အခန်း (၄၄၉)
Vol. 35 Ch. 449
“ခေါင်းဆောင်လျိုလောင်ကွေ့!”
လူအုပ်ကြီးသည် အံ့အားသင့်လျက် နန်ပါးထျန်းသို့ အကြည့်များ ကျရောက်လာကြသည်။ နန်ပါးထျန်းမှ ပြောသည်။
“ငါ စုံစမ်းစစ်ဆေးကြည့်ပြီး သိရတာတော့ ထူထဲ့ဘက်က လစဉ်ဝယ်ယူနှုန်းက အရင်အတိုင်းပဲ၊ လျော့မသွားဘူး။ ဒါပေမဲ့ လျိုလောင်ကွေ့ဆီမှာ အားလုံးနီးပါး ဝယ်နေကြတာမို့လို့ ငါတို့ဘက်က အမှာစာမရတာပဲ!”
“ဒါက!”
ထိုစကားတွင် အားလုံး မင်သက်ကုန်ကြသည်။ နန်ပါးထျန်းမှ ဆက်ပြောသည်။
“ဒီကိစ္စက ဒီလိုဆက်သွားနေလို့ မဖြစ်ဘူး။ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့က ဒီကြီးမားတဲ့ ဝယ်ယူနှုန်းကို လက်လွှတ်ခံလိုက်လို့ မဖြစ်ဘူး။ ပြီးတော့ လျိုလောင်ကွေ့က အမှာစာတွေ လက်ခံရရှိဖို့အတွက် ဘာမဆိုလုပ်ပေးမယ်လို့ ကြားတယ်။ ထူထဲ့ကို သူ့ဆီကနေ သံဝယ်ယူတဲ့အတွက် ငွေပမာဏအမြောက်အများကို ကမ်းလှမ်းရုံတင်မကဘဲ အလှလေးနှစ်ယောက်ပါ လက်ဆောင်ပေးသေးတယ်တဲ့။ အဲဒီလိုနဲ့ အမှာစာတွေအားလုံးက လျိုလောင်ကွေ့ဆီ ရောက်ကုန်တော့တာပဲ!”
ထိုအခါ ချင်းယင်သည် စားပွဲကို လက်ဖြင့်ရိုက်ချလျက် ပြောသည်။
“မဖြစ်ဘူး။ ကျွန်တော်တို့ လျိုလောင်ကွေ့ချည်းပဲ အကျိုးအမြတ်တွေ ရိတ်သိမ်းသွားတာကို ခွင့်ပြုထားလို့ မဖြစ်ဘူး။ ကျွန်တော်တို့လည်း သူ့လိုပဲ ငွေကမ်းလှမ်းနိုင်တယ်၊ အမျိုးသမီးတွေ ကမ်းလှမ်းနိုင်တယ်!”
နန်ပါးထျန်းမှ ပြောသည်။
“အဲဒီနည်းလမ်းက အလုပ်မဖြစ်နိုင်ဘူး။ သုံးပြီးသား နည်းလမ်းကို နောက်တစ်ကြိမ်ပြန်သုံးရင် အလုပ်မဖြစ်နိုင်ဘူး။ ငါတို့ဘက်က ငွေကမ်းလှမ်းရင် လျိုလောင်ကွေ့ဘက်ကလည်း သူကမ်းလှမ်းထားတဲ့ ငွေပမာဏကို တိုးပစ်လိုက်နိုင်တယ်။ အဲဒီလိုဆက်သွားရင် ငါတို့လည်း ဘာမှ များများစားစား အကျိုးအမြတ်ရမှာ မဟုတ်ဘူး”
ထိုအခါ ချင်းယင်မှ မေးသည်။
“ဒါဆိုရင် ခေါင်းဆောင်က ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ”
နန်ပါးထျန်းမှ ပြောသည်။
“ဒီလုပ်ငန်းကို မလုပ်တော့ဘူးဆိုရင်လည်း အပြတ်ဖြတ်ပြီး လုပ်မယ်ဆိုရင်ေတာ့ သေချာလုပ်ရမယ်။ မနက်ဖြန် မနက်၃နာရီ၊ ရှန်းထောင်မြို့ဆိပ်ကမ်းမှာ သူတို့ သံထည်ပစ္စည်းရောင်းဝယ်မယ်လို့ ငါ သတင်းရထားတယ်။ ငါ့ရဲ့အစီအစဉ်ကတော့ အဲဒီကုန်ပစ္စည်းတွေကို ကြားဖြတ်လုပြီး လျိုလောင်ကွေ့အပေါ် ထူထဲ့ ယုံကြည်မှုပျက်ပြားသွားအောင် လုပ်ဖို့ပဲ။ ဒီနည်းလမ်းကပဲ ချောင်ကုန်သည်အဖွဲ့ရဲ့ သံသတ္တုလုပ်ငန်းကို လုံးဝ အမြစ်ဖြတ်နိုင်မှာ။ အဲဒီလိုဆို သံသတ္တုကုန်သွယ်ရေးက ငါတို့အပိုင် ပြန်ဖြစ်သွားလိမ့်မယ်”
ထိုစကား အားလုံးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ကုန်သည်အဖွဲ့ခေါင်းဆောင်သည် အတော်လေး ကြံရည်ဖန်ရည်ရှိ၏။ ဤသို့အကြံအစည်မျိုးကိုပင် တွေးထုတ်နိုင်လေသည်။
