အခန်း (၁၃၉)
Vol. 14 Ch. 139
အကယ်၍ ယွင်ရှန်းသာ ဤနေရာတွင် ရှိနေပါက ထိုလူငယ်နှစ်ဦးမှာ ယခင်က တော်ဝင်မှော်
အကယ်ဒမီတွင် သူမ ဆုံတွေ့ခဲ့ဖူးသော ချန်ပိုင်နှင့် ပုကျိုရှောက်တို့ဖြစ်ကြောင်း သေချာပေါက် မှတ်မိပေလိမ့်မည်။
သန်းခေါင်ယံအချိန် ရောက်ရှိနေပြီဖြစ်သော်လည်း ပုကျိုရှောက်မှာမူ ပြင်းပြင်းထန်ထန် ဆက်လက်လေ့ကျင့်နေဆဲ ဖြစ်သည်။ ဝူရွှမ်းဝူကျိခန်းမ၏ ထိပ်တန်းလူငယ်ပါရမီရှင်ဟူသော သူ၏ကျော်ကြားမှုမှာ အလကားရလာခြင်းမဟုတ်ကြောင်း သက်သေပြနေသည်။
"နေ့ရောညပါ မနားတမ်းလေ့ကျင့်နေတာတောင် တစ်ချို့လူတွေရဲ့ ခြေဖျားကိုတောင် မမီနိုင်သေးဘူး။ တစ်ချို့ကျတော့လည်း အိပ်နေရင်းနဲ့တောင် ငါ့ထက် အဆပေါင်းများစွာ ပိုပြီးတိုးတက်နေကြတာပဲ"
ပုကျိုရှောက်က ခက်ထန်သောမျက်နှာထားဖြင့် အနီးနားရှိ တံတိုင်းတစ်ခုဆီသို့ မကျေမနပ် ကြည့်ရင်း ပြောလိုက်သည်။
ငါးမီတာခန့် မြင့်မားသော ခြံစည်းရိုးတံတိုင်းပေါ်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် ရှည်လျားသွယ်လျသော လူရိပ်တစ်ခု လျောင်းစက်နေသည်။ သူ၏ ဆံပင်ရှည်များမှာ ညလေညင်းတွင် လွင့်ပျံ့နေပြီး သူ၏ချောမောသော ရုပ်ရည်မှာ မှောင်မိုက်သောညတွင်ပင် တောက်ပသော ရတနာတစ်ပါးကဲ့သို့ ထင်ရှားနေလေသည်။
လေ့ကျင့်ရေးကွင်းပြင်၏ ပင်ပန်းဆင်းရဲမှုများမှာ သူနှင့် ဘာမျှမသက်ဆိုင်သကဲ့သို့ပင်။
ထိုလူငယ်၏ မျက်ဝန်းများမှာ စူးရှပြီး နှာတံမှာ ပေါ်လွင်ကာ ပါးလွှသော နှုတ်ခမ်းအစုံမှာလည်း ထက်မြက်ပုံရသည်။ သူ၏ ခရမ်းရောင်ဝတ်စုံအောက်ရှိ ကြွက်သားများမှာ ကျစ်လျစ်
တောင့်တင်းနေပြီး ပျင်းရိပုံပေါက်သော်လည်း ဆွဲဆောင်မှုရှိသော အရှိန်အဝါတစ်ခုမှာ သူ၏ထံမှ အလိုအလျောက် ထွက်ပေါ်နေသည်။
ပုကျိုရှောက်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို လှည့်ကာ ဘေးရှိလှံတစ်စင်းကို ကောက်ယူလိုက်သည်။ ထိုလှံမှာ မြွေတစ်ကောင်ကဲ့သို့ လေထဲတွင် ဝဲပျံသွားပြီး တံတိုင်းပေါ်ရှိ လူငယ်ဆီသို့ ဦးတည်ကာ ဝှူးခနဲ ပစ်လွှတ်လိုက်သည်။
တံတိုင်းပေါ်တွင် လဲလျောင်းနေသော လူငယ်မှာမူ နှစ်ခြိုက်စွာ အိပ်ပျော်နေပုံရပြီး ပင်လယ်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည့် လှံကို လုံးဝ သတိမထားမိသကဲ့သို့ ရှိနေသည်။
လှံသွားက ထိုလူငယ်အား ထိခိုက်တော့မည့် ဆဲဆဲတွင် သူသည် ဟိုဘက်သို့ တစ်ပတ်လှည့်လိုက်သည်။
