အခန်း (၁၄၆)
Vol. 14 Ch. 146
ယွီကျင်းမြို့တော်မှာတောင် မရှိနိုင်တဲ့ ရတနာတွေ ရှိနေတယ်ဆိုတာက ဒီလိုသာမန်လို့ ထင်ရတဲ့ မုဆိုးစစ်သည် ကာကွယ်ရေးမြို့လေးမှာ တကယ့်ကို အဖိုးတန်ပစ္စည်းတွေ ရှိနေတယ်ဆိုတာကို ခန့်မှန်းကြည့်လို့ ရနိုင်မလား။
ယွင်ရှန်းသည် တစ်ကိုယ်တည်း တွေးတောနေမိရင်း တောက်ယဲ့တောင်ထဲသို့ ဝင်ရောက်လာပြီးနောက် ဤနေရာ၏ ထူးခြားဆန်းပြားသော သဘာဝကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အပြင်ပန်းကြည့်လျှင် လက်ဝှေ့ကွင်းကြီးတစ်ခုနှင့် တူသော်လည်း ဧရာမကာကွယ်ရေးမြို့ကြီး၏ အတွင်းပိုင်းမှာမူ အခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေသည်။
ဤနေရာတွင် နယ်မြေများကို အများပြည်သူဆိုင်ရာနယ်မြေ၊ ဈေးကွက်နယ်မြေနှင့် ယှဉ်ပြိုင်ရေးနယ်မြေ ဟူ၍ ခွဲခြားထားသည်။
ယှဉ်ပြိုင်ရေးနယ်မြေမှာ အမည်အတိုင်းပင် ပြိုင်ပွဲများ ကျင်းပရန်ဖြစ်ပြီး ဝင်ရောက်ရန် လက်မှတ်သီးသန့် ဝယ်ယူရသည်။ ဈေးကွက်နယ်မြေမှာ တစ်နေ့လုံး ဖွင့်လှစ်ထားပြီး မြောက်ပိုင်းနှင့် တောင်ပိုင်းမှ ကုန်ပစ္စည်းမျိုးစုံ၊ မိစ္ဆာသားရဲအရိုးများ၊ ဝိညာဉ်ကျောက်တုံးများနှင့် အခြားသော မှော်ဝင်ပစ္စည်းမျိုးစုံကို ရရှိနိုင်သည်။
အများပြည်သူဆိုင်ရာနယ်မြေတွင်မူ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှသည် လောင်းကစားရုံများအထိ အပန်းဖြေစရာ နေရာမျိုးစုံ စုဝေးနေသည်။
ဈေးကွက်နယ်မြေကို ဖြတ်သန်းသွားစဉ် ယွင်ရှန်းသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး "ဒါကိုကြည့်ရင် ဒီမုဆိုးစစ်သည် ကာကွယ်ရေးမြို့က တကယ့်ကို အံ့ဩစရာကောင်းတဲ့ နေရာပဲ" ဟု မသိစိတ်ဖြင့် မှတ်ချက်ပေးမိသည်။
"ဒါက ဘာမှမဟုတ်သေးပါဘူး... မဟာကျိုးရဲ့ ကာကွယ်ရေးမြို့ ဖွံ့ဖြိုးတိုးတက်မှုက ပျမ်းမျှအဆင့်လို့ပဲ ပြောလို့ရမယ်။ ဒါကလည်း မကြာသေးမီ နှစ်တွေအတွင်းမှာ မဟာကျိုးနိုင်ငံမှာ စစ်သူကြီးလိုမျိုး စစ်သူရဲကောင်းမျိုး မပေါ်ထွက်လာတော့လို့ပဲ။ ယွင်မျိုးနွယ်စုရဲ့ သားကြီး ယန်ခန်းဟိုင် လိုမျိုး ပါရမီရှင် မှော်ဆရာမျိုးတောင် တစ်ယောက်မှ ရှာမရတော့ဘူးလေ"
ဖန်းကုက အတိတ်ကို ပြန်လည်အမှတ်ရရင်း ပြောကြားလိုက်သည်။
သူမ၏ ဖခင်အမည်ကို ရုတ်တရက် ကြားလိုက်ရသဖြင့် ယွင်ရှန်းမှာ မှင်တက်သွားခဲ့သည်။
