အခန်း (၂၉၆-၃၀၀)
Vol. 13 Ch. 296-300
အပိုင်း (၂၉၆) ဓားသွားဖယ်ရှားခြင်းအိမ်တော်
ခွန်းဝူလေ့ကျင့်ရေးစခန်း၏ လူသစ်များအတွက် ပထမဆုံးဆောက်လုပ်ခဲ့သည့်စခန်းဆိုသည့်အတိုင်း ဝမ်ချောင်သည် ၎င်း၏ပြုပြင်မွမ်းမံခြင်းနှင့်ပတ်သက်၍ အလွန်ဂရုစိုက်ပေသည်။
ကံကောင်းထောက်မစွာ သူသည် ရည်ရွယ်ထားသည့်အတိုင်း အကျိုးသက်ရောက်မှုကို ရရှိခဲ့သည်။
သူ့သူငယ်ချင်းများက ပတ်ဝန်းကျင်တွင် လျှောက်ကြည့်နေချိန် ဝမ်ချောင်သည် သူ့ဘေးရှိ သံချပ်ကာဝတ်အစောင့်ဆီသို့ လှည့်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ နာမည်သည် ဟွမ်ကျူးဖြစ်သည်ကို သူ့ဦးလေးလီလင်းက သူ့ကို တစ်ခါက ပြောပြခဲ့ဖူးသောကြောင့် သူမှတ်မိနေခဲ့သည်။ ဟွမ်ကျူးသည် အလွန်ယုံကြည်စိတ်ချရသော လူတစ်ယောက်ဖြစ်ပြီး ဤနေရာရှိ အရာအားလုံးကို ဂရုတစိုက်ရှိသည်။
“ကျွန်တော် တောင်းဆိုထားတာကို ခင်ဗျားပြင်ဆင်ပြီးပြီလား။”
“သခင်လေး အားလုံး အဆင်သင့်ပါခင်ဗျ။”
ဟွမ်ကျူးသည် တလေးတစားပြန်ဖြေလိုက်သည်။ ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
“လမ်းပြပါ။”
အဓိကခန်းမ၏ ဝင်ပေါက်နားတွင် ခြောက်ချီရှည်သော အဖြူရောင်စာရွက်အနည်းငယ်ရှိနေသည်။ လူအိုကြီးတစ်ဦးသည် ထိုနေရာတွင် တလေးတစားရပ်နေသည်။
စာရွက်ဘေးတွင် ကြီးမားသည့် မင်ပုံးကို ချထားသည်။
ဝမ်ချောင်က အဓိကခန်းမ၏ ဝင်ပေါက်နားသို့ လျှောက်သွားသောအခါ လူတိုင်း၏ အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။ ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ၊ ချန်ပုရန်၊ စွန်းကျိမင်၊ ကောင်းဖုန့်၊ နျန်ယန်နှင့် ရွှီချီတို့သည်လည်း ချက်ချင်း သူ့နားလာခဲ့ကြသည်။
သူတို့၏ စိတ်ဝင်စားနေသောအကြည့်အားလုံးသည် ဝမ်ချောင်ဆီသို့ ရောက်နေပေသည်။
“စုတ်တံယူလာပေး”
ဝမ်ချောင်သည် လက်ကိုဆန့်ထုတ်လိုက်ကာ အမိန့်ပေးလိုက်သည်။
“သခင်လေး”
ဘေးနားရှိ အစောင့်တစ်ယောက်က ဝမ်ချောင်လက်ထဲသို့ ကြီးမားသည့် စုတ်တံတစ်ခု ချက်ချင်းကမ်းပေးလိုက်သည်။
လေထုသည် ရုတ်ချည်းလေးလံလာခဲ့သည်။ ဆောက်လုပ်မှုသည် ပြုပြင်မွမ်းမံပြီး ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်သောကြောင့် အစဉ်အလာအရ အိမ်တော်၏ ပိုင်ရှင်က နာမည်ကင်ပွန်းတပ်ပေးရပေမည်။
သို့သော် ဤကိစ္စက ထို့ထက်ပို၍ အရေးပါသည်ကို လူတိုင်း သိထားကြပေသည်။ စုတ်တံကိုကိုင်လျက် ဝမ်ချောင်သည် လေးနက်စွာ တွေးတောလိုက်သည်။ သူပြန်လည်မွေးဖွားလာစဉ်ကတည်းက ဤသည်မှာ သူ့ကိုယ်သူနှင့် ဝမ်ကလန်ကို လောကကြီးဆီသို့ ကြေညာရန် ပထမဆုံးရှေ့ထွက်လာခြင်းဖြစ်သည်။
စခန်းလည်းဖြစ်သည့် ဤအိမ်တော်သည် သူ့အတွက် နက်နဲသည့် အဓိပ္ပာယ်ကို သယ်ဆောင်ထားသည်။ သူ့စိတ်ထဲ စိတ်ကူးတစ်ခုပေါ်လာသည်နှင့် သူသည် ကြီးမားသည့် စုတ်တံကို မင်ပုံးထဲနှစ်လိုက်သည်။
“စစ်ရေးနည်းဗျူဟာကနေတဆင့် ငါတို့ဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဆောင်ကျဉ်းတယ်”
“သိုင်းပညာစွမ်းရည်ကတဆင့် ငါတို့ဟာ လောကကြီးကိုကာကွယ်ဖို့ ငါတို့ကိုယ်ငါတို့ ကြံ့ခိုင်စေတယ်။”
ဧရာမစကားလုံးဆယ့်ခုနှစ်လုံးကို ကြီးမားသည့် စာရွက်ပေါ်တွင် ရေးဆွဲသွားခဲ့သည်။ ဝမ်ချောင်၏ လက်ရေးသည် ကြည့်ရဆိုးသော်လည်း သူ့ လက်ရေးဆက် လက်ရေးသည်တော့ အခြားဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
လက်ရေးဆက်လက်ရေး၏ အဓိကအချက်မှာ စိတ်ခံစားမှုဖြစ်ပြီး ကျွမ်းကျင်မှုသည် ဒုတိယအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ စကားလုံးဆယ့်ခုနှစ်လုံးပါဝင်သော ဤစာကြောင်းနှစ်ခုတွင် ဝမ်ချောင်၏ အတွေးအမြင်များ ပါဝင်နေခဲ့သည်။ စစ်မှန်သောကျွမ်းကျင်သူတစ်ဦး၏ လက်ရာဟု မယူဆနိုင်သော်လည်း သူတို့သည် ကြီးကျယ်ခမ်းနားသော လေထုကို သယ်ဆောင်ထားကြသည်။
“စစ်တပ်တစ်ခုကို ကွပ်ကဲသူတွေဟာ စစ်ရေးဗျူဟာကို သတိမမူလို့မရဘူး။ ခွန်းဝူလေ့ကျင့်ရေးစခန်းဟာ စစ်သူကြီးတွေအတွက် မွေးဖွားရာနေရာဖြစ်တယ် စစ်သားတွေအတွက် မဟုတ်ဘူး။ စစ်သူကြီးတစ်ဦးရဲ့ အဓိကတာဝန်က တိုင်းပြည်ကို ချိန်ရွယ်နေတဲ့ ဓားတွေအားလုံးကို ဖယ်ရှားပြီး ငြိမ်းချမ်းရေးကို ယူဆောင်လာဖို့ဖြစ်တယ်။ ဒါကြောင့် ဒီအိမ်တော်ကို ဓားသွားဖယ်ရှားခြင်းအိမ်တော်လို့ အမည်တွင်စေမယ်။”
ဝမ်ချောင်၏ စုတ်တံသည် စာရွက်ပေါ်တွင် ပျံလွှားသွားကာ သူ့ယုံကြည်ချက်များကို ချရေးရင်း ပြောလိုက်သည်။ ဤစကားလုံးများကို ချရေးလိုက်သည်နှင့် ဤစကားလုံး၏ နောက်ကွယ်မှ ပြင်းပြသော ရည်ရွယ်ချက်များကို ခံစားရမိကာ လူတိုင်း၏ နှလုံးသားသည် တုန်ခါသွားခဲ့သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်၊ တိုက်ခိုက်မှုအားလုံးကို ကာကွယ်ရန်အတွက် တည်ဆောက်ထားသော အခြေစိုက်စခန်း။
ဝမ်ချောင်သည် သူ့ယခင်ဘဝတွင် ဤပန်းတိုင်ကို အောင်မြင်ရန် ကျရှုံးခဲ့သည်။ ဤသည်မှာ သူ၏ အကြီးမားဆုံးနောင်တရမှုများထဲမှ တစ်ခုဖြစ်သည်။ သူကျရှုံးခဲ့သည့်အရာကို အောင်မြင်ရန်မှာ ဤနေရာသို့ သူ နောက်တစ်ကြိမ်ပြန်လာခဲ့ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
ဂုဏ်ကျက်သရေ၊ ချမ်းသာမှု၊ ဂုဏ်သိက္ခာ၊ အာဏာ... ဤအရာများသည် သူ့အတွက် အရေးမပါတော့ပေ။ သူစိတ်ထဲတွင် ပန်းတိုင်တစ်ခုသာရှိသည်။ သူသည် ၎င်းကို အောင်မြင်ရန်အတွက် ဘာမဆိုပေးဆပ်ပေမည်။
ဤသည်မှာ ဘဝတွင် သူ့ရည်ရွယ်ချက်ဖြစ်သည်။
ထိုခဏမှာပင် ဝမ်ချောင်ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအရှိန်အဝါမှာ အသက်ဆယ့်ငါးနှစ်အရွယ်သူ့ထံမှ လာခဲ့ခြင်းမဟုတ်ပေ။ မရေမတွက်နိုင်သော စစ်မြေပြင်များကို စိုးမိုးချယ်လှယ်ခဲ့သည့် စစ်နတ်ဘုရား အလယ်ပိုင်းလွင်ပြင်ဒေသ၏ နောက်ဆုံးမဟာစစ်သေနာပတိချုပ်ထံမှဖြစ်သည်။
ထိုခဏမှာပင် ဓားသွားဖယ်ရှားခြင်းအိမ်တော်တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
စာရွက်ပေါ်မှ စကားလုံးများနှင့် ဝမ်ချောင်ထုတ်လွှတ်နေသော အားကောင်းသည့် အရှိန်အဝါကို ကြည့်ကာ လူတိုင်းသည် တစ်ခဏမျှ ကြက်သေသေသွားခဲ့သည်။ ဧကရာဇ်စစ်တပ်အစောင့်သည်ပင် တစ်ခဏမျှ ကြက်သေသေသွားခဲ့သည်။
ဝမ်ချောင်သယ်ဆောင်ထားသည့် အရှိန်အဝါမှာ အလွန်မှ အားကောင်းလှသည်။ တိုင်းတစ်ပါးသံမဏိမြင်းစစ်သည်ပင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်နတ်ဘုရားရှေ့တွင် ကြောက်ရွံ့မှုဖြင့် ကြောက်ဒူးတုန်ခဲ့ရသည်။ ဤဧကရာဇ်စစ်တပ်စစ်သည်ဆိုလျှင် ပြောစရာပင်မလိုချေ။
ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ၊ ချန်ပုရန်၊ စွန်းကျိမင်၊ ကောင်းဖုန့်၊ နျန်ယန်၊ ရွှီချီ နှင့် အတူ အစောင့်အားလုံးသည် ကြောက်ဒူးတုန်သွားခဲ့ကြကာ စကားမပြောနိုင် ဖြစ်သွားခဲ့ကြသည်။ ဝမ်ချောင်တွင် ဖြစ်ပွားနေသည့်အရာကို မည်သူမျှမသိပေ။ သို့ရာတွင် သူ မိန့်ကြားခဲ့သည့် သာလွန်သော အမိန့်အာဏာနှင့် သူထုတ်လွှတ်ခဲ့သည့် ကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် သူတို့၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားခဲ့သည်။
ဤအားကောင်းသည့် ခွန်အားသည် သဲလွန်စပင်ရှာမရဘဲ ပျောက်ကွယ်မသွားမီ တခဏမျှပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုသည်မှာ ဧရာမရေခဲတုံးကြီးသည် သမုဒ္ဒရာထဲသို့ ပြန်၍နစ်မြုပ်မသွားမီ သူ၏ ကြီးကျယ်ခမ်းနားသော ထိပ်ပိုင်းကို ပြသလိုက်သကဲ့သို့ပင်။
ဤသည်မှာ သူ၏ အခြားတစ်ဖက်ကို ပြသရန် အချိန်မကျသေးသည်ကို ဝမ်ချောင်သိသည်။ ထို့ကြောင့် သူသည် အလျင်အမြန်ပင် သူ့ကိုယ်သူ ထိန်းလိုက်နိုင်သည်။
ဝမ်ချောင်သည် ဤနေရာသို့ ဖိတ်ခေါ်ထားခဲ့သော လူအိုကြီးဆီသို့ လှည့်၍ ပြောလိုက်သည်။
“ဆရာကြီး ဒီဟာကို အပေါ်မှာကပ်ပေးဖို့ ကျွန်တော်ခင်ဗျားကို အနှောက်အယှက်ပေးရဦးမယ်။”
“ဟုတ်ကဲ့ပါ သခင်လေး။”
လူအိုကြီးသည် စာရွက်ပေါ်ရှိ စာနှစ်ကြောင်းကို ကြည့်လိုက်ပြီး ချီးကျူးသည့် အရိပ်အယောင်က သူ့မျက်လုံးထဲပေါ်လာခဲ့သည်။ သူသည် ဝမ်ချောင်၏လက်ရာကို တလေးတစားယူလိုက်ပြီး ၎င်းကို အပေါ်တွင် ဂရုတစိုက် စတင်ကပ်လိုက်သည်။
ဝမ်ချောင် နောက်ရှိလူများသည် နောက်ဆုံးတွင် မှိန်းမောနေရာမှ နိုးထလာခဲ့ကြသည်။
“ဓားသွားဖယ်ရှားခြင်းအိမ်တော် အံ့မခန်းနာမည်ပဲ။”
“ဒါက ဒီနေရာနဲ့ တကယ့်ကို လိုက်ဖက်လှသည်။
“သခင်လေးက စာပေမှာလည်း ပါရမီပါတာကိုး။”
လူများသည် ပြီးခဲ့သည့် ရိုက်ခတ်မှုမှ သတိပြန်လည်လာခဲ့ကြကာ စတင်ချီးကျူးလိုက်ကြသည်။ ထို့နောက် သူတို့သည် ဤနာမည်ကို သဘောကျသွားခဲ့ကြသည်။
“လူတိုင်းက ဒါကို နှစ်သက်တာကောင်းတယ်။ ငါတို့ရဲ့ သိုင်းပညာရပ်တွေကို သန့်စင်ခြင်းကနေ ငါတို့ ဒီလောကကြီးဆီကို ငြိမ်းချမ်းခြင်းတွေ ယူဆောင်လာနိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခွန်းဝူလေ့ကျင့်ရေးစခန်းရဲ့ အဓိကပန်းတိုင်က တိုင်းပြည်ကို ကာကွယ်ဖို့ပဲ။ မင်းတို့မှာ အားလပ်ချိန်ရှိရင် အချိန်မရွေး တံခါးလာခေါက်လှည့်ပါ။”
ဝမ်ချောင် ပြုံးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
လူတိုင်း ချက်ချင်းပြန်ဖြေလိုက်ကြသည်။
လူတိုင်းသည် မသိလိုက်ဘဲ ဝမ်ချောင်ကို ဝန်းရံထားခဲ့သည်။ ခွန်အား၊ အဆင့်အတန်း၊ ကျော်ကြားမှု သို့မဟုတ် နောက်ခံ မည်သည့်နေရာတွင်ဖြစ်စေ ဝမ်ချောင်သည် သူတို့ထဲတွင် ထိပ်ဆုံးဖြစ်သည်။ ထို့အပြင် ဝမ်ချောင်သည် သူ့ကိုယ်သူ သက်သေပြရန်အတွက်လည်း အလုပ်လုပ်ပြခဲ့သည်။
“ကျင်းတန် ဒါက ငါဆုံးဖြတ်ထားတဲ့ ပထမအသုတ်အတွက် လူစာရင်းပဲ။ ဒါကို အပြင်ကို ပို့ပေးပါ။ စစ်သည်တွေဟာ အရေအတွက်ကြောင့်မဟုတ်ဘဲ အရည်အသွေးကြောင့် တန်ဖိုးရှိကြတာ။ ပထမအသုတ်အတွက် လူခုနစ်ယောက်က လုံလောက်ပါတယ်။”
ဝမ်ချောင်သည် သူကြိုတင်ပြင်ဆင်ထားခဲ့သော နာမည်စာရင်းကို ကမ်းပေးလိုက်သည်။
ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် အနာဂတ်စစ်သူကြီးတစ်ရာကျော်ရှိသော်လည်း သူသည် တစ်ချိန်တည်းမှာပင် အားလုံးကိုခေါ်ယူရန် ရည်ရွယ်ချက်မရှိပေ။ အားလုံးပြီးနောက် တိုးတက်မှုကို တစ်လှမ်းချင်းလှမ်းရပေမည်။ ဝမ်ချောင်သည် သြဇာအရှိဆုံးလူများကို ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဦးစွာဖိတ်ကြားလိုသည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် သူ့လွှမ်းမိုးမှုကို ချဲ့ထွင်လာနိုင်မှသာ လူများပို၍ ဝင်ရောက်ချင်လာပေမည်။ ထို့နောက် လူအနည်းငယ်ကသာ ဝမ်ချောင်၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ပေလိမ့်မည်။
“သခင်လေး ခင်ဗျား ဒီနေရာမှာ စစ်ရေးဗျူဟာကို သင်ကြားပို့ချမှာလား။”
လူအုပ်ထဲမှ အသံတစ်သံထွက်ပေါ်လာသည်။ လူအုပ်ကြားတွင် စွန်းကျိမင်သည် တောက်ပနေသော မျက်လုံးများဖြင့် ဝမ်ချောင်ကို စေ့စေ့ကြည့်နေသည်။ သူသည် ဝမ်ချောင် ဖော်ပြခဲ့သော ‘စစ်ရေးဗျူဟာ’ ကို ပြန်သတိရလိုက်မိသည်။ စစ်သူကြီးဖြစ်လာရန် သိုင်းပညာရပ်သည် စစ်ရေးဗျူဟာအတွက် ဒုတိယဦးစားပေးဖြစ်သည်။
သို့သော်လည်း ဤအသိပညာသည် စစ်သူကြီးကလန်များကြား၌သာ အများဆုံးအဓိကထားပြီး ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် သင်ကြားပေးခြင်းမရှိပေ။ စွန်းကျိမင်သည် လွန်ခဲ့သည့် လအနည်းငယ်က ဤသည်ကို စုံစမ်းကြည့်ခဲ့ပြီး သူသည် ဤအရာကို ရှာဖွေတွေ့ခဲ့သည်။
“အင်း”
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ သူသည် စွန်းကျိမင်၏ တုံ့ပြန်မှုကြောင့် လုံးဝ အံ့ဩသွားမိခြင်းမရှိပေ။ တစ်ဖက်လူသည် မွေးရာပါစစ်ရေးပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူ့ယခင်ဘဝတွင် စွန်းကျိမင်သည် ချုံခိုတိုက်ခိုက်မှုများပြုလုပ်ရန် အထူးပြုခဲ့သည်။
တစ်နည်းအားဖြင့် စွန်းကျိမင်သည် သူ၏စစ်မှန်သော သဘောသဘာဝနိုးကြားလာသည်ဟု ဆိုနိုင်သည်။
“စစ်သူကြီးဖြစ်ဖို့ ရည်ရွယ်ချက်ရှိသူတွေဟာ စစ်ရေးဗျူဟာကို မသိထားလို့မရဘူး။ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်ရောက်ဖို့ ရည်ရွယ်ထားသူတွေဟာ အခြေခံစစ်ရေးဗျုဟာစာမေးပွဲကို အရင်ဆုံး ကျော်ဖြတ်ကြရမယ်။”
ဝမ်ချောင် ပြောလိုက်သည်။
ဤကမ္ဘာတွင်ရှိနေသည့် စစ်ရေးဗျူဟာများသည် ညံ့ဖျင်းပြီး အပေါ်ယံဖြစ်သည်။ အနည်းဆုံး ဤသည်မှာ ဝမ်ချောင်၏အမြင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၌ အနာဂတ်တွင် မြင့်တက်လာမည့် စစ်သူကြီးများကို အမျိုးမျိုးသော စစ်ရေးဗျူဟာများ လက်ဆင့်ကမ်းခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် သင်ကြားပေးရန် ရည်ရွယ်ထားသည်။
သူ့လေ့ကျင့်မှုဖြင့် ကြုံတွေ့ရပြီးနောက် သူတို့သည် သူ့ယခင်ဘဝက သူတို့စွမ်းဆောင်ရည်ထက် ပို၍ပင် သန်မာလာမည်ဟု ဝမ်ချောင် ယုံကြည်ပေသည်။
ဤသည်က မဟာထန်အတွက် အများကြီး အကျိုးရှိပေလိမ့်မည်။
အလယ်ပိုင်းလွင်ပြင်ဒေသ၏ နောက်ဆုံးမဟာစစ်သေနာပတိချုပ်အနေဖြင့် ဝမ်ချောင်သည် သူ့ထက် အဆပေါင်းတစ်ဒါဇင်ပိုသော အရေအတွက်ရှိသည့် ရန်သူများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သို့ဆိုလျှင်ပင် သူသည် ဆယ်စုနှစ်တစ်ခုကြာ တောင့်ခံနိုင်ခဲ့ပြီး တိုင်းတစ်ပါးကျူးကျော်သူများ၏ အံ့မခန်းအရေအတွက်ကို သတ်ဖြတ်နိုင်ခဲ့သည်။
စစ်ရေးဗျူဟာအရ လက်ရှိခေတ်တွင် မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။ ဒဏ္ဍာရီလာစစ်နတ်ဘုရား စုကျန့်ရှန်းပင်လျှင် သူ့ကို ရှုံးနိမ့်ခဲ့ရသည်။ အခြားသူများဆိုလျှင် ပြောနေစရာပင်မလိုချေ။
“စစ်ရေးဗျူဟာစာမေးပွဲ ဟုတ်လား။ ကောင်လေး... မင်းရဲ့စကားတွေက အရမ်းကို အထက်စီးဆန်တာပဲ။”
ဝမ်ချောင် ထိုစကားပြောပြီးသည်နှင့် အပြင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး သူတို့ဆီသို့ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် နီးကပ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရဲမက်အတော်များများသည် အဓိကခန်းမ၏ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။
“နည်းပြဆရာကျောက်”
“နည်းပြဆရာကျိုး”
ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ တံခါးဝတွင် လေးလံသည့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူထွားကြီးနှစ်ဦးသည် ရှည်လျားသော ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်လာခဲ့သည်။ ထိုနှစ်ယောက်၏ မျက်နှာကိုမြင်သည်နှင့် ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ ကျောက်ရှန်းကျူနှင့် ကျိုးဟွမ်တို့သည် အမှန်ပင် သူ့အိမ်တော်သို့ အလည်လာခဲ့သည်။
သူတို့ထဲမှတစ်ဦးသည် လေ့ကျင့်ရေးစခန်းတွင် ဝမ်ချောင်နှင့် ကျောက်ကျင်းတန်တို့၏ နည်းပြဆရာဖြစ်ပြီး ကျန်တစ်ဦးမှာ ဂိုဂူလျောတို့၏ ညဘက်အလစ်ချောင်းတိုက်ခိုက်မှုတွင် သူတို့နှင့်အတူ သေခြင်းရှင်ခြင်းအတူတကွကျော်ဖြတ်ခဲ့သူ ဖြစ်သည်။
“နည်းပြဆရာတို့ ခင်ဗျားတို့ ဒီကိုဘာလို့ ရောက်လာတာလဲ။”
ဝမ်ချောင်သည် အံ့အားသင့်သွားခဲ့ကာ သူတို့ကိုကြိုဆိုရန် ပြေးသွားခဲ့သည်။
“ဟာဟား ခွန်းဝူနဲ့ နီးတဲ့ အနီးအနားမှာ ကိုယ်ပိုင်အိမ်တော်ဆောက်ဖို့ ဘယ်သူက အတင့်ရဲတာလဲလို့ ငါသိချင်နေခဲ့တာ။ ငါခန့်မှန်းတာ မှန်တဲ့ပုံပဲ မင်းဖြစ်နေတာကိုး။”
ကျောက်ရှန်းကျူး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ တစ်ဖက်တွင်မူ ကျိုးဟွမ်သည်လည်း သူတို့အဖွဲ့ကို နှုတ်ဆက်လိုက်သည်။
“မင်းစိတ်ထဲမှာ ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းတွေ အများကြီးရှိတာပဲ။ တော်ဝင်ရုံးတော်က လက်ရှိမှာ အနီးအနားနယ်မြေတွေကို ရှင်းလင်းနေပြီး အလုပ်အကိုင်ဌာနနဲ့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးတို့က စခန်းရဲ့ လီတစ်ဆယ်ပတ်လည်က မြေပေါ်မှာ ကိုယ်ပိုင်အိမ်တော်တွေ ရောင်းချခြင်းနဲ့ ဆောက်လုပ်ခြင်းကို တားမြစ်တဲ့ ဥပဒေတွေကို အတည်ပြုပြီးဖြစ်တယ်။ ဒါပေမယ့် မင်းက သူတို့ထက် ပိုမြန်နေတယ်။ တော်ဝင်ရုံးတော်က ဒီတောင်ရဲ့ လုပ်ပိုင်ခွင့်တွေအကုန်လုံး မင်းကို လွဲပြောင်းပေးခဲ့ပြီ လို့ ငါကြားထားတယ် သူတို့အတွက် ဒါကိုပြန်ယူဖို့အရမ်းနောက်ကျသွားခဲ့ပြီ။”
ကျိုးဟွမ်သည် အပြုံးဖြင့် မှတ်ချက်ပြုလိုက်သည်။
“မင်းမသိဘူးလား ဒီကောင်က ပေါ်လာတဲ့အခွင့်အရေးမှန်သမျှကို ဆုပ်ကိုင်တတ်တဲ့ကောင်ပဲ။ ငါ့အမြင်အရတော့ အလုပ်အကိုင်ဌာနနဲ့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးတို့က အတည်ပြုခဲ့တဲ့ ဥပဒေဟာ သူ့ကြောင့်ပဲ။ တရားစီရင်ရေးဆိုင်ရာပြန်လည်သုံးသပ်ရေးတရားရုံးက အယုတ်တမာကောင်တွေဟာ အရင်က နယ်မြေကို ကောင်းကောင်းအကဲခတ်ဖို့ ကျရှုံးခဲ့တယ် ဒီလို ပြင်းထန်တဲ့အမှားကြီးတစ်ခုကို လုပ်မိပြီးမှသာ သူတို့ဟာ နောက်ဆုံးမှာဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိလာကြတာပဲ။”
ကျောက်ရှန်းကျူ ပြောလိုက်သည်။
“နည်းပြဆရာတို့ ဒါက ကျွန်တော်ရဲ့ကိုယ်ပိုင်အိမ်တော်ဆိုတာ ခင်ဗျားတို့သိကြတာကြောင့် ဒါကို ကျွန်တော့်ရှေ့မှာ မပြောသင့်ဘူးလို့ ခင်ဗျားတို့မထင်ဘူးလား။”
ဝမ်ချောင် ပြုံးလိုက်သည်။ အစောဆုံးငှက်က ပိုးကောင်ဖမ်းမိပေလိမ့်မည်။ ခွန်းဝူလေ့ကျင့်ရေးစခန်းစတင်ဖွဲ့စည်းပြီးသည်နှင့် တော်ဝင်ရုံးတော်သည် ပတ်ဝန်းကျင်ရှိ နယ်မြေကို ရောင်းဝယ်ခြင်းမပြုရန်ဟူသော ဥပဒေကို အတည်ပြုရန်မှာ အချိန်ပိုင်းသာ လိုသည်ကို သိသောကြောင့် ဝမ်ချောင်သည် ဤတောင်ကို ချက်ချင်းဝယ်ယူခဲ့သည်။
“ဟီးဟီး မင်းရှေ့မဟုတ်ရင် ငါတို့က ဘယ်သွားပြောရမှာလဲ။ ဒီကောင်လေးကို ယဉ်ကျေးနေလို့မရဘူး။”
ကျောက်ရှန်းကျူ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ကြိမ်ကုလားထိုင်တစ်လုံးကို သာမန်ကာလျှံကာဆွဲယူလိုက်သည်။ သက်သောင့်သက်သာရှိလှသော ဤထိုင်ခုံသည် သူ့ကို ချီးကျူးမိသွားစေသည်။
“ကောင်လေး မင်း ခုနက စစ်ရေးဗျူဟာစာမေးပွဲကျင်းပမယ်လို့ ပြောခဲ့တယ်။ မင်းက လေကြီးလေကျယ်ပြောနေတာပဲ။ ငါမင်းကိုမေးပါဦးမယ် မင်းက စစ်ရေးဗျူဟာတွေကိုတောင် သိလို့လား။”
ကျောက်ရှန်းကျူသည် ကြိမ်ကုလားထိုင်ပေါ်တွင် စိမ်ပြေနပြေထိုင်လျက် သူ့ဘေးရှိစားပွဲကို အသာအယာရိုက်လိုက်သည်။
“နည်းပြဆရာကျောက်က ကျွန်တော့်ကို ပညာပေးဖို့ ရည်ရွယ်နေတာလားဗျ။”
ဝမ်ချောင်သည် ရယ်မောလိုက်ကာ ကျောက်ရှန်းကျူနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“မင်းက ငါပြောတာကို သဘောမတူပုံရတယ်။ မင်းတို့ ကလေးတွေအတွက် သိုင်းပညာတွေကိုသန့်စင်စေဖို့ တစ်ယောက်နဲ့တစ်ယောက်လက်ရည်စမ်းတာက အဆင်ပြေပါတယ် ဒါပေမယ့် စစ်ရေးနည်းဗျူဟာကို သင်ကြားပို့ချဖို့က... မင်းက သူတို့ကို လမ်းမှားအပေါ် ဆွဲချနေတာပဲ။ ဒီလိုအရာမျိုးက လွယ်လွယ်နဲ့ တွေးလို့မရဘူး။ ကောင်းပြီ။ မင်း ငါ့ကိုအနိုင်ယူနိုင်ရင် ဒီနေရာမှာ စစ်ရေးဗျူဟာသင်ကြားပို့ချဖို့ မင်းကို ငါခွင့်ပြုပေးမယ်။”
ကျောက်ရှန်းကျူပြောလိုက်သည်။
သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေသော်လည်း ဝမ်ချောင်သည် ကျောက်ရှန်းကျူ၏စကားများမှ လေးနက်မှုကို အရိပ်အမြွက် ခံစားနိုင်သည်။
ရှင်းလင်းနေသည်မှာ ကျောက်ရှန်းကျူသည် ဝမ်ချောင်က သူ့သူငယ်ချင်းများဆီသို့ စစ်ရေးဗျူဟာအနှစ်သာရသင်ကြားပို့ချခြင်းကို သဘောမတူခဲ့ပေ။ နောက်ဆုံးတွင် စစ်ရေးဗျူဟာများသည် စစ်သူကြီးတစ်ဦး၏ အနှစ်သာရဖြစ်သည်။
အမှားတစ်ခုသည်ပင် စစ်သည်များစွာကို အလွယ်တကူ သေဆုံးသွားစေနိုင်သည်။ ဤသည်မှာ ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် ကျောက်ရှန်းကျူသည် ကွပ်ကဲခြင်းပညာရပ်၏ တစ်ဦးတည်းသောသင်ကြားပို့ချသူ ဖြစ်နေရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
ဝမ်ချောင်သည် စစ်ရေးဗျူဟာများကို သင်ကြားပို့ချနိုင်စွမ်းသည်ဟု ကျောက်ရှန်းကျူ မထင်ပေ။ ဝမ်ချောင်၏ မာနအတွက် သူသည် ဤသို့သော နည်းလမ်းကို အသုံးပြုရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
……………………………………………………………………………………………………………………..