နန်ပါးထျန်းမှ ပြောသည်။
“မင်းတို့ရော ဘယ်လိုသဘောရလဲ”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“အဲဒါက တကယ့်ကို ထက်မြက်တဲ့ အကြံအစည်ပါပဲ။ ချောင်ကုန်သည်အဖွဲ့က ယုံကြည်မှုကို ဆုံးရှုံးသွားမယ်ဆိုရင် သူတို့က ထူထဲ့ကို သံထည်ပစ္စည်းတွေ ကုန်သွယ်ရောင်းချဖို့ အရည်အချင်းမပြည့်မီတော့ဘူး။ အဲဒီအခါကျ ကုန်သွယ်ခွင့်ကို ကျွန်တော်တို့ပဲ အပိုင်သိမ်းလို့ရပြီ။ ရှေ့လျှောက် ကျွန်တော်တို့ရဲ့ ငွေကြေးအရင်းအမြစ်က ပိုကျယ်ပြန့်သွားလိမ့်မယ်”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ခန်းမအရှင်သခင်ထန်ရဲ့စကားက အရမ်းကိုမှ မှန်ကန်ပါတယ်”
ချင်းယင်မှ ပြောသည်။
“ဟားဟားဟား ကောင်းတယ်။ ကျွန်တော် အဲဒီချောင်ကုန်သည်အဖွဲ့သားတွေကို ကြည့်မရတာ ကြာနေပြီ။ ဒါက သူတို့ကို သင်ခန်းစာပေးဖို့ အခွင့်အရေးကောင်းပဲ!”
ထိုအချိန်၌ နန်ပါးထျန်းသည် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် လျို့ယီးရှို့ကို လှည့်ကြည့်လာပြီး ပြောသည်။
“သမားတော်ခေါင်းဆောင်လျို့ရော ဘယ်လိုသဘောရပါသလဲ”
လျို့ယီးရှို့သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် ပြောသည်။
“ခေါင်းဆောင်၊ နာမကျန်းတာနဲ့ ပတ်သက်ရင်တော့ ဘယ်လိုကုသရမလဲဆိုတာ ကျုပ်နားလည်နိုင်ပါတယ်။ တိုက်ခိုက်သတ်ဖြတ်တဲ့ ကိစ္စတွေကတော့ ကျုပ် နားလည်း မလည်သလို သိလည်း မသိပါဘူး။ လူငယ်တွေကိုသာ ဆုံးဖြတ်ခိုင်းပါလေ”
ထိုအခါ နန်ပါးထျန်းသည် ချန်ကျဲ့ကိုကြည့်၍ ပြောလာသည်။
“ကျိုစစ် မင်းရော ဘယ်လိုတွေးလဲ”
ချန်ကျဲ့ ခဏမျှ တိတ်ဆိတ်သွားသည်။ အတိအကျဆိုရသော် ချန်ကျဲ့အနေဖြင့် နန်ပါးထျန်း၏ အစီအစဉ်နှင့် အခြားသူများ၏ ရှုထောင့်ကို စဉ်းစားဆုံးဖြတ်ပေးခြင်းသည် ဘာမျှ မမှားယွင်းပေ။ ထိုသို့အတွေးဖြင့် ချန်ကျဲ့မှ ပြောသည်။
“ဒီလိုကောင်းမွန်တဲ့ အစီအစဉ်မျိုးကို စဉ်းစားနိုင်တာ ခေါင်းဆောင်က တကယ့်ကို ဉာဏ်ပညာထက်မြက်ပါပေတယ်။ အထင်ကြီးလောက်ပါပေတယ် အထင်ကြီးလောက်ပါပေတယ်”
ထိုအခါ နန်ပါးထျန်းသည် အားရပါးရရယ်မော၏။
“ကျိုစစ်ကတော့ မြှောက်ပင့်လွန်းနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကကြီးက အနှေးနဲ့အမြန် မင်းတို့လူငယ်တွေရဲ့အပိုင် ဖြစ်လာမှာပါပဲ”
ထို့နောက် နန်ပါးထျန်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောသည်။
“ဒါပေမဲ့ အရင်ဆုံး ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာတစ်ခုရှိသေးတယ်။ မနက်ဖြန်မနက်မှာ ကုန်ပစ္စည်းတွေကို ကြားဖြတ်ဖို့အတွက် ငါတို့ ဘယ်သူ့ကို စေလွှတ်သင့်လဲ”
နန်ပါးထျန်းသည် အစည်းအဝေးခန်းမအတွင်းရှိ လူများကို အကဲခတ်နေသည်။
ချင်းယင်မှ မတ်တပ်ထရပ်၏။
“ကျွန်တော်သွားမယ်!
