အခန်း (၁၄၄)
Vol. 14 Ch. 144
ဆေးခန်းအပြင်ဘက်တွင် အရပ်ရှည်ရှည်နှင့် ထည်ဝါသော အမျိုးသမီးတစ်ဦး ရပ်နေသည်။ သူမထံမှ ထွက်ပေါ်နေသော မုဆိုးစစ်သည်တော် တို့၏ ရဲရင့်ပြတ်သားသော အငွေ့အသက်များကြောင့် ဆေးကုသရန် လာရောက်ကြသူများမှာ ဘေးသို့ အလိုလို ဖယ်ပေးလိုက်ကြရသည်။
ယွင်ရှန်းမှာမူ ထိုသူကို မြင်သည်နှင့် ပြုံးမိသွားတော့သည်။ ထိုဧည့်သည်မှာ အခြားသူမဟုတ်ဘဲ ဟွမ်ထိန် မုဆိုးစစ်သည်အဖွဲ့မှ မူနန်ယန့်ပင်။
မူနန်ယန့်သည် တက်ကြွထက်သန်သော စိတ်ထားရှိသူဖြစ်ပြီး ယွင်ရှန်းတစ်ယောက် တော်ဝင်မှော်အကယ်ဒမီ၏ နှစ်ကုန်စာမေးပွဲများကို ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း ကြားသိရသဖြင့် ချက်ချင်း ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ယွင်ရှန်းအနေဖြင့် အခြေခံမှော်ပညာကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီဖြစ်ရာ သူတို့နှင့်အတူ အဆင့် B မုဆိုးစစ်သည်အဖွဲ့ အဆင့်တက်စာမေးပွဲ တွင် ပါဝင်ရန် အချိန်တန်ပြီဟု ဆိုလိုခြင်းလည်း ဖြစ်သည်။
မူနန်ယန့်က သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြသောအခါ ယွင်ရှန်းက ခဏမျှ စဉ်းစားနေခဲ့သည်။ ဆရာဝန်ဖန်ကမူ အခြေအနေအရပ်ရပ်ကို သေချာစွာ စုံစမ်းမေးမြန်းပြီးနောက် ယွင်ရှန်း ဤခရီးကို လိုက်ပါမည့်အပေါ် ကန့်ကွက်ခြင်းမရှိသည့်အပြင် အားပေးစကားပင် ဆိုခဲ့သည်။
"မုဆိုးစစ်သည်တစ်ယောက် ဖြစ်ရတာက တကယ့်တိုက်ပွဲတွေကြားထဲ ရုန်းကန်ရတဲ့ အလုပ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထက်မြက်အောင် သွေးဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ဟွမ်ထိန်ဆိုတာ ဒီနိုင်ငံမှာ နာမည်ကြီးတဲ့ အဖွဲ့ပဲလေ။ သူတို့နဲ့အတူ အတွေ့အကြုံ သွားယူတာက ဒီဆေးခန်းလေးထဲမှာ သာမန်ဖျားနာတာလေးတွေ ကုနေတာထက် အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ နှစ်ကုန်ခါနီးပြီဆိုတော့ ဆေးခန်းကိုလည်း ခဏပိတ်ထားမှာပါ။ မင်းအဖေကို ငါသေချာ ကြည့်ပေးထားမယ် စိတ်ချလက်ချသာ သွားပါ"
ဆရာဝန်ဖန်က ပြောလိုက်သည်။
