အခန်း (၄၅၀)
Vol. 35 Ch. 450
ချင်းယင်သည် ထိုစကားများကြောင့် ထိတ်လန့်သွားခဲ့သည်။ သို့သော် ထို့နောက်တွင်မူ ချင်းယင်သည် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ရုတ်တရက် ရယ်မောလာ၏။
“အို ကျွန်တော်နားလည်ပါပြီ။ ခေါင်းဆောင် စိတ်ချပါ။ တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ကျွန်တော် သေချာပေါက် ဝူကျုံးကို လုံခြုံအောင် စောင့်ရှောက်ပါ့မယ်။ သမားတော်ပိုင်အနေနဲ့ သူ့ရဲ့ချစ်ရတဲ့မိသားစုကို တမလွန်ဆီ မပို့ဆောင်ရအောင်လို့ပေါ့။ ဒါပေမဲ့ ခေါင်းဆောင်၊ ဓားတွေလှံတွေက မျက်လုံးမရှိဘူး။ အကယ်၍များ ကျွန်တော် တိုက်ခိုက်ရင်းနဲ့ စိတ်လှုပ်ရှားလွန်းသွားရင် ဒါမှမဟုတ် ချောင်ကုန်သည်အဖွဲ့ဘက်မှာ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ယောက် ပါလာခဲ့ရင် ကျွန်တော့်ကိုယ်ကျွန်တော် ချုပ်ထိန်းနိုင်လောက်မှာ မဟုတ်ဘူး။ အကယ်လို့များ ဝူကျုံး တစ်ခုခုဖြစ်သွားခဲ့ရင် အဲဒီအခါကျ…”
“ခေါင်းဆောင် ကျွန်တော့်ကို အပြစ်မတင်ရဘူးနော်။ အဲဒီအခါကျ အများဆုံးမှ ကျွန်တော် ပန်းခွေနှစ်ခွေလောက်ပဲ ပို ပို့ပေးနိုင်မယ် ရမလား”
ထိုအခါ နန်ပါးထျန်းမှ မျက်မှောင်ကြုတ်သွားပြီး ပြောသည်။
“အလိုလေး တကယ်ပဲ တစ်ခုခုဖြစ်သွားခဲ့ရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့လေ။ အို ဟုတ်သားပဲ ကျိုစစ်၊ မင်းက သမားတော်ပိုင်နဲ့ ဆရာတပည့်တွေဆိုတော့ အကယ်၍ တကယ်ပဲ တစ်ခုခုဖြစ်သွားခဲ့ရင် သမားတော်အိုကြီး အရမ်းမခံစားရအောင်လို့ မင်းက များများလေး နှစ်သိမ့်ပေးပါဦး”
ချန်ကျဲ့သည် ထိုစကားများကို ခံစားချက်ကင်းမဲ့စွာသော မျက်နှာအမူအရာဖြင့်သာ နားထောင်နေခဲ့သည်။ သို့သော် နန်ပါးထျန်းသည် ဝူကျုံးကို အသုံးချ၍ သူ့အား ဤအလုပ်တာဝန်ကို လက်ခံရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်နေခဲ့သည်။
ချန်ကျဲ့မှ အလုပ်တာဝန်ကို လက်မခံလျှင် ချင်းယင်မှ တာဝန်ယူလိမ့်မည်။ သို့ဖြစ်ပါက ဦးလေးဝူကျုံးသည် ချင်းယင်နှင့်အတူ လိုက်ပါရမည်ဖြစ်ပြီး ဦးလေးဝူကျုံးအတွက် အဆုံးသတ်ကောင်း မရှိလာနိုင်ပေ။
ချန်ကျဲ့သည် ထိုသို့တွေးတောရင်း မျက်မှောင်ကြုတ်နေ၏။
နန်ပါးထျန်းက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ? ဘာလို့ ငါ့ကို ဒီအလုပ်တာဝန်ကို လက်ခံဖို့ ဖိအားပေးနေတာလဲ?