အပိုင်း (၂၉၇) ကျန်းရွှမ်၏ အစီအစဉ်
"နည်းပြဆရာကျောက်က ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ ဆန္ဒရှိနေတာကြောင့် ကမ်းလှမ်းချက်ကို ကျွန်တော် ကျေးဇူးတင်စွာနဲ့ လက်ခံမှာပါ"
ဝမ်ချောင် ပြုံးပြလိုက်သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် စာမေးပွဲဖြေဆိုသူများကို စမ်းသပ်ရန် ဝမ်ချောင် ရည်ရွယ်ထားသည့် ကျားခုံတစ်ခုရှိသည်။ သို့သော်လည်း ၎င်းသည် ဝမ်ချောင်နှင့် ကျောက်ရှန်းကျူကြားပွဲစဉ်အတွက် ဈေးဦးပေါက်သွားခဲ့သည်။
"နည်းပြဆရာကျောက်က ဝမ်ချောင်နဲ့ ယှဉ်ပြိုင်တော့မယ်။"
"ဘယ်သူနိုင်မလဲဆိုတာ ငါ သိချင်လိုက်တာ။"
"ငါက သခင်လေးကို ပိုပြီးထောက်ခံပေမယ့် နည်းပြဆရာကျောက်က အခွင့်အရေးပိုကောင်းမယ်လို့ ငါထင်တယ်။"
ဝမ်ချောင်သည် နည်းပြဆရာကျောက်နှင့် စစ်ရေးဗျူဟာတွင် ယှဉ်ပြိုင်သွားမည်ဟု ကြားလိုက်ရသောအခါ လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ဤသည်မှာ အထူးသဖြင့် ကျောက်ကျင်းတန်၊ ချီဝေ့စီနှင့် ကျွမ်းကျန့်ဖျင်အတွက် ပိုမှန်သည်။ ပြောရလျှင် ကျောက်ရှန်းကျူသည် သူတို့၏ တိုက်ရိုက်နည်းပြဆရာဖြစ်သည်။
သူတို့တောင်ပေါ်သို့ ပထမဆုံးရောက်သည့်နေ့တွင် ကျောက်ရှန်းကျူသည် သူတို့ဆီသို့ ကျားများလွှတ်လာခဲ့ကာ ၎င်းသည် သူတို့ကို အတော်လေးဒုက္ခရောက်စေခဲ့သည်။
"သခင်လေး ကံကောင်းပါစေ။ သူ့ကို သင်ခန်းစာပေးလိုက်"
ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့သည် အော်ဟစ်အားပေးလိုက်ကြသည်။ ဤနေရာတွင်ဖြစ်သောကြောင့် သူတို့သည် ဤအခြေအနေအောက်တွင် ထိုကဲ့သို့ အော်ရဲကြခြင်းဖြစ်သည်။ သူတို့၏စုံစမ်းစစ်ဆေးမှုများအောက်တွင် အခြားသာမန်နည်းပြဆရာများနှင့်မတူဘဲ ကျောက်ရှန်းကျူတွင် အတော့်ကို အားကောင်းသည့် နောက်ခံရှိကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။
အနက်ရောင်ကျားစေ့များနှင့် အဖြူရောင်ကျားစေ့များသည် ကစားသူနှစ်ဦးရှေ့တွင် ရောက်လာခဲ့သည်။ ကျိုးဟွမ်အပါအဝင် လူတိုင်းသည် ဤကျားခုံကို စိတ်ဝင်တစားဖြင့် ဝန်းရံလာခဲ့ကြသည်။
"နည်းပြဆရာတစ်ယောက်အနေနဲ့ ငါ့ကျောင်းသားကို အလျှော့ပေးမှမှန်မယ်။ ဒီလိုမှမဟုတ်ရင် တခြားသူတွေက ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်တယ်လို့ ပြောကြလိမ့်မယ်။ ဒီမှာ ငါ မင်းကို ကျားစေ့သုံးစေ့စားခွင့်ပေးမယ်။"
ကျောက်ရှန်းကျူသည် သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။
သူသည် ဝမ်ချောင်ကို ပညာပေးပြီး တစ်ဖက်လူ၏ စိတ်ထဲမှ မည်သည့်ထင်မြင်ချက်ကိုမဆို ကင်းရှင်းစေလိုသည်။ ထို့ကြောင့် သူသည် ဝမ်ချောင် သူ့အရှုံးသူ လက်ခံရန် လုံးဝနင်းခြေရမည်ဖြစ်သည်။ ဝမ်ချောင်ကို ကျားစေ့သုံးစေ့ အကျောပေးခြင်းက ထိုသို့သော သက်ရောက်မှုကို ရရှိစေရန် လုံလောက်ပေသည်။
"ကောင်းပြီ။"
ဝမ်ချောင်သည် ပြုံးလိုက်ကာ တစ်ဖက်လူ၏ စေတနာကို လက်ခံလိုက်ပြီး သူ့ပထမဆုံးကျားစေ့ကို ကျားကွက်ပေါ်တွင် ထားလိုက်သည်။
"သခင်လေး ကံကောင်းပါစေ။"
ကျောက်ကျင်းတန် ရင်တမမဖြင့် ဆုတောင်းပေးလိုက်သည်။
သူသည် ဝမ်ချောင်နှင့် အချိန်အကြာကြီး အတူမရှိနေခဲ့ပေ။ ထို့ကြောင့် ကျားကစားခြင်းတွင် ဝမ်ချောင်၏ ပါရမီကို သူ မသိပေ။
"ကျောက်ရှန်းကျူ ကျောင်းသားတစ်ယောက်ကို ယှဉ်ပြိုင်ဖို့ အားလုံးထုတ်သုံးစရာမလိုဘူး။ အလိုက်သင့်လေးကစားနေသရွေ့ လုံလောက်ပါတယ်။"
ကျိုးဟွမ်သည် အခြေအနေကို ပြေလည်အောင် ကြိုးစားလိုက်သည်။
သူသည် ဝမ်ချောင်ကို အကောင်းမြင်ပေသည်။ အရာအားလုံးတွင် သူတို့သည် အန္တရာယ်ကို အတူတကွ ကျော်ဖြတ်ခဲ့ကြသည့် ရဲဘော်ရဲဘက်များဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူသည် ဝမ်ချောင်ကို ဆိုးရွားလှသည့် ရှုံးနိမ့်မှုကြောင့် စိတ်ပျက်အားလျော့သွားမည်ကို မမြင်လိုပေ။
သို့သော် ကိစ္စများသည် လူတိုင်းထင်သည့်အတိုင်း ဖြစ်ပေါ်မလာခဲ့ပေ။
ဆယ်ကွက်ရွေ့ပြီးနောက် ကျောက်ရှန်းကျူ၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားခဲ့သည်။ အကွက်နှစ်ဆယ်တွင် ကျောက်ရှန်းကျူ၏ မျက်ခုံးများ အတူတကွထိစပ်သွားခဲ့ကြသည်။ သူတို့သည် အကွက်လေးဆယ်သို့ ရောက်လာကြသောအချိန်တွင် ကျောက်ရှန်းကျူ၏ အာရုံသည် ကျားခုံပေါ်တွင် လုံးဝနစ်မြုပ်သွားခဲ့သည်။ အကွက်ငါးဆယ်အရောက်တွင် ကျောက်ရှန်းကျူ၏ အမူအရာသည် မဲပြာသွားခဲ့သည်။
ကျားထိုးခြင်းကို အနည်းငယ်မျှပင် နားမလည်သည့် လူများပင် ကျောက်ရှန်းကျူ အခြေအနေဆိုးသည်ကို ပြောနိုင်ပေသည်။ ကျားထိုးခြင်းကို သိသည့် လူများအတွက်တော့ ဝမ်ချောင်နှင့် ကျောက်ရှန်းကျူကြား တိုက်ပွဲသည် အချိန်အကြာကြီး သရေကျနေခဲ့ပြီးဖြစ်သည်။
ကျွမ်ကျန့်ဖျင်နှင့် ချီဝေ့စီတို့သည် တိုက်ပွဲကြောင့် လုံးဝတုန်လှုပ်သွားခဲ့ကြသည်။
သူတို့နှစ်ဦးစလုံးသည် ကျောက်ရှန်းကျူ၏ နောက်ခံကို သိထားကြသည်။ ထိုသည်က သူတို့ကို ပို၍ တုန်လှုပ်စေလေသည်။
အကွက်ရှစ်ဆယ်ကိုရောက်ပြီးနောက် ကျောက်ရှန်းကျူသည် နောက်ဆုံးတွင် အရှုံးပေးလိုက်တော့သည်။
"ဒီပွဲကို ထည့်မတွက်ဘူး။ နောက်တစ်ပွဲထပ်ကစားရအောင်။ ဒီတစ်ခါ ငါတို့ ညီတူမျှတူကစားမယ် ငါ မင်းကို အကျောမပေးတော့ဘူး။"
"ကောင်းပြီ"
ဝမ်ချောင်သည် ကျောက်ရှန်းကျူကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ သူသည် တစ်ဖက်လူကို တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ ဤတစ်ပွဲတွင် ကျောက်ရှန်းကျူသည် ပို၍လျင်မြန်စွာပင် ရှုံးနိမ့်သွားခဲ့သည်။ သူ့နည်းဗျူဟာသည် သူတို့အကွက်ခုနှစ်ဆယ်သို့ရောက်လာသောအခါ အစိတ်စိတ်အမွှာမွှာဖြိုခွဲခံလိုက်ရသည်။
"ဒီတစ်ခါ ငါအရင်ရွေ့မယ်။"
ကျောက်ရှန်းကျူသည် ဝမ်ချောင်ကို ရှုံးနိမ့်သွားသည်ကို လက်မခံနိုင် ဖြစ်နေဆဲပင်။
"ဟုတ်ပါပြီလေ"
ဝမ်ချောင်သည် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဤပွဲမှာ သူတို့၏ သုံးကြိမ်မြောက်ပွဲစဉ်ဖြစ်သည်။ လေးပွဲမြောက်သို့ ရောက်လာသောအခါ ကျောက်ရှန်းကျူသည် မည်မျှပင် အရေထူနေပါစေ သူသည် အနည်းငယ်ရှက်ရွံ့သလိုခံစားလိုက်ရသည်။
သူ့လက်ဖက်ရည်ကို ဇိမ်ပြေနပြေသောက်ကာ ဝမ်ချောင်သည် ကျောက်ရှန်းကျူကို ကမ်းလှမ်းလိုက်သည်။
"ကျွန်တော် ဒီပွဲအတွက် ကျားစေ့သုံးစေ့အကျောပေးမယ်။"
လေးနက်သည့် အမူအရာဖြင့် ကျောက်ရှန်းကျူသည် မည်သည့်စကားမျှမဆိုဘဲ ခေါင်းကို လေးလံစွာညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ကျောက်ရှန်းကျူသည် အလွန်နှေးကွေးစွာနှင့် ဂရုစိုက်စွာ ကစားခဲ့သည်။ သူသည် တစ်ကွက်ရွေ့ရန်ပင် အချိန်အတော်ကြာယူခဲ့သည်။
မကြာမီ လေးပွဲမြောက်သည် ပြီးဆုံးသလောက်ဖြစ်သွားခဲ့သည်။ ကျောက်ရှန်းကျူတစ်ကိုယ်တည်းထိုင်နေခဲ့ကာ သူ့မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာဖြင့် မပြီးဆုံးသေးသည့် ကျားခုံကို ကြည့်နေခဲ့သည်။ ယခုလေးတင် သူခံစားခဲ့ရသော စိတ်ခံစားချက်များသည် သူဤနေရာသို့ ပထမဆုံးဝင်ရောက်လာခဲ့ချိန်နှင့် အလွန်ပင် ခြားနားနေခဲ့သည်။
"ဝမ်ချောင် ငါတို့လည်း ဝင်ကစားနိုင်မလား။"
ကျိုးဟွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်ချောင်ကို မေးလိုက်သည်။
လေးပစ်သမားတစ်ယောက်အနေဖြင့် သူသည် အမိန့်များကို နာခံရပြီး သူ့ကိုတောင်းဆိုလာချိန်တွင် သူသည် မြှားကို ပစ်လွှတ်ရသည်။ သို့သော် မည်သို့ဆိုစေကာမူ စစ်သူကြီးတစ်ယောက်မဖြစ်လိုသည့် စစ်သည်ဟူ၍ မရှိပေ။ ဝမ်ချောင်သည် စစ်ရေးဗျူဟာတွင် အလွန်ထူးခြားသည့် ပါရမီကို ပိုင်ဆိုင်ထားသည်ကို ကျိုးဟွမ်ပြောနိုင်ပေသည်။
ဖြစ်နိုင်သည်မှာ ဤသည်က သူ့ကလန်ဆီမှ အမွေအနှစ်ဖြစ်နိုင်သည်။
"ရတာပေါ့။"
ဝမ်ချောင်သည် ရယ်မောကာ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် စိန်ခေါ်မှုကို လက်ခံလိုက်သည်။
မကြာမီ ကျောက်ရှန်းကျူဘက်တွင် လူတစ်ယောက်တိုးလာခဲ့ကာ သူတို့နှစ်ဦးသည် သူတို့ရှေ့ရှိ မပြီးဆုံးသေးသော ကျားခုံကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြသည်။ သူတို့သည် ဝမ်ချောင်ကို လုံးဝရှုံးနိမ့်သွားခဲ့ကြသည်။ ဤသည်မှာ သူတို့လုံးဝမမျှော်လင့်ထားခဲ့သည့်အရာဖြစ်သည်။
…………………………………………………………………………………………………………………
"အဲကောင် စခန်းကို ပြန်ရောက်နေပြီ။"
ဤအချိန်မှာပင် ဝမ်ချောင်၊ ကျောက်ကျင်းတန်၊ ကျောက်ရှန်းကျူ၊ ကျိုးဟွမ်နှင့် အခြားသူများ သတိမပြုမိသည့် အဝေးမှ တောင်ထိပ်တစ်ခုပေါ်တွင် လူတစ်စုရပ်နေခဲ့ကြသည်။ သူတို့သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ တိတ်တဆိတ်ကြည့်နေခဲ့ကြသည်။
အေးစက်သည့်လေပြင်းများသည် ပတ်ဝန်းကျင်တွင် တိုက်ခတ်နေခဲ့သည်။ သူတို့ကြည့်ရာနေရာမှာ ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် လက်သည်းခွံအရွယ်အစားလောက်သာမြင်နိုင်သည်။ သူတို့သည် ထိုနေရာတွင် ဘာတွေဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အိမ်တော်ထဲတွင် လူအုပ်စုတစ်စုရှိနေသည်ကို အကြမ်းဖျင်းခန့်မှန်းနိုင်ပေသေးသည်။
"ဒီကောင်က ရှန်းဝေနဲ့ လုံ့ဝေကိုကျော်ပြီး ခွန်းဝူလေ့ကျင့်ရေးစခန်းကိုရွေးချယ်လိုက်ကတည်းက တစ်ခုခုလုပ်ချင်နေတာငါသိတယ် ကြည့်ရတာ ငါမှန်တယ်ထင်တယ်။ အားပုတန် သူက ဒီမှာ တပ်ဖွဲ့တစ်ခုစတင်မတည်ဆောက်မီ အချိန်ဘယ်လောက်ကြာကြာယူရမယ်လို့ မင်းထင်လဲ။"
မိုးပြာရောင်နဂါးတောင်ထွတ်၏ မြောက်ဘက်မျက်နှာပြင်ပေါ်တွင် ကျန်းရွှမ်သည် စက္ကူယပ်တောင်ကို ခပ်လျက် လှောင်ပြောင်ရယ်မောလိုက်သည်။
"ဝမ်ချောင်နဲ့ သူ့ဝမ်ကလန်တစ်ခုလုံးက ဟူတွေကို အပြုသဘောဆောင်တဲ့အမြင်မရှိဘူးလို့ ငါကြားခဲ့တယ်။ အားပုတန် မင်းနဲ့ မင်းအဖေက အဲကောင်လေးအတွက် ခြေနင်းကျောက်ဖြစ်မလာမီ အချိန်တစ်ခုပဲလိုမယ်လို့ ငါထင်တယ်။"
အားပုတန်မျက်နှာ မည်းမှောင်သွားခဲ့သည်။ သို့သော် သူသည် စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူ့လက်အောက်ငယ်သားများကမူ ဒေါသကြောင့် မျက်နှာ နီရဲသွားခဲ့ကြသည်။
"ကျန်းရွှမ် မင်း ငါ့ကို ခနဲ့နေစရာမလိုဘူး။ တကယ်လို့ ငါမမှားရင် မင်းရဲ့နောက်ခံဖြစ်တဲ့ ရှီဘုရင်ကလည်း အရမ်းကြီးကောင်းမနေပါဘူး။ စုန့်ဘုရင်နဲ့ ဝမ်ကလန်က သူ့ကို တော်ဝင်ရုံးတော်မှာ အတင်းအကြပ်ဖိနှိပ်နေပုံပဲ။"
အားပုတန် အေးစက်စွာ သရော်လိုက်သည်။ ကျန်းရွှမ်၏မျက်နှာ ချက်ချင်း တင်းမာသွားခဲ့သည်။
"အားပုတန်, တစ်ယောက်ရဲ့ဒဏ်ရာကို တစ်ယောက်ဆားဖြူးနေတာရပ်လိုက်ကြရအောင်။ လက်ရှိမှာ ဝမ်ကလန်က အရမ်းကို အားကောင်းနေတယ် အဲကောင်က အားလုံးကို ဖြစ်စေခဲ့တာပဲ။ ငါတို့က အခြေအနေကို ထိုင်ကြည့်နေဦးမယ်ဆိုရင် ငါတို့ရဲ့အခြေအနေက ပိုဆိုးလာတာပဲရှိမယ်။"
ကျန်းရွှမ်သည် သူ့တည်ငြိမ်မှုကို ပြန်မရမီ အချိန်တချို့ကြာခဲ့သည်။ ထို့နောက် သူသည် ယပ်တောင်ပြန်ခတ်လိုက်သည်။
"ဒါဆို မင်းက ဘာလုပ်ဖို့ကြံနေတာလဲ။"
အားပုတန်သည် လေးနက်စွာဖြင့် မေးလိုက်သည်။ ကျန်းရွှမ်နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုချိတ်ဆွဲလာသည်။
"ငါတို့ အတူလက်တွဲဖို့က လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။"
"ခွန်းဝူလေ့ကျင့်ရေးစခန်းက မြို့တော်အနီးမှာတည်ရှိတယ် ဒါကြောင့် အဲကောင်ကို ဒီနေရာမှာ ငါတို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း အမှန်မှာက ငါတို့သူ့ကို ဘာမှလုပ်စရာမလိုနေတာပဲ။"