အကယ်၍ ဆရာဝန်ဖန်သာ ကျင့်ကြံမှုအဆင့် မနိမ့်ပါက သူကိုယ်တိုင်ပင် စစ်မြေပြင်ဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လိုသူ ဖြစ်သည်။ သူ၏အမြင်တွင် ဆေးပညာဆိုသည်မှာ အသည်းအသန်ဖြစ်နေသော လူနာများကို ကုသရင်း စဉ်ဆက်မပြတ် လေ့ကျင့်မှသာ ထိပ်တန်းသို့ ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ယွင်ရှန်းမှာ ငယ်ရွယ်သေးသဖြင့် စစ်မြေပြင်သို့ တိုက်ရိုက်သွားရန် မသင့်တော်သေးသော်လည်း ဟွမ်ထိန်အဖွဲ့နှင့် လိုက်ပါခြင်းမှာ သူမ၏ ဆေးပညာကို မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေးပင်။
ယွင်ရှန်းသည်လည်း ထိုအတိုင်းပင် တွေးတောမိသည်။ အကယ်ဒမီတွင် တစ်နှစ်ကြာ လေ့ကျင့်ခဲ့သော်လည်း သူမ တတ်မြောက်ထားသော အလယ်အလတ်အဆင့် မှော်ပညာနှစ်ခုကို လက်တွေ့ တိုက်ပွဲတွင် အသုံးမချရသေးပေ။ ဤမုဆိုးစစ်သည် အကဲဖြတ်ပွဲမှာ သူမအတွက် အကောင်းဆုံး စမ်းသပ်ကွင်း ဖြစ်လာပေလိမ့်မည်။
သို့သော် ယွင်ရှန်း မသိရှိထားသည်မှာ ဟွမ်ထိန်အဖွဲ့သားများ၏ စိတ်ထဲတွင် သူမအား တိုက်ပွဲဝင်ခိုင်းရန် အစီအစဉ် လုံးဝမရှိခြင်းပင်။ သူမက ငယ်ရွယ်လွန်းသည့်အပြင် မှော်ဆရာမလေး တစ်ဦးသာ ဖြစ်သည်ဟု သူတို့က ယူဆထားကြသည်။ သူတို့ ယွင်ရှန်းကို ဖိတ်ခေါ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူမ၏ ဆင့်ခေါ်ဂုဏ်ထူးဆောင်ဟူသော ဂုဏ်ပုဒ်ကို အသုံးချရန်သာ ဖြစ်သည်။
အဖွဲ့သား သုံးဦးစလုံးသည် ယွင်ရှန်းသာ လိုက်ပါမည်ဆိုပါက သူမကို အထူးကာကွယ်ရမည့် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး သူမ၏ အမွှေးတစ်ပင်မျှ မထိခိုက်စေရန် သေချာစွာ တိုင်ပင်ထားကြလေသည်။
ယွင်ရှန်းသည် သူမ၏ ခရီးဆောင်အိတ်ကို ပြင်ဆင်ပြီး လိုအပ်သော ဆေးဘက်ဝင်အပင်များနှင့် မှော်ဆေးရည်များကို စနစ်တကျ ထည့်သွင်းလိုက်သည်။ မထွက်ခွာမီ ဖခင်ဖြစ်သူ ယန်ခန်းဟိုင်ကို နှုတ်ဆက်ရန်လည်း သူမ မမေ့လျော့ခဲ့ပေ။
"အဖေ... ဒီနှစ်သစ်ကူးမှာ အဖေနဲ့အတူ ရှိမနေနိုင်တာကို ခွင့်လွှတ်ပါနော်။ ဒါပေမဲ့ အခုဆိုရင် သမီးက အဆင့် B မုဆိုးစစ်သည်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တော့မှာပါ။ အဖေ တစ်ခါက ပြောပြဖူးတဲ့ မဟာကျိုးရဲ့ တောင်ဘက်ပိုင်းက ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို သမီးကိုယ်တိုင် သွားကြည့်တော့မယ်..."
