← Chapters

အခန်း (၄၅၃)

Vol. 35 Ch. 453

အခန်း (၄၅၃)

Vol. 35 Ch. 453

“ကျားကစားတာ မဟုတ်ရင် တခြားဘာဖြစ်နိုင်ဦးမလဲ”

“သေချာပေါက် ဝူဇီချီကစားနေတာပဲပေါ့”

ရှောင်ဟူမှ ပြောသည်။

ထန်ဇီယွဲ့မှ ပြောသည်။

“ဝူဇီချီ အဲဒါဘာကြီးလဲ”

“ဒီကိုလာ၊ ကျွန်တော် ခင်ဗျားကို သင်ပေးမယ်။ ကြည့်နော် ကျားစေ့၅စေ့တန်းသွားတယ်ဆိုရင် နိုင်တာပဲ။ ခင်ဗျားက ဒီလိုမတန်းသွားအောင်လို့ တားရမှာ…”

ရှောင်ဟူသည် အနားလျှောက်လာပြီး ထန်ဇီယွဲ့အား ဝူဇီချီကစားနည်းအကြောင်း သင်ပြသည်။

ချန်ကျဲ့သည် ရှောင်ဟူနှင့် စိတ်ရှုပ်ထွေးနေသည့် ထန်ဇီယွဲ့ကို ကြည့်နေသည်။ ထန်ဇီယွဲ့သည် သူချန်ကျဲ့နှင့် အချိန်အတော်ကြာ ကစားခဲ့သည့်ကစားပွဲသည် တူညီသည့်ကစားပွဲ ဟုတ်မနေသည်ကို လက်မခံနိုင်ပေ။

ချန်ကျဲ့ ရယ်မောလိုက်သည်။

ဟားဟား ဒါကမှ ထောင်ချောက်ဆင်တယ်လို့ ခေါ်တယ်။ ဒါကမှ ကစားပွဲပဲ။

ခင်ဗျားက ကျားကစားနေတယ်လို့ ထင်နေပေမဲ့ ကျုပ်ကတော့ တကယ်တမ်း ဝူဇီချီကစားနေတာ။ ကျုပ်တို့ပြိုင်နေတာက ဘယ်သူ အရင် အနိုင်ရမလဲဆိုတာပဲ။

ဒီနေ့လိုပဲပေါ့။ ခင်ဗျားနဲ့ နန်ပါးထျန်းက ကျုပ်ကို ထောင်ချောက်ထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားရဲ့စည်းမျဉ်းအတိုင်း မကစား‌ဘူး။ တခြားလမ်းကြောင်းကို ရွေးချယ်ပြီးတော့ ကစားပွဲကို အလွယ်လေး ဖောက်ထွက်နိုင်တယ်။

ချန်ကျဲ့တွေးနေစဉ် စနစ်၏အသံကို ကြားလိုက်ရသည်။

[ဒီနေ့အတွက် နောက်ဆုံးရသတင်းအချက်အလက်များ မြှင့်တင်ပြီးပါပြီ (အဆင့်၃)]

[၁၊ သင်ဒီနေ့ ဟွမ်ဝမ်အာနဲ့ တွေ့ခဲ့ပြီး ရခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဟွမ်ဝမ်အာက အခုနောက်ပိုင်း နည်းနည်းနေမကောင်းဖြစ်နေပါတယ်။ သူမရဲ့ကျန်းမာရေးကို သေချာဂရုစိုက်ပေးပါ]

[၂၊ သင်ဒီနေ့ စူးယွင်ကျင်းကို တွေ့ခဲ့ပြီး ရခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ စူးယွင်ကျင်းက သင်ဒီနေ့ ဟွမ်ဝမ်အာနဲ့ သွားတွေ့တာကို သိနေပါတယ်။ ဒါပေမဲ့ သူက ဘာမှသိပ်မပြောလိုဘူး။ အနာဂတ်မှာ သင်အကူအညီရဖို့အတွက် ကလေးတွေကိုပဲ ‌စာ ကောင်းကောင်းသင်ပေးချင်နေပါတယ်]

[၃၊ သင်ဒီနေ့ နန်ပါးထျန်းနဲ့ သိုင်းကွက်ထိတွေ့ခဲ့ခြင်းကြောင့် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ နန်ပါးထျန်းရဲ့ ရေခဲလက်ဝါးသိုင်းက ပိုပြီးတော့ သန့်စင်လာပါပြီ။ သူ့ရဲ့အင်အားက လွန်ခဲ့တဲ့၆လထက် ပိုပြီး တိုးတက်လာပါတယ်]

