်းချင်တဲ့ ဈေးနှုန်းအသစ်ပဲ။ ခင်ဗျားတို့ရဲ့ အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးက ဒီဈေးနှုန်းကို ကျေနပ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။"

ထိုစကားများသည် အခန်းထဲတွင် ကျယ်လောင်လှပြီး ရှင်းလင်းလှသည်။

"ရွှေပြားတစ်ထောင်လား။"

ဝမ်ချောင်၏ အကြံပြုချက်ကို ငြင်းပယ်ရန် စဉ်းစားနေခဲ့ကြသော အားလော်ကျားနှင့် အားလိုနိုတန်တို့သည် ပြောစရာစကားမဲ့သွားခဲ့ကြသည်။

"သခင်လေး မင်း ငါတို့ကိုကျီစားနေတာလား။"

အားလော်ကျားသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် တဆက်ဆက်တုန်ရီနေသည့် နှုတ်ခမ်းဖြင့် မေးလိုက်မိသည်။ ဝမ်ချောင်သည် ဤကမ်းလှမ်းမှုနှင့်ပတ်သက်၍ အလေးအနက်ထားနေသည်ဟု သူ မယုံရဲခဲ့ပေ။ ထိုလူငယ် ကမ်းလှမ်းလာသည့် ဈေးနှုန်းသည် လက်ရှိဈေးနှုန်းထက် များစွာ မြင့်မားနေခဲ့သည်။

"ဟားဟားဟား ဒီလိုကိစ္စမျိုးကို ကျွန်တော် ခင်ဗျားတို့နဲ့ မကျီစားရဲပါဘူး။"

ဝမ်ချောင်ရယ်မောလိုက်သည်။ မတ်တပ်ရပ်လိုက်ကာ သူသည် သူ့အရွယ်နှင့် မလိုက်သည့် ရင့်ကျက်တည်ငြိမ်သော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်သည်။

သူရှေ့တွင် အားလော်ကျားနှင့် အားလိုနိုတန်တို့သည်ပင် အလေးအနက်မထားဘဲ မနေနိုင်တော့ပေ။ သူစကားပြောလိုက်တိုင်း သူတို့သည် စကားတစ်လုံးကိုပင် လွတ်သွားမည်စိုးသောကြောင့် အာရုံစူးစိုက်၍ နားထောင်ကြပေလိမ့်မည်။

ထို့အပြင် ဤအရာအားလုံးသည် မသိစိတ်မှ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ထိုသည်မှာ အစပိုင်းနှင့်မတူချေ။ အစပိုင်းတွင် သူတို့သည် ဝမ်ချောင်ကိုပင် ငြင်းဆန်ခဲ့ကြသည်။(ကျီစားနေသလားမေးတာက ငြင်းဆန်တာပါပဲ။)

"ကျွန်တော် ဒီလောက်မြင့်မားတဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းရတဲ့အဓိကအကြောင်းအရင်းကတော့ ဘာကြောင့်လဲဆိုတော့ အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးက ကျွန်တော့်ကို ဒီနှစ်မှာ ဝေစုအများအပြားမျှဝေပေးနိုင်မယ်လို့ မျှော်လင့်တာကြောင့်ပါ။"

ဝမ်ချောင် ရှင်းပြလိုက်သည်။

ဟိုက်ဒရာဘတ်သတ္တုရိုင်း၏ နှစ်စဉ်ထုတ်လုပ်မှုသည် အလွန်မှနည်းပါးလှသည်။ ထို့ကြောင့် ရောင်းအားကို ဝယ်သူအမျိုးမျိုးဆီသို့ ခွဲဝေရပေလိမ့်မည်။ တစ်နည်းဆိုရသော် အကယ်၍ အင်အားစုတစ်ခုသည် သတ္တုရိုင်းခွဲတမ်းအများအပြားရရှိခဲ့ပါက ကျန်သည့် အင်အားစုများသည် ခွဲတမ်းနည်းနည်းသာရပေလိမ့်မည်။

အမှန်ပင်။ ဝမ်ချောင်သည် အာဘတ်စစ်စော်ဘွားနှင့်ခဲရပ်စပါစီနူထံမှ ခွဲတမ်းကို လုယူရန် ကြံစည်နေခြင်းဖြစ်သည်။

သူ့ယခင်ဘဝတွင် အနောက်ပိုင်းဒေသ၌ အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူတို့သည် သူတို့၏ ကျောက်စိမ်းရိုင်းသံမဏိဓားမောက်များဖြင့် မဟာထန်လက်ရွေးစင်စစ်စည်များကို တစ်ယောက်မကျန်သုတ်သင်နိုင်ခဲ့ကြသည်။

"ငွေကြေးဖြင့် တစ်ယောက်သည် နတ်ဆိုးများကိုပင် ပြောင်းရွေ့နိုင်သည်။"

ဝမ်ချောင်သည် သူ့ငွေကြေးအင်အားကို အသုံးချကာ အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူထံမှ ဟိုက်ဒရာဘတ်သတ္တုရိုင်းဝေစုကို ခိုးယူရန် ကြံစည်နေခြင်းဖြစ်သည်။ ဤသို့ဖြင့် သူသည် သူတို့၏ ကျောက်စိမ်းရိုင်းသံမဏိဖြင့် ဆင်ယင်ပေးထားသော တပ်ဖွဲ့တစ်ခုကို တည်ဆောက်ခြင်းမှ တားဆီးနိုင်ပေမည်။

"အမျှော်အမြင်ရှိသည့် နိုင်ပွဲများသည် လျှို့ဝှက်ကြံစည်ခြင်းများမှလာခြင်းဖြစ်သည်။ စစ်သည်များမှမဟုတ်ပေ။"

အကောင်းဆုံး စစ်ရေးဗျူဟာများတွင် စစ်သားများကို အသုံးပြုခြင်းမရှိဘဲ ရန်သူများကို ဖျက်ဆီးခြင်း ပါဝင်ပေသည်။ ဝမ်ချောင်သည် လီချင်းယုန်ထံမှ ကြိုတင်ပေးချေငွေ ရွှေပြားရှစ်သန်းကို မယူရသေးပေ။

ကျင်းနန်ခြင်္သေ့တောင်ကုန်းအတွက် အသုံးပြုရန် ရည်ရွယ်ထားခဲ့သည့် ရွှေပြားငါးသန်းကို ဖယ်ထားလိုက်လျှင် ကျန်သည့် ရွှေပြားသုံးသန်းကို အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူထံမှ ဟိုက်ဒရာဘတ်သတ္တုရိုင်းအတွက် ယှဉ်ပြိုင်ရန် အသုံးချပေမည်။

စစ်ပွဲတစ်ခုတွင် ဓားနှင့် လှံများကို ‌ဝေ့ယမ်းရန် မလိုအပ်ခဲ့ပေ။ အကယ်၍ တစ်ဖက်လူ၏ လက်သည်းများနှင့် အစွယ်များကို ချိုးနိုင်ခဲ့လျှင် အောင်ပွဲရနိုင်ပေသည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ ဝမ်ချောင်သည် သူ၏ "ဟိုက်ဒရာဘတ်သတ္တုရိုင်းအကြံအစည်" နှင်းဘောလုံးအတွက် အရှိန်အဟုန်ကို စောင့်မျှော်နေခဲ့ပြီး နောက်ဆုံးတွင် သူ့ရည်မှန်းချက်များကို အပြည့်အဝပြသရန် အချိန်တန်ပြီဖြစ်သည်။

ဝမ်ချောင်သည် ဟိုက်ဒရာဘတ်သတ္တုရိုင်းမှ ရရှိသော ငွေပမာဏအမြောက်အများကို အသုံးချကာ ကျောက်စိမ်းရိုင်းသံမဏိဖြင့် တပ်ဆင်ထားသည့် လူတစ်သောင်းပါဝင်သည့် သူ့ကိုယ်ပိုင်တပ်ဖွဲ့ကို တည်ဆောက်ရန်လည်း ရည်ရွယ်ထားခဲ့သည်။

သူသည် သူ့ယခင်ဘဝမှ မဟာထန်၏ မပြည့်ဝခဲ့သော ဆန္ဒကို ဖြည့်ဆည်းပေးပေလိမ့်မည်။ သူ၏ သာလွန်သော စစ်ရေးဆိုင်ရာအမျှော်အမြင်နှင့် လက်နက်များ၏ ကြောက်မက်ဖွယ်ခွန်အားမှတဆင့် သူသည် မဟာထန်ကို မကောင်းသည့် ရည်မှန်းချက်များဖြင့် ကြည့်နေကြသည့် နိုင်ငံများကို ဖယ်ရှားပေလိမ့်မည်။

စင်ဒူနှင့် အဆင့်မြင့်ခရစ်ယာန်ဘုန်းကြီးသည် သူ့ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်လိမ့်မည်မဟုတ်ကြောင်း ဝမ်ချောင် သိသည်။ သူကမ်းလှမ်းမှုသည် အလွန်မှကြီးမားပေသည်။

"သခင်လေးက သတ္တုရိုင်း ပမာဏဘယ်လောက်အထိဝယ်ယူဖို့ စိတ်ကူးထားလဲ သိလို့ရမလား။"

အားလော်ကျားသည် လေးနက်သည့် အမူအရာဖြင့် ဘေးမှနေ၍ မေးလိုက်သည်။

ရွှေပြားတစ်ထောင်သည် လက်ရှိတွင် ဝမ်ချောင်နှင့် အခြားဝယ်သူများက ပေးသော ဈေးနှုန်းထက် အလွန်တရာမှမြင့်မားနေပေသည်။ သို့သော်လည်း ဟိုက်ဒရာဘတ်သတ္တုရိုင်းသည် အကန့်အသတ်ရှိပြီး အင်အားစုတစ်ခုဆီသို့ ရောင်းအားကို တိုးမြင့်လိုက်ခြင်းသည် အကျဘက်သို့ ဦးတည်စေလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ အခြားအင်အားစုများကို မကျေမနပ်ဖြစ်စေနိုင်မည်။

ဟိုက်ဒရာဘတ်သတ္တုရိုင်းနှင့် စပ်လျဉ်းသည့် ကိစ္စသည် သူ့အတွက် တစ်ဦးတည်းဆုံးဖြတ်ရန် အလွန်အရေးကြီးလှသည်။ အဆင့်မြင့်ခရစ်ယာန်ဘုန်းကြီးသာလျင် ထိုကဲ့သို့အရေးကြီးသည့်ဆုံးဖြတ်ချက်များ ပြုလုပ်ရန် အခွင့်အာဏာရှိပေသည်။

ဝမ်ချောင်သည် လက်ငါးချောင်းထောင်ပြလိုက်ပြီး ပြောလိုက်သည်။

"ဂျင်ငါးထောင်။"

အပိုင်း ၂၈၇

မြို့စားကြီးလီအိမ်တော်အပြင်ဘက်မှ မျက်နှာဖုံးနှင့်လူ

“မဖြစ်နိုင်ဘူး။”

အားလော်ကျားနှင့် အားလိုနိုတန်တို့ တစ်ပြိုင်တည်းပြောလိုက်ကြသည်။ သူတို့၏ တုံ့ပြန်မှုများသည် အလွန်အကျွံဖြစ်သွားသောကြောင့် အားလော်ကျားက အလျင်အမြန်ရှင်းပြလိုက်သည်။

“သခင်လေး ကျွန်တော်တို့က ခင်ဗျားကို မရောင်းချင်လို့မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်တို့ဟာ ဟိုက်ဒရာဘတ် သတ္တုရိုင်းကို တစ်နှစ်ပတ်လုံးမှာတောင်မှ များများမတူးဖော်နိုင်ဘူး။”

ဟိုက်ဒရာဘတ်သတ္တုရိုင်းသည် အလွန်တရာမှမာကျောလှသည်။ ထို့အပြင် ၎င်း၏ တည်နေရာသည်လည်း အလွန်အန္တရာယ်များသော မြေပြင်၌ တည်ရှိသည်။ ထို့ကြောင့် သူ့ကို တူးဖော်ရသည်မှာ အလွန်တရာမှခက်ခဲပေသည်။ ပြောစရာမလိုအောင်ပင် ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ထူးခြားသောတည်နေရာ၌သာ တွေ့နိုင်ပေသည်။

အကယ်၍ သူတို့သည် တစ်နှစ်ပတ်လုံးတူးဖော်ခဲ့သည့် ဟိုင်ဒရာဘတ်သတ္တုရိုင်းကို ပေါင်းလိုက်လျှင်ပင် ဂျင် ၅၀၀၀ မပြည့်နိုင်ပေ။

“ဒါဆို လက်ရှိမှာ ဟိုက်ဒရာဘတ်သတ္တုရိုင်းထုတ်လုပ်မှုပမာဏက ဘယ်လောက်ရှိလဲ။”

ဝမ်ချောင်သည် သူ့လက်ကို နောက်သို့ပစ်လိုက်ကာ ‌အပြုံးဖြင့် မေးလိုက်သည်။ သဘာဝအားဖြင့် သူသည်လည်း တစ်နှစ်အတွင်း ဟိုက်ဒရာဘတ်သတ္တုရိုင်းများစွာ ထုတ်လုပ်ရန် မဖြစ်နိုင်သည်ကို သိပေသည်။

သူသည် ဤအရာကို အသုံးချပြီး ဟိုက်ဒရာဘတ်သတ္တုရိုင်းထုတ်လုပ်မှုပမာဏအစစ်အမှန်ကို ဖော်ထုတ်လိုက်ခြင်းသာဖြစ်သည်။ ဤသို့ဖြင့် သူဖြုတ်ရမည့် ပမာဏကို ခန့်မှန်းနိုင်ပေမည်။

“ဂျင် ၃၀၀၀ ဒါက ကျွန်တော်တို့နှစ်စဉ်ထုတ်လုပ်မှု ပမာဏရဲ့ လက်ရှိအမြင့်ဆုံးခန့်မှန်းချက်ပဲ။ တကယ်လို့ ကျွန်တော်တို့က နှစ်စဉ် ဂျင် ၅၀၀၀ ထုတ်လုပ်ချင်ရင် ကျွန်တော်တို့ရဲ့ လူအင်အားကို တိုးချဲ့ပြီး ထုတ်လုပ်မှုပမာဏကို ချဲ့ထွင်ရပါမယ်။”

အားလော်ကျား စိတ်ပါလက်ပါပြန်ဖြေလိုက်သည်။

“ဒါဆို ခင်ဗျားတို့က ဘာလို့ ထုတ်လုပ်မှုပမာဏကို မချဲ့ထွင်ရမှာလဲ။ ဟိုက်ဒရာဘတ်သတ္တုရိုင်းတွေက အမြတ်အစွန်းများတာကြောင့် ခင်ဗျားတို့ရဲ့ အမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးက တူးဖော်ရေးလုပ်ငန်းစဉ်ကို ချဲ့ထွင်ဖို့ သေချာပေါက်တွေးမိလိမ့်မယ်။”

ဝမ်ချောင် မေးလိုက်သည်။

“ကျွန်တော်တို့မှာ အဲလိုအစီအစဉ်ရှိပါတယ် ဒါပေမယ့် ရလဒ်က နောက်နှစ်မှ ထွက်ပေါ်လာလိမ့်မယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့က ခင်ဗျားကို အများကြီး ထောက်ပံ့နိုင်သေးမှာမဟုတ်ဘူး။”

အားလော်ကျား လေးနက်စွာ ပြန်ဖြေလိုက်သည်။

တစ်ဂျင်အတွက် ရွှေပြားတစ်ထောင်သည် တကယ့်ကို သွားရေကျစရာ အရောင်းအဝယ်ဖြစ်သည်။ သံသယရှိစရာမလိုပင် သူတို့သာ ဤအရောင်းအဝယ်ကို လုပ်နိုင်ခဲ့ပါက စင်ဒူအတွက် အကျိုးအမြတ်များစွာရှိပေလိမ့်မည်။ သို့သော်လည် ပြဿနာမှာ ဝမ်ချောင်၏ တောင်းဆိုမှုသည် အလွန်မြင့်မားလွန်းလှသည်။ စင်ဒူသည် လက်ရှိတွင် ဂျင် ၅၀၀၀ ထုတ်ယူ မလာနိုင်သေးပေ။

