← Chapters

အခန်း (၂၉၁-၂၉၅)

Vol. 13 Ch. 291-295

အခန်း (၂၉၁-၂၉၅)

Vol. 13 Ch. 291-295

အပိုင်း ၂၉၁

ထိပ်တိုက်တွေ့ဆုံခြင်း

"လီသခင်လေး တွေ့ရတာဝမ်းသာပါတယ်။ ကျုပ်ကတော့ အရင်ဝန်ကြီးချုပ်ဟောင်း ဝမ်ဘိုဝူနဲ့ စစ်သူကြီးဝမ်ယန်ရဲ့ သားမြေး ဝမ်ချောင်ပါ။"

အားလုံးကို ကြည့်လိုက်ကာ ဝမ်ချောင်သည် ချက်ချင်းပင် သူ့လက်ကောက်ဝတ်ကို လှုပ်လိုက်ပြီး ရွှေတံဆိပ်တစ်ခုကို ပစ်လွှတ်လိုက်သည်။

မှင်သက်သွားခဲ့ကာ လီပင်သည် မသိစိတ်မှ တံဆိပ်ကို ဖမ်းယူလိုက်ပြီး အသေအချာစစ်ဆေးပြီးနောက် တုန်လှုပ်စွာဖြင့် သူ့မျက်နှာသည် တွန့်ချိုးသွားခဲ့သည်။

လီပင်သည် ဝမ်ချောင်ကို ယခင်က မတွေ့ခဲ့ဖူးပေ။ ထို့အပြင် သူတို့သည် လူမှုရေးနယ်ပယ်၌လည်း ဆက်ဆံခဲ့ကြဖူးခြင်းမရှိပေ။ သို့သော် ပြောစရာမလိုအောင်ပင် မြို့တော်၌ ဝမ်ကလန်၏ အမှတ်သားကို မမှတ်မိနိုင်သူ ရှိလိမ့်မည်မဟုတ်ပေ။

“ဝမ်ဘိုဝူ”

သူ့ကို ထိုနာမည်ဖြင့် ခေါ်ဆိုသည့် လူတစ်ယောက်မှ မရှိတော့ပေ။ တိုင်းပြည်၏ ချင်းဝမ်နှင့် မြို့စားကြီးများအားလုံးအပါအဝင် လူတိုင်းသည် သူ့ကို လေးစားသမှုဖြင့် မြိုစားကြီးကျူးဟု ခေါ်ဆိုခဲ့ကြသည်။

လီပင်သည် တောထဲမှ လမ်းလျှောက်ထွက်လာခဲ့သည့် လူငယ်လေးသည် သိပ်မကြာသေးမီက မဟာထန်တော်ဝင်ရုံးတော်ကို ပွက်လောရိုက်သွားစေခဲ့သည့် ဒဏ္ဍာရီလာ လူငယ်လေး မြို့စားကြီးကျူး၏ မြေးဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။

'သူ ဒီကို ဘယ်လိုရောက်လာတာလဲ။'

ဖြည်းညင်းစွာ လမ်းလျှောက်လာသည့် တည်ငြိမ်သော လူငယ်လေးကို ကြည့်ကာ ကြောက်ရွံ့မှုသည် လီပင်၏ မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။

ဝမ်ကလန်သည် မြို့တော်တွင် အလေးစားခံရဆုံး ကလန်များထဲမှ တစ်ခုဖြစ်သည်။ အဆင့်အတန်းအရ မြို့စားလီထက် ဘယ်နေရာမှ အောက်ရောက်မနေခဲ့ပေ။

"ညီအစ်ကိုစု မင်းတောင့်ခံနိုင်သေးလား။"

အတွေးထဲနစ်မြောသွားသည့် လီပင်ကို လျစ်လျူရှုလိုက်ကာ ဝမ်ချောင်သည် လူအုပ်ကြီးကို ဖြတ်ကျော်ပြီး သစ်ပင်ကြီးအောက်၌ ဒဏ်ရာအပြင်းအထန်ရထားသည့် စုဟန်ရှန်းဆီသို့ တိုက်ရိုက် လမ်းလျှောက်သွားလိုက်သည်။

ဤအခိုက်အတန်တွင် သူ အစိုးရိမ်ဆုံးလူမှာ စုဟန်ရှန်းဖြစ်သည်။

သူသည် အနာဂတ်တွင် ဂိုစုန့်ကျီ၊ ဖုမင်လင်းချာ၊ ကောင်ရှု့ဟန် နှင့် ကျန်းရှို့ကွေ့တို့နှင့် ယှဉ်နိုင်သည့် မဟာစစ်သူကြီးတစ်ဦးဖြစ်ရန် အလားအလာရှိသူဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့ကို ထိခိုက်ခွင့် မပြုနိုင်ပေ။

အနာဂတ် အဖြစ်အပျက်များတွင် အနည်းငယ်ကွဲလွဲမှု ဖြစ်ပျက်သွားခဲ့ပုံပေါ်သောကြောင့် ဝမ်ချောင် အလွန်အံ့အားသင့်သွားခဲ့ရသည်။

သူ့ယခင်ဘဝတွင် စုဟန်ရှန်းသည် အေးစက်ပြီး မာနကြီးကာ တစ်ကိုယ်တော်ဖြစ်သည်။

သူလေ့ကျင့်ပေးခဲ့သည့် တပ်ဖွဲ့သည် မဟာထန်တွင် နံပါတ်တစ်ဟု ကျော်ကြားပြီး မည်သည့် ဖွဲ့စည်းပုံကိုမဆို ထိုးဖောက်နိုင်သော်လည်း သူ့တွင် အားနည်းချက်ကြီးတစ်ခုရှိသည်။ သူသည် တစ်ယောက်တည်းသာ လုပ်ဆောင်ခဲ့သည်။

သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ သူ့သက်တူရွယ်သူများနှင့်ပင် မပူးပေါင်းခဲ့ပေ။ တခြားသူများနှင့်ဆို ပြောနေစရာပင်မလိုချေ။

သူ့အတွက် မည်သူမျှ မဟာမိတ်အဖြစ် မယူဆနိုင်သောကြောင့် မည်သူနှင့်မဆို လက်တွဲလုပ်ဆောင်ရန် ဖြစ်နိုင်သမျှအားလုံးကို ငြင်းပယ်ခဲ့သည်။

သို့သော် ထူးဆန်းစွာဖြင့် နှစ်တိုင်းနှစ်တိုင်း အချိန်တစ်ခုသို့ ရောက်သည်နှင့် သူသည် စစ်တပ်မှ ထွက်ခွာလာခဲ့ကာ မြို့တော်ရှိ နေရာတစ်ခုသို့ အလည်ပြန်လေ့ရှိသည်။

တိုက်ပွဲသည် ဆိုးရွားနေလျှင်ပင် ဤသူ့အကျင့်သည် မပြောင်းလဲခဲ့ပေ။

ဝမ်ချောင်သည် ဤကိစ္စကို စောင့်ကြည့်ရန် လူအိုကြီးလင်းယုန်ငှက်ကို ညွှန်ကြားခဲ့သည်မှာ သူ့ယခင်ဘဝက ဤအသိပညာကို အမှီပြုခဲ့ခြင်းဖြစ်သည်။

ဤသို့ပင် သူ့စောင့်ကြည့်မှုသည် သူ့ကို လီမြို့စားအိမ်တော်သို့ ခေါ်ဆောင်လာခဲ့ပြီး ဤကဲ့သို့ ကိစ္စပင် ဖြစ်ပျက်မည်ဟု ဝမ်ချောင် မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ သူသည် ဤအခိုက်အတန့်၌ ပေါ်မလာခဲ့လျှင် စုဟန်ရှန်းသည် ဤနေရာ၌ အမှန်တကယ်သေဆုံးသွားမည်လော။

ဝမ်ချောင်သည် ယခင်က ထိုသို့သော ဖြစ်နိုင်ချေကို လုံးဝ မတွေးခဲ့ဖူးပေ။

ဤအခိုက်အတန့်မှာပင် အနာဂတ်အဖြစ်အပျက်များသည် သူသိသည့် မူလကံကြမ္မာစီးဆင်းမှုမှ စတင် လွဲချော်လာနေသည်ကို သူနားလည်လိုက်သည်။

"ညီအစ်ကိုစု ဒီမှာ ပြန်လည်ကုစားတဲ့ဆေး။ ဒါက မင်းရဲ့ဒဏ်ရာကို ကုစားရမှာ မင်းကို ကူညီပေးမှာပါ။"

ဝမ်ချောင်သည် သူ့အိတ်ကပ်ထဲမှ လက်ခြောက်ဖက်ကျန်းဆီမှ ရရှိထားသော ပြန်လည်ကုစားသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ကာ ကမ်းပေးလိုက်သည်။

စုဟန်ရှန်း၏ မျက်နှာသည် ခါတိုင်းကဲ့သို့ပင် တည်ငြိမ်အေးစက်နေသေးသည်။ သူသည် ဝမ်ချောင် ကမ်းပေးသည့် ပြန်လည်ကုစားဆေးလုံးကို မယူဘဲ သူ့အကြည့်များက ဝမ်ချောင်ကို သူ့ထံမှ အဝေးသို့ တွန်းထုတ်နေပုံရသည်။

ထိုသို့ပင် ထိုအေးစက်သည့်မျက်လုံးတစ်စုံသည် ဝမ်ချောင်ပေါ်ရောက်လာသောအခါတွင် မထင်ရှားသော အံ့အားသင့်နေသည့်အရိပ်အမြွက်သည် သူ့မျက်လုံးထဲတွင် တခဏပေါ်လာခဲ့သေးသည်။

ရှင်းလင်းစွာပင် စုဟန်ရှန်းသည် ဝမ်ချောင်ကို ဤအခိုက်အတန့် ဤအချိန်၌ ဤနေရာတွင် ပေါ်လာမည်ဟု မမျှော်လင့်ထားသည်မှာ ထင်ရှားသည်။

"သူက တကယ့်ကို လုံးဝမပြောင်းလဲဘူးပဲ။"

စုဟန်ရှန်း၏ တုံ့ပြန်မှုကို မျှော်လင့်ထားသဖြင့် ဝမ်ချောင်သည် စိတ်ထဲ၌သာ ရယ်မောလိုက်သည်။

သူတို့သည် အဖြူရောင်ကျားတောင်ထွတ်တွင် တစ်ခန်းတည်းအတူနေခဲ့ကြသော်လည်း များသောအားဖြင့် ကိုယ်ပိုင်ကိစ္စများဖြင့်သာ မအားလပ်ဖြစ်နေခဲ့သဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ရသည်မှာ ရှားပါးသည်။

စုဟန်ရှန်းသည်လည်း မနက်စောစော၌ ပျောက်သွားလေ့ရှိပြီး ညနက်မှသာပြန်လာလေ့ရှိသည်။

ထို့ကြောင့် သူတို့သည် တစ်ခန်းတည်းဖြစ်သော်လည်း သူတို့တစ်ယောက်နှင့်တစ်ယောက် အချိန်အတူကုန်ဆုံးကြသည်မှာ နည်းပါးသည်။

ဤသို့သော အခြေအနေအောက်တွင် အကယ်၍ စုဟန်ရှန်းသည် သူ့အကျင့်စရိုက်အရ ဝမ်ချောင်၏ ကြင်နာသော အပြုအမူကို လက်ခံရန် ဆန္ဒရှိပါက အံ့အားသင့်စရာဖြစ်ပေလိမ့်မည်။

"လီသခင်လေး ငါ သူ့ကို ခေါ်သွားမယ် မင်းဆီကို ငါ ကျေးဇူးကြွေးတစ်ခုတင်သွားပြီ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။"

ဝမ်ချောင်သည် လီပင်ကို ကြည့်လိုက်ပြီး ယုံကြည်မှုရှိစွာ မေးလိုက်သည်။

နှစ်ဖက်စလုံးသည် သူတို့ဘယ်သူဖြစ်သည်ကို ဖော်ပြခဲ့ကြပြီးဖြစ်သောကြောင့် ဤစကားဝိုင်းကို ဝမ်ကလန်နှင့် မြို့စားလီမိသားစုကြားရှိ တရားဝင် တွေ့ဆုံမှုတစ်ခုဟု ယူဆနိုင်ပြီဖြစ်သည်။

ဂုဏ်သရေရှိ ကလန်များ၏ သခင်လေးများ အရွယ်ရောက်လာသော‌အခါ သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ကလန်ကို ကိုယ်စားပြုပေလိမ့်မည်။ ဤသို့ဖြင့် သူတို့သည် နှုတ်ကပတ်တော်ထွက်ခဲသည်။

သူ့စကားသည် စုဟန်ရှန်းအသက်ထက် ပို၍တန်ဖိုးရှိသည်ဟု ဝမ်ချောင် ယုံကြည်လေသည်။ လီပင်သည် သူ့ကို ငြင်းပယ်စရာအကြောင်းမရှိ‌ပေ။

"ချောင်သခင်လေး ငါ့ရဲ့စပ်စုမှုအတွက် ခွင့်လွှတ်ပါ ဒါပေမယ့် ဒီလူ စုဟန်ရှန်းဟာ မြို့တော်ကလူမဟုတ်သလို ချောင်သခင်လေးနဲ့လည်း အဆက်အသွယ်မရှိဘူးလို့ထင်ပါတယ်။ ဒါကြောင့် သူ့ကို ငါ့ဆီလွဲပေးဖို့ မျှော်လင့်တယ်။ ငါ့ရဲ့ဖခင်ဟာ ဘာတွေပဲဖြစ်လာပါစေ သူ့ကို ပြန်ခေါ်လာဖို့ အမိန့်ပေးခဲ့တယ် ဒါကြောင့် ဒီကိစ္စမှာ ချောင်သခင်လေးက ခြေတစ်လှမ်းနောက်ဆုတ်ပေးဖို့ မျှော်လင့်မိပါတယ်။"

တခဏတုံ့ဆိုင်းနေပြီးနောက် လီပင်သည် ဝမ်ချောင် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်နေသော စကားကို ပြောလိုက်သည်။ သူသည် ဤအခြေအနေမှာပင် စုဟန်ရှန်းကို သွားခွင့်ပြုရန် ဆန္ဒမရှိနေသေးပေ။

မျက်မှောင်ကြုတ်လိုက်ကာ ဝမ်ချောင်သည် မြေပေါ်ရှိ ဖြူလျော်နေသောမျက်နှာနှင့် စုဟန်ရှန်းကို ကြည့်လိုက်သည်။

လီမြို့စားသည် သူ့ကို ဖမ်းဆီးရန် အမှန်ပင် သူကိုယ်တိုင်အမိန့်ထုတ်ခဲ့သည်လော။

ဤသည်မှာ သူခိုးသေးသေးလေးကို ဆန့်ကျင်သည့် သာမာန် လုပ်ဆောင်ချက်တစ်ခုမဟုတ်ပေ။ ဤလူသည် လီမြို့စားနှင့် နက်ရှိုင်းသည့် မကောင်းသော ရာဇဝင်ရှိခဲ့ဖူးသည်လော။

"လီသခင်လေး မင်း တစ်ခုခုကို နားလည်မှုလွဲနေတာဖြစ်ရမယ် ငါ့သူငယ်ချင်းရဲ့ ပင်ကိုယ်စရိုက်က အမြဲတမ်းအဲလိုပဲ။ ညီအစ်ကိုစုနဲ့ ငါက ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရဲ့ အဖြူရောင်ကျား တောင်ထွတ်ပေါ်မှာ တစ်ခန်းတည်း အတူနေကြတာပါ ဒါ့အပြင် ငါ့ရဲ့အဖိုးက သူ့ကို ဝမ်ကလန်ဆီ ဧည့်သည်တစ်ယောက်အနေနဲ့ ဖိတ်ကြားဖို့ ငါ့ကို တာဝန်ပေးအပ်ခဲ့တယ်။ ဒီလိုနဲ့ အချိန်အတော်ကြာ စောင့်ပြီးနောက် သူ့ကို ရှာမတွေ့ခဲ့ဘူး ဒါကြောင့် ငါ သူ့ကို လာရှာခဲ့တာပဲ။ ဒီလိုကိစ္စမျိုး တကယ်ပဲဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ လီသခင်လေး မင်း ဒီကိစ္စကို ငါ့ဆီမှာ ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်ကျရင် သေချာပေါက် လီအိမ်တော်ကို လာပြီး ငါရဲ့ တောင်းပန်မှုကို ဖော်ပြမှာပါ။"

ဝမ်ချောင်သည်လည်း လီပင်၏စကားကို လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ တစ်ဖက်လူသည် လီမြို့စားကို ဆွဲထည့်လာသောကြောင့် ဝမ်ချောင်သည် သူ့အဖိုး၏ နာမည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ လီပင်သည် လေးစားခံရသည့်မြို့စားကြီးကျူးကိုပင် ပစ်ပယ်သည်အထိ မောက်မာလိမ့်မည်ဟု ဝမ်ချောင် မယုံပေ။

"ချေးပဲ အဲခွေးကောင် ငါတို့ရဲ့ ညီအစ်ကို ဘယ်လောက်များများကို သတ်လိုက်သလဲ မင်းသိလား။ ဒီစကားလုံးနည်းနည်းလောက်လေးနဲ့ သူ့ကို ခေါ်သွားဖို့ အိပ်မက်တောင်မမက်နဲ့။"

လီအိမ်တော်မှာ အစောင့်တစ်ယောက်သည် ရုတ်တရက်အော်ပြောလိုက်သည်။

"ဟမ်"

ဝမ်ချောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး သူ့ကြည့်များ အေးစက်သွားခဲ့သည်။ သူသည် ယခင်ကကဲ့သို့ လက်ဖွာသော သခင်လေး မဟုတ်တော့ပေ။

ကလန်ပြင်ပတွင် သူ့တည်ရှိမှုသည် လေးစားခံထိုက်သည့် ဝမ်ကလန်ကို ကိုယ်စားပြုပေသည်။

ဤသည်မှာ လေးစားခံထိုက်သည့် ဝန်ကြီးချုပ်နှင့် စစ်သူကြီးမျိုးရိုးကလန်၏ လူငယ်သခင်လေးနှင့် မဟာထန်မြို့စားကြီးမျိုးဆက်၏ လူငယ်သခင်လေး တို့အကြားစကားဝိုင်းဖြစ်သည်။ လက်အောက်ငယ်သားတစ်ဦးအား ဤကဲ့သို့ အရေးကြီးသော စကားဝိုင်းတွင် မည်သို့ပါဝင်ခွင့် ပြုနိုင်ရသနည်း။

သို့ဆိုလျှင်ပင် ဝမ်ချောင်သည် လက်အောင်ငယ်သားနှင့် စကားနိုင်လုရန် စိတ်ဝင်စားမနေခဲ့ပေ။ အားလုံးပြီးနောက် ဤကိစ္စမှာ လီမြို့စားအိမ်တော်၏ လက်အောက်ငယ်သားများအကြား သွန်သင်ဆုံးမမှု ပြတ်လပ်ခြင်းကို ထင်ဟပ်ပြသခြင်းသာဖြစ်သည်။ လီမြို့စားကသာ အရှက်ရပေလိမ့်မည်။ သူသည် သူ့အကြည့်ကို လီပင်ထံသို့သာ ပို့လိုက်သည်။

"နောက်ဆုတ်စမ်း ဒါက မင်းစကားဝင်ပြောလို့ရတဲ့ နေရာမဟုတ်ဘူး။"

မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ချောင်၏ အကြည့်အောက်၌ လီပင်သည် ငြိမ်၍ မနေနိုင်တော့ပေ။ သူသည် ချက်ချင်းပင် သူ့လက်အောင်ငယ်သားကို ကြိမ်းမောင်းလိုက်သည်။ ထိုလက်အောက်ငယ်သားသည် ရှက်ရွံ့စွာဖြင့် အလျင်အမြန်နောက်ဆုတ်လိုက်သည်။

"ချောင်သခင်လေး မင်း အဲလူကို ခေါ်ဆောင်သွားဖို့ တကယ်ပဲဆုံးဖြတ်ထားခဲ့ပြီလား။"