[၄၊ သင်က နန်ပါးထျန်းရဲ့အကြံအစည်ကို ခန့်မှန်းသိရှိခြင်းကြောင့် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ ဒီနေ့ ရှန်းထောင်မြို့ဆိပ်ကမ်းမှာ သံထည်ပစ္စည်း‌ေတွ ပို့ဆောင်မယ့်သူက ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လျိုရဲ့ တစ်ဦးတည်းသောသား လျို့စုန့်ဖြစ်ပါတယ်။ နန်ပါးထျန်းက လျိုစုန့်အနားမှာ သစ္စာဖောက်စီစဉ်ထားပြီး လျိုစုန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထားပါတယ်။ ပြီးရင် ကုန်ပစ္စည်းတွေကို သိမ်းဖို့သွားတဲ့ သင့်ကို အပြစ်ပုံချမှာပါ]

[၅၊ နန်ပါးထျန်းရဲ့ အကြံအစည်ကို ခန့်မှန်းသိရှိတဲ့အတွက်ကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ သစ္စာဖောက်ရဲ့အမည်က ကျောင်းစန်းဖြစ်ပြီး လျိုစုန့်ရဲ့ လက်ထောက်အစောင့်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်]

ဟမ်??

ချန်ကျဲ့သည် စနစ်၏ နောက်ဆုံးရသတင်းအချက်အလက်များကို ဖတ်နေရင်း မျက်လုံးအိမ်တို့ မှေးကျဉ်းသွား၏။ ချန်ကျဲ့သည် ရှောင်ဟူမှ ဝူဇီချီကစားပွဲစည်းမျဉ်းများအကြောင်း ရှင်းပြနေခြင်းကို နားထောင်နေသည့် ထန်ဇီယွဲ့ကိုတစ်လှည့် စာအုပ်ဖတ်ဟန်ဆောင်ကာ မနီးမဝေးတွင် ထိုင်နေသည့် နန်ပါးထျန်းကိုတစ်လှည့် ကြည့်လိုက်သည်။

အဲဒီတော့ သူတို့ရဲ့အစီအစဉ်က ဒါပေါ့လေ။

တကယ့်ကို ကောက်ကျစ်တဲ့ အကြံအစည်ပါပဲလား။ လက်စသတ်တော့ သံထည်ပစ္စည်းတွေ ပို့ဆောင်မယ့်သူက ခေါင်းဆောင်လျိုရဲ့ တစ်ဦးတည်းသောသား လျိုစုန့်ဖြစ်နေတာပဲ။

ချန်ကျဲ့ လျိုစုန့်ကို သိသည်။ လျိုစုန့်သည် ခေါင်းဆောင်လျိုနောက်တွင် တစ်ချိန်လုံး လိုက်နေခဲ့ရာ လူမှုအဖွဲ့အစည်းကို ကြုံတွေ့ပြီး သန်မာမှု မရှိလောက်သေးပေ။

ချန်ကျဲ့သည် လျိုစုန့်ကို သေချာမှတ်မိနေပါ၏။ ထိုကောင်လေးသည် အမြဲလိုလို သူ့ကို မကျေနပ်နေဟန်ရှိကာ ဆုံတွေ့တိုင်းလည်း သူ၏အရည်အချင်းကို စမ်းသပ်လိုနေတတ်သည်။

ယခုတွင်တော့ လျိုစုန့်သည် အလုပ်တာဝန်ကြီးများကို တာဝန်ယူနိုင်နေပြီထင်ရ၏။ သံထည်ပစ္စည်းပို့ဆောင်ခြင်းကဲ့သို့ အရေးကြီးတာဝန်ကိုပင် အပ်နှံခံရလေသည်။

ဒါပေမဲ့ နန်ပါးထျန်းက သစ္စာဖောက်တစ်ယောက်ကို လျိုစုန့်အနားမှာ လက်ထောက်ခေါင်းဆောင်အဖြစ် လူထည့်ထားခံရတဲ့အထိ ဘယ်လောက်တောင် တုံးအနေတာများလဲ။ ခေါင်းဆောင်လျိုကလည်း အရမ်းသတိမဲ့လွန်းတယ်။ ဘယ်လိုလုပ်ပြီး သူ့သားနားမှာ အဲဒီလိုလူမျိုးရှိအောင် ခွင့်ပြုထားရတာလဲ။ သူဘာတွေ တွေးနေတာလဲ။

