အခန်း (၄၅၅)
Vol. 35 Ch. 455
ကျေးလက်ဘက်မှ အဖွဲ့သားများသည် သေရည်နှင့်အသားများ စားသောက်ပျော်ပါးရန်အတွက် ဖိတ်ခေါ်ခံရခြင်းမှာ အလွန်ရှားပါး၏။ သူတို့သည် ထိုသို့စည်းစိမ်ခံခြင်းသော အရာများကို မတတ်နိုင်လေရာ ဤသည်မှာ အဖိုးတန်အခွင့်အရေးကြီး ဖြစ်ပေသည်။
ဒီနေ့ သေရည်တည်ခင်းဧည့်ခံမည်ဖြစ်ရာ ၎င်းဆိပ်ကမ်းအိုကြီးက မည်သူက ဂရုစိုက်ပါတော့မည်နည်း။
သို့ဖြင့် ဆိပ်ကမ်းသည် လူသူကင်းမဲ့နေတော့သည်။
ထိုအချိန်တွင် ဆိပ်ကမ်းအနီးရှိ တောအုပ်ထဲ၌ လျိုစုန့်သည် ရထားလုံးရှေ့တွင် ဦးဆောင်နေသည်။ သံထည်ပစ္စည်းများကိုမူ အနီးရှိ သင်္ဘောတစ်စင်းထက်တွင် တင်ရပေမည်။ မကြာမီတွင် မြောက်ပိုင်းဒေသ၏ ထူထဲ့ဘက်မှ သံတမန်ရောက်လာပြီး သင်္ဘောကို ရွက်လွှင့်သွားလိမ့်မည်။ ထိုအခါ အရောင်းအဝယ်လည်း ပြီးဆုံးမည်ဖြစ်သည်။
လျိုစုန့်သည် ရထားလုံးရှေ့တွင် ထိုင်၍ စပျစ်သီးတစ်ခိုင်ကို တမြုံ့မြုံဝါးနေသည်။
လျိုစုန့်၏ဘေးတွင် လူနှစ်ယောက် ရပ်နေသည်။ မျက်နှာမည်းမည်းနှင့်တစ်ယောက်သည် ခေါင်းဆောင်လျိုကိုယ်တိုင် ရွေးချယ်ပေးထားသည့် လျိုစုန့်၏ဝမ်းကွဲအစ်ကိုဖြစ်ပြီး အစောင့်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။
အသားအရောင် မဆိုးလှသည့် တခြားတစ်ယောက်သည်တော့ ကုန်သည်အဖွဲ့အတွင်း အဆက်အသွယ်များဖြင့် ရွေးချယ်ထားခဲ့သည့် ကျောင်းစန်းဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် လျိုစုန့်ယုံကြည်ရသော လူယုံတော်များ ဖြစ်ကြသည်။
သူတို့သည် လျိုစုန့်ကို အဖော်ပြုနေသည်။ လျိုစုန့်သည် သံထည်ပစ္စည်းပို့ဆောင်ခြင်း အလုပ်တာဝန်ကို မိမိထံ အပ်နှံခံရသောကြောင့် စိတ်အားတက်ကြွကာ စိတ်လှုပ်ရှားနေခဲ့သည်။ စွန့်ပစ်ပစ္စည်းများကို ဈေးမြင့်မြင့်ဖြင့် ရောင်းချပြီး ကုန်သည်အဖွဲ့အတွက် အကျိုးအမြတ်ရှာဖွေပေးနိုင်ခဲ့သည့် မိမိ၏ဉာဏ်ထက်မြက်မှုကို ကျေးဇူးတင်ရပေမည်။ ထိုဉာဏ်ထက်မြက်မှုကြောင့်သာ မဟုတ်ခဲ့ပါက သူ၏ဖခင်ဖြစ်သူ လျိုလောင်ကွေ့သည် သူ့ကို ဤအလုပ်တာဝန်အား အပ်နှံလိမ့်မည် မဟုတ်ပေ။