ထိုအခါ လှံ၏ဦးတည်ရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး လူငယ်အစား မြေပြင်ပေါ်သို့သာ စိုက်ဝင်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် သတ္တုပွတ်တိုက်သည့် မီးပွားများ ထွက်ပေါ်လာပြီး ခိုင်မာလှသော သံမဏိအုတ်ခဲကြီးမှာ တို့ဟူးကဲ့သို့ အပေါက်ဖောက်ခြင်းခံလိုက်ရကာ စူးရှသော အသံကြီး ထွက်ပေါ်လာလေသည်။
ဆူညံသံများမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် တံတိုင်းပေါ်မှ လူငယ်မှာ မျက်မှန်ဖွင့်ကြည့်လိုက်သည်။
မှောင်မိုက်နေသည့် အောက်ခြေသို့ ငုံ့ကြည့်လိုက်သော သူ၏ အသားရောင်ဖျော့တော့တော့ မျက်ဝန်းအစုံမှာ နက်ရှိုင်းသော အလင်းရောင်များ ထွက်ပေါ်နေသည်။
"ကျိုရှောက်... မင်းရဲ့ ပစ်မှတ်ချိန်တာက တစ်နေ့ထက်တစ်နေ့ ပိုပြီး ညံ့လာပါလား"
ထိုလူငယ်၏ လှောင်ပြောင်သံမှာ လေ့ကျင့်ရေးကွင်းပြင်ကျယ်ကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။
အသံမှာ မကျယ်သော်လည်း အလွန်ပင် စွမ်းအားပါလှရာ ပုကျိုရှောက်မှာ ရင်ဘတ်ထဲတွင် တင်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်သည် လေ့ကျင့်ရေးကွင်းပြင်ထဲတွင် ရောက်ရှိရပ်နေလေပြီ။
"ပိုင်မင်း... မင်းကြောင့် ကျိုရှောက်ကတော့ ဖိအားတွေ အတော်ရနေတာ။ ပြောပါဦး... မင်း ယွီကျင်းကို ပြန်ရောက်ကတည်းက ငါတို့ ညီအစ်ကိုတွေနဲ့ ဘယ်နှစ်ခါလောက် ဆုံဖြစ်သေးလို့လဲ။ ကျိုရှောက်က မင်းကို အတူတူ လေ့ကျင့်ဖို့ အတော်လေး ကြိုးစားပြီး ဖိတ်ခေါ်ခဲ့ရတာလေ ဒါပေမဲ့ မင်းက ရောက်လာပြီးတော့ အိပ်ဖို့ပဲ စိတ်ဝင်စားနေတာပဲ"
ချန်ပိုင်က ရယ်မောရင်း ပြောလိုက်သည်။
ယီပိုင်မင်း၊ ပုကျိုရှောက်နှင့် ချန်ပိုင်တို့မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ အိမ်ရှေ့စံအဖြစ်မှ မဖယ်ရှားခံရမီက ယီပိုင်မင်းသည် နန်းတွင်းစာကြည့်ဆောင်တွင် ပညာသင်ကြားခဲ့ရပြီး ပုနှင့် ချန်တို့မှာလည်း ထိုစဉ်က ပညာသင်ဖော်များ ဖြစ်ခဲ့ကြသည်။ ယီပိုင်မင်းမှာ နောက်ပိုင်းတွင် ရာထူးမှ ဖယ်ရှားခံရပြီး အဆင့်အတန်းများစွာ နိမ့်ကျသွားခဲ့သော်လည်း ပုကျိုရှောက်နှင့် ချန်ပိုင်တို့မှာမူ သူ့အား လက်မလွှတ်ဘဲ ဆက်လက်ပေါင်းသင်းခဲ့ကြသည်။
ရာထူးမှ ဖယ်ရှားခံရပြီးနောက် ယီပိုင်မင်းသည် ဟန်ကုန်းနန်းဆောင်တွင် ငါးနှစ်ခန့် အကျဉ်းချခံခဲ့ရသည်။ ထိုကာလအတွင်း ဝူရွှမ်းဝူကျိခန်းမမှ ဒုတိယခန်းမမှူး ကျန့်လီသာလျှင် နန်းတော်အတွင်းသို့ လာရောက်ကာ မင်းသား၊ မင်းသမီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ သားသမီးများကို အခြေခံစစ်ပညာများ သင်ကြားပေးလေ့ရှိသည်။