အစောင့်ရွေးတုန်းက သေချာမရွေးဘူးလား။

သို့သော် စနစ်၏သတင်းအချက်အလက်သည် သစ္စာဖောက်၏ အမည်ကိုပင် ဖော်ပြထားပေးသည်။

ဤစနစ်သည် အတော်လေး အထင်ကြီးဖို့ကောင်းကြောင်း ချန်ကျဲ့ ဝန်ခံရပေမည်။ တစ်ခါတရံ အဓိပ္ပာယ်မပေါ်လွင်သည့် အချက်အလက်များ ပေးတတ်ခြင်းမှအပ အခြားအမှားအယွင်းမရှိပေ။

ဤစနစ်သည် မည်သို့စီမံခန့်ခွဲကြောင်း ချန်ကျဲ့လည်း မသိပေ။ တစ်ခါတရံ စနစ်၏ တိကျမှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်း၏။ အခြားအချိန်များတွင် အဖြေနှင့် နီးကပ်စွာ ရစ်ဝဲနေတတ်ကာ လူကို ခန့်မှန်းစေသည်။

လူကို ခန့်မှန်းခိုင်းတာ ငါက ကလေးမို့လို့ ခန့်မှန်းရမှာလား။

ချန်ကျဲ့၏ လက်ရှိအခြေအနေသည် စနစ်နှင့် အချစ်အမုန်းဆက်ဆံရေးဖြစ်သည်။ တစ်ခါတရံ မယုံကြည်နိုင်လောက်အောင် အသုံးဝင်သည့် အချက်အလက်ကို ပေးသောကြောင့် အချစ်ဖြစ်ရသည်။ ဥပမာ ဤတစ်ကြိမ်ကဲ့သို့ လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်ပြရုံသာမက သစ္စာဖောက်၏ အမည်ကိုလည်း ဖော်ပြထားပေသည်။

တစ်ခါတရံတွင်တော့ စနစ်သည် လုံးဝ အကူအညီမဖြစ်ဘဲ ဝေ့နေရခြင်းကို သဘောကျသည်။

ဥပမာ ဟွမ်ဝမ်အာ၏ သတင်းအချက်အလက်ကဲ့သို့ ဖြစ်သည်။ အဖြေမှန်အနားတွင် ရစ်ဝဲနေ၏။

ဟွမ်ဝမ်အာ နေမကောင်းဘူးတဲ့လား? သူက ဘာလို့ နေမကောင်းဖြစ်တာလဲ?

သူဒီနေ့ ဟွမ်ဝမ်အာနှင့် တွေ့ခဲ့စဉ်က ဘာမျှ သတိမထားမိခဲ့ပေ။ သူမ၏ ယခင်ထက် ပို၍ ချုပ်ထိန်းထားဟန်ရသော အပြုအမူများမှအပ အရာအားလုံး ပုံမှန်ဟု ထင်ရပေသည်။

အဲဒါက ပြဿနာပဲ။ သူက ဘာလို့ အရင်လို အရိုင်းမဆန်တော့ဘဲနဲ့ အရမ်းထိန်းချုပ်နေရတာလဲ။

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်သည် ထိုအကြောင်း တွေးတောနေရမည့်အချိန် မဟုတ်ပေ။ နံပါတ်၂နှင့် နံပါတ်၃အချက်အလက်များသည် အရမ်း အသုံးမဝင်ပေ။

သူ၏ ဇနီးဖြစ်သူ စူးယွင်ကျင်းသည် ချန်ကျဲ့မှာ တစ်ဘဝလုံး သူမတစ်ယောက်ကိုသာ ချစ်မြတ်နိုးသွားမည့် စိတ်ကူးယဉ်ဆန်သော အချစ်သူရဲကောင်းကြီးမဟုတ်ကြောင်း သိထားပြီးဖြစ်သည်။