ဤအလုပ်တာဝန် အောင်မြင်သွားသည်နှင့် သူသည်လည်း အကျိုးဆောင်မှုကြီးတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ပြီး နောက်ဆုံးတွင် ထိုအဖိုးကြီး ပါးစပ်ဖျားထဲမှ ချန်ကျိုစစ်ကို ကျော်လွန်နိုင်လိမ့်မည်။
ထိုသို့အတွေးများဖြင့် လျိုစုန့်သည် စပျစ်သီးကို ပို၍ ပျော်ပျော်ရွှင်ရွှင် စားနေတော့သည်။ သူ၏ ဖခင်ထံမှ ရက်ရက်ရောရော ချီးမွမ်းသံများ ညံနေမည့် ခမ်းနားသည့်အခိုက်အတန့်ကိုပါ စိတ်ကူးယဉ်နေခဲ့ပေသည်။
တောအုပ်ထဲတွင် သံကြွပ်များ သယ်ယူပို့ဆောင်သည့် လှည်းများဖြင့် ပြည့်နှက်နေသည်။
၎င်းသံကြွပ်များကို မြောက်ပိုင်းဒေသ၏ ပန်းပဲဖိုသို့ ရောက်ရှိလျှင် လက်နက်များအဖြစ် သွန်းလုပ်ကြလိမ့်မည်။ သို့ပါက မိန်ဂိုဏ်း၏ ခေါင်းပေါင်းနီစစ်တပ်ကို တိုက်ခိုက်ရန်အတွက် ပြီးပြည့်စုံသည့် လက်နက်များရရှိလေပြီ။
လျိုစုန့်သည် သူ၏နောက်ရှိ မျက်နှာမည်းမှောင်နေသူကို စပျစ်သီးအချို့ ကမ်းပေးသည်။
“ဝမ်းကွဲညီနောင် စပျစ်သီးစားပါဦးလား”
“လောင်ကျောင်း မင်းလည်း စားလေ”
“ကျေးဇူးတင်ပါတယ် သခင်လေး”
နှစ်ဦးစလုံးသည် ကျေးဇူးတင်စကားဆိုကာ စပျစ်သီးများကို လက်ခံယူလိုက်သည်။ လျိုစုန့်မှ ရယ်မောလျက် ပြောသည်။
“ဟားဟား ဘာလို့ အရမ်းတွေ ယဉ်ကျေးနေရတာလဲကွာ။ မင်းတို့က အနာဂတ်မှာလည်း ငါ့ကို ထောက်ပံ့ပေးရမယ့် ငါ့လက်ရုံးတွေလေကွာ”
အစောင့်နှစ်ဦးသည် ဘာမျှ မတုံ့ပြန်ပေ။ လျိုစုန့်သည်တော့ ဆက်လက်၍ ကျယ်လောင်စွာ စိတ်ကူးယဉ်နေ၏။
“ဒီတာဝန်ပြီးဆုံးတာနဲ့ ငါ အဖေ့ကို မြောက်ပိုင်းတောင်သံသတ္တုတွင်းကို ငါ့ကို ခွဲဝေပေးဖို့ တောင်းဆိုရမယ်။ အဲဒါဆို ငါတို့မှာ ကိုယ်ပိုင်လုပ်ငန်းရှိပြီ။ ကိုယ်ပိုင်အောင်မြင်မှုတွေလည်း အကျိုးဆောင်နိုင်ပြီ”
ဝမ်းကွဲဖြစ်သူမှ ပြောသည်။
“သခင်လေး မြောက်ပိုင်းတောင်သံသတ္တုတွင်းကို ခန်းမအရှင်သခင်ကုပဲ အမြဲတာဝန်ယူခဲ့တာပါ။ ကျွန်တော်တို့က ဒီလိုကြီးသွားတောင်းလိုက်ရင် ခန်းမအရှင်သခင်ကု စိတ်ကျေနပ်မှာ မဟုတ်ပါဘူး”
“မစိုးရိမ်ပါနဲ့ကွာ။ ဦးလေးကုက ငါ့ကို အချစ်ဆုံးပဲ။ ဟုတ်တယ်မလား ကျောင်းစန်း?”