"ဝမ်ကလန်ကကောင်လေးဟာ အဓိပ္ပာယ်မရှိတာ ဘာမှလုပ်မှာမဟုတ်ဘူး။ ဒါ့ကြောင့် ငါတို့လုပ်ဖို့လိုတဲ့အရာအားလုံးက သူလုပ်မယ့်အရာကို ဖော်ထုတ်ပြီး သူ့လုပ်ရပ်တွေကို ဆန့်ကျင်ဖို့ပဲ။"
ဤအခိုက်အတန့်တွင် ကျန်းရွှမ်သည် တိန့်မင်ရှင်ကို ရုတ်တရက်သတိရလိုက်ကာ သူ့နှလုံးသားတစ်ခုလုံး နာကျင်သွားခဲ့သည်။ ရှီဘုရင်၏ ညွှန်ကြားချက်ကြောင့် သူသည် ဝမ်ချောင်ကို ဆန့်ကျင်ရန် မရည်ရွယ်ပေ။ ထို့ကြောင့် သူကြားနေဝါဒကိုကျင့်သုံးနေသော်လည်း ဒုက္ခသည် သူ့တံခါးကို လာခေါက်ဆဲပင်။
တိန့်မင်ရှင်ကိစ္စသည် သူ့ကို ခက်ခဲသည့် အခြေအနေသို့ ကျရောက်သွားစေပြီး သူ့ဘေးရှိလူများ၏ ယုံကြည်မှုကို ဆုံးရှုံးသွားစေသည်။ ဝမ်ချောင်သည် သူ့ကို အရင်ရန်လာစသူဖြစ်သောကြောင့် တစ်ဖက်လူသည် သူ့ကို ရက်စက်သည့်အတွက် အပြစ်မတင်သင့်ပေ။
"အဲကောင်က တကယ့်ကို အံ့မခန်းပဲ။ လေ့ကျင့်ရေးစခန်းနားမှာလာပြီး အိမ်တော်လာဆောက်တာကို စဉ်းစားကြည့်လိုက်ရင် သူက ဒီမှာရှိတဲ့ ပါရမီရှင်တွေကို ရွေးထုတ်ပြီး သူ့နောက်လိုက်အုပ်စုတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ သေချာတယ်။ ငါတို့က သူ့ရည်ရွယ်ချက်ကိုသိနေပြီမို့ ငါတို့လုပ်ရမှာအားလုံးက သူ့အစီအစဉ်ကို ဖျက်ဆီးဖို့ပဲ။"
ကျန်းရွှမ်သည် အေးစက်စွာ သရော်လိုက်သည်။
"ဒါပေမယ့် တော်ဝင်ရုံးတော်က ဒီနယ်မြေထဲမှာ အိမ်ယာ ရောင်းဝယ်တာကို တားမြစ်ထားခဲ့ပြီ။ အဲကောင်လုပ်တဲ့အတိုင်း ငါတို့လိုက်လုပ်ဖို့က မဖြစ်နိုင်ဘူး။"
အားပုတန် ပြန်ဖြေလိုက်သည်။ ကြည့်ရသည်မှာ သူသည် ဤအရာကို ကြိုးစားကြည့်ခဲ့ပြီးပုံပေါ်သည်။
"အဲဒါက ဒီကိစ္စကို ကြိုးကိုင်ထားတဲ့သူကို မင်းရှာမတွေ့နိုင်ခဲ့လို့ပါ။ ငါမင်းတို့ဟူကို အထင်သေးနေတာမဟုတ်ပေမယ့် ငါတို့ဟန်က ဒီလိုကိစ္စမျိုးမှာ ပိုကျွမ်းကျင်တယ်။ ရှီဘုရင်ကတဆင့် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးကနေ စာချုပ်တစ်ခုကို ငါရရှိခဲ့တာကြာပြီ ငါ့လုပ်သားတွေက အလုပ်လုပ်နေခဲ့ကြပြီ။ ဆောက်လုပ်ရေးက နောက်တစ်ပတ်ဆို ပြီးလောက်ပြီ။"
ကျန်းရွှမ်ပြောလိုက်သည်။
ထိုစကားများကို ကြားသည်နှင့် အားပုတန်သည် အံ့ဩမှုကြောင့် ရုတ်တရက် အေးခဲသွားခဲ့သည်။ သူသည် တစ်ဖက်လူကို စတင်အကဲခတ်လိုက်သည်။ တစ်ဖက်လူတွင် သူယခင်ကမမြင်ခဲ့ဖူးသည့် အခြားတစ်ဖက်ခြမ်းရှိနေသကဲ့သို့ပင်။
"မင်း ဘာကြည့်နေတာလဲ။ အဲကောင်လေးရဲ့ အိမ်တော်က ဆောက်လုပ်နေတာ လအတန်ကြာပြီ။ ငါကန်းနေတာမှမဟုတ်တာ ဒါကြောင့် ငါက အဲဒါကို ဘယ်လိုလုပ်လွဲချော်နိုင်မှာလဲ။ သူ့ရဲ့အစီအစဉ်ကို ငါက တကယ်ဖြစ်ခွင့်ပေးမယ်လို့ မင်းထင်နေတာလား။"
ကျန်းရွှမ်ပြောလိုက်သည်။
"ကြည့်ရတာ ငါမင်းကို တစ်ချိန်လုံး လျှော့တွက်ထားခဲ့ပုံပဲ။"
အားပုတန်သည် ကျန်းရွှမ်၏မျက်နှာကို စိုက်ကြည့်လိုက်သည်။ ဤလူ၏ လိမ္မာပါးနပ်မှုသည် ‘တစ်ဖက်လူသည် ရင်ဆိုင်ရအလွန်ခက်သည့်လူဖြစ်သည်’ဟူသော ခံစားချက်တစ်ခုကို သူ့အား ခံစားစေခဲ့သည်။
"ဒါပေမယ့် ငါ မင်းရဲ့စခန်းကို လုံးဝမမြင်တွေ့ခဲ့ရသလိုပဲနော်။"
အားပုတန် သံသယဖြင့် မေးလိုက်သည်။ သူသည် ပတ်ပတ်လည်ရှိ တောင်တန်းများကို ကြည့်လိုက်သည်။ သို့သော် ဆောက်လုပ်ဆဲအိမ်တော်တစ်ခုကို သူလုံးဝမတွေ့ရပေ။
"ဒါပေါ့ မင်း အဲဒါကို တွေ့နိုင်မှာမဟုတ်ဘူး။ ငါ ဒီစခန်းကို သစ်ပင်တွေရဲ့ဖုံးကွယ်မှုအောက်မှာ ဆောက်လုပ်ပေးဖို့ တောင်းဆိုထားခဲ့တယ်။ ဒီစခန်းကို ဆောက်လုပ်မှုပြီးစီးတော့မှာသာ သူ့ရဲ့ခမ်းနားထည်ဝါမှုကို ဖော်ပြဖို့ ဒီသစ်ပင်တွေကို ဖယ်ရှားလိမ့်မယ်။"
ကျန်းရွှမ်ပြောလိုက်သည်။
"ဘယ်လိုတိုက်ရမလဲဆိုတာကိုပဲ သိတဲ့လူတွေက ကြီးမားတဲ့ အရာတွေကို ဘယ်တော့မှအောင်မြင်နိုင်မှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ ရန်သူနဲ့ ရင်ဆိုင်ရာမှာ ပြင်ဆင်ဖို့အတွက် တစ်ဖက်ရဲ့ အခွင့်အရေးကို လုယူရမယ်။ အားပုတန် မင်းရဲ့အဖွဲ့ဟာ ရန်လိုမုန်းတီးမှုတွေ များလာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက မင်းဟာ ထင်ပေါ်လွန်းတာကြောင့်ပါ။ အမှန်တော့ ရှီဘုရင်က မင်းကို အရမ်းသဘောကျပါတယ်။"
အားပုတန်သည် ကျန်းရွှမ်ပြောသည့် အရာကို မယုံကြည်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ပြော မင်း ငါ့ကိုဘာလုပ်စေချင်တာလဲ။"
အားပုတန်သည် တိုက်ရိုက်မေးချလိုက်သည်။
"ဟီးဟီး ဒါကလွယ်ပါတယ်။ ငါက ခွန်းဝူလေ့ကျင့်ရေးစခန်းရဲ့ ပါရမီရှိသူတွေအားလုံးကို ငါတို့ဖက်ကို ဆွဲခေါ်ဖို့ကြိုးစားမယ်။ တစ်ဖက်မှာတော့ မင်းက ဝမ်ချောင်နဲ့ ရပ်တည်တဲ့ ဘယ်သူမဆို ရှီဘုရင်နဲ့ ဟူတို့ရဲ့ ရန်သူဖြစ်လာမယ်လို့ပြောပြီး သင်တန်းသားတွေကို ခြိမ်းခြောက်ရမယ်။ တစ်ချိန်တည်းမှာပဲ ဒီသတိပေးချက်ကို လျစ်လျူရှုသူတွေကို မင်းက သင်ခန်းစာတစ်ခုပေးရမယ်။ ငါတို့က ဝမ်ချောင်ကို ထိလို့မရနိုင်ဘူး ဒါပေမယ့် တခြားသူတွေကို ငါတို့ သေချာပေါက် ကိုင်တွယ်နိုင်တယ်။"
"ငါတို့က သူတို့ကို အကြောက်တရားရိုက်သွင်းနိုင်သရွေ့ ဘယ်သူကမှ ဝမ်ကလန်နဲ့ ပူးပေါင်းရဲမှာမဟုတ်ဘူး။ ပြီးတော့ ရှီဘုရင်က ငါတို့နောက်မှာရှိတာမို့ ဘယ်သူကများ ငါတို့ကို ဆန့်ကျင်ရဲမလဲဆိုတာ ငါမြင်ချင်သေးတယ်။"
"အားပုတန် ဒီကိစ္စက မင်းအတွက် အဆင်ပြေလောက်ပါတယ် ဟုတ်တယ်မလား။"
ကျန်းရွှမ်ပြောလိုက်သည်။
"ဟမ်"
အားပုတန် ကျန်းရွှမ်ကို ကြည့်နေခဲ့သည်။ တစ်ဖက်လူ ဘာလုပ်ဖို့ ကြံရွယ်နေသည်ကို သူသိသည်။ သို့သော် အစီအစဉ်ကို သူ ငြင်းပယ်ခဲ့ခြင်းမရှိပေ။
"အဆင်ပြေတယ် မင်းရဲ့အစီအစဉ်အတိုင်း ငါလိုက်နာမယ်။"
ဤစကားကိုပြောပြီးနောက် အားပုတန်သည် သူ့ငယ်သားများနှင့်အတူ လှည့်ထွက်သွားခဲ့သည်။ ထွက်ခွာသွားသည့် အားပုတန်နောက်ကျောကိုကြည့်ကာ ကျန်းရွှမ်၏ နှုတ်ခမ်းသည် မြင့်တက်သွားခဲ့သည်။
မည်သူကများ ဟူထက်ပို၍ ဝမ်ကလန်ကို ကိုင်တွယ်ရာတွင် မိတ်ဖွဲ့၍ ကောင်းမည်နည်း။ ဟူနှင့် ဝမ်ကလန်တို့ကြား ရန်လိုသောဆက်ဆံရေးကို တွေးကြည့်လျှင် သူလုပ်နိုင်သည့်အရာ များစွာရှိပေသေးသည်။
ဤအရာကို တွေးတောကာ ကျန်းရွှမ်သည် အဝေးသို့ လမ်းလျှောက်သွားခဲ့သည်။ သို့သော်လည်း သူ့နေရာသို့ ပြန်ရမည့်အစား သူသည် လုံးဝခြားနားသည့် အရပ်မျက်နှာသို့ ဦးတည်သွားခဲ့သည်။
…………………………………………………………………………………………………………………….
အပိုင်း (၂၉၈) တုစုန့်မန့်ဖော်ကျယ်
သမုဒ္ဒရာ၏ လှိုင်းလုံးများနှင့် ဆင်တူသော အဆုံးမရှိသည့် တောင်တန်းများသည် ကျယ်ပြောသော ကုန်းပြင်မြင့်တစ်လျှောက် ဆန့်ထွက်နေခဲ့ကြသည်။ ဤနေရာရှိ မြင့်မားသော အမြင့်သည် လူတစ်ဦးအား မည်သည့်နယ်မြေနှင့် တိုင်းပြည်ကိုမဆို အပေါ်စီးမှ ကြည့်ရှုစေနိုင်သည်။ ဤနေရာမှနေ၍ တစ်လောကလုံးကို ကြည့်ရှုနိုင်ပေသည်။
မဟာထန်တွင် ဤနေရာကို ဝူရှန်းအဖြစ် သိထားကြသည်။
"ငါတို့ သစ်ပင်နီကြီးနား ရောက်လာပြီ။ ဒီတောင်ကို ဖြတ်ပြီးတာနဲ့ ငါတို့ မဟာထန်ကို ရောက်လိမ့်မယ်။"
အားကောင်းသည့် လေပြင်းတစ်ခု တိုက်ခတ်နေခဲ့သည်။ မြင့်မားသည့် ကုန်းပြင်မြင့်အနီးရှိ တောင်တန်း၏ မြင့်မားလှသည့် နေရာတစ်နေရာတွင် ပိုးထည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးသည် လေဟုန်ကို ဆန့်ကျင်လျက် မတ်တပ်ရပ်နေခဲ့သည်။ ကြက်တောင်မွေးဖြင့် ယက်လုပ်ထားသော ယပ်တောင်တစ်ခုကို ကိုင်ဆောင်လျက် သူသည် မိုးကုတ်စက်ဝိုင်းဆီသို့ ခမ်းနားထည်ဝါစွာ ညွှန်ပြနေခဲ့သည်။
ထိုသက်လတ်ပိုင်းအရွယ်လူကြီးသည် စာပေသမားပုံစံပေါက်ကာ သူ့မျက်လုံးထဲတွင် ဉာဏ်ပညာများလင်းလက်တောက်ပနေသည်။ သူသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ပြည်သူတစ်ဦးနှင့် ဆင်တူသော်လည်း သူ့ဝတ်ရုံအောက်ရှိ အသားအရေသည် ကြမ်းတမ်းပြီးနီညိုရောင်သန်းနေခဲ့ကာ သူ မည်သူဖြစ်သည်ကို ဖော်ပြနေခဲ့သည်။
သူသည် စစ်မှန်သော တိဗက်လူမျိုးတစ်ယောက်ဆိုသည်မှာ သံသယရှိစရာမလိုပေ။
"အရှင် ကျွန်တော်တို့ မြင်နေရပါပြီ။"
သက်လတ်ပိုင်းအရွယ်လူကြီး၏ ဘေးနားတွင် ရဲရင့်သည့် စစ်သူကြီးတစ်ဦးသည် ရှည်လျားသည့် ဆေဘာဓားကို ခါးတွင် ချိတ်ဆွဲလျက် မတ်တပ်ရပ်နေသည်။ သူသည် ရွေ့လျား၍မရနိုင်သည့် တောင်တစ်လုံးကဲ့သို့ ခြေနှစ်ဖက်ကို ခွာ၍ အထက်စီးဆန်စွာ မတ်တပ်ရပ်နေခဲ့သည်။
သူသည် အရပ်ပုသော်လည်း သူထုတ်လွှတ်နေသည့် အရှိန်အဝါသည် မြင့်မားလှပြီး ကြီးမားလွန်းလှသည်။ သူသည် သူ့လမ်းကြောင်းတွင် တောင်တစ်လုံးရှိနေခဲ့လျှင်ပင် သူ့ဆေဘာဓားဖြင့် အစိတ်စိတ်အမွှာမွှာ ခွဲချေသွားမည်ကဲ့သို့ ခံစားရစေသည်။
"ဒါပေမယ့် ကျွန်တော်တို့ မြင်နေရတော့ရော ဘာအရေးလဲ။ အဲဒီနယ်မြေတွေက တိရစ္ဆာန်တွေ မွေးမြူဖို့ မသင့်တော်ဘူး။ အရှင်က ဘာလို့ အဲဒါနဲ့ပတ်သက်ပြီး ဒီလိုကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေရသလဲဆိုတာ ကျွန်တော်တော့ နားမလည်နိုင်ဘူး။"
ဟိုရှုကွေ့ချန် မထုံတတ်သေးဖြင့် ပြောလိုက်သည်။
သူ့အရှင်သည် ကြီးမားသည့် ရည်မှန်းချက်များရှိနေသည်ကို သူသိသည်။ သို့သော် စစ်သူကြီးတစ်ဦးအနေဖြင့် သူသည် ထိုအရာတို့ကို ဆက်စပ်၍ရမနေခဲ့ပေ။
"ဟားဟား ဟိုရှု မင်း လုံလောက်အောင် မမြင်နိုင်သေးဘူးပဲ။"
တာ့လန်ရို့ကျန်သည် သူ့လက်ထောက်၏ စကားကို ကြားသည်နှင့် ရယ်မောလိုက်ပြီး သူ့ယပ်တောင်ကို ရုတ်သိမ်းလိုက်သည်။
"မဟာထန်က တိရစ္ဆာန်တွေမွေးမြူတာမှာ မသင့်တော်ပေမယ့် သူ့ထုတ်လုပ်မှုတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပိုးထည်တွေနဲ့ စားနပ်ရိက္ခာပမာဏအများဆုံးဖြစ်တယ်။ ဒါ့အပြင် သူတို့မှာ မြို့အမြောက်အများလည်းရှိတယ်။ ဒီလိုမြင့်မားတဲ့ရပ်တည်ချက်နဲ့မို့ သူတို့က သဘာဝအားဖြင့် သူတို့အောက်က လူတွေကို အုပ်ချုပ်သင့်တယ်မဟုတ်လား ဟိုရှု"
"အရှင် ကျွန်တော်က စစ်သည်တစ်ယောက်ပါပဲ။ ကျွန်တော်သိတဲ့အရာအားလုံးက တိုက်ခိုက်ဖို့ပဲ။"
ဟိုရှုကွေ့ချန် မပြောင်းမလဲပြန်ဖြေလိုက်သည်။ သူ့အမူအရာသည် အလွန်တရာမှခိုင်ကြည်လှကာ သူ့မျက်ခုံးပင် လုံးဝ မလှုပ်ရှားခဲ့ပေ။
"...ဒါ့အပြင် မဟာထန်က အရှင်ထင်ထားသလို ရင်ဆိုင်ရ မလွယ်ကူဘူး။"
ဟိုရှုကွေ့ချန် ပြောလိုက်သည်။
ဝူရှန်း၏ စစ်သူကြီးတစ်ယောက်အနေဖြင့် ဟိုရှုကွေ့ချန်သည် သူ့ကိုယ်သူအထင်မသေးပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် သူ့ရန်သူများကိုလည်း လျှော့မတွက်ပေ။ အကယ်၍ ဝူရှန်းသည် နယ်မြေချဲ့ထွင်လိုလျှင် မဟာထန်သည် သွားရမည့် အရပ်ဖြစ်သည်။ သို့သော် ဝူရှန်းသည် ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဖူးပေ။
ဝူရှန်းတိုင်းပြည်သည် ဒေသအသီးသီးကို တော်ဝင်မိသားစုမှ ရွေးချယ်ထားသော အင်အားစုများဖြင့် အုပ်ချုပ်သည့် ပဒေသရာဇ်စနစ်ဖြင့် ဖွဲ့စည်းထားခဲ့သည်။ လော့ရှိုမြို့တော်တွင် အာဏာသည် မီအတ်ဒ်ဆမ်လက်ထဲတွင် ဗဟိုပြုနေပြီး သူသည် သူ့ညီလေး လေးယောက်က အုပ်ချုပ်သည့် ဘုရင့်အနွယ်တော်လေးခုမှတဆင့် အုပ်ချုပ်မှုအာဏာကို ခွဲဝေထားခဲ့သည်။ မီအတ်ဒ်ဆမ်သည် သူ့ညီလေးလေးယောက်က အုပ်ချုပ်သည့် နာ့ယိဂိုဏ်း၊ လာ့ရှားဂိုဏ်း၊ ယေ့ဆယ်ဂိုဏ်းနှင့် ယာ့လန်ဂိုဏ်းဟု အမည်ရသော ဧကရာဇ်ဂိုဏ်းလေးခုကို အုပ်စိုးထားခဲ့သည်။
ဟိုရှုကွေ့ချန်နှင့် တာ့လန်ရို့ကျန်တို့သည် အရှေ့တောင်ဘက်ကို အုပ်ချုပ်သည့် နာ့ယိဂိုဏ်းထဲမှ ဖြစ်သည်။