လီပင်သည် ရှေ့သို့တိုးလိုက်ကာ လေးနက်စွာဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်လုံးများသည် ဝမ်ချောင်၏မျက်နှာပေါ်တွင် မြဲမြံစွာရောက်နေခဲ့ပြီး အနည်းငယ်မျှသော အသေးစိတ် အချက်အလက်များကို သူ့အကြည့်မှ လွတ်မြောက်သွားမည်ကို မလိုလားနေခဲ့ပေ။

မြို့စားကြီးကျူးသည် စုဟန်ရှန်းအား ဧည့်သည်တစ်ယောက်အဖြစ် ဖိတ်ကြားရန် သူ့ကို ပြောထားခဲ့သည်လော။ လီပင်သည် ဝမ်ချောင်ပြောစကားကို တစ်လုံးမှပင် မယုံခဲ့ပေ။

သို့သော် မည်သို့ဆိုစေကာမူ ထိုသည်က ဝမ်ချောင်သည် ဤနေရာသို့ ထိုကောင်လေးအတွက် ရောက်လာသည့် အမှန်တရားကို မပြောင်းလဲနိုင်ခဲ့ချေ။

ယခုအချိန်တွင် လီပင်သည် ညှိနှိုင်းရန် အကြောင်းအရင်း ရှိသေးသည် မရှိတော့သည်ကို သိချင်နေခဲ့သည်။ ဝမ်ချောင်သည် ဤကောင်လေးကို ခေါ်သွားရန် လုံးဝဆုံးဖြတ်ထားခဲ့သည်လော။

နောက်ဆုံးတွင် ဝမ်ကလန်သည် သာမန်ကလန် တစ်ခုမဟုတ်ပေ။ အကယ်၍ အခြားကိစ္စသာဆိုပါက သူတို့ကို အလျှော့ပေးလိုက်ရန် ပြဿာနာရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤကိစ္စသည် လီကလန်အတွက်လည်း အလွန်အရေးကြီးနေသည်။

"လီသခင်လေး ငါ စကားတွေကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလို့ ငါ ယုံကြည်တယ်။ ဘယ်လောက်ပဲ ရင်းရပါစေ ဒီလူကို ငါခေါ်ဆောင်သွားရမယ်။"

ဝမ်ချောင်သည် စုဟန်ရှန်းကို ညွှန်ပြလိုက်ကာ ကြေညာလိုက်သည်။

သူသည် လီပင်က စုဟန်ရှန်းကို လီအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်သွားသည်ကို ခွင့်ပြုရန် ညသန်ခေါင်အချိန်၌ ဤနေရာတွင် ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ ထိုလူနှင့် လီမြို့စားကြားတွင် မည်သို့ ပတ်သက်နေပါစေ သူသည် စုဟန်ရှန်းကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထားခဲ့ပြီဖြစ်သည်။

"ချောင်သခင်လေး မင်းကိုကြည့်ရတာ... ဒီနေ့ လူအများကြီးနဲ့ တွေ့ခဲ့ပုံမပေါ်ဘူး။"

လီပင်သည် ရှေ့သို့ တိုးလာခဲ့ကာ အေးစက်စွာ သရော်လိုက်သည်။

သူစကားပြောလိုက်ချိန်တွင် သူသည် ယခုအချိန်၌ ဝမ်ချောင်နောက်တွင် ရပ်နေသည့် လူအိုကြီးလင်းယုန်ငှက်ကို ကြည့်လိုက်သည်။ သူဆိုလိုသည်မှာ ရှင်းလင်းလှသည်။ ယခုအချိန်၌ ဝမ်ချောင်‌ဘေးတွင် နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ယောက်သာရှိသည်။

တစ်ဖက်တွင်မူ သူ့နံဘေး၌ နှစ်ယောက်ရှိသည်။

အကယ်၍ ဝမ်ချောင်သည် ဤကိစ္စကို အတင်းအကျပ်ရှေ့တိုးခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါက ဝမ်ချောင်သည် စုဟန်ရှန်းကို ကယ်တင်ခြင်းထက် သူ့အသက်အတွက် ထွက်ပြေးရန် အလွန်အလုပ်များနေပေလိမ့်မည်။

"ဟားဟားဟား..."

ထိုစကားများကို ကြားလိုက်ရသည်နှင့် ဝမ်ချောင်သည် အကြောက်အရွံ့ကင်းစွာ ရယ်မောလိုက်သည်။

"လီသခင်လေး ငါက လီအိမ်တော်ကို မပြင်ဆင်ဘဲ လာခဲ့လိမ့်မယ်လို့ ထင်နေလောက်တဲ့အထိ မင်းက မတုံးသေးဘူး ဟုတ်တယ်မလား။"

“ဝမြးးးး”

ထိုစကားများကို ကြားသည်နှင့် လီပင်သည် တည်ငြိမ်မှုပျက်ပြားသွားခဲ့ရသည်။ အကယ်၍ ဝမ်ချောင်သည် ပတ်ဝန်းကျင်၌ ကျွမ်းကျင်သူများကို အမှန်တကယ်ပြင်ဆင်လာခဲ့ပါက ယနေ့တွင် သူနှင့်အတူ စုဟန်ရှန်းကို ခေါ်ဆောင်သွားရန် သူ့အတွက် မဖြစ်နိုင်တော့ပေ။

ယုတ်စအဆုံး ဝမ်ချောင်၌သာ တစ်ခုခုဖြစ်သွားခဲ့ပါက လီမြို့စားအိမ်တော်သည် အထိအခိုက်မရှိဘဲ လွတ်မြောက်ရန်အိပ်မက်မက်နေစရာလိုမည်မဟုတ်ချေ။

လက်ရှိ ဝမ်ကလန်တွင် ဝမ်ချောင်၏ အဆင့်အတန်းအရ ဝမ်ကလန်သည် လီမြို့စားအိမ်တော်ကို သေချာပေါက် လက်တုံ့ပြန်ပေလိမ့်မည်။

တော်ဝင်ရုံးတော်တွင် မြို့စားကြီးကျူး၏ ဩဇာလွှမ်းမိုးမှုကို ဘေးချိတ်ထားလိုက်လျှင်ပင် ဝမ်ကလန်နှင့် စုန့်ဘုရင်ကြား မဟာမိတ်ဖွဲ့ရုံမျှဖြင့် အင်အားစုများအားလုံးကို သူတို့အား နင်းချေစေရန် လုံလောက်ပေသည်။

ပြောစရာမလိုအောင်ပင် ဝမ်ကလန်နှင့် စုန့်ဘုရင်သည် လက်ရှိ၌ တော်ဝင်ရုံးတော်တွင် သူတို့၏ ဩဇာလွှမ်းမိုးမှု အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။ တော်ဝင်ရုံးတော်ရှိ အရာရှိများနှင့် အင်အားစုများသည် သူတို့ကိုယ်၌က သူတို့နှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ထားခဲ့ကြသည်။

ဤရှုထောင့်တွင် လီအိမ်တော်၏ တတိယမြောက်မျိုးဆက် မြို့စားသည် သူတို့နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ဝမ်ချောင်ပြောနေသည့်အရာသည် အမှန်ဖြစ်ပါက လီပင်သည် သူ၏ရွေးချယ်မှုများကို အမှန်တကယ် ပြန်လည်သုံးသပ်ရပေမည်။

"ညီအစ်ကိုလီက ငါရဲ့စကားကို သံသယဝင်နေပုံရတယ်။"

ဝမ်ချောင်၏ မျက်လုံးအနက်ပိုင်းတွင် မီးတောက်တစ်ခု တောက်လောင်နေပုံရသည်။ ဤနေရာတွင် လီပင်သည် နောက်‌ဆုတ်ရန် ငြင်းပယ်နေသေးသောကြောင့် သူတွေးနေသည့်အရာကို ခန့်မှန်းရန် သိပ်မခက်ပေ။ ထို့ကြောင့် သူသည် လက်မြှောက်လိုက်ကာ ပုံစံတစ်ခုဖြင့် အချက်ပြလိုက်သည်။

“ရှူး”

မြှားတစ်စင်းသည် ရုတ်တရက်ပေါ်လာခဲ့ပြီး လီပင်ရှေ့တွင် စိုက်သွားခဲ့သည်။ ထိုမြှားသည် လီပင်၏ ခြေမနှင့် အနည်းငယ်သာဝေးကွာသည်။ မြှား၏ ကိုယ်ထည်သည် သူ၏ ကြီးမားသည့် စွမ်းအားကြောင့် တုန်ခါနေသေးသည်။

ဤမြှားကို မြင်လိုက်သည်နှင့် လီပင်နှလုံးသားသည် တင်းကျပ်သွားခဲ့ပြီး သူ့အမူအရာသည် ဆိုးရွားသွားခဲ့သည်။

ဝမ်ချောင်သည် အမှန်တကယ် ပြင်ဆင်လာခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုမြှားသည် ဤပြင်ဆင်လာမှုကို များစွာ သက်သေပြနေပေသည်။

သို့သော် ဤသို့ဆိုလျှင်ပင် လီပင်သည် စုဟန်ရှန်းကို လက်လွှတ်ရန် တွန့်ဆုတ်နေသေးသည်။

မြို့စားလီအိမ်တော်သည် ဤကောင်လေး သူတို့ထောက်ချောက်ထဲသို့ တိုးဝင်လာရန် အချိန်နှင့် ကြိုးစားအားထုတ်မှု များစွာကို သုံးစွဲထားခဲ့သည်။ သူသည် တစ်ဖက်လူကို လွယ်လွယ်နှင့် မည်သို့ သွားခွင့်ပြုနိုင်မည်နည်း။

ပို၍အရေးကြီးသည်မှာ တစ်ချိန်က ကိစ္စသည် ထိုသို့ပင် ဖော်ထုတ်ခံရမည်မဟုတ်လော။

လီပင်သည် ထိုအရာကို အဖြစ်ခံနိုင်မည်မဟုတ်ပေ။

နောက်ဆုတ်ရန် မဖြစ်နိုင်ပေ။ သို့သော် ရှေ့တိုးရန်လည်း မဖြစ်နိုင်ပေ။ တခဏချင်းမှာပင် လီပင်သည် ဘေးကျပ်နံကျပ်ဖြစ်သွားသည်။

“ဟူးလာလာ”

လီပင်သည် ဝိရောဓိဖြစ်နေစဉ်မှာပင်

“ဟူးလာလာ”

နှင်းကဲသို့ဖြူဖွေးသော အနောက်ပိုင်းဒေသမှ လင်းယုန်ကြီးသည် ညကောင်းကင်ယံကို ဖြတ်၍ ရုတ်တရက် ပျံသန်းလာသည်။

ဤရုတ်တရက် ရုန်းရင်းဆန်ခတ်သည် လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

အနောက်ပိုင်းဒေသ လင်းယုန်သည် လီအိမ်တော်၏ မြို့စားနှင့် သက်ဆိုင်ကြောင်း ထင်ရှားသည်။ လီပင်သည် သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လင်းယုန်ကို ၎င်းပေါ်သို့ ဆင်းသက်စေလိုက်သည်။

လီပင်သည် သူ့ညာဘက်လက်ဖြင့် လင်းယုန်ကြီး၏ ခြေသည်းကြားမှ စာလိပ်ကို ယူလိုက်သည်။

မူရင်းစာရေးသူအမှာစာ- ဒီနေရာမှာ လူအိုကြီးလင်းယုန်ငှက်ဟာ နက်နဲသိမ်မွေ့တဲ့အဆင့်က ဟုတ်မဟုတ်ဆိုတာ မသေချာပါဘူး။

အပိုင်း ၂၉၂

စုဟန်ရှန်းကို ကယ်တင်ခြင်း

သူ့လက်ထဲမှ စာကို ဖတ်ပြီးနောက် လီပင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့အတူ သူ၏ တင်းကြပ်နေသော အမူအရာသည်လည်း လျော့ပါး သက်သာသွားခဲ့သည်။

"ချောင်သခင်လေး ငါ့ရဲ့ဖခင်က မင်းကို မေးခွန်းတစ်ခုမေးခိုင်းလိုက်တယ်။ တကယ်လို့ မင်းကို ငါတို့က သူ့ကို ခေါ်ဆောင်သွားခွင့် ပေးမယ်ဆိုရင် ဒီနေ့မှာ ဖြစ်ပျက်သွားတဲ့အရာတွေနဲ့ ပတ်သက်ပြီး သတင်းအနည်းငယ်တောင်မှ မပေါက်ကြားစေဖို့ မင်းကတိပေးနိုင်မလား။"

စာရွက်ကိုကိုင်ထားကာ လီပင်သည် ဝမ်ချောင်ကို ရည်ရွယ်ချက်ရှိရှိစိုက်ကြည့်လိုက်သည်။

"အဲစာက တကယ့်ကို လီမြို့စားဆီကပဲ။"

ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ သို့သော် တွေးကြည့်လျှင် လီမြို့စားအိမ်တော်သည် စုဟန်ရှန်းကို ဖမ်းဆီးခြင်းတွင် ကြိုးစားအားထုတ်ထားမှုအရ လီမြို့စားသည် စစ်ဆင်ရေးကို မစောင့်ကြည့်ဘဲ နေစရာအကြောင်းမရှိပေ။

"စိတ်ချပါ။ ငါဘာလုပ်ရမလဲ ငါသိပါတယ်။ ဒီနေ့မှဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားနိုင်ပြီလို့ လီမြို့စားကို ပြောလိုက်ပါ။ လီမြို့စားအိမ်တော်ကို ထိခိုက်စေမယ့် ကောလဟာလ အနည်းငယ်တောင်မှ ဝမ်ကလန်ကနေ ထွက်လာမှာမဟုတ်ဘူး။"

ဝမ်ချောင်သည် စိတ်ပါလက်ပါ ပြန်ဖြေလိုက်သည်။ သူ့ပန်းတိုင်သည် စုဟန်ရှန်းကို ကယ်တင်ရန်ပင်။ ထိုအရာမှလွဲ၍ အရာအားလုံးသည် သူ့စိတ်ထဲတွင် မပါဝင်ခဲ့ပေ။

"ကောင်းပြီလေ ဒါဆိုလည်း ဒီကောင့်ကို ခေါ်သွားနိုင်ပြီ။ ချောင်သခင်လေး မင်းအခုလေးတင် ပြုလုပ်ခဲ့တဲ့ကတိကို သတိရမယ်လို့ ငါမျှော်လင့်ပါတယ်... နောက်ဆုတ်ကြမယ်။"

လီပင်သည် သူ့လူများကို ထွက်ခွာရန် အချက်မပြမီ ခေါင်းညိတ်လိုက်သည်။

သူ့ထွက်ခွာခြင်းသည် အလွန်ပြတ်သားလှပြီး ရုတ်ချည်းဆန်လှကာ ဝမ်ချောင်ပင်လျှင် တခဏမျှ ကြက်သေသေသွားခဲ့သည်။

လူနှစ်ဆယ်နှင့်အထက်ပါသော လူအုပ်စုသည် လျင်မြန်စွာဖြင့် သဲလွန်စပင်မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် အလောင်းများပါ သယ်ဆောင်သွားခဲ့ကြသည်။

"ဒီလီမြို့စားက တကယ့်ကိုဆုံးဖြတ်ချက်ပြတ်သားတာပဲ။ ညီအစ်ကိုစု...ညီအစ်ကိုစု ညီအစ်ကိုစု..။ လူအိုကြီးလင်းယုန် လာပြီး သူ့ကိုကူပါဦး။"

ဝမ်ချောင် လှည့်ကြည့်လိုက်သည်နှင့် စုဟန်ရှန်း၏ တင်းမာနေသည့်ခန္ဓာကိုယ်သည် ပြေလျော့သွားခဲ့ပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။

ဝမ်ချောင်သည် ချက်ချင်းပင် ပြန်လည်ကုစားခြင်းဆေးလုံးကို စုဟန်ချန်းအားတိုက်ကျွေးလိုက်သည်။ ထို့နောက် လူအိုကြီးလင်းယုန်ငှက်ကို သယ်ခိုင်းကာ ဝမ်ကလန်သို့ ပြန်လာလိုက်သည်။

စုဟန်ရှန်း၏ အပြင်ပန်းဒဏ်ရာကပင် ကြောက်ရွံ့စေရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် အတွင်းဒဏ်ရာသည် ပို၍ပင်ပြင်းထန်သည်ကို ဝမ်ချောင် သိပေသည်။

တင်းထားသည်များ သူ့ခန္ဓာကိုယ်မှ ထွက်သွားသည့်နှင့် မရေမတွက်နိုင်သော ဒဏ်ရာများမှ သွေးများ စီးထွက်လာခဲ့သည်။

သာမန်အခြေအနေ အောက်တွင် ဤသို့သော် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ပါက သေဆုံးသွားပေလိမ့်မည်။ တော်ဝင်ရုံးတော်ရှိ လက်ခြောက်ဖက် ကျန်းဆီမှ ဝယ်ယူခဲ့သော ပြန်လည် အသက်သွင်းခြင်းဆေးလုံး သုံးလုံးကို တိုက်ကျွေးထားခြင်းကြောင့် ဝမ်ချောင်သည် စုဟန်ရှန်း အသက်ကို ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။

စုဟန်ရှန်း၏ ဒဏ်ရာများ နောက်ဆုံးတွင်တည်ငြိမ်သွားသောအခါ သူ့ခန္ဓာကိုယ်အနက်ပိုင်းမှ အလွန်အားကောင်းသည့် စွမ်းအားအရှိန်အဝါများဖြာထွက်လာခဲ့ပြီး သူ့ကုသခြင်းသည် မြန်လာခဲ့သည်။

သုံးရက်ကြာပြီးနောက် ညည်းသံသဲ့သဲ့နှင့်အတူ စုဟန်ရှန်းသည် နောက်ဆုံးတွင် မေ့‌မြောနေရညမှ သတိပြန်လည်လာခဲ့သည်။

"မင်း သတိရလာပြီပေါ့။"

ဝမ်ချောင်သည် စုဟန်ရှန်းကို ကြည့်ကာ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ ဤငနဲသည် နောက်ဆုံးတွင် သတိပြန်လည်လာခဲ့ပြီဖြစ်သည်။ အကယ်၍ သူသည် ဤပုံစံဖြင့် သေဆုံးသွားခဲ့ပါက ဝမ်ချောင်သည် ချောင်တစ်ချောင်တွင် သွားငိုနေရပေလိမ့်မည်။

အားလုံးပြီးနောက် သူသည် အနာဂတ်တွင် မဟာစစ်သူကြီးတစ်ဦးဖြစ်ရန် ကံဇာတာပါလာသူဖြစ်ပြီး တိုင်းပြည်၏ အဖိုးတန်သည့် ထောက်တိုင်ဖြစ်သည်။

သူ့ကဲ့သို့သော ပါရမီရှင်များသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် အလွန်မှရှားပါးပေသည်။ သူသည် ဤအတိုင်းသာသေဆုံးသွားလဲ့ပါက မဟာထန်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။

'သူ့သတိပြန်လည်လာနိုင်စွမ်းက တကယ့်ကို အံ့မခမ်းပဲ။'

ဝမ်ချောင်သည် စုဟန်ရှန်းကို ကြည့်လျက် တွေးလိုက်သည်။

သူသည် စုဟန်ရှန်းကို ကုသရန် သမားတော်တစ်ယောက်ခေါ်ယူခဲ့သည်။ ထိုငနဲသည် ပြင်းထန်သည့် ခုတ်ချက် သုံးဆယ်ဝန်းကျင်ကို ခံစားခဲ့ရပြီး ထိုထဲမှ ခုတ်ချက် ဆယ့်ခုနှစ်ချက်သည် သူ့ခန္ဓာကိုယ်တွင် အပေါက်များ ကျန်ခဲ့စေသည်။ သူတို့ထဲမှ တစ်ခုသည်ပင် သူ့နှလုံးအနားတွင်ဖြစ်သည်။

