အခန်း (၄၅၁)
Vol. 35 Ch. 451
အပြင်ဘက်၌ ချန်ကျဲ့၊ ရှောင်ဟူနှင့် ချင်းညီအစ်ကိုများသည် ညစာစားနေကြသည်။
သူတို့၏ဘေး၌ ငါးဖမ်းကုန်သည်အဖွဲ့ အတွင်းခန်းမ သမားတော်ခေါင်းဆောင် နတ်ဆေးသမားတော်လျို့ယီးရှို့ထိုင်နေသည်။ ထိုအခိုက်အတန့်တွင် ညစာစားပွဲမှာ ရင်ထိတ်ဖွယ်အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
ချန်ကျဲ့သည် တည်ငြိမ်အေးဆေးစွာပင် ညစာစားနေခဲ့ပြီး ရှောင်ဟူသည် သိုးခြေထောက်တစ်ချောင်းကို အားရပါးရ တတိတိကိုက်စားနေခဲ့သည်။ ချင်းပေါင်သည်လည်း ပြိုင်ပွဲဝင်နေသည့်အလား သိုးခြေထောက်ကို ကိုက်နေပေသည်။ သူတို့နှစ်ဦးသည် အရိုးကိုက်ပြိုင်ပွဲဝင်နေကြသည့်အလားပင်။
မည်သူမျှ အရှုံးပေးလိုစိတ် မရှိကြပေ။
ချန်ကျဲ့၏ ထမင်းစားပွဲဝိုင်းအတွင်း အမူအကျင့်များသည် အတော်လေး ကျော့မော့တင့်တယ်သည်။ အစိမ်းရောင်အသီးအရွက်တစ်ဖတ်ကို ညှပ်ယူပြီး သူ၏ပန်းကန်ထဲ ထည့်လိုက်သည်။ ထို့နောက် သမားတော်လျို့ယီးရှို့နှင့် ဆေးပညာအကြောင်းများ ဆွေးနွေးနေလိုက်သည်။
“ဦးလေးလျို့”
ချန်ကျဲ့သည် လျို့ယီးရှို့ကို အလွန်ရိုသေလေးစားကာ “ဦးလေး”ဟု ခေါ်သည်။ ၎င်းအခေါ်အဝေါ်သည် သူတို့၏ဆက်ဆံရေးအတွက် သင့်တော်သည့် အခေါ်အဝေါ်ဖြစ်သည်။ သမားတော်ပိုင်သည် ချန်ကျဲ့၏ဆရာဖြစ်ပြီး လျို့ယီးရှို့သည် သမားတော်ပိုင် အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည့် အတွင်းခန်းမသမားတော်၈ဦးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးသည် ကောင်းမွန်သည်။
“ဦးလေးလျို့ ခုနကပြောတာ ချီနဲ့သွေးစွမ်းအင် မလုံလောက်မှုနဲ့ ကိုယ်တွင်းမှာ နှလုံးလောင်ကျွမ်းတာက မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်နှုန်းဖျော့တော့ခြင်းနဲ့ နှလုံးအားနည်းခြင်းတွေကို ဖြစ်စေနိုင်တယ်လို့လေ။ ဒါဆို အဲဒီလိုအခြေအနေကို ဘယ်လိုကုသရမလဲဗျ”
လျို့ယီးရှို့မှ ပြောသည်။