ဤနယ်မြေသည် မဟာထန်၏ ကျင်းနန်နှင့် ထိစပ်နေခဲ့ပြီး မုန့်ရှီကျောက်၏ အားဟိုင်နှင့်လည်း သိပ်မဝေးပေ။ ဤနယ်မြေတွင် သူတို့၏ အဓိကရန်သူမှာ မဟာထန်၏ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ကျန့်ချိုးကျင်းချုံးနှင့် မုန့်ရှီကျောက်၏ ဦးသျှောင် ဂဲလျိုဖန်တို့ဖြစ်သည်။
ဤသည်မှာ အထူးသဖြင့် မဟာထန်၏ တောင်ပိုင်းကာကွယ်ရေးအိမ်တော်၊ လက်ရွေးစင်စစ်သည် တစ်သိန်းရှစ်သောင်းအတွက် ပိုမှန်သည်။ ၎င်းသည် ထိုနေရာတွင် သံချောင်းတစ်ချောင်းထိုးစိုက်ထားသကဲ့သို့ဖြစ်ကာ အခြားစွမ်းအားစုနှစ်ခုအပေါ် ကြီးမားသည့်ဖိအားကို သက်ရောက်စေသည်။
"ဟားဟား ဟိုရှု မင်းအခုထိ မကြားမိသေးဘူးလား။ မင်းရဲ့ ကမ္ဘာမကြေရန်သူဖြစ်တဲ့ ကျန့်ချိုးကျင်းချုံးဟာ တိုက်ပွဲဝန်ကြီးအဖြစ် တော်ဝင်ရုံးတော်ထဲဝင်ရောက်ချင်နေတယ်။"
တာ့လန်ရို့ကျန်သည် ရုတ်တရက်ရယ်မောလိုက်သည်။
"ဒီသတင်းက စိတ်ချလို့ရလား။"
ဟိုရှုကွေချန်သည် အံ့အားသင့်သွားခဲ့ပြီး သူ့တည်ငြိမ်မှုသည် နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။
"ဒါက အခုထိ အတည်မပြုရသေးဘူး ဒါပေမယ့် စိတ်ချရမှုကတော့ ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။"
တာ့လန်ရို့ကျန် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ကျန့်ချိုးကျင်းချုံးထွက်သွားတာနဲ့ မဟာထန်ရဲ့ ကျင်းနန်မှာ ဟာကွက်တစ်ခုပေါ်လာမှာပဲ ဒါက ငါတို့အတွက် အခွင့်ကောင်းတစ်ခုပဲ။"
ဤသို့ပြောလိုက်ကာ တာ့လန်ရို့ကျန်သည် ဝူရှန်း၏စစ်သူကြီးထံသို့ ဟန်ဆောင်ပြုံးတစ်ခုဖြင့် လှည့်ကြည့်လိုက်သည်။ ဟိုရှုကွေ့ချန်သည် ထိုစကားကို ကြားသည်နှင့် လက်သီးကို တင်းကြပ်စွာဆုပ်လိုက်မိသည်။ သို့သော် တခဏအကြာတွင် သူသည် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
"ဒါက အသုံးမဝင်ဘူး။ ကျန့်ချိုးကျင်းချုံးရဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့က ခက်ခဲတယ်။ အရှင်ရထားတဲ့ သတင်းဟာ အမှန်ဖြစ်မယ်မထင်ဘူး။ ဖြစ်နိုင်တာက ကျွန်တော်တို့ကို ထောင်ချောက်ထဲ မြှူဆွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလိုက်တာဖြစ်နိုင်တယ်။ ဒါ့အပြင် သူ မထွက်သွားခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမှာ အသေအချာပဲ။"
"ကျွန်တော် သူနဲ့ တိုက်ခိုက်တာကြာပြီ သူ့ကို ရင်ဆိုင်ဖို့က မလွယ်ဘူး။"
"ကျန့်ချိုးကျင်းချုံးက မလွယ်ကူတဲ့ပြိုင်ဘက်ဖြစ်နိုင်တယ် ဒါပေမယ့် သူ့နေရာဆက်ခံသူ ရှန်းယုချောင်ထုံကလည်း အတူတူပဲလို့ ပြောလို့မရဘူး။ တကယ်လို့ ကျန့်ချိုးကျင်းချုံးက မဟာထန်တော်ဝင်ရုံးတော်ထဲ တကယ်ပဲဝင်ရောက်ခဲ့ရင် ဟိုရှု မင်း စပြီးတော့ ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်။ မဟာထန်နဲ့ ငါတို့ တိုက်ပွဲမဖြစ်ခင် အချိန်သိပ်လိုမှာမဟုတ်ဘူး။"
တာ့လန်ရို့ကျန် လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော် တိုက်ပွဲကို မကြောက်ဘူး။ ဒါပေမယ့် အရှင် မြှားတစ်စင်းဟာ ပစ်လွှတ်ပြီးရင် ပြန်ရုတ်သိမ်းလို့ရဘူး။ ကျွန်တော်တို့ တကယ်ပဲ အဆင်သင့်ဖြစ်ပြီလား။"
ဟိုရှုကွေ့ချန်သည် သူ့ဆေဘာဓားလက်ကိုင်ကို ဆုပ်ကိုင်လျက် မေးလိုက်သည်။
မဟာထန်သည် လွယ်ကူသည့် ရန်သူမဟုတ်ပေ။ ဤအရာကို သမိုင်းထဲတွင် တွေ့နိုင်ပေသည်။ လွန်ခဲ့သည့် ထောင်စုနှစ်များအတွင်း အလယ်ပိုင်းလွင်ပြင်ဒေသသည် ဝူရှန်း လုံးဝသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသော နယ်မြေဖြစ်သည်။
သို့သော် အလားတူပင် မဟာထန်သည်လည်း ဝူရှန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။ သူတို့ကြားတိုက်ပွဲများသည် စတင်ပြီးသည်နှင့် အလျင်အမြန်ပင် အဆုံးသတ်သွားခဲ့သည်။
ဝူရှန်း၏ မဟာစစ်သူကြီးတစ်ဦးအနေဖြင့် ဟိုရှုကွေ့ချန်သည် ဤအရာအားလုံးကို ကောင်းကောင်းကြီးသိပေသည်။
စစ်မှန်သည့် စစ်သည်တော်တစ်ယောက်အနေဖြင့် ဟိုရှုကွေ့ချန်သည် စစ်မြေပြင်၌သာ ရှင်သန်ခဲ့ပြီး တိုက်ပွဲသည် သူ့ကိုဆင့်ခေါ်ခဲ့သည်။ သို့သော် ဝူရှန်း၏ စစ်သူကြီးတစ်ဦးအနေဖြင့် သူ့နောက်ရှိ တိုင်းပြည်ကို လျစ်လျူရှုထားခဲ့ခြင်းမရှိပေ။
"ဟီးဟီး ဒီတစ်ကြိမ်တော့ ကွာခြားလိမ့်မယ်။"
တာ့လန်ရို့ကျန်သည် ရယ်မောလိုက်ပြီး ယပ်တောင်ခပ်လိုက်သည်။
"ဒီတစ်ကြိမ်က နတ်ဘုရားတွေရဲ့အမိန့်တော်ပဲ။ ငါတို့ရဲ့ နတ်ဆရာက သုံးကြိမ်ပူဇော်ခဲ့ပြီး အကြိမ်တိုင်းမှာ တူညီတဲ့အဖြေပဲရရှိခဲ့တယ်။ ခြိမ်းခြောက်မှုက အရှေ့ဘက်ကနေ ပေါ်ထွက်လာမှာဖြစ်ပြီး ငါတို့ဝူရှန်းရဲ့ အန္တိမကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် စစ်ပွဲတစ်ခုက ဖြစ်ပွားလိမ့်မယ်။ ဒီခြိမ်းခြောက်မှုကို အစကတည်းက မဖြိုခွဲနိုင်ရင် ငါတို့ရဲ့ ဝူးရှန်ဟာ ဘေးဆိုးကြီးထဲ ကျဆင်းသွားလိမ့်မယ်။"
"ဟိုရှု တူညီတဲ့နတ်ဘုရားအမိန့်တော်သုံးခု မိန့်ကြားတဲ့ နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ချိန်ကို မင်းသိတယ်မဟုတ်လား။"
ဟိုရှုကွေချန်သည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ဤဝေးလံခေါင်သီသော ကုန်းပြင်မြင့်သည် ယဉ်ကျေးမှုနှင့် မင်းဆက်တစ်ခုတည်းသာ ရှိသည်မဟုတ်ခဲ့ပေ။ နှစ်ထောင်ပေါင်းများစွာအကြာက အခြားအားကောင်းသည့် မင်းဆက်တစ်ခုလည်း ရှိခဲ့သည်။ သို့သော် ဤအားကောင်းသည့် မင်းဆက်သည် ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
ယခု ကျန်ရှိခဲ့သည့် အရာအားလုံးမှာ သူ့နာမည်သာဖြစ်သည်။ ကျန်းကျွမ်မင်းဆက်။
ထိုသည်မှာ ကြက်သွေးရောင်ကောင်းကင်ဘုံရှန်ပိုခုနှစ်ပါးထက် ပိုရှေးကျသော သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်သည်။ သို့သော် ဝူရှန်း၏ အမြင့်ပိုင်းအရာရှိများမှလွဲ၍ မည်သူမျှ သူ့တည်ရှိမှုကို မသိပေ။ ထို့အပြင် ထိုသည်မှာ ယခင် တူညီသည့် နတ်ဘုရားအမိန့်တော်သုံးခု မိန့်ကြားခဲ့သည့် အချိန်လည်းဖြစ်သည်။
ထိုအချိန်က နတ်ဘုရားအမိန့်တော်သည် မဟာနှင်းတောင်နတ်ဘုရားဘုန်းတော်ကြီးကျောင်းနှင့် ကြက်သွေးရောင်ကောင်းကင်ဘုံရှန်ပိုခုနှစ်ပါးခေတ်၏ ပေါ်ပေါက်လာမှုနှင့် ပေါ်ထွက်လာမှုကို အတိအကျဟောဟိန်းထုတ်ထားခဲ့သည်။
ဝူရှန်းတိုင်းပြည်တွင် နတ်ဘုရားအမိန့်တော်သည် မဟာနှင်းတောင်နတ်ဘုရားဘုန်းတော်ကြီးကျောင်းထက် ပို၍ပင်မြင့်မားသည့် တည်ရှိမှုဖြစ်သည်။ မဟာဘုန်းတော်ကြီးသည်ပင် ၎င်းကို ငြင်းပယ်ရဲခြင်းမရှိခဲ့ပေ။
"ဒါပေမယ့် ငါ မင်းကို ပြောပြချင်တာက နတ်ဆရာဟာ နတ်ဘုရားအမိန့်တော်သုံးခုရှိတယ်လို့ အခိုင်အမာဆိုခဲ့ပေမဲ့ အမှန်က လေးခုရှိတယ်။ နောက်ဆုံးတစ်ခုကို ရှန်ပိုက ဖုံးကွယ်ထားတယ်။"
တာ့လန်ရို့ကျန်ပြောလိုက်သည်။
ဟိုရှုကွေ့ချန်၏မျက်နှာသည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
"လေးခုမြောက် နတ်ဘုရားအမိန့်က ဘာကို ကိုယ်စားပြုသလဲဆိုတာ ငါမပြောလဲ မင်းနားလည်မယ်ထင်တယ်။ ဝူရှန်းရဲ့သမိုင်းမှာ အဲလိုကိစ္စက အရင်က ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ ငါတို့နိုင်ငံရဲ့အရှေ့ဘက်မှာ မဟာထန် တစ်နိုင်ငံပဲရှိတယ် ဒါကြောင့် အန္တရာယ်က အဲဒီကနေလာတယ်ဆိုတာ သံသယရှိစရာမလိုဘူး။"
"မဟာထန်ကသာ ဝူရှန်းကို ကျရှုံးအောင် လုပ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒီအချိန်မှာ တုစုန့်မန့်ဖော်ကျယ်က အဲဒီကိစ္စကို စုံစမ်းဖို့ မဟာထန်ဆီ ပထမမင်းသားကို လိုက်ပါပို့ဆောင်နေတယ်။ မဟာထန်ရဲ့ ဧကရာဇ်ဟာ မကြာသေးမီက ယိုယွင်းကျဆင်းလာတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတယ် ဒါပေမယ့် ဒါက အတည်မပြုနိုင်သေးဘူး။ ဒါပေမယ့်လည်း တုစုန့်မန့်ဖော်ကျယ်က မကြာခင် ငါတို့ကို အတည်ပြုပေးနိုင်မယ်လို့ ငါယုံကြည်တယ်။"
တာ့လန်ရို့ကျန်သည် မဟာထန်တိုင်းပြည်တည်ရှိသည့် အရှေ့မြောက်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ သူ့နောက်ရှိ ဟိုရှုကွေ့ချန်သည်လည်း လိုက်ကြည့်လိုက်သည်။
တောင်ထိပ်တစ်ခုလုံးသည် လေနှင့်အတူ သယ်ဆောင်လာသော ရုတ်ရုတ်ရုတ်ရုတ်အသံများမှလွဲ၍ တိတ်ဆိတ်သွားခဲ့သည်။ ထိုအသံများမှာ မရေမတွက်နိုင်သော ဝူရှန်းစစ်သည်များ၏ လေ့ကျင့်မှုမှ အသံများဖြစ်သည်။
…………………………………………………………………………………………………………………
ဟောင်းလောင်လောင်
ဖုန်မှုန့်များ လေထဲလွင့်သွားခဲ့သည်။ မဟာထန်၏ အရှေ့တောင်ဘက်ရှိ ကျယ်ပြန့်သည့် ကုန်းမြေတစ်လျှောက်တွင် ဆယ်ကောင်ထက်ပိုသော အားကောင်းသည့် မြင်းများသည် ဒုန်းဆိုင်းပြေးနေခဲ့သည်။ မြင်းများသည် တစ်ဒါဇင်သာ ရှိသော်လည်း သူတို့သည် မြင်းစစ်တပ်တစ်ခု၏ ခွန်အားကို ခမ်းနားထည်ဝါစွာ ထုတ်ဖော်နေခဲ့ပြီး သူတို့ခြေထောက်ရှိ မြေပြင်သည်ပင် လှုပ်ခါသွားခဲ့ပုံပေါ်သည်။
"ဟားဟား ဆိုတော့ ဒါက မဟာထန်ပေါ့။ နေရာတိုင်းမှာ လယ်ကွင်းတွေနဲ့ အထည်ကုန်သည်တွေကို မြင်တွေ့နိုင်တယ်။ သူတို့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ သူရဲဘောကြောင်တဲ့ အကြည့်တွေနဲ့ ငါတို့ တိဗက်လူမျိုးတွေကို ဘယ်လို ယှဉ်နိုင်မှာလဲ။"
လူအုပ်၏ ရှေ့တွင် ဦးဆောင်နေသူမှာ မျက်ခုံးများ ဓားပုံသဏ္ဍာန်ပေါ်နေသော တိဗက်လူမျိုး လူငယ်တစ်ယောက်ဖြစ်သည်။ တိဗက်ဘာသာစကားကို ကျွမ်းကျင်စွာအော်ဟစ်ပြောဆိုကာ သူသည် ရယ်မောနေခဲ့သည်။
"ပထမမင်းသား ဒါက သတင်းကောင်းပါပဲ။"
မုန်တိုင်းနှင့် ဆင်တူသည့် ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်ဖော်ထားသည့် တုတ်ခိုင်သန်မာသည့် တိဗက်လူမျိုးတစ်ယောက်သည် ရှေ့သို့ဒုန်းဆိုင်းလျက် ပြောလိုက်သည်။ သူ့အသားအရေသည် နီညိုရောင်ဖြစ်ပြီး နေလောင်ဒဏ်ကြောင့်ဖြစ်ပုံပေါ်သည်။ သူ့အရပ်အမောင်းသည် အတော်လေး ပုသော်လည်း တောင်တန်း၏ စွမ်းအားသည်ပင် သူ့ကို ရွေ့လျားရန် မစွမ်းဆောင်နိုင်သကဲ့သို့ ခံစားရစေသည်။
ဤလူမှာ ဝူရှန်း၏ စစ်သူကြီးတစ်ယောက်ဖြစ်သည့် တုစုန့်မန့်ဖော်ကျယ်ဖြစ်သည်။
တုစုန့်သည် သူ့မိသားစုမျိုးရိုးနာမည်ဖြစ်ပြီး မန့်ဖော်ကျယ်သည် 'ရဲရင့်သည့် သိမ်းငှက်' ဟု အဓိပ္ပာယ်ရသည်။
ကုန်းပြင်မြင့်၏ အထူးချွန်ဆုံးမျိုးဆက်သာ မန့်ဖော်ကျယ်ဟူသော အမည်ကို ရရှိလိမ့်မည်ဖြစ်ပြီး ကလန်တိုင်းတွင် မန့်ဖော်ကျယ်တစ်ဦးသာ ရှိပေမည်။
"လက်ရှိမဟာထန်က ဟိုးတုန်းက မဟာထန်မဟုတ်တော့ဘူး။ သူတို့က ငြိမ်းချမ်းနေခဲ့တာ အချိန်အတော်ကြာပြီ သူတို့က ကြီးမားတဲ့ကံကောင်းမှုတွေကို ရှာဖွေရင်းနဲ့ သူတို့ကိုယ်ပိုင်အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ရာမှာသာ စိတ်ဝင်စားကြတော့တယ်။ ဒါက ငါတို့အတွက်ကောင်းတာပဲ။ တောင်တစ်လုံးဟာ ကျားနှစ်ကောင်အတွက် သေးငယ်လွန်းတယ်။ မဟာထန် အားနည်းလာခြင်းက ငါတို့ တက်လှမ်းဖို့ အချိန်ရောက်ပြီလို့ ဆိုလိုတယ်။"
တုစုန့်မန့်ဖော်ကျယ် ပြောလိုက်သည်။ သူသည် သားရေဦးထုပ်ကို ဆောင်းထားခဲ့ပြီး သူ့ဝတ်စုံသည်လည်း အလွန်သာမန်ဆန်နေခဲ့သည်။ ဤသည်က သူသည် သူမည်သူဖြစ်သည်ဆိုသည်ကို ဖုံးကွယ်ထားခြင်းပင်။
ဤသည်မှာ အကောင်းဆုံးဖုံးကွယ်ထားခြင်းမဟုတ်သော်လည်း မဟာထန်ရဲမက်များ၏ ဝူရှန်းကို နားလည်ထားသည်မှာ အလွန်မှ အားနည်းနေခဲ့သည်။ သူတို့သည် တုစုန့်မန့်ဖော်ကျယ်၏ ကြီးမြတ်သည့်နာမည်နာမကို ကြားခဲ့ဖူးလျှင်ပင် သူတို့သည် သူ့ကို မှတ်မိရန်မှာ မဖြစ်နိုင်ပေ။
…………………………………………………………………………………………………………………….