“ဒါဆို ဂျင်တစ်ထောင်ဆိုရင်ရော အဆင်ပြေလောက်တယ်မဟုတ်လား။”

ဝမ်ချောင် အပြုံးဖြင့် မေးလိုက်သည်။ ဤသည်မှာ သူ့အစစ်အမှန်ရည်ရွယ်ချက်ဖြစ်သည်။

အကယ်၍ ဝမ်ချောင်သည် ဤဘုန်းကြီးနှစ်ပါးဖြင့် ဆွေးနွေးနေခြင်းသာဆိုပါက သူသည် ဤအရာကို ခန့်မှန်းတွက်ချက်ရန် ဤမျှများပြားလှသည့် ပမာဏအထိ သွားစရာလိုလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဤဘုန်းကြီးနှစ်ပါးသည် လက်ရှိတွင် အဆင့်မြင့်ခရစ်ယာန်ဘုန်းကြီး၏ မျက်စိနှင့် နားများအဖြစ် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဝမ်ချောင်သည် စင်ဒူအဆင့်မြင့်ခရစ်ယာန်ဘုန်းကြီးနှင့် သွယ်ဝိုက်၍ ဆွေးနွေးနေခြင်းပင်။ ထိုသို့ဖြစ်သောကြောင့် သူသည် လှည့်စားမှုတချို့ကို အသုံးပြုရပေမည်။

“ဒါက...ခက်ခဲလိမ့်မယ် ဒါပေမယ့် ဖြစ်နိုင်လောက်ပါတယ်။”

အားလော်ကျားသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့်လည်း ရောင်းဝယ်မှု ပြီးမြောက်ဖို့က အနည်းဆုံးနှစ်လကြာလိမ့်မယ်။ ဒါက ဂျင်တစ်ထောင်ဝယ်ယူဖို့ လုံလောက်တဲ့ပိုက်ဆံတွေစုဆောင်းဖို့ မင်းအတွက် လုံလောက်တဲ့အချိန်ဖြစ်လောက်မယ်။”

စင်ဒူမှ ယခုလေးတင်ရောက်လာခဲ့ခြင်းကြောင့် သူတို့နှစ်ပါးသည် ကျောက်စိမ်းရိုင်းသံမဏိနှင့်ပတ်သက်သည့် အခြေအနေကို အလွန်တရာမှ ရင်းနှီးပေသည်။ အမှန်တွင် ဝမ်ချောင်တောင်းဆိုခဲ့သည့် ဂျင်တစ်ထောင်သည် ဤနှစ်အတွက် စင်ဒူတတ်နိုင်စွမ်းရှိသည့် ကန့်သတ်ချက်ပမာဏဖြစ်သည်။ ဤပမာဏကို ရောင်းလိုက်ပြီးနောက် သူတို့တွင် လက်ကျန် ကျန်ရှိတော့‌မည်မဟုတ်ပေ။ ဤသည်မှာ ဤနှစ်၏ ကျန်ရှိနေသေးသော လအနည်းငယ်မှ ထုတ်လုပ်မှုလည်း ပါဝင်ပေသည်။

“...ဒါပေမယ့် ဒီကိစ္စအတွက် ကျွန်တော့်မှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဘူးဆိုတာကို အလေးပေးပြောကြားလိုပါသေးတယ်။ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးဘုန်းကြီးက ဒါကို အတည်ပြုဖို့လိုပါသေးတယ်။”

အားလော်ကျား ထပ်ပြောလိုက်သည်။

“ဒါပေါ့။ ဆရာသခင်တို့ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ အမြင့်ဆုံးဘုန်းကြီးကို ပြောလိုက်ပါ စင်ဒူက ကျွန်တော့်ရဲ့ တောင်းဆိုမှုကို သဘောတူတာနဲ့ ကျွန်တော် ရွှေပြားတစ်သန်းကို ချက်ချင်းပေးချေပါ့မယ်။”

ဝမ်ချောင် သူ့နောက်ဆုံးဗုံးကို ဆွဲထုတ်လိုက်သည်။

ကြီးမားသော ဆုလာဘ်အောက်တွင် ဧကန်မုချရဲရင့်သောဝိညာဉ်သည် ရပ်တည်နေပေသည်။

ခဏကြာပြီးနောက် အနည်းငယ်မှိန်းမောနေသော အမူအရာများဖြင့် အားလော်ကျားနှင့် အားလိုနိုတန်တို့သည် ဝမ်ကလန်၏ ဂိတ်တံခါးမှ ထွက်လာခဲ့ကြသည်။ သူတို့၏ မျက်နှာပေါ်မှ အံ့အားသင့်နေသော အမူအရာကို ကြည့်လိုက်ကာ ဝမ်ချောင်သည် အားရကျေနပ်စွာဖြင့် ပြုံးလိုက်သည်။

ရွှေပြားတစ်သန်း...။

ထိုသည်မှာ ယခင်ကရောင်းဝယ်မှုထက် ဆယ်ဆများပြားသော ပမာဏဖြစ်သည်။ ရွှေပြား ၉၀၀,၀၀၀ သည် စင်ဒူ၏ အခြေအနေကို သိသာထင်ရှားစွာ သက်သာစေရန် လုံလောက်နေပြီဖြစ်သည်။ သူတို့သည် ဆင်းရဲတွင်းနက်နေသော စင်ဒူအတွက် ရွှေတစ်သန်းသည် မည်သို့သဘောသက်ရောက်မည်ကို တွေးကြည့်ရန် ခဲယဉ်းပေသည်။

သူ့လက်ထဲတွင် သူတို့၏စိတ်ဓာတ်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် သူ့ငါးစာသည် စင်းဒူအတွက် သေချာပေါက်ငြင်းရက်စရာရှိလိမ့်မည်မဟုတ်သည်ကို ဝမ်ချောင်သိပေသည်။

စင်ဒူ၏ကောင်းကျိုးအတွက်မဟုတ်လျှင်ပင် အားလော်ကျားနှင့် အားလိုနိုတန်တို့သည် သဘောတူညီချက်ကိုလက်ခံရန် အဆင့်မြင့်ခရစ်ယာန်ဘုန်းကြီးအား သေချာပေါက်အစွမ်းကုန်စည်းရုံးသိမ်းသွင်းကြပေလိမ့်မည်ဖြစ်သည်။

“သခင်လေး အဲလိုလုပ်တာက တကယ်ရော တန်ရဲ့လား။ ရွှေပြားတစ်သန်းက သေးငယ်တဲ့ပမာဏမဟုတ်ဘူး။”

လူအိုကြီးလင်းယုန်ငှက် ထွက်ခွာသွားသည့် ဘုန်းကြီးနှစ်ပါး၏ နောက်ကျောကို ကြည့်ကာ ပြောလိုက်သည်။

သူသည် ဝမ်ကလန်နှင့် ဝမ်ချောင်နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သောကြောင့် အလုပ်အတွက် ဝမ်ကလန်ကို အဆင့်တစ်ခုအထိနားလည်ထားရန်လိုအပ်ပေသည်။ ထို့ကြောင့် သူသည် ဟိုက်ဒရာဘတ်သတ္တုရိုင်းနှင့်ပတ်သက်သည့် ကိစ္စရပ်ကိုလည်း သိထားခဲ့ပေသည်။

သို့သော်လည်း ရွှေပြားတစ်သန်းသည် တကယ့်ကို များပြားလွန်းလှသည်။

“ရွှေဆိုတာ သတ္တုတွေရဲ့ အခြားပုံစံတစ်ခုထက်မပိုပါဘူး။ မကြာမီ ခင်ဗျား ဒါကို နားလည်လာမှာပါ။”

ဝမ်ချောင် မခို့တရို့လေးပြုံးလိုက်သည်။

ခြင်္သေ့ကျောက်ဆောင်တောင်ကုန်းရှိ ခံတပ်ကို ကျန့်ရှို့ကျီက ကြီးကြပ်နေခဲ့သည်။ အစားအစာထောက်ပံ့မှုနှင့် စပ်လျဉ်းသည့် ပြဿနာကို ကျိုးကျီတွင် ကျန့်မုနျန်က ဖြေရှင်းနေခဲ့ပြီး လီကျူးရှင်က သူ့ကို ကာကွယ်ပေးနေပေသည်။ ကျန်းဝမ်ထိုသည် တစ်ကိုယ်တော်ဝံပုလွေ၏ စောင့်ကြည့်မှုအောက်တွင် ရှိပေလိမ့်မည်။ နောက်ဆုံး သို့သော် နောက်ဆုံးမဟုတ်သည့် စင်ဒူအမြင့်ဆုံးခရစ်ယာန်ဘုန်းကြီးနှင့် ပတ်သက်၍... ဝမ်ချောင်သည် သူ့ကို ယခင်က တစ်ခါမှ မတွေ့ခဲ့ဖူးသော်လည်း ထိုလူသည် ရွှေပြားတစ်သန်း၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမည်ဟု သူ မထင်ထားပေ။

လက်ရှိတွင် အာဘတ်စစ်စော်ဘွားနှင့် ခါးရပ်စပါစီနူတို့သည် ကျောက်စိမ်းရိုင်းသံမဏိထုလုပ်သည့် ပညာရပ်ကို မကျွမ်းကျင်ကြသေးပေ။ ထို့ကြောင့် သူတို့သည် ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ၀ယ်ယူခြင်းတွင် တန်ဖိုးအများကြီးကို မြင်နိုင်လိမ့်မည်မဟုတ်ပေ။

အရာအားလုံးသည် လမ်းကြောင်းပေါ်သို့ ရောက်နေခဲ့သည်။

မဖြစ်နိုင်ဟု သူတွေးထင်ထားခဲ့သော အရာနှင့် သူ့ယခင်ဘဝတွင် ပြီးမြောက်ရန် ကျရှုံးခဲ့သော အရာများကို ဝမ်ချောင်သည် နောက်ဆုံးတွင် အောင်မြင်ခဲ့ပြီဖြစ်သည်။ အရာအားလုံးကို ဖြေရှင်းပြီးသောအခါ သူသည် ခွန်းဝူသို့ ပြန်မည်ဖြစ်ပြီး သူ့အချိန်ကို သူ့သိုင်းပညာရပ်များအတွက် ပြန်၍ နှစ်မြှပ်မည်ဖြစ်သည်။

‘အခု နောက်ဆုံးကိစ္စတစ်ခုပဲ ကျန်တော့တယ်။’ ခေါင်းထဲတွင် လူတစ်ယောက်ပေါ်လာခဲ့ကာ ဝမ်ချောင်တွေးလိုက်သည်။

ဤတကြိမ် မြို့တော်တွင် သူပြီးမြောက်အောင်မြင်ရန် အဓိက ပန်းတိုင် နှစ်ခုရှိသည်။ တစ်ခုမှ ကျန့်ချိုးကျင်းချုံးနှင့် သူ့ကွပ်ကဲသူများကို တွေ့ဆုံရန်ဖြစ်ပြီး နောက်တစ်ခုမှ တိကျသည့် လူတစ်ဦး၏ နောက်ခံကို စုံစမ်းစစ်ဆေးရန်ဖြစ်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ထိုသို့ပြန်လုပ်ရန် သူ့အတွက် အဆင်မပြေပေ။ သို့သော် ဝမ်ကလန်၏ လွှမ်းမိုးမှုကို အသုံးပြုခြင်းဖြင့် တစ်ခုခုကို ရှာတွေ့ရန် သူ့အတွက်ခက်ခဲလိမ့်မည်မဟုတ်ပေ။

“လူအိုကြီးလင်းယုန်ငှက် စုံစမ်းစစ်ဆေးတာ ဘယ်လိုနေလဲ။ သတင်းလေးဘာလေးရှိလား။”

ဝမ်ချောင်သည် လေသံတိုးတိုးဖြင့် ထိုစကားများကို ပြောလိုက်သည်။

“အာ”

လူအိုကြီးလင်းယုန်ငှက်သည် အိပ်မက်မှ လန့်နိုးလာသူတစ်ဦးကဲ့သို့ အာမေဋိတ်သံပြုလိုက်ကာ လေးနက်သည့်အမူအရာသည် သူ၏အနည်းငယ်မှိန်းမောတွေဝေနေသော အမူအရာ၌ ချက်ချင်းအစားထိုးလာခဲ့သည်။ ဝမ်ချောင်ပြောနေသည့် ကိစ္စမှာ ရှိုရှု့ဘုရင်ကို သတ်ဖြတ်ပြီးနောက် ဝမ်ချောင်က သူ့ကို ပေးအပ်ခဲ့သော တာဝန်တစ်ခုဖြစ်သည်။

ဤသည်မှာ သူနှင့် တစ်ကိုယ်တော်ဝံပုလွေ၊ သံမဏိလက်တို့သည် ဝမ်ချောင်နောက်သို့ လိုက်ရန် ကျိန်ဆိုခဲ့ပြီးနောက် ဝမ်ချောင်က သူ့ကို ပထမဆုံးပေးအပ်ခဲ့သော တာဝန်ဖြစ်သည်။ ထို့ကြောင့် လူအိုကြီးလင်းယုန်ငှက်သည် ဤကိစ္စကို ဂရုတစိုက် အာရုံစိုက်ထားခဲ့သည်။

“သခင်လေး ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက အဲဒီတပ်သားသစ်ကို စုံစမ်းဖို့ ကျွန်တော့်ရဲ့ စစ်မှုထမ်းဌာနနဲ့ ပြစ်ဒဏ်ဌာနက သူငယ်ချင်းတွေကို တောင်းဆိုခဲ့ပြီး သူ့ရဲ့ဇစ်မြစ်ကို စိစစ်ခဲ့ပါတယ်။ သခင်လေးရဲ့ခန့်မှန်းချက်ကမှန်တယ် တော်ဝင်ရုံးတော်ကို သူတင်ပြခဲ့တဲ့ စာရွက်စာတမ်းမှာ အမှားတချို့တကယ်ပဲ ရှိနေခဲ့ပါတယ်။”

“သခင်လေးပြောတဲ့အတိုင်း အဲဒီနေရာကို ကျွန်တော်စုံစမ်းခဲ့ပါတယ် ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် အရမ်းကြီးသေချာမသိသေးပေမယ့် မြို့စားကြီးလီနဲ့ ပတ်သက်နေတာကတော့ သေချာတယ်။”

“မြို့စားကြီးလီလား။”

ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ နောက်ကွယ်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူသိသော်လည်း မြို့စားကြီးလီက ပါဝင်ပတ်သက်နေခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ခင်ဗျား သေချာရဲ့လား။”

ဝမ်ချောင် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။

“အင်း ဒါသာမကသေးဘူး။ သခင်လေးစိတ်ဝင်စားလောက်တဲ့ အရာကိုလည်း ကျွန်တော်ရှာတွေ့ခဲ့တယ်။ သခင်လေးက သတိမပြုမိတာဖြစ်နိုင်တယ် ဒါပေမယ့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက သခင်လေးထွက်ခွာပြီး သိပ်မကြာခင်မှာပဲ အဲဒီလူကလည်း ထွက်ခွာသွားခဲ့တယ်။”

လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။ ဤကိစ္စကို သူ ပို၍ စုံစမ်းလေ ထိုလျှို့ဝှက်ဆန်းကျယ်လှသည့်လူကို သူ ပို၍ စိတ်ဝင်စားလာလေဖြစ်သည်။

ဝမ်ချောင်နောက်အချိန်တစ်ခုကြာ လိုက်ပြီးနောက် သူတို့ကို ပေးအပ်ထားသည့် တာဝန်များသည် သာမာန်သာဖြစ်ပုံပေါ်သော်လည်း ထိုအရာများ၏မျက်နှာပြင်အောက်တွင် လေးနက်သည့် အရာများ ရှိနေတတ်ကြောင်း လူအိုကြီးလင်းယုန်ငှက် တဖြည်းဖြည်းနားလည်လာခဲ့သည်။

