အခန်း (၄၅၄)
Vol. 35 Ch. 454
ရှောင်ဟူမှ ၁၁ကြိမ်မြောက် ကစားပွဲကို စတင်လုနီးတွင် နန်ပါးထျန်းမှ အချိန်ကို ကြည့်လိုက်ပြီး ပြောသည်။
“အချိန်နီးပြီ၊ ထွက်ခွာကြတော့လေ”
ထိုအခါ ချန်ကျဲ့မှ ထရပ်လိုက်ပြီး ပြောသည်။
“ရှောင်ဟူ ညီနောင်တွေကို ထွက်ခွာဖို့ ပြင်ဆင်ဖို့ အကြောင်းကြားလိုက်ပါ”
“ဟုတ်ကဲ့!”
ရှောင်ဟူသည် ထရပ်လိုက်ပြီးနောက် ထန်ဇီယွဲ့သို့ လှည့်ပြောသည်။
“ခန်းမအရှင်သခင်ထန် ကျွန်တော်တို့ ပြန်ရောက်ရင် ဆက်ကစားကြရအောင်ပါ။ ကျွန်တော် ခင်ဗျားကို လုံးဝ အနိုင်မယူနိုင်ဘူးလို့ မယုံကြည်ဘူးဗျ”
ထန်ဇီယွဲ့မှ ရယ်မောလျက် ပြောသည်။
“ကောင်းပါပြီ”
ထို့နောက် ထန်ဇီယွဲ့နှင့် နန်ပါးထျန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြကာ နန်ပါးထျန်းမှ အခြားသူများ သတိမထားမိလောက်အောင် မသိမသာ ခေါင်းညိတ်သည်။
ထိုစဉ် ချင်းယင်မှ ခြိမ်းခြောက်ပြောဆို၏။
“ချန်ကျိုစစ် မင်း ငါတို့ကို သိက္ခာမချနဲ့နော်။ ဒီကိစ္စကို ကျရှုံးလို့ကတော့ မင်းကိုယ်မင်း ငါးဖမ်းကုန်သည်အဖွဲ့သားလို့ မပြောနဲ့တော့”
ချန်ကျဲ့သည် ချင်းယင်ကို လျစ်လျူရှု၍ နန်ပါးထျန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
“ခေါင်းဆောင် ကျွန်တော်တို့ ထွက်ခွာပါတော့မယ်”
နန်ပါးထျန်းမှ တုံ့ပြန်သည်။
“မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်တဲ့ခရီးစဉ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”
ချန်ကျဲ့သည် လက်သီးယှက်အရိုအသေပြုခဲ့ပြီး နောက်လိုက်များနှင့်အတူ ဌာနချုပ်မှ အပြင်သို့ ဦးဆောင်ထွက်ခွာလာခဲ့သည်။ အပြင်သို့ရောက်သည်တွင် ရွက်ဖျင်တဲများ ဆောက်ထားသည်ကို မြင်တွေ့လိုက်ရကာ ကျားဖြူခန်းမအစောင့်တပ်ဖွဲ့၁သည် သူတို့၏ ခန်းမအရှင်သခင်ကို နေရာယူစောင့်ဆိုင်းနေကြသည်။
ချန်ကျဲ့ထွက်လာသည်နှင့်တစ်ပြိုင်နက် တပ်ဖွဲ့၁သည် ချက်ချင်း ထရပ်လာကြသည်။ စည်းကမ်းကြပ်မတ်သော စစ်တပ်အသွင်အပြင်သည် ထန်ဇီယွဲ့ကို မျက်မှောင်ကြုတ်သွားစေ၏။ ထန်ဇီယွဲ့မှ ရေရွတ်သည်။
“အင်အားကြီးစစ်သည်တော်တွေ ပါဝင်တဲ့ စစ်တပ်တစ်တပ်လိုပါပဲလား”
ထန်ဇီယွဲ့မှာ ထိုစကားလုံးများကို မထိန်းချုပ်နိုင်ဘဲ အသံထွက်ရေရွတ်မိလိုက်၏။ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ပုံမှန်အားဖြင့် အပြုအမူသည် ထိန်းသိမ်းစနစ်ကျခြင်းမရှိဘဲ တေလေဂျပိုးများနှင့် တူညီကာ သူတို့၏ အုပ်စုလိုက်လှုပ်ရှားပုံသည် ရှေးခတ်ရုပ်ရှင်များထဲမှ လူရမ်းကားအဖွဲ့နှင့် ဆင်တူပေသည်။