ထို့အပြင် ထိုဆယ့်ခုနှစ်ချက်တွင် ဆယ့်တစ်ချက်သည် သေစေနိုင်သည်အထိ ပြင်းထန်ပေသည်။

သူ့ဒဏ်ရာများသည် အလွန်မှ ကြောက်စရာကောင်းကာ လူအနည်းငယ်ကသာ ရင်ဆိုင်နိုင်ပေမည်။ ထိုသို့သော ဒဏ်ရာဒဏ်ချက်များမှ ရှင်သန်နိုင်ခြင်းသည် အံ့မခမ်းဖြစ်ရပ်ဖြစ်သည်။ သို့တိုင် စုဟန်ရှန်းသည် သုံးရက်မျှဖြင့် သတိပြန်လည်လာနိုင်ခဲ့သည်။

သူ့ဒဏ်ရာများသည် သေစေလောက်သည်ဟု ယူဆရန် လုံလောက်နေပြီဖြစ်ပြီး သူသည် အံ့အားသင့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာသေးသည်။

ဝမ်ချောင်သည် သူ့ယခင်ဘဝတွင်ပင် ထိုကဲ့သို့ အသက်ပြင်းသည့်လူကို မမြင်ဖူးခဲ့ပေ။

သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ထွက်ပေါ်လာသော အတောက်ပဆုံးကြယ်များထဲမှ တစ်ဦးဖြစ်လာနိုင်သည်မှာ တိုက်ဆိုင်မှုဟုတ်ပုံမရပေ။

သူသည် လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားသေးသည်ဟု ဝမ်ချောင် ပြောနိုင်ပေသည်။

"ဒါက ဘယ်နေရာလဲ"

စုဟန်ရှန်းသည် အိပ်ယာထက်မှ ဖြည်းညင်းစွာ ထထိုင်ကာ မေးလိုက်သည်။ သူ့အမူအရာသည် ယခင်ကကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် စိမ်းသက်သည့် နေရာတွင် နိုးထလာခဲ့ရ၍ စိုးရိမ်ထိတ်လန့်နေသည့် အခြားသူများနှင့် မတူပေ။

စုဟန်ရှန်းသည် သူနိုးလာပြီးနောက် ပထမဆုံးပြုလုပ်သည့်အရာမှာ စကားမပြောမီ သူ့ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်အကဲခတ်ကြည့်ခြင်းပင်။

"မင်းက ငါ့အိမ်မှာပဲ။ ဒီနေရာက ဧည့်သည်တွေထားတဲ့အခန်းပဲ။"

ဝမ်ချောင် ပြုံးလိုက်သည်။

"ကျေးဇူး"

စုဟန်ရှန်း ခေါင်းညိတ်လိုက်သည်။ ထိုသည်မှာ သာမန်ကျေးဇူးတင်မှုကို ဖော်ပြခြင်းသာဖြစ်သော်လည်း စုဟန်ရှန်းအပေါ် ဝမ်ချောင်နားလည်ထားမှုအပေါ်အခြေခံရလျှင် ထိုသည်မှာ သူသွားနိုင်သည် အကန့်အသတ်ဖြစ်သည်။

စုဟန်ရှန်း၏ တည်ငြိမ်ပြီး မောက်မာသော အကျင့်စရိုက်အရ အခြားသူတစ်ဦးကို ကျေးဇူးတင်ရန်မှာ သူ့အတွက် လွယ်ကူသည့် အလုပ်မဟုတ်ပေ။

အမှန်တွင် ဝမ်ချောင်သည် သူ့ဘဝနှစ်ခုစလုံးတွင် သူ့ဆီမှ ထိုစကားကို ကြားခဲ့ရသည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်သည်။

ထိုစကားကိုပြောပြီးနောက် စုဟန်ရှန်းသည် ခြေချိတ်လိုက်ကာ မျက်လုံးမှိတ်ပြီး စတင်ကျင့်ကြံလိုက်သည်။ သူ့အခြေအနေသည် တည်ငြိမ်နေပြီဖြစ်သော်လည်း သူ့မျက်နှာသည် ဖြူလျော်ကာ အားနည်းနေသေးပေသည်။ သူသည် အပြည့်အဝပြန်လည်သက်သာရန် အများကြီး လိုနေသေးသည်။

"အနားယူလိုက်ပါဦး။ တစ်ခုခုလိုအပ်တာရှိရင် ငါ့ဆီကို အကြောင်းကြားလှည့်ပါ။"

ဤသည်မှာ စုဟန်ရှန်း၏ အမူအကျင့်ဖြစ်သည်ကို သတိပြုမိသောကြောင့် ဝမ်ချောင်သည် ခေါင်းခါကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

သို့သော် ဝမ်ချောင်သည် ဧည့်ခန်းမှ သူ့စာကြည့်ခန်းသို့ ပြန်ရောက်ပြီး နှစ်နာရီအကြာမှာပင် အိမ်အစေမလေးတစ်ယောက်သည် အပြေးအလွှားရောက်လာကာ

"သခင်လေး သခင်လေး သတင်းဆိုး...စုသခင်လေးက အိမ်တော်ကနေ ထွက်သွားပြီ။"

"ဘယ်လောက်ကြာပြီလဲ"

ဝမ်ချောင်မေးလိုက်သည်။

"လက်ဖက်ရည်သောက်ချိန်ရဲ့အချိန်တစ်ဝက်ပါ။ ကျွန်မတို့ သူ့ကို တားဆီးဖို့ကြိုးစားခဲ့ကြပေမယ့် သူက ကျွန်မတို့ကို ဖြတ်ကျော်နိုင်ခဲ့တုန်းပဲ။"

(၇ မိနစ်)

အစေခံမလေးသည် မျက်လုံးများနီရဲနေခဲ့ကာ အလွန်မှစိုးရိမ်ပူပန်နေခဲ့ပြီး ငိုလုဆဲဆဲဖြစ်နေသည်။ စကားပြောနေစဉ် သူမသည် စိုးရိမ်ထိတ်လန့်စွာဖြင့် တံခါးရှိရာအရပ်သို့ ညွှန်ပြလိုက်သည်။

"ငါသိပြီ။"

ဝမ်ချောင်၏ နဖူး၌ နက်ရှိုင်းသည့် ထယ်ရေးကြောင်းများ ပေါ်လာခဲ့သည်။ စုဟန်ရှန်းကို ဤနေရာတွင် ထိန်းထားရန် မဖြစ်နိုင်သည်ကို သူသိ‌သည်။ သို့သော် သို့ဆိုလျှင်ပင် တစ်ဖက်လူသည် အလွန်လျင်မြန်စွာဖြင့် ထွက်ခွာသွားမည်ဟု သူ မထင်ထားခဲ့ပေ။

စုဟန်ရှန်းသည် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီဖြစ်သော်လည်း သူသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန် ဝေးကွားနေသေးသည်။ ထို့အပြင် သူ့တွင် ပြင်းထန်သည့် ဒဏ်ရာများလည်း ရှိသေးသည်။ လီမြို့စားအိမ်တော်သည် သူ့ထံသို့ နောက်တစ်ကြိမ် မျက်စိကျလာခဲ့ပါက သူသည် ဒုက္ခအကြီးအကျယ်ရောက်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ချောင်သည် ဤအရာကို အစကတည်းက မျှော်လင့်ခဲ့ပြီးသားဖြစ်သည်။ နောက်ဆုံးတွင် ဤသည်မှာ စုဟန်ရှန်း၏ အကျင့်စရိုက်ဖြစ်သည်။

အကယ်၍ သူသည် အပေးအယူ လုပ်နိုင်စွမ်းရှိသူဖြစ်ပါက သူ့ယခင်ဘဝတွင် ဤမျှကြေကွဲဖွယ်ကံကြမ္မာကို သူခံစားခဲ့ရမည်မဟုတ်ပေ။

တစ်ဖက်လူသည် လက်ဖက်ရည်သောက်ချိန်၏ အချိန်တစ်ဝက်လောက်ကတည်းက ထွက်သွားခဲ့ပြီး မြို့တော်၏ လမ်းများပေါ်၌ နေ့တိုင်း လူများဖြင့် ပြည့်နေသည်ကို စဉ်းစားကြည့်လိုက်ပါက သူ့ကို ရှာရန် မဖြစ်နိုင်တော့ပေ။

ဤသည်မှာ သေချာပေါက် သူ့အတိုင်းပင်။

'ဘယ်သူ့ကိုမှ ကျေးဇူးကြွေးမတင်ချင်တာ။'

ဝမ်ချောင် ခေါင်းယမ်းကာ တွေးလိုက်သည်။

"ရတယ် သူ့ကို သွားပါစေ။ မင်း စိုးရိမ်စရာမလိုဘူး။"

ဝမ်ချောင် သူ့လက်ကို ယမ်းခါပြလိုက်သည်။

မြို့စားလီသည် မနေ့က စုဟန်ရှန်းကို ထွက်သွားခွင့်ပြုခဲ့သောကြောင့် စုဟန်ရှန်းသည် ယခုအချိန်တွင် ဘေးကင်းလောက်သည်။

"ဟုတ်သားပဲ သခင်လေး စုသခင်လေးက သူထွက်မသွားမီ စာတစ်စောင်ချန်ခဲ့ပါတယ်။"

ထိုအစေခံမလေးသည် တစ်ခုခုကို သတိရသွားကာ သူ့လက်ကောက်ဝတ်မှ စာတစ်စောင်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ သူမ၏ ကိုးရိုကားယားနိုင်‌လှသော အမူအရာကို ကြည့်ကာ ဝမ်ချောင်သည် မရယ်မောဘဲ မနေနိုင်တော့ပေ။

"မင်းက ဇီးသီးလေးမဟုတ်လား"

ဝမ်ချောင် ရုတ်တရက်မေးလိုက်သည်။

"ဟုတ် ဟုတ်ကဲ့။ သခင်လေး ရှင် ကျွန်မနာမည်ကို မှတ်မိတယ်။"

အစေခံမလေးသည် အံ့ဩသွားခဲ့သည်။ သူမသည် အိမ်တော်သို့ ဝင်ရောက်လာခဲ့သည်မှာ ငါးလသာ ရှိသေးပြီး သူမ၏ ခုနကအမှားအတွက် သခင်လေး အပြစ်တင်မည်ကို သူမ စိုးရိမ်နေခဲ့သေးသည်။ သခင်လေးသည် သူမကို သတိတရရှိပြီး မှတ်မိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

'မင်းကို မမှတ်မိရင် ထူးဆန်းလိမ့်မယ်။'

ဝမ်ချောင် စိတ်ထဲမှ ရယ်မောလိုက်သည်။ သူ့ယခင်ဘဝတွင် ဝမ်ကလန်ကျဆုံးပြီးနောက် ဇီးသီးလေးသည် သူ့ဆီသို့ ပျော်ရွှင်စရာများစွာ ယူဆောင်လာခဲ့သည်။ သို့သော် သူမသည်လည်း နောက်ဆုံးတွင် သေဆုံးသွားရသည်မှာ နှမြောစရာပင်...။

"ဇီးသီးလေး မင်း ခုကစပြီး ငါ့နောက်လိုက်ရမယ်။"

ဝမ်ချောင် ပြန်ဖြေလိုက်သည်။

"သ သခင်လေး ဒါက မကောင်းဘူးမလား။"

ဇီးသီးလေး၏မျက်နှာသည် ချက်ချင်းနီမြန်းလာခဲ့ပြီး သူမသည် ကိုးရိုကားရားဖြင့် ဂနာမငြိမ်ဖြစ်လာသည်။

'မင်း ခလေးမ မင်းဘာတွေးနေတာလဲ။'

သူမတွေးနေသည့်အတွေးကို သိသဖြင့် ဝမ်ချောင် ရယ်မောလိုက်သည်။ သူမသည် အမြဲတမ်း ကိုးယိုးကားယားနိုင်သူ ဖြစ်နေသေးကာ သူမှတ်မိသည့် ဇီးသီးလေးနှင့် အတူတူပင်ဖြစ်သည်။

"ငါပြောတာ မင်းက အခုကစပြီး ငါ့ဆီမှာ အမှုထမ်းရမယ်လို့ ပြောတာ။ မင်းက ငါ့ကို လက်ဖက်ရည်တွေ ဆက်သရမယ် အိပ်ယာတွေ သိမ်းပေးရမယ်။"

ဝမ်ချောင် ပြန်ဖြေလိုက်သည်။

"အာ ဆိုတော့ ဒါက ရှင်ဆိုလိုတဲ့အရာပေါ့။"

သူမနားလည်မှုလွဲသွားသည်ကို သတိပြုမိလိုက်ကာ ဇီးသီးလေး၏ နားရွက်ဖျားများ ရဲတက်လာခဲ့သည်။

သို့သော် သူမသည် ထိုအရာများအားလုံးကို စိတ်ထဲပြန်မြိုသိပ်ထားလိုက်ကာ ပြုံးရွှင်စွာဖြင့်

"သခင်လေး ကျွန်မ ရှင့်ဆီမှာ အမှုထမ်းပါမယ်။"

အပြစ်ကင်းသော မိန်းမငယ်လေး၏ ပြုံးရွှင်နေသည့် ပုံစံကို မြင်လိုက်ရသောအခါ ဝမ်ချောင် စိတ်ထဲ လေးလံနေသည်များ ပေါ့ပါးသွားခဲ့သည်။

မိန်းမငယ်လေးကို ပြန်လွှတ်ပြီးနောက် ဝမ်ချောင်သည် စာရွက်ကို ဖွင့်ကြည့်လိုက်သည်။

"မင်းကို အကြွေးတစ်ခုတင်ပြီ။"

ဤအေးစက်သောစကားလုံးများကို အားကောင်းပြီး ဆုံးဖြတ်ချက်ပြတ်သားသော စုတ်ချက်ဖြင့် ရေးသားထားသည်။ ဝမ်ချောင်သည် စုဟန်ရှန်း၏လက်ရေးဖြစ်ကြောင်း ချက်ခြင်းပြောနိုင်သည်။

"အဟက် မျှော်လင့်ထားတဲ့အတိုင်းပဲ။"

ဝမ်ချောင်သည် စာရွက်ကို ဘောလုံးကဲ့သို့ ဆုပ်လိုက်ကာ ရယ်မောလိုက်သည်။

စုဟန်ရှန်းသည် အထီးကျန်ပြီး အေးစက်သော အကျင့်စရိုက်ရှိသောကြောင့် သူ့ဆီသို့ ချဉ်းကပ်ရန် အလွန်ခက်ခဲစေသည်။ မည်သို့ဆိုစေကာမူ သူသည် ဝမ်ချောင်၏ အကူအညီကို အလွန်အမင်း ကျေးဇူးတင်နေခဲ့သေးသည်။ သူသည် ထိုအရာကို ဖော်ပြရာတွင် မဖော်ပြတတ်ရုံပင်။

ထို့ကြောင့် သူသည် ဤစာကို ချန်ထားခဲ့သည်။

ဝမ်ချောင်လာခဲ့သည့် အခြားကမ္ဘာတွင် ထိုသို့သော လူကို ဖော်ပြရန် ပညာရှင်ပီသသည့် အသုံးအနှုန်းရှိပေသည်။ လူမှုဆက်ဆံရေးညံ့ဖျင်းသူ။

စုဟန်ရှန်းသည် ရှင်းလင်းစွာဖြင့် ထိုလူများထဲတွင် ပါဝင်ပေသည်။

"ငါလည်း ဒီထဲဝင်ပါနေပြီမို့ ဒီကိစ္စတစ်ခုလုံးကို ဖြေရှင်းရာမှာ မင်းကို ကူညီပေးနိုင်ပါတယ်။"

ဝမ်ချောင်သည် အဓိကတံခါးမကို ကြည့်လိုက်ကာ အပြုံးဖြင့် စာကြည့်ခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။

စကားပုံတစ်ခုရှိသည် 'မျက်လုံးများသည် လူတစ်ဦး၏ စိတ်ဝိဉာဉ်တံခါးပေါက်များ' ဟူ၍။ အခန်းထဲတွင် စုဟန်ရှန်း၏ အကြည့်များသည် ဝမ်ချောင်ဆီမှ အကူအညီတောင်းလိုသည့် သူရည်ရွယ်ချက်ကို ဖော်ပြနေခဲ့သည်။ သူ၏ အထီးကျန်ဆန်ပြီး မောက်မာသည့် အကျင့်စရိုက်က သူ့ကို ဆွဲထားခဲ့ခြင်းဖြစ်သည်။

အဓိကခန်းမသို့သွားသည့် စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့ကာ ဝမ်ချောင်သည် အစေခံတစ်ဦးအား လူအိုကြီးလင်းယုန်ငှက်ကို ခေါ်ရန် အမိန့်ပေးလိုက်သည်။

ယခု အဓိကခန်းမတွင် ဝမ်ချောင်သည် သစ်သားများဖြင့် လှပသေသပ်စွာ ပြုလုပ်ထားသည့် ခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။ သူသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ ‌စားပွဲပေါ်သို့ ချလိုက်ပြီး မေးလိုက်သည်။

"ခင်ဗျား တစ်ခုခုရှာတွေ့လား။"

လွန်ခဲ့သည့် သုံးရက်က စုဟန်ရှန်းကို လီအိမ်တော်မှ ကယ်တင်ခဲ့ချိန်တွင် ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်ကို ဤကိစ္စအား အတွင်းကျကျစုံစမ်းရန် အမိန့်ပေးခဲ့သည်။ စုဟန်ရှန်းသည် ညလယ်တွင် လီအိမ်တော်ကို ထောက်လှမ်းရန် သူ့သက်ကိုပင် ရင်းလိုနေသည်ကို သုံးသပ်ကြည့်ပါက ဤသည်မှာ အသေးအဖွဲကိစ္စမဟုတ်နိုင်ပေ။

ပြောစရာမလိုအောင်ပင် လီမြို့စားသည် ဝမ်ကလန်နှင့် စုန့်ဘုရင်ကိုပင် ဆန့်ကျင်ရန် ဆန္ဒရှိနေခဲ့ပြီး စုဟန်ရှန်းကို သတ်ဖြတ်လိုနေခဲ့သည်။ ဤသည်မှာ ရိုးရှင်းသည့် ကိစ္စမဟုတ်သည်မှာ သံသယရှိစရာမလိုပေ။

စုဟန်ရှန်းသည် သူ့ကို ဘာတစ်ခုမှ ဖော်ပြခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ့ဘာသာအဖြေရှာရပေမည်။

ဖြစ်နိုင်သည်မှာ အကယ်၍ သူသည် လျှို့ဝှက်‌ဆန်းကျယ်မှု၏ အတွင်းကျကျသို့ ရောက်နိုင်ခဲ့ပြီး စုဟန်ရှန်းကို နှောင်ဖွဲ့ထားသည့် ကြိုးကို ဖြည်နိုင်ခဲ့ပါက ဤဘဝတွင် သူ့ကို ပို၍မြင့်မားသည့် အဆင့်သို့ ရောက်စေနိုင်ပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ သူသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် စွမ်းဆောင်ရည် အမြင့်ဆုံး မဟာစစ်သူကြီး ဖြစ်လာနိုင်သည်။

"သခင်လေး ငါ ဒီကိစ္စကို လွန်ခဲ့တဲ့ရက်အနည်းငယ်က စုံစမ်းကြည့်ခဲ့တယ်။ မြို့စားလီက ဒီကိစ္စကို ထိပ်တန်းလျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားခဲ့ပေမယ့် လီမြို့စားအိမ်တော်ရဲ့ အစေခံတွေကနေတဆင့် သဲလွန်စတစ်ချို့ကို ရနိုင်တုန်းပဲ။ ကြည့်ရတာ လီအိမ်တော်ထဲမှာ အစောင့်အကြပ် အများအပြား စောင့်ကြပ်နေတဲ့ မိန်းမငယ်တစ်‌ယောက် ရှိပုံရတယ်။ သူမရဲ့နေ့စဉ်လိုအပ်တဲ့အရာတွေကို သစ္စာအရှိဆုံး အစေခံတွေကသာ စီစဉ်ပေးပြီး ပြင်ပလူတွေကို သူမနေထိုင်ရာနေရာကို လုံးဝချဉ်းကပ်ခွင့် မပြုထားဘူး။"