"ဒါနဲ့ ပြောရဦးမယ် ယွင်ရှန်း... မင်းရဲ့ မျိုးရိုးနာမည်ကလည်း ယွင်ဖြစ်နေပြီး မင်းရဲ့ မှော်ပါရမီကလည်း တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်နော်။ မင်းက ယွင်မျိုးနွယ်စုနဲ့ တစ်စုံတစ်ရာ ပတ်သက်မှုများ ရှိနေမလား"
ဖန်းကုက သူ၏ ခေါင်းကြီးကို စောင်းကာ ယွင်ရှန်းကို ကြည့်ရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
ယွင်ရှန်းသည် ဟွမ်ထိန်အဖွဲ့ထဲတွင် ယန်ယွင်ဟူသော အမည်ဖြင့် ဆင့်ခေါ်ဂုဏ်ထူးဆောင်အဖြစ် ရပ်တည်နေသော်လည်း သူမ၏ အမည်အရင်းကိုမူ အဖွဲ့ဝင်သုံးဦးစလုံး သိရှိထားကြသည်။ ဝမ်ရန်ရွှီ၏ စုံစမ်းမှုအရ သူမသည် ရွာတစ်ရွာမှ မိဘမဲ့ကလေးတစ်ဦးဖြစ်ပြီး ယွီကျင်းသို့ရောက်ကာ အခြေခံကျောင်းသားအဖြစ် မှော်အကယ်ဒမီသို့ တက်ရောက်နေသူ၊ ဟွေချွမ်းဆေးခန်းမှ ဆရာဝန်ဖန်နှင့်အတူ နေထိုင်သူအဖြစ်သာ သိထားကြသည်။
"ခေါင်းဆောင်ဖုန်း... အကယ်၍ သမီးသာ စစ်သူကြီးအိမ်တော်က ဖြစ်ခဲ့ရင် ဒီလိုမျိုး အခြေခံကျောင်းသားအဖြစ်နဲ့ မှော်အကယ်ဒမီကို တက်နေပါ့မလား"
ယွင်ရှန်းက စစ်သူကြီးအိမ်တော်၏ ဂုဏ်ဒြပ်ကို တန်ဖိုးမထားဟန်ဖြင့် သူမကိုယ်သူမ လှောင်ပြောင်ပြောဆိုလိုက်သည်။
ယွင်ရှန်း၏ စကားကို ကြားသောအခါ ဖန်းကုနှင့် ကျန်အဖွဲ့သားများမှာလည်း ဖြစ်နိုင်သည်ဟု လက်ခံလိုက်ကြလေသည်။
အခြားသူများကို ထားပါဦး။ စစ်သူကြီးအိမ်တော်၏ မျိုးဆက်များမှာ ယွင်ရှန်းကဲ့သို့ ရိုးသားအေးဆေးသူမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စစ်သူကြီးဟောင်းယန်၏ မြေးဖြစ်သူ တန်ယုဆိုလျှင် သက်ရှိထင်ရှား သာဓကပင်။ ဘာတစ်ခုမျှ အသုံးမကျသော ပေတေလေလွင့်နေသည့် ပုံစံမျိုး မဟုတ်ပါလား။
"ခေါင်းဆောင်ဖုန်း... စောစောက ပြောတဲ့ ပါရမီရှင် မှော်ဆရာက ဒီတောက်ယဲ့တောင်ကို လာခဲ့ဖူးတာလား။ သူကော ဒီက ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ဖူးလား"
ဖန်းကုက သူမ၏ ဖခင်အကြောင်းကို မြွက်ဟခဲ့သဖြင့် ယွင်ရှန်း တကယ့်ကို စိတ်ဝင်တစား မေးမြန်းလိုက်သည်။
ဖခင်ဖြစ်သူ ယန်ခန်းဟိုင်မှာ အလွန်ပင် ခပ်အေးအေးနေတတ်သူ ဖြစ်သည်။ သူသည် ငယ်
စဉ်က သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားခဲ့ပြီး ငှက်ပျောရွက်ရွာမှ ထွက်လာပြီးနောက်တွင်လည်း သူ၏ အတိတ်က စွမ်းဆောင်ချက်များကို ယွင်ရှန်းအား တစ်ခါမျှ ပြောပြလေ့မရှိခဲ့ပေ။ ယန်ခန်းဟိုင်၏ အတိတ်မှတ်တမ်းများကို ဆရာမမေလီထံမှသာ ကြားသိခဲ့ရခြင်း ဖြစ်သည်။