နန်ပါးထျန်း မျက်မှောင်ကြုတ်သွား၏။ ထန်ဇီယွဲ့မှ ခပ်ဟဟ ရယ်မောသည်။
“ဟားဟား ခန်းမအရှင်သခင်ချင်းရဲ့ ရဲစွမ်းသတ္တိက ချီးမွမ်းထိုက်ပါပေတယ်။ ဒါပေမဲ့ ခန်းမအရှင်သခင်ချင်းက စိတ်လိုက်မာန်ပါ ပြုမူတတ်တယ်။ ဒီလိုအရေးကြီးကိစ္စမျိုးက တည်ငြိမ်ပြီး အတွေ့အကြုံရင့်သန်တဲ့သူမျိုးက လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်”
ချင်းယင် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။
ဒီလူက ဘာအဓိပ္ပာယ်လဲ?
ချင်းယင်သည် နန်ပါးထျန်းရှေ့တွင် မိမိကိုယ်ကိုယ် သက်သေပြဖို့အတွက် မကြာခဏ အလျင်စလို ပြုမူတတ်သော်ငြား မတုံးအပါချေ။ ထန်ဇီယွဲ့၏ ဤစကားသည် သေချာပေါက် ရည်ရွယ်ချက်ရှိလိမ့်မည်။
ထိုသို့အတွေးဖြင့် ချင်းယင်မှ ထန်ဇီယွဲ့ကို ပြောသည်။
“ခန်းမအရှင်သခင်ထန်က ဘာကို ဆိုလိုချင်တာပါလဲ။ ဘယ်သူက တည်ငြိမ်တဲ့သူလဲ။ ချန်ကျိုစစ်က တည်ငြိမ်တဲ့သူလား”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ခန်းမအရှင်သခင်ချင်း ကျွန်တော်က အဲဒီလိုသဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခန်းမအရှင်သခင်ချင်းရဲ့ စကားကလည်း မှားတော့ မမှားပါဘူး။ ခန်းမအရှင်သခင်ချန်က တကယ့်ကိုပဲ တည်ငြိမ်မှုရှိတဲ့သူပါ။ ဒါပေမဲ့ ခန်းမအရှင်သခင်ချန်နဲ့ ခေါင်းဆောင်လျိုလောင်ကွေ့က ဆက်ဆံရေးကောင်းမွန်ကြတယ်။ ခန်းမအရှင်သခင်ချန် ဒီကိစ္စကို လုပ်မယ်ဆိုရင် မိတ်ဆွေကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့!”
“သူက ခေါင်းဆောင်လျိုလောင်ကွေ့နဲ့ ဆက်ဆံရေးကောင်းမွန်တယ်ပေါ့လေ ဟမ်? ကျုပ် ရှင်းရှင်းလင်းလင်းပြောပါရစေ၊ သူက ငါးဖမ်းကုန်သည်အဖွဲ့သား ချန်ကျိုစစ်ပါ၊ ချောင်ကုန်သည်အဖွဲ့သား ချန်ကျိုစစ် မဟုတ်ဘူး။ ချန်ကျိုစစ်၊ မင်းရဲ့သစ္စာတရားက ဦးတည်ချက်များ မှားယွင်းနေသလား?”
ချင်းယင်သည် ချန်ကျဲ့ကို ကြည့်လျက် ပြောနေခဲ့သည်။
“ချန်ကျိုစစ် ကုန်သည်အဖွဲ့သားတွေက မင်းကို တုနှိုင်းမဲ့ရဲရင့်ပြီး သစ္စာစောင့်သိတဲ့ ခန်းမအရှင်သခင်ချန်လို့ ခေါ်ဝေါ်နေကြတာ ငါကြားမိတယ်။ ကျုပ်တို့ရဲ့ခန်းမအရှင်သခင်ချန်က သစ္စာဖောက်တစ်ယောက်တော့ မဟုတ်နိုင်ပါဘူးနော် ဟုတ်တယ်မလား?”