"လွန်ခဲ့တဲ့ သုံး၊ လေးလလောက်က မိန်းမငယ်လေးကို အကြောင်းပြချက်မရှိဘဲ တခြားအခန်းကို ရုတ်တရက် ပြောင်းရွှေ့လိုက်ကြတယ်။ ပြီးခဲ့တဲ့ အဖျက်အပျက် ပြီးနောက်မှာ အစေခံတွေက စုဟန်ရှန်းဟာ လီမြို့စားအိမ်တော်ကို လာထောက်လှမ်းတာက အဲဒီမိန်းမငယ်လေးကြောင့် လို့ ထင်ကြေးပေးကြတယ်။"

လူအိုကြီးလင်းယုန်ငှက်သည် လေးနက်စွာဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ သုံးလေးလလောက်ကလား။ အဲဒါက ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းဖွင့်ချိန်ဖြစ်ပြီး စုဟန်ရှန်း အဖြူရောင်ကျားတောင်ထွတ်ပေါ်ကို ရောက်တဲ့အချိန်မဟုတ်လား။"

ဝမ်ချောင် မျက်မှောင် ကြုတ်သွားခဲ့သည်။

"ဒါပေမယ့် သခင်လေး အရာတွေက မြင်ရသလောက်မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်။"

လူအိုကြီးလင်းယုန်ငှက်သည် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲ။"

"လီမြို့စားအိမ်တော်က ဒီသတင်းအနည်းငယ်ကို တမင်သက်သက် ပေါက်ကြားဖို့ ခွင့်ပြုခဲ့တယ်လို့ ငါ့ရဲ့မသိစိတ်ကပြောနေတယ်။ ငါတို့အဲဒါကိုရဖို့ ဒုက္ခအများကြီး ခံစရာမလိုခဲ့ဘူး။ ဒါပေမယ့်လည်း ကောင်မလေးရဲ့သွင်ပြင်၊ သူမရဲ့နောက်ခံနဲ့ စုဟန်ရှန်းနဲ့ သူမကြားက ဆက်နွယ်မှု အဲဒီလိုအရေးကြီးတဲ့ အစိတ်အပိုင်းတွေက မပေါက်ကြားခဲ့ဘူး။ လုပ်ငန်းစဥ်တွေရဲ့ စည်းမျဉ်းအရသွားရရင် ဒါကို 'လှိုဏ်ခေါင်း' အဖြစ် သတ်မှတ်နိုင်တယ်။" (တရားမဝင်)

"ခင်ဗျား ဘာကို ဆိုလိုတာလဲ။"

ဝမ်ချောင် စိတ်ရှုပ်ထွေးသွားခဲ့ကာ မေးလိုက်သည်။

"လီမြို့စားက သတင်းကို ငါတို့ဆီကို လွတ်လွတ်လပ်လပ် ပေါက်ကြားစေဖို့ ဆန္ဒရှိတာကြောင့် သူက ဒီကိစ္စကို တစ်ကြိမ်တစ်ခါတည်း ဖြေရှင်းဖို့လည်း မျှော်လင့်ထားတယ်လို့ ဆိုတယ်။ ဒါပေမယ့်လည်း သူ့မှာ နှစ်ဘက်စလုံးထိုင်ပြီး ညှိနှိုင်းခွင့်ပြုဖို့ သင့်တော်တဲ့ ဖျန်ဖြေပေးသူ မရှိသေးဘူး။"

လူအိုကြီးလင်းယုန်ငှက် ပြောလိုက်သည်။

ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။ သူသည် ထိုညက စုဟန်ရှန်းကို ကယ်တင်ခဲ့သော်လည်း ဤကိစ္စသည် ဤနေရာ၌ အဆုံးသတ်လိမ့်မည်မဟုတ်သည်မှာ ထင်ရှားသည်။

ထို့ကြောင့် လီမြို့စားသည် ဝမ်ချောင်က သတင်းကိုရလိမ့်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် အချက်အလက်အချို့ကို ပေါက်ကြားစေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် နေအိမ်တစ်ဝိုက်တွင် လှည်လည်သွားလာနေသော သံသယရှိဖွယ် သူလျှိုများကို ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့် သူသည် သတင်းကို လူထုထံသို့သာ ချပြလိုက်ရသည်။

ထို့အပြင် သတင်းသည် လူထုထံသို့ ချပြရမည်ဖြစ်သောကြောင့် သူသည် အများကြီးထုတ်ပြ၍မရပေ။ အားလုံးပြီးနောက် ဤသည်မှာ လီမြို့စားပါဝင်သည့် မကောင်းသတင်းဖြစ်နိုင်သည်။

လီမြို့စားသည် ဘာကြောင့် ဝမ်ချောင်ထံသို့ တိုက်ရိုက်မချဉ်းကပ်ခဲ့ခြင်း၏အကြောင်းအရင်းအနေဖြင့် သူ့အောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ဝမ်ချောင်သည် အဆင့်အတန်းမြင့်သည့် ကြားလူကို လီမြို့စားဆီသို့ စကားပြောရန် လွှတ်ရမည်ဖြစ်ပြီး ကြားလူမှတစ်ဆင့် သူ့ထံသို့ သတင်းစကားပြန်ပါးရမည်ဖြစ်သည်။

အရာအားလုံး ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း ယင်းသည် သူတို့၏ လူမှုအသိုင်းအဝိုင်း၌ နေ့စဉ်လုပ်ဆောင်မှုများသာ ဖြစ်သည်။ ဂုဏ်သိက္ခာရှိသော မျိုးနွယ်စုမှ ပေါက်ဖွားလာသော ဝမ်ချောင်သည်လည်း ထိုသည်ကို နားလည်ပေသည်။

'အဆုံးမှာတော့ လီမြို့စားက အဖိုးနဲ့ စုန့်ဘုရင်ရဲ့ ဩဇာကို ကြောက်နေရတုန်းပဲ။'

ဝမ်ချောင် တွေးလိုက်သည်။

လျှို့ဝှက်ချက်ကို ထောက်လှမ်းရန် ကြားလူနှင့်စပ်လျဉ်း၍ ဝမ်ချောင်စိတ်ထဲတွင် သင့်တော်သူရှိပေသည်။

အပိုင်း ၂၉၃

စုဟန်ရှန်း၏လျှို့ဝှက်ချက်

ဖက်တီးဝေ့သည် တောင်ပေါ်မှ လျင်မြန်စွာ ဆင်းလာခဲ့သည်။

ခိုတစ်ကောင်သည် ဝမ်မိသားစုအိမ်တော်မှ ပျံသန်းသွားခဲ့ပြီး ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ဦးတည်သွားခဲ့သည်။ ထိုသည်မှာ စာပို့ခိုဖြစ်သည်။

စာ၏ အောက်ဆုံးတွင် မှင်သုံးစက်ကို တြိဂံပုံရေးထိုးထားသည်။

ဤသည်မှာ ဝမ်ချောင်နှင့် ဝေ့ဟိုတို့ကြိုတင်၍ သဘောတူထားခဲ့ကြသည့် စကားဝှက်ဖြစ်သည်။

ဝေ့ဟိုထက်ပို၍ ကြားလူအဖြစ် ဆောင်ရွက်ရန် သင့်တော်သူမရှိတော့ပေ။ မဟာထန်၏ မြို့စားမင်းတစ်ဦး၏ တစ်ဦးတည်းသော သားအနေဖြင့် ဝေ့ဟို၏ မွေးရာပါအခွင့်အရေးသည် မြို့စားလီထက် နှိမ့်ကျမနေခဲ့ပေ။ အချို့သောရှူ့ထောင့်များတွင် ဝေ့ဟိုသည် ထိုလူထက်ပင် သာပေသေးသည်။

ကြားလူအဖြစ် ဝေ့ဟိုကို ထမ်းဆောင်စေခြင်းဖြင့် လီမြို့စားလည်း အရှက်ရတော့မည်မဟုတ်ပေ။

ထို့အပြင် ဝေ့ဟိုသည် အရွယ်ရောက်နေပြီဖြစ်သဖြင့် သခင်လေးတစ်ဦးအနေဖြင့် သူ့အဆင့်အတန်းနှင့် သင့်တော်သော တစ်ခုခုကို ပြုလုပ်သင့်သည့် အချိန်ရောက်ပြီဖြစ်သည်။

မကြာမီ ဝမ်ချောင်သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ စာရွက်တစ်ရွက်ကို လက်ခံရရှိခဲ့သည်။ ထိုအပေါ်တွင် မယုံနိုင်စရာကောင်းလောက်အောင် ဆိုးရွားသည့် လက်ရေးဖြင့် ရေးသားထားသည့် စကားလုံးတစ်လုံးရှိသည်။

'လာနေပြီ။'

လက်ရေးလှစာလုံးရေးရာတွင် ဝေ့ဟိုသည် ဝမ်ချောင်နှင့် ယှဉ်နိုင်ပေသည်။

စာပို့ခိုသည် ဝမ်မိသားစုအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ဝေ့ဟိုသည် လမ်းပေါ်ရောက်နေပြီဖြစ်သည်။ သူသည် ဝမ်ချောင်၏ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခြင်း သို့မဟုတ် အရေးတကြီး တောင်းဆိုမှုကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။

ဤသည်မှာ ညီအစ်ကိုများအကြားမှ ယုံကြည်မှုဖြစ်သည်။ ဝမ်ချောင် လှမ်းခေါ်လိုက်သည်နှင့် သူသည် ချက်ချင်း အပြေးအလွှားလာပေလိမ့်မည်။

ညနေပိုင်းသို့ရောက်ခါနီးတွင် ဝေ့ဟိုသည် နောက်ဆုံးတွင် ချွေးများရွဲစိုလျက် ဝမ်မိသားစုအိမ်တော်၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။ သူသည် စင်္ကြန်လမ်းများကို ကျွမ်းကျင်ကျင်လည်စွာ ဖြတ်သန်းကာ ဝမ်ချောင်၏ စာကြည့်ခန်းသို့ ရောက်လာခဲ့သည်။

"ဝမ်ချောင် မင်း ငါ့ကိုရှာနေတာလား"

"ဘယ်လိုလဲ။ ငါမြန်တယ်မဟုတ်လား။ စာရွက်ပေါ်က အရေးပေါ်အမှတ်အသားကို မြင်တာနဲ့ ငါအမြန်ဆုံး ပြေးလာခဲ့တာ။"

တံခါးနားတွင် မတ်တပ်ရပ်လျက် ဝေ့ဟိုသည် တံခါးဘောင်ကို သူ့လက်ဖြင့် ထောက်ထားကာ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

ဝမ်ချောင်နှင့် အတူတကွ ကြီးပြင်းလာသဖြင့် ဝမ်ချောင်သည် သူ့ကို ဘာအကြောင်းမှမရှိဘဲ ခေါ်လိမ့်မည် မဟုတ်ကြောင်း ဝေ့ဟိုသိသည်။ အရေးကြီးသည့် တစ်ခုခု ဖြစ်ပျက်နေခြင်း ဖြစ်ရပေမည်။

"အရမ်းလည်း အရေးမကြီးပါဘူး။ ဒါပေမယ့် မင်းရဲ့အကူအညီကို လိုအပ်တဲ့ အရေးတကြီး ကိစ္စတစ်ခုလုပ်ဖို့ရှိတယ်။"

ဝမ်ချောင် ရယ်မောလိုက်သည်။ သူ့ယခင်ဘဝတွင်ဖြစ်စေ ယခုဘဝတွင်ဖြစ်စေ ဝမ်ချောင်သည် ဝေ့ဟို၏ ကိုယ်ကျင့်စရိုက်ကို အမှန်တကယ် သဘောကျနှစ်သက်ပေသည်။

သစ္စာရှိပြီး စိတ်ချယုံကြည်ရကာ အကြီးမားဆုံးသော အန္တရာယ်မျာရှေ့တွင်ပင် သူ့အနား၌ ရပ်တည်ရန် ဆန္ဒရှိခြင်း။

"အဖြူရောင်ကျားတောင်ထွတ်ပေါ်က စုဟန်ရှန်းကို မင်း မှတ်မိသေးလား။ ငါနဲ့ တစ်ခန်းတည်းနေတဲ့လူလေ။"

ဝမ်ချောင်သည် အကြောင်းအရာကို ချက်ချင်းထုတ်ပြောလိုက်ကာ စုဟန်ရှန်းနှင့် ပတ်သက်သည့် သူရှာဖွေတွေ့ရှိထားသည့် အရာအားလုံးကို ဖောက်သည်ချလိုက်သည်။

ဝေ့ဟိုသည် စာကြည့်ခန်းထဲသို့ ဝင်လာခဲ့ကာ ရေတစ်ခွက်ပြီးတစ်ခွက် မော့ချလိုက်သည်။ ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည်နှင့် သူသည် အံ့ဩသွားခဲ့သည်။

"လီမြို့စားက မြို့တော်မှာ သိုသိုသိပ်သိပ်နေတာပါ စုဟန်ရှန်းက သူနဲ့ ဘယ်လိုပတ်သက်နေရတာလဲ။"

သူသည် အဖြူရောင်ကျားတောင်ထွတ်ပေါ်မှ 'ရေခဲတုံး' ကို ကြားသိခဲ့ပြီး တစ်ဖက်လူသည် သွားရှုပ်၍ ရသူမဟုတ်ကြောင်း သူသိသည်။ လူအများစုသည် ထိုလူ့ကို ရှောင်ရှားရန် ကြိုးစားကြပေမည်။

ဝေ့ဟိုသည် ဝမ်ချောင် သူ့ကို ခေါ်ခဲ့သည်မှာ ထိုလူ့ကြောင့် ဖြစ်မည်ဟု မထင်ထားခဲ့ပေ။

"အဲဒါက သေချာပေါက် ငါလည်းသိချင်နေတဲ့အရာပဲ။ ဒါက ဘာကြောင့် မင်းကို ငါခေါ်လိုက်ရတာလဲဆိုတာရဲ့ အကြောင်းအရင်းပဲ။ လီမြို့စားရဲ့ ဒုတိယသားနဲ့ တွေ့ဆုံဆွေးနွေးပြီး သူ့ဆီက သတင်းယူပေးဖို့ ငါ့ကို ကူညီပေးပါ။"

ဝမ်ချောင် ပြောလိုက်သည်။

"ကောင်းပြီ ဒီကိစ္စကို ငါ့ဆီ ထားခဲ့။ ငါ့ရဲ့ကလန်က လီမြို့စားအိမ်တော်နဲ့ ဆက်သွယ်မှုတချို့ရှိတယ်။ ဒီကိစ္စကို အဆုံးအထိ ရောက်အောင် မင်းကိုကူညီပေးမယ်။"

တုံ့ဆိုင်းမနေဘဲ ဝေ့ဟိုသည် မတ်တပ်ရပ်ပြီး ထွက်ခွာသွားခဲ့သည်။

ဝေ့ဟို ထွက်ခွာသွားချိန်မှာ ညနေစောင်းသို့ ရောက်နေခဲ့ပြီဖြစ်ပြီး သူသည် မကြာမီ ပြန်လာလိမ့်မည်ဟု ဝမ်ချောင် တွေးထင်ခဲ့သည်။ သို့သော် ညလယ်အထိ စောင့်နေသည့်တိုင် ဝေ့ဟိုသည် ပြန်ရောက်မလာခဲ့သေးပေ။

ဝမ်ချောင်သည် ဤကိစ္စကို စစ်ဆေးရန် တစ်စုံတစ်‌ယောက်ကို စေလွှတ်လိုက်သည်။ ကြည့်ရသည်မှာ ဝေ့ဟိုသည် လီကလန်၏ ဒုတိယသခင်လေးကို ထွက်လာရန် တောင်းဆိုခဲ့ပြီး သူတို့သည် တည်းခိုခန်း တစ်ခုလုံးကို ငှားရမ်းခဲ့ပုံပေါ်သည်။ သူတို့တွေ့ဆုံဆွေးနွေးနေစဉ် တည်းခိုခန်းအတွင်းသို့ မည်သူ့ကိုမျှ ဝင်ထွက်သွားလာခွင့် မပြုခဲ့ပေ။

စာကြည့်ခန်းထဲတွင် လူအိုကြီးလင်းယုန်ငှက်သည် မတ်တပ်ရပ်နေခဲ့ကာ မေးလိုက်သည်။

"သခင်လေး ကျွန်တော်တို့ လူတချို့ကို စေလွှတ်လိုက်သင့်လား။ တွေ့ဆုံမှုတစ်ခုအတွက် ဒါက နည်းနည်းကြာလွန်းမနေဘူးလား။"

"မလိုဘူး။ မြို့တော်က ကောင်းကင်သားတော် အမြဲတမ်းနေထိုင်ရာနေရာပဲ လီမြို့စားက ဝေ့မြို့စားရဲ့ ဆက်ခံသူတစ်ယောက်ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး။"

ဝမ်ချောင်သည် သူ့လက်ကို သာမန်ကာလျံကာ ဝေ့ယမ်းလိုက်သည်။

"သင် အသုံးပြုသူကို သံသယမရှိနှင့်၊ သင် သံသယရှိသူကို အသုံးမပြုနှင့်။" ဤကိစ္စသည် တိုင်းပြည်၏ မဟာကလန်ကြီး သုံးခုပါဝင်နေသည့် ကိစ္စဖြစ်သည်။ မြို့စားလီသည် ဝေ့ဟိုကို ထိခိုက်အောင် လုပ်ရဲလိမ့်မည်ဟု ဝမ်ချောင် မယုံကြည်ပေ။

"စိတ်ရှည်ရှည်စောင့်ပါ။ သူ သေချာပေါက် ပြန်လာလိမ့်မယ်။"

ထိုစကားကို ပြောပြီးနောက် ဝမ်ချောင် မျက်စိမှိတ်လိုက်သည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး လေးနာရီကြာပြီးနောက် အပြင်ဘက်မှ ဆူညံသံသဲ့သဲ့ကို ကြားနိုင်ပေမည်။ လူ မမြင်ရမီ လေထဲတွင် ကျယ်လောင်သည့် အော်ဟစ်သံကို ကြားနိုင်ပေမည်။

"ဝမ်ချောင် ဝမ်ချောင် ဒါက မယုံနိုင်စရာပဲ တကယ့်ကို မယုံနိုင်စရာပဲ... ငါ ဘာကို ကြားသိလာခဲ့ရသလဲ မင်းသိလား။"

လူအိုကြီးလင်းယုန်ငှက်၏ ကြိုဆိုမှုအောက်တွင် ဝေ့ဟိုသည် ဝမ်ချောင်၏ စာကြည့်ခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ သူ့မျက်လုံးများသည် အမှောင်ထဲတွင်ပင် တလက်လက်တောက်ပနေခဲ့သည်။

ဝေ့ဟိုသည် ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းမှ ဆင်းလာခဲ့ပြီး လီမြို့စား၏ ဒုတိယသခင်လေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရသော်လည်း သူသည် လုံးဝ ပင်ပန်းနွမ်းနယ်နေပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဖြတ်လတ်တက်ကြွနေသည့် ပုံပေါ်သည်။

ဝမ်ချောင်လန့်နိုးလာခဲ့ပြီး ချက်ချင်းနိုးကြားသွားခဲ့သည်။ သူသည် သူ့မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံအလွတ်ကို ညွှန်ပြလိုက်ပြီး ဝေ့ဟိုကို ထိုင်စေလိုက်သည်။

"လီကလန်ရဲ့ ဒုတိယသခင်လေးက ဘာပြောခဲ့တာလဲ။"

"ဝမ်ချောင် နောက်ဆုံးတော့ စုဟန်ရှန်းက လီအိမ်တော်မှာ ဘာကိုရှာနေတယ်ဆိုတာ ငါသိလိုက်ရပြီ။ သူက သူ့ ညီမလေးကို ရှာနေတာပဲ။ မင်း ဒါကို စိတ်ကူးထားမိလား။ အဲကောင်မှာ တကယ်ပဲ ညီမလေးတစ်ယောက်ရှိတယ်။"