နန်ပါးထျန်းတွင် ရည်ရွယ်ချက်ကောင်းမရှိကြောင်း သေချာသည်။ သို့သော် ထိုသို့ပြဿနာများတွင် ချန်ကျဲ့အနေဖြင့် ဦးလေးကျုံးနှင့် သူ၏မိသားစုကို ပါဝင်ပတ်သက်ခွင့်မပြုနိုင်ပါချေ။
ရွေးချယ်စရာမရှိပေ။ ဦးလေးကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးဖြစ်နေရာ ကုန်သည်အဖွဲ့ခေါင်းဆောင်၏ အမိန့်ကို မငြင်းဆန်နိုင်ချေ။ သို့မဟုတ်ပါက သစ္စာမစောင့်ထိန်းခြင်းဖြစ်ပြီး ကြီးလေးသည့်ပြစ်မှုအဖြစ် အမည်တပ်ခံရလိမ့်မည်။
ထပ်မံတွေးတောပြီးသော် ချန်ကျဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။
“ခေါင်းဆောင် ကျွန်တော်က ရှန်းထောင်မြို့ဆိပ်ကမ်းကို ရင်းနှီးကျွမ်းဝင်မှုရှိပါတယ်။ ကျွန်တော်ပဲ သွားလိုက်ပါ့မယ်”
“အာ ကျိုစစ်၊ မင်းသွားပေးနိုင်ရင်တော့ အရမ်းကောင်းတာပေါ့ကွာ။ အဲဒါဆို ဝူကျုံးကို ဒုက္ခပေးဖို့ မလိုတော့ဘူး။ သမားတော်ပိုင်လည်း မလိုအပ်ဘဲ ပူပန်သောကရောက်စရာ မလိုတော့ဘူးပေါ့။ တကယ့်ကို အတိုင်းမသိ အကျိုးဆောင်ပေးလိုက်တာပါပဲ ဟဲဟဲဟဲ”
နန်ပါးထျန်း၏ မျက်နှာသည် ရွှင်ပျနေ၏။
ချန်ကျဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်း၏ အပြုံးတွင် ကောက်ကျစ်သည့်ရည်ရွယ်ချက်ကို ချန်ကျဲ့ မြင်တွေ့နိုင်ပါ၏။ ချန်ကျဲ့ ထန်ဇီယွဲ့ကို လှည့်ကြည့်လိုက်ရာ ထန်ဇီယွဲ့သည်လည်း သူ့ကို ကြည့်လျက် ပြုံးနေခဲ့ကာ ခေါင်းညိတ်ပြလာလေသည်။
ချန်ကျဲ့ သိသိသာသာ မျက်ခုံးတွန့်ချိုးသွား၏။ ထိုလူနှစ်ဦးသည် တစ်စုံတစ်ခုကြံစည်နေကြောင်း သူခံစားမိနေခဲ့သည်။
နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီ။ ဒါဆိုဆုံးဖြတ်ပြီးပြီ။ မနက်ဖြန် ယင်အချိန် (မနက်၃နာရီမှ ၅နာရီ)မှာ ကျိုစစ်နဲ့ ဇီယွဲ့တို့ အတူသွားပြီး ဒီကိစ္စကို ဖြေရှင်းလိမ့်မယ်”
ချန်ကျဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ပြုံးလျက် ပြောသည်။
“ကျိုစစ် ရဲရင့်တဲ့အမျိုးသားတစ်ယောက်ဆိုရင်တောင်မှ အကူအညီတော့ လိုအပ်မှာပဲလေ။ မင်းက အရည်အချင်းထူးချွန်တယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ထန်ဇီယွဲ့ကလည်း လုပ်နိုင်စွမ်းရှိတယ််။ သူကူညီပေးရင် တစ်ဝက်အားစိုက်ထုတ်ပြီး အကျိုးနှစ်ဆရလိမ့်မယ်”
ထန်ဇီယွဲ့သည် ချန်ကျဲ့ကို လက်သီးယှက်အရိုအသေပြုလာသည်။