ဖခင်ဖြစ်သူ ကြားနိုင်မည်မဟုတ်မှန်း သိသော်လည်း ယွင်ရှန်းသည် သူ့နားနားတွင် တိုးတိုးလေး ကပ်ပြောခဲ့သည်။
သူမကိုယ်တိုင် ယွင်မုံရေခဲအိပ်စက်ခြင်း အစီရင်ကို တစ်ခေါက်ပြန်စစ်ဆေးပြီး ဖခင်၏မျက်နှာကို သေချာသုတ်ပေးကာ မူနန်ယန့်နှင့်အတူ ဝမ်ရန်နေအိမ်ရှိရာသို့ ထွက်ခွာခဲ့သည်။
နှစ်ကုန်ပိုင်းဖြစ်၍ ယွီကျင်းမြို့၏ ရာသီဥတုမှာ ပိုမိုအေးစက်လာကာ လမ်းဘေးရှိ သစ်ပင်များမှာလည်း အရွက်များကြွေ၍ ခြောက်သွေ့နေကြပြီဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကလည်း နှင်းအနည်းငယ် ကျထားသေးသည်။ သို့သော် ယွင်ရှန်းနှင့် မူနန်ယန့်တို့မှာ သာမန်ထက်ထူးကဲသော ခန္ဓာကိုယ်ကြံ့ခိုင်မှု ရှိကြသဖြင့် အဝတ်အစားပါးပါး တစ်ထပ်တည်းဖြင့်ပင် အေးအေးဆေးဆေး သွားလာနိုင်ကြသည်။
ဝမ်ရန်နေအိမ်သို့ ရောက်သောအခါ တစ်အိမ်လုံးမှာ နှစ်သစ်ကူးအတွက် အနီရောင်မီးအိမ်များ၊ အလှဆင်မှုများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။ အိမ်တော်ထိန်းကြီး၏ ကြီးကြပ်မှုဖြင့် အစေခံများမှာ အိမ်တော်တစ်ခုလုံးကို အသစ်တဖန် မွမ်းမံနေကြသည်။
ဝမ်ရန်ရွှီကတော့ နဂိုအတိုင်းပင်။ ယွင်ရှန်းကို မြင်သည်နှင့် သူမ၏ ဆံပင်များကို ကလေးတစ်ယောက်ကဲ့သို့ လာရောက်ဖွပေးရာ ယွင်ရှန်းမှာ မရရအောင် ရှောင်တိမ်းနေရသည်။ နှစ်
သစ်ကူးပြီးလျှင် ယွင်ရှန်းမှာ ၇ နှစ် ပြည့်တော့မည်ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း သူမမှာ အရပ်အတော်လေး ရှည်လာသော်လည်း ရုပ်ရည်မှာမူ အပြစ်ကင်းစင်သော လိုလီမလေးတစ်ဦးနှင့် တူနေဆဲပင်။
၎င်းမှာ ယွင်ရှန်းအတွက် အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်ရသောအချက်ပင်။ စိတ်ထဲတွင် အသက် ၃၀ နီးပါးရှိနေပြီဖြစ်သော အမျိုးသမီးတစ်ဦးမှာ ကလေးမလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရသည်မှာ မည်သို့မျှ မပျော်ရွှင်နိုင်စရာပင်။
"ကလေးမလေး... မင်းက တကယ်ကို ချီးကျူးစရာပဲ။ မင်း အခြေခံမှော်ပညာကို တတ်ဖို့ တော်ဝင်အကယ်ဒမီမှာ ၃ နှစ်ကနေ ၅ နှစ်လောက် ကြာမယ်လို့ ငါထင်ထားတာ။ မမျှော်လင့်ဘဲ အခုလို မြန်မြန်ဆန်ဆန် တတ်မြောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒါဆိုရင်တော့ ငါတို့နဲ့အတူ တောက်ယဲ့တောင်ကိုလိုက်ပြီး မုဆိုးစစ်သည်အဖွဲ့ အဆင့်တက်စာမေးပွဲမှာ ပါဝင်ဖို့ မင်း အရည်အချင်း ပြည့်မီသွားပြီပေါ့"