ဝေ့ဟိုသည် အံ့အားတကြီးဖြင့် အော်ကြီးဟစ်ကျယ်ပြောလိုက်သည်။

ဝမ်ချောင် နှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် အံ့အားသင့်စွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြသည်။

"ဝမ်သခင်လေး လီမြို့စားရဲ့ အကြီးဆုံးသား လီပင်က စုသခင်လေးရဲ့ ညီမနဲ့ ချစ်ကြိုက်နေပြီး သူမကို လီအိမ်တော်က ပြန်ပေးဆွဲလိုက်တယ လို့ မဆိုနိုင်ဘူးလား။ ပြီးတော့ ဒီသိက္ခာကျဖွယ်လုပ်ရပ်ကို ဖုံးကွယ်ဖို့ လီမြို့စားအိမ်တော်က စုသခင်လေးကို ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်နိုင်လား။"

လူအိုကြီးလင်းယုန်ငှက်သည် အံ့အားတကြီးဖြင့် ရေရွတ်လိုက်သည်။

သူသည် ဝေ့ဟိုကို တံခါးဝမှ စာကြည့်ခန်းသို့ ခေါ်ဆောင်လာသည့်လူဖြစ်သည့်တိုင် အခြေအနေကို နားလည်သဘောပေါက်ရန် သူ့အတွက် အချိန်အလုံအလောက်မရှိပေ။

"ဟီးဟီး။ ဒီအတိုင်းသာဆိုရင် ရိုးရှင်းပါတယ်။ ဒီကိစ္စက အဲဒါထက် အနည်းဆုံး အဆတစ်ရာ ပိုရှုပ်ထွေးတယ်။"

ဝေ့ဟိုသည် ခြေချိတ်ထိုင်လိုက်ကာ ရယ်မောလိုက်ပြီး ကိစ္စများကို မတင်မကျဖြစ်နေစေရန် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားလိုက်သည်။

တစ်ဖက်လူ၏ အူမြူပြီး ထိုးနှက်ချင်နေသည့် ပုံစံကို လျစ်လျူရှုကာ ဝမ်ချောင်မေးလိုက်သည်။

"အဲလိုမဟုတ်ဘူးလား။"

"ဟီးဟီး မင်းမသိဘူးမဟုတ်လား။ တကယ်လို့ ငါ မင်းကို အမှန်တရားပြောပြလိုက်ရင် မင်းက ထိတ်လန့်ပြီး သေသွားလောက်တယ်။ အမှန်တော့ လက်ရှိ လီမြို့စားက စုဟန်ရှန်းဖြစ်ရမှာ။"

ဝေ့ဟိုသည် မြူးတူးစွာဖြင့် ဧရာမဗုံးကြီးကို ပစ်ချလိုက်သည်။

"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဝမ်ချောင်သည် တုန်လှုပ်စွာဖြင့် မျက်လုံးပြူးကျယ်သွားခဲ့သည်။

စုဟန်ရှန်းနှင့် လီမြို့စားအိမ်တော်ကြားတွင် မပြေလည်နိုင်သည့် ရန်ငြိုးရှိသည်ကို သူသိသည်။ သို့သော် ဝေ့ဟိုထုတ်ပြောလိုက်သည့်အရာများ ကြီးမားသည့် အလှည့်အပြောင်းဖြစ်နေဆဲပင်။ အထူးသဖြင့် ဤသတင်းကို လီမြို့စားအိမ်တော်၏ အဖွဲ့ဝင်မှ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်ဟု စဉ်းစားကြည့်လိုက်ပါက ဤသည်မှာ ထိတ်လန့်စရာဖြစ်သည်။

ဝမ်ချောင်၏ ပထမဆုံးအတွေးမှာ ဝေ့ဟို လိမ်ညာနေသည်ဟု တွေးထင်လိုက်ခြင်းပင်။

ဝမ်ချောင်သည် သူ့ခန္ဓာကိုယ်ကို ဆန့်လိုက်ကာ မေးလိုက်သည်။

"ဝေ့ဟို ဘာတွေဖြစ်ခဲ့တာလဲ။ မင်းနဲ့ လီမြို့စားအိမ်တော်ရဲ့ ဒုတိယသခင်လေးတို့ ဘာပြောခဲ့တာလဲ ငါ့ကို ပြောပါ။ ငါ့ကို မတင်မကျဖြစ်နေအောင် လုပ်မနေနဲ့။"

သူသည် စုဟန်ရှန်း၏ နောက်ကွယ်မှ နက်ရှိုင်းသည့် လျှို့ဝှက်ချက်ကို ထိတွေ့လာပြီဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဤလျှို့ဝှက်ဆန်းကျယ်မှုကို ဖော်ထုတ်နိုင်လျှင် သူသည် စုဟန်ရှန်းကို တိုင်းပြည်၏ အကြီးမြတ်ဆုံးစစ်သူကြီးဖြစ်လာစေရန် လမ်းကြောင်းဖွင့်ပေးနိုင်မည်မှာ ဖြစ်နိုင်သည်။

ထိုလူသည် သူ့အရင်ဘဝ၌ လုံးဝမမက်ဖူးသည့် အမြင့်သို့ရောက်ရန် သူ၏စွမ်းရည်ကို အပြည့်အ၀ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

"ဒါက ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ အစပိုင်းမှာ အဲကောင်က အရမ်းကိုတုံ့ဆိုင်းနေခဲ့ပြီး ဘာတစ်ခုမှ မပြောချင်နေခဲ့ဘူး။ ကံကောင်းထောက်မစွာနဲ့ စုဟန်ရှန်းက အမှန်တရားကို ထုတ်ပြောနိုင်တာကို တွေးမိလိုက်တာမို့ သူက နောက်ဆုံးမှာ ငါ့ကို အရာအားလုံးပြောပြခဲ့တယ်။"

ဝမ်ချောင်၏ လေးနက်သည့် အမူအရာကို မြင်လိုက်ရသောကြောင့် ဝေ့ဟိုသည် ထပ်၍ စနောက်မနေသင့်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် တည်းခိုခန်း၌ ကြားသိခဲ့ရသော အရာအားလုံးကို ပြန်၍ဖောက်သည်ချလိုက်သည်။

လီမြို့စားအိမ်တော် နှင့် စုဟန်ရှန်းတို့၏ ရန်ငြိုးသည် မဟာထန်ကို ဧကရာဇ်ကောင်းကျုံးက အုပ်ချုပ်နေချိန် လွန်ခဲ့သည့် မျိုးဆက်သုံးဆက်က စတင်ခဲ့ခြင်းဖြစ်သည်။

လီမြို့စားအိမ်တော်နှင့် စုဟန်ရှန်းကလန်သည် ယခုတွင် မပြေငြိမ်းနိုင်သည့် ရန်သူများ ဖြစ်ကြသော်လည်း ထိုအချိန်က အကောင်းဆုံး သူငယ်ချင်းများဖြစ်ခဲ့ကြသည်။

စုဟန်ရှန်းသည်လည်း တိုင်းတစ်ပါးသား မဟုတ်ပေ။ သူသည် မြို့တော်၏ တရားဝင် နိုင်ငံသား တစ်ဦးဖြစ်သည်။

ဧကရာဇ်ကောင်းကျုံးသည် သာမန်စွမ်းရည်သာ ပိုင်ဆိုင်ထားသည့် ရှားပါးသည့် ဧကရာဇ် တစ်ပါးဖြစ်သည်။

သူ့သိုင်းပညာသည် ဆိုးရွားသည်ဟု မပြောနိုင်သော်လည်း သူသည် ထိပ်တန်းနှင့်လည်း မနီးစပ်ပေ။ သူ့ကို လက်ရှိပညာရှင်ဧကရာဇ်နှင့် နှိုင်းယှဉ်ရန် ခက်ခဲပေသည်။

ဧကရာဇ်ကောင်းကျုံး၏အရည်အချင်းအရ ထီးနန်းမတက်မီတွင် သူသည် ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်မှာ သဘာဝပင်။

တစ်ချိန်တွင် ကောင်းကျုံးသည် ​​အန္တရာယ်နှင့် ရင်ဆိုင်တွေ့ပြီး ထွက်ပြေးနေစဉ် သတိလစ်သွားခဲ့သည်။ စုဟန်ရှန်း၏ ဘိုးဘေး စုဖန်သည် သူ့ကို အချိန်မီတွေ့ရှိပြီး အန္တရယ်မှ ကယ်ဆယ်ခဲ့သည်။

စုဖန်သည် ဤကိစ္စကို သူ့အကောင်းဆုံး သူငယ်ချင်းဖြစ်သည့် လီကလန်၏ဘိုးဘေးမှလွဲ၍ မည်သူ့ကိုမျှမပြောပြခဲ့ပေ။

ကောင်းကျုံးသည် ဧကရာဇ် မင်းဆက်များကြားတွင် ရှားရှားပါးပါး သံယောဇဉ်ကြီးတတ်သော ဧကရာဇ်တစ်ပါး ဖြစ်သောကြောင့် သူ့ကယ်တင်ရှင်အား ကျေးဇူးတင်ကြောင်း ဖော်ပြရန် ဆုံးဖြတ်ကာ မြို့စားရာထူးကို အပ်နှင်းခဲ့သည်။

သို့သော်လည်း ကောင်းကျုံးသည် သတိလက်လွတ် ဖြစ်သွားသဖြင့် စုဖန်၏သူငယ်ချင်းသည် သူ့ကို ကယ်တင်သူအဖြစ် မရည်ရွယ်ဘဲ အထင်မှားခဲ့သည်။

ထို့အပြင် စုဖန်၏ သူငယ်ချင်းသည်လည်း လောဘကြောင့် တခဏတာမျှ မျက်စိကန်းသွားခဲ့သည်။ ဧကရာဇ်ကောင်းကျုံးသည် မှားယွင်းခဲ့သည်ကို သူသိသော်လည်း အပ်နှင်းခြင်းကို လက်ခံခဲ့ဆဲဖြစ်သည်။

တစ်ဖက်တွင်မူ စုဟန်ရှန်း၏ ဘိုးဘေးစုဖန်ကို ကိစ္စတစ်ခုလုံးမှ လျှို့ဝှက်ထားခဲ့သည်။

နောက်ဆုံးတွင် စုဖန်သည် ထိုသည်ကို သိလိုက်ရသောအခါ အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ စုဖန်က ထိုကိစ္စကို ထုတ်ဖော်မည်ကို စိုးရိမ်သောကြောင့် စုဖန်သူငယ်ချင်းသည် စုဖန်ကို ဖမ်းဆီးထောင်ချရန် အမိန့်ပေးခဲ့သည်။

တစ်ဖက်တွင်မူ စုဖန်သည် တစ်ဖက်လူကို သူ့အကောင်းဆုံး သူငယ်ချင်းအဖြစ် ရှူမြင်ခဲ့သောကြောင့် ဤကိစ္စကို ကြီးမားသည့် အရှက်ရမှုအဖြစ် ရှူမြင်ခဲ့သည်။

စုဖန်၏ သူငယ်ချင်းသည် နောင်တရပြီး နောက်ဆုံးတွင် စုဖန်ကို လွှတ်ပေးခဲ့သော်လည်း စုဖန်သည် အဆုံးသတ်တွင် ဒေါသထွက်ပြီး မခံမရပ်နိုင်ဖြစ်ကာ သေသွားခဲ့ရဆဲဖြစ်သည်။

ဤသည်မှာ စုဟန်ရှန်း၏ ကလန်နှင့် လီမြို့စားအိမ်တော်တို့ အကြား ရန်ငြိုးများစတင်ရာ မူလအစလည်း ဖြစ်သည်။ စုဖန်ကြုံတွေ့ခဲ့ရသော အရှက်တရားနှင့် သေဆုံးသည့် အိပ်ယာပေါ်၌ပင် သူခံစားခဲ့ရသော မခံမရပ်နိုင်သည့် နာကျည်းမှုများအရ သူ့သားသည် မည်ကဲ့သို့ လီမြို့စားကို လွယ်လွယ်နှင့် ခွင့်လွှတ်နိုင်မည်နည်း။

စုဖန်၏ သားသည် တရားစွဲဆိုခဲ့ပြီး နောက်ဆုံးတွင် ထိုကိစ္စသည် တော်ဝင်ရုံးတော်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ဧကရာဇ်၏ အမိန့်သည် ပြန်လည်ရုတ်သိမ်း၍ မရသောကြောင့် သူတို့သည် အမှားအတိုင်းသာ ထားလိုက်ကြရသည်။

စုဖန်၏သားသည် လျော်ကြေးတချို့ ရရှိခဲ့သော်လည်း သူသည် ဤကိစ္စကို ဤသို့သာ မည်သို့ ကြေအေးပေးနိုင်မည်နည်း။

ထို့ကြောင့် အကြွင်းမဲ့ရန်ငြိုးများ ဖြစ်ပေါ်လာခဲ့သည်။

ဤအခြေအနေသို့ ရောက်လာသောအခါ ကလန်နှစ်ခုအကြား ပြေငြိမ်းစေရန် အခွင့်အရေးမရှိတော့ပေ။

သူ့ကြိုးပမ်းမှု ကျရှုံးပြီးနောက် စုဖန်၏သားသည် မြို့တော်မှ ထွက်ပြေးခဲ့ကာ သူ့ဆန္ဒကို သူ့သားဖြစ်သူ စုဟန်ရှန်းအား လက်ဆင့်ကမ်းခဲ့သည်။

ဤသို့ဖြင့် ရန်ငြိုးဟောင်းသည် တတိယမျိုးဆက်သို့ ကျရောက်လာခဲ့သည်။

စုကလန်သည် သူ့တို့၏ အမုန်းတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ပြီး လက်စားချေခွင့် ရမည့်တစ်နေ့ကို အိပ်မက်မက်နေချိန်တွင် လီမြို့စား၏ မျိုးဆက်များသည်လည်း သေခြင်းတရားကို ထိုင်စောင့်မနေခဲ့ပေ။ သူတို့သည်လည်း ဤကိစ္စကို လက်ဆင့်ကမ်းခဲ့ကြသည်။ ဤသို့ဖြင့် နောက်ပိုင်းမျိုးဆက်များသည် စုကလန်၏ လက်တုံ့ပြန်မှုကို ကြိုတင်ပြင်ဆင် ထားနိုင်ကြပေမည်။

လီမြို့စားသည် သူက အမှားဘက်၌‌ရှိနေသည်ကို သိသော်လည်း သူသည် သူ့ကလန်တစ်ခုလုံး၏ ခေါင်းများကို ခေါင်းဖြတ်စက်အောက်၌ ထားရန် ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် လီမြို့စားအိမ်တော်သည်လည်း ပြန်လည်ခုခံခဲ့သည်။

တစ်နည်းနည်းဖြင့် သူတို့သည် စုကလန် ပုန်းအောင်းရာနေရာကို ရှာတွေ့နိုင်ခဲ့ကြပြီး တပ်ဖွဲ့တစ်ခုစေလွှတ်ကာ စုဟန်ရှန်း၏ ညီမငယ်ကို ဖမ်းဆီးနိုင်ခဲ့သည်။

တိုက်ဆိုင်မှုတချို့ကြောင့် စုဟန်ရှန်းသည် ထိုအချိန်တွင် ထိုနေရာ၌ ရှိမနေခဲ့ပေ။ ထို့ကြောင့် သူသည် အဖမ်းခံရခြင်းမှ လွတ်မြောက်နိုင်ခဲ့သည်။

လီအိမ်တော်မြို့စားသည် စုဟန်ရှန်း၏ ညီမငယ်ကို ဖမ်းဆီးခဲ့သော်လည်း သူတို့သည် သူမကို ဘာမှမလုပ်ခဲ့ကြပေ။ သူတို့သည် သူ့ကို ကောင်းမွန်စွာ ကျွေးမွေးခဲ့ကြပြီး ဆင်ယင်ပေးခဲ့ကြကာ သူမ လိုအပ်သည့် အရာများကို ဖြည့်ဆည်းပေးရန် အစေခံတချို့ပင် ထားပေးခဲ့သည်။

လွတ်လပ်မှုမရှိသည်ကလွဲ၍ သူမ၏ ဘဝသည် တောင်တန်းများ၌ နေသည်ထက် အများကြီး ကောင်းမွန်ပေသည်။ လီမြို့စား၏ အဖွဲ့ဝင်များသည်လည်း သူမကို အခွင့်အရေး မယူရဲခဲ့ကြပေ။

အမှန်တွင် လက်ရှိလီမြို့စား၏ ရည်ရွယ်ချက်သည် ရိုးစင်းလှသည်။

ကလန်နှစ်ခုကြားရှိ ရန်ငြိုးသည် ဘယ်တော့မှ ပြေလည်အောင် မဖြေရှင်းနိုင်သည့် အထုံးတစ်ခု ဖြစ်သောကြောင့် သူသည် စုဟန်ရှန်း၏ညီမငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားရပေမည်။ ဤနည်းဖြင့် စုဟန်ရှန်းသည် သူ့ဖခင်ကဲ့သို့ ကမူးရှူးထိုးမလုပ်မီ နှစ်ခါစဉ်းစားရပေလိမ့်မည်။

စုကလန်နှင့် လီအိမ်တော်မြို့စား ရန်သူများအဖြစ် မှတ်ယူနိုင်သော်လည်း သူတို့ကြား ပတ်သက်မှုသည် ထိုထက်ပို၍ ရှုပ်ထွေးပေသည်။ အဆုံးတွင် လက်ရှိ လီအိမ်တော် မြို့စား၏ အဆင့်အတန်းသည် စုဖန်ထံမှ လာခဲ့ခြင်းဖြစ်သည်။

ဤအရာအားလုံးကို လီအိမ်တော် မြို့စား၏ ဘိုးဘေးချန်ထားခဲ့သော စာထဲတွင် ရှင်းလင်းစွာ ရေးသားထားခဲ့သည်။ ထို့ကြောင့် လီအိမ်တော် မြို့စား၏ အဖွဲ့ဝင်များသည် မိန်းမငယ်လေးကို တစ်ခုခုလုပ်ရန် မကြံစည်ခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် သူမကို လေးလေးစားစားနှင့် ယဉ်ကျေးစွာ ဆက်ဆံခဲ့ကြဆဲပင်။

ဤအရာသည် လီမြို့စားအိမ်တော်၏ ဒုတိယသခင်လေး လီနင်ထံမှ ဝေ့ဟို ကြားခဲ့ရသည့် အရာဖြစ်သည်။

အပိုင်း ၂၉၄

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ပြန်လာခြင်း

အမှန်တရားသည် ထိုသို့ဖြစ်ပေသည်။ ဤသည်က သူ့ယခင်ဘဝတွင် စုဟန်ရှန်းသည် ခဲဆွဲထားသလို ဖြစ်နေပြီး မဟာစစ်သူကြီးဖြစ်လာရန် ချိုးဖောက်နိုင်ခဲ့ခြင်း မရှိသည်ကို ရှင်းပြလိုက်သည်။ ထိုအရာက အလယ်ပိုင်း လွင်ပြင်ဒေသအတွက် အကြီးမားဆုံးနောင်တတစ်ခုပင်။

ဝမ်ချောင် ယခင်ဘဝရှိ အကြီးအကဲများသည် စုဟန်ရှန်းကို အလွန်မြင့်မားစွာ အကဲဖြတ်ထားခဲ့ကြသည်။ သူ့သေဆုံးမှုသည် သူတို့အများစုကို စိတ်ပျက်ဝမ်းနည်းစေခဲ့သည်။

ထိုလူသည် စွမ်းဆောင်ရည်၊ ဉာဏ်အမျှော်အမြင် နှင့် ပြတ်သားသည့် ဆုံးဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့သည်။

စုဟန်ရှန်းကို သဘောမကျသည့် လူများသည်ပင် သူ့တွင် ခေါင်းဆောင်တစ်ဦး၏ ဩဇာတိက္ကမ ပိုင်ဆိုင်ထားသည်ကို ဝန်ခံကြပေလိမ့်မည်။ ရန်သူသည် မည်မျှကြောက်မက်ဖွယ်ကောင်းပါစေ ကိစ္စမရှိပေ။ သူဦးဆောင်သည့် စစ်တပ်သည် မည်သည့် တုံ့ဆိုင်းခြင်းမျှမရှိဘဲ ရှေ့သို့ဆက်လက် ချီတက်ပေလိမ့်မည်။

စုဟန်ရှန်းရပ်နေသရွေ့ သူ့စစ်သည်များသည် အကြောက်တရားကို ခံစားရမည်မဟုတ်ပေ။

ထိုကပ်ဘေးခေတ်တွင် စုဟန်ရှန်း၏ နောက်ကျောသည် သူ့ရဲမက်များကို အလွန်စိတ်ချလက်ချ ခံစားရစေသည်။ သူသည် သူ့ရဲမက်များနှင့်အတူ ရှေ့သို့ ချီတက်တိုက်ခိုက်ပြီး အတူတကွ နောက်ပြန်ဆုတ်ပေလိမ့်မည်။

နောက်ဆုံးတွင် စုဟန်ရှန်းသည် သူ့ရဲမက်များကို ပေးထားသည့် ကတိကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

သူသည် တစ်ကိုယ်ကောင်း ဆန်ဆန် ထွက်ပြေးရမည့်အစား သူ့ရဲမက်များနှင့်အတူ စစ်မြေပြင်တွင် သေဆုံးရန် ရွေးချယ်ခဲ့သည်။

ဤလူသည် လေးစားခံထိုက်သည့် ပုဂ္ဂိုလ်ဖြစ်ကာ တိုင်းပြည်၏ စစ်မှန်သော စစ်သည်ကောင်း မဟာစစ်သူကြီးတစ်ဦးဖြစ်သည်။

သူသည် သူ့နောက်ဆုံးထွက်သက်၌ပင် ဘယ်တုန်းကမှ အသိအမှတ်ပြုမခံခဲ့ရသော်လည်း...