“ခန်းမအရှင်သခင်ချန်အနေနဲ့ ကျုပ်ကို ဝန်ထုပ်အဖြစ် မမြင်ဖို့ မျှော်လင့်ပါတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဘယ််လိုဖြစ်နိုင်မှာလဲဗျာ။ ခန်းမအရှင်သခင်ချန်က ခေါင်းဆောင်ရဲ့ ထိပ်တန်းဗျူဟာရှင်ကြီး မဟုတ်လား”
ထန်ဇီယွဲ့မှ ပြောသည်။
“ကျုပ်က ဒီတိုင်း စာပေအချို့ ဖတ်ရှုမှတ်သားဖူးရုံပါ။ ဘယ်လိုလုပ်ပြီး ဗျူဟာရှင်လို့ အခေါ်ခံထိုက်မှာလဲဗျ”
သူတို့နှစ်ဦးသည် အပြန်အလှန် အကြည့်ချင်းဆုံနေခဲ့ကြသည်။ နန်ပါးထျန်းမှ ရယ်မောလျက် ပြောသည်။
“ဒါဆိုကောင်းပြီ။ ဒီလိုဆုံးဖြတ်လိုက်ပြီဆိုတော့ ဒီနေ့ည ကျုပ်အိမ်တော်မှာ စားသောက်ပွဲတော်ကျင်းပကြရအောင်။ အားလုံးလည်း ပျော်ပါးရအောင်လို့လေ?”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ခေါင်းဆောင် ဒီနေ့ည အရေးကြီးအလုပ်တာဝန်ရှိတာမို့လို့ ကျွန်တော့်အနေနဲ့ ပြင်ဆင်မှုလုပ်ဖို့ လိုအပ်မှာစိုးမိိပါတယ်”
နန်ပါးထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ချင်းယင်မှ ပြောသည်။
“ချန်ကျိုစစ် မင်းက ဒီနေ့ည အရေးကြီးအလုပ်တာဝန်ရှိတာကို သိရဲ့သားနဲ့တောင် ပြန်သွားချင်သေးတယ်လား? မဟုတ်မှ ခေါင်းဆောင်လျိုလောင်ကွေ့ကို အသိပေးမလို့များလား? အဲဒါက သစ္စာဖောက်တဲ့ပြစ်မှုကြီးနော်။ သေဒဏ်ပေးလို့ရတယ်ကွ”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ချေပပြောဆိုသည်။
“ကျုပ်က ကုန်သည်အဖွဲ့ကို သစ္စာဖောက်တယ်တဲ့လား? ချင်းယင် ခင်ဗျားမှာ သက်သေရှိလို့လား”
“မင်းမှာ သစ္စာဖောက်ဖို့ အတွေးရှိနေတာ မဟုတ်ရင် ဘာလို့ အိမ်ပြန်ချင်နေရတာလဲ? လူတိုင်းရဲ့မြင်ကွင်းအောက်မှာ ဒီမှာပဲနေ။ လူတိုင်းသေချာမြင်နိုင်ရင် ဘယ်သူမှ သံသယဝင်တော့မှ မဟုတ်ဘူး”
ချန်ကျဲ့ သိသိသာသာ မျက်မှောင်ကြုတ်သွားပြီး နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ပြုံးလျက် ပြောသည်။
“ခန်းမအရှင်သခင်ချင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျိုစစ် မဟုတ်ရင် မင်းကိုယ်တိုင်ပဲ အဆင်မပြေဖြစ်ရလိမ့်မယ် မဟုတ်ဘူးလား”
ချန်ကျဲ့မှာ ပို၍ပင် သိသိသာသာ မျက်ခုံးတွန့်ချိုးသွားရသည်။ နန်ပါးထျန်းမှ ပြောသည်။
“မစိုးရိမ်ပါနဲ့။ မင်း ဒီနေ့ည မပျင်းစေရပါဘူး။ ကျိုစစ်က ဝေချီကစားရတာ ကြိုက်တယ်လို့ပြောဖူးတယ်။ ခန်းမအရှင်သခင်ထန်ကလည်း အဲဒီဂိမ်းကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တယ်။ မင်းတို့နှစ်ယောက် ပြိုင်ကစားလို့ရတယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင် ကျွန်တော်တို့ စကားအများကြီးပြောပြီးသွားတော့ ဗိုက်ဆာလာပြီဗျ”