ထိုအခါ ကျောင်းစန်းမှ ပြန်ပြောသည်။
“သခင်လေးပြောတာ အရမ်းမှန်ပါတယ်။ သခင်လေးက ချောင်ကုန်သည်အဖွဲ့ရဲ့ ဆက်ခံသူလေ။ သခင်လေးအနေနဲ့ အလုပ်တာဝန်တွေကို စောစောလက်လွှဲယူတာက လုံးဝ မှန်ကန်ပါတယ်”
ထိုအခါ လျိုစုန့်သည် ရယ်မော၏။
“အင်း အဟုတ်ပဲ”
လျိုစုန့်နှင့်နောက်လိုက်များ စိတ်ကူးများထဲ နစ်မြောနေစဉ် သူတို့နှင့် မဝေးလှသည့် တောအုပ်တစ်နေရာ၌ စာပို့ခိုတစ်ကောင် ဆင်းသက်လာသည်။
ထိုအခါ သယ်ပို့မည့် သံထည်ပစ္စည်းများကို စောင့်ကြပ်ရန် တာဝန်ရှိသည့် အဖွဲ့သားများသည် ထိတ်လန့်သွားကြကာ အသံလာရာ တောအုပ်ထဲသို့ ချက်ချင်း ဝင်သွားကြသည်။ မကြာမီ စာပို့ခိုကို မြင်တွေ့လိုက်ကြ၏။
ကုန်သည်အဖွဲ့က စာပို့လိုက်တာလား?
အဖွဲ့သားများသည် ရပ်တန့်သွား၏။
ဒီလိုညအချိန်ကြီးမှာ ကုန်သည်အဖွဲ့က စာပို့လာတာလား?
အရေးကြီးကိစ္စတစ်ခုခုရှိလို့လား?
ထိုသို့အတွေးဖြင့် အဖွဲ့သားတစ်ယောက်သည် ရှေ့တိုးသွားကာ စာပို့ခိုကို ဖမ်းလိုက်သည်။ ထို့နောက် ခိုခြေထောက်မှ ဝါးကျည်တောက်ကို ဖယ်ယူကာ စာကို ဖွင့်ဖတ်ကြည့်လိုက်သည်တွင် မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ထိုအဖွဲ့သားသည် လျိုစုန့်ထိုင်၍ စပျစ်သီးစားနေသည့် ရထားလုံးဘက်သို့ လှည့်ကြည့်လိုက်သည်။
အချိန်ခဏမျှ စဉ်းစားပြီးနောက်တွင် တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်သည့်အလား ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ရှေ့ထွက်လိုက်ပါက မိမိကိုယ်ကိုယ် ဖော်ထုတ်ပြီးဖြစ်သွားလိမ့်မည်။ သူသည် သူလျှိုတစ်ယောက်ဖြစ်ရာ လက်ရှိတွင် သူ၏ကံကြမ္မာသည် ရန်သူ၏သနားညှာတာမှုအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေပေသည်။
သို့သော် ခန်းမအရှင်သခင်၏ အမိန့်ကို လက်ခံရထားသည်ဖြစ်ရာ ဆုံးဖြတ်ချက်ချရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပါချေ။
သို့ဖြင့် ထိုအဖွဲ့သားသည် ရှေ့သို့ချဉ်းကပ်သွားခဲ့သည်။ လျိုစုန့်၏ အစောင့်သည် သူ့ကို သတိထားမိသဖြင့် ပြောလာ၏။
“ရပ်စမ်း!”