ထိုအချိန်က စုဟန်ရှန်း၏ ကျဆုံးခြင်းကို ဝမ်ချောင် ကြားရချိန်တွင် သူ့နှလုံးသားသည်လည်း ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ဤသည်က ယခုဘဝတွင် စုဟန်ရှန်းကို ကူညီရန် ဘာကြောင့် ဝမ်ချောင် ဆုံးဖြတ်ခဲ့ရသည်လဲ ဆိုသည့် အကြောင်းအရင်းပင်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ လူများအားလုံးတွင် စုဟန်ရှန်းသည် ဝမ်ချောင် အကူညီချင်ဆုံးလူဖြစ်သည်။ ထို့အတူ ကံကြမ္မာကို အပြောင်းလဲပေးချင်ဆုံး လူလည်း ဖြစ်သည်။

သို့သော် ဤအရာကို လူတိုင်းအားရှင်းပြရန် သူ့အတွက် မဖြစ်နိုင်ပေ။

ဝေ့ဟိုသည် ရှေ့သို့ကိုင်းလိုက်ပြီး သရော်လိုက်သည်။

"လီနင်က လုံးဝမှန်အတိုင်းပြောမယ်လို့ ငါမထင်ဘူး။ အခြေအနေက သူဖော်ပြတာထက် ပိုပြီးဆိုးလောက်တယ်။ လီအိမ်တော်ရဲ့မြို့စားနဲ့ ငါတို့က စီးပွားဖက်တွေဖြစ်ပေမယ့် သူတို့ရဲ့ နောက်ခံကို ငါတို့က ဘယ်လိုလုပ်သိနိုင်မှာလဲ။ လီကလန်မြို့စားက ဒီလိုပုံစံနဲ့ အပ်နှင်းခံခဲ့ရတာကို တွေးကြည့်ရင် ဘယ်လိုတောင် ရွံ့စရာကောင်းလိုက်သလဲ။"

သူသည် ညီအစ်ကိုနှင့် သူငယ်ချင်းများကို တန်ဖိုးထားသည့်လူမျိုးဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ချောင်၏စာကို လက်ခံရရှိပြီးနောက် မေးခွန်းပင်မေးမနေဘဲ ချက်ချင်းပြေးလာခဲ့ခြင်းဖြစ်သည်။

ခရီးထွက်လာခဲ့ပြီး နာရီအနည်းငယ်ကြာပြီးနောက် သူသည် လီအိမ်တော်မြို့စား၏ ဒုတိယသခင်လေးနှင့် ချက်ချင်း သွားရောက် တွေ့ဆုံခဲ့သည်။ သူသည် ပင်ပန်းရသော်လည်း ညည်းငြူခဲ့ခြင်းမရှိပေ။

သူ့ကိုယ်ကျင့်စရိုက်အရ သူငယ်ချင်းများကို သစ္စာဖောက်ပြီး သူတို့၏ ကောင်းမှုကုသိုလ်ကို ခိုးယူသည့် လူကို ရွံရှာသည်မှာ သဘာဝပင်။

"ငါတို့လို အပြင်လူတွေအတွက် ဘယ်ဟာက အမှန်လဲဆိုတာ ပြောဖို့ခက်တယ်။ ပြီးတော့ ဒီကိစ္စကို မင်းတစ်ခါမှ မကြားသိခဲ့ရတာကလည်း ပုံမှန်ပါပဲ။ အဆုံးမှာ ဧကရာဇ်ကောင်းကျုံးက ဒီကိစ္စမှာ ပါဝင်နေခဲ့တယ် ဒါကြောင့် ကောလဟလတွေ ပျံ့နှံ့ခွင့်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါကလည်း လီအိမ်တော်ရဲ့မြို့စားက ဘာကြောင့် သိုသိုသိပ်သိပ် နေခဲ့တာလဲဆိုတာကို ရှင်းပြလိုက်တာပဲ။"

ဝမ်ချောင်သည် စားပွဲကို တတောက်တောက် ခေါက်လိုက်သည်။ မဟာထန်တွင် မြို့စား အတော်အတန်ရှိပြီး ဘွဲ့တံဆိပ်ဆက်ခံသူ အများစုသည် ရှုပ်ထွေးပွေလီလှသည့် တော်ဝင်ရုံးတော်မှ ဝေးဝေးနေရန် ရွေးချယ်ကြပြီး သာယာအေးချမ်းသည့် ဘဝတွင် နေထိုင်ကြသည်။

သို့သော်လည်း ဤအုပ်စုထဲ၌ပင် လီအိမ်တော်မြို့စားသည် အလွန်မှသိုသိပ်လှသည်။ အမှန်တွင် လီအိမ်တော်မြို့စားသည် သူ့နယ်မြေတဝိုက်တွင် သစ်ပင်များကိုပင် စိုက်ပျိုးထားခဲ့ပြီး မြင်ကွင်းမှ ပုန်းအောင်းချင်နေပုံရသည်။

လီအိမ်တော်မြို့စား၏ တည်ရှိမှုကို သိရှိသူ မြို့တော်ထဲတွင် အလွန်နည်းပေသည်။

ယခုတွေးကြည့်လိုက်တော့မှ ထိုသည်မှာ ဤကိစ္စကြောင့် ဖြစ်နိုင်သည်။

လီမြို့စား၏ မျိုးဆက်များသည် မှူးမတ်များနှင့် အရာရှိများ၏ အထင်သေးခြင်းကို အမြဲတမ်းခံခဲ့ရသည်။ အဖြစ်နိုင်ဆုံးမှာ ဤကိစ္စသည် အောက်လွှာလူတန်းစားများအတွက် လျှို့ဝှက်ချက်တစ်ခုဖြစ်သော်လည်း တော်ဝင်ရုံးတော်ရှိ လူများကြားတွင် သာမန်ကိစ္စရပ်ဖြစ်ပုံရသည်။

ကောင်းကျုံးကို ထည့်သွင်း စဉ်းစားခဲ့ခြင်းကြောင့်သာ ဤကိစ္စကို မည်သူမျှ ထုတ်မပြောခဲ့ကြခြင်း ဖြစ်သည်။

မြို့စားလီ၏ ဆက်ခံသူသည်လည်း ဤသည်ကို သတိပြုမိသည်မှာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် သာမန်ထက်လွန်ကဲစွာ သိုသိုသိပ်သိပ်နေထိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

"လီမြို့စားမျိုးဆက်ရဲ့ လုပ်ရပ်တွေကို ငါ လက်မခံပေမယ့် သူတို့ရဲ့စကားတွေက အဓိပ္ပာယ်တချို့တော့ ရှိတယ်။ သူတို့ကြားက ရန်ငြိုးဟာ သူတို့ရဲ့ဘိုးဘေးတွေကြားက ကိစ္စဖြစ်တယ်။ သူတို့က သေသွားတာကြာပြီမို့ ပြီးတော့ တတိယမျိုးဆက်ကိုရောက်နေပြီမို့ ဒီကိစ္စကို ကြေအေးလိုက်ကြဖို့ အချိန်တန်ပြီ။"

"ဒါအပြင် စုဟန်ရှန်းရဲ့ အဘိုးဟာ ဒေါသထွက်ပြီး သေခဲ့ရပေမယ့် သူ့အဖေကတော့ သာမန်ပဲ သေဆုံးသွားခဲ့တာဖြစ်တယ်။ စုဟန်ရှန်းအတွက် လီအိမ်တော်မြို့စားနဲ့ အချင်းများနေစရာ အကြောင်းမရှိဘူး။"

ဝမ်ချောင် ပြောလိုက်သည်။

"ဒါပေမယ့် စုဟန်ရှန်းက ဒါကို သေချာပေါက် သဘောတူနိုင်မှာမဟုတ်ဘူး"

ဝေ့ဟို ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရန်ငြိုးဟောင်းနဲ့ ယှဉ်ရင် စုဟန်ရှန်းအစိုးရိမ်ဆုံးအရာက တခြားဟာဖြစ်မယ်လို့ ငါထင်တယ်။ ဒါ့အပြင် လီမြို့စားဟာ သူတော်ကောင်းယောင် ဆောင်နေတာ ဟုတ်မဟုတ်ဆိုတာနဲ့ သူတို့က တကယ်ပဲ လမ်းကြောင်းသစ် စချင်နေတာလား ဆိုတာ ငါတို့မကြာခင်သိရပါလိမ့်မယ်... ငါကို စုတ်တံယူလာပေး။"

ဝမ်ချောင်သည် အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး စုတ်တံကို လှမ်းယူလိုက်သည်။ သို့သော် တခဏမျှ တုံ့ဆိုင်းပြီးနောက် သူသည် ခါးသီးစွာပြုံးလိုက်ပြီး သူ့လက်ကို ပြန်ရုတ်လိုက်သည်။

ဝမ်ချောင်သည် ရုတ်တရက်လှည့်လိုက်ပြီး မေးလိုက်သည်။

"လူအိုကြီးလင်းယုန် ခင်ဗျားရဲ့လက်ရေးက ဘယ်လိုလဲ။"

"အာ"

လူအိုကြီး လင်းယုန်ငှက်သည် မှိန်းမောနေရာမှ နိုးထလာခဲ့သည်။ ဝေခွဲမရသည့် အမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"ငါတို့နှစ်ယောက်စလုံးက လက်ရေးအရမ်းဆိုးတယ် ဒါကြောင့် ဝမ်ချောင်က ခင်ဗျားကို သူ့ကိုယ်စား ရေးခိုင်းချင်နေတာပဲ။"

ဝေ့ဟို ရှင်းပြလိုက်သည်။

"ငါနားလည်ပြီ... ဟိုးတုန်းက အချက်အလက်တွေ မကြာခဏ ပေးပို့ရတာကြောင့် လက်ရေးလှရေးနည်းကို ငါအချိန်အနည်းငယ်ကြာ လေ့ကျင့်ခဲ့တယ် ဒါကြောင့် အဆင်ပြေမယ်ထင်တယ်။”

လူအိုကြီးလင်းယုန်ငှက်သည် ငိုရမည်လော ရယ်ရမည်လော မသိတော့ပေ။

ဝမ်သခင်လေးသည် သိုင်းပညာတွင်ဖြစ်စေ၊ ငွေရှာရာတွင်ဖြစ်စေ၊ တိုက်ပွဲဖွဲ့စည်းပုံတွင်ဖြစ်စေ အရာအားလုံးတွင် တတ်နိုင်စွမ်းရှိပုံပေါ်သည်။ သူ့လက်ရေးသည် အလွန်တရာမှ ဆိုးရွားနေလိမ့်မည်ဟု တွေးမိရန် ခက်ခဲပေသည်။

အဆုံးတွင် မြို့စားကြီးကျူးသည် စာပေသမားအဖြစ် ကျော်ကြားသည်။

သဘာဝအားဖြင့် ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက် ဘာတွေးနေသည်ကို သိနေသောကြောင့် သူသည်လည်း ရှက်ရွံ့သလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ချက်ချင်းရယ်မောလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

မှင်ပြားတစ်ချပ်ကို ကောက်ယူပြီး ကြိတ်ချေကာ လူအိုကြီးလင်းယုန်ငှက်သည် ဝမ်ချောင် ရွတ်ဆိုချက်အတိုင်း ရေးသားလိုက်ပြီး ဝမ်ကလန် တံဆိပ်ကို စာ၏အောက်ခြေတွင် တံဆိပ်ရိုက်နှိပ်လိုက်သည်။ ထို့နောက်တွင် စာကို ဝမ်မိသားစု၏ အစောင့်တစ်ယောက်အား လီအိမ်တော် မြို့စားထံသို့ တိုက်ရိုက်ပေးပို့စေလိုက်သည်။

ဤသည်မှာ ဂုဏ်သရေရှိကလန်များ တစ်ခုနှင့်တစ်ခုဆက်သွယ်သည့် တရားဝင်နည်းလမ်းဖြစ်သည်။ စာပို့ခိုများကို အသုံးပြုခြင်းက ရိုင်းစိုင်းသည်ဟု မှတ်ယူနိုင်ပေသည်။

ဤစာကို ဝမ်ချောင် ရေးသည် မရေးသည်က ကိစ္စမရှိပေ။ ဝမ်ကလန်တံဆိပ်ကို ခတ်နှိပ်ထားသရွေ့ ထိုစာသည် ဝမ်ကလန်တစ်ခုလုံးကို ကိုယ်စားပြုနိုင်ပေသည်။

ဝမ်ချောင်၏ စာသည် ရိုးစင်းလှသည်။

ဝမ်ကလန်၏ နာမည်ဖြင့် သူသည် လီအိမ်တော်မြို့စားကို စုဟန်ရှန်း၏ ညီမလေးအား လွှတ်ပေးရန်နှင့် ဝမ်ကလန်ဆီသို့ သူမကို လွှဲပြောင်းပေးရန် တောင်းဆိုထားခဲ့သည်။

ထိုကောင်မလေးနှင့် တွေ့ပြီးပါက အမှန်တရားကို သိရပေလိမ့်မည်။ အကယ်၍ သူမသည် အမှန်တကယ် နှိပ်စက်ညှင်းပန်း ခံခဲ့ရပါက ဤကိစ္စနှင့် ပတ်သက်၍ ဝမ်ချောင် တတ်နိုင်သည့်အရာ မရှိတော့ပေ။

စုဟန်ရှန်းနှင့် လီအိမ်တော်မြို့စားအကြား ရန်ငြိုးသည် ဆက်လက် တည်ရှိနေပေလိမ့်မည်။

လက်ရှိစုဟန်ရှန်းသည် အားနည်းနေသေးသော်လည်း သူသည် လီကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် လုံလောက်သည့် စွမ်းအားကို ရရှိရန် သိပ်ကြာလိမ့်မည်မဟုတ်ပေ။

တစ်ဖက်တွင်မူ လီအိမ်တော်သည် သူမကို အမှန်ပင် ကောင်းမွန်စွာဆက်ဆံခဲ့ပါက ထိုသည်မှာ လီနင်သည် လိမ်ညာနေခြင်းမဟုတ်ဟု ဆိုလိုခြင်းဖြစ်ပြီး သူတို့ကြား ပြန်လည်သင့်မြတ်စေရန် အခွင့်အရေးရှိပေလိမ့်ဦးမည်။

စာကို ပေးပို့ပြီးနောက် တစ်ရက်ခန့်ကြာသောအခါ ကောင်မလေးတစ်‌ယောက်ကို လီအိမ်တော်က ပို့လွှတ်ခဲ့သည်။

ဝမ်ချောင်သည် ထိုကောင်မလေးကို မမြင်လိုက်ရပေ။ သူမကို လီအိမ်တော်အစောင့်အကြပ်များဖြင့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ တိုက်ရိုက် ပို့ဆောင် လိုက်ခြင်းကြောင့် ဖြစ်သည်။

ထိုကောင်မလေးနှင့်အတူ ရွှေသေတ္တာနှစ်လုံးနှင့် စာအိတ်တစ်အိတ်ပါလာသည်။

စာအိတ်ကို လက်ခံခဲ့သော်လည်း ရွှေသတ္တာနှစ်လုံးကိုတော့ ပြန်ပို့ခဲ့သည်။

ကောင်မလေးကို ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ပို့ဆောင်ပြီးနောက် သူမသည် မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူမ ဘယ်သွားခဲ့သလဲ မည်သူမျှမသိပေ။

"ကောင်းပြီ ဒီကိစ္စက အဆုံးသတ်ကို ရောက်လာခဲ့ပြီ။ ကြည့်ရတာ လီအိမ်တော်ရဲ့ ဒုတိယသခင်လေးက လိမ်နေတာမဟုတ်ဘူးပဲ။ သူတို့က သူကို ညှင်းပန်းနှိပ်စက်ခဲ့တာမျိုးမရှိဘူး။"

ဝမ်ချောင်သည် မတ်တပ်ထရပ်လိုက်ပြီး ပျင်းကျောဆန့်လိုက်သည်။

လီအိမ်တော်မြို့စား၏ ကြင်နာမှုသည် အလကားမဟုတ်ခဲ့ပေ။ တစ်ဖက်က ကောင်မလေးကို လွှဲပေးခဲ့ခြင်းအတွက် ဝမ်ချောင်သည် ဝမ်ကလန်ကိုယ်စား ပြန်၍ ပေးဆောင်ရမည်ဖြစ်သည်။

"လီမြို့စားကြီးရဲ့ သားအကြီးဆုံး လီပင်နဲ့ ချိန်းဆိုဖို့ ကူညီပေးပါ။"

ဝမ်ချောင် ပြောလိုက်သည်။

အကြီးဆုံးအစ်ကိုသည် ဤနေရာတွင် မရှိသည့်အပြင် ဒုတိယအစ်ကိုသည်လည်း သေမင်းအကျဉ်းထောင်တွင်ဖြစ်သောကြောင့် ဝမ်ချောင်က တာဝန်ယူရပေမည်။

ဤကိစ္စပြီးနောက် ဝမ်ချောင်သည် လီပင်ကို ကျောက်စိမ်းစံအိမ်၌ တွေ့ဆုံခဲ့ပြီး ဤကိစ္စကို ကိုင်တွယ်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

ဤသို့ဖြင့်သာ ဤကိစ္စသည် အဆုံးသတ်သွားခဲ့သည်။

"သခင်လေး ငါအခုထိနားမလည်သေးဘူး။ အဲဒီနေ့ ငါတို့ လီအိမ်တော်ထဲရှိနေတုန်းက ငါ့ရဲ့ ငှက်တွေကတောင် ထောင်ချောက်တစ်ခုဆိုတာ မပြောနိုင်ခဲ့တာကို မင်းက ဘယ်လိုသိနေတာလဲ။"

ဝမ်မိသားစုအိမ်တော်ရှိ စင်္ကြန်လမ်းမှ ငြိမ်သက်နေသော ရေကန်နှင့် ပန်းမန်များကို ငေးကြည့်ကာ လူအိုကြီးလင်းယုန်ငှက်သည် စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

ထိုနေ့က သူတို့သည် ရှေ့သို့နည်းနည်းလေးဆက်တိုးပါက သူတို့ကို သေချာပေါက် တွေ့ရှိသွားမည်ဖြစ်သည်။