“ဒါဆိုလည်း ညစာစားကြရအောင်လေ”
နန်ပါးထျန်းမှ ရယ်မောသည်။
“ချင်းယင်၊ ခန်းမအရှင်သခင်ချန်ကို အဖော်ပြုပေးနေလိုက်ပါ”
ချန်ကျဲ့မှ မေးသည်။
“အပြင်က ကျွန်တော့်ညီနောင်တွေကိုရော ဘယ်လိုလုပ်မလဲ”
“ညစာကျွေးမွေးပြီး စောင့်ဆိုင်းခိုင်းထားပါတယ်။ ခန်းမအရှင်သခင်ချန် မစိုးရိမ်ပါနဲ့”
ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ။ ခေါင်းဆောင်ရဲ့ကမ်းလှမ်းချက်ကို ကျွန်တော် အခွင့်ကောင်းယူလိုက်ပါတော့မယ်”
အခြားသူများသည် သူ့အား ပစ်မှတ်အဖြစ် သဘောထားနေကြောင်း ချန်ကျဲ့သတိထားမိပါ၏။ သို့သော် သူသည် ထိုလူများ၏ အကြံအစည်အတွင်း အလွယ်တကူ ပိတ်မိလိမ့်မည်ဟု ချန်ကျဲ့ မယုံကြည်ပါချေ။ လက်ရှိတွင် အရေးအကြီးဆုံးမှာ သူတို့၏အကြံအစည်ကို သိရှိအောင် ပြုလုပ်ရန်ဖြစ်သည်။
ချန်ကျဲ့ ဆင်ခြင်သုံးသပ်နေချိန်တွင် စားသောက်ပွဲတော် စတင်နေပြီဖြစ်သည်။
စားသောက်ပွဲတော်သည် အမှန်တကယ်ပင် ခမ်းနားပြီး နန်ပါးထျန်းသည် ကပ်ခိုခြင်း မရှိပါချေ။ ချင်းယင်သည် တောက်လျှောက် ရပ်ကြည့်နေသည့် လျို့ယီးရှို့နှင့်အတူ ထိုင်သည်။
ချန်ကျဲ့ ရှောင်ဟူကို အတူထိုင်စားရန် ဖိတ်ခေါ်လိုက်သည်။ သူ၏မျက်နှာချင်းဆိုင်တွင် ချင်းဟူနှင့် ချင်းပေါင်တို့ ထိုင်နေသည်။ အားလုံးသည် အစားအသောက်များ ရှေ့တွင်ချထားလျက် ကိုယ်စီ အတွေးထဲနစ်မြောနေကြသည်။
ထိုစဉ် စာကြည့်ခန်းထဲ၌ နန်ပါးထျန်းသည် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုဖြစ်တည်လျက် ပြောသည်။
“ခန်းမအရှင်သခင်ထန် ထောင်ချောက်တော့ ဆင်ထားပြီးပြီ။ ချန်ကျိုစစ် ထောင်ချောက်ထဲ ဝင်လာဖို့ပဲ ကျန်တော့တယ်။ ဒါတွေအားလုံး မင်းရဲ့နည်းဗျူဟာ ကျေးဇူးကြောင့်ပါပဲ”
ထန်ဇီယွဲ့မှ ရယ်မောသည်။
“ခေါင်းဆောင်ကတော့ မြှောက်ပင့်နေပြန်ပါပြီ။ ဒီအကြံအစည်အားလုံးရဲ့ ခေါင်းဆောင်ရဲ့အမြောအမြင်ကြောင့်ပါ။ ကျွန်တော်က ဒီတိုင်း အပေါ်က ဆားဖြူးပေးရုံပါပဲ”
နန်ပါးထျန်းမှ ရယ်မောသည်။
“ဒီနေ့ သူသွားလုပ်မယ့် အလုပ်တာဝန်မှာ လျိုလောင်ကွေ့ရဲ့ အဖိုးတန်သားလေးလျိုစုန့် ပါနေတာကို ချန်ကျိုစစ်ကတော့ သိမှာမဟုတ်ဘူး။ လျိုစုန့်ဘေးမှာ ကျွန်တော်တို့စီစဉ်ထားတဲ့ သစ္စာဖောက်ရှိနေတာကိုလည်း သိမှာမဟုတ်ဘူး။ ချန်ကျိုစစ် ရောက်လာတာနဲ့ သစ္စာဖောက်ရဲ့အကူအညီနဲ့ နှစ်ဖက် စပြီးတော့ တိုက်ခိုက်ကြလိမ့်မယ်”
