← Chapters

အခန်း (၄၅၆)

Vol. 35 Ch. 456

အခန်း (၄၅၆)

Vol. 35 Ch. 456

ထိုစကားကို ကြားလိုက်သည်နှင့် လျိုစုန့်သည် ဒေါသထွက်ကာ အစောင့်ခေါင်းဆောင်ဟေးကို လှည့်ပြောသည်။

“ဝမ်းကွဲညီနောင် သူ့ကိုခေါ်လာခဲ့”

ခေါင်းဆောင်ဟေးသည် ချန်ပါးကို အမြန်ဆွဲခေါ်သွား၏။ လျိုစုန့်မှ ချန်ပါးကိုကြည့်၍ ပြောသည်။

“အဲဒီတော့ မင်းက ကျားဖြူခန်းမရဲ့သူလျှိုပေါ့?”

ချန်ပါးမှ ပြန်ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော်က ကျားဖြူခန်းမရဲ့သူလျှိုပါ”

“ကောင်းပြီ။ မင်းက အတော်သတ္တိရှိသားပဲ။ ငါ့အဖွဲ့ထဲမှာ ပုန်းနေရဲတယ်”

လျိုစုန့်မှ ထေ့ငေါ့ပြောသည်။

“အခု မင်းဘာလုပ်မှာလဲ။ အပြစ်ဝန်ခံမလို့လား? ငါတို့ဘက်ကို ကူးပြောင်းခိုလှုံချင်တာလား”

လျိုစုန့်သည် ချန်ပါးကို စိုက်ကြည့်နေသည်။

ထိုစဉ် ချန်ပါးမှ လျိုစုန့်ကို ပြောသည်။

“သခင်လေး ကျွန်တော် အခုလိုရောက်လာရတာက ခန်းမအရှင်သခင်ချန်ရဲ့အမိန့်နဲ့ သခင်လေးကို ကယ်တင်ဖို့အတွက်ပါ”

“ချန်ကျိုစစ်ရဲ့အမိန့်နဲ့ ငါ့ကိုကယ်တင်ဖို့တဲ့လား?’’

ထိုအခါ လျိုစုန့်သည် အားရပါးရ ရယ်မောတော့သည်။

“စိတ်ဝင်စားစရာပဲ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ချန်ကျိုစစ်က ငါ့အဖွဲ့ထဲမှာ လူထည့်ရဲတာကို အဲဒီအတွက် စာရင်းတောင် မရှင်းရသေးဘူး သူက ငါ့ကိုကယ်တင်မယ်လို့ ပြောရဲသေးတယ်။ မရယ်ရဘူးလားကွာ?”

“ဝမ်းကွဲ မင်းရော ရယ်ရတယ်မထင်ဘူးလား”

ခေါင်းဆောင်ဟေးသည် မျက်မှောင်ကြုတ်နေသည်။

“ကျောင်းစန်း မင်းရောဘယ်လိုထင်လဲ? ရယ်ရတယ်မဟုတ်လား”

ကျောင်းစန်း၏ မျက်နှာအမူအရာသည် အနည်းငယ် တောင့်ခဲသွား၏။ ထို့နောက် ကသိကအောက်နိုင်စွာ ရယ်မောသည်။

“ဟားဟား ဟုတ်ပဗျာ ဘယ်လိုတောင် ရယ်ရတဲ့ဟာသကြီးလဲ”

လျိုစုန့်သည် အားရပါးရ ရယ်မောလျက် ပြောသည်။

“အရမ်းရယ်ရတာပဲ။ ငါကပဲ သူ ငါ့ကိုကယ်ပေးဖို့ လိုအပ်ရဦးမတဲ့လား”

“သခင်လေး”

“ဟေ?”

လျိုစုန့်သည် ခေါင်းဆောင်ဟေးကို လှည့်ကြည့်လိုက်သည်။ ခေါင်းဆောင်ဟေးမှ ပြောသည်။

“သခင်လေး ကျွန်တော်တော့ သူပြောမယ့်စကားကို နားထောင်ကြည့်သင့်တယ်လို့ ထင်ပါတယ်”

လျိုစုန့်သည် ခေါင်းဆောင်ဟေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ဝမ်းကွဲညီနောင်က သူ့စကားကို နားထောင်သင့်တယ်လို့ ထင်တယ်ပေါ့လေ?”