သို့သော် ထိုအချက်အလက်များမှာ မပြည့်စုံသေးကြောင်း ယွင်ရှန်း တွေးမိသည်။ ဖခင်၏ အတိတ်အကြောင်းကို ပိုမိုသိရှိခြင်းဖြင့် ဖခင် အဆိပ်ခတ်ခံရရခြင်း၏ အစစ်အမှန် အကြောင်းရင်းကို ရှာဖွေနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆိပ်ခတ်သူနှင့် ဖြေဆေးကိုပါ ရှာတွေ့နိုင်မည်ပင်။
"ယန်ခန်းဟိုင်က မဟာကျိုးသမိုင်းမှာ ဒဏ္ဍာရီအဆန်ဆုံး မှော်ဆရာပဲ။ သူ့အပေါ် အမြင်တွေက အမျိုးမျိုး ကွဲပြားကြပေမဲ့ ငါကတော့ ငယ်စဉ်က သူ့ကို ဆုံတွေ့ခွင့်ရခဲ့ဖူးလို့ ကံကောင်းခဲ့တယ်။ သူက တကယ့်ကို အံ့မခန်း ဂုဏ်သတင်းကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ"
တစ်နေ့တာ ခရီးနှင်ပြီးနောက် ဖန်းကုက အများပြည်သူနယ်မြေရှိ စားသောက်ဆိုင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာ အားလုံးက အတူတူ စားသောက်ရင်း အင်အားပြန်ဖြည့်ကြသည်။
စားသောက်နေစဉ်အတွင်း ဖန်းကုက ယန်ခန်းဟိုင်၏ အတိတ်လှုပ်ရှားမှုများကို ယွင်ရှန်းအား ဝမ်းသာအားရ ပြောပြနေတော့သည်။
အမှန်စင်စစ် ယန်ခန်းဟိုင်သည်လည်း လက်ဝှေ့ကွင်းပြိုင်ပွဲများတွင် ပါဝင်ခဲ့ဖူးသည်။ တကယ်တော့ တိုက်ကြီးပေါ်ရှိ တကယ့် စွမ်းအားရှင်များမှာ ကွင်းအသီးသီးသို့ ပုံမှန် လာရောက်လေ့ရှိကြသူများ ဖြစ်သည်။ ဤနေရာတွင် သူတို့သည် မိမိနှင့် အဆင့်တူသော ပြိုင်ဘက်များကို ရှာဖွေနိုင်ရုံတင်မကဘဲ အခြားသူများ၏ တိုက်ပွဲများကို လေ့လာခြင်းဖြင့်လည်း မိမိ၏ အဆင့်ကို မြှင့်တင်နိုင်ကြသည်။
ယန်ခန်းဟိုင် ပါဝင်ခဲ့သည့် အကျော်ကြားဆုံး ပြိုင်ပွဲမှာ ကောင်းကင်အတောင်ပံမြို့ဟု ခေါ်သော မုဆိုးစစ်သည် ကာကွယ်ရေးမြို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တိုက်ကြီးတစ်ခုလုံးတွင် ကောင်းကင်အဆင့်နှင့် အထက်ရှိသော စွမ်းအားရှင်များကိုသာ ဝင်ရောက်ခွင့်ပြုသည့် တစ်ခုတည်းသော ကာကွယ်ရေးမြို့လည်း ဖြစ်သည်။
ကောင်းကင်အတောင်ပံမြို့သည် မြေပြင်အထက် ပေပေါင်းသောင်းချီ အမြင့်တွင် တည်ရှိနေသောကြောင့် ပျံသန်းနိုင်စွမ်းရှိသော စွမ်းအားရှင်များနှင့် ပျံသန်းနိုင်သော ဆင့်ခေါ်သားရဲ ရှိသူများသာ ထိုနေရာသို့ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။ ယန်ခန်းဟိုင်သည် ကောင်းကင်မှော်ဆရာအဖြစ် အဆင့်တက်ပြီး မကြာမီမှာပင် ထိုကွင်းအတွင်းရှိ အဆင့်တူ ပြိုင်ဘက်အားလုံးကို အလဲထိုးကာ ၉၉ ပွဲ ဆက်တိုက် အနိုင်ရရှိခြင်း ဟူသော ဂုဏ်ယူဖွယ် မှတ်တမ်းကို တင်ခဲ့သည်။