“အိုး”

ဝမ်ချောင်သည် ကြားလိုက်ရသည့် သတင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။ သူသည် ဂိုဂူလျောများနှင့် ရှိုရှုဘုရင်ကို အလွန်အာရုံစိုက်ထားခဲ့သောကြောင့် ဤကိစ္စကို လျစ်လျူရှု့ထားခဲ့မိသည်။

“ခင်ဗျားဆိုလိုတာက သူက ကျွန်တော့်နောက်ကို နောက်ယောင်ခံလိုက်နေတယ်လို့ ဆိုလိုတာလား ဒါမှမဟုတ် ဒါက သက်ဆိုင်တာသက်သက်ပဲလား။”

“ကျွန်တော်စစ်ဆေးကြည့်ခဲ့ပြီးပြီ သူက ခွန်းဝူကနေ သခင်လေးထွက်ခွာပြီးမကြာမီမှာ ထွက်ခွာခဲ့ပေမယ့် မြို့တော်မှာ သူက သခင်လေးဆီကို မချဉ်းကပ်လာခဲ့ဘူး။ ဖြစ်နိုင်တာက ဒါက တိုက်ဆိုင်မှုသက်သက်ပဲ။”

လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။

“ပြီးတော့ အဲလူက အရမ်းသတိကြီးလွန်းတယ်။ မြို့တော်က ရှုပ်ထွေးလှတာကြောင့် သူ့ကို ရှာဖွေရတာက မလွယ်ကူလှဘူး ဒါပေမယ့် ကျွန်တော့်ရဲ့ တေးသီငှက်တွေက မြို့စားကြီးလီအိမ်တော်ရဲ့ ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကို သတိထားမိခဲ့တယ်။ ဟီးဟီး သိပ်မကြာသေးမီက လီမြို့စားကြီးအိမ်တော်ဟာ မငြိမ်းချမ်းနေခဲ့ဘူး။ သူ့တို့အိမ်တော်နားမှာ မျက်နှာဖုံးနဲ့ လူတစ်ယောက်ဟာ ညနက်မှာ ခိုးကြောင်ခိုးဝှက်လုပ်နေခဲ့ပြီး သူက လူကောင်းဖြစ်ပုံမရဘူး။”

ထိုစကားများကို ပြောလိုက်ကာ လူအိုကြီးလင်းယုန်ငှက်သည် မတတ်နိုင်စွာဖြင့် ညင်သာစွာရယ်မောလိုက်သည်။

“အိုး”

လူအိုကြီးလင်းယုန်ငှက်၏ နားလည်ရခက်သော ရယ်မောခြင်းကို မြင်လိုက်ရသောကြောင့် ဝမ်ချောင်သည် ‌အတွေးထဲကျရောက်သွားခဲ့တော့သည်။

“ဆိုတော့ ခင်ဗျားဆိုလိုတာက...”

“သခင်လေး မင်းတွေ့ရတဲ့အခါ သိသွားမှာပါ။”

လူအိုကြီးလင်းယုန်ငှက် ပြုံးလိုက်သည်။

မဟာထန်တွင် မြို့စားကြီး များစွာရှိပေသည်။ ဤမြို့စားကြီးများသည် ဇစ်မြစ်အမျိုးမျိုးမှ ဆင်းသက်လာခဲ့ကြခြင်းဖြစ်ပြီး သူတို့ကို ခန့်အပ်ခြင်းနောက်ကွယ်၌ အကြောင်းပြချက်မျိုးစုံရှိပေသည်။ တချို့သည် နှစ်များစွာအတွင်း ထူးချွန်ပြောင်မြောက်လှသည့် အကျိူးဆောင်မှုများကို စုဆောင်းထားခြင်းကြောင့်ဖြစ်ပြီး တချို့မှာ သူတို့၏ လေးစားဖွယ်ကောင်းပြီး ဂုဏ်သိက္ခာရှိသည့် ကျော်ကြားမှုကြောင့်ဖြစ်ကာ တချို့သည် တော်ဝင်မိသားစုကို ကာကွယ်ပေးခြင်း၊ ထောက်ခံပေးခြင်း၊ သို့မဟုတ် တော်ဝင်မိသားစုနှင့် လက်ထပ်ထိမ်းမြားခြင်းကြောင့် ဖြစ်သည်။

အချုပ်ဆိုရလျှင် ဤနှစ်ပေါင်းနှစ်ရာအတွင်း မဟာထန်တွင် မြို့စားများစွာ ပေါ်ထွက်လာခဲ့ပေသည်။ သူတို့အနက်မှ တစ်စိတ်တစ်ပိုင်းသည် ဖခင်မျိုးရိုး၏ အမွေဆက်ခံခြင်းမှတဆင့် အပ်နှင်းခံရခြင်းဖြစ်သည်။ သို့သော် ဤမျိုးရိုးမှဆင်းသက်လာသည့်အုပ်စုသည် မြို့စားဘွဲ့ကို ကိုင်ဆောင်ထားဆဲဖြစ်သော်လည်း သူတို့သည် သင့်လျော်သော အခွင့်အာဏာကို မပိုင်ဆိုင်ထားကြပေ။

သူတို့သည် တော်ဝင်ရုံးတော်၏ ညီလာခံသို့ တက်ရောက်ခြင်းနှင့် တိုင်းပြည်၏ အုပ်ချုပ်မှုပိုင်းတိုင်ရာတွင် ဝင်ရောက်စွက်ဖက်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်ထားခဲ့ကြခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ တော်ဝင်ရုံးတော်သည် သူတို့၏ ယခင်က အကျိုးပြုမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် သူတို့ကို လစာနှင့် မြို့စားအများစုရရှိသော အခွင့်ထူးများကို ပေးအပ်ထားဆဲဖြစ်သည်။

လီမြိုစားမင်းသည် ထိုသို့သော မြို့စားမင်းတစ်ယောက်ဖြစ်သည်။

ထို့အပြင် သူတို့ အမိန့်ပေးနိုင်သော အခွင့်အာဏာကို အခြေခံ၍ မြို့စားများကို အဆင့်ဆင့် ခွဲခြားထားသည်။ လီမြို့စားသည် လက်ရှိတွင် အနိမ့်ဆုံးအဆင့် လစာကိုသာ ရရှိပေသည်။

လီမြို့စားဘွဲ့သည် မျိုးဆက်သုံးဆက် ဆင်းသက်လာခဲ့ပြီး တော်ဝင်ရုံးတော်တွင် သူ့အရေးပါမှုသည် ယခုအခါ၌ အလွန်မှအားနည်းနေခဲ့ပြီဖြစ်သည်။

ပုံမှန်အားဖြင့်ပြောရလျှင် ထူးခြားမှုတစ်စုံတစ်ရာမဖြစ်ခဲ့သရွေ့ မည်သူမျှ သူတို့ကို အာရုံစိုက်လိမ့်မည်မဟုတ်ချေ။

--

မြင့်မားလှသည့် တံတိုင်းဝန်းကျင်တွင် စိမ်းလန်းစိုပြေသည့် တရုတ်ပညာရှိသစ်ပင်များ အများအပြား ပေါက်ရောက်နေခဲ့သည်။ သူတို့အတွင်းတွင် ထူးခြားသော ခမ်းနားထည်ဝါသည့် အိမ်တော်တစ်ခု ရှိနေခဲ့သည်။

ဤသည်မှာ လီမြို့စားကြီးအိမ်တော်ပင် ဖြစ်သည်။

တိတ်ဆိတ်လှသည့် တောအုပ်ထဲတွင် ငှက်အော်သံများကိုသာ တစ်ခါတစ်ရံကြားရပေသည်။ အမှောင်ထုကြားတွင် လီအိမ်တော်ဝင်ပေါက်နှစ်ဖက်စလုံး၌ အနီရောင်မီးပုံးကြီးများချိတ်ဆွဲထားသည်က သူမတူစွာ ထင်ပေါ်နေပေသည်။

“လူအိုကြီးလင်းယုန် သူ ဒီည ဒီကိုလာမယ်ဆိုတာ ခင်ဗျားသေချာလား။”

ဝမ်ချောင်သည် သူ့နောက်ရှိ လူအိုကြီးလင်းယုန်ငှက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ သူတို့သည် လက်ရှိတွင် သစ်တောထဲရှိ သစ်တစ်၏အကိုင်းအခက်များကြား၌ ပုန်းအောင်းနေခဲ့ကြသည်။ သူတို့ ဤနေရာတွင် စောင့်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်လည်း ဘာကိုမှ မတွေ့ခဲ့ရသေးပေ။

“သခင်လေး စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ စောင့်ကြည့်မှုအရ သူဒီကို ဒီအချိန်မှာ နေ့တိုင်းလာတယ်။ ကျွန်တော်ထင်တာတော့ သူက ပြီးခဲ့တဲ့ရက်တွေမှာ စုံစမ်းထောက်လှမ်းနေခဲ့ပြီး အခုက သူလှုပ်ရှားရမယ့် အချိန်ဖြစ်လောက်တယ်။”

လူအိုကြီးလင်းယုန်ငှက် ပြုံးလိုက်သည်။

ကျွီး ကျွီး

ထိုအချိန်မှာပင် ငှက်အော်သံတစ်ခုသည် သူတို့အပေါ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လက်သီးဆုပ်အရွယ်မျှသာရှိသော ငှက်တစ်ကောင်သည် သူတို့နှစ်ဦး၏ အပေါ်ဘက်၌ ပျော်ရွှင်စွာ ကခုန်နေခဲ့သည်။

“သူရောက်လာပြီ။”

ငှက်ကို မြင်လိုက်သည်နှင့် လူအိုကြီးလင်းယုန်ငှက်သည် ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

ဟူ

တစ်ချိန်တည်းမှာပင် လေပြင်းတစ်ချက်တိုက်ခတ်သွားခဲ့ပြီး မျက်နှာဖုံးတပ်ထားသည့် လူတစ်ဦးသည် အမှောင်ထုထဲ ပေါ်လာခဲ့သည်။ ထိုလူမှာ လူအိုကြီးလင်းယုန်ငှက် ပြောသည့် လူပင်။

တမူထူးခြားသော လျင်မြန်သွက်လက်ခြင်းနှင့်အတူ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ရိပ်ခနဲလှုပ်ရှားသွားခဲ့ပြီး မကြာမီ သူတို့နှစ်ဦးနှင့် သိပ်မဝေးသည့် မြင့်မားလှသော တံတိုင်းရှေ့တွင် ရပ်နေလေသည်။

-------

အပိုင်း ၂၈၈

ထောင်ချောက်

တံတိုင်းဝန်းကျင်သည် ထူးထူးခြားခြားတိတ်ဆိတ်နေခဲ့သည်။ ဤလူပေါ်ထွက်လာခြင်းနှင့်အတူ ထူးဆန်းသည့် လေထုသည် ဤည၏ တိတ်ဆိတ်ငြိမ်းချမ်းမှုကို လွင့်ပါးသွားစေခဲ့ပုံရသည်။

ထိုမျက်နှာဖုံးနှင့်လူသည် အိမ်တော်ထဲသို့ ဝင်ရောက်ရန် အလျင်လိုနေခဲ့ခြင်းမရှိပေ။ ထို့အစား စိမ်းလန်းစိုပြေသည့် တရုတ်ပညာရှိသစ်တစ်ပင်အောက်ရပ်ကာ သူသည် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် အကဲခတ်လိုက်သည်။

ဝမ်ချောင်သည် အာဘတ်စစ်စော်ဘွားမှဖြစ်စေ၊ ဂိုဂူလျောမှဖြစ်စေ သို့မဟုတ် မီယာဆာမီးအာရာကာကဲ့သို့သော အရှေ့ပိုင်းကျွန်းဆွယ်များမှပင် ဖြစ်စေ လုပ်ကြံသတ်ဖြတ်သူ အများအပြားကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူတို့တစ်ယောက်မှ ဤလူကဲ့သို့ သူ့ကို ထူးဆန်းသည့် ခံစားချက်မျိုး မပေးခဲ့ပေ။

ဤလူသည် အလွန်မှ အေးဆေးတည်ငြိမ်လှပေသည်။ သူ့ကိုယ်သူ တည်ငြိမ်အေးဆေးစေရန် ပြုလုပ်ထားခြင်းထက် တည်ငြိမ်အေးဆေးမှုကိုယ်၌က သူ့အရိုးထဲတွင် ရေးထိုးထားခဲ့သည်ဟုဆိုလျှင် ပို၍ ဆီလျော်ပေလိမ့်မည်။ ထိုသည်က သူ့ကို ဂရုမစိုက်ဘဲ အရမ်းကာရောပြုလုပ်ခြင်းမှ တားဆီးထားခဲ့သည်။

အကယ်၍ ဆေဘာဓားတစ်လက်သည် သူ့လည်တိုင်ကို ဖိထားခဲ့လျှင်ပင် သူ့တည်ငြိမ်မှုသည် အနည်းငယ်မှပင် ယိုင်းယိုင်သွားမည့်ပုံမပေါ်ပေ။

ဝမ်ချောင်သည် ဤသို့သော ကိုယ်ရည်ကိုယ်သွေးမျိုးကို ယခင်က လူတစ်ယောက်တည်း၌သာ မြင်တွေ့ခဲ့ဖူးသည်။

“အဲဒါက တကယ်ပဲသူလား ဆိုတာ ငါသိချင်မိတယ်...”

အဖြူရောင်ကျားတောင်ထွတ်ပေါ်ရှိ လူတစ်ဦးကို ပြန်အမှတ်ရလိုက်ကာ ဝမ်ချောင် ခေါင်းထဲ အတွေးတစ်ခုလက်ခနဲဖြတ်သွားခဲ့သည်။ နောက်ဆုံးတွင် လူအိုကြီးလင်းယုန်ငှက်သည် ထိုလူဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားထားခဲ့သည်။

သို့သော် ဝမ်ချောင်သည် တစ်ဖက်လူကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်တိုင် အတည်မပြုနိုင်သေးပေ။ ထို့အပြင် သူ့ရှေ့ရှိမျက်နှာဖုံးဝတ်လူနှင့် ထိုလူကြားရှိ ခန္ဓာကိုယ်အချိုးအစားသည် အနည်းငယ်ခြားနားနေခဲ့သည်။ အမှန်ပင် ဤသည်က ထိုလူသည် သူ့ခန္ဓာကိုယ်အချိုးအစားကို ပြောင်းလဲရန် လျှို့ဝှက်ပညာရပ်တစ်ချို့ကို အသုံးပြုခဲ့သည်ဟုလည်း ယူဆနိုင်ပေသေးသည်။

သူတို့သည် မျက်နှာဖုံးစွပ်လူနှင့် အလွန်နီးကပ်လာသောအခါ ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် ဂရုမစိုက်ဘဲမနေဝံ့တော့ပေ။ သူတို့သည် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ရန် ကိုယ်ကို ကျုံ့နိုင်သမျှကျုံ့လိုက်ကြပြီး အသက်ရှူသံကို ထိန်းထားလိုက်ကြသည်။

ဝမ်ချောင်သည် သူ့ကိုယ်သူ ဖုံးကွယ်ရန်အတွက် သူ့ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များကို ပိတ်ဆို့ရန် လိပ်အသက်ရှူခြင်းပညာရပ်ကိုပင် အသုံးပြုခဲ့သည်။

ဝမြးးး

သူတို့နှစ်ဦးသည် အခြေအနေကို တိတ်ဆိတ်စွာ ကြည့်ရှု့နေစဉ်မှာပင် ရုတ်ချည်းအပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့သည်။ ရုတ်တရက် ခံစားချက်တစ်ခုသည် သူတို့၏ နှလုံးသားများကို ဖမ်းဆုပ်လာခဲ့ပြီး တစ်စုံတစ်ယောက်က သူတို့ကို ကြည့်နေသည်ဟု အော်ဟစ်လာခဲ့သည်။

“ဆိုးတာပဲ။ သူ ငါတို့ကို ရှာတွေ့သွားပြီ။”