“အဲဒီအခါကျ ဟားဟား သစ္စာဖောက်က လျိုစုန့်ကို နောက်ကျောဓားနဲ့ထိုးပြီး လျိုလောင်ကွေ့ရဲ့ အဖိုးတန်သားလေးကို သတ်ပစ်လိမ့်မယ်။ အဲဒီအခါကျ လျိုလောင်ကွေ့တော့ လုံးဝ ရူးသွားမှာပဲ”
“ချန်ကျိုစစ်က အဖွဲ့ကို ဦးဆောင်မှာဆိုတော့ လျိုလောင်ကွေ့က ချန်ကျိုစစ်ကို တရားခံလို့ထင်လိမ့်မယ်။ လျိုလောင်ကွေ့က သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။ အဲဒီအခါကျ ဟားဟား… ချန်ကျိုစစ်က လျိုလောင်ကွေ့ရဲ့ ကမ္ဘာမကြေရန်သူဖြစ်သွားလိမ့်မယ်။ လျိုလောင်ကွေ့ရဲ့ အကျင့်စရိုက်အရဆို ချန်ကျိုစစ်ကို သေချာပေါက် အသေအကြေတိုက်ခိုက်လိမ့်မယ်။ နှစ်ဖက်စလုံး ထိခိုက်ပျက်စီးပြီး နောက်ဆုံးကျ ကျွန်တော်တို့က အကျိုးအမြတ်ကို ရိတ်သိမ်းကြတာပေါ့”
“ခန်းမအရှင်သခင်ထန်ရဲ့ အစီအစဉ်က တကယ့်ကို ပြောင်မြောက်လှပါပေတယ်”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ခေါင်းဆောင်က မြှောက်ပင့်လွန်းနေပါပြီ။ ဒီအကြံအစည်အောင်မြင်ဖို့က ခေါင်းဆောင်အပေါ် မူတည်နေတာပါ။ အဓိကအချက်က လျိုစုန့်အနီးမှာ သစ္စာဖောက်တစ်ယောက် စီစဉ်ထားဖို့ပါပဲ။ လျိုစုန့်အနားက လူတွေကို လျိုလောင်ကွေ့ကိုယ်တိုင် ရွေးချယ်ပေးထားတာ။ လျိုစုန့်အနားမှာ လူတစ်ယောက်ထည့်နိုင်ဖို့ဆိုတာက မလွယ်ကူတာကို ခေါင်းဆောင်က ချောင်ကုန်သည်အဖွဲ့ဘက်မှာ တကယ့်ကို လူတွေရှိနေတာပဲ”
နန်ပါးထျန်းမှ ရယ်မောလျက် ပြောသည်။
“အို ဒီလောကကြီးမှာ ကိုယ့်ရဲ့ညီနောင်တွေ၊ ကိုယ့်အပေါ် ကောင်းပေးတဲ့သူတွေကို ကိုယ်ကျိုးအတွက် သစ္စာဖောက်တဲ့သူတွေရှိတာပဲေလ။ ဘာမှအံ့ဩစရာမရှိပါဘူး”
ထန်ဇီယွဲ့ သဘောတူခေါင်းညိတ်သည်။ နန်ပါးထျန်းမှ ပြောသည်။
“ကဲ ထောင်ချောက်လည်း ဆင်ပြီးပြီ။ ချန်ကျိုစစ် ခုန်ဝင်ဖို့ပဲ ကျန်တော့တယ်။ ခန်းမအရှင်သခင်ထန် ချန်ကျိုစစ်က ဒီထောင်ချောက်ကို ဖောက်ထွင်းထွက်နိုင်မယ်လို့ ထင်သလား”
“မဖြစ်နိုင်ဘူး။ ဒီအကြံအစည်က အရမ်းရှုပ်ထွေးလွန်းပါတယ်။ သူ သတင်းကြိုပြီးသာ ရမထားရင် ဒီလိုအချိန်တိုလေးအတွင်းမှာ ထောင်ချောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ရင် ဖြေရှင်းနည်းမရှိနိုင်ဘူး!”
ထန်ဇီယွဲ့သည် ယပ်တောင်ကို ဖြန့်လိုက်ရင်း ယုံကြည်ချက်ရှိစွာဖြင့် ပြောသည်။