ယီပိုင်မင်း၏ မယ်တော် ကွယ်လွန်ပြီးနောက်တွင် အသက်ကြီးသည့် နန်းတွင်းသူများမှာလည်း တစ်ဦးပြီးတစ်ဦး ကွပ်မျက်ခြင်း ခံခဲ့ရသည်။ ဟန်ကုန်းနန်းဆောင်မှ အစေခံများမှာလည်း ပထမအိမ်ရှေ့စံတွင် မည်သည့်ကျောထောက်နောက်ခံမှ မရှိသလို မျက်စိလည်း ကွယ်နေကြောင်း သိရှိကြသဖြင့် သူ့အား အမျိုးမျိုး နှိပ်စက်ကြလေသည်။ သူရထိုက်သော စရိတ်စကများကို ဖြတ်တောက်ကြသလို ဆောင်းရာသီအတွက် အိပ်ရာနှင့် အဝတ်အထည်များကိုပင် မထောက်ပံ့ကြပေ။
ထိုစဉ်က အသက်ငယ်ရွယ်ကြသေးသော်လည်း ပုနှင့် ချန်တို့မှာ အလွန်သစ္စာရှိကြသူများ ဖြစ်သည်။ မိဘများ၊ မင်းသားမင်းသမီးများနှင့် အခြားသူများက ယီပိုင်မင်းမှာ နိမိတ်မကောင်းသူဟု ကဲ့ရဲ့ကြသော်လည်း သူတို့မှာမူ ဂရုမစိုက်ခဲ့ကြပေ။ ငယ်စဉ်အခါက သူတို့သည် ယီပိုင်မင်းအား တွေ့ဆုံရန်အတွက် ဟန်ကုန်းနန်းဆောင်ရှိ ခွေးတိုးပေါက်များမှတစ်ဆင့် တိတ်တဆိတ် ခိုးဝင်ကာ သွားရောက်လေ့ရှိကြသည်။
မိဘများ မသိအောင် ဟန်ကုန်းနန်းဆောင်အတွင်းသို့ မိမိတို့၏ အိပ်ရာခင်းများနှင့် ဆောင်းရာသီအဝတ်အထည်များကို တိတ်တဆိတ် ပို့ဆောင်ပေးခဲ့ကြသည်။
ယီပိုင်မင်းသည် မယ်တော်ကွယ်လွန်ပြီးနောက် စကားနည်းကာ တည်ငြိမ်သွားခဲ့သည်။ ထို့ပြင် မျက်စိကွယ်နေသူဖြစ်ရာ သူ၏ဘဝမှာ အမှန်တကယ်ပင် ခြောက်ကပ်အားငယ်ဖွယ် ကောင်းလှသည်။ ပုနှင့် ချန်တို့သည် သူ့အား အဖော်ပြုပေးရန်နှင့် စိတ်အပန်းပြေစေရန်အတွက် သူတို့သင်ယူထားသော စစ်ပညာများကို ပြန်လည်သင်ကြားပေးရန် ကြိုးစားခဲ့ကြသည်။
မထင်မှတ်ဘဲ ယီပိုင်မင်းသည် စစ်ပညာတွင် ထူးခြားပြောင်မြောက်သော ပါရမီကို ပြသခဲ့သည်။ စနစ်တကျ သင်ကြားမှုမရှိသည့်တိုင် သူ၏ကျင့်ကြံမှုမှာ နှစ်အနည်းငယ်အတွင်းမှာပင် ပုနှင့် ချန်တို့ကို ကျော်ဖြတ်သွားခဲ့လေသည်။ သင်ကြားပေးစရာ ဘာမျှမကျန်တော့သည့်အခါတွင် သူတို့နှစ်ဦးသည် ဝူရွှမ်းဝူကျိခန်းမ၏ ဒုတိယခန်းမမှူး ကျန့်လီကို အမှန်အတိုင်း ပြောပြခဲ့ကြရာမှ ကျန့်လီသည် ယီပိုင်မင်း၏ ထူးကဲသော စစ်ပညာပါရမီကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့သည်။
အခွင့်သာသောအခါတွင် ကျန့်လီက ဧကရာဇ်ကျိုးထံ ချဉ်းကပ်၍ ရာထူးမှဖယ်ရှားခံထားရသော အိမ်ရှေ့စံ ယီပိုင်မင်းအား စစ်ပညာသင်ကြားပေးရန် အခွင့်တောင်းခံခဲ့သည်။ တစ်နေ့တွင် ဧကရာဇ်ကျိုး စိတ်အခြေအနေ ကောင်းမွန်နေခြင်း၊ စစ်သူကြီးယွင်နှင့် အခြားသူများကလည်း အိမ်ရှေ့စံအတွက် အသနားခံပေးခြင်းတို့ကြောင့် ကျန့်လီ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီး ဟန်ကုန်းနန်းဆောင်သို့ ဝင်ရောက်ကာ ယီပိုင်မင်းကို စစ်ပညာသင်ကြားပေးရန် ခွင့်ပြုခဲ့လေသည်။