“အဲဒါက ဆေးပေးဖို့ မလိုအပ်ဘူး။ ဆေးညွှန်းတွေက ပင်ကိုအားဖြင့် အဆိပ်တွေပဲဆိုတာ ပိုင်ဝမ့်ကျင်းက မင်းကို တစ်ခါမှ မပြောခဲ့ဖူးဘူးလား။ မပေးဘဲ ရှောင်လို့ရရင်တော့ ရှောင်သင့်တယ်။ အဲဒီလိုအခြေအနေမျိုးမှာဆို မင်မန်သွေးကြောမှတ်၊ ထိုက်ယွမ်သွေးကြောမှတ်နဲ့ စန်းယင်းကျောင်းသွေးကြောမှတ်တွေကို ပတ်လည်ဖိနှိပ်ပေးပြီး အခြေအနေကို ထိန်းညှိပေးရင် ရပြီ။ မြန်ရင်တော့ တစ်လ၊ နှေးရင်တော့ သုံးလဆို ပျောက်ကင်းလိမ့်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဦးလေးလျို့ရဲ့ စကားတွေက တကယ့်ကို ပညာရစေပါတယ်”
“ဆရာပြောတာ ဦးလေးလျို့က သွေးခုန်နှုန်းစမ်းတာ ကျွမ်းကျင်တယ်တဲ့။ ဘယ်လောက်ပဲ ခက်ခဲရှုပ်ထွေးတဲ့ရောဂါဖြစ်ပါစေ ဦးလေးလျို့က တစ်ချက်စမ်းကြည့်လိုက်ရုံနဲ့ သိနိုင်တယ်တဲ့။ အဲဒါကြောင့် သိုင်းလောကသားတွေက ဦးလေးလျို့ကို ‘မလွဲလက်’လို့ ခေါ်ကြတယ်တဲ့လေ”
ထိုစကားတွင် လျို့ယီးရှို့မှ ရယ်မောသည်။
“ဟားဟား အဲဒါက ဒီတိုင်း လှည့်ကွက်သေးသေးလေးပါပဲ။ မင်းရဲ့ဆရာကသာ ဆေးပညာမှာ တကယ်ကျွမ်းကျင်တဲ့သူပါ။ သူရှိနေတုန်းကဆို သူ့ရဲ့နည်းလမ်းတွေ သဘောတရားတွေက အကောင်းဆုံးပဲလေ။ တချို့လူတွေရဲ့ လုပ်ကြံမှုကြောင့် သူထွက်သွားခဲ့ရတာ တကယ်နှမြောစရာပဲ။ မဟုတ်ရင် သူက မျန့်ရွှေစီရင်စုမြို့ရဲ့ နံပါတ်တစ် အကောင်းဆုံးသမားတော် ဖြစ်နေမှာကွ”
“ဦးလေးလျို့က နှိမ့်ချလွန်းနေပါပြီ။ ကျွန်တော်က သွေးခုန်နှုန်းစမ်းပြီး ရောဂါရှာဖွေတဲ့ပညာရပ်မှာ နားမလည်ဘဲ ရှုပ်ထွေးနေတာတွေ အများကြီးရှိပါတယ်။ ဦးလေးလျို့အနေနဲ့ ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ ဆန္ဒရှိမလား သိချင်မိပါတယ်”
ထိုအခါ လျို့ယီးရှို့သည် ချန်ကျဲ့ကို ကြည့်လာပြီး မေးသည်။
“မင်းက နားထောင်ချင်တယ်လား”
“ဒါပေါ့ဗျာ။ ကျွန်တော် ဦးလေးလျို့ရဲ့ သင်ကြားပြသမှုတွေကို နားထောင်ချင်ပါတယ်”
လျို့ယီီးရှို့မှ ရယ်မောလျက် ပြောသည်။
“အင်း မင်းလိုအဆင့်အတန်းနဲ့ လူတစ်ယောက်က သင်ယူဖို့အတွက် ဒီလောက်စိတ်အားထက်သန်နှိမ့်ချနေတာမျိိုး မြင်ရခဲတယ်။ ငါမင်းကို အစစ်အမှန် စကားတစ်ခွန်း ပြောလိုက်မယ်။ ငါ့ရဲ့သွေးခုန်နှုန်းစမ်းပြီး ရောဂါရှာဖွေတဲ့ပညာရပ်က ဘာလို့ အရမ်းတိကျနေလဲဆိုတာ ငါမင်းကို ပြောပြမယ်။ လက်မ၊ ရိုးတန်းနဲ့ လက်နှစ်ဖက်စလုံးရဲ့ အခြေတိုင်းတာမှုတွေအားလုံးက ကျိုးမင်းဆက်ခေတ်တစ်လျှောက်က ဒြပ်စင်ကြီး၅ခုရဲ့ ပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်…”