တံတိုင်းအတွင်းဘက်ရှိကမ္ဘာသည် အပြင်ဘက်ရှိကမ္ဘာနှင့် ခြားနားလှသည်။

အကယ်၍ ဝမ်ချောင်သည် မြင့်မားလှသည့်တံတိုင်းအတွင်း ပိတ်မိပြီး သတ်ဖြတ်ခံရပါက လီအိမ်တော်မှ အဆိုပါကိစ္စကို ပြင်းပြင်းထန်ထန် ငြင်းဆိုနိုင်မည်ဖြစ်သည်။ အဆုံးတွင် မြို့စားကြီးကျူး၏မြေးသည် လီအိမ်တော်အတွင်းတွင် အဘယ်ကြောင့် ရုတ်တရက်ပေါ်လာရသနည်း။

သူတို့သည် ဤသည်ကို မရှင်းပြနိုင်သရွေ့ ဝမ်ကလန် သို့မဟုတ် စုန့်ဘုရင်သည်ပင် ဝမ်ချောင်၏ မတရားမှုကို ပြန်လည်ပြင်ဆင်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်သည် တစ်ခုခုလွဲချော်နေသည်ကို ကြိုတင်သတိပြုမိပြီး အကျပ်အတည်းမှ လွတ်မြောက်နိုင်ခဲ့သည်။

"လူအိုကြီးလင်းယုန် ခင်ဗျားရဲ့ ငှက်တွေက တကယ့်ကို ဉာဏ်ရည်ထက်မြက်ကြပါတယ်။ ဒါပေမယ့် ငှက်တွေ မမြင်နိုင်တဲ့အရာတွေ ရှိသေးတယ်။"

ဝမ်ချောင် ရယ်မောလိုက်သည်။ ထိုကိစ္စဖြစ်ပွားခဲ့သည်မှာ ရက်အနည်းငယ်ကြာခဲ့ပြီ ဖြစ်သော်လည်း လူအိုကြီးလင်းယုန်ငှက်သည် ဤကိစ္စနှင့် ပတ်သက်၍ မြိုသိပ်ထားခဲ့ပုံရသည်။

အမှန်တွင် ၎င်းသည် ထောင်ချောက် တစ်ခုဖြစ်ကြောင်း ဝမ်ချောင် ရိပ်မိသွားသည်မှာ လုံးဝကွဲပြားခြားနားသော အကြောင်းပြချက်ကြောင့်ဖြစ်သည်။

"မဟာထန်ရဲ့ နှစ်နှစ်ရာသမိုင်းမှာ လူများစွာဟာ မှူးမတ်အဖြစ်ခန့်အပ်ခံခဲ့ရပြီး မြို့တော်ထဲမှာ သခင်လေးအများကြီးရှိတယ်။ လူတစ်ယောက်အတွက် သခင်လေး တစ်ယောက်ချင်းစီကို သိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လမ်းတွေပေါ် မကြာခဏထွက်လာတာမို့ လူတစ်ယောက်ဟာ သူတို့အကြောင်းကို ကြားသိနိုင်သလို တစ်ခါတစ်လေ သူတို့ကိုတောင် မြင်တွေ့နိုင်တယ်။"

ဝမ်ချောင် ရှင်းပြလိုက်သည်။

"လီအိမ်တော်မြို့စားဟာ တလျှောက်လုံး သိုသိုသိပ်သိပ်သာနေခဲ့ပြီး သူတို့ကလန်ရဲ့ သခင်လေးတွေဟာ မြို့တော်မှာရှိတဲ့ တခြားသခင်လေးတွေနဲ့အတူ အပြင်ကို အတူထွက်တာ ရှားပါးတယ်။ ဒါပေမယ့်လည်း သူတို့က တချို့နေရာတွေမှာ ထင်ထင်ပေါ်ပေါ် နေကြပါတယ်။ ဥပမာအနေနဲ့ ဝေ့ဟိုက လီနင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ လီနင်က သူနဲ့အတူ အစောင့်တွေကို ခေါ်ဆောင်လာခဲ့တယ်။"

"ပြီးတော့ သူတို့နားက အစောင့်တွေက ငါတို့လိုသခင်လေးတွေကို ကာကွယ်ပေးနေတဲ့ အစောင့်တွေနဲ့ အလွန် ခြားနားတယ်။ သူတို့ဟာ လီမြို့စားက သိုင်းလောကကနေ ငှားရမ်းထားတဲ့ တကယ့် ကျွမ်းကျင်သူတွေပဲ။ သူက တစ်ခုခုကို အဆက်မပြတ် စောင့်ကြည့်နေသလို ခံစားရစေတာမို့ သူတို့နဲ့အတူ အပြင်ထွက်ချင်သူ လူနည်းနည်းပဲရှိတယ်။"

ဝမ်ချောင်ပြောလိုက်သည်။

လူအိုကြီးလင်းယုန်ငှက်သည် ထိုနေ့က တောထဲတွင် တွေ့ခဲ့ရသည့် လီပင်အနားရှိ နက်နဲသိမ်မွေ့သည့် သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို ပြန်အမှတ်ရလိုက်ကာ ခေါင်းညိတ်လိုက်သည်။

ဝမ်ချောင် နှင့်တွေ့ဆုံရန် သွားသောအခါ၌ပင် ဤကျွမ်းကျင်သူများသည် လီပင်နှင့်အတူ သူဘယ်သွားသွား လိုက်ပါနေခဲ့သည်။

ထိုသည်မှာ လီနင်နှင့် ဝေ့ဟိုတို့ တွေ့ဆုံသည့်အခါ၌လည်း အတူတူပင်။

အားလုံးပြီးနောက် ကောလဟာလများသည် အမှန်ဖြစ်ပုံပေါ်သည်။

လီမြို့စားသည် အမှန်ပင် တစ်စုံတစ်ဦးကို သတိထားနေသည်ကို မြို့တော်ရှိလူများ မျှော်လင့်ထားကြမည်မဟုတ်ပေ။ စုဟန်ရှန်း ပင်။

"အဲနေ့က လီပင်အခန်းဟာ မီးလင်းနေပေမယ့် အပြင်မှာ အစောင့်တစ်ယောက်မှမရှိဘူး။ သူတို့က ဘယ်ကိုပဲသွားသွား အစောင့်တွေခေါ်ဆောင်သွားတာကို သုံးသပ်ကြည့်လိုက်ရင် သူတို့ရဲ့ တံခါးမှာ အစောင့်အကြပ်မရှိဘဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲဒါက လီပင်ရဲ့ အခန်းဆိုတာ ခင်ဗျား အတည်ပြုလိုက်ချိန်မှာပဲ ဖြစ်နိုင်ချေ တစ်ခုပဲကျန်တော့တယ် အဲဒါက ထောင်ချောက်တစ်ခုပဲ။ ဒါကို စဉ်းစားကြည့်ပါ စုဟန်ရှန်းက လီမြို့စားအိမ်တော်တစ်ဝိုက်မှာ ရက်အနည်းငယ်အကြာလောက် သတိမပြုမိစေဘဲ ထောက်လှမ်းနိုင်ခဲ့တယ် ပြီးတော့ သူက အလွယ်တကူပဲ ခိုးဝင်ပြီး ကြည့်ရှူနိုင်ခဲ့တယ်။ ဒီလိုဖြစ်နေတာတွေက မထူးဆန်းဘူးလား။"

အမှန်တွင် ဝမ်ချောင်သည် စုဟန်ရှန်းက လီမြို့စားအိမ်တော်ကို ထောက်လှမ်းပြီး အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ခဲ့သည်ကို အတော်လေး ထူးဆန်းနေခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူသည် လီပင်အခန်းသို့ ဝင်ရောက်သွားသည်ကို သိလိုက်သည်နှင့် ချက်ချင်းပြန်ဆုတ်လာခဲ့ခြင်းပင်။

သေချာပေါက်ပင် လူအိုကြီးလင်းယုန်ငှက်၏ ငှက်များသည် ဤအရာအားလုံးကို မသိရှိနိုင်ပေ။

ဤရှူထောင့်‌တွင် ဝမ်ချောင်သည် လက်ဖွာသည့် သခင်လေးအဖြစ် အချိန်ကုန်ဆုံးခဲ့သည်မှာ လုံးဝကြီးအလဟာသဖြစ်ခဲ့သည်တော့ မဟုတ်တော့ပေ။

ဤကိစ္စကို လူအိုကြီးလင်းယုန်ငှက်အား ရှင်းပြပြီးနောက် ဝမ်ချောင်သည် လက်ကို ခါယမ်းလိုက်ကာ ဝမ်မိသားစုအိမ်တော်၏ ဝင်ပေါက်သို့ လျှောက်သွားလိုက်သည်။ ရထားလုံးတစ်စင်းသည် အပြင်ဘက်တွင် သူ့ကို စောင့်နေပေသည်။

ဝမ်ချောင်သည် အချိန်အတော်ကြာအောင် စောင့်နေပြီဖြစ်သော ရထားထိန်းကို မညွှန်ကြားမီ ရထားလုံးထဲသို့ ၀င်သွားသည်။

"သွားစို့"

မြို့တော်ရှိ ကိစ္စရပ်များကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပြီးနောက် ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းသို့ ပြန်ရန် အချိန်ကျပြီဖြစ်သည်။

ထိုသည်မှာ လက်ရှိတွင် သူအာရုံစိုက်ရမည့် နေရာဖြစ်သည်။

အပိုင်း ၂၉၅

ဝမ်ချောင်၏ နောက်လိုက်များ

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို မြင့်မားလှသည့် တောင်တန်းများက ဝန်းရံထားသည်။ လေ့ကျင့်ရေး စစ်စခန်းအပြင်ဘက်တွင် အထဲသို့ဝင်ချင်သူများအားလုံး ဖြတ်သန်းရသည့် လမ်းကြောင်းတစ်ခုရှိကာ အရပ်ရှည်သည့်လူတစ်ယောက်သည် လေနှင့်အတူ တစ်ကိုယ်တည်းရပ်နေ၏။

အဝေးမှနေ၍ သူသည် ထိုနေရာတွင်ရှိနေသည့် တောင်တစ်လုံးကဲ့သို့ပင်။ စကားပြောခြင်း သို့မဟုတ် လှုပ်ရှားခြင်းမရှိပေ။ သူသည် တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်။

"ညီအစ်ကိုစု"

ဤသည်မှာ တောင်ခြေသို့ ရောက်သည်နှင့် ဝမ်ချောင် ပထမဆုံးမြင်လိုက်ရသည့် မြင်ကွင်းဖြစ်သည်။ စုဟန်ရှန်းသည် သူ့ကို အချိန်အတော်ကြာစောင့်နေခဲ့ပုံရသည်။

ဝမ်ချောင်၏ နှုတ်ဆက်စကားကို လျစ်လျူရှုကာ စုဟန်ရှန်းသည် စကားနှစ်ခွန်းသာ ပြောလိုက်သည်။

"ကျေးဇူး"

"မင်းရဲ့ ညီမလေး အဆင်ပြေရဲ့လား"

ဝမ်ချောင်သည် တခဏမျှ အံ့အားသင့်သွားခဲ့သည်။ သို့သော် မကြာမီ ထိုလူသည် သူ့ကိုသူ့ညီမအတွက် ကျေးဇူးတင်ရန် ရောက်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ဝမ်ချောင်၏ နှုတ်ခမ်းပေါ်၌ ခါးသီးသည့် အပြုံးတစ်ခု ချိတ်ဆွဲလာခဲ့သည်။

စုဟန်ရှန်း၏ အမူအကျင့်ကို ပြောင်းလဲရန် မဖြစ်နိုင်သည့်ပုံရသည်။ သူရှေ့တွင် မည်သူရပ်နေပါစေ သူသည် ခပ်တန်းတန်း ပုံစံဖြင့်သာ ရှိနေပေမည်။ သို့သော် ဤသို့ဆိုလျှင်ပင် စုဟန်ရှန်း၏ မျက်နှာသည် ယခင်ကကဲ့သို့ အေးစက်မနေတော့သည်ကို ဝမ်ချောင် သတိပြုလိုက်မိသည်။

"ငါ မင်းကို ကျေးဇူးကြွေးတစ်ခုနဲ့ အသက်တစ်ခု အကြွေးတင်သွားခဲ့ပြီ။"

စုဟန်ရှန်း လေးနက်စွာဖြင့် ပြောလိုက်သည်။

"မင်းမှာ ဘယ်လိုတောင်းဆိုမှုပဲ ရှိပါစေ ငါ့ကိုပြောပါ။ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် မင်းတောင်းဆိုတာကို ငါ ရအောင် လုပ်ပေးမယ်။"

ဤသည်မှာ စုဟန်ရှန်းသည် ဤ သုံး၊ လေးလအတွင်း ဝမ်ချောင်ကိုပြောသည့် အရှည်လျားဆုံး စကားဖြစ်သည်။ ကြည့်ရသည်မှာ စုဟန်ရှန်းသည် ဤစကားလုံးများကို မပြောမီ ကြိုတင် ပြင်ဆင်ထားခဲ့ပုံရသည်။

စုဟန်ရှန်းကဲ့သို့သော လူတစ်ဦးသည် ကတိတစ်ခုကို လွယ်လွယ်ပေးမည့် လူစားမျိုးမဟုတ်ပေ။ သို့သော် သူ ကတိပေးခဲ့ပါကလည်း သူကတိကို အဆုံးတိုင် ဖြည့်ဆည်းပေးပေလိမ့်မည်။

ရှင်းလင်းစွာဖြင့် သူသည် ဤဆုံးဖြန်ချက်ကို မချမီ အချိန်အတော်ကြာ တွေးတောထားခဲ့သည်။ စုဟန်ရှန်းသည် တခြားသူတစ်ဦးကို အကြွေးတင်နေရသည်ကို မုန်းတီးပေသည်။

သို့သော် သူသည် ဝမ်ချောင်၏ အကူအညီကို ငြင်းပယ်နိုင်ခြင်း မရှိပေ။ သူသည် အသည်းမာနိုင်သော်လည်း သူ့ညီမလေးကိုတော့ လျစ်လျူရှူနိုင်ခြင်းမရှိပေ။

သူမသည် ဤကမ္ဘာပေါ်တွင် ကျန်ရှိသည့် သူ၏ တစ်ဦးတည်းသော ဆွေမျိုးသားချင်းဖြစ်သည်။

"အဲလောက်အထိမလိုပါဘူး။"

ဝမ်ချောင်သည် တခဏမျှမှင်သက်သွားခဲ့ပြီး ရယ်မောလိုက်သည်။ စုဟန်ရှန်းသည် အချိန်အတော်ကြာ တွေးတောပြီးမှသာ ဤဆုံးဖြတ်ချက် ထွက်လာပုံရသော်လည်း သူ့ရည်ရွယ်ချက်များအပေါ် အတွေးလွန်နေပုံ ရသည်။ ဝမ်ချောင်သည် သူ့ဆီမှ ဘာမှ တောင်းဆိုချင်နေခဲ့ခြင်း မရှိပေ။

သို့သော် တခဏမျှ တွေးတောပြီးနောက် တစ်ချောင်သည် တစ်စုံတစ်ခုကို သတိရလိုက်သည်။

"မင်း ငါ့ကို ကျေးဇူးပြန်ဆပ်ချင်ရင် ကတိတစ်ခုပဲ ပေးဖို့လိုတယ်။ လုံရွှီးရဲ့ အနောက်ဘက်မှာ ကျီကျီတောင်လို့ အမည်ရတဲ့ နေရာတစ်ခုရှိတယ်။ ဘာတွေပဲဖြစ်လာပါစေ အဲနားကို မသွားဖို့ ငါ့ကိုကတိပေးပါ။"

"အဓိပ္ပာယ်မရှိတာ"

ဝမ်ချောင်၏ တောင်းဆိုချက်ကြောင့် စုဟန်ရှန်းသည် ကြက်သေသေသွားခဲ့ကာ လက်ကိုခါယမ်းပြီး လှည့်ထွက်သွားခဲ့သည်။

သူသည် ကတိတစ်ခုကို ဘယ်တော့မှ လွယ်လွယ်နှင့် မပေးတတ်ပေ။ သို့သော် ဝမ်ချောင်၏ တောင်းဆိုချက်သည် သူ့အတွက် အဓိပ္ပာယ်မရှိသည့် ပုံပေါ်သည်။ ဝမ်ချောင်သည် ဘာမှပြန်မပြောချင်နေသောကြောင့် သူသည်လည်း သူ့ကို အတင်းအကျပ် ဖိအားပေးနေမည်မဟုတ်ပေ။

စုဟန်ရှန်းသည် ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းရှိရာဖက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သော စုဟန်ရှန်း၏ နောက်ကျောကိုကြည့်ကာ ဝမ်ချောင်၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည်လည်း လွင့်ပါးသွားခဲ့ပြီး သူသည် မျက်မှောင်ကျုံ့လိုက်သည်။

ဝမ်ချောင်က အတည်ပြောနေသည်ကို စုဟန်ရှန်း စိတ်ကူးမိမည်မဟုတ်ပေ။

အမှန်ပင် ဝေးလံလှသည့် ကျီကျီတောင်သည် အနာဂတ်တွင် စုဟန်ရှန်းကျဆုံးမည့်နေရာဖြစ်သည်ဟု ဝမ်ချောင် သူ့ကို ပြောမပြနိုင်ပေ။

စုဟန်ရှန်းသေဆုံးပြီးနောက် ထိုတောင်ကို 'မဟာစစ်သူကြီးတောင်' အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

အလယ်ပိုင်းလွင်ပြင် ဒေသတစ်လျှောက်ရှိ မရေမတွက်နိုင်သော တိုက်ပွဲများတွင် အနည်းငယ်ကသာ ထိုနိမ့်ကျလှသည့် တောင်ငယ်နှင့် ကျော်ကြားမှုတွင် ယှဉ်နိုင်ပေလိမ့်မည်။

“ဟူးးး”

ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း ဝမ်ချောင်သည် သူ့စိတ်ထဲရှိ အမျိုးမျိုးသော အတွေးများကို ဖယ်ထုတ်လိုက်ပြီး တောင်ပေါ်သို့ ဆက်တက်သွားလိုက်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ အတွင်းဘက်သည် အလွန်တရာမှ လှုပ်ရှားသက်ဝင်နေခဲ့သည်။ ဆယ်ရက်ကျော်မျှ ပျောက်နေပြီးနောက် စခန်း၏ အတွင်းပိုင်းသည် ယခင်ကထက် ပို၍အသက်ဝင်လာခဲ့သည်ဟု ခံစားရစေသည်။ ကွင်းပြင်၏ တစ်ဖက်စွန်းရှိ ပစ်မှတ်ကို ပစ်ခတ်ရန် လေ့ကျင့်ရေးတပ်သားများသည် တစ်တန်းပြီးတစ်တန်း တန်းစီနေကြသည်။

သူတို့သည် စစ်ပွဲတွင် စစ်သည်များသာ ဝတ်ဆင်သော သံချပ်ကာများကိုပင် ဝတ်ဆင်ထားခဲ့ကြသည်။

တချို့သော လေ့ကျင့်ရေးတပ်သားများသည် သူတို့၏ မျက်လုံးတစ်ဖက်ကိုပင် ကာကွယ်ထားခဲ့ကြသည်။ ဤသို့ဖြင့် သူတို့၏ အမြင်အာရုံကို ထိခိုက်ချိန်၌ပင် ပစ်ခတ်နိုင်ကြပေမည်။

သို့သော်လည်း အရေအတွက်အရ လေးပစ်သမားအရေအတွက်သည် ခြေလျင်တပ်သားအရေအတွက်ကို မယှဉ်နိုင်ပေ။ အကြမ်းအားဖြင့် လေးပစ်ရေးကွင်းနှင့် အရွယ်တူရှိသည့် ကွင်းတစ်ခုတွင် လေ့ကျင့်ရေးတပ်သား အဆသုံးဆယ်မှ လေးဆယ်ခန့်သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်။

ပို၍ကျွမ်းကျင်ကြသူများသည် လူလေးငါးယောက်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်နေကြပေသည်။