ဟန်ကုန်းနန်းဆောင်ရှိ အထီးကျန်လှသော ငါးနှစ်တာကာလအတွင်း ပုကျိုရှောက်နှင့် ချန်ပိုင်တို့၏ အဖော်ပြုမှုကြောင့်သာ ယီပိုင်မင်းသည် မြက်ပင်တစ်ပင်ကဲ့သို့ ကြံ့ကြံ့ခံရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့သုံးဦး၏ သံယောဇဉ်မှာ ငယ်သူငယ်ချင်းဟူသော အဓိပ္ပာယ်ထက် များစွာကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခန့် သူ၏ အသက်ဆယ်နှစ်အရွယ်တွင် ယီပိုင်မင်းသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ နန်းတော်အတွင်းရှိ မည်သူကမျှ ရာထူးချခံထားရသော အိမ်ရှေ့စံ၏ အကြောင်းကို ဂရုမစိုက်ကြသလို တာဝန်ကျ နန်းတွင်းစေခံများမှာလည်း အပြစ်ဒဏ်ကြောက်သဖြင့် တိုင်ကြားခြင်းမပြုဘဲ ဖုံးကွယ်ထားခဲ့ကြသည်။
ပုနှင့် ချန်တို့ သိရှိသွားသောအခါ အစွမ်းကုန် လိုက်လံရှာဖွေခဲ့ကြသလို ကျန့်လီကလည်း စစ်ပညာနန်းဆောင်၏ အင်အားများကို အသုံးပြု၍ တစ်နိုင်ငံလုံးအနှံ့ ရှာဖွေခဲ့သည်။ ယီပိုင်မင်းတစ်ယောက် မည်သည့်အခါမျှ ပြန်မလာတော့ဟု အားလုံးက ထင်မှတ်နေချိန် လွန်ခဲ့သော လအနည်းငယ်ကမှ သူသည် ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူသည် ပြန်လည်ရောက်ရှိလာရုံသာမက မွေးရာပါမျက်စိကွယ်ဝေဒနာမှာလည်း အံ့ဩဖွယ်ကောင်းအောင်ပင် ပျောက်ကင်းသွားခဲ့သည်။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ ယီပိုင်မင်း၏ စစ်ပညာကျင့်ကြံမှုမှာ အဟုန်အရှိန်ဖြင့် တိုးတက်လာခဲ့ခြင်းပင်။ သူသည် ဝူရွှမ်းဝူကျိခန်းမသမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး နယ်စားမှူးအဆင့်ဘွဲ့ကို ရရှိသူ ဖြစ်လာခဲ့သည်။ အသက် ၁၁ နှစ်အရွယ်တွင် နယ်စားမှူးဘွဲ့ ရရှိခဲ့ခြင်းမှာ ယခုမှ အသက် ၁၂ နှစ်ပြည့်ပြီးဖြစ်သော ချန်ပိုင်နှင့် ပုကျိုရှောက်တို့ထက်ပင် တစ်နှစ်စောနေလေသည်။
ဤသတင်းကို မဟာကျိုးနန်းတော်မှ လွန်ခဲ့သော ၃ လကမှ တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုအခါ ဝေယွမ်နယ်စားမှူး ဦးဆောင်သော စစ်ဘက်ဆိုင်ရာ အရာရှိကြီးများက ဧကရာဇ်ကျိုးထံ ချဉ်းကပ်၍ ယီပိုင်မင်းအား ဟန်ကုန်းနန်းဆောင်တွင် ၆ နှစ်ကြာ အကျဉ်းချထားသည့် အမိန့်ကို ရုပ်သိမ်းပေးရန် အခွင့်ကောင်းယူ တောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် မဟာကျိုး၏ အိမ်ရှေ့စံဟောင်း ယီပိုင်မင်းသည် ဝူရွှမ်းဝူကျိခန်းမသို့ တရားဝင် ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ဝူကျိ လူငယ်ပါရမီရှင် သုံးဦး၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ကျန်