သို့သော် ချန်ကျဲ့၏ ကျားဖြူခန်းမသည်တော့ လက်ရွေးစင်စစ်သည်များပါဝင်သည့် သေချာလေ့ကျင့်ထားသော စစ်တပ်တစ်တပ်နှင့် ဆင်တူသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ထန်ဇီယွဲ့သည် ဤလူငယ်၏ရည်မှန်းချက်မှာ မည်မျှအထိ ခမ်းနားကြီးကျယ်ကြောင်း တွေးတာမိရသည်။
ချန်ကျဲ့သည် မြင်းပေါ်သို့ ချက်ချင်းမတက်ဘဲ ထန်ဇီယွဲ့ဘက်သို့ လှည့်၍ ပြောသည်။
“ခန်းမအရှင်သခင်ထန် ကျုပ်ရဲ့ ကျားဖြူခန်းမအစောင့်တပ်ဖွဲ့ကို ဘယ်လိုသဘောရလဲဗျ”
ထန်ဇီယွဲ့သည် ရိုးသားပွင့်လင်းစွာ ပြန်ပြောခဲ့သည်။
“လက်ရွေးစင်စစ်တပ်”
ချန်ကျဲ့မှ အားရပါးရ ရယ်မောလျက် ပြောသည်။
“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခန်းမအရှင်သခင်ထန်။ ကျုပ်နဲ့အတူ ရှေ့ကနေ လာဦးဆောင်လှည့်ပါ”
ထိုသို့ပြောလျက် ချန်ကျဲ့သည် ထန်ဇီယွဲ့ကို ရှေ့တန်းသို့ ဦးဆောင်ခေါ်သွားသည်။ သို့သော် သူတို့၏နောက်တွင်ရပ်နေသည့် ရှောင်ဟူသည် ခဏမျှ အံ့ဩမင်သက်သွားခဲ့သည်။ အကြောင်းမှာ ချန်ကျဲ့သည် ဖြတ်သွားရင်း သူ့ကို စကားအချို့ တီးတိုးပြောသွားခဲ့သောကြောင့် ဖြစ်သည်။ သို့ဖြင့် ရှောင်ဟူသည် ချက်ချင်း စတင်၍ ပိပိရိရိလှုပ်ရှားတော့သည်။
လမ်းမတွင် လူ၆၀နှင့် တပ်ဖွဲ့တို့ ဖြတ်သန်းချီတက်သွားပြီးနောက် လမ်းထောင့်တွင် လူအမြောက်အများ ထွက်ပေါ်လာသည်။
ထိုလူများကို ဦးဆောင်လာသူမှာ စစ်ရှီးဖြစ်သည်။
ချန်ကျဲ့၏ ညွှန်ကြားချက်များအရ ချန်ကျဲ့မှ အချိန်ကြာမြင့်သည်အထိ အိမ်ပြန်မလာခဲ့ပါလျှင် အတွင်းရေးဌာနသည် လူလွှတ်စောင့်ဆိုင်းစေ၍ အခြေအနေကို စစ်ဆေးရမည်ဖြစ်သည်။
ထိုအချိန်၌ စစ်ရှီးသည် လမ်းထောင့်တွင် စာရွက်ဖြင့် ပတ်ထုတ်ထားသည့် ကျောက်တုံးတစ်တုံးကို တွေ့လိုက်သည်။ ထိုစာရွက်ပေါ်တွင် ဖျင်ယင်းစာလုံးအချို့ ရေးထား၏။
ဖျင်ယင်းတရုတ်စာလုံးသည် ယခုတွင် ကျားဖြူခန်းမ၏ လျှို့ဝှက်ကုဒ် ဖြစ်နေလေပြီ။
ရာထူးမြင့်သူအချို့သာလျှင် ၎င်းကို ဖတ်နိုင်သည်။
သူတို့မှအပ အခြားမည်သူမျှ နားမလည်နိုင်သောကြောင့် သတင်းပေါက်ကြားခြင်းအား စိုးရိမ်ရန် မလိုအပ်တော့ပေ။
စစ်ရှီးမှ ကောက်ယူလျက် စာလုံးများကို ချက်ချင်း အဓိပ္ပာယ်ဖော်ကြည့်သည်။ ထို့နောက် မျက်လုံးပြူးသွား၏။
ထို့နောက် စစ်ရှီးမှ ပြောသည်။