စိမ်းလန်းစိုပြေသည့် သစ်ရွက်များကိုဖြတ်သန်း၍ စူးရှသည့်မျက်စိတစ်စုံသည် သူတို့ရှိရာသို့ ကြည့်လာနေသည်ကို ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့ သတိပြုမိလိုက်ကြသည်။ သူ့မျက်လုံးများထဲမှ တောက်ပသည့် အလင်းများသည် ဖုံးကွယ်ထားမှုကို ဖောက်ထွင်းမြင်နိုင်ပုံပေါ်သည်။

“အဲကောင်က သောက်ရမ်းသတိကြီးလွန်းမနေဘူးလား။”

ဝမ်ချောင် အသက်ရှူမှားသွားခဲ့သည်။ သူသည် သူ့ခန္ဓာအနှံ့ရှိ ချွေးပေါက်များကို ပိတ်ဆို့ပေးသော လိပ်အသက်ရှူခြင်း ပညာရပ်ကို ပိုင်ဆိုင်ထားခဲ့သောကြောင့် သူ့တည်ရှိမှုကို နက်နဲသိမ်မွေ့သည့်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများသည်ပင် အာရုံခံနိုင်ရန် ခက်ခဲပေမည်။

တစ်ဖက်တွင်မူ လူအိုကြီးလင်းယုန်ငှက်သည် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ်သို့ ရောက်ရန် အလွန်နီးကပ်နေခဲ့ပြီဖြစ်သည်။

ဤသို့ဆိုလျှင်ပင် သူတို့ကို ရှာတွေ့နိုင်ခဲ့သေးသည်။

“သခင်လေး ခနနေဦး။”

ရုတ်ရက်ပင် လက်တစ်ဖက်သည် သူ့နောက်မှ ဆန့်ထွက်လာခဲ့ကာ ဝမ်ချောင်ကို တားဆီးထားလိုက်သည်။ လေးနက်သည့် အမူအရာဖြင့် လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်ကို ရည်ရွယ်ချက်ရှိရှိစိုက်ကြည့်လိုက်ကာ မျက်လုံးမှတဆင့် စကားပြောလိုက်သည်။

“ဟမ်”

ဝမ်ချောင်သည် အခြေအနေကြောင့် အံ့အားသင့်နေစဉ်မှာပင် စူးရှသည့် ကျည်ကျည်ကျာကျာမြည်သံတစ်ခုသည် ရုတ်တရက် လေထဲ၌ ထွက်ပေါ်လာခဲ့သည်။

“ကျွီး ကျွီး”

“ကျွီး ကျွီး”

ထိုအသံသည် သူတို့နှင့်အလွန်နီးကပ်သော အပေါ်ဘက်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုသည်မှာ လူအိုကြီးလင်းယုန်ငှက် လေ့ကျင့်ပေးထားခဲ့သော တေးသီငှက်ပင်။

ထိုတခဏမှာပင် ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ ထိုလူသည် သူတို့ကို ကြည့်နေခြင်းမဟုတ်ဘဲ သူတို့အထက်မှ တေးသီငှက်ကို ကြည့်နေခဲ့ခြင်းပင်။

“ကျွီး ကျွီး”

“ကျွီး ကျွီး”

ဉာဏ်ကောင်းလှသည့် ငှက်သည် လူအိုကြီးလင်းယုန်ငှက်၏ ရည်ရွယ်ချက်ကို နားလည်ပုံရပြီး ကျဉ်းမြောင်းသည့် သစ်ကိုင်းကြားတွင် တခဏမျှ ကခုန်နေပြီးနောက် တောင်ပံဖြန့်လိုက်ကာ အဝေးသို့ ပျံထွက်သွားခဲ့သည်။ မကြာမီ ငှက်ပုံရိပ်သည် ညအမှောင်ထုကြား၌ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် မြင့်မားလှသည့် တံတိုင်းမှ တေးသီငှက်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သော မျက်စိတစ်စုံသည် တဖြည်းဖြည်းစိတ်သက်သာရာ ရသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ တင်းကျပ်နေသော နှလုံးသားသည်လည်း လျော့ပါးပျောက်ကွယ်သွားတော့သည်။

‘မယုံနိုင်စရာပဲ’

တေးသီငှက်ပျောက်ကွယ်သွားသော အရပ်သို့ ကြည့်လိုက်ကာ ဝမ်ချောင်သည် မချီးကျူးဘဲ မနေနိုင်တော့ပေ။ လူအိုကြီးလင်းယုန်ငှက် လေ့ကျင့်ပေးထားခဲ့သော ထောက်လှမ်းရေးငှက်သည် လူအိုကြီးလင်းယုန်ငှက်၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ နားလည်နိုင်သည်အထိ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့အပြင် သူသည် ကြီးကျယ်ခမ်းနားသော လင်းယုန်ငှက်များနှင့် လင်းတငှက်များမှ နှိမ့်ကျသော စာကလေးငှက်များနှင့် ချိုးငှက်များအထိ အမျိုးမျိုးသော ငှက်မျိုးစိတ်များစွာကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့သည်။ သူ့ကိုယ်ပိုင်အဖြစ် သူ မလေ့ကျင့်ပေးနိုင်သည် ငှက်များ မရှိတော့သကဲ့သို့ပင်။

ဤသည်မှာ ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်အား မြင့်မားစွာတွေးထားရခြင်း၏ အကြောင်းအရင်းဖြစ်ပြီး ဝမ်ကလန်၏ သတင်းအချက်အလက် စုဆောင်းရေးလမ်းကြောင်း အချို့ကို သူ့ထံပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။

သူသည် သံမဏိလက်နှင့် တစ်ကိုယ်တော်ဝံပုလွေတို့ထက် အားနည်းနိုင်သည်။ သို့သော်လည်း သူ့စွမ်းရည်သည် သူတို့ထဲတွင် အသုံးအဝင်ဆုံးဖြစ်ကြောင်း သက်သေပြခဲ့သည်။

အားလုံးပြီးနောက် မည်သူကများ သာမန်ငှက်များသည် တခြားတစ်ယောက်၏ မျက်စိနှင့် နားများအဖြစ် တာဝန်ထမ်းဆောင်နေလိမ့်မည်ဟု တွေးမိမည်နည်း။

“ချောက်”

ပတ်ဝန်းကျင်ကို အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးနောက် မျက်နှာဖုံးနှင့်လူသည် လီမြို့စားကြီးအိမ်တော်သို့ ခုန်ဝင်လိုက်ကာ နံနံအတွင်းဘက်၌ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့သည်။

“သခင်လေး ငါတို့လည်း သူ့နောက် လိုက်ဝင်ကြမလား။”

လူအိုကြီးလင်းယုန်ငှက်သည် လှည့်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဒါပေါ့ မင်းဘက်က ပြင်ဆင်မှုတွေ ပြီးပြီလား။”

ဝမ်ချောင် ပြုံး၍ တုံ့ပြန်လိုက်သည်။

“ဟီးဟီး ဒါက ကျွန်တော့်ရဲ့ ပထမဆုံးလေ့ကျင့်ရေးငှက်တွေ မဟုတ်ဘူး ဒါကြောင့် သခင်လေးစိတ်ချနိုင်ပါတယ်။ ကျွန်တော် လီအိမ်တော်အနှံ့မှာ ကျွန်တော့်ရဲ့ငှက်တွေကို လွှတ်ထားခဲ့တာကြောင့် သူဘယ်သွားနေပါစေ သူ့ကို ခြေရာခံနိုင်ပါတယ်။”

လူအိုကြီးလင်းယုန်ငှက်သည် ဟန်လုပ်၍ ပြုံးလိုက်သည်။

သူ့ထောက်လှမ်းရေးနည်းလမ်းများကို ရှိုရှုဘုရင်ကိစ္စတွင် ဂိုဂူလျောများက ဖော်ထုတ်ခဲ့ပြီးကတည်းက သူသည် အရှက်ခွဲခံရမှုမှတဆင့် အံကိုကြိတ်ကာ သူ့အရည်အချင်းကို မြှင့်တင်ရန် လုံ့လစိုက်ထုတ်ခဲ့သည်။ လက်ရှိ ငှက်များကို လေ့ကျင့်ပေးနိုင်သည့် သူ့စွမ်းရည်သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကထက် များစွာ သာလွန်နေခဲ့ပြီဖြစ်သည်။

သူ့စွမ်းရည်သည် မြင့်မားသော ကောင်းကင်ယံ၌ ပျံဝဲသည့် လင်းယုန်ငှက်များနှင့် လင်းတတို့တွင်သာ ကန့်သတ်ထားခြင်းမရှိတော့ပေ။ ချုံပုပ်များတွင် ပျံဝဲနေသော သာမန်စာကလေးကိုပင် သူသည် လေ့ကျင့်ပေးနိုင်ပြီး သူ့ထောက်လှမ်းရေးအဖြစ် တာဝန်ထမ်းဆောင်စေနိုင်ပေသည်။

သာမန်အခြေအနေအောက်တွင် ထိုစာကလေးများကို စဉ်းစားမိရန် လူတိုင်းအတွက် မဖြစ်နိုင်ပေ။

“ချောက် ချောက်”

သူတို့နှစ်ဦးသည် သစ်ကိုင်းများမှ ခုန်ချလိုက်ကြကာ ရှေ့သို့ ပြေးထွက်လိုက်ကြပြီး တံတိုင်းကို ခုန်ကျော်လိုက်ကြသည်။

မြင့်မားသည့် တံတိုင်းအတွင်းဘက်တွင် ရှုခင်းကြည့်ရှုသည့် တည်းခိုဆောင်များသည် ဟိုနေရာ ဒီနေရာတွင် ဆောက်လုပ်ထားခဲ့သည်။ ထို့အပြင် ဥယျာန်၊ ရေကန်ငယ် နှင့် တောင်တုများလည်း ရှိနေပေသည်။ သို့သော်လည်း မျက်နှာဖုံးတပ်လူကိုတော့ မတွေ့ရတော့ပေ။

“သူဘယ်မှာလဲ။”

လူအိုကြီးလင်းယုန်ငှက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ရုတ်တရက်ပင် သူသည် လက်ကို မြှောက်လိုက်ပြီး ရှုခင်းကြည့်တည်းခိုဆောင်တစ်ခုသို့ ညွှန်ပြလိုက်သည်။ လူအိုကြီးလင်းယုန်ငှက်၏ လက်နောက်သို့ လိုက်ကြည့်ကာ ဝမ်ချောင်သည် ရှုခင်းကြည့် တည်းခိုဆောင်တစ်လျှောက်တွင် မှုန်ဝါးနေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထက်မြက်လှသော သူ့အမြင်အာရုံကြောင့် မဟုတ်လျှင် သူသည် လုံးဝ သတိပြုမိမည်မဟုတ်ပေ။

‘အဲကောင် ဘာလုပ်နေတာလဲ။’

ဝမ်ချောင်သည် ထိုပုံရိပ်ကို ကြည့်လိုက်ကာ အတွေးထဲ နစ်မြောသွားခဲ့သည်။ မျက်နှာဖုံးတပ်လူ၏ အမူအရာကို ကြည့်ခြင်းဖြင့် ထိုလူသည် တစ်ခုခုကို ရှာဖွေနေပုံပေါ်သည်။

“သခင်လေး ကျွန်တော်တို့ သူ့နောက် လိုက်မလား။”

လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ လီမြို့စားကြီးသည် မည်သည့် အခွင့်အာဏာကိုမျှ မပိုင်ဆိုင်ထားခဲ့သော်လည်း သူသည် မဟာထန်၏ မြို့စားကြီးတစ်ယောက် ဖြစ်သေးပြီး သူ့အိမ်တော်တွင် အစောင့်များစွာ ရှိပေသည်။ သူတို့သည် မျက်နှာဖုံးတပ်လူနောက်သို့ လိုက်ခဲ့ပါက သူတို့ကို ရှာတွေ့ရန် အခွင့်အရေးများပေသည်။

ထို့အပြင် မျက်နှာဖုံးတပ် လူသည်လည်း အလွန်တရာမှ သတိကြီးလွန်းလှသည်။ သူ့နောက်သို့ လိုက်နေစဉ် သူတို့အား သူသတိမပြုမိစေရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

တံတိုင်းပေါ်တွင် ရပ်ကာ ဝမ်ချောင်သည် တခဏမျှ တွေးတောလိုက်သည်။

“သွားကြည့်စို့။ ဘာတွေပဲဖြစ်လာပါစေ သူ ဟုတ်မဟုတ် ဆိုတာ ငါ အတည်ပြုရမယ် ပြီးတော့ ညနက်သန်းခေါင်မှာ တိုင်းပြည်ရဲ့ မြို့စားကြီးနေအိမ်ကို သူ ဘာလို့ ခိုးဝင်လာခဲ့တာလဲ ဆိုတာကိုရောပေါ့။”

ဝမ်ချောင် ပြောလိုက်သည်။

သူသည် ခွန်းဝူသို့ မပြန်မီ ဤကိစ္စကို အတည်ပြုရပေမည်။ ဤသည်မှာ သူ့စိတ်ထဲရှိသည့် နောက်ဆုံး လုပ်ငန်းစဥ်ဖြစ်သည်။

ဤကိစ္စတွင် အန္တရာယ်များပါဝင်နေခဲ့သော်လည်း အမှန်တွင် သူသည် လီမြို့စားကြီးက သူ့ကို ရှာတွေ့ခဲ့လျှင်ပင် စိုးရိမ်နေမည်မဟုတ်ပေ။

“သွားကြစို့။”

သူတို့နှစ်ဦးသည် လျင်မြန်စွာ တံတိုင်း၏ အခြားတစ်ဖက်သို့ မည်သူ့ကိုမျှ သတိမပြုမိစေဘဲ ဆင်းလိုက်ကြသည်။ ထို့နောက် မျက်နှာဖုံးတပ်လူနောက်သို့ ချီတက်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် လူအိုကြီးလင်းယုန်ငှက်လွှတ်ထားခဲ့သော ငှက်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူတို့သည် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို တစ်ဖက်လူသည် သူတို့မြင်ကွင်း၌ မရှိသည့်တိုင် ရှင်းရှင်းလင်းလင်း ခြေရာခံနိုင်ခဲ့ကြသည်။

“အဲဒီကောင်က မျက်နှာပြောင်တိုက်လွန်းတာပဲ။ သူ ဒီမှာ ဘာကိုရှာဖို့ ရည်ရွယ်ထားတာလဲ။”

ထိုလူ၏ လမ်းကြောင်းသည် လုံးဝကျပန်းဖြစ်သည်။ သူသည် အရှေ့ဘက်သို့ ခဏသွားပြီး နောက်တခဏတွင် အနောက်ဘက်သို့ သွားပေလိမ့်မည်။ လူအိုကြီးလင်းယုန်ငှက်ပင်လျှင် တစ်ဖက်လူ၏ လှုပ်ရှားမှုကြောင့် အနည်းငယ် မှင်သက်နေခဲ့သည်။

အားလုံးပြီးနောက် ဤသည်မှာ တိုင်းပြည်တစ်ပြည်၏ မြို့စားကြီးတစ်ယောက်၏ အိမ်တော်ဖြစ်ပြီး ကျွမ်းကျင်သူများစွာ စောင့်ကြပ်နေပေသည်။

ဝမ်ချောင်နှင့် သူပင်လျှင် သတိမထားမိစေရန် ဂရုတစိုက် ချီတက်နေကြရပြီး အခြားသူများအတွက်ဆိုလျှင် ပြောနေစရာမလိုပေ။