ချန်ကျဲ့၏ မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးနေဆဲပင်။
ချန်ကျဲ့သည် လျှို့ဝှက်ကြံစည်မှုကို အနံ့ရနေသည့်အလား သူ၏ အလိုလိုသိစိတ်သည် ထင်ရှားသထက် ထင်ရှားလာခဲ့သည်။
“အဟမ်း ဟမ်း ခန်းမအရှင်သခင်ချင်း အဓိပ္ပာယ်မရှိတဲ့စကားတွေ လျှောက်မပြောပါနဲ့။ ကျိုစစ်က ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင်ပါ။ ဘယ်လိုလုပ်ပြီး အပြင်လူဘက်မှာ ရပ်တည်မှာတဲ့လဲ? မင်း ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေ ဆက်ပြောနေမယ်ဆိုရင် မင်းကို အပြစ်ယူမိတဲ့အတွက် ငါ့ကို အဆိုးမဆိုပါနဲ့!”
နန်ပါးထျန်းမှ တည်ကြည်လေးနက်စွာ ပြောသည်။ ထို့နောက် ချန်ကျဲ့ကို လှည့်ကြည့်ကာ ဆက်ပြော၏။
“တကယ်တော့ ကျိုစစ်က တကယ့်ကိုပဲ ဒီကိစ္စကိုလုပ်ဆောင်ဖို့ သင့်တော်တဲ့သူပါ။ ဒါပေမဲ့ ကျိုစစ်နဲ့ ခေါင်းဆောင်လျိုရဲ့ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားလိုက်တော့ ကျိုစစ်အနေနဲ့ ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်မှာကို ငါကိုယ်တိုင်လည်း စိုးရိမ်မိတယ်”
“ပြီးတော့ ငါဒီလိုတွေးမိတယ်: ငါတို့ ချင်းယင်ကို စေလွှတ်လို့ရပေမဲ့ ချင်းယင်ကို ကူညီပေးဖို့အတွက် လိမ္မာပါးနပ်ပြီး အတွေ့အကြုံရှိတဲ့သူကို အတူစေလွှတ်သင့်တယ်။ ပြီးတော့ ချင်းယင်ကို ကူညီပေးဖို့အတွက် ကုန်သွယ်မှုလုပ်မယ့် ရှန်းထောင်မြို့ဆိပ်ကမ်းမှာ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့က ဦးစီးမှူးဝူကျုံးရှိတယ်”
ဟမ်!
ထိုအခါ ချန်ကျဲ့ နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။ နန်ပါးထျန်းသည် ချန်ကျဲ့၏ တုံ့ပြန်မည့်ပုံစံကို စိတ်ဝင်တစား မျှော်လင့်စောင့်စားနေသည့်အလား နှုတ်ခမ်းထောင့်စွန်းသည် ခပ်ဖျော့ဖျော့အပြုံးအဖြစ်သို့ ကွေးညွှတ်နေခဲ့သည်။
ချင်းယင်သည် အံ့ဩသွားလျက် ပြောသည်။
“ခေါင်းဆောင် ကျွန်တော့်ကို ကူညီဖို့အတွက် ဝူကျုံးကို မလိုအပ်ပါဘူး။ ကျွန်တော် သေချာပေါက် ဒီတာဝန်ကို အမှားအယွင်းမရှိ အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါမယ်”
“သောက်သုံးမကျတဲ့ကောင်! ချင်းယင် မင်းဘယ်လိုကောင်လဲဆိုတာ ငါသိတယ်။ ငါမင်းကိုပြောမယ်၊ ဝူကျုံးက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့မှာ သက်တမ်းရင့်အဖွဲ့သားတစ်ယောက်ပဲ။ အထူးသဖြင့် ဝူကျုံးရဲ့ယောက္ခထီးဖြစ်သူ သမားတော်ပိုင်ဝမ့်ကျင်းက အရင်က အတွင်းခန်းမသမားတော်ကြီးတွေထဲက သမားတော်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ မင်း သူ့ကို လေးစားမှုထားပြီး ဆက်ဆံရမယ်”
“ပြီးတော့လည်း ဒီအလုပ်တာဝန်မှာ ဓားတွေ၊လှံတွေက မျက်လုံးမပါဘူး။ မင်း သေချာပေါက် ဝူကျုံးရဲ့လုံခြုံရေးကို ကာကွယ်ပေးရမယ်။ မဟုတ်လို့ကတော့ ငါမင်းနဲ့ သေချာစာရင်းရှင်းမယ်!”