နှစ်ဦးမှာ ပုကျိုရှောက်နှင့် ချန်ပိုင်တို့ပင်။
သူ ပျောက်ကွယ်နေခဲ့သော ထိုတစ်နှစ်တာအတွင်း မည်သည့်နေရာသို့ ရောက်ရှိနေခဲ့သည်ကို သူကိုယ်တိုင်လည်း လူသိရှင်ကြား မပြောခဲ့သလို ၎င်းမှာလည်း လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ ကျန်ရှိနေခဲ့သည်။ သို့သော် အတူကြီးပြင်းလာခဲ့သည့် သူငယ်ချင်းများဖြစ်သည့်အလျောက် ပုကျိုရှောက်နှင့် ချန်ပိုင်တို့သည် သူ၏ထံမှ ထူးခြားသော ပြောင်းလဲမှုအချို့ကို သတိပြုမိကြသည်။
ပြန်လည်ရောက်ရှိလာသော ယီပိုင်မင်း၏ မျက်နှာမှာ အပြစ်ပြောစရာမရှိအောင် ချောမောနေဆဲဖြစ်သော်လည်း ပြန်လည်မြင်တွေ့ခွင့်ရလာသော မီးခိုးရောင် မျက်ဝန်းအစုံမှာမူ ပိုမိုနက်ရှိုင်းကာ ရှုပ်ထွေးသော အရာများစွာ ကိန်းအောင်းနေသကဲ့သို့ ရှိနေသည်။ သူသည် သိသိသာသာ အရပ်ရှည်လာသလို လှုပ်ရှားမှုများမှာလည်း ပိုမိုကြောက်မက်ဖွယ်ကောင်းကာ ပြင်းထန်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ထိတ်လန့်ဖွယ်ရာ အောင်မြင်မှုများကို ရရှိထားခဲ့ပြီ ဖြစ်သည်။
လက်ရှိ ယီပိုင်မင်း၏ စွမ်းအားမှာ နယ်စားမှူးအဆင့်မျှသာ မကတော့ကြောင်း ပုကျိုရှောက် သေချာပေါက် သိနေသည်။ သူသည် အလွယ်တကူ လက်ပါလေ့မရှိသော်လည်း တစ်ခါတိုက်ခိုက်လျှင်မူ ကမ္ဘာပျက်မတတ် ပြင်းထန်လှသည်။ ဒုတိယခန်းမမှူး ကျန့်လီက တစ်ခါက ပြောဖူးသည်မှာ စစ်မှန်သော သေရေးရှင်ရေး တိုက်ပွဲများကို ကြုံတွေ့ဖူးသူများသာလျှင် ဤကဲ့သို့သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်နိုင်သည်ဟူ၍ ဖြစ်သည်။ ယခုအခါ ယီပိုင်မင်းမှာ အချိန်မရွေး သေစေနိုင်သော အလင်းတန်းများကို ထုတ်လွှတ်ရန် အသင့်ရှိနေသည့် အိမ်အတွင်းမှ ဓားတစ်စင်းကဲ့သို့ပင်။
"မင်း ငါ့ကို ဒီကို ခေါ်လာတာ ကျိုရှောက်နဲ့ တိုက်ခိုက်ဖို့ သက်သက်ပဲ မဟုတ်ဘူးမလား"
ယီပိုင်မင်းက သူငယ်ချင်းအရင်းအချာများရှေ့တွင်သာ သူ၏အေးစက်သော မျက်နှာထားကို ဖြေလျှော့ကာ အပြုံးရိပ်အချို့ ပြသလိုက်သည်။ တံတိုင်းပေါ်တွင် အိပ်စက်နေခဲ့စဉ်ကပင် သူသည် သူငယ်ချင်းနှစ်ဦးနှင့် သူမ ရှေ့တွင်သာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် အချိန်အတော်ကြာအောင် ကောင်းမွန်စွာ မအိပ်စက်နိုင်ခဲ့သည်ကို ပုကျိုရှောက်နှင့် ချန်ပိုင်တို့ မသိရှိကြပေ။
"ဒါပေါ့ မဟုတ်ပါဘူး ချန်ပိုင်နဲ့ ငါ တော်ဝင်မှော်အကယ်ဒမီကို သွားတုန်းက အိမ်ရှေ့စံ ယီပိုင်လျန်နဲ့ ချန်လျန်လျန်တို့နဲ့ ဆုံခဲ့တယ်"
ပုကျိုရှောက်က ယီပိုင်မင်း၏ မျက်နှာအမူအရာကို ဂရုတစိုက် စောင့်ကြည့်ရင်း ပြောလိုက်သည်။