သို့တိုင် ထိုမျက်နှာဖုံးနှင့်လူသည် အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိဘဲ ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာနေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူထောက်လှမ်းခဲ့သော အသိပညာများကြောင့် မျက်နှာဖုံးနှင့်လူသည် အိမ်တော်၏ ဖွဲ့စည်းပုံကို နက်နက်ရှိုင်းရှိုင်းနားလည်ထားခဲ့ပုံရသည်။ သူသည် အိမ်တော်၏ ကင်းလှည့်သည့် လုပ်ငန်းစဥ်ကို လုံးဝနားလည်ထားပုံရပြီး သူ့လမ်းကြောင်း၌ ပေါ်လာခဲ့သော အစောင့်တိုင်းကို ရှောင်ရှားနိုင်ခဲ့သည်။ သူသည် သူကိုယ်တိုင်က အိမ်တော်၏ အဖွဲ့ဝင်တစ်ဦးကဲ့သို့ပင်။

မျက်နှာဖုံးတပ်လူနောက်လိုက်ကာ သူတို့နှစ်ဦးသည် ထိုလူသည် ရေချိုးဆောင်၊ အဓိကခန်းမ၊ အိပ်ဆောင်၊ ဧည့်ခန်း၊ ဥယျာဉ် စသဖြင့် ဝင်သွားခဲ့သည်ကို မြင်လိုက်ရသည်။

မကြာမီမှာပင် ထိုလူသည် အစောင့်အကြပ်ထူထပ်စွာ ချထားသည့် နေရာတစ်ခုမှလွဲ၍ နေရာတိုင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။

သူ့လှုပ်ရှားမှုများသည် ညအရိပ်ကဲ့သို့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး တည်ငြိမ်နေပေသည်။

“ဟမ်”

ချက်ချင်းပင် လူအိုကြီးလင်းယုန်ငှက် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ။”

လူအိုကြီးလင်းယုန်ငှက်၏ အမူအရာကို သတိပြုမိပြီးနောက် ဝမ်ချောင် ချက်ချင်းမေးလိုက်သည်။

“အဲဒါက... သူဝင်သွားခဲ့တာက လီမြို့စားမင်းရဲ့သား နေထိုင်ရာနေရာပဲ။”

“ဘယ်လို”

ဝမ်ချောင်သည် တခဏမျှ စိတ်ရှုပ်သွားခဲ့သည်။

“အဲဒါက လီမြို့စားကြီးရဲ့သား နေထိုင်တဲ့နေရာပဲ။”

လူအိုကြီးလင်းယုန်ငှက် သူ့ရှေ့ရှိ အခန်းကို ကြည့်လိုက်သည်။

“…”

ဝမ်ချောင် တုန်ခါသွားခဲ့ကာ လူအိုကြီးလင်းယုန်ငှက်ကြည့်ရာနေရာသို့ ကြည့်လိုက်သည်။ အမှောင်ထဲတွင် မှုန်ဝါးသော်လည်း ကြည်လင်နေသည့် ဖယောင်းတိုင်မီးမှိန်မှိန်ဖြင့် လင်းထိန်နေသေးသော အခန်းတစ်ခန်းရှိပြီး တခြားသော မှောင်မိုက်နေသည့် မြို့စားအိမ်တော်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

လူအိုကြီးလင်းယုန်ငှက် ဘာကြောင့် အံ့ဩသွားခဲ့သည်ကို ဝမ်ချောင် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူလျိုအများစုသည် လင်းထိန်နေသည့် အခန်းများကို ရှောင်ရှားလေ့ရှိကြသည်။ သို့သော် မျက်နှာဖုံးတပ်လူသည် လုံးဝစိတ်ရှိနေပုံမရပေ။

သို့သော်လည်း ဤသည်မှာ လက်ရှိတွင် ဝမ်ချောင် စိုးရိမ်နေသည့်အရာမဟုတ်ပေ။

“လူအိုကြီးလင်းယုန် အဲဒါက မြိုစားလီ သားတော်ရဲ့ နေထိုင်ရာနေရာဆိုတာ ခင်ဗျားသေချာလား။”

ဝမ်ချောင် လေးနက်သည့် အမူအရာဖြင့် မေးလိုက်သည်။

“အင်း”

လူအိုကြီးလင်းယုန်ငှက် ခေါင်းညိတ်လိုက်သည်။

“သခင်လေး ကျွန်တော်တို့ သွားကြည့်သင့်လား။”

လူအိုကြီးလင်းယုန်ငှက်တွေးထားသည်မှာ ဝမ်ချောင်က သဘောတူမည်ဟူ၍ပင်။ သို့သော် သူ့အတွေးနှင့် ဆန့်ကျင်စွာ ဝမ်ချောင်၏ မျက်နှာသည် တုန်လှုပ်စွာတွန့်ချိုးသွားခဲ့ပြီး ခပ်တိုးတိုးလေသံဖြင့် အလောတကြီးပြောလိုက်သည်။

“ငါတို့ အခုချက်ချင်းထွက်သွားမှရမယ်။ ဒါက ထောင်ချောက်တစ်ခုပဲ။ ငါတို့ အခုထွက်မသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်။”

“ဘာ”

လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင်စကားကြောင့် မှင်သက်သွားခဲ့သည်။

‘ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

ပတ်ဝန်းကျင်တွင် သူလွှတ်ထားသည့် ငှက်များသည်ပင် ဘာကိုမှ သတိမပြုမိခဲ့ပေ။ ထို့ကြောင့် ဝမ်ချောင်သည် ထောင်ချောက်ကို မည်သို့ ဖော်ထုတ်နိုင်ခဲ့သည်နည်း။

သို့သော် ဝမ်ချောင်သည် ရှင်းပြမနေခဲ့ပေ။ ထိုစကားများကို ပြောပြီးနောက် သူသည် အပြင်ဘက်သို့ ချက်ချင်းဦးတည်လိုက်သည်။ လူအိုကြီးလင်းယုန်ငှက်သည် တခဏမျှ တွေဝေနေခဲ့သော်လည်း သူသည်လည်း ထွက်ခွာရန် ရွေးချယ်လိုက်သည်။

သူတို့နှစ်ဦးသည် မူလလမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ကြကာ မကြာမီ တံတိုင်းကို ခုန်ကျော်ပြီး မြို့စားလီအိမ်တော်မှ ထွက်ခွာလိုက်ကြသည်။

“သခင်လေး ဘာတွေဖြစ်နေတာလဲ။”

တောအုပ်ထဲရောက်သည်နှင့် လူအိုကြီးလင်းယုန်ငှက်မေးလိုက်သည်။

“လူအိုကြီးလင်းယုန် ဒါက ထင်သလောက်မရိုးရှင်းဘူး။ လီမြို့စားအိမ်တော်က ရဲမက်တွေဟာ ခင်ဗျားကို သတိထားမိသလား သတိမထားမိဘူးလားဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် သူတို့က အဲလူကို သတိထားမိတာတော့သေချာတယ်။ အဲလူက တစ်ခုခုကို ရှာနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လီမြို့စားရဲ့ သားကို ကိုင်တွယ်ဖို့ စီစဉ်နေတာပဲဖြစ်ဖြစ် သူ ဘာတစ်ခုမှ အောင်မြင်မှာမဟုတ်ဘူး။”

ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။

သူသည် ဤကိစ္စ၏ သဘောသဘာဝကို လျှော့တွက်ထားခဲ့မိသည်။ လီမြို့စားသည် တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခွင့်ကို ဆုံးရှုံးထားခဲ့သည်အထိ များစွာကျဆင်းနေခဲ့ပြီးဖြစ်သည်။ သူသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော မီးပုံးပွဲတော်အတောအတွင်း၌သာ တော်ဝင်နန်းတော်သို့ အခြားမှူးမတ်များနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရသည်။

သို့သော် ကျဆင်းနေလျှင်ပင် မဟာထန်၏ မြို့စားတစ်ယောက်သည် ထိုမျှ ရိုးရှင်းနိုင်မည်လော။

လူအိုကြီးလင်းယုန်ငှက်သည် ထိုလူက လီမြို့စားအိမ်တော်ဝန်းကျင်တွင် ယောင်ပေယောင်ပေလုပ်နေခဲ့ပြီး မည်သူမျှ သတိမပြုမိခဲ့ဟု ဆိုခဲ့သည်။ ဤသည်ကပင် မြို့စားကို လျှော့တွက်နေခဲ့ခြင်းဖြစ်သည်။

အပိုင်း ၂၈၉

သတ်ဖြတ်ခြင်းစိတ်ဆန္ဒ

“ရှူး”

လီမြို့စားအိမ်တော်မှ ထွက်ခွာပြီး သိပ်မကြာမီမှာပင် နံရံများအတွင်းမှ ရုတ်တရတ် တိုက်ခိုက်သံများသည် သူတို့နှစ်ယောက်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

"သခင်လေး အဲလူက လီမြို့စားအိမ်တော်ကနေ ထွက်လာခဲ့ပြီ။"

လူအိုကြီးလင်းယုန်ငှက်ပြောလိုက်သည်။ သူသည် ဝမ်ချောင်ကို အလွန်အံ့အားသင့်စွာ ကြည့်လိုက်ကာ ဝမ်ချောင်၏ ပင်ကိုသိစိတ်သည် မှန်ကန်သည်ကို သိလိုက်ရသည်။

"မဆိုးဘူး။ သူက တစ်ခုခုလွဲချော်နေတာကို မြန်မြန် သဘောပေါက်သွားတာပဲ။"

ဝမ်ချောင်၏ မျက်လုံးထဲ၌ ချီးကျူးသည့် အရိပ်အယောင် ပေါ်လာခဲ့သည်။

လီမြို့စားအိမ်တော်မှ သူထွက်ခွာလာပြီးနောက် ချက်ချင်းပင် မျက်နှာဖုံးနှင့်လူသည်လည်း ထွက်ခွာလာခဲ့သည်။ သူနှင့်တန်းတူယှဉ်နိုင်သည့် ထက်မြက်သော အာရုံပိုင်ဆိုင်ထားသူ များစွာရှိသည်ဟု သူ မထင်ထားခဲ့ပေ။

"သွားကြည့်ကြရအောင်။"

ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်ကို အချက်ပေးလိုက်ပြီး မျက်နှာဖုံးဝတ်လူထွက်ခွာသွားသည့်ဘက်သို့ ဦးတည်လိုက်သည်။

“ရှူး”

ညကောင်းကင်ယံတွင် အေးစက်သည့် လေပြင်းများတိုက်ခတ်နေသည်။ မျက်နှာဖုံးနှင့်လူသည် လီမြို့စားကြီးအိမ်တော်မှ ထွက်ပြေးရန် တံတိုင်းကို ခုန်ကျော်လိုက်သည်။

သူသည် အင်္ကျီလက်စအောက်ရှိ သူ့လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားခဲ့သည်။ သူ့မျက်နှာသည် ဖြူလျော်နေခဲ့ပြီး သူ့မျက်လုံးများသည် စိတ်ပျက်ညိုးငယ်မှုဖြင့် ဖုံးလွှမ်းနေခဲ့သည်။

သံသယရှိစရာမလိုပင် သူ့စစ်ဆင်ရေးသည် လုံးဝကျရှုံးခဲ့သည်။

“ရှူး ရှူး ရှူး”

သူတစ်ခြားတစ်ဘက်သို့ ခြေချသည်နှင့် ချက်ချင်းပင် သစ်တောထဲ ပြေးဝင်လိုက်သည်။

"ဟမ် ခွေးကောင် မင်းလွတ်နိုင်မယ်လို့ ထင်နေတာလား။"

အေးစက်သည့် သရော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပုံရိပ်တစ်ခု သစ်တောထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ မျက်နှာဖုံးတပ်လူရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။

ထိတ်လန့်သွားခဲ့ပြီး မျက်နှာဖုံးနှင့်လူသည် ချက်ချင်းအခြားအရပ်မျက်နှာသို့ ထွက်ပြေးလိုက်သည်။ သို့သော်လည်း နောက်ထပ်ပုံရိပ်တစ်ခုပေါ်လာခဲ့ကာ သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"မင်း ဘယ်ကို ထွက်ပြေးမလို့လဲ။"

ထိုပုံရိပ်နှစ်ခုသည် ကောင်းစွာဝတ်‌ဆင်ထားခဲ့ပြီး သူတို့ပုန်းအောင်းရာနေရာများမှ ထွက်လာခဲ့ကြသည်။ သူတို့သည် မျက်နှာဖုံးနှင့်လူကို လှဲသိပ်ရန် အလျင်လိုနေခဲ့ကြခြင်း မရှိပေ။ ထို့အစား သူတို့သည် ရှေ့သို့ တဖြည်းဖြည်း တိုးလာခဲ့ကြပြီး မျက်နှာဖုံးနှင့်လူကို ပိတ်ဆို့လိုက်ကြကာ ထွက်ပြေးခြင်းမှ တားဆီးလိုက်ကြသည်။

မျက်နှာဖုံးနှင့်လူသည် အနက်ရောင်ဝတ်စုံကို အလုံဝတ်ဆင်ထားခဲ့သော်လည်း သူ့အနားရှိ လူနှစ်ဦး၏ လှောင်ပြောင်သံများသည် သူတို့က သူ့ကို သိနေသည်ဟု ထင်ဟပ်ပြသနေပုံရသည်။

"စကားမပြောဘူးလား အာ.. မင်း နှုတ်ဆိတ်နေတာနဲ့ မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ ဖုံးကွယ်ထားနိုင်ပြီလို့ ထင်နေတာလား။"

အဖွဲ့တစ်ခုကို ဦးဆောင်လာသော တုတ်ခိုင်သန်မာသည့် လူတစ်ဦးသည် အေးစက်စွာ ရယ်မောလိုက်သည်။

"ငါ မင်းကို ပြောမယ်။ မင်း နာမည်တုနဲ့ ခွန်းဝူလေ့ကျင့်ရေးစခန်းထဲဝင်ရောက်ပြီး တခြားသူတွေကို အရူးလုပ်နိုင်တယ် ဒါပေမယ့် မင်းရဲ့ ဖုံးကွယ်မှုက ငါတို့ရဲ့သခင်လေးနဲ့ သခင်ကြီးကို အရူးလုပ်နိုင်မှာမဟုတ်ဘူး။ ကောင်လေး ငါတို့ရဲ့သခင်ကြီးက မင်း ဒီကိုပဲ ရောက်လာလိမ့်မယ်ဆိုတာ သိတယ်။"

ထိုစကားများကိုကြားလိုက်ရသည်နှင့် မျက်နှာဖုံးစွပ်ထားသောလူ၏မျက်လုံးများအတွင်းမှ တည်ငြိမ်မှုသည် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့ပြီး ပိုနက်ရှိုင်းသော အေးစက်မှုနှင့် မုန်းတီးမှုကိုပင် ထုတ်ဖော်ပြသလိုက်သည်။

"မင်းက ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာပဲ ရှိသေးရင် မင်းကို ငါတို့က ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက ဒီနှစ်တွေအတွင်းမှာ လက်လျှော့ဖို့ငြင်းဆန်ပြီး ငါတို့ရဲ့ထောင်ချောက်ထဲကို ကမူးရှူးထိုး တိုးဝင်လာခဲ့တာ သနားစရာပဲ။"

တုတ်ခိုင်သန်မာသည့်လူက လှောင်ပြောင်လိုက်သည်။

“ဝမြးးး”

ထိုခဏမှာပင် မျက်နှာဖုံးနှင့်လူ၏ မျက်လုံးသည် ကြက်သွေးရောင်ပြောင်းသွားခဲ့ပြီး ရက်စက်သည့် ကျားတစ်ကောင်နှင့်ဆင်တူသည့် သန်မာသောအရှိန်အဝါတစ်ခုသည် သူ့ဆီမှ ထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကြောက်ရွံ့သွားစေသည်။

တုတ်ခိုင်သန်မာသည့် လူသည် အစပိုင်းတွင် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို စိုက်ကြည့်နေသကဲ့သို့ မျက်နှာဖုံးနှင့်လူကို စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း မျက်နှာဖုံးနှင့်လူ၏ အရှိန်အဝါအောက်တွင် မအီမသာဖြစ်စေသည့် ခံစားချက်တစ်ခုသည် ရုတ်ချည်းသူ့နှလုံးသားကို ရိုက်ခတ်လာခဲ့သည်။