ဝမ်ရန်ရွှီက ကလေးသူခိုးတစ်ယောက်၏ လေသံမျိုးဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။
အကဲဖြတ်ကွင်းပြင်တွင် သူ၏စွမ်းရည်များကို ထုတ်ပြခဲ့ရသည့် မြင်ကွင်းကို ပြန်လည်အမှတ်ရပြီး ဝမ်ရန်ရွှီမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးဖြီးဖြီး ဖြစ်နေတော့သည်။
ယွင်ရှန်းကမူ သူမအနေဖြင့် အဆင့်မြင့်မှော်ဆေးရည်များကိုပါ ဖော်စပ်နိုင်သည်ကို ဝမ်ရန်ရွှီသာ သိသွားပါက မည်မျှအထိ အံ့အားသင့်သွားမလဲဟု တိတ်တဆိတ် တွေးလိုက်မိသည်။ သို့သော် ဤကိစ္စကို ထုတ်မပြောဘဲ ထားခြင်းကသာ ပို၍ ပညာရှိရာရောက်ပေလိမ့်မည်။
"ဒါပေမဲ့ အခုက နှစ်ကုန်ခါနီးနေပြီလေ... အစ်ကိုဝမ်ရန်တို့ အိမ်မှာ ရှိနေဖို့ မလိုဘူးလား"
ယွင်ရှန်းက မေးလိုက်သည်။ ဤတိုက်ကြီး၏ ဓလေ့ထုံးတမ်းများတွင် မိသားစုနှင့် ပြန်လည်ဆုံတွေ့သည့် ရိုးရာကို အလွန်တန်ဖိုးထားမှန်း သူမ သိထားသောကြောင့် ဖြစ်သည်။
"ငါတို့က ကြေးစားစစ်သည်တွေပဲ... ဘယ်က နှစ်သစ်ကူးအကြောင်း ပြောနေတာလဲ။ အဖွဲ့ခေါင်းဆောင်က မှော်အကယ်ဒမီမှာ စာသင်နေရတော့ တစ်နှစ်ပတ်လုံးနီးပါး အဖွဲ့လိုက်မစ်ရှင်တွေ မလုပ်နိုင်ခဲ့ဘူး။ ငါနဲ့ မူနန်ယန့်ဆိုတဲ့ မိန်းမဆိုရင် ပျင်းလွန်းလို့ မှိုတက်တော့မယ်။ ငါပြောပြမယ်... မုဆိုးစစ်သည် အကဲဖြတ်ပွဲဆိုတာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတာ။ အဲဒီမှာ ပညာရှင်ပေါင်းစုံကို တွေ့ရလိမ့်မယ်။ နောက်နှစ်ကျရင် မင်းက ဝူရွှမ်းဝူကျိခန်းမကို သွားဖို့ စီစဉ်ထားတာဆိုတော့ အခုကတည်းက အသားကျအောင် လုပ်ထားတာ ကောင်းပါတယ်။ ငါသိသလောက်တော့ တောက်ယဲ့တောင် တစ်ဝိုက်မှာ စစ်သည်တော်တွေ အများကြီး ရှိတယ်"
ဝမ်ရန်ရွှီက အားတက်သရော ပြောဆိုနေတော့သည်။
အမှန်စင်စစ် ဝမ်ရန်ရွှီနှင့် မူနန်ယန့်တို့မှာ ပြီးခဲ့သည့် ခြောက်လအတွင်း မည်သည့်မစ်ရှင်မျှ မလုပ်ခဲ့ကြပေ။ ၎င်းမှာ သူတို့ ပျင်းရိနေ၍ မဟုတ်ဘဲ သူတို့၏ စွမ်းရည်မှာ အဆင့် C ၏ အထွတ်အအိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သာမန်အဆင့် C မစ်ရှင်များမှာ သူတို့အတွက် စိန်ခေါ်မှု မရှိတော့ခြင်းကြောင့် ဖြစ်သည်။ သို့သော် အဆင့် B မစ်ရှင်များကိုလည်း လုပ်ပိုင်ခွင့် မရှိသေးသဖြင့် မစ်ရှင်လုပ်ငန်းများကို ခေတ္တရပ်နားထားခဲ့ခြင်း ဖြစ်သည်။