ခေါင်းဆောင်ဟေးမှ ပြန်ပြောသည်

“နားထောင်သင့်ပါတယ်”

“ဒါဆိုလည်း ကောင်းပြီ။ ချန်ကျိုစစ်က ငါ့ကိုကယ်တင်ဖို့အတွက် ဘယ်လိုအစီအစဉ်တွေများ ချထားသလဲ”

ချန်ပါးမှ ပြန်ဖြေသည်။

“သခင်လေး ဒီအကြောင်းအရာကို သခင်လေးတစ်ယောက်ပဲ ကြားသိသင့်ပါတယ်။ တခြားသူတွေ မကြားသင့်ပါဘူး”

လျိုစုန့် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။

“ကောင်းပြီ။ ငါ မင်းပြောတာကို တစ်ယောက်တည်း နားထောင်မယ်”

“သခင်လေး၊ ဒီလူက အကြံအစည်ကြီးတဲ့အပြင် ကျားဖြူခန်းမရဲ့သူလျှိုလည်း ဖြစ်နေပါသေးတယ်။ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေမှာ သေချာပါတယ်။ သခင်လေး သူနဲ့ သီးသန့်စကားမပြောသင့်ပါဘူး။ ကျွန်တော် သခင်လေးအနားမှာ စောင့်ကြပ်နေပေးပါရစေ”

ကျောင်းစန်းမှ အလျင်စလို ထရပ်လျက် ပြောနေသည်မှာ အလွန်တရာသစ္စာရှိလှသည့် နောက်လိုက်တစ်ယောက်အလားပင်။

လျိုစုန့်သည် ကျောင်းစန်း၏ လွန်ကဲလွန်းသည့် တုံ့ပြန်မှုကို အံ့အားသင့်စွာကြည့်လိုက်သည်။ သို့သော် အထူးတလည် သံသယမဝင်မိပါချေ။ ကျောင်းစန်းသည် အမှန်တကယ်ပင် သူ့အား အလွန်သစ္စာရှိသည်ဟုသာ ရိုးရိုးရှင်းရှင်းတွေးလိုက်သည်။

သို့သော်ငြား လျိုစုန့်သည် သူ၏ကိုယ်ပိုင်အရည်အချင်းကို ယုံကြည်မှုရှိသူဖြစ်သည်။

လျိုစုန့်သည် သံမဏိအရိုးအဆင့်သိုင်းပညာရှင်ကြီးများထဲတွင် ထိပ်တန်းအဆင့်၃ဆင့်တွင် ရပ်တည်နိုင်ပြီး လျိုလောင်ကွေ့၏ စုန့်လျို့သိုင်းပညာကျောင်းတော်မှ သိုင်းပညာကို သင်ကြားခဲ့ရလေရာ မည်သူမဆို သူ့ကို ထိပါးနိုင်သည်မျိုး မဟုတ်ပေ။ သို့ဖြစ်ရာ အများဆုံးမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မျှသာ ရှိဦးမည့် ဤသူလျှိုကို သူကြောက်ရွံ့မနေပါချေ။

ထိုသို့အတွေးဖြင့် လျိုစုန့်မှ လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ကောင်းပြီ။ ငါမင်းကို အခွင့်အရေးတစ်ကြိမ်ပေးလိုက်မယ်။ ဝမ်းကွဲညီနောင်၊ ကျောင်းစန်း၊ မင်းတို့ နေရာက ရှောင်ပေးကြပါ”

ထိုအခါ ခေါင်းဆောင်ဟေးသည် ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ကျောင်းစန်းသည်တော့ မျက်နှာသည် မင်ရည်အလား မည်းမှောင်သွားလျက် ရပ်နေသည်။ ခေါင်းဆောင်ဟေးမှ အော်ခေါ်၏

“ကျောင်းစန်း မင်းဘာတွေစောင့်နေတာလဲ? ဒီကိုလာလေ”

ထိုစကားတွင် ကျောင်းစန်း၏ မျက်နှာအမူအရာသည် ပို၍ပင် ဆိုးရွားသွားရသည်။

ဘာလို့ မကောင်းတဲ့ခံစားချက်ကြီး ခံစားနေရတာလဲ။ ငါ့ရဲ့အကြံအစည် ပေါ်သွားတာတော့ မဟုတ်လောက်ပါဘူးနော်? တကယ်သာ ပေါ်သွားတာဆိုရင် ငါဘယ်လိုလုပ်ရမလဲ?