"ကိုးဆယ့်ကိုးပွဲ ဆက်တိုက် အနိုင်ရတာလား"
ထိုမှတ်တမ်းကို ကြားလိုက်ရသောအခါ ဝမ်ရန်ရွှီမှာ အံ့ဩလွန်း၍ သူ၏ ထမင်းစားတူကိုပင် မျိုချမိတော့မတတ် ဖြစ်သွားသည်။
ကောင်းကင်အတောင်ပံမြို့၏ အမည်ကို တိုက်ကြီးပေါ်ရှိ မုဆိုးစစ်သည်တိုင်း သိကြသော်လည်း၊ စွမ်းအားရှင် တစ်သိန်းတွင် တစ်ဦးပင် ထိုမြို့ထဲ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီကြပေ။ ထိုနေရာတွင် အနိုင်ရရှိရန်မှာ မည်မျှ ခက်ခဲလှသည်ကို ထိုမြို့ထဲ ရောက်ဖူးသူများသာ သိရှိနိုင်ပေသည်။
“ကောင်းကင်အတောင်ပံမြို့မှာဆိုရင် မင်းက လူတွေနဲ့တင်မကဘဲ သားရဲတွေနဲ့ပါ တိုက်ခိုက်ရတာ။ အဲဒီက ပြိုင်ပွဲဝင်လက်မှတ်တစ်စောင်ဟာ အင်ပါယာ ခရမ်းရောင်ရွှေဒင်္ဂါးပေါင်း သောင်းနဲ့ချီပြီး တန်ဖိုးရှိတယ်။
အဲဒီလက်ဝှေ့ကွင်းက စွမ်းအားမှာ စစ်သေနာပတိအဆင့်နီးပါးရှိတဲ့ မိစ္ဆာသားရဲတစ်အုပ်ကို ဖမ်းဆီးထားပြီး တစ်လကြာအောင် အကျဉ်းချထားလေ့ရှိတယ်။ သူတို့ အငတ်မွတ်ဆုံးဖြစ်နေတဲ့ အချိန်ကျမှသာ ပြိုင်ပွဲဝင်တွေနဲ့အတူ ကွင်းထဲကို ထုတ်လွှတ်ပေးလိုက်တာပဲ။ ဘုရင်
အဆင့်ဒါမှမဟုတ် နယ်ပယ်အဆင့်ရှိတဲ့ သားရဲဘုရင်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို မင်းတို့ ခန့်မှန်းကြည့်လို့ရပါတယ်”
ဤကဲ့သို့ အသက်ဘေးနှင့် နီးကပ်လှသော အခြေအနေများကြားတွင်ပင် ယန်ခန်းဟိုင်သည် အပြစ်ဆိုဖွယ်မရှိသည့် အနိုင်ရလဒ်များကို ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမှာ ခပ်
အေးအေး နေတတ်သော ယွင်ရှန်းကိုပင် စိတ်လှုပ်ရှား တက်ကြွစေခဲ့သည်။ ၎င်းမှာ သူမ၏ ဖခင်ဖြစ်သူ အကောင်းဆုံးသော အချိန်များ၌ ထူးချွန်ပြောင်မြောက်စွာ တောက်ပခဲ့သည့် ယန်ခန်းဟိုင်ပင် မဟုတ်ပါလော။
"နောက်ဆုံးတော့ ယန်ခန်းဟိုင်က ပွဲပေါင်းတစ်ရာ ဆက်တိုက်အနိုင်ရလဒ်ကို ရရှိသွားခဲ့တာလား"
မူနန်ယန့်ကိုယ်တိုင်ပင် ဖန်းကု ကြေညာမည့် နောက်ဆုံးရလဒ်ကို သိရှိလိုသဖြင့် လုပ်ငန်းဆောင်တာများကို ခေတ္တရပ်နားကာ နားစွင့်နေမိသည်။
လက်ဝှေ့ကွင်းအတွင်း ပွဲပေါင်းတစ်ရာ ဆက်တိုက အနိုင်ရရှိသူသည် မုဆိုးစစ်သည်