ပျင်းရိငြီးငွေ့နေသည့်ကြားမှ ယွင်ရှန်း၏ မှော်ပညာတိုးတက်မှုကို ကြားသိလိုက်ရသောအခါ မူနန်ယန့်က ဦးစီးဦးဆောင်ပြု၍ ဆေးခန်းသို့ လူလာခေါ်ခြင်း ဖြစ်သည်။ ယွင်ရှန်းကလည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လိုက်ပါရန် သဘောတူခဲ့သဖြင့် ဝမ်ရန်ရွှီနှင့် မူနန်ယန့်တို့၏ စိတ်ထဲတွင် ယွင်ရှန်းအပေါ် အထင်ကြီးမှုများ ပိုမိုတိုးပွားလာခဲ့သည်။
ခဏအကြာတွင် ဖန်းကု ရောက်ရှိလာသည်။ ယွင်ရှန်း လိုက်ပါမည်ဆိုသည်ကို သိလိုက်ရသောအခါ ဖန်းကုမှာ ဝမ်းသာအားရဖြင့် ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားတော့သည်။
အမှန်အတိုင်းပြောရလျှင် သူသည်လည်း ယွင်ရှန်းအား မုဆိုးစစ်သည်အဖွဲ့ထဲ ဝင်ရန် တိုက်တွန်းချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူမ၏ နည်းပြတစ်ဦးအနေဖြင့် အသက် ၇ နှစ်အရွယ် ကျောင်းသူလေးကို အန္တရာယ်များသည့် စစ်သည်အကဲဖြတ်ပွဲထဲ ခေါ်ရန်မှာ အနည်းငယ် လွန်သည်ဟု ခံစားနေရခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် တစ်နှစ်အတွင်း ယွင်ရှန်း၏ စိတ်ဓာတ်မှာ သာမန်ကလေးများထက် များစွာ ရင့်ကျက်နေသည်ကို သူ သတိပြုမိခဲ့သည်။ သူ၏ စိတ်မထင်လျှင် မထင်သလို လုပ်တတ်သော အဖွဲ့သားနှစ်ဦးထက်ပင် ယွင်ရှန်းက ပို၍ တည်ငြိမ်နေသေးသည်။ သူမကို ခေါ်သွားခြင်းက မည်သူ့အတွက် ပြဿနာဖြစ်မည်ကိုပင် မပြောနိုင်တော့ပေ။
တိုင်ပင်ပြီးနောက် ဤတစ်ကြိမ်တွင် ယွင်ရှန်းသည် ဆင့်ခေါ်ဂုဏ်ထူးဆောင်အဖြစ် ဟွမ်ထိန်အဖွဲ့တွင် ပါဝင်မည်ဖြစ်သည်။ လူအများ အာရုံစိုက်ခြင်း မခံရစေရန်အတွက် ထူးဆန်းသော ဘိုဘိုအစား သာမန်နှင့်တူသော မဲမဲလေးကိုသာ ဆင့်ခေါ်သားရဲအဖြစ် အသုံးပြုမည်ဖြစ်သည်။
ဝမ်ရန်ရွှီက အိမ်တော်ထိန်းအား ရထားလုံးတစ်စီး ငှားခိုင်းလိုက်ပြီး ယွင်ရှန်းနှင့် မူနန်ယန့်တို့က ရထားလုံးပေါ်တွင် လိုက်ပါကာ ဝမ်ရန်ရွှီနှင့် ဖန်းကုတို့က မြင်းစီး၍ လိုက်ပါကြသည်။ ထိုသို့ဖြင့် သူတို့အဖွဲ့သည် မဟာကျိုး၏ တောင်ဘက်ပိုင်းရှိ မုဆိုးစစ်သည်တို့၏ အခြေစိုက်မြို့ဖြစ်သော တောက်ယဲ့တောင်မြို့ဆီသို့ဦးတည်ထွက်ခွါလာခဲ့ကြသည်။