“အမြန် ခန်းမဆီ ပြန်ကြမယ်”
စစ်ရှီးသည် ကျားဖြူခန်းမသို့ အမြန်ပြန်သွားသည်။ ထို့နောက် ခိုများထားသည့် အခန်းဆီသို့ ချက်ချင်းသွားသည်။
စာပို့ခိုများကို အတွင်းရေးဌာနရှိ ခိုမွေးမြူသူများမှ မွေးမြူထားခြင်း ဖြစ်သည်။ ခိုတစ်ကောင်လျှင် သူလျှိုတစ်ယောက်နှင့် ဆက်နွယ်နေသည်။
ချန်ကျဲ့တွင်လည်း ချောင်ကုန်သည်အဖွဲ့တွင် လျှို့ဝှက်သူလျှိုများရှိသည်။ လျိုစုန့်၏အဖွဲ့တွင် တစ်ယောက်ထည့်ထား၏။ လျိုစုန့်၏အစောင့်အဖွဲ့သည် ချန်ကျဲ့၏ သက်တော်စောင့်၁၂ဦးတပ်ဖွဲ့နှင့် ဆင်တူသည်။ ချန်ကျဲ့၏သူလျှိုသည် နှစ်ဝက်ကြာပြီးနောက်တွင် မနည်းလှသော ကုန်ကျစရိတ်ဖြင့် လျိုစုန့်၏အစောင့်အဖွဲ့ထဲသို့ စိမ့်ဝင်ရောက်နိုင်ခဲ့ပြီး သာမန်ခြေလျင်တပ်သားလေးတစ်ဦး ဖြစ်လာနိုင်ခဲ့သည်။
ထိုလူသည် ချန်ကျဲ့၏ ချောင်ကုန်သည်အဖွဲ့အတွင်း အသုံးအဝင်ဆုံးသူလျှို ဖြစ်လာခဲ့သည်။ အရေးကြီးအခြေအနေအတွက် မဟုတ်ပါက ချန်ကျဲ့သည် ထိုလူနှင့် ဆက်သွယ်ခြင်းဖြင့် စွန့်စားလိမ့်မည် မဟုတ်ပေ။
စစ်ရှီီးသည် ခိုခြေထောက်တွင် လျှို့ဝှက်စာကို ချည်နှောင်ကာ အချိန်မီရောက်ရန် မျှော်လင့်ချက်ဖြင့် ခိုကို စေလွှတ်လိုက်သည်။
ထို့နောက် စစ်ရှီးသည် လျင်မြန်သည့်မြင်းတစ်ကောင် ချက်ချင်းပြင်ဆင်၍ ချောင်ကုန်သည်အဖွဲ့၏ ပိုင်နက်နယ်မြေဖြစ်သော မြောက်မြို့သို့ ဦးတည်ထွက်ခွာခဲ့သည်။ အသက်နှင့်ဆိုင်လေရာ ခေါင်းဆောင်လျိုကို လူကိုယ်တိုင် သွားရှာရပေမည်။
သို့သော် ချောင်ကုန်သည်အဖွဲ့သို့ စစ်ရှီးရောက်ရှိချိန်တွင် ခေါင်းဆောင်လျိုသည် ရှိမနေခဲ့ချေ။ ခေါင်းဆောင်လျိုသည် သူ၏ခန်းမအရှင်သခင်များနှင့်အတူ တစ္ဆေလက်ကုချင်းဖုန်း၏ စံအိမ်သစ်ဆီသို့ သေရည်သောက်ရန် သွားနေခဲ့သည်။
သို့ဖြင့် စစ်ရှီးလည်း အပူတပြင်းဖြင့် ၎င်းစံအိမ်၏ တည်နေရာကို မေးမြန်းရတော့သည်။
ထိုအခါ အစောင့်မှ ပြောသည်။
“ကျွန်တော် မသိပါဘူး”
စစ်ရှီးမှာ စိတ်ပျက်လက်ပျက်ဖြင့် ချောင်ကုန်သည်အဖွဲ့ အပြင်ဘက်တွင် စောင့်ဆိုင်းနေရန်သာ တတ်နိုင်တော့သည်။ ခေါင်းဆောင်လျို ပြန်ရောက်လာပါရန် မျှော်လင့်ကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ထိုစဉ် ချန်ကျဲ့နှင့်နောက်လိုက်များသည် မြို့တံခါးဝသို့ ရောက်လာခဲ့သည်။ ဂိတ်စောင့်တပ်သားသည် ညအချိန်ကြီးတွင် မြို့တံခါးဝသို့ ချဉ်းကပ်လာဝံ့သူများကြောင့် ဒေါသထွက်ကာ အော်ငေါက်၏။
“ရပ်စမ်း!”