ချန်ကျဲ့နှင့် လျို့ယီးရှို့တို့သည် အခြားသူများ လုံးဝ မတည်ရှိနေသည့်အလား ဆေးပညာအကြောင်း ဆက်လက်ဆွေးနွေးနေကြသည်။ ချင်းယင်နှင့် အခြားသူများသည်တော့ သူတို့နှစ်ဦးပြောနေသည့် အကြောင်းအရာများကို တစ်လုံးမှ နားမလည်သောကြောင့် မျက်မှောင်ကြုတ်နေကြသည်။ ရှောင်ဟူသည်တော့ သူ၏ သိုးခြေထောက်ကိုသာ ဆက်လက် ကိုက်ဝါးနေသည်။
ထိုစဉ် မနီးမဝေး၌ နန်ပါးထျန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်ကြည့်နေသည်။ နန်ပါးထျန်း၏ဘေးတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ ပိုင်ကျစ်ရှန်းနှင့် ထန်ဇီယွဲ့တို့လည်း ရပ်နေကြသည်။
နန််ပါးထျန်းသည် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း၌ ဘာကိုမျှ သတိမထားဘဲ စိတ်လွတ်လက်လွတ်နေသည့် ချန်ကျိုစစ်ကို ကြည့်လျက် ပြောသည်။
“ချန်ကျိုစစ်က တကယ့်ကို စိတ်လွတ်ကိုယ်လွတ်နေတာပဲ။ ဒီလိုအချိန်မှာတောင် လျို့ယီးရှို့နဲ့ ဆေးပညာအကြောင်း ဆွေးနွေးနေသေးတယ်”
ထန်ဇီယွဲ့မှ ပြောသည်။
“ဟားဟား… ရဲရင့်တဲ့သူတွေက သူတို့မှာ အရည်အချင်းရှိနေရင် ကြောက်ရွံ့မှုကင်းမဲ့သွားကြတယ်တဲ့။ သူ့ရဲ့လက်ရှိအင်အားနဲ့ဆို မျန့်ရွှေစီရင်စုမှာ သူ့ကိုခြိမ်းခြောက်နိုင်တဲ့သူက အများကြီး မရှိနိုင်ဘူး။ လေးလေးနက်နက် စဉ်းစားကြည့်ရင် အထက်က လူတွေကို ဖယ်လိုက်ရင် ခေါင်းဆောင်နဲ့ ခေါင်းဆောင်လျိုကပဲ သူ့ကို ခြိမ်းခြောက်နိုင်မှာ”
နန်ပါးထျန်းမှ ပြောသည်။
“ထိပ်ဆုံးကို မရောက်သေးသ၍ ဘာကိစ္စကိုမှ ပေါ့ပေါ့လေး မတွေးသင့်ဘူး။ ထိပ်ဆုံးကို ရောက်နေခဲ့ရင်တောင်မှ မျန့်ရွှေစီရင်စုအပြင်ဘက်မှာ လောကကြီးက အကျယ်ကြီးရှိနေသေးတယ်”
ထန်ဇီယွဲ့မှ ရယ်မောလာသည်။
“ခေါင်းဆောင်က တကယ့်ကိုပဲ လောကကြီးကို အုပ်စိုးနိုင်တဲ့အမြင်ရှိပါတယ်။ ကျွန်တော်တော့ အထင်ကြီးလေးစားသွားရပြန်ပါပြီ”
နန်ပါးထျန်းမှ ပြောသည်။