"ခွေးကောင် မင်းက ငါကို အဲလိုမျက်လုံးနဲ့ ကြည့်ရဲတယ်ပေါ့။ မင်းအသက်ရှင်နေရတာ ငြီးငွေ့နေတာပဲဖြစ်ရမယ်။ အဲလိုဆိုတော့လည်း မင်းကို ငါသတ်ပေးမယ်။ ညီအစ်ကိုတို့ ထွက်ခဲ့။"

“ရှပ် ရှပ် ရှပ်”

တခဏအတွင်းမှာပင် ပုံရိပ်များစွာသည် တောထဲမှ ထွက်ပေါ်လာခဲ့ပြီး မျက်နှာဖုံးနှင့်လူကို တင်းကြပ်စွာ ပိတ်ဆို့လိုက်ကြသည်။

“ရီးး”

စူးရှပြီး ခမ်းနာထည်ဝါသည့် သားရဲတစ်ကောင်အော်သံသည် သစ်တောအထက်ဘက်မှ ပေါ်ထွက်လာခဲ့ကာ ကြီးမားသည့် လင်းယုန်ငှက်တစ်ကောင်သည် ၎င်း၏သံမဏိတောင်ပံများကို ဖြန့်ကားပြီး ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။

"ဟုတ်သားပဲ ငါ ဒါကို မင်းကို ပြောဖို့မေ့နေတယ် ဒါပေမယ့် မင်းက လုံးဝပိတ်ဆို့ခံလိုက်ရပြီ။ မင်းအတွက် ထွက်ပြေးဖို့က မဖြစ်နိုင်တော့ဘူး ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရှုံးပေးလိုက်ဖို့ ငါ မင်းကို အကြံပေးချင်တယ်။"

တုတ်ခိုင်သန်မာသည့် လူသည် မျက်နှာဖုံးနှင့်လူကို ထောင်ချောက်မိနေသော သားရဲတစ်ကောင်ကို စိုက်ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး ရန်လိုစွာပြုံးလိုက်သည်။ တစ်ချိန်တည်းမှပင် သူသည် အသားခြောက်တစ်တုံးကို ပစ်ထုတ်လိုက်သည်။ စူးရှသည့် မြည်တွန်းသံနှင့်အတူ လင်းယုန်ငှက်သည် သူ့နှုတ်သီးဖြင့် ဖမ်းယူလိုက်ပြီး ကောင်းကင်သို့ ပြန်လည် ပျံတက်သွားခဲ့ကာ အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်တွင် ပျောက်ကွယ်သွားသည့် ဧရာမလင်းယုန်ကို မြင်လိုက်ရသည်နှင့် မျက်နှာဖုံးနှင့်လူသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ သို့သော် သူ့မျက်လုံးထဲတွင် သွေးပျက်နေသည့် အမူအရာ အနည်းငယ်မျှပင် မရှိပေ။

“ကလင်”

မျက်နှာဖုံးနှင့်လူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ဓားဆွဲထုတ်လိုက်ကာ သူ့ရွေးချယ်မှုကို ဖော်ပြလိုက်သည်။

"မင်းက သေချင်နေတာပဲ။"

ဒေါသတကြီးဖြင့် တုတ်ခိုင်သန်မာသည့်လူကြီးသည် သူ့လက်ကို မြှောက်လိုက်ပြီး လူအုပ်ကြားမှ ကျွမ်းကျင်သူတစ်ဦးသည် လှောင်ပြောင်ပြုံးဖြင့် ရှေ့ထွက်လာခဲ့သည်။

"သခင် ဒီခွေးကောင်ကို ကိုင်တွယ်ဖို့ လူအများကြီးလိုတယ်လို့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တစ်ယောက်တည်းနဲ့ လုံလောက်တယ်။"

ဤစကားများကို ချန်ထားခဲ့ကာ ထိုကျွမ်းကျင်သူသည် သူ့ဓားဖြင့် မျက်နှာဖုံးနှင့်လူဆီသို့ ချက်ချင်းခုတ်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခုတ်ချက်နှင့်အတူ အားကောင်းသည့် ကြယ်တာရာစွမ်းအင်သည် သူ့ခန္ဓာကိုယ်မှ စီးထွက်လာခဲ့သည်။

“ရှူး”

သို့သော် အံ့အားသင့်စရာတစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ထိုကျွမ်းကျင်သူ လှုပ်ရှားလိုက်သည်နှင့် မျက်နှာဖုံးနှင့်လူသည် ရုတ်တရက်ခုန်လိုက်သည်။ နောက်ဆုတ်ရမည့်အစား သူသည် ကျွမ်းကျင်သူကို ချီတက်တိုက်ခိုက်လိုက်သည်။

“ဘုန်းးး”

လူတိုင်း၏ မျက်ဝန်းအောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်တာရာစွမ်းအင်သည် မီးတောင်ပေါက်ကွဲသကဲ့သို့ မျက်နှာဖုံးနှင့်လူဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။ ဤကြယ်တာရာစွမ်းအင်ပေါက်ကွဲသံနှင့်အတူ တောက်ပနေသည့် စိမ်းညိုရောင်ချီစက်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

“ဟောင်းလောင်လောင်”

ကျောက်စရစ်ခဲများ သယ်ဆောင်ထားသော ဖုန်မှုန့်တိမ်တိုက်သည် ပေါက်ကွဲထွက်မှုမှ ကြီးမားသော စွမ်းအားနှင့်အတူ လွင့်စင်သွားခဲ့သည်။ မတူညီသော ကြယ်တာရာစွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်ခိုက်လိုက်ကြသည်။ ရက်စက်သည့် သားရဲနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြသကဲ့သို့ပင်။ ဧရာမကြီးမားသော လေပြင်းသည် တိုက်ခိုက်လာခဲ့ပြီး သစ်တောအတွင်းမှ သစ်ရွက်များ၏ အရိုးခိုက်မတတ် တရှဲရှဲမြည်သံကို ထွက်ပေါ်လာစေခဲ့သည်။

"အားးး"

မည်သူမျှ ဘာတွေဖြစ်ပျက်သွားသည်ကို လိုက်မမီခင်မှာပင် နာကျင်စွာအော်သံတစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုတိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။

မျက်နှာဖုံးနှင့်လူ၏ ဓားသည် ကျန့်အတော်ဝေးဝေးသို့ ရောက်နေခဲ့သည်။ လီမြို့စားအိမ်တော်မှ ကျွမ်းကျင်သူသည် မျက်နှာဖုံးနှင့်လူ၏ ဘယ်ဘက်ရင်ဘက်ကို သူ့ဓားဖြင့် ထိုးဖောက်နိုင်ခဲ့ကာ သူ့ဓားထိပ်သည် တစ်ဖက်လူ၏ နောက်ကျောတွင် အနည်းငယ် ထိုးထွက်နေခဲ့သည်။

သို့သော်လည်း မယုံနိုင်စရာကောင်းလောက်အောင် ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ မျက်နှာဖုံးနှင့်လူ၏ ညာဘက်လက်သည် ကျွမ်းကျင်သူ၏ နှလုံးအိမ်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်နေခဲ့သည်။

အေးစက်သည့် မျက်လုံးများဖြင့် မျက်နှာဖုံးနှင့်လူသည် သူ့ရှေ့ရှိ သက်မဲ့အလောင်ကို စိုက်ကြည့်နေခဲ့သည်။

တိတ်ဆိတ်

လူတိုင်း၏ ဝမ်းသာအားရဖြစ်နေသော မျက်နှာများသည် ထိုခဏတွင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ အရိုးများကိုပင် အေးခဲသွားစေရန် ခြိမ်းခြောက်နေသည့် အေးစက်သည့် စိတ်ဆန္ဒတစ်ခုသည် သူတို့ကို ထွေးပွေ့လာခဲ့သည်။

ထိုခဏတွင် လူတိုင်းသည် သူတို့သည် တိတ်ဆိတ်နေသည့် မျက်နှာဖုံးနှင့်လူကို လျှော့တွက်ထားမိကြောင်း နားလည်လိုက်ကြသည်။

သူတို့သည် ထိုကဲ့သို့ လူမဆန်သော တိုက်ခိုက်ခြင်းနည်းစနစ်မျိုးကို ယခင်က လုံးဝ မမြင်ခဲ့ကြဖူးပေ။ ပြင်းထန်သည့် ဒဏ်ရာများကို ခံစားရသော်လည်း ရန်သူကိုသတ်ဖြတ်ရန် ပြင်းပြသော စိတ်ပိုင်းဖြတ်မှုမျိုးကို မတွေ့ခဲ့ကြဖူးပေ။

မျက်နှာဖုံးနှင့်လူသည် တန်ပြန်တိုက်ခိုက်မှုမှ ပြင်းထန်သည့် ဒဏ်ရာများကို ခံစားခဲ့ရသော်လည်း သူသည် ဤထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရသွားသည်မှာ ထင်ရှားသည်။ အားလုံးပြီးနောက် သူသည် တိုက်ပွဲအဆုံးတွင် မတ်တပ်ရပ်နေခဲ့သူဖြစ်သည်။

ပူးရှီ

မျက်နှာဖုံးနှင့်လူသည် တည်ငြိမ်စွာဖြင့် သူ့လက်ကို တင်းကြပ်လိုက်ကာ တစ်ဖက်လူ၏ နှလုံးကို ခွဲဆချလိုက်သည်။ ထို့နောက် သူ့လက်ကို တစ်ဖက်လူ၏ ရင်ဘက်မှ ပြန်ရုတ်လိုက်သည်။ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ လီမြို့စားအိမ်တော်မှ ကျွမ်းကျင်သူသည် မြေပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

"သူ့ကို သတ်"

ဤမြင်ကွင်းကို မြင်ပြီးနောက် တုတ်ခိုင်သန်မာသည့် လူကြီးသည် ရက်စက်သည့် အမူအရာဖြင့် ရှေ့သို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်လိုက်သည်။ ဤအချိန်တွင် လူတိုင်းသည် အတူတကွ လှုပ်ရှားလိုက်ကြခြင်းဖြစ်သည်။

"သခင်လေး သူတို့ရဲ့တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာခဲ့ပြီ။"

လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။ သူသည် ဘာကိုမှ မမြင်တွေ့ခဲ့ရသော်လည်း သူ့၌ ပတ်ဝန်းကျင်တွင် အခြေအနေနှင့်ပတ်သက်၍ သူ့ဆီသို့ သတင်းပို့လာသည့် ငှက်များစွာရှိပေသည်။ ဤသို့ဖြင့် သူ့အား မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ဖန်တီးနိုင်စေသည်။

"သူတို့မှာ လူအများကြီးရှိတယ် ပြီးတော့ သူတို့က အနောက်မြောက်အရပ်ကို ဦးတည်သွားနေတယ်။"

"ငါတို့ရဲ့ ပစ်မှတ်က ဒဏ်ရာရနေခဲ့ပြီ။"

"ဒါပေမယ့် နောက်ထပ်လူတစ်စုက ထပ်ရောက်လာခဲ့ပြီ။"

လူအိုကြီးလင်းယုန်ငှက်သည် အခြေအနေများကို ပြောပြနေကာ ညအမှောင်ထဲတွင် ရှေ့မှ ဦးဆောင်၍သွားနေသည်။ ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်က သူ့ငှက်များကို မည်သို့ လေ့ကျင့်ပေးခဲ့သည်ကို မြင်တွေ့ခဲ့ရသော်လည်း သူသည် လူအိုကြီးလင်းယုန်ငှက်က သူတို့နှင့် ဆက်သွယ်ပြောဆိုသည့် ဘာသာစကားကို နားမလည်နိုင်ခဲ့သေးပေ။

လမ်းတစ်လျှောက်တွင် ငှက်အချို့သည် ရုတ်တရက်ပေါ်လာပြီး ကျီကျီကျာကျာအော်မြည်းခြင်း၊ ကခုန်ခြင်း၊ ပတ်ဝန်းကျင်တွင် ဝဲပျံပြခြင်း နှင့် သူတို့၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြခဲ့ကြသည်။ ဤအရာများမှာ ဝမ်ချောင်အတွက် လုံးဝသာမန်လှုပ်ရှားမှုများထက် မပိုခဲ့ပေ။ သို့သော် လူအိုကြီးလင်းယုန်ငှက်၏ အမြင်တွင် သူတို့သည် အချက်အလက်အများအပြားကို ပို့ဆောင်လာခဲ့ကြသည်။

ဤထောက်လှမ်းရေးငှက်များမှတဆင့် ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် သူတို့၏ ပစ်မှတ်ကို တိကျစွာ လိုက်နိုင်ခဲ့ကြသည်။

"ဟမ် ဒီနေရာမှာ အခြားလင်းယုန်ငှက်တစ်ကောင်ရှိတာပဲ။"

လူအိုကြီးလင်းယုန်ငှက်သည် ရပ်တန့်လာခဲ့သည်။

"ငါသတိလက်လွတ်ဖြစ်ခဲ့တယ်။ သူ့အိမ်တော်မှာ တစ်ယောက်ယောက်က လာပြီး လင်းယုန်ငှက်တစ်ကောင်ပြင်ဆင်ခဲ့တယ်ဆိုတာ မြို့စားလီသိတယ်။ သခင်လေး မင်းမှန်တယ်။ ဒါက တကယ့်ကို ထောင်ချောက်တစ်ခုပဲ။"

လူအိုကြီး လင်းယုန်ငှက် လှောင်ပြုံးပြုံးလိုက်သည်။ ငှက်များကို လေ့ကျင့်သင်ကြားရာတွင် အထူးကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ့ဘဝတစ်လျှောက်လုံးတွင် ငှက်မျိုးစုံနှင့် ထိတွေ့ဆက်ဆံရင်း အချိန်ကုန်ဆုံးခဲ့သည်။ စစ်ဆင်ရေးတစ်ခုမပြုလုပ်မီ သူသည် အခြားဖြစ်နိုင်ချေရှိသော “မျက်လုံးများ” ရှိမရှိကို စစ်ဆေးရန် ကောင်းကင်ကို အသေအချာစစ်ဆေးလေ့ရှိသည်။

ဤသည်မှာ သူ၏ပုံမှန်အလေ့အကျင့်တစ်ခုဖြစ်ပြီး စစ်ဆင်ရေးတစ်ခုမစခင်တွင် သူသည် အမြဲသေချာစွာ လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ဤအဖြစ်အပျက်မတိုင်မီ လီမြို့စားအိမ်တော်ဝန်းကျင်တွင် ထိုသို့သော လင်းယုန်ငှက်တစ်ကောင် မရှိနေခဲ့သည်ကို လူအိုကြီးလင်းယုန်ငှက် သေချာပေသည်။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ထိုလင်းယုန်ငှက်သည် မြို့စားလီ၏ ရဲမက်များမှ လာခဲ့ခြင်းဖြစ်သည်။

အလယ်ပိုင်းလွင်ပြင်ဒေသရှိ လူများအတွက် လင်းယုန်ငှက်များကို ပြုစုပျိုးထောင်ခြင်းသည် သာမန်အလေ့အကျင့်တစ်ခုမဟုတ်ပေ။ လီမြို့စားအိမ်တော်သည် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော်လည်း သူတို့သည် တစ်ကောင်ပြင်ဆင်ထားခဲ့သည်မှာ အလွန်မှ သံသယဖြစ်ဖွယ်ပင်။

ဤကိစ္စနှင့်ပတ်သက်၍ သူ့အကဲဖြတ်မှုသည် တစ်လျှောက်လုံး မှားယွင်းနေခဲ့သည်ကို လူအိုကြီးလင်းယုန်ငှက်သဘောပေါက်သွားသည်။

"တွေဝေနေစရာမလိုဘူး အဲဒီလင်းယုန်ငှက်ကို ရှင်းပစ်လိုက်"

ဝမ်ချောင် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

ထိုလင်းယုန်ငှက်သည် ကောင်းကင်ထက်မှ ဆက်လက် စောင့်ကြည့်နေသရွေ့ ထိုမျက်နှာဖုံးနှင့်လူသည် လွန်မြောက်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုလင်းယုန်ငှက်သည် သူတို့ကိုလည်း ရှာတွေ့သွားနိုင်သည်။