တိုက်ပွဲတစ်ခုချင်းစီအတွက် အသုံးပြုထားသော လက်နက်များ၏ သတ္တုသည်လည်း ကွဲပြားကြပေသည်။ ဝါး၊ သစ်သား၊ သတ္တုချောင်း၊ ကြေး နှင့် သံမဏိ စသဖြင့်။

လက်နက် အားကောင်းလေလေ လေ့ကျင့်နေစဉ် တပ်သားများအတွက် အန္တရာယ် ပိုများလေဖြစ်သည်။

'သုံးလေးလကြာပြီးနောက်မှာ လေ့ကျင့်ရေးစခန်းက ပုံစံစပေါ်လာပြီပဲ'

ဝမ်ချောင်သည် ပျာပန်းခတ်မျှ လှုပ်ရှားနေသော လေ့ကျင့်ရေးစခန်းကို ဖြတ်သွားကာ တွေးလိုက်သည်။

အစပိုင်းတွင် ခွန်းဝူလေ့ကျင့်ရေးစခန်းသည် တောင်ပေါ်တွင် အဆောက်အဦတချို့ ရှိသည်ကလွဲ၍ ဘာမျှမဟုတ်ခဲ့ပေ။ သို့သော် စခန်းသည် ဝမ်ချောင်ယခင်က မြင်ခဲ့ဖူးသော ခမ်းနားကြီးကျယ်မှုသို့ တဖြည်းဖြည်းတိုးတက်လာနေပြီဖြစ်သည်။

သူ့နေရာသို့ ပြန်သွားရမည့်အစား ဝမ်ချောင်သည် ကျားဖြူတောင်ထွတ်၏ အစွန်းတစ်ဖက်မှ ဆင်းသွားလိုက်သည်။

ခွန်းဝူလေ့ကျင့်ရေးစခန်းအတွင်း သူ၏မူလကြိုတင်ပြင်ဆင်မှုများသည် အကြမ်းဖျင်းအားဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ နောက်တစ်ဆင့် လှမ်းရန် အချိန်ကျပြီဖြစ်သည်။

"သခင်လေး"

တောင်ကြားလမ်းတွင် လူတစ်စုသည် ဝမ်ချောင် ရောက်လာသည်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့သည် သူ့ကို မြင်သည်နှင့် လေးစားစွာ လာရောက်နှုတ်ဆက်ကြသည်။

သူတို့မှာ ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ၊ ချန်ပုရန်၊ စွန်းကျိမင်၊ ကောင်းဖုန့်၊ နျန်ယန်၊ ရွှီချီနှင့် အခြားလူအနည်းငယ်တို့ဖြစ်ကြသည်။

ဝမ်ချောင်ဆီမှ စာကိုလက်ခံရရှိပြီးနောက် သူတို့သည် ဤနေရာတွင် အချိန်တချို့ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာရှိနေကြသည်။

လေထုသည်လည်း ယခင်ကထက် ပို၍ လေးလံနေသည့်ဟု ခံစားနေရသည်။

သူတို့သည် ဝမ်ချောင်ဆောက်လုပ်နေသည့် အိမ်တော်ကို စဆောက်သည့်နေ့ကတည်းက သိထားကြပေသည်။ ဝမ်ချောင်က ဘာမျှမပြောခဲ့သော်လည်း ဝမ်ချောင်သည် ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် သူ့အင်အားကို တည်ထောင်ရန် ရည်ရွယ်နေသည်ကို သူတို့ အလိုလိုသိပေသည်။

ဤအချိန်မှစ၍ ဤနေရာရှိ လူအားလုံးသည် ဝမ်ချောင်နှင့် တစ်လှေတည်းစီးသူများ ဖြစ်ကြပေတော့မည်။

အရာဝတ္ထုများကို သူတို့၏ အမျိုးအစားများဖြင့် အုပ်စုခွဲထားပြီး လူသားများကိုတော့ အစုအဖွဲ့များအဖြစ် ပိုင်းခြားထားခဲ့သည်။

မွေးဖွားချိန်တွင် လူတစ်ဦးသည် တူညီသောဘိုးဘေးမှ ဆင်းသက်လာသော မျိုးနွယ်စုတစ်ခုတွင် အလိုအလျောက်ပါဝင်သွားမည်ဖြစ်သည်။ ဤအရာကို ဆွေမျိုးဟု ခေါ်ပေသည်။

သူတို့ကြီးပြင်းလာသည်နှင့် သူတို့သည် ဆရာတစ်ယောက်တည်း၏ လက်အောက်သို့ရောက်လာပြီး အတူတကွသင်ကြားကြပေလိမ့်မည်။ ဤသည်ကို အတန်းဖော်ဟု ခေါ်ပေသည်။

တိုင်းတစ်ပါးနယ်မြေတွင် တူညီသောနေရာမှ လာကြသူများအချင်းချင်း တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီကြပေလိမ့်မည်။ ဤသည်ကို ဇာတိတူသူဟု ခေါ်ပေသည်။

ထို့နောက် လူတစ်ယောက်သည် မှူးမတ် သို့မဟုတ် အရာရှိအဖြစ် တော်ဝင်ရုံးတော်သို့ ဝင်ရောက်သောအခါ သူနှင့် အဆင့်တူသူများနှင့် တွေ့ပေလိမ့်မည်။ ဤသည်ကို လုပ်ဖော်ကိုင်ဖက်ဟု ခေါ်ပေသည်။

လူတိုင်းတွင် သူတို့ကိုယ်ပိုင် အစုအဖွဲ့များရှိပေသည်။ ဤအဖွဲ့သည် သူတို့ကို ကာကွယ်ပေးပေလိမ့်မည်။

ထိုသည်မှာ ဂုဏ်သိက္ခာရှိသော ကလန်များ၏ သားအများစု ကြီးပြင်းလာခဲ့ရပုံဖြစ်သည်။ ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီ ကဲ့သို့သော သခင်လေးများသည် မွေးကတည်းက ဤကဲ့သို့သောစနစ်နှင့် ထိတွေ့ခဲ့ရပြီး သူတို့ထက်ပို၍ ရင်းနှီးနိုင်သူမရှိတော့ပေ။

သူတို့နှစ်ဦးစလုံးသည် ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် အဖွဲ့တစ်ခုဖွဲ့ရန်အတွက် ဝမ်ချောင်ကို စည်းရုံးရန် အစပိုင်းတွင် ရည်ရွယ်ခဲ့သော်လည်း ဝမ်ချောင်သည် သူတို့ထက် ပိုမြန်နေပေသည်။

ဝမ်ချောင်သည် ကျောက်ကျင်းတန်ကို ကြည့်လိုက်သည်။

"ပြင်ဆင်မှုတွေ အသင့်ဖြစ်ပြီလား"

သူသည် တောင်အောက်သို့ ဆင်းချိန်တွင် ကျောက်ကျင်းကျန်ကို မခေါ်ခဲ့ခြင်းမှာ သူ့အတွက် အခြားအလုပ်ခိုင်းထားသောကြောင့် ဖြစ်သည်။

သူ့ယခင်ဘဝတွင် ကျောက်ကျင်းတန်သည် သူ့လူဖြစ်ပြီး သူအယုံကြည် စိတ်အချရဆုံး လက်အောက်ငယ်သားလည်း ဖြစ်သည်။ သူ့ကို ဤသို့သော ကိစ္စများတွင် ပထမဆုံး အသုံးပြုသည်က ပိုကောင်းပေသည်။

"အားလုံး နေရာတကျပါပဲ။ လက်ထောက် စစ်သူကြီးလီ ကလည်း ခနခနလာခဲ့ပါတယ် သူက အစောင့်တချို့တောင် စေလွှတ်ခဲ့တယ်။ ဆောက်လုပ်ရေးနဲ့ ပြုပြင်မွမ်းမံမှုတွေ ပြီးသွားပါပြီ ငါတို့ စောင့်မျှော်နေတဲ့ မင်းရဲ့ စကားပဲ။"

ကျောက်ကျင်းတန် ဖြေလိုက်သည်။

ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။

ကျောက်ကျင်းတန်ပြောသည့် လက်ထောက်စစ်သူကြီးလီမှာ ဦးလေး လီလင်း ကို ဆိုလိုပေသည်။ သူသည် ဤနေရာရှိ ကိစ္စရပ်များကို ဖြေရှင်းရာတွင် ကျောက်ကျင်းတန်ကို ကူညီပေးခဲ့သည်။

တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်စကားဆိုပြီးနောက် ဝမ်ချောင်သည် သူ့နောက်လိုက်များ နှင့်အတူ တောင်ပေါ်သို့ တက်လာခဲ့သည်။ ခုအချိန်မှာ ညနေစောင်းသို့ ရောက်လုနီးပါးအချိန်ဖြစ်ပြီး ဤနေစကြာဝဋာ၏ အလယ်ဗဟိုသည် မိုးကုတ်စက်ဝိုင်းတွင် ဖြည်းညင်းစွာ ကျဆင်းနေပြီဖြစ်သည်။ အဝေးမှ အခြားတောင်ထိပ်ပေါ်တွင် သာယာလှပသော ခြံဝင်းတစ်ခုကို မြင်နိုင်သည်။

နေရောင်၏ နွေးထွေးသော အလင်းရောင်အောက်တွင် ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်တစ်ခုစီသည် ရွှေရောင်အမှုန်အမွှားများဖြင့် ထွန်းတောက်နေပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ဖန်တီးနေသည်။

သုံးလမှ လေးလကြာ ပြုပြင်မွမ်းမံပြီးနောက် ကျားဖြူတောင်ထိပ်နှင့် မျက်နှာချင်းဆိုင် တောင်ပေါ်တွင် ဆောက်လုပ်ထားသည့် အိမ်တော်သည် နောက်ဆုံးတွင် ပြီးမြောက်ခဲ့သည်။ လှပသော လေးကိုင်းပုံသဏ္ဍာန် ခေါင်မိုးများနှင့် သာယာအေးချမ်းသော ဥယျာဉ်များဖြင့် အိမ်တော်သည် ခမ်းနားထည်ဝါပြီး ဇိမ်ကျပုံပေါ်သည်။

"နောက်ဆုံးတော့ ပြီးမြောက်သွားပြီပဲ"

ရွှေရောင်နေရောင်အောက်တွင် အရိပ်ကျနေသည့် လှပသော နေအိမ်ကို ကြည့်လိုက်ကာ ဝမ်ချောင်သည် သက်ပြင်းရှည်ကြီး ချလိုက်သည်။

သူသည် နောက်ဆုံးတွင် နောက်တစ်လှမ်း လှမ်းနိုင်ပြီဖြစ်သည်။ ဤခွန်းလေ့ကျင့်ရေးစခန်းသည် မြို့တော်၏ အရှေ့ဘက်တွင် တည်ရှိပြီး စစ်ဘက်ဆိုင်ရာပါရမီရှင်များကို အရေအတွက်အမြင့်မားဆုံး ပိုင်ဆိုင်ထားသည်။

ဤလူများသည် တိုင်းပြည်အတွက် အဖိုးတန်ထောက်တိုင်များဖြစ်ကြသည်။

ဝမ်ချောင်၏ ကွပ်ကဲသူတစ်ဦးအဖြစ် စွမ်းဆောင်နိုင်စွမ်းအရ ဤမြင့်တက်လာသော စစ်သူကြီးများကို သူ့ကွပ်ကဲမှုအောက်တွင် ထားနိုင်ခဲ့လျှင် တိုင်းပြည်တစ်ခုလုံးကို ထောက်ကန်နိုင်မည်ဟု သူယုံကြည်မှုရှိပေသည်။

ခွန်းဝူလေ့ကျင့်ရေးစခန်းသည် သူ့အိပ်မက်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ကံကြမ္မာကို ပြောင်းလဲရန်အတွက် သူအသုံးပြုမည့် အခြေခံအုတ်မြစ်ဖြစ်သည်။

'အဆောက်အဦတစ်ခုသည် ခိုင်ခံသည့် အုတ်မြစ်ချမှုအပေါ် မူတည်နေပေသည်။' လူတိုင်းသည် ဤနေရာကို အမှတ်ရနေပေလိမ့်မည်။

"သခင်လေး"

ဝမ်ချောင် တောင်ပေါ်သို့ ချီတက်လာသည်ကို မြင်သည်နှင့် အစောင့်အနည်းငယ်သည် သူ့ကို နှုတ်ဆက်ရန် အပြေးအလွှားရောက်လာကြသည်။

ဆောက်လုပ်ရေး စတင်ပြီးသည်မှာ လအနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း ဝမ်ချောင် ဤနေရာသို့ လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် သူ့အုပ်စုတစ်ခုလုံးနှင့်အတူ ခရမ်းရောင်တံခါးများကို ဖြတ်ကာ ကျယ်ပြောလှသော ဝင်းထဲသို့ ဝင်သွားလိုက်သည်။

အတွင်းဘက် ကမ္ဘာသည် လုံးဝခြားနားသွားသလို ခံစားရစေသည်။

အလယ်ဗဟိုတွင် လှပသည့်ရေကန်နှင့်အတူ ကျယ်ပြန့်သည့် ဥယျာဉ်ကြီးရှိသည်။ တောင်တု အနည်းငယ်သည် သည်နေရာ ဟိုနေရာရှိနေကြပြီး ခမ်းနားထည်ဝါသည့် ရှုခင်းကြည့် အဆောင်တစ်ခုကို ရေကန်အလယ်တွင် မြင်နိုင်ပေသည်။ အကြီးကျယ်ဆုံး လက်သမားဆရာများ ထုလုပ်ထားသည့် လက်ရာမြောက်သော သစ်သားပန်းပုများကို ဥယျာဉ်တစ်ခုလုံးတွင် တွေ့မြင်နိုင်ပြီး တံခါးများ၊ ပြတင်းပေါက်များ၊ စင်္ကြန်ရှိတိုင်လုံများနှင့် အမိုးများကို လှပကြော့ရှင်းသော အစီရင်စာများဖြင့် ရေးထိုးထားသည်။

အိမ်တော်၏ ခမ်းနားထည်ဝါသည့် အသွင်အပြင်နှင့် လိုက်ဖက်စေရန် ဆေးသုတ်ခြင်းကိုပင် ဂရုတစိုက် ရွေးချယ်ထားခဲ့သည်။

"ကျွတ်ကျွတ် ဒီစင်္ကြန်တိုင်လုံးတွေက ဟာသမဟုတ်ဘူး။ အရင်က သူတို့ကို တွေ့ဖူးတာ ငါမှတ်မိတယ်။ ငါမမှားရင် သူတို့က ကျီစီနန် သစ်သားနဲ့လုပ်ထားပြီး တစ်ခုချင်းစီကို ရွှေပြား ခုနစ်ရာလောက် ကုန်ကျတယ်။"

"အမိုးရဲ့ အဟလေးမှာ ဖန်တီးထားတဲ့ တိမ်တွေ… ငါမှတ်မိတာမှန်မယ်ဆို သူတို့က တစ်ခုစီကို ငွေပြားငါးဆယ်လောက် ကုန်ကျတယ်။"

"ဒါက အရမ်းလှတာပဲ ငါတို့ရဲ့ လေ့ကျင့်ရေးစခန်းက ဒါကို နှိုင်းယှဉ်လို့ မရဘူး။"

"အံ့မခမ်းပဲ။ ဒီက တိုင်တစ်လုံးကိုတောင် ငါဝယ်နိုင်မယ်လို့ မထင်ဘူး။"

ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင် နှင့် ချီဝေ့စီ တို့မှလွဲ၍ ဤသည်မှာ အခြားသူများ ဤနေရာသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။

ခြံဝင်း၏ အတွင်းဖက်သည် အပြင်ဖက်ထက် ပို၍ လှပပေသည်။

ရွှီးချီ၊ ကောင်းဖုန့်နှင့် နျန်ယန်တို့သည် အရာရှိကလန်များမှ လာခဲ့ခြင်းဖြစ်သည်။ သူတို့မိသားစုနောက်ခံသည် မဆိုးသော်လည်း သူတို့သည် ဤသို့သော အရာတစ်ခုကို တတ်နိုင်ရန် အဝေးတွင် ကျန်ရှိနေဆဲဖြစ်သည်။

ဝမ်ချောင်သည် ချမ်းသာသည်ဟု လူတိုင်းသိကြသော်လည်း ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ၏ဘဏ္ဍာရေးစွမ်းရည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရခြင်းဖြစ်သည်။

ရှုခင်းကြည့် အဆောင်ငယ်ဖန်တီးရာတွင် အသုံးပြုထားသည့် ကျီစီနန် သစ်သားဖြစ်စေ သို့မဟုတ် ဥယျာန်ထဲရှိ ကုလာထိုင်များနှင့် စားပွဲများဖန်တီးရာတွင် အသုံးပြုထားသည့် ကျောက်စိမ်းဖြစ်စေ ဤနေရာမှ အရာတစ်ခုချင်းစီသည် လက်ဖွာလွန်းသည်ဟု အော်ဟစ်နေခဲ့ကြသည်။

သို့သော် အရေးကြီးဆုံးမှာ အိမ်တော်သည် အသုံးအဖြုန်းကြီးလွန်းသော်လည်း ခလောက်ဆန်နေခြင်းမရှိပေ။

ဒီဇိုင်းသည် လှပကြော့ရှင်းပြီး ရိုးရာဆန်ကာ တောင်တန်းများအတွင်း ကွယ်ဝှက်နေ‌သော အိမ်တော်နှင့် လိုက်ဖက်လှသည်။ အေးချမ်းတည်ငြိမ်ပြီး ကျက်သရေရှိသည့် ဤနေရာကို လူတိုင်းသည် မြင်မြင်ချင်း နှစ်သက်မိသွားကြသည်။

လူတိုင်းက အိမ်တော်ကို နှစ်သက်လာသည်ကို မြင်လိုက်ရသည်တွင် ဝမ်ချောင် ပြုံးလိုက်မိသည်။ သူတို့သည် အိမ်တော်ကို လှည့်ပတ်ကြည့်ရှုရန် ချက်ချင်းပင် လူစုခွဲလိုက်ကြပြီး ခြံဝင်းအတွင်းရှိ အမျိုးမျိုးသော အရာဝတ္ထုများကို စပ်စုလိုက်ကြသည်။

ဝမ်ချောင်သည် ဆောက်လုပ်ရေးတွင် ပါဝင်ခဲ့ခြင်းမရှိသော်လည်း ဒီဇိုင်းအတွက် အသေးစိတ်ပုံစံကို ပံ့ပိုးပေးခဲ့သူဖြစ်သည်။

သူသည် ဤအိမ်တော်ထဲတွင် အခြားခေတ်မှ ဆင်းသက်လာသော ဗိသုကာ ဒီဇိုင်းများစွာကို ထည့်သွင်းထားခဲ့သည်။

သို့သော် မတူညီသည့်ခေတ်မှ ပုံစံနှစ်မျိုးကို အတူတကွ ပေါင်းစပ်ထားခဲ့သော် သူတို့သည် အနည်းငယ်မျှပင် အံဝင်ကွင်ကျမဖြစ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် အခြားပြိုင်ဘက်ကင်းသည့် ပုံစံကိုသာ ဖြစ်စေခဲ့သည်။

ဥပမာအားဖြင့် ကြိမ်ကုလားထိုင်များကို လက်ချောင်းအထူပတ်လည် သစ်သားပြားများဖြင့် ယက်လုပ်ထားသည်။ ထိုသည်က ထိတွေ့လိုက်သည်နှင့် သက်သောင့်သက်သာရှိစေပြီး ထိုင်လိုက်လျှင်လည်း သက်သောင့်သက်သာရှိသည်ဟု ခံစားရစေသည်။

တစ်ခုချင်းအနေဖြင့် ၎င်းတို့သည် တမူထူးခြားသည်။ သို့သော် ဤသို့ဆိုလျှင်ပင် ဤထူးခြားချက်က ဤနေရာရှိ ပတ်ဝန်းကျင်ကို ပြီးပြည့်စုံစေရန် ဖြည့်ဆည်းထားခဲ့သည်။

သေးငယ်သည့် အသေးစိတ်အရာများ သို့သော် သူတို့ကို ပေါင်းစည်းထားခဲ့သည်။

All Chapters