မူရင်းဘာသာပြန်သူမှတ်ချက်- ‘ကြက်သွေးရောင်ကောင်းကင်ဘုံ’ အမှန်တော့ ဒီကြက်သွေးရောင်ဟာ သက်တန့်ရဲ့ အပေါ်ဆုံးမှာရှိတဲ့ အရောင်ကို ရည်ညွှန်းတာပါ။ အထက်တန်းလွှာကို ရောက်ရှိရင် လူတစ်ယောက်ဟာ ဉာဏ်အလင်းပွင့်မှုရဲ့ အထွတ်အထိပ်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။
ကြက်သွေးရောင်ကောင်းကင်ဘုံရှန်ပိုခုနှစ်ပါးဟာ ညာထရီရှန်ပိုကနေ စတင်ခဲ့တဲ့ ရှန်ပိုမျိုးဆက် ခုနှစ်ဆက်ကို ရည်ညွှန်းတာပါ။
ဘာသာပြန်သူမှတ်ချက်- ရှန်ပိုဟာ တိဗက်လူမျိုးတို့ရဲ့ ခေါင်းဆောင် ဘုရင်ဖြစ်သူရဲ့ ဘွဲ့နာမည်တစ်ခုပါ။
အပိုင်း (၂၉၉) ရန်လိုနေသော ဟူ
"ဒါပေမယ့် ဒီလိုဆိုရင်တောင် ကျွန်တော်တို့ သတိထားပြီး ရှေ့ဆက်သင့်နေတုန်းပဲ။"
တုစုန့်မန့်ဖော်ကျယ် ပြောလိုက်သည်။
ဤသည်မှာ သူ ဤနေရာသို့ ရောက်သည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ ဤနေရာသို့ နောက်ဆုံးရောက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုဝန်းကျင် ရှိပြီဖြစ်သည်။ ထိုအချိန်က မဟာထန်အနှံ့အပြားတွင် စစ်သည်များ တပ်စွဲထားသည်ကို မြင်တွေ့နိုင်သည်။ ထိုသည်က စစ်ယန္တရားကဲ့သို့ပင်။ ဤနေရာသို့ ရောက်လာသူတိုင်း ကြီးမားသည့် ယန္တရား၏ လုပ်ဆောင်မှုကို မြင်တွေ့နိုင်သည်။
သို့သော် အောင်ပွဲများနှင့် အချိန်အတော်ကြာငြိမ်းချမ်းမှုတို့သည် ဤနေရာရှိ တိုင်းသူပြည်သားများကို အားရကျေနပ်ကာ စိတ်အေးလက်အေးဖြစ်စေခဲ့သည်။ အမှန်ပင် မဟာထန်သည် အားကောင်းနေဆဲဖြစ်သည်။ သို့သော် ကျဆင်းနေသည့် လက္ခဏာများကို တုစုန့်မန့်ဖော်ကျယ် ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
ထိုသည်က ယနေ့ထက်တိုင် ကြီးထွားနေဆဲဖြစ်သော ဝူရှန်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ သံသယရှိစရာမလိုအောင် ဝူရှန်းခေတ်သည် လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။
"ခင်ဗျား ဘာကို ကြောက်နေတာလဲ။"
ပထမမင်းသားလေး၏ စကားသံ ထွက်ပေါ်လာခဲ့သည်။
"တုစုန့်မန့်ဖော်ကျယ် ခင်ဗျား တုစုန့်ကလန်ရဲ့ ရဲစွမ်းသတ္တိတွေ ဆုံးရှုံးထားရတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။ ဝူရှန်းက မဟာထန်ကို ဆန့်ကျင်ရပ်တည်နိုင်ခဲ့တာက ငါတို့ရဲ့ ရဲရင့်တဲ့စစ်သည်တွေ၊ ငါတို့ကိုင်စွဲထားတဲ့ ဓားတွေနဲ့ လေးတွေကြောင့်ပဲ။ သူတို့ကို ငါတို့ ဦးညွှတ်ခဲ့တာကြောင့်မဟုတ်ဘူး။ ဒါ့အပြင် ငါတို့ဒီကိုရောက်နေတာက မဟာထန်ရဲ့ အစစ်အမှန်ပုံစံကို မြင်ချင်လို့ပဲ။ ငါတို့က တော်တော်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲတွေ မလုပ်ရင် သူတို့ရဲ့ ပုံသဏ္ဌာန်အမှန်ကို ငါတို့ ဘယ်လိုလုပ်မြင်နိုင်မှာလဲ။ ပိုပြီး အရေးကြီးတာက ငါတို့ဟာ သံတမန်တွေပဲ။ မဟာထန်က တိုင်းတပါးဧည့်သည်တွေအပေါ် သူတို့ရဲ့ကျင့်ဝတ်သိက္ခာကို ဂုဏ်ယူနေကြတာ မဟုတ်လား။ သူတို့ ငါတို့ကို တစ်ခုခုလုပ်ဝံ့သလား ကြည့်ရအောင်။"
တုစုန့်မန့်ဖော်ကျယ်သည် ထိုစကားလုံးများကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့သည်။
ပထမမင်းသား၏ ထင်ထင်ပေါ်ပေါ်နေရန်ဟူသော အမိန့်ကြောင့် သူချောက်ချားသွားခဲ့ရသော်လည်း တစ်ဖက်လူ၏ စကားထဲတွင် အမှန်တရားတချို့ပါရှိသည်ကို သူဝန်ခံရပေလိမ့်မည်။
သံတမန်များ အပါအဝင် ဝူရှန်းသို့ လာသမျှလူအားလုံးသည် နိမ့်ကျသည့်ပုံရိပ်ဖြင့် ဂရုတစိုက် ရှေ့ဆက်ကြရမည်ဖြစ်သည်။ ဤသည်မှာ အရှေ့အနောက် တာ့ဂီကာဂနိတ်၊ အာဘတ်စစ်စော်ဘွားနှင့် ခဲရပ်စပါစီနူ တို့အတွက်လည်း အတူတူပင်ဖြစ်သည်။
မဟာထန်သည် တစ်ခုတည်းသောချို့ယွင်းချက်ဖြစ်သည်။
ဤနေရာတွင် သံတမန်များသည် မယုံနိုင်စရာကောင်းသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။ အမှန်တွင် မဟာထန်သည် 'မှီခိုသူများ၏ ဘုရင်အမှုထမ်း' ဟု အမည်ရသော အဖွဲ့အစည်းတစ်ခုကို တိုင်းတစ်ပါးသံတမန်များအား စော်ကားဝံ့သည့် လူများကို အပြစ်ပေးရန်ပင် ဖွဲ့စည်းထားခဲ့သည်။ ထို့အပြင် ဤတစ်ကြိမ်တွင် သူတို့ကို ‘မှီခိုသူများ၏ ဘုရင့်အမှုထမ်း’က ဤနေရာသို့ ဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။
"ကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က မဟာထန်မှာ နှစ်လ သုံးလ ကြာဦးမှာပဲ။ ကျွန်တော် ပထမမင်းသားရဲ့ အမိန့်တွေကို လိုက်နာပါ့မယ်။"
တုစုန့်မန့်ဖော်ကျယ် ပြန်ဖြေလိုက်သည်။
"အဲလိုပဲ ဖြစ်ရမှာပေါ့။ ဒီတစ်ကြိမ် မဟာထန်ထဲမှာ ဘယ်လိုပုဂ္ဂိုလ်ကများ ပုန်းကွယ်နေသလဲဆိုတာ ငါ မြင်ချင်သေးတယ်။"
ပထမမင်းသားသည် သူ့မြင်းကို ရှေ့သို့ဒုန်းဆိုင်းလျက် ရယ်မောလိုက်သည်။ လူတိုင်းသည်လည်း ချက်ချင်း လိုက်ပါသွားခဲ့ကြသည်။
……………………………………………………………………………………………………………….
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၊ အဖြူရောင်ကျားတောင်ထွတ်...
‘ဝမြးးးး’
မူလစွမ်းအင်သည် ပတ်ဝန်းကျင်မှ တိုးဝင်လာခဲ့သည်။ ဝမ်ချောင်သည် မြေပြင်ပေါ်တွင် ထိုင်နေခဲ့ကာ မူလစွမ်းအင်ကြောင့် ဖြစ်ပေါ်လာခဲ့သော အဖြူရောင်မြူခိုးအလွှာပါးလေးသည် သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေခဲ့သည်။
ဤသည်က ခွန်းဝူလေ့ကျင့်ရေးစခန်း၏ အဓိကခန်းမ စိတ်ဝိဉာဉ်စုဆောင်းခြင်းဖွဲ့စည်းပုံ မဟုတ်ခဲ့သော်လည်း ဝမ်ချောင်ပတ်ပတ်လည်ရှိ မူလစွမ်းအင် စုစည်းခြင်းသည် မယုံနိုင်စရာဖြစ်ကာ စိတ်ဝိဉာဉ်စုစည်းခြင်း ဖွဲ့စည်းပုံထက်ပင် သာလွန်နေခဲ့သည်။
ဤသည်က ရွှေကိုယ်တွင်းအင်္ဂါ၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
ဝမ်ချောင်၏ မူလစွမ်းအင်နှင့် ရင်းနှီးကျွမ်းဝင်မှုသည် ခွန်းဝူရှိ လူတိုင်းထက် သာလွန်နေခဲ့ပြီး ဤသည်က သူ့အား ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကို လွတ်လပ်စွာ ဆွဲထုတ်သည့် စွမ်းရည်ကို ရရှိစေခဲ့သည်။ မူလစွမ်းအင်သည် ကျန့်များစွာအကွာအဝေးရှိသော အချင်းဝက်အတွင်း အချိန်တိုအတွင်းမှာပင် ခြောက်သွေ့သွားခဲ့သည်။
သို့သော်လည်း ပိုများသောမူလစွမ်းအင်သည် ပျောက်ကွယ်သွားသောနေရာထဲသို့ အလိုအလျောက် ပြန်လည်ပြည့်တင်းလာခဲ့သည်။ မူလစွမ်းအင်သည် ပျံ့နှံ့တတ်သောနိယာမအလျောက် ထူထပ်စွာစုစည်းနေသောနေရာမှ စုစည်းမှုနည်းသောနေရာသို့ အဆက်မပြတ်ရွေ့လျားလာခဲ့သည်။ တစ်နည်းဆိုရလျှင် ဝမ်ချောင်ရှိနေသည့် နေရာဝန်းကျင်သည် အနက်ရောင်တွင်းပေါက်ကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်မှ မူလစွမ်းအင်ကို အဆက်မပြတ် ဆွဲယူနေခဲ့သည်။
ရွှေကိုယ်တွင်းအင်္ဂါ၏ အကျိုးသက်ရောက်မှုသည် ဝမ်ချောင်အား သူ့ပတ်ဝန်းကျင်မှ မူလစွမ်းအင်ကို စိုးရိမ်စရာမလိုဘဲ စုပ်ယူနိုင်စေခဲ့သည်။ သူသည် ရွှေကိုယ်တွင်းအင်္ဂါကို လဲလှယ်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း သူသည် ထိုအရာမှ အကျိုးအမြတ်ကြီးစွာ ရနေခဲ့ပြီဖြစ်သည်။
‘ဝမြးးး’
သိပ်သည်းသော အဖြူရောင်မြူခိုးများအတွင်းတွင် ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဖြူရောင် တောက်ပြောင်နေသည့် လှိုင်းဂယက်များသည် လှည့်ပတ်မှုတစ်ခုအဖြစ် အဆက်မပြတ် ဆန့်ထွက်လာပြီးနောက် ကျုံ့သွားခဲ့သည်။ လှည့်ပတ်မှုတိုင်းတွင် သတ္တုသံများပါဝင်နေခဲ့ပြီး ဝမ်ချောင်သည်လည်း အနည်းငယ် တိုးတက်သန်မာလာခဲ့သည်။
အဖြူရောင် လှိုင်းဂယက်များသည် မူလစွမ်းအင် ကျင့်ကြံသူတစ်ယောက် ထိန်းချုပ်နိုင်သည့် အသန်မာဆုံး စွမ်းရည်ဖြစ်သည်။ အလားတူပင် ချီစက်ကွင်းတစ်ခု၏ အခြေခံပုံစံလည်းဖြစ်သည်။
လူတစ်ယောက်၏ ကျင့်ကြံခြင်းသည် မူလစွမ်းအင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါက သူထုတ်ဖော်လိုက်သော တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် ဤဖျက်ဆီးနိုင်သော လှိုင်းဂယက်များကို ထည့်သွင်းပေါင်းစပ်နိုင်မည်ဖြစ်ပြီး သူ့ခွန်အားကို သိသိသာသာ တိုးတက်စေမည်ဖြစ်သည်။
ဤအတောအတွင်းတွင် ဝမ်ချောင်သည် သူ့အာရုံအားလုံးကို ကြယ်တာရာစွမ်းအင် ဖန်တီးရန်နှင့် သူ့အဖြူရောင်လှိုင်းဂယက်များကို အားဖြည့်ကာ သူတို့ကို ပိုမိုသန်မာလာစေရန် အစစ်အမှန်သိုင်းပညာအဆင့်ငယ်အပေါ်၌သာ အာရုံစိုက်ထားခဲ့သည်။
ဝမ်ချောင်၏ လူရိုင်းနတ်ဘုရားခွန်အားသည်လည်း အဆင့် ၉ သို့ ရောက်သွားခဲ့ကာ သူ့ကို သာမန်မူလစွမ်းအင်နယ်ပယ်အဆင့် ၉ ကျင့်ကြံသူများထက် သုံးဆခန့် ပိုမိုသန်မာလာစေခဲ့သည်။ သူသည် အဆင့် ၁ အစစ်အမှန်သိုင်းပညာနယ်တစ်ယောက်နီးပါး သန်မာလာခဲ့ပြီဖြစ်သည်။
‘ဝမြးးး’
တစ်ခဏကြာပြီးနောက် ဝမ်ချောင်၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ရောက်သွားခဲ့ပြီး လင်းလက်သည့် အလင်းရောင်သည် ရုတ်တရက် တောက်ပသွားခဲ့သည်။ နောက်တစ်ခဏတွင် ဝမ်ချောင်သည် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
‘ဘန်း ဘန်း ဘန်း ဘန်း’
ပတ်ဝန်းကျင်တွင် အဆက်မပြတ်ပေါက်ကွဲသံ ရှစ်ခု ပေါ်ထွက်လာခဲ့သည်။ ရှင်းလင်းသည့် လက်သီးရာရှစ်ခုသည် အခန်း၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင် နှင့် အနောက်မြောက်ဘက်ရှိ နံရံပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
ဤလက်သီးရာ ရှစ်ခုပေါ်ထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် နောက်ထပ် အလင်းရောင် လက်ခနဲဖြစ်သွားခဲ့ကာ ဝမ်ချောင်သည် အခန်းအလယ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
"တစ်၊ နှစ်၊ သုံး၊ လေး... စုစုပေါင်း လက်သီးချက်ရှစ်ခုရှိတယ်။ လှုပ်ရှားမှုတစ်ခုတည်းမှာ လက်သီးချက်ရှစ်ခုထုတ်ဖော်နိုင်ဖို့ဆိုတာ... နောက်ဆုံးတော့ ငါဟာ ဒေါသထွက်နေတဲ့ ရေနဂါးရဲ့ ခြေလှမ်းရှစ်လှမ်းကို ကျင့်ကြံနိုင်ခဲ့ပြီ။"
အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ ဝမ်ချောင်သည် သူ့ပတ်ပတ်လည်ရှိ လက်သီးထိုးချက်ရှစ်ခုကို ကျေနပ်အားရစွာ ကြည့်လျက် အခန်းအလယ်တွင် မတ်တပ်ရပ်နေခဲ့သည်။ ဤအတောအတွင်း သူသည် ရွှေကိုယ်တွင်းအင်္ဂါနှင့် အစစ်အမှန်သိုင်းပညာအဆင့်ငယ်ကို အသုံးပြုကာ သူ့ကြယ်တာရာစွမ်းအင်ကိုသာ ဖန်တီးနေခဲ့ခြင်းမဟုတ်ပေ။
သူ့သရဲခြေလှမ်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သူ့ကျင့်ကြံခြင်းတွင် ကြီးမားစွာ တိုးတက်လာခြင်းနှင့်အတူ ဝမ်ချောင်သည် နောက်ဆုံးတွင် အစွမ်းထက်သော လျှို့ဝှက်သိုင်းပညာရပ်တစ်ခုကို ကျင့်ကြံနိုင်ခဲ့သည်။ ဒေါသထွက်နေသည့် ရေနဂါး၏ ခြေလှမ်းရှစ်လှမ်း။
ဤသည်မှာ တစ်ကြိမ်သာ အသုံးပြုရသည့် လျှို့ဝှက် သိုင်းပညာရပ်ဖြစ်သည်။ ထိုသည်က သူ့ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် ချေမှုန်းရန်နှင့် သူ့ထက်များစွာ ကျော်လွန်နေသော တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်ရန်စွမ်းနိုင်သည်။ သို့သော် သူ့မူလစွမ်းအင် အားလုံးကို ကုန်ဆုံးစေခဲ့သည်။
ဤသည်က လူတစ်ဦး၏ အဆင့်ထက် များစွာကျော်လွန်နေသော ရန်သူများကို ချေမှုန်းရန် တီထွင်ထားခဲ့သည့် နည်းစနစ်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဒေါသထွက်နေသည့် ရေနဂါး၏ ခြေလှမ်းရှစ်လှမ်းကို ထုတ်ဖော်လိုက်ခြင်းဖြင့်ပင် ပြိုင်ဘက်ကို အနိုင်မယူနိုင်ခဲ့ပါက ဦးဆုံးအနေဖြင့် ထိုတစ်ယောက်သည် သူ့ပြိုင်ဘက်ကို ယှဉ်နိုင်ရန် အခွင့်အရေးမရှိတော့ဟု ဆိုနိုင်သည်။
ဒါ ဒါ ဒါ
ဝမ်ချောင် ပြန်လည်အားပြည့်လာချိန်တွင် အပြင်ဘက်မှ အလောကြီးနေသည့် ခြေသံများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ဟမ်"
ဝမ်ချောင်သည် မျက်မှောင်ကြုတ်လိုက်ကာ တံခါးကို ကြည့်သည်။ သူသည် ရင်းနှီးနေသည့် လူတစ်ယောက် တောင်ပေါ်သို့ ပြေးတက်လာကာ သူ့အခန်းဆီသို့ ဦးတည်လာနေသည်ကို အဟကြားမှနေ၍ တွေ့လိုက်သည်။
"သခင်လေး ဆိုးဝါးတာ တစ်ခုခုဖြစ်နေပြီ။"
ရွှီးချီသည် သူ့အခန်းသို့ မရောက်မီမှာပင် ပျာပျာသလဲ အော်လိုက်သည်။ ဝမ်ချောင်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။ ဤသည်မှာ ရွှီးချီကို သူသိလာခဲ့သည့် အချိန်အတောအတွင်း တစ်ဖက်လူ အလွန်စိုးရိမ်နေခဲ့သည်ကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေလို့လဲ။"
ဝမ်ချောင်သည် တံခါးဖွင့်လိုက်ပြီးနောက် ချက်ချင်းမေးလိုက်သည်။
"သခင်လေး, တစ်ခုခုဖြစ်သွားခဲ့တယ်။ တစ်ယောက်ယောက်က ချန်ပုရန်ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပြီး ကောင်းဖုန်နဲ့ နျန်ယန်က သူ့ကိုကူညီခဲ့ပေမဲ့ သူတို့လည်း အဝိုင်းခံလိုက်ရပါတယ်။ ကျွမ်းကျန့်ဖျင်နဲ့ ချီဝေ့စီတို့တောင် ချမ်းသာရာမရခဲ့ဘူး။"
ရွှီးချီသည် စိုးရိမ်တကြီးဖြင့် ချက်ချင်းပြောပြလိုက်သည်။
"ဘာ"
ဝမ်ချောင်၏ မျက်နှာသည် အံ့အားသင့်စွာဖြင့် တွန့်ချိုးသွားခဲ့သည်။
"ဒါက ဘယ်လိုဖြစ်တာလဲ။ မင်းတို့ သူတို့နဲ့ ဘယ်လို ပဋိပက္ခဖြစ်ခဲ့တာလဲ။"
ဤသည်မှာ ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် ဤသို့သောအရာကို ပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။
"ကျွန်တော်တို့က သူတို့ကို ရန်စတဲ့သူတွေမဟုတ်ပါဘူး သူတို့ကသာ ကျွန်တော်တို့ကို အရင် ရန်လာစခဲ့တာ။ ချန်ပုရန် ကျင့်ကြံနေချိန်မှာ လူတစ်စုက သူ့ကို နှင်ထုတ်ဖို့ ရုတ်တရက် ဝင်ရောက်လာခဲ့တယ်။ ဒေါသထွက်ရမယ့်အစား ချန်ပုရန်က သူတို့နဲ့ အကျိုးသင့်အကြောင်းသင့် ပြောဖို့ ကြိုးစားခဲ့ပေမယ့် တစ်ဖက်က အကြမ်းဖက်လာခဲ့တယ်။ ကောင်းဖုန့်နဲ့ နျန်ယန်က အဲဒီမှာရှိနေတော့ အကူအညီပေးဖို့ အပြေးအလွှားသွားခဲ့တာပေါ့။ ဒါပေမယ့်လည်း တစ်ဖက်က ပြင်ဆင်လာခဲ့ပုံရတယ် လူအများကြီး စုပြုံလာခဲ့ပြီး သူတို့က ချန်ပုရန်တို့ကို ဒဏ်ရာရစေခဲ့တယ်။ တစ်စုံတစ်ယောက်က ကျွန်တော်တို့နဲ့ ရင်ဆိုင်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်တယ်..."