ချန်ကျဲ့သည် ချီတက်မှုကို ရပ်တန့်လိုက်ပြီး ရှောင်ဟူအား ရှေ့ထွက်၍ ညှိနှိုင်းစေသည်။
ရှောင်ဟူ ချဉ်းကပ်လာသောအခါ ဂိတ်စောင့်တပ်သားသည် မီးပုံးကို မြှောက်ကြည့်သည်။ ထို့နောက် ရှောင်ဟူကို မှတ်မိသွား၏။
“ဟေး လူကြီးမင်းဟူ၊ ဘာကိစ္စကြောင့် ရောက်လာတာလဲဗျ”
ရှောင်ဟူမှ ပြောသည်။
“ကျားဖြူခန်းမမှာ အလုပ်ကိစ္စရှိလို့ မြို့တံခါးဖွင့်ပေးပါ”
“အာ လူကြီးမင်း ခဏလောက်စောင့်ပေးပါ။ ကျွန်တော် အခုပဲ ဖွင့်ပေးပါ့မယ်။ တံခါးဖွင့်ကြစမ်း၊ မင်းတို့မျက်လုံးတွေက မမြင်ကြဘူးလား? ကျားဖြူခန်းမအရှင်သခင်ကို မင်းတို့ မမြင်ကြဘူးလားကွ?”
အစိုးရတပ်သားများကို အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။ ဝူဟုန်ကဲ့သို့ ရဲမက်များပါဝင်သည့် ခြေမြန်တော်တပ်ဖွဲ့သည် သူခိုး၊ဓားပြများကို ဖမ်းဆီးရသည်။ ထိုသူများသည် မြို့တံခါးစောင့်ရသည့် သန်မာအားကောင်းသည့် စစ်သည်များလည်း ဖြစ်သည်။
ထိုဂိတ်စောင့်တပ်သားများကို အထင်မသေးသင့်ပါချေ– သူတို့သည် မြို့ထဲမှ မည်သူထွက်သွားသည်၊ မည်သူနှင့် တွေ့ဆုံသည် စသဖြင့် မျန့်ရွေစီရင်စုအတွင်း အရာအားလုံးကို သိရှိကြသည်။
ရှောင်ဟူမှ ငွေတစ်စ ပေးလိုက်ပြီးနောက်တွင် မြို့တံခါးပွင့်သွား၏။
ချန်ကျဲ့၊ ထန်ဇီယွဲ့နှင့် အဖွဲ့သားများသည် မြို့ထဲမှ ထွက်ကာ ရှန်းထောင်မြို့သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ တစ်နာရီကျော်ခန့်သော အချိန်အတွင်း၌ သူတို့သည် လျင်မြန်စွာပင် ရှန်းထောင်မြို့သို့ ရောက်ရှိခဲ့ကြသည်။
ထိုစဉ် ရှန်းထောင်မြို့ဆိပ်ကမ်း၌
ဆိပ်ကမ်းကို ပုံမှန်အားဖြင့် ငါးဖမ်းကုန်သည်အဖွဲ့မှ စီမံခန့်ခွဲခြင်းဖြစ်သည်။ သို့သော် ဆိပ်ကမ်းသည် အဓိကလုပ်ငန်း မဟုတ်လေရာ ကုန်သည်အဖွဲ့သည် ဆိပ်ကမ်းအား စီမံခန့်ခွဲခြင်းကို မကြာခဏ လျစ်လျူရှုထားတတ်၏။ ညစောင့်တာဝန်ကိုလည်း ဝီရိယရှိရှိ မထမ်းဆောင်ကြပေ။
ဥပမာဆိုရသော် ဒီနေ့ ညစောင့်တာဝန်ကျသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ရှန်းထောင်မြို့ရှိ ချောင်ကုန်သည်အဖွဲ့ထံမှ သေရည်သောက်သုံးရန် ဖိတ်ခေါ်ခံထားရခြင်းကဲ့သို့ ဖြစ်သည်။