ထိုအခါ သူလျှိုသည် ရပ်သွားပြီး လျိုစုန့်၏ဝမ်းကွဲအစောင့်ကို ကြည့်လိုက်သည်။
“မင်းဘာလုပ်နေတာလဲ”
“ကျွန်တော် သခင်လေးနဲ့ တွေ့ရမယ်”
“သခင်လေးနဲ့ တွေ့ချင်တယ်တဲ့လား? မင်းလို အပြင်အစောင့်တစ်ယောက်ကို သခင်လေးက ဘာကိစ္စ အတွေ့ခံရမှာလဲ”
သူလျှိုသည် မိမိကိုယ်ကိုယ် မိတ်ဆက်သည်။
“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ။ ကျွန်တော့်ရဲ့ နာမည်အရင်းက ကျန်းမျိုးရိုးပါ။ ပြီးတော့ ကျားဖြူခန်းမအရှင်သခင်က ကျွန်တော့်ကို ချန်ပါးဆိုတဲ့ နာမည်ကို ချီးမြှင့်ခဲ့ပါတယ်”
“ကျားဖြူခန်းမအရှင်သခင်? ချန်ကျိုစစ်လား? မင်းက ချန်ကျိုစစ်ရဲ့လူလား”
ဝမ်းကွဲအစောင့်ဖြစ်သူသည် သူ့ကိုယ်သူ ချန်ပါးဟု မိတ်ဆက်လာသူကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
ချန်ပါးမှ အတည်ပြုပြောဆိုသည်။
“ဟုတ်ပါတယ်။ ကျွန်တော့်ကို ကျားဖြူခန်းမအရှင်သခင်ချန်က ချောင်ကုန်သည်အဖွဲ့ထဲ စိမ့်ဝင်ဖို့ အမိန့်ပေးခဲ့တာပါ။ အခုဆို သုံးလရှိပါပြီ။ ကျွန်တော် သခင်လေးနဲ့ တွေ့လို့ရမလား”
ချွင်!
ဝမ်းကွဲအစောင့်သည် ဓားဆွဲထုတ်၍ ချန်ပါးကို ချိန်ရွယ်သည်။
“မင်း ဘာတွေကြံစည်နေတာလဲ? ဘာရည်ရွယ်ချက်နဲ့လဲ”
သူ၏လည်တိုင်နှင့် ဓားသွားသည် ၅စင်တီမီတာခန့်မျှသာ ကွာဝေးတော့သည့်တိုင် ချန်ပါးသည် တည်ငြိမ်အေးဆေးစွာသာ ပြေဆိုသည်။
“ခေါင်းဆောင်၊ အရမ်းအရေးကြီးတဲ့ကိစ္စ ရှိနေတာကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်က သခင်လေးကို တွေ့ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ပြီး အသက်ရင်းပါ့မလား။ ခေါင်းဆောင်ဟေးအနေနဲ့ ကျွန်တော့်ကို နားလည်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော် သခင်လေးနဲ့ သီးသန့် စကားပြောချင်ပါတယ်”
ခေါင်းဆောင်ဟေးသည် မျက်မှောင်ကြုတ်လျက် မေး၏။
“မင်းဘာပြောချင်တာလဲ”
ချန်ပါးမှ တိုက်တွန်းသည်။
“ကျွန်တော်တို့ မြန်မြန်လုပ်ရပါမယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။ ကျေးဇူးပြုပြီး ခေါင်းဆောင်ဟေး၊ ကျေးဇူးပြုပြီး ကျွန်တော်တွေ့ခွင့်တောင်းတာကို သခင်လေးကို အကြောင်းကြားပေးပါ”
ဤသို့ ကိုယ့်သဘောဖြင့်ကိုယ် သူလျှိုဖြစ်ကြောင်း ထုတ်ဖော်လာခြင်းမှာ ဖြစ်ခဲလေရာ ခေါင်းဆောင်ဟေးသည် အဘယ်သို့ လုပ်ဆောင်သင့်သည်အား သေချာမသိပေ။ တွေဝေရှုပ်ထွေးနေခဲ့၏။
ထိုစဉ် လျိုစုန့်သည် ဆူညံသံများကို ကြားသဖြင့် လှည့်မေးလာခဲ့သည်။
“ဝမ်းကွဲညီ ဘာဖြစ်နေတာလဲ”
ခေါင်းဆောင်ဟေးမှ ပြန်ဖြေသည်။
“သခင်လေး၊ ကျားဖြူခန်းမရဲ့ သူလျှိုတစ်ယောက်က သခင်လေးကို တွေ့ခွင့်တောင်းနေပါတယ်”
“ဘာ!”
လျိုစုန့် အံ့ဩမှုကြောင့် ထခုန်မိသွား၏။
ကျားဖြူခန်းမရဲ့သူလျှိုက ဒီလောက်နီးနီးကပ်ကပ်လေးမှာ ပုန်းနေတယ်တဲ့လား?
“သူ့ကိုခေါ်လာခဲ့ ခေါ်လာခဲ့!”