ထိုအတွေးများဖြင့် ကျောင်းစန်း၏စိတ်အစဉ်မှာ ပြေးလွှားနေခဲ့သည်။ ကျောင်းစန်းသည် ချန်ပါးကို လှမ်းကြည့်လိုက်ရင်း စိတ်ရှုပ်လာခဲ့၏။

ထပ်ပြီး ချန်ကျိုစစ်ပဲ။ သူ တကယ်ပဲ ဘာတွေသိထားလို့များလဲ။

အတွေးထဲနစ်မြုပ်နေသည့် ကျောင်းစန်းကို ခေါင်းဆောင်ဟေးသည် အဝေးသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ဖြစ်သည်။

ယခုတွင် လျိုစုန့်နှင့် ချန်ပါးသာလျှင် ကျန်ရစ်တော့သည်။

လျိုစုန့်သည် တည်ငြိမ်အေးဆေးစွာသော လေသံဖြင့် ချန်ပါးကို ပြောသည်။

“ကောင်းပြီ၊ အခု ငါတို့နှစ်ယောက်ပဲ ရှိတော့တယ်။ မင်းပြောလို့ရပြီ”

ချန်ပါးမှ ပြောသည်။

“ကျောင်းစန်းက နန်ပါးထျန်းနဲ့ ပူးပေါင်းထားတဲ့ သစ္စာဖောက်ပါ။ နန်ပါးထျန်းက ဒီနေ့ သခင်လေးလက်ထဲက သံထည်ပစ္စည်းတွေကို သိမ်းပိုက်ဖို့အတွက် ခန်းမအရှင်သခင်ချန်ကို စေလွှတ်ထားပါတယ်။ သခင်လေးကို ထူထဲ့ဘက်နဲ့ အရောင်းအဝယ်ပျက်စီးအောင် လုပ်ဆောင်ရမှာပါ။ အဲဒါကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်ပြီး ရှုပ်ထွေးနေတဲ့အခြေအနေမှာ ကျောင်းစန်းက သခင်လေးကို နောက်ကွယ်ကနေ လုပ်ကြံသတ်ဖြတ်ပြီး သခင်လေးကိုသတ်ဖြတ်တဲ့အပြစ်ကို ခန်းမအရှင်သခင်ချန်ကို အပြစ်ပုံချပါလိမ့်မယ်။ နန်ပါးထျန်းက အဲဒီလိုနည်းနဲ့ ခန်းမအရှင်သခင်ချန်နဲ့ သခင်လေးရဲ့အဖေကြားမှာ ရန်ငြိုးရန်စဖြစ်အောင် ဖန်တီးချင်နေတာပါ”

ချန်ပါး၏စကားများတွင် လျိုစုန့်သည် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားရသည်။

“ဘာရယ်? ကျောင်းစန်းက နန်ပါးထျန်းနဲ့ ပူးပေါင်းထားတဲ့ သစ္စာဖောက်ဖြစ်ပြီးတော့ သူက ငါ့ကို လုပ်ကြံသတ်ဖြတ်မယ်ပေါ့လေ?”