“ဟားဟား ဘာကို လောကကြီးကို အုပ်စိုးနိုင်တဲ့အမြင်လဲ။ ဒီလို ဘာမဟုတ်တဲ့ ချန်ကျိုစစ်ကိုတောင်မှ ထောင်ချောက်ဆင်ပြီး ရင်ဆိုင်ဖို့လိုအပ်နေတဲ့အချိန်မှာ ငါ့ရဲ့အရည်အချင်းက မလုံလောက်ပါဘူး။ အဝေးကြီးလိုပါသေးတယ်”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် အချိန်ကျလုနီးပါပြီ။ ကျွန်တော်တို့ အကြာကြီးပျောက်နေလို့ ချန်ကျိုစစ် သံသယမဝင်ရအောင်လို့ ကျွန်တော် ချန်ကျိုစစ်နဲ့ စကားသွားပြောလိုက်ပါဦးမယ်”
နန်ပါးထျန်းမှ ခပ်ဖျော့ဖျော့ခေါင်းညိတ်သည်။
“အင်း သွားလိုက်ပါ”
ထန်ဇီယွဲ့သည် ပြုံးလိုက်ပြီးနောက် တခြားစားပွဲဝိုင်းမှ ကျားကစားခုံကို ယူလိုက်သည်။ ၎င်းကျားခုံတွင် အဖြူနှင့်အမဲ ကျားစေ့များကို နေရာချထား၏။
ထို့နောက် အပြုံးဖြင့် ချန်ကျဲ့အနားသို့ တိုးကပ်သွားခဲ့သည်။
ထိုအချိန်၌ ချန်ကျဲ့သည် နန််ပါးထျန်း၏ အကြံအစည်ကို အချိန််တွက်ချက်ရင်း တွေးတောနေခဲ့သည်။ အချိန်သည် စနစ်၏ သတင်းအချက်အလက်အသစ် ရောက်လာမည့် ညသန်းခေါင်သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။
ချန်ကျဲ့တွေးနေစဉ် ထန်ဇီယွဲ့ သူ့အနားသို့ရောက်လာ၏။ ချန်ကျဲ့ မော့ကြည့်လိုက်ရာ အကြည့်ချင်းဆုံသွား၏။
“ခန်းမအရှင်သခင်ချန် ကျွန်တော်နဲ့ ကျားကစားပေးနိုင်မလားဗျ”
ထန်ဇီယွဲ့သည် ချန်ကျဲ့ဘေးတွင် ကျားခုံကို လှုပ်ပြသည်။ ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“ဒါပေါ့။ မဟုတ်လည်း ကျွန်တော့်မှာ အခု ဘာမှလုပ်စရာရှိမနေဘူးလေ”
နှစ်ဦးသည် ရယ်မောလျက် အပြင်ဘက်ရှိ စံအိမ်သို့သွားကာ ကျားခုံကို နေရာချလိုက်သည်။ ထန်ဇီယွဲ့မှ ပြောသည်။
“ကြွပါ”
ချန်ကျဲ့ ထိုင်လိုက်သည်။
ထန်ဇီယွဲ့မှ ချန်ကျဲ့ကိုကြည့်ပြီး မေးသည်။
“ခန်းမအရှင်သခင်ချန် အမဲယူမလား အဖြူယူမလား”
ချန်ကျဲ့မှ ပြောသည်။
“အမဲပေးပါ”
“အို ကျုပ်က ခန်းမအရှင်သခင်ချန်လို လူငယ်လေးက အဖြူရောင်ကျားစေ့ကို ကြိုက်မယ်ထင်ထားတာ။ ခြုံငုံကြည့်လိုက်ရင် အဖြူရောင်ကျားစေ့တွေက ကျောက်စိမ်းအလား ကြည်စင်တယ်လေ– အပြစ်အနာအဆာကင်းစင်ပြီး ပြီးပြည့်စုံတယ်– လူငယ်သူရဲကောင်းပုံရိပ်လိုမျိုးပဲ။ ရဲရင့်ပြီး ခမ်းနားတဲ့ အသွင်ရှိတယ်”