"...ပြီးတော့ အချက်ပြလိုက်"

ဝမ်ချောင် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး"

ရယ်မောလိုက်ကာ လူအိုကြီးလင်းယုန်ငှက်သည် သူ့လက်မောင်းအိုးထဲမှ ရွှေရောင် ငှက်ကလေးတစ်ယောက်ကို ထုတ်ယူလိုက်သည်။

ငှက်ခန္ဓာကိုယ်တစ်ခုလုံးသည် ကျုံ့ကျုံ့ကလေးရှိနေခဲ့သော်လည်း သူ့မျက်လုံးများသည် ထူးကဲစွာ တောက်ပနေခဲ့သည်။ ထို့အပြင် သူ့အမွေးအတောင်များသည် ထူးကဲစွာမာကျောလှကာ သံမဏိနှင့် အလားသဏ္ဍာန်ဆင်တူပေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုငှက်သည် သာမန်ငှက်တစ်ကောင်မဟုတ်သည်မှာ ထင်ရှားသည်။

ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်နှင့် အချိန်တစ်ခုကြာ အတူတကွရှိခဲ့သည်။ သို့သော် သူ့တွင် ထိုသို့သော ငှက်တစ်ကောင်ူရှိသည်ကို သူမသိခဲ့ပေ။ ကြည့်ရသည်မှာ လူအိုကြီးလင်းယုန်ငှက်တွင်လည်း လျှို့ဝှက်ချက်များစွာ ရှိပုံပေါ်သည်။

“ရီးး”

သူ့ပုံသဏ္ဍာန်နှင့် ဆန့်ကျင်စွာ ပြင်းထန်သည့် အော်သံတစ်ခုနှင့်အတူ ရွှေရောင်ငှက်သည် လူအိုကြီးလင်းယုန်ငှက်၏ လက်ထဲမှ ပျံထွက်လိုက်သည်။ ဝမ်ချောင်ပင်လျှင် ထိုငှက် မည်သို့ ပျောက်ကွယ်သွားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်နိုင်ပေ။

ဤငှက်ကို လွှတ်လိုက်ပြီးနောက် ဝမ်ချောင် နှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် ရှေ့သို့ ဆက်လက်ချီတက်လိုက်ကြသည်။

အပိုင်း ၂၉၀

စုဟန်ရှန်း

"မြေပေါ်မှာ သွေးကွက်တွေရှိတယ်။"

"ဒီမှာ တိုက်ပွဲဖြစ်သွားခဲ့တာပဲ။"

ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် မျက်နှာဖုံးဝတ်လူ နှင့် များပြားသည့် ရဲမက်တစ်အုပ် တိုက်ခိုက်ခဲ့ကြသော နေရာတွင် ရပ်လိုက်ကြသည်။ မြေပေါ်တွင် သွေးများ အိုင်ထွန်းနေခဲ့ပြီး နေရာတစ်ခုလုံးတွင် တိုက်ပွဲ၏အမှတ်အသားများကို တွေ့နိုင်ပေသည်။ မြေတပြင်လုံး၌ ချိုင့်ခွက်များ၊ ခုတ်ဖြတ်ခံထားရသော သစ်ပင်များ နှင့် ဟိုမှသည် ပျံ့ကျဲနေသော သစ်သားစများကို တွေ့နိုင်ပေသည်။

"ဒီနေရာက သွေးပမာဏက သာမန်မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးက တိုက်ပွဲမှာ တစ်ယောက်ယောက် သေသွားတာပဲဖြစ်ရမယ်။"

လူအိုကြီးလင်းယုန်ငှက် မတ်တပ်ရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ်အကွာအဝေးရှိ လူပုံသဏ္ဍာန်သွေးကွက်ကို ကြည့်လိုက်သည်။ ဖြစ်နိုင်သည်မှာ သားကောင်း၏ ခန္ဓာကိုယ်မှ စီးထွက်လာသော သွေးများသည် ထိုသားကောင်၏ ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေခဲ့ပုံရသည်။

သွေးပမာဏကို သုံးသပ်ရလျှင် ထိုလူသည် ရှုံးနိမ့်သွားခဲ့ပြီး အသက်ရှင်လျက်ရှိနေသေးလျှင်ပင် သူသည် မသေဆုံးမီ အချိန်သိပ်ကြာကြာနေရလိမ့်မည်မဟုတ်ချေ။

"သူတို့က အလောင်းကို သယ်ဆောင်သွားခဲ့ကြတယ်။"

တစ်ဖက်လူ၏ စကားကိုသဘောတူဟန်ဖြင့် ဝမ်ချောင် ခေါင်းညိတ်ပြလိုက်သည်။ လီမြို့စားအိမ်တော်မှ ရဲမက်များသည် ဤကိစ္စကို ဖုံးကွယ်ထားရန် ရည်ရွယ်ထားပုံပေါ်သည်။ ဤသို့ဖြင့် သူတို့သည် အလောင်းကို တတ်နိုင်သမျှ ဝေးဝေးသို့ သယ်ဆောင်သွားခဲ့ကြသည်။

သို့သော်လည်း သူတို့တွင်အချိန်အကန့်အသတ်သာရှိသောကြောင့် သူတို့သည် တိုက်ပွဲ့၏ ခြေရာလက်ရာများကို ရှင်းလင်းနိုင်ခဲ့ကြခြင်းမရှိပေ။

"ဟမ်"

ရုတ်တရက်ပင် ဝမ်ချောင်၏ မျက်လုံးများ ဝင်းလက်သွားခဲ့ကာ သူသည် တောအုပ်အစွန်းဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ သူသည် ထိုင်ချလိုက်ပြီး အနက်ရောင်ပိတ်စတစ်ခုကို ကောက်ယူလိုက်သည်။

"ဒါက အဲကောင်ရဲ့ မျက်နှာကာပဲ"

လူအိုကြီးလင်းယုန်ငှက်သည် လျှောက်လာပြီး အနက်ရောင်ပိတ်စမှ သွေးများစီးကျနေသည်ကို မြင်သည်နှင့် စိုးရိမ်သွားခဲ့သည်။

"သွေးတွေတောင် ထွက်နေတော့ သူ အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပုံရတယ်။"

လူအိုကြီးလင်းယုန်ငှက်သည် လီမြို့စားအိမ်တော်တဝိုက်တွင် ခိုးကြောင်ခိုးဝှက်လုပ်နေသော ထိုလူနောက်သို့ အချိန်တစ်ခုကြာ လိုက်နေခဲ့သောကြောင့် သူ့အပေါ်တွင် ခံစားချက်တချို့ရှိပေသည်။ ထို့အပြင် ထိုလူသည် သခင်လေးက သူ့ကို စောင့်ကြည့်ရန် အထူးတာဝန်ပေးထားသော လူဖြစ်သည်။

သခင်လေးသည် ထိုကောင်လေးကို စောင့်ကြည့်ရန် သူ့ကို ဘာကြောင့် တောင်းဆိုခဲ့သည်ကို သူနားမလည်ခဲ့သော်လည်း သခင်လေးသည် ထိုလူ့ကို ရန်သူတစ်ဦးထက် မိတ်ဆွေတစ်ယောက်ဟု သဘောထားသည်ကို သူ ခံစားနိုင်ပေသည်။

သွေးများစိုရွှဲနေသည့် ပိတ်စကို ကိုင်ဆောင်ထားကာ ဝမ်ချောင် အတွေးနက်သွားခဲ့သည်။

"သွားစို့"

တခဏကြာပြီးနောက် ဝမ်ချောင်သည် ပိတ်စကို ဘေးသို့ လွှင့်ပစ်လိုက်ကာ တောထဲသို့ ချီတက်လိုက်သည်။

သူသည် ထိုလူနှင့် လီမြို့စားကြီးအိမ်တော်ကြားရှိ ဆက်နွယ်မှုကို ပိုပို၍ စိတ်ဝင်စားလာနေသည်။

ထိုလူသည် ညနက်သန်းခေါင်၌ လီမြို့စားအိမ်တော်တွင် တစ်ခုခုကို ရှာဖွေရန် ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းမှ ထွက်ခွာလာခဲ့သည်။

လီမြို့စားအိမ်တော်တွင် မည်သည့်ပစ္စည်းကို လိုချင်နေသည်နည်း။ နောက်ပြီး လီမြို့စားသည်လည်း သူ့ကို သာမန်သူခိုးတစ်ယောက်ဟု သဘောထားနေသည့်ပုံမပေါ်ချေ။

လီမြို့စားကြီးသည် ထိုလူလှုပ်ရှားမည်ကို ကြိုသိနေပုံရပြီး အသေးစိပ်ကျလှသည် ထောက်ချောက်တစ်ခုကိုပင် ပြင်ဆင်ထားခဲ့သည်။ အိမ်တော်ရှိ လေ့ကျင့်ပေးထားသော လင်းယုန်ငှက်တစ်ကောင် ထို့အတူ မည်သည့်အချိန်တွင်မဆို လှုပ်ရှားရန် အသင့်ဖြစ်နေသော ကျွမ်းကျင်သူ အုပ်စုတစ်ခု။

လီမြို့စားကြီးသည် သာမန်သူခိုး တစ်ယောက်အတွက် ဤမျှဒုက္ခခံနေစရာ လိုပါမည်လော။ ဤနောက်ကွယ်၌ ဖုံးကွယ်ထားသည့် အကြောင်းအရာတစ်ခုရှိရပေမည်။

ထိုအတွေးကို တွေးလိုက်ကာ ဝမ်ချောင်သည် သု့အမြန်နှုန်းကို မြှင့်လိုက်သည်။

လူအိုကြီးလင်းယုန်ငှက်သည် သူ့ကို အခြေအနေနှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းများ ပေးပို့နေသော သူ့အထက်ရှိ ငှက်ကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ရှေ့တွင်ရှိသည့် အခြေအနေသည် မျက်နှညဖုံးနှင့်လူအတွက် ဆိုးသထက်ဆိုးလာပုံရသည်။ မျက်နှာဖုံးနှင့်လူသည် ပထမနေရာတွင် ဝိုင်းရံပိတ်ဆို့ခံထားရခြင်းမှ ချိုးဖောက်နိုင်ခဲ့ပြီး သူ့စွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်သောကြောင့် သူသည် ကိုင်တွယ်ရ လွယ်ကူသူ မဟုတ်တော့သော်လည်း လူများစွာကို အချိန်အတော်ကြာ ဆန့်ကျင်တိုက်ခိုက်နိုင်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

"သူ့ကို မလွတ်စေနဲ့။"

"သူလွတ်မြောက်သွားခဲ့ရင် မင်းတို့အားလုံးကို တာဝန်ယူခိုင်းမယ်။"

"သူ့ကို ဖမ်း"

အဝေးမှ ပေါက်ကွဲသံများနှင့်အတူ စိုးရိမ်နေသော အသံများသည် လေထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ အုတ်အော်သောင်းတင်း ဖြစ်နေမှုမှ ဆုံးဖြတ်ရလျှင် သူတို့အရှေ့၌ လူအတော်များများ စုဝေးနေပုံရသည်။

ဝမ်ချောင်၏ နှလုံးသား တင်းကြပ်သွားခဲ့သည်။ သူသည် နောက်တစ်ကြိမ် သူ့အမြန်နှုန်းကို မြှင့်တင်လိုက်သည်။

ထူထပ်သည့် သစ်တောကို ဖြတ်ကျော်ရွေ့လျားသွားပြီးနောက် ဝမ်ချောင်သည် သတ်ဖြတ်ချင်စိတ်များကို သယ်ဆောင်ထားသည့် တုတ်ခိုင်သန်မာသည့် လူများကို တွေ့လိုက်ရသည်။ သူတို့အများစုသည် လီမြို့စားအိမ်တော်၏ ဝတ်စုံကို ဝတ်ဆင်ထားခဲ့ခြင်းမရှိသော်လည်း သူတို့အားလုံးသည် လီမြို့စားက ငှားရမ်းထားခဲ့သည့် ကျွမ်းကျင်သူများဖြစ်ကြသည်မှာ ထင်ရှားသည်။

သူတို့၏ အလယ်တွင် လူငယ်တစ်ဦးသည် တစ်ကိုယ်တည်းထိုင်နေခဲ့သည်။ သူ့မျက်နှာသည် စက္ကုတစ်ရွက်ကဲ့သို့ ဖြူလျော်လို့နေပေသည်။

သွေးများသည် သူ့နှုတ်ခမ်းမှ စီးကျနေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွဲနစ်နေခဲ့သည်။ ကြက်သွေးရောင်သည် သူဝတ်ထားသည့် အနက်ရောင်အဝတ်အစားတွင် အလွယ်တကူပေါ်လွင်စေမည့် အရောင်မဟုတ်သော်လည်း အမှောင်ထုကြားတွင်ပင် ဝမ်ချောင်သည် ရွှဲစိုနေသော လတ်ဆတ်သည့် သွေးပျစ်ပျစ်ကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။

သူ့ခန္ဓာကိုယ်သည် မတူညီသည့် ပုံစံများဖြင့် ခုတ်ဖြတ်ခံထားရပြီး သူတို့ထဲမှတချို့မှာ အပေါ်ယံဒဏ်ရာမဟုတ်ပေ။ သူတို့ထဲမှ တချို့သည် သူ့ခန္ဓာကိုယ်ကို ဖြတ်သွားပြီး အပေါက်များဖြစ်နေခဲ့ကြကာ တချို့အစိတ်အပိုင်းတွင် အရိုးများကိုလည်း မြင်နေရသည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ထိုသို့သော ဒဏ်ရာများရရှိခဲ့ပါက သတိလစ်မေ့မြောသွားပြီးဖြစ်ပေလိမ့်မည်။

သို့သော် ထိုမျက်နှာဖုံးနှင့်လူသည် သူ့အသိစိတ်ကို ထိန်းထားနိုင်နေဆဲဖြစ်သည်။

ကြောက်ရွံ့မှုကိုပင် ဖြစ်ပေါ်စေသည့် နက်ရှိုင်းသည့် တည်ငြိမ်အေးဆေးမှုနှင့်အတူ သူသည် မြေပေါ်ထိုင်နေခဲ့ပြီး သူ့ရန်သူများကို အကဲခတ်နေပေသည်။ ဤသည်မှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။

သို့သော် ထိုလူသည် အမှန်ပင် ထိုသို့ ပြုလုပ်ခဲ့သည်။

အမှန်တွင် ဝမ်ချောင်သည် ထိုမျက်နှာဖုံးနှင့်လူဆီမှ ခံစားချက်အနည်းငယ်ကိုမျှပင် မခံစားနိုင်ခဲ့ပေ။

ထိုမျက်နှာဖုံးနှင့်လူကို ပိတ်ဆို့ထားကြသည့် လူများသည် ဝမ်ချောင်နှင့် လူအိုကြီးလင်းယုန်ငှက်တို့ ရောက်လာသည်ကို သတိမပြုမိခဲ့ကြပေ။ သူတို့အားလုံးသည် သူတို့ရှေ့ရှိ လူငယ်ကို အာရုံစိုက်ထားကြပြီး သူတို့အားလုံးသည် ဒေါသထွက် စိတ်ပျက်နေခဲ့ကြသည်။

ဤသည်မှာ အထူးသဖြင့် သူတို့ခေါင်းဆောင်အတွက် ပိုမှန်ပေသည်။ သူသည် အစောပိုင်းက လီမြို့စားအိမ်တော်တံတိုင်းနှင့် အနည်းငယ်သာဝေးကွာသော နေရာတွင် မျက်နှာဖုံးနှင့်လူကို ဝိုင်းရံပိတ်ဆို့ခဲ့သည်။ သို့သော် ဤကောင်လေးသည် သူတို့၏ဝိုင်းရံပိတ်ဆို့မှုမှ လမ်းဖောက်ရန် အမှန်တကယ်သတ်ဖြတ်ပြီး ထွက်ပြေးနေစဉ် လူများစွာကို သတ်ဖြတ်လိုက်မည်ဟု မည်သူသိမည်နည်း။