နန်ပါးထျန်း၏ အင်အားအကြောင်းသည်လည်း ထို့အတူပင်။ နန်ပါးထျန်းမှ ဒဏ္ဍာရီများထဲတွင်သာ ကြားသိထားဖူးသည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက်ရှိ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိသွားလျှင်မူ ထိုလူကို မိမိကိုယ်ကိုယ် အထိခိုက်မခံဘဲ သတ်ဖြတ်ခြင်းငှာ မဖြစ်နိုင်ဘဲ ဖြစ်ရလိမ့်မည်။ သို့သော် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အတွင်း ရှိနေသေးလျှင်မူ သတ်ဖြတ်ရန်အတွက် ဒုက္ခများရရုံမျှသာ ဖြစ်လိမ့်မည်။

ဤသည်ကို ခြုံငုံကြည့်လျှင်မူ စနစ်သည် ပစ်မှတ်ကို ဗဟိုပြုသည့် စနစ်ဟု သတ်မှတ်နိုင်လိမ့်မည်။

ထိုသို့သာ အမှန်ဖြစ်ပါက အနည်းငယ်တော့ ရှုပ်ထွေးပါ၏။

ပစ်မှတ်ကိုဗဟိုပြုတဲ့ အချက်အလက်တွေ အင်း မဆိုးဘူး မဆိုးဘူး။ နည်းနည်းတော့ မျှော်လင့်မိသား။ ဒီလိုဆိုရင်တော့ နောက်ကျ တစ်ယောက်ယောက်ရဲ့ အတွင်းခံအရောင်ကိုတောင် သိလာရနိုင်ခြေရှိတယ်။

ချန်ကျဲ့ လက်တွေ့အခြေအနေသို့ အသိပြန်ဝင်သွား၏။ ယခုတွင် အခြေအနေကို သိရှိသွားပြီဖြစ်ရာ ထောင်ချောက်မှ ဖောက်ထွက်ဖို့ရာ လွယ်ကူသွားလေပြီ။

ချန်ကျဲ့ ခေါင်းငုံ့၍ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။ လက်ဖက်ရည်ခွက်ထဲမှတစ်ဆင့် ကောင်းကင်ယံမှ လမင်းကို မြင်တွေ့နေရပေသည်။

လက်ရှိတွင် ချန်ကျဲ့သည် နန်ပါးထျန်း၏ နေအိမ်အကျယ်ချုပ်ချခံထားရသည်။ ကစားပွဲမှ ဖောက်ထွက်လိုပါက အပြင်သို့ သတင်းပို့ဆောင်ရန် လိုအပ်၏။ သို့သော် လက်ရှိအခြေအနေမှာ…

ချန်ကျဲ့သည် အကျပ်ရိုက်နေသောကြောင့် မျက်လုံးအိမ်တို့ မှေးကျုံ့နေ၏။

နန်ပါးထျန်းနှင့် ထန်ဇီယွဲ့သည် သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။

သို့သော် ကစားပွဲမှ ဖောက်ထွက်ရန် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ရှိပါသေးသည်။ ၎င်းမှာ စစ်ရှီးမှ သူချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် မျှော်လင့်ခြင်းဖြစ်၏။ ထိုအရာမှာ သူ၏ ဝှက်ဖဲဖြစ်၏။ သူ့ထံမှ အချိန်အတိုင်းအတာတခုအထိ သတင်းမရရှိလျှင် အိမ်တော်မှ လက်အောက်ငယ်သားများကို မည့်သည့်အရာ လုပ်ရမည်ဆိုသည်ကို ချန်ကျဲ့က တကွက်ကြိုတွက်ကာ ညွှန်ကြားထားပြီးသားဖြစ်၏။

ထိုသို့အတွေးများဖြင့် ချန်ကျဲ့သည် တိတ်ဆိတ်နေခဲ့သည်။ အနီးတွင် ရှောင်ဟူသည် ထန်ဇီယွဲ့နှင့် ဝူဇီချီကစားနေကာ သူ၏ဉာဏ်ရည်ထက်မြက်မှုဖြင့် ထန်ဇီယွဲ့ကို လွှမ်းမိုးနိုင်ရန် ကြိုးစားနေသည်။ ပထမတစ်ကြိမ်တွင် ထန်ဇီယွဲ့သည် စည်းမျဉ်းများနှင့် မရင်းနှီးသောကြောင့် ရှုံးခဲ့သည်။ သို့သော် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်.. ဒဿမအကြိမ်များတွင်တော့ ရှောင်ဟူသည် ထန်ဇီယွဲ့ကို တစ်ကြိမ်မျှ အနိုင်မရတော့ချေ။

All Chapters