မဟာမိတ်အဖွဲ့က အသိအမှတ်ပြုထားသည့် စစ်သည်တော်ဘုရင် ဆင့်ခေါ်မိန့်ကို ရရှိမည်ပင်။ အဆိုပါ အမိန့်တော်ကို ပိုင်ဆိုင်ထားသူသည် မုဆိုးစစ်သည်မဟာမိတ်အဖွဲ့ထံမှ အကန့်အသတ်မရှိသော အကူအညီကို တစ်ကြိမ်တစ်ခါမျှ အပေးအယူပြုလုပ်ရန် မလိုဘဲ တောင်းခံပိုင်ခွင့် ရှိပါသည်။ မုဆိုးစစ်သည်များအတွက်မူ ဤအမိန့်တော်သည် အသက်ဘေးမှ ကယ်တင်ရန်
အတွက် ဖြစ်စေ နိုင်ငံတစ်ခုကို သိမ်းပိုက်ရန်အတွက် ဖြစ်စေ အလွန်တရာ အရေးပါလှပေသည်။
"နှမြောစရာကောင်းတာက... ပွဲပေါင်းတစ်ရာမြောက်မှာ ယန်ခန်းဟိုင်ဟာ ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီးဆင့်ခေါ်ဂုဏ်ထူးဆောင် တစ်ဦးနဲ့ ဆုံတွေ့ခဲ့တယ်။ ၁၅ မိနစ်အတွင်းမှာတင် ယန်ခန်းဟိုင်ဟာ ရှုံးနိမ့်သွားခဲ့ရတယ်"
ဖန်းကုက ဖြည်းညှင်းစွာ ပြောလိုက်သည်။ သူကိုယ်တိုင် ထိုပွဲကို မမြင်ခဲ့ရသော်လည်း ရလဒ်မှာမူ မုဆိုးမြို့အားလုံးတွင် ဟိုးဟိုးကျော်နေခဲ့သည်။
"အမျိုးသမီးဆင့်ခေါ်သူတစ်ယောက်ကို ရှုံးသွားတာလား။ ပြိုင်ဘက်က ဆင့်ခေါ်ကျောင်းတော်က ပညာရှင်တစ်ယောက်များလား"
ဝမ်ရန်ရွှီက ထိုအမျိုးသမီး၏ ရုပ်ရည်ကိုပါ သိချင်စိတ်ဖြင့် အတင်းအဖျင်း မေးမြန်းလိုက်သည်။
"မဟုတ်ဘူး သူမက ဘာနောက်ခံမှမရှိတဲ့ အလွတ်တန်းဆင့်ခေါ်သူတစ်ယောက်ပဲ။ သူမ ဘယ်လိုပုံစံရှိလဲ။ အသက်ဘယ်လောက်လဲဆိုတာ ဘယ်သူမှမသိကြဘူး။ ပြိုင်ပွဲတုန်းကလည်း မျက်နှာကို ပုဝါနဲ့အုပ်ထားတယ်လို့ ပြောကြတယ်"
ဖန်းကု သိထားသလောက်မှာ ဤမျှသာဖြစ်သည်။
ထိုပွဲအပြီးတွင် ယန်ခန်းဟိုင်သည် ကောင်းကင်အတောင်ပံလက်ဝှေ့ကွင်းမှ ထွက်ခွာသွားခဲ့သော်လည်း သူ၏ ၉၉ ပွဲဆက်တိုက် အနိုင်ရမှတ်တမ်းမှာ ယနေ့အထိ မည်သူမျှ မချိုးဖျက်နိုင်သေးပေ။ ထူးဆန်းသည်မှာ ယန်ခန်းဟိုင်ကို အနိုင်ယူခဲ့သည့် အမျိုးသမီးမှာလည်း ထိုပွဲပြီးနောက်တွင် ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်အခါမှ ထပ်မံမတွေ့ရတော့ခြင်းပင်။
ဝမ်ရန်ရွှီနှင့် မူနန်ယန့်တို့က တသသဖြစ်နေကြစဉ် ယွင်ရှန်း၏ နှလုံးသားမှာမူ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် ထိုအမျိုးသမီး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်ပြီဖြစ်သည်။ ဤလောကတွင် မာနကြီးလှသော ယန်ခန်းဟိုင်ကို ဒူးထောက်စေနိုင်သူမှာ သူ၏ဇနီး ဟူကျိုးရှန်းမှလွဲ၍ အခြားမရှိနိုင်ပေ။