“ဟားဟား…”
ချန်ကျဲ့သည် မထိန်းချုပ်နိုင်စွာ ရယ်မောလျက် ပြောသည်။
“ခန်းမအရှင်သခင်ထန်က မြှောက်ပင့်လွန်းနေပါပြီ။ ကျုပ်တို့ကုန််သည်အဖွဲ့သားတွေမှာ ဘယ်သူ့ရဲ့လက်ကများ သန့်ရှင်းနေလို့လဲ။ လူငယ်သူရဲကောင်းတစ်ယောက်လိုမျိုး ရဲရင့်ခမ်းနားတယ်ဆိုတာ တကယ်တော့ မရှိပါဘူး။ ကျုပ်တို့က ဒီတိုင်း သိုင်းလောကမှာ ရုန်းကန်နေကြတဲ့ သနားဖွယ်ဝိဉာဉ်တွေပါပဲ”
“ခန်းမအရှင်သခင်ထန် ကျုပ်ရဲ့အမဲရောင်ကျားစေ့ကို အရင်ချလိုက်ရမလား”
ချန်ကျဲ့သည် အမဲရောင်ကျားစေ့တစ်စေ့ကို လက်ထဲတွင် ကိုင်ထားရင်း ပြောလိုက်ရာ ထန်ဇီယွဲ့သည် အနည်းငယ် မျက်ခုံးတွန့်သွား၏။
ထန်ဇီယွဲ့သည် ဘာမျှမပြောပေ။ သူ၏ ချန်ကျဲ့အား ပထမတစ်ကြိမ် ဆန်းစစ်မှုမှာ ကျရှုံးသွားကြောင်း နားလည်လိုက်သည်။ ချန်ကျဲ့သည် ၁၈နှစ်အရွယ်လူငယ်တစ်ယောက်နှင့် မတူပါချေ။ သူ၏အပြုအမူနှင့် အတွေးအမြင်များသည် လောကကြီး၏ အခက်အခဲနှင့် အတိမ်အနက်များကို ကြုံတွေ့ဖူးပြီးသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးနှင့် ပို၍ ဆင်တူသည်။
ချန်ကျဲ့ထံတွင် လူငယ်တစ်ယောက်တွင် ရှိသင့်သည့် စိတ်အားတက်ကြွမှုနှင့် အပြစ်ကင်းစင်မှုများ ရှိမနေသည့်အပြင် အတိတ်ကို လွမ်းဆွတ်တမ်းတခြင်းကဲ့သို့ အငွေ့အသက်မျိုးလည်း ရှိမနေချေ။
ချန်ကျိုစစ်သည် သူ့အသက်အရွယ်နှင့် နှိုင်းစာလျှင် အလွန်ရင့်ကျက်ပုံပေါ်၏။
ထန်ဇီယွဲ့တွေးတောနေစဉ်တွင် ချန်ကျဲ့သည် သူ့ဘက်မှ စလှုပ်ရှားရန်ပင် စကားခေါ်လာခဲ့ပြီးဖြစ်သဖြင့် ထန်ဇီယွဲ့မှာ ဖိအားခံစားလိုက်ရသည်။ ရိုးရှင်းဟန်သော ကျားကစားခြင်းသည် ထန်ဇီယွဲ့အတွက်မူ ချန်ကျဲ့၏အကျင့်စရိုက်ကို ဆန်းစစ်မည့် ကိရိယာတစ်ခုဖြစ်သည်။ ထန်ဇီယွဲ့သည် ကျားကစားခြင်းမှတစ်ဆင့် ချန်ကျဲ့၏အကျင့်စရိုက်ကို နားလည်လိုခဲ့ခြင်း ဖြစ်သည်။
ဤကစားနည်းတွင် ဒေါင်လိုက်မျဉ်း၁၉နှင့် အလျားမျဉ်း ၁၉ကြောင်း ယှက်နွယ်နေကာ ဖြတ်မှတ်ပေါင်း ၃၆၁ခု ဖြစ်တည်စေသည်။ ၎င်းဖြတ်မှတ် ၃၆၁ခုသည် ကောင်းကင်မှ ကြယ်၃၆၁လုံးကို ကိုယ်စားပြု၏။