ရွှီးချီစကားမဆုံးမီမှာပင် ဝမ်ချောင် သူ့ကို ဖြတ်ပြောလိုက်သည်။
"ငါ့ကို ခေါ်သွားပေး။"
…………………………………………………………………………………………………………………….
ခွန်းဝူလေ့ကျင့်ရေးစခန်း၏ အဓိကတောင်ထွတ်ပေါ်တွင် လူအုပ်ကြီးတစ်ခု စုဝေးနေခဲ့သည်။
ရွှီးချီ၏ ဦးဆောင်မှုဖြင့် ဝမ်ချောင်ရောက်သွားချိန်တွင် လူအုပ်စုနှစ်စုသည် အချင်းချင်း မျက်နှာမူနေသည်ကို မြင်လိုက်ရသည်။ အုပ်စုတစ်စုသည် အခြားတစ်စုထက် ပို၍ကြီးမားသည်မှာ ရှင်းလင်းလှပြီး လက်ရှိတွင် သူတို့သည် တစ်ဖက်အုပ်စုကို ကစားချင်နေသည့် အကြည့်ဖြင့် ပိတ်ဆို့ထားခဲ့သည်။
"ဟူ တွေ"
ဝမ်ချောင်သည် အုပ်စုနှစ်ခုကို သေချာကြည့်လိုက်သောအခါ သူသည် ချက်ချင်း မှင်သက်သွားခဲ့သည်။ လူများသောအဖွဲ့သည် ရှည်လျားသောနှာတံများနှင့် နက်ရှိုင်းသော မျက်ဝန်းများရှိပြီး ဟူတို့၏ ပုံစံကို ဖော်ပြနေသည်။
ရွှီးချီသည် ချန်ပုရန် ဒဏ်ရာရနေသည်ကိုသာ ပြောပြခဲ့ပြီး သူနှင့်တိုက်ခိုက်ခဲ့သူသည် ဟူဖြစ်သည်ဟု မပြောခဲ့ပေ။
"ဟုတ်သားပဲ သခင်လေး ကျွန်တော်ပြောဖို့မေ့သွားတယ် ချန်ပုရန်ကို ရိုက်နှက်ခဲ့တာ ဟူတွေပါ။"
ရွှီးချီသည် ဤကိစ္စကို သတိရလိုက်ပြီး ချက်ချင်း ထည့်ဖြည့်ပြောလိုက်သည်။
'သူတို့က ဒါကို ငါ့ကြောင့် လုပ်ခဲ့တာလား။'
ဝမ်ချောင်၏ စိတ်ထဲ မေးခွန်းတစ်ခု ဝင်လာခဲ့သည်။ ရွှီးချီပြောခဲ့သည့် ‘တစ်ဖက်လူသည် ပြင်ဆင်လာခဲ့ပုံရသည်’ ဆိုသည်ကို သူ သတိရလိုက်သည်။
ချန်ပုရန်သည် နိမ့်ကျသော နောက်ခံမှ ဆင်းသက်လာသောကြောင့် သူ့ကို ကိုင်တွယ်ဖြေရှင်းရန် မည်သူကမျှ ဤမျှ ကြီးမားသော ပြဿနာကို စတင်စရာ အကြောင်းမရှိပေ။ မှန်ကန်သည့် ပစ်မှတ်သည် ဝမ်ချောင်သာ ဖြစ်သည်။ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက်ပြီးနောက် ဝမ်ချောင်သည် ဟူအားလုံး၏ ရန်သူဖြစ်လာခဲ့သည်။
ထိုအဖြစ်အပျက်ကိုယ်၌ကပင် လေ့ကျင့်ရေးစခန်းရှိ ဟူတို့အတွက် သူ့ကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည့် အကြောင်းပြချက်ဖြစ်သည်။ သို့သော် လူအုပ်ကြားရှိ ချန်ပုရန်ကို မြင်လိုက်ရသောအခါ ဝမ်ချောင်၏ မျက်နှာ မဲပြာသွားခဲ့သည်။ သူကိုယ်ခန္ဓာတစ်ခုလုံး ဒေါသထွက်လာခဲ့ကာ သူ့ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့သည်။
ချန်ပုရန်သည် လက်ရှိတွင် ကြမ်းပြင်ပေါ် လဲလျောင်းနေခဲ့ပြီး သူမျက်နှာသည် ဒဏ်ရာဒဏ်ချက်များဖြင့် ဖုရောင်နေခဲ့သည်။ သူ့အဝတ်အစားနှင့် မြေပြင်သည် သူ့သွေးကြောင့် ကြက်သွေးရောင်ဖြစ်နေခဲ့သည်။ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ၊ ကောင်းဖုန့်၊ နျန်ယန်နှင့် လူအချို့သည် သူ့ကို ဝန်းရံ၍ ရပ်နေခဲ့ကြပြီး ဟူတို့ကို စိုက်ကြည့်နေခဲ့ကြသည်။ သို့သော် သူတို့တစ်ယောက်စီသည် ဒဏ်ရာရနေခဲ့ကြသည်။
"ခွေးမသားတွေ။"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ချောင်သည် ဒေါသပေါက်ကွဲထွက်သွားခဲ့သည်။
ချန်ပုရန်သည် မုဆိုးမိသားစုမှ လာခဲ့ခြင်းဖြစ်ပြီး သူသည် လေးပစ်ရာတွင် ကျွမ်းကျင်သည်။ သို့သော် သူသည် လေးအတတ်တွင်သာ သူ့အာရုံအားလုံးကို စူးစိုက်ထားခဲ့ခြင်းကြောင့် သူ့အနီးကပ်တိုက်ခိုက်မှုသည် သာမန်သာဖြစ်သည်။
ရွှီးချီ မှန်ပေသည်။ ဤလူများသည် သူတို့အားလုံးတွင် အလွယ်ကူဆုံးပစ်မှတ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး တမင်ပြင်ဆင်လာခဲ့သည်မှာ ထင်ရှားလှသည်။ ဒေါသထွက်နေသည့် မျက်နှာဖြင့် ဝမ်ချောင်သည် ထိုနေရာသို့ သွားလိုက်သည်။
"ဟမ် ဘယ်သူက မင်းတို့ကို ဒီကိုလာဖို့ ခွင့်ပြုလို့လဲ။"
ဝမ်ချောင်နှင့် ရွှီးချီကို မြင်သည်နှင့် ဟူတစ်ယောက်သည် သူတို့ရှေ့သို့ ရောက်လာပြီး သူတို့လမ်းကို ပိတ်ဆို့ထားခဲ့သည်။
"ထွက်သွား"
ဝမ်ချောင်၏ အေးစက်သည့် မျက်လုံးများမှ သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့ကာ တခဏအတွင်းမှာပင် ဆူညံနေသည့် လူအုပ်ကြီးသည် တိတ်ဆိတ်သွားခဲ့သည်။ မျက်လုံးများစွာသည် ဝမ်ချောင်နှင့် ရွှီးချီဆီသို့ ရောက်လာခဲ့သည်။ ဝမ်ချောင်၏ အေးစက်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါတွင် သူတို့၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားသွားသည်ကို ခံစားလိုက်ရသည်။
"ဟမ်း ဘယ်သူများလဲလို့ တွေးနေခဲ့တာ။ ဆိုတော့ ငါတို့ပြပွဲရဲ့ မင်းသားက ရောက်လာခဲ့ပြီပေါ့။ အားစီလျို ဝမ်သခင်လေးကိုတောင် မင်း မမှတ်မိဘူးလား။ သူ့ကို ဝင်ခိုင်းလိုက်ပါ။"
ရုတ်တရက်ပင် လှောင်ပြောင်သည့် အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဟူ အုပ်စုထဲတွင် ဟူလူငယ်တစ်ယောက်သည် အေးစက်စွာ သရော်လိုက်သည်။ သူသည် ဓားသွားကဲ့သို့ စူးရှနေသည့် အကြည့်ဖြင့် ဝမ်ချောင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။
…………………………………………………………………………………………………………………
အပိုင်း ၃၀၀ ကျားနှစ်ကောင်ကြားက တိုက်ပွဲ
ထိုဟူလူငယ်ထံမှ ဝမ်ချောင်ခံစားနေရသည့် ခံစားချက်သည် ထိုလူ့အနားရှိ အခြားလူများနှင့် ခြားနားလှသည်။ အခြားလူများသည် သူ့ကို ရန်လိုရုံမျှသာ ရှုမြင်ခဲ့ကြသော်လည်း ဤလူမှနေ၍ မလိုမုန်းတီးမှုကို သူခံစားရနိုင်သည်။ ဤသည်မှာ အမြင်မတူခြင်းကြောင့်သက်သက်ပင် မဟုတ်နိုင်ပေ။ အတိတ်တွင် သူတို့ကြား တစ်ခုခု ဖြစ်ပွားခဲ့သကဲ့သို့ပင်။
သို့သော် ဝမ်ချောင်သည် ဤလူကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။
ဝမ်ချောင်သည် မြို့တော်ရှိ ဟူများနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးခြင်းမရှိပေ။ သို့သော်ငြားလည်း သူသည် တစ်ဖက်လူမည်သူဖြစ်သည်ဆိုသည်ကို ရေးရေးမျှ ရိပ်မိနေသည်။
'ခွန်းဝူလေ့ကျင့်ရေးစခန်းကို ဝင်ရောက်နိုင်တဲ့လူတွေကို ကန့်သတ်ဖို့ တင်းကျပ်တဲ့လိုအပ်ချက်တစ်ခုရှိတယ်။ ဒါ့အပြင် ငါ ဘယ်သူလဲဆိုတာကို သိတာတောင်မှာ ငါ့ကိုရန်စရဲတဲ့ ဟူ တွေ အများကြီးမရှိဘူး။'
ဝမ်ချောင်တွင် သူ့ရှေ့ရှိ ဟူလူငယ်သည် မည်သူဖြစ်သည်ဆိုသည်ကို ခန့်မှန်းချက်တချို့ရှိသည်။
ဝမ်ချောင်သည် ဟူလူငယ်ကို လျစ်လျူရှုလိုက်ကာ လူအုပ်ကြီးကို ဖြတ်သန်းပြီး ချန်ပုရန်အနားသို့ သွားလိုက်သည်။ သူသည် ထိုင်ချလိုက်ကာ အခြေအနေကိုစမ်းသပ်ရန် သူ့လက်ချောင်းကို ချန်ပုရန်လည်တိုင်ထက်သို့ တင်လိုက်သည်။
"...ချန်ပုရန်က သူ့ရဲ့ ပြင်းထန်တဲ့ဒဏ်ရာကြောင့် သတိလစ်သွားခဲ့တယ်။ ကျွန်တော်တို့ သူ့ကို ခေါ်သွားချင်ပေမယ့် ဒီလူတွေက ကျွန်တော်တို့ကို ဟန့်တားထားခဲ့တယ်။"
ကောင်းဖုန့်နှင့် နျန်ယန်တို့သည် စိုးရွံ့စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ ဒီကို သတင်းကြားပြီးပြီးချင်း လာခဲ့တယ် ဒါပေမယ့် ဒီကိစ္စကို အကြီးကြီးဖြစ်အောင်လုပ်ဖို့ တစ်ဖက်လူတွေက ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိ မြှားခေါ်ခဲ့ပုံပဲ။ ကျွန်တော်တို့ရောက်ပြီးတာနဲ့ တစ်ဖက်လူတွေက စစ်ကူတွေ ပိုပြီးခေါ်ဆောင်လာပြီး ကျွန်တော်တို့ကို ထိန်းထားခဲ့တယ်။"
ချီဝေ့စီ ထပ်ဖြည့်ပြောလိုက်သည်။ သူ့မျက်နှာသည် ဖူးရောင်နေသောကြောင့် သူသည်လည်း ဟူများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပေမည်။
"သခင်လေး သတိထားပါ။ ကျွန်တော် ဒီလူကိုသိတယ် သူက ဟူမဟာစစ်သူကြီး အားပူစီရဲ့ ဒုတိယသား အားပူတန်ပဲ။ သူ့ဘေးမှာရှိတဲ့ ဒီလူတွေက ထန်းလျိုလူမျိုးစုရဲ့ လက်ရွေးစင်တွေပဲ။ မွေးကတည်းက ထန်းလျိုလူမျိုးစုက လူတွေဟာ သူတို့နဲ့အတူ တစ်သက်တာ လိုက်ပါဖို့ မြင်းငယ်တစ်ကောင် ရွေးချယ်ကြတယ်။ သူတို့က သူတို့ရဲ့ မြင်းငယ်တွေကို သူတို့ရဲ့ အနီးစပ်ဆုံးဆွေမျိုးတွေလိုပဲ ဆက်ဆံကြတယ် ဒါကြောင့် သူတို့ရဲ့ မြင်းတွေဟာလည်း လူသားတွေရဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားကြတယ်။ ဒီလိုနဲ့ ထန်းလျိုမြင်းတွေဟာ ထန်းလျိုလူမျိုးတွေက လွဲလို့ ဘယ်သူမှ မထိန်းချုပ်နိုင်ဘူးလို့ ကျော်ကြားခဲ့တယ်။ ထန်းလျိုတွေဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံးမြင်းစစ်သည်တွေအဖြစ် ကျော်ကြားကြတယ်။ ဒီလူတွေက ရင်ဆိုင်ဖို့ မလွယ်ကူဘူး။"
ကျွမ်းကျန့်ဖျင်သည် လေးနက်သည့် အမူအရာဖြင့် တီးတိုးပြောလိုက်သည်။ ချီကလန်သည် သူ့တို့၏ သံမဏိမြင်းအစောင့်များကြောင့် ကျော်ကြားပြီး ကျွမ်းကလန်သည် သူတို့၏ သံမဏိမြင်းစစ်သည်ကြောင့် ကျော်ကြားသည်။ ပင်ကိုယ်အားဖြင့် သူသည် ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော လက်ရွေးစင်တပ်သားများကို ကောင်းစွာ သိရှိထားသည်။ သို့သော် ကျွမ်းကလန်ဂုဏ်ယူရသော သံမဏိမြင်းစစ်သည်များသည်ပင် ထန်းလျိုလူမျိုးစု၏ မြင်းစစ်သည်များကို ယှဉ်နိုင်ခြင်းမရှိပေ။
ထန်းလျိုမြင်းတပ်သည် အလွန်တင်းကျပ်သော လေ့ကျင့်မှုနှင့် စည်းကမ်းကို လိုက်နာကြရသည်။ သူတို့၏ တိုက်ခိုက်ရေးမြင်းများကို မည်သို့ဆက်ဆံသလဲဆိုသည့် အချက်တွင် ကျွမ်းကလန်သည် သူတို့နှင့် နှိုင်းယှဉ်၍ပင် မရပေ။
ဥပမာတစ်ခုအနေဖြင့် ထန်းလျိုတိုက်ခိုက်ရေးမြင်း တစ်ကောင်ချင်းစီသည် ထန်းလျိုလူငယ်များနှင့် အတူကြီးပြင်းလာခဲ့ကြပြီး သူတို့ကြားတွင် ခိုင်မာသည့် ဆက်ဆံရေးရှိပေသည်။ ထို့အပြင် သူတို့၏ မြင်းများသည် ခေါင်းမှ ခြေဖျားအထိ ကာကွယ်ထားသည့် အံဝင်ဂွင်ကျဖြစ်သည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ဤချပ်ဝတ်တန်ဆာ၏ ကုန်ကျစရိတ်သည်ပင် ရွှေသောင်းနှင့်ချီ၍ အလွယ်တကူကုန်ကျနိုင်ပေသည်။
ကျွမ်းကလန်သည်ပင် ဤကဲ့သို့သော အသုံးစရိတ်ကို မတတ်နိုင်ပေ။
မဟာထန်နှင့် မဟာမိတ်မဖွဲ့မီ ထန်းလျိုလူမျိုးစုသည် ကြေးစားစစ်သားများအဖြစ် အလုပ်လုပ်ခဲ့ကြပြီး သူတို့ရရှိသောငွေများကို သူတို့၏မြင်းများအတွက် ထိုသို့သောချပ်ဝတ်တန်ဆာများပြုလုပ်ရန် မြှုပ်နှံထားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ထန်းလျိုလူမျိုးစုအဖွဲ့ဝင်များသည် တိုက်ပွဲတွင် အလွန်မှ ကျွမ်းကျင်ကျင်လည်ကြသည်။ ထန်းလျိုလူမျိုးစုမှ မွေးကင်းစကလေးငယ်များ၏ ပထမဆုံးစားသော အစားအစာမှာ သွေးများရွှဲရွှဲစိုနေသော အစားအစာဖြစ်သည်။
ခုနစ်နှစ်သားအရွယ်တွင် သူတို့သည် တောဝံပုလွေများကို တစ်ယောက်တည်း အမဲလိုက်ရန် မျှော်လင့်ထားခဲ့ကြပေသည်။ သူတို့လူမျိုးစုတစ်ခုလုံးသည် တိုက်ပွဲကြောင့် ဂုဏ်ယူခဲ့ကြပြီး တိုက်ပွဲတွင်သေဆုံးရခြင်းကပင် ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။
ထို့အပြင် ထန်းလျိုလူမျိုးစုဝင်များတွင် ပြိုင်ဘက်ကင်းသော တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်းနည်းစနစ်များလည်း ရှိသည်။ သူတို့သည် ထောင်စုနှစ်ပေါင်းများစွာသော တိုက်ပွဲများအတွင်း ပိုမိုထက်ရှလာခဲ့ပြီး သူတို့လူမျိုးစုအတွင်း၌သာ လက်ဆင့်ကမ်းခဲ့ကြသည်။ ဤသို့ဖြင့် ထန်းလျိုလူမျိုးစု၏ အဖွဲ့ဝင်အားလုံးသည် သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားခဲ့ကြသည်။
သို့သော် ဤသို့ဆိုလျှင်ပင် ထန်းလျိုလူမျိုးစုဝင်များသည် အလွန်အကန့်အသတ်ရှိသည်။ ရှေ့တန်းတွင် နှစ်ပေါင်းများစွာ ရပ်တည်နေရသောကြောင့် ထန်းလျိုလူမျိုးစုသည် စစ်ပွဲတွင် အံ့အားသင့်ဖွယ် မြင့်မားသော သေဆုံးမှုနှုန်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုတွင် ထန်းလျိုစစ်သည် သုံးသောင်းခန့်သာ ရှိတော့သည်။