ဤသည်က သူ့ကို အလွန်အမင်းဒေါသထွက်သွားစေခဲ့သည်။

"တိုက် သူ့ကိုသတ်"

"ဒီခွေးကောင်ကို သတ်နိုင်တဲ့လူကို ဆုလာဘ်အမြောက်အမြားချီးမြှင့်မယ်"

လူအုပ်၏ ခေါင်းဆောင်က အော်ပြောလိုက်သည်။ သို့သော် လီမြို့စားအိမ်တော်မှ ကျွမ်းကျင်သူများသည် ရန်လိုသည့် အရှိန်အဝါကို ထုတ်ဖော်နေကြသော်လည်း တစ်ယောက်မှ ခြေတစ်လှမ်းမျှပင် ရှေ့မထွက်ခဲ့ကြပေ။

ခေါင်းဆောင်သည် ဒေါသအကြီးအကျယ်မပေါက်ကွဲမီ တခဏမျှ ကြက်သေသေသွားခဲ့သည်။

"တိုက်။ ငါမင်းတို့ကို တိုက်ဖို့ပြောနေတယ်။ မင်းတို့ သုံးစားမရတဲ့ကောင်တွေ ငါတို့က သူ့ကို ချောင်ပိတ်ထားခဲ့ပြီ။ မင်းတို့က ဘာကိုကြောက်နေသေးတာလဲ။"

ခေါင်းဆောင်သည် သူ့ဘေးရှိ ရဲမက်တစ်ယောက်ကို ရှေ့သို့ တွန်းလွှတ်လိုက်ကာ ကျိန်းမောင်းလိုက်သည်။ သို့သော်လည်း သူတို့သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ခံစားလိုက်ကြရသော်လည်း သူတို့တစ်ယောက်မှ မလှုပ်ရှားခဲ့ကြပေ။

ထိုကောင်လေးသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ချောင်ပိတ်ခံထားရသည်။ ဤအရာကို လူတိုင်းသိကြပေသည်။

သို့သော်လည်း ထိုသည်မှာ သူတို့၏ အခြားညီအစ်ကိုများသည် ကမ္ဘာမြေကြီးသို့ ပြန်မလာမီ မြင်ခဲ့သည့်အရာလည်း ဖြစ်သည်။ ထိုကောင်လေးသည် သေခါနီးဆဲဆဲဖြစ်ပုံပေါ်သည်။ သို့သော် တစ်ယောက်ယောက်က သူ့ကို့ တိုက်ခိုက်ရန် ရှေ့ထွက်လိုက်ချိန်တိုင်း သူသည် ရုတ်တရက် ကျားတစ်ကောင်ကဲ့သို့ ခွန်အားများပြည့်ဝလာခဲ့ပြီး ပြိုင်ဘက်ကို သေစေလောက်သော ဒဏ်ရာကို ပေးရန်အတွက် သူ့အသက်ကို လောင်းကြေးထပ်ပေလိမ့်မည်။ ဤနည်းပရိယာယ်ဖြင့် ထိုကောင်လေးသည် သူတို့၏ညီအစ်ကိုများကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခဲ့သည်။

ဤသည်မှာ သူတို့သည် ဤမျှရမ်းကားကြမ်းတမ်းသည့် တိုက်လိုက်မှုပုံစံကို ယခင်ကမမြင်ဖူးခဲ့ခြင်းမျိုး မဟုတ်ပေ။ သို့သော် မည်သူကမျှ ဤကောင်လေး၏ အတိုင်းအတာအထိ မသွားခဲ့ဖူးပေ။

ဤသည်မှာ ရန်လိုခြင်း သက်သက် မဟုတ်တော့ပေ။ ဤသည်မှာ အမှန်ပင် အသေခံ၍ ပြန်လည်တိုက်လိုက်ခြင်းဖြစ်သည်။ သူ၏တိုက်ခိုက်မှုအတွက် လှည့်ကွက်များ သို့မဟုတ် အတုယောင်များမရှိပေ။ တစ်ဖက်သား၏တိုက်ခိုက်မှုကို ရိုးရှင်းစွာခံယူကာ သူ့ဘက်မှ ပို၍ပင်သေစေနိုင်သော တိုက်ခိုက်မှုကို ပြုလုပ်လိမ့်မည်ဖြစ်ပြီး သူ့ရန်သူက သူ့ကိုမသတ်နိုင်မီ သူက သူ့ရန်သူကို သတ်ပေလိမ့်မည်။

ထို့အပြင် သူတို့ရင်ထဲကို အကြီးမားဆုံးကြောက်ရွံ့သွားစေသည့်အရာမှာ ထိုကောင်လေး သူ့ရန်သူများကို သုတ်သင်ရန် အသုံးပြုသည့် အရိုးခိုက်မတတ်ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းဖြစ်သည်။ သူ့လက်များဖြင့် သူ့ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခြင်းဖြစ်သည်။

ဤနေရာတွင် ထိုကောင်လေး၏ အကြီးမားဆုံးလက်နက်သည့် သူ့လက်ထဲရှိ သူ့ဓားမဟုတ်ဘဲ သူ့လက်သီးတစ်စုံဖြစ်သည်ကို လူတိုင်းနားလည်သွားခဲ့ကြသည်။

ထိုကောင်လေး၏ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်လိမ့်မည်ဟု တွေးထင်နေကြသူများ အားလုံးသည် သူတို့၏ နောက်ဆုံးထွက်သက်ကို ရှုရှိုက်ရင်း သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် မည်သူကများ လှုပ်ရှားဝံ့မည်နည်း။

"သောက်သုံးမကျတဲ့ကောင်တွေ"

ခေါင်းဆောင်သည် အော်ငေါက်ကာ သူ့ဆေဘာဓားကို ဆွဲထုတ်ပြီး သူကိုယ်တိုင် လှုပ်ရှားဟန် ပြင်လိုက်စဉ်မှာပင်

"သခင်လေးရောက်လာပြီ သခင်လေး ရောက်လာပြီ..."

အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် လူတိုင်းသည် သူတို့တော့ အသက်ရှင်ပြီဟု ခံစားလိုက်မိကြသည်။

ကြယ်ရောင်များ လင်းလက်နေသည့် မဟူရာအောက်တွင် အဖြူရောင်ရှပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် မဲမှောင်သည့် မျက်နှာဖြင့် ပေါ်လာခဲ့သည်။ သူနှင့်အတူ မုန်တိုင်းကဲ့သို့အားကောင်းသည်ဟု ခံစားရစေသည့် ကျွမ်းကျင်သူ တစ်သုတ်လည်းပါလာခဲ့သည်။ သူတို့၏ ကျင့်ကြံခြင်းသည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကို ကျော်လွန်နေခဲ့သည်မှာ ထင်ရှားသည်။

အဝေးမှပင် လူတိုင်းသည် ထိုလူထုတ်ဖော်နေသော မြင့်မြတ်သည့် အားကောင်းသောအရှိန်အဝါကို ခံစားနိုင်ပေသည်။ ထိုလူမှာ လီမြို့စားအိမ်တော်၏ လူငယ်ဆက်ခံသူ လီပင် ဖြစ်သည်။

"လမ်းဖွင့်ပေးလိုက်"

“ဟူးလာလာ”

လူတိုင်းသည် ချက်ချင်းဘေးသို့ရှဲပေးလိုက်ကြပြီး လီမြို့စားအိမ်တော်၏ လူငယ်သခင်လေးအတွက် လမ်း ကြောင်းတစ်ခုဖွင့်ပေးလိုက်ကြသည်။

လီပင် သည် အနီးရှိ သစ်ပင်တစ်ပင်၏ သစ်ကိုင်းပေါ်မှခုန်ဆင်းလာခဲ့ပြီး နက်ရှိုင်းသည့် အကြည့်များဖြင့် ခန့်မှန်းမရသည့် ကျွမ်းကျင်သူနှစ်ဦးသည် သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။

သစ်ပင်ကြီးအောက်မှနေ၍ လီပင် နောက်ရှိ နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို မြင်လိုက်ရသည်နှင့် လူငယ်၏ မျက်နှာပေါ်ရှိ မထုံတတ်သေးအမူအရာသည် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့ပြီး သူ့အမူအရာသည် မဲမှောင်သွားခဲ့သည်။

"ဟမ်"

လီမြို့စားအိမ်တော်၏ အကြီးဆုံးသား လီပင်သည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ဖြစ်သည်။ သူ့တွင် အံဝင်ခွင်ကျဖြစ်သော တည်ဆောက်မှုတစ်ခုရှိပြီး လွှမ်းမိုးကြီးစိုးသော အရှိန်အဝါကို သယ်ဆောင်ထားခဲ့သည်။ သူပေါ်လာသည်နှင့် လူတိုင်းသည် သူ့ကို သူတို့၏ ခေါင်းဆောင်အဖြစ် အလိုအလျောက်သတ်မှတ်လိုက်ကြသည်။

"စုဟန်ရှန်း မင်းက ဒီနာမည်ကို အသုံးပြုဖို့ရွေးချယ်ထားမှတော့ ငါလည်း အဲအတိုင်းပဲမင်းကိုခေါ်မယ်။"

လီပင်သည် လူငယ်လေး၏ နောက်ခံအကြောင်းကို သိထားသည့်အတိုင်း အေးစက်စွာ ပြောလိုက်သည်။ မြို့စားလီအိမ်တော်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ခဲ့သည့် မျက်နှာဖုံးနှင့်လူမှာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ အဖြူရောင်ကျားတောင်ထွတ်ပေါ်၌ ဝမ်ချောင်နှင့် တစ်ခန်းတည်း အတူနေသည့် စုဟန်ရှန်းမှ လွဲ၍ တခြားသူမဟုတ်ပေ။

"...တကယ်လို့ မင်းက 'စုဟန်ရှန်း' နာမည်နဲ့ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ လိမ်လိမ်မာမာနေခဲ့ရင် မင်းကို ကိုင်တွယ်ဖို့ ငါစိတ်ဝင်စားနေမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက လီမြို့စားအိမ်တော်ကို မျက်စိလှည့်ဖို့ ရွေးချယ်လိုက်တာကြောင့် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"

သစ်ပင်ကြီးအောက်တွင် ထိုင်နေသော စုဟန်ရှန်းသည် လီပင်ကို ဘာမှမပြောဘဲ အေးစက်စွာစိုက်ကြည့်နေခဲ့သည်။

"ဒီကမ္ဘာမှာ ကမ္မဆိုတာ ရှိသေးတယ် လီပင်။ တစ်နေ့ မင်းနဲ့ မင်းရဲ့လီအိမ်တော် တစ်ခုလုံးဟာ အဲတုန်းက ကိစ္စတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။"

စုဟန်ရှန်းသည် ရုတ်တရက် ပါးစပ်ဖွင့်လိုက်ပြီး ပြောလိုက်သည်။ ထိုစကားကိုပြောပြီးနောက် တည်ငြိမ်အေးဆေးမှုသည် သူ့ဆီသို့ ပြန်ရောက်လာခဲ့သည်။ သူသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး သူ့အဆုံးသတ်ကို စောင့်နေလိုက်သည်။

"မင်းက သေချင်နေတာပဲ။"

စုဟန်ရှန်းပြောလိုက်သည့် စကားသည် လီပင်ကို လုံးဝ ဒေါသပေါက်ကွဲသွားစေခဲ့သည်။

"မင်းက သေဖို့အဆင်သင့်ဖြစ်နေမှတော့ ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။ သူ့ကိုသတ်။"

“ဝမြးးးး”

ထိုစကားကို ပြောလိုက်ခြင်းနှင့်အတူ လီပင်နောက်၌ ရပ်နေသော နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး သစ်ပင်ကြီးအောက်ရှိ လူငယ်ဆီသို့ တိုက်ရိုက်ဦးတည်လိုက်သည်။

ည၏ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် သူ့လက်ငါးချောင်းသည် ဓားများနှင့်ဆင်တူသည့် အေးစက်သော အလင်းရောင်ကို နိုးဆွထားခဲ့သည်။

"ရပ်"

ထိုအရေးကြီးသည့် အခိုက်အတန့်တွင် ရုတ်တရက် သစ်တောကိုဖြတ်၍ အသံတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအသံသည် စုဟန်ရှန်းထံသို့ တိုက်ခိုက်နေသော နက်နဲသိမ်မွေ့သည့်နယ်ပယ်မှ ကျွမ်းကျင်သူမှလွဲ၍ လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

“ဘုန်းးး”

ထိုအရေးပါသည့် အခိုက်အတန့်တွင် လူတစ်ယောက်သည် လူအုပ်ကြီးကို ဖြတ်သွားခဲ့ပြီး လျှပ်စီးကဲ့သို့ ပြေးဝင်လာခဲ့သည်။ ထိုလူသည် စုဟန်ရှန်းရှေ့၌ မတ်တပ်ရပ်လိုက်ကာ သေစေနိုင်သော တိုက်ခိုက်မှုကို ဖြိုခွဲလိုက်သည်။

"အဲဒါ ဘယ်သူလဲ။"

အသစ်ရောက်လာသည့်လူကို ကြည့်လိုက်ကာ နက်နဲသိမ့်မွေ့သည့်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦး၏ မျက်နှာများ အေးစက်သွားခဲ့သည်။

"မင်းက ဘယ်သူလဲ"

တစ်ချိန်တည်းမှာပင် လီပင်သည်လည်း သစ်တောထဲသို့ အကြည့်တစ်ချက်ပို့လိုက်သည်။

ဤအချိန်တွင် ဤနေရာသို့ ရောက်လာသူမှာ တခြားမည်သူမျှ မဖြစ်နိုင်လောက်ပေ။

"ညီအစ်ကိုစု မင်းအဆင်ပြေရဲ့လား။"

ဝမ်ချောင်သည် သစ်တောထဲမှ လမ်းလျှောက်ထွက်လာခဲ့ကာ သူတော့ သေပြီဟု ယူဆထားပုံပေါ်သော စုဟန်ရှန်းကို စိတ်မသက်မသာဖြစ်နေသည့် ပုံစံဖြင့် ကြည့်လိုက်သည်။

သူသည် တစ်ဖက်လူကို ရပ်တန့်ရန် အော်ပြောခဲ့သော်လည်း လီပင်အနားရှိ ကျွမ်းကျင်သူသည် အနည်းငယ်မျှပင် မရပ်တန့်ခဲ့ပေ။ အကယ်၍ သူသည် လူအိုကြီးလင်းယုန်ငှက်ကို မခေါ်ဆောင်လာခဲ့ပါက စုဟန်ရှန်းသည် ဤနေရာ၌ပင် သေဆုံးသွားနိုင်သည်။

"မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့နဲ့ ဒီကောင်ကြားဆက်ဆံရေးက ဘာတွေလဲ။"

လီပင်သည် ဝမ်ချောင်ကို မဲမှောင်သည့် အမူအရာဖြင့် အကဲခတ်နေသည်။

စုဟန်ရှန်းသည် သူတို့အတွက် အရေးကြီးသည့် ပစ်မှတ်ဖြစ်သည်။ လီမြို့စားအိမ်တော်သည် သူက သူတို့ထောက်ချောက်ထဲသို့ တိုးဝင်လာချိန်ကို အချိန်အကြာကြီး စောင့်ခဲ့ရသည်။

အမှန်တွင် လီပင်သည် သူ့လူများကို ခေါ်ကာ ဤနေရာသို့ပင် ကိုယ်တိုင်ရောက်လာခဲ့သည်။

ဤစစ်ဆင်ရေးအတွက် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရမည်ဖြစ်ပြီး ဘာမှ မှားယွင်းသွား၍မရပေ။ သို့သော် ဤလူများပေါ်လာခြင်းသည် သူ့မျှော်လင့်ချက်အပြင်ဘက်သို့ လုံးဝရောက်နေခဲ့သည်။

ထိုခဏမှာပင် သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒတစ်ခုသည် လီပင်၏ မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။

All Chapters