ချန်ပါးမှ ပြောသည်။

“အသံလျှော့ပါ သခင်လေး။ သူကြားသွားလိမ့်မယ်”

လျိုစုန့်သည် ကျောင်းစန်းရှိရာဘက်သို့ လှည့်ကြည့်သည်။

ကျောင်းစန်းသည် စိတ်မလုံသည်ဖြစ်ရာ လျိုစုန့်နှင့် အကြည့်ဆုံလိုက်သည်တွင် စိတ်လေးလံသွားရသည်။ ချန်ပါး၏ ဖျောင်းဖျခံနေရသော လျိုစုန့်သည် အကြည့်ပြန်လွှဲသွားသည့်တိုင် ကျောင်းစန်းသည် မိမိ၏သရုပ်မှန် ပေါ်ထွက်သွားတော့မည်ဟု ခံစားနေခဲ့ရသည်။

လျိုစုန့်လည်း အသိပြန်ဝင်လာပြီး ချန်ပါးကို ပြောသည်။

“မင်းက ဒီတိုင်းလေး ကျောင်းစန်းက သစ္စာဖောက်ပါလို့ ပြောလိုက်တာနဲ့ပဲ ငါက မင်းကို ယုံကြည်ရမှာလား?”

“သခင်လေး ကျွန်တော့်ကို ဘာကြောင့်များ မယုံကြည်နိုင်မှာလဲ”

လျိုစုန့်မှ ပြောသည်။

“ကျောင်းစန်းက ငါ့အဖေရဲ့ တင်းကျပ်တဲ့စစ်ဆေးမှုတွေကို ဖြတ်ကျော်ပြီးမှ ငါ့ရဲ့သက်တော်စောင့်၊ လက်ထောက်အစောင့်ခေါင်းဆောင် ဖြစ်လာခဲ့တဲ့သူပဲ”

ချန်ပါးမှ ရယ်မောသည်။

“သခင်လေး ကျွန်တော်တောင်မှ ကျားဖြူခန်းမရဲ့သူလျှိုဖြစ်နိုင်သေးတာ ဘာလို့များ ကျောင်းစန်းက နန်ပါးထျန်းရဲ့သူလျှို မဖြစ်နိုင်ရမလဲ။ နန်ပါးထျန်းက ကျွန်တော်တို့ခန်းမအရှင်သခင်ချန်ထက်တောင် ပိုပြီး အင်အားအာဏာကြီးမားသေးတယ်”

လျိုစုန့် မျက်မှောင်ကြုတ်သွား၏။ ချန်ပါးမှ ဆက်ပြောသည်။

“ကျွန်တော်ပြောချင်တာကတော့ ဒီလောက်ပါပဲ သခင်လေး။ သခင်လေး သေချာစဉ်းစားပါ။ သခင်လေး ကျွန်တော့်ကို မယုံကြည်ရင်တောင် အနည်းဆုံးတော့ သူ့ကို သတိထားပါ”

လျိုစုန့်သည် မျက်ခုံးများကို တွန့်ချိုးထားဆဲပင်။ လျိုစုန့်မှ မေးသည်။

“ချန်ကျိုစစ်က ဘာလို့ မင်းကို ငါ့ကိုအသိပေးဖို့ ခိုင်းစေရတာလဲ”

ချန်ပါးမှ ပြန်ပြောသည်။

“ကျွန်တော်ပြောခဲ့သလိုပါပဲ။ ခန်းမအရှင်သခင်ချန်က ခေါင်းဆောင်လျိုနဲ့ အထင်လွဲမှားမှုတွေ မဖြစ်စေလိုပါဘူး။ ပြီးတော့ ဘယ်လိုပဋိပက္ခမျိုးကိုမှ မလိုလားပါဘူး”

လျိုစုန့်သည် ချန်ပါးကိုကြည့်လျက် ရယ်မော၏။

“ဟားဟား ကောင်းပြီ၊ ငါ့အထင် မင်းက မဆိုးဘူးပဲ။ ငါ့နောက်လိုက်လုပ်ဖို့ စဉ်းစားကြည့်ပါလား? ချန်ကျိုစစ် မင်းကို ကမ်းလှမ်းတဲ့ပမာဏထက် ငါမင်းကို နှစ်ဆပိုပေးမယ်လေ”

“သခင်လေးရဲ့ သဘောထားကြီးတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခန်းမအရှင်သခင်ချန်ရဲ့ ကမ်းလှမ်းချက်ကို သခင်လေး မပေးနိုင်ပါဘူး”

“သူက ဘာကမ်းလှမ်းတာမို့လို့လဲ”

“ဂုဏ်သိက္ခာပါ”

လျိုစုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူ နားမလည်ပေ။ သို့တိုင် ပြောလိုက်၏။

“ကောင်းပြီလေ။ မင်းပြောချင်တာကို ငါသိပြီ။ မင်းထွက်သွားနိုင်ပြီ။ မင်းပြောတာသာ အမှန်ဆိုရင် ချန်ကျိုစစ်ကို ပြောလိုက်ပါ၊ ငါသူ့ကို ကျေးဇူးကြွေးတစ်ခု တင်သွားပါပြီလို့”

ချန်ပါး ချက်ချင်း ထွက်ခွာလာခဲ့သည်။

လျိုစုန့်သည် ထွက်ခွာသွားသည့် ချန်ပါးကို ကြည့်နေခဲ့ရင်း အကြည့်များသည် တင်းမာခက်ထန်လာခဲ့သည်။

ချန်ကျိုစစ်က အမှန်အတိုင်းပြောနေတာလား?

ထိုသို့အတွေးများဖြင့် လျိုစုန့်သည် ခေါင်းဆောင်ဟေးနှင့် ကျောင်းစန်းတို့နှစ်ဦးစလုံးကို ဆင့်ခေါ်လိုက်သည်။

နောက်ဆုံး၌ ကျောင်းစန်းသည် ရှေ့တိုးလာပြီး စိုးရိမ်ပူပန်စွာဖြင့် မေးမြန်း၏။

“သခင်လေး ဘာလို့ သူလျှိုကို လွှတ်ပေးလိုက်ရတာပါလဲ? သူဘာပြောလဲဗျ”

လျိုစုန့်သည် ပြုံးလိုက်ပြီး ကျောင်းစန်းကို ပြောသည်။

“ငါ့အဖွဲ့ထဲမှာ နန်ပါးထျန်းရဲ့သူလျှိုရှိတယ်၊ အဲဒီသူလျှိုက ဒီနေ့ည ငါ့ကို လုပ်ကြံသတ်ဖြတ်လိမ့်မယ်လို့ ပြောသွားတာ”

ထိုအခါ ကျောင်းစန်းသည် သိသိသာသာ မျက်လုံးပြူးသွားကာ အစောင့်ခေါင်းဆောင်ဟေးသည်လည်း ထပ်တူညီစွာ အံ့ဩသွားခဲ့သည်။ ထို့နောက် ကျောင်းစန်းကို စူးရဲစွာ လှည့်ကြည့်၏။

ကျောင်းစန်းသည် အမူအရာမပျက်ယွင်းအောင် ကြိုးစားထိန်းသိမ်းလိုက်ရင်း ပြောသည်။

“ဟားဟား သခင်လေး၊ သူလျှိုပြောတဲ့ ပေါက်ကရစကားတွေကို နားမယောင်သင့်ပါဘူး။ နန်ပါးထျန်းက ဘယ်လောက်ပဲ အင်အားကြီးပါစေဦးတော့ ဘယ်လိုလုပ်ပြီး သခင်လေးအနားမှာ သူလျှိုထည့်နိုင်ပါ့မလဲ။ ချန်ကျိုစစ်က ပေါက်ကရစကားတွေပြောပြီး သခင်လေးကို လှည့်စားဖို့ကြိုးစားနေတာပဲ ဖြစ်လိမ့်မယ်”

“ဟုတ်လား? ကျောင်းစန်း၊ ချန်ကျိုစစ်ပြောတဲ့ အဲဒီသစ္စာဖောက်ဆိုတာ ဘယ်သူဖြစ်မလဲ ခန့်မှန်းကြည့်ပါလား”

ကျောင်းစန်း တွန့်ဆုတ်သွား၏။

“ဘယ်သူများဖြစ်နိုင်မှာလဲဗျာ?”

“မင်းလေ”

လျိုစုန့်၏အသံသည် ရှင်းလင်းပြတ်သား၏။ တစ်ပြိုင်နက်တည်းပင် ခေါင်းဆောင်ဟေးသည် ဓားဆွဲထုတ်လိုက်သည်။

“သူ့ကိုဖမ်းလိုက်”

လျိုစုန့်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

All Chapters