သို့သော် မည်သို့ဆိုစေကာမူ ဤစစ်သည်သုံးသောင်းသည် ရန်သူများနှင့် မဟာမိတ်များနှစ်ခုစလုံးကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ ဤသို့ဖြင့် အားပူစီကို ဟူ မဟာစစ်သူကြီးနေရာသို့ မြင့်တက်လာစေခဲ့သည်။ ကျွမ်းကလန်သည်ပင် ထန်းလျိုမြင်းတပ်ကို ကြောက်ရွံ့ရိုသေမှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူတို့သည် စစ်မြေပြင်၏ စစ်မှန်သည့် စစ်သည်များဖြစ်ကြသည်။ ကျွမ်းကျန့်ဖျင်၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ချောင် တွေးလိုက်မိသည်။
'ငါ မျှော်လင့်ထားသလိုပဲ တကယ်ပဲ သူကိုး။'
သူသည် အားပူတန်နှင့် ထိတွေ့ဆက်ဆံခဲ့ဖူးခြင်းမရှိပေ။ ထန်းလျိုလူမျိုးစုသည် သူတို့ကိုယ်၌ကပင် ဂိုဏ်းငယ်လေးဖြစ်နေခဲ့သည်။ သူတို့သည် မည်သူနှင့်မျှ ထိတွေ့ဆက်ဆံလာခဲ့ခြင်းမရှိပေ။ ဝမ်ချောင် အပြင် ၎င်းသည် မြို့တော်ရှိ အခြားကလန်များအတွက်လည်း အတူတူပင်။
ထန်းလျိုမျိုးနွယ်စုဝင်များသည် အလွန်မှသန်မာကြကာ သူတို့ကို လူများစွာက လေးစားကြပေသည်။ သို့သော်လည်း ဝမ်ချောင်တွင် သူတို့အပေါ် မြင့်မားသည့် ထင်မြင်ချက်မရှိခဲ့ပေ။ ထန်းလျိုမြင်းစစ်သည်များသည် သူတို့ကိုယ်သူတို့ တန်းမညှိလိုသောကြောင့် မဟာထန်၏ ရာထူးအဆင့်များတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ ထို့အပြင် ဧကရာဇ်ထိုက်ကျုံးသည် သူတို့အား သူ၏ အင်အားကြီးမားသော စစ်တပ်နှင့် အတင်းအကြပ် သိမ်းပိုက်ခဲ့သည်။
ထိုအချိန်က အရှေ့အနောက်တာဂီကာဂနိတ်သည်ပင် တိုက်ပွဲဆာလောင်နေသည့် ဧကရာဇ်ထိုက်ကျုံး၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ထန်းလျိုစစ်သည်သုံးသောင်းဆိုလျှင် ပြောစရာပင်မလိုချေ။ သူတို့၏ လက်ရှိအခြေအနေကို သုံးသပ်ကာ သူတို့သည် မဟာထန်ကို အရှုံးပေးရန် ရွေးချယ်ခဲ့ကြသည်။ ဤအတောအတွင်း၌ ထန်းလျိုလူမျိုးစုဝင်များသည် တိုင်းပြည်အတွက် များစွာအကျိုးပြုခဲ့သည်။ သို့သော်လည်း ဤသည်မှာ ရှင်သန်ရန်အတွက်သာဖြစ်သည်။
ထန်းလျိုလူမျိုးစုသည် နောက်ဆုံးတွင် မဟာထန်ကို သစ္စာဖောက်လိမ့်မည်ကို ဝမ်ချောင် သိပေသည်။ သူတို့သည် အစကတည်းက မဟာထန်ကို အညံ့ခံရန် ဖိအားပေးခြင်းခံခဲ့ရသည်ကို စဉ်းစားကြည့်လိုက်ပါက သူတို့သည် မဟာထန်ကို နောက်ဆုံးတွင် သစ္စာဖောက်ခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ သို့သော်လည်း ဝမ်ချောင်လက်မခံနိုင်သည့်အရာမှာ သူတို့သည် သစ္စာဖောက်ပြီးသည်နှင့် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဤသို့ဖြင့် ဝမ်ချောင်သည် ထန်းလျိုလူမျိုးစုကို အနည်းငယ်မျှပင် ကောင်းမွန်သည့် သဘောထားရှိမနေခဲ့ပေ။
"ဟမ် ကျွမ်ကျန့်ဖျင် မင်းက ငါတို့ကို ကောင်းကောင်းကြီးသိထားတာပဲ။"
တစ်ဖက်တွင်မူ အားပူတန်သည် အေးစက်စွာ သရော်လိုက်သည်။ သူတို့၏ ပစ်မှတ် ပေါ်လာခဲ့ခြင်းကြောင့် သူတို့၏ ပန်းတိုင်သည် အောင်မြင်သွားပြီဖြစ်သည်။
"ဝမ်သခင်လေး ငါမင်းကို ကြားဖူးခဲ့တာကြာပြီ။ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုက ဒီလိုဖြစ်သွားတာ စိတ်မကောင်းစရာပဲ ဒါပေမယ့် မင်းရဲ့ လူတွေက ငါ့လူတွေကို ဒဏ်ရာရစေခဲ့တယ်။ ဒီပြဿနာကို ငါတို့ ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်သလဲ။"
"မျိုးမစစ်ကောင်"
"မင်း ဘာပြောလိုက်တာလဲ"
"သခင်လေး သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့။ သူတို့က လိမ်နေတာ။"
ဝမ်ချောင်၏ လူများသည် ချက်ချင်း ဒေါသထွက်လာခဲ့ကာ ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်ကြသည်။
"စိတ်အေးအေးထားပါ။"
ဝမ်ချောင် လက်မြှောက်လိုက်ကာ သူတို့ကို တားဆီးလိုက်သည်။ သူ့အမူအရာသည် တည်ငြိမ်အေးဆေးပြီး သူ့ကို ယုံကြည်စေသည့် ဩဇာတိက္ကမတစ်မျိုးကို ဆောင်ကျဉ်းထားပုံရသည်။ ခေါင်းဆောင်မှုသည် ဝမ်ချောင်ထံမှ သဘာဝအတိုင်း စီးထွက်လာပုံရသည်။
ဝမ်ချောင်သည် ချန်ပုရန်ကို ဆေးနှစ်လုံးတိုက်ကျွေးလိုက်ပြီး ဆေးလုံးသည် ချန်ပုရန်၏ တံထွေးနှင့် ထိမိသည်နှင့် ချက်ချင်းပျော်ဝင်သွားခဲ့သည်။ ချန်ပုရန်၏ မျက်နှာသည် သွေးရောင်သန်းလာခဲ့ပြီး သူ့အသက်ရှူသံလည်း တည်ငြိမ်သွားခဲ့သည်။ ထို့နောက်မှသာ ဝမ်ချောင်သည် မတ်တပ်ထရပ်လိုက်တော့သည်။
သူသည် သူ့ပတ်ပတ်လည်ရှိ အားပူတန်နှင့် ဟူတစ်သိုက်ကို အေးစက်စွာ ကြည့်လိုက်သည်။ အားပူတန်သည် ဝမ်ချောင်၏ ရန်လိုနေသည့် အကြည့်ကို မျှော်လင့်ထားခဲ့သော်လည်း တစ်ဖက်လူ၏ မျက်လုံးကို မြင်သည်နှင့် သူသည် တောင့်တင်းသွားခဲ့သည်။
"အားပူတန် မင်းက ငါ့လူကို ဒဏ်ရာရစေခဲ့တယ်။ ငါတို့ ဘာလုပ်သင့်လဲ။"
ဝမ်ချောင်သည် ရှည်ရှည်ဝေးဝေးပြောမနေခဲ့ပေ။ အားပူတန်ကို စိုက်ကြည့်ကာ သူသည် အားကောင်းသည့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
"ဟမ်"
အားပူတန်သည် တစ်ခဏမျှ အေးခဲသွားခဲ့ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"မင်း ငါ ပြောတာကို ကြားရောကြားခဲ့ရဲ့လား။ မင်းရဲ့လူတွေက ငါ့လူကို ထိခိုက်အောင်လုပ်ခဲ့တဲ့လူတွေပဲ။ မင်းရဲ့လူတွေက ငါတို့ရဲ့ စိတ်ဝိဉာဉ်စုဆောင်းခြင်းဖွဲ့စည်းပုံကို ယူခဲ့တဲ့လူတွေပဲ။ ဝမ်သခင်လေး မင်း ငါတို့ကို လျော်ကြေးပေးသင့်တယ် မထင်ဘူးလား။"
အားပူတန်သည် ရှေ့သို့ လှမ်းလိုက်သည်။
ဘန်း
နက်မှောင်သည့် အစိမ်းရောင်ချီစက်ကွင်းသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
"အာ"
လူအုပ်ကြီးထံမှ ဆူညံ့ပွက်လောရိုက်သည့် အသံများ ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။ ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့ပင်လျှင် နိုးကြားသွားခဲ့ပြီး သူတို့သည် မသိစိတ်ဖြင့် နောက်ဆုတ်လိုက်မိကြသည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်ချီစက်ကွင်း။
အားပူတန်သည် အမှန်ပင် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ ထို့နောက်မှသာ အားပူတန်သည် သူတို့နှင့် တိုက်ခိုက်ခဲ့ချိန်က သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခဲ့သည်ကို သူတို့ နားလည်လိုက်ကြသည်။
"ခွေးမသား"
သူတို့နှစ်ဦးသည် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်ကြသည်။ သူတို့စိတ်ထဲတွင် အားပူတန်သည် ဝမ်ချောင်ကို မြှားခေါ်ရန် သူတို့ကို အသုံးချခဲ့သည်ကို ပို၍သေချာသွားခဲ့သည်။
"ဝမ်သခင်လေး မင်း ငါတို့ ဟူတွေကို အရမ်းကို အထင်သေးတယ်လို့ ငါကြားခဲ့တယ်။ ဒါက ငါတို့ကို အရှက်ခွဲပြီး စိတ်ဝိဉာဉ်စုဆောင်းခြင်းဖွဲ့စည်းပုံကို လုယူဖို့ မင်းရဲ့လူတွေကို စေလွှတ်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းများဖြစ်နေမလား။ မင်း ဒီကိစ္စအတွက် ငါတို့ကို ဖြေရှင်းချက်မပေးရင် ဒီနေ့မှာ ဒီနေရာကနေ ထွက်သွားဖို့တောင် အိပ်မက်မက်နဲ့။"
သူ့ရှေ့ရှိ လူငယ်ကို စိုက်ကြည့်ကာ အားပူတန်သည် သူ ယခင်က မရရှိခဲ့ဖူးသော အားရကျေနပ်မှုကို ခံစားလိုက်ရသည်။ တော်ဝင်ရုံးတော်တွင် သူ့ဖခင်ကို ဟန့်တားထားသည့် အဖွဲ့အစည်းများစွာရှိခဲ့သည်။ ထို့ကြောင့် သူသည် တပ်မှူးများအဖြစ်အပျက်ကြောင့် အရှက်ခွဲခံခဲ့ရသော်လည်း သူ့မကျေနပ်ချက်များကို ဖော်ပြနိုင်ခဲ့ခြင်းမရှိပေ။
သို့သော် ယခုတွင် အားပူတန်သည် ထိုကိစ္စ၏ တရားခံကို သင်ခန်းစာပေးရပေတော့မည်။
"အားပူတန် ဒါက ငါတွေးနေတာနဲ့ အတူတူပဲ။ တကယ်လို့ မင်းက ငါ့ကို ဖြေရှင်းချက်မပေးခဲ့ရင် ဒီနေရာကနေ ထွက်သွားဖို့ အိပ်မက်တောင်မမက်နဲ့။"
ဝမ်ချောင်သည်လည်း ဖြည်းညင်းစွာ ရှေ့သို့ နှစ်လှမ်းလှမ်းလိုက်သည်။ အန္တရာယ်ရှိသည့် အလင်းရောင်က သူ အားပူတန်ကို စိုက်ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးထဲ တောက်ပနေခဲ့သည်။ ချန်ပုရန်သည် သူ့ကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်သည် ဤအပြစ်ကင်းစင်လှသည့် လူငယ်မုဆိုးအပေါ် အလွန်မှ ကောင်းမွန်သည့် အမြင်ရှိပေသည်။ ထို့အပြင် ထိုလူသည် သူ့အနာဂတ်အစီအစဉ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ ထိုလူသည် အနာဂတ်တွင် မဟာထန်၏ စွမ်းဆောင်ရည်အရှိဆုံး လေးသခင်စစ်သူကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။
လေးပစ်ခြင်းတွင် သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားသည့် လူတစ်ယောက်သည် အနီးကပ်တိုက်ပွဲတွင် မထူးချွန်နိုင်ပေ။ ဤထန်းလျိုလူငယ်များသည် သူ့အားနည်းချက်ကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။ ချန်းပုရန်သည် ဤလူများ၏ ဒုက္ခပေးခြင်းကို ခံခဲ့ရသည်မှာ ဝမ်ချောင်ကြောင့် ဖြစ်သည်။
အကယ်၍ ဝမ်ချောင်သည်ဤပြဿနာကို အမြစ်မှ တူးမထုတ်ခဲ့ပါက ဤပြဿနာသည် အနာဂတ်တွင် ဆက်လက်ဖြစ်ပွားနေပေလိမ့်မည်။ ဘယ်လိုပဲဖြစ်စေကာမူ အားပူတန်သည် မြို့တော်ရှိ တစ်ဦးတည်းသော ဟူ မဟုတ်သည်ကို သိထားရပေမည်။ အားပူတန် ဘာလုပ်ချင်နေသည်ကို ဝမ်ချောင်သိသည်။ အကယ်၍ ထိုသူသည် သူ့ကျင့်ကြံခြင်းမှာ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်နေသောကြောင့် ဝမ်ချောင်ကို ဖြုတ်နိုင်မည်ဟု တွေးထင်နေခဲ့ပါက သူသည် လုံးလုံးလျားလျား မှားယွင်းသွားပေမည်။
"ဟမ် ကြည့်ရတာ စကားလုံးတွေက ငါတို့ကို အကျိုးမရှိဖြစ်စေပုံပဲ။"
အားပူတန် သရော်လိုက်သည်။ ဝမ်ချောင်သည် သူ့ကို လိုက်လျောရန် ငြင်းဆိုခဲ့ခြင်းမှာ သူ့အတွက် ကျေနပ်စရာပင်။ အကယ်၍ ဝမ်ချောင်သည် သူ့ကို ပိုက်ဆံ သို့မဟုတ် ဆေးလုံးများ လျော်ပေးခဲ့ပါက သူသည် ထိုကိစ္စကို ထားလိုက်ပေမည်။ သို့သော် ဤအခိုက်အတန့်တွင် ဝမ်ချောင်သည် ဦးမော့နေသေးသောကြောင့် သူသည် ချုံပုတ်များကို ရိုက်နှက်နေစရာမလိုတော့ပေ။ (ဘေးလူများကို ပြဿနာရှာနေစရာမလိုတော့ပေ)
"ဟမ် ဒီဟာက ငါ့အတွက်အများကြီးအဆင်ပြေတယ်။ ငါတို့ ထန်းလျိုလူမျိုးစုက ကိစ္စတွေကို လက်သီးနဲ့ပဲ အမြဲဖြေရှင်းခဲ့တယ်။ ငါတို့က ငါတို့ရဲ့ပါးစပ်တွေကြောင့် တိုက်ပွဲတွေကို နိုင်ခဲ့တာမဟုတ်ဘူး။"
အားပူတန် ရှေ့သို့ လှမ်းတက်လိုက်ကာ အထက်စီးဆန်သည့် အရှိန်အဝါတစ်ခု သူ့ဆီမှာ စီးထွက်လာခဲ့သည်။
"ဝမ်ချောင် မင်း ငါ့ကို အနိုင်ယူနိုင်တာနဲ့ အရင်က ဘာမှမဖြစ်ခဲ့ဘူးလို့ ငါ သဘောထားပေးလိုက်မယ်။ ဒီလိုမှမဟုတ်ရင် ငါ့ဒေါသကို မင်းရဲ့ခန္ဓာကိုယ်နဲ့ ပြေငြိမ်းစေပြီး ငါလည်း ဒီကိစ္စကို ဘေးချိတ်ထားနိုင်တယ်။"
‘ဟားဟားဟား’
သူ့နောက်ရှိ ထန်းလျိုလူငယ်များသည် ဝါးလုံးကွဲရယ်လိုက်ကြသည်။ ဤသည်မှာ သူတို့၏ အစစ်အမှန်ရည်ရွယ်ချက်ဖြစ်သည်။ သူတို့၏ ပန်းတိုင်သည် တစ်ချိန်လုံး ဝမ်ချောင်ဖြစ်နေခဲ့သည်။
"မျိုးမစစ်ကောင်တွေ"
ဝမ်ချောင်အနောက်ရှိ လူတိုင်း၏ မျက်နှာသည် ဒေါသတကြီးဖြင့် နီရဲသွားခဲ့သည်။ ဝမ်ချောင်သည် သူ့နောက်ရှိလူများကို ရပ်တန်ရန် သူ့လက်ကို မြှောက်လိုက်သည်။
"ငါ့အတွက် မျှတတယ်"
ဝမ်ချောင်၏ စကားများသည် ငြိမ်သက်လှသော်လည်း သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးတွင် မီးတောက်တစ်ခု တောက်လောင်နေခဲ့သည်။
"စကားလုံးတွေနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ သဘောထားကွဲလွဲမှုတွေကို သဘာဝအတိုင်း လက်သီးနဲ့ ဖြေရှင်းသင့်တယ်။"
ချားးး
ထိုခနမှာပင် ပတ်ဝန်းကျင်ရှိ ရယ်သံများ ပျောက်ကွယ်သွားခဲ့သည်။ အားပူတန်အပါအဝင် ထန်းလျိုလူငယ်အားလုံးသည် ဝမ်ချောင်ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဤဟန်လူငယ်၏ ယုံကြည်မှုများသည် သူတို့နှင့် အတူတူဖြစ်လိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ခြင်းမရှိပေ။
အစကတည်းက ဤလောကကြီးသည် အားကြီးသော သူများသာ ကြီးစိုးသည့် လောကကြီးဖြစ်သည်။
…………………